စည်းကမ်း ချိုးဖောက်ခြင်း
Vol. 28 Ch. 338
ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအားများကို မည်ကဲ့သို့ ဝါးမြိုရမည်အား စဉ်းစားနေစဉ်တွင် မိုပိုင်ယဲ့သည်လည်း သူ့ရှေ့ရှိ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။
"ငါ လုပ်လိုက်မယ်..."
နောက်ထပ်လူသုံးဦး ဆက်တိုက် သေဆုံးသွားပြီးနောက် မိုပိုင်ယဲ့သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့တိုးလိုက်သည်။
ဤအချိန်တွင် လူနှစ်ဆယ်ခန့်ရှိသော သူတို့အဖွဲ့၌ လူကိုးယောက်သာ ကျန်ရှိတော့သည်။
သူ့ဘက်တွင် လူငါးယောက်ရှိပြီး မိုပိုင်ယဲ့ လင်းယုရှန် မုဟုန်တောက် အစ်ကိုတု နှင့် မုရှောင်ချင်းတို့ပင်။
တစ်ဖက်တွင် လူလေးယောက်ရှိပြီး စုချန် ဝမ်လင်းရွှန်း ချင်ရှောင်ဖေးနှင့် ဟယ်ချင်းဟုန်တို့ ဖြစ်ပေ၏။
လှိုဏ်ဂူထဲသို့ ပထမဆုံးဝင်ခဲ့သော ကျန်းရီဖုန်းပင်လျှင် ကျောက်ရုပ်တုနှင့်တူသော ထုံးတမ်းစဥ်လာတစ်ခုကို ပြုမူပြီးနောက် တတိယစည်းမျဥ်းကို ချိုးဖောက်မိသဖြင့် မီးလောင်၍ သေဆုံးသွားခဲ့လေပြီ။
"သတိထား..."
မိုပိုင်ယဲ့ ရှေ့ထွက်လာသည်ကို မြင်တွေ့ချိန်၌ အစ်ကိုတုက လှမ်းကြည့်ပြီး သူ၏သုံးသပ်ချက်ကို မျှဝေလိုက်သည်။
"ငါ မမှားဘူးဆိုရင် ကျီးလန်တောင်ကြားထဲက ကောင်းကင်ကံကြမ္မာက ထုံးတမ်းစဥ်လာကံကြမ္မာနဲ့ သက်ဆိုင်လောက်တယ်...ခုဏက လူတွေအားလုံးက ကျောက်ရုပ်ထုနဲ့တူတဲ့ ထုံးတမ်းစဥ်လာကို လိုက်လုပ်ကြတာကြောင့် မီးလောင်ပြီးသေဆုံးသွားတာ...ဒါကို ကြည့်ရင် တူညီတဲ့ ထုံးတမ်းစဥ်လာကို လုပ်ဆောင်တာက သေချာပေါက်မှားတယ်"
"အင်း..."
မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။
သူသည်လည်း ဤအချက်ကို ထွင်းဖောက်မြင်နိုင်ခဲ့သောကြောင့်သာ ရှေ့သို့ထွက်ရဲခြင်း ဖြစ်သည်။
သူသည် အသက်ပြင်းပြင်းရှိုက်ပြီး ကျောက်ရုပ်ထု၏ရှေ့သို့ ရောက်ရှိလာသည်။ သူသည် များစွာမစဉ်းစားတော့ဘဲ ဒူးထောက်လိုက်ပြီး သုံးကြိမ်တိုင်တိုင် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဂျူနီယာမိုပိုင်ယဲ့က ကောင်းကင်ကံကြမ္မာကို ကျင့်ကြံချင်ပါတယ်.....စီနီယာက ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"
ဝုန်း...
