ကြယ်စင်ကိုးပါးကျွမ်းကျင်သူအဖွဲ့တော့ သုတ်သင်ခံလိုက်ရပြီ
Vol. 92 Ch. 1369
ကြားထားသောသတင်းက မည်သည်ပင်ဖြစ်ပါစေ၊ နတ်စွမ်းအားအဆင့်ကျင့်ကြံသူတစ်ယောက်သည် သူ့အား မည်သို့မျှ ခြိမ်းခြောက်မှု မပြုလုပ်နိုင်ပေ။ လူတိုင်းသည် နတ်စွမ်းအားအဆင့်နှင့် ရွှေအမတေအဆင့်ကြားက ကြီးမားသောကွာခြားချက်ကို သိရှိကြသည်။
“မင်းက ငါ့နာမည်ကိုတောင် သိတာပဲ။ လျှို့ဝှက်ဆန်းကြယ်စံအိမ်က ငါ့ကို သစ္စာဖောက်လိုက်တာလား” ချူးယွင်ဖန်းက နှာခေါင်းရှုံ့လိုက်၏။ သူက ချက်ချင်းပင် ဖြစ်နိုင်သည်များကို စဥ်းစားမိသွားသည်။
သူသာ သူ၏မူလရုပ်သွင်ဖြင့် ထွက်ပေါ်ခဲ့ပါက တစ်ယောက်ယောက်က သူ့ကိုမှတ်မိသွားလည်း ကြီးမားသည့်ကိစ္စမဟုတ်ပေ။ သို့သော်လည်း သူသရုပ်မှန်ကို ဖုံးကွယ်ထားရမည်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် ကြယ်စင်ကိုးပါးကလည်း သူ့ကို လိုက်ရှာနေကြသည်။ ထို့အပြင် သူက လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ကြယ်စင်ကိုးပါးနှင့်တန်စီယုအကြောင်း ဤနေ့အတွင်း မေးရန်လိုအပ်၏။
လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် သူ့အကြောင်းသတင်းကို ရောင်းစားလိုက်ပြီမှန်း ထူးထူးထွေထွေခန့်မှန်းစရာမလို။
ရွှီရှစ်ကျဲသည် ချူးယွင်ဖန်း အသံတိုးတိုးနှင့်ပြောသော စကားကို မကြားပေ။ သူက ပြောလိုက်သည်။ “မင်းနဲ့ အဲဒီသောက်တန်စီယုက ဘယ်လိုပတ်သက်လဲ”
ချူးယွင်ဖန်းက “သောက်” ဆိုသောစကားကို ကြားသည်နှင့် သူ့မျက်လုံးများထက် စူးရှပြင်းပြသည့် သတ်ချင်စိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
“သခင်လေးက အဲဒီသောက်တန်စီယုအကြောင်း သိချင်နေတာ၊ အဲဒါကြောင့် မင်းငါနဲ့ လိမ်လိမ်မာမာလိုက်ခဲ့ရင် ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် မယဥ်ကျေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့” ရွှီရှစ်ကျဲက ခြိမ်းခြောက်လိုက်သည်။ သူက ချူးယွင်ဖန်းကို သူ့မျက်လုံးထဲပင် မထည့်ချေ။
“ရွှီရှစ်ကျဲ.....ကြယ်စင်ကိုးပါးရဲ့အကြီးအကဲလား”
ချူးယွင်ဖန်းက ရွှီရှစ်ကျဲကို သရော်ကြည့်ကြည့်လိုက်ကာ ပြောလိုက်သည်။ “ငါကြားတာတော့ မင်းက တန်စီယုနောက်လိုက်တာမှာ ပါခဲ့တယ်ဆို”
ချူးယွင်ဖန်းက လျှို့ဝှက်ဆန်းကြယ်စံအိမ်မှပေးသော သတင်းများထဲမှ ဤအကြောင်းကို ဖတ်ပြီးသားဖြစ်၏။
“ငါပဲ”
ရွှီရှစ်ကျဲက ပြောလျက် အေးစက်စက်ပြုံးလိုက်သည်။ သူက ချူးယွင်ဖန်း၏မျက်လုံးများထဲမှ လူသတ်ချင်သည့်အရိပ်အယောင်များကို မြင်ရသော်လည်း ဂရုမစိုက်ပေ။ ချူးယွင်ဖန်းသည် နတ်စွမ်းအားကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ သူမည်မျှပင်ဒေါသထွက်နေပါစေ သူကောင်းကင်ကို ကျွမ်းထိုးမှောက်ခုံလုပ်နိုင်ပါ့မလား....
