← Chapters

ဆယ်ပေရှည်ဆယ်ပေကြီးသည့် မျက်နှာစိမ်းကြီး၊ အစွယ်များချူးယွင်ဖန်း

Vol. 92 Ch. 1373

ဆယ်ပေရှည်ဆယ်ပေကြီးသည့် မျက်နှာစိမ်းကြီး၊ အစွယ်များချူးယွင်ဖန်း

Vol. 92 Ch. 1373

ဟွမ်ရှုံယီသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်ထဲပြန်ရောက်ပြီးနောက် သူ့မျက်လုံးများသည် ကြောက်မက်ဖွယ်ရာအလင်းတစ်ခုဖြင့် လက်နေခဲ့သည်။ ယနေ့ကိစ္စသည် မနက်ဖြန်မနက်တွင် ယွင်ရှန်းတစ်ခုလုံးသို့ သေချာပေါက်ပြန့်လိမ့်မည်။ သူတို့ လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ ဂုဏ်သတင်းသည် အလုံးစုံပျက်ဆီးလိမ့်မည်။

ဤအဖြစ်အပျက်ကြောင့် ဤသည်မှာ သေချာသလောက်ပင်။ အင်အားစုအမျိုးမျိုးသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်အကြောင်း စတင်၍ ကသိကအောက် ခံစားလာရမည်။ မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်ဆန်းကြယ်စံအိမ်သည် သူတို့၏သတင်းများ ရောင်းစားနေသည်ကို သိသော်လည်း သူတို့တွင် သက်သေမရှိကြပေ။

သို့သော် အခြားသူက ဖမ်းမိသွားခြင်းက နောက်ထပ်ကိစ္စဖြစ်ပေသည်။ အခုကစပြီး လျှို့ဝှက်ဆန်းကြယ်စံအိမ်၏သိက္ခာသည် ထိုးကျသွားလောက်၏။

ယင်းအကြောင်းတွေးမိလျှင် ဟွမ်ရှုံယီ၏ရင်ဘတ်ထဲမှမီးများသည် ထတောက်လာခဲ့သည်။ သူသည်သာ အခြားသူများကို အမြဲတမ်းအထင်သေးခဲ့သူဖြစ်၏။ သူဘယ်တုန်းကမှ မတွေးမိသည်က တစ်နေ့တွင် သူ့ကို အခြားသူများက လုံးဝလျစ်လျူရှုလိုက်ခြင်းပင်။ ကျန်းဝူချန်းသည် လျှို့ဝှက်ဆန်းကြယ်စံအိမ်အတွက် ခြိမ်းခြောက်စရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း သူတပ်အပ်ပြောနိုင်သည်။ မဟုတ်ပါက သူကိုယ်တိုင်လည်း အန္တရာယ်ထဲ သေချာပေါက်ကျရောက်လိမ့်မည်။

ဤကိစ္စသည် မည်သူကကြည့်ကြည့် ရယ်ချင်စရာကောင်းသော်လည်း လျှို့ဝှက်ဆန်းကြယ်စံအိမ်၏သင်္ကေတသည် အခန်းကဏ္ဍတစ်ခုအဖြစ် အနည်းနှင့်အများ ပါဝင်ခဲ့သည်။ ကျန်းဝူချန်းသည် ကျူးလီလွမ်နှင့်ဝမ်ချောင်ကို ဒေါသထွက်ခဲ့၏။ နှစ်ဘက်စလုံးကို သတင်းရောင်းခဲ့သော်လည်း အနှီလူသည် ပစ်မှတ်ကိုသာကြည့်မည်ဟု သူတို့နှစ်ယောက်လုံးက အထင်လွဲမှားခဲ့ကြသည်။ သူတို့သာ ချူးယွင်ဖန်းသည် မည်မျှကြောက်စရာကောင်းမှန်းသိပါက သူတို့ဤကဲ့သို့ လက်လွတ်စပယ် ပြုလုပ်ရဲမည်မဟုတ်ပေ။

