ကံကြမ္မာစွမ်းအားရေကန်
Vol. 28 Ch. 336
"ကောင်းပြီလေ...မင်း မလဲချင်ရင်လည်း နေပေါ့"
ချင်ရှောင်ဖေးက လက်ဝှေ့ယမ်းပြီး ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားလိုက်သည်။
လှိုဏ်ဂူထဲသို့ မဝင်ရသေးမီအချိန်တွင် သူ့ကဲ့သို့ စွမ်းအားနိမ့်ပါးသူတစ်ယောက်သည် မိုပိုင်ယဲ့၏ရှေ့တွင် သတိကြီးစွာထား၍ နေခဲ့ရကာ စကားကျယ်ကျယ်ပင် မပြောရဲခဲ့ချေ။ သူသည် သုံးကြိမ်ဆက်တိုက် စည်းကမ်းချိုးဖောက်ပြီးနောက် သူ၏သေရေးရှင်ရေးသည် သူ၏လက်ထဲတွင် မရှိတော့သဖြင့် ထိုကဲ့သို့ အရာများကို ဂရုမစိုက်တော့ချေ။
ငါက ဘာလို့ တခြားလူတွေကို ဂရုစိုက်ရမှာလဲ...တကယ်လို့ ငါ သေသွားရင်တောင် ငါ့မှာ ဘာစိုးရိမ်ပူပန်စရာမှ မရှိဘူး....
ထို့ပြင် ဤစည်းမျဥ်းများအောက်တွင် လူများအားလုံး တန်းတူညီမျှဖြစ်လေရာ မည်သူ အရင် သေသွားရမည်မှာ မသေချာချေ။
တစ်ဖက်လူ၏သဘောထားကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့က မကျေနပ်သော်လည်း ခေါင်းညိတ်လိုက်၏။
"ငါ မင်းနဲ့ လဲမယ်"
"ငါလည်း လဲမယ်"
"ငါ့မှာ မြေနဂါးမြက်ပင်မရှိပေမယ့် တန်ဖိုးတူညီတဲ့ အနီရောင်လောင်ကျွမ်းသစ်သား အပိုင်းအစတွေရှိတယ်...ရေခဲအေးသစ်သီးတစ်လုံးကို သစ်သားစဆယ်စနဲ့ လဲမယ်..."
မိုပိုင်ယဲ့သည် ဆေးပင်များ လဲလှယ်လိုသည်ကို မြင်တွေ့ချိန်၌ တခြားလူများ စိုးရိမ်ပူပန်လာကြသည်။
ဤဆေးပင်များကို သူတို့ မည်သည်ကြောင့် ဂရုစိုက်နေရမည်နည်း။ ဤသည်မှာ သေရေးရှင်ရေး ကိစ္စတစ်ရပ်ပင်။
နောက်ဆုံးတွင် ချင်ရှောင်ဖေးသည် သူ၏ရေခဲအေးအသီးနှစ်လုံးကို ဆယ့်ငါးဆတစ်ဆဈေးဖြင့် လဲလှယ်လိုက်သည်။
"ငါ တစ်ဖက်ကမ်းကနေ စောင့်နေမယ်..."
ဆေးပင်များကို လဲလှယ်ပြီးနောက် ချင်ရှောင်ဖေး အချိန်မဆွဲတော့ဘဲ ရေထဲသို့ ပြန်ဆင်းသွားလေ၏။
မုရှောင်ချင်းသည် အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် သူ၏အနောက်မှ ကပ်လိုက်သွားသည်။
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
"ငါ စွန့်စားကြည့်မယ်"
အချိန်မည်မျှထိကြာအောင် တိတ်ဆိတ်နေမှန်း မသိရဘဲ ကျင့်ကြံသူတစ်ဦးသည် သည်းမခံနိုင်တော့ဘဲ မြစ်ထံသို့ ခြေလှမ်းလှမ်းလိုက်သည်။
သူ ရေထဲသို့ ခြေချလိုက်သည့် အချိန်မှာပင် သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ ထိုနောက် သူ၏ခန္ဓာကိုယ်သည် နှစ်ကြိမ်တုန်ခါသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပေ၏။
"သူက စည်းကမ်းကို ဘယ်နှကြိမ် ချိုးဖောက်ခဲ့တာလဲ"
ဝမ်လင်းရွှန်က မေးမြန်းသည်။
"စတုတ္ထအကြိမ်..."