ဤသည်ကို တွေးမိသည်နှင့် ရွှီရှစ်ကျဲ၏နှုတ်ခမ်းများသည် အထင်အမြင်သေးသောအပြုံးများအဖြစ် ကွေးတက်နေခဲ့သည်။
“ဒီလိုဆိုမှတော့၊ မင်းသေလိုက်တော့ပေါ့” ချူးယွင်ဖန်းက အေးစက်စက်ပြောလိုက်၏။
“ဘာ”
ရွှီရှစ်ကျဲက ချူးယွင်ဖန်း၏ဆိုလိုရင်းကို နားလည်ပုံမပေါ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချူးယွင်ဖန်းက ကောင်းကင်ပေါ်မှ ခုန်ဆင်းလာကာ ရွှီရှစ်ကျဲရှေ့ ရောက်လာခဲ့သည်။
ရွှမ်း.........
ချူးယွင်ဖန်း၏လက်မောင်းကို စွမ်းအားပြင်းသောလျှပ်စစ်အခွေတစ်ခုက ရစ်ပတ်ထားခဲ့၏။ မိုးကြိုးပစ်သံထောင်သောင်းပေါင်းများစွာအရှိန်တစ်ခုနှင့် သူက ရွှီရှစ်ကျဲ၏ရင်ဘတ်ကို ဆုတ်ဖြဲခဲ့သည်။
ဝေါ.......
ရွှီရှစ်ကျဲက ပါးစပ်အပြည့်သွေးတစ်ပွက် အန်ချလိုက်၏။ သူ့မျက်လုံးများက သူ့ကို ချူးယွင်ဖန်းက တစ်ချက်တည်းဖြင့် သတ်နိုင်ခြင်းကို မယုံကြည်နိုင်စွာ ပြူးကျယ်လျက်။ သူသည် အမတေမဲ့အဆင့်ကို ဝင်ရောက်ပြီးသားဖြစ်သည့် သိုင်းသမားတစ်ယောက်ဖြစ်သည်။
ဤသည်ကိုတွေးမိလိုက်သည်နှင့် အစပိုင်း၌ တစ်ခုခုမှားယွင်းနေမှန်း သူအဘယ်ကြောင့်ခံစားရသည်ကို အဆုံး၌ နားလည်သွားခဲ့၏။ သူသည် အမတေတစ်ယောက်သာဖြစ်ပြီး ခြေလှမ်းတစ်ဝက်အမတေအဆင့် အများအပြားလည်းရှိလေသည်။ သို့သော်လည်း သူ့မျက်လုံးထဲတွင် သာမန်နတ်စွမ်းအားအဆင့်ကျင့်ကြံသူသာ ဖြစ်သည့် ချူးယွင်ဖန်းသည် အနည်းဆုံးကြောက်ရွံ့မနေပေ။
“မင်းဘာလို့ ဒီလောက်တောင်မြန်ရတာလဲ”
ရွှီရှစ်ကျဲက မယုံနိုင်စွာ ပြောလိုက်သည်။ သို့သော် ယင်းက နောက်ကျသွားပြီဖြစ်၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားသည် ပျောက်ကွယ်သွားခဲ့သည်။
တိတ်တဆိတ်သေဆုံးသွားခဲ့ပြီ။
ကြယ်စင်ကိုးပါး၏ကျွမ်းကျင်သူများသာမက သူတို့၏စွမ်းအားပြိုင်ပွဲကို ကြည့်နေကြသော ယွင်ရှန်းမြို့၏ကျွမ်းကျင်သူများသည်လည်း အလုံးစုံမှင်သက်သွားခဲ့ကြသည်။
ချူးယွင်ဖန်းက အရမ်းမြန်တာပဲ....
