← Chapters

ကောင်းကင်ကံကြမ္မာစွမ်းအားများ

Vol. 28 Ch. 340

ကောင်းကင်ကံကြမ္မာစွမ်းအားများ

Vol. 28 Ch. 340

လူများအားလုံး ဒေါသထွက်နေကြပြီး မည်ကဲ့သို့ပြုလုပ်ရမှန်းမသိ ဖြစ်နေကြစဉ်မှာပင် လူငယ်လေးသည် ကျောက်ရုပ်ထုကို တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် ရေကန်ဆီသို့ လျှောက်လှမ်းသွားကာ သူ၏လက်ဝါးနှစ်ဖက်ကို ရေကန်ပေါ်တွင် တင်လိုက်သည်။

ဝှစ်....

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ရေစုပ်စက်တစ်လုံးကဲ့သို့ ဖြစ်သွားပြီး ကောင်းကင်ကံကြမ္မာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော စိတ်ဝိညာဥ်အရည်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စီးဝင်သွားသည်။

"ဒါက..."

မိုပိုင်ယဲ့နှင့်တခြားသူများအားလုံး ကြက်သေသေသွားကြသည်။

သူ ထိုကဲ့သို့ လုပ်ဆောင်၍ ရသလော...

သူတို့ စုပ်ယူခဲ့သော စွမ်းအင်တန်းတစ်တန်းစီတိုင်းအတွက် ထိုးထွင်းသိမြင်မှုနှင့် စူးစမ်းရှာဖွေမှုတို့ရှိရန် လိုအပ်သည်။ သို့ရာတွင် ဤလူငယ်ကမူ ရေကိုဝါးမျိုနေသော ဝေလငါးတစ်ကောင်ထက်ပင် ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ မည်သို့ပြုလုပ်လိုက်သနည်း။

သူတို့ထံတွင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူတို့ နားမလည်နိုင်မီမှာပင် မူလက သေးငယ်သောရေကန်သည် ထက်ဝက်နီးပါး လျော့နည်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

ဆိုလိုသည်မှာ အချိန်တခဏအတွင်းတွင် ဤကောင်စုတ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သန်းနှစ်ရာကျော်ကို ဝါးမျိုလိုက်ခြင်းပင်။

"မဖြစ်ဘူး... ဒီကောင်းကင်ကံကြမ္မာစွမ်းအားတွေအားလုံးကို သူ့ကို ဝါးမျိုခွင့်ပေးလိုက်ရင် ငါတို့က ဆရာတပည့်အရိုအသေပြုတဲ့ ထုံးတမ်းစဥ်လာ ပြီးသွားရင်တောင် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်နိုင်တော့မှာ မဟုတ်ဘူး"

အစ်ကိုတုက အော်ဟစ်လိုက်သည်။

ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ရန်အတွက် အင်ဂျင်တစ်လုံးက ဓာတ်ဆီလိုအပ်သည့်အလား ကောင်းကင်ကံကြမ္မာစွမ်းအားများကို ဝါးမျိုရန် လိုအပ်သည်။ ဆရာတပည့်အရိုအသေပြုခြင်း ထုံးတမ်းစဥ်လာကို လုပ်ဆောင်တိုင်း သူတို့သည် ကံကြမ္မာတစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်နိုင်သည်။ ကျောက်ရုပ်ထုဆယ့်နှစ်ရုပ်လုံးကို ဦးညွှတ်အရိုအသေပြုပြီးနောက် သူတို့သည် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို တတိယ သို့မဟုတ် စတုတ္ထအဆင့်အထိ နားလည်သဘောပေါက်နိုင်ပြီး ကံကြမ္မာလမ်းကြောင်းထဲသို့ အပြည့်အဝ ဝင်ရောက်နိုင်သင့်သည်။

ဤကောင်စုတ်ကမူ ကောင်းကင်ကံကြမ္မာစွမ်းအားများအားလုံးကို စုပ်ယူလိုက်၏။ ဤသည်မှာ အင်ဂျင်တစ်လုံးတွင် ဓာတ်ဆီ မရှိတော့သည့်အလား ဖြစ်သွားသဖြင့် သူတို့သည် ဆရာတပည့်အရိုအသေခြင်း ထုံးတမ်းစဥ်လာကို ဆက်လုပ်လျှင်ပင်.....

