← Chapters

အခန်း (၂၈၂၁-၂၈၂၅)

Vol. 121 Ch. 2821-2825

အခန်း (၂၈၂၁-၂၈၂၅)

Vol. 121 Ch. 2821-2825

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၁)

ဘာသာပြန်သူ_တိမ်တိုက်

တီယာ၏ တိုက်ခိုက်မှုကြောင့် မွန်းစတားအင်းစက်သုံးကောင် နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။ ဝါကျင့်ကျင့်အရည်များ ပန်းထွက်လာခဲ့ပြီး အန်ချင်စရာအနံ့များမှာလည်း ရုတ်ချည်း ပျံ့နှံ့လာခဲ့သည်။

များပြားလှသော မွန်းစတားအင်းစက်များသည် ရန်ကိုင်တို့ဆီသို့ ခုန်ဝင်လာပြီး အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှသော အဆိပ်များကို မှုတ်ထုတ်လေသည်။ တီယာသည် အဆိပ်ရည်များကို ကျွမ်းကျင်စွာ ရှောင်ရှား၍ အားကောင်းလှသည့် မှော်ပညာရပ်များကို ပြန်လည်ထုတ်သုံးရာ မွန်းစတားအင်းစက်ပေါင်းများစွာ ပြန်လည်သေဆုံးသွားကြရသည်။

ရန်ကိုင်ကမူ တီယာကဲ့သို့မဟုတ်ဘဲ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ တိုက်ခိုက်ကြသည့် ပုံစံအတိုင်း အင်းစက်အုပ်ထဲသို့ ပြေးဝင်သွားကာ သူ့လက်သီးဖြင့် အင်းစက်များကို တစ်ကောင်ပြီးတစ်ကောင် ထုချေ ဖျက်စီးပစ်လေသည်။ ရန်ကိုင်၏တိုက်ခိုက်ပုံမှာ တီယာ၏ ကျော့ရှင်းလှပလှသည့် တိုက်ခိုက်သည့်ပုံစံနှင့် လုံးဝကို ကွာခြားနေပါသော်ငြား မွန်းစတားအင်းစက်များကို သတ်ပစ်နေသည့် ရန်ကိုင်၏အမြန်နှုန်းမှာ တီယာအောက် နိမ့်ကျခြင်းမရှိချေ။ မှော်ဒိုင်းကာဖြင့် သူ့ကိုယ်သူ ကာကွယ်ထားသည့် အတွက်ကြောင့် မွန်းစတားအင်းစက်များ၏ အဆိပ်များ၊ မွန်းစတားအင်းစက်များ သေဆုံးရာမှ ထွက်လာသည့် ဝါကျင့်ကျင့်အရည်များကို ကြောက်ရွံ့နေစရာ မလိုတော့ချေ။

နာရီဝက်အတွင်း မွန်းစတားအင်းစက်အားလုံး အသတ်ခံလိုက်ရလေသည်။

မွန်းစတားအင်းစက်များ သေဆုံးသွားပြီးသည့်နောက် ရန်ကိုင်တို့သည် မွန်းစတားအင်းစက်များ၏ ခန္ဓာကိုယ်ဆီမှ မွန်းစတားအမြုတေများကို လိုက်လံရှာဖွေကြတော့သည်။

သို့သော်ငြား မွန်းစတားအမြုတေများကို ရှာတွေ့သွားသည့်အခိုက် ဤမွန်းစတားအမြုတေများမှာ အလွန်ကိုမှ သေးလှကြောင်း ရန်ကိုင်တွေ့ရှိသွားခဲ့ရသည်။ အပြင်ဘက်တွင် ရန်ကိုင်ဝယ်ယူခဲ့သော မွန်းစတားအမြုတေများနှင့် လုံးဝကို မယှဉ်နိုင်ပေ။ မွန်းစတားအမြုတေများမှာ သေးရုံသာလျှင်မဟုတ်။ ထိုမွန်းစတားအမြုတေများထဲ ကိန်းအောင်းနေသော စွမ်းအင်မှာလည်း အလွန်ကိုမှ နည်းပါးလွန်းလှသည်။

ဤသို့ဖြစ်ရခြင်းမှာ ဤပတ်ဝန်းကျင်အနေအထားကြောင့်လည်း ဖြစ်ဟန်တူပေသည်။

ဤနေရာရှိ မွန်းစတားအင်းစက်များမှာ အမြဲစိမ်းနတ်သစ်ပင်၏ စွမ်းအင်ကို စုပ်ယူ၍ ကြီးထွားလာကြခြင်း ဖြစ်သည့်အတွက်ကြောင့် မျိုးပွားနှုန်း မြန်ပါသော်ငြား အပြင်ဘက်တွင်ရှိနေသော မွန်းစတားသားရဲများကဲ့သို့ အားကောင်းခြင်း မရှိသလို ၎င်းတို့၏ မွန်းစတားအမြုတေမှာလည်း ထိုမျှ အားကောင်းနေခြင်း မရှိပေ။

သို့သော်ငြား အရမ်းကြီးတော့ ကိစ္စရှိမနေခဲ့ပေ။ မွန်းစတားအမြုတေအရည်အသွေး မည်သို့ပင် နိမ့်ကျနေစေကာမူ မြောက်မြားလှစွာသော ပမာဏသည် နိမ့်ကျသော အရည်အသွေးအတွက် အစားထိုးပေးနိုင်ပေသည်။ ရန်ကိုင်သည် ဤကမ္ဘာကြီးထဲသို့ ရောက်လာသည့်အချိန်မှစ၍ ခွန်အားအား တိုးတက်အောင် လုပ်နိုင်သည့် မည်ကဲ့သို့သော မွန်းစတားအမြုတေကိုမဆို စားသုံးနေခြင်း ဖြစ်လေသည်။ လက်ရှိ ရန်ကိုင်ရေတွက်ကြည့်ရသလောက် သူ့အနေဖြင့် မွန်းစတားအမြုတေ အနည်းဆုံး ရှစ်ရာမှ တစ်ထောင်လောက်ထိ စားပြီးသွားလေပြီ။ သူသာ မှော်သခင်အဆင့်သို့ ရောက်နိုင်မည်ဆိုပါက မည်သည့်မွန်းစတားအမြုတေကိုမှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

မွန်းစတားအမြုတေများကို ကောက်ပြီးသည့်နောက်တွင် တီယာသည် အပေါ်သို့ မော့ကြည့်၍ အော်ပြောလိုက်လေသည်။ “အဖိုးချင်… နောက်တစ်ခု…”

သူမ၏စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အခြားသောမွန်းစတားအင်းစက်များ ရှိနေရာဆီသို့ ဦးတည်နေသည့် အပေါက်တစ်ပေါက် အနီးအနားတစ်နေရာ၌ ဖြစ်ပေါ်လာခဲ့လေသည်။

ရန်ကိုင်တို့နှစ်ဦးသည် ထိုနည်းလမ်းအတိုင်း နေရာပေါင်းများစွာကို သွား၍ မွန်းစတားအင်းစက်များကို သတ်ပစ်လေသည်။ ထိုသို့သွားနေရင်းမှ ရန်ကိုင်၏စိတ်ထဲ မေးခွန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ “စီနီယာချင်က အဲ့မွန်းစတားအင်းစက်တွေကို ခံစားမိတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ သူ့ဘာသာသူ မရှင်းပစ်တာလဲ…”

စီနီယာချင် မည်မျှအားကောင်းသလဲဆိုသည်ကို ရန်ကိုင် သေသေချာချာ မသိပါသော်ငြား စီနီယာချင်၏ ခွန်အားနှင့်ပတ်သက်၍ အကြမ်းဖျင်းတော့ ခန့်မှန်းမိပေသည်။ စီနီယာချင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မွန်းစတားအင်းစက်များမှာ စီနီယာချင်ကဲ့သို့ အားကောင်းလှသည့် ပညာရှင်တစ်ဦးအတွက် ဘာဆိုဘာမှမဟုတ်ချေ။ စီနီယာချင်သာ ဆန္ဒရှိပါက ထိုမွန်းစတားအင်းစက်များကို သူ့ဘာသာသူ အလွယ်လေး ရှင်းပစ်နိုင်ပေသည်။ ရန်ကိုင်နှင့် တီယာတို့ဆီမှ အကူအညီ တောင်းနေစရာပင်မလို။

တီယာက ပြန်၍ပြောလိုက်သည်။ “အဖိုးချင်က ဘယ်တော့မှ မသတ်ဘူး…”

ရန်ကိုင်၏နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေသည်။

စီနီယာချင်သည် ကာကွယ်ခြင်းနှင့် ကောင်းချီးပေးခြင်းကို ကိုယ်စားပြုသည့် နတ်သစ်ပင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် စီနီယာချင်၏ ဒဿနမှာ ဤကဲ့သို့ဖြစ်နေသည့်အပေါ် ရန်ကိုင်အနေဖြင့် အပြည့်အဝ သဘောမတူနိုင်ပါသော်ငြား စီနီယာချင် ဘာကြောင့် ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကိုတော့ အနည်းအကျဉ်းတော့ နားလည်မိပေသည်။

နောက်သုံးရက်အတွင်း ရန်ကိုင်နှင် တီယာတို့သည် မွန်းစတားအင်းစက်ပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ မွန်းစတားအမြုတေများ၏ အရည်အသွေးမှာ နိမ့်ကျပါသော်ငြား အရေအတွက်မှာတော့ အမြောက်အမြားပင်။

သုံးရက်ဆက်တိုက် မွန်းစတားအင်းစက်များကို သတ်ပစ်လာပြီးသည့်နောက် တီယာမှာ စတင်၍ မောပန်းလာခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကမူ ကျားတစ်ကောင်နှယ် အားပြည့်အင်ပြည့်ဖြင့် ဖြစ်နေသေး၏။ ထို့အတွက်ကြောင့် တီယာမှာ ရန်ကိုင်အား ကြိတ်၍ အထင်ကြီးသွားရလေသည်။

“ဒီလောက်ဆိုလုံလောက်ပြီ… မင်းတို့နှစ်ယောက် အခု ပြန်လာလို့ရပြီ…” စီနီယာချင်၏အသံ သူတို့နားထဲ ပျံ့လွင့်လာခဲ့သည်။

တစ်ချိန်တည်းတွင် သူတို့ရှေ့၌ လမ်းကြောင်းတစ်ခု ပေါ်လာခဲ့လေသည်။

ရန်ကိုင်နှင့် တီယာသည် အကြည့်ချင်းဖလှယ်လျက် ထိုလမ်းကြောင်းထဲသို့ လျှောက်ဝင်သွားလေ၏။ မကြာမီ ရန်ကိုင်နေသည့် သစ်လိုဏ်ဂူထဲသို့ ပြန်ရောက်လာခဲ့လေသည်။

စီနီယာချင်သည် ထိုနေရာတွင် မတ်တပ်ရပ်နေသေးဆဲ။ ရန်ကိုင်တို့ရောက်လာသည်ကိုမြင်သော် ရန်ကိုင်အား ပြုံး၍ ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် လူငယ်လေး…”

“အခြားသူတွေကို ကူညီရတာ တကယ်ကို ဝမ်းမြောက်စရာပါ… စီနီယာချင် အခုလိုမျိုး ပြောနေစရာမလိုပါဘူး…” ရန်ကိုင်သည် မွန်းစတားအမြုတေများ ထည့်ထားသည့် အိတ်တစ်အိတ်ကို ကိုင်ရင်းမှ ပြုံးဖြီးကာ ပြောလိုက်လေသည်။

ထိုမွန်းစတားအမြုတေများနှင့်သာ ဆိုပါက သူ့အနေဖြင့် မှော်သခင်တစ်ပါး ဖြစ်လာဖို့ရာ ကိစ္စရှိတော့လိမ့်မည် မဟုတ်ချေ။

တီယာကမူ ပြန်၍တောင်းပန်လိုက်လေ၏။ “အဖိုးချင်… ကျွန်မ ပိုပြီး အားကောင်းလာတဲ့တစ်နေ့ အဖိုးကိုယ်ထဲမှာရှိနေတဲ့ အင်းစက်ဘုရင်မကို ရှင်းပစ်ပေးမယ်…”

ထိုစကားကိုကြားသော် ရန်ကိုင်ကြောင်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “အထဲမှာ အင်းစက်ဘုရင်မရှိနေတာလား…”

တီယာက ပြန်ပြောလိုက်သည်။ “ရှိတယ်လေ… မဟုတ်ရင် အဲ့အင်းစက်တွေ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် မျိုးပွားနိုင်မှာလဲ… အဖိုးချင် နိုးတိုင်းနိုးတိုင်း ကျွန်မ အဲ့အင်းစက်တွေကို သွားသွားရှင်းပစ်နေရတာ… နောက်တစ်ကြိမ်သွားတာနဲ့ ပိုပြီးများတဲ့အင်းစက်တွေ ရှိနေဦးမှာ…”

“စီနီယာအစောကြီးတည်းက ပြောလိုက်ရင် ပြီးနေပြီ…” ရန်ကိုင်သည် သူ့အိတ်ကိုချ၍ စိတ်လှုပ်ရှားစွာဖြင့် “စီနီယာချင် ဝင်ပေါက်ကို ဖွင့်လိုက်ပါလား… ကျုပ် အဲ့အင်းစက်ဘုရင်မနဲ့ သွားတွေ့မယ်…”

တီယာသည် ရန်ကိုင်အား အရူးတစ်ယောက်ကို ကြည့်နေသည့်အလား လှမ်းကြည့်လိုက်လေသည်။

စီနီယာချင်က ပြုံး၍ ခေါင်းခါလျက် “မင်းခွန်အားက မရဘူး… အခုလောလောဆယ်တော့ မင်းခွန်အားနဲ့ အင်းစက်ဘုရင်မရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး…”

တီယာက ဝင်ပြောလိုက်သည်။ “အင်းစက်ဘုရင်မက မှော်ဘုရင်နဲ့ယှဉ်နိုင်တဲ့ သက်ရှိနော်…”

ရန်ကိုင်သည် မှော်ဘုရင်တစ်ပါးနှင့် တစ်ခါမှပင် တိုက်ခိုက်ဖူးခြင်း မရှိသည့်အတွက်ကြောင့် မှော်ဘုရင်တစ်ပါး မည်မျှအားကောင်းသလဲဆိုသည်ကို မသိပေ။ ဤလောကကြီး၏ ခွန်အားအဆင့်ခွဲဝေပုံမှာ ရန်ကိုင်တို့အဆင့်ခွဲဝေပုံနှင့် အလွန်ကိုမှ ကွဲခြားပေသည်။ ဤလောကကြီးထဲတွင် မှော်ဘုရင်များမှာ အလွန်ကိုမှ မြင့်မားလှသည့် ခွန်အားကို ပိုင်ဆိုင်ထားကြသည့် ပညာရှင်များ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ရောက်ရှိနေသည့်ခေတ်နှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက မှော်ဘုရင်များသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်လောက်ပေသည်။

တီယာကဲ့သို့သော လူမျိုးမှာမူ တာအိုသခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပေလိမ့်မည်။

တီယာမှ သူ့အား လာလှောင်ပြောင်နေသည့်အပေါ် ရန်ကိုင်မှ ပြန်ပြောတော့မည်အပြု စီနီယာချင်က ရုတ်တရက် ပြောလိုက်လေသည်။ “လူတစ်ယောက် မင်းကို တွေ့ချင်နေတယ်… သူ မင်းကို တွေ့ဖို့စောင့်နေတာ နှစ်ရက်တောင်ရှိနေပြီ… မင်း သူနဲ့ အရင်သွားတွေ့လိုက်ရင်ကောင်းမယ်…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး လိုဏ်ဂူအပြင်ဘက်သို့ မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်ရာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည့် ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

(ယုလား…)

စီနီယာချင်ပြောနေသည့် ဧည့်သည်မှာ ယုဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ရန်ကိုင်နှင့်ယုမှာ အတူယှဉ်တွဲ၍ တိုက်ခိုက်ခဲ့ဖူးပါသော်ငြား သူတို့နှစ်ဦးမှာ ဤမျှ ရင်းနှီးကြသည်မဟုတ်။ ရန်ကိုင်အား နှင်းရေခဲမြို့တော်သို့ ခေါ်လာပြီးသည့်နောက် ယုမှာ ရန်ကိုင်နှင့် အဆက်အသွယ်မလုပ်တော့ချေ။ ထိုသို့ဖြစ်လေရာ ယခုအချိန်ကြမှ ဘာကြောင့် သူ့အား လာရှာနေရလေသနည်း။

စီနီယာချင်က ဆက်ပြောလိုက်သည်။ “လူငယ်လေး… မင်းက ငါ့ကျောကုန်းကို ကုတ်ပေးခဲ့တာဆိုတော့ ဒီသစ်ရွက်စိမ်းကို လက်ဆောင်အဖြစ် ယူထားလိုက်…”

ထိုသို့ပြောပြီးသည့်နောက်တွင် စီနီယာချင်မှာ သူ့လက်ကို ဆန့်ထုတ်လိုက်လေရာ အစိမ်းရောင်သစ်ရွက်တစ်ရွက် သူ့လက်ချောင်းများကြား ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်ရာ အစိမ်းရောင်သစ်ရွက်မှာ ရန်ကိုင်ဆီသို့ ဝဲလာခဲ့လေသည်။

ရန်ကိုင်လည်း သစ်ရွက်ကို လှမ်းဖမ်းလိုက်လေသည်။ အစိမ်းရောင်သစ်ရွက်ဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ မခံစားမိသော် ပြန်၍မေးလိုက်လေသည်။ “စီနီယာ… ဒီအစိမ်းရောင်သစ်ရွက်က ဘယ်လိုအသုံးဝင်တာလဲ သိလို့ရမလား…”

စီနီယာချင်က ယဲ့ယဲ့လေးပြုံးလျက် “မင်းသာ ငါ့အကာအကွယ်အောက်မှာ ရှိနေသရွေ့ ဒီအစိမ်းရောင်သစ်ရွက်ကို အသက်သွင်းလိုက်မယ်ဆိုရင် ဒီနေရာကို ချက်ချင်း ပြန်ရောက်လာလိမ့်မယ်…”

“ကျုပ်သိပြီ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အစိမ်းရောင်သစ်ရွက်ကို သေသေချာချာ သိမ်းထားလိုက်သည်။ အစိမ်းရောင်သစ်ရွက်မှာ သူ့လိုဏ်ဂူဆီသို့သာ ပြန်ရောက်လာစေနိုင်သည့်အတွက်ကြောင့် ရန်ကိုင်အတွက် ထူး၍အသုံးမဝင်သည့်ပုံ ပေါက်ပါသော်ငြား စီနီယာချင်မှပေးသည့် လက်ဆောင်ဖြစ်သည့်အတွက်ကြောင့် လက်ခံရုံသာ တတ်နိုင်လေသည်။

ထို့နောက်တွင် စီနီယာချင်သည် ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

သုံးရက်ဆက်တိုက် တိုက်ခိုက်လာပြီးသည့်နောက်တွင် တီယာမှာ အားကုန်နေသည့်ပုံပင်။ ရန်ကိုင်အား နှုတ်ဆက်စကား ဆိုပြီးသည့်နောက် သူမနေသည့်နေရာဆီသို့ ပြန်ထွက်လာခဲ့လိုက်သည်။

သူတို့နှစ်ဦးထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် လိုဏ်ဂူထဲမှထွက်၍ အောက်ဘက်သို့ငုံ့ကြည့်ရင်းမှ အော်ခေါ်လိုက်သည်။ “ခင်ဗျား ကျုပ်ကို ရှာနေတာလား…”

