← Chapters

အခန်း (၂၈၂၆-၂၈၃၀)

Vol. 121 Ch. 2826-2830

အခန်း (၂၈၂၆-၂၈၃၀)

Vol. 121 Ch. 2826-2830

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၆)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်ပြန်နိုးလာသည့်အခါ သစ်လိုဏ်ဂူထဲတွင် ရှိမနေတော့ဘဲ လွင်တီးခေါင်ပြင်တစ်ခုထဲသို့ ရောက်နေခဲ့လေသည်။

သူ့ခေါင်းတစ်ခုလုံးမှာ နာကျင်မှုကြောင့် တဆစ်ဆစ် ကိုက်နေခဲ့သည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။

ရန်ကိုင်သည် မှော်သခင်တစ်ပါး ဖြစ်လာပြီး ကောင်းကင်စိတ်အာရုံကို အသုံးပြုလာနိုင်ခဲ့လေပြီ။ ထို့အပြင် သူ့ခွန်အားမှာလည်း မှော်သခင်တစ်ပါး ရှိသင့်ရှိထိုက်သည့် ခွန်အားထက် အများကြီး ပိုအားကောင်းပေသည်။ သို့တိုင် စီနီယာချင်မှ သူ့နဖူးကို လက်ညှိုးဖြင့်ထိ၍ သူ့ဝိဉာဉ်ထဲသို့ သတင်းအချက်အလက်များ ပို့လွှတ်လိုက်ရုံဖြင့် သူသတိလစ်သွားသည်ကို ကြည့်လျှင် စီနီယာချင် ပြောပြလာသည့် အကြောင်းအရာများမှာ သူ့လက်ရှိခွန်အားဖြင့် တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်မှန်း ရန်ကိုင် သဘောပေါက်လိုက်သည်။

လက်ရှိအချိန်တွင် သူ့၌ စီနီယာချင် ဘာပြောချင်နေသလဲဆိုသည်ကို စစ်ဆေးနေရန် အချိန်မရှိချေ။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခိုက် သူ့အား စိုက်ကြည့်နေသော တောက်ပသည့်မျက်ဝန်းတစ်စုံကို တွေ့လိုက်ရလေသည်။

ယာယီမျှ မင်သက်သွားပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေသည်။ “နင် ဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲ…”

ထိုကောင်မလေးသည် ပုခုံးတွန့်ပြလျက် ပြန်ပြောလိုက်လေသည်။ “အဖိုးချင်က အပြင်လောကကြီးကို လိုက်ပြီး စူးစမ်းဖို့ ရှင်နဲ့ ထည့်ပေးလိုက်တာလေ… ကျွန်မတစ်ဘဝလုံးကို နှင်းရေခဲမြို့ထဲမှာပဲ နေနေတာဆိုတော့ အပြင်လောကကြီးနဲ့ သိပ်မရင်းနှီးဘူးတဲ့…”

“ဒါ စီနီယာချင် ငါ့ကို အကူအညီတောင်းချင်တဲ့ကိစ္စလား…” ရန်ကိုင် သူ့နှုတ်ခမ်းကိုပွတ်သပ်ရင်း ရေရွတ်လိုက်လေသည်။

စီနီယာချင်သည် သူ့ဆီမှ အကူအညီတစ်ခု တောင်းလိုသည်ဟု ပြောခဲ့သည်။ ထို့အပြင် သူ့အား တာဝန်တစ်ခုအပ်ချင်သည်ဟုလည်း ပြောခဲ့သေးသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် စီနီယာချင်သည် ရန်ကိုင်လက်ထဲသို့ တီယာကို ထည့်ပေးချင်သည့်ပုံပင်။

လွန်ခဲ့သော ဆယ့်ခြောက်နှစ်ခန့်က တီယာအား တစ်စုံတစ်ဦးမှ အမြဲစိမ်းနတ်သစ်ပင်နားတွင် လာစွန့်ပစ်သွားခဲ့လေသည်။ ထိုအချိန်တည်းက စီနီယာချင်မှာ ဤကောင်မလေးအား ပျိုးထောင်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား တီယာနှင့် စီနီယာချင်တို့မှာ လုံးဝကို မတူကြချေ။ တီယာအနေဖြင့် နှင်းရေခဲမြို့ထဲတွင် တစ်သက်လုံး နေနေ၍ မရ။ သို့သော်ငြား သူမ၏ဇစ်မြစ်မှာလည်း လူအများမုန်းတီးနေသည့် ကလန်တစ်ခု ဖြစ်သည့်အတွက်ကြောင့် သူမဘာသာတစ်ကိုယ်တည်း ခရီးသွားမည်ဆိုလျှင် အခြားသူများ၏ပစ်မှတ် ဖြစ်လာရနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ကသာ သူမအား ဂရုစိုက်ပေးမည်ဆိုလျှင်တော့ သူမအတွက် အဆင်ပြေသွားနိုင်ပေသည်။

သတိလစ်မသွားခင် စီနီယာချင်မှ တီယာဟူသော စကားလုံးအား ပြောခဲ့ကြောင်းကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။

သေသေချာချာ စဉ်းစားကြည့်ပြီးသည့်နောက် ရန်ကိုင်လည်း စိတ်သက်သာရာ ရသွားခဲ့လေသည်။

တီယာသည် မှော်ဝိဇ္ဇာတစ်ပါး ဖြစ်သလို သူမ၏ခွန်အားမှာ ရန်ကိုင်အောင် နိမ့်ကျခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တီယာအား အထူးတလည် ဂရုစိုက်နေစရာ မလိုပေ။ စီနီယာချင်မှ တီယာအား သူနှင့် ထည့်ပေးလိုက်ရခြင်းမှာ တီယာကို အပြင်လောကကြီးနှင့်ပတ်သက်၍ အတွေ့အကြုံများ ရစေလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

“ငါတို့ အခုဘယ်မှာလဲ…” ရန်ကိုင်သည် ထထိုင်ရင်းမှ ဘေးပတ်ဝန်းကျင်ကို ဇဝေဇဝါအမူအယာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

တီယာက ပြန်ပြောလိုက်သည်။ “အဖိုးက သူ့ဝိဉာဉ်ကိုယ်ပွားကိုလွှတ်ပြီး ငါတို့ကို ဒီကို ပို့ပေးလိုက်တာ… အခု ငါတို့ရောက်နေတဲ့နေရာက နှင်းရေခဲမြို့ကနေ မိုင်ငါးရာဝေးတဲ့နေရာမှာပဲ…” ထိုသို့ပြောပြီးသည့်နောက် တီယာသည် အခြားတစ်ဖက်ခြမ်းဆီသို့ ညွှန်ပြလိုက်လေသည်။

ရန်ကိုင်လည်း တီယာညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မိုးထိမတတ် မြင့်မားလှသော အမြဲစိမ်းနတ်သစ်ပင်ကြီးကို မြင်လိုက်ရလေ၏။

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အမြဲစိမ်းနတ်သစ်ပင်အား စိတ်ဝင်တစားဖြင့် စစ်ဆေးကြည့်လိုက်လေသည်။

တီယာက ဆက်ပြောလိုက်သည်။ “နင်စိတ်ပူနေစရာမလိုဘူး… နှင်းရေခဲကလန်ကလူတွေ နင်ထွက်သွားလို့ထွက်သွားမှန်း သိဦးမှာမဟုတ်သေးဘူး… နင် သစ်လိုဏ်ဂူထဲမှာ နေနေသေးတယ်လို့ပဲ ထင်နေကြဦးမှာ…”

“စီနီယာချင်က တကယ် အထင်ကြီးဖို့ကောင်းတာပဲ…” ရန်ကိုင်က ချီးကျူးလိုက်သည်။

တီယာက ယဲ့ယဲ့လေးပြုံးလျက် “စီနီယာချင်ပဲလေ…”

သူမလေသံအရ စီနီယာချင်ကို အလွန်လေးစားကြောင်း မြင်တွေ့နိုင်ပေသည်။ ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ငါတို့ အခု ဘယ်သွားမှာလဲ…”

“တစ်ချက်ကြည့်ကြည့်ရအောင်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွာသူကြီးမှ သူ့အား‌ ပေးခဲ့သော မြေပုံကို ထုတ်ကြည့်လိုက်သည်။ ထို့နောက် မြေပုံပေါ်၌ သူ့လက်ရှိတည်နေရာကို ရှာတွေ့သွားပြီးသည့်နောက်တွင် မြေပုံကိုပြန်သိမ်း၍ တစ်ခုသောဘက်ဆီသို့ ခရီးဆက်လေ၏။

ရွာမှထွက်လာစဉ် နွေဦးရောက်လာသည်နှင့် ရွာသို့ ပြန်လာမည်ဟု ရွာသူကြီးကို ကတိပေးခဲ့လေသည်။

ယခု နွေဦးရောက်ဖို့ မဝေးတော့သလို သူ၏ အပြင်ထွက်လာရခြင်း၏ ရည်ရွယ်ချက်မှာလည်း ပြီးမြောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် တောင်ပြာရွာဆီသို့ ပြန်ရမည့် အချိန်သို့ ရောက်လာခဲ့လေပြီ။ တောင်ပြာရွာသည် ချောင်ကျပြီး လူသူအရောက်အပေါက် မရှိသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် တံခါးပိတ်ကျင့်စဉ်ဝင်ဖို့အတွက် နေရာကောင်းတစ်ခုလည်း ဖြစ်ပေသည်။ သူ့ခွန်အားအလုံအလောက် မြင့်မားလာသည့် အခါမှသာလျှင် ဤလောကကြီးထဲ လျှောက်ပတ်သွား၍လည်း နောက်မကျသေးချေ။

“နင် ပျံနိုင်လား…” ရန်ကိုင်က တီယာဘက်သို့လှည့်၍ မေးလိုက်လေသည်။

တီယာက ရယ်သွမ်းသွေးလျက် မှော်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်ရာ သူမ၏ကျောဘက်ဆီမှ တောင်ပံတစ်စုံ ပေါက်လာခဲ့လေသည်။ ထိုတောင်ပံမှာ လိပ်ပြာတောင်ပံသဖွယ် တဖျတ်ဖျတ် ခတ်နေခဲ့ကာ အတော်လေးကိုမှ လှပလှပေသည်။

ထိုတောင်ပံများကို ရန်ကိုင်သည် အံ့ဩတကြီး ကြည့်ရင်းမှ ရှေ့မှနေ၍ ဦးဆောင်သွားလေသည်။

ဤသည်မှာ တီယာအဖို့ နှင်းရေခဲမြို့မှ ပထမဦးဆုံးအကြိမ် ထွက်လာဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် ပတ်ဝန်းကျင်အပေါ် အတော်လေးကိုမှ စိတ်ဝင်စားနေမိလေသည်။ သူမ၏ မျက်ဝန်းလှလှလေးများသည် ဘေးပတ်ဝန်းကျင်အစုံအဆန်ကို စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်ရှုနေလေ၏။

မည်သည့်အရာကိုမဆို တီယာ စိတ်ဝင်စားပေသည်။ အကုန်လုံးသည် သူမအတွက်တော့ အထူးအဆန်းပင်။

သို့သော်ငြား ရန်ကိုင်ကိုတော့ သွားမနှောင့်ယှက်ခဲ့ပေ။ သူမဘာသာသူမ ပတ်ဝန်းကျင်ရှုခင်းများကို တစ်ယောက်တည်း အေးအေးဆေးဆေး ရှုစားနေခဲ့လေ၏။

ရန်ကိုင်ကမူ သွားရင်းလာရင်းမှ စီနီယာချင်ပေးသွားသည့် အကြောင်းအရာများကို သေချာနားလည်အောင် လုပ်နေခဲ့သည်။

