ထွက်ပြေးလွတ်မြောက်ခြင်း
Vol. 28 Ch. 341
အစ်ကိုတုပင်လျှင် တောင့်မခံနိုင်သဖြင့် တခြားလူများသည် ဆိုဖွယ်ရာပင် မရှိချေ။ စုချန် မုဟုန်တောက်နှင့်ဝမ်လင်းရွှန်တို့အားလုံး တပြိုင်နက်တည်း တုန်ရီသွားကြသည်။
နောက်ထပ်အချိန်တခဏတွင် စည်းကမ်းချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြစ်ဒဏ်သည် သူတို့ထံသို့ ကျရောက်လာပေ၏။ ပူပြင်းသောမီးတောက်များ သူတို့၏ခန္ဓာကိုယ်အတွင်းပိုင်းမှ စတင်၍လောင်ကျွမ်းလာသည်။
သူတို့ ခန့်မှန်းထားသည့်အတိုင်းပင် ဆရာတပည့် အရိုအသေပြုခြင်း လုပ်ငန်းစဉ်အတွင်းတွင် တခြားသူများဖြင့် တိုက်ခိုက်ခြင်းသည် ထုံးတမ်းစဥ်လာကို ချိုးဖောက်မိခြင်း အမှန်ပင်။
အချိန်သည် လူကို မစောင့်ကြောင်း တစ်မိနစ် နောက်ကျလျှင် မီးလောင်ပြီး ပြာကျသွားနိုင်ကြောင်း သိရှိသဖြင့် အစ်ကိုတုက အေးစက်စက် အော်ငေါက်ပြီး မျက်ခုံးပင့်လိုက်သည်။ သူ အစောပိုင်းက ဝါးမျိုထားသော ရေခဲအေးသစ်သီး ချက်ချင်းအရည်ပျော်သွားပြီး သိပ်သည်းကြွယ်ဝသော အအေးလှိုင်းများက သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ မီးတောက်အများစုကို ချေဖျက်လိုက်၏။
ထိုကိစ္စများကို လုပ်ဆောင်ပြီးနောက် အစ်ကိုတုက သက်ပြင်းချလိုက်သည်။ သူ ဆက်လက်၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဓားရှည်တစ်လက်က သူ၏မျက်စိရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုဓား၏ကိုယ်ထည်သည် ရေကဲ့သို့ဖြစ်နေပြီး အလင်းပြန်နေပေ၏။ ဓား၏လှုပ်ရှားမှုများသည် အလွန်ပေါ့ပါးပုံမရသည့်အပြင် အမြန်နှုန်းသည်လည်း လျှင်မြန်ခြင်းမရှိသည့်တိုင် သူ၏စိတ်ဝိညာဉ်ကို ချိတ်ပိတ်ခံထားရသည့်အလား ခံစားနေရပြီး သူ တစ်လက်မမျှ မရွေ့လျားနိုင် ဖြစ်နေသည်။
အစ်ကိုတုက အလျင်အမြန် နောက်ဆုတ်ပြီး သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။
ပုံမှန်အခြေအနေအရဆိုလျှင် ပြိုင်ဘက်သည် အလွန်နက်နဲသိမ့်မွေ့သော ဓားတာအို ကောင်းကင်ကံကြမ္မာကို ကျင့်ကြံထားလျှင်ပင် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ရင် သူနှင့်ဆက်သွယ်မှုကို ဖြတ်တောက်နိုင်ပြီး ချိတ်ပိတ်ခံထားရသော ခံစားချက် ပျောက်ကွယ်သွားသင့်သည်။ သို့ရာတွင် မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း ပြိုင်ဘက်၏ကောင်းကင်ကံကြမ္မာသည် သေးငယ်သော ကြိုးမျှင်လေးများကဲ့သို့ ဖြစ်နေကာ ဖြတ်တောက်၍မရဘဲ ပိုရှုပ်ထွေးလာသည်။ သူ ခုတ်ပိုင်းလေလေ ခုခံရ ခက်လေလေပင်။