ရန်ကိုင်၏အသံကိုကြားသော် ယုသည် ဝမ်းသာအားရအမူအယာဖြင့် အပေါ်သို့ မော့ကြည့်လာခဲ့သည်။ ထို့နောက် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေရာ အစိမ်းရောင်အလင်းတို့ သူမအား လွှမ်းခြုံသွားခဲ့ပြီး ရန်ကိုင်ရှိနေသည့် သစ်လိုဏ်ဂူဆီသို့ တဖြည်းဖြည်း ပျံဝဲတက်သွားခဲ့လေသည်။

“ဘာကိစ္စလဲ…” ရန်ကိုင်က ယုအား ကြည့်ရင်းမှ မေးလိုက်သည်။

ယုမှ သူမလာရင်းအကြောင်းကို ပြောတော့မည်အပြု ရန်ကိုင်အား အထက်အောက်အစုံအဆန် ရုတ်တရက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် အလွန်ကိုမှ ထိတ်လန့်အံ့အားသင့်သွားဟန်ဖြင့် “ရှင် အဆင့်မြင့်မှော်စစ်သည်တော်တစ်ယောက်တောင် ဖြစ်နေပြီလား…”

(ဘယ်လောက်များကြာသေးလို့လဲ… တစ်လလောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား…)

ရန်ကိုင်အား တောင်ဖြူမှ နှင်းရေခဲမြို့တော်ဆီသို့ ခေါ်လာစဉ်က ရန်ကိုင်သည် အဆင့်နိမ့်မှော်စစ်သည်တော်တစ်ဦးသာ ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ တစ်လအတွင်း ရန်ကိုင်မှာ အဆင့်မြင့်မှော်စစ်သည်တော်တစ်ဦး မည်ကဲ့သို့များ ဖြစ်လာရလေသနည်း။ လူတစ်ဦးမှာ အချိန်တစ်လအတွင်း အဆင့်နှစ်ဆင့်ကို တစ်ခဏလေးဖြင့် တက်နိုင်လိမ့်မည်ဟု ယု လုံးဝမယုံကြည်ပေ။ သို့သော်ငြား ယခု သူမကိုယ်တိုင် မျက်မြင်တပ်အပ် ကြုံတွေ့နေရသည့်အတွက်ကြောင့် မယုံချင်လည်း ယုံရပေတော့မည်။

ရန်ကိုင်နှင့်ယှဉ်လိုက်သော် လွန်ခဲ့သည့်တစ်လလုံးလုံး သူမ၏ကျင့်ကြံခြင်းမှာ ဘာမှ ပြောင်းလဲလာခဲ့ခြင်း မရှိချေ။

ရန်ကိုင်ကမူ ပုခုံးသာ တွန့်ပြလိုက်ပြီး ရှင်းပြမနေခဲ့။

ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် မှော်ပညာရပ်များကို လေ့ကျင့်ရာ၌ ရန်ကိုင်သည် မည်သည့်အဆင့်တစ်ဆို့သည့် အတားအဆီးနှင့်မှ မကြုံရချေ။ ခွန်အားကို လုံလောက်အောင် စုဆောင်းပြီးသည်နှင့်တစ်ပြိုင်နက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ပေသည်။

ထို့အပြင် ရန်ကိုင်သည် အဆင့်နိမ့်မှော်ကျင့်စဉ်တစ်ခုကိုသာ ကျင့်ကြံထားခြင်း ဖြစ်ပေသေးသည်။ ရွာသူကြီးမှ သင်ကြားပေးခဲ့သည့် မှော်ကျင့်စဉ်မှာ မည်ကဲ့သို့များ အဆင့်မြင့်ကျင့်စဉ်တစ်ခု ဖြစ်နိုင်ပါမည်နည်း။ ရန်ကိုင်သည်သာ မှော်သူတော်စင်တစ်ဦးမှ အသုံးပြုသည့် မှော်ကျင့်စဉ်တစ်ခုကိုသာ ရရှိလိုက်မည်ဆိုပါက သူ၏ကျင့်ကြံနှုန်းမှာ ယခုထက်ပင် ပိုမိုမြန်ဆန်လာပေလိမ့်မည်။

ထိတ်လန့်နေရာမှ မကြာမီတွင် ယု အသိပြန်ဝင်လာခဲ့ပြီး ပြောလိုက်လေသည်။ “မှော်ဆရာညို… မှော်ဆရာချဲ့က ရှင့်ကိုတွေ့ချင်နေတယ်…”

“မှော်ဆရာချဲ့… သူက ဘယ်သူလဲ….” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။

ယုက တလေးတစားအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မှော်ဆရာချဲ့က ကျွန်မတို့နှင်းရေခဲကလန်ရဲ့ မှော်ဝိဇ္ဇာတွေထဲက တစ်ယောက်ပဲ…”

“ဘာဖြစ်လို့ ခင်ဗျားတို့နှင်းရေခဲကလန်က မှော်ဝိဇ္ဇာက ကျုပ်ကို တွေ့ချင်နေရတာလဲ…” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်ကမူ မှော်ဝိဇ္ဇာတစ်ဦးအား တစ်ခါမှ မတွေ့ဖူးသည်တော့မဟုတ်။ တီယာသည် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်လေသည်။ သို့သော်ငြား သူမ၏ဇစ်မြစ်ကြောင့် သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောရဲပေ။ တီယာမှာ နိုမက်ကလန်သားတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ မဟုတ်ပါက လူထောင်ပေါင်းများစွာ၏ အထက်တွင် ရပ်တည်နေသော ခေါင်းဆောင်တစ်ဦး အလွယ်တကူ ဖြစ်လာနိုင်ပေသည်။ ထိုအကြောင်းကြောင့် ယုမှ မှော်ဝိဇ္ဇာတစ်ဦး သူနှင့် တွေ့ချင်နေကြောင်း ပြောလာသော် ရန်ကိုင် ထိုမျှ စိတ်ပူနေခြင်းမရှိသေးပေ။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ယုက ပြောလိုက်လေသည်။ “ရှင်က အဲ့ကုသရေးဆေးတွေကို ဖော်စပ်ခဲ့တဲ့လူလား…”

“ဟုတ်တယ်လေ…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ယု အံ့ဩတကြီး ဖြစ်သွားခဲ့လေသည်။ “ရှင် သမားတော်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ တကယ်ကို မထင်ထားဘူး… ရှင် ဆေးရောင်းနေတုန်းက ကျွန်မတို့ကလန်သားတွေ တော်တော်များများလည်း အဲ့ကုသရေးဆေးတွေကို ဝယ်ခဲ့တယ်… ဆေးအာနိသင်ကတော့ တကယ်ကိုရှယ်ပဲ… ဒါကြောင့် ကျွန်မတို့နှင်းရေခဲကလန်က ရှင့်ကို ကျွန်မတို့အတွက် အဲ့ဆေးတွေ ဖော်စပ်ပေးစေချင်တာ… ဒါပေါ့… ဆေးအမယ်တွေအားလုံးကိုတော့ ကျွန်မတို့က ပြင်ပေးမှာပေါ့… ရှင့်ဘက်က ဖော်စပ်ပေးဖို့ပဲလိုတာ…”

“ကျုပ်သိပြီ…” ယုရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် ရန်ကိုင် ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။ လွန်ခဲ့သည့်သုံးရက်ခန့်ကသာ ဤသတင်းကို ကြားမည်ဆိုပါက ရန်ကိုင်အနေဖြင့် အမှန်တကယ်ကို ဝမ်းသာမိပေလိမ့်မည်။ အကြောင်းမှာ ထိုကုသရေးဆေးများကို လုံလောက်အောင် ရောင်းထွက်ခြင်း မရှိတော့သည့်အတွက်ကြောင့်ပင်။ ရန်ကိုင်မှာ မွန်းစတားအမြုတေများကို မည်ကဲ့သို့ ဝယ်ရမလဲ ဆိုသည်ကို စိတ်ပူနေခဲ့ရသည်။ နှင်းရေခဲကလန်သည်သာ ဤအကြောင်းကို အစောကြီးတည်းက လာပြောမည်ဆိုပါက ရန်ကိုင်အနေဖြင့် မွန်းစတားအမြုတေများကို ဝယ်ယူရန် သစ်စိမ်းပြား အလုံအလောက်မရှိမည်ကို စိတ်ပူစရာ လိုတော့လိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ယခုလေးတင် စီနီယာချင်၏ ကျောကုန်းကို ကုတ်ပေးခြင်းဖြင့် ရန်ကိုင်သည် မွန်းစတားအမြုတေပေါင်းများစွာကို ရရှိခဲ့လေသည်။ ထိုမွန်းစတားအမြုတေများသည် သူ့အား မှော်သခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်အောင် ကူညီပေးဖို့ရာ လုံလောက်ပေသည်။

ထို့အတွက်ကြောင့် နှင်းရေခဲကလန်က ယခုမှသာ သူ့ဆီသို့ ရောက်လာသည့်အပေါ် ရန်ကိုင်မှာ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့ရလေသည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ…”

မည်သို့ပင်ဖြစ်နေစေကာမူ သူ့အဖို့ ကုသရေးများကို ဖော်စပ်ဖို့ရာ ဤမျှ အားစိုက်ရသည်မှ မဟုတ်လေပဲ။ ထို့အတွက်ကြောင့် ကုသရေးဆေးများကို ဖော်စပ်ရင်း ကျင့်ကြံလို့လည်း ရပေသည်။

ရန်ကိုင်သဘောတူသည်ကိုမြင်သော် ယု ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ်…”

“လူရိုင်းမျိုးနွယ်စုဝင်တွေက အကုန်လုံး တစ်မိသားစုတည်းပဲလေ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

ယု၏ဦးဆောင်မှုဖြင့် ရန်ကိုင်သည် သူ၏ သစ်လိုဏ်ဂူထဲမှ ထွက်ကာ မြို့ထဲတွင်ရှိနေသော အခမ်းနားအကြီးကျယ်ဆုံး နန်းတော်တစ်ခုဆီသို့ လျှောက်သွားလေ၏။ ဤကမ္ဘာကြီးထဲတွင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များနေသည့် အိမ်ရာများမှာ အလွန်ကိုမှ ရိုးရှင်းလှကြသည်။ အလွန်ကိုမှ အဆင့်အတန်းမြင့်မားသည့်လူများ နေထိုင်သည့် နေရာများတွင်သာ နန်းတော်ကဲ့သို့သော အဆောက်အဦးများ ရှိကြပေသည်။

နှင်းရေခဲမြို့တွင်ရှိနေသော နန်းပြင်ကျယ်ကြီးသည် နှင်းရေခဲကလန်၏ တော်ဝင်နန်းတော်ဖြစ်ပေသည်။ ထိုနေရာသည် နှင်းရေခဲကလန်၏ မှော်ဘုရင်များ နေထိုင်နေသည့် နေရာလည်း ဖြစ်ပေသည်။

နှင်းရေခဲကလန်၏ မျိုးရိုးနာမည်ချဲ့နှင့် မှော်ဝိဇ္ဇာဟုခေါ်သည့် လူသည်လည်း ထိုနန်းတော်တွင်သာ နေနေပေသည်။

လက်ရှိ ရန်ကိုင်၏အဆင့်အတန်းအရ မှော်ဝိဇ္ဇာတစ်ဦးနှင့် တွေ့ဆုံရသည်ကပင်လျှင် သူ့အတွက် ဂုဏ်ယူစရာ ဖြစ်နေလေပြီ။ ထို့အတွက်ကြောင့် သူ့အဖို့ နှင်းရေခဲကလန်၏ မှော်ဘုရင်တစ်ပါးကို တွေ့ဖို့ရာ မဖြစ်နိုင်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၂)

ဘာသာပြန်သူ_တိမ်တိုက်

ယုခေါ်ရာလမ်းကြောင်းအတိုင်း လိုက်သွားပြီးသည့်နောက် နန်းတော်ထဲသို့ ရောက်လာခဲ့လေသည်။ နန်းတော်ထဲ တစ်နာရီခန့်ကြာအောင် စောင့်နေပြီးသည့်နောက်တွင် လူကောင်ထွားထွား အားကောင်းလှသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် မှော်ဝိဇ္ဇာတစ်ဦးနှင့် တွေ့ရလေ၏။ ထိုမှော်ဝိဇ္ဇာ မည်ကဲ့သို့သော မှော်ကျင့်စဉ်အား ကျင့်ကြံထားသလဲဆိုသည်ကို ရန်ကိုင်မသိရပါသော်ငြား ထိုမှော်ဝိဇ္ဇာ၏ အရှိန်အဝါထဲ လျှပ်စီးဓာတ်တို့ ကိန်းအောင်းနေခဲ့လေသည်။

“မှော်ဝိဇ္ဇာချဲ့… ဒါက မှော်ဆရာညိုပါ…” ယုသည် မှော်ဝိဇ္ဇာချဲ့အား တလေးတစားဖြင့် ဦးညွှတ်၍ ရန်ကိုင်အား မိတ်ဆက်ပေးလိုက်လေသည်။

ရန်ကိုင်သည်လည်း ဓလေ့ထုံးတမ်းအတိုင်း သူ့လက်ကို ရင်ဘတ်ပေါ်တင်၍ ဦးညွှတ်ကာ ပြောလိုက်လေ၏။ “မင်္ဂလာပါ မှော်ဆရာချဲ့…”

ချဲ့က ခေါင်းညိတ်၍ မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည့် အသံမျိုးဖြင့် ပြောလိုက်သည်။ “မင်းက အဲ့ကုသရေးဆေးတွေကို ဖော်စပ်ခဲ့တဲ့ မှော်ဆရာဆိုတဲ့လူလား…”

“ဟုတ်ပါတယ်…” ရန်ကိုင်က မှော်ဝိဇ္ဇာချဲ့နှင့် အကြည့်ချင်းဆုံလိုက်လေသည်။

ချဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။ “မင်းလိုလူတစ်ယောက်ကို တွေ့ဖို့က တကယ်မလွယ်ဘူး… မင်းက နိုမက်ကလန်ကလား…”

ရန်ကိုင်က ခေါင်းခါလိုက်သည်။ “ကျုပ်က တောင်ပိုင်းလူရိုင်းကလန်ကပဲ… မွေးကတည်းက အခုလိုမျိုး လူကောင်သေးပြီး အားနည်းနေတာ…”

ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် မိမိ၏ဇစ်မြစ်ကို ဖုံးကွယ်လေ့ မရှိကြချေ။ လူတိုင်းသည် မိမိ၏ဇစ်မြစ်အပေါ် အလွန်ကိုမှ ဂုဏ်ယူဝံ့ကြွားကြသည်။ ထိုအကြောင်းကြောင့် မိမိ၏ဇစ်ဖြစ်အား ဖုံးကွယ်ခြင်းမှာ ကိုယ့်ကလန်ကို အထင်သေးခြင်း မည်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် နိုမက်ကလန်သားတစ်ဦးနှင့်ပင် တူနေလင့်ကစား ရန်ကိုင်၏စကားကို မှော်ဝိဇ္ဇာချဲ့ သံသယမဝင်ခြင်းပင်။

ချဲ့၏နှုတ်ခမ်းများ ကွေးတက်သွားခဲ့ပြီး အားတင်းပြုံး၍ ပြောလိုက်လေသည်။ “သမားတော်တွေက အားကောင်းဖို့မလိုပါဘူး… မင်းဖော်စပ်ထားတဲ့ ကုသရေးဆေးတွေက ငါတို့ကလန်သားတွေအတွက် အရမ်းအသုံးဝင်တယ်… ဒီတော့ မင်းကိုယ်မင်း နှိမ့်ချနေစရာ မလိုပါဘူး…”

“ကျေးဇူးအများကြီးတင်ပါတယ် မှော်ဝိဇ္ဇာချဲ့…”

ရန်ကိုင်၏ပုံစံမှာ သူ့ကိုယ်သူ နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်းမရှိ။ ထို့အတွက်ကြောင့် ရန်ကိုင်အပေါ် မှော်ဝိဇ္ဇာချဲ့၏အထင်အမြင်မှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့ရလေသည်။ ရန်ကိုင်ကဲ့သို့ သူနှင့် လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စကားပြောနိုင်သည့် အဆင့်မြင့်မှော်စစ်သည်တော်တစ်ဦးကို တွေ့ဖို့ရာ လွယ်ကူလှသည်တော့မဟုတ်ချေ။

(နေပါဦး… ယုပြောတော့ ဒီကောင်က အဆင့်နိမ့်မှော်စစ်သည်တော်ဆို… ဘယ်လိုလုပ်ပြီး အဆင့်မြင့်မှော်စစ်သည်တော် ဖြစ်နေရတာလဲ…)

ယုပြောသွားသည်နှင့် လက်ရှိ သူမြင်နေရသည်ကြားတွင် အဆင့်သေးနှစ်ဆင့် ခြားနေခဲ့လေသည်။ ယု သူ့အား လိမ်လိမ့်မည်မဟုတ်မှန်းတော့ မှော်ဝိဇ္ဇာချဲ့ သိနေခဲ့သည်။

သူ့စိတ်ထဲ မယုံသင်္ကာ ဖြစ်မိပါသော်ငြား မှော်ဝိဇ္ဇာချဲ့မှာ ထိုအကြောင်းကို မေးမနေခဲ့ပဲ ပြန်၍သာ ပြောလိုက်လေသည်။ “ငါဘာဖြစ်လို့ မင်းကို တွေ့ချင်တယ်ဆိုတာကို မှော်ဆရာယု မင်းကို ပြောပြပြီးသွားပြီလို့ထင်တယ်…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ပြောပြပြီးသွားပြီ… ကျုပ် မှော်ဆရာညို နှင်းရေခဲကလန်အတွက် ဆေးဖော်စပ်ပေးချင်ပါတယ်…”

မှော်ဝိဇ္ဇာချဲ့၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ပြုံး၍ ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့လိုဆိုရင် ယု… မှော်ဆရာညိုကို ခေါ်သွားပေးလိုက်… လိုအပ်တဲ့ဆေးပင်တွေကိုလည်း အဆင်သင့်ပြင်ပေးလိုက်…”

“ဟုတ်ကဲ့…” ယုလည်း မှော်ဝိဇ္ဇာချဲ့၏အမိန့်ကို ရပြီးသည့်နောက် ရန်ကိုင်အား နန်းတော်ထဲသို့ ခေါ်သွားလေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦး တစ်ခုသောအခန်းဆီသို့ ရောက်လာခဲ့သည်။ ရန်ကိုင်မျှော်လင့်ထားသကဲ့သို့မဟုတ်ဘဲ ထိုအခန်းထဲတွင် လူနှစ်ဦး ရှိနေကြလေသည်။ ထိုနှစ်ဦးလုံးမှာ အလွန်ကိုမှ အသက်ကြီးကြ၏။ နှစ်ဦးစလုံး၏အရှိန်အဝါမှာ ရန်ကိုင့်ထက် အားကောင်းနေသည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ မှော်သခင်များဖြစ်ကြသည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။

တစ်ဦးမှာ တစ်ခေါင်းလုံး ဖြူဖွေးနေခဲ့ပြီး အခြားတစ်ဦးမှာတော့ ဆံပင်အရောင် ပြောက်တိပြောက်ကျား ဖြစ်နေလေသည်။ ရန်ကိုင်နှင့်ယုတို့မှ အခန်းထဲသို့ ဝင်လာသည်ကိုမြင်သော် နှစ်ဦးစလုံးသည် ယုအား မေးမြန်းလိုသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