အစကတော့ စီနီယာချင် သူ့အား ပေးသွားသည်မှာ ကျင့်စဉ်တစ်ခုသာ ဖြစ်သည်ဟု ထင်ထားခဲ့ပါသော်ငြား အကြောင်းအရာများကို သေချာဖတ်ကြည့်လိုက်သည့်နောက် ရန်ကိုင်မှာ လုံးဝကို ထိတ်လန့်သွားခဲ့ရလေသည်။ စီနီယာချင်ပေးသွားသည်မှာ မည်သည့်ကျင့်စဉ်မှ မဟုတ်ဘဲ စီနီယာချင်တစ်ဘဝလုံး ကြုံတွေ့လာခဲ့ရသည့် အကြောင်းအရာများ ဖြစ်နေခဲ့သည်။

စီနီယာချင်သည် မွန်းစတားသစ်ပင်တစ်ပင်ဖြစ်သလို နှင်းရေခဲမြို့တော်ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ပေးနေရသည့်အတွက်ကြောင့် သူ လက်ရှိနေနေသည့်နေရာမှ တစ်ခါမှ ထွက်မသွားဖူးပါသော်ငြား စီနီယာချင်၏သက်တမ်းမှာ အလွန်တရာကိုမှ ရှည်လျားပေသည်။ အနည်းဆုံး နှစ်ပေါင်း သောင်းနှင့်ချီကာ ရှိပေသည်။ ထိုအချိန်အတောအတွင်း လောကကြီးတစ်ခုလုံးမှာ အမျိုးမျိုး ပြောင်းလဲခဲ့ရပေပြီ။ တောင်များ ပြိုကျကုန်ပြီး တောင်အသစ်များ ထွက်ပေါ်လာရသည်။ ပင်လယ်ရေများ ခမ်းခြောက်ကုန်ပြီး ပင်လယ်အသစ်များ ထွက်ပေါ်လာရသည်။ သို့သော်ငြား စီနီယာချင်ကမူ ရှိမြဲအတိုင်း ရှိနေခဲ့သည်။

စီနီယာချင်သည် လူအမျိုးမျိုး ခေတ်အမျိုးမျိုးနှင့် ကြုံခဲ့ရသည်။

ထို့အတွက်ကြောင့် သူ၏အတွေ့အကြုံ ဗဟုသုတများမှာ အလွန်ကိုမှ နက်နဲများပြားလှသည်ဟု ပြော၍ရပေသည်။

လက်ရှိ စီနီယာချင် ရန်ကိုင်အား ထည့်ပေးလိုက်သည်မှာ သူ၏ အတွေ့အကြုံနှင့် ဗဟုသုတများသာ ဖြစ်လေသည်။ အရေးကြီးဆုံးသော အကြောင်းအရာများမှာ ကျင့်စဉ်များ၊ မှော်ပညာရပ်များမဟုတ်ဘဲ စီနီယာချင်တစ်ဘဝလုံး ကြုံတွေ့လာခဲ့ရသည့် အကြောင်းအရာများသာ ဖြစ်ကြသည်။

သို့သော်ငြား ဘာကြောင့်နည်း။

အနည်းအကျဉ်းလောက် ကူညီပေးခြင်းအားဖြင့် စီနီယာချင်ဆီမှ ဤမျှ အဖိုးတန်သော လက်ဆောင်တစ်ခုကို ရသင့်ရထိုက်သည်ဟု ရန်ကိုင်မထင်ချေ။

ဤကဲ့သို့သော လက်ဆောင်မျိုးကို ရလိုက်မည်ဆိုပါက မဟာဧကရာဇ်တစ်ပါးပင် စိတ်လှုပ်ရှားသွားနိုင်ပေသည်။ အကြောင်းမှာ ဤအကြောင်းအရာများသည် လူတစ်ဦး၏ အနာဂတ်ကျင့်ကြံခြင်းအပေါ် အလွန်ကိုမှအကျိုးရှိသည့် အတွက်ကြောင့်ပင်။ ရန်ကိုင်သည်သာ ဤအကြောင်းအရာများကို သေသေချာချာ နားလည်သွားနိုင်မည်ဆိုပါက သူ၏ အနာဂတ်ကျင့်ကြံခြင်းခရီးလမ်းမှာ အတော်လေးကိုမှ ချောမွေ့သွားနိုင်ပေသည်။

စီနီယာချင်ပေးလိုက်သည့် အကြောင်းအရာများသည် ဤကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးသည့်နောက် သူရရှိလိုက်သော အကောင်းဆုံးသော အကျိုးအမြတ်များ ဖြစ်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်သွားလေသည်။

ရွာသူကြီးမှ သူ့အား စာဖတ်တတ်အောင် သင်ပေးထားခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက စီနီယာချင်ပေးလာသည့် အကြောင်းအရာများကို ရန်ကိုင် မည်သို့မှ ဖတ်နိုင်လိမ့်မည် မဟုတ်ချေ။ ရွာသူကြီးသည်သာ သူ့အား ခေါင်းမာမာဖြင့် စာဖတ်တတ်အောင် မသင်ပေးခဲ့ပါက ရန်ကိုင်လည်း ယခုနေ အတော်လေးကိုမှ ဒုက္ခရောက်နေရပေလိမ့်မည်။

ရန်ကိုင်သည် စီနီယာချင်ပေးသွားသည့် အကြောင်းအရာများကို အာရုံစိုက်ပြီး ဖတ်နေခဲ့လိုက်ရာ အချိန် မည်မျှ ကုန်လို့ ကုန်သွားမှန်းကို သတိမထားမိခဲ့ပေ။ ရန်ကိုင်စိတ်ထဲ နေရာတစ်ခုရှာကာ စီနီယာချင်ပေးသွားသည့် အကြောင်းအရာများကို သေသေချာချာ ဖတ်ပစ်ချင်စိတ်များပင် ထွက်ပေါ်လာခဲ့ရသည်။

သို့သော်ငြား ခရီးတစ်ခု မည်မျှရှည်လျားစေကာမူ အဆုံးသတ်မှာ ရှိစမြဲပင်။ ထို့အပြင် ရန်ကိုင်ပြန်နေသည့်နေရာမှာ တောင်ပြာရွာ ဖြစ်လေသည်။ ယခင်က တောင်ပြာရွာမှ နှင်းရေခဲကလန်သို့ သွားရန် အတော်လေးကြာခဲ့ရခြင်းမှာ သူ့အနေဖြင့် ပျံသန်းနိုင်လောက်အောင် အားမကောင်းသေးသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ယခုမူ ပျံသန်းနိုင်ပြီ ဖြစ်သည့်အတွက်ကြောင့် ငါးရက်အတွင်း တောင်ပြာရွာဆီသို့ ပြန်ရောက်ခါနီး ဖြစ်သွားခဲ့ရသည်။

သူ့အိမ်သူယာသို့ ပြန်ရောက်လာမည့်အကြောင်းကို တွေးရင်း ရန်ကိုင်စိတ်ထဲ ဘာကြောင့်မှန်းမသိ ဝမ်းသာနေမိခဲ့လေသည်။

တီယာမှာတော့ ရင်တမမ ဖင်တကြွကြွ ဖြစ်နေလေ၏။ “ရွာထဲကလူတွေ ငါ့ကို မုန်းပြီးတော့ မောင်းထုတ်မှာလားဟင်… ငါ ပုံစံ ပြောင်းပေးရမလား…”

အမြဲစိမ်းနတ်သစ်ပင်၏ ကာကွယ်မှုအောက်မှ ထွက်လာပြီ ဖြစ်သည့်အတွက်ကြောင့် တီယာအနေဖြင့် အစိမ်းရောင်သစ်ရွက်ကိုသုံး၍ လူထွားကြီးအသွင်သို့ မပြောင်းနိုင်တော့ပေ။ သို့သော်ငြား မှော်ဝိဇ္ဇာတစ်ဦး ဖြစ်သည်နှင့်အညီ တီယာမှာ ရုပ်ပြောင်းရုပ်လွှဲပညာရပ်အချို့ကို တတ်ကျွမ်းထားပေသည်။ သူမ၏ကျင့်ကြံခြင်းအရ ရုပ်ပြောင်းရုပ်လွှဲပညာရပ်တစ်ခုခုသာ ထုတ်သုံးလိုက်မည်ဆိုလျှင် ရွာထဲရှိ မည်သူမျှ သူမ၏ မူရင်းပုံစံကို ထွင်းဖောက်မြင်နိုင်လိမ့်မည်မဟုတ်ချေ။

တီယာမှာ ရုပ်ဆိုးဆိုးဇနီးလောင်းတစ်ဦးမှ သူမ၏ ယောက္ခမ၊ ယောက္ခထီးများနှင့် တွေ့ရတော့မည့်ပုံစံမျိုးဖြင့် အဆက်မပြတ်ကို စကားပြောနေခဲ့လေသည်။ တီယာပုံစံကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ချင်ပတ်ကျိကို ဖြစ်နေခဲ့သည်။ စကားတပြောပြောနှင့် ပျံသန်းလာနေရင်းမှ ရန်ကိုင်၏ ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရှေ့သို့ လှမ်းကြည့်လိုက်လေသည်။

ထို့နောက် ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်း အရှိန်တင်လိုက်လေ၏။ ထို့အတွက်ကြောင့် တီယာမှာ တစ်ယောက်တည်း ငူငိုင်ငိုင်ကြီး နောက်ကျကျန်ခဲ့လေသည်။

“ဟေး…” တီယာမှာလည်း ရန်ကိုင် ရုတ်တရက်ကြီး ပြေးထွက်သွားသည့်အပေါ် စိတ်ညစ်ညစ်ဖြင့် ထအော်လေသည်။ သို့သော်ငြား မကြာမီ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိသွားခဲ့လေ၏။ အကြောင်းမှာ သူတို့နှင့် မလှမ်းမကမ်းရှိ ရွာတစ်ရွာဆီမှ မီးခိုးများ တလူလူ ထွက်နေသည့် အတွက်ကြောင့်ပင်။

ဟင်းချက်ရမည့်အချိန် မဟုတ်သေးဘဲ ဘာကြောင့်များ ဤမျှ မီးခိုးများစွာ ထွက်နေရလေသနည်း။

တီယာ မျက်မှောင်ကျုံ့သွားခဲ့ပြီး သူမစိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်လေသည်။ ထို့နောက် စကားတစ်ခွန်းပင် ပြောမနေတော့ဘဲ ရန်ကိုင်နောက်သို့ အမြန်ပြေးလိုက်သွားလေ၏။

မကြာမီ ရန်ကိုင်နှင့် တီယာတို့ ရွာထဲသို့ ရောက်လာကြသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ တီယာ သက်ပြင်းချလိုက်လေ၏။

ရွာတစ်ရွာလုံးမှာ ပျက်စီးနေခဲ့လေပြီ။ မြေပြင်တစ်ခုလုံးမှာလည်း သွေးများဖြင့် စွန်းထင်းနေခဲ့လေ၏။

ဤကဲ့သို့သော အားနည်းသည့် ရွာသားများသည် ဤလောကကြီးထဲတွင် လွယ်ကူသည့်ပစ်မှတ်များ ဖြစ်ကြပေသည်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကြား နှစ်စဉ်နှစ်တိုင်း ဖျက်ဆီးခံလိုက်ရသည့် ရွာများမှာ မနည်းလှချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း တီယာ သက်ပြင်းချလိုက်လေ၏။ “ဒါကို သားရဲတွေလုပ်သွားတာမဟုတ်ဘူး… လူတွေလုပ်သွားတာ…”

