← Chapters

အရူးချူ၊ ဟွမ်ရှောင်မန်

Vol. 1-4 Ch. 62

အရူးချူ၊ ဟွမ်ရှောင်မန်

Vol. 1-4 Ch. 62

လီမူရွှယ်၏ ဘေးနားတွင် နောက်ထပ် မိန်းကလေးတစ်ယောက် ရှိနေသည်။ သူမသည် အရပ်သိပ်မရှည်ဘဲ သာမန် အားကစားဝတ်စုံကို ဝတ်ထားပြီး သူမမျက်နှာတွင် မူလရုပ်သွင်ကိုပင် မမှတ်မိနိုင်လောက်အောင် ထူထဲသော မိတ်ကပ်များ လိမ်းထားသည်။ သူမဆံပင်ကို အရောင်ဆိုးထားပြီး လူမိုက် မလေးပုံ ပေါက်နေ၏။

သူမခန္ဓာကိုယ်က လိုလီပုံစံသို့ ပိုသွားသော်လည်း သူမ၏ ရင်ဘတ်က လက်ဖျားခါလောက်သည်။

“ဟမ့် နင်က အစ်မမူရွှယ်ရဲ့ နာမည်ကို ဖျက်ဆီးခဲ့တယ်၊ ဟွမ်ရှောင်မန်လို့ ခေါ်တဲ့ငါက ဒီနေ့ တရားမျှတမှုကို ရှာဖို့ ဒီလာတာပဲ”

ဟွမ်ရှောင်မန်က မျက်နှာထားတင်းတင်းဖြင့် ရဲ့လင်းချန်အား ပြစ်တင် ဆုံးမ နေပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ နောက်လက်တစ်ဖက်ဖြင့် ရဲ့လင်းချန် ကို လက်ညှိုးထိုးလေသည်။

“ဒါဆို လီမူရွှယ် ပြောလိုက်တဲ့ စကားကြောင့် ငါ ဘယ်လောက် ပြဿနာ တက်သွားသလဲ မင်း သိလား”

ရဲ့လင်းချန်က အေးစက်စက်အကြည့်ဖြင့် ပြန်ပြောလိုက်သည်။ လီမူရွှယ် ကြောင့်သာ မဟုတ်လျင် ဟဲယွမ်က ရဲ့လင်းချန်ကို အငြှိုးထားမည် မဟုတ်သလို ပြဿနာများလည်း တက်စေမည် မဟုတ်ပါ။

ရဲ့လင်းချန်သည် သူ့ကို သတ်ရန် ကြိုးစားသည့် စွန်းဝေ၏ သေနတ်ဖြင့် ပစ်ခြင်းကို ခံရလုနီးပါးအထိ ဖြစ်သွားခဲ့ရသည်။

လီမူရွှယ် နှုတ်ခမ်းကိုက်သွားသည်။ သိုင်းလေ့ကျင့်ရေးချိန်အတွင်း ဖြစ်ပျက် သွားခဲ့သော ကိစ္စတွင် တစ်ချို့တလေက သူမနှင့် ပတ်သက်နေကြောင်း သူမ ရိပ်မိပါသည်။ သူမက တောင်းပန်သော အကြည့်ဖြင့် လှမ်းကြည့်၍ ဟွမ်ရှောင်မန်ကို ဆွဲလေသည်။

“ရှောင်မန် ထားလိုက်ပါတော့”

“မရပါဘူး နင်က ငါ့ကောင်မလေးလေ၊ နင့်ရဲ့ ဖြူစင်မှုက ညစ်နွမ်းသွားခဲ့တာ၊ နင့်အတွက် ငါ လက်စားချေမှရမယ်”

ဟွမ်ရှောင်မန်က ရဲ့လင်းချန်ကို စူးစိုက်ကြည့်လေသည်။

“အရူးချူ နင် သူ့ကို ရိုက်ပုတ်လွှတ်နိုင်ရင် ငါ နင့်ကောင်မလေး ဖြစ်ဖို့ သဘောတူပေးမယ်”

ဟွမ်ရှောင်မန်၏ စကားက အံ့ဩစရာ မကောင်းသော်လည်း ရဲ့လင်းချန်၏ အမူအရာကို အနည်းငယ် ပြောင်းလဲ သွားစေသည်။

သူမစကား၏ ပထမတစ်ပိုင်းက လီမူရွှယ်အား လည်ပင်းအထိ နီမြန်းသွား စေသည်။ နောက်တစ်ပိုင်းက ရဲ့လင်းချန်အား တအံ့တဩ ဖြစ်သွားစေ၏။

