← Chapters

ထူးဆန်းသော မျက်နှာဖုံးနှင့်လူ

Vol. 1-4 Ch. 59

ထူးဆန်းသော မျက်နှာဖုံးနှင့်လူ

Vol. 1-4 Ch. 59

နေ့လယ်ပိုင်းသည် အလေးနှင့် တောင်တက်ချိန် ဖြစ်သည်။ သာမန် အခြေအနေများတွင် သူတို့ စိတ်လှုပ်ရှားသလို ခံစားရကာ စိုးရိမ်သော မျက်နှာများ ဖြစ်နေတတ်ကြသည်။ ယနေ့တွင်မူ လူတိုင်း စိတ်အား တက်ကြွနေကာ စတင်ရန် စိတ်အား ထက်သန်နေ၏။

လင်းအောင်တောင်မှ ပူးပေါင်းလာသည်။ သူတို့ မူလသယ်သော အလေးချိန်မှာ ငါးဆယ် ကီလိုဂရမ် ဖြစ်သော်လည်း ယခု နောက်ထပ် ငါးဆယ် ကီလိုဂရမ် လေးသော သဲအိတ်ကိ ကျောပေါ် ထပ်တင်လာကြသည်။

“ငါးဆယ်ကီလိုဂရမ်က မလေးသေးဘူး၊ ကျွန်တော် ခုနစ်ဆယ် ကီလိုဂရမ် စမ်းကြည့်မယ်”

စမ်းကြည့်ပြီးနောက် ရဲ့လင်းချန်၏ စကားသံ ထွက်ပေါ်လာ၏။

“ဒီလိုဆို ငါလည် နောက်ထပ် နှစ်ဆယ် ကီလိုဂရမ် ထပ်တင်ချင်တယ်”

ဝူယွဲ့ကလည်း ချက်ချင်း တောင်းဆိုလာ၏။

“အဓိပ္ပာယ် မရှိလိုက်တာ၊ လေ့ကျင့်ရေးက မင်းရဲ့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီရမှာ၊ ဘယ်လိုလုပ် မင်းကိုယ်မင်း ငါနဲ့ လာယှဉ်နေတာလဲ”

ရဲ့လင်းချန် ပြောလိုက်သည်။ လက်ရှိတွင် သူသည် သိုင်းပညာရှင် မဟုတ်သော်လည်း သူ၏ ဂုဏ်သတင်းက အဖွဲ့အတွင်း၌ မြင့်မားနေသည်။ မည်သူမှ သူ့စကားကို မချေပရဲပါ။

ဝူယွဲ့က ခပ်ရှက်ရှက်နှင့် ခေါင်းကုတ်လေသည်။

“အခု ငါ မင်းနဲ့ မယှဉ်နိုင်ပါဘူး၊ ဒါပေမဲ့ မင်းက ငါ့ပစ်မှတ် ဖြစ်လာမှာ၊ ငါက သိုင်းဘုရင်ဖြစ်ဖို့ ရည်ရွယ်ထားတဲ့လူ ဖြစ်နေတုန်းပဲ”

“စကြတာပေါ့”

သူတို့ ကိုယ်ကိုကိုင်း၍ တောင်စတက်လေ‌ောတ့သည်။ သူတို့ လေးလံသော ဝန်များကို သယ်ပိုးထား ရသော်လည်း မကျေနပ်ဟန် တစ်ချက်ကလေးမှ မပြချေ။ ထိုအစား သူတို့သည် ရဲ့လင်းချန်အနောက်မှ ပြတ်သားသော ဟန်တို့ဖြင့် လိုက်နေကြသည်။

ဖန့်ဟုန်သည် အဖွဲ့၏ နောက်ကျောမှကြည့်ကာ မျက်လုံးများ ရီဝေလာ၏။ ဤလူစုမှနေ၍ သိုင်းပညာရှင် တစ်ယောက်၏ အရေးအကြီးဆုံး အရာကို သူ ရှာတွေ့ခဲ့သည်။ ၎င်းမှာ စိတ်အားထက်သန်ခြင်းပင်။

မျက်တောင်တစ်ခတ်အတွင်း လတစ်ဝက်မျှ ကြာမြင့်သော အထူးလေ့ကျင့်ရေး ပြီးသွားလေသည်။ အဖွဲ့ကို နှုတ်ဆက်ပြီးနောက် လင်းအောင်က ရဲ့လင်းချန်ကို ကျောင်းသို့ ပြန်ပို့လေသည်။