ယုမှ ခေါင်းညိတ်လိုက်ရာ လူအိုကြီးနှစ်ဦးမှ ရှေ့သို့တက်လာ၍ သံပြိုင်ပြောလိုက်ကြလေသည်။ “မင်္ဂလာပါမှော်ဆရာညို…”

ရန်ကိုင်က အံ့ဩတကြီးဖြင့် “ဒီနှစ်ယောက်က…”

ယုက ကသိကအောက်အမူအယာဖြင့် ပြန်ရှင်းပြလိုက်သည်။ “သူတို့တွေက မှော်ဆရာညိုကို ကူညီပေးဖို့ မှော်ဝိဇ္ဇာချဲ့ စီစဉ်ပေးထားတဲ့လူတွေပါ… မှော်ဆရာညို တစ်ခုခု အကူအညီလိုတယ်ဆိုရင် သူတို့ကို ပြောလိုက်လို့ရပါတယ်…”

“အဲ့လိုကိုး…” ရန်ကိုင် ယဲ့ယဲ့လေးပြုံးလိုက်လေသည်။ ဤလူအိုကြီးနှစ်ဦး ဤနေရာတွင် ဘာကြောင့် ရှိနေရသလဲဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိသွားလေပြီ။ သို့သော်ငြား ထုတ်တော့ မပြောခဲ့ချေ။ တကယ်တော့ သူတို့နှစ်ဦးရှိနေ၍လည်း ဘာကိစ္စမှမရှိလေပဲ။

ရန်ကိုင်၏ အဓိပ္ပာယ်ပါပါအပြုံးကိုမြင်သော် ယု၏မျက်နှာထက် လိပ်ပြာမလုံသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်မှာ ထိုအကြောင်းကို ဆက်ပြောမနေခဲ့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။ “ကျုပ် ဆေးပင်အချို့လိုတယ်… ခင်ဗျား ကျုပ်ကို သွားယူပေးလို့ရမလား…”

“ရတယ်လေ… မှော်ဆရာညို ဘာဆေးပင်တွေလိုတာလဲ…” ယုက ပြန်မေးလိုက်လေသည်။

ရန်ကိုင်လည်း သူလိုအပ်သည့်ဆေးပင်များကို ပြောပြလိုက်လေသည်။ ယုမှာတော့ ရန်ကိုင်ပြောသွားသည့်ဆေးပင်များကို သေသေချာချာ မှတ်ထားလိုက်သည်။ လူအိုကြီးနှစ်ဦးမှာလည်း ရန်ကိုင်ပြောသွားသည့် ဆေးပင်များကို သေသေချာချာ နားစိုက်ထောင်နေခဲ့လေသည်။

ရန်ကိုင်မှ လိုအပ်သည့် ဆေးပင်များနှင့် ဆေးပင်အရေအတွက်ကို ပြောသွားပြီးသည့်နောက်တွင် ယုမှာ ရန်ကိုင်ပြောသွားသည့်အရာများကို ချက်ချင်း သွားပြင်ဆင်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် လူအိုကြီးနှစ်ဦးဘက်သို့လှည့်၍ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်လေသည်။ “စီနီယာတို့နှစ်ယောက်ကို ကျုပ် ဘယ်လိုခေါ်ရမလဲ…”

လူအိုကြီးနှစ်ဦးမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် ခေါင်းခါပြရင်းမှ သူတို့လက်အား ရှက်ရှက်ဖြင့် ဝှေ့ယမ်းပြလိုက်ကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပတ်ကျိ ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ၌ တွေးလိုက်လေ၏။ (ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွေက ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တွေပါပဲလား… တကယ်ကို ရိုးသားဖြောင့်မတ်လွန်းတယ်… ငါ့ပညာရပ်တွေကို ခိုးယူချင်နေမှန်း ဒီလောက်သိသာနေတာတောင် ထုတ်မပြောချင်ကြသေးဘူး… ဒါကြောင့်ပဲ သူတို့နာမည်ကို မပြောချင်ကြတာနေလိမ့်မယ်…)

ရန်ကိုင်လည်း ထိုအကြောင်းကို ဆက်မေးမနေခဲ့ဘဲ သူ့ဘာသာသူ နေရာတစ်ခုရှာကာ သွားထိုင်နေလိုက်လေသည်။ ထို့နောက်တွင် သူနှင့်အတူ ယူလာခဲ့သော မွန်းစတားအမြုတေများကို အိတ်ထဲမှထုတ်၍ ပါးစပ်ထဲသို့ကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားလိုက်သည်။

မွန်းစတားအမြုတေများ၏ အရွယ်အစားမှာ ဆန်စေ့လောက်သာ ရှိပေသည်။ အရွယ်အစားမှာ အလွန်ကိုမှ သေးငယ်ရုံမက စွမ်းအင်ပါဝင်နှုန်းမှာလည်း အလွန်ကိုမှ နိမ့်ကျလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ မွန်းစတားအမြုတေများကို တစ်ခုချင်းစီ ဝါးစားမနေဘဲ လက်တစ်ဆုပ်စာနှိုက်ယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ လူအိုကြီးနှစ်ဦးမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့ဩတကြီး ဖြစ်နေကြလေသည်။ ရန်ကိုင် ဘာတွေကိုစားလိုက်သလဲဆိုသည်ကို သူတို့မသိပါသော်ငြား ရန်ကိုင်ကျင့်ကြံနေမှန်း သိသည့်အတွက်ကြောင့် သူတို့စိတ်ထဲ အံ့အားသင့်နေပါသော်ငြား သွားမရှုပ်ခဲ့ကြချေ။

အမွေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် မွန်းစတားအမြုတေများကို ရန်ကိုင် သန့်စင်လို့ ပြီးသွားခဲ့လေပြီ။ ထိုသို့ဖြင့် သူ့အရှိန်အဝါမှာလည်း ရုတ်တရက်ဆိုသလို မြင့်တက်လာခဲ့ရလေသည်။

ရန်ကိုင်မှ ထိုကဲ့သို့ ထပ်တလဲလဲ လုပ်နေသည့်အခါ လူအိုကြီးနှစ်ဦးမှာ ရန်ကိုင် ဘာစားနေသလဲဆိုသည်ကို မြင်တွေ့သွားခဲ့ရတော့သည်။

တစ်ခေါင်းလုံးဖြူနေသည့် လူအိုကြီးမှာ ရန်ကိုင်၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန် တားလိုက်လေသည်။ “မှော်ဆရာညို… အဲ့ဒါ သားရဲရိုင်းအမြုတေတွေလား… မင်း သူတို့ကို ဘယ်လိုလုပ်ပြီး ဒီတိုင်း တိုက်ရိုက်စားရဲတာလဲ…”

အခြားသောလူအိုကြီးကလည်း အလျင်စလို ဝင်တားလိုက်လေသည်။ “မင်း သူတို့ကို ဒီတိုင်းစားလို့မရဘူးနော်… မင်းစားလို့မရဘူး…”

သားရဲရိုင်းအမြုတေများကို ယခုကဲ့သို့ စားရဲသည့်လူတစ်ဦးကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

“ကျုပ် ဒါတွေကို ဒီတိုင်းပဲ စားလာနေတာ…” ထိုသို့ပြောရင်းမှ ရန်ကိုင်သည် မွန်းစတားအမြုတေတစ်ချို့ကို ထုတ်၍ သူ့ပါးစပ်ထဲသို့ ပစ်ထည့်ကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပြလိုက်သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း လူအိုကြီးနှစ်ဦးမှာတော့ ရန်ကိုင်အား မွန်းစတားတစ်ကောင်ကို စိုက်ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်နေကုန်ကြလေသည်။

“ခင်ဗျားတို့ရော စားချင်လား… ဒါပေမယ့် ဒီမွန်းစတားအမြုတေတွေရဲ့ အရသာ ကသိပ်မကောင်းဘူးနော်…” ရန်ကိုင်က ပြုံး၍ မွန်းစတားအမြုတေများကို လက်ဝါးပေါ်တင်၍ လူအိုကြီးနှစ်ဦးဆီသို့ ကမ်းပေးလိုက်သည်။

လူအိုကြီးနှစ်ဦးမှာတော့ သူတို့ခေါင်းအား အဆက်မပြတ်ကို ခါယမ်းပြလိုက်လေသည်။

ကံကောင်းစွာဖြင့် ထိုအချိန်မှာပင်လျှင် အခန်းထဲသို့ နှင်းရေခဲကလန်သားပေါင်းများစွာ ဝင်ရောက်လာခဲ့လေသည်။ တစ်ယောက်ချင်းစီတိုင်းသည် ရန်ကိုင်မှာထားသည့် ဆေးပင်များစွာကို သယ်လာခဲ့ကြသည်။ သူတို့အား ဦးဆောင်လာသည့်လူမှာတော့ ယုသာ ဖြစ်လေသည်။ ယုသည် ဆေးပင်များကို သယ်လာပြီးသည့်နောက် ဆေးပင်အမျိုးအစားကိုလိုက်၍ အခန်းထဲ နေရာချထားရန် ညွှန်ကြားနေခဲ့သည်။

ဆေးပင်အားလုံးကို နေရာချပေးပြီးသည့်နောက်တွင် ယုက ပြောလိုက်လေသည်။ “မှော်ဆရာညို… တောင်းဆိုထားတဲ့ဆေးပင်တွေအားလုံး ဒီမှာရောက်ပါပြီ… တစ်ခုခုလိုလို့ရှိရင် ကျွန်မကို လှမ်းပြောလိုက်နော်… အပြင်မှာ ရှိနေပါ့မယ်…”

“ကျေးဇူးပါပဲ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် ယုသည် အခန်းထဲမှ ပြန်ထွက်၍ အခန်းတံခါးကို ပိတ်သွားလေသည်။

ရန်ကိုင်သည် မျက်လုံးကိုပိတ်၍ သူ၏အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်လိုက်သည်။ အစောပိုင်းက သူစားထားသည့် မွန်းစတားအမြုတေအားလုံးကို သန့်စင်ပြီးသည့်နောက် မျက်လုံးပြန်ဖွင့်၍ လူအိုကြီးနှစ်ဦးကိုကြည့်ကာ ပြောလိုက်လေ၏။ “ကဲ… ဒါဆို စကြတာပေါ့…”

လူအိုကြီးနှစ်ဦးသည် အကြည့်ချင်းဖလှယ်လျက် ထိုင်ရာမှ ထလိုက်ကြသည်။

“မိုးသစ်ခွအကိုင်းနှစ်ကိုင်း၊ မြေလျှောက်အသီးတစ်လုံး၊ ကျူမြက်သုံးပင်…” ရန်ကိုင်သည် သူလိုအပ်သည့် အမျိုးမျိုးသော ဆေးပင်များ၏ နာမည်နှင့် အရေအတွက်ကို တောက်လျှောက် ရွတ်ပြသွားခဲ့သည်။ လူအိုကြီးနှစ်ဦးမှာလည်း ယုတို့ယူလာသည့် ဆေးပင်အပုံထဲမှ ရန်ကိုင်ပြောသွားသည့်ဆေးပင်များကို လိုအပ်သည့်အရေအတွက်အတိုင်း ယူလာပေးခဲ့လေသည်။

မကြာမီ ရန်ကိုင်ရှေ့တွင် ဆေးပင်များ ပုံထပ်သွားခဲ့လေ၏။

ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ “သေသေချာချာကြည့်ထားနော်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေးပင်များကို လက်တစ်ဖက်၌ ယူထားလိုက်သည်။ ကျန်လက်တစ်ဖက်တွင်မူ မီးတောက်များကို ဖန်တီးလိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူအိုကြီးနှစ်ဦး ကြောင်နေခဲ့လေသည်။ သို့သော်ငြား အနည်းငယ်မျှပင် ရှက်ရွံ့နေခြင်းမရှိဘဲ ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြသည်။

သူတို့နှစ်ဦးမှာ နှင်းရေခဲကလန်၏ အတော်ဆုံး သမားတော်များ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် အတော်လေးကိုမှ လေးစားခံရသည့် လူပုဂ္ဂိုလ်များလည်း ဖြစ်ကြသည်။ ယခုကဲ့သို့ မှော်ဆရာညို၏ ဆေးဖော်စပ်သည့်နည်းလမ်းကို ခိုးယူရန်အတွက် တာဝန်ပေးခံရခြင်းမှာ အမှန်တကယ်ကိုမှ ရှက်ဖွယ်ကောင်းလှပါသော်ငြား သူတို့ဘာသာဆိုလျှင်လည်း ထိုဆေးကို မည်သည့်နည်းနှင့်မျှ ဖန်တီးနိုင်လိမ့်မည်မဟုတ်မှန်း သိနေကြသည်။ သူတို့အနေဖြင့် ဆေးအမယ်များကို သိနေမည်ဆိုလျှင် ထိုဆေးအား မည်ကဲ့သို့ ဖော်စပ်ရမလဲ ဆိုသည်ကိုတော့ သိလိမ့်မည်မဟုတ်။

ကံမကောင်းစွာဖြင့် ဆေးဖော်စပ်ပုံများသည် သမားတော်တစ်ဦး၏ လျှို့ဝှက်ချက်များ ဖြစ်ကြလေသည်။ ထိုလျှို့ဝှက်ချက်များကို အပြင်လူများဆီသို့ လျှောက်ပြောလေ့မရှိကြ။ ထိုအကြောင်းကြောင့်ပင်လျှင် သူတို့အနေဖြင့် ကုသရေးဆေးအား မည်ကဲ့သို့ ဖော်စပ်ရမလဲဆိုသည်ကို သိလိုပါက မှော်ဆရာညိုအား ကူညီပေးဟန်ဆောင်ရင်း မှော်ဆရာညိုမှ ထိုဆေးအား မည်ကဲ့သို့ ဖော်စပ်သလဲဆိုသည်ကို တိုးတိုးတိတ်တိတ် စောင့်ကြည့်ရန်သာ ရှိတော့သည်။

သို့သော်ငြား ရန်ကိုင်ကမူ သူတို့၏ရည်ရွယ်ချက်ကို သိထားပြီး ဖြစ်သည့်အတွက်ကြောင့် ဘာကိုမှ ဖုံးကွယ်နေခြင်း မရှိခဲ့။ ကုသရေးဆေးအား မည်ကဲ့သို့ ‌ဖော်စပ်ရမလဲ ဆိုသည်ကိုပင်လျှင် သေသေချာချာ ပြသပေးခဲ့လေသည်။

သူတို့၏ လုပ်ရပ်များနှင့် ယှဉ်လိုက်သော် ရန်ကိုင်၏ သဘောထားနှင့် စေတနာမှာ အပုံကြီးကိုသာပေသည်။ ထို့အတွက်ကြောင့် လူအများ၏ လေးစားခြင်း ခံရသော သမားတော်နှစ်ဦးမှာ ကိုယ့်ကိုယ်ကိုပင် ရှက်မိသွားရသည်။

သို့သော်ငြား သူတို့စိတ်ထဲ မည်သို့ပင် လိပ်ပြာမလုံနေစေကာမူ သမားတော်နှစ်ဦးမှာ ရန်ကိုင်မှ ကုသရေးဆေးအား မည်ကဲ့သို့ ဖော်စပ်သလဲဆိုသည်ကို အလွန်ကိုမှ သိချင်နေကြလေသည်။ ထို့အတွက်ကြောင့် အသက်ကိုပင် ရဲရဲမရှူဝံ့ပဲ ရန်ကိုင်မှ ဆေးဖော်စပ်နေသည်ကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။ ဆေးဖော်စပ်နည်းကို သိသွားပြီးသည့်နောက်မှသာ မှော်ဆရာညိုအား ကျေးဇူးတင်ရန် စဉ်းစားထားခဲ့သည်။

ရန်ကိုင်ကိုယ်တိုင်မှ သေသေချာချာ သင်ကြားပြသနေသည့်နောက်တွင် ကုသရေးဆေးအား မည်ကဲ့သို့ ဖော်စပ်ရမလဲဆိုသည်ကို လူအိုကြီးနှစ်ဦးစလုံး နားလည်သွားကြလေသည်။

နှစ်ဦးစလုံးမှာ အလွန်ကိုမှ တော်ကြသည့် သမားတော်များ ဖြစ်ကြသလို ရန်ကိုင်၏ကုသရေးဆေးမှာလည်း ဤမျှ ဖော်စပ်ရမခက်လှသည့် အတွက်ကြောင့် ကုသရေးဆေးအား မည်ကဲ့သို့ ဖော်စပ်ရမလဲဆိုသည်ကို လူအိုကြီးနှစ်ဦးမှာ အလျင်အမြန် နားလည်သွားခဲ့ရသည်။

ထိုအကြောင်းကြောင့်ပင်လျှင် တစ်ရက်အတွင်းမှာပင် သမားတော်နှစ်ဦးမှာ ကုသရေးဆေးအား မည်ကဲ့သို့ ဖော်စပ်ရမလဲဆိုသည်ကို သိသွားကြတော့သည်။ ရန်ကိုင်၏တွန်းအားပေးမှုဖြင့် နှစ်ဦးစလုံးမှာ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ထိုနှစ်ဦးကို သူတို့ဘာသာသူတို့ ထားပစ်ခဲ့လိုက်ပြီး မွန်းစတားအမြုတေများကို သွားရောက်သန့်စင်နေလေ၏။ လူအိုကြီးနှစ်ဦး ဆေးဖော်စပ်ပြီးသွားသည့်အခါမှသာလျှင် သူတို့ဖော်စပ်ထားသည့်ဆေးကို သွားစစ်ဆေးကြည့်လေသည်။ ထို့နောက် လိုအပ်ချက်များနှင့် မည်ကဲ့သို့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမလဲဆိုသည်ကို ညွှန်ကြားပြသလေ၏။

ရန်ကိုင်မှ ထိုကဲ့သို့ အနီးကပ် ညွှန်ကြားပြသပေးနေသည့် အတွက်‌ကြောင့် သမားတော်နှစ်ဦးမှ ဖော်စပ်နေသည့် ကုသရေးဆေး၏ အရည်အသွေးမှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ ကောင်းမွန်လာခဲ့ရလေသည်။

အချိန်သည် ဤနည်းဖြင့် တရွေ့ရွေ့ကို ကုန်ဆုံးနေခဲ့လေသည်။

သမားတော်နှစ်ဦးမှာ အလွန်ကိုမှ အသက်ကြီးနေပြီ ဖြစ်သည့်တိုင် ဆေးဖော်စပ်ရာတွင်တော့ အလွန်ကိုမှ စိတ်အားတက်ကြွနေကြလေသည်။ ယခုကဲ့သို့ မှော်ဆရာညိုနှင့် အနီးကပ် ထိတွေ့ဆက်ဆံရပြီးသည့် နောက်မှသာလျှင် ဆေးပညာအပေါ် မှော်ဆရာညို၏ အသိပညာ မည်မျှ နက်ရှိုင်းကြောင်းကို သမားတော်နှစ်ဦး နားလည်သွားရတော့သည်။ ရန်ကိုင်၏ သာမန်ကာလျှံကာ စကားတစ်ခွန်းသည်ကပင်လျှင် သူတို့အား အလွန်ကိုမှ အကျိုးများစေနိုင်ပေသည်။

ယခုဆိုလျှင် သမားတော်နှစ်ဦးမှ ဖန်တီးလိုက်သည့် ကုသရေးဆေးမှာ ရန်ကိုင်ကိုယ်တိုင်ဖန်တီးထားသည့် ကုသရေးဆေးနှင့် ဘာမှမခြားတော့ချေ။ တစ်နည်းဆိုရသော် နှင်းရေခဲကလန်သည် နောက်နောင်တွင် ဤကုသရေးဆေးကို သူတို့ဘာသာသူတို့ ထုတ်လုပ်လာနိုင်ပေသည်။