သူ၏စကားဆုံးသည်နှင့် အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ ဤအလင်းတန်းသည် နွေးထွေးပြီး နူးညံ့သိမ်မွေ့ကာ သတ်ဖြတ်လိုစိတ် အရိပ်အယောင် တစိုးတစိမျှ မပါရှိချေ။
"ဒါက... အောင်မြင်သွားတာလား"
သူသည် စတုတ္ထအကြိမ် စည်းကမ်းချိုးဖောက်မှု မကြုံရသည်ကို မြင်တွေ့ချိန်၌ လူများအားလုံးသည် နေရာတွင် တောင့်တင်းသွားပြီး သူတို့၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာကြသည်။
"ငါ နားလည်ပြီ....တစ်ဖက်လူရဲ့ ကောင်းကင်ကံကြမ္မာကို သင်ယူဖို့ဆိုရင် တပည့်ကျင့်ဝတ်ကို လိုက်နာရမယ်...ဒီကျောက်ရုပ်ထုတွေက တပည့်လက်ခံတဲ့ ထုံးတမ်းစဥ်လာကို လုပ်ဆောင်နေတာ...အရင်လူတွေအားလုံးရဲ့ လုပ်ဆောင်မှုတွေက မှားနေတာပဲ..."
အစ်ကိုတုသည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
သူတို့၏ရှေ့မှ ကောင်းကင်ကံကြမ္မာသည် "ထုံးတမ်းစဥ်လာ" နှင့် ဆက်စပ်ကြောင်း သူ ကောက်ချက်ချနိုင်ပြီးနောက် တခြားကိစ္စများကိုလည်း ခန့်မှန်းရန် လွယ်ကူသွားသည်။
ကျောက်ရုပ်ထုသည် တပည့်လက်ခံနေပြီး တပည့်လက်ခံသည့်ကျင့်ဝတ်ကို လုပ်ဆောင်နေသည်။ ယခင်လူများက ကျောက်ရုပ်ထု၏ပုံစံကို အတုခိုး၍ လုပ်ဆောင်ကြသည်မှာ တစ်ဖက်လူကို တပည့်အဖြစ် ပြန်လက်ခံချင်သကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ကြီးမားသော မလေးစားမှုဖြစ်ပြီး စည်းမျဥ်းချိုးဖောက်ရာ ရောက်ပေ၏။
"ငါလည်း သွားမယ်..."
သူ အောင်မြင်သည်ကို မြင်တွေ့ချိန်၌ စုချန်နှင့်တခြားသူများသည်လည်း မနေနိုင်တော့ချေ။ သူတို့သည် ရှေ့ထွက်လာပြီး တပည့်ကျင့်ဝတ်အတိုင်း ထုံးတမ်းစဥ်လာကို လုပ်ဆောင်လိုက်ကြသည်။
သူတို့ တွေးထင်ထားသည့်အတိုင်းပင် ထုံးတမ်းစဥ်လာကို လုပ်ဆောင်ပြီးနောက် မည်သူမျှ တန်ပြန်သက်ရောက်မှုကို မကြုံရချေ။
ပထမအဆင့်ပြီးနောက် လူများအားလုံးသည် အချိန်မဆွဲရဲတော့ဘဲ အနောက်မှ ကျောက်ရုပ်ထုဆယ့်တစ်ရုပ်ကို ကြည့်လိုက်ကြသည်။
ကျောက်ရုပ်တစ်ခုချင်းစီသည် ထုံးတမ်းစဥ်လာတစ်မျိုးကို ကိုယ်စားပြုပေ၏။ ဤအရာများအားလုံးကို ပြီးမြောက်မှသာ အမွေအနှစ်ကို ရရှိပေမည်။
မိုပိုင်ယဲ့သည် အချိန်တခဏ တွန့်ဆုတ်နေပြီးနောက် သူ၏လက်ဝါးပေါ်တွင် လက်ဖက်ရည်ခွက်တစ်ခွက် ထွကိပေါ်လာသည်။ သူသည် ဦးညွှတ်အရိုအသေပြုပြီး ထိုလက်ဖက်ရည်ခွက်ကို ဒုတိယကျောက်ရုပ်ထု၏ လက်ဝါးပေါ်သို့ တင်ပေးလိုက်သည်။
ဆရာကို လက်ဖက်ရည် ဆက်သခြင်း...
