← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အပိုင်း ( 169 )

အံ့ဖွယ်ကောင်းသည့် တိုးတက်မှု

ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေလျက်ရှိသည်။

တိုက်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက မထင်ထားခဲ့ကြချေ။

ချန်းမင်ရိနှင့် တစ်ခြားလူများက သူတို့၏ ပေါင်းစည်းတိုက်ခိုက်ရေး နည်းစနစ်များကို ဖော်ထုတ်ပြသခဲ့ပြီးသည့်နောက်တွင် သူတို့သည် ရေလှိုင်းကို ပြောင်းပြန်လှန်ရန် ကျရှုံးသွားသကဲ့သို့ ရှုကျိုး၏ အနိုင်ယူခြင်းကိုသာ ခံလိုက်လေသည်။

၎င်းသည် အားလုံး၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေခဲ့သည်။

ထိုအချိန်၌ လေ့ကျင့်ရေး ခန်းမအတွင်းရှိ လူများသည် တအံ့တဩဖြစ်နေကြသော အမူအရာများဖြင့် ရှုကျိုးကို ကြည့်နေကြတော့သည်။

ဒါက သွေးကြောမှတ် အခု၁၀၀ကျော်တဲ့လူကို အနိုင်ယူခဲ့တဲ့ စွမ်းအားလား?

တကယ်ကို ကြောက်ဖို့ကောင်းတာပဲ !!

…

တိုက်ပွဲကွင်းပြင်၌ ရှုကျိုးသည် ကျိုးဖန်မင်းကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည် “ စီနီယာ၊ ကျွန်တော်က ခင်ဗျားရဲ့ ဟင်းလင်းပြင်စွမ်းရည်ကို မြင်ချင်သေးတယ်လေ “

ပြီးခဲ့သည့် တိုက်ပွဲအတွင်းတွင် ကျိုးဖန်မင်းသည် ရှုကျိုးနှင့် တိုက်ကွက် အနည်းငယ်မျှ ဖလှယ်ခဲ့သည်။

သူ၏ သူ၏ ဟင်းလင်းပြင် စွမ်းရည်ကို ဆက်တိုက် အသုံးပြုကာ သူ၏ပုံရိပ်ကို ဖုံးကွယ်ထားခဲ့သည်။

ယခု၌ လူငါးဦးထဲတွင် သူကသာလျှင် ဒဏ်ရာကင်းမဲ့နေသည့် တစ်ဦးတည်း‌သော လူတစ်ဦးဖြစ်နေခဲ့သည်။

“ မလိုပါဘူး “ ကျိုးဖန်မင်းသည် ကူရာကယ်မဲ့စွာဖြင့် ခေါင်းခါပြလာခဲ့သည် “ သူတို့ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုကတောင် မင်းကို အနိုင်မတိုက်ဘူးလေ၊ ငါတစ်ယောက်တည်းဆိုရင် မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး “

၎င်းကို ပြောနေရင်းဖြင့် သူသည် ခါးခါးသီးသီး ပြုံးလာခဲ့သည် “ ဒီတစ်ခါတော့ ငါမင်းကို ယုံသွားပြီ၊ မင်းဆီမှာ သွေးကြောမှတ် အခု၁၀၀ကျော်တဲ့ လူကို အနိုင်ယူနိုင်တဲ့ စွမ်းအားမျိုး တကယ်ရှိတယ် “

မလှမ်းမကမ်းရှိ ချန်းမင်ရိ၊ ကျန်းချီနှင့် တစ်ခြားလူများကလည်း မတ်တပ်ထရပ်ကာ လမ်းလျှောက်လာခဲ့ကြသည်။

စိတ်ဝိညာဥ်စွမ်းရည်ပိုင်ရှင်မှာလည်း လေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်လာခဲ့သည် “ ရှုကျိုး၊ ငါ့ရဲ့ စိတ်စွမ်းအား တိုက်ခိုက်မှုတွေကို တစ်ချို့ ဒုတိယအဆင့် ပါရမီရှင်တွေကတောင် မဖြေရှင်းနိုင်ကြဘူး၊ မင်းကတော့ လုံးဝကို အေးအေးဆေးဆေးပဲ ဖြစ်နေတယ် “

“ ငါမင်းကို တကယ်လေးစားတယ် “

ထိုလူစုသည် စိတ်ရှုပ်ထွေးသွားကြသည့်ပုံပင်၊ ယခင်က သူတို့သည် သွေးကြောမှတ် အခု၃၀သာ ရှိသည့် လူတစ်ဦးက သွေးကြောမှတ် ၁၀၀ကျော် ဖွင့်ထားသည့်လူကို အနိုင်ယူခြင်းမှာ စိတ်ကူးယဥ်ဆန်လွန်းသည်ဟု ယူဆကာ မယုံကြည်ခဲ့ကြပေ။

သို့သော် ယခုအချိန်၌ သူတို့အားလုံး ယုံကြည်လက်ခံသွားကြပြီ ဖြစ်သည်။

ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည် “ စီနီယာတို့ကတော့ နောက်နေတာပဲ ဖြစ်ရမယ်၊ တကယ်လို့ ဒီဟာကသာ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု ဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော် မနိုင်လောက်ပါဘူး “

သူသည် နှိမ့်ချပြောဆိုလိုက်ခြင်း မဟုတ်ပေ။

ကျိုးဖန်မင်း၏ ဟင်းလင်းပြင်စွမ်းရည်သည် လျှို့ဝှက်ဆန်းကြယ်ကာ မှန်းဆရခက်ခဲနေခဲ့ပြီး၊ ရှုကျိုးကပင် သူ၏တည်နေရာကို ဆုံးဖြတ်ရန် အခက်တွေ့ခဲ့ရလေသည်။

ယခင်က တိုက်ပွဲတွင် အကယ်၍ တစ်ဖက်လူမှ ရုတ်တရက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လာခဲ့မည်ဆိုပါက ရှုကျိုးပင် တစ်စုံတစ်ခု ဖြစ်ပျက်သွားလိမ့်မည် ဖြစ်သည်။

သို့သော် ပြိုင်ဘက်သည် မည်သည့်အရာမှ မလုပ်ခဲ့ဘဲ ဘေးမှတစ်ဆင့် စူးစမ်းလေ့လာခြင်းကိုသာ ပြုလုပ်နေခဲ့သည်။

၎င်းသည် ထိုလူများပေါ်တွင် ရှိနေသည့် ရှုကျိုး၏ အထင်အမြင်ကို အနည်းငယ် ကောင်းမွန်သွားစေခဲ့လေသည်။

