ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ
Vol. 28 Ch. 337
ဤကောင်းကင်ကံကြမ္မာစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းပြီး ကြီးမားသော ဖိအားအောက်တွင် အရည်အခြေအနေသို့ ပြောင်းလဲနေသည်။
"ဒါက... သန်း လေးငါးရာလောက် ရှိမယ်မလား"
လူများအားလုံး၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူတို့၏အသက်ရှူသံများစိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်လာသည်။ အထူးသဖြင့် မိုပိုင်ယဲ့သည် အလွန်စိတ်လှုပ်ရှားနေကာ သူ၏လက်သီးများကို အလိုအလျောက် ဆုပ်လိုက်မိလေ၏။
ကောင်းကင်ကံကြမ္မာစွမ်းအား သန်းလေးငါးရာဆိုသည်မှာ ကံကြမ္မာချပ်ပြားလေးငါးသောင်းနှင့် ညီမျှသည်။
သူသည် ကောင်းကင်ကံကြမ္မာခန်းမမှ လူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပြီး စုစုပေါင်း ကံကြမ္မာချပ်ပြား ရှစ်ထောင်သာ "ချေးယူ"ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူ၏ရှေ့မှ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်နိုင်ပြီး ဤကံကြမ္မာစွမ်းအားရေကန်ကို စုပ်ယူနိုင်လျှင် အကြွေးများအားလုံးကို တစ်ကြိမ်တည်း ကျေစေရုံသာမက သူ၏ချမ်းသာကြွယ်ဝမှုကိုလည်း အဆပေါင်းများစွာ တိုးပွားလာစေပေမည်။
ဤနည်းလမ်းဖြင့်ကြည့်ပါက ကောင်းကင်ကံကြမ္မာကို ထည့်မပြောလျှင်ပင် ဤကောင်းကင်ကံကြမ္မာစွမ်းအားသက်သက်ဖြင့် ကြီးမားသော အမြတ်အစွန်းတစ်ခုပင်။
ဤရေကန်ကို ရှင်းလင်းစွာ မြင်တွေ့ချိန်တွင် ယခင်က စိတ်မဝင်စားခဲ့ကြသော လူများအားလုံး အသက်ရှူမြန်လာကြသည်။
ကောင်းကင်ကံကြမ္မာဆရာများ ဖြစ်ကြသရွေ့ မည်သူမျှ ကောင်းကင်ကံကြမ္မာစွမ်းအားများကို မငြင်းဆန်နိုင်ကြချေ။ ဤသည်မှာ ကျင့်ကြံခြင်း၏အခြေခံအုတ်မြစ်ပင်။
"ဒါပေမဲ့... ဘယ်လို ကျင့်ကြံရမလဲ"
ဤသုံးရောင်ခြယ်ကုန်းမြေ၏တန်ဖိုးကို အတည်ပြုပြီးနောက် လူများအားလုံး၏ အစပိုင်းစိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး လူတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လွယ်လင့်တကူ ရှေ့မတိုးရဲကြချေ။
ရိုးရိုးသားသား ပြောဆိုရလျှင် ဤအချိန်တွင် လူများအားလုံး ထိတ်လန့်ကြောက်လန့်နေကြသည်။
မြစ်ကိုဖြတ်ကူးရာတွင် စည်းမျဉ်းများ ရှိခဲ့သဖြင့် ဤကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ရန်အတွက်လည်း စည်းမျဉ်းများ ရှိပေလိမ့်မည်။ အကယ်၍ သူတို့သာ မဆင်မခြင် ရှေ့တိုးမိပါက နေရာမှာပင် အသတ်ခံရမည်ကို အမှန်တကယ် ကြောက်ရွံ့နေကြသည်။
"ဘယ်သူ စမ်းကြည့်မလဲ"
မိုပိုင်ယဲ့က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
လူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သူမျှ တုံ့ပြန်အဖြေမပေးကြချေ။
ရတနာကို မတွေ့မမြင်ရခင်က သူတို့သည် အသက်နှင့်ရင်း၍ တိုက်ခိုက်ရဲကြသည်။ သို့ရာတွင် သူတို့သည် ရတနာကို အမှန်တကယ် တွေ့လိုက်ရသောအချိန်တွင်မူ သူတို့၏အသက်ကို ပို၍တန်ဖိုးထားလာကြသည်။ နောက်ဆုံးအခိုက်အတန့်ရောက်ရှိချိန်တွင် မည်သူမျှ မသေဆုံးလိုကြပေ။
"ငါ့မှာ အကြံတစ်ခုရှိတယ်... ဒီလိုလုပ်ရင်ရော... ကျောက်ရုပ်တွေထဲမှာပါရှိတဲ့ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်တဲ့သူက ကောင်းကင်ကံကြမ္မာစွမ်းအားအားလုံးကို ယူဆောင်သွားလို့ရတယ်....ကျန်တဲ့သူတွေက လုယူခွင့်မရှိဘဲနဲ့ စောင့်ကြပ်ပေးရမယ်... ဘယ်လိုသဘောရလဲ"
စုချန်က ပြောဆိုသည်။
မိုပိုင်ယဲ့နှင့်တခြားလူများသည် အချင်းချင်းကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။
"အဲ့ဒီလိုလုပ်လို့ ရပါတယ်...ဒါပေမဲ့ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်တဲ့ ကံကောင်းသူက လူတိုင်းကို ကတိတစ်ခု ပေးရမယ်"
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် မိုပိုင်ယဲ့က ပြောဆိုသည်။
"ဂိုဏ်းချုပ်မို...ပြောပါအုံး"
စုချန်က သူ့ကို လှမ်းကြည့်လေသည်။
"ဒါက ရိုးရှင်းပါတယ်....လူတိုင်းက သူ့ကို ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်နိုင်တဲ့ အခွင့်အရေးပေးဖို့ အများကြီး ကြိုးစားခဲ့ရတာဆိုတော့.. တကယ်လို့ တစ်ယောက်ယောက်က အမှန်တကယ် အောင်မြင်သွားပြီးတော့ သန်မာအားကောင်းတဲ့သူတစ်ယောက် ဖြစ်လာရင် ကျန်တဲ့သူတွေကို ရတနာတွေရအောင် ကူညီပေးရမယ်... ပြီးတော့ သူက လူတိုင်းအတွက် တစ်ကြိမ် အခမဲ့ကူညီလုပ်ဆောင်ပေးရမယ်"
မိုပိုင်ယဲ့က ပြောဆိုသည်။
ဤနေရာသို့ ရောက်လာနိုင်ခြင်းသည် လူအများသည် အသက်ပေးပြီး စည်းမျဉ်းများကို စမ်းသပ်ခဲ့သောကြောင့်ပင်။ တစ်ဖက်လူ အောင်မြင်သွားလျှင်လည်း လူများအားလုံး၏ကြိုးစားအားထုတ်မှုကြောင့်ဟု ပြောနိုင်သဖြင့် ပြန်လည်ပေးဆပ်ရပေမည်။
"ဒါပေါ့..."
စုချန် ခေါင်းညိတ်လိုက်သည်။
"ငါ သဘောတူတယ်.... မင်းတို့ရော ဘယ်လိုသဘောရလဲ...မင်းတို့ လက်ခံနိုင်တယ်ဆိုရင် ဒီကိစ္စအတည်ဖြစ်ပြီ"
"ငါလည်း သဘောတူတယ်..."
မကြာခင်မှာပင် လူများအားလုံး သဘောတူညီမှု ရရှိသွားကြသည်။
"စကြတာပေါ့... အရင်ဆုံး လေ့လာဆင်ခြင်တဲ့သူက အားသာချက် ရလိမ့်မယ်...အောင်မြင်မှုရှိမရှိဆိုတာကတော့ ကိုယ့်ရဲ့ကံတရားအပေါ်ပဲ မူတည်တယ်"
ဆုံးဖြတ်ချက်ချပြီးနောက် မိုပိုင်ယဲ့က အော်ဟစ်ပြောဆိုလိုက်သည်။
"ငါ အရင်စမ်းကြည့်မယ်..."