ရဲ့လင်းချန်သည် လဝက် လေ့ကျင့်ရေးပြီးသွားပြီးနောက် သူ့ခြေလက်မှ အလေးများကို မဖယ်ရှားချေ။ ထိုအစား သူက ခြေလက်တစ်ဖက်ဆီတွင် နောက်ထပ် ငါးကီလိုဂရမ် ထပ်ထည့်လာသည်။

ရဲ့လင်းချန် အဆောင်တံခါးကို ဖွင့်လိုက်သောအခါ သူ့အခန်းဖော်များက အိပ်မက်မှ နိုးလာသည်ဟု ထင်မှတ်ကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့ ဝမ်းသာအားရ ဟစ်အော်ကြသည်။

“ချီးပဲ ရှောင်ရဲ့ နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ”

“ငါ မင်းကို မတွေ့ရတာ လဝက်တောင် ရှိပြီ၊ မင်း ပိုအသားမည်းပြီး ပိန်လာတယ်ကွာ၊ ငါ မင်းကို သတိရနေတာ”

“ဘယ်လိုလဲ စစ်သည်တော်ဌာနက လေ့ကျင့်ရေးက ဖိအားများလား”

ရဲ့လင်းချန်က ပြုံးနေသည်။

“ငါ အဆင်ပြေတယ်၊ မင်းတို့ရော ဘယ်လိုလဲ၊ သိုင်းပညာ လေ့ကျင့်ရေး အခြေအနေ ဘယ်လို ရှိလဲ”

“ဟားဟားဟား ငါတို့အတန်းက တက္ကသိုလ်တစ်ခုလုံးမှာ သိုင်းလေ့ကျင့်ရေးအတွက် အဆင့်တစ် ချိတ်တယ်ကွ၊ ကျောင်းအာဏာပိုင်တွေကတောင် ငါတို့ကို လူပုံအလယ်မှာ ချီးကျူးတာ”

ရှန်းက ရယ်နေသည်။

“နည်းပြအသစ်က စွန်းချောင်ထက် အများကြီး ပိုကောင်းတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ခုနက မင်းတို့ ဘာကို စိတ်ဝင်တစား ကြည့်နေတာလဲ”

ထိုသို့ပြောလိုက်သောအခါ သုံးယောက်လုံး၏ မျက်နှာတွင် ထူးဆန်း၍ စိတ်လှုပ်ရှားဟန်များ ပေါ်လာသည်။

“ရှောင်ရဲ့ ငါတို့ မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုကို တွေ့ထားတယ်၊ မင်း စစ်သည်တော်ဌာနမှာ ရှိနေတုန်းက အင်တာနက် သုံးရမှာ မဟုတ်လောက်ဘူး၊ အခု အင်တာနက်မှာ အရူးအမူး ဖြစ်နေကြတာကွ”

ရှောင်ကမ်း၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။

“လာကြည့်ကြည့်”

ထိုသို့ပြောပြီး သူက ကွန်ပျူတာမှ ဗွီဒီယိုတစ်ခုကို နှိပ်လိုက်သည်။ ဗွီဒီယိုက အရည်အသွေးမြင့်ကာ ကြည်လင်ပြီး လူတစ်ယောက်က ဝံပုလွေတစ်ကောင်နှင့် ရင်ဆိုင်နေပုံကို ပြသနေသည်။ ထိုလူက မျက်နှာဖုံး တပ်ထားသဖြင့် သူ့မျက်နှာကို သေချာမမြင်ရချေ။

“ဒီဗွီဒီယိုက အမျိုးသမီး သူရဲကောင်းရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းရဲ့ အပိုင်းလေးပဲ၊ သူတို့ ရိုက်ကူးနေတုန်း ဝံပုလွေ တစ်ကောင်နဲ့ တိုးတာလေ၊ သရုပ်ဆောင်တစ်ယောက်က ရှေ့ထွက်ပြီး ရိုက်ကူးရေးသမားတွေကို မထိခိုက်အောင် ကယ်လိုက်လို့ တော်သေးတယ်”

အာလူးလေး၏ မျက်လုံးက အရောင်တောက်နေသည်။

“ဗွီဒီယိုထဲက အခြေအနေကို တွေးကြည့်ရင်တောင် ရင်ဖိုရတယ်”

