အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အပိုင်း ( 178 )
ဝရုန်းသုန်းကား အခြေအနေ ၂
အကယ်၍ ရှုကျိုးကသာ ထိုနေရာသို့ ရောက်ရှိသွားမည်ဆိုပါက သွေးကြောမှတ် ၁၄၀ထပ် ပိုဖွင့်နိုင်မည် ဖြစ်သည်။
လျူချင်းယွမ်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်၊ သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အေးစက်သော ရေတစ်ပုံးဖြင့် သူ့ကိုယ်ပေါ်သို့ လောင်းချခြင်းကို ခံလိုက်ရသည်။
“ အဲ့တာက အန္တရာယ်များလွန်းတယ်။ အရင်ဌာနမှူးရဲ့ လမ်းကြောင်းက ယုတ္တိမရှိဘူးဆိုတာကို သက်သေပြခဲ့ပြီးပြီး။ အဲ့တာက တားမြစ်ထားတဲ့ လမ်းကြောင်းပဲ၊ အဲ့ပေါ်ကို ခြေချမိရင် သေခြင်းတရားနဲ့ပဲ ရင်ဆိုင်သွားရလိမ့်မယ် “
ရှန့်ဝမ်ချန်းမှ တလေးတနက် ပြောလာခဲ့သည် “ ရှုကျိုးကို အဲ့နေရာကို ပို့လိုက်လို့၊ သူက လမ်းဟောင်းအတိုင်း အဆုံးသတ်သွားရမှာကို မင်းက မကြောက်ဘူးလား? “
လျူချင်းယွမ်သည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် ခေါင်းခါရမ်းပြကာ ပြောလာခဲ့သည် “ သူ့ကို အနက်ပိုင်းထိ သွားခိုင်းဖို့ မလိုအပ်ပါဘူး၊ အစပိုင်းလောက်အထိပဲ ကြိုးစားကြည့်ခိုင်းလိုက်ပါ၊ အဲ့တာဆိုရင် ဘာပြဿနာမှ မဖြစ်သင့်ဘူး “
“ အန္တရာယ်များလွန်းတယ် “
ရှန့်ဝမ်ချန်းသည် လေးနက်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ အရင်ဌာနမှူးရဲ့ မျိုးဆက်တွေက ဘယ်လောက်တောင် သနားဖို့ကောင်းအောင် အဆုံးသတ်သွားရလဲဆိုတာကို မင်းမသိဘူးလား? “
“ ရှုကျိုးက အဲ့နေရာနဲ့ ပတ်သက်မိသွားလို့ အသက်ဆုံးရှုံးသွားရမှာကို မင်းမကြောက်ဘူးလား? “
ဤတစ်ကြိမ်တွင် လျူချင်းယွမ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ယခင်ဌာနမှူး၏ မျိုးဆက်များသည် အစစ်အမှန် သိုင်းပညာဌာနအတွက် များစွာ ပေးဆပ်ခဲ့သည်။
သို့သော် အဆုံးတွင် သူတို့သည် အလွန်ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော အဆုံးသတ်ကိုသာ ရရှိသွားခဲ့သည်။
၎င်းတို့အားလုံးသည် ယခင်ဌာနမှူးနှင့် အတော်လေး ဆက်စပ်မှုရှိနေခဲ့သည်။ အဆိုပါလမ်းကြောင်းနှင့်လည်း အတော်လေး သက်ဆိုင်နေခဲ့သည်။
ထိုမျိုးဆက်၏ သေဆုံးမှုသည် ကမ္ဘာမြေတုန်လှုပ်သွားစေသည့် အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနအပေါ်တွင် ရှိနေသည့် နိုင်ငံတော်၏ သဘောထား ပြောင်းလဲသွားခဲ့ပြီး၊ လူသားမျိုးနွယ်မှ အဆင့်မြင့် အရာရှိတော်တော်များများသည် အစစ်အမှန် သိုင်းပညာဌာနကို ထပ်မံ၍ မယုံကြည်ကြတော့ပေ။
ယခင်ဌာနမှူးလက်အောက်မှ အဆိုပါ မျိုးဆက်၏ ကိစ္စကြောင့်သာလျှင် မဟုတ်ဘဲ၊ အစစ်အမှန် သိုင်းပညာဌာနမှ ပါရမီရှင်မျိုးဆက်များကပါ အဆိုပါကိစ္စကြောင့် ပြိုလဲသွားခဲ့သောကြောင့် ဖြစ်သည်။
အဆိုပါဖြစ်ရပ်သည် ရန်ပြည်ထောင်တစ်ခုလုံးတွင် မျိုးဆက် ကွာဟမှုကို ဖြစ်ပေါ်သွားစေခဲ့သည်။
၎င်းမှာ အစစ်အမှန် သိုင်းပညာဌာန၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ လူသားမျိုးနွယ်စု၏ ဆုံးရှုံးမှုလည်း ဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ထိုကိစ္စ ဖြစ်လာခဲ့ပြီးသည့်နောက်တွင် လူတော်တော်များများသည် အစစ်အမှန် သိုင်းပညာဌာနကို ဖျက်သိမ်းချင်ခဲ့ကြသည်။
အစစ်အမှန် သိုင်းပညာဌာနက ဤနေ့ဤအချိန်အထိ ဆက်လက်၍ တည်ရှိနေခဲ့ရခြင်းမှာ ရှန့်ဝမ်ချန်းနှင့်များစွာ သက်ဆိုင်နေခဲ့သည်။
လျူချင်းယွမ်သည် သက်ပြင်းချကာ အလေးအနက် ပြောလာခဲ့သည် “ ဒါပင်မဲ့ အခုလက်ရှိ နည်းလမ်းတွေနဲ့ပဲဆိုရင် သွေးကြောမှတ် လည်ပတ်မှုကို ရှာဖို့က တော်တော်ခက်တယ် “
ရှန့်ဝမ်ချန်းသည် ခေါင်းတခါခါဖြင့် ပြောလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုကို ရှာဖို့ မလိုပါဘူးကွာ “
“ အဲ့ဒီသွေးကြောမှတ်က အယူအဆသက်သက်ပဲ၊ အဲ့တာကတကယ်ရှိ၊ မရှိဆိုတာကို ငါတောင် မသိဘူး “
“ ပြီးတော့ ရှုကျိုးရဲ့စွမ်းရည်နဲ့ဆိုရင် သူက သွေးကြောမှတ် လည်ပတ်မှုကို မဖွင့်ခဲ့ဘူးဆိုရင်တောင်မှ အမြင့်ပိုင်းအဆင့်တွေကို ရောက်သွားနိုင်တယ် “