တစ်စုံတစ်ယောက်က တွက်ချက်ပြီး တုံ့ပြန်အဖြေပေးသည်။
"ပထမအကြိမ်က စွမ်းအားကို ယာယီ ကန့်သတ်တယ်...ဒုတိယအကြိမ်က လေပွေဓားကပ်ဘေးကို ဖြစ်စေတယ်....တတိယအကြိမ်က မီးတောက်ကပ်ဘေး ယူဆောင်လာတယ်.... စတုတ္ထအကြိမ်ကျတော့ တိုက်ရိုက်သုတ်သင်ပစ်တာပဲ"
လင်းယုရှန်က တံတွေးမြိုချလိုက်သည်။
"ငါ ဒီရတနာကို မလိုချင်တော့ဘူး...အိမ်ပြန်ချင်တယ်..."
ဖိနှိပ်မှုများအောက်တွင် ကျင့်ကြံသူတစ်ဦး မခံနိုင်တော့ပေ။ တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး လှည့်ထွက်ပြေးသွား၏။
ရတနာများသည် မည်မျှထိ တန်ဖိုးကြီးစေကာမူ အသက်ထက် ပို၍အရေးကြီးသောအရာ မရှိချေ။
သူသည် ခြေလှမ်းအနည်းငယ်ခန့်လှမ်းပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးထတောက်လာပြီး နာကျင်စွာ အော်ဟစ်သံများကြားတွင် မီးလောင်သေဆုံးသွားတော့သည်။
ပတ်ဝန်းကျင်ရှိ အခြေအနေ အေးစက်တောင့်တင်းသွားပြီး လူများအားလုံးသည် အကြည့်ချင်း ဖလှယ်လိုက်ကြကာ ကျောချမ်းသွားကြသည်။
သူတို့သည် ရှေ့ဆက်တိုးလျှင်လည်း စည်းမျဥ်းချိုးဖောက်ရာ ရောက်သည့်အပြင် နောက်ဆုတ်လျှင်လည်း ချိုးဖောက်ရာ ရောက်လေရာ သူတို့ မည်သို့ဆက်လုပ်ရမည်နည်း။
"သူက 'ထိတ်လန့်တကြား ထွက်မပြေးရ' ဆိုတဲ့ စည်းမျဥ်းကို ချိုးဖောက်မိတာပဲ ဖြစ်မယ်"
လူအုပ်ကြီး၏နောက်မှ လိုက်ပါလာသော ကျန်းရွှမ်သည် ဤမြင်ကွင်းကို မြင်တွေ့သော်လည်း အံ့အားသင့်သွားခြင်းမရှိချေ။
ကျီးလန်တောင်ကြားတွင် စည်းမျဥ်းများစွာရှိပြီး အများစုသည် ထူးဆန်းပေ၏။ ထိုစည်းမျဥ်းများအနက်မှတစ်ခုမှာ 'ထိတ်လန့်တကြား ထွက်မပြေးရ' ဆိုသည့်အချက်ပင်။ "ထိတ်လန့်တကြားထွက်ပြေးခြင်း"၏ အကန့်အသတ်သည် မည်သည့်အတိုင်းအတာထိ ဖြစ်သည်ကို မည်သူမျှ မသိကြချေ။
နောက်ထပ်လူနှစ်ယောက် သေဆုံးသွားသဖြင့် သေဆုံးသူအရေအတွက်သည် ထက်ဝက်နီးပါး ရှိလာသည်။
"ငါ ရေခဲအေးသစ်သီး လဲထားတယ်.... စည်းမျဥ်းကို ချိုးဖောက်မိရင်တောင် မသေနိုင်ဘူး... ဒီနေရာမှာ စောင့်နေမယ့်အစား နောက်တစ်ခေါက် ထပ်စမ်းကြည့်တာက ပိုကောင်းလိမ့်မယ်"
မုဟုန်တောက်က ရှေ့သို့ထွက်လာသည်။
ရှေ့တိုး၍မရ ထွက်ပြေး၍မရသည့်အပြင် သူတို့သည် ဤအတိုင်း ဆက်စောင့်နေ၍လည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သူသည် အသက်စွန့်ပြီး လောင်းကြေးထပ်သည်က ပို၍ကောင်းပေမည်။
"သတိထားအုံး..."
