← Chapters

စည်းကမ်း မချိုးဖောက်ခြင်း

Vol. 28 Ch. 339

စည်းကမ်း မချိုးဖောက်ခြင်း

Vol. 28 Ch. 339

"သေချင်နေတာလား"

သူ သတ်ရန် ရည်ရွယ်ထားသော လူငယ်လေးက သူ့ကို ဦးအောင် တိုက်ခိုက်ရဲသည်ကို မြင်တွေ့ချိန်၌ လင်းယုရှန်က သူ၏ခန္ဓာကိုယ်ကိုယိမ်းကာ နံဘေးသို့ ခုန်ရှောင်လိုက်သည်။

သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သဘောတရားအရဆိုလျှင် သူသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ထံမှ တိုက်ခိုက်မှုကို လွယ်လင့်တကူ ရှောင်တိမ်းနိုင်သင့်သည်။

သို့ရာတွင် သူ ခြေတစ်လှမ်းလှမ်းပြီးနောက် သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ တစ်ဖက်လူသည် သူ၏လှုပ်ရှားမှုများကို ကြိုတင်၍တွက်ချက်ထားပုံရပြီး ဓားသည် သူ၏လည်ပင်းရှေ့သို့ တဖန်ပြန်ရောက်လာပေ၏။

လင်းယုရှန်သည် ရှောင်တိမ်း၍ မရတော့သဖြင့် အကာအကွယ်တစ်ခုကို ဖန်တီးရန် သူ၏အစစ်အမှန်စွမ်းအားကို လှည့်ပတ်လိုခဲ့သည်။ သို့ရာတွင် သူ၏ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။ မီးတောက်များ လောင်ကျွမ်းမှုအောက်တွင် သူ၏စွမ်းအားများ ပြန့်ကျဲသွားပြီး သူ၏ကျင့်ကြံဆင့်စွမ်းအားမှ သုံးပုံတစ်ပုံခန့်သာ ထုတ်သုံးနိုင်တော့သည်။

သူ၏ရှေ့မှ လူငယ်သည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသော်လည်း မိုတောက်အပေါ် နားလည်သဘောပေါက်မှု အလွန်မြင့်မားသည်။ သာမန် ကြယ်စင်မြစ်နယ်ပယ် အဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့ကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။ လင်းယုရှန်သည် စွမ်းအားသုံးပုံတစ်ပုံခန့်သာ အသုံးပြုနိုင်တော့သဖြင့် သူသည် မည်သည်ကြောင့် ကျန်းရွှမ်၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။

ဘုန်း....

မိုတောက်ဓား ပြင်းပြင်းထန်ထန် ကျရောက်လာသည်။ လင်းယုရှန်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ခေါင်းနှင့်ခန္ဓာကိုယ် ကင်းကွာသွားသည်ကို မယုံနိုင်စွာ ကြည့်နေမိလေ၏။

ဘုန်း...

သူ၏ အသက်မဲ့သွားသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။

ကျန်းရွှမ်က အလျင်အမြန် ရှေ့သို့တိုးကာ ရေခဲအေးသစ်သီးနှင့် သိုလှောင်လက်စွပ်ကို ယူပြီးနောက် သက်ပြင်းချလိုက်၏။ လင်းယုရှန်သည် သူ့ကိုသတ်ဖြတ်ပြီး သူ၏ပစ္စည်းများကို လုယူလိုခဲ့သည်။ နောက်ဆုံးရလဒ်မှာမူ သူ ခေါင်းဖြတ်ခံရကာ သူ၏ပစ္စည်းများ သိမ်းပိုက်ခံလိုက်ရခြင်းပင်။

"မင်း..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် အေးစက်တောင့်တင်းသွားသည်။

အစောပိုင်းက သူ မလှုပ်ရှားဘဲ တစ်ဖက်လူကို တိုက်ခိုက်ခွင့်ပြုခဲ့ခြင်းမှာ စည်းမျဥ်းချိုးဖောက်မည်ကို စိုးရိမ်သောကြောင့်ပင်။ ယခုကြည့်ရသလောက် ဤကိစ္စသည် အမှန်ဖြစ်နေပုံရသည်။

သူသည် စည်းမျဥ်းကို နှစ်ကြိမ်ချိုးဖောက်ပြီးပြီ။ သူ နောက်တစ်ကြိမ် ထပ်မံ၍ ချိုးဖောက်ပြီး မီး တောက်ကပ်ဘေးနှင့် ကြုံတွေ့ရပါက သူသည်လည်း ကျန်းရွှမ်၏ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

"လာလေ...ငါ့ကို မြန်မြန် လာသတ်လေ...ငါ စောင့်နေတယ်..."