နောက်ဆုံးတွင် သူတို့မျက်မြင်ကိုယ်တွေ့ နားလည်ခဲ့ကြသည်က သိုင်းလောကတွင် အနိုင်မယူနိုင်သည့် တစ်ခုတည်းသောအရာမှာ အရှိန်ဖြစ်ခြင်းပင်။ သူသည် တက်သစ်စအမတေမဲ့အဆင့်ရှိသည့် ရွှီရှစ်ကျဲကို အားထုတ်စရာမလိုဘဲ သတ်ပစ်ခဲ့သည်။ သူသည် ရွှီရှစ်ကျဲ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်ဖောက်ပေးခဲ့ပြီး သူ၏အတွင်းအင်္ဂါများကို တခဏချင်း ပိုင်းဖြတ်ခဲ့၏။
ချူးယွင်ဖန်းက ရွှီရှစ်ကျဲ၏ခန္ဓာကိုယ်ကို တောတောင်မြစ်ချောင်းပန်းချီကားထဲသို့ ပစ်ထည့်ပြီးနောက် သူက အခြားသောကြယ်စင်ကိုးပါးကျွမ်းကျင်သူများကို အေးစက်စက်စိုက်ကြည့်ခဲ့သည်။ သူတို့က ချူးယွင်ဖန်း၏အကြည့်ကြောင့် သူတို့ကို ရိုင်းစိုင်းသည့်သားရဲတစ်ကောင်က ကြည့်သည့်အလား ချက်ချင်းပင် ကြောက်လန့်ကုန်ကြ၏။ သူတို့က ချက်ချင်းပင် တုန်လှုပ်လာကြသည်။
သူတို့က အချင်းချင်းပင် တိုင်ပင်မနေ။ ရွှီရှစ်ကျဲအတွက် လက်စားချေပေခြင်းကိုအာရုံမစိုက်တော့ဘဲ အလိုလိုထွက်ပြေးကုန်ကြသည်။ ဟာသပဲ၊ ရွှီရှစ်ကျဲလို စွမ်းအားကြီးကျွမ်းကျင်သူတောင် ချူးယွင်ဖန်းလက်ထဲ သေသွားရင်၊ သူတို့က ဘာလုပ်တော့မလဲ.....
“မင်းတို့က ပြေးချင်တာလား၊ ဒီနေ့ဘယ်သူမှ ထွက်သွားလို့မရဘူး”
ချူးယွင်ဖန်းက သူ့လက်မောင်းကို မြင့်မြင့်မြှောက်လိုက်၏။ သူ၏ပတ်လည်တွင် အချက်၂၀ထက်မကသော မိုးကြိုးဓားများထွက်ပေါ်လာပြီး သုတ်ခြေတင်ထွက်ပြေးနေကြသော ကြယ်စင်ကိုးပါးကျွမ်းကျင်သူများထံ စိုက်ကုန်ကြသည်။
ဆွစ်...ဆွစ်..ဆွစ်...
တွန့်ဆုတ်ခြင်းမရှိဘဲ ချူးယွင်ဖန်းပစ်လွှတ်လိုက်သော မိုးကြိုးဓားများသည် သူတို့ကို အလွယ်တကူသတ်ပစ်လိုက်ကြ၏။ အရင်က မောက်မာထောင်လွှားခဲ့ကြသော ကြယ်စင်ကိုးပါးအုပ်စုသည် ချူးယွင်ဖန်း၏လက်ထဲတွင် သေကုန်ကြသည်။
သူတို့တွင် ပြန်လည်တုံ့ပြန်နိုင်သည့် အစွမ်းအနည်းငယ်မျှပင်မရှိခဲ့။
ယွင်ရှန်း၏ အမျိုးမျိုးသောအင်အားစုများမှာ အံ့အားသင့်ကုန်ကြသည်။ ယွင်ရှန်းမှာ ဘယ်တုန်းကများ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုတစ်ခုပေါ်လာရတာတုန်း?နတ်စွမ်းအားအဆင့်နှင့် ခြေလှမ်းတစ်ဝက်အမတေအဆင့်တွေလည်း ထားပါဦး၊ ရွှေအမတေအဆင့်ရောက်နေတဲ့ ရွှီရှစ်ကျဲတောင် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပြီ........
