← Chapters

လူများကို ဝါးမျိုခြင်း

Vol. 28 Ch. 344

လူများကို ဝါးမျိုခြင်း

Vol. 28 Ch. 344

"နှမြောစရာ ကောင်းလိုက်တာ..."

အချိန်မည်မျှ ကြာသွားသည်ကို မသိရဘဲ ကျန်းရွှမ်သည် ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

မူလက သူသည် ဆေးပင်များနှင့် စိတ်ဝိညာဥ်ရတနာအမြောက်အများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သို့မဟုတ် ထိုထက်ပိုမြင့်သော အဆင့်ထိ ချိုးဖျက်ဝင်ရောက်နိုင်မည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့ရာတွင် သူ၏ရွှမ်ကမ္ဘာသည် အလွန်ကြီးမားကျယ်ပြန့်နေပေ၏။

ဆေးအာနိသင်များ ပြင်းထန်သော်လည်း သူသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်မှ ပဉ္စမအဆင့် အထွတ်အထိပ်သို့သာ တက်လှမ်းနိုင်ခဲ့ပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရန် အလှမ်းကွာဟနေဆဲပင်။

သူသည် ကောင်းကင်ကံကြမ္မာစွမ်းအားများအပြင် သူ၏ကျင့်ကြံခြင်းကို တိုးတက်စေမည့် ရတနာများကို အလျင်အမြန်ရှာဖွေရပေမည်။

သူ၏ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့်အမျှ ရင်းမြစ်စွမ်းအင်များကို စုပ်ယူရုံဖြင့် အဆင့်ချိုးဖျက်ရန် အလွန်ခက်ခဲလာလေပြီ။

အကယ်၍ သူသည် မိုင်တစ်သောင်းပတ်လည်ရှိ ရင်းမြစ်စွမ်းအင်များအားလုံးကို တပြိုင်နက်တည်း ဝါးမျိုလိုက်လျှင်ပင် အဆင့်ငယ်တစ်ခု တက်ရန် ခက်ခဲပေလိမ့်မည်။ ထိုကဲ့သို့ သူ အမှန်တကယ် လုပ်ဆောင်လိုက်ပါက ကြီးမားသော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။

"ငါက ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးပေမယ့်...စတုတ္ထအဆင့် မိုတောက်ကံကြမ္မာ ပဉ္စမအဆင့် အထွတ်အထိပ် အရှိန်အဟုန်ကံကြမ္မာနဲ့ တတိယအဆင့် အထွတ်အထိပ်မှာရှိနေတဲ့ ကောင်းကင်ဘုံသောကကံကြမ္မာတို့ ပေါင်းစပ်လိုက်ရင် အစ်ကိုတုဆိုတဲ့ကောင်ကို သတ်ဖို့ဆိုတာ ငါ့ရဲ့စွမ်းရည်နဲ့ လုံလောက်နိုင်တယ်..."

သူသည် ဤကျင့်ကြံဆင့်နယ်ပယ်ဖြင့် ကျိုးယီမြို့၏ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်လေပြီ။

သူ့အနေဖြင့် သေလမ်းကို တမင်သက်သက် မရှာသရွေ့ သူ သေဆုံးရန် မလွယ်ကူတော့ချေ။

ထို့ပြင် သူသည် ဤနေရာမှ စည်းမျဉ်းများကို ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ရာ နယ်မြေအတွင်းသို့ ဝင်ရောက်လာသူများအားလုံးမှ ဝိုင်းဝန်းမတိုက်ခိုက်သရွေ့ သူ၏လုံခြုံရေးအတွက် စိတ်ပူရန်မလိုအပ်ချေ။

"မိုတောက် ကောင်းကင်ကံကြမ္မာ နဲ့ မြေခွေးညှို့ငင် ကောင်းကင်ကံကြမ္မာကို အမြင့်ဆုံးအဆင့်ကိုရောက်အောင် ကျင့်ကြံထားတာ ပိုကောင်းလိမ့်မယ်"

ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် ကောင်းကင်ကံကြမ္မာစွမ်းအား အမြောက်အများကျန်ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွှမ်၏စိတ် လှုပ်ရှားသွားသည်။

စတုတ္ထအဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော မိုတောက်ကောင်းကင်ကံကြမ္မာ စွမ်းအင်မြစ်သည် အလွန်များပြားသော ကောင်းကင်ကံကြမ္မာစွမ်းအားများ၏ အားဖြည့်ပေးမှုအောက်တွင် ပို၍ရှည်လျားပြီး ထူထပ်သိပ်သည်းလာပေ၏။

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် မိုတောက်ဓားနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုအမြောက်အများသည် မိုတောက်ဓားနည်းစနစ်ကို နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်၍ ကျင့်ကြံခဲ့သည့်အလား သူ၏ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ဤအချိန်တွင် သူနှင့်တခြားသူများအကြားမှ ကွာခြားချက်ကို သူ နားလည်လိုက်သည်။

တခြားသူများအနေဖြင့် ကောင်းကင်ကံကြမ္မာကို ကျင့်ကြံရာတွင် တိုက်ရိုက်အာရုံခံစား၍ မရနိုင်ချေ။

သူတို့ထံ၌ လုံလောက်သော ကံကြမ္မာချပ်ပြားများနှင့် ကောင်းကင်ကံကြမ္မာစွမ်းအားများရှိလျှင်ပင် ကံကြမ္မာစွမ်းအင်မြစ်မှ ထိုအရာများအားလုံးကို တပြိုင်နက်တည်း စုပ်ယူနိုင်မည် မဟုတ်ချေ။

သို့ရာတွင် ကျန်းရွှမ်ကမူ မတူညီပေ။ သူ နားလည်သဘောပေါက်ထားသော ကံကြမ္မာ ဖြစ်နေသရွေ့ ကောင်းကင်ဘုံစာကြည့်တိုက်၏ ဖိအားပေးမှုအောက်တွင် ထိုအရာသည် စွမ်းအင်မြစ်ပုံသဏ္ဌာန်အဖြစ် စုစည်းသွားပေ၏။ ထို့ကြောင့် သူသည် ထိုကံကြမ္မာ၏ ပုံသဏ္ဌာန်နှင့်ပြောင်းလဲမှုများကို ပို၍ရှင်းလင်းစွာ လေ့လာနိုင်သည်။

ထို့ပြင် စာကြည့်တိုက်ရှိစာအုပ်များတွင် ကောင်းကင်ကံကြမ္မာစွမ်းအားကို သန့်စင်ပေးနိုင်သော အကျိုးအာနိသင်ရှိသဖြင့် မည်သည့် ဂုဏ်သတ္တိရှိသော ကောင်းကင်ကံကြမ္မာကိုမဆို အားဖြည့်ပေးနိုင်သည်။

ထို့ကြောင့် သူသည် ကောင်းကင်ကံကြမ္မာ အမျိုးအစားတစ်ခုစီကို နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်သည်အထိ နားလည်သဘောပေါက်ပြီး လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအားများ ရှိနေသရွေ့ သက်ဆိုင်ရာကံကြမ္မာ၏ အထွတ်အထိပ်အဆင့်အထိ လွယ်လင့်တကူ ရောက်ရှိနိုင်သည်။

ဤသည်က သူ၏ကျင့်ကြံခြင်းကို အလွန်လွယ်ကူစေသည်။

ကျင့်ကြံခြင်းကို တိုးတက်စေသော ဆေးပင်များနှင့် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအားများကို ရှာဖွေနိုင်ရုံဖြင့် သူ လျင်မြန်စွာ အဆင့်တက်နိုင်ပေမည်။

