မြို့တစ်ခုလုံးတုန်သွားချေပြီ
Vol. 92 Ch. 1372
ဤသည်ကိုတွေးမိသည်နှင့် ရှုံဟွမ်ယီသည် တွန့်ဆုတ်မနေနိုင်တော့။ ယခုတွင် ချူးယွင်ဖန်းသည် သူ့လက်ကို ဖိအားပေးနေခဲ့ကာ သူ့တွင် ရွေးချယ်စရာမရှိပေ။
ချူးယွင်ဖန်း၏စကားလုံးများသည် အလိမ်အညာတစ်ခုမဟုတ်မှန်း သူခံစားရပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ချူးယွင်ဖန်းသည် အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်စံအိမ်တစ်ခုလုံးကို ဖျက်ဆီးချင်နေခဲ့၏။
ဟွမ်ရှုံယီသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ကျူးလီလွမ်နှင့်ဝမ်ချောင်သည် ချက်ချင်းဆိုသလို စွမ်းအားကြီးသော စုပ်ယူအားတစ်ခုကို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်စလုံးသည် စောင့်ကြည့်နေသည့်မျက်လုံးများအောက်၌ လေထုအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရ၏။ ထို့နောက် ဟွမ်ရှုံယီက သူ့သွားများကိုကြိတ်ကာ စကားလုံးတစ်လုံးချင်းစီ ထုတ်ပြောလာခဲ့သည်။
“ကျူးလီလွမ်နဲ့ ဝမ်ချောင်က လျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ခွင့်ပြုချက်မရှိ သတင်းရောင်းစားခဲ့တယ်။ ယွင်ရှန်း လျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့ သခင်တစ်ယောက်အနေနဲ့ ငါက ဒီနေ့သူတို့နှစ်ယောက်ကို သေဒဏ်ပေးရမယ်!”
ကျူးလီလွမ်နှင့်ဝမ်ချောင်သည် ဟွမ်ရှုံယီ၏စကားများကြောင့် ထိတ်လန့်သွားကြသည်။ သူတို့ကို ဟွမ်ရှုံယီက ဤကဲ့သို့ သစ္စာဖောက်မည်မှန်း ဘယ်တုန်းကမှ မတွေးမိခဲ့။ လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ ဂုဏ်သတင်းကြောင့် ချူးယွင်ဖန်း ကြောက်လန့်သွားမည်ဟု သူတို့ထင်ခဲ့သည်။ ဤကဲ့သို့သောအရာမျိုး သူတို့လုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်သည့်အပြင် ယင်းကဲ့သို့အကျိုးရလဒ်မျိုးကို ဘယ်တုန်းကမှ မရင်ဆိုင်ခဲ့ဖူးပေ။
သူတို့သည် ဤတစ်ကြိမ်၌ ပဆုပ်ပနကောင်၏အသိုက်ကို အမှန်တကယ်ကန်ခဲ့မိမှန်း နားလည်လာသည်။
အရင်က နစ်နာသူများသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို မည်သည်မှမပြုလုပ်နိုင်သောကြောင့် သူတို့ဒေါသများကို မြိုချထားရုံသာ တတ်နိုင်ခဲ့၏။ သို့သော်လည်း ချူးယွင်ဖန်းသည် မတူပေ။ သူသည် အသေးငယ်ဆုံးသောနစ်နာမှုလေးအတွက်ပင် လက်စားပြန်ချေမည်ဖြစ်ပြီး ယင်းအတွက်လည်း ပြန်ပေးဆပ်ခိုင်းရန် အင်အားရှိပေသည်။
ဤသည်ကို နားလည်ပြီးနောက် သူတို့နှစ်ယောက်သည် ချက်ချင်း ဖြူဖျော့လာခဲ့၏။ သူတို့အယုံကြည်ဆုံးဖြစ်သော လျှို့ဝှက်ဆန်းကြယ်စံအိမ်၏သခင်ပင် သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဖမ်းချင်နေပြီး အမှုခွင်ထဲဆွဲသွင်းချင်နေသည်။