ရွှီရှစ်ကျဲ၏ အောင်မြင်မှုအတော်များများကို သိရှိခဲ့သောဆရာများပင် အလုံးစုံအံ့အားသင့်ကုန်ကြသည်။ ရွှီရှစ်ကျဲသည် ကြယ်စင်ကိုးပါးအတွက် တိုက်ခိုက်ခဲ့ပြီး ကြီးမားသောဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့၏။ သို့သော်လည်း အနှီလူသတ်နတ်ဘုရားအား ချူးယွင်ဖန်းမှ တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။
“ကျန်းဝူချန်းက ဘယ်လောင်တောင် စွမ်းအားကြီးလိုက်လဲ”
“ဒီလူက အမတေအဆင့်ရောက်နေပြီနေမှာ၊ ဘာကို နတ်စွမ်းအားအဆင့်လဲ”
“အရမ်းကြောက်စရာကောင်းလိုက်တာ။ ကျန်းဝူချန်းက ကြယ်စင်ကိုးပါးကို ဆန့်ကျင်တာ မကြောက်ဖူးလားမသိဘူး။ ကြယ်စင်ကိုးပါးက ဒီကိစ္စကို လုံးဝဒီတိုင်းထားမှာမဟုတ်ဘူး”
လူတိုင်းက လှုပ်လှုပ်ရှားရှားဆွေးနွေးကုန်ကြ၏၊ သို့သော်လည်း သူတို့မျက်လုံးထဲမှ ကြောက်ရွံ့မှုမှာ လုံးဝလျော့မသွား။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်း၏ တစ်ချက်တည်းဖြင့် ရွှီရှစ်ကျဲကို သတ်ခြင်းသည် အလွန်တရာရိုးစင်းလှသောကိစ္စဖြစ်ကြောင်း သူတို့သိသောကြောင့်ပင်၊ သို့သော်လည်း လက်တွေ့တွင် ဤသို့မဆိုနိုင်။ သိုင်းလောကတွင် အရှိန်သည် မဖြိုခွင်းနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။ ရိုးရှင်းပုံပေါ်သော်လည်း လက်တွေ့တွင် လူအနည်းငယ်သာ ယင်းကို လုပ်နိုင်ပေ၏။
အမှန်တကယ်အံ့အားသင့်သွားသောသူများမှာ ကျူးလီလွမ်နှင့် ဝမ်ချောင်တို့ဖြစ်သည်။ သူတို့က နေ့လည်ကမှ ကြယ်စင်ကိုးပါး၏သတင်းကို ချူးယွင်ဖန်းဆီရောင်းခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာပင် ကြယ်စင်ကိုးပါးကိုလည်း သူတို့က ချူးယွင်ဖန်း၏သတင်းကို ရောင်းခဲ့သည်။
အစပိုင်းတွင် ကျူးလီလွမ်က ၎င်းအကြောင်း နည်းနည်းမှမတွေးမိ။ မည်သို့ပင်ဖြစ်စေ လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် သူတို့တွင်ရှိသော မည်သည့်သတင်းအချက်အလက်ကိုမဆို တစ်ဖက်လူက ငွေပေးချင်နေသရွေ့ ရောင်းခွင့်ရှိ၏။ အတိတ်တွင် နှစ်ဖက်စလုံးကို သတင်းရောင်းပေးခြင်းသည် သူတို့အတွက် ပုံမှန်ဖြစ်ခဲ့သည်။ လူအများက ဒေါသထွက်လျှင်တောင် သူတို့က လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို မည်သည်မျှမလုပ်နိုင်ပေ။ ယင်းကြောင့်ပင် သူက ချူးယွင်ဖန်းကို တွန့်ဆုတ်ခြင်းမရှိဘဲ ရောင်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ချူးယွင်ဖန်းသည် ရွှီရှစ်ကျဲကို အလွယ်တကူသတ်ပစ်ခြင်းကို မြင်သည်နှင့် သူက ယင်းကိစ္စကို ချက်ချင်းပင် စတင်နောင်တရလာခဲ့၏။ ဤတစ်ချက်သည် သာမန်လူများအတွက် အသုံးဝင်သော်လည်း ချူးယွင်ဖန်းကဲ့သို့ စွမ်းအားကြီးတည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ရသောအခါ သူရုတ်တရက်ကြီး နောင်တအနည်းငယ်ကို ခံစားလာရသည်။
သို့သော်လည်း သူ့ကို ပိုပြီး ကြောက်စေသည်က ချူးယွင်ဖန်းသည် ရွှီရှစ်ကျဲကို သတ်ပြီးနောက် အခြားလူများကိုပါ သတ်ပစ်ခြင်းပင်။
“သူဒီကို လာနေပြီ” ဝမ်ချောင်က ကြောက်လန့်နေသည့်မျက်နှာဖြင့် ပြောလာခဲ့သည်။
“မင်းသာ အမှားတစ်ခုခုမလုပ်ထားဘူးဆိုရင် မင်းရဲ့အိမ်တံခါးကို ညသန်းခေါင်ကြီး သရဲက တံခါးလာခေါက်မှာကို မင်းမကြောက်ဘူး” ဆိုသည့် ဆိုရိုးအရ သူတို့သည်လည်း အမှားတစ်ခုမှ လုပ်မထားပေ။