လျူချင်းယွမ်သည် စိတ်ခံစားချက်များဖြင့် ပြောလာခဲ့သည် “ အဲ့အချိန်တုန်းက ကျွန်တော့်ကိုလည်း ဒီလိုပဲ ပြောခဲ့တာလေ၊ ဒါပင်မဲ့ အခုရော? “
“ ကျွန်တော်က သတ္တမအဆင့်ကို တက်ဖို့အတွက် လမ်းစကို ဘယ်လိုမှ ရှာမရဘူး “
“ အဲ့ဒီတံခါးဝက အမြဲလိုလို လက်လှမ်းမမှီနိုင်လောက်အောင် ဝေးနေခဲ့တယ် “
“ တကယ်လို့ သွေးကြောမှတ် လည်ပတ်မှုကသာ တကယ်ရှိနေမယ်ဆိုရင်တော့၊ ကိစ္စတွေအကုန်လုံးက ကွဲပြားသွားနိုင်တယ် “
သူ၏ စကားများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှန့်ဝမ်ချန်းမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရှန့်ဝမ်ချန်းမှ လျူချင်းယွမ်ကို ပြစ်တင်ပြောဆိုနေခဲ့သော်လည်း အဆိုပါ တိုက်ပွဲသည် သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်ပျက်စီးသွားစေခဲ့သည်။
သူသည် စိတ်ထဲတွင် အမြဲလိုလို သေချာနေခဲ့သည်၊ ထိုတိုက်ပွဲ မရှိခဲ့ဘူးဆိုလျှင်တောင်မှ လျူချင်းယွမ်သည် သတ္တမအဆင့်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
အမြင့်ပိုင်း အဆင့်များသည် အစစ်အမှန် သိုင်းပညာဌာနအတွက် အလွန်ခက်ခဲနေခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဒါဆိုရင်လည်း သူ့ကို ကြိုးစားကြည့်ခိုင်းလိုက်၊ ဒါပင်မဲ့ အရင်ဌာနမှူးရဲ့ တားမြစ်နယ်မြေက ငါထိန်းချုပ်ထားတာ မဟုတ်ဘူး၊ မင်းက အကြီးအကဲ ယွင်ရဲ့ ခွင့်ပြုချက်ကို လိုအပ်တယ် “
“ ကျွန်တော်က အကြီးအကဲယွင်ကို ဖြောင်းဖြလိုက်ပါ့မယ် “ ဟုလျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလိုက်သည်။
…
ထိုအချိန်တွင် ရှုကျိုးသည် သူ၏စံအိမ်ဆီသို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
အိမ်ထဲသို့ မဝင်မှီအချိန်မှာပင် တစ်စုံတစ်ဦးသည် သူ၏အနားသို့ ချဥ်းကပ်လာခဲ့သည်။
“ ရှုကျိုး “
လျူယောင်တုန်မှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ မင်းက ဘာလို့ ဒီမှာ ရှိနေရသေးတာလဲ? မင်းရဲ့ကောင်မလေးက ပြဿနာတက်နေပြီလေ “
“ ကောင်မလေးလား? “ ရှုကျိုး အနည်းငယ် မှင်သက်သွားခဲ့သည်။
ထို့နောက်တွင် လျင်မြန်စွာ နားလည်သွားခဲ့သည်၊ လီရို့ရှီလား?
သူ၏မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည် “ ဘာဖြစ်တာလဲ? “
“ မင်းမသိဘူးလား? “
လျူယောင်တုန် အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် သူသည် အဖြစ်မှန်ကို ပြောပြလာခဲ့သည် “ အထူးပြုဌာနက စီနီယာတစ်ယောက်က မင်းရဲ့ ကောင်မလေးနဲ့ လက်ရည်စမ်းခဲ့တယ်၊ တော်တော်လေးကို ကြမ်းတယ်လို့ကြားတယ် “
သူသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီး၊ ရှုကျိုး၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်ကို မြင်လိုက်ရသောအခါတွင် ကြက်သီးများထသွားကာ အမြန်ပြောလာခဲ့သည် “ ဒေါသမထွက်ပါနဲ့၊ ငါကြားတာတော့ မင်းရဲ့ ကောင်မလေးက အဆင်ပြေတယ်တဲ့၊ သူမရဲ့ဆရာမက သူမကို ကာကွယ်ပေးခဲ့တယ် “
“ ဒါပင်မဲ့ အဲ့ဒီစီနီယာက သူမရဲ့ လက်မောင်းကို အဲ့နေရာမှာပဲ အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ရိုက်ချိုးလိုက်တယ်တဲ့၊ အဲ့စီနီယာက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲနေမယ်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ပညာရှင်ချန်းက ဝင်ပါလာမှာ မဟုတ်ဘူး “
“ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလား? “ ရှုကျိုး၏ မျက်လုံးများ အေးစက်သွားတော့သည်။
လီရို့ရှီ၏ စရိုက်သည် အေးစက်စက်ဖြစ်နေသော်လည်း ဉာဏ်နည်းသည့် လူမဟုတ်ပေ၊ သူမသည် သူမမနိုင်သည့် လူများကို ဆန့်ကျင်စော်ကားလိမ့်မည် မဟုတ်ပေ။
ယခင်က ကျိုးဖန်မင်းနှင့် တစ်ခြားလူများအပေါ်တွင် မလှုပ်ရှားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းကို သိနိုင်ပေသည်။
ဆိုတော့ အဲ့လူက ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ?