အရှေ့မှ အရူးချူကို သူ တစ်ချက်ကြည့်လိုက်ပြီးနောက် ဟွမ်ရှောင်မန်ကို ပြန်ကြည့်လိုက်သည်။

*သူ့ပုံစံက ကြည့်ကောင်းပြီး ယောက်ျားပီသပုံ ပေါ်ပါတယ်၊ ဘာလို့ သူက ဟွမ်ရှောင်မန်လို လူဆိုးမလေးကို သဘောကျတာလဲ*

“ကိုယ့်လူ မင်းအကြိုက်က တကယ်ကို … တစ်ခုခုပဲ”

ရဲ့လင်းချန် လက်ခါလိုက်သည်။

“မင်းနဲ့ငါက အချင်းချင်း ဘာရန်ငြှိုးမှ မရှိဘူး၊ ငါ မင်းနဲ့ မတိုက်ဘူး၊ သွားတော့”

အရူးချူ မျက်နှာပုပ်သိုးသွားသည်။ သူသည် သန်မာသောလူအသွင်ဆောင်၍ ရဲ့လင်းချန်အား မာရေကြောရေဖြင့် ပြောရန် အချိန်အတော်ကြာအောင် စိတ်ထဲ၌ ပြင်ဆင်ထားခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ရဲ့လင်းချန်က အရင် အထက်စီးဖြင့် ပြောလာသဖြင့် သူ့စိတ်ထဲ၌ မကျေနပ်စိတ် ပေါ်လာရသည်။

ထိုအခိုက်တွင် ကျောင်းသားတော်တော်များများကလည်း အခြေအနေကို သတိထားမိပြီး သူတို့အနား၌ စုဝေးစ ပြုလာသည်။

“မြတ်စွာဘုရား၊ ဒါ တိုက်ပွဲရူး အရူးချူ မဟုတ်လား”

“ယီးပဲ သူကဘာလို့ ဒီကို ရောက်နေတာလဲ၊ သူ ဟွမ်ရှောင်မန်ကို ထပ်ပိုးပန်းဖို့ ရောက်လာတာလား”

“အဲ့နားက လူကရော ဘယ်သူလဲ၊ သူ ဟွမ်ရှောင်မန်နဲ့ ပြဿနာ ဖြစ်ထား တာလား၊ သူတော့ အရူးချူဆီကနေ ဆော်ပလော် တီးခံရတော့မယ်”

“အရင်တစ်ခေါက်တုန်းက ဟွမ်ရှောင်မန်နဲ့ ပြဿနာတက်တဲ့လူတစ်ယောက် အရူးချူဆီကနေ အဆော်ခံရလို့ ဆေးရုံတက်လိုက်ရတယ်လို့ ငါ ကြားဖူးတယ်”

…

ဘေးပတ်ဝန်းကျင်မှ ပြောဆိုသံများကိုကြားပြီး အရူးချူ၏ စိတ်အနေအထားက မြင့်တက်လာသည်။

“ငါက ပေကျင်း အားကစားကျောင်းက အရူးချူပဲ၊ ငါ့ရဲ့ ထူးချွန်တဲ့ အတိုက် အခိုက် စွမ်းရည်ကြောင့် စစ်သည်တော်ဌာနမှာ လေ့ကျင့်ရေးဆင်းခွင့် ရထား တဲ့လူ”

အရူးချူ၏ မျက်နှာတွင် ဂုဏ်ယူဟန်များနှင့် ပြည့်နေသည်။

“မင်းတို့ တက္ကသိုလ်က ဘယ်သူမှ ငါ့ကို တစ်ချီတည်းနဲ့ အလဲမထိုးနိုင်ဘူးဆိုတာ အပိုစကား မဟုတ်ဘူး”

ဟန်ထုတ်စကားပြောပြီးနောက် သူက အာဏာပြဟန် ပေါ်လာသည်။

“ငါတို့ အချင်းချင်း ဘာရန်ငြှိုးမှ မရှိဘူး၊ မင်း လီမူရွှယ်ကို စိတ်ရင်းနဲ့ တောင်းပန်မယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးမယ်”

ရဲ့လင်းချန်က အရူးချူကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လုက်သည်။

*ဒီလူရဲ့ အရှိန်အဝါက သိုင်းသမားတစ်ယောက်နဲ့ တူနေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ*

သူ ခေါင်းခါပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ငါ့ကို မယှဉ်နိုင်ဘူး၊ ထွက်သွားလိုက်တော့”