သူ ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က အပြုံးနှင့် မိုပိုင်ယဲ့ ကြည့်လိုက်သည်။

"မင်း..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသော်လည်း သူ ထပ်မံ၍ မလှုပ်ရှားရဲတော့ချေ။ မုဟုန်တောက်နှင့် အစ်ကိုတုတို့သည်လည်း သူတို့၏အပေါင်းအပါ သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသဖြင့် ကြောက်ရွံ့နေကြပြီး မဆင်မခြင်မလုပ်ရဲကြတော့ပေ။

"ငါ မင်းကို မသတ်နိုင်ရင်တောင် မင်း ငါ့ကို လာသတ်ရဲလို့လား"

ယခုလတ်တလောအချိန်တွင် သူ လှုပ်ရှား၍ မရကြောင်း သိထားသဖြင့် မိုပိုင်ယဲ့က အော်ဟစ်ပြောဆိုလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သူသည်လည်း ဤကံကြမ္မာနတ်ဘုရားနယ်မြေ၏ စည်းမျဥ်းလည်ပတ်ပုံများကို အကြမ်းဖျင်း နားလည်သွားလေပြီ။

သူသည် လက်ရှိတွင် တပည့်အဖြစ်ခံယူသော ထုံးတမ်းစဥ်လာကို လုပ်ဆောင်နေပေ၏။ သူသည် ရုတ်တရက် ထွက်သွားပြီး တစ်စုံတစ်ယောက်ကို သတ်ရန်ကြိုးစားပါက "ဆရာ"ကို မကျေမနပ်ဖြစ်စေကာ စည်းမျဥ်းများကိုချိုးဖောက်ရာ ရောက်ပေမည်။ သို့ရာတွင် တစ်ဖက်လူသည် ပြေးဝင်လာပြီး သူတို့ကိုသတ်ရန် ကြိုးစားလျှင်လည်း စည်းမျဥ်းအရ အပြစ်ပေးခံရပေမည်။

ထုံးတမ်းစဥ်လာကံကြမ္မာတွင် စည်းမျဥ်းများစွာ ရှိနေသော်လည်း တစ်စုံတစ်ယောက်မှ ကောင်းမွန်စွာ အသုံးချတတ်လျှင် သူ့အတွက် အကာအကွယ် ဖြစ်စေနိုင်သည်။

"ငါက ဘာလို့ မင်းကို သတ်ရမှာလဲ ...မင်းက အကြွေးတွေ အများကြီး တင်နေပြီးတော့ မဆပ်ရသေးဘူး... မင်းကို သတ်လိုက်ရင် မင်းအတွက် အရမ်းသက်သာသွားမှာပေါ့"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်ဖက်လူသည် ဤစည်းမျဥ်း၏သဘောတရားကို နားလည်နိုင်လျှင် သူသည်လည်း နားလည်သဘောပေါက်နိုင်ပေ၏။

သူသည် ရှေ့သို့ပြေးသွားပြီး လူသတ်ရန်ကြိုးစားပါက စည်းကမ်းအရ အပြစ်ပေးခံရပေမည်။ ဤသည်မှာ သူ ရူးသွပ်သွားမှသာ လုပ်ဆောင်မည့် လုပ်ရပ်ပင်။

ထို့ပြင် လက်ရှိချိန်တွင် သူ့အတွက် အသက်ရှင်နေသည်က သေသည်ထက် ပို၍ကောင်းသည်မှာ သေချာပေါက်ပင်။

"အကြွေး"ဟူသောစကားကို ကြားလိုက်သည်နှင့် မိုပိုင်ယဲ့၏ဒေါသများ ပေါက်ကွဲထွက်လာလုနီးပါးပင်။

'ငါ့အယောင်ဆောင်ပြီးတော့ မင်းက နေရာတကာမှာ ငွေလိုက်ချေးတယ်...ပြီးတော့ ငါ့ကို အကြွေးဆပ်ခိုင်းတယ်... မင်းက လူရော ဟုတ်ရဲ့လား"

"ငါ့ကို လာသတ်မယ့်သူ ရှိသေးလား"

မိုပိုင်ယဲ့ကို ဆက်လက်၍ ဂရုမစိုက်တော့ဘဲ ကျန်းရွှမ်က တခြားလူများကို ကြည့်လိုက်သည်။

သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

"မင်းကရော ဘယ်လိုသဘောရလဲ..."