“ အဲ့ဒီစီနီယာက ဘယ်သူလဲ? “ ရှုကျိုးသည် လျူယောင်တုန်ကို ကြည့်လိုက်သည်။
“ အထူးပြုဌာနက လူပဲ၊ ဝမ်ယုလို့ခေါ်တဲ့ပုံပဲ “
လျူယောင်တုန်သည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားပြီး ပြောလာခဲ့သည် “ သူမနဲ့ သွားမရှုပ်တာ အကောင်းဆုံးပဲ၊ သူမက လျူတျန်မုနဲ့ တစ်ဖွဲ့တည်းလို့ ငါကြားတယ်၊ သူမက လျူတျန်မုရဲ့ ညွှန်ကြားချက်တွေကြောင့် လီရို့ရှီကို အဲ့လိုလုပ်လိုက်တာဖြစ်နိုင်တယ် “
“ ဝမ်ယုက အထူးပြုဌာနမှာ တော်တော်လေး နာမည်ကြီးတယ်၊ တကယ်လို့ မင်းက သူမကို ပြဿနာရှာမယ်ဆိုရင် အထူးပြုဌာနက လူတော်တော်များများနဲ့ ရင်ဆိုင်ရလိမ့်မယ် “
“ ငါနားလည်တယ် “ ရှုကျိုးသည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ အမြန်လှည့်ထွက်သွားတော့သည်။
…
အထူးပြုဌာန၌
လူတော်တော်များများကို မေးခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လီရို့ရှီက ချန်းယနှင့်အတူ ရှိနေသည်ကို သိသွားခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ချန်းယ၏ ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
အထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် လီရို့ရှီ၏ ပုံရိပ်ကို မြင်တွေ့သွားခဲ့သည်။
ကောင်မလေးသည် ဆိုဖာပေါ်တွင် ထိုင်ကာ တိတ်တဆိတ် စာဖတ်နေလျက်ရှိသည်၊ သူမ၏ ဘေးဘက် မြင်ကွင်းသည် အေးဆေးတည်ငြိမ်ကာ လှပနေခဲ့သည်။
သူမ၏ ပခုံးရင်းတွင် ပတ်တီးဖြင့် အထပ်ပေါင်းများစွာ ပတ်ထားခဲ့ပြီး၊ ၎င်းထံမှ အနီရောင်သွေးစက်များ အနည်းငယ် စိမ့်ထွက်နေလျက်ရှိသည်။
ရှုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ ဟိုကောင်ပြောတော့ သူမက ဘာမှ မဖြစ်ဘူးဆို?
“ မင်းက ဒီမှာလား? “
အနောက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး၊ ချန်းယ လမ်းလျှောက်ဝင်လာခဲ့သည်။
လီရို့ရှီမှာလည်း ခေါင်းမော့၍ ကြည့်လာခဲ့ပြီး၊ ရှုကျိုးကို မြင်လိုက်ရသောအခါတွင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“ ဆရာမ “ ရှုကျိုးမှ လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်၊ ထို့နောက်တွင် လီရို့ရှီထံသို့ လမ်းလျှောက်လာခဲ့သည် “ အဆင်ပြေရဲ့လား? “
လီရို့ရှီသည် သူမ၏ဦးခေါင်းလေးကို ခါယမ်း၍ ချိုသာစွာ ပြောလာခဲ့သည် “ အဆင်ပြေပါတယ်၊ ဒဏ်ရာသေးသေးလေးပါပဲ “
ရှုကျိုးသည် ကွေ့ဝိုက်စကားနှိုက်မနေဘဲ တိုက်ရိုက် မေးမြန်းလိုက်သည် “ နင်နဲ့ ပြိုင်ခဲ့တဲ့ ဝမ်ယုရဲ့ နယ်ပယ်က ဘာလဲ? “
လီရို့ရှီသည် သူ့ကို ကြည့်ကာ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူမသည် ဤကိစ္စထဲသို့ ရှုကျိုးပါဝင်လာမည်ကို မလိုချင်သောကြောင့် ဤကိစ္စအား သူ့ကို မပြောပြခဲ့ပေ။
သို့သော် မမျှော်လင့်ထားစွာဖြင့် သူသည် ၎င်းကို သိသွားခဲ့ပြီး၊ လျင်မြန်စွာရောက်ရှိလာခဲ့ကာ ၎င်းက ဝမ်ယုမှ ပြုလုပ်ခြင်းဖြစ်ကြောင်းကိုပါ သိရှိနေခဲ့သည်။
“ ဘယ်သူက နင့်ကို ပြောပြခဲ့တာလဲ? “ လီရို့ရှီမှ လေသံတိုးတိုးလေးဖြင့် မေးလာခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 179 )
ဝရုန်းသုန်းကား အခြေအနေ ၃
“ ငါ့ သူငယ်ချင်းတစ်ယောက်ပါ “
“ ဒီကိစ္စကနင်နဲ့ မဆိုင်ဘူး၊ ဝမ်ယုက ဆရာအပြစ်ပေးတာကို ခံလိုက်ရပြီ “ လီရို့ရှီမှ တလေးတနက် ပြောဆိုလာခဲ့သည်၊ သူမသည် ဤကိစ္စအတွက်ကြောင့် ရှုကျိုးက သူမအတွက် ရပ်တည်ပေးလာမည်ကို မလိုချင်ပေ။
သူမမှ ထိုကဲ့သို့ ပြောလာခဲ့သည်ကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ချက်ချင်းနားလည်သွားခဲ့သည် “ ဒုတိယအဆင့်လား “
“ နင်က ဒုတိယအဆင့် ပညာရှင်တစ်ယောက်နဲ့ ဘာလို့ တိုက်ခိုက်ရတာလဲ? “
ရှုကျိုး ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ဒုတိယအဆင့်ဆိုတာကို သိရင် သူမက ဘာလို့ တိုက်ခိုက်ခဲ့ရတာလဲဟ?