“ယီးပဲ သတ္တိကောင်းနေတယ်ပေါ့လေ၊ အရူးချူကို ဒီလိုလေသံနဲ့ ပြောရဲတဲ့လူကို ငါ အခုမှ မြင်ဖူးတာပဲ”

“ရူးချင်စရာပဲ၊ ဒီလူက ကျောင်းသားသစ် ဖြစ်မယ်ထင်တယ်၊ လူသစ်တွေက တကယ် အကြောက်တရား ကင်းမဲ့တာပဲ”

“ဒီနှစ် လူသစ်တွေအားလုံးက ခေါင်းမာတာလား၊ မကြာသေးခင်က ရက်စက်တဲ့ တစ်ကောင်က သိုင်းလေ့ကျင့်‌ရေး နည်းပြကို စိန်ခေါ်တယ်လို့ ငါ ကြားလိုက် တယ်”

…

အရူးချူက ရဲ့လင်းချန်၏ စကားကို ရယ်လေသည်။

“ဟား … မင်း ဘယ်လောက် ပြဿနာ ရှာလိုက်လဲ မသိဘူးပဲ”

“ခွင့်လွှတ်ပါ”

ထိုသို့ပြောပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်ဖြင့် ရဲ့လင်းချန်ထံ ပြေးတက် လာသည်။ သူသည် လက်နှစ်ဖက်လုံးကို ဆန့်၍ ရဲ့လင်းချန်၏ ပခုံးကို ဖမ်းချုပ် လာ၏။

သူ့မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ရှိနေပြီး သူ့ပြိုင်ဘက်က ကြောင်ပေါက်၊ ခွေးပေါက်လေးသဖွယ် မခုခံနိုင်ဟု တွေးကာ အနည်းငယ်မျှ ငဲ့၍ တိုက်ခိုက်လေသည်။

ရဲ့လင်းချန်က တည်ငြိမ်စွာဖြင့် ရပ်မြဲရပ်နေ၏။ အရူးချူ၏ လက်က ရဲ့လင်းချန်ကို ထိလုနီးပါး ဖြစ်လာချိန်တွင် သူသည် ကိုယ်ကိုရို့၍ ခြေထောက်တစ်ဖက်ကို မြှောက်၍ အရူးချူကို ကန်ထုတ်လိုက်သည်။

“ဘုန်း”

အရူးချူ မြေကြီးပေါ် လဲကျသွားသည်။

“ငါ မင်းကို အထင်သေးခဲ့မိတာပဲ၊ မင်းက အစွမ်းအစရှိတဲ့ ပြိုင်ဘက်ပါလား”

အရူးချူက တုံ့ဆိုင်းခြင်းမရှိ ခုန်ထလိုက်ပြီး တိုက်ခိုက်ချင်စိတ်က ပွက်ပွက်ဆူ လာသည်။

“ငါ အလေးအနက် ဖြစ်လာပြီဆိုရင် မင်း သေရင်သေ၊ မသေရင် ကျိုးကန်းမှာပဲ၊ အခုကစပြီး သတိထားတော့”

သတိပေးစကား ပြောပြီးသည်နှင့် သူ့မျက်နှာထားက အေးစက်လာပြီး ပြေးတက်၍ တိုက်ခိုက်လာသည်။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အားကောင်းသော လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ရဲ့လင်းချန်က ဟန်ချက်ညီညီ ရပ်နေပြီး ခြေတစ်ဖက်ကို လျှပ်တိုက်လိုက်သည်။ တူညီသော ဟန်ပန်ဖြင့် အလေးအနက် ထားခြင်းမရှိဘဲ ကြမ်းပြင်ကို လျှောတိုက်လိုက်သကဲ့သို့ ပြုမူနေသည်။

ယခုတစ်ခေါက်တွင်မူ အရူးချူ၏ အရှိန်ကြောင့် သူ့ကိုယ်က ရှေ့သို့ ငါးမီတာခန့် လွင့်ပြီးမှ ဟပ်ထိုးလဲကာ ကြမ်းပြင်နှင့် ရိုက်မိသည်။

“မင်းရဲ့ ကိုယ်အောက်ပိုင်းက ဟန်ချက်မညီဘူး၊ ခွန်အားအားလုံးက အလဟဿ ဖြစ်တာပဲ”

ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီး ဟွမ်ရှောင်မန်နှင့် လီမူရွှယ်ကို လှမ်းကြည့် လိုက်သည်။