ကျန်းရွှမ်က ထိုလူများအနက် စွမ်းအားအကြီးဆုံးဖြစ်သော အစ်ကိုတုကို ကြည့်လိုက်သည်။

ဤလူကို သူ အစိုးရိမ်ဆုံး ဖြစ်ပေ၏။ အစ်ကိုတုသည် မီးတောက်ကပ်ဘေးဖြင့် အပြစ်ပေးခံရပြီးသည့်တိုင် သူသည် ကိုင်တွယ်ရခက်နေဆဲပင်။

"ဒါက မင်းနဲ့ မိုပိုင်ယဲ့ကြားက ရန်ငြိုးပဲ....ငါ ဝင်မပါဘူး..."

အစ်ကိုတုက ခေါင်းခါယမ်းလိုက်သည်။

သူသည်လည်း တခြားလူအတွက် ဒေါသထွက်ပေးပြီး စည်းကမ်းချိုးဖောက်ချင်စိတ် မရှိချေ။

"ဘယ်သူမှ မလှုပ်ရှားတော့ဘူး ဆိုမှတော့ ငါက အချိန်ဖြုန်းပြီး မင်းတို့နဲ့ စကားပြောမနေတော့ဘူး..."

ကျန်းရွှမ်က စကားဆက်မပြောတော့ချေ။

ထိုအစား သူသည် နေရာမှလှည့်ထွက်ပြီး ရေကန်ရှိရာဘက်သို့ လျှောက်လှမ်းသွားလိုက်သည်။

သူ၏လှုပ်ရှားမှုကို မြင်တွေ့ချိန်၌ လူများအားလုံး ဇဝေဇဝါ ဖြစ်သွားကြပြီး မည်သည်ကြောင့် ဤသို့ပြုလုပ်သည်ကို နားမလည်ကြချေ။

"သူက ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို တိုက်ရိုက်စုပ်ယူမလို့များလား"

"သူ ရူးနေတာလား.... ဒီကောင်းကင်ကံကြမ္မာစွမ်းအားတွေက သန့်စင်ပြီးတော့ တိကျတဲ့စွမ်းရည်မျိူးမရှိဘူး ဆိုပေမယ့်...ထုံးတမ်းစဥ်လာကံကြမ္မာကို နားမလည်ဘဲနဲ့ ဒါတွေကို စုပ်ယူဖို့ ကြိုးစားတာက...သေချာပေါက် စည်းမျဥ်းချိုးဖောက်တာပဲ"

"သူ့က သူ့ဘာသာသူ သေလမ်းရှာနေတာ....ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး"

ကျန်းရွှမ်၏လုပ်ရပ်ကို မြင်တွေ့ချိန်၌ လူများအားလုံးသည် မည်သည်ကြောင့် မခန့်မှန်းမိဘဲ နေမည်နည်း။ သူတို့အားလုံးသည် ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ သူ့ကို ကြည့်နေကြသည်။

သူတို့၏အကြည့်များကို လျစ်လျူရှုပြီး ကျန်းရွှမ်သည် ရေကန်ရှေ့သို့ ရောက်လာကာ သူ၏ရှေ့မှ ရေကဲ့သို့ သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအားများကို ကြည့်လိုက်သည်။ သူ၏စိတ်နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာပေ၏။

"စည်းမျဥ်းချိုးဖောက်မိတော့ရော ဘာဖြစ်လဲ...."

သူသည် တီးတိုးရေရွတ်ရင်း သူ၏လက်ဝါးကို ဖြန့်လိုက်ရာ ကောင်းကင်ဘုံစာကြည့်တိုက် တုန်ခါသွားပြီး စွမ်းအားများကို စုပ်ယူရန် ပြင်ဆင်လိုက်သည်။

ဝုန်း....

ထိုအချိန်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အထူးစွမ်းအားတစ်ရပ်က သူ၏အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ ထိုအရာသည် ဤကံကြမ္မာနတ်ဘုရားနယ်မြေ၏ စည်းမျဥ်း ဖြစ်နိုင်သည်။

ကျန်းရွှမ်သည် ထိုအရာကို တောင့်ခံရန် ဟန်ပြင်လိုက်စဉ်မှာပင် စာကြည့်တိုက်ထဲရှိ ကောင်းကင်ဘုံသောကကံကြမ္မာ ရုတ်တရက် အနည်းငယ် တုန်ခါသွားသည်။