မိုပိုင်ယဲ့က မုဟုန်တောက်ကို ကြည့်လိုက်သည်။
"မင်း ဘယ်လို စမ်းသပ်ဖို့ စိတ်ကူးထားလဲ"
"ငါလည်း မသိဘူး"
မုဟုန်တောက်က ခေါင်းကုတ်လိုက်၏။
"တံတားတိုင်ဆောက်တာနဲ့ လှေစီးတာ နှစ်ခုလုံးက မဖြစ်နိုင်ဘူး....တခြားနည်းလမ်းလည်း စဉ်းစားလို့ မရတော့ဘူးဆိုတော့ ဖြစ်သလိုပဲ လုပ်ရတော့မှာပေါ့"
အကယ်၍ သူ ဖြတ်ကူး၍ရလျှင် ကူးလိုက်ပေမည်။ ထိုသို့မရလျှင်လည်း သူ သေဆုံးသွားမည် မဟုတ်သဖြင့် ဤမြစ်ကို သေချာပေါက် ဖြတ်ကူးနိုင်ပေမည်။
သူ စကားပြောဆိုနေစဉ်မှာပင် ဝါးတောဂိုဏ်းချုပ်သည် ဖိနပ်နှင့်ခြေအိတ်များကို ချွတ်လိုက်ပြီး လက်ထဲတွင်ကိုင်ကာ ရေပြင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်သည်။
"မင်း စိတ်မလောနဲ့အုံး... အရင်ဆုံး အဖြေရှာကြတာပေါ့..."
ကြိုတင်ပြင်ဆင်မှု မရှိဘဲ ရေထဲသို့ဆင်းသွားသော သူ၏မဆင်မခြင်လုပ်ရပ်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့ စိုးရိမ်ပူပန်စပြုလာပေ၏။
မုဟုန်တောက်သည် စည်းမျဥ်းကို အမှန်တကယ် လျစ်လျူရှုမယ် ဆိုလျှင်ပင် နည်းလမ်းတစ်ခုကို စမ်းသပ်ကြည့်သင့်သည် မဟုတ်လော။ ထိုနည်းလမ်းသည် မှန်ကန်သွားပါက တခြားလူများသည် ထိတ်လန့်တကြားဖြစ်နေရန် လိုအပ်တော့မည် မဟုတ်ချေ။
သို့ရာတွင် သူ၏စကားမဆုံးသေးမီမှာပင် မုဟုန်တောက်သည် ရေထဲသို့ဆင်းသွားပြီး တုံ့ပြန်မှုမရှိဘဲ ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
လက်ရှိနေရာတွင် ရှိနေသူများအားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
'ငါတို့ နည်းလမ်းတွေအားလုံးကို စမ်းသပ်ကြည့်ပြီးပြီ ...ဘာမှ အလုပ်မဖြစ်ဘူး ဒါပေမဲ့ ဖိနပ်ချွတ်ပြီး ရေထဲ ဆင်းလိုက်တော့ အဆင်ပြေသွားတယ်တဲ့လား... မနောက်ပါနဲ့ကွာ...ဒီစည်းမျဥ်းက အရမ်းရယ်စရာကောင်းတယ်'
"ငါ အဆင်ပြေပုံရတယ်..."