“နင် ဘာကြည့်တာလဲ၊ သတ္တိရှိရင် လာလိုက်လေ”

ဟွမ်ရှောင်မန်က ခါးမတ်၍ ရဲ့လင်းချန်အား ခေါင်းကိုမော်၍ ကြည့်နေသည်။

“ငါ အရမ်း အလုပ်ရှုပ်နေတယ်၊ နောက်တစ်ခါ ဒီလို ထပ်မလုပ်နဲ့”

ရဲ့လင်းချန်က ထိုသို့ပြောပြီးနောက် သူတို့ကို ဖြတ်ကျော်၍ ကျောင်းအပြင်သို့ ထွက်သွားသည်။ လီမူရွှယ်က ရဲ့လင်းချန်ကို လှမ်းကြည့်ရင်း ခံစားချက်များ ရှုပ်ထွေးလာသည်။ သူမ အကြိမ်ပေါင်းများစွာ တစ်ခုခုပြောရန် ကြိုးစား သော်လည်း ဘာမှထွက်မလာချေ။

အရူးချူ မြေကြီးပေါ်မှ ပြန်ထလာ၏။

*ရှုံးသွားပြီ*

သူ့မျက်နှာပေါ်တွင် မောက်မာမှုအစား စိတ်ရှုပ်ထွေးဟန်က အစားထိုး နေရာယူလာ၏။ သူက ဟွမ်ရှောင်မန်ကို မယုံနိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“မင်းရဲ့ကျောင်းမှာ ဘယ်လိုလုပ် ဒီလောက် သန်မာတဲ့လူ ရှိနေတာလဲ”

ဟွမ်ရှောင်မန်က နှုတ်ခမ်းစူလေသည်။

“ဟွန်း နင်ကသာ အသုံးမကျတာ၊ သူ့ကို မနိုင်ဘဲ ငါ့ရှေ့ မလာနဲ့၊ ငါနဲ့ ဝေးဝေးနေ”

“ဟုတ်ပါပြီ၊ ငါ နားလည်ပြီ၊ စစ်သည်တော်ဌာနရဲ့ လေ့ကျင့်ရေးမှာ ဝင်ပါဖို့ လျှောက်လွှာတင်မယ်လို့ ငါ စီစဉ်ထားတာ၊ ငါ သူ့ကို မြန်နိုင်သမျှ မြန်မြန် အနိုင်ယူမှာပါ”

အရူးချူ၏ မျက်လုံးတွင် တိုက်ခိုက်လိုသော စိတ်တို့ဖြင့် ပြည့်နှက်နေ၏။ သူ ပြန်ထပြီးသည်နှင့် ခပ်သုတ်သုတ် ထွက်သွားလေသည်။

“နောက်ဆုံးတော့ ငါ သူ့ကို ရှင်းထုတ်နိုင်ပြီ၊ အစ်မမူရွှယ် အခု ငါတို့ပဲ ရှိတော့တယ်”

ဟွမ်ရှောင်မန်က စိတ်အေးသလို သက်ပြင်းချ၍ လီမူရွှယ်အား အရူးအမူး နှစ်သက်သော အရိပ်အယောင်တို့ ပါဝင်သည့် အကြည့်တို့ဖြင့် ကြည့်လေသည်။

“နင် ဒီနေ့ ဒီကိုလာတဲ့ အကြောင်းရင်းက ရဲ့လင်းချန်ကို အသုံးချပြီး အရူးချူကို နှင်ထုတ်ချင်လို့ မဟုတ်လား”

လီမူရွှယ်က မသိမသာ မပျော်မရွှင်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ဟီးဟီးဟီး ယောက်ျားနှစ်ယောက်လုံးက တုံးတာကိုး၊ ငါ အစက နင့်အတွက် တကယ် လက်စားချေချင်တာပါ၊ ဒါပေမဲ့ အဲ့ကောင်က တော်လွန်းနေတယ်လေ၊ အင်း … နောက်မှပဲ ငါ တစ်ခုခု ကြံတော့မယ်၊ သွားရအောင် …”

ကျန်ကျောင်းသားများက အချင်းချင်း ကြည့်နေကြသည်။ အချိန်တစ်ခုကြာပြီးမှ သူတို့ အသိပြန်ဝင်လာ၏။

“ဘုရားရေ အရူးချူက လွယ်လွယ်နဲ့ ရှုံးသွားတာလား”

“ငါ အခုမှ မှတ်မိတယ်၊ အဲ့လူက သိုင်းလေ့ကျင့်ရေး နည်းပြကို အနိုင်ယူခဲ့တဲ့ ရက်စက်တဲ့လူပဲ”