“ ဒုတိယအဆင့်နဲ့ ပထမအဆင့် ပညာရှင်တွေတိုက်ခိုက်တာက ပထမအဆင့်က အဆင့်ကျော်တိုက်ခိုက်နိုင်ဖို့အတွက် အများကြီး အထောက်အကူပြုတယ်လေ “
ဘေးဘက်ရှိ ချန်းယမှာလည်း ဝင်ရောက်ရှင်းပြလာခဲ့သည် “ ဒုတိယအဆင့် ပညာရှင်နဲ့ လက်ရည်ယှဥ်ရတာက ပထမအဆင့် ပညာရှင်အတွက် တော်တော်လေးကို ရှားတဲ့ အခွင့်အရေးတစ်ခုပဲ “
“ ဝမ်ယုက လီရို့ရှီဆီကို ချဥ်းကပ်လာခဲ့တဲ့ အချိန်တုန်းက သူမရဲ့ သဘောထားက ကောင်းတယ်။ သူမက သူမကို လေးစားတယ်လို့ပြောခဲ့တယ်၊ ထူးဆန်းတာ ဘာမှ မရှိခဲ့ဘူး “
“ အဲ့တာကြောင့် သူမက မငြင်းခဲ့တာ “
ချန်းယမှ အေးစက်စွာ ပြောလာခဲ့သည် “ ဒါပင်မဲ့ စတိုက်ကြတဲ့ အချိန်မှာ ဝမ်ယုက သူမရဲ့ မျက်နှာကို ချိန်ရွယ်လာခဲ့တယ်၊ အဲ့အချိန်မှ တစ်ခုခုမှားနေပြီဆိုတာကို ငါသိတယ် “
ရှုကျိုး၏ အမူအရာ မည်းမှောင်သွားခဲ့တယ် “ မျက်နှာကို ပစ်မှတ်ထားခဲ့တာလား? “
သူသည် လီရို့ရှီကို ငေးကြည့်လိုက်သည်၊ တော်သေးတယ်၊ သူမရဲ့မျက်နှာက ဘာမှ မဖြစ်သွားခဲ့ဘူး။
“ ငါ သူမကို ကာကွယ်ပေးခဲ့တယ်၊ ဒါက အသေးစား ခြစ်ရာလေးတစ်ခုပါပဲ၊ ကြီးကြီးမားမား မဟုတ်ပါဘူး “ ချန်းယမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် လီရို့ရှီ၏ ဒဏ်ရာက မပြင်းထန်ဘူးဆိုသည်ကို မြင်တွေ့နေခဲ့ရသည်။
ဒါပင်မဲ့ ပညာရှင်ချန်း အဲ့မှာရှိနေခဲ့တာက တော်တော်လေးကို ကံကောင်းတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် လီရို့ရှီက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်တယ်။
ရှုကျိုး၏ အမူအရာသည် အနည်းငယ် မှုန်ကုပ်နေလျက်ရှိသည်။
ချန်းယမှ ခေါင်းတခါခါဖြင့် ပြောလာခဲ့သည် “ ဝမ်ယုက ဒီလောက်အထိ ရက်စက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ သူမက လီရို့ရှီရဲ့ မျက်နှာကို တမင်ရည်ရွယ်ပြီးတော့ ပစ်မှတ်ထားနေခဲ့တာ။ တကယ်လို့ သူမသာ အောင်မြင်သွားမယ်ဆိုရင် မင်းရဲ့ကောင်မလေးက သူမရဲ့မျက်နှာကို လူကြားထဲမှာ ထပ်မပြရဲလောက်တော့ဘူး “
“ ဒါပင်မဲ့ ဝမ်ယုက အင်အားအပြည့်မသုံးခဲ့ဘူး၊ သူမရဲ့ လှုပ်ရှားမှုတွေနဲ့ ခွန်အားက ပထမအဆင့်မှာပဲ ရှိနေခဲ့တယ်။ တကယ်လို့ ငါသာ အဲ့နေရာမှာ မရှိခဲ့ဘူးဆိုရင်တော့ သူမက မတော်တဆ လုပ်မိသွားတယ်လို့ ပြောပြီး ရှောင်ထွက်သွားနိုင်တယ် “
“ သူမရဲ့ ရည်ရွယ်ချက်က တော်တော်လေးဆိုးတယ်၊ ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ သိသာတယ် “
ပြောနေရင်းဖြင့် ချန်းယသည် လီရို့ရှီကို ကြည့်ကာ ပြောလာခဲ့သည် “ မင်းက ဌာနမှာ နာမည်အရမ်းကြီးနေပြီ။ မင်းမရောက်လာခင် အချိန်က ဝမ်ယုက ဒီနေရာမှာ နာမည်အကြီးဆုံးပဲ “
“ မင်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူမက မင်းကို တိုက်ခိုက်ခဲ့တာပဲ “
လီရို့ရှီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ရှုကျိုးမှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခင်က သူသည် ဤကိစ္စက လျူတျန်မု၏ သွေးထိုးလှုံ့ဆော်ခြင်းကြောင့်သာ ဖြစ်သည်ဟု ထင်နေခဲ့သည်၊ သို့သော် ယခုတွင်ကား သူမ၏ မနာလိုမှုမှာလည်း အကြောင်းအရင်းတစ်ခု ဖြစ်နေခဲ့သည့်ပုံပင်။
“ စိတ်ချလက်ချနေပါ၊ စည်းမျဥ်းဖောက်တဲ့အတွက် ငါက ဝမ်ယုရဲ့ လက်မောင်းကို ချိုးခဲ့ထားပြီးပြီ “
ချန်းယမှ ပေါ့ပေါ့ပါးပါး ပြောဆိုလာခဲ့သည် “ ကျောင်းကိုလည်း သတင်းပို့ခဲ့ပြီးသွားပြီ၊ ကျောင်းက သူမရဲ့ အကျိုးအမြတ်တွေကို တစ်နှစ် ဖြတ်တောက်ပေးလိမ့်မယ်။ ဒုတိယအဆင့်တစ်ယောက်အနေနဲ့ ပထမအဆင့်ကလူကို တိုက်ခိုက်ခဲ့တဲ့အတွက် သူမကို ဘယ်သူကမှ မကာကွယ်ပေးနိုင်ဘူး “