နောက်ထပ်အချိန်တခဏတွင် စည်းမျဥ်းဟု ခေါ်သောအရာသည် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ချက်ချင်းတုန်ခါသွားပြီး မလှုပ်ရှားရဲတော့ချေ။

"ဘာဖြစ်တာလဲ"

ကျန်းရွှမ် ထိတ်လန့်သွားသည်။

ယခင်က သူသည် ကွန်ဖြူးရှပ်သဘောတရားများဖြင့် ဤနယ်မြေလည်ပတ်သည်ကို သိရှိပြီးနောက် စည်းမျဥ်းချိုးဖောက်မိမည်ကို ကြောက်ရွံသဖြင့် သူ သတိထားနေခဲ့သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်ကံကြမ္မာစွမ်းအား အမြောက်အများရရှိရန်အတွက် သူ စည်းမျဥ်းကိုချိုးဖောက်၍ အစွမ်းကုန်ကြိုးစားရန် စီစဉ်ထားခဲ့သည်။

'ဒါပေမဲ့ အခု မင်း ငါ့ကိုပြောနေတာက... ဒီစည်းမျဥ်းတွေက ကောင်းကင်ဘုံသောကကံကြမ္မာကို ကြောက်တယ်တဲ့လား... ဒါက အစစ်လား အတုလား'

'အဆင့်မြင့်ကောင်းကင်ကံကြမ္မာက အဆင့်နိမ့်တဲ့အရာကို ဖိနှိပ်နိုင်တာများလား..'

ဤကဲ့သို့ကိစ္စမျိုး မဖြစ်နိုင်ချေ။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်လျှင် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် ကောင်းကင်ကံကြမ္မာကို နားလည်ထားသူ တစ်ယောက် ရောက်ရှိလာသည်နှင့် ကုန်းမြေပေါ်မှ ကောင်းကင်ကံကြမ္မာနတ်ဘုရားနယ်မြေများအားလုံးကို ရှင်းလင်းနိုင်ပေလိမ့်မည်။

အကြောင်းအရင်းမှာ နတ်ဘုရားနယ်မြေတစ်ခု၌ ကြောက်မက်ဖွယ်အကောင်းဆုံးအရာသည် လူအများကို အသက်ကို သေကြေပျက်စီးစေနိုင်သော စည်းမျဥ်းများ ဖြစ်နေသောကြောင့်ပင်။ တစ်စုံတစ်ယောက်သည် ထိုစည်းမျဥ်းများကို လျစ်လျူရှုနိုင်ပါက မည်သည့်နတ်ဘုရားနယ်မြေကိုမဆို အတားအဆီးမရှိ ဝင်ရောက်နိုင်ပေမည်။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

"ထပ်စမ်းကြည့်ရအောင်"

ကျန်းရွှမ်သည် သံသယဝင်လာကာ ဤအတွေးကို စမ်းသပ်ရန်အတွက် သူ သိထားသော စည်းမျဥ်းများကို တွေးတောပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ထိုအသံသည် အလွန်ကြည်လင်ပြတ်သားပြီး လှိုဏ်ဂူတစ်ဂူလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

သူ တွေးထင်ထားသည့်အတိုင်း သူ၏အော်သံနှင့်အတူ နောက်ထပ်အထူးစွမ်းအားတစ်ရပ်က သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ သို့ရာတွင် ကောင်းကင်ဘုံသောကကံကြမ္မာကို မြင်တွေ့ချိန်၌ ထိုစည်းမျဥ်းသည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး ဝပ်တွားခယလိုက်ကာ မလှုပ်ရှားရဲတော့ပေ။

"တကယ်ကြီး အဲ့ဒီလိုပါလား..."

ကျန်းရွှမ်ထံ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်ဘုံသောကကံကြမ္မာသည် စည်းမျဥ်းများကို ဖိနှိပ်နိုင်ကြောင်း သူ ယခင်ကတည်းက ကြိုသိခဲ့လျှင် ဤမျှထိ သတိထားနေရန် လိုအပ်မည်မဟုတ်ချေ။

ကျန်းရွှမ်သည် ဤနေရာ၌ အော်ဟစ်နေပြီး ရေကန်ထံသို့ လျှောက်လှမ်းသွားနေသည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့နှင့်တခြားသူများ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားကြသည်။

'ဒါက စည်းမျဥ်းကို ချိုးဖောက်တာ မဟုတ်ဘူးလား'

'ဘာလို့ သူ အပြစ်ပေးမခံရတာလဲ'

သူတို့ အံ့အားသင့်နေစဉ်မှာပင် လူငယ်လေးသည် နောက်ဆုံးကျောက်ရုပ်ထု၏ရှေ့သို့ ရောက်သွားပြီး ကန်ကျောက်လိုက်သည်အား မြင်တွေ့လိုက်ရသည်။

ဘုန်း...