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးကို ထိုလူများက ကြီးကြီးမားမား ရန်ငြှိုးမထားရသည့် အကြောင်းအရင်းမှာ ရှုကျိုးက သူတို့ကို အခက်တွေ့အောင် မပြုလုပ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုးသည် လက်သီးဆုပ်၍ အရိုအသေပြုကာ ပြောလိုက်သည် “ ခင်ဗျားတို့ အားလုံးကို လေးစားပါတယ်၊ စီနီယာတို့ “

ကျိုးဖန်မင်းသည် အပြုံးဖြင့် ခေါင်းခါရမ်းကာ စကားပြောရန် ပြင်လိုက်သည်။

ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် လေ့ကျင့်ရေး ခန်းမထဲသို့ ဝင်လာခဲ့သည်။

“ ငါးယောက်တစ်ယောက် တိုက်တာတောင် ရှုံးနေသေးတယ်ပေါ့၊ ရှက်စရာပဲ !! “

ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူမမှ အော်ပြောလာခဲ့သည်။

သူမကို မြင်တွေ့လိုက်ရသောအခါတွင် ကျိုးဖန်မင်းနှင့် တစ်ခြားလူတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ကာ ဦးညွတ်၍ အရိုအသေပေးလိုက်သည် “ ပညာရှင် ချန်း “

မလှမ်းမကမ်းရှိ လီရို့ရှီမှာလည်း ရှေ့သို့ အမြန်တက်လာခဲ့ကာ ပြောလိုက်သည် “ ဆရာ “

သက်လတ်ပိုင်း အမျိုးသမီးသည် သူမကို ကြည့်ကာ အသာအယာ ပြောလာခဲ့သည် “ မင်းရဲ့ ကောင်လေးလား? “

လီရို့ရှီ၏ မျက်နှာလေးသည် အနည်းငယ် တင်းကြပ်သွားခဲ့သည်၊ ထို့နောက်တွင် သူမမှ ခေါင်းငြိမ့်ပြလိုက်သည်။

ချန်းယမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ ဒီအကြောင်းကို ငါကြားထားတယ်၊ တကယ်လို့ မင်းက နောင်အနာဂတ်မှာ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါ့ဆီကို တန်းလာခဲ့၊ အပြင်လူတွေကို ဝင်မပါခိုင်းနဲ့ “

“ ဒီတစ်ခါတော့ မေ့လိုက်တော့ ဒါပင်မဲ့ နောက်တစ်ခါ ထပ်ဖြစ်လို့ မရဘူး “

“ ဟုတ်ကဲ့ “ လီရို့ရှီမှ ခေါင်းငြိမ့်ပြလိုက်သည်။

ချန်းယသည် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ရှုကျိုးကို လှည့်ကြည့်လာခဲ့သည် “ မင်းက အစစ်အမှန် သိုင်းပညာဌာနက အဲ့ဒီရှုကျိုးလား? “

“ ဟုတ်ပါတယ်၊ ဆရာမ “ ရှုကျိုးသည် သူ၏လက်သီးကို အသာအယာဆုပ်ကာ အရိုအသေပြုလိုက်သည်။

“ အရည်အချင်းကောင်းတယ်၊ ဒါပင်မဲ့ ထင်ရာစိုင်းလွန်းတယ် “ ချန်းယသည် သူမ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။

ထင်ရာစိုင်းတာလား?

ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည်။

ချန်းယသည် သူ့ကို ကြည့်ကာ စိတ်ခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် ပြောလာခဲ့သည် “ မင်းကြောင့် အပြင်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ၊ ဒီလိုအချိန်မှာ မင်းနဲ့ လီရို့ရှီတို့ရဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ကြေညာလိုက်တာက သူမအတွက် ကောင်းမယ်လို့ ထင်နေတာလား? “

“ နတ်သိုင်းဌာနမှာ မင်းကို လိုက်ရှာနေတဲ့ သွေးကြောမှတ် ၁၄၀ကျော်တဲ့ ပါရမီရှင်တွေ အများကြီးရှိတယ် “

“ သွေးကြောမှတ် ၁၀၀ကျော်တဲ့ လူနှစ်ယောက်လောက်ကို နိုင်တာနဲ့ မင်းက ပထမအဆင့်မှာ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား? “

“ နတ်သိုင်းဌာနက သွေးကြောမှတ် ၁၄၀ကျော်တဲ့ ပါရမီရှင်တွေက အစစ်အမှန် သိုင်းပညာဌာနက ပထမအဆင့် အထွတ်အထိပ် ပါရမီရှင်တွေထပ် လုံးဝအားမနည်းဘူး၊ မင်းက ဒါကို ငါ့ထပ်ပိုပြီးတော့ နားလည်သင့်ပါတယ် “

“ အခုလက်ရှိ အချိန်မှာ မင်းက အဲ့လူတွေကို လုံးဝ မယှဥ်နိုင်ဘူး “

“ အခု ဒါတွေ အားလုံးကို ကြေညာလိုက်တော့ တကယ်လို့ အဲ့လူတွေက လီရို့ရှီကို ပြဿနာလာရှာကြမယ်ဆိုရင် မင်းက တားဆီးပေးနိုင်မှာလား? မင်းက သူတို့ကို တားဆီးရဲလို့လား? “

ချန်းယသည် ရှုကျိုးကို စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သည်။

သူမသည် အစစ်အမှန် သိုင်းပညာဌာနကို အနည်းငယ် နားလည်နေခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနတွင် ပြီးပြည့်စုံသော စနစ်ရှိသော်လည်း၊ ၎င်းသည် သွေးကြောမှတ် ၁၂၀ကိုသာ ဖွင့်လှစ်နိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ပြီးပြည့်စုံသော စနစ်တွင် သွေးကြောမှတ် ၁၂၀သာလျှင် ပါဝင်သောကြောင့် ဖြစ်သည်။

နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၄၀ကျော်သည့် ပါရမီရှင်များနှင့် ရင်ဆိုင်ရသောအခါတွင် မည်သူက အားကောင်းသူ(သို့) အားနည်းသူ ဖြစ်နေမလဲဆိုသည်ကို ကွဲကွဲပြားပြား သိရလိမ့်မည် မဟုတ်ပေ။

ရှုကျိုးကမူ သွေးကြောမှတ် အခု၃၀ကျော်သာ ဖွင့်ထားရသေးသည်။

လေ့ကျင့်ရေး ခန်းမအတွင်းရှိ လူတိုင်း အနည်းငယ် အံ့ဩသွားကြသည်။

လီရို့ရှီ၏ မျက်နှာလှလှလေးပေါ်တွင်လည်း ကူရာကယ်ရာမဲ့နေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူမသည် သူမ၏ ဆရာဖြစ်သူက ဤကိစ္စအတွက် ရှုကျိုးကို ဝေဖန်ပြစ်တင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

