တန်စီယု၏သတင်း
Vol. 92 Ch. 1366
ဆေးပညာရှင်အဖွဲ့အစည်းက အပြင်ဘက်နယ်မြေတွင် ဩဇာလွှမ်းမိုးမှုကြီးကြီးမားမားရှိသည်။ ချူးယွင်ဖန်းသာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးလုံလုံလောက်လောက်ပေးရန် ဆန္ဒရှိလျှင် လိုချင်သည့် ဆေးဘက်ဝင်အပင်များ ရနိုင်မည်ဖြစ်သည်။ ထို့အတွက် အားထုတ်ရန် သက်သာသွား၏။ သိုင်းပညာကျင့်ကြံခြင်းတွင် ကျင့်လည်နေကြသည့် အသိုင်းအဝိုင်းများသည် ဝိညာဉ်လောကကို တိုးတက်စေပြီး သိပ္ပံနှင့်ကိုယ်ခံပညာနှစ်မျိုးလုံးအသာပေးသော ဖက်ဒရယ်အဖွဲ့အစည်းထက် မနိမ့်ပေ။ အော်ဒါမှာပြီးနောက်တွင် ချူးယွင်ဖန်းက ဆေးပညာရှင်အဖွဲ့အစည်းမှပြန်လာသည်။ ထို့နောက်တွင် ယွင်ရှန်းတစ်ဝက်လောက်သွားပြီးခါမှ ယွင်ရှန်း၌ရှိသည့် နောက်ထပ်အဖွဲ့အစည်းတစ်ခုဖြစ်သော လျှို့ဝှက်ဆန်းကြယ်စံအိမ်ဆီသို့ ရောက်သွားသည်။
ထိုအဖွဲ့အစည်းသည် အပြင်ဘက်နယ်မြေတွင် ကျယ်ကျယ်ပြန့်ပြန့်တည်ရှိသောအဖွဲ့အစည်းဖြစ်သည်။ ချူးယွင်ဖန်းဝင်သွားသည်နှင့် တစ်ယောက်ရောက်လာပြီး မေးလာသည်။
"ဆရာ ဒီကို သတင်းဝယ်ဖို့လာတာလား မဟုတ်ရင် သတင်းရောင်းဖို့လာတာလား။"
ထိုသူက ချူးယွင်ဖန်းကို ရိုသေလေးစားသောအမူအရာဖြင့် မေးလိုက်သည်။ သူသည် ထိုနေရာတွင် ဧည့်ကြိုလုပ်လာသည်မှာ အတော်ကြာပြီဖြစ်ပြီး လူပေါင်းစုံကိုတွေ့ဖူးသည်။ အနက်ရောင်ဝတ်ထားသောလူငယ်သည် မရင်းနှီးသည့်ပုံပေါ်သော်လည်း သာမန်သာဖြစ်သည်။ ယွင်ရှန်းက ကြားနေမြို့တစ်မြို့ဖြစ်သည်။ လူမျိုးစုံဝင်လိုက်ထွက်လိုက်လုပ်ကြသည်က မဆန်းပေ။
"ကျုပ်က သတင်းဝယ်ချင်လို့ပါ။"
ချူးယွင်ဖန်းက ဖြေလိုက်သည်။
"ဘယ်လိုသတင်းမျိုးကို သိချင်တာလဲ။ လျှို့ဝှက်ဆန်းကြယ်စံအိမ်က ဒီလိုနေရာမျိုးမှာဆို ဒုတိယဆိုတာမရှိစေရဘူး။ ကျွန်တော်တို့က သေချာပေါက် သခင်လေးကို စိတ်မပျက်စေရပါဘူး။"
"တန်စီယုနဲ့ ကြယ်စင်ကိုးပါးအကြောင်း သိချင်လို့ပါ။"
ချူးယွင်ဖန်းက ပြောလိုက်၏။
ထိုသူက ထိုစကားနှစ်လုံးကို ကြားသည်နှင့် အမူအရာက ချက်ချင်းပြောင်းသွားသည်။ ထို့နောက်တွင် ထိုသူက ချက်ချင်းပြောလိုက်၏။
"သခင်လေး ကျွန်တော့်နောက်ကလိုက်ခဲ့ပါ။"
နှစ်ဦးသား ရှုပ်ယှက်ခတ်နေသောလူအုပ်ကိုဖြတ်ပြီး သီးသန့်အခန်းထဲသို့ ဝင်သွားကြသည်။ ဧည့်ကြိုက ချူးယွင်ဖန်း ခေတ္တနားရန် နေရာစီစဉ်ပေးပြီးနောက်တွင် ထွက်သွား၏။