“ ကျေးဇူးတင်ပါတယ်၊ ဆရာမ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ချန်းယသည် သူ့ကို ကြည့်၍ ပြောလာခဲ့သည် “ ဒီအကြောင်းကို ကြားပြီးတဲ့နောက်မှာ မင်းက ဝမ်ယုကို တိုက်ရိုက်ပြဿနာ သွားရှာလိမ့်မယ်လို့ ငါထင်နေခဲ့တာ ”
ရှုကျိုးသည် တစ်ခဏခန့် မှင်သက်သွားကာ ခေါင်းခါပြလိုက်သည် “ ဆရာမ၊ ကျွန်တော်က မဆင်မခြင် လုပ်တတ်ပင်မဲ့ ခေါင်းမရှိတာတော့ မဟုတ်ဘူး “
“ ပြီးတော့ အခု ကျွန်တော်က အဲ့လောက်ကြီး ပေါ့ပေါ့ဆဆ ဖြစ်မနေတော့ဘူး “
“ အဲ့လိုလား? “
ချန်းယသည် အသာအယာ ပြုံး၍ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကြည့်ရတာတော့ မင်းက အရင်ကထပ် ပိုပြီးတော့ တည်ငြိမ်လာတဲ့ပုံပဲ “
ရှုကျိုးမှ တဟားဟားရယ်မော၍ ပြောလာခဲ့သည် “ အခု ကျွန်တော်က ဒုတိယအဆင့်ကို မရိုက်နိုင်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ ဝမ်ယုနဲ့ စာရင်းမရှင်းခင် ရက်နည်းနည်းလောက်တော့ စောင့်ရမှာပေါ့ “
“ … “
ချန်းယ၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားခဲ့သည်၊ ရက်နည်းနည်းလား?
နင်က ဒုတိယအဆင့် ပညာရှင်တစ်ယောက်ကို ရက်အနည်းငယ်အတွင်းမှာပဲ အနိုင်တိုက်နိုင်လိမ့်မယ်လို့ ထင်နေတာလား?
ဝမ်ယုက သာမန်ဒုတိယအဆင့် ပညာရှင်မဟုတ်ဘူး၊ သူမက အထူးပြုဌာနရဲ့ Sအဆင့် စွမ်းရည်ပိုင်ရှင်လေ။
တကယ်လို့ မင်းက သန်မာလာမယ်ဆိုရင်တောင်မှ သူမကလည်း ဆက်ပြီးတော့ တိုးတက်နေဦးမှာလေ။
ရက်နည်းနည်းကို ပြောမနေနဲ့၊ နှစ်ဝက်လောက်ကြာမယ်ဆိုရင်တောင်မှ သူမကို နိုင်မှာမဟုတ်ဘူး။
ချန်းယသည် သူမ၏ခေါင်းကိုအသာအယာ ခါယမ်း၍ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ ဒီကလေးကို တည်ငြိမ်နေပြီလို့ ထင်ထားတာ၊ သူက ဘာကိုမှ မကြောက်တတ်သေးဘူးပဲ။
တကယ်လို့ အဲ့လိုသာ ဆက်လုပ်နေမယ်ဆိုရင် သူက အနှေးနဲ့အမြန်ဆိုသလို ဆိုးကျိုးတစ်ခုကို ခံစားရလိမ့်မယ်။
သူမသည် ထိုအကြောင်းအရာကို ဆက်မပြောခဲ့ပေ “ ဒီကိစ္စမျိုး ထပ်ဖြစ်လာမှာ မဟုတ်ဘူး။ ငါက သူမကို စောင့်ကြည့်နေတော့မှာ “
“ မင်းရဲ့ ရည်းစားလေးဆီမှာ ထူးခြားလွန်းတဲ့ စွမ်းရည်ရှိတယ်၊ သူမက Sအဆင့် စွမ်းရည်တွေကိုတောင် ပိုင်ဆိုင်လုနီးပါးဖြစ်နေပြီ “
ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည် “ ဘာကို ပြောတာလဲဗျ? “
“ သူမရဲ့ စွမ်းရည်က တော်တော်လေးကို ရှားလွန်းတဲ့ ကြီးထွားမှု အမျိုးအစား စွမ်းရည်ဖြစ်သင့်တယ် “ ချန်းယသည် လီရို့ရှီကို ဖျတ်ခနဲကြည့်၍ ပြောလာခဲ့သည် “ အရင်က A+ ဖြစ်နေခဲ့ပင် အခုတော့ Sအဆင့်စွမ်းရည် ဖြစ်နေခဲ့ပြီ “
“ နောင်အနာဂတ်မှာ ထိပ်တန်းအဆင့် Sအဆင့်စွမ်းရည်တောင် ဖြစ်လာနိုင်တယ် “
“ S+အဆင့် စွမ်းရည်လား? “ ရှုကျိုးသည် ထပ်မံ၍ အံ့အားသင့်သွားတော့သည်။
ချန်းယမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ A+စွမ်းရည်ရှိသလို S+အဆင့် စွမ်းရည်တွေလည်း ရှိတယ်။ ဒါပင်မဲ့ လူသားမျိုးနွယ်ကြားမှာတော့ အဲ့လို စွမ်းရည်မျိုးကို တစ်ခါမှ မမြင်ခဲ့ရဘူး “
“ ဒါပင်မဲ့ ပညာရှင်တွေကတော့ လူသားတွေရဲ့ အကန့်အသတ်က S+အဆင့်အထိ ရောက်သွားနိုင်တယ်လို့ ရှာတွေ့ခဲ့ကြတယ်၊ အဲ့တာက အထက်ပိုင်း Sအဆင့်တွေထက်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ် “
ရှုကျိုး မိန်းမောသွားတော့သည်။
ငါ့ရဲ့ ကောင်မလေး၊ မဟုတ်ဘူး၊ ငါ့ရဲ့ အစ်မက ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား?