“သိုင်းပါရဂူ၊ အဲ့လူက သိုင်းပါရဂူပဲ”

ရှန်းက ပြောလေသည်။

“ငါတို့ကြားထဲမှ ထူးချွန်တဲ့ သိုင်းပညာရှင်တွေ ပုန်းနေတာ”

ရဲ့လင်းချန် ကွန်ပျူတာရှေ့၌ ထိုင်၍ ဝေ့ပေါ်  (Weibo) ထဲ ဝင်လိုက်သည်။ သတင်းမှာ လွန်ခဲ့သော သုံးရက်က တင်ထားခြင်း ဖြစ်သော်လည်း သုံးရက်တိုင်တိုင် ဝေ့ပေါ်၏ ထိပ်တန်းသတင်းနေရာ၌ ရှိနေပြီး အစားထိုးခြင်း မခံရချေ။ မှတ်ချက်လည်း တစ်သိန်းကျော်နေလေပြီ။

[ငါက ကွန်ပျူတာသိပ္ပံမှာ PhD ရထားတဲ့လူပါ၊ ဒါက ပြုပြင်ထားတဲ့ လက္ခဏာ တစ်ခုမှ မပါဘူးဆိုတာကို ငါ့တစ်ကိုယ်လုံး ရင်းပြီး အာမခံတယ်]

[ငါက ဇီဝဗေဒမှာ PhD ရထားတဲ့လူ၊ အဲ့ဗွီဒီယိုထဲက ဝံပုလွေရဲ့ အရွယ်အစားအရ အဲ့ကောင်က အယ်လ်ဖာ ဝံပုလွေ မဟုတ်ဘူး၊ အဲ့ဒါနဲ့တော့ နီးစပ်တယ်၊ အဲ့ကောင်ရဲ့ ခွန်အားက လူကြီးဆယ်ယောက်စာရဲ့ အားထက်တောင် ကြီးသေးတယ်]

[အား … ဒီလောကမှာ တကယ့် ကွန်ဖူး ရှိတာပဲ၊ ဘာလို့ မျက်နှာကို ဖုံးထားတာလဲ၊ ငါ့ဆဋ္ဌမအာရုံက သူက ချောမောတဲ့လူလို့ ပြောနေတယ်]

[ဖုံးထားတဲ့ သူ့မျက်နှာနဲ့တင် ငါ အထွတ်အထိပ် ရောက်ပြီးပြီ၊ သူ့မျက်နှာသာ ပြလို့ကတော့ ငါ နိဗ္ဗာန် ရောက်လောက်တယ်]

[မင်းတို့ ရှောင်ဖေးဖေးကို တွေ့ကြလား၊ အဲ့အချိန်တုန်းက သူလည်း အနီးအနား ရှိနေလောက်တယ်၊ သူရဲကောင်းက မိန်းမပျိုလေးကို အန္တရာယ်ကနေ ကယ်လိုက်တာပဲ၊ သူမပုံအရဆို သူ့ကို ကြွေနေလောက်ပြီလို့ ငါ ပြောရဲတယ် …]

…

သိုင်းပညာသည် လူတိုင်း ရူးသွပ်ကြသော အရာဖြစ်ပြီး သူတို့စိတ်ကူးထဲ၌သာ ရှိသော အရာဖြစ်သည်။ ယခု ၎င်းကို မျက်မြင်တွေ့သောအခါ အားလုံး ဆူညံပွက်လောရိုက်လာသည်။ ထိုမှတ်ချက်များအပြင် ဆိုးသွမ်းသော မှတ်ချက်များစွာလည်း ရှိပေသည်။

[ဒါကြီးက အတုပါကွာ၊ ဝံပုလွေရဲ့ ခွန်အား၊ ကိုက်နိုင်တဲ့အားနဲ့ ကျွမ်းကျင်မှုက လူတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး]

[ဒါကြီးကတော့ တော်တော်လွန်တဲ့ သောက်ချီးပဲ၊ အမျိုးသမီး သူရဲကောင်းရဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတွေက တမင် ဒါကို လူသိများအောင် လုပ်နေတာ၊ အရှက်မရှိဘူး]