မကြာခင်ပင် လူနှစ်ယောက် ရောက်လာသည်။ ချူးယွင်ဖန်း မော့ကြည့်လိုက်သောအခါတွင် လူကြီးတစ်ဦးနှင့်လူငယ်တစ်ဦးဖြစ်သည်။ ရှေ့မှဝင်လာသောလူကြီးက အရပ်အလယ်အလတ်ရှိပြီး အဝတ်အစားတောက်ပစွာဝတ်စားထားကာ နောက်မှလူငယ်လေးက အသက်သုံးသယ်ကျော်ခန့်ရှိပြီဖြစ်သည်။
"မင်းကို ဘယ်လိုခေါ်ရမလဲ။"
လူကြီးက ချူးယွင်ဖန်းကို ကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။
"ကျုပ်က ကျန်းဝူချန်းပါ။"
ချူးယွင်ဖန်းက ဖြေလိုက်သည်။
လူကြီးက လူငယ်ကိုကြည့်လိုက်သောအခါတွင် လူငယ်က တစ်ခုခုကိုပြောချင်သည့်ဟန်ဖြင့် အသာခေါင်းခါပြလိုက်သည်။ လူကြီး၏ချက်ချင်းပင် အမူအရာပြောင်းသွားပြီး ပြောလိုက်လေသည်။
"နှုတ်ဆက်ပါတယ် ကျန်းဝူချန်း။ ကျုပ်က လျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့အကြီးအကဲ ကျူလီလွမ်ပါ။ ဒီတစ်ယောက်က ကျုပ်တပည့် ဝမ်ချောင်ပါ။"
ပြောပြီးနောက်တွင် ကျူလီလွမ်က ထိုင်လိုက်သည်။ ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်မိသည်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်အကြောင်းကို များများစားစားသိမထားသော်လည်း အကြီးအကဲတစ်ယောက်ဆိုသည်က အဖွဲ့တစ်ဖွဲ့၏ရာထူးမြင့်မှန်း သိသာပေသည်။ ယခုတွင် သူ့အတွက် အကြီးအကဲကပင် ကိုယ်တိုင်ရောက်လာပေးသည်။ ထို့ကြောင့် အနည်းငယ်ထူးဆန်းနေသည်ဟု ချူးယွင်ဖန်း ထင်မိသည်။
"စောနက ဧည့်ကြိုလေးဆီက ဒီကသခင်လေးက တန်စီယုနဲ့ ကြယ်စင်ကိုးပါးအကြောင်း သိချင်နေတယ်လို့ကြားခဲ့တယ်။"
ကျူလီလွမ်က ပြောလိုက်သည်။
"ဟုတ်ပါတယ်။ အချက်အလက်အားလုံးသိချင်တာပါ။ ဒီကိစ္စရဲ့အစကနေ အဆုံးအထိသိချင်တာ။"
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်၏။
"ရပါတယ်။ ဒါပေမဲ့လို့ ကြေးကတော့ နည်းနည်းကြီးတယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးငါးသိန်းကျသင့်ပါတယ်။ ကြယ်စင်ကိုးပါးနဲ့ပတ်သက်တဲ့သတင်းဖြစ်နေလို့ပါပဲ။"
ကျူလီလွမ်က ရှင်းပြလိုက်၏။ ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် နေရာအနှံ့မှရလသောသတင်းပေါင်းစုံကို ရောင်းနေသောနေရာဖြစ်သောကြောင့် သေချာပေါက်ရိုးသားသည့်သူများ မဟုတ်နိုင်ပေ။ သို့သော်ငြားလည်း ဝိညာဉ်ကျောက်တုံးငါးသိန်းဖြင့် အလွယ်လေးသတင်းရနိုင်သည်ကို သိသောအခါတွင် သက်ပြင်းချလိုက်မိသည်။ အချက်အလက်များရောင်းချခြင်းက အကျိုးအမြတ်များလွန်းလှ၏။