“ချီးပဲ၊ သူဟ၊ လဝက်ကြာပြီးမှ သူ ပြန်လာတာပဲ”

…

ထိုအခိုက်တွင် ရဲ့လင်းချန်သည် အင်တာနက်ကဖေးသို့ ရောက်နေ၏။ သူသည် သီးသန့်ခန်းတစ်ခု ငှား၍ ကျွမ်းကျင်စွာဖြင့် တိုက်ရိုက်ထုတ်လွှင့်နေသည်။

သူ၏ စာပေကို ဖြန့်ချီမည့် နည်းလမ်းက တိုက်ရိုက်ထုတ်လွှင့်ခြင်းမှတစ်ဆင့် ဖြစ်လေသည်။ ဝတ္ထုရေးခြင်းက အလားအလာ ရှိသော်လည်း အချိန်ယူရသဖြင့် သက်ရောက်မှုက နှေးကွေးလွန်းသည်။ တိုက်ရိုက် ထုတ်လွှင့်ခြင်းက ယှဉ်မရအောင် လွယ်ကူမြန်ဆန်ပေသည်။

“တင် တင် တင်”

သူ လိုင်းပေါ်တက်သည်နှင့် ကိုးလ်က သူ့ထံ စာပို့လာ၏။

[ဝိုင်နတ်ဘုရား နောက်ဆုံးတော့ နင် လိုင်းပေါ်တက်လာပြီပဲ၊ နေကောင်း ရဲ့လား၊ ဂိမ်းမဆော့တော့ဘူးလား]

[ငါ မဆော့တော့ဘူး၊ ငါ အခြားတစ်ခုကို ထုတ်လွှင့်ဖို့ ပြင်နေတာ]

[တစ်ခြားဟာကို ထုတ်လွှင့်မယ် ဟုတ်လား၊ မလုပ်နဲ့၊ နင့်ဂိမ်းစွမ်းရည်က လိုင်းပေါ်မှာ ထိပ်တန်းပဲ၊ နင့်နည်းကို သုံးပြီး သင်နေကြတာ၊ နင်သာ ဂိမ်းကစားတာကို ဆက်ထုတ်လွှင့်နေရင် နင် သေချာပေါက် နာမည်ကျော်မှာပဲ]

[ငါ ဆုံးဖြတ်ပြီးသွားပြီ၊ ဂိမ်းကစားတာကိုတော့ ခဏလောက် ထားထားဦးမယ်]

ရဲ့လင်းချန်တွင် အခြားရွေးချယ်စရာ မရှိပေ။ တကယ်တမ်း ပြောရမည်ဆိုလျင် ဂိမ်းကစားခြင်းက သူ့အတွက် ဘာမှမဟုတ်ချေ။ ၎င်းက စိန်ခေါ်မှုမရှိတော့ပဲ၊ သူ၏ စိတ်ဝင်စားမှုက လျော့နည်းလာသည်။

[ဒါဆို နင် ဘာကို ထုတ်လွှင့်ဖို့ စဉ်းစားထားတာလဲ]

ကိုးလ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

[ပုံပြောမလို့]

[ပုံပြောမလို့ ဟုတ်လား]

ကိုးလ် နားဝေတိမ်တောင် ဖြစ်သွားသည်။

*ဒါ ပြဿနာ ရှာတာပဲ*

[ဝိုင်နတ်ဘုရား ငါ့စကားကို နားထောင်ပါ၊ အလျင်စလို မလုပ်နဲ့၊ တိုက်ရိုက် ထုတ်လွှင့်တာကနေ တစ်ခုခု လုပ်ဖို့ဆိုတာ အရမ်းခက်တယ်၊ နင့်ဂိမ်းထဲက ကျော်ကြားမှုက မကြာသေးခင်ကမှ တိုးလာတာ၊ သတိနဲ့ လုပ်ပါ]

ကိုးလ်က သူ့ကို အတတ်နိုင်ဆုံး အကြံပေးရန် ကြိုးစားသည်။

[ဒီလိုလုပ်ပါလား … ငါတို့ လူချင်းတွေ့ရင်ရော၊ ဒီကိစ္စကို အရင် ပြောရ အောင်လေ]

[မင်း စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုပါဘူး၊ ငါ အခု တိုက်ရိုက် ထုတ်လွှင့်ဖို့ အသင့်ဖြစ်နေပြီ]

….

All Chapters