ကျန်းရွှမ်သည် စဉ်းစားတွေးတောနေသော်လည်း သူ၏ကျင့်ကြံခြင်းသည် ရပ်တန့်မသွားချေ။

သူသည် ကုန်ဆုံးမှုကို ဂရုမစိုက်ဘဲ ကောင်းကင်ကံကြမ္မာစွမ်းအားများကို ဝါးမြိုလိုက်ရာ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မိုတောက်စွမ်းအင်မြစ်သည် နှစ်ဆခန့် ပို၍ထူထပ်သိပ်သည်းလာသည်။ ထိုအရာသည် မိုးကောင်းကင်တွင် ချိတ်ဆွဲထားသော ဓားပုံသဏ္ဌာန် မြစ်တစ်စင်းအလား အဆုံးမရှိ တသွင်သွင်စီးဆင်းနေပေ၏။

ဤကံကြမ္မာကို သူ စတင်နားလည်သဘောပေါက်ခဲ့သောအချိန်တွင် စွမ်းအင်မြစ်သည် တစ်မီတာခန့်သာ ရှည်ပေ၏။ သို့ရာတွင် ယခုအချိန်၌ စွမ်းအင်မြစ်၏အရှည်သည် မီတာနှစ်ရာကျော်သွားပြီဖြစ်ကာ အကျယ်သည်လည်း မီတာဆယ်ပေါင်းများစွာ ရှိနေပြီး နားကွဲလုမတတ်ကျယ်လောင်သော တုန်ခါသံများ ထွက်ပေါ်နေသည်။

သူသည် မိုတောက် ကောင်းကင်ကံကြမ္မာကို စတုတ္ထအဆင့် အစောပိုင်းမှ အထွတ်အထိပ်သို့ မြှင့်တင်နေချိန်တွင် မလှမ်းမကမ်း၌ ရှိနေသော လျှူမင်ယွဲ့သည် သူမဆရာ၏တိုးတက်မှုကြောင့် ကြက်သေသေနေသည်။ သူမသည် ထိုအံ့အားသင့်တုန်လှုပ်မှုမှ သတိပြန်မဝင်သေးမီမှာပင် သူမ၏ကိုယ်ပိုင်ကျင့်ကြံဆင့်သည် အထိန်းအကွပ်မဲ့စွာဖြင့် ထပ်မံ၍ မြင့်တက်သွားသည်ကို ခံစားလိုက်ရသည်။

နောက်ထပ်အချိန်တစ်ခဏတွင် သူမသည် ဓမ္မရုပ်သွင်နယ်ပယ်၏ အတားအဆီးများကို ချိုးဖျက်ပြီး ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့လေပြီ။

"..."

သူမ၏မျက်ခွံများ လှုပ်ခတ်သွားပြီး ပြောစရာစကားမဲ့သွားသည်။

ငတုံးငအများပင်လျှင် သူမဆရာ၏ မိုတောက်ဓားအပေါ် နားလည်သဘောပေါက်မှု ထပ်မံ၍တိုးတက်သွားသဖြင့် သူမ၏ ကျင့်ကြံဆင့် မြင့်တက်လာကြောင်း နားလည်နိုင်ပေလိမ့်မည်။

သူမ၏ လျင်မြန်သောတိုးတက်မှုသည် သူမ၏ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုကြောင့်ဟု တွေးထင်ခဲ့မိသည်။ သို့ရာတွင် အမှန်အားဖြင့် သူမသည် မည်သည့်အရာကိုမျှ မလုပ်ဘဲ လဲလျောင်းနေရုံသက်သက်ဖြင့် အဆင့်တက်နေခြင်းပင်။

"ငါလည်း... ဒီတိုင်း အေးအေးလူလူနေပြီး ဆရာ့အရှိန်နဲ့ လိုက်ပါစီးမျောလိုက်ရင် ကောင်းမလား..."

သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် သက်သေပြရန်အတွက် ကြိုးစားအားထုတ်ရန် တွေးတောခဲ့ပေ၏။ သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ဤကဲ့သို့ ရေသာခိုအချောင်လိုက်နေခြင်းကလည်း မဆိုးလှကာ သူမ၏တိုးတက်မှုသည်လည်း နှေးကွေးခြင်းမရှိကြောင်း နားလည်သဘောပေါက်လိုက်သည်။

အိမ်တော်ထိန်းစွန်းချန်သည် ကျီးလန်တောင်ကြားသို့ပင် လိုက်မလာဘဲ ကျင့်ကြံခြင်းအပေါ် အလေးအနက် မထားသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ပေ။

သူသည် နေ့စဥ်နေ့တိုင်း အသေးအဖွဲ ကိစ္စရပ်များကို ဖြေရှင်းရသည်မှလွဲ၍ ပျော်ပျော်ပါးပါး စားသောက်နေထိုင်ရုံပင်။

အိမ်တော်ထိန်းစွန်းချန်သည် ဤကဲ့သို့ နေရသည်ကို ယခင်ကတည်းက ကျင့်သားရနေခဲ့ပုံရသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရွှမ်သည် သူ၏ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်၏။

ယခုတစ်ကြိမ်တွင် သူ၏ကောင်းကင်ဘုံသောကကံကြမ္မာသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားရုံသာမက သူ၏ကျင့်ကြံဆင့်သည်လည်း ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ထို့ပြင် သူ၏ မိုတောက်ကောင်းကင်ကံကြမ္မာနှင့် မြေခွေးညှို့ငင်ကောင်းကင်ကံကြမ္မာတို့သည်လည်း စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။

အဆင့်အနိမ့်ဆုံးဖြစ်သော စီးဆင်းသော အလင်းတန်း ကောင်းကင်ကံကြမ္မာပင်လျှင် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

အဆင့်အမြင့်ဆုံးဖြစ်သော အရှိန်အဟုန်ကောင်းကင်ကံကြမ္မာသည် ပဉ္စမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားလေပြီ။

"ကောင်းကင်ကံကြမ္မာစွမ်းအားတွေက... ဘယ်လောက်ပဲရှိရှိ ငါ့အတွက် မလုံလောက်ပါလား..."

ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

သုံးရောင်ခြယ်ကုန်းမြေမှ သူ စုပ်ယူခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သန်းလေးရာကျော်သည် ယခုအချိန်၌ ကုန်လုဆဲဆဲ ဖြစ်နေပြန်ပြီ။

သူသည် သူဌေးဖြစ်ပြီဟု ခံစားလိုက်ရပြီး အချိန်တဏကြာ ကျင့်ကြံပြီးနောက် ပြန်လည်၍ မွဲတေသွားလေရာ အမှန်တကယ့်ကို ဆင်းရဲဒုက္ခတစ်မျိုးပင်။

"သွားကြစို့.. "

ကျန်းရွှမ်က မတ်တတ်ထရပ်လိုက်သည်။

"ဟုတ်ကဲ့"

လျှူမင်ယွဲ့သည် သူမ လောလောလတ်လတ် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်ဝင်ရောက်ထားသော စွမ်းအားများကို ခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်သည်အား လျစ်လျူရှုကာ စူးစမ်းလိုစိတ်ဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်၏။

"ဆရာ ကျွန်မတို့ အခု ဘယ်ကိုသွားကြမလို့လဲ"

"အဲ့ဒါက..."

ဖုမိသားစုကို သွားရှာမည်ဟု ကျန်းရွှမ် ပြောဆိုတော့မည့်အချိန်တွင် သူ၏ခေါင်းထဲ၌ အသံတစ်ခု ပဲ့တင်ထပ်လာသည်ကို ခံစားလိုက်ရပြီး သူ ရပ်တန့်လိုက်သည်။

ဤသည်မှာ ခုန်းရှီထံမှ ဆက်သွယ်မှုပင်။

လွန်ခဲ့သော အကြိမ်များတွင် သူသည် တစ်ဖက်လူကို စတင်၍ဆက်သွယ်ခဲ့သော်လည်း ယခုအကြိမ်တွင် ခုန်းရှီသည် သူ့ကို ပထမဆုံးအကြိမ်အဖြစ် စတင်၍ဆက်သွယ်လာခြင်းပင်။