သေသေချာချာ မစစ်ဆေးကြည့်ရသေးပါသော်ငြား မြေပြင်ထက် သားရဲများ၏ ခြေရာများကို မတွေ့ရသလို စားသောက်ထားခံရသည့် အလောင်းများကိုလည်း မတွေ့ရချေ။ ထိုအချက်နှင့်ပင်လျှင် ရွာကိုဖျက်ဆီးသွားသည်မှာ လူသားများသာ ဖြစ်မည်မှန် တီယာ ခန့်မှန်းမိသွားခဲ့သည်။

“ပြီးတော့ တိုက်ပွဲဖြစ်သွားတာ တော်တော်မြန်တဲ့ပုံပဲ… တိုက်ခိုက်တဲ့လူတွေကလည်း တော်တော်များလောက်တယ်… အဲ့လိုမှမဟုတ်ရင်တော့ အရမ်းအားကောင်းလို့ပဲ ဖြစ်ရလိမ့်မယ်… မဟုတ်ရင် တိုက်ပွဲက ဒီလောက်မြန်မှာမဟုတ်ဘူး… ဒါပေမယ့် လက်ရှိအခြေအနေကို ကြည့်ရတာတော့ အရမ်းအားကောင်းလို့နဲ့ တူတယ်…”

တီယာသည် ဤလောကကြီးထဲ လျှောက်ပတ်မသွားဖူးပါသော်ငြား နိုမက်ကလန်သားတစ်ဦး ဖြစ်သည်နှင့်အညီ သူမ၏မသိစိတ်မှာ အလွန်ကိုမှ အားကောင်းလှသည်။ ထို့အတွက်ကြောင့် ပျက်စီးနေသည့်ရွာကို ကြည့်ရင်းမှ သဲလွန်စများကို ကောက်နှုတ်နိုင်ခဲ့လေ၏။

“ရှင့်ရွာမှာ ရန်သူတွေရှိလား…” တီယာက မေးလိုက်သည်။

ရန်ကိုင် ခေါင်းခါပြလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။

ရန်ကိုင်၏ကောင်းကင်စိတ်အာရုံကို ခံစားမိလိုက်ချိန် တီယာ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူမ၏ ကောင်းကင်စိတ်အာရုံထက်ပင် ပိုအားကောင်းနေခဲ့သည်။

မကြာမီတွင် ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် တစ်ခုသောဘက်ဆီသို့ လျှောက်ထွက်သွားလေ၏။

ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိပါသော်ငြား တီယာသည် မည်သည့်အပိုစကားမှ ပြောမနေခဲ့ဘဲ ရန်ကိုင်နောက်မှသာ အနီးကပ် လိုက်သွားခဲ့လေသည်။

မကြာမီ ရန်ကိုင်တို့သည် မီးကျွမ်းထားသည့် သစ်ပုံကြီးတစ်ပုံနားသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ သစ်သားတုံးများကို တစ်တုံးပြီးတစ်တုံး ဖယ်ထုတ်လိုက်ပြီးသည့်နောက် သစ်သားပြားဖြင့် အုပ်ထားသော အပေါက်တစ်ပေါက်ကို တွေ့လိုက်ရလေသည်။ ထိုသစ်သားပြားကို ဖယ်လိုက်ပြီးသည့်နောက်တွင် ထိတ်လန့်ကြောက်ရွံ့ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် မျက်နှာပေါင်းများစွာကို မြင်တွေ့လိုက်ရလေသည်။

ထိုလူအားလုံးမှာ အသက် ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးသည့် ကလေးများ ဖြစ်ကြသည်။ အကြီးဆုံးမှာ ဆယ်နှစ်သာ ရှိသေးပြီး အငယ်ဆုံးမှာ အသက်လေးငါးနှစ်လောက်သာ ရှိပေသည်။

ရန်ကိုင်ကိုမြင်လိုက်သော် အကြီးဆုံးကလေးလေးက အံ့အားသင့်နေသည့်အမူအယာဖြင့် ထအော်လေ၏။ “အစ်ကိုအားညို…”

“အပြင်ကို အရင်ထွက်လာခဲ့…” ရန်ကိုင်သည် ထိုအကြီးဆုံးကလေးကို အပြင်သို့ ဆွဲထုတ်ပြီးသည့်နောက် ကျန်သည့်ကလေးများကိုလည်း တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ဆွဲထုတ်ပေးလိုက်လေသည်။

မကြာမီ အပေါက်ထဲမှ ကလေးအားလုံး အပြင်သို့ ရောက်လာကုန်ကြလေ၏။ သို့သော်ငြား ထိတ်လန့်ကြောက်ရွံ့နေကြသလို အစာမစားရသည်မှာလည်း အတန်ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့်လားမသိ အကုန်လုံး၏မျက်နှာများမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေကာ မကျန်းမမာသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။

“ဘာဖြစ်သွားတာလဲ… ရွာကို ဘယ်သူလာတိုက်ခိုက်သွားတာလဲ…” ရန်ကိုင်သည် အကြီးဆုံးကလေးကိုကြည့်ရင်းမှ မေးလိုက်လေသည်။

“ရွာသူကြီးပြောတာတော့ အဲ့လူတွေက အရိုးဝါးမျိုခြင်းကလန်ကတဲ့…” လူရိုင်းကလေးသည် နှုတ်ခမ်းကိုကိုက်ရင်းမှ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“ဘယ်လို… အရိုးဝါးမျိုခြင်းကလန်…” ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

တီယာ၏အမူအယာမှာလည်း ရုတ်ချည်း လေးနက်သွားခဲ့သည်။

နေထိုင်ရာပတ်ဝန်းကျင်နှင့် ကျင့်ကြံကြသော ကျင့်စဉ်များကြောင့် လူရိုင်းကလန်တစ်ခုချင်းစီတိုင်း ထူးခြားသော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားကြပေသည်။ ဥပမာပြောရသော် မီးတောက်ကလန်သားများသည် တိုက်ခိုက်ရာတွင် အလွန်ကိုမှ ခက်ထန်ကြမ်းကြုတ်လှပြီး သစ်သားဝိဉာဉ်ကလန်မှာတော့ အကြမ်းပတမ်း တိုက်ခိုက်ရသည်ကို မနှစ်သက်ကြပေ။

အရိုးဝါးမျိုခြင်းကလန်ကမူ သွေးအဆာဆုံး အရက်စက်ဆုံး ကလန်ဖြစ်သည်ဟု လောကကြီးထဲရှိ လူအားလုံး မှတ်ယူထားကြသည်။

ရက်စက်ရာတွင် မည်သူမျှ အရိုးဝါးမျိုခြင်းကလန်အား မယှဉ်နိုင်ကြပေ။ အကြောင်းမှာ အရိုးဝါးမျိုခြင်းကလန်သားများသည် ဆာလောင်လာသည့်အခါ ရှေးခေတ်လူရိုင်းမျိုးနွယ်စုအချင်းချင်းကိုပင်လျှင် ပြန်လည် သတ်ဖြတ် စားသောက်ကြသည့် အတွက်ကြောင့်ပင်။

တစ်နည်းဆိုရသော် ထိုကလန်သည် ဇာတ်တူသားစားသည့် ကလန်တစ်ခု ဖြစ်သည်။ အလွန်ကိုမှ ဆာလောင်နေသည်ဆိုပါက ကလန်သားအချင်းချင်းကိုပင်လျှင် ပြန်သတ်ကြသည့်လူများ ဖြစ်လေရာ အခြားသောလူများကိုဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၇)

ဘာသာပြန်သူ_တိမ်တိုက်

ထိုအကြောင်းကြောင့်ပင်လျှင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်ကလန်အားလုံး အရိုးဝါးမျိုခြင်းကလန်အား ဖယ်ကျဉ်ထားကြခြင်း ဖြစ်လေသည်။ ယခုဆိုလျှင် အရိုးဝါးမျိုခြင်းကလန်သည် လူရိုင်းကလန်တစ်ခုမဟုတ်ဘဲ ရှင်းထုတ်ပစ်သင့်သည့် လူသားစားသည့် လူများဖြင့် ပြည့်နေသည့် လူကြမ်းဂိုဏ်းတစ်ဂိုဏ်းဟုသာ ပြောကြလေသည်။

ကံမကောင်းစွာဖြင့် အရိုးဝါးမျိုခြင်းကလန်ထဲတွင် အားကောင်းသည့် မှော်သူတော်စင်တစ်ပါး ရှိနေခဲ့သည်။ ထို့ကြောင့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်အားလုံး အတူမပူးပေါင်းသရွေ့ မည်သူမျှ အရိုးဝါးမျိုခြင်းကလန်အား တသီးတခြားတည်း သွားရောက်တိုက်ခိုက်ရဲကြလိမ့်မည်မဟုတ်ချေ။ ထို့အပြင် အရိုးဝါးမျိုခြင်းကလန်သည် အလွန်ကိုမှ အညိုးကြီးသည့် ကလန်တစ်ခုဖြစ်သည့်အတွက်ကြောင့် သွားရန်စလို့ကောင်းသည့် ကလန်တစ်ခုလည်း မဟုတ်ပေ။

တောင်ပြာရွာသည်သာ အရိုးဝါးမျိုခြင်းကလန်၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည်ဆိုပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။

“လူအများကြီးသေသွားတယ် အစ်ကိုအားညို… ရွာသူကြီးနဲ့ ကျန်တဲ့လူတွေကို ကယ်ပေးပါဦး…” အကြီးဆုံးကလေးက ရန်ကိုင်အား အားကိုးတကြီးဖြင့် ကြည့်ရင်းမှ ပြောလိုက်လေသည်။

“ဘယ်တုန်းက တိုက်ခိုက်ခံရတာလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။

“လွန်ခဲ့တဲ့သုံးရက်တုန်းကပါ…”

သုံးရက်ပင် ရှိသွားခဲ့လေပြီ။ အချိန်မှာ အတော်လေး နောက်ကျနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ စိတ်ပူမိသွားခဲ့သည်။ ထို့နောက်တွင် တီယာဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “သူတို့ကိုဂရုစိုက်ထားလိုက်…”

တီယာသည် ရန်ကိုင်၏လက်မောင်းကို လှမ်းဖမ်းဆွဲ၍ တိုးတိုးလေး ပြောလိုက်လေသည်။ “နင်ဘာလုပ်ဖို့လဲ… ကိုယ့်သေတွင်းကိုယ်မတူးနဲ့နော်…”

ရန်ကိုင်က ပြုံးဖြီးလျက် “ဘယ်သူသေမလဲ သိမှမသိရသေးတာ…”

တီယာက ခေါင်းခါ၍ “ရွာတိုက်ခိုက်ခံလိုက်ရတာ သုံးရက်တောင်ရှိသွားပြီ… အခုနေမှသွားရင် သူတို့ကို လိုက်မီတော့မှာမဟုတ်ဘူး… အရိုးဝါးမျိုခြင်းကလန် ဖမ်းသွားတဲ့လူတွေအကုန်လုံးကလည်း အစာအဖြစ်ပဲ အဆုံးသတ်သွားမှာ… နင့်ရွာကလူတွေတောင်…”

“အဲ့ဒါဆိုရင်တော့ သူတို့အနေနဲ့ တန်ရာတန်ကြေးတစ်ခုကို ပြန်ပေးရမှာပေါ့…” ရန်ကိုင်သည် တီယာ၏လက်မှ ရုန်းထွက်လိုက်ပြီးသည့်နောက် လေပေါ်သို့ ပျံတက်သွားလေ၏။

တီယာကမူ ရန်ကိုင်၏ကျောပြင်ကိုကြည့်ရင်း ခေါင်းတခါခါနှင့် သက်ပြင်းသာချနေခဲ့လေသည်။

လူရိုင်းကလေးများမှာတော့ လေပေါ်သို့ ပျံတက်သွားသည့် ရန်ကိုင်ကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။ အကြီးဆုံးကလေးက ရန်ကိုင်အား အံ့ဩတကြီးဖြင့်ကြည့်ရင်းမှ အော်ပြောလိုက်လေ၏။ “အစ်ကိုအားညိုက ပျံနိုင်တယ်ဟ…”

