မဟာမိတ်ဖွဲ့ခြင်း
Vol. 28 Ch. 342
မိုပိုင်ယဲ့နှင့် အခြားလူများသည် ဝန်မခံချင်သော်လည်း အမှန်တရားတစ်ခုကို သိရှိထားကြသည်။ ဤလူငယ်လေးသည် ထူးခြားသော မှော်ပညာရပ် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသည့်အလားပင်။ သူသည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုများကို လွယ်လင့်တကူ ခုခံနိုင်ရုံသာမက အခွင့်အရေးရသည်နှင့် ရေကန်တစ်ခုလုံးရှိ ကောင်းကင်ကံကြမ္မာစွမ်းအားများအားလုံးကို စုပ်ယူလိုက်လေသည်။
"ကျွန်မတို့တွေက... ဒီကောင်းကင်ကံကြမ္မာကို ဆက်ပြီးလေ့လာသင့်သေးလား"
အချိန်အတော်ကြာပြီးနောက် မုရှောင်ချင်းက အနေရခက်သော မျက်နှာအမူအရာဖြင့် အခြားလူများအားလုံးကို ကြည့်လိုက်သည်။ သန့်စင်ထားသော ကောင်းကင်ကံကြမ္မာစွမ်းအားများအားလုံး အခြားလူ၏ လုယူခြင်းကို ခံလိုက်ရလေပြီ။ သူတို့အနေဖြင့် 'ဆရာတပည့်အရိုအသေပြုခြင်း ထုံးတမ်းစဉ်လာ' ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လျှင်ပင် အမွေအနှစ်ကို အပြည့်အဝ ရရှိနိုင်မည် မဟုတ်ချေ။
ဤသည်မှာ အခက်အခဲများကြားမှနေ၍ ဆုလာဘ်ရထားလုံးတစ်စီးကို နောက်ဆုံးတွင် ရရှိလိုက်ပြီး သက်တောင့်သက်သာ စီးနင်းလိုက်ပါရတော့မည်ဟု တွေးထင်နေစဉ် မြင်းမပါသည်ကို တွေ့လိုက်ရသည့်အလားပင်။ ဤအခြေအနေတွင် ရထားလုံးကို ဆွဲသွားခြင်းသည် အကျိုးမရှိသည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်နေပေလိမ့်မည်။
အရေးအကြီးဆုံးအချက်မှာ နောက်ဆုံး ကျောက်ရုပ်ထုလည်း ပျက်စီးသွားခြင်းပင်။ သူတို့သည် ဤကံကြမ္မာကို လေ့လာလိုလျှင်ပင် ဆရာတပည့်အရိုအသေပေးခြင်း ထုံးတမ်းစဉ်လာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ထို့ပြင် ဤကိစ္စကို ဆက်လက်၍ ပြုလုပ်လျှင်ပင် သူတို့သည် စည်းကမ်းချိုးဖောက်မှုကြောင့် အပြစ်ပေးခံရပေမည်။
"ဘာကို လေ့လာရမှာလဲ... အဲ့ဒီကောင်ရဲ့နောက် လိုက်ပြီးတော့... ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို ပြန်လုယူရမယ်"
အစ်ကိုတုက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။
"အမှန်ပဲ... ငါတို့က ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို ပြန်လုယူရမယ်"
မိုပိုင်ယဲ့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထိုသို့ပြောဆိုပြီးနောက် သူသည် လူအုပ်ကြီးကို မသိမသာ ကြည့်လိုက်၏။ စုချန်နှင့် တခြားသူများ၏ မျက်လုံးများသည် အမျိုးအမည်မသိနိုင်သော အတွေးများဖြင့် တောက်ပနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
'သူတို့လည်း ဒီကိစ္စကို သတိထားမိသွားပြီ...'