သို့သော် ရှုကျိုးကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေစဲဖြစ်ပြီး၊ လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်သည် “ အကြံပေးချက်အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာမ “

“ ဒါပင်မဲ့ အဲ့လူတွေက လီရို့ရှီကို တကယ်ကြီး ပြဿနာလာရှာမယ်ဆိုရင် ကျွန်တော်က သူတို့နဲ့ တိုက်မှာပါပဲ “

“ ဒီနေ့လို့မျိုးပေါ့၊ တကယ်လို့ တစ်ယောက်ယောက် ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးကို အနိုင်ကျင့်ရဲနေမယ်ဆိုရင်၊ သူတို့တွေက အများကြီး ရှိနေလို့ ဒါမှမဟုတ် ပိုစွမ်းနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေအတွက်ကြောင့်နဲ့တော့ နောက်ဆုတ်သွားမှာ မဟုတ်ဘူး “

“ သိုင်းပညာရှင်တစ်ယောက်က တိုက်ရဲရမယ်၊ တိုက်ပွဲတွေကို ဘယ်တော့မှ ကြောက်လို့မရဘူး။ တကယ်လို့ အဲ့တာတွေကိုသာ ကြောက်နေမယ်ဆိုရင် ကျွန်တော်က ဘာ့အတွက်ကြောင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရမှာလဲ? ကွမ်ဟန်တက္ကသိုလ်ကို ဘယ်လိုလုပ်ရောက်လာပါ့မလဲ? “

“ ဆရာမ၊ ကျွန်တော်နဲ့ သဘောမတူဘူးလား? “

သူ၏ စကားများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

လေ့ကျင့်ရေး ခန်းမအတွင်းရှိ လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

ရှုကျိုးက ချန်းယ၏ ပြစ်တင်ပြောဆိုမှုကို ထိပ်တိုက်ရင်ဆိုင်လိုက်လိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ချေ။

ကျိုးဖန်မင်းနှင့် တစ်ခြားလူများ၏ ဇက်များပုသွားကြကာ ချန်းယကို ကြောက်ကြောက်လန့်လန့်ဖြင့် ခိုးကြည့်နေကြတော့သည်။

ပြသနာတက်လာမှာတော့ မဟုတ်ဘူးမလား?

ထိုအချိန်တွင် ချန်းယသည် ရှုကျိုးကို စိုက်ကြည့်နေခဲ့ကာ မည်သည့်စကားမှ ပြောမလာခဲ့ပေ။

လေထုသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ် ငြိမ်သက်နေလျက်ရှိသည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ချန်းယမှ ရုတ်တရက် ပြုံးပြလာခဲ့သည် “ မဆိုးပါဘူး “

“ လျူချင်းယွမ်က တပည့်ကောင်းတစ်ယောက် ရသွားတာပဲ၊ စိတ်ဓာတ်တက်ကြွတယ်၊ အရမ်းကောင်းတယ် “

“ မင်းရဲ့ သတိထားနိုင်စွမ်းက တော်တော်လေးမြင့်သားပဲ၊ ငါမင်းကို အထင်လွဲမိသွားတယ် … ဒါပင်မဲ့ မင်းက ပထမအဆင့် အထွတ်အထိပ်ကို မရောက်မချင်း ထင်ထင်ပေါ်ပေါ် မနေဖို့ မင်းကို ငါအကြံပေးချင်တယ် “

“ အဲ့အချိန်မရောက်အထိတော့ သိုသိုသိပ်သိပ် နေနေတာက အကောင်းဆုံးပဲ “

“ မင်းရဲ့ ကောင်မလေးအတွက်ကတော့ ငါနဲ့အတူရှိနေရင် သူမကို ဘယ်သူကမှ ထိခိုက်အောင် လုပ်လို့မရဘူး “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာမ “

ချန်းယသည် သူ့ကို ကြည့်ကာ ရုတ်တရက် မေးလာခဲ့သည် “ မင်းက သွေးကြောမှတ် ဘယ်နှခု ဖွင့်ထားပြီးပြီလဲ? “

“ ၃၅ခုပါ “ ရှုကျိုးမှ အမှန်တိုင်း ပြောပြလိုက်သည်။

“ ၃၅ခု …….. “ ချန်းယသည် သူ့အား တစ်ခဏခန့် စိုက်ကြည့်လာခဲ့ကာ၊ အပြုံးတစ်ခုကို ရုတ်တရုတ် ‌ဖော်ထုတ်လာခဲ့သည် “ မဆိုးပါဘူး၊ အစစ်အမှန် သိုင်းပညာဌာနမှာ မွန်းစတားတစ်ချို့ တကယ်ရှိနေတာပဲ “

……………………………………………………………………………………………………………

အပိုင်း ( 170 )

အံ့ဖွယ်ကောင်းသည့် တိုးတက်မှု ၂

“ ငါက မင်းကို စော်ကားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ မင်းက တကယ် ထူးခြားပါတယ်၊ သွေးကြောမှတ် ၃၀တည်းနဲ့ သွေးကြောမှတ် ၁၀၀တန်းက လူတွေကို အနိုင်ယူပြီးတော့ ကွမ်ဟန် တက္ကသိုလ်မှာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တယ် “

“ ပြန်သွားပြီးတော့ ပထမအဆင့် အထွတ်အထိပ်ကို ရောက်တဲ့အထိ လေ့ကျင့်လိုက်၊ ပြီးရင် နတ်သိုင်းဌာနက သွေးကြောမှတ် ၁၄၀ဖွင့်ထားတဲ့ အဲ့ဒီပါရမီရှင်တွေကို ဖိနှိပ်လိုက်။ ငါက သူတို့တွေကို စိတ်ကုန်နေတာ တော်တော်လေး ကြာနေပြီ “

ထို့နောက်တွင် ချန်းယသည် ရှုကျိုး၏ ပခုံးကို ပုတ်လာခဲ့သည်။

ရှုကျိုး အံ့ဩသွားတော့သည်၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြလိုက်သည် “ ဟုတ်ကဲ့ပါ၊ ဆရာမ “

ချန်းယသည် လီရို့ရှီကို ကြည့်ကာ ပြုံးပြလိုက်သည် “ မင်းရဲ့ ရီးစားလေးနဲ့ စကားပြောပြီးသွားရင် ဆရာ့ကို လာရှာပါ “

လီရို့ရှီသည် အနည်းငယ် ရှက်သွေးဖြာသွားကာ ခေါင်းငြိမ့်ပြလိုက်သည်။

ချန်းယသည် ကြာကြာဆက်မနေတော့ဘဲ ထွက်သွားတော့သည်။

သူမ ထွက်သွားသည့်နောက်တွင် ခန်းမထဲရှိ လူတိုင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများချလာကြသည်။

ထို့နောက်တွင် သူတို့သည် အံ့ဩတကြီးဖြင့် ရှုကျိုးကို ကြည့်လာကြသည်။

ရှုကျိုးရဲ့ ခုနတုန်းက ပြောပုံဆိုပုံနဲ့ဆိုရင် အော်ငေါက်ခံလိုက်ရမှာလေ၊ အခုတော့ ချန်းယက သူ့ကို ချီးကျူးသွားတာလားဟ?

