← Chapters

ရှစ်ကျုံးရှန်

Vol. 28 Ch. 345

ရှစ်ကျုံးရှန်

Vol. 28 Ch. 345

ကျန်းရွှမ်တို့နှစ်ယောက်သား ရှေ့ဆက်သွားခဲ့ရာ တိုက်ပွဲဖြစ်ပွားနေသော နေရာတချို့ကို မြင်တွေ့ရသည်။ ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် သူတို့သည် ထိုနေရာများကို အဝေးမှနေ၍ ရှောင်ကွင်းသွားလိုက်ကြသည်။

အချိန်တခဏကြာမျှ ဆက်လက်၍ လျှောက်လှမ်းပြီးနောက် ကျန်းရွှမ်က ရပ်တန့်လိုက်၏။ သူ၏ရှေ့တည့်တည့်တွင် ယခင်က ဖုမိသားစုဝင်များနှင့် သူ ကြိုတင်ညှိနှိုင်းထားသော အမှတ်အသားများ ရှိနေသည်။ ထိုအရာများသည် အလွန်သစ်လွင်နေပြီး မကြာသေးမီကမှ ချန်ထားခဲ့သည်ဟု ယူဆနိုင်ပေ၏။

သူတို့ ရှေ့ဆက်သွားသည်နှင့်အမျှ အမှတ်အသားများ ပို၍များပြားလာပြီး ပို၍ရှုပ်ထွေးလာကာ သူတို့သည် အန္တရာယ် တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရကြောင်း ညွှန်ပြနေသည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဖုမိသားစုသည် သူ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီး သူသည် မြေခွေးညို့ငင်ကံကြမ္မာ စတုတ္ထအဆင့်ကိုပင် နားလည်သဘောပေါက်ခဲ့သည်။ အကယ်၍ ဖုမိသားစုထံ၌ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်နေခဲ့လျှင် သူ လက်ပိုက်ကြည့်မနေနိုင်ချေ။

သူသည် လျှူမင်ယွဲ့ ကိုခေါ်ဆောင်ပြီး အရှိန်မြှင့်ကာ နောက်ထပ်ခုနစ်မိုင်ရှစ်မိုင်ခန့် ရှေ့ဆက်သွားလိုက်၏။ ထိုအချိန်မှာပင် တောင်ကြားငယ်လေးတစ်ခုက သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ထိုတောင်ကြားထဲသို့ မဝင်မီမှာပင် နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းသော မြူခိုးများ ဖုံးလွှမ်းနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ဖုမိသားစုအမှတ်အသားများသည် တောင်ကြားအတွင်းသို့ တန်းတန်းမတ်မတ် ညွှန်ပြနေပြီး ကျယ်ပြန့်သော မြူခိုးများအကြား၌ ပျောက်ကွယ်သွားပေ၏။

"ဆရာ... ကျွန်မတို့ ဝင်သင့်လား"

လျှူမင်ယွဲ့၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ရချိန်၌ အန္တရာယ်များကို ကာကွယ်ရန် အလွန်ခက်ခဲသည်။

"သွားကြစို့.. "

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က ပြောဆိုသည်။

"မင်း အရင်ဆုံး ငါ့ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်နေလိုက်.. မဟုတ်ရင် တကယ်လို့ ငါတို့ လမ်းပျောက်သွားတာနဲ့ ပြန်ရှာဖို့ မလွယ်တော့ဘူး"

ဤတစ်ကြိမ်တွင် လျှူမင်ယွဲ့သည် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

သူမကို ကမ္ဘာငယ်လေးထဲသို့ ပို့ဆောင်ပြီးနောက် ကျန်းရွှမ်က သူ၏ခန္ဓာကိုယ်ကို ညင်သာစွာလှုပ်ရှားပြီး တောင်ကြားထဲသို့ ဝင်ရောက်သွားသည်။

သူ၏မျက်စိရှေ့မှ မြူခိုးများသည် ပုံမှန်မဟုတ်သည်အထိ ထူထပ်သိပ်သည်းနေသည်။ သူ၏ရှေ့ နှစ်မီတာသုံးမီတာအတွင်းတွင် မည်သည့်အရာကိုမျှ မမြင်ရချေ။ သူ၏စွမ်းအားဖြင့်ပင် သူသည် လျင်မြန်စွာ ရှေ့မတိုးရဲဘဲ စမ်းတဝါးဝါးဖြင့်သာ ဖြည်းညှင်းစွာ ရှေ့ဆက်သွားခဲသည်။