မိုပိုင်ယဲ့၏ နှလုံးခုန်နှုန်း လျင်မြန်သွားသည်။ ကောင်းကင်ကံကြမ္မာစွမ်းအားဆိုသည်မှာ ရောင်းဝယ်၍ရသောပစ္စည်းဖြစ်ပြီး ပြင်ပလောကတွင် ငွေကြေးအဖြစ် အသုံးပြု၍ရသည်။ ကောင်းကင်ကံကြမ္မာစွမ်းအားများသည် များများရှိလေလေ ကောင်းလေလေ ဖြစ်သော်လည်း သူတို့၏အဆင့်အတန်းများနှင့်ဆိုလျှင် ထိုအရာများကို လိုချင်ပါက ရှာဖွေနိုင်သော နည်းလမ်းများရှိသည်။
သို့ရာတွင် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏စည်းမျဥ်းများကို လစ်လျူရှုနိုင်သော နည်းလမ်းနှင့် ဓားတာအိုကောင်းကင်ကံကြမ္မာမှာမူ အမှန်တကယ်ကို အလွန်လိုချင်ဖွယ်ကောင်းသည်။
မိုပိုင်ယဲ့ ခန့်မှန်းသည်မှာ မှန်ကန်ပေ၏။
လူများအားလုံးသည် ယခုချိန်၌ ဤကျန်းရွှမ် ကိုယ်တိုင်သည် ရတနာသိုက်ကြီးတစ်ခုဆိုသည်ကို သဘောပေါက်သွားကြလေပြီ။ ဆိုလိုသည်မှာ သူ့ကို ဖမ်းဆီးနိုင်သရွေ့ သူတို့ ရရှိမည့် အကျိုးကျေးဇူးများသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို သန့်စင်ရယူခြင်းထက်ပင် ကျော်လွန်သွားနိုင်သည်။
လူများအားလုံး နားလည်သဘောပေါက်သွားပြီ ဖြစ်ကြောင်းနှင့် သူ ဆက်လက်၍ မသိဟန်ဆောင်နေပါက စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း သိထားသဖြင့် မိုပိုင်ယဲ့က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် စကားပြောဆိုလိုက်သည်။
"မင်းတို့အားလုံးကို ငါ ပြောနေဖို့ မလိုတော့ဘူးလို့ ငါ ထင်တယ်... မင်းတို့အားလုံး အဲ့ဒီကျန်းရွှမ်ရဲ့အရေးပါပုံကို နားလည်ကြမှာပါ..."
စုချန်က ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်လိုက်၏။
"ဂိုဏ်းချုပ်မိုက ဘာလုပ်ဖို့ စိတ်ကူးရှိလဲ"
"ဒါက ရိုးရှင်းပါတယ်.... အခုချိန်ကနေစပြီးတော့ ငါတို့အားလုံး စိတ်ရင်းမှန်နဲ့ပူးပေါင်းပြီး ဒီကောင်ကို အတူတူဖမ်းဆီးကြမယ်... ပြီးရင် ငါတို့သိချင်တဲ့ လျှို့ဝှက်ချက်တွေကို သူ ဖွင့်ပြောလာအောင် လုပ်ကြမယ်..."
"အပြောကတော့ ကောင်းသားပဲ..."
စုချန်က မဲ့ပြုံးပြုံးလိုက်သည်။
"လျှို့ဝှက်ချက်ကို သိပြီးရင် ဘာလုပ်မှာလဲ... မင်းမှာ ငါတို့ကို သတ်ချင်တဲ့စိတ် မရှိဘူးလို့ ငါ မယုံဘူး"
"ညီအစ်ကိုစု... မင်း ဘာတွေ ပြောနေတာလဲ...ငါတို့အားလုံးက ရည်မှန်းချက်အတူတူပဲ...ငါက အဲ့ဒီလို မလုပ်ရုံတင်မကဘူး... ငါတို့က တခြားလူတွေနဲ့ပါ အတူပူးပေါင်းပြီးတော့ လှုပ်ရှားရမယ်"
"တခြားလူတွေနဲ့ ပူးပေါင်းမှာလား..."