“ အင်း၊ သူက ပါရမီရှင်တစ်ယောက်ပါပဲလေ “ ကျိုးဖန်မင်းသည် ခေါင်းတခါခါ ဖြစ်သွားတော့သည်။

သူသည် အကယ်၍ သူကသာ ထိုကဲ့သို့ ပြောလိုက်မည်ဆိုပါက ချန်းယမှ သူ့အား မြေပြင်ပေါ်သို့ အမှောက်သိပ်လိုက်မည်ဆိုသည်ကို ကောင်းစွာ သိနေခဲ့သည်။

သို့သော် ရှုကျိုးကမူ ကွဲပြားသော ကိစ္စတစ်ခုဖြစ်သည်။

သူ့ထံ၌ ထိုကဲ့သို့သော စကားများကို ပြောပိုင်ခွင့်နှင့် အလားအလာများ ပိုင်ဆိုင်ထားခဲ့သည်။

လီရို့ရှီသည် ရှေ့တက်လာခဲ့ကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ရှုကျိုး၊ ငါ့ဆရာမက စကားကို တော်တော်လေး တည့်တိုးပြောတတ်တယ်။ အဲ့တာက သူမရဲ့ အကျင့်ပဲ၊ အဲ့တာကို စိတ်ထဲမထားနဲ့ “

“ ဘာမှ မဖြစ်ပါဘူး “ ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါယမ်းပြလိုက်သည် “ နင့်ရဲ့ ဆရာမပြောတာ မှန်ပါတယ်၊ ငါလည်း အဲ့တာတွေကို မစဥ်းစားခဲ့မိဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် လီရို့ရှီ၏ နီရဲရဲနှုတ်ခမ်းလေးများသည် အနည်းငယ် တွန့်ကွေးသွားခဲ့သည်၊ သူမသည် ပျော်ရွှင်ကျေနပ်သွားသည့်ပုံပင်။

မလှမ်းမကမ်းရှိ ကျိုးဖန်မင်းတို့ လူစုသည် ချောင်းများဟန့်လာကြသည်။

“ ရှုကျိုး၊ ငါတို့က မင်းတို့ကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘူး “ ဟုကျိုးဖန်မင်းမှ ပြောလာခဲ့သည်။

ရှုကျိုးမှ မော့ကြည့်ကာ ပြောလိုက်သည် “ ရပါတယ်၊ လာ အပြင်ထွက်ကြစို့ “

ထို့နောက်တွင် သူသည် လီရို့ရှီကိုဖက်ကာ အပြင်သို့ အတူတကွ လမ်းလျှောက်ထွက်သွားတော့သည်။

လေ့ကျင့်ရေး ခန်းမထဲရှိ လူများသည် သူတို့၏ နောက်ကျောများကို အားကျစွာ ငေးကြည့်နေခဲ့ကြသည်။

သို့သော် ဤတစ်ကြိမ်၌ မည်သူကမှ ဘာမှ မပြောကြတော့ပေ။

ပညာရှင်ချန်းကပင် ရှုကျိုး၏ အစွမ်းကို အသိအမှတ် ပြုထားခဲ့ပြီဖြစ်သောကြောင့် ယခုတွင် စကားဝင်ပြောလိုက်မည်ဆိုပါက ပြဿနာရှာနေခြင်းသာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

…

အောက်ထပ်၌

ထောင့်တစ်နေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် သူမကို လွှတ်ပေးလိုက်သည်။

“ အဲ့လူတွေက နင့်ကို ထပ်ပြီးတော့ မနှောင့်ယှက်နိုင်တော့ဘူးလေ၊ ဟုတ်တယ်မလား? “ဟု ရှုကျိုးမှ မေးမြန်းလိုက်သည်။

“ အင်း၊ သူတို့ မလုပ်လောက်ကြတော့ဘူး “ လီရို့ရှီသည် သူမ၏ခေါင်းလေးကို ငြိမ့်ပြကာ တောင်းတောင်းပန်ပန် ဖြစ်နေသော အမူအရာလေးဖြင့် ရှုကျိုးကို ကြည့်လိုက်သည် “ ငါသေချာ မစဥ်းစားခဲ့မိဘူး၊ နင့်ကို ဒီနေရာဆီ အလောတကြီး ခေါ်လာခဲ့မိတယ် “

သူမမှ ဆက်ပြောလာခဲ့သည် “ ဆရာမ ပြောခဲ့တာကတော့ နင့်ကို သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ လူတွေက စိန်ခေါ်ချင်နေကြတယ်ဆို? ဖြေရှင်းနိုင်ရဲ့လား? “

“ စိတ်မပူပါနဲ့ “

ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ ငါက ငတုံးမဟုတ်ပါဘူး၊ တကယ်လို့ သူတို့ကို မနိုင်ဘူးဆိုရင်၊ သူတို့ရဲ့ စိန်ခေါ်မှုတွေကို လက်ခံမှာ မဟုတ်ဘူး။ သူတို့ကို ချနိုင်တဲ့အချိန်အထိ စောင့်နေမှာ “

“ အဲ့လိုလုပ်တာ ကောင်းတယ် “ လီရို့ရှီသည် ခေါင်းငြိမ့်ပြလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။

သူမသည် ရှုကျိုးကို အမြဲတမ်း ယုံကြည်လေသည်။

သူသည် မထင်မှတ်ထားသော အရာများစွာကို အကြိမ်ကြိမ်အခါခါ ယူဆောင်ပေးလာခဲ့သောကြောင့် သူမသည် သူ့ထံတွင် အားနည်းချက်များ ရှိနေမည်ကို လုံးဝစိုးရိမ်မနေတော့ပေ။

၎င်းကို တွေးမိသွားသောအခါတွင် လီရို့ရှီမှ ပြောလာခဲ့သည် “ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် “

“ ရပါတယ်ဟာ “ ရှုကျိုးမှ ပြုံးပြလိုက်သည် “ ဆိုတော့၊ နောက်ဆိုရင် ငါတို့က စုံတွဲအဖြစ် ဆက်ပြီးတော့ ဟန်ဆောင်နေသင့်လား? “