ကျူလီလွမ်က ချူးယွင်ဖန်းဘက်မှ သဘောတူလိမ့်မည်မဟုတ်ဟု ထင်သဖြင့် အံ့ဩစွာဖြင့် ကြည့်လိုက်မိသည်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးငါးသိန်းက နည်းလှသည့်ပမာဏမဟုတ်ပေ။ သတင်းများ၏အရေးပါမှုပေါ်က လူပေါ်လိုက်၍ပြောင်းလဲနေသည်။ သက်ဆိုင်သောသူများအတွက် တန်ဖိုးမရှိသော်လည်း မသက်ဆိုင်သောသူများအတွက်မူ တန်ဖိုးမဖြတ်နိုင်ပေ။
လျှို့ဝှက်ဆန်းကြယ်စံအိမ်က ထိုလုပ်ငန်းကို လုပ်ကိုင်နေခြင်းဖြစ်သည်။ သတင်းအလိုအပ်ဆုံးသောသူများကို အကိုက်ညီဆုံးသောသတင်းများ ရောင်းပေးသည်။ တန်ဖိုးကမြင့်မားလွန်းသဖြင့် အကြီးအကဲကိုယ်တိုင်လာရောက်ခြင်းဖြစ်ပေသည်။ ချူးယွင်ဖန်းက တောင်းဆိုပြီးသည်နှင့် သူ့ထံသို့ အချက်အလက်များ အမြန်ပင် ရောက်လာသည်။
ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းမရှိဘဲဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးငါးသိန်းကို ချက်ချင်းထုတ်ပေးလိုက်သည်။ လက်ရှိကြွယ်ဝချမ်းသာမှုဖြင့်ဆိုလျှင် ထိုပမာဏက ဘာမှမဟုတ်ပေ။ ဝိညာဉ်ကျောက်တုံးအများစုကို တောတောင်မြစ်ချောင်းပန်းချီကားထဲရှိ ဗြဟ္မသစ်ပင်ကို ရေလောင်းရန် သုံးထားရသော်လည်း ကျန်နေသေးသောပမာဏက သာမန်သူများတတ်နိုင်သည့်ပမာဏမျိုးဟုတ်မနေပေ။
လမ်းတစ်လျှောက်တွင် အဆင့်မြင့်များကို သတ်လာခဲ့သည်။ အများစု၏ ချန်ခွင်းအိတ်နှင့်ချန်ခွင်းလက်စွပ်တို့ကို ချူးယွင်ဖန်းက သိမ်းလာသဖြင့် လက်ထဲ၌ ပိုင်ဆိုင်မှုများစွာရှိသည်။ လက်ရှိချမ်းသာမှုအပြင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသန်းချီပိုင်ဆိုင်ထားသည်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သိန်းသည် ချူးယွင်ဖန်းအတွက်မူ သမုဒ္ဒရာထဲသို့ ကျသွားသောရေစက်တစ်စက်မျှသာဖြစ်သည်။
ချူးယွင်ဖန်းက ငွေပေးချေလိုက်သည်ကို မြင်ရသောအခါ၌ ကျူလီလွမ်က ပြောလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ်စံအိမ်ကရထားတဲ့သတင်းအရသာဆိုရင် လွန်ခဲ့တဲ့တစ်နှစ်လောက်က အပြင်ဘက်နယ်မြေမှာ တန်စီယုပေါ်လာခဲ့တယ်။ အဲ့ကတည်းက သူနဲ့ပတ်သက်တဲ့ဘာသတင်းမှမရတော့ဘူး။"