“ ဒါပေါ့၊ အဲ့အထိ ရောက်ဖို့ကတော့ တော်တော်လေးခက်တယ်၊ အထူးဓာတ်ကူပစ္စည်းတစ်ချို့ကိုလည်း လိုကောင်းလိုနိုင်တယ် “
ချန်းယမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ ကြီးထွားမှု အမျိုးအစားစွမ်းရည်က လူ့သမိုင်းမှာ တော်တော်လေးကို ရှားပါးတယ်၊ ဖြစ်ရပ်သုံးခုပဲ ရှိခဲ့တယ်။ တကယ်လို့ မတော်တဆ သေဆုံးမှုသာမရှိခဲ့ဘူးဆိုရင်၊ တစ်ခြားလူတွေကလည်း အခုအချိန်လောက်ဆိုရင် တော်တော်မြင့်တဲ့ အဆင့်ကိုတောင် ရောက်နေလောက်ကြပြီ “
“ မင်းကောင်မလေးရဲ့ အနာဂတ် အောင်မြင်မှုတွေက မင်းထပ် နိမ့်နေမှာ မဟုတ်ဘူး “
“ နောင်အနာဂတ်မှာ သူမက မင်းကိုတောင် ဖိနှိပ်လာနိုင်တယ် “
ချန်းယသည် ရှုကျိုးအား အဓိပ္ပါယ်တစ်မျိုးပါဝင်သော အကြည့်ဖြင့် ကြည့်လာခဲ့သည်။
ရှုကျိုးမှ ပြုံးပြလိုက်သည်။
အကယ်၍ လီရို့ရှီကသာ သူ့ကို အမှန်တကယ် ဖိနှိပ်နိုင်ခဲ့မည်ဆိုပါက သူသည် အတော်လေး ပျော်ရွှင်သွားမည် ဖြစ်သည်။
သို့ရာတွင် ရှုကျိုးသည် ၎င်းက ဖြစ်နိုင်ခြေ အလွန်နည်းပါးလွန်းလှသည်ဟုသာ ထင်နေခဲ့သည်။
“ ကောင်းပြီလေ၊ ဒီနေရာမှာ ရပ်လိုက်ကြတာပေါ့၊ မင်းတို့တွေ စကားပြောနေကြပေါ့ “ ချန်းယသည် ရှုကျိုးနားမလည်နိုင်လောက်သော အပြုံးမျိုး ပြုံးပြလာခဲ့ကာ အခန်းထဲမှ ထွက်သွားတော့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး ချန်းယ ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
…
ချန်းယထွက်သွားခဲ့သည့်နောက်တွင်
ရှုကျိုးသည် လီရို့ရှီနှင့် တစ်ခဏခန့် စကားပြောနေခဲ့သည်၊ ထွက်မသွားခင် အချိန်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
“ အို့ဟုတ်သားပဲ၊ သားရဲအူတိုင်နဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေရှိနေတယ်၊ အခုချိန်ကနေစပြီးတော့ နင့်ရဲ့ ကျင့်ကြံရေးအတွက် သားရဲအူတိုင်တွေကို လုံးဝမသုံးနဲ့တော့ “
လီရို့ရှီ အံ့အားသင့်သွားခဲ့သည်။
ရှုကျိုးမှ အကျဥ်းချုံး ရှင်းပြ၍ ပြောလိုက်သည် “ သူမက နင့်ကို အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျင့်ကြံရေး နည်းလမ်းကို လေ့ကျင့်ခွင့် ပေး၊ မပေးဆိုတာကို သိရဖို့အတွက် နင့်ရဲ့ ဆရာမနဲ့ ငါစကားပြောကြည့်လိုက်မယ် “
………………………………………………………………………………………………………………………..
အပိုင်း ( 180 )
ဝရုန်းသုန်းကား အခြေအနေ ၄
“ ကောင်းပြီလေ “ လီရို့ရှီမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
အကယ်၍ သူမ၏ ဆရာမကသာ သဘောတူလာခဲ့မည်ဆိုပါက သူမသည် အစစ်အမှန် သိုင်းပညာဌာနတွင် သွားရောက်လေ့ကျင့်ရမည့်အတွက် မည်သည့်ပြဿနာမှ ရှိနေလိမ့်မည်ဟု မဟုတ်ပေ။
ရှုကျိုး လှည့်ထွက်သွားတော့သည်။
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်ခြားသော ရုံးခန်းတစ်ခုတွင် ချန်းယကို ရှာတွေ့သွားခဲ့ကာ အခြေအနေကို ရှင်းပြလိုက်သည်။
“ ငါနားလည်ပြီ “
ချန်းယသည် အလွန်အေးဆေးတည်ငြိမ်နေသည့်ပုံပေါ်ကာ ပွင့်ပွင့်လင်းလင်းပြောလာခဲ့သည် “ သူမကို သွားခွင့်ပေးလိုက်မယ် “
ရှုကျိုး အနည်းငယ် အံ့ဩသွားတော့သည်၊ ပညာရှင်ချန်းသည် သူတွေးထင်ထားထပ်သည်ပို၍ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့သည်။
သူမက အဲ့တာကို သိထားပြီးသားလား?
“ အို့၊ ဒါနဲ့ “ ချန်းယမှ ရုတ်တရက် ပြောလာခဲ့သည် “ မင်းပြန်ရောက်တဲ့ အချိန်ကျရင် သူချေးထားတဲ့ အမှတ် ၁သိန်းကို ဘယ်အချိန်ပြန်ဆပ်မှာလဲလို့ အဲ့ဒီအဘိုးကြီးလျူချင်းယွမ်ကို မေးပေးဦး။ နှစ်နှစ်တောင် ရှိနေပြီ “
“ အာ? “
ရှုကျိုး ကြက်သေသေသွားတော့သည်။
မစ္စတာလျူက မစ္စချန်းယဆီမှာ အကြွေးတင်နေတာလား?
ဒါပင်မဲ့ ဆရာက အကျိုးပြုအမှတ် ထောင်နဲ့ချီ သောင်းနဲ့ချီပြီး သုံးနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား?