ဒုတိယကျောက်ရုပ်ထုသည် နွေးထွေးသော အလင်းရောင်ကို ထုတ်လွှတ်ပြီး သူ့ကို လွှမ်းခြုံလိုက်ကာ ထုံးတမ်းစဥ်လာကံကြမ္မာကို လွှဲပြောင်းပေးနေပုံရသည်။ တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ ရေကန်ထဲမှ ကောင်းကင်ကံကြမ္မာစွမ်းအားများ လှုပ်ရှားလာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စီးဝင်လာပေ၏။
"သူက အမွေအနှစ်ကို တကယ်ကြီး ရသွားပြီလား"
လက်ဖက်ရည် ဆက်သပြီးနောက် ဂိုဏ်းချုပ်မိုသည် ရေကန်ထဲမှစွမ်းအားများကို စုပ်ယူနိုင်သည်အား မြင်တွေ့ချိန်၌ လူများအားလုံး၏မျက်လုံးများ တောက်ပလာသည်။
ဤသည်မှာ ထုံးတန်းစဥ်လာကံကြမ္မာ၏ မည်သည့်ကံကြမ္မာခွဲဖြစ်ကာ မည်သည့်အဆင့်၌ ရောက်နေသည်ကို သူတို့ မသိကြချေ။ သို့ရာတွင် ထိုအရာမှ ထုတ်လွှတ်နေသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါအရ ပဉ္စမတန်းစား ဖြစ်နိုင်ကာ စတုတ္ထတန်းစားပင် ဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။
မိုပိုင်ယဲ့ကျင့်ကြံသော မိုတောက်ကံကြမ္မာသည် သတ္တမတန်းစား ကောင်းကင်ကံကြမ္မာသာ ဖြစ်သည်။ သူ အဆင့်တက်လျှင်ပင် အများဆုံး ဆဋ္ဌမတန်းစားအထိသာ ရောက်နိုင်ပေမည်။ သူ့ရှေ့မှ ကံကြမ္မာက ပဉ္စမတန်းစားထက် နိမ့်ကျခြင်းမရှိသဖြင့် အစွမ်းထက်သည်မှာ သိသာထင်ရှားသည်။
တခြားလူများလည်း တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ထွက်လာပြီး လက်ဖက်ရည် ဆက်သလိုက်ကြသည်။
ကောင်းကင်ကံကြမ္မာစွမ်းအားစီးကြောင်းများ သူတို့၏ခန္ဓာကိုယ်များထဲသို့ စီးဝင်လာသည်။ ဆယ့်ငါးမိနစ်မပြည့်မီမှာပင် ရေကန်ထဲရှိ ကောင်းကင်ကံကြမ္မာစွမ်းအားများ ဆယ်ပုံတစ်ပုံခန့် ကုန်ဆုံးသွားခဲ့လေပြီ။
ရေကန်တစ်ခုလုံးတွင် ကံကြမ္မာချပ်ပြား ငါးသောင်းပမာဏခန့်ရှိသဖြင့် ဆယ်ပုံတစ်ပုံကုန်ဆုံးသွားခြင်းသည် ဤလူများမှ ကံကြမ္မာချပ်ပြားငါးထောင်ခန့် စုပ်ယူလိုက်ပြီဟု ဆိုလိုခြင်းပင်။
"မဖြစ်ဘူး.....ငါ ဆက်စောင့်နေရင် ငါ့အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး..."
နံဘေးတွင် ပုန်းအောင်းနေသော ကျန်းရွှမ်သည် ဤမြင်ကွင်းကိုမြင်ပြီး စိုးရိမ်ပူပန်စပြုလာသည်။ သူ ဆက်လက်၍ စောင့်ကြည့်နေပါက ဤလူများ စုပ်ယူနေသော အရှိန်နှုန်းအရ စွမ်းအင်တစ်စက်မျှ ကျန်တော့မည် မဟုတ်ချေ။
သို့ရာတွင် သူ မည်သို့ ပြုလုပ်ရမည်နည်း။ သူ ပြင်ပသို့ ထွက်သွားလိုက်သည်နှင့် လူများအားလုံး သေချာပေါက် တွေ့မြင်သွားမည် ဖြစ်ပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာမည်ကို ရှောင်လွှဲ၍ရမည် မဟုတ်ချေ။ ထိုသို့ဖြစ်လာပါက သူသည်လည်း ကောင်းကင်ကံကြမ္မာစွမ်းအားများကို စုပ်ယူခွင့် ရတော့မည် မဟုတ်ပေ။
"မဟုတ်သေးဘူး... သူတို့က အခုချိန်မှာ အမွေအနှစ်ကို လက်ခံနေတာ... ဒီအချိန်မှာ တခြားလူကို အတင်းအကြပ် တိုက်ခိုက်တာ ဒါမှမဟုတ် ကျယ်ကျယ်လောင်လောင် အော်ဟစ်တာက ထုံးတမ်းစဥ်လာကို မစောင့်ထိန်းရာ ရောက်တယ်...ဒါက စည်းမျဥ်းကို ချိုးဖောက်ရာကျတယ်..."