ဤသည်မှာ ကလန်တစ်ခုလုံးအတွက် အကျိုးရှိမည် ဖြစ်သည့်အတွက်ကြောင့် နှင်းရေခဲကလန်အတွက် ဝမ်းမြောက်ဝမ်းသာစရာ သတင်းတစ်ခုလည်း ဖြစ်လေသည်။ ထို့အပြင် သမားတော်နှစ်ဦးမှာလည်း ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်နေကြလေသည်။

ဆယ်ရက်ကြာပြီးသည့်နောက်တွင် ယုမှ ယူလာပေးခဲ့သည့် ဆေးပင်အားလုံးကို လူအိုကြီးနှစ်ဦးမှ ကုသရေးဆေးများအဖြစ် ဖော်စပ်လို့ ပြီးသွားခဲ့လေပြီ။ ဤမျှများပြားလှသော ကုသရေးဆေးများ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် နှင်းရေခဲကလန်အနေဖြင့် နောက် ဆယ်နှစ် အနှစ်နှစ်ဆယ်လောက် ကုသရေးဆေးများ ပြတ်သွားမည်ကို စိုးရိမ်စရာ လိုတော့လိမ့်မည်မဟုတ်ချေ။ ကုသရေးဆေးများ ပြတ်တောက်သွားပါကလည်း သမားတော်နှစ်ဦး၏ အကူအညီဖြင့် သူတို့ဘာသာသူတို့ ပြန်လည်ဖော်စပ်နိုင်ပေသည်။ ထို့အပြင် အခြားသောကလန်များနှင့် ဤကုသရေးဆေးများကိုသုံး၍ ကုန်ပစ္စည်းများ လဲလှယ် ဝယ်ယူနိုင်ပေသေးသည်။

လူအိုကြီးနှစ်ဦးမှာ ကုသရေးဆေးဖော်စပ်ရာတွင်သာ အပြည့်အဝ အာရုံစိုက်နေသည့်အတွက်ကြောင့် ရန်ကိုင်၏ အရှိန်အဝါမှာ ရုတ်တရက်ဆိုသလို မြင့်တက်လာခဲ့ပြီး သူ့တွင်ရှိနေသော မွန်းစတားအမြုတေအားလုံးမှာလည်း ကုန်စင်သွားပြီဖြစ်ကြောင်းကို သတိမပြုမိခဲ့ကြချေ။

သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်၏မျက်လုံးများ ဝမ်းသာအားရဖြင့် တလက်လက် တောက်ပသွားခဲ့သည်။

သူကြုံနေရသည့် ကျင့်ကြံခြင်းအခက်အခဲများမှာ ယခုအချိန်မှစ၍ ရပ်တန့်သွားခဲ့လေပြီ။ နောက်နောင်တွင် သူ၏ ကျင့်ကြံခြင်းခရီးလမ်းမှာ ပို၍ လွယ်ကူလျင်မြန် ချောမွေ့လာပေတော့မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၃)

ဘာသာပြန်သူ_တိမ်တိုက်

နန်းတော်ထဲ၌ မှော်ဝိဇ္ဇာချဲ့သည် ကုသရေးဆေးအိုးကို ကိုင်ရင်းမှ အချိန်အတော်ကြာ စစ်ဆေးနေပြီးသည့်နောက် မေးလိုက်လေသည်။ “ဒါကို ခင်ဗျားတို့နှစ်ယောက် ဖော်စပ်ထားတာလား…”

လူအိုကြီးနှစ်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် တစ်ခေါင်းလုံးဖြူဖွေးနေသည့် လူအိုကြီးက ပြန်ပြောလိုက်သည်။ “ရှင်းရှင်းပြောရရင်တော့ မှော်ဆရာညိုရဲ့အကူအညီရဲ့ ဒါကို ဖော်စပ်ခဲ့တာပါ…”

မှော်ဆရာချဲ့က ထပ်မေးလိုက်သည်။ “ဒီတော့ ခင်ဗျားတို့ဘာသာခင်ဗျားတို့ ထပ်ပြီးဖော်စပ်တတ်သွားပြီပေါ့…”

လူအိုကြီးနှစ်ဦး ခေါင်းညိတ်ပြလိုက်လေသည်။ တစ်ခေါင်းလုံးဖြူဖွေးနေသည့် လူအိုကြီးကပင်လျှင် ဆက်၍ပြောလိုက်သည်။ “သူက ဘာကိုမှ မဖုံးကွယ်ထားဘူး… ကုသရေးဆေးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာကိုတောင် သေသေချာချာ သင်ပြသွားသေးတယ်… ဒါကြောင့် အခုလိုမျိုး အမြန်တတ်သွားတာ…”

“ကောင်းတယ်…” မှော်ဆရာချဲ့က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားတို့နှစ်ယောက် မှော်ဆရာညိုကို ဘယ်လိုထင်လဲ..”

တစ်ခေါင်းလုံးဖြူဖွေးနေသည့် လူအိုကြီးကပင် ဆက်၍ပြောလိုက်သည်။ “သဘောထားကြီးတယ်…”

“စိတ်ထားပွင့်လင်းတယ်…” အခြားသောလူအိုကြီးကလည်း ဝင်ပြောလိုက်သည်။

မှော်ဆရာချဲ့က ပြန်ပြောလိုက်သည်။ “သူ့အရည်အချင်းကိုပြောနေတာ…”

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် လူအိုကြီးနှစ်ဦးစလုံး ပြန်ပြောလိုက်လေသည်။ “ပြိုင်ဘက်ကင်းတယ်…”

ဆာလောင်နေသည့် သားရဲကြီးတစ်ကောင် သားကောင်ကို တွေ့လိုက်ရသည့်ပမာ မှော်ဆရာချဲ့၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့ပြီး ပြောလိုက်လေသည်။ “ဒီလောက်တော်တဲ့ သမားတော်တစ်ယောက်ကို တောင်ပိုင်းလူရိုင်းကလန်က ကောင်းကောင်းအသုံးမချနိုင်တာ တကယ်ဆိုးတာပဲ…” တစ်ချက်မျှရပ်ပြီးသည့်နောက်တွင် မှော်ဆရာချဲ့က အမိန့်ပေးလိုက်လေသည်။ “ယု… သူ့ကို ကောင်းကောင်းဆက်ဆံ… သူလိုအပ်တာတွေအကုန်လုံးကို ဖြည့်ဆည်းပေးလိုက်… ဒါပေမယ့် သူ့ကို တော်ဝင်နန်းတော်ထဲကနေ ထွက်မသွားစေနဲ့…”

မှော်ဆရာချဲ့ ဘာကြံနေသလဲဆိုသည်ကို သဘောပေါက်လိုက်သော် ယု ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ “ဟုတ်ကဲ့…” သို့သော်ငြား ဘာမှပြန်မပြောနိုင်သည့်အတွက်ကြောင့် သဘောတူရုံသာ တတ်နိုင်ခဲ့သည်။

လူအိုကြီးနှစ်ဦးမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် သက်ပြင်းအသီးသီး ချလိုက်ကြလေသည်။ သူတို့အနေဖြင့် ဝင်ပြောလိုက်ချင်ပါသော်ငြား ခေါင်းမော့ကြည့်လိုက်သည့်အခိုက် မှော်ဆရာချဲ့မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

တော်ဝင်နန်းတော်၏ အခြားတစ်ဖက်၌ ရန်ကိုင်သည် ရှေးခေတ်စံနှုန်းများအရ သေသေချာချာ သားသားနားနား ပြင်ဆင်ထားသည့် အခန်းတစ်ခန်းထဲတွင် တင်ပလင်ခွေထိုင်နေခဲ့သည်။ အသစ်ရရှိလာသည့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်ရင်း ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။

ရွာသူကြီးပြောသကဲ့သို့ပင် မှော်သခင်တစ်ပါး ဖြစ်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ ကောင်းကင်စိတ်အာရုံကို ပြန်လည်၍ အသုံးချနိုင်လာခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်ပြီ ဖြစ်သည့်အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ကို ပြန်ဖွင့်လို့ရပြီဖြစ်သလို အမျိုးမျိုးသော မှော်ရတနာများကိုလည်း ပြန်လည်ထုတ်သုံးနိုင်လေပြီ။ ကောင်းကင်စိတ်အာရုံကို ရလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင် ပထမဦးဆုံး လုပ်သည့်အရာမှာ ကမ္ဘာငယ်လေးအား စစ်ဆေးကြည့်ခြင်းပင်။

ကမ္ဘာငယ်လေးသည် ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ပျက်စီးနေပြီဖြစ်သော နိယာမစွမ်းအားများစွာကို စုပ်ယူခဲ့ရုံမက ရန်ကိုင်မှ အထူးတလည် ပြင်ဆင်ပေးထားသော ဓာတ်ကြီးငါးပါး နိယာမစွမ်းအားများကိုလည်း စုပ်ယူခဲ့လေသည်။ ရန်ကိုင်တွက်ချက်ကြည့်ရသလောက် ဓာတ်ကြီးငါးပါးစွမ်းအားများ စုဝေးပေါင်းစည်းသွားချိန် ကမ္ဘာသစ်တစ်ခု ဖြစ်ပေါ်လာရပေလိမ့်မည်။ သို့သော်ငြား ယခုအချိန်မတိုင်ခင်ထိ ကမ္ဘာငယ်လေး မည်ကဲ့သို့ဖြစ်သွားသလဲဆိုသည်ကို စစ်ဆေးချိန် သူ့တွင် မရှိခဲ့ပေ။

ရန်ကိုင်၏နာမ်ဝိဉာဉ် ကမ္ဘာငယ်လေးထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာငယ်လေးမှာ ယခင်နှင့်မတူ သိသိသာသာကို ပြောင်းလဲသွားကြောင်း ရန်ကိုင် ချက်ချင်း သတိထားမိခဲ့သည်။ အပေါ်ယံပိုင်းတွင် ဘာမှ ပြောင်းလဲခြင်းမရှိပါသော်ငြား ကမ္ဘာငယ်လေးမှာ ရန်ကိုင်နှင့်အတူ ရှိလာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့် အနည်းငယ်မျှသော ပြောင်းလဲမှုကိုပင်လျှင် ရန်ကိုင် သတိထားမိပေသည်။

ယခင်က ကမ္ဘာငယ်လေးသည် မပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်ခဲ့သည်ဆိုပါက ယခုဆိုလျှင်တော့ ပြီးပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်သွားခဲ့လေပြီ။

ကမ္ဘာငယ်လေးထဲတွင် အမျိုးမျိုးသော နိယာမစွမ်းအားများ ရှိနေခဲ့ပြီး ဓာတ်ကြီးငါးပါး နိယာမစွမ်းအားကို အခြေပြုလျက် ထိုနိယာမစွမ်းအားများမှာ တစ်ခုပေါ်တစ်ခု အမှီသဟဲ ပြုနေကြလေသည်။ နိယာမစွမ်းအားတို့ အတူတကွ ပေါင်းစပ်သွားပြီးသည့်နောက်တွင် ဤကမ္ဘာငယ်လေးထဲ မိုးနှင့်မြေ၏ တာအိုသုံးထောင် စတင် ဖြစ်ပေါ်လာခဲ့ရလေသည်။

ဤသည်မှာသာ မည်သည့်ချို့ယွင်းချက်မှ ရှိမနေသော ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု ဖြစ်ပေသည်။

ယခင်က ကမ္ဘာငယ်လေးထဲတွင် ပြီးပြည့်စုံသည့်နိယာမများ မရှိခဲ့သည့် အတွက်ကြောင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖြတ်နိုင်မည်ဆိုလျှင်ပင် ဤကမ္ဘာငယ်လေးထဲတွင်တော့ အဆင့်ချိုးဖြတ်၍မရချေ။ ထိုသို့ဖြစ်ရခြင်းမှာ ပြည့်စုံခြင်းမရှိသည့် လောကနိယာမစွမ်းအားများနှင့် ချိတ်ဆက်၍ မရသလို မိုးမြေကောင်းချီးကိုလည်း မဖြစ်ပေါ်လာစေနိုင်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ယခုမူ မတူတော့ချေ။ တစ်ယောက်ယောက်သာ ကမ္ဘာငယ်လေးထဲ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ချင်သည်ဆိုလျှင်ပင် ပြဿနာမရှိတော့ချေ။

ကမ္ဘာငယ်လေးကို စစ်ဆေးရင်းမှ ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ ကမ္ဘာငယ်လေး တိုးတက်လာသည့်အလျောက် ရန်ကိုင်၏ဆေးဥယျာဉ်မှာလည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။ အမျိုးမျိုးသော ဆေးပင်များ၊ ပန်းပင်များသည် လေအဝှေ့နှင့် ယိမ်းနွဲ့ရင်း အင်မော်တယ်သစ်ပင်အား ဝိုင်းဖွဲ့၍ စိမ်းစိုစွာ ပွင့်လန်းနေကြလေသည်။

ရန်ကိုင် အကျေနပ်ရဆုံးမှာ ဤကမ္ဘာငယ်လေးထဲတွင် ဝိုးတဝါးတား ကိုယ်ပိုင်စိတ်ဆန္ဒတစ်ခု ရှိလာသည့် အချက်ပင်။

ဤသည်မှာ လောကကြီး၏ စိတ်ဆန္ဒသာ ဖြစ်လေသည်။ သို့သော်ငြား ဤလောကစိတ်ဆန္ဒမှာ မွေးခါစကလေးတစ်ဦးသဖွယ် ဖြစ်နေသည့်အတွက်ကြောင့် ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို သေသေချာချာ ပိုင်ဆိုင်ထားခြင်းမရှိချေ။ သို့သော်ငြား အချိန်တစ်ခုသာ ပေးလိုက်မည်ဆိုပါက ဤလောကစိတ်ဆန္ဒမှာ ကျိန်းသေကို ရင့်ကျက်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင်သည် ထိုလောကစိတ်ဆန္ဒ၏ အကူအညီဖြင့် လောကစွမ်းအားကို နားလည်အောင် ကြိုးစားကာ မဟာဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ကမ္ဘာငယ်လေးအား ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုအဖြစ်သို့ အသွင်ပြောင်းလိုခြင်းလည်း ဖြစ်ပေသည်။ ယခုမူ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည့်ပုံပင်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ချက်ချင်း ပြန်ထွက်မသွားခဲ့ဘဲ အသစ်ဖြစ်ပေါ်လာသော ကမ္ဘာငယ်လေး၏ စိတ်ဆန္ဒနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်လေသည်။

အစပိုင်းတွင်တော့ အဆင်မပြေဖြစ်ခဲ့ပါသော်ငြား ရန်ကိုင်မှာမူ လက်မလျှော့ခဲ့။ ထပ်တလဲလဲ ကြိုးစားနေပြီးသည့်နောက်တွင် လောကစိတ်ဆန္ဒ၏ သူ့အပေါ် ဆက်ဆံပုံမှာ တဖြည်းဖြည်းနှင့် အားလျော့လာခဲ့ကြောင်း တွေ့ရှိလိုက်ရလေသည်။ ရန်ကိုင်မှ လောကစိတ်ဆန္ဒနှင့် နောက်ဆုံးအကြိမ်အဖြစ် ဆက်သွယ်ဖို့ ကြိုးစားရန် ကြံနေသည့် အခိုက်မှာပင်လျှင် သူ့မြင်ကွင်းတစ်ခုလုံး အမှောင်အတိကျသွားခဲ့ပြီး သူ့နာမ်ဝိဉာဉ်မှာလည်း ကမ္ဘာငယ်လေးထဲမှ ပျောက်ကွယ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာခဲ့လေသည်။

ရန်ကိုင် မျက်လုံးပြန်ဖွင့်လာသည့်အခိုက် သူ့ခေါင်းတစ်ခုလုံး မူးဝေထိုးကိုက်နေကြောင်း တွေ့ရှိလိုက်ရသည်။ ချက်ချင်းပဲ တင်ပလင်ခွေထထိုင်ရန် ကြိုးစားလိုက်ပါသော်ငြား ချက်ချင်း ပြန်လဲကျသွားခဲ့သည်။

သူ့ခေါင်းတစ်ခုလုံးမှာလည်း နှစ်ပိုင်းကွဲထွက်တော့မလို ဖြစ်နေရာ ရန်ကိုင်၏မျက်နှာတစ်ခုလုံးမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့လေသည်။ ဤသို့ဖြစ်ရခြင်းမှာ စိတ်စွမ်းအင်ကို အလွန်အကျွံ အသုံးပြုလိုက်သည့်အတွက်ကြောင့်မှန်း ရန်ကိုင်သိနေခဲ့သည်။

ရန်ကိုင်သည် မှော်သခင်တစ်ပါး ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်ပါသော်ငြား သူ၏ မူလခွန်အားနှင့် ယှဉ်လိုက်သော် အများကြီး ကွာနေပေသေးသည်။ ထို့အတွက်ကြောင့် သူ့ဝိဉာဉ်အား သူ့ခန္ဓာကိုယ်ထဲမှ ထုတ်ချင်တိုင်း ထုတ်၍မရပေ။ ထိုသို့ သူ့နာမ်ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲမှ အပြင်သို့ထုတ်ခြင်းသည် သူ့ခန္ဓာကိုယ်အပေါ် အလွန်ကိုမှ ဝန်ပိစေပေသည်။ သူ၏မူလအခြေအနေတွင်သာ ရှိနေမည်ဆိုပါက ထိုကဲ့သို့လုပ်ရန် ပြဿနာမရှိပါသော်ငြား လက်ရှိခန္ဓာကိုယ်နှင့်တော့ ထိုကဲ့သို့ မလုပ်နိုင်ချေ။

မြေပြင်ပေါ်သို့ တစ်ယောက်ယောက် လဲကျသွားသည့်အသံသည် အခန်းအပြင်ဘက်တွင်ရှိနေသော အစောင့်များကို ထိတ်လန့်သွားစေခဲ့လေသည်။ ထို့အတွက်ကြောင့် ယုမှာလည်း ချက်ချင်း အခန်းထဲသို့ ပြေးဝင်လာလေ၏။ အထဲသို့ရောက်လာသည့်အခိုက် ရန်ကိုင်၏မျက်နှာတစ်ခုလုံးမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူ၏ ဒွာရခုနှစ်ပေါက်မှ သွေးများ စီးကျနေသည်ကိုမြင်သော် ရန်ကိုင်အား အလျင်စလို ပြေးထူပေးလျက် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “မှော်ဆရာညို… ရှင်ဘာဖြစ်သွားတာလဲ…”

ရန်ကိုင်မှာ သူ့မျက်လုံးအား ခက်ခက်ခဲခဲပင် ဖွင့်လိုက်ရသည်။ သူ့ရှေ့ရှိလူကို တွေ့ပြီးသည့်နောက် သူအဆင်ပြေကြောင်း လက်ဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက်တွင် သူ့လက်ကောက်ဝတ်ကို ဝှေ့ယမ်းလျက် စိတ်စွမ်းအင်အား ပြန်ဖြည့်ပေးနိုင်သည့် ဆေးအချို့ကို ထုတ်သောက်ကာ ချက်ချင်း တင်ပလင်ခွေထိုင် ကျင့်ကြံတော့လေသည်။