“သခင်ကြီးဟွမ်၊ ကျွန်တော်က အပြစ်ကင်းပါတယ် ! ကျွန်တော့်သခင် လုပ်ခိုင်းလို့လုပ်ရတာပါ ! ကျွန်တော် တစ်ပြားမှ မရခဲ့ပါဘူး။ သူပဲ အကုန်ယူသွားတာပါ”
ဝမ်ချောင်က ချက်ချင်းဆိုသလို ကျူးလီလွမ်ကို သစ္စာဖောက်လာ၏။
“မင်းကောက်ကျစ်လိုက်တဲ့တပည့်”
မှန်၏၊ ကျူးလီလွမ်မှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။ သစ်ပင်လဲလျှင် မျောက်အုပ်ကွဲသည် ကို သူကြားဖူးသော်လည်း လူတိုင်းဤကဲ့သို့ အလျင်အမြန်ကွဲသည်ကိုတော့ သူမကြားဖူး။ သို့သော်လည်း ဤအချိန်သည် ဒေါသထွက်ရမည့်အချိန်မဟုတ်မှန်း သူသဘောပေါက်ပေသည်။ သူက ဟွမ်ရှုံယီကို အလျင်အမြန်ပြောလာ၏။
“သခင်ကြီးဟွမ်၊ ဒါတွေအကုန်လုံးက နားလည်မှုလွဲတာပါ။ ကျွန်တော်က လျှို့ဝှက်ဆန်းကြယ်စံအိမ်အတွက် အကျိုးတွေအများကြီးဆောင်ပေးခဲ့ပါတယ်၊ သခင်ကြီးဟွမ်၊ ကျွန်တော့်ကို ဒီတစ်ကြိမ်လွှတ်ပေးပါခင်ဗျာ။ ကျွန်တော်မသိဘဲ ကျွန်တော့်တပည့်ကြည့် အကုန်လုပ်ခဲ့တာပါ”
ဟွမ်ရှုံယီက သူတို့ဆရာတပည့်အတွဲ အချင်းချင်း ဖော်ကောင်လုပ်ပြီး တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးအပြစ်တင်နေသည်ကို မြင်ခဲ့၏။ သူသည် ဒေါသထွက်လွန်း၍ ရယ်ခဲ့သည်။ သို့သော်လည်း သူ၏ဒဏ်ရာများကို ထိခိုက်မိသွားပြီး နာကျင်လာခဲ့၏။ သူသည် အထင်ကရဂိုဏ်းများအားလုံး၏ အမြင်ပြောင်းလဲသွားမှုကို ခံစားမိသွားပြီး အနှီလူနှစ်ယောက်မှာ လူတိုင်း၏ရှေ့၌ ဤကဲ့သို့သော ကိစ္စမျိုးပြုလုပ်ခဲ့ကြသည်။
ရှက်ဖို့ကောာင်းလိုက်တာ။ သူတို့က လျှို့ဝှက်ဆန်းကြယ်စံအိမ်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာပဲ။
ယင်းအခိုက်အတန့်၌ ဟွမ်ရှုံယီသည် နောင်တအတွက် ဆေးရှိပါစေ ဆုတောင်းနေမိခဲ့သည်။ သူသည် အနှီလူနှစ်ယောက်အား သူတို့ကိုယ်သူတို့အရှက်ခွဲခြင်းမှ ကာကွယ်ရန် သေတဲ့အထိညှစ်သတ်ပစ်ရလိမ့်မည်။
“ပါးစပ်ပိတ်ထားစမ်း၊ ငတုံးတွေ”
ဟွမ်ရှုံယီသည် ရှူးရှူးရှားရှားဖြစ်လျက်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး သူတို့နှစ်ယောက်ကို လေထုအလယ်၌ ချေမွခဲ့သည်။
သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း ကျူးလီလွမ်မှာ ခြေလှမ်းတစ်ဝက်အမတေသာဖြစ်ပြီး ဝမ်ချောင်မှာနတ်စွမ်းအားအဆင့်သာ ဖြစ်၏။ ဟွမ်ရှုံယီ၏ဒေါသကို မည်သူက ကြံ့ကြံ့ခံနိုင်ပါမည်နည်း။
ကျူးလီလွမ်နှင့်ဝမ်ချောင်တို့ကို သတ်ပြီးနောက် ဟွမ်ရှုံယီက ချူးယွင်ဖန်းဘက် လှည့်ကာ ပြောလိုက်သည်။