လီရို့ရှီသည် သူ့ကို စိုက်ကြည့်လာခဲ့ပြီး၊ မည်သည့်စကားမှ မပြောလာတော့ပေ။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်မှသာလျှင် သူမဘက်မှ စ၍ စကားပြောလာခဲ့သည် “ နင်က အဲ့တာကို မျှော်လင့်နေတဲ့ပုံပဲ? “

“ နည်းနည်းပါးပါးပေါ့ “ ရှုကျိုးသည် ဖုံးကွယ်မထားခဲ့ဘဲ အမှန်တိုင်း ပြန်ပြောလိုက်သည်။

လီရို့ရှီသည် အနည်းငယ် ရှက်သွေးဖြန်းသွားခဲ့ပြီး တစ်နေရာရာကို လှည့်ကြည့်နေတော့သည်။

ရှုကျိုးသည် သူမနှင့် တစ်ခဏခန့် စကားပြောပေးနေခဲ့ရာ လီရို့ရှီသည် တဖြည်းဖြည်း စိတ်တည်ငြိမ်သွားခဲ့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌

“ ငါပြန်တော့မယ်နော်၊ ပထမအဆင့် အထွတ်အထိပ်ကို ရောက်ဖို့အတွက် မြန်မြန် လေ့ကျင့်ရမယ် “ ရှုကျိုးမှ ပြောလိုက်သည် “ နင့်ရဲ့ ဆရာမ ပြောတာမှန်တယ်။ တကယ်လို့ အခုချိန်မှာ သွေးကြောမှတ် ၁၄၀ ဖွင့်ထားတဲ့လူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါက သူတို့တွေကို မနိုင်လောက်ဘူး “

အမှန်တိုင်းပြောရမည်ဆိုပါက ရှုကျိုးသည် မကြာသေးမှီက အချိန်များအတွင်းတွင် အဆင့်တက်ထားသေးသောကြောင့် အဆိုပါ ပါရမီရှင်များကို ကိုင်တွယ်နိုင်သင့်ပေသည်။

သို့သော် ပို၍ အစွမ်းထက်သော ရန်သူတစ်ဦးက အရှေ့တွင် သူ့အား စောင့်ကြိုနေလျက်ရှိသည်။

လျူတျန်မု !!

သေခြင်းရှင်ခြင်း တိုက်ပွဲကာလအတွင်း၌ လျူတျန်မုမှ ကြားဝင်စွက်ဖက်ခဲ့လေသည်၊ ထိုလူ၏ အရှက်ကင်းမဲ့မှုသည် သူတွေးထင်ထားသည်ထပ်ပင် ကျော်လွန်နေခဲ့သည်။

ယခု၌ နတ်သိုင်းဌာနသည် သူ့အတွက် သတ်မှတ်ထားသည့် ဆုကြေးကိုပင် တိုးမြှင့်လိုက်ပြီ ဖြစ်သည်။

လျူတျန်မုမှ တစ်ခုခု ပြုလုပ်လာမည်လားဆိုသည်ကို မည်သူက သိကြမည်နည်း?

လျူတျန်မုမှ သူ့အား တိုက်ရိုက် မတိုက်ခိုက်ခဲ့သော်လည်း၊ လှည့်ကွက်များ ကစားခြင်း (သို့) ပထမအဆင့် အထွတ်အထိပ် ပါရမီရှင်များကို စေလွှတ်ခြင်းကဲ့သို့သော အရာများ မပြုလုပ်လာနိုင်ဘူးဟု မည်သူမှ အာမခံနိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးသည် ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လုံလုံလောက်လောက် အစွမ်းထက်နေရမည် ဖြစ်သည်။

ငါက ပိုပြီးတော့ သန်မာလာရမယ် !!

လီရို့ရှီကို နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် ရှုကျိုး၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်၊ သူသည် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

လီရို့ရှီကမူ ထိုနေရာတွင် အချိန်အတော်ကြာ မတ်တပ်ရပ်နေခဲ့ပြီး သူမ၏ မျက်နှာလှလှလေးပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမသည် ထိုနေရာတွင် ရပ်နေရင်းဖြင့် အဝေးသို့ လှမ်းကြည့်နေခဲ့ပြီး၊ ရှုကျိုး၏ ပုံရိပ်ကို လုံးဝမမြင်ရတော့သည့် အချိန်အထိ စောင့်နေခဲ့လေသည်၊ ထို့နောက်မှ သူမသည် ဖြည်းညှင်းစွာ ခေါင်းငုံ့၍ တိတ်တဆိတ် လှည့်ထွက်သွားခဲ့သည်။

…

စံအိမ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်၌

ရှုကျိုးသည် စံအိမ်နံပါတ် ၅၃ထဲသို့ တန်းဝင်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူသည် တရင်းတနှီးရှိသော ပုံရိပ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။

ထိုလူမှာလည်း သူ့အား မြင်တွေ့သွားကာ အံ့အားသင့်သွားသော အမူအရာဖြင့် လမ်းလျှောက်လာခဲ့သည် “ ရှုကျိုး၊ ငါမင်းကို လိုက်ရှာနေတာ ကြာပြီ “

“ လျူယောင်တုန်လား? ” ရှုကျိုး ရပ်တန့်သွားခဲ့ပြီး၊ သူမျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ ရှုကျိုး၊ မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “

လျူယောင်တုန်ကား စိတ်လှုပ်ရှားနေသည့်ပုံပင် “ မင်းက လျူဟောင်ချန်နှင့် လျူပိုင်ချန် နှစ်ယောက်လုံးကို တကယ်ကြီး သတ်နိုင်ခဲ့တယ်။ မင်းက ဘယ်လောက်တောင် သန်မာနေတာလဲ? မင်းက ငါ့ရဲ့အစ်ကိုကြီးပဲ “

“ … “

ရှုကျိုးသည် သူ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

မင်းက လျူမိသားစုဝင် မဟုတ်ဘူးလားဟ?

လျူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကို ငါသတ်လိုက်တာလေ၊ မင်းက ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲဟ?