သူတို့ မည်မျှထိ ကြိုးစားပြီး 'ဦးညွှတ်အရိုအသေပြု' နေပါစေ အရာအားလုံး အချည်းနှီးဖြစ်သွားပေမည်။

"အမှန်ပဲ....ငါတို့ သူ့ကို တားမှ ဖြစ်မယ်"

မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်သည်။

"အစ်ကိုမို... မင်း အလှည့်ပဲ...သူ့ကို မြန်မြန်သွားတားလိုက်"

စုချန်က အော်ဟစ်လိုက်၏။

"ငါ..."

မိုပိုင်ယဲ့၏နှုတ်ခမ်းမဲ့ရွဲ့သွားပြီး သူ စကားမပြောနိုင် ဖြစ်သွားသည်။

သူ ယခုချိန်၌ ကျန်းရွှမ်ထံသို့ အပြေးသွားပြီး ဟန့်တားလိုက်လျှင် လင်းယုရှန်ကဲ့သို့ပင် စည်းမျဥ်းချိုးဖောက်ရာရောက်ပြီး မီးလောင်ကျွမ်းသွားပေလိမ့်မည်။

သူ မသွားဘဲနေပါက 'ဆရာတပည့် အရိုအသေပြုခြင်းထုံးတမ်းစဥ်လာ'ကို ဆက်လုပ်လျှင်ပင် ကောင်းကင်ကံကြမ္မာစွမ်းအားများ၏ ကောင်းချီးပေးမှု မရှိတော့သဖြင့် အချိန်ဖြုန်းနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ အရေးအကြီးဆုံးအချက်မှာ ကျောက်ရုပ်ထုတစ်ရုပ် ပျက်စီးသွားသောကြောင့် 'ဆရာတပည့် အရိုအသေပြုခြင်းထုံးတမ်းစဥ်လာ'၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားလျှင်လည်း သူ စည်းမျဥ်းချိုးဖောက်ရာ ရောက်နေမည်ဖြစ်ခြင်းပင်။

"အစ်ကိုတု... ငါတို့ထဲမှာ မင်းက အစွမ်းထက်ဆုံးပဲ....မင်း အရင် စမ်းကြည့်မလား"

သူ၏ဒေါသများကို အတင်းအကြပ် ထိန်းချုပ်ထားရသဖြင့် မျက်နှာနီမြန်းနေသော မိုပိုင်ယဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏နံဘေးရှိ အစ်ကိုတုကို ကြည့်လိုက်သည်။

"ငါလား...."

အစ်ကိုတုသည် မိုပိုင်ယဲ့ မည်သည့်အရာအား ဆိုလိုချင်သည်ကို မည်သည်ကြောင့် မသိဘဲ နေမည်နည်း။ သူသည် လက်ခါပြပြီး ပြောဆိုလိုက်၏။

"ဒါက မင်းရှာခဲ့တဲ့ ပြဿနာပဲ...မင်းကိုယ်တိုင် ဖြေရှင်းသင့်တယ်..."

"ငါ ဖြေရှင်းနိုင်ပါတယ်...ဒါပေမဲ့ ငါ့မှာ လက်တစ်ဖက်မရှိတော့ ငါ့ရဲ့စွမ်းအားက အများကြီးလျော့ကျသွားပြီ.. ငါ တိုက်ခိုက်ရင်တောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်လောက်ဘူး..."

မိုပိုင်ယဲ့က ခါးသည်းစွာပြုံးလိုက်သည်။

သူ၏အခြေအနေကို သူ ကောင်းစွာသိရှိထားသည်။ သူ၏ အထွတ်အထိပ်အခြေအနေတွင်ဆိုလျှင် သူ စမ်းကြည့်လို့ရသော်လည်း ယခုချိန်တွင် သူ့ထံ၌ လက်တစ်ဖက် မရှိတော့သဖြင့် သူ၏စွမ်းအားသည် လင်းယုရှန်လောက်ပင် မကောင်းတော့ချေ။ ထို့ပြင် မိုတောက် ကောင်းကင်ကံကြမ္မာအဆင့်အရ သူသည် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်ရာ ဤအခြေအနေမျိုးတွင် သူ စည်းကမ်းချိုးဖောက်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေမည်။