သူက အကြွေးတွေ အများကြီးတင်နေတာကို နှစ်နှစ်အထိ အချိန်ဆွဲပြီးတော့ ဘယ်လိုလုပ်နေနိုင်ရတာလဲ?
သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါတွင် ချန်းယသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံပေါ်ပြီး၊ ငြင်သာစွာ ရယ်မေနေတော့သည်။
“ အဲ့ဒီစကားကိုသာ ပြန်ပြောလိုက်ပါ “ ချန်းယမှ အေးအေးလူလူ ပြောလာခဲ့သည် “ တကယ်လို့ သူက လျစ်လျူရှုထားမယ်ဆိုရင် ဒါကိုပေးလိုက် “
ထို့နောက်တွင် သူမသည် သူမ၏ ငွေရောင်လည်ဆွဲကို ချွတ်ယူကာ ရှုကျိုးကို ပေးလာခဲ့သည်။
ရှုကျိုးသည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
ပညာရှင်ချန်းက ဘာကိုပြောချင်နေတာလဲဟ?
ချစ်ခြင်းတရားရဲ့ သကေ်တလား?
ဒါမှမဟုတ်
ဒုတ် !!
ချန်းယသည် ရှုကျိုးကို ခေါင်းခေါက်ကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ လျှောက်တွေးမနေနဲ့၊ အဲ့စကားကိုသာ ပြောပြလိုက် “
“ ကောင်းပါပြီ “ ရှုကျိုးမှ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
ချန်းယသည် သူ့ကို ကြည့်ကာ မျက်ဝန်းများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည် “ မင်းရဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာတာလား? “
ရှုကျိုး အံ့အားသင့်သွားခဲ့သည်၊ သူမက သာမန်မျက်လုံးတွေနဲ့ အဲ့တာကို မြင်နိုင်နေတယ်ပေါ့?
ငါက ချီ-သွေးစွမ်းအင် အတက်အကျကိုတောင် မထုတ်ပြထားဘူးလေ၊ ဆရာကတောင် အဲ့တာကို တော်တော်ကြာမှ သိသွားခဲ့တာလေ။
“ ဟုတ်ပါတယ်၊ ဒီတစ်လအတွင်းမှာ သွေးကြောမှတ် နည်းနည်းလောက် ပိုဖွင့်နိုင်ခဲ့လို့ပါ “ ရှုကျိုးမှ အမှန်အတိုင်းပြောပြလိုက်သည်။
“ အခုဆိုရင် မင်းက သွေးကြောမှတ် ၁၄၀ကျော်ဖွင့်ထားတဲ့ အဲ့လူတွေကို ကိုင်တွယ်နိုင်လောက်ပြီ “ ချန်းယမှ ပြောလာခဲ့သည် “ ဒါပင်မဲ့ နည်းနည်းလောက် ထပ်ပြီးတော့လေ့ကျင့်နေဖို့ မင်းကိုငါ အကြံပေးလိုက်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် မင်းက သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားတဲ့လူတွေကို ယှဥ်နိုင်မှာ မဟုတ်ဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် သူသည် ချန်းယကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လီရို့ရှီထံသို့ ပြန်ရောက်လာခဲ့ကာ ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကားပြောလာခဲ့သည်။
လီရို့ရှီထံတွင် ဒဏ်ရာများ ရှိနေသေးစဲဖြစ်သောကြောင့် သူမသည် ဒဏ်ရာများကို အရင်ဦးဆုံး ကုသရဦးမည် ဖြစ်သည်။
လီရို့ရှီကို နှုတ်ဆက်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လျင်မြန်စွာ ထွက်သွားတော့သည်။
အထူးပြုဌာန၏ ဝင်ပေါက်၌
ရှုကျိုးထွက်လာသည့် အချိန်တွင် ပုံရိပ်တစ်ခုသည် သူ၏အနားသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
“ ရှုကျိုးလား? “ ထိုလူသည် သူ့ကို မှတ်မိသွားကာ အော်ခေါ်လာခဲ့သည်။
ရှုကျိုးသည် သူ့အရှေ့တွင် ရှိနေသည့် အလွန်ဆွဲဆောင်မှု ရှိသော အပြာရောင် ချပ်ဝတ်တန်ဆာဝတ် ကောင်မလေးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
ကောင်မလေး၏ ဖီးနစ်ကဲ့သို့သော မျက်လုံးများသည် ထူးထူးခြားခြား လှပနေလျက်ရှိပြီး၊ သွေးဆောင်နေသည့် အရိပ်အငွေ့များ သယ်ဆောင်ထားခဲ့သည်။
သို့သော် ဤအချိန်တွင် သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့်ပုံပေါ်ပြီး၊ မျက်နှာဖြူဖျော့ကာ နှုတ်ခမ်းများပင် ခြောက်ကပ်နေခဲ့သည်။
ရှုကျိုး၏ အကြည့်သည် သူမ၏လက်မောင်းများပေါ်သို့ ကျရောက်သွားခဲ့သည်။
၎င်းမှာ လက်အတုများ ဖြစ်ပြီး၊ ယခုမှ တပ်ဆင်ထားသကဲ့သို့ အတော်လေး သစ်လွင်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် သူမက မည်သူဖြစ်နေမလဲဆိုသည်ကိုမှန်းဆမိသွားခဲ့သည် “ ဝမ်ယု? “
ဝမ်ယုသည် ချိုသာစွာ ရယ်မော၍ ပြောလာခဲ့သည် “ နင်ကဒီလောက်တောင် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ နင့်ရဲ့ ကောင်မလေးအတွက် တရားမျှတမှု လာရှာတာလား? “