ယုမှာ စိတ်ပူနေပါသော်ငြား ရန်ကိုင်ကိုယ်တိုင်က ထိတ်လန့်တုန်လှုပ်နေခြင်း မရှိသည်ကို မြင်ပြီးသည့်နောက် အတော်လေး တည်ငြိမ်သွားခဲ့ပြီး ရန်ကိုင်အား အနီးမှသာ စောင့်ကြည့်လိုက်လေသည်။

သို့သော်ငြား ယခုလေးတွင် သေကောင်ပေါင်းလဲဖြစ်နေသည့် ရန်ကိုင်သည် ရုတ်တရက်ကြီးဆိုသလို ဒေါင်ဒေါင်မြည် ပြန်ဖြစ်လာသည့်အတွက်ကြောင့် ယုမှာ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့ရသည်။ ထိတ်လန့်လွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်နေခဲ့ကာ ပါးစပ်မှာလည်း ကြက်ဥတစ်လုံး ထည့်လို့ရလောက်သည်အထိ အဟောင်းသား ဖြစ်နေခဲ့သည်။

‌ မှော်ဆရာညို ကျင့်ကြံရင်း တစ်ခုခုဖြစ်သွားသည်မှာ အသိသာကြီးပင်။ ထိုသို့ဖြစ်လေရာ သေကောင်ပေါင်းလဲဖြစ်နေသည့်အခြေအနေမှ ရုတ်တရက်ကြီးဆိုသလို မည်ကဲ့သို့များ အကောင်းအတိုင်း ပြန်ဖြစ်သွားရလေသနည်း။

ယုစိတ်ထဲ အတွေးနက်နေစဉ်မှာပင် ရန်ကိုင်က မေးလိုက်လေသည်။ “ဘယ်လောက်ကြာသွားပြီလဲ…”

ယုက ချက်ချင်းပြန်ပြောလိုက်သည်။ “ငါးရက်ကြာသွားပါပြီ…”

ရန်ကိုင် ဤအခန်းထဲသို့ ဝင်လာသည်မှာ ငါးရက်ရှိသွားခဲ့လေပြီ။ ယုမှာ ရန်ကိုင်အား တစ်ခါမက လာစစ်ဆေးခဲ့ပါသော်ငြား ရန်ကိုင်ကျင့်ကြံနေဆဲသာ ရှိသေးသည့်အတွက်ကြောင့် သူ့အား သွားမနှောင့်ယှက်ခဲ့ဘဲ အခန်းအပြင်ဘက်တွင်သာ စောင့်နေခဲ့သည်။

“အဲ့လောက်တောင် ကြာသွားတာလား…” ပြောရင်းဆိုရင်းမှ ရန်ကိုင် ထရပ်လိုက်သည်။ ကျောကို ဆန့်လိုက်သည့်အခိုက် တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အကြောအချင်လျှော့ရင်းမှ ပြောလိုက်လေ၏။ “ကဲ… ဒီကအလုပ် ပြီးသွားပြီဆိုတော့ ပြန်ရတော့မှာပေါ့…”

ယု အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ လှမ်းတားလိုက်လေ၏။ “မှော်ဆရာညို သွားလို့မရသေးဘူး…”

“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ယုအား ကြည့်၍ မေးလိုက်လေသည်။

ယုမှာ ခေါင်းခြောက်မတတ် စဉ်းစားပြီးသည့်နောက် အကြံတစ်ခု ရသွားခဲ့လေသည်။ “မှော်ဝိဇ္ဇာချဲ့က မှော်ဆရာညိုကို တွေ့ချင်နေသေးတယ်…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ သူ့စိတ်ထဲ ပြဿနာတစ်ခုခု တက်တော့မည်ဟု ခံစားနေရလေသည်။ ထို့အတွက်ကြောင့် အတတ်နိုင်ဆုံး စိတ်ရှည်အောင်ထားရင်းမှ ခေါင်းညိတ်လိုက်လေသည်။ “ဒါဆို သူ့ဆီ ခေါ်သွားပေးလေ…”

ယုက ပြန်ပြောလိုက်သည်။ “မှော်ဆရာချဲ့ အပြင်ထွက်သွားတာ အခုထိ ပြန်ရောက်မလာသေးဘူး… သူဘယ်ချိန်ပြန်လာမယ်မှန်းလည်း ကျွန်မမသိဘူး…”

ရန်ကိုင်မှာ ယုအား လှမ်းကြည့်လိုက်ရာ ယုမှာ သူနှင့် အကြည့်ချင်းမဆုံမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေမှန်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်က ရယ်မော၍ ပြောလိုက်သည်။ “လိမ်တယ်ဆိုတာ လူရိုင်းမျိုးနွယ်စုဝင်တွေ အားသာတဲ့ အရာမဟုတ်ဘူးနော်…”

ထိုသို့ပြောလိုက်သည့်အခိုက် သူ့စိတ်ထဲ သူခိုးတစ်ယောက်၏မျက်နှာ ရုတ်ချည်း ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်က ဆက်ပြောလိုက်သည်။ “အများစုပေါ့… မှော်ဆရာချဲ့က ကျုပ်ကို နှင်းရေခဲကလန်ထဲမှာ ခေါ်ထားချင်နေတာလား…”

ရန်ကိုင်မှ သူမ၏ရည်ရွယ်ချက်ကို သိသွားပြီဖြစ်သည့်အတွက်ကြောင့် ယုမှာ ရုတ်တရက်ဆိုသလို ကြောက်လန့်လာခဲ့ပြီး ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သည် ယု၏ပုခုံးကိုပုတ်လျက် “ကုသရေးဆေးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာကို ခင်ဗျားတို့ရဲ့သမားတော်တွေကို ကျုပ် သင်ပေးပြီးသွားပြီ… ဒီတော့ သူပြောတဲ့အတိုင်း မလုပ်နိုင်ဘူးလို့ မှော်ဆရာချဲ့ကို သွားပြန်ပြောလိုက်… နှင်းရေခဲကလန်ရဲ့ ရန်သူတစ်ယောက် မဖြစ်ချင်ဘူးဆိုပေမယ့် ကျုပ်ကို အခုလိုမျိုး လာပြီးတော့ ဖမ်းချုပ်ထားမယ်ဆိုရင်တော့ နှင်းရေခဲကလန်အနေနဲ့ တန်ရာတန်ကြေးတစ်ခုကို ပြန်ပေးဆပ်ရလိမ့်မယ်လို့…”

ရန်ကိုင်မှာ အေးအေးဆေးဆေးသာ ပြောသွားခဲ့ပါသော်ငြား သူ့စကားကို ကြားပြီးသည့်နောက် ယုမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ လက်ရှိအချိန်တွင် သူမရင်ဆိုင်နေရသည်မှာ မှော်စစ်သည်တော်တစ်ဦးသာမဟုတ်တော့ဘဲ မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ပါး ဖြစ်နေသည့်အလား။

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ယုကိုကျော်၍ ဖြတ်လျှောက်သွားခဲ့သည်။ ယုမှာ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်နေခဲ့လေရာ နောက်သို့ပင် မလှည့်နိုင်ခဲ့ပေ။ ရန်ကိုင် သူမနားမှ ဖြတ်သွားသည့်အခိုက် သူမ၏ခန္ဓာကိုယ်ကို မည်သို့မှ ထိန်းချုပ်၍ မရတော့ကြောင်း တွေ့လိုက်ရလေသည်။

(သူဘယ်လိုမှော်ပညာရပ်မျိုး သုံးသွားတာလဲ… ငါ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး မထိန်းချုပ်နိုင်ရတော့တာလဲ…)

ထို့နောက် ညည်းသံတစ်ချက်နှင့်အတူ အခန်းအပြင်ဘက်ဆီမှ ပစ္စည်းတစ်ခုခု အောက်သို့ ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။ အခန်းအပြင်ဘက်တွင် ရပ်စောင့်နေသော အစောင့်များမှာလည်း မြေပြင်ပေါ်သို့ အတုံးအရုံး လဲကျကုန်လေ၏။

ယု သက်ပြင်းသာ ချလိုက်လေသည်။ သူမစိတ်ထဲ အနည်းငယ်စိတ်မကောင်းဖြစ်မိပါသော်ငြား တစ်ချိန်တည်းတွင်လည်း စိတ်သက်သာရာ ရမိသွားခဲ့သည်။

မှော်ဆရာချဲ့အနေဖြင့် မှော်ဆရာညိုအား နှင်းရေခဲကလန်တွင် ခေါ်ထားချင်သည်မှာ သဘာဝသာဖြစ်လေသည်။ ယခုကဲ့သို့သော ကုသရေးဆေးအား ဖန်တီးနိုင်သည့် သမားတော်တစ်ဦးသည် သူမတို့ကလန်အတွက်မူ ငွေထုပ်ကြီးပင် ဖြစ်လေသည်။ ရန်ကိုင်သည်သာ နှင်းရေခဲကလန်တွင်နေ၍ ဆေးများကို ဖော်စပ်ပေးမည်ဆိုပါက သူတို့ကလန်အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။

ကံမကောင်းစွာဖြင့် မှော်ဆရာချဲ့ ထိုအကြောင်းကို မရှင်းပြရသေးခင်မှာပင် မှော်ဆရာညိုမှာ သူ့ဘာသာသူ ထွက်သွားလေပြီ။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ယုမှာ မည်သို့ ကိုင်တွယ်လို့ ကိုင်တွယ်ရမှန်း မသိတော့။

မည်သို့ပင်ဖြစ်စေကာမူ ယခုကိစ္စသည် သူမဝင်ရှုပ်၍ရသည့် ကိစ္စမျိုးမဟုတ်။ သူမကိုယ်တိုင်သည်လည်း မှော်ဆရာညိုအပေါ်တွင် တောင်ဖြူတွင် ကြုံရသည့်ကိစ္စတည်းက အကြွေးတင်နေခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား မလိမ်ညာလိုပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင် သူ့ဘာသာ ထွက်သွားသည်ကိုမြင်သော် သူမ စိတ်သက်သာရာ ရသွားခဲ့ခြင်း ဖြစ်လေ၏။

ရန်ကိုင်ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော တော်ဝင်နန်းတော်ထဲရှိ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအားလုံး တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်လေသည်။

ရန်ကိုင်မှ နန်းတော်ထဲမှ အပြင်သို့ ထွက်တော့မည်အပြု လူကောင်ထွားထွား မှော်ဝိဇ္ဇာတစ်ဦး သူ့ရှေ့၌ ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ ထိုလူမှာ မှော်ဆရာချဲ့မှလွဲ၍ မည်သူများ ဖြစ်ပါဦးမည်နည်း။

နှင်းရေခဲကလန်၏ မှော်ဝိဇ္ဇာတစ်ဦးဖြစ်သလို နန်းတော်တစ်ခုလုံးကို စောင့်ကြပ်နေသည့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်မှ အစောင့်များအား တစ်ယောက်ပြီးတစ်ယောက် လဲကျအောင် လုပ်နေသည်ကို မမြင်လျှင် သူ့တာဝန်အပေါ် လစ်ဟင်းသွားရာ ကျပေလိမ့်မည်။

ရန်ကိုင်မှ သူ့ကလန်သားအားလုံးအား အလွယ်တကူ အမှောက်သိပ်သွားသည်ကိုကြည့်ရင်း မှော်ဆရာချဲ့မှာ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေခဲ့လေသည်။

ဤမျှ ဆေးပညာတော်သည့် သမားတော်တစ်ဦးကို ရှာတွေဖို့ရာကပင် အလွန်ကိုမှ ခဲယဉ်းနေပြီဖြစ်ရာ မှော်ဆရာညိုသည် ဆေးပညာတွင် ကျွမ်းကျင်ရုံသာလျှင်မဟုတ် သူ၏ခွန်အားမှာလည်း ဤမျှ အံ့ဩဖွယ်ရာ ကောင်းနေမည်ဟု မှော်ဆရာချဲ့ မထင်ထားခဲ့ချေ။ နှင်းမုန်တိုင်းများ တိုက်ခတ်နေသည့်ကြားဝယ် တောင်ဖြူထဲသို့ တစ်ကိုယ်တည်းသွားရဲသည်မှာ အထူးအဆန်းမဟုတ်တော့။ ယုပြောပြချက်အရ ဤမှော်ဆရာညိုဆိုသည့်လူသည် အရိုးပျော်ဝံပုလွေခြောက်ကောင်နှင့် အရိုးပျော်ဝံပုလွေဘုရင်တစ်ကောင်ကို ရိုးရှင်းသော မှော်ပညာရပ်များကိုသာသုံး၍ ရုပ်ခွန်အားသက်သက်ဖြင့် သတ်ဖြတ်ပစ်သွားခဲ့သည်ဟု ပြောခဲ့လေသည်။ အစကတော့ ယုပြောပြသည်ကို မယုံကြည်ခဲ့ပါသော်ငြား ယခု ကိုယ်တိုင်ကိုယ်ကျ မြင်ရပြီးသည့်နောက်တွင် ယုပြောပြသည်မှာ အမှန်ဖြစ်ကြောင်း မှော်ဆရာချဲ့ နားလည်သွားရတော့သည်။

(ဒီလိုပါရမီရှင်မျိုး ဘာလို့ ငါတို့နှင်းရေခဲကလန်မှာ မွေးမလာရတာလဲ…) မှော်ဆရာချဲ့ ကြိတ်၍ ညီးတွားလိုက်လေသည်။

သို့သော်ငြား လက်ရှိအချိန်သည် ထိုကိစ္စနှင့်ပတ်သက်၍ ထိုင်ညီးနေရမည့် အချိန်မဟုတ်။ သူသည်သာ ရန်ကိုင်အား နှင်းရေခဲကလန်ထဲသို့ ဝင်ရန် ဖိတ်ခေါ်နိုင်မည်ဆိုပါက အကုန်အဆင်ပြေသွားပေလိမ့်မည်။ တကယ်တော့ အားကောင်းသည့် မှော်ဆရာတစ်ဦးအဖို့ အခြားသောကလန်တစ်ခုထဲသို့ ဝင်သည်မှာ ဤလောကကြီးထဲတွင် ဖြစ်ရိုးဖြစ်စဉ်သာလျှင် မဟုတ်ပေလော။ ထို့အပြင် ဤကဲ့သို့သော အားကောင်းသည့် မှော်ဆရာတစ်ဦးကို မိမိ၏ကလန်ထဲသို့ ဖိတ်ခေါ်ရန် အကောင်းဆုံးသောနည်းလမ်းသည် တစ်ဖက်လူ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်သာ ဖြစ်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၄)

ဘာသာပြန်သူ_တိမ်တိုက်

သို့ရာတွင် မှော်ဆရာချဲ့မှာ ယခုလေးတင်မှ မှော်ဆရာညိုနှင့် တွေ့ဖူးခြင်း ဖြစ်သည့်အတွက်‌ သူဘာလိုချင်ကြောင်းကို မသိပေ။ လွန်ခဲ့သောရက်များအတွင်း မှော်ဆရာချဲ့မှာ ရန်ကိုင်အကြောင်းကို တောက်လျှောက် စုံစမ်းနေခဲ့ပါသော်ငြား မည်သည့် အသုံးဝင်သည့် သတင်းမယ်မယ်ရရကိုမှ မရခဲ့ပေ။ ရန်ကိုင်သည် ယုတို့နှင့်အတူ လွန်ခဲ့သောတစ်လခန့်က နှင်းရေခဲမြို့ဆီသို့ လိုက်လာခဲ့မှန်း သိခဲ့ရသည်။ ထို့နောက်တွင် နတ်သစ်ပင်၏ သစ်လိုဏ်ဂူထဲတွင် နားနေခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည်သာ ကုသရေးဆေးကိုဖော်စပ်၍ လာထွက်မရောင်းပါက မည်သူမျှ သူရှိနေလို့ ရှိနေမှန်းကိုပင်လျှင် သိလိမ့်မည်မဟုတ်။

ဤကဲ့သို့သော လူတစ်ဦးသည် လူမသိသူမသိ မဖြစ်သင့်။ နှင်းရေခဲကလန်ထဲသို့ဝင်ကာ အံ့အားသင့်ဖွယ်ရာများကို ဆောင်ကျဉ်းရမည့်လူတစ်ဦးသာ ဖြစ်သင့်သည်။

“မှော်ဆရာချဲ့…” ရန်ကိုင်က သူ့ရှေ့တွင်ရပ်နေသည့် မှော်ဆရာချဲ့ကိုကြည့်ရင်း လှောင်ပြုံးပြုံးလျက် “ဒါ ခင်ဗျားတို့နှင်းရေခဲကလန်က ဧည့်သည်တွေအပေါ် ဆက်ဆံတဲ့ပုံစံလား…”

မှော်ဆရာချဲ့ကမူ မျက်နှာသေဖြင့်သာ ပြန်ပြောလိုက်သည်။ “မင်းဒီကိုရောက်နေပြီပဲ… ငါတို့ ဘာလိုချင်နေလဲဆိုတာကို သိနေပြီမလား… ဒီမှော်ဆရာက မင်းကို နှင်းရေခဲကလန်ထဲဝင်ဖို့ ဖိတ်ခေါ်ချင်တယ်… မင်းဘယ်လိုထင်လဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အခုလိုမျိုး ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… အခြား ဘာမှမရှိတော့ရင် ကျုပ် သွားလိုက်ပါဦးမယ်…”

ရန်ကိုင်၏မောက်မာဝံ့ကြွားမှုအပေါ် မှော်ဆရာချဲ့ မျက်မှောင်ကျုံ့မိသွားခဲ့လေသည်။ သူတို့နှစ်ဦးသည် တစ်ကလန်ထဲမှ မဟုတ်ပါသော်ငြား အဆင့်နိမ့်မှော်ဆရာများမှာ အဆင့်မြင့်မှော်ဆရာများအပေါ် လေးစားသမှုပြုရမည်မှာ သဘာဝသာဖြစ်လေသည်။ သို့သော်ငြား မှော်ဆရာညိုဆီမှ မည်သည့်လေးစားသည့် အရိပ်အယောင်ကိုမှ မှော်ဆရာချဲ့ မတွေ့ရပေ။

သို့သော်ငြား ဤသို့ဖြစ်ရသည်မှာလည်း သူ့အမှားကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် မှော်ဆရာချဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ မှော်ဆရာညိုအား သွားအပြစ်တင်မနေခဲ့။ ရန်ကိုင်၏ ကုသရေးဆေးအား ဖော်စပ်သည့်နည်းလမ်းကို ခိုးယူရန်အတွက် ရန်ကိုင်ဆေးဖော်စပ်နေစဉ်အတွင်း သူ့လူများကို စီစဉ်ပေးထားပြီး ရန်ကိုင်မှ သူ၏ကုသရေးဆေးအား ရက်ရက်ရောရောဖြင့် သင်ကြားပြသပေးသည့် တစ်ချက်ကပင်လျှင် ရန်ကိုင်မှ သူတို့အပေါ် လေးစားသမှု ပြပြီးနေလေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် နှင်းရေခဲကလန်ထဲတွင် ရှိနေသော လူတိုင်းမှာ ရန်ကိုင်အား ကျေးဇူးတင်ကြသည်။ ထို့အတွက်ကြောင့် ယခု ရန်ကိုင်အား သွားခွင့်မပေးသေးဘဲ ကလန်ထဲတွင် ပိတ်လှောင်ထားရန် ကြိုးစားသည်မှာ မှော်ဆရာချဲ့အလွန်သာ ဖြစ်သွားလေပြီ။

“မင်းလိုချင်တာရှိရင်ပြောလေ… ငါတို့နှင်းရေခဲကလန်က ဖြည့်ဆည်းပေးနိုင်သရွေ့ ငါသဘောတူပေးနိုင်တယ်…” မှော်ဆရာချဲ့မှာတော့ လက်မလျှော့ချင်သေး။