ဟွမ်ရှုံယီက သူ၏နတ်စွမ်းအားများကိုလှည့်ပတ်ပြီး သူ့ကိုယ်သူကုသနေခဲ့သော်လည်း သူ့စိတ်က အတွေးများဖြင့် ပြည့်နေခဲ့သည်။ ဒီလိုအဆင့်မြင့်တစ်ယောက်က လေထဲကနေ ဘယ်လိုလုပ်ထွက်လာတာလဲ?ကျန်းဝူချန်းက တန်စီယုနဲ့တူ၏။ သူကျန်းဝူချန်းအကြောင်း မည်သည်မှရှာမရ။

ဤသည်မှာ ပုံမှန်မဟုတ်ဆုံးအရာပင်။ လူတစ်ယောက်သည် ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့ကိုယ်သူတို့ နာမည်တစ်ခုပေးလိုက်လျှင်ပင် လျှို့ဝှက်ဆန်းကြယ်စံအိမ်က ချက်ချင်းဖော်ထုတ်နိုင်ပေသည်။ သူတို့ငယ်ရွယ်စဥ်က အကြောင်းအရာပင်ဖြစ်စေ ချွင်းချက်မရှိ။

သို့သော်လည်း အနှီလူနှစ်ယောက်မှာ ကျောက်တုံးထဲမှ ခုန်ထွက်လာပုံပေါ်သည်။ သူတို့လူအများရှေ့၌ ပထမဆုံးထွက်ပေါ်စဥ်မှာပဲ သူတို့နှစ်ယောက်စလုံးတွင် ခန့်မှန်း၍မရလောက်သောစွမ်းအားများ ရှိကြ၏။ တန်စီယုသည် စိတ်ပူစရာမဟုတ်။ သူမသည် ရင်သပ်ရှုမောဖွယ်ကောင်းသော်လည်း ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ အမှန်တကယ်ကြောက်စရာကောင်းသောလူမှာ ကျန်းဝူချန်းပင်။

သူသည် အကြင်နာတရားကင်းမဲ့ပြီး စွမ်းအားလည်းကြီးသည်။

အမှန်တကယ် ကြောက်စရာကောင်းသောအရာမှာ သူသည် အကြောက်အလန့်ကင်း၏။ သူသည် ကြယ်စင်ကိုးပါး၏အဆင့်မြင့်များကို သတ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်စံအိမ်ကိုပါ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။သူ၏အရာအားလုံးကို ပြုမူတတ်သောပုံစံမှ သူ၏အကျင့်စရိုက်ကို အကဲဖြတ်နိုင်၏။ ဤကဲ့သို့လူမျိုးသည် ဖြေရှင်းရအခက်ဆုံးပင်။

ဟွမ်ရှုံယီ၏နှလုံးသားထဲ၌ ချူးယွင်ဖန်း၏စွမ်းအားကို သူက အမတေမဲ့အဆင့်အဖြစ် အလုံးစုံမြင့်တင်ပေးလိုက်သည်။ ဤအခြင်းအရာသာ မှန်ကန်ပါက အမှန်တကယ်ကို ဒုက္ခရောက်စရာပင်။ သူပင်လျှင် ဤအဆင့်ရှိသော အဆင့်မြင့်၏ ပြိုင်ဘက်မဟုတ်ပေ။

ထို့အပြင် ချူးယွင်ဖန်းသည် သာမန်အမတေမဲ့အဆင့် မဟုတ်။ ဟွမ်ရှုံယီသည် အလယ်အလတ်အမတေမဲ့အဆင့်၏ ထိပ်သို့ ရောက်နှင့်ပြီးဖြစ်၏။ သာမန်အမတေမဲ့တစ်ယောက်က သူ့ကို ရိုက်ချက်တစ်ချက်တည်းဖြင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် အနိုင်တိုက်ရန်မဖြစ်နိုင်ပေ။