အချိန်တခဏကြာ တိတ်ဆိတ်နေပြီးနောက် လူတစ်ယောက်သည် ရှေ့သို့ထွက်လာပေ၏။
သူသည် ကြွင်းကျန်နေသူများထဲတွင် အားအနည်းဆုံးဖြစ်သော ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ပင်။ သူသည် ရှေ့ထွက်ရန် သတ္တိမရှိသည့်တိုင် သူ အသက်ရှင်လျက် ပြန်ထွက်သွားရန်လည်း ခက်ခဲနိုင်သဖြင့် လောင်းကြေးထပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
သူသည် ခြေလှမ်းအနည်းငယ်လှမ်း၍ ပထမဆုံး ကျောက်ရုပ်ထုထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ဤကျောက်ရုပ်ထုသည် နှစ်မီတာခန့် မြင့်ပြီး ဦးထုပ်အရှည် ဆောင်းထားပြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ဦးညွှတ်အရိုအသေပြုနေပုံပင်။
လှိုဏ်ဂူအတွင်းဝင်လာစဉ်က အတွေ့အကြုံကို ပြန်သတိရသဖြင့် ထိုကျင့်ကြံသူသည် ကျောက်ရုပ်ထု၏ပုံစံအတိုင်း လိုက်လုပ်လိုက်၏။
သို့ရာတွင် သူ၏ဦးညွှတ်အရိုအသေပြုခြင်း မပြီးဆုံးသေးမီမှာပင် သူ၏ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ပြာကျသွားသည်။
လူများအားလုံး၏မျက်ခွံများ တုန်ရီသွားသည်။
ယခင်က လူတချို့သည် ဦးညွှတ်အရိုအသေမပြုသဖြင့် စည်းမျဉ်းများအရ အသတ်ခံခဲ့ရသော်လည်း ယခုအချိန်၌ အရိုအသေပြုလိုက်သဖြင့် အသတ်ခံလိုက်ရပြန်သည်။
ဒါက အရိုအသေပြုရမှာလား..မပြုရဘူးလား..
လူများအားလုံး တွေဝေနေစဉ်မှာပင် နောက်မှလိုက်လာသော ကျန်းရွှမ်သည် မြစ်ကိုဖြတ်ကူးပြီး လူအုပ်နှင့်မလှမ်းမကမ်းအကွာသို့ ရောက်ရှိလာသည်။
"ကောင်းကင်ကံကြမ္မာစွမ်းအားတွေ အများကြီးပါလား..."
ကျန်းရွှမ် စိတ်လှုပ်ရှားသွားသည်။
ဤတစ်ကြိမ်တွင် သူ နောက်မှလိုက်လာသည်မှာ မှန်ကန်သော ရွေးချယ်မှုပင်။
ကံကြမ္မာချပ်ပြားလေးငါးသောင်းဟူသည်မှာ ကျိုးယီမြို့တစ်မြို့လုံးကို စေ့စေ့စပ်စပ် ရှာဖွေလျှင်ပင် တွေ့ရှိနိုင်မည် မဟုတ်ချေ။ ယခုချိန်၌မူ ထိုစွမ်းအားပမာဏသည် မလှမ်းမကမ်းရှိ ရေကန်ထဲတွင် တိတ်တဆိတ် တည်ရှိနေပေ၏။ အကယ်၍ သူသည် ထိုအရာများအားလုံးကိုသာ စုပ်ယူနိုင်လျှင် သူ၏ ကောင်းကင်ဘုံသောကကံကြမ္မာကို တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။ သူ၏စွမ်စအားကလည်း ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်သို့ သေချာပေါက် ရောက်ရှိပေလိမ့်မည်။
ဤစွမ်းအားနှင့် သူ နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာများ၏ အထောက်အပံ့ကို ပေါင်းစပ်လိုက်ပါက ကမ္ဘာသစ်၏စွမ်းအားကို မလောင်ကျွမ်းစေလျှင်ပင် ဤမိုပိုင်ယဲ့ဆိုသောကောင်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်မည်ဟု သူ ခန့်မှန်းမိသည်။
သို့ရာတွင် သူ ထိုအရာများကို မည်သို့စုပ်ယူရမည်နည်း။
သူသည် ထိုကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်မှ ရနိုင်မည်လော....