“ကျုပ်ကိုယ်ပိုင်လွတ်လပ်ခွင့်ထက် အခြား ဘာကိုမှ ပိုမကြိုက်ဘူး…” ရန်ကိုင်က ခေါင်းသာ ခါနေခဲ့သည်။ ထို့နောက် ထပ်၍ ပြောလိုက်လေ၏။ “အစကတော့ ကျုပ် နှင်းရေခဲကလန်အပေါ် ဘာမှတော့ ဒီလောက်မမြင်ပါဘူး… ဒါပေမယ့် မှော်ဆရာချဲ့ အခုလိုမျိုး ဆက်လုပ်နေဦးမယ်ဆိုရင်တော့ နှင်းရေခဲကလန်အပေါ် ကျုပ်ရဲ့အထင်အမြင် ပြောင်းလဲသွားရလိမ့်မယ်နော်…”

မှော်ဆရာချဲ့ သက်ပြင်းအမောကြီးချလိုက်ပြီး သူ့လက်ကိုမြှောက်လျက် “မှော်ဆရာညို… အစကတော့ ငါလည်း အခုလိုမျိုး မလုပ်ချင်ဘူး… ဒါပေမယ့် ညှိနှိုင်းဆွေးနွေးလို့မရမှတော့ ဒီမှော်ဆရာလည်း မင်းကို ဒီမှာ ထိန်းထားရုံပဲ ရှိတော့မှာပေါ့… မင်းသာ ငါတို့နန်းတော်ထဲမှာ နောက်ထပ် နည်းနည်းလောက် ထပ်နေလိုက်မယ်ဆိုရင် မင်း စိတ်ပြောင်းရင်ပြောင်းသွားမှာ… မင်း ယုကိုပြောခဲ့သလိုပဲ… ငါတို့လူရိုင်းမျိုးနွယ်စုဝင်တွေက တစ်မိသားစုတည်းပဲလေ… ဒီတော့ မင်းဘယ်နေရာမှာပဲနေနေ အတူတူပဲမဟုတ်ဘူးလား…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်ဆီသို့ လျှပ်စီးတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ လျှပ်စီးတန်းမှာ သွားနေရင်းနှင့်ပင် ပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်လေသည်။

ထိုလျှပ်စီးကြောင့်ပင်လျှင် ရန်ကိုင်၏အမွေးများအားလုံး ထောင်တက်သွားခဲ့ရပြီး ရန်ကိုင်ကိုယ်တိုင်မှာလည်း မံမီရုပ်ကြီးတစ်ခုပမာ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ရစ်ပတ်ထားခြင်း ခံရလေသည်။

“ဟင်…” မှော်ဆရာချဲ့ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူ့တိုက်ကွက်ထဲ ရန်ကိုင်အား ထိခိုက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးခဲ့ခြင်းမရှိပါသော်ငြား ယခုကဲ့သို့သော တိုက်ကွက်ကို ရင်ဆိုင်ခဲ့ရပြီးသည့်တိုင် မျက်နှာတစ်ချက်ပင်မပျက်သော မှော်ဆရာညိုကြောင့် မှော်ဆရာချဲ့ အံ့အားသင့်သွားခဲ့ရလေသည်။

ရန်ကိုင်သည် အဆင့်မြင့်မှော်စစ်သည်တော်တစ်ဦးသာ ဖြစ်လေရာ ဤတိုက်ကွက်ကို ရင်ဆိုင်ရပြီးသည့်နောက် သတိလစ်သွားသင့်ပေသည်။ သို့သော်ငြား ထိုကဲ့သို့မဖြစ်ခဲ့ဘဲ ရန်ကိုင်သည် မျက်နှာသေဖြင့်သာ ရှိနေခဲ့လေသည်။

“မှော်ဆရာချဲ့…” ထိုစဉ် ရန်ကိုင်၏အသံ ထွက်လာခဲ့သည်။ “ကျုပ် ခင်ဗျားကို အထင်သေးတာတော့ မဟုတ်ဘူး… ဒါပေမယ့် ကျုပ်ထွက်သွားချင်ရင် ခင်ဗျား ကျုပ်ကို တားနိုင်မှာမဟုတ်ဘူးနော်…”

ရန်ကိုင်ပါးစပ်မှ ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသော လျှပ်စီးပိုက်ကွန်မှာ ရုတ်တရက်ဆိုသလို တစ်စစီ ဖြစ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်‌ကြောင့် မှော်ဆရာချဲ့ အံ့အားသင့်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “မှော်သခင်…”

ယခု ရန်ကိုင်လှုပ်ရှားမှသာလျှင် ရန်ကိုင်၏အဆင့်ကို အာရုံခံမိသွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် မည်ကဲ့သို့များ မှော်သခင်တစ်ပါး ဖြစ်လာရလေသနည်း။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရန်ကိုင်သည် အဆင့်မြင့်မှော်စစ်သည်တော်တစ်ဦးသာ ဖြစ်လေသည်။ ရက်အနည်းငယ်လေးဖြင့် မည်ကဲ့သို့များ မှော်သခင်အဆင့်သို့ ရောက်လာနိုင်ရလေသနည်း။ မှော်ဆရာချဲ့လိုလူတစ်ယောက်အတွက် တက်သစ်စမှော်သခင်တစ်ပါးနှင့် အဆင့်မြင့်မှော်စစ်သည်တော်တစ်ဦးမှာ ဘာမျှ ခြားနားခြင်းမရှိပါသော်ငြား မှော်သခင်အဆင့်သည့် မှော်ဆရာပေါင်းများစွာ မရောက်ရှိနိုင်သည့် အဆင့်တစ်ခုလည်း ဖြစ်ပေသည်။ အချို့သောမှော်စစ်သည်တော်များမှာ မှော်သခင်အဆင့်သို့ တစ်သက်လုံး မတက်ရောက်နိုင်ခဲ့ပဲ မှော်စစ်သည်တော်အဆင့်တွင်သာ တစ်ဘဝလုံးကို ကုန်ဆုံးသွားခဲ့ရသည်။ ယုပြောပြသည့် အကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်သည့်နောက် မှော်ဆရာချဲ့၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။

(ငါ ရတနာတစ်ပါးကို လာတွေ့တာပဲ…)

ဤ သမားတော်တစ်ပါးလည်းဖြစ်သည့် မှော်ဆရာညိုသည် လုံးဝကို ရိုးရှင်းသည့် မှော်ဆရာတစ်ပါး မဟုတ်ချေ။ ဤမှော်ဆရာညို၏ ခွန်အားတိုးတက်သည့်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည်။ လွန်ခဲ့သောတစ်လခန့်က အဆင့်နိမ့်မှော်စစ်သည်တော်တစ်ပါးသာ ဖြစ်ခဲ့ပါသော်ငြား ယခုတွင်မူ မှော်သခင်တစ်ပါး ဖြစ်နေခဲ့လေပြီ။

ဤမျှ အဆင့်တက်မြန်နေသည့်နှုန်းကို ကြည့်မည်ဆိုပါက မှော်ဆရာညိုသည် လူရိုင်းနတ်ဘုရားများ၏ ကောင်းချီးပေးမှုကို ရရှိထားမှန်း မှော်ဆရာချဲ့ ပြောနိုင်ပေသည်။ မှော်ဆရာညိုကိုသာ အချိန်နည်းနည်းလောက် ထပ်ပေးလိုက်မည်ဆိုပါက သူ့အဖို့ မှော်ဝိဇ္ဇာ၊ မှော်ဘုရင်နှင့် မှော်သူတော်စင်တစ်ပါးပင် ဖြစ်လာဖို့ရာ ပြဿနာရှိလိမ့်မည်မဟုတ်ချေ။

နှင်းရေခဲကလန်တွင် မှော်သူတော်စင်မရှိဘဲ မှော်ဘုရင်များသာ ရှိကြသည်။ ထို့အတွက်ကြောင့် နှင်းရေခဲကလန်နှင့် ထိပ်တန်းကလန်များကြား ကွာဟချက်ကြီးတစ်ခု ရှိနေပေသေးသည်။ သို့သော်ငြား သူတို့တွင်သာ မှော်သူတော်စင်တစ်ပါး ရှိလာမည်ဆိုပါက နှင်းရေခဲကလန်၏ အဆင့်အတန်းမှာ အကြီးအကျယ် မြင့်တက်သွားရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ မှော်ဆရာချဲ့အနေဖြင့် မှော်ဆရာညိုအား ဤနေရာမှ ထွက်သွားခွင့် မပြုနိုင်တော့ပေ။ မှော်ဆရာညိုအနေဖြင့် သူ့အား မုန်းမည်ဆိုလျှင်ပင် မှော်ဆရာချဲ့ကတော့ ဂရုမစိုက်နိုင်တော့။ နှင်းရေခဲကလန်၏အကျိုးအတွက် သူ့အနေဖြင့် ဘာမဆိုလုပ်ရပေတော့မည်။ ထိုသို့ဖြင့် မှော်ဆရာညို မှော်သူတော်စင်တစ်ပါး ဖြစ်လာသည့်တစ်နေ့ နှင်းရေခဲကလန်သည် လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်ပေလိမ့်မည်။

ထိုသို့တွေးမိလိုက်သည့်နောက် မှော်ဆရာချဲ့ ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။ လျှပ်ပန်းလျှပ်နွယ်တို့ သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်ပြေးလာခဲ့ပြီး‌ မှော်ဆရာညိုကိုကြည့်ကာ ပြောလိုက်လေသည်။ “မှော်ဆရာညို… ဒီမှော်ဆရာ မင်းကို ပိုပြီးတော့တောင် ကြိုက်လာပြီ… ဒီမှာပဲနေပြီးတော့ ငါတို့နှင်းရေခဲကလန်သားတစ်ယောက် လုပ်လိုက်ပါလား…” မှော်ဆရာချဲ့က ပြုံး၍ပြောလိုက်သည်။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် “ကျုပ်က တောင်ပိုင်းလူရိုင်းကလန်မှာ မွေးလာတာ… တောင်ပိုင်းလူရိုင်းကလန်မှာပဲသေမယ်… ကျုပ်ကို ဒီမှာ ထိန်းထားနိုင်မလား မထိန်းထားနိုင်ဘူးလားဆိုတာတော့ ခင်ဗျားအရည်အချင်းပေါ် မူတည်မှာပေါ့…”

မှော်ဆရာချဲ့မှာ တစ်ခုခု ထပ်ပြောချင်လိုက်ပါသော်ငြား ရုတ်တရက်ဆိုသလို သူ့အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း လက်ကို ဆန့်ထုတ်၍ သူ့ရှေ့တည့်တည့်၌ ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်လေသည်။ မှော်ဝိဇ္ဇာတစ်ပါး ဖြစ်သည့်အလျောက် မှော်ဆရာချဲ့မှာ ဤကဲ့သို့သော မှော်ပညာရပ်ကို လုံးဝကို ကျွမ်းကျင်နေခဲ့လေပြီ။ ထို့အပြင် သူဖန်တီးလိုက်သည့် မှော်ဒိုင်းကာသည် တက်သစ်စမှော်သခင်တစ်ပါး ဖျက်ဆီးနိုင်သည့် အရာမျိုး မဟုတ်ချေ။

ထို့အတွက်ကြောင့် မှော်ဆရာချဲ့မှာ သူ၏ မှော်ဒိုင်းကာအပေါ် အလွန်ကိုမှ ယုံကြည်ချက်ရှိနေခဲ့သည်။ သို့သော်ငြား ထပ်မံကြုံတွေ့လိုက်ရသည့် အရာကြောင့် သူ့မျက်နှာအမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ အက်သံတစ်သံနှင့်အတူ သူဖန်တီးလိုက်သည့် မှော်ဒိုင်းကာမှာ တစ်စစီ ပျက်စီးသွားခဲ့ရသည်။ ထို့နောက်တွင် အလွန်ကိုမှ ရိုးစင်းလှသည့် လက်သီးတစ်လုံးမှာ သူ့တည့်တည့်ဆီသို့ ပြေးဝင်လာလေ၏။

မှော်ဆရာချဲ့မှာ ထိုအဖြစ်အပျက်ကြောင့် လုံးဝကို အကြောင်သား ဖြစ်နေခဲ့ရသည်။ ဤအားနည်းလှသည့် ခန္ဓာကိုယ်လေး၏ လက်သီးချက်တစ်ချက်သည် သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုထားသော သူတို့ကလန်မှ အားကောင်းသည့် ပညာရှင်တော်တော်များများ၏ လက်သီးချက်ထက်ပင် ပိုမိုအားကောင်းနေသောအချက်ကို မှော်ဆရာချဲ့မှာ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။

“ဘုန်း…”

ရန်ကိုင်၏လက်သီးချက်သည် မှော်ဆရာချဲ့မျက်နှာအား သွားထိလေသည်။ မှော်ဆရာချဲ့၏ နှာခေါင်းရိုး သွင်သွင်ကျိုးသွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့လေ၏။ မှော်ဆရာချဲ့ကိုယ်တိုင်မှာလည်း လက်သီးချက်ကို မခံနိုင်သည့်အတွက်ကြောင့် နောက်သို့ လွင့်စင်ထွက်သွားခဲ့လေသည်။

သို့သော်ငြား ရန်ကိုင်မှာမူ အနည်းငယ်မျှပင် ပျော်နေခြင်းမရှိ။ ထို့အစား အံ့အားသင့်နေသည့်အမူအယာဖြင့်သာ မျက်ခုံးပင့်သွားခဲ့လေသည်။

ရန်ကိုင်၏လက်သီးချက်ကြောင့် လွင့်ထွက်သွားသည့် မှော်ဆရာချဲ့မှာ မြေပြင်ပေါ်သို့ ကျသွားပြီးသည့်နောက် ရုတ်တရက်ဆိုသလို အလင်းစက်ကလေးများအဖြစ်သို့ အသွင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ကျယ်လောင်သည့် မိုးခြိမ်းသံတို့မှာ သူ့ကျောဘက်ဆီမှ ထွက်ပေါ်လာလေ၏။

ရန်ကိုင်မှ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ မှော်ဆရာချဲ့သည် မည်သည့်အချိန်တည်းကမှန်းမသိ သူ့နောက်ကျောဘက်တွင် ပြန်ပေါ်လာနေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် မှော်ဆရာချဲ့သည် တိရစ္ဆာန်အရိုးနှင့် ဆင်တူသည့် ပစ္စည်းတစ်ခုကို ကိုင်၍ လေထဲတွင် ဝဲနေခဲ့သည်။ ထိုအရာမှာ မည်ကဲ့သို့သော သားရဲ၏ အရိုးမှန်း ရန်ကိုင်မသိရပါသော်ငြား လက်ရှိအချိန်တွင်တော့ ထိုအရိုးသည် အလင်းရောင်တလက်လက် တောက်ပနေပြီး အရိုးတစ်လျှောက်တွင်လည်း လျှပ်ပန်းလျှပ်နွယ်များ တဖျတ်ဖျတ် လင်းလက်နေခဲ့လေသည်။

မှော်ဆရာချဲ့သည် တိရစ္ဆာန်အရိုးကိုကိုင်၍ ရန်ကိုင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။ ထိုရိုက်ချက်နှင့်အတူ လျှပ်စီးတန်းတို့သည်ပါ ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေ၏။

ရန်ကိုင်သည် လျှပ်စီးတန်း သူ့အား လာမထိနိုင်သေးခင်မှာပင် မြေပြင်ကို ကန်ကျောက်၍ ရှောင်ထွက်သွားခဲ့သည်။

ရန်ကိုင်၏တုံ့ပြန်နှုန်းကြောင့် မှော်ဆရာချဲ့ မျက်ခုံးပင့်သွားခဲ့ရသည်။ စတိုက်တိုက်ခြင်းသာ ဖြစ်သေးပါသော်ငြား မှော်ဆရာညိုမှာ သူလျှော့တွက်၍ရသည့် လူစားမျိုးမဟုတ်မှန်း မှော်ဆရာချဲ့ သိသွားခဲ့ရသည်။ ဤမှော်ဆရာညိုသည် မှော်သခင်အဆင့်သို့ ရောက်သည်မှာ မကြာသေးပါသော်ငြား သူထုတ်ပြသွားသည့် ခွန်အားသည် သာမန် မှော်သခင်တစ်ပါး ထုတ်သုံးနိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။

ကံမကောင်းစွာဖြင့် မှော်ဆရာချဲ့မှာ မှော်ဝိဇ္ဇာတစ်ဦး ဖြစ်နေခဲ့လေသည်။ ရန်ကိုင်ထက် အဆင့်ကြီးတစ်ဆင့်ပင် ပိုမြင့်နေသေးသည်။

မှော်ဆရာချဲ့သည် အရိုးကိုကိုင်ထားသည့်သူ့လက်အား မြှောက်လိုက်ရာ အရိုးထဲမှ လျှပ်စီးမြွေတစ်ကောင် ပျံထွက်လာခဲ့လေသည်။ ထို့နောက်တွင် ထိုလျှပ်စီးမြွေသည် ရန်ကိုင်ရှောင်ထွက်သွားမည့် နေရာတည့်တည့်ဆီသို့ ကိုက်ချလိုက်လေ၏။

မှော်ဆရာချဲ့သည် ရန်ကိုင် မည်သည့်နေရာသို့ ရှောင်သွားမလဲဆိုသည်ကို ကြိုတင်ခန့်မှန်းထားသည့်အလားပင်။

“အရှုံးပေးလိုက်တော့… မင်း ငါနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး… နှင်းရေခဲကလန်က မင်း အဖွဲ့သားဖြစ်လာမှာကို စောင့်နေတယ်…” မှော်ဆရာချဲ့သည် လေထဲတွင်ဝဲနေရင်းမှ ပြောလိုက်လေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် သူ့လက်ကိုဆန့်ထုတ်ကာ အနန္တဓါးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ဓါးအား အားပါးတရ ဝှေ့ယမ်းချလိုက်ရာ ဓါးလှိုင်းတစ်ခု ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင် ပစ်လွှတ်လိုက်သည့်ဓါးလှိုင်းသည် လျှပ်စီးမြွေ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်ထွက်သွားစေခဲ့ပြီး ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်းမရှိဘဲ နန်းတော်နံရံအား သွားရောက်ထိမှန်လေသည်။ ဓါးလှိုင်းကြောင့် နန်းတော်နံရံတစ်ခုလုံး ပျက်စီးသွားခဲ့ရလေ၏။

ရန်ကိုင်လက်ထဲရှိ အနန္တဓါးကိုကြည့်ရင်း မှော်ဆရာချဲ့၏နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။

တောင်ပြာကျေးရွာသည် အလွန်ကိုမှ ချောင်ကျသည့်နေရာတွင်ရှိကာ ထိုရွာတွင်လည်း မည်သည့်ပညာရှင်မှ ရှိမနေခဲ့။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်ပြာရွာသားများသည် မည်သည့်လက်နက်ကောင်းကောင်းကိုမှ မသွန်းလုပ်နိုင်ကြဘဲ သာမန်ကျောက်လှံများ၊ ကျောက်ပုဆိန်များကိုသာ အသုံးပြုကြလေသည်။ သို့သော်ငြား နှင်းရေခဲကလန်ကမူ ထိုသို့မဟုတ်။ နှင်းရေခဲကလန်၏ အားကောင်းသည့် စစ်သည်တော်တိုင်းတွင် ကိုယ်ပိုင်လက်နက်များ ရှိကြသည်။ ထိုလက်နက်အားလုံးကို သေသေချာချာ သန့်စင်ပြီးသား သတ္တုများဖြင့် သွန်းလုပ်ထားကြခြင်း ဖြစ်လေသည်။ တချို့သော အားကောင်းသည့် စစ်သည်တော်များဆိုလျှင် မှော်ဝိဇ္ဇာများမှ ပေးအပ်လာသည့် မှော်လက်နက်များကိုပင်လျှင် အသုံးပြုကြသည်။