ကျန်းဝူချန်းသာ ညှာတာမှုမပြခဲ့ပါက သူသည် တစ်ချက်တည်းဖြင့် သေလိမ့်မည်။

“ဒီအကြောင်း စုံစမ်းစမ်း။ ငါတို့သူဘယ်သူဆိုတာ ရှာတွေ့ရမှဖြစ်မယ်”

ဟွမ်ရှုံယီသည် သွားများကြိတ်လျက် ပြောလိုက်သည်။

သို့‌သော်လည်း သူသည် သူ့လက်စားချေခြင်းကို စောင့်ဆိုင်းရန် ရွေးချယ်လိုက်၏။ ယနေ့အဖြစ်အပျက်ပြီးသည့်နောက် ကြယ်စင်ကိုးပါးကလည်း အလွယ်တကူထားလိုက်မည်မဟုတ်။ သူတို့က သေချာပေါက် လက်စားပြန်ချေလိမ့်မည်။ ယင်းအချိန်ထိ သူသည် ဆုံးဖြတ်ချက်မချဘဲ စောင့်ဆိုင်းရမည်။

ထို့အပြင် ယနေ့အဖြစ်အပျက်ကို အကဲခတ်ခြင်းဖြင့် သာမန်အမတေမဲ့အဆင့်တစ်ယောက်သည် ထိပ်တန်းအမတေမဲ့အဆင့်မရောက်ဘဲ ချူးယွင်ဖန်း၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်စံအိမ်၏ မည်သည့်အဆင့်မြင့်ကမှ ကြီးမားသောအစွမ်းကို မပိုင်ဆိုင်ကြ။ သူတို့ကို လိုက်လံခြင်းသည် လွယ်ကူမနေပေ။

ဤအကြောင်းကို တွေးမိသည်နှင့် ဟွမ်ရှုံယီသည် မချင့်မရဲမဖြစ်ဘဲမနေနိုင်။

တိတ်ဆိတ်သောညတစ်ည ဖြစ်သွားခဲ့သည်။ အထင်ကရအင်အားစုအားလုံးသည် ချူးယွင်ဖန်းအကြောင်း သတင်းအမြောက်အမြားရှာဖွေခဲ့ကြ၏။ သို့သော်လည်း သူတို့မည်သည်ကိုမှ မတွေ့ရှိသေး။ သူတို့ အနှီလူကို မည်သို့မှရှာမတွေ့။ အပြင်ဘက်လောကတစ်ခုလုံးတွင် ဤလူနှင့်တူသည့် တစ်ကိုယ်တော်အဆင့်မြင့်ဓားသမား တစ်ယောက်မှမရှိ။

သူသည်လေထဲမှ ပေါ်ထွက်လာသည့်အလား။

သို့သော်လည်း သူတို့သူ့ကို ရှာမတွေ့ပင်လျှင် သူတို့က ချူးယွင်ဖန်းကို ရန်မစသင့်သည့်လူစာရင်းသွင်းထားဆဲပင်။

ရွှီရှစ်ကျဲကို သတ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်စံအိမ်ကို ခေါင်းငုံ့ရန် ဖိအားပေးခဲ့သော ချူးယွင်ဖန်းက လက်ရှိတွင် ရေပန်းစားနေခဲ့သည်။ ထို့အပြင် သူသည် ကြောက်မက်ဖွယ်ကောင်းလောက်သည့် အဆင့်မြင့်ဖြစ်၏။ သူ့ကို ရန်လုံးဝမစသင့်ပေ။ မဟုတ်ပါက ၎င်းက ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မည်။