သူသည် လမ်းကြောင်းပျောက်မသွားစေရန် ဥာဏ်ပညာမျက်လုံးကို အသုံးပြုပြီး မီတာရာနှင့်ချီအကွာထိ လျှောက်လှမ်းသွားလိုက်သည်။ ထိုအချိန်မှာပင် ပြင်းထန်သောသွေးညှီနံ့တစ်ခုက သူ့ထံသို့ ရောက်ရှိလာသည်။ ထိုသွေးညှီနံ့၏ရင်းမြစ်နေရာသို့ ရောက်ရှိချိန်တွင် သူ မျက်မှောင်ကြုတ်လိုက်၏။

အလောင်းခုနစ်လောင်း ရှစ်လောင်းခန့်က သူ၏ရှေ့ရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုလူများအနက်မှ သုံးဦးသည် သူ ယခင်က မြင်တွေ့ဖူးသောသူများ ဖြစ်နေခြင်းပင်။

ဤလူသုံးဦးသည် သူနှင့်အတူ ဤနေရာသို့ လာခဲ့ကြသော ဖုမိသားစုမှကျင့်ကြံသူများ ဖြစ်သည်။ သူတို့၏စွမ်းအားသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိထားသော်လည်း မမျှော်လင့်ဘဲ သူတို့သည် ဤနေရာ၌ သေဆုံးသွားခဲ့ကြသည်။

ကျန်းရွှမ်၏စိတ်နှလုံးသား မွန်းကြပ်သွားကာ သူသည် ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းလိုက်၏။ သူ အချိန်တခဏကြာ လျှောက်လှမ်းပြီးနောက် နောက်ထပ်အလောင်းတချို့ကို သူ မြင်တွေ့လိုက်ရသည်။ ထိုအလောင်းများအနက် လူနှစ်ဦးသည် ဖုမိသားစုမှ ဖြစ်ပြီး ကျန်လူများမှာ သူ မမြင်ဖူးသောလူများပင်။

ဖုမိသားစုဝင်များသည် ရတနာတစ်ခုခုကို ရရှိခဲ့ပြီး လိုက်လံတိုက်ခိုက်ခံနေရပုံရသည်။

"အားလုံးပဲ... သူတို့မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး... ငါတို့က တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ပဲ လိုတော့တယ်... ငါ ရှစ်ကျုံးရှန်က ဒီနေရာမှာရှိတဲ့ လူတိုင်းကို အာမခံတယ်...တကယ်လို့ ငါတို့သာ ဒီရတနာကိုရရင် အခုနေရာမှာရှိနေတဲ့ လူတစ်ယောက်ချင်းစီကို လုံလောက်တဲ့ဆုလာဘ်တွေ ပေးပါ့မယ်"

ထိုအချိန်မှာပင် မလှမ်းမကမ်းမှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။

ကျန်းရွှမ်က အသံကြားရာဘက်သို့ ကြည့်လိုက်သည်။ သူနှင့် မလှမ်းမကမ်းအကွာတွင် လူအုပ်စုတစ်စု မတ်တတ်ရပ်နေပေ၏။ ခေါင်းဆောင်ဖြစ်သော လူဝကြီးတစ်ယောက်သည် တည်ကြည်လေးနက်သော အမူအယာဖြင့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်နေသည်။ သူ၏ကျင့်ကြံဆင့်ကို မမြင်ရသော်လည်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်၏အောက်သို့ မနိမ့်ကျလောက်ပေ။ အကြောင်းအရင်းမှာ ထိုလူဝကြီး၏ရှေ့တွင် ရင်းနှီးသောလူတချို့ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။

သူတို့အားလုံးသည် ကောင်းကင်ကံကြမ္မာခန်းမမှ ကျင့်ကြံများ ဖြစ်ကြပြီး ဒုခန်းမသခင်တစ်ဦးပင် ပါဝင်သည်။

သူတို့သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ယခုအချိန်တွင် တစ်ဖက်လူ၏ စကားကို တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်၍ နားထောင်နေကြသည်။ ဤသည်မှာ ထိုလူဝကြီး၏ စွမ်းအားသည် ရိုးရှင်းမှုမရှိကြောင်း ပြသနေခြင်းပင်။

"သူက အစ်ကိုတုလိုပဲ အင်ပါယာကြီးတစ်ခု ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ဂိုဏ်းကနေ လာတာ ဖြစ်နိုင်တယ်..."

ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။

အစ်ကိုတုသည် ဓားတစ်သောင်းမဟာမိတ်အဖွဲ့မှဖြစ်ပြီး ထိုအင်အားစုသည် အင်ပါယာကြီးတစ်ခု အတွင်း၌ တည်ရှိသည်။ သူ။ခန့်မှန်းချက် မှန်ကန်ပါက ဤလူဝကြီးသည်လည်း ထိုကဲ့သို့နေရာမျိုးမှလာခြင်း ဖြစ်နိုင်သည်။ ထိုသို့မဟုတ်ပါက သူ၏ကတိများသည် အရာမရောက်ရုံသာမက တခြားသူများမှ မထီမဲ့မြင်ပြုကြပေလိမ့်မည်။

"ဂိုဏ်းချုပ်ရှစ်... ကျွန်တော်တို့က စည်းမျဥ်းတွေကို သုံးကြိမ်တိတိ ချိုးဖောက်ပြီးပြီ... ထပ်ပြီးချိုးဖောက်မိရင် ခင်ဗျားပြောတဲ့ ဆုလာဘ်ကို မရဘဲ သေသွားမှာကို ကျွန်တော် ကြောက်တယ်..."

သက်လတ်ပိုင်း အမျိုးသားတစ်ဦး အေးစက်စွာ နှာမှုတ်လိုက်သည်၊ တစ်ဖက်လူ ပေးနေသော ကြီးကျယ်ခမ်းနားသည့် ကတိများကို မယုံကြည်ကြောင်း ထင်ရှားနေသည်။

"စိတ်မပူပါနဲ့.... ငါတို့က ဒီနေရာက စည်းမျဥ်းတွေကို တော်တော်များများ ရှာတွေ့ထားပြီးပြီ... မမျှော်လင့်ထားတာတွေ ဖြစ်မလာဘူးဆိုရင် ဒါက ဘိုးဘေးကျိုးကျီချန်ထားခဲ့တဲ့ ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာ ဖြစ်လိမ့်မယ်... ငါတို့က ထုံးတမ်းစဥ်လာတွေကို လိုက်နာပြီးတော့ စည်မျဥ်းတွေကို ထပ်ပြီးမချိုးဖောက်သရွေ့ ပြဿနာကြီးကြီးမားမား မရှိလောက်ဘူး..."

ရှစ်ကျုံးရှန်က ပြောဆိုသည်။

"ဘိုးဘေးကျိုးကျီလား...."

ထိုလူက အံ့အားတသင့် မေးမြန်းလေ၏။

"အမှန်ပဲ...."

ရှစ်ကျုံးရှန်က ခေါင်းညိတ်လိုက်သည်။

"ထုံးတမ်းစဥ်လာက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်သုံးထောင်လောက်က ပေါ်ပေါက်ခဲ့တာ.... ဒီကံကြမ္မာကိုတည်ထောင်သူက ကျိုးကျီပဲ... အဲ့ဒီတုန်းက သူက အင်ပါယာတွေအများကြီးကို စည်းရုံးပြီးတော့ ထုံးတမ်းစဥ်လာကံကြမ္မာကို မြှင့်တင်ခဲ့တယ်...သူ့ရဲ့ သြဇာအာဏာလွှမ်းမိုးနိုင်မှုက အရမ်းကြီးမားခဲ့တယ်...နောက်ပိုင်းမှာတော့ ဘာအကြောင်းအရင်းကြောင့်လို့ မသိရဘဲနဲ့ သူက တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်...ဒီကောင်းကင်ကံကြမ္မာက လက်ဆင့်ကမ်းဆင်းသက်လာခဲ့ပေမယ့် တတိယတန်းစားကို ကျဆင်းသွားပြီးတော့ အရင်က အရှိန်အဝါတွေ ဆုံးရှုံးသွားခဲ့တယ်....ဒီကျီးလန်တောင်ကြားက သူ ချန်ထားခဲ့တာ ဖြစ်နေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး"

"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာလား"

"ခင်ဗျား ဆိုလိုချင်တာက ဒီကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကနေ ဖြစ်ပေါ်လာတာလား"

သူ၏ရှင်းပြချက်ကို ကြားပြီးနောက် လူများအားလုံး၏အသက်ရှူသံများ မြန်ဆန်လာကြသည်။

ဤလူများအနက် အများစုသည် ကျိုးယီမြို့မှ လာခဲ့ကြခြင်းပင်။ သူတို့ မြင်တွေ့ဖူးသည့် အစွမ်းထက်ဆုံး ကောင်းကင်ကံကြမ္မာသည် ဆဋ္ဌမတန်းစား သို့မဟုတ် သတ္တမတန်းစားမျှသာရှိသည်။ ဤနတ်ဘုရားနယ်မြေတွင် စတုတ္ထတန်းစား ကောင်းကင်ကံကြမ္မာ ရှိနေလျှင်ပင် အလွန်အံ့အားသင့်ဖွယ် ကောင်းနေပြီလို့ သူတို့ တွေးထင်ခဲ့ကြကာ ဒုတိယအဆင့် ဖြစ်နေလိမ့်မည်ဟု စိတ်ကူးယဥ်တွေးတောကြည့်ခဲ့ဖူးခြင်းပင် မရှိချေ။