"ဒါက ဘယ်လို ကောင်းကင်ကံကြမ္မာမျိုးလဲ"
အစ်ကိုတုသည် ထိတ်လန့်သွားပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ယုံကြည်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရသည်။
သူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။ ယခုချိန်၌ သူသည် မီးတောက်ကပ်ဘေးကို ခံစားနေရပြီး သူ၏ကျင့်ကြံဆင့် များစွာကျဆင်းသွားရင်လျှင်ပင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်လူတစ်ယောက်မှ ခုခံတိုက်ခိုက်နိုင်မယ့်သူမျိုး မဟုတ်ချေ။ သို့ရာတွင် ယခုချိန်၌သူသည် ပြိုင်ဘက်၏ဓားစိတ်ဆန္ဒကိုပင် ဖြတ်တောက်နိုင်ခြင်းမရှိပေ။
ကျန်းရွှမ် နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာသည် အလွန်အစွမ်းထက်သည်မှာ သိသာထင်ရှားလှ၏။ ကျန်းရွှမ်၏ဓားစိတ်ဆန္ဒသည် ကံကြမ္မာနှင့်ဆက်နွယ်ပြီးသား ဖြစ်သောကြောင့် အချိန်တိုအတွင်းတွင် သူ ဖြတ်တောက်ရန်မှာ မဖြစ်နိုင်ချေ။
သူသည် ထိတ်လန့်တုန်လှုပ်နေပြီး မည်သို့လုပ်ရမှန်းမသိဖြစ်နေစဉ် မလှမ်းမကမ်းမှနေ၍ အော်ငေါက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။ မုဟုန်တောက်သည် သံချိတ်တစ်ခုကိုကိုင်ပြီး ကျန်းရွှမ်ထံဦးတည်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုတိုက်ခိုက်မှုသည် စွမ်းအားအလွန်ကြီးမားပြီး အနီးသို့မရောက်မီမှာပင် ကျယ်လောင်သောလေတိုးသံများ ထွက်ပေါ်နေသည်။
အစ်ကိုတုအား လိုက်လံတိုက်ခိုက်နေမှုကို လစ်လျူရှုပြီး ကျန်းရွှမ်က မုဟုန်တောက်ဘက်သို့လှည့်ကာ ရင်ဆိုင်လိုက်သည်။
ထိုအချိန်မှသာ အစ်ကိုတုသည် သက်ပြင်းချနိုင်ပြီး ဂရုတစိုက် ကြည့်ရှုလေ့လာလိုက်သည်။
ကျန်းရွှမ်၏ ဓားချီစွမ်းအင်သည် ကောင်းကင်တွင် လှည့်လည်သွားလာနေသည့် သေးငယ်သော ကြိုးမျှင်လေးများနှင့်တူညီကာ တစ်ခုနှင့်တစ်ခု ယှက်နွယ်ပြီး ကျယ်ပြန့်သော ပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ သူ၏တိုက်ကွက်တစ်ကွက်တည်း၏ စွမ်းအားဖြင့် မုဟုန်တောက်၏တိုက်ခိုက်မှုကို မခုခံနိုင်သော်လည်း ဓားချီစွမ်းအင်များ များပြားလာတာနဲ့အမျှ တိုက်ခိုက်မှုများအားလုံးကို ဖြည်းညှင်းစွာပိတ်ဆို့လိုက်သည်။
"မင်းက မိုတောက်ကောင်းကင်ကံကြမ္မာ ကို ကျင့်ကြံထားတာ မဟုတ်ဘူးလား... ဘာလို့ မင်းရဲ့ ဓားသိုင်းပညာကလည်း ဒီလောက်ထိ နက်နဲသိမ်မွေ့နေတာလဲ"
မုဟုန်တောက်သည်လည်း ဇဝေဇဝါ ဖြစ်သွားပြီး ဤဓားနည်းစနစ်ကြောင့် ထပ်ခါတလဲလဲ နောက်ဆုတ်လိုက်ရသည်။
"ငါ ပြန်ကောင်းသွားပြီ..."