သူသည် ဇဝေဇဝါဖြင့် ထိုကျောက်ရုပ်ထုများကို ကြည့်လိုက်၏။
ဤကျောက်ရုပ်ထုများကို မီးခိုးပြာရောင်ကျောက်တုံးများဖြင့် ထွင်းထုထားပြီး ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ကွဲပြားသောအမူအယာများ ရှိကြသည်။ တချို့က ပျော်ရွှင်နေပြီး တချို့က ဒေါသထွက်နေကာ တချို့က ဝမ်းနည်းနေသည်။ တချို့ကမူ ရှက်ရွံ့နေပေ၏။
ဤကျောက်ရုပ်ထုဆယ့်နှစ်ရုပ်သည် စိတ်ခံစားမှုဆယ့်နှစ်မျိုးကို ကိုယ်စားပြုပုံရပြီး ထုံးတမ်းစဉ်လာများနှင့်လည်း သက်ဆိုင်နေသည်။
ဥပမာအားဖြင့် ဒူးထောက်ပြီး အရိုအသေပြုနေသော ကျောက်ရုပ်ထုသည် ဆွေမျိုးသားချင်း တစ်ဦးဆုံးရှုံးသွားသဖြင့် ဝမ်းနည်းပူဆွေးပြီး နှုတ်ဆက်နေသည့်အလား ဝမ်းနည်းသောအမူအယာ ရှိသည်။
ပျော်ရွှင်သော မျက်နှာအမူအယာရှိသည့် အရုပ်သည် မင်္ဂလာမောင်နှံသစ်များ မင်္ဂလာအရက်သောက်နေသကဲ့သို့ ပျော်ရွှင်မှုအရှိန်အဝါများ ဖြာထွက်နေသည်။
"ကြည့်ရတာတော့ ကျီးလန်တောင်ကြားရဲ့ အမွေအနှစ် ကောင်းကင်ကံကြမ္မာက 'ထုံးတမ်းစဉ်လာ'ဖြစ်ပုံရတယ်"
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
ခုန်းရှီက စည်းမျဉ်းများအကြောင်း ရှင်းပြသည်ကို သူ ကြားပြီးနောက် ထိုကိစ္စကို ခန့်မှန်းမိခဲ့ကာ ယခုအချိန်၌ သူ အတည်ပြုနိုင်ခဲ့လေပြီ။
ရေတွေ့လျှင် ဖိနပ်ချွတ်ခြင်း မှောင်လျှင် ဖယောင်းတိုင်ထွန်းခြင်း အသံကျယ်ကျယ် မပြောခြင်း စားသောက်နေစဉ် အသံမမြည်စေခြင်း... မည်သို့ပင်ကြည့်စေကာမူ ဤအရာများအားလုံးသည် ထုံးတမ်းစဉ်လာ၏အစိတ်အပိုင်းများပင်။
ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ သည် ထုံးတမ်းစဉ်လာများကို စောင့်ထိန်းခြင်းဖြင့် နယ်မြေတစ်ခုလုံးကို အမြဲတစေ လွှမ်းမိုးအုပ်ချုပ်ခဲ့သည်။
"ဒါက 'ထုံးတမ်းစဉ်လာ' ဖြစ်တာကြောင့် ဒီကျောက်ရုပ်တွေက ထုံးတမ်းစဉ်လာအမျိုးမျိုးကို ကိုယ်စားပြုတာ သဘာဝကျတယ်... ထုံးတမ်းစဉ်လာရဲ့ အသုံးချမှုတွေအားလုံးကို နားလည်သဘောပေါက်နိုင်သရွေ့ ဒါကို နားလည်နိုင်လောက်တယ်..."
ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။
သို့ရာတွင် သူ ခန့်မှန်းမိလျှင်ပင် ရှေ့ထွက်ပြီး သင်ယူရန် အဆင်မပြေချေ။
အကြောင်းအရင်းမှာ မိုပိုင်ယဲ့တို့လူစုသည် သူ့ကိုတွေ့ရှိသွားသည်နှင့် ရတနာကို စွန့်လွှတ်ပြီး သူ့ကို သတ်ဖြတ်ရန် ကြိုးစားကြမည်ဖြစ်သောကြောင့်ပင်။
ထို့ပြင် သူ၏လက်ရှိစွမ်းအားက ဤနေရာရှိလူများအားလုံးကို သတ်ဖြတ်ရန် မလုံလောက်သေးချေ။
"ငါ့ရဲ့ရည်ရွယ်ချက်က ဒီကောင်းကင်ကံကြမ္မာကို သင်ယူဖို့ မဟုတ်ဘူး... ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို စုပ်ယူဖို့ပဲ...ကောင်းကင်ကံကြမ္မာကို မသင်ယူဘဲနဲ့ ဒါတွေကို စုပ်ယူလို့ ရနိုင်မလား"
ကျန်းရွှမ်ထံ၌ အကြံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ကံကြမ္မာနှင့် ပတ်သက်လျှင် သူသည် ကံကြမ္မာအမျိုးအစားများစွာကို ကျင့်ကြံထားပြီးဖြစ်သောကြောင့် တစ်ခုပိုလာသည် လျော့သွားသည်ကို ဂရုမစိုက်ချေ။ သို့ရာတွင် သူသည် ဤကောင်းကင်ကံကြမ္မာစွမ်းအားများကို ဝါးမြိုနိုင်လျှင် သေချာပေါက် ကြီးမားသော အမြတ်အစွန်း ဖြစ်လာပေလိမ့်မည်။
တခြားသူများအနေဖြင့် ကောင်းကင်ကံကြမ္မာကို နားမလည်ဘဲ ဤကောင်းကင်ကံကြမ္မာစွမ်းအားများကို အသုံးမပြုနိုင်ကြသော်လည်း သူကမူ မတူညီချေ။ သူ၏ ကောင်းကင်ဘုံစာကြည့်တိုက်နှင့်ရင်းမြစ်ရေကန်တို့ကိုပေါင်းစပ်လိုက်လျှင် အလွန်ကျယ်ပြန့်သည်။ ကောင်းကင်ကံကြမ္မာစွမ်းအား သန်းလေးငါးရာကို မဆိုထားနှင့် ထို့ထက်ပို၍ ဆယ်ဆ အဆတစ်လောက် ရှိနေလျှင်ပင် အသေးအမွှားသာ ဖြစ်ပေ၏။
"စမ်းကြည့်တာပေါ့"
ထိုသို့တွေးမိသည်နှင့် ကျန်းရွှမ်သည် ရေကန်နှင့် အနီးဆုံးဖြစ်ပြီး တခြားလူများ မတွေ့နိုင်မည့် နေရာသို့ တိတ်တဆိတ်ရွှေ့ပြောင်းပြီး ငြိမ်သက်စွာ ထိုင်လိုက်သည်။
အတွေးတစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်ရှိ မွေးညှင်းပေါက်များအားလုံး ပွင့်သွားပြီး ရှေ့တွင် မြူခိုးများအဖြစ် စုစည်းနေသော ကောင်းကင်ကံကြမ္မာစွမ်းအားများကို စတင်၍ဝါးမြိုလိုက်သည်။
အချိန်တခဏကြာ လှည့်ပတ်ပြီးနောက် ရေကန်ထဲတွင် မည်သည့် စွမ်းအားလျော့နည်းသွားသည့် လက္ခဏာမျှ မပြကြောင်း သူ မြင်တွေ့လိုက်ရသည်။ သူ မည်မျှပင် စုပ်ယူစေကာမူ စွမ်းအားတစိုးတစိမျှပင် မရရှိချေ။
"အကွာအဝေးက ဝေးလွန်းနေတယ်..."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် လက်ရှိတွင် ရေကန်နှင့် မီတာသုံးဆယ်ခန့်အကွာတွင် ရှိနေသည်။ ထိုအကွာအဝေး ခြေလှမ်းတစ်လှမ်းဖြင့် သူ ရှေ့သို့ပြေးသွားနိုင်သော အတိုင်းအတာဖြစ်လည်း တခြားသူများမသိအောင် ကောင်းကင်ကံကြမ္မာစွမ်းအားများကို စုပ်ယူချင်လျှင် အနည်းငယ် အလှမ်းကွာဟနေဆဲပင်။
သူ ထိုစွမ်းအားများကို ဝါးမြိုနိုင်ခြင်းရှိမရှိ စမ်းသပ်ရန်အတွက် ပို၍နီးကပ်စွာသွားရန် လိုအပ်ပေ၏။ ရေကန်နှင့်ဆယ်မီတာအကွာအတွင်းသို့ သူ ရောက်မှသာ အောင်မြင်မည်ဟု သူ ယုံကြည်မှုရှိသည်။
သို့ရာတွင် အကယ်၍ ဤမျှထိ နီးကပ်သွားပါက မိုပိုင်ယဲ့နှင့်တခြားလူများ သေချာပေါက် တွေ့သွားပေလိမ့်မည်။
အချိန်တခဏအတွင်းမှာပင် ကျန်းရွှမ် အကြပ်ရိုက်သွားတော့သည်။