[ငနုံပဲ ဒါကို ယုံလိမ့်မယ်၊ ကွန်ဖူး ဟုတ်လား၊ မင်းတို့တွေ ဝတ္ထုဖတ်တာ များသွားပြီထင်တယ်]

…

“ဒီလူတွေက တော်တော် လွန်တာပဲ၊ ဘာလို့ ကွန်ဖူးက တကယ် မဟုတ်ရမှာလဲ၊ ဒီက ရှောင်ရဲ့က သက်သေပဲကို”

ယခင်ကဆိုလျင် အာလူးလေးသည် ထိုမျှ အလွယ်တကူ ယုံမည်မဟုတ်ပါ။ သို့သော် သိုင်းလေ့ကျင့်ချိန်အတွင်း ရဲ့လင်းချန်၏ ပြိုင်ပွဲကို မြင်ပြီးနောက် သူ ကွန်ဖူး တကယ် ရှိသည်ဟူသော အချက်ကို သံသယ မဝင်တော့ပါ။ ရှောင်ကမ်းနှင့် ရှန်းတို့ကလည်း ခေါင်းညိတ်၍ သဘောတူလေသည်။

“ရှောင်ရဲ့ ဗွီဒီယိုထဲကလူက ဘယ်ကွန်ဖူး အမျိုးအစားကို သုံးနေလဲ မင်း ပြောနိုင်မလား၊ သူက မင်းနဲ့ ယှဉ်နိုင်လား”

ရှောင်ကမ်းက သိချင်စိတ်ဖြင့် မေးလာသည်။ ရဲ့လင်းချန်က ခေါင်းခါ၍ ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“ငါက ခွန်အားမှာ နည်းနည်း ပိုတော်နေရုံလေးပါ၊ ဘယ်လိုလုပ် ငါက အဲ့ဒါနဲ့ ယှဉ်နိုင်မှာလဲ”

“ငါလည်း အဲ့လိုထင်တာပဲ”

ရှောင်ကမ်းက ခေါင်းညိတ်သည်။ ထူးချွန်သော သိုင်းပညာရှင်များသည် သာမန်လူများနှင့် မတူပေ။ စွန်းဝေ မည်မျှ သန်မာကြောင်း သူ မသိသည့်အတွက် ရဲ့လင်းချန်၏ ခွန်အားက မည်မျှရှိကြောင်း သူ နားမလည်ချေ။

“ည ရှစ်နာရီခွဲပြီ၊ အမျိုးသမီး သူရဲကောင်းရဲ့ ဒဏ္ဍာရီ တတိယပိုင်း လွှင့်တော့မယ်”

ရှန်း၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။

“တတိယပိုင်းက ဝံပုလွေကို လက်ချည်းဗလာနဲ့ အနိုင်ယူခဲ့တဲ့ ရက်စက်တဲ့ မျက်နှာဖုံးနဲ့လူ ပထမဆုံး ပေါ်လာမှာလို့ ငါ ကြားထားတယ်”

ရဲ့လင်းချန်က စိတ်လှုပ်ရှားနေသော သုံးယောက်ကိုကြည့်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။ ရိုက်ကူးစဉ်က သူ့မျက်နှာကို ဖုံးခဲ့၍ တော်သေးသည်။ သို့မဟုတ်ပါက သူ၏ နေ့စဉ်ဘဝက ပို၍ စိတ်ဝင်စားစရာ ကောင်းနေပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တစ်နိုင်ငံလုံးမှ မရေတွက်နိုင်သော ကြည့်ရှုသူများက တီဗွီရှေ့၌ ထိုင်၍ စောင့်နေကြသည်။ မျက်နှာဖုံးနှင့်လူ အကြောင်းကို သူတို့ သေမတတ် သိချင်နေ၏။

တတိယပိုင်းတစ်ဝက်အရောက်တွင် ရှောင်ဖေးဖေး ချောက်ထဲကျသွားသည်။ မျက်နှာဖုံးနှင့်လူက ချောက်ကမ်းပါး နံရံတစ်လျှောက် အပြေးလာ၍ သူမကို ပျံသန်းကာ ကယ်လေသည်။