အချိန်တစ်ခုအထိ ချူးယွင်ဖန်းတည်းခိုသောနေရာမှ ကင်းထောက်များသည် အင်အားလျော့သွားကြသည်။ သူတို့တွင် စွမ်းအားကြီးသောအမတေတစ်ယောက်ကို ထောက်လှမ်းရန် သတ္တိမရှိပေ။ ချူးယွင်ဖန်းသည် နတ်စွမ်းအားအဆင့်ဖြင့် ပေါ်ထွက်လာခဲ့သော်လည်း မည်သူကမှ သူသည် နတ်စွမ်းအားအဆင့်သာရှိသေးကြောင်း မယုံကြ။ သူသည် ဝက်ကကျားကို စားသကဲ့သို့ ပြောင်ပြောင်တင်းတင်း ဟန်ဆောင်ခဲ့သည်။

ချူးယွင်ဖန်းသည် နောက်နေ့မနက်တွင် စောစောနိုးလာခဲ့၏။ မနေ့ညကဖြစ်ခဲ့သောသတင်းမှာ တည်းခိုဆောင်ထဲတွင် ထင်ထားသည့်အတိုင်း ရေပန်းစားနေခဲ့သည်။ လူတိုင်းက ဤအကြောင်းပြောကြသော်လည်း သူတို့အားလုံးသည် သာမန်လူများသာဖြစ်၏။ သူတို့သည် အနှီစွမ်းအားကို မမြင်လိုက်ကြ။ သူတို့ပြောသမျှသည် ကောလာဟလများသာ။

“မင်းမသိဘူးနော် ဒဏ္ဍာရီလာကျန်းဝူချန်း ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ။

ပြောကြတာတော့ သူက ၁၀ပေရှည်ပြီး ပင်စည်နဲ့တူတဲ့ခြေထောက်လဲရှိတယ်တဲ့။ သူ့မှာအစိမ်းရောင်မျက်နှာနဲ့ အစွယ်ချွန်ချွန်တွေလည်း ရှိပြီး သူ့လက်ထဲမှ ဓားကြီးကြီးတစ်ချောင်းလည်း ကိုင်ထားသေးတယ်တဲ့”

ဧည့်သည်တစ်ယောက်က သူကြားခဲ့သောသတင်းကို ပြန်ပြောပြနေခဲ့သည်။

“မင်းကြယ်စင်ကိုးပါးရဲ့အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တဲ့ ရွှီရှစ်ကျဲအကြောင်းလည်း ကြားဖူးမှာပေါ့၊ ကျွတ်..ကျွတ်..သူက အမတေပဲ။ ဒါပေမဲ့ ကျန်းဝူချန်းက အော်လိုက်တယ်။ “ဟေး ငါမင်းကို မြင်နေရတယ်၊ မင်းအသက်ပေးတော့ဆိုပြီး”

“ဘာဖြစ်လို့လဲ”

“မြန်မြန်ပြော”

“မင်းငါတို့ကို မပြောရင် ငါမင်းကို ကန်ချပစ်မယ်”

ဧည့်သည့်များက ပုံပြင်၏လက်ကျန်ကို ဆက်ပြောရန် သူ့ကိုအလျင်အမြန်တွန်းအားပေးနေခဲ့သည်။ သူတို့မနေ့ညကအကြောင်းကို အနည်းငယ်ကြားခဲ့သော်လည်း သူတို့ကိုယ်ပိုင်မျက်လုံးများဖြင့် မမြင်ခဲ့ကြ။

“အဲဒီဓားရဲ့အလင်းရောင်က ရောင်ပြန်ဟပ်တာနဲ့ ရွှီရှစ်ကျဲရဲ့ခေါင်းကလည်း ပျံပြီးပြတ်သွားတော့တာပဲ။ ရွှီရှစ်ကျဲက တုန့်ပြန်ချိန်တောင်မရလိုက်ဘူး။ ငါ့ကိုပြောကြစမ်းပါ၊ အဲဒီအချိန်က အရမ်းမြန်တာပဲလား၊ အသံထက်တောင်မြန်တာလား”