"အစ်ကိုတု... မင်းက မတူဘူးလေ....ဘာပဲဖြစ်ဖြစ် အခု ဒီနေရာကနေ ထွက်သွားရင်လည်း စည်းကမ်းချိုးဖောက်တာပဲ...စောင့်နေရင်လည်း စည်းကမ်းချိုးဖောက်တာပဲ... မင်း သူ့ကို ဖမ်းချုပ်နိုင်မယ်ဆိုရင် ကံကောင်းပြီးတော့ သူ့ဆီကနေ စည်းမျဥ်းတွေကိုမချိုးဖောက်ဘဲ ရှောင်လွှဲနိုင်တဲ့နည်းလမ်းကို မေးလို့ရတယ်...ဒါဆိုရင် ငါတို့အားလုံး ကယ်တင်ခံရရုံတင်မကဘူး နောက်ပိုင်းမှာ ငါတို့တွေ ရတနာတွေရှာဖို့လည်း စိတ်ပူဖို့ လိုတော့မှာမဟုတ်ဘူး..."

မိုပိုင်ယဲ့က ဆက်လက်၍ ပြောဆိုသည်။

အစ်ကိုတုသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

မိုပိုင်ယဲ့၏စကားများသည် အလွန်အဓိပ္ပာယ်ရှိသည်ဟု သူ ဝန်ခံရပေမည်။

ဤကျန်းရွှမ်သည် စည်းမျဥ်းချိုးဖောက်သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်မှာ သိသာထင်ရှားသော်လည်း အပြစ်ပေးမခံရချေ။ သူ့ထံတွင် အထူးနည်းလမ်းတချို့ ရှိနေမည်မှာ သေချာပေါက်ပင်။ ဤနည်းလမ်းကိုသာ သူ သင်ယူနိုင်လျှင် ကျီးလန်တောင်ကြားထဲမှ ရတနာများအားလုံး သူ၏အပိုင် ဖြစ်လာနိုင်သည်မဟုတ်လော။

မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေတွင် သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ စည်းမျဥ်းကိုချိုးဖောက်မိမည် ဖြစ်နေသောကြောင့် သူ လောင်းကြေးထပ်သည်က ပိုကောင်းပေမည်။

"မင်းရဲ့ရေခဲအေးသစ်သီး ငါ့ကိုပေး..."

အစ်ကိုတုသည် အလျင်အမြန် စဉ်းစားဆုံးဖြတ်ပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။

အစ်ကိုတု ဆုံးဖြတ်ချက်ချပြီးကြောင်းကို သိရှိသဖြင့် မိုပိုင်ယဲ့သည် စကားများစွာ မပြောရဲတော့ဘဲ သူ ဝယ်ထားသော ရေခဲအေးသစ်သီးကို ထုတ်ပေးလိုက်သည်။

ထိုသစ်သီးကို ယူပြီးနောက် အစ်ကိုတုက မလှမ်းမကမ်းရှိ မုဟုန်တောက်ထံသို့ ပစ်ပေးလိုက်၏။

"ဒါကို ကိုင်ထား... ခဏနေရင် ငါနဲ့အတူ ပြေးထွက်ပြီးတော့ ကျန်းရွှမ်ကို ဝိုင်းတိုက်ကြမယ်... သူ့ကို အရှင်ဖမ်းရမယ်"

အစ်ကိုတုက ပြောဆိုသည်။

မုဟုန်တောက်က ခေါင်းညိတ်လိုက်သည်။

အစ်ကိုတုက စုချန် နှင့်တခြားသူများကို ကြည့်ပြီး ပြောဆိုသည်။

"အခြေအနေကတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ... ငါတို့ဘက်က လူနှစ်ယောက် လွှတ်မယ်... မင်းတို့ဘက်ကလည်း နှစ်ယောက် လွှတ်သင့်တယ်..."

စုချန်သည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်၏။

"အဲဒီကောင်ကို ဖမ်းပြီးရင် စည်းမျဥ်းတွေက မကန့်သတ်နိုင်တဲ့ နည်းလမ်းကို ငါတို့လည်း သင်ယူချင်တယ်"

"ရတာပေါ့...."