ခြေလှမ်းအနည်းငယ် ထပ်လှမ်းပြီးနောက် မည်သည့် စည်းမျဥ်းကိုမျှ မချိုးဖောက်ကြောင်း တွေ့ရှိရသဖြင့် မုဟုန်တောက်က လှည့်ကြည့်လိုက်၏။
"မှန်ကန်တဲ့ နည်းလမ်းက ဖိနပ်ချွတ်ပြီး ရေထဲကို ဖြတ်လျှောက်ရတာများလား"
မုဟုန်တောက် ဝေးသထက် ဝေးသွားသည်ကို မြင်တွေ့ချိန်၌ လူများအားလုံးသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်မထားနိုင်တော့ချေ။
"ငါတို့ စမ်းကြည့်ကြတာပေါ့"
အဖြေကို အတည်ပြုပြီးနောက် မိုပိုင်ယဲ့သည်လည်း ဖိနပ်ချွတ်ပြီး ရေထဲသို့ ဆင်းလိုက်ရာ သူ တွေးထင်ထားသည့်အတိုင်း မည်သည့်ပြစ်ဒဏ်ကိုမျှ မခံရချေ။
"တကယ်ကြီး အဲ့ဒီလိုဖြစ်နေပါလား"
စုချန် ကြက်သေသေသွားသည်။
ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေကို ချန်ထားခဲ့သောလူသည် အသန့်လွန်စိတ်စွဲလမ်းဝေဒနာရှိသူသာ ဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက သူသည် ဤကဲ့သို့ ရှုပ်ထွေးသော စည်းမျဥ်းများကို မည်သည်ကြောင့် သတ်မှတ်ထားမည်နည်း။
"အတူတူ သွားကြစို့"
နည်းလမ်းအမှန်ကို ရှာတွေ့သွားပြီဖြစ်ရာ လူများအားလုံး မဆိုင်းမတွ လှုပ်ရှားလိုက်ကြပြီး သူတို့၏ဖိနပ်များကို အလျင်အမြန်ချွတ်ကာ မြစ်ဆီသို့ ဦးတည်သွားကြသည်။ ဤတစ်ကြိမ်တွင် မည်သည့်ပြစ်ဒဏ်မျှ မရှိချေ။
သူတို့အားလုံး မြစ်တစ်ဖက်ကမ်းသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
ဤနေရာသည် ယခင်ထက် ပို၍ကြီးသော လှိုဏ်ဂူတစ်ခု ဖြစ်ပြီး လုံးလုံးလျားလျား ဗလာဟင်းလင်း ဖြစ်နေသည်။ လှိုဏ်ဂူအဆုံးသတ်တွင် ကျောက်ရုပ်ထုဆယ့်နှစ်ခုရှိပြီး တချို့သည် ဦးညွှတ်အရိုအသေပြုနေကြကာ တချို့က လက်မြှောက်ထားကြပြီး အချို့ကမူ ခါးမတ်မတ် ထိုင်နေကြသည်။ ကျောက်ရုပ်ထုတိုင်းတွင် မတူညီကြသောပုံစံရှိကာ ကိုယ်နေဟန်ထားအမျိုးမျိုးကို ပြသထားကြသည်။
"အဆုံးသတ်ကို ရောက်ပြီလား... ဒါက သုံးရောင်ခြယ်အလင်းတန်းကို ဖြစ်ပေါ်စေတဲ့ ရတနာများလား"
တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုသည်။
လူတစ်ဝက်နီးပါး သေဆုံးသွားပြီး ကျန်တစ်ဝက်သည် စည်းမျဥ်းကို နှစ်ကြိမ်ထက်မနည်း ချိုးဖောက်မိထားကြသည်။ သို့ရာတွင် ဤနေရာ၌ ကျောက်ရုပ်တုဆယ်ရုပ်ကျော်ခန့်သာ ရှိနေသည်။
"ဒါက သာမန်ကျောက်ရုပ်ထုတွေ မဟုတ်ဘူး... ကံကြမ္မာ ပါဝင်နေတယ်...ဒါကို သဘောပေါက်နိုင်ရင် အနာဂတ်က အကန့်အသတ် ရှိမှာ မဟုတ်ဘူး"
အစ်ကိုတုက ထိုအရာကို ပထမဆုံး သတိပြုမိပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။
"ကံကြမ္မာ ဟုတ်လား...."
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ကံကြမ္မာအပေါ် နားလည်မှုသဘောပေါက်မှုအဆင့် မြင့်မားလေလေ အနာဂတ်အောင်မြင်မှု ကြီးမားလေလေပင်။ ဤသည်မှာ ငြင်းဆန်၍မရသော အမှန်တရားဖြစ်ပေ၏။
သို့ရာတွင်...