ဧည့်သည်တစ်ယောက်က မေးလိုက်သည်။

“အံ့သြစရာကောင်းလိုက်တာ။ ငါသာ ဒီလိုကျင့်ကြံနိုင်ရင် သိပ်ကောင်းမှာပဲ”

“အဲအကြောင်း စဥ်းတောင်မစဥ်းစားပါနဲ့။ အိပ်မက်ဆက်မက်နေလိုက်။ သူပြောတာ မင်းမကြားဘူးလား။ ကျန်းဝူချန်း စွမ်းအားအရမ်းကြီးရတဲ့အကြောင်းအရင်းက သူကျင့်ကြံဖို့အတွက် ကလေးအသည်းနဲ့နှလုံးကို နေ့တိုင်းစားတယ်ဆိုပဲ”

“မဖြစ်နိုင်တာ။ ဘယ်လိုလုပ် ဒီလိုပေါက်ကရ ကျင့်ကြံရေးနည်းရှိမှာလဲ”

“ဘယ်သိပါ့မလဲ။ ငါ့ဝမ်းကွဲရဲ့အိမ်နီးချင်းရဲ့ဒုတိယဝမ်းကွဲရဲ့သားက လျှို့ဝှက်ဆန်းကြယ်စံအိမ်မှာ အလုပ်လုပ်တာ၊ ငါက မင်းကို ဘာလို့လိမ်ရမှာလဲ။ ပြောတာတော့ ကျန်းဝူချန်းရဲ့နည်းက နတ်ဆိုးလမ်းကြောင်းနဲ့ သက်ဆိုင်တယ်ဆိုပဲ”

“ငါတော့ သူဓားနှစ်လက်ကျင့်စဥ်ကို ကျင့်တယ်လို့ ကြားတာပဲ”

လူတိုင်းက ပေါက်ကွဲမတတ် သက်ဝင်လှုပ်ရှား ဆွေးနွေးနေခဲ့ကြသည်။ သူတို့ပြောခဲ့ကြသော ၁၀ပေရှည်၊ ခါးစည်ပိုင်းလောက်ရှိပြီး မျက်နှာစိမ်းစိမ်းကြီးနှင့်အစွယ်ရှည်၊ ဓားကြီးကြီးတစ်ချောင်းရှိကာ နေ့စဥ်နေ့တိုင်း ကလေးအသည်းနှင့်နှလုံးကိုစားသော ကျန်းဝူချန်းမှာ သူတို့နောက်တွင်ရပ်နေမှန်း မသိပေ။

ပထမတွင် ချူးယွင်ဖန်းက သူတို့စကားဝိုင်းကို စိတ်ဝင်တစားနားထောင်နေသော်လည်း သူပိုနားထောင်လေလေ သူ့မျက်နှာပြာကျလုမတတ်ဖြစ်လေလေပင်။ သူ့ပါးစပ်၏ထောင့်များသည် မဲ့ရွဲ့သွား၏။ သူသည် ကောလာဟလများက ယုံစားမရမှန်းသိသော်လည်း တစ်ညပဲရှိသေးသည်၊ ကောလာဟလများက မည်သို့များ ဤကဲ့သို့ ဖြစ်သွားသနည်း။ သူတို့အားလုံးက သူတို့တွင် ကိုယ်ပိုင်သတင်းသမားများ ရှိသည့်နှယ်။

ကြားရသည်မှာ အမှန်လိုလိုပင်။

ချူးယွင်ဖန်းက ခန်းမမှ ပြောစရာစကားမဲ့စွာ ထွက်လာခဲ့ပြီး အဂ္ဂိရတ်ပညာရှင်အဖွဲ့အစည်းသို့ အလျင်အမြန်ပြေးသွားလိုက်သည်။ သူမနေ့က မှာယူခဲ့သော ဆေးဝါးများသည် ရောက်သင့်ပြီဖြစ်၏။

All Chapters