“ကျန်းဝူချန်း မင်းအခုကျေနပ်ပြီလား”
“ကျေနပ်တယ်။ အစောကတည်းက ဒီလိုဆို ပိုကောင်းတာပေါ့”
ချူးယွင်ဖန်းက ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်လိုက်၏။
“ဟမ့်” ဟွမ်ရှုံယီက ပြန်မလှည့်ခင် အေးစက်စက်နှာမှုတ်လိုက်ပြီး အားပြန်ဖြည့်ရန် လျှို့ဝှက်ဆန်းကြယ်စံအိမ်ထဲသို့ ပြန်ဝင်လိုက်သည်။
ချူးယွင်ဖန်းသည် လှည့်ပြန်ကာ တည်းခိုခန်းနောက်တစ်ခုအတွင်း ဆင်းသက်လိုက်၏။
ဤပြိုင်ပွဲသည် အဆုံးသတ်သို့ ရောက်ခဲ့ပြီ။ သို့သော်လည်း ယွင်ရှန်း၏လူများအတွက် ၎င်းက ပွဲအကြီးကြီးဖြစ်ခဲ့သည်။ ဒီရေမြင့်မြင့်သည် တစ်ခုထက်တစ်ခု ထွက်ပေါ်လာခဲ့၏။
ပထမဆုံးအနေဖြင့် ကြယ်စင်ကိုးပါး၏အဆင့်မြင့် ရွှီရှစ်ကျဲသည် မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့ပြီး ချူးယွင်ဖန်းက သူ့ကို တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။ ထို့နောက် နောက်ထပ်ပွဲကြီးပွဲကောင်းတစ်ခု စတင်ခဲ့၏။
ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို တိုက်ခိုက်ခဲ့သည်။ နှစ်ဘက်စလုံးကြားတွင် စကားလုံးအနည်းငယ်သာရှိသော်လည်း လူတိုင်းအတွက် သူတို့၏ပင်ကိုယ်သိစိတ်ဖြင့် အကြောင်းအရာတစ်ခုလုံး၏ဖြစ်စဥ်ကို ကောက်ချက်ချရန် မခက်ခဲပေ။
ချူးယွင်ဖန်းသည် ကြယ်စင်ကိုးပါးအကြောင်း သတင်းမေးရန် လာခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်စံအိမ်က ယင်းကိစ္စကို ကြယ်စင်ကိုးပါးထံ ပြန်ရောင်းခဲ့သည်။
ကောင်းလိုက်တဲ့အကြံ။
ပိုပြီးအံ့အားသင့်စရာကောင်းသည်က ချူးယွင်ဖန်းသည် ဤကဲ့သို့သောဆုံးရှုံးမှုကို ခံစားရလျှင်တောင် သူမြိုချရန်ပဲတတ်နိုင်သည်ဟု သူတို့တွေးခဲ့ကြ၏။ ချူးယွင်ဖန်းက စည်းစောင့်မှုမရှိဘဲ လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို တိုက်ခိုက်ကာ လျှို့ဝှက်ဆန်းကြယ်စံအိမ်၏သခင် ဟွမ်ရှုံယီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်လိမ့်မည်ဟု မည်သူကသိမည်နည်း။
ဤတိုက်ခိုက်မှုသည် အလွန်လျင်မြန်၏၊ မြန်လွန်း၍ လူအများစုက ယင်းကို ရှင်းရှင်းလင်းလင်းမမြင် သို့မဟုတ် တုံ့ပြန်မှုပင်မပေးနိုင်ခဲ့။
ဟွမ်ရှုံယီသည် ယွင်ရှန်းထဲတွင် တိုက်ခိုက်လေ့မရှိသော်လည်း အထင်ကရအကြီးအကဲပိုင်း စွမ်းအားရှင်အများအပြားက သူ့အကြောင်း အနည်းငယ်သိကြသည်။ သူသည် ယွင်ရှန်းတွင် ထူးချွန်သောအဆင့်မြင့်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူသည် ထိပ်တန်းလူအများစုထဲက တစ်ဦးဖြစ်ပေ၏။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်း၏ကြောက်မက်ဖွယ်ပုံရိပ်သည် တည်ဆောက်ပြီးသားဖြစ်သွားသည်။ သူသည် စွမ်းအားကြီးပြီး လက်စားချေလိုစိတ်ပြင်းထန်၏။ အဖွဲ့အစည်းနှင့်သူမနေချင်လျှင်တောင် သူရန်သူတော့ မဖွဲ့သင့်ပေ။ ဤသည်မှာ လူတိုင်းတစ်ချိန်လုံး တွေးမိသွားသောအချိန်ဖြစ်သည်။