လျူယောင်တုန်ကား သူတွေးနေသည့် အရာများကို သိနေသည့်ပုံပင်။

သူသည် အေးအေးလူလူ စကားဆက်ပြောလာခဲ့သည် “ အဲ့နှစ်ကောင်က ငါနဲ့ လုံးဝ မတည့်ဘူး။ ပြီးတော့ မင်းကြောင့်ပဲ ငါက လျူမိသားစုထဲမှာ အသက်ရှည်ရှည်နဲ့ ခေါင်းမော့နေနိုင်ခဲ့ပြီလေ “

လျူယောင်တုန်မှ တရဆက် ပြောလာတော့လေသည် “ ငါက မင်းအနိုင်ပိုင်းတာကို ခံလိုက်ရလို့ မိသားစုကို အရှက်ရစေခဲ့တယ်တဲ့၊ ဒါပင်မဲ့ အခုရော ဘာများထူးခြားနေလို့လဲ? ပထမအဆင့် အထွတ်အထိပ်တွေကတောင် မင်းကို အနိုင်မယူနိုင်တော့ဘူး “

“ အဲ့အချိန်တုန်းကဆိုရင် ငါက အနည်းဆုံးအနေနဲ့ မင်းနဲ့ အကွက်နည်းနည်းလောက် ဖလှယ်နိုင်ခဲ့တယ်လေ “

“ ငါက လျူမိသားစုကို အရှက်ရစေခဲ့တယ် ဘယ်သူပြောရဲသေးလဲ? “

ထို့အတူ လျူယောင်တုန်၏ မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲသည်။

ပြောကြစမ်းပါဦး၊ သန်မာတဲ့ လူက ဘယ်သူလဲ?

ငါက ရှုကျိုးဆီမှာ အကွက်နည်းနည်း ခံနိုင်ခဲ့ပြီးတော့ လုံးဝမသေခဲ့ဘူး၊ အဲ့ဒီပထမအဆင့် အထွတ်အထိပ်ဆိုတဲ့ကောင်တွေကတော့ ချက်ချင်း အသတ်ခံလိုက်ရတယ်။

သန်မာတဲ့လူနဲ့ အားနည်းတဲ့လူကို ရှင်းရှင်းလင်းလင်း မမြင်ကြသေးဘူးလား?

သူ့ကို ကြည့်နေရင်းဖြင့် ရှုကျိုးသည် တစ်ခဏခန့် ဆွံ့အသွားရတော့သည်။

…………………………………………………………………………………………………………………………….

အပိုင်း ( 171 )

အံ့ဖွယ်ကောင်းသည့် တိုးတက်မှု ၃

ငါနဲ့ သူနဲ့က ရန်သူတွေ ဖြစ်နေသင့်တာ မဟုတ်ဘူးလားဟ?

ငါတို့က ညီအစ်ကိုတွေ ဖြစ်လာတော့မယ်လို့ ဘာလို့ ခံစားနေရပါလိမ့်?

ရှုကျိုးသည် ခေါင်း၍ မေးမြန်းလိုက်သည် “ မင်းက ငါ့ကို ဒီအကြောင်းတွေ ပြောဖို့ပဲအတွက် လာရှာတာတော့ မဟုတ်ဘူးမလား? “

“ သေချာပေါက် မဟုတ်ဘူးပေါ့ “

လျူယောင်တုန်၏ အမူအရာ လေးနက်သွားတော့သည် “ ငါမင်းကို ပြောဖို့လိုအပ်တဲ့ အရာတစ်ခုရှိတယ်၊ ငါ့ဝမ်းကွဲက မင်းကို တွေ့ချင်နေတယ် “

“ မင်းရဲ့ ဝမ်းကွဲလား? “ ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည် “ လျူတျန်မုလား? “

“ ဟက်၊ သူက ဘယ်လို ဝမ်းကွဲ အမျိုးအစားပါလိမ့်? ငါတို့ရဲ့ မျိုးဆက်တွေက ဒါဇင်နဲ့ချီပြီးတော့ကို ခြားနေတာ “ လျူယောင်တုန်မှ ပြောလာခဲ့သည် “ ငါက အဲ့ကောင်ကို ကြည့်မရဘူး။ သူက ငါ့ကို ငွေငါးသန်းလိမ်သွားပြီးတော့ အခုထိပြန်မပေးသေးဘူး “

“ ငါ တတိယအဆင့်ကို ရောက်သွားတဲ့အချိန်ကို အဲ့နွားကို သေချာပေါက် ရိုက်နှက်မှာ “

ပြောနေရင်းဖြင့် လျူယောင်တုန်သည် ဒေါသများ တဖွားဖွား ဖြစ်ပေါ်နေတော့သည်။

ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည် “ မင်းက တတိယအဆင့်ကို ရောက်တဲ့အချိန်ကျရင်၊ လျူတျန်မုက ပဥ္စမအဆင့်ကို ရောက်နေလောက်ပြီ “

“ … “

လျူယောင်တုန် စိတ်ညစ်သွားတော့လေသည် “ မင်းက အဲ့လို စိတ်ဓာတ်ကျစေမဲ့ စကားတွေကို မပြောလို့ မရဘူးလား? “

ရှုကျိုးသည် အသာအယာ ခေါင်းခါရမ်း၍ မေးလိုက်သည် “ မင်းရဲ့ ဝမ်းကွဲက ဘယ်သူလဲ? သူက ငါ့ဘာလုပ်ချင်နေတာလဲ? “

“ ငါ့ဝမ်းကွဲက၊ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ ကျန်းချွမ်ပဲ “

လျူယောင်တုန်မှ ပြောလာခဲ့သည် “ သူက မင်းကို စိန်ခေါ်ချင်နေတယ်၊ ဒါပင်မဲ့ မင်းက လက်မခံလိုက်ဖို့ ငါအကြံပေးချင်တယ်။ မင်းက တကယ်စွမ်းပင်မဲ့ သူ့ကိုတော့ မနိုင်လောက်ဘူး “

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည် “ ကျန်းချွမ်လား? မင်းရဲ့ဝမ်းကွဲက တျန်းကျိုး ကျန်းမိသားစုကလား? “

သူသည် ကျန်းချောက်ဟူသည့် စီနီယာတစ်ဦးက သူကဲ့သို့ပင် အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်သို့ ရောက်ရှိခဲ့သည်ဆိုသည်ကို မှတ်မိနေခဲ့သည်။

ဒီကျန်းချွမ်၊ သူကလည်း ကျန်းမိသားစုကပဲလား?