အစ်ကိုတုက တုံ့ပြန်အဖြေပေးလိုက်သည်။

ထိုနည်းလမ်းကို သင်ယူပြီးသည်နှင့် သူ၏စွမ်းအားအရဆိုလျှင် ထိုလူများကို သတ်ဖြတ်ရသည်မှာ သခွားသီးလှီးသကဲ့သို့ လွယ်ကူနေပေမည်။ သူတို့သည် လူသေများ ဖြစ်သွားမည်ဖြစ်ရာ သူတို့ သိသွားလျှင်ပင် မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။

ထို့ကြောင့် ဤကိစ္စကို သူ သဘောတူလိုက်သည်မှာ ပြဿနာမရှိချေ။

"ကောင်းပြီလေ"

သူ၏အတွေးများကို မသိသော စုချန်နှင့်ဝမ်လင်းရွှန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ပြကာ ရှေ့ထွက်လာကြသည်။

"သွားကြစို့"

မဟာဗျူဟာကို ချမှတ်ပြီးနောက် သူတို့လေးယောက်သား တွန့်ဆုတ်မနေတော့ချေ။ သူတို့တစ်ယောက်ချင်းစီသည် ရေခဲအေးသစ်သီးကဲ့သို့ ရတနာများကို ထုတ်ယူပြီး ဦးစွာဝါးမျိုလိုက်ကြသည်။

ချင်ရှောင်ဖေးသည် ရေခဲအေးသစ်သီးသုံးလုံးသာ လဲလှယ်ခဲ့သော်လည်း တခြားသူများထံတွင်လည်း အလားတူပစ္စည်းများ ရှိနေသည်။ မီးတောက်ကပ်ဘေးသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှိနေပေ၏။ သို့ရာတွင် အများဆုံးအနေဖြင့် အသက်ဘေးမှ လွတ်အောင်သာ လုပ်နိုင်မည်ဖြစ်ပြီး လုံးလုံးလျားလျား ဒဏ်ရာမရဘဲ ကပ်ဘေးမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

ဝှစ်..

အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် သူတို့လေးယောက်သား ကျန်းရွှမ်ထံသို့ တပြိုင်နက်တည်း ပြေးဝင်သွားကြသည်။ သူ့ဆီမရောက်မီမှာပင် သူတို့ လေးဖက်လေးတန် ခွဲထွက်လိုက်ပြီး သူ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို လုံးလုံးလျားလျား ပိတ်ဆို့လိုက်ကြ၏။

သူတို့သည် သူ့ကို တစ်ချက်တည်းနဲ့ အမိဖမ်းရန် ရည်ရွယ်ထားသည်မှာ သိသာထင်ရှားသည်။

"သူတို့တုံ့ပြန်တာက တော်တော်လေးမြန်သားပဲ..."

ကောင်းကင်ကံကြမ္မာစွမ်းအားများကို ဝါးမျိုနေသော ကျန်းရွှမ်သည် လူများအားလုံး စည်းမျဥ်းချိုးဖောက်ပြီး သူ့ထံ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။ သူသည် သူ၏စိတ်ထဲမှ အေးစက်စက်နှာမှုတ်လိုက်ပြီး ရေကန်ကို ငုံ့ကြည့်လိုက်၏။

ဤအချိန်တွင် ရေကန်သည် ခမ်းခြောက်လုဆဲဆဲ ဖြစ်နေလေပြီ။ ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် စာအုပ်သန်းလေးရာခန့် လေထုထဲ၌ ပျံဝဲနေပြီး ပြည့်ကျပ်နေသည်။

"ကောင်းကင်ကံကြမ္မာကို အားဖြည့်ရမယ်"

ဤအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ယခုအချိန်တွင် စွမ်းအားမြှင့်တင်ရမည်ကို သိထားသဖြင့် သူ နှမြောမနေတော့ချေ။ အတွေးတစ်ချက်ဖြင့် စာအုပ်သန်းပေါင်းများစွာသည် စွမ်းအင်စီးကြောင်းများအဖြစ် သို့ပြောင်းလဲသွားပြီး အရှိန်အဟုန် ကောင်းကင်ကံကြမ္မာစွမ်းအင်မြစ်ဆီသို့ စီးဝင်သွားသည်။

ဤသည်မှာ သန့်စင်ပြီးသား ကောင်းကင်ကံကြမ္မာတစ်ခုပင်။ လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအားများ ရှိသရွေ့ ထိုအရာသည် လျင်မြန်စွာ တိုးတက်နိုင်ပေ၏။ ယခင်က သူ မချမ်းသာသောကြောင့် ထိုကံကြမ္မာကို စတုတ္ထအဆင့် အစောပိုင်းထိသာ မြှင့်တင်နိုင်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌ သူသည် ရတနာပုံပေါ်သို့ ထိုင်နေရပြီဖြစ်ရာ မည်သည့်အရာကို ဂရုစိုက်ရန် လိုအပ်မည်နည်း။

ဘုန်း...