လက်ရှိ မှော်ဆရာချဲ့လက်ထဲရှိ တိရစ္ဆာန်အရိုးမှာ မှော်လက်နက်တစ်ခု ဖြစ်ပေသည်။

မှော်ဆရာချဲ့မှာ အတွေ့အကြုံကြွယ်ဝသူတစ်ဦး ဖြစ်ပါသော်ငြား ရန်ကိုင်၏ အနန္တဓါးကိုမြင်သော် အတော်လေးကိုမှ အံ့ဩသွားခဲ့ရသည်။

ရန်ကိုင်လက်ထဲရှိဓါးမှာ သာမန်မှော်လက်နက်တစ်ခုသာလျှင်မဟုတ်ဘဲ အလွန်ကိုမှ အဆင့်မြင့်သည့် မှော်လက်နက်တစ်ခုပင် ဖြစ်ရပေလိမ့်မည်။ မှော်ဆရာချဲ့အနေဖြင့် ဤကဲ့သို့သော အဆင့်မြင့်မှော်လက်နက်တစ်ခုကို တစ်ကြိမ်သာ မြင်ခဲ့ဖူးသည်။ နှင်းရေခဲကလန်၏ မှော်ဘုရင်တစ်ပါး လက်ထဲတွင်ပင်။

သို့သော်ငြား ရန်ကိုင်ကဲ့သို့သော မှော်သခင်တစ်ဦးသည် ဤမျှအားကောင်းလှသည့် မှော်လက်နက်တစ်ခုကို မည်ကဲ့သို့များ ပိုင်ဆိုင်ထားရလေသနည်း။ ထို့အပြင် သူ၏မှော်သခင်အဆင့်လေးဖြင့် ဤမှော်လက်နက်၏ စွမ်းအားကိုလည်း ကောင်းမွန်စွာ ထုတ်သုံးနိုင်လေသည်။ သူ့ကဲ့သို့သော မှော်ဝိဇ္ဇာတစ်ပါးပင်လျှင် ဤကဲ့သို့သော မှော်လက်နက်တစ်ခုကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား မှော်ဆရာချဲ့မြင်နေသည်မှာ အပေါ်ယံလေးသာ ရှိသေးသည်ဆိုသော အချက်ကိုတော့ မှော်ဆရာချဲ့မသိခဲ့ပေ။

ရန်ကိုင်သည် အနန္တဓါးဖြင့် မှော်ဆရာချဲ့ကို ချိန်ရွယ်ရင်းမှ ပြုံးဖြီး၍ ပြောလိုက်လေသည်။ “မှော်ဆရာချဲ့… ကျုပ်ထပ်ပြောမယ်နော်… ကျုပ်ထွက်သွားချင်ရင် ခင်ဗျား ကျုပ်ကို တားနိုင်မှာမဟုတ်ဘူး… ထပ်တလဲလဲ ကျုပ်လမ်းကို လာပိတ်နေမယ်ဆိုရင် ကျုပ်လည်း ညှာနေတော့မှာမဟုတ်ဘူး…”

ရန်ကိုင်၏လေသံကြောင့် မှော်ဆရာချဲ့ အနည်းငယ် လန့်သွားခဲ့သည်။ သို့သော်ငြား အံကိုတင်းတင်းကြိတ်၍ ပြန်ပြောလိုက်လေသည်။ “နှင်းရေခဲကလန်က မင်းကို လိုအပ်နေတယ်… ဒါကြောင့် ကျေးဇူးပြုပြီး နေပေးပါ..”

ထိုသို့ပြောပြီးသည့်နောက် ခြေကိုဆောင့်ချလျက် လျှပ်စီးစက်ကွင်းတစ်ခု ပတ်ပတ်လည်အနှံ့ ပြန့်လာခဲ့လေသည်။ ထိုလျှပ်စီးစက်ကွင်းမှာ ရုတ်ချည်းဆိုသလို မီတာတစ်ထောင်အကွာအဝေးအား လွှမ်းခြုံသွားခဲ့ပြီး ထိုနယ်ပယ်တစ်ခုလုံး လျှပ်စီးတန်းများ၊ လျှပ်ပန်းလျှပ်နွယ်များဖြင့် ပြည့်နှက်သွားခဲ့ရသည်။

“နယ်ပယ်လား…” ရန်ကိုင် ပြုံးဖြီးလိုက်လေသည်။

လက်ရှိ မှော်ဆရာချဲ့ ထုတ်လွှတ်လိုက်သော မိုးကြိုးလျှပ်စီးစက်ကွင်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှ ကျွမ်းကျင်ထားသော နယ်ပယ်နှင့် ဆင်တူပေသည်။ သို့သော်ငြား ကွာတော့ကွာပေ၏။ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ခြားနေပြီးသည့်နောက် သိုင်းတာအိုမှာ တစ်ခေတ်နှင့်တစ်ခေတ် မတူကြတော့ချေ။

လက်ရှိ မှော်ဆရာချဲ့၏ လျှပ်စီးစက်ကွင်းသည် ရန်ကိုင် တွေ့ခဲ့ရဖူးသည့် မည်သည့်တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ၏ နယ်ပယ်ထက်မဆို ပို၍ အားကောင်းပေသည်။ သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ဤလျှပ်စီးစက်ကွင်းထဲ ပိတ်မိသွားမည်ဆိုပါက အတော်လေး ပြဿနာတက်သွားရပေလိမ့်မည်။

မှော်ဆရာချဲ့မှာ သူ့စွမ်းအားအကုန်အစင်ကို ထုတ်သုံးနေခဲ့လေပြီ။ လျှပ်စီးစက်ကွင်းကို ထုတ်လွှတ်ပြီးသည့်နောက် မှော်ဆရာချဲ့က ပြောလိုက်သည်။ “လျှပ်စီးအကျဉ်းထောင်အောက် ရောက်သွားတဲ့ ဘယ်သူမဆို အကုန် ငါ့အမိန့်အောက် ရောက်သွားမှာပဲ… မှော်ဆရာညို… အရှုံးပေးလိုက်တော့… ငါ မင်းကို ထိခိုက်အောင် မလုပ်ချင်မှန်းလည်း မင်းသိတာပဲ…”

ရန်ကိုင်က အထင်အမြင်တသေးဖြင့် လှောင်ပြုံးပြုံးလျက် ပြန်၍ပြောလိုက်သည်။ “အဲ့ဒါကတော့ ခင်ဗျားအရည်အချင်းပေါ် မူတည်မှာပေါ့…”

မှော်ဆရာချဲ့က သက်ပြင်းချလျက် ခေါင်းခါရင်းမှ ပြောလိုက်လေသည်။ “ကြည့်ရတာ နှင်းရေခဲကလန်အပေါ် မင်းရဲ့အထင်အမြင်ကို ပြောင်းသွားရအောင် ဒီမှော်ဆရာရဲ့စွမ်းအားကို ကောင်းကောင်းထုတ်ပြမှ ရတော့မယ်နဲ့တူတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ အော်ပြောလိုက်လေသည်။ “ချုပ်နှောင်လိုက်စမ်း…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၅)

ဘာသာပြန်သူ_တိမ်တိုက်

မှော်ဆရာချဲ့မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကြိုးစက်ကွင်းထဲရှိဖိအား မြင့်မားလာခဲ့ပြီး ရန်ကိုင်အား လှုပ်မရအောင် ချုပ်လိုက်လေသည်။

မှော်ဆရာချဲ့က ခေါင်းမော့၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် မေးလိုက်လေသည်။ “ကဲ… အခု ဘယ်လိုလဲ… ငါကမ်းလှမ်းတာကို သဘောတူချင်သွားပြီလား…”

ဤမိုးကြိုးစက်ကွင်းထဲတွင် သူသည် အရာရာကို ထိန်းချုပ်နိုင်ပေသည်။ မှော်ဆရာညိုသည်ပင်လျှင် သူ၏ မိုးကြိုးစက်ကွင်းထဲ၌ သူ့အား ဘာမှပြန်လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်လည်း အနည်းအကျဉ်းတော့ ကြိုးစားရုန်းကန်ကြည့်ပေသည်။ သို့သော်ငြား သူ့ခန္ဓာကိုယ်မှာ တစ်လက်မပင် လှုပ်မရဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထို့‌ကြောင့် ချီးကျူးစကား ပြောလိုက်လေ၏။ “မဆိုးဘူးပဲ…”

ရန်ကိုင်၏စကားကြောင့် မှော်ဆရာချဲ့ မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင်အား ထူးထူးဆန်းဆန်းဖြင့် ကြည့်လိုက်လေသည်။ မှော်ဆရာညိုပြောသွားသည့်စကားသည် သူ့အား ထူးခြားသောခံစားချက်ကို ရသွားစေခဲ့သည်။ လက်ရှိ သူရင်ဆိုင်နေရသည်မှာ တက်သစ်စမှော်သခင်တစ်ဦး မဟုတ်ဘဲ မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်အဆင့်ကို ရောက်ရှိနေပြီးသော ပညာရှင်တစ်ဦး ဖြစ်သည့်အလား။

(ငါ ဘာဖြစ်လို့ ဒီလိုခံစားချက်မျိုး ရနေရတာလဲ… သူက မှော်သခင်တစ်ယောက်ပဲ မဟုတ်ဘူးလား…)

သို့သော်ငြား ထို့နောက်တွင် ရန်ကိုင်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် သူ့လက်ထဲတွင် ကိုင်စွဲထားသည့် အနန္တဓါးကို မဆိုစလောက်ကလေး လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလို အနန္တဓါးဖျားထိပ်မှ အံ့အားသင့်ဖွယ်ရာ တုန်ခါလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး ထိုတုန်ခါလှိုင်းသည် ဘေးပတ်ပတ်လည်အနှံ့ လှိုင်းတွန့်လေးများအသွင်အဖြစ်သို့ ပြောင်းကာ ပျံ့နှံ့သွားခဲ့လေသည်။

ထိုလှိုင်းတွန့်လေးများ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော မိုးကြိုးစက်ကွင်းမှာ တဖြည်းဖြည်းနှင့် အားနည်းလျော့ရဲလာခဲ့ကာ ပျက်စီးတော့မည့်အရိပ်အယောင်များ ပြသလာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချဲ့မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့ခွန်အားအား အနည်းငယ်မျှပင် ထိန်ချန်ထားရဲခြင်း မရှိတော့ဘဲ ချက်ချင်းပဲ မိုးကြိုးစက်ကွင်း၏ စွမ်းအားကို မြှင့်တင်လိုက်လေသည်။

မူလကမူ မှော်ဆရာညို၏ အဆင့်မှာ သူ့ထက် တစ်ဆင့်နိမ့်နေသည့်အတွက်ကြောင့် မိုးကြိုးစက်ကွင်းကို ထုတ်သုံးရာတွင် အစွမ်းကုန် မသုံးခဲ့ချေ။ သို့သော်ငြား ဤမှော်ဆရာညိုတွင် သူ၏ မိုးကြိုးစက်ကွင်းကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားပါမည်နည်း။

သို့သော်ငြား သူ၏ကြိုးစားအားထုတ်မှုမှာ အချည်းနှီးသည်သာ။ မှော်ဆရာညို၏လက်ထဲတွင် ကိုင်စွဲထားသည့် ထူးဆန်းသော မှော်လက်နက်ဆီမှ ဖြာထွက်လာသည့် လှိုင်းတွန်းလေးများသည် ရပ်တန့်မရသော စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား။ မှော်ဆရာချဲ့မှ မိုးကြိုးစက်ကွင်းစွမ်းအားကို မည်သို့ပင် မြှင့်တင်နေစေကာမူ သူ့မိုးကြိုးစက်ကွင်း ပျက်စီးသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

မှော်ဆရာချဲ့၏နဖူးထက် ချွေးအေးတို့ ဝေ့သီလာခဲ့ပြီး ရန်ကိုင်အား နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်ပမာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်လေသည်။

တုန်ခါနေသည့် အနန္တဓါးဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့လေရာ တစ်ခဏအတွင်း မိုးကြိုးစက်ကွင်းမှာ ပျက်စီးသွားခဲ့ရပြီး ရန်ကိုင်လည်း မှော်ဆရာချဲ့ဆီသို့ အသာအယာ တိုးလာနိုင်ခဲ့လေသည်။

ယနေ့ခေတ်လောကတွင် တန်ခိုးရှင်အဆင့်ကျင့်ကြံသူများသည် ရှီ ဟူသည့် စွမ်းအားကို ကျွမ်းကျင်ရန် လိုအပ်ပြီး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာတော့ နယ်ပယ်ဟူသည့်စွမ်းအားကို ကျွမ်းကျင်ထားကြသည်။ တာအိုသခင်အဆင့်သို့ ရောက်လာသည့်အခါတွင်မူ လောကနိယာမစွမ်းအားများကို ခံစားမိလာပြီး အနည်းအကျဉ်း အသုံးချနိုင်လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်မှသာလျှင် နိယာမစွမ်းအားကို တိုက်ရိုက်အသုံးချနိုင်ခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် မှော်ဆရာချဲ့၏ မိုးကြိုးစက်ကွင်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ကျွမ်းကျင်ထားသော နယ်ပယ်ထက် ပိုမိုသာလွန်ပြီး နိယာမစွမ်းအားကိုပင် အနည်းအကျဉ်း လှုံ့ဆော်နိုင်ပေသည်။

သို့သော်ငြား သူ၏ မိုးကြိုးစက်ကွင်း မည်မျှပင် အားကောင်းနေစေကာမူ ရန်ကိုင်ကျွမ်းကျင်ထားသည့်စွမ်းအားမှာ သူ့ထက် အများကြီးသာပေသည်။

မှော်ဆရာချဲ့သည်သာ မိကျောင်းမင်းရှေ့ ရေခင်းပြရန် မကြိုးစားခဲ့ဘဲ ရန်ကိုင်နှင့်သာ အနီးကပ်တိုက်ပွဲ ဆင်နွှဲမည်ဆိုပါက ရန်ကိုင်အနေဖြင့် မှော်ဆရာချဲ့နှင့် ရင်ဆိုင်ရာတွင် ယခုထက်ပို၍ အခက်တွေ့သွားနိုင်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်၏အဆင့်သည် မှော်ဆရာချဲ့၏အဆင့်ထက် နိမ့်ကျနေသည့်အတွက်ကြောင့် သူထုတ်သုံးနိုင်သည့်စွမ်းအားမှာ အကန့်အသတ်နှင့်သာ ရှိနေသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား မှော်ဆရာချဲ့မှာတော့ ရန်ကိုင်၏အခြေအနေကိုမသိဘဲ ရန်ကိုင်ထက် အဆင့်တစ်ဆင့် ပိုမြင့်သည့်အပေါ် အခွင့်ကောင်းယူ၍ ရန်ကိုင်အား ဖိနှိပ်ရန် ကြိုးစားခဲ့သဖြင့် ရန်ကိုင်မှာ တိုက်ပွဲရေချိန်ကို ပြောင်းလဲခွင့် ရရှိသွားခဲ့လေသည်။

ရန်ကိုင်မှ လေဟာနယ်နိယာမစွမ်းအားများကို ထုတ်လွှတ်လိုက်သည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့သဖြင့် မိုးကြိုးစက်ကွင်းမှာလည်း သူ့ဘာသာ အလိုလို ပြိုကျသွားခဲ့ရသည်။ ရန်ကိုင်ဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် ရှိနေသော မိုးကြိုးစက်ကွင်းများနှင့် ပြည့်နေသည့် ဟင်းလင်းပြင်တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို မည်းမှောင်သွားကုန်ရပြီး လျှပ်စီးတန်းများလည်း ပျောက်ကွယ်သွားကုန်ကြလေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်၌ ရှိနေသော မှော်ဆရာချဲ့၏ မိုးကြိုးစက်ကွင်းမှာ ဖျက်ဆီးခံလိုက်ရသည်ဟု ပြော၍ရပေသည်။

နှစ်ဦးသားကြားရှိ နိယာမစွမ်းအားကို အသုံးချနိုင်စွမ်းမှာ သိသာလှပေသည်။

ရန်ကိုင်၏ ခြေတစ်လှမ်းချင်းစီနှင့်အတူ သူ၏မိုးကြိုးစက်ကွင်း ပြိုကျလာသည့် အသံများကို မှော်ဆရာချဲ့ ကြားနေရလေသည်။

ထိုသို့ဖြင့် ရန်ကိုင်တို့နှစ်ဦးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းချင်း နီးကပ်လာတော့သည်။

ရန်ကိုင်မှာ လှောင်ပြုံးပြုံးနေခဲ့ချိန် မှော်ဆရာချဲ့မှာတော့ ယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။

ရန်ကိုင် နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်ချိန် သူလှမ်းလိုက်သည်မှာ ခြေလှမ်းတစ်လှမ်းမဟုတ်ဘဲ မှော်ဆရာချဲ့၏ ရင်ဘတ်ကို ဆောင့်ကန်လိုက်သည့် ခြေကန်ချက်တစ်ခု ဖြစ်သည့်ပမာ။

အားကောင်းလှသည့် မှော်ဝိဇ္ဇာတစ်ဦးလည်း ဖြစ်သလို နှင်းရေခဲကလန်အား အုပ်ချုပ်နေသည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည့် မှော်ဆရာချဲ့မှာ တုန်တုန်ရီရီဖြစ်လာပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ တစ်ချိန်တည်းတွင်လည်း သူ၏မိုးကြိုးစက်ကွင်း ပျက်စီးသွားခဲ့ရပြီး ရင်ဘတ်ကို လက်ဖြင့်ဖိရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရသည်။

မိုးကြိုးစက်ကွင်း ပျက်စီးသွားရခြင်းမှာ သူ၏အုတ်မြစ် ထိခိုက်သွားသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ သူ့အား မတားနိုင်ဟု မှော်ဆရာညိုပြောခဲ့ခြင်းမှာ လေကြီးမိုးကြီးပြောနေခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့ပါသော်ငြား ယခုမှသာလျှင် မှော်ဆရာညို အမှန်ကိုပြောနေမှန်း မှော်ဆရာချဲ့ နားလည်သွားရတော့သည်။ သို့သော်ငြား ဤကဲ့သို့သော မှော်သခင်မျိုး ဤလောကကြီးထဲတွင် မည်ကဲ့သို့များ တည်ရှိနိုင်ရလေသနည်း။

ရန်ကိုင်ကမူ မှော်ဆရာချဲ့ကို အနိုင်ယူနိုင်လိုက်သည့်အတွက်ကြောင့် အနည်းငယ်မျှပင် ဝမ်းသာနေခြင်းမရှိဘဲ အခြားတစ်ဖက်သို့သာ ဝေ့ကြည့်၍ စိတ်ညစ်ညစ်ဖြင့် ရေရွတ်လိုက်လေသည်။ “ကျွတ်… ပြဿနာတော့ များပြန်ပြီကွာ…”

ထိုသို့ပြောပြီးသည့်နောက် အစိမ်းရောင်သစ်ရွက်လေးတစ်ရွက်ကို ထုတ်၍ ထိုသစ်ရွက်အား သူ့စိတ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။ ထို့နောက်တွင် အစိမ်းရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်၏ပုံရိပ် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