ဤအမွေအနှစ်ကို ရရှိသည်နှင့် သူတို့သည် လောကကြီး၏ထိပ်ဆုံး၌ ရပ်တည်နိုင်ပြီး လူအများမှ မော့ကြည့်ရသောသူ ဖြစ်လာမည်မှာ သေချာပေါက်ပင်။

"မင်းတို့အားလုံး စိတ်မလှုပ်ရှားကြနဲ့အုံး...ဒီနတ်ဘုရားနယ်မြေ က ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကနေ ဖြစ်ပေါ်လာတယ်ဆိုတာ အမှန်ပဲ...မင်းတို့ရဲ့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒတွေကိုလည်း ငါ နားလည်တယ်..... ဒါပေမဲ့ မင်းတို့ကို ကြိုပြီး သတိပေးချင်တာက ဒီအမွေအနှစ်က ကောင်းမွန်တယ်ဆိုပေမယ့် မင်းတို့မှာ အဲဒါနဲ့ထိုက်တန်တဲ့ ကံကြမ္မာရှိနေလားဆိုတာ အရင်ကြည့်ဖို့လိုတယ်"

ရှစ်ကျုံးရှန်က သူ၏လက်ကို ဝှေ့ယမ်းပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

"ဒါက..."

စိတ်လှုပ်ရှားနေသော လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤသည်မှာ အမှန်ဖြစ်ပြီး သန်းထောင်သောင်းချီ၍ တန်ဖိုးရှိသော ဈေးကွက်တစ်ခု သူတို့၏မျက်စိရှေ့သို့ ရောက်နေသည့်အလားပင်။ လူအများသည် ဤစျေးကွက်ကို မြင်တွေ့နိုင်ပြီး လည်ပတ်ပုံစည်းမျဉ်းများကို နားလည်နိုင်ကြသော်လည်း ကံမကောင်းစွာဖြင့် သူတို့သည် ထိုအရာကို မည်သို့မျှ ဆုပ်ကိုင်နိုင်မည် မဟုတ်ချေ။

ဤသည်မှာ ကံကြမ္မာပင်။

တစ်စုံတစ်ယောက်မှ ပိုင်ဆိုင်ဖို့ ကံပါလာသော အရာသည် နောက်ဆုံး၌ သူ၏အပိုင် ဖြစ်လာပေမည်။ သို့ရာတွင် ပိုင်ဆိုင်ရန် ကံမပါသောအရာကို မည်သူမဆို အတင်းအဓမ္မ ယူဆောင်၍ရမည် မဟုတ်ချေ။

"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်လဲ"

အချိန်တခဏကြာ တိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

"ဒါက ရိုးရှင်းပါတယ်...ငါက ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို ကျင့်ကြံပြီးတော့ ဘိုးဘေးကျိုးကျီရဲ့ မျိုးဆက်သစ်ဆက်ခံသူတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံရတယ်....မင်းတို့က ငါ့ကို ဒီအမွေအနှစ်ရအောင် ကူညီပေးသရွေ့ ငါက တပည့်တွေကို အများကြီးလက်ခံပြီးတော့ မင်းတို့ကို ငါ့ရဲ့အရိပ်အာဝါသအောက်မှာ ခေါ်ထားမယ်...မင်းတို့က ငါ့ရဲ့တိုက်ရိုက်တပည့်တွေ ဖြစ်လာတာနဲ့ မင်းတို့ရမယ့် အကျိုးကျေးဇူးတွေက ပြောနေဖို့တောင်မလိုတော့ဘူး... မင်းတို့က ဂိုဏ်းအင်အားစုပြောင်းဖို့ ဆန္ဒမရှိရင်တောင် အပြင်ကိုရောက်တာနဲ့ ငါက အတတ်နိုင်ဆုံး မင်းတို့ရဲ့ ကျောထောက်နောက်ခံအဖြစ် နေပေးမယ်"

ရှစ်ကျုံးရှန်က ပြောဆိုသည်။

"ဒါ့ပြင် ငါက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ကို ကျင့်ကြံထားတဲ့အတွက် သဘောတူညီချက်တွေကို လေးစားပြီး ကတိတည်တယ်... ငါ ကတိဖျက်မှာကို မင်းတို့ စိုးရိမ်ဖို့ မလိုဘူး"

"အဲ့ဒါက အမှန်ပဲ..."

လူများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်နက်တည်း နားလည်သဘောပေါက်သွားကြသည်။

ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ကျင့်ကြံသူများသည် တခြားသူတွေထက် ပို၍ယုံကြည်စိတ်ချရသည်မှာ အမှန်ပင်။

"ကောင်းပြီလေ.... ငါတို့ သဘောတူတယ်"

မကြာမီမှာပင် လူများအားလုံး သဘောတူညီမှု ရရှိသွားကြသည်။

ထိုအချိန်မှသာ ရှစ်ကျုံးရှန်က သက်ပြင်းချလိုက်သည်။ သူသည် သူ၏ရှေ့ရှိ လှိုဏ်ဂူတစ်ဂူကို ညွှန်ပြပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"သူတို့က ဂူထဲမှာ ပုန်းနေပြီးတော့ ငါတို့ မဝင်နိုင်အောင် မြေနေရာအနေအထား အားသာချက်ကို ယူထားကြတယ်...အခု ငါတို့မှာ လုပ်စရာ တစ်ခုပဲ ရှိတယ်... ငါတို့အားလုံး အတူတူ တိုက်ခိုက်ပြီးတော့ သူတို့ရဲ့ခံစစ်ကို အရင်ဖျက်ဆီးမယ်...ပြီးရင် သူတို့ကို ဖမ်းဆီးမယ်....ငါက အဲ့ဒီ ကျောက်စိမ်းဆွဲသီးကိုပဲ လိုချင်တာ... တခြား ရတနာတွေကို ဘာတစ်ခုမှ မယူဘူး...မင်းတို့ ခွဲဝေယူကြပါ"

"ကောင်းပြီလေ"

သူ ပြောတာ ကြားတော့ လူတိုင်း ပြိုင်တူ ခေါင်းညိတ်လိုက်ကြပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

အမွေအနှစ်ကိုရရှိပြီးနောက် ရှစ်ကျုံးရှန် ပေးထားသည့် ကတိတွေကို ဘေးဖယ်ထားလျှင်ပင် လှိုဏ်ဂူထဲရှိ လူများအားလုံးကို သတ်ဖြတ်ပြီးနောက် သူတို့ရရှိမယ့် အကျိုးအမြတ်များသက်သက်သည် မခန့်မှန်းနိုင်လောက်အောင်ပင်။

"ငါက ရတနာတွေ မလိုချင်ဘူး... အဲ့ဒီလှိုဏ်ဂူထဲက မိန်းမတွေထဲက နှစ်ယောက်လောက် ငါ့ကို ပေးရင် ကျေနပ်ပြီ"

မျက်နှာပေါ်တွင် ကျောက်ပေါက်မာရာများ ရှိနေသော လူထွားကြီးတစ်ယောက်၏မျက်လုံးများထဲတွင် ရမ္မက်ဆန္ဒများ ထင်ဟပ်နေသည်။

"ငါလည်း အတူတူပဲ...ခုဏက တိုက်ပွဲတုန်းက ငါ သူတို့ကို မြင်လိုက်ရတယ်... သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်တွေ အသားအရေတွေက တကယ့်ကို အရမ်းကောင်းတယ်..ငါက သူတို့ကို အပိုင်မရရင်တောင် တစ်ခါလောက် ဆက်ဆံခွင့်ရရင် သေပျော်ပြီ"

နောက်ထပ်လူတစ်ယောက်ကလည်း အော်ဟစ်ပြောဆိုသည်။

"ကောင်းပြီလေ....ငါ့ကို အဲ့ဒီကျောက်စိမ်းဆွဲသီးရအောင် ကူညီပေးသရွေ့ အထဲက မိန်းကလေးတွေကို မင်းတို့ ကြိုက်သလို လုပ်လို့ရတယ်..."

ရှစ်ကျုံးရှန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ငါလည်း ဒီကိစ္စထဲမှာ ပါဝင်ချင်တယ်....ရမလား"

ထိုအချိန်မှာပင် မြူခိုးများအကြားမှနေ၍ တစ်စုံတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ လူများအားလုံးသည် မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့တစ်ယောက်ချင်းစီထံတွင် သတိကြီးစွာထားနေသော အမူအယာများ ထင်ဟပ်လာကြသည်။ ရုတ်ချည်းဆိုသလိုပင် လူရိပ်တစ်ခုက မလှမ်းမကမ်းရှိ တောတောင်များအကြားမှ ထွက်ပေါ်လာပေ၏။

ဤသည်မှာ မိုတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်မိုပိုင်ယဲ့မှလွဲ၍ တခြားလူ မဟုတ်ချေ။

All Chapters