တုန်ခါသံတစ်သံနှင့်အတူ အရှိန်အဟုန်ကောင်းကင်ကံကြမ္မာသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

အရှိန်အဟုန်ကောင်းကင်ကံကြမ္မာတွင် ပဉ္စမတန်းစား ကောင်းကင်ကံကြမ္မာဖြစ်နိုင်သော အလားအလာရှိသည်။ ရေကန်အတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအားများကို စာအုပ်များအဖြစ် အပြည့်အဝ သန့်စင်ပြီးတဲ့နောက် ထိုကံကြမ္မာအတွက် သင့်လျော်သော စွမ်းအားများ ဖြစ်လာပြီး အရူးအမူး စီးဝင်သွားပေ၏။

နောက်ထပ်တုန်ခါသံတစ်သံနှင့်အတူ ထိုကံကြမ္မာသည် ပဉ္စမအဆင့်၏အတားအဆီးကို ချိုးဖျက်ဝင်ရောက်သွားပြီး ပဉ္စမအဆင့် အထွတ်အထိပ်သို့ ဦးတည်သွားသည်။

ပဉ္စမနယ်အဆင့် ကောင်းကင်ကံကြမ္မာ သည် ကြယ်ငါးပွင့် ကံကြမ္မာဆရာသခင်နှင့် ညီမျှပြီး ကံကြမ္မာကို စေခိုင်းနိုင်စွမ်း ရှိသည်။ ကျင့်ကြံခြင်းအနေဖြင့် ထိုအဆင့်သို့ရောက်ရှိသွားပါက ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်ထက် များစွာပို၍ ကျော်လွန်သွားလေပြီ။

ဆိုလိုသည်မှာ အသက်ရှူချိန်ဆယ်ချိန်ကျော် အတွင်းမှာပင် အရှိန်အဟုန်ကံကြမ္မာမှ ထုတ်လွှတ်လိုက်တဲ့ လွှမ်းမိုးချုပ်ကိုင်မှုအရှိန်အဝါသည် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူများထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေခြင်းပင်။

"ဟမ့်"

သူ၏ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း မပြုတော့ပေ။ ထိုအစား သူသည် နေရာမှာပင် မတ်တတ်ရပ်နေကာ စွမ်းအားများကို စုပ်ယူနေရင်း အေးစက်စက် နှာမှုတ်လိုက်သည်။

ဘုန်း...

ဤညင်သာပေါ့ပါးသော နှာမှုတ်သံသည် အရှိန်အဟုန်ကံကြမ္မာ၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနှင့် ပေါင်းစပ်လိုက်ချိန်၌ လူများအားလုံး၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားသည်။

အချိန်တခဏအတွင်းမှာပင် သူ့ထံသို့ ပြေးဝင်တိုက်ခိုက်ခဲ့သော အစ်ကိုတု မုဟုန်တောက် နှင့် တခြားသူများသည် သူတို့၏စိတ်နှလုံးသားထဲတွင် နက်ရှိုင်းသော ထိတ်လန့်ကြောက်လန့်မှုကို ခံစားလိုက်ရသည်။ ဤသည်မှာ သူတို့သည် သူတို့ကို အချိန်မရွေး ဝါးမျိုနိုင်သော ဧရာမသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလားပင်။

"ဒါက ဘယ်လို ကောင်းကင်ကံကြမ္မာမျိုးလဲ... ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ သန်မာအားကောင်းရတာလဲ"

အစ်ကိုတု၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏တိုက်ခိုက်မှုမှ စွမ်းအားများ အလိုအလျောက် ရပ်တန့်သွားသည်။ ထို့နောက် ဘုန်းခနဲမြည်သံကြီးနှင့်အတူ သူသည် လေထုထဲမှ တိုက်ရိုက်ပြုတ်ကျသွားတော့သည်။

All Chapters