မျှော်လင့်ထားသည့်အတိုင်းပင် လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဟုတ်တယ်၊ သူက ကျန်းမိသားစုကပဲ၊ ငါ့အဒေါ်ရဲ့သားလေ၊ သူနဲ့ငါက တော်တော်လေးကို ရင်းနှီးတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ ဒါဆိုရင်လည်း ငါက စိန်ခေါ်မှုကို လက်မခံဘူးလို့ သူ့ကို ပြောလိုက် ”

ပထမအဆင့် အထွတ်အထိပ်ကို ရောက်တဲ့အချိန်အထိ စောင့်ရမယ်။

ရှုကျိုးသည် ပထမအဆင့် အထွတ်အထိပ်သို့ မရောက်မချင်း မည်သည့်စိန်ခေါ်မှုကိုမှ လက်ခံမည် မဟုတ်ပေ။

“ ကောင်းတယ် “ လျူယောင်တုန်မှ ပြုံးပြလာခဲ့သည် “ မင်းရဲ့ ရွေးချယ်မှုက မှန်ကန်တယ်။ တကယ်လို့ ငါ့ရဲ့ ဝမ်းကွဲကသာ မင်းနဲ့ အခုတိုက်မယ်ဆိုရင် သူက မင်းကို ငိုအောင်လုပ်လိုက်လိမ့်မယ် “

ရှုကျိုးသည် သူ့ကို ကြည့်ကာ မည်သည့်စကားမှ မပြောလိုက်ပေ၊ ၎င်းအား ရည်ရွယ်ချက်ကောင်းမွန်သည့် သတိပေးစကားဟုသာ ယူဆထားလိုက်သည်။

“ ဒါနဲ့ “ လျူယောင်တုန်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ ငါ့ဝမ်းကွဲတင် မဟုတ်ဘူး၊ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားတဲ့ တစ်ခြားပါရမီရှင်တစ်ချို့ကလည်း မင်းကို လိုက်ရှာနေကြတယ်လို့ ငါကြားတယ် “

“ ငါကြားတာတော့ အဲ့ကိစ္စက လျူတျန်မုနဲ့ ဆိုင်နေတဲ့ပုံပဲ “

ရှုကျိုး အနည်းငယ် အံ့ဩသွားကာ စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည် “ လျူတျန်မုနဲ့ ဆိုင်နေတာလား? “

လျူယောင်တုန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ သွေးကြောမှတ် ၁၄၀ကျော်ဖွင့်ထားတဲ့ အဲ့ဒီပါရမီရှင်တွေက တော်တော်လေးကို ဂုဏ်ယူဝင့်ကြွား မောက်မာကြတယ်။ နတ်သိုင်းဌာနက ဆုကြေးကို တိုးမြှင့်လိုက်တာတောင်မှ သူတို့က အကျိုးပြုအမှတ် ၁၀၀လေးအတွက်နဲ့တော့ မင်းနဲ့တိုက်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြမှာ မဟုတ်ဘူး “

“ ငါကြားတာကတော့ လျူတျန်မုက သူတို့ကို နောက်ကွယ်ကနေ အားပေးနေခဲ့တယ်တဲ့၊ အဲ့တာကြောင့်ပဲ သူတို့က မင်းကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြတာ “

ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒီကောင် လျူတျန်မုပဲ ထပ်ဖြစ်နေပြန်ပြီ !!

“ ဒီလူက ငါ့ကို အကြွေး ၁ဘီလီယံတောင် ပြန်မပေးရသေးဘူး၊ အခုတော့ ငါ့ကို ပြဿနာတက်အောင် လုပ်နေတယ်ပေါ့? “ ရှုကျိုးမှ အံကြိတ်နေတော့သည်။

လျူယောင်တုန် အံ့ဩတုန်လှုပ်သွားခဲ့သည် “ အဲ့ခွေးကောင်က မင်းဆီမှာ အကြွေး ၁ဘီလီယံ တင်နေတာလား? ဘယ်အချိန်တုန်းက ဖြစ်ခဲ့တာလဲ? “

“ စိတ်မပူပါနဲ့ အနှေးနဲ့အမြန်ဆိုသလို ငါက အဲ့တာကို ပြန်ရလာပါလိမ့်မယ် “ ရှုကျိုးမှ ပြုံးပြလိုက်သည်။

လျူယောင်တုန်သည် သူ၏အပြုံးကို ကြည့်နေရင်းဖြင့် ကျောချမ်းကာ ကြက်သီးများ ထသွားတော့သည်။

“ မင်းကို ငါယုံတယ် “ လျူယောင်တုန်မှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့ဒီအချိန်ကိုရောက်လာရင် ငါ့ရဲ့ ငါးသန်းကိုလည်း ပြန်ရအောင် ကူညီပေးဦး “

ရှုကျိုးသည် သူ့ကို ငေးကြည့်လိုက်သည်၊ ဒီကောင်က လျူမိသားစုဝင်နဲ့တောင် မတူတော့သလိုပဲဟ။

“ ငါသွားပြီ။ ငါက မင်းနဲ့ အကြာကြီးနေနေလို့ မရဘူး “ လျူယောင်တုန်မှ ဆက်ပြောလာခဲ့သည် “ အဲ့လိုမှ မဟုတ်ဘဲ လျူမိသားစုက အဖွဲ့ဝင်တွေ ရှာတွေ့သွားမယ်ဆိုရင် ငါကွိုင်တက်သွားရလိမ့်မယ် “

ထွက်မသွားခင် အချိန်တွင် သူသည် ထပ်မံ၍ သတိပေးလာခဲ့သည် “ သူတို့ရဲ့ စိန်ခေါ်မှုတွေကို လက်မခံနဲ့နော်၊ သူတို့က မင်းကို လိုက်နှောင့်ယှက်နေမှာ မဟုတ်ဘူး။ အဲ့ဒီလူတွေက ကိုယ်ပိုင်မာနရှိကြတယ်၊ သူတို့က လူတစ်ယောက်ကြောင့် အလွယ်တကူ လှုပ်ရှားလာကြမှာ မဟုတ်ဘူး “

“ အေး၊ မင်းရဲ့ အကြံပေးချက်အတွက် ကျေးဇူးပဲ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

လျူယောင်တုန်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ အမြန် ပြေးထွက်သွားတော့သည်။

ရှုကျိုးမှာလည်း ကြာကြာဆက်မနေဘဲ သူ၏စံအိမ်ထဲသို့ ဝင်သွားတော့လေသည်။

…

စံအိမ်ထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ချက်ချင်း တင်ပျဥ်ခွေထိုင်လိုက်သည်။

“ နောက်လာမဲ့ ရည်မှန်းချက်တစ်ခုကတော့ ပထမအဆင့် အထွတ်အထိပ်ကို မြန်မြန်ရောက်အောင် သွားရမယ် “ သူသည် ပြတ်ပြတ်သားသား စိတ်ပိုင်းဖြတ်လိုက်သည်။

နတ်သိုင်းဌာန၏ ဖိအား၊ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသော ပါရမီရှင်များ၏ စိန်ခေါ်မှု၊ လျူတျန်မု ……..