ကျန်းရွှမ်၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာပြီး သူ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ထုံးတမ်းစဥ်လာများပြားခြင်းသည် တစ်ခါတစ်ရံ၌ ကောင်းသော်လည်း တစ်ခါတစ်ရံတွင်မူ လူများကို ဒုက္ခပေးတတ်သည်။
လူအများသည် ယခုချိန်၌ "ဆရာကို အရိုအသေပြု"နေပြီး အမွေအနှစ်ကို လက်ခံနေကြသည်။ အကယ်၍ သူတို့သည် ထိုကိစ္စကို ရပ်တန့်ပြီး ပြေးထွက်လာကာ သူ့ကို သတ်ဖြတ်မည်ဆိုပါက စည်းမျဥ်းချိုးဖောက်ရာ ရောက်မည်မှာ သေချာပေါက်ပင်။
"ဟား ဟား ဟား... အဲ့ဒီလိုဆိုမှတော့ ငါ အားနာမနေတော့ဘူး..."
ထိုသို့တွေးတောမိသဖြင့် ကျန်းရွှမ်သည် ဆက်လက်၍ ပုန်းအောင်းမနေတော့ချေ။ သူသည် ပုန်းအောင်းနေရာမှ ထွက်လာပြီး ရေကန်ထံသို့ လျှောက်လှမ်းသွားလိုက်၏။
သူသည် ကံကြမ္မာနတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာစဉ်ကတည်းက ကွန်ဖြူးရှပ်တာအိုအရ စည်းမျဥ်းအမြောက်အများကို သိထားသဖြင့် အစမှ ယခုချိန်ထိ သူသည် စည်းကမ်းတစ်ခုမှ မချိုးဖောက်ခဲ့ပေ။ အခုချိန်၌ သူသည် ထုံးတမ်းစဥ်လာကံကြမ္မာကို မသင်ယူဘဲ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို တိုက်ရိုက် ဝါးမြိုပြီး စည်းမျဥ်းချိုးဖောက်မိလျှင်ပင် သူ့အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။
အများဆုံးအနေဖြင့် သူသည် အစစ်အမှန်စွမ်းအားကို အသက်တစ်ရှိုက်နှစ်ရှိုက်စာခန့် မလှည့်ပတ်နိုင်ရုံသာ ဖြစ်ပေမည်။
"မင်းလား..."
ကျန်းရွှမ်သည် ဗြောင်ကျကျ ထွက်လာကာ သူ၏ရုပ်သွင်အစစ်အမှန်ဖြင့် ရှိနေသည်ကို မြင်တွေ့မိသဖြင့် မိုပိုင်ယဲ့၏မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။
သူသည် ကျန်းရွှမ်ကို သတ်ဖြတ်ရန်အတွက် ရှေ့သို့ပြေးသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မလှမ်းမကမ်းရှိ လင်းယုရှန်ကို ကြည့်လိုက်၏။
"ညီအစ်ကိုလင်း.... ငါက အခု စည်းမျဥ်းတွေကို နားလည်ဖို့ ကြိုးစားနေတယ်... ဒီကောင့်ကို ငါ့အစား သင်ခန်းစာပေးလိုက်ပါအုံး...ခုဏက ငါ့အယောင်ဆောင်ပြီးတော့ မင်းတို့ကို စည်းမျဥ်းတွေချိုးဖောက်စေခဲ့တာက သူပဲ..."
"ဒါက..."
လင်းယုရှန်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ..."
သူ၏ရှေ့မှ မိုပိုင်ယဲ့သည် သူ့ထက်ပို၍ ဉာဏ်ကောင်းသည်မှာ အမှန်ပင်။ မိုပိုင်ယဲ့သည် နားမလည်နိုင်လျှင် သူသည်လည်း သေချာပေါက် နားလည်နိုင်မည် မဟုတ်ချေ။ သူ ဤနေရာတွင် စောင့်နေမည့်အစား ဤပုန်းကွယ်နေသောအန္တရာယ်ကို ဖြေရှင်းပေးလိုက်သည်က ပို၍ကောင်းပေမည်။
ဝှစ်.....