ကျူလီလွမ်က ပြောရင်းဖြင့် ချူယွင်ဖန်းကို ကြည့်လိုက်သည်။
တန်စီယုနှင့် ချူးယွင်ဖန်းက အတူတူပင်ဖြစ်သည်။ တပည့်ဖြစ်သူ ဝမ်ချောင်ကို မေးကြည့်သော်လည်း ဝမ်ချောင်က ထိုသူကို တစ်ခါမှမမြင်ဖူးဘူးဟု ဖြေသည်။ တပည့်ဖြစ်သူ၌ ထူးခြားသည့် ပုံကိုချက်ချင်းမှတ်မိနိုင်သည့်မှတ်ဉာဏ်မျိုးရှိသည်။ သတင်းကိုဖတ်လိုက်သည်နှင့် တန်းမှတ်မိကာ မမေ့တော့ပေ။ ထိုသို့မဟုတ်လျှင် ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ သူသည် ချူးယွင်ဖန်းကို လုံးဝမမြင်ဖူးခြင်းသာ ဖြစ်မည်။
ချူးယွင်ဖန်း၏အာဏာကို သုံးသပ်ကြည့်ရင်းဖြင့် ထိုသူက သာမန်သူမဟုတ်နိုင်ဟု ထင်မိသည်။ သို့သော်လည်း နောကခံမရှိသောတန်စီယုအကြောင်း တွေးမိသောအခါ၌ ရုတ်တရက်ပင် လှည့်စားချင်မိသွားသည်။
ထို့နောက်တွင်မူ ကျူလီလွမ်က လျှို့ဝှက်ဆန်းကြယ်စံအိမ်ရထားသောသတင်းများကို ပြောပြသည်။ မတော်တဆဖြစ်ခဲ့သည်က လွန်ခဲ့သောတစ်နှစ်ခန့်ကဖြစ်သည်။ ချူးယွင်ဖန်းနှင့်လမ်းခွဲပြီးနောက်တွင် တန်စီယုက အပြင်ဘက်နယ်မြေများသို့ရောက်လာသည်။ သူမ၏လှပသောအသွင်အပြင်နှင့် တုန်လှုပ်စရာကောင်းသောစွမ်းအားကြောင့် အမြန်ဆိုသလိုပင် ယွင်ရှန်း၌ အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။ ထိုသို့စွမ်းအားကြီးပြီး လှပသောသိုင်းသမလေးက ရှားပါးလွန်းလေသည်။
သူမက ယွင်ရှန်းကအဆင့်မြင့်များကို နိုင်ခဲ့ပြီး ဂုဏ်သတင်းက ပို၍ပျံ့သွားသည်။ ကျော်ကြားလာသည်နှင့်အမျှ ကြယ်စင်ကိုးပါးကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ တိကျစွာဆိုရလျှင် ကြယ်စင်ကိုးပါး၏ သခင်ငယ် ယဲ့ထျန်းနန်ကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ယဲ့ထျန်းနန်က တန်စီယုကို လက်ထပ်ချင်သော်လည်း မိန်းကလေးက ငြင်းလိုက်၏။ ယဲ့ထျန်းနန်က စိတ်တိုလွန်းသဖြင့် ကျောင်း၏သခင်များကို သူမအားဖမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း တန်စီယုက ဦးစွာသတိထားမိပြီး ရှောင်တိမ်းခဲ့လေသည်။ နောက်ပိုင်းတွင် တန်စီယုနောက်သို့ ကြယ်စင်ကိုးပါးက အခေါက်ပေါင်းမနည်းလိုက်နေတော့၏။ လတ်တလောရထားသောသတင်းအရဆိုလျှင် တန်စီယုက ရွှေအမတေအဆင့်သို့ တက်လှမ်းသွားပြီး သူမနောက်လိုက်နေသော ကြယ်စင်ကိုးပါး၏အကြီးအကဲတစ်ဦးကို သတ်ပစ်လိုက်သည်ဟု ဆိုပေသည်။