"ငါတို့က ငါတို့ရဲ့ကောင်းကင်ကံကြမ္မာကို ရယူပြီးပြီလေ.....ငါတို့ အရင်က ကျင့်ကြံထားတာတွေကို စွန့်လွှတ်ရမယ်လို့ ပြောချင်တာလား"
လင်းယုရှန်က နားမလည်စွာဖြင့် မေးမြန်းသည်။
ကံကြမ္မာသည် တစ်ခုတည်းသာရှိသဖြင့် လူများအားလုံးသည် လမ်းကြောင်းတစ်ခုတည်းကိုသာ ကျင့်ကြံနိုင်သည်။ ထို့ကြောင့် သူတို့သည် ကိုယ်ပိုင်လမ်းကြောင်းကို စွန့်လွှတ်ပြီး တခြားလူထံမှ သင်ယူ၍ မရချေ။
အကယ်၍ ဤကိစ္စသည် ဖြစ်နိုင်ခြေရှိသည်ဆိုလျှင်ပင် အချိန်တိုအတွင်း၌ လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။ ထိုအချိန်အတောအတွင်း၌ သူတို့ထံတွင် ကံကြမ္မာအကာအကွယ် မရှိပါက သူတို့ ကျင့်ကြံထားသော သိုင်းပညာနည်းစနစ်များကို အသုံးပြုနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ထံ၌ အင်အားများစွာ လျော့ပါးသွားကာ အသတ်ခံရနိုင်ခြေများပေ၏။
"ဒါက ကံကြမ္မာအမွေအနှစ်လေ... မင်းတို့ရဲ့ အရင်စွမ်းအားတွေကို မစွန့်လွှတ်ဘဲနဲ့ ကျင့်ကြံလို့ ရတယ်....ပြီးတော့ မင်းတို့ အောင်မြင်သွားရင် ကံကြမ္မာနှစ်ခုကို ပိုင်ဆိုင်သွားတာနဲ့ အတူတူပဲ..."
အစ်ကိုတုက ရှင်းပြလိုက်သည်။
"လူတစ်ယောက်က ကံကြမ္မာနှစ်မျိုးကို ကျင့်ကြံလို့ ရတာလား"
လင်းယုရှန် ထိတ်လန့်တုန်လှုပ်သွားသည်။
သူသာမက မုဟုန်တောက်နှင့် တခြားသူများထံတွင်လည်း မယုံကြည်နိုင်သော အမူအယာများ ရှိနေကြသည်။
သူတို့ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများပင်လျှင် ဤသတင်းကို ယခင်က မကြားဖူးကြကြောင်း သိသာထင်ရှားပေ၏။
"ဒါပေါ့ အဓိကနဲ့သာမည ကဏ္ဍတွေကို သေသေချာချာ ကိုင်တွယ်နိုင်ရင် လူတွေက ကံကြမ္မာတွေအများကြီးကို ပိုင်ဆိုင်နိုင်တယ်... ဒါပေမဲ့ မင်းတို့ ကျင့်ကြံတဲ့ ကံကြမ္မာ ပိုများလေလေလေ ကံကြမ္မာရဲ့သက်ရောက်မှုကို ပိုပြီးခံရလေပဲ... ဒါက မင်းတို့ရဲ့စွမ်းအားကို အလျင်အမြန် တိုးတက်စေနိုင်ပေမယ့် စိတ်ဝိညာဉ်နဲ့ အစစ်အမှန်စွမ်းအားအပေါ် သိသိသာသာသက်ရောက်မှု ရှိတယ်...အဓိကနဲ့ သာမညကဏ္ဍတွေကို မခွဲခြားနိုင်ရင် ရူးသွပ်တဲ့ အခြေအနေကိုတောင် ရောက်သွားနိုင်တယ်"
အစ်ကိုတုက ခေါင်းညိတ်ပြလိုက်သည်။
သူသည် အင်အားစုကြီးတစ်ခုမှ လာခြင်းဖြစ်သဖြင့် တခြားလူများထက်ပို၍ ဗဟုသုတကြွယ်ဝသည်မှာ သဘာဝကျပေ၏။
"မင်းတို့ မယုံရင်ကြည့်လိုက်....အရင်က ပြန့်ကျဲနေတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေက အဲ့ဒီရေကန်ထဲကနေ စီးဆင်းလာတာပဲ...ဒီကျောက်ရုပ်ထုဆယ့်နှစ်ရုပ်က ကိုယ်စားပြုတာကို နားလည်သဘောပေါက်နိုင်သူ ဘယ်သူမဆို ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူနိုင်ပြီးတော့ ဒီကံကြမ္မာအသစ်ကို တစ်ချက်တည်းနဲ့ ဆုပ်ကိုင်နိုင်မှာပဲ"
အစ်ကိုတုက နေရာတစ်နေရာသို့ ညွှန်ပြလိုက်သည်။
လူများအားလုံး အလျင်အမြန် လှမ်းကြည့်လိုက်ရာ ကျောက်ရုပ်ထုများ၏အဆုံးတွင် သိပ်သည်းကြွယ်ဝသော ကောင်းကင်ကံကြမ္မာစွမ်းအားများ ပြည့်နှက်နေသည့် ရေကန်ငယ်လေးတစ်ခု ဖြည်းညှင်းစွာ စီးဆင်းနေပြီး အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါများအား ထုတ်လွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။