ပိုပြီးမမျှော်လင့်ထားသည်က ချူးယွင်ဖန်း၏အကျပ်ကိုင်မှုအောက်တွင် အမြဲတမ်းအင်အားကြီးခဲ့သော လျှို့ဝှက်ဆန်းကြယ်စံအိမ်က ကျူးလီလွမ်နှင့်ဝမ်ချောင်ကို စီရင်လိုက်ခြင်းပင်။ သူ့နည်းလမ်းများ၏ ထင်သာမြင်သာရှိမှုက လူအများကို တိတ်တိတ်လေး ခြောက်ခြားစေခဲ့သည်။
သို့သော်လည်း ဤကိစ္စသည် သူတို့နှလုံးအိမ်ထဲတွင် နယူးကလိယဗုံးတစ်ခုပေါက်ကွဲနေသည့်အလား။
လျှို့ဝှက်ဆန်းကြယ်စံအိမ်က နောက်ဆုံးတော့ အရှုံးပေးလိုက်တယ်။
ဒါကြီးက မကြုံစဖူးပဲ။
အတိတ်၌ လူအများသည် ဆုံးရှုံးမှုများကို ခံစားခဲ့ရသော်လည်း မည်သူကမှ လျှို့ဝှက်ဆန်းကြယ်စံအိမ်အား ၎င်း၏အကြီးအကဲများနှင့်တပည့်များအား ရွေးချယ်စရာမရှိသတ်ရန် ဖိအားမပေးခဲ့ဖူး။ လူအတော်များများသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်က ကျန်းဝူချန်းနှင့် အနာဂတ်ထိ တိုက်ခိုက်ကြမည့်အကြောင်းကို တွေးမိသွားကြသည်။ သူတို့က သူ့ကို သတ်ရန် အဆင့်မြင့်အမြောက်အမြားကို သေချာပေါက် လွှတ်ကြတော့မည်။ မဟုတ်ပါက လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ ဂုဏ်သတင်းသည် လေနှင့်အတူ ပျက်ပြယ်သွားပေမည်။
သို့ရာတွင် ယခုလက်ရှိတွင်မူ လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို အညံ့ခံရန် ဖိအားပေးနိုင်သည့်သူမှာ ချူးယွင်ဖန်းတစ်ယောက်တည်းဖြစ်၏။ လျှို့ဝှက်ဆန်းကြယ်စံအိမ်တွင် အညံ့ခံရန် ရွေးချယ်စရာမရှိ၍ ဖြစ်စေ၊ အမှန်တကယ် သူ့ကို ကြောက်ရွံ့၍ဖြစ်စေ မည်သည့်နေရာကမှန်းမသိ ရုတ်တရက်ကြီးထွက်ပေါ်လာသော အနှီဓားသမားတစ်ယောက်သည် သူတို့မဆန့်ကျင်နိုင်သော လူများထဲမှတစ်ယောက်ဆိုသည်မှာ သေချာသလောက်ပင်။
“ကျန်းဝူချန်းက ဘယ်ဂိုဏ်းကတဲ့လဲ။ ငါတို့ဘာလို့ သဲလွန်စနည်းနည်းမှ မရတာလဲ”
လူအတော်များများ၏စိတ်ထဲသို့ အဆင့်မြင့်ဓားသမားအတော်များများ၏ နာမည်များ ဖြတ်ပြေးသွားသော်လည်း မည်သည့်လူကမှ သူတို့ရှေ့ကလူနှင့် ကိုက်ညီမှုမရှိ။ အရာအားလုံးက ကျောက်တုံးအက်ကွဲကြောင်းကြားမှ ထွက်လာသကဲ့သို့ပင်။ သူတို့သည် အနှီလူက ကျန်းဝူချန်းဖြစ်သည်ထက် ပိုမသိခဲ့။
ရုတ်တရက်ဆိုသလိုပင် အထင်ကရအင်အားစုအားလုံး စတင်လှုပ်ရှားကြကုန်သည်။ အင်အားစုအားလုံးက စတင်ပြီး ကျန်းဝူချန်းနှင့်ပတ်သက်သမျှ အရာအားလုံးကို စုံစမ်းစစ်ဆေးကြတော့၏။