အဆိုပါ အရာအားလုံးသည် ရှုကျိုး၏ စိတ်ကို အလျင်စလို ဖြစ်သွားစေသည့် အရာများဖြစ်သည်။

“ သွေးကြောမှတ် ၁၄၀ကျော်ရှိတဲ့ ပါရမီရှင်တွေက ငါ့ကို လိုက်ရှာနေတာလား? “

ရှုကျိုးမှ ရေရွတ်ပြောဆိုနေလျက်ရှိသည် “ အလျင်လိုဖို့ မလိုပါဘူး၊ အဆင့်တက်ပြီးသွားရင် သူတို့ကို တစ်ယောက်ချင်း လိုက်ရှာလိုက်မယ် “

“ သူတို့က အနိုင်ယူနိုင်ရင် အကျိုးပြုအမှတ် ၁၀၀စီ ရလိမ့်မယ်၊ ငါအဲ့တာကို လုပ်ချင်တယ် “

ယခင်က ရှုကျိုးသည် အစစ်အမှန် သိုင်းပညာဌာနသည် နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၄၀ကျော် ဖွင့်ထားသည့် ပါရမီရှင်များကို အနိုင်ယူနိုင်သည့် မည်သူ့ကိုမဆို၊ တစ်ဦးကို အနိုင်ယူခြင်းအတွက် အကျိုးပြုအမှတ် ၁၀၀ ဆုချီးမြှင့်မည်ဆိုသည့် တာဝန်ကို ထုတ်ပြန်ထားကြောင့် သိခဲ့ရသည်။

ရှုကျိုးသည် ၎င်းကို အတော်လေး အားကျနေခဲ့သည်။

သူရင်ဆိုင်နေရသည့် လူများသည် အတော်လေး သန်မာ အားကောင်းနေခဲ့သည်။

အဆင့်တက်သွားပြီးသည့်နောက်၌ အကြပ်အတည်းအချို့ကို ဖြေရှင်းကောင်းဖြေရှင်းနိုင်လေသည်။

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ကာ ဉာဏ်အလင်းဆေး အလုံး၇၀ပါဝင်သည့် ပုလင်းကို ထုတ်ယူလိုက်သည်။

“ ဒီဆေးအလုံး ၇၀က ငါ့ကို ပထမအဆင့် အထွတ်အထိပ်ကို တိုက်ရိုက်တွန်းပို့ပေးနိုင်မလားဆိုတာကို ငါသိချင်မိတယ် “ ရှုကျိုးမှ တွေတော စဥ်းစားနေတော့သည်။

ရှုကျိုးကား မသေချာမရေရာ ဖြစ်နေခဲ့သည်။

ဆရာဝူဟွေ့၏ ပြောစကားများအရ၊ ဉာဏ်အလင်းဆေးကို ပမာဏများစွာ သုံးစွဲခြင်းသည် ဆေးပြီးခြင်းကို ဖြစ်ပေါ်သွားစေခဲ့ကာ ဆေး၏ အကျိုးသက်ရောက်မှုကို တဖြည်းဖြည်း လျော့ကျသွားစေမည်ဟု ဆိုခဲ့သည်။

သူသည် သွေးကြောမှတ် ၅၄ခု ရှာတွေ့ထားခဲ့ပြီဖြစ်ကာ အခု၃၀မှာ ပြီးပြည့်စုံသော စနစ်တစ်ခုအဖြစ် ဖွဲ့တည်နေခဲ့ပြီး၊ ကျန်၂၄ခုမှာမူ အပြည့်အဝ မဖွင့်လှစ်ရသေးပေ။

အကယ်၍ သူကသာ နောက်ထပ် သွေးကြောမှတ် ၆ခု ရှာတွေ့မည်ဆိုပါက၊ သူသည် ဒုတိယမြောက် ပြီးပြည့်စုံသော စနစ်တစ်ခုကို တည်ဆောက်ကောင်း တည်ဆောက်နိုင်လေသည်။

ထိုကဲ့သို့ဖြစ်လာခဲ့ပါက သွေးကြောမှတ်များ ဖွင့်လှစ်သည့် အမြန်နှုန်းသည် ထပ်မံ၍ မြင့်တက်လာဦးမည် ဖြစ်သည်။

“ အဲ့တာတွေက ငါ့ရဲ့ ယူဆချက် အဆင့်မှာပဲ ရှိနေသေးတယ် “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည် “ ဒုတိယမြောက် ပြီးပြည့်စုံတဲ့ စနစ်က သွေးကြောမှတ်တွေ ပိုလိုအပ်နေလောက်တယ် “

ယခုလက်ရှိအချိန်၌ သူသည် ပြီးပြည့်စုံသော စနစ်တစ်ခုကိုသာ ပိုင်ဆိုင်ထားခဲ့သည်။

တစ်ခုတည်းဖြင့် မည်သည့်အရာကိုမှ သက်သေမပြနိုင်သောကြောင့် သူသည် ပုံစံကွက်တစ်ခုကို ပုံပေါ်လာစေရန်အတွက် ပြီးပြည့်စုံသော စနစ်များကို များများတည်ဆောက်ရမည် ဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုးသည် အလွန်သိချင်သွားခဲ့သည် “ တကယ်လို့ ငါ့ခန္ဓာကိုယ်ထဲမှာ ပြီးပြည့်စုံတဲ့ စနစ်တွေ အများကြီး ပေါ်လာမယ်ဆိုရင်၊ ဘာတွေ ဖြစ်လာမှာလဲ? အဲ့တာတွေက ပဋိပက္ခ ဖြစ်သွားကြမှာလား? “

များသောအားဖြင့် လူတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ပြီးပြည့်စုံသော စနစ်တစ်ခုတည်းသာလျှင် တည်ဆောက်နိုင်ပေသည်။

ရှုကျိုးကဲ့သို့သော လူတစ်ဦးသည် ယခင်က တစ်ကြိမ်တစ်ခါမှ ပေါ်မလာခဲ့ဖူးချေ။

မကြာခင်မှာပင် ရှုကျိုးသည် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။

သူသည် ပုလင်းကို ဖွင့်၍ ဉာဏ်အလင်းဆေးတစ်လုံးကို သောက်ကာ စ၍ လေ့ကျင့်နေတော့သည်။

“ ဂလု ~~ “

ဉာဏ်အလင်းဆေးသည် သူ၏လည်ချောင်းထဲသို့ လျင်မြန်စွာ နိမ့်ဆင်းသွားခဲ့သည်၊ ထို့နောက်တွင် သန့်စင်သော စွမ်းအားများသည် သူ၏ အစာရည်မျိုပြွန်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။

( အစာရည်မျိုပြွန်ဆိုတာက လည်ချောင်းနဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ပြွန်တစ်ခုပါ )

………………………………………………………………………………………………………

All Chapters