နန်းတော်အတွင်းပိုင်းထဲ အိပ်စက်နေသည့်နဂါးတစ်ကောင် နိုးထလာသည့်ပမာ ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါ ထွက်ပေါ်လာပြီးသည့်နောက် မကြာခင်မှာပင် အားကောင်းလှသည့် အရှိန်အဝါများ တော်ဝင်နန်းတော်၏ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာကုန်ကြလေသည်။

ထိုအရှိန်အဝါများမှာ မှော်ဘုရင်များ၏ အရှိန်အဝါများသာ ဖြစ်ကုန်ကြလေသည်။

ရုတ်တရက်ထွက်ပေါ်လာသည့် အားကောင်းလှသော ဖိအားများအောက်ဝယ် နှင်းရေခဲကလန်သားများအားလုံး တုန်တုန်ရီရီ ဖြစ်ကုန်ကြပြီး မျက်နှာများ ဖြူလျော်ကုန်ကြလေသည်။

အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံများသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဒဏ်ရာရထားသဖြင့် ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ရပ်နေရသော မှော်ဆရာချဲ့မှာ ဟင်းလင်းပြင်ထဲသို့ ဦးညွှတ်၍ ပြောလိုက်လေသည်။ “မင်္ဂလာပါ ဆရာတို့…”

“ဘာတွေဖြစ်သွားတာလဲ…” ပထမဦးဆုံးပေါ်လာသည့် အရှိန်အဝါက မေးလိုက်လေသည်။

မှော်ဆရာချဲ့မှာ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်လေသည်။ အထူးသဖြင့် ရန်ကိုင်၏ ဆေးစွမ်းရည်နှင့် ရန်ကိုင်တတ်ကျွမ်းထားသော အမျိုးမျိုးသော ပညာရပ်များကို ထုတ်ပြောသွားခဲ့သည်။

မှော်ဆရာချဲ့ပြောပြသည်ကို ကြားပြီးသည့်နောက် မှော်ဘုရင်များအားလုံး ယာယီမျှ တိတ်ဆိတ်သွားကုန်ကြလေသည်။ နောက်ဆုံးကျမှသာ ပထမဦးဆုံးစကားပြောလိုက်သည့် မှော်ဘုရင်က ပြန်၍ ပြောလိုက်သည်။ “ငါတို့ကလန်အတွက် အသုံးဝင်တယ်ဆိုမှတော့ သူ့ကို သွားဖိတ်ခေါ်လိုက်ပေါ့… ဒါပေမယ့် စီနီယာချင်ကိုကြည့်ရတာ သူ့ကိုနှစ်သက်တဲ့ပုံပဲ… ရိုင်းရိုင်းစိုင်းစိုင်းသွားမလုပ်နဲ့…”

“စီနီယာချင်…” မှော်ဆရာချဲ့၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

ရှေးခေတ်လူရိုင်းမျိုးနွယ်စုတစ်ခုလုံးတွင် မှော်ဘုရင်များမှ စီနီယာချင်ဟုခေါ်သည့် လူတစ်ဦးသာ ရှိပေသည်။ ထိုလူမှာ နှင်းရေခဲကလန်ကို ကာကွယ်ပေးနေသည့် အမြဲစိမ်းနတ်သစ်ပင်သာ ဖြစ်လေ၏။

(သူ တကယ်ကြီး စီနီယာချင်ရဲ့ ကောင်းချီးကို ရရှိထားတာလား…)

ယာယီမျှ တုံ့ဆိုင်းနေပြီးသည့်နောက် မှော်ဆရာချဲ့သည် တစ်ခုခုအား နားလည်သွားသည့်ပုံဖြင့် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။ မှော်ဆရာညို သူ့ရှေ့မှ ရုတ်တရက်ကြီး ပျောက်ကွယ်သွားနိုင်ရခြင်းမှာ အထူးအဆန်းမဟုတ်တော့။ အစောပိုင်းကတော့ ဘာကြောင့်များ မှော်ဆရာညို ရုတ်တရက်ကြီး ပျောက်ကွယ်သွားသလဲဆိုသည်ကို စဉ်းစားနေရသေးသည်။ ယခုမှသာလျှင် ထိုသို့ဖြစ်ရခြင်းမှာ စီနီယာချင်ကြောင့်မှန်း နားလည်သွားရတော့သည်။

ယခု သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်အခါ မှော်ဆရာညို ပျောက်ကွယ်မသွားခင် အစိမ်းရောင်သစ်ရွက်လေးတစ်ရွက် ထုတ်ယူလိုက်သည်ကို သူတွေ့ခဲ့ရပေသည်။

မှော်ဘုရင်ပေါင်းများစွာ၏ အရှိန်အဝါမှာ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ဒီရေလှိုင်းလုံးပမာ လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ မှော်ဆရာချဲ့တစ်ယောက်တည်းသည်သာ နန်းတော်ကြီးထဲ မျက်မှောင်ကျုံ့၍ ကျန်ရစ်နေခဲ့လေသည်။

မှော်ဘုရင်များသည် သူ့အား မှော်ဆရာညိုကို သွားဖိတ်ခေါ်လာရန် အမိန့်ပေးခဲ့သည်။ သို့သော်ငြား မှော်ဆရာညိုကို စီနီယာချင်မှ ကာကွယ်ပေးထားလေရာ မှော်ဆရာညိုသာ ဆန္ဒမရှိပါက သူ့အနေဖြင့် တစ်ဖက်လူအား မည်ကဲ့သို့များ ဖိတ်ခေါ်နိုင်ပါမည်နည်း။ ယခုအဖြစ်အပျက် မတိုင်ခင်ကသာ ဆိုလျှင်တော့ မှော်ဆရာချဲ့အနေဖြင့် မှော်ဆရာညိုကို အတင်းအကြပ် ဖိအားပေး၍ ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိပေသည်။ သို့သော်ငြား မှော်ဆရာညိုနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ပြီးသည့်နောက်တွင် သူ့၌ ထိုကဲ့သို့သော ယုံကြည်ချက်မျိုး မရှိတော့ချေ။

ထိုမှော်ဆရာညိုသည် သာမန်မှော်သခင်တစ်ပါး မဟုတ်။ သူ၏ခွန်အားမှာ အနည်းဆုံး မှော်ဝိဇ္ဇာတစ်ပါးအဆင့်တွင် ရှိနေပေသည်။

ရန်ကိုင်မှာမူ သူရရှိထားသော အစိမ်းရောင်သစ်ရွက်မှတစ်ဆင့် အမြဲစိမ်းနတ်သစ်ပင်နှင့် ဆက်သွယ်ပြီးသည့်နောက် သူနေထိုင်ရာ သစ်လိုဏ်ဂူဆီသို့ ပြန်ရောက်လာခဲ့လေသည်။ ထို့နောက် သစ်ပင်ပင်စည်ကိုခေါက်၍ အော်ခေါ်လိုက်လေ၏။ “စီနီယာချင်….”

ရန်ကိုင်၏သစ်လိုဏ်ဂူထဲ လူအိုကြီးတစ်ဦး ပေါ်လာခဲ့လေသည်။

ရန်ကိုင်မှာ အချိန်ဖြုန်းမနေခဲ့ဘဲ ချက်ချင်းပြောလိုက်လေ၏။ “ဒီရက်အတောအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်… တောတောင်တွေက အမြဲစိမ်းလန်းသလို မြစ်ပြင်ကျယ်ကလည်း တသွင်သွင်စီးနေသလိုပဲ ကျုပ်တို့လည်း တစ်နေ့ ပြန်ဆုံကြရဦးမှာပါ…”

နှင်းရေခဲကလန်သည် ရန်ကိုင်အား သူတို့ကလန်သား ဖြစ်စေချင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူ၏လွတ်လပ်ခွင့်ကို မဆုံးရှုံးလိုပေ။ ထို့အတွက်ကြောင့် ဤနေရာမှ မြန်မြန်ထွက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

သူ့လက်ရှိခွန်အားအရ မှော်ဆရာချဲ့ကဲ့သို့သော မှော်ဝိဇ္ဇာတစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်ပါသော်ငြား နှင်းရေခဲကလန်တစ်ခုလုံးနှင့် တိုက်ခိုက်ရမည်ဆိုလျှင်တော့ နိုင်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ယခု မှော်ဘုရင်များကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့ပြီ ဖြစ်လေရာ နောက်မကျခင် ဤနေရာမှ မြန်မြန်ထွက်သွားမှ တော်ကာကျပေလိမ့်မည်။

ထို့အပြင် နှင်းရေခဲကလန်သို့ သူ၏ လာရင်းရည်ရွယ်ချက်မှာလည်း ပြီးမြောက်သွားခဲ့လေပြီ။ မှော်သခင်အဆင့်သို့ ချိုးဖြတ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် တောင်ပြာကျေးရွာသို့ ပြန်သွားရမည့်အချိန် ရောက်လာခဲ့လေပြီ။ သူ့သိုလှောင်လက်စွပ်ထဲရှိ သန်းနှင့်ချီသော မွန်းစတားအမြုတေများ၏ အကူအညီဖြင့်သာဆိုပါက အချိန်သာရလျှင် သူ့အနေဖြင့် လျင်မြန်စွာ အဆင့်တက်နိုင်ပေလိမ့်မည်။ ထို့နောက် သူအားကောင်းလာသည့်တစ်နေ့ နှင်းရေခဲကလန်သည် သူ့အား သူတို့ကလန်ထဲ ခေါ်ချင်သည်ဆိုလျှင်ပင် ရန်ကိုင်သာ သဘောမတူပါက ခေါ်လို့ရတော့လိမ့်မည်မဟုတ်။

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သစ်လိုဏ်ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မြို့ထဲရှိအခြေအနေမှာ အေးအေးဆေးဆေးသာ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ လူများသည် ကိုယ့်အရှိန်နှင့်ကိုယ် သွားကြလာကြ အလုပ်များနေကြသည်။

သို့သော် သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် ထိုသို့ဖြစ်ရသည်မှာလည်း မထူးဆန်းကြောင်း ရန်ကိုင်သဘောပေါက်သွားခဲ့ရသည်။ နှင်းရေခဲကလန်များသား မည်မျှ မြန်မြန်တုံ့ပြန်စေကာမူ ရန်ကိုင်သည် အစိမ်းရောင်သစ်ရွက်ကိုသုံး၍ ဤနေရာသို့ တည်နေရာခုန်ကူးလာသည့်အတွက်ကြောင့် ထိုလူများအနေဖြင့် ရန်ကိုင်နောက်သို့ လိုက်လာရန် အနည်းအကျဉ်းတော့ အချိန်ယူရပေလိမ့်မည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်အနေဖြင့် နှင်းရေခဲကလန်၏ ပိုင်နက်နယ်မြေမှ ထွက်သွားဖို့ရာ လုံလောက်ပေသည်။ နှင်းရေခဲကလန်၏ ပိုင်နက်ထဲမှ ထွက်သွားပြီးသည်နှင့် နှင်းရေခဲကလန်သည် ရန်ကိုင်အား ဘာမှလုပ်နိုင်တော့လိမ့်မည်မဟုတ်ချေ။

“အဲ့လောက်လည်း အလျင်မလိုပါနဲ့ဦးကွ…” စီနီယာချင်က လက်မြှောက်၍ ပြောလိုက်သည်။

“စီနီယာ ဘာများပြောချင်လို့လဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

စီနီယာချင်သည် သူမုတ်ဆိတ်မွေးကို ပွတ်သပ်ရင်းမှ ပြုံး၍ ပြောလိုက်သည်။ “ဒီရက်ပိုင်း မင်းကျင့်ကြံရေးနဲ့ပတ်သက်ပြီး ငါသတိထားမိသွားတာက မင်းသုံးနေတဲ့ကျင့်စဉ်က တော်တော်လေးကိုဆိုးတယ်… မင်း ပိုကောင်းတဲ့ဟာ လိုချင်လား…”

ရန်ကိုင်ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေသည်။ “လိုချင်တာပေါ့ စီနီယာရယ်…”

မူလကမူ ရန်ကိုင်ကိုယ်တိုင်သည်လည်း ပိုကောင်းသည့်ကျင့်စဉ်တစ်ခုသို့ ပြောင်းချင်ခဲ့သည်။ တကယ်တော့ ရွာသူကြီးမှ သင်ပေးထားသည့် ကျင့်စဉ်မှာ မည်ကဲ့သို့များ ကောင်းမွန်နိုင်ပါမည်နည်း။ သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် နှင်းရေခဲကလန်သားများ အသုံးပြုသည့် ကျင့်စဉ်အများစုမှာ ရေခဲဓာတ်သဘာဝ ကျင့်စဉ်များသာ ဖြစ်ကြလေသည်။ ထိုဓာတ်သဘာဝသည် ရန်ကိုင်ကျင့်ကြံနေသည့် ဓာတ်သဘာဝနှင့် မကိုက်ညီပေ။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်သည်လည်း နှင်းရေခဲကလန်နှင့် ဤမျှ မပတ်သက်ချင်။ ထို့အတွက်ကြောင့် ဘာမှသွားမေးမနေခဲ့။ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်ကျင့်ကြံပုံသည် အခြားသူများကျင့်ကြံပုံနှင့် ကွာခြားလှသည်။ ရန်ကိုင်၏ကျင့်စဉ်မှာ နိမ့်ကျနေမည်ဆိုလျှင်ပင် မွန်းစတားအမြုတေများ၏ အကူအညီဖြင့်သာ ဆိုပါက သူ့အဆင့်မှာ လျင်မြန်စွာ တက်လာနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါမှသာလျှင် ပိုကောင်းသည့်ကျင့်စဉ်တစ်ခုကို လဲ၍လည်း နောက်မကျသေးချေ။

သို့သော်ငြား ယခုမူ စီနီယာချင်သည် သူ့အား ပိုကောင်းသည့်ကျင့်စဉ်တစ်ခု ပေးမည်ဟု ပြောလာခဲ့လေသည်။ ရန်ကိုင် ဝမ်းမသာဘဲ ဘယ်နေပါမည်နည်း။

တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်သည်။ “စီနီယာ… စီနီယာအတွက် ကျုပ် ဘာလုပ်ပေးရမလဲ…”

ရန်ကိုင်သည် စီနီယာချင်နှင့် များများစားစား မဆက်ဆံဖူးပါသော်ငြား သူ့ရှေ့ရှိ အကြီးအကဲမှာ လူတိုင်းကို အကြောင်းအရင်းမရှိ အကျိုးကျေးဇူးများ ဆောင်ကျဉ်းပေးမည့် လူတစ်ဦးမဟုတ်မှန်းတော့ ရန်ကိုင်ပြောနိုင်သည်။ ဥပမာပြရသော် လူတစ်ဦးအနေဖြင့် သစ်လိုဏ်ဂူထဲတွင် နေလိုပါက ဤအမြဲစိမ်းနတ်သစ်ပင်ကို မွန်းစတားသွေးဖြင့် အရင်ဦးစွာ လောင်းပေးရပေမည်။ ရန်ကိုင်မှ စီနီယာချင်အား ကျောကုန်းကုတ်ပေးသည့်အခါတွင်လည်း စီနီယာချင်မှ ရန်ကိုင်အား အစိမ်းရောင်သစ်ရွက်တစ်ရွက် ပြန်ပေးခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ စီနီယာချင်သည် ကောင်းချီးပေးသစ်ပင်တစ်ပင် ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်ဟန်တူပေသည်။

စီနီယာချင်သည် နှင်းရေခဲကလန်တစ်ခုလုံးကို စောင့်ရှောက်နေရသည့် သစ်ပင်တစ်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့် လူတိုင်းတောင်းဆိုသည်ကိုသာ ဖြည့်ဆည်းပေးနေမည်ဆိုပါက သူ့အသက်စွမ်းအင်နှင့် ခွန်အားမှာ အစောကြီးတည်းက ယုတ်လျော့သွားသည်မှာ ကြာလောက်နေပေပြီ။

ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ ဝမ်းသာမိပါသော်ငြား သတိထား၍ ပြန်မေးလိုက်လေသည်။

စီနီယာချင်က ယဲ့ယဲ့လေးပြုံးလျက် “ငါ မင်းဆီက အကူအညီလေးတစ်ခု တောင်းစရာရှိတယ်…”

“ပြောပါစီနီယာ…” ရန်ကိုင်က တလေးတစားဖြင့် ပြန်ပြောလိုက်သည်။

စီနီယာချင်က ပြောလိုက်လေ၏။ “ငါ့ရဲ့ သတ်မှတ်ထားတဲ့အချိန် ရောက်လာတော့မယ်လို့ ပြောရင် မင်းယုံမှာလား…”

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ရုတ်တရက်ဆိုသလို စီနီယာချင်ပြောလာသည့်စကားနှင့် ပတ်သက်၍ ရန်ကိုင်မှာ အကြပ်ရိုက်သွားခဲ့ရသည်။ သို့သော်ငြား စီနီယာချင်ကို သေသေချာချာ ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး ပြန်ပြောလိုက်သည်။ “စီနီယာ… ကျုပ်ကို မနောက်ပါနဲ့ဗျာ…”

ရန်ကိုင်၏ပုံစံကိုမြင်သော် စီနီယာချင်မှာ ရယ်သွမ်းသွေးလိုက်ပြီး ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ပြန်၍သာ ပြောလိုက်လေသည်။ “မင်းက တကယ်ကို ထူးဆန်းတဲ့ကောင်ပဲကွ… အင်း… ငါတွေ့ဖူးသမျှ လူတွေထဲမှာ မင်းက အထူးခြားဆုံးပဲ… ဒီတော့ ငါမင်းကို တာဝန်တစ်ခု ပေးချင်တယ်…”

“ဘာလဲ…”

စီနီယာချင်မှာ ဘာမှဆက်မပြောခဲ့ဘဲ ရန်ကိုင်၏နဖူးကိုသာ သူ့လက်ညှိုးဖြင့် ထိလိုက်လေသည်။

ရန်ကိုင်လည်း စီနီယာချင်၏လုပ်ရပ်နှင့် ပတ်သက်၍ အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား စီနီယာချင် သူ့အပေါ် မကောင်းကြံလိုစိတ်မရှိမှန်း သိထားသည့်အတွက်ကြောင့် ခုခံနေရန် မကြိုးစားခဲ့ဘဲ စီနီယာချင်၏လက်ချောင်းကို သူ့နဖူးအား ထိခွင့် ပြုပေးလိုက်သည်။

သို့သော်ငြား စီနီယာချင်၏လက်ညှိုး သူ့နဖူးနှင့် ထိသွားသည့်အခိုက် သူ့တစ်ကိုယ်လုံးအား ဧရာမတောင်ကြီးတစ်လုံးမှ ဝင်ဆောင့်သလို ခံစားလိုက်ရလေသည်။ ထို့နောက်တွင် သူ့စိတ်ထဲ အလွန်ကိုမှ ဆန်းကျယ်လှသော စကားလုံးအချို့ ပေါ်လာခဲ့လေ၏။

သို့သော်ငြား ရန်ကိုင်အနေဖြင့် ထိုစကားလုံးများကို သေသေချာချာ မကြည့်ရသေးခင်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး တစ်ခါတည်း တန်းသတိလစ်သွားတော့လေသည်။

သတိမလစ်ခင် အချိန်အတောအတွင်း စီနီယာချင် တစ်ခုခု ပြောနေသည်ကို ကြားလိုက်ရလေသည်။

All Chapters