တောင်ပြာရွာထဲတွင် ရွာသားပေါင်း သုံးရာနီးပါး ရှိလေသည်။ ယောကျ်ား၊ အမျိုးသမီး၊ လူကြီးလူငယ်အားလုံးသည် အားကောင်းလှသည့် စစ်သည်တော်များ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူအုပ်ကြီးကို ဖမ်းခေါ်သွားနိုင်ရန်အတွက် အရိုးဝါးမျိုခြင်းကလန်အနေဖြင့် လူများစွာကို စေလွှတ်ရန် လိုအပ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် သူတို့သွားရာလမ်းကြောင်းတစ်လျှောက်၌ သိသာထင်ရှားသည့် သဲလွန်စများ ကျိန်းသေကို ကျန်ခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အဖို့ အရိုးဝါးမျိုခြင်းကလန်သားများအား ခြေရာခံဖို့ရာ မခက်တော့ချေ။

နှင်းမှာ စတင်၍ အရည်ပျော်လာခဲ့လေပြီ။ ထို့အတွက်ကြောင့် လူတိုင်းမှာ စတင်၍ လှုပ်လှုပ်ရွရွ ဖြစ်လာကြတော့သည်။ အရိုးဝါးမျိုခြင်းကလန်၏ သိုလှောင်ထားသည့် အစားအစာများမှာ နည်းပါးနေပြီ ဖြစ်သည့်အတွက်ကြောင့် အပြင်သို့ထွက်ကာ အစာလာရှာကြခြင်း ဖြစ်လောက်ပေသည်။ ထိုသို့လာရှာနေရင်းမှ တောင်ပြာရွာအား အမှတ်မထင် တွေ့ရှိသွားခဲ့ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်လောက်သည်။

ရန်ကိုင်သိသလောက် အရိုးဝါးမျိုခြင်းကလန်သည် ကိုယ့်လူများကိုပင် ကိုယ်ပြန်စားရဲသည့် လုံးဝစည်းမစောင့်သော လူများ ဖြစ်ကြပါသော်ငြား အဆုံးတွင်တော့ သူတို့သည် လူသားများ ဖြစ်နေကြဆဲ။ ထို့အတွက်ကြောင့် လတ်လတ်ဆတ်ဆတ် အစားအစာများကိုသာ စားချင်ကြပေလိမ့်မည်။ တစ်နည်းဆိုရသော် သူတို့ဖမ်းခေါ်သွားသည့် အကျဉ်းသားအားလုံးကို ချက်ချင်း သတ်ပစ်လိမ့်မည်မဟုတ်ဘဲ စားစရာမရှိတော့သည့် အခါမှသာလျှင် သတ်ဖြတ်၍ ချက်ချင်းစားသောက်ပေလိမ့်မည်။

ထို့အတွက်ကြောင့် ရန်ကိုင်တွင် သူ့လူများကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်အချို့ ရှိနေခဲ့လေသည်။

ရန်ကိုင်သည်သာ အခြေအနေတစ်ခုလုံး အလွန်အကျွံ ဖြစ်မသွားသေးသရွေ့ သူ့လူများကို ရှာတွေ့နိုင်မည်ဆိုပါက ထိုလူများကို ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိပေသည်။

ညအချိန်သို့ရောက်လာသော် ကျောက်ခံတပ်တစ်ခုနားသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

ကျောက်ခံတပ်ကို တောင်ပေါ်ရှိ ချောက်ကမ်းပါးနားတွင် ဆောက်ထားခဲ့ခြင်း ဖြစ်လေသည်။ ကျောက်ခံတပ်ထဲတွင်မူ ခက်ထန်ကြမ်းကြုတ်လှသည့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် အမျိုးမျိုးသောလက်နက်များကို ကိုင်စွဲ၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ကင်းစောင့်နေကြသည်။

ထို့အပြင် ခံတပ်ပေါ်ရှိ ကျောက်နံရံများပေါ်တွင်လည်း ပစ္စည်းအချို့ကို ချိတ်ဆွဲထားသည့်ပုံပင်။ ရန်ကိုင်သည် ထိုပစ္စည်းများကို သေချာအာရုံစိုက်ကြည့်လိုက်သည့်အခိုက် မင်သက်သွားခဲ့ရလေသည်။

ထိုချိတ်ဆွဲထားခံရသည့် ပစ္စည်းများမှာ အခြားမဟုတ်ဘဲ အလောင်းများ ဖြစ်နေကြသည်။ ရန်ကိုင်ရေတွက်ကြည့်ရသလောက် အနည်းဆုံး အလောင်းတစ်ရာ ရှိပေသည်။ တောင်ပြာရွာထဲတွင် လူသုံးရာလောက်သာ ရှိလေရာ တစ်ရာမှာ သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် ပို၍ စိုးရိမ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း သူ့မျက်နှာအမူအယာ အလွန်ကိုမှ အေးစက်သွားလေတော့သည်။

တတ်နိုင်သမျှ မြန်မြန်ထွက်လာခဲ့သည့်တိုင် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသည်။

အသက်ပြင်းပြင်းရှူသွင်း၍ ဒေါသကိုထိန်းထားရင်း ရန်ကိုင်သည် ပုန်းနေရာမှထွက်၍ မှောင်နေသည်ကို အခွင့်ကောင်းယူကာ ကျောက်ခံတပ်ထဲသို့ ခိုးဝင်ရန် ပြင်လိုက်လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် မှော်သခင်တစ်ဦး ဖြစ်နေပြီဖြစ်လေရာ သာမန်မှော်ဝိဇ္ဇာများသည် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။ ထိုကဲ့သို့သော ကျောက်ခံတပ်မျိုးတွင် မှော်ဘုရင်တစ်ပါး ရှိဖို့ရာလည်း မဖြစ်နိုင်လောက်။ သို့သော်ငြား သတိဆိုသည်မှာ ပိုသည်မရှိချေ။

သို့သော်ငြား ထိုအခိုက်အတန့်မှာပင် တစ်ခုသောဘက်သို့ လှမ်းကြည့်လိုက်သည့်အခိုက် တစ်ခုခုအား သတိထားမိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ချက်ချင်း ပြန်ကုန်းထိုင်လိုက်ပြီး သူ့အရှိန်အဝါကို ဖုံးကွယ်လိုက်လေသည်။

ထိုအရပ်ဆီမှ လှုပ်လှုပ်ရှားရှားအသံများကို ရန်ကိုင်ကြားလိုက်ရသည်။ အသံမှာ အတော်လေးကိုမှ တိုးပါသော်ငြား ရန်ကိုင်ကမူ သေချာကြားလိုက်ရ၏။

ထို့နောက် ကောင်းကင်စိတ်အာရုံအား တိုးတိုးတိတ်တိတ် ဖြန့်ကျက်ကြည့်လိုက်ရာ မြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုအရပ်ဆီသို့ တိုးတိုးလေး ချည်းကပ်သွားလေ၏။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။ ထိုသို့ သူ့လက်ကို ဆန့်ထုတ်ပြီးပြီးချင်းမှာပင် အမှောင်ထုထဲမှ ထိတ်လန့်တကြား အသံတစ်သံ ထွက်လာလေ၏။ “ဘယ်သူလဲ…”

ရန်ကိုင်သည် ထိုလူ၏ပါးစပ်ကို သူ့လက်ဖြင့် အမြန်ကောက်ပိတ်၍ တိုးတိုးလေးပြောလိုက်လေ၏။ “မစိုးရိမ်နဲ့… ငါ ရန်သူမဟုတ်ဘူး…”

တစ်ဖက်လူမှာ လက်တစ်ဖက်ကိုသာသုံး၍ သူ့အား ချုပ်ထားသည့်တိုင် သူ့အနေဖြင့် မည်သို့ပင် ရုန်းကန်နေစေကာမူ မလွတ်မြောက်နိုင်သည့်အတွက်ကြောင့် ပါးစပ်ပိတ်ထားခံရသည့်လူရိုင်း အတော်လေးကိုမှ ထိတ်လန့်သွားခဲ့လေသည်။ ထပ်တလဲလဲ ရုန်းကန်နေပြီးသည့်နောက် မည်သို့မှ လွတ်မြောက်နိုင်ခြင်းမရှိမှန်း တွေ့လိုက်ရသည့်နောက်တွင် ထိုလူရိုင်းစစ်သည်တော်မှာ အလွန်ကိုမှ ကြောက်ရွံ့သွားရလေသည်။

ထိုစဉ် လရောင်တို့ ရုတ်တရက် ဖြာကျလာခဲ့ရာ ရန်ကိုင်ကိုမြင်ပြီးသည့်နောက် ရုန်းကန်နေသည့်လူရိုင်းစစ်သည်တော် ရုတ်ချည်း တိတ်သွားခဲ့သည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်လေ၏။ “မှော်ဆရာညိုလား…”

“အမ်…” ရန်ကိုင်လည်း ကြောင်သွားခဲ့သည်။ “ခင်ဗျား ကျုပ်ကို သိတာလား…”

ပြောရင်းမှ ရန်ကိုင်သည် သူ့လက်ကို လွှတ်ပေးလိုက်သည်။ တစ်ဖက်လူ၏ မျက်နှာထက်ရှိ တက်တူးကိုမြင်သော် ရန်ကိုင်က ပြောလိုက်လေ၏။ “ဒီတော့ ခင်ဗျားက မီးတောက်ကလန်ကလား…”

ထိုလူရိုင်းစစ်သည်တော်မှာလည်း အံ့အားသင့်နေခဲ့လေသည်။ “ဟုတ်တယ် မှော်ဆရာညို… ကျုပ်တို့ လျှိုမြောင်ထဲမှာ တွေ့ခဲ့ဖူးတယ်လေ…”

လျှိုမြောင်ဟူသည့်စကားကို ကြားသည်နှင့် ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ရလည်း ဒီရောက်နေတာလား…”

“မှော်ဆရာရ အနားမှာရှိတယ်… ကျုပ် မှော်ဆရာညိုကို သူ့ဆီ ခေါ်သွားပေးမယ်လေ…”

“ကောင်းပြီလေ…”

ဤနေရာတွင် သူ့အပြင် အခြားသောလူအချို့လည်း ရှိနေသေးကြောင်းကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုလူများမှာ သူ့ရန်သူမဟုတ်မှန်း သိပါသော်ငြား ထိုလူများထဲ သူ၏ အသိအကျွမ်းအချို့ ပါနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ကံကောင်းစွာဖြင့် ဤမီးတောက်ကလန်သားမှာ သူ့အား မှတ်မိသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက သူအနေဖြင့် ရှင်းပြရခက်ပေလိမ့်မည်။

ရန်ကိုင်သည် မီးတောက်ကလန်မှ လူရိုင်းစစ်သည်တော်နောက်မှ တောက်လျှောက်လိုက်လာခဲ့လေသည်။ လမ်းတစ်လျှောက်တွင် သူ့အား မယုံသင်္ကာဖြင့် ကြည့်နေသည့် အကြည့်ပေါင်းများစွာကို တွေ့ခဲ့ရသည်။ ဤနေရာတွင် လူသစ်တစ်ယောက် ဘာကြောင့် ထပ်ရောက်လာရသလဲဆိုသည်ကို ထိုလူများ နားမလည်နိုင် ဖြစ်နေကြသည့်ပုံပင်။

တစ်ခဏအကြာတွင် လူရိုင်းစစ်သည်တော်သည် ရှေ့ဘက်နားဆီသို့ ရောက်လာပြီး တိုးတိုးလေးပြောလိုက်လေ၏။ “မှော်ဆရာရ… မှော်ဆရာညို ဒီကိုရောက်နေတယ်…”

ရှေ့ဘက်ဆီမှ အသံတစ်သံ ပြန်ထွက်လာလေ၏။ “မှော်ဆရာညိုလား… ဘယ်မှော်ဆရာညိုလဲ…”

ရင်းနှီးနေသည့်မျက်နှာတစ်ခု သူ့ရှေ့တွင်ပေါ်လာသော် ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။ “မှော်ဆရာရ… ကျုပ်တို့ ထပ်တွေ့ပြန်ပြီနော်…”

ရ ထိတ်လန့်သွားခဲ့ပြီး အံ့ဩတကြီးဖြင့် “မှော်ဆရာညို… မင်း ဘာလို့ ဒီကို ရောက်နေရတာလဲ…”

ရန်ကိုင်က အမြန်ပြန်ရှင်းပြလိုက်လေသည်။ “ခင်ဗျားတို့ရောက်နေရတဲ့အတိုင်းပဲပေါ့…”

မှော်ဆရာရ မင်သက်သွားခဲ့လေသည်။ ယာယီမျှ ငေးကြောင်ကြောင်ဖြစ်နေပြီးသည့်နောက် ခေါင်းညိတ်၍ “ကြည့်ရတာ မင်းရွာလည်း တိုက်ခိုက်ခံလိုက်ရတယ်နဲ့တူတယ်…”

“ခင်ဗျားတို့ရွာလည်း တိုက်ခိုက်ခံရတာလား…”

ရက သုန်သုန်မှုန်မှုန်ဖြင့် ရှင်းပြလိုက်သည်။ “အစကတော့ ကျုပ်ကလန်သားတွေကိုခေါ်ပြီး အပြင်မှာ အစာလာထွက်ရှာတာ… အစာတွေ့လည်းတွေ့ရော ရွာကို ပြန်လာတာပေါ့… ဒါပေမယ့် ရွာကို ပြန်ရောက်လည်းပြန်ရောက်ရော ရွာသားတွေ တစ်ယောက်မှမရှိတော့ဘူး… နောက်ဆုံး သဲလွန်စဲအချို့တွေ့ပြီး အဲ့သဲလွန်စအတိုင်း တောက်လျှောက်လိုက်လာလိုက်တာ ဒီကို ရောက်လာတာပဲ…”

“ဒါဆိုရင် ကျုပ်တို့ လာရတဲ့ရည်ရွယ်ချက် တူသွားပြီ…” ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်လေသည်။ ရန်ကိုင်၏ သွားဖြူဖြူလေးများသည် မှုန်ရီဝိုးတဝါးတား လရောင်အောက်ဝယ် အတော်လေးကိုမှ ခြောက်ခြားစရာ ကောင်းနေခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရ ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဒီကို မင်းတစ်ယောက်တည်းလာတာလား…”

“ဟုတ်တယ်… ငါတစ်ယောက်တည်းလာခဲ့တာ… အခု တစ်ရွာလုံးမှာ တိုက်ခိုက်နိုင်တဲ့လူဆိုလို့ ငါတစ်ယောက်ပဲ ကျန်တော့တာလေ…”

ရ ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။ ရသည်သာ ရန်ကိုင်နေရာတွင်ဆိုပါက ရန်သူ၏ ပိုင်နက်ထဲသို့ တစ်ယောက်တည်း လာရဲမလား သူ့ကိုသူ သိပ်မသေချာပေ။ တစ်ဖက်လူသည် အလွန်ကိုမှ ရက်စက်သွေးဆာလှသည့် အရိုးဝါးမျိုခြင်းကလန် မဟုတ်ပေလော။ ထိုကဲ့သို့သော ကလန်မျိုး၏ ပိုင်နက်ထဲသို့ ဝင်လာပြီးသည့်နောက် အသက်ရှင်လျက် ပြန်သွားဖို့ရာမှာ အတော်လေးကိုမှ အခွင့်အရေးနည်းလှပေသည်။

“ဒါဆိုရင် ငါ့နောက်လိုက်ပြီးတော့ စီနီယာအချို့နဲ့ လိုက်တွေ့ပေး…” ရသည် ရန်ကိုင်အားခေါ်၍ ရှေ့မှ ဦးဆောင်ထွက်သွားလေ၏။

ရန်ကိုင်လည်း ရနောက်မှ တိုးတိုးတိတ်တိတ်လေး လိုက်သွားလေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ရှေ့ဘက်ဆီမှ အသံတိုးတိုးတစ်သံ ထွက်လာခဲ့လေသည်။ “ရ… မင်း ဒီကို ဘာလာလုပ်တာလဲ…”

ရက တလေးတစားဖြင့် ပြန်ပြောလိုက်သည်။ “မှော်ဆရာချီ… တောင်ပိုင်းလူရိုင်းကလန်က ကျုပ်မိတ်ဆွေတစ်ယောက် ရောက်လာလို့ပါ… ကြည့်ရတာ သူ့ရွာသားတွေလည်း ဖမ်းခေါ်သွားခံရတယ်နဲ့တူတယ်…”

“အို…” မှော်ဆရာချီဟုခေါ်သည့်လူက အံ့အားသင့်နေဟန်ဖြင့် “ဒါဆို ဒီကိုလာခဲ့လေ…”

ရလည်း ရန်ကိုင်ကိုအချက်ပြပြီး ရှေ့သို့ ထွက်သွားလေ၏။

ထူထဲလှသည့် မြက်ပင်ရှည်များကြား အမျိုးသားနှင့် အမျိုးသမီးတစ်ဦး တင်ပလင်ခွေထိုင်နေခဲ့သည်။ ထိုလူနှစ်ဦးမှာ သူတို့၏ အရှိန်အဝါကို ကောင်းမွန်စွာ ထိန်းချုပ်ထားခဲ့လေရာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသလားပင် ထင်ရလေသည်။

ထိုနှစ်ဦးမှာ အခြားမဟုတ် မှော်ဝိဇ္ဇာများပင် ဖြစ်ကြလေသည်။ ထိုလူနှစ်ဦးကိုကြည့်ရင်း ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

ထိုလူမှာ မှော်ဆရာချီဖြစ်လောက်ပြီး သူ့မျက်နှာထက်တွင် မီးတောက်ကလန်၏ အမှတ်အသားတစ်ခု ရှိနေပြီး သူ့အရှိန်အဝါမှာလည်း အနည်းငယ် ပူလောင်ပေသည်။ ထိုလူသည် မီးဓာတ်နှင့်သက်ဆိုင်သော မှော်ပညာရပ်များ၊ မှော်ကျင့်စဉ်များကို ကျင့်ကြံထားခြင်း ဖြစ်ရပေလိမ့်မည်။ အမျိုးသမီးကမူ တုတ်ခိုင်ထွားကျိုင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသော်ငြား သူမ၏ရုပ်ရည်နှင့် မတူညီစွာပင် ကျော့ရှင်းလှသည့် ဟန်ပန်အမူအယာကို ပိုင်ဆိုင်ထားခဲ့ပေသည်။

ရန်ကိုင်ရောက်လာသော် စူးရှသည့် မျက်ဝန်းနှစ်စုံသည် ရန်ကိုင်ဆီသို့ ရုတ်ချည်း ရောက်ရှိလာခဲ့လေသည်။ ထိုအကြည့်များကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ နေမထိထိုင်မထိ ဖြစ်သွားလေ၏။

“တောင်ပြာရွာက မှော်ဆရာညို စီနီယာတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်…” ရန်ကိုင်က ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လိုက်လေသည်။

မှော်ဆရာချီဆိုသည့်လူက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “မှော်သခင်တစ်ယောက်ပဲ… မဆိုးဘူး…”

“ဘယ်လို… မှော်သခင် ဟုတ်လား…” ရ ပျာပျာသလဲလဲ ဖြစ်သွားခဲ့လေသည်။ “မှော်ဆရာညိုက အဆင့်မြင့်မှော်အတတ်သင်မဟုတ်ဘူးလား… မှော်ဆရာချီ ခင်ဗျား အမြင်မှားနေတာလား…”

ဆောင်းကုန်ခါနီးတွင် မှော်ဆရာညို မှော်သခင်တစ်ပါး ဖြစ်လာသည်ဟူသောအချက်ကို ရမသိခဲ့ပေ။ သိသာသိခဲ့မည်ဆိုလျှင်တော့ လူရိုင်းနတ်ဘုရားသည် တကယ်ကို မမျှတပါလားဟု ကြိတ်၍ အပြစ်တင်နေမိပေလိမ့်မည်။

“နင့်ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး ဒီလောက်သေးနေရတာလဲ… နင်က နိုမက်ကလန်ကလား…” အမျိုးသမီးသည် မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။

ရန်ကိုင် ပြန်မပြောရသေးခင်မှာပင် ရက ဝင်ပြောလိုက်လေ၏။ “မှော်ဆရာညိုက နိုမက်ကလန်ကမဟုတ်ဘူး… တောင်ပိုင်းလူရိုင်းကလန်ကပဲ… ပြီးတော့ ရိုးသားဖြောင့်မတ်ပြီး အရမ်းကိုသဘောကောင်းတဲ့ လူတစ်ယောက်လည်းဟုတ်တယ်… သူ့လိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး နိုမက်ကလန်သားတစ်ယောက် ဖြစ်ရမှာလဲ…”

“အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့…” ထိုစကားကိုကြားသော် အမျိုးသမီး ခေါင်းညိတ်သွားခဲ့လေသည်။ သူမကြည့်ရသည်မှာ ရကို တကယ်ယုံသည့်ပုံပင်။

“ဒီကအမျိုးသမီးကို ကျုပ် ဘယ်လိုခေါ်ရမလဲမသိဘူး…” ရန်ကိုင်က အမျိုးသမီးကိုကြည့်၍ ပြောလိုက်လေသည်။

မှော်ဆရာချီက ပြန်ပြောလိုက်သည်။ “သူက လေပြင်းကလန်က မှော်ဆရာကျုပဲ…”

ရက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ “ဒီတစ်ကြိမ် အရိုးဝါးမျိုခြင်းကလန်က ရွာသုံးရွာကို ဖျက်ဆီးသွားတာ… တစ်ရွာက မင်းတို့ရွာ… နောက်တစ်ရွာက ငါတို့ရွာ… နောက်ဆုံးတစ်ရွာက လေပြင်းကလန်ပဲ… မှော်ဆရာချီကို သွားရှာလည်းရှာရော မှော်ဆရာကျုနဲ့ လာတိုးတာ… အခု အကုန်လုံး ဒီမှာ ရောက်နေကြတယ်…”

“လူများရင် ပိုကောင်းတာပေါ့…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ “ဒါဆို အခု ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားကြလဲ…”

မှော်ဆရာချီက ပြန်ပြောလိုက်သည်။ “အရုဏ်တက်ချိန်ပဲ… အရုဏ်တက်ချိန်ကို စောင့်ဖို့တော့ စဉ်းစားထားတယ်…”

ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်နော်… အရုဏ်တက်ချိန်က လူတွေ သတိလက်လွတ်အဖြစ်ဆုံးအချိန်ဆိုတော့ အဲ့အချိန်က တကယ်ကို လှုပ်ရှားလို့ကောင်းတယ့်အချိန်ပဲ… ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက်စလုံးက မှော်ဝိဇ္ဇာတွေလေ… ဘယ်လိုလုပ်ပြီး အရိုးဝါးမျိုခြင်းကလန်ကို ထိပ်တိုက်မတွေ့ရဲရတာလဲ…”

ကျုက ရန်ကိုင်ကိုကြည့်၍ ပြန်မေးလိုက်သည်။ “ဒီကျောက်တုံးခံတပ်အကြောင်း နင်ဘယ်လောက်သိလဲ…”

ရန်ကိုင်က အမှန်အတိုင်းပင် ပြန်ပြောလိုက်လေသည်။ “ရှင်းရှင်းပြောရရင်တော့ ကျုပ် ဘာမှမသိသေးဘူး…”

ကျုက ရှင်းပြလိုက်သည်။ “ဒီကျောက်တုံးခံတပ်က အရိုးဝါးမျိုခြင်းကလန်ရဲ့ ကလန်ခွဲလေးတစ်ခုပဲ… ဒီမှာ စုစုပေါင်း လူရိုင်းစစ်သည်တော် ခုနှစ်ရာကနေ ရှစ်ရာကြားရှိတယ်… မှော်ဆရာကတော့ အယောက်နှစ်ဆယ်ကျော်ရှိတယ်… အားအကောင်းဆုံးက ရီအောင်းလို့ခေါ်တဲ့ လူတစ်ယောက်ပဲ… သူက အလယ်အလတ်အဆင့် မှော်ဝိဇ္ဇာတစ်ယောက်ပဲ…”

ရီအောင်းဆိုသည့်နာမည်ကို ပြောလိုက်ချိန် မှော်ဆရာချီ၏မျက်နှာထက် ကြောက်ရွံ့သည့်အရိပ်အယောင် တစ်စွန်းတစ်စ ထွက်ပေါ်လာသည်ကို ရန်ကိုင် သတိပြုမိသွားခဲ့သည်။ ကြည့်ရသလောက် မှော်ဆရာချီဆိုသည့်လူမှာ အရိုးဝါးမျိုခြင်းကလန်၏ မှော်ဝိဇ္ဇာဖြစ်သည့် ရီအောင်းဆိုသည့်လူကို မယှဉ်နိုင်သည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၈)

ဘာသာပြန်သူ_တိမ်တိုက်

“ငါတို့ခွန်အားနဲ့ ငါတို့နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ရီအောင်းကို အနိုင်မယူနိုင်ဘူး…” မှော်ဆရာကျုက တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်သည်။ အခြားသူတစ်ဦး သူမထက် ပိုတော်နေသည့်အပေါ် အနည်းငယ်မျှပင် ရှက်ရွံ့နေခြင်းမရှိ။ “ကံကောင်းစွာနဲ့ ဒီတစ်ကြိမ် ငါတို့ရဲ့ပစ်မှတ်က လူကယ်ဖို့ပဲ… ချီနဲ့ငါသာ သူ့ကို ထိန်းထားနိုင်မယ်ဆိုရင် ကျန်တဲ့နင်တို့တွေ အခြားလူတွေကို လိုက်ကယ်လို့ရပြီ… ဒီတော့ သူနဲ့ သူသေကိုယ်သေ ယှဉ်တိုက်နေစရာ မလိုတော့ဘူး…”

တစ်ချက်မျှရပ်ပြီးသည့်နောက် ကျုက ဆက်ပြောလိုက်သည်။ “နင်က မှော်သခင်တစ်ယောက်ဆိုတော့ တိုက်ပွဲမှာ အများကြီး ကူညီပေးနိုင်တယ်… နင့်လူတွေလည်း အဖမ်းခံထားရတာဆိုတော့ ငါတို့ အတူတူ ပူးပေါင်းကြတာပေါ့…”

ရ ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်လန့်တကြားဖြင့် ကြည့်လိုက်လေသည်။ ယခု သူကြားလိုက်ရသည့်စကားအပေါ် သူ့နားသူပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ဤမှော်ဆရာညိုသည် တကယ်ကြီး မှော်သခင်တစ်ဦးပေလော။ အစကမူ မှော်ဆရာချီ အထင်မှားနေခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့လေသည်။ သို့သော်ငြား ယခု မှော်ဆရာကျုကပါ မှော်ဆရာညိုသည် မှော်သခင်တစ်ပါး ဖြစ်နေသည်ဟု ပြောလာသော် မှော်ဆရာညိုမှာ မှော်သခင်တစ်ပါး ဖြစ်နေမှန်း ရ လုံးဝကို ယုံကြည်သွားရတော့သည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်မေးလိုက်လေသည်။ “ဒီတော့ ခင်ဗျားတို့နှစ်ယောက်က နေထွက်ချိန်မှ တိုက်ခိုက်ဖို့ စဉ်းစားထားတာပေါ့…”

“ဟုတ်တယ်…”

“ဒါဆိုရင်တော့ ကျုပ် ဒီထက် ပိုပြီး ကူညီပေးနိုင်လောက်တယ်…” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။

ချီက မျက်ခုံးပင့်လျက် “အို… ဘယ်လိုမျိုးလဲ…”

တစ်ခဏအကြာ၌ ရနှင့်ရန်ကိုင်တို့ ပြန်ထွက်လာကြလေသည်။

ရမှာတော့ အနည်းငယ် စိတ်ဓာတ်ကျနေသည့် ပုံမျိုးပင်။ အတော်ကြာသွားသည့်အခါမှသာ အနည်းငယ် လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာကာ ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “မှော်ဆရာညို… သတိထားဦးနော်…”

ရန်ကိုင်က ပြုံး၍ ရ၏ပုခုံးကိုပုတ်ကာ ပြောလိုက်လေ၏။ “မှော်ဆရာရလည်း သတိထား…”

ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် မှော်စွမ်းအားကိုလှည့်ပတ်၍ လရောင်၏စွမ်းအားကို စတင် စုပ်ယူတော့သည်။ တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး အဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည့် ရန်ကိုင်ကိုကြည့်ရင်း မှော်ဆရာမှာတော့ ပါးစပ်အဟောင်းသားကို ဖြစ်နေခဲ့သည်။

လူကိုမမြင်ရသော်ငြား ခြေသံများမှာတော့ ထွက်ပေါ်နေခဲ့သည်။ ထိုခြေသံများမှာ တဖြည်းဖြည်းနှင့် သူ့နားဆီမှ ဝေးသထက် ဝေးသွားခဲ့လေသည်။ မှော်ဆရာညို ထွက်သွားပြီမှန်း ရ သိလိုက်လေသည်။ ထို့အပြင် မှော်ဆရာညိုထုတ်သုံးသွားသည့် မှော်ပညာရပ်ကိုကြည့်ရင်း ရမှာ အမှန်တကယ်ကို အံ့အားသင့်နေခဲ့ရသည်။

မှော်ဆရာညို ထုတ်သုံးသွားသည်မှာ လရောင်ကလန်၏ ဒဏ္ဍာရီလာ လရောင်ကိုယ်ပျောက်ခြင်းပညာရပ် ဖြစ်လောက်ပေသည်။ သို့သော်ငြား လရောင်ကလန်မှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖျက်ဆီးခံလိုက်ရသဖြင့် လရောင်ကိုယ်ပျောက်ပညာရပ်မှာလည်း သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့ရတော့သည်။ ထိုသို့ဖြစ်လေရာ မှော်ဆရာညိုသည် ထိုပညာရပ်အကြောင်းကို မည်သည့်နေရာမှ သိလာခဲ့ရလေသနည်း။ တောင်ပြာကဲ့သို့သော ရွာငယ်လေးတစ်ရွာသည် မှော်ဆရာညိုအား ထိုကဲ့သို့သော ပညာရပ်မျိုးကို သင်ပေးနိုင်စရာအကြောင်းမရှိချေ။

ရန်ကိုင်သည် လရောင်ကိုယ်ပျောက်ပညာရပ်ကို ရွာသူကြီးဆီမှ သင်ခဲ့ခြင်းမဟုတ်။ ထို့အစား စီနီယာချင်ဆီမှသာ သင်ခဲ့ခြင်းဖြစ်လေသည်။

ရန်ကိုင်သည် စီနီယာချင်ပြောပြသွားသည့် အကြောင်းအရာများကို တောင်ပြာရွာဆီသို့ ပြန်လာရင်း တောက်လျှောက် ဆန်းစစ်ကြည့်ခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မှော်ပညာရပ်အသစ်များစွာကို တတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ ထိုပညာရပ်များထဲ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော လရောင်ကိုယ်ပျောက်ပညာရပ်လည်း ပါဝင်နေခဲ့လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုလရောင်ကိုယ်ပျောက်ပညာရပ်မှာ ယခုကဲ့သို့အချိန်မျိုးတွင် အသုံးဝင်လာခဲ့လေ၏။

လရောင်အောက်တွင် ရန်ကိုင်သည် လုံးဝကို ကိုယ်ပျောက်နေခဲ့သည်။ ကောင်းကင်စိတ်အာရုံ သို့မဟုတ် အလွန်ကိုမှ ထက်ရှလှသည့် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသော ရန်ကိုင်နှင့် အနီးအနားတွင်ရှိနေသည့် လူတစ်ဦးသည်သာ သူ့အား အာရုံခံနိုင်ပေလိမ့်မည်။

ရန်ကိုင်သည် မည်သူမျှ သတိမထားမိဘဲ ကျောက်နံရံပေါ်သို့ တိုးတိုးတိတ်တိတ်တက်လာ၍ ကျောက်တုံးခံတပ်ထဲသို့ ခိုးဝင်လာခဲ့သည်။

မြောက်မြားလှစွာသော အရိုးဝါးမျိုခြင်းကလန်မှ မြားသမားများသည် ကျောက်နံရံပေါ်တွင် လမ်းလျှောက်နေကြလေသည်။ ထိုလူများမှာလည်း ရွာသုံးရွာကို တိုက်ခိုက်ဖျက်ဆီးပစ်ပြီးနောက်တွင် တိုက်ခိုက်ခံရမည်မှန်း ကြိုတင်သိထားကြသည့်အလား။ ပတ်ဝန်းကျင်အား ထပ်တလဲလဲကို သတိထားစောင့်ကြည့်နေခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို မပိုင်ဆိုင်ထားလင့်ကစား မြားသမားများမှာ အလွန်ကိုမှ အာရုံစူးရှလှသည်။ ထိုမြားသမားများထဲမှ တစ်ယောက်ဆိုလျှင် ရန်ကိုင် ကျောက်နံရံပေါ်သို့ တက်နေစဉ်အတောအတွင်း ရန်ကိုင်ကိုပင်လျှင် အာရုံခံမိခါနီး ဖြစ်သွားခဲ့ရလေသည်။ ရန်ကိုင်ရှိနေသည့်နေရာဆီသို့ သေသေချာချာကို စိုက်ကြည့်နေခဲ့လေရာ ရန်ကိုင်မှာလည်း ငြိမ်ငြိမ်လေးသာ နေပေးလိုက်ရသည်။ နောက်ဆုံး ဘာမှ အာရုံမခံမိသည့် အခါမှသာလျှင် ထပ်မစစ်ဆေးတော့ဘဲ အခြားတစ်ဖက်ဆီသို့ အကြည့်လွှဲသွားခဲ့လေ၏။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်အား ရှာတွေ့သွားလောက်ပေပြီ။

ကျောက်တုံးခံတပ်ထဲသို့ ဝင်လာပြီးသည့်နောက် သွေးညှီနံ့များ ရန်ကိုင်နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

တစ်ရာနီးပါးရှိသော ရန်ကိုင်မြင်ခဲ့သည့် အလောင်းများထဲတွင် ရွာသုံးရွာမှ ရွာသားများ ပါဝင်နေကြလေသည်။ သွေးများမှာ မြေပြင်ပေါ်သို့ တတောက်တောက် ကျနေခဲ့ပြီး သွေးညှီနံ့များမှာလည်း ထောင်းထွက်နေခဲ့သည်။

လက်ရှိအချိန်တွင် ကျောက်တုံးခံတပ်ထဲ၌ အရိုးဝါးမျိုခြင်းကလန်သားများသည် မီးဖိုရင်း ပျော်ရွှင်စွာ စားသောက်နေကြလေသည်။ အရိုးဝါးမျိုခြင်းကလန်သားများမှ စားသောက်နေသည့် အသားများကို ရန်ကိုင် ချက်ချင်း သိသွားခဲ့သည်။ ထိုအရာများမှာ လူသားခန္ဓာကိုယ်အစိတ်အပိုင်းများသာ ဖြစ်ကြလေသည်။ သာမန်လူများသာဆိုလျှင်တော့ ထိုအရာများကို မြင်လိုက်ရုံဖြင့် စားချင်စိတ် ပျောက်သွားလိမ့်မည် ဖြစ်ပါသော်ငြား အရိုးဝါးမျိုခြင်းကလန်သားများမှာတော့ အားရဝမ်းသာဖြင့် စားသောက်နေကြဆဲ။ ကလေးများလည်း အတူတူသာ ဖြစ်လေသည်။ အချို့သောကလေးများသည် အသားလေးပါသည့် အရိုးတစ်ရိုးအတွက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လုယက်နေကြသည်။ လူကြီးများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ရယ်ရယ်မောမော ဖြစ်နေကြလေ၏။

အရိုးဝါးမျိုခြင်းကလန်သားများသည် အခြားသော မည်သည့်ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်နှင့်မှ မတူသည့် အကြောင်းများကို ရန်ကိုင် ကြားခဲ့ဖူးပေသည်။ ယခု ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသည့်အခါမှသာလျှင် ကောလဟာလများမှာ အမှန်တကယ်ကို မှန်နေကြောင်း သိသွားရတော့သည်။

အသက်ကိုပြင်းပြင်းရှူသွင်း၍ ဒေါသကိုဖိနှိပ်ထားရင်း ရန်ကိုင်သည် ကျောက်တုံးခံတပ်၏ အတွင်းပိုင်းတည်ဆောက်ပုံကို စတင်စစ်ဆေးတော့လေသည်။

မှော်ဆရာချီ၊ မှော်ဆရာကျုတို့နှင့် လုပ်ထားသည့် သဘောတူညီချက်အရ ရန်ကိုင်၏တာဝန်သည် ရွာသုံးရွာမှလူများကို မည်သည့်နေရာတွင် ဖမ်းဆီးထားသလဲဆိုသည်အား ရှာဖွေရန်ပင် ဖြစ်လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျောက်တုံးခံတပ်ထဲမှနေ၍ ဂိတ်ပေါက်အား ဖွင့်ရမည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပြီး အရိုးဝါးမျိုခြင်းကလန်သားများကိုလည်း အာရုံမစိုက်မိလာအောင် အခြားကိစ္စတစ်ခုခုဖြင့် အာရုံဆွဲထားရပေမည်။ ထိုသို့ဖြစ်သွားသည့်နောက်တွင် မီးတောက်ကလန်နှင့် လေပြင်းကလန်မှ လူများသည် သူနှင့် လာရောက်တွေ့ဆုံကြပေလိမ့်မည်။

ထိုအခါမှသာလျှင် ကလန်သုံးခုမှ စစ်သည်တော်များ အတူပူးပေါင်း၍ အရိုးဝါးမျိုခြင်းကလန်သားများကို အလစ်အငိုက် ချောင်းတိုက်ခိုက်ကြပေမည်။

ဤကျောက်တုံးခံတပ်ထဲတွင် မှော်သခင်အချို့နှင့် မှော်ဝိဇ္ဇာတစ်ပါး ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ သူ့ကောင်းကင်စိတ်အာရုံကို မဆင်မခြင် မဖြန့်ကျက်ဝံ့။ ထိုအကြောင်းကြောင့် တစ်နေရာပြီးတစ်နေရာ သေသေချာချာ လိုက်ရှာရုံသာ တတ်နိုင်ခဲ့လေသည်။

ညသန်းခေါင်ကျော်လာပြီးသည့်နောက်တွင် ရန်ကိုင်မှာ ကျောက်တုံးခံတပ်တစ်ခုလုံးနီးပါးကို ရှာပြီးခါနီး ဖြစ်သွားခဲ့သည်။ သို့တိုင် ရွာသုံးရွာမှ ရွာသားများအား မည်သည့်နေရာတွင် ဖမ်းဆီးထားသလဲဆိုသည်ကို မတွေ့ရသေးချေ။

ရွာနှင့်ကလန် သုံးခုပေါင်းမှ လူစုစုပေါင်း ခုနှစ်ရာမှ ရှစ်ရာနီးပါးခန့် အဖမ်းခံထားရသည်။ ထိုကဲ့သို့သောလူအုပ်ကြီးကို နေရာသေးသေးလေးတွင် ဖမ်းဆီးထား၍မရ။ သို့တိုင် ရန်ကိုင်မှာတော့ ထိုလူအုပ်ကြီးကို မည်သို့ပင် ရှာနေစေကာမူ ရှာမတွေ့နိုင် ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် ရန်ကိုင်၏အကြည့်သည် အားကောင်းခက်ထန်ကြမ်းကြုတ်လှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်နေသော ကျောက်တုံးခံတပ်၏ အလယ်ဗဟိုဆီသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင် မှော်ဆရာရီအောင်း နေနေခြင်း ဖြစ်လေသည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို မြေကြီးထဲသို့ ဖြန့်ကျက်ကြည့်လိုက်သည်။ ထို့နောက်တွင် ချက်ချင်းပဲ ပြန်ရုတ်သိမ်းလိုက်လေ၏။

သူထင်ထားသည့်အတိုင်း ကျောက်တုံးခံတပ်၏ အောက်တွင် လိုဏ်ဂူတစ်ခု ရှိနေခဲ့သည်။ ထိုလိုဏ်ဂူထဲတွင် အရှိန်အဝါများစွာကို ရန်ကိုင် ခံစားလိုက်ရလေသည်။ သို့သော်ငြား မှော်ဆရာရီအောင်းမှ သတိပြုမိသွားမည်စိုးသည့်အတွက်ကြောင့် သေသေချာချာ စစ်ဆေးခြင်း မပြုခဲ့။ သို့သော်ငြား ဖမ်းခံထားရသည့်လူများ၏ နေရာကို ရှာတွေ့သွားပြီဆိုသည်နှင့် ကျန်သည့်ကိစ္စမှာ လွယ်ကူသွားပေပြီ။

ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်လေသည်။ ရန်ကိုင်သည် အသက်ကိုအောင့်လျက် မှော်ဆရာရီအောင်း သူစစ်ဆေးနေသည်ကို သတိထားမိသွားသလား သတိမထားမိဘူးလား ဆိုသည်အား သေချာသွားအောင် ယာယီမျှ ငြိမ်နေပြီးသည့်နောက်တွင် တစ်ဖက်လူသတိမထားမိမှန်း သေချာသွားသည့်နောက် ချောင်ကျသည့်နေရာတစ်ခုတွင် သွားပုန်းကာ မနက်အရုဏ်တက်ချိန် ရောက်လာမည်ကို စောင့်နေလိုက်လေသည်။

ကျောက်တုံးခံတပ်မှာတော့ အလွန်ကိုမှ ရွှင်မြူးစည်ကားနေခဲ့သည်။ ခက်ခဲကြမ်းတမ်းသည့် ဆောင်းဥတုကို ကြုံခဲ့ရပြီးသည့်နောက် ယခုကဲ့သို့ စားကောင်းသောက်ဖွယ်ရာများ ရရှိလာသော် အရိုးဝါးမျိုခြင်းကလန်သားများ ဝမ်းသာအားရ ဖြစ်နေခဲ့ကြလေသည်။ ထိုလူများနှင့် မတူညီစွာ မီးတောက်ကလန်နှင့် လေပြင်းကလန်သားများမှာတော့ သားကောင်ကိုချောင်းမြောင်းနေသည့် အမဲလိုက်သမားများနှယ် အပြင်ဘက်တွင် ငြိမ်သက်စွာ တိုးတိုးတိတ်တိတ် စောင့်ဆိုင်းနေကြလေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေရာ ကျောက်တုံးခံတပ်ထဲရှိ အသံများမှာ တဖြည်းဖြည်းနှင့် တိုးလာခဲ့လေသည်။ မကြာမီ ဟောက်သံများ ဟိုတစ်စသည်တစ်စ ထွက်ပေါ်လာတော့လေ၏။ နံရံပေါ်တွင် ရပ်စောင့်နေကြသော မြားသမားများပင်လျှင် စတင်၍ သန်းဝေလာကြတော့သည်။

အရုဏ်တက်ချိန်မရောက်ခင် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေသည့်အခိုက်အတန့်၌ ပုံရိပ်တစ်ခုသည် ကျောက်တုံးခံတပ်တံခါးပေါက်ဆီသို့ လေအလျင်ပမာ ပြေးထွက်လာခဲ့လေသည်။ ထို့နောက် တဘုတ်ဘုတ်မြည်သံများနှင့် တံခါးကို စောင့်နေကြသည့် အရိုးဝါးမျိုခြင်းကလန်သားများ၏ ခေါင်းများ နှစ်ပိုင်းကွဲထွက်သွားကုန်ကြပြီး အကုန်လုံးမှာ မြေပြင်ပေါ်သို့ လဲကျသွားကုန်ကြလေသည်။

အော်သံများကို ကြားလိုက်သည့်အခိုက် နံရံပေါ်တွင် ကင်းစောင့်နေကြသော မြားသမားများမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး တစ်ချိန်တည်း လှည့်ကြည့်လာကြလေသည်။

ထိုသို့လှည့်ကြည့်လိုက်သည့်အခိုက် ထူးဆန်းသည့်ပုံရိပ်တစ်ခု အောက်ဘက်ရှိမြေပြင်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်ငြား သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် ထိုလူသည် ဂိတ်ပေါက်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်လေ၏။

ဂိတ်တံခါးသည် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ တစ်စစီ ပျက်စီးသွားခဲ့လေသည်။ ထို့နောက် ထောင်ပေါင်းများစွာသော စစ်သည်တော်များ ချီတက်လာသည့်အလား မြောက်မြားလှစွာသော ခြေသံများနှင့်အတူ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာခဲ့သည်။

မြားသမားများ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အမှောင်ထုထဲ သွေးနီရောင်မျက်လုံးပေါင်းများစွာ ထွက်ပေါ်လာကြောင်း တွေ့လိုက်ရလေသည်။ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုထားသည့် စစ်သည်တော်ပေါင်းများစွာသည် သေခြင်းတရားအရှိန်အဝါတို့ ခြံရံလျက် ရက်စက်ကြမ်းကြုတ်လှသည့် သားရဲများနှယ် ကျောက်တုံးခံတပ်ဆီသို့ ပြေးဝင်လာနေကြလေ၏။

“ရန်သူတွေ တိုက်ခိုက်နေပြီ…”

တစ်ယောက်ယောက်က ထအော်လေသည်။

ထိုအော်သံသည် အိပ်ပျော်နေပြီဖြစ်သော အရိုးဝါးမျိုခြင်းကလန်သားများကို လှုပ်နိုးလိုက်လေ၏။ တစ်ချိန်တည်းတွင် ကျောက်နံရံပေါ်၌ ရှိနေကြသော မြားသမားများမှာ လေးကြိုးတင်ကာ စတင်၍ ပစ်တော့လေသည်။

ပြေးတက်လာနေသည့် လူအုပ်ကြီးထဲမှ လူနှစ်ဦး လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ထိုနှစ်ဦးအနက် တစ်ဦး၏လက်မှာ မီးတောက်နေခဲ့လေသည်။ ထိုလူမှာ သူ့လက်အား ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်ဆီမှ မီးနဂါးနှစ်ကောင် ကျဆင်းလာခဲ့ပြီး နံရံပေါ်တွင်ရှိနေသော အရိုးဝါးမျိုခြင်းကလန်မှ မြားသမားများကို ပြာအတိကျအောင် လောင်ကျွမ်းပစ်လိုက်လေ၏။

အခြားတစ်ဦးမှာလည်း မှော်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ထက်ရှလှသည့် ဓါးသွားများဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ်ရာ လေပွေတစ်ခု ကျောက်နံရံအပေါ် ဖြတ်တိုက်သွားခဲ့လေသည်။ လေပွေထဲမိသွားသော အရိုးဝါးမျိုခြင်းကလန်သားအားလုံးမှာ အပိုင်းပိုင်း အစစ ဖြစ်သွားကုန်ကြရလေသည်။

မှော်ဆရာချီနှင့် မှော်ဆရာကျုတို့မှာ မြားသမားများ၏ အန္တရာယ်ကို တစ်ခဏအတွင်း ရှင်းလင်းပစ်ခဲ့လေသည်။

မှော်ဝိဇ္ဇာနှစ်ဦး၏နောက်တွင် လိုက်ပါလာသည်မှာတော့ ကလန်နှစ်ခုမှ မှော်သခင်များနှင့် မှော်စစ်သည်တော်များဖြစ်ကြသည်။ မှော်ဆရာအရေအတွက်မှာ များပြားလှခြင်းမရှိဘဲ ခုနှစ်ယောက်သာ ရှိပေသည်။ သို့သော်ငြား အကုန်လုံးမှာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှော်မန္တန်များကို ရွတ်ဆို၍ ကလန်နှစ်ခုစလုံးမှ စစ်သည်တော်များအား အမျိုးမျိုးသော မှော်ပညာရပ်များဖြင့် ကောင်းချီးပေးလိုက်ကြလေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း လေထဲတွင်ဝဲလျက် သတိပေးသံကြား၍ ဘက်ပေါင်းစုံမှ ပြေးထွက်လာနေကြသော အရိုးဝါးမျိုကလန်သားများကို အေးစက်စက်အမူအယာနှင့် စိုက်ကြည့်နေခဲ့လေသည်။

အရိုးဝါးမျိုခြင်းကလန်၏ မှော်ဆရာသည် လူအုပ်ကြီးထဲမှနေ၍ သူ့လူများအား ရန်ကိုင်အား တိုက်ခိုက်ရန် အမိန့်ပေးနေခဲ့သည်။

တကယ်တော့ သူ့အနေဖြင့် အမိန့်ပင် ပေးနေစရာမလို။ ရန်ကိုင်သည် တစ်ကိုယ်တည်း ထီးထီးကြီး ထွက်နေသည့်အတွက်ကြောင့် အရိုးဝါးမျိုခြင်းကလန်သားများအတွက် လွယ်ကူသည့်ပစ်မှတ်တစ်ခု ဖြစ်နေလေသည်။ အရိုးဝါးမျိုခြင်းကလန်သားများ ရန်ကိုင်ဆီသို့ ရောက်မလာသေးခင်မှာပင် မြောက်မြားလှစွာသော မြားများမှာ ရန်ကိုင်ဆီသို့ ရောက်လာနေခဲ့လေပြီ။

သို့သော်ငြား ထိုအားကောင်းလှသည့် မြားများမှာ ရန်ကိုင်အသုံးပြုထားသည့် မှော်ဒိုင်းကာအောက်တွင် လုံးဝအသုံးမဝင် ဖြစ်သွားခဲ့ရလေသည်။

မရေမတွက်နိုင်သော မြားများ၏ ပစ်ခတ်ခြင်း ခံရပြီးသည့်တိုင် မှော်ဒိုင်းကာမှာတော့ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူအုပ်ကြီးထဲ၌ ရှိနေသည့် မှော်ဆရာမှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။

မကြာမီတွင် အရိုးဝါးမျိုခြင်းကလန်မှ ကလန်သားများ ရန်ကိုင်ဆီသို့ ရောက်ရှိလာကြပြီး အကုန်လုံးသည် လေပေါ်သို့ ခုန်တက်၍ သူတို့၏လက်နက်များဖြင့် ရန်ကိုင်အား ခုတ်ချလိုက်လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ အနန္တဓါးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ဓါးအား ဝှေ့ယမ်းချလိုက်ရာ မီတာပေါင်းများစွာ ရှည်လျားသော ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ရွှစ်…”

လေပေါ်သို့ ခုန်တက်လာသော အရိုးဝါးမျိုခြင်းကလန်သားများမှာ ဓါးအလင်းတန်း၏ ပိုင်းဖြတ်ခြင်း ခံရကာ နှစ်ပိုင်းပြတ်ထွက်လျက် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကုန်ကြလေသည်။ နှစ်ပိုင်းပြတ်ထွက်သွားသည့် ခန္ဓာကိုယ်များနှင့်အတူ သွေးများမှာလည်း ရေတံခွန်အလား ပန်းထွက်လာခဲ့လေသည်။

ရန်ကိုင်ဆီသို့ ပြေးဝင်ရန် ကြံနေကြသည့် လက်ကျန်အရိုးဝါးမျိုခြင်းကလန်သားများမှာ ထိုမြင်ကွင်းကိုမြင်ပြီးသည့်နောက် ရှေ့သို့ ဆက်တိုးမလာရဲကြတော့ဘဲ ရန်ကိုင်အား ကြောက်လန့်တကြီးဖြင့်သာ စိုက်ကြည့်နေကုန်ကြလေသည်။ ရန်ကိုင်လက်ထဲတွင် ကိုင်စွဲထားသည့် ဓါးကို ကြည့်ရင်း အရိုးဝါးမျိုခြင်းကလန်သားများ အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြသည်။

“ဒီမှော်ဆရာရဲ့နေရာမှာ မင်း ဘယ်လိုတောင် လာသောင်းကျန်းရဲတာလဲကွ…”

ထိုစဉ် ကျောက်တုံးခံတပ်အတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အပေါ်ပိုင်းဗလာကျင်းနေသော ရက်စက်ခက်ထန်သည့် လူထွားကြီးတစ်ဦးသည် လျှပ်စီးတန်းတစ်ခုပမာ ပြေးထွက်လာပြီး ရန်ကိုင်တည့်တည့်သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်လေ၏။

ထိုလက်သီးချက်ကိုမြင်သော် ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့ပြီး အနန္တဓါးကို ရေပြင်ညီအတိုင်းထား၍ တစ်ဖက်လူ၏တိုက်ခိုက်မှုကို ခုခံလိုက်လေသည်။

ရန်ကိုင်မှ ထိုကဲ့သို့ ခုခံလိုက်သည့်အချိန်မှာပင် သူ၏တစ်ဖက်တစ်ချက်စီမှ လူနှစ်ယောက် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူနှစ်ယောက်မှာ အခြားမဟုတ် မှော်ဆရာချီနှင့် ကျုတို့သာ ဖြစ်ကြသည်။ ကလန်နှစ်ခုမှ မှော်ဝိဇ္ဇာနှစ်ဦးမှာ ရောက်ရှိလို့ လာကြလေသည်။ မည်သူမျှ မည်သည့်စကားတစ်ခွန်းမျှ ပြောမနေခဲ့ဘဲ တတ်ကျွမ်းထားကြသည့် မှော်ပညာရပ်အသီးသီးကို ထုတ်သုံး၍ အားကောင်းလှသည့် မှော်ဆရာရီအောင်းအား တိုက်ခိုက်လိုက်ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၂၉)

ဘာသာပြန်သူ_တိမ်တိုက်

ဤသို့ဖြင့် မှော်ဆရာသုံးပါးမှာ စတင်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့သည်။

“ဘုန်း… ဘုန်း… ဘုန်း…”

မီးတောက်ကလန်နှင့် လေပြင်းကလန်တို့မှ သုံးရာသော လူများမှာလည်း ရောက်ရှိလို့လာခဲ့ကြသည်။ ကလန်နှစ်ခုမှ မြားသမားများမှာ ကျောက်နံရံများပေါ်သို့ တက်၍ မြားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်ကာ အရိုးဝါးမျိုခြင်းကလန်သားများ၏ အသက်ကို တစ်သက်ပြီးတစ်သက် ချွေယူနေခဲ့လေသည်။

အပြင်ရော အတွင်းပါ အလစ်ငိုက် ချောင်းမြောင်းတိုက်ခိုက်မှုအောက်တွင် အရိုးဝါးမျိုခြင်းကလန်သားများမှာ လုံးဝကို သတိလက်လွတ် ဖြစ်သွားခဲ့ရလေသည်။ အိပ်နေရာမှ ရုတ်တရက်ကြီး လန့်နိုးလာကာ တိုက်ပွဲထဲသို့ ပြေးဝင်လာရသည့် အတွက်ကြောင့် အရိုးဝါးမျိုခြင်းကလန်သားများမှာ ၎င်းတို့၏ တိုက်ပွဲစွမ်းရည်ကို အပြည့်အဝ ထုတ်မသုံးနိုင်ကြတော့ချေ။ အတော်များများမှာ တိုက်ခိုက်ရင်း ဒဏ်ရာရသွားကြသလို သေဆုံးကုန်ကြရလေသည်။

တစ်ခဏကြာပြီးသည့်နောက်မှသာ ရက်စက်ကြမ်းကြုတ်သွေးဆာလှသည့် အရိုးဝါးမျိုခြင်းကလန်သားများ အသိပြန်ဝင်လာကြတော့သည်။ နေရာအနှံ့ ပြန့်ကျဲနေကြသော အယောက်နှစ်ဆယ်နီးပါး မှော်ဆရာတို့သည် မှော်မန္တန်များကို ရွတ်ဆို၍ သူတို့၏ကလန်သားများကို အမျိုးမျိုးသော မှော်ပညာရပ်များဖြင့် အားဖြည့်ပေးကြတော့သည်။

မကြာမီ ရာနှင့်ချီသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင် အဖွဲ့နှစ်ဖွဲ့မှာ စတင်၍ တိုက်ခိုက်ကြတော့လေသည်။

အလွန်ပြင်းထန်သည့် တိုက်ပွဲအောက်ဝယ် မြေပြင်သည်ပင် တသိမ့်သိမ့် တုန်ခါနေရသည်။

သွေးများ နေရာအနှံ့ ပြန့်နေခဲ့ပြီး အလောင်းများမှာလည်း မြေပြင်အနှံ့ ပြန့်ကျဲနေခဲ့လေသည်။ တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် နှစ်ဖက်စလုံးတွင် အကျအဆုံးများ ရှိလာခဲ့ကြသည်။

ရန်ကိုင်သည် ကောင်းကင်ထက်ရှိတိုက်ပွဲကို ကြည့်မနေတော့ဘဲ ပရမ်းပတာဖြစ်နေသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကြားတိုက်ပွဲကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကျုံ့နေရင်းမှ ချက်ချင်းဆိုသလို အရိုးဝါးမျိုခြင်းကလန်သားများအပေါ်၌ ပြန်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် အနန္တဓါးကို ဝှေ့ယမ်း၍ ဓါးအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။

ဓါးအလင်းတန်းတစ်ချက် ထွက်ပေါ်လာပြီးသည့်နောက်တွင် အရိုးဝါးမျိုခြင်းကလန်သားများ ရှိနေသည့် မြေပြင်ထက်တွင် ဧရာမပြတ်ရှရာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုပြတ်ရှရာအတွင်း ရှိနေသော အရိုးဝါးမျိုခြင်းကလန်သားအားလုံးမှာတော့ ဓါးအလင်းတန်းအောက်ဝယ် သေကြေကုန်