ကျန်းရွှမ်က သူ၏ဓားရှည်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ရာ နောက်ထပ်အချိန်တခဏတွင် သူ၏မျက်လုံးရှေ့၌ မြူခိုးလွှာတစ်လွှာ ထွက်ပေါ်လာသည်။

လျှူမင်ယွဲ့သည် သူ၏လျှို့ဝှက်ချက်အမြောက်အများကို သိထားပြီးဖြစ်သဖြင့် သူ ဖုံးကွယ်ထားရန် မလိုအပ်ချေ။ ဤသည်ကို သူမအပေါ် စမ်းသပ်မှုတစ်ခု အနေဖြင့်လည်း မှတ်ယူနိုင်ပေ၏။

မြူခိုးများ မြင့်တက်လာသည်နှင့် ခုန်းရှီ၏စိုးရိမ်ပူပန်နေသောအသံ ထွက်ပေါ်လာသည်။

"ဆရာကျန်း မြန်မြန်လာတော့.. ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေရဲ့ဗဟိုချက် ထွက်ပေါ်လာပြီ..."

"နေရာအတိအကျက ဘယ်နားမှာလဲ"

ဗဟိုချက် ထွက်ပေါ်လာပြီဟု ကြားလိုက်ရသဖြင့် ကျန်းရွှမ်သည် တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် မေးမြန်းလိုက်သည်။

"မင်းက ရင်းမြစ်စွမ်းအင်တွေ ထူထပ်သိပ်သည်းတဲ့ နေရာကို ဦးတည်သွားပါ..မကြာခင်မှာ မင်းကို အဲ့ဒီနေရာဆီရောက်အောင် လမ်းပြပေးမယ့်အရာတစ်ခု ထွက်ပေါ်လာလိမ့်မယ်"

ခုန်းရှီက ပြောဆိုသည်။

"ကောင်းပြီလေ"

သူ၏လက်ကိုဝှေ့ယမ်းကာ မြူခိုးများကို ဖယ်ရှားလိုက်ပြီးနောက် ကျန်းရွှမ်က မလှမ်းမကမ်းရှိ မိန်းကလေးကို ကြည့်လိုက်၏။

"သွားကြစို့... "

လျှူမင်ယွဲ့က ခေါင်းညိတ်ပြပြီး ကျန်းရွှမ်၏နောက်မှ လိုက်ပါသွားသည်။

လှိုဏ်ဂူအပြင်ဘက်တွင်ရှိသော ကျီးလန်တောင်ကြား၏မိုးကောင်းကင်သည် လုံးလုံးလျားလျား ပြောင်းလဲခြင်း မရှိပေ။ မိုးကောင်းကင်ယံသည် မျက်စိကျိန်းလောက်အောင် တောက်ပနေဆဲဖြစ်ရာ အချိန်အတိအကျကို ခွဲခြားရန် မဖြစ်နိုင်ပေ။

သူသည် ဉာဏ်ပညာမျက်လုံးကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

ရင်းမြစ်ချီ ထူထပ်သိပ်သည်းသော နေရာများသည် မြူခိုးများအလား ဝေဝါးနေသဖြင့် သူ ရှင်းလင်းစွာ ခွဲခြားတွေ့မြင်နိုင်သည်။

ဦးတည်ချက်ကိုသတ်မှတ်ပြီးနောက် ကျန်းရွှမ်က ထိုနေရာသို့ အပြေးသွားလိုက်၏။

သူသည် စည်းမျဉ်းများကို လျစ်လျူရှုနိုင်သော်လည်း လျှူမင်ယွဲ့ကမူ မရနိုင်သဖြင့် သူတို့၏အရှိန်နှုန်းသည် အလွန်လျှင်မြန်ခြင်းမရှိပေ။

'ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာဆိုတာက သဘောတရားအရဆိုရင် လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသင့်ပြီးတော့ မင်းသားတွေနဲ့ သာမန်ပြည်သူတွေအားလုံး တူညီတဲ့ ဥပဒေအောက်မှာ ရှိရမှာ...ဒါပေမဲ့ ငါ့ရဲ့ကောင်းကင်ဘုံသောကကံကြမ္မာက အရမ်းအားကောင်းနေတာကြောင့် ငါက စည်းမျဉ်းတွေကို ပေါ့ပေါ့ပါးပါး ချိုးဖောက်လို့ရပြီးတော့ ဒီကံကြမ္မာက ငါ့ကို အပြစ်မပေးရဲဘူး... ဒီတော့ ထုံးတမ်းစဉ်လာဆိုတာက အရမ်းတင်းကြပ်မနေဘူး'

ထုံးတမ်းစဉ်လာဆိုသည်မှာ ကိုယ်ကျင့်တရား ဆုံးဖြတ်ချက်၏ စံနှုန်းတစ်မျိုးပင်။

ပုံမှန်အခြေအနေများအောက်တွင် ဤနေရာသို့ ရောက်လာသူတိုင်းသည် ထုံးတမ်းစဥ်လာကို တန်းတူညီမျှ ကျင့်သုံးသင့်ပြီး လိုက်နာရပေမည်။

သို့ရာတွင် သူ၏ကောင်းကင်ဘုံသောက ကံကြမ္မာသည် အလွန်အစွမ်းထက်သောကြောင့် ခြွင်းချက်ဖြစ်ခဲ့သည်။

ဤသည်မှာ သူ၏အတိတ်ဘဝနှင့် မည်သည့်ကွာခြားချက် ရှိနေသနည်း...

စည်းမျဉ်းများနှင့် ထုံးတမ်းစဉ်လာများသည် သာမန်လူများကို ထိန်းချုပ်ရန် အသုံးပြုကြသော်လည်း ထိုအရာများကို ရေးဆွဲသူများသည် အမြဲတစေ စည်းမျဉ်းများ၏ပြင်ပတွင် ရှိနေတတ်သည်။

သူသည် ဤ 'ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ' ကို သင်ယူရန် အခွင့်အရေး ရရှိခဲ့သော်လည်း ဤအချက်ကို ခံစားမိသောကြောင့် မသင်ယူလိုတော့ပေ။

သူ့ထက် သန်မာသူများကို စည်းမျဉ်းများဖြင့် မထိန်းချုပ်နိုင်သည့်အပြင် သူ့ထက် အားနည်းသူများအတွက်လည်း စည်းမျဉ်းများနှင့် ထုံးတမ်းစဉ်လာများကို လိုက်နာခိုင်းရန် မလိုအပ်ချေ။။

"လူတိုင်းက အခွင့်အရေးနဲ့ကိုယ်ကျင့်တရားအကြောင်း ပြောကြပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့လုပ်ရပ်တိုင်းက လူတွေကို ဝါးမြိုနေတာပဲ"

"ဘုရင်တွေနဲ့အမတ်ကြီးတွေ သူတို့ရဲ့လက်အောက်ငယ်သားတွေကို ထိန်းချုပ်တာက လူတွေကို ဝါးမြိုတာပဲ"

"ဆရာတွေက တပည့်တွေကို မသန်မစွမ်းဖြစ်စေတဲ့ ကောင်းကင်ကံကြမ္မာကို သင်ပေးတာက လူတွေကို ဝါးမြိုတာပဲ"

"အရင်းရှင်တွေ အကျိုးအမြတ်ရှာတာကလည်း လူတွေကို ဝါးမြိုတာပဲ..."

"ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာဆိုတာက အားနည်းသူတွေကို ဝါးမြိုစားသောက်တဲ့အချိန်ကျရင် ငြိမ်သက်နေအောင် ထိန်းချုပ်ထားတဲ့ အချုပ်အနှောင်တစ်ခု သက်သက်ပဲ"

All Chapters