စုချန် နားမလည်နိုင် ဖြစ်သွားသည်။
"မင်းတို့ ခုဏက မြင်တဲ့အတိုင်းပဲ... ဒီကောင်က ငါတို့ရဲ့ ကောင်းကင်ကံကြမ္မာတွေအားလုံးကို အပြည့်အဝ နားလည်ထားပုံရပြီးတော့ ငါတို့ သိုင်းပညာနည်းစနစ်တွေရဲ့ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း ရှာတွေ့နိုင်တယ်...အဲ့ဒါကြောင့်မလို့ ငါတို့အားလုံး ပူးပေါင်းပြီးတိုက်ခိုက်ရင်တောင် သူ့ကို သတ်ဖို့ ခက်လိမ့်မယ်...ဒါ့ပြင် သူက စည်းမျဥ်းတွေကို လစ်လျူရှုနိုင်တယ်... သူက ငါတို့ကို စည်းကမ်းချိုးဖောက်အောင် လှည့်စားလိုက်ရင် ငါတို့က အကျိုးအမြတ် မရတဲ့အပြင် နေရာမှာတင် သေသွားနိုင်တယ်"
စုချန်နှင့်တခြားသူများ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ စည်းမျဥ်းများကို လျစ်လျူရှုထားနိုင်ပြီး အပြစ်ပေးမခံရခြင်းသည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ အတွင်း၌ လွန်ကဲသောဟာကွက်တစ်ခုပင်။ အမှန်အားဖြင့် ဤသည်မှာ ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်နေသည်။ သူတို့အားလုံး အတူပူးပေါင်း၍ တိုက်ခိုက်လျှင် သူ့ကို အနိုင်ရကောင်းရနိုင်သော်လည်း ယခုကဲ့သို့ ရေထဲသို့ ခုန်ချသွားသည့် ကိစ္စမျိုးတွင် သူ ရည်ရွယ်ချက်ရှိရှိ စည်းမျဥ်းချိုးဖောက်လိုက်ပါက မည်သို့ တိုက်ခိုက်ကြမည်နည်း။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ အိမ်သာထဲသို့ ဝင်ပုန်းနေပြီး တံခါးခေါက်၍လည်း ဖွင့်မပေးလျှင် လူများအားလုံး မည်သည့်အရာကိုမျှ လုပ်ဆောင်၍ရမည် မဟုတ်ချေ။ ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏ စည်းမျဥ်းများအရ အိမ်သာထဲတွင် လူရှိနေပါက တံခါးကို တွန်းဖွင့်ခွင့်မရှိပေ။ ထိုသို့မဟုတ်လျှင် ရိုင်းပျရာ ရောက်ပေမည်။ တခြားလူဆိုလျှင် သူတို့သည် ဖမ်းဆီးသတ်ဖြတ်ရန် လောင်းကြေးထပ်ဝံ့သည်။ သို့ရာတွင် သူတို့အားလုံးနီးပါးသည် သုံးကြိမ်တိုင်တိုင် ပြစ်ဒဏ်ခံခဲ့ရပြီးဖြစ်သည်။ နောက်တစ်ကြိမ် ထပ်မံ၍ ပြစ်ဒဏ်ခံယူရပါက တစ်ဖက်လူ လှုပ်ရှားရန်ပင် မလိုဘဲ သူတို့သည် နေရာမှာပင် သေဆုံးသွားနိုင်သည်။
"အဲ့ဒါတော့ အမှန်ပဲ... ဒါပေမဲ့... မင်းက ဒီလျှို့ဝှက်ချက်ကို တခြားလူတွေကို ပြောပြဖို့ ဆန္ဒရှိလို့လား"
ဝမ်လင်းရွှန်က နှာမှုတ်လိုက်သည်။
အကြောင်းပြချက်သည် အမှန်ဖြစ်သော်လည်း လုပ်ဆောင်နိုင်ခြင်းရှိမရှိဆိုသည်မှာ မသေချာချေ။ မည်သို့ပင်ဆိုစေကာမူ စည်းမျဥ်းများကို ဂရုမစိုက်ဘဲ နတ်ဘုရားနယ်မြေထဲသို့ ဝင်နိုင်သည့် လျှို့ဝှက်ချက်ကို သိသည့်လူနည်းလေလေ ပို၍ကောင်းလေလေပင်။ လူများအားလုံး သိရှိသွားပါက သူတို့ရမည့် အကျိုးအမြတ်ဝေစုသည် လျော့နည်းသွားပေလိမ့်မည်။
"ငါ အဲ့ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူး... ဒါပေမဲ့ ငါတို့က တခြားသတင်းတွေကို ဖြန့်လို့ရတယ်လေ... ဥပမာပြောရရင် အဲ့ဒီကျန်းရွှမ်က သုံးရောင်ခြယ်ကုန်းမြေရဲ့ အမွေအနှစ်တွေအားလုံးကို ရရှိထားတယ် ဒါမှမဟုတ် သူက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူဖြစ်တယ် ဆိုတာမျိုးတွေပေါ့...."
မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသည်။
"အမှန်ပဲ... သူက ဖရိုဖရဲ ကံကြမ္မာကျင့်ကြံသူဖြစ်ပြီးတော့ ရတနာတွေ ရထားတယ်လို့ သတင်းဖြန့်လိုက်ရင် ဘယ်ကံကြမ္မာဆရာသခင်မဆို သူ့ကိုရှာပြီး သတ်ဖို့ အစွမ်းကုန် ကြိုးစားကြမှာပဲ..."
စုချန် ခေါင်းညိတ်ပြပြီးနောက် ဆက်လက်၍ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ မင်း စဉ်းစားဖူးလား... ငါတို့ မရှိတဲ့အချိန်မှာ သူ တကယ်ကြီး အသတ်ခံလိုက်ရရင် ငါတို့တွေ နစ်နာသွားမှာ မဟုတ်လား"
"ဒါကြောင့် ဒီသတင်းကို ထုတ်ဖော်လို့ ရတယ်.. ဒါပေမဲ့ တရားလွန်တော့ မဟုတ်ဘူး...အရေးအကြီးဆုံးက သူတို့ကို ငါတို့နဲ့အတူ ရှိနေအောင် ထိန်းထားဖို့ပဲ...ဒါမှသာ ငါတို့က အကြီးမားဆုံး အကျိုးအမြတ်တွေကို ရရှိနိုင်လိမ့်မယ် ကိစ္စပြီးရင် ငါ မင်းတို့ကို သတ်မလားဆိုပြီး မင်း စိုးရိမ်နေတဲ့ ကိစ္စအတွက်... ငါ မိုပိုင်ယဲ့ ဒီနေရာမှာတင် ကျိန်ဆိုတယ်... ငါ့မှာ အဲ့ဒီလို ရည်ရွယ်ချက် ရှိခဲ့ရင် မိုးနဲ့မြေက ငါ့ကို ဖျက်ဆီးပါစေ"
"မင်းက အဲ့ဒီလို ပြောမှတော့ ငါလည်း ထပ်ပြီးတွေဝေမနေတော့ဘူး....ခုချိန်ကနေစပြီးတော့ ငါတို့က မင်းရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ်"
စုချန်က သူ၏လက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်၏။ လွန်ခဲ့သောတစ်နာရီခန့်က အတွေ့အကြုံများအရ ဤမိုပိုင်ယဲ့သည် သူတို့ထက် များစွာပို၍ လိမ္မာပါးနပ်ကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ ထို့ပြင် သူတို့သည် သူ၏နောက်သို့လိုက်လျှင် အကျိုးအမြတ်ရရှိရန် ပို၍လွယ်ကူပေလိမ့်မည်။
"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ ညီအစ်ကိုစု... ငါတို့တွေ ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြတာပေါ့"
မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့ပြုံးကာ သူ၏ဖိနပ်ကိုချွတ်ပြီး ရေထဲသို့ အရင်ဆုံးဆင်းသွားသည်။ ကျန်လူများသည်လည်း သူ၏နောက်မှ လိုက်ပါသွားကြ၏။
ဤလူများ၏အတွေးများကို မသိသော ကျန်းရွှမ်သည် ယခုအချိန်တွင် သုံးရောင်ခြယ်ကုန်းမြေ ၏အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။
"နှမြောစရာပဲ..."