ပြောနေရင်းဖြင့် သူမသည် သူမ၏ လက်အတုများကို ဖျတ်ခနဲကြည့်ကာ ပြောလာခဲ့သည် “ အခုငါက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပင်မဲ့ နင့်ကို ကိုင်တွယ်ရတာက ပြဿနာ မဟုတ်သေးပါဘူး “
ရှုကျိုးသည် မည်သည့်စကားမှ မပြောဘဲ သူမကို အကဲခတ်နေတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ စိတ်မပူပါနဲ့၊ ငါကနင့်ကို ဒီနေရာမှာ ပြဿနာ မရှာပါဘူး “
သူသည် သူက စတင်တိုက်ခိုက်လာရန်အတွက် ထိုမိန်းမက တမင်သက်သက် နှိုးဆော်နေသည်ဆိုသည်ကို မြင်နိုင်နေခဲ့သည်။
အထူးပြုဌာနမှ ရန်စများသည် သူ့အပေါ်သို့ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် ငတုံးမဟုတ်ပေ၊ အကယ်၍ သူမှ အမှန်တကယ် တိုက်ခိုက်ချင်သည်ဆိုလျှင်တောင်မှ တစ်ပါးသူတို့၏ ဌာနရှေ့တွင် တိုက်ပွဲတစ်ခုကို ပြုလုပ်မည် မဟုတ်ပေ။
ထို့အပြင် သူသည် သွေးကြောမှတ် အခု၇၀ကိုသာ ဖွင့်ထားရသေးသောကြောင့် ဒုတိယအဆင့်ပညာရှင်ကို ကိုင်တွယ်နိုင်ဦးမည် မဟုတ်ပေ။
အပြင်းအထန် ဒဏ်ရာရထားသည့် ပညာရှင် ဖြစ်နေမည်ဆိုပါက သူနိုင်ရန် အခွင့်အရေး ရှိနေလိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ ပြောလိုက်ကာ ရှုကျိုးသည် ထွက်သွားရန် ပြင်လိုက်သည်။
ဝမ်ယု၏မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ကာ ရုတ်တရက် ပြောလာခဲ့သည် “ ကျောင်းက ကောလဟာလတွေက ပြောတာကတော့ အစစ်အမှန် သိုင်းပညာဌာနက လူသစ်ဘုရင်က စကားကြီးစကားကျယ် ပြောတတ်တဲ့ ငကြောက်ကောင်တဲ့။ အစကတော့ ငါကအဲ့တာတွေကို မယုံခဲ့ဘူး၊ ဒါပင်မဲ့ အခုနင့်ကို မြင်လိုက်ရတော့ အဲ့စကားတွေ မှန်နေတဲ့ပုံပဲ “
“ အရင်တုန်းကတော့ ဒုတိယအဆင့်အောက်က ဘယ်သူ့ကိုမဆို တိုက်ရဲတယ်လို့ နင်ပဲ ကြေညာခဲ့တာလေ၊ ဒါပင်မဲ့ တစ်ယောက်ယောက်က အမှန်တကယ် ထွက်လာခဲ့တော့ နင်က အမြဲရှောင်ပုန်းနေခဲ့တာလေ “
“ အခုငါက နင့်ရဲ့ ကောင်မလေးကို ထိခိုက်အောင် လုပ်လိုက်ပြီ၊ နင်က လက်စားချေဖို့တောင် သတ္တိ မရှိဘူးပေါ့။ နင်က ယောကျာ်းရော ဟုတ်ရဲ့လား? “
ဝမ်ယုမှ ပေါ့ပေါ့ပါးပါး ရယ်မောနေခဲ့သည် “ ဒါမှမဟုတ် နင်က အစစ်အမှန် သိုင်းပညာဌာနထဲမှာပဲ တစ်သက်လုံး ပုန်းနေပြီးတော့ ငကြောက်တစ်ကောင်ဖြစ်သွားတော့မှာများလား? “
ရှုကျိုး၏ ခြေလှမ်းများ ရပ်တန့်သွားကာ သူ၏မျက်နှာပေါ်တွင် အေးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
သူသည် ဝမ်ယုကို လှည့်ကြည့်ကာ ပေါ်တင်ပြောလာခဲ့သည် “ ဝမ်ယု၊ နင့်ရဲ့ ရန်စတဲ့ နည်းလမ်းတွေက တော်တော်လေးကို ကြမ်းတာပဲ။ တကယ်လို့ နင့်နေရာမှာ ငါသာဖြစ်နေမယ်ဆိုရင်၊ ဒဏ်ရာတွေ လုံးဝပျောက်သွားပြီးမှ ရန်စဖို့ ထွက်လာခဲ့မှာ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အမှားအယွင်းတွေ ဖြစ်သွားပြီးတော့ အသက်အန္တရာယ်တောင် ဖြစ်သွားနိုင်တယ် “
ထိုအချိန်၌ ဝမ်ယု၏ မျက်လုံးများထဲတွင် အေးစက်သော အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဖြစ်တည်လာခဲ့သည်။
“ ဝုန်းးးးး !! “
အံ့ဖွယ်ကောင်းသည့် ဓားအလင်းတန်းတစ်ခုသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ သူမ၏ နားအနားမှ ဖြတ်သွားကာ သူမ၏ ဆံပင်များကို လှုပ်ခတ်သွားစေခဲ့ပြီး၊ ချက်ချင်း ပြတ်တောက်သွားစေခဲ့သည်။
ဓားအလင်းတန်း၏ အရှိန်အဟုန်သည် လုံးဝလျော့ကျမသွားဘဲ အနောက်ဘက်ရှိ ကြီးမားသော သစ်ပင်ကြီးတစ်ပင်ဆီသို့ တိုးဝင်သွားခဲ့သည်။
ဝုန်းဟူသောအသံနှင့်အတူ သစ်ပင်ကြီး၏ပင်စည်ပေါ်တွင် ဓားရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ သစ်သားအပိုင်းအစများ လွင့်ထွက်လာခဲ့ကာ သစ်ပင်တစ်ခုလုံး အကြမ်းပတမ်း လှုပ်ယမ်းသွားခဲ့ပြီး သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျလာခဲ့သည်။
ဝမ်ယု၏ ပုံရိပ်သည် အနည်းငယ် တုန်ရင်သွားခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှု အရိပ်အငွေ့များ ထင်ဟပ်လာခဲ့လေသည်။
………………………………………………………………………………………………