ထိုသို့တွေးတောပြီးနောက် လင်းယုရှန်သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားကာ မလှမ်းမကမ်းရှိ လူငယ်လေးထံသို့ အပြေးသွားလိုက်သည်။ သူသည် ထိုလူငယ်၏အနီးသို့ မရောက်မီမှာပင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
အားကောင်းသော လက်ဝါးအရှိန်အဝါတစ်ရပ် ပျံ့လွင့်သွားပြီး လေထုထဲတွင် အက်ကွဲသံများ ထွက်ပေါ်လာသည်။
ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်အထွတ်အထိပ်၌ရှိသော ထိပ်သီးကျင့်ကြံသူဟု ဆိုသည့်အတိုင်း သူ၏လှုပ်ရှားမှုတိုင်းတွင် ဥပဒေသများ ပါဝင်နေပြီး အလွန်ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါကို ပေးစွမ်းနေသည်။
သဘောတရားအရဆိုလျှင် ဤကဲ့သို့ တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်၌သာ ရှိသော ကျန်းရွှမ်သည် ခုခံနိုင်စွမ်း မရှိသဖြင့် ထွက်ပြေးသင့်သည်။ သို့ရာတွင် သူသည် မလှုပ်ရှားဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်မှာ သူ၏ရှေ့မှ ပြင်းထန်သော စွမ်းအားကြောင့် ကြောင်အသွားသည့်အလားပင်။
"သေစမ်း..."
ထိုကောင်စုတ်လေးသည် ဤမျှထိ တုံးအလိမ့်မည်ဟု သူ တွေးထင်မထားပေ။ လင်းယုရှန်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
မိုပိုင်ယဲ့၏စကားများအရ ဤကောင်စုတ်လေးသည် တစ်ဖက်လူအယောင်ဆောင်ပြီး ကံကြမ္မာချပ်ပြားအမြောက်အများကို ချေးငှားခဲ့ကြောင်း သူ သိရှိထားသည်။ ယခုချိန်၌ သူသည် ဤကောင်စုတ်လေးကို သတ်လိုက်လျှင် ထိုငွေများကို လုယက်ယူပြီး သူ ချမ်းသာကြွယ်ဝသွားနိုင်သည်။
ထိုငွေများ သူ၏လက်ထဲသို့ရောက်လာလျှင် တခြားလူများမတွေ့အောင် မည်သို့ လုပ်ရမည်ကို စိတ်ကူးယဉ်တွေးတောနေစဉ်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ်အတွင်းအပြင်နှစ်ခုလုံး အလွန်ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲမှ ပူပြင်းသော မီးတောက်များ ထွက်ပေါ်လာပြီး ပြင်းထန်စွာ လောင်ကျွမ်းလေသည်။
"ငါ စည်းကမ်း ချိုးဖောက်မိပြီ..."
လင်းယုရှန်၏မျက်နှာ ချက်ချင်းဖြူရော်သွားပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရန် ပြေးဝင်သွားရုံသာဖြစ်သော်လည်း မည်သည်ကြောင့် စည်းကမ်းချိုးဖောက်ခြင်း ဖြစ်သွားရသနည်း။
သို့ရာတွင် ယခုချိန်၌ သူ စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူသည် ရှေ့မှလူငယ်လေးကို သတ်ဖြတ်ရန်လည်း ဂရုမစိုက်နိုင်တော့ချေ။ ထိုအစား သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သစ်သီးတစ်လုံးက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။
"ကံကောင်းလို့...ခုဏက ငါ ရေခဲအေးသစ်သီး ဝယ်ထားမိတယ်..."
အစောပိုင်းက ချင်ရှောင်ဖေး ရောင်းချသော ဈေးနှုန်းသည် အလွန်ကြီးမြင့်သော်လည်း သူ ရေခဲအေးသစ်သီးတစ်လုံး ဝယ်ယူခဲ့သည်။ ထို့ကြောင့် သူသည် စည်းကမ်းကို ချိုးဖောက်မိလျှင်ပင် သေဆုံးသွားမည်မဟုတ်ချေ။
သူသည် ထိုသစ်သီးကို ဝါးမျိုရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏လည်ပင်း၌ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် မိုတောက်ဓားတစ်လက်က သူ၏နဖူးထံသို့ တန်းတန်းမတ်မတ် ကျရောက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။