ဤအချိန်အခိုက်အတန့်တွင် အစ်ကိုတုသည် ထိုဓားစိတ်ဆန္ဒကို ဖြတ်တောက်နိုင်ခဲ့ပြီး ပြန်လည် ၍တိုက်ခိုက်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ စုချန်နှင့်ဝမ်လင်းရွှန်တို့သည် မီးတောက်ကပ်ဘေးပြဿနာကို ဖြေရှင်းနိုင်လိုက်ကြသော်လည်း သူတို့ထံ၌ အလွန် ပြင်းထန်သောဒဏ်ရာများ ရရှိထားသဖြင့် တိုက်ခိုက်ရေးစွမ်းအား သိသိသာသာ ကျဆင်းသွားသည်။
ထိုသို့ဆိုသည့်တိုင် သူတို့လေးယောက် ပူးပေါင်းထားသော စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပေ၏။ လှိုဏ်ဂူတစ်ခုလုံးတွင် ပြင်းထန်သော စွမ်းအားများဖြင့် ချက်ချင်းပြည့်နှက်သွားပြီး လေပြင်းမုန်တိုင်း တိုက်ခတ်နေသကဲ့သို့ တုန်ခါသံများ ထွက်ပေါ်နေသည်။
သို့ရာတွင် ဤအချိန်တွင် ကျန်းရွှမ်သည် လေပြင်းမုန်တိုင်းအတွင်းမှ မီးပြတိုက်တစ်ခုအလားပင်။ လေမုန်တိုင်း မည်မျှထိ ပြင်းထန်ပါစေ သူသည် အခိုင်အမာ ရပ်တည်နိုင်ပေ၏။
သူသည် ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း၌ ငြင်းပယ်၍မရသော အရှိန်အဝါကို ဆက်လက်၍ ထုတ်လွှတ်ထားဆဲပင်။
"သူ... သူ ဘယ်လို လုပ်လိုက်တာလဲ"
မိုပိုင်ယဲ့နှင့်တခြားလူများသည် သူတို့ အမြင်မှားမည်ကို စိုးရိမ်သဖြင့် သူတို့၏မျက်လုံးတွေကိုပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကြသည်။
ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် သုံးယောက်နှင့် သတ္တမအဆင့် တစ်ယောက်ကို ရင်ဆိုင်နေရသည့်တိုင်....သူသည် ခုခံနိုင်ရုံသာမက ပြန်၍ပင် တုံ့ပြန်တိုက်ခိုက်နိုင်ပေ၏။
မုရှောင်ချင်း၏လှပသောမျက်လုံးများသည်လည်း ပြူးကျယ်နေပြီး သူမ၏မျက်လုံးအိမ်ထဲမှ ထွက်ကျလာလုနီးပါးပင်။
သူတော်စင်မိန်းမပျိုအဖြစ် ရွေးချယ်ခံရခြင်းကြောင့် သူမသည် ဝါးတောဂိုဏ်းတွင်ဖြစ်စေ ကျိုးယီအင်ပါယာတစ်ခုလုံးတွင်ဖြစ်စေ သာလွန်ထူးကဲသော ပါရမီရှင်အဖြစ် သတ်မှတ်ခံရသည်။ သူမသည် လောကကြီးအတွင်းရှိ ပါရမီအရှိဆုံးလူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု တွေးထင်ခဲ့ပေ၏။ သို့ရာတွင် သူမ၏ရှေ့ကလူကို မြင်လိုက်ရချိန်မှသာ သူမနှင့် ထိပ်သီးပါရမီရှင်များအကြားတွင် ကွာဟချက် မည်မျှထိကြီးမားသည်ကို နားလည်သဘောပေါက်သွားသည်။
မိုပိုင်ယဲ့ လင်းယုရှန် စုချန် ဝမ်လင်းရွှန်စသည့် လူများအားလုံးသည် နှစ်ပေါင်းများစွာကြာအောင် ထင်ပေါ်ကျော်ကြားခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်များပင်။ သူမသည် ယခင်တုန်းက သူတို့ကိုတွေ့လျှင် အသက်ပင် ပြင်းပြင်းမရှူရဲခဲ့ချေ။ သို့ရာတွင် သူမထက် အသက်သိပ်မကြီးပုံရသော ဤလူငယ်သည် လမ်းတလျှောက်လုံး၌ စည်းမျဥ်းများကို အသုံးပြုပြီး သူတို့ကို ဆက်တိုက်ကစားခဲ့သည်။
ယခုချိန်၌ သူသည် လူလေးယောက်ကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်နေပြီး လုံးလုံးလျားလျား အရေးနိမ့်ခြင်း မရှိချေ။
"မဟုတ်ဘူး....သူက အရေးမနိမ့်တင် မကဘူး... သူက ဂိုဏ်းချုပ်နဲ့တခြားသူတွေကို အသုံးချပြီးတော့ သူ့ရဲ့ဓားနည်းစနစ်ကို လေ့ကျင့်နေတာပဲ"
အချိန်တခဏကြာမျှ ကြည့်ရှုပြီးနောက် ထူးဆန်းသော အတွေးတစ်ခုက သူမ၏စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပေ၏။
လက်ရှိနေရာတွင် ရှိနေသူများအနက် သူမ၏စွမ်းအားသည် အားအနည်းဆုံးဟု သတ်မှတ်၍ရသည်။ သို့ရာတွင် ဂိုဏ်းတစ်ဂိုဏ်း၏ သူတော်စင်မိန်းမပျိုတစ်ယောက်အနေဖြင့် သူမသည် ထိပ်သီးကျင့်ကြံသူအမြောက်အများကို မြင်ဖူးသဖြင့် သူမ၏အမြင်အာရုံသည် ညံ့ဖျင်းခြင်းမရှိချေ။