မူလက သေးငယ်သော တောင်ကပို့လေးက ချောက်ကမ်းပါး ဖြစ်နေသည်။ ရိုက်ကူးစဉ်က ရဲ့လင်းချန် ဘာကိရိယာမှ မသုံးခဲ့၍ ထိုအခန်းက ပို၍ အစစ်နှင့်တူနေ၏။ ကျောက်နံရံတစ်လျှောက် ပြေးကာ လေထဲ ဝဲနေပုံက ကြည့်ရှုသူများကို‌ ငေးမောသွားစေသည်။

“လှုပ်ရှားတွေက သိမ်မွေ့ပြီး အဆက်အစပ် ရှိတယ်၊ အဲ့လူက သေချာပေါက် လေ့ကျင့်ထားတာပဲ”

“ဝါး ချောလိုက်တာ၊ ငါ သည်းမခံနိုင်တော့ဘူး၊ အခုချိန်ကစပြီး ငါ သူ့ရဲ့ အမာခံ ပရိသတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ”

“မျက်နှာဖုံး မပါရင် သူ ဘယ်လိုပုံရှိမလဲ ငါ မြင်ချင်လိုက်တာ၊ ကြိုစပွိုင်းတာလေးများ မရှိဘူးလား၊ အဆုံးသတ်မှာ သူ့မျက်နှာကို ပြလား”

…

“တစ်ခုခုတော့ မှားနေပြီ၊ ငါ ရှောင်ဖေးဖေးကို ကြည့်ဖို့ လာတာလေ၊ ဘာလို့ ငါက မျက်နှာဖုံးနဲ့လူကိုပဲ ကြည့်မိသွားတာလဲ”

“ဒီမျက်နှာဖုံးနဲ့လူက ထူးဆန်းလောက်အောင်ကို ဆွဲဆောင်လွန်းတယ်၊ ငါ့အာရုံက အမြဲ မရည်ရွယ်ဘဲ သူ့ဆီ ရောက်ရောက်သွားတာ”

“သောက်ကျိုးနည်း သူက ရှောင်ဖေးဖေးနဲ့ အတူတူ ရိုက်ရတာလား၊ ဒါပေမဲ့ ရှောင်ဖေးဖေးက ဝါးနေပြီး မြင်ကွင်းက သူ့ပေါ်ပဲ တည်ထားတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ”

“သူ မျက်နှာဖုံး တပ်ထားပင်မယ့် သူ့တစ်ကိုယ်လုံးက ဆွဲဆောင်မှုရှိတဲ့ပုံပဲ”

“ဒါ ကင်မရာသမားရဲ့ ပြဿနာလား၊ ဒါမှမဟုတ် ငါ့မျက်လုံးကပဲ ပြဿနာ တက်နေတာလား”

…

“မျက်နှာဖုံးနဲ့လူက တစ်ခုခုတော့ မှားနေပြီ” ဟူသော ခေါင်းစဉ်က ဝေ့ပေါ်၌ အလွန် လျင်မြန်စွာ ပေါ်လာ၏။

[ချီးပဲ ငါပဲ ဒီပြဿနာ ကြုံနေရတာ မဟုတ်ဘူးပဲ၊ အနည်းဆုံးတော့ ငါ စိတ်အေးရပြီ၊ ခုနတုန်းက ငါ ယောက်ျားချင်း စိတ်ဝင်စားမိသွားတာလားလို့ တွေးမိနေတာ]

[မျက်နှာဖုံးနဲ့လူက တစ်ခုခုတော့ မှားနေပြီ၊ သူ့မျက်နှာ ဖုံးထားတာတောင် ဒီလောက် ဖြစ်အောင် လုပ်နိုင်တာ၊ သူသာ မျက်နှာကိုပြရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်မိလား]

[သူက သေချာပေါက် ထိပ်တန်း သရုပ်ဆောင်အဆင့်ပဲ၊ သူ့သရုပ်ဆောင်စွမ်းရည်က ထိပ်ဆုံးမှာ၊ လှုပ်ရှားမှုတိုင်းက ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်နဲ့ လိုက်ဖက်နေတယ်၊ သူ ရှောင်ဖေးဖေးဆီကနေတောင် ပရိသတ်အာရုံကို ခိုးနိုင်လောက်တယ်]

တစ်ချိန်တည်းမှာပင် လီထိုက်သည် ရုပ်သံအသံလွှင့်ရုံ၌ ကြည့်ရှုသူ တိုင်းတာမှုရလဒ်အား စိုးရိမ်တကြီး စောင့်ကြည့်နေ၏။

All Chapters