ကျောက်ရုပ်ထု တစစီကွဲကြေသွားသည်။ တစ်ဖက်လူသည် မည်သည့်စည်းမျဥ်းမျှ မချိုးဖောက်သည့်အလား တစ်စုံတစ်ခုမျှ ဖြစ်မလာချေ။

ယခင်အတိုင်း ထပ်ဖြစ်လာပြန်သလော...

မိုပိုင်ယဲ့၏မျက်နှာ ဖြူရော်သွားပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီလာပေ၏။

"ကျောက်ရုပ်ထု ပျက်စီးသွားပြီဆိုတော့ ငါတို့တွေက ထုံးတမ်းစဥ်လာတွေကို ပြီးဆုံးအောင် မလုပ်နိုင်တော့ဘူး....သူက စည်းမျဥ်းကို မချိုးဖောက်ပေမယ့် ငါတို့ကတော့ သေချာပေါက် ချိုးဖောက်မိတော့မယ်..."

ကျောက်ရုပ်ထုဆယ့်နှစ်ရုပ်သည် ထုံးတမ်းစဥ်လာဆယ့်နှစ်မျိုးကို ကိုယ်စားပြုသည်။ သူတို့သည် တတိယအဆင့်ထိသာ ပြီးမြောက်သေးသည်။ ထိုအရာများအားလုံးကို ပြီးမြောက်မှသာ သူတို့သည် အောင်မြင်စွာ တပည့်ဖြစ်ပြီး အမွေအနှစ်ကို အပြည့်အဝ ရရှိပေမည်။ ယခုချိန်၌ ကျောက်ရုပ်ထုတစ်ရုပ် ပျက်စီးသွားပြီဖြစ်သဖြင့် သူတို့သည် မည်မျှထိကြိုးစားအားထုတ်ပါစေ မအောင်မြင်နိုင်ဟူသော အဓိပ္ပါယ်သို့ သက်ရောက်သွားသည် မဟုတ်လော။

ထုံးတမ်းစဥ်လာများအားလုံး မပြီးမြောက်ခြင်းသည် လုံလောက်သော လေးစားမှုကို မပြသခြင်း ဖြစ်သဖြင့် စည်းမျဥ်းများအရအရ သေချာပေါက် အပြစ်ပေးခံရမည်။

ဆိုလိုသည်မှာ ဤကျောက်ရုပ်ထုတစ်ရုပ် ပျက်စီးသွားသည်နှင့် သူတို့သည် နောက်ပိုင်းတွင် မည်မျှထိ ကောင်းအောင်လုပ်ဆောင်ပါစေ မည်မျှထိ မှန်ကန်အောင် လုပ်ဆောင်ပါစေ သေချာပေါက် အပြစ်ပေးခံရတော့မည်။ ထို့ပြင် သူတို့သည် ယခုချိန်၌ တစ်ဝက်တစ်ပျက်တွင် လက်လျော့ပြီး ဆက်လက်၍ မကျင့်ကြံလျှင်လည်း စည်းမျဥ်းချိုးဖောက်ရာ ကျနေပေလိမ့်မည်။

ဤမျှထိ တရားမျှတမှု မရှိရသလော...

အချိန်တခဏအတွင်းမှာပင် လူများသည် ကျန်းရွှမ်ကို ပြန်ကြည့်လိုက်ကြပြီး သူတို့အားလုံး ဒေါသထွက်နေကြသည်။

သူသည် ကန်ချက်တစ်ချက်တည်းဖြင့် သူတို့အားလုံးကို သေရေးရှင်ရေးထိန်းချုပ်ရခက်သော အခြေအနေသို့ တွန်းပို့လိုက်၏။ ဤကောင်စုတ်သည် မည်သည်ကြောင့် ထိုသို့ပြုလုပ်ရန် တွေးတောမိသနည်း။

အရေးအကြီးဆုံး အချက်မှာ...

မည်သည်ကြောင့် သူ ထိုကဲ့သို့ ပြုလုပ်သည်မှာ စည်းမျဥ်းကို မချိုးဖောက်မိသနည်း...

သူ မည်သည့်နည်းလမ်းကို အသုံးပြုလိုက်သနည်း....

All Chapters