ဂိုဏ်းချုပ် အစ်ကိုတုနှင့်တခြားသူများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျန်းရွှမ်သည် အစပိုင်းတွင် အလွန်ဆိုးရွားသော အခြေအနေ၌ ရှိနေခဲ့သည်။ သဘောတရားအရ တစ်ဖက်လူလေးယောက်သည် မီးတောက်ကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် စွမ်းအားများ တဖြည်းဖြည်း ပြန်လည်ရရှိလာသည်နှင့်အမျှ သူ အမြန်ဆုံး အသတ်ခံရသင့်သည်။ သို့ရာတွင် အကြောင်းအရင်းတစ်ခုခုကြောင့် ထိုတိုက်ပွဲသည် တဖြည်းဖြည်း မျှခြေ အခြေအနေတစ်ခုသို့ ရောက်ရှိလာပေ၏။
ဆိုလိုသည်မှာ သူသည် လူလေးယောက် ပေါင်းစည်းထားသော စွမ်းအားကို သူတစ်ယောက်တည်းဖြင့် လက်ရည်တူတန်ပြန်တိုက်ခိုက်နိုင်ခြင်းပင်။
ထိုမျှသာမက သူသည် တိုက်ခိုက်နေရင်းဖြင့် ရေကန်ထဲမှ ကောင်းကင်ကံကြမ္မာစွမ်းအားများကိုလည်း မရပ်မနား စုပ်ယူနေပေ၏။ ဤသည်မှာ ထိုအရာသည် သူ၏အသက်ထက် ပို၍အရေးကြီးသည့်အလားပင်။
သူမ အံ့အားသင့်တုန်လှုပ်နေစဉ်မှာပင် မိုပိုင်ယဲ့၏တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။
"သူရဲ့စွမ်းအားက တကယ်တော့ အစ်ကိုတုတို့ထက် အများကြီးအားနည်းတယ်...ဒါပေမဲ့ သူက အကြောင်းအရင်းတစ်ခုကြောင့် သူတို့အားလုံးရဲ့နည်းစနစ်တွေက အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း သိနေပုံရတယ်....သူ့ရဲ့ဓားချက်တိုင်းက တခြားသူတွေရဲ့အားနည်းချက်ကို ချိန်ရွယ်ထားတာကြောင့် သူတို့ကို ခံစစ်အနေအထား ရောက်အောင် ဖိအားပေးနေတယ်... အဲဒါကြောင့် ဒီတိုက်ပွဲက လက်ရည်တူသလိုမျိုး ဖြစ်နေတာပဲ..."
"ဟုတ်တယ်....ဒါက အတိအကျပဲ....."
မုရှောင်ချင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ကျန်းရွှမ်၏လက်ထဲမှ ဓားရှည်သည် မှော်ပညာရပ်တစ်ခုအလားပင်။ သူ၏ဓားချက်တိုင်းသည် တစ်ဖက်များ၏ စွမ်းအားဟောင်း ကုန်ဆုံးသွားပြီး စွမ်းအားသစ် မဖြစ်ပေါ်သေးမီတွင် အချိန်ကိုက် ရောက်ရှိလာပေ၏။ တိုက်ကွက်တစ်ကွက်တည်းဆိုလျှင် တိုက်ဆိုင်မှုတစ်ခုဟု ပြော၍သော်လည်း ဆယ်ကွက် အကွက်တစ်ရာအထိ ဤကဲ့သို့ ဆက်တိုက်ဖြစ်နေသည်မှာ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းပေ၏။
ဤအရာကို သိုင်းပညာနည်းစနစ် သို့မဟုတ် ကောင်းကင်ကံကြမ္မာဟု ခေါ်ဆို၍ မရတော့ဘဲ မှော်ပညာရပ်တစ်ခုဟုသာ ခေါ်ဆိုရပေမည်။
"မင်းတို့အားလုံး ကူညီပြီးတိုက်ခိုက်ကြတော့... ဒီတစ်ကြိမ်မှာ ငါတို့က သူ့ကို မသတ်နိုင်ရင်... သူက ဒီဘက်ကိုလာပြီး ငါတို့ကို သတ်လိမ့်မယ်"
မိုပိုင်ယဲ့က ကျယ်လောင်စွာအော်ဟစ်၍ ပြောဆိုလိုက်သည်။
ယခင်တုန်းက တစ်ဖက်လူသည် စည်းမျဥ်းများကို ကြောက်ရွံသဖြင့် သူတို့ကို ဒုက္ခပေးရန် လာဝံ့မည်မဟုတ်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ ယခုချိန်၌ တစ်ဖက်လူသည် စည်းမျဥ်းများဖြင့် ကန့်သတ်ခြင်းအား မခံရသည်ကို သူတို့ သေသေချာချာ သိရှိလိုက်ရသည်။ ဤအချိန်မှသာ သူတို့၏အတွေးများ မည်မျှထိ ရိုးအခဲ့သည်ကို သူတို့ နားလည်သွားပေ၏။
လက်ရှိအခြေအနေအရ သူတို့ဘက်မှ လူများသည် တစ်ဖက်လူကို မသတ်နိုင်သရွေ့ သူသည် သူတို့အား သတ်ဖြတ်ရန် ပြေးဝင်လာနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အစွမ်းထက်ဆုံးအစ်ကိုတုပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်သဖြင့် သူတို့အတွက်ဆိုလျှင် ခုခံနိုင်ရန် ပို၍ခက်ခဲပေမည်။
"ဒါက အမှန်ပဲ..."
မုရှောင်ချင်း ချင်ရှောင်ဖေး နှင့် တခြားသူများသည်လည်း ဤကိစ္စကို နားလည်သဘောပေါက်သွားကြသည်။ သူတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားပြီး ထုံးတမ်းစဥ်လာများကို ဆက်လက်၍လေ့လာရန် ဂရုမစိုက်တော့ဘဲ တိုက်ပွဲနေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကြသည်။
"လူအုပ်ကြီးနဲ့ ငါ့ကို ဝိုင်းတိုက်နေကြတာ မင်းတို့က တကယ့်ကို အရှက်မရှိကြဘူး... ဒီသခင်လေးက မင်းတို့နဲ့ မကစားတော့ဘူး.... နှုတ်ဆက်ပါတယ်"
သူတို့၏လှုပ်ရှားမှုများကို မြင်တွေ့ချိန်တွင် တိုက်ခိုက်နေသော ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူသည် လူလေးယောက်၏ဟာကွက်နေရာများကို ဓားချက်လေးချက်ဖြင့် ဆက်တိုက်ထိုးနှက်လိုက်ပြီးနောက် ခုန်ထွက်ကာ အဝေးသို့ပြေးထွက်သွားတော့သည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူသည် ရေမျက်နှာပြင်ပေါ် ရောက်ရှိသွားပြီး အစွမ်းကုန် ပြေးလွှားနေပေ၏။
လူများအားလုံးသည် မြစ်ကမ်းပါးဆီသို့ အပြေးအလွှားသွားကာ သူ၏နောက်သို့ လိုက်လံဖမ်းဆီးချင်ကြသော်လည်း သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် ရပ်တန့်လိုက်ကြသည်။
မြစ်ကိုကူးရန်အတွက် ဖိနပ်ချွတ်ရန် လိုအပ်ပြီး ထိုသို့မဟုတ်ပါက စည်းမျဥ်းဖောက်ဖျက်ရာ ရောက်ပေမည်။
တစ်စုံတစ်ယောက်သည် စတုတ္ထအကြိမ် စည်းမျဥ်းချိုးဖောက်မှု၏ပြစ်ဒဏ်ကို မြည်းစမ်းကြည့်ပြီးလေပြီ။
ဤသည်မှာ ချက်ချင်းသေဆုံးသွားခြင်းပင်။
ဆိုလိုသည်မှာ သူတို့သည် သူ၏နောက်သို့ လိုက်လံဖမ်းဆီးလိုပါက မြစ်ကိုကူးရန် ဖိနပ်ချွတ်ရပေမည်။ သူတို့ ဖိနပ်ချွတ်ပြီးချိန်တွင် တစ်ဖက်လူသည် အလွန်ဝေးကွာသောနေရာသို့ ရောက်နေလောက်လေပြီ။
"ကောင်းကင်ကံကြမ္မာစွမ်းအားတွေအားလုံး စုပ်ယူခံလိုက်ရပြီးတော့ တစ်စက်ကလေးတောင် မကျန်တော့ဘူး"
မုရှောင်ချင်းက ခါးသည်းစွာ ပြုံးလိုက်သည်။
လူများအားလုံးသည် တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ ရေကန်ထဲတွင် စွမ်းအားတစ်စက်တစ်လေမျှ မကျန်တော့ဘဲ ဗလာဟင်းလင်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဖြစ်နိုင်တာက... သူက အချိန်မရွေး ထွက်သွားလို့ ရရဲ့သားနဲ့ ခုဏက ငါတို့နဲ့ အသည်းအသန် တိုက်ခိုက်နေတာက ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို စုပ်ယူလို့ မပြီးသေးလို့များလား"
အချိန်အတော်ကြာပြီးနောက် အစ်ကိုတုက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏မျက်နှာ နီမြန်းနေသည်။