သူသည် ခေါင်းခါယမ်းလိုက်ကာ သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ အစောပိုင်းကတိုက်ပွဲသည် အပြင်ပန်းကြည့်လျှင် သူ အနည်းငယ်မျှ အရေးနိမ့်ပုံ မရချေ။ သို့ရာတွင် အမှန်အားဖြင့် သူသည် အားကုန်အသုံးပြုခဲ့ရပြီး အကျဥ်းအကျပ်နေရာတချို့တွင် သူ၏ကမ္ဘာသစ်မှ တစ်စိတ်တစ်ပိုင်းကိုပင် လောင်ကျွမ်းစေခဲ့ရသည်။ ထိုသို့ပြုလုပ်သည့်တိုင် သူသည် အစ်ကိုတုတို့အဖွဲ့နှင့် လက်ရည်တူလောက်သာ တိုက်ခိုက်နိုင်ခဲ့ပေ၏။
"ငါက တိတ်ဆိတ်တဲ့ နေရာတစ်နေရာကိုရှာပြီးတော့ ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အရင်ဆုံး ကြိုးစားရမယ်"
ကျန်းရွှမ်က စဉ်းစားတွေးတောလိုက်သည်။ သူ့၏ လက်ရှိစွမ်းအားသည် နိမ့်ပါးခြင်းမရှိဟု ပြောနိုင်သော်လည်း ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေအတွင်းရှိ ထိပ်သီးကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ကြီးမားသောကွာဟချက်တစ်ခု ရှိနေဆဲပင်။ သူသည် ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီး ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့် ရောက်ရှိနိုင်လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် စွမ်းအားမျိုး အမှန်တကယ် ရှိလာပေလိမ့်မည်။
ကျန်းရွှမ်သည် သူ့ရှေ့မှတောင်တန်းကို လှည့်ပတ်၍ကြည့်လိုက်ရာ တိတ်ဆိတ်သော လှိုဏ်ဂူတစ်ဂူကို အလျင်အမြန် တွေ့ရှိလိုက်သည်။ သူသည် ထိုလှိုဏ်ဂူအတွင်းသို့ဝင်ကာ မြက်ခြောက်တချို့ကို ခင်းလိုက်၏။ ထို့နောက် သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ မိန်းကလေးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည် ဤသည်မှာ လျှူမင်ယွဲ့ပင်။
ဤအချိန်တွင် လျှူမင်ယွဲ့သည် မေ့မြောနေဆဲဖြစ်ပြီး သတိမရသေးချေ။ ယခင်က မိုပိုင်ယဲ့ကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် သူသည် သူမကို စစ်ဆေးရန် အချိန်မရှိခဲ့ချေ။ ယခုချိန်၌ သူ အချိန်ရပြီဖြစ်သောကြောင့် သူမကို အရင်ဆုံး ကယ်တင်ရပေမည်။ သူသည် မိန်းကလေးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် မိုပိုင်ယဲ့သည် သူ့ကို ခြိမ်းခြောက်ရန်အတွက် သူမကို အသုံးပြုလိုသဖြင့် များစွာဒုက္ခမပေးခဲ့ချေ။ ထို့ကြောင့် သူမ၏ဒဏ်ရာများသည် မပြင်းထန်ပေ။ သူမ မေ့မြောနေရသည့် အကြောင်းအရင်းမှာ သူမ မေ့ဆေးမိထားသောကြောင့်ပင်။
ကျန်းရွှမ်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အစစ်အမှန်စွမ်းအားလှိုင်းတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ အချိန်တခဏအကြာတွင် လျှူမင်ယွဲ့သည် ညည်းသံသဲ့သဲ့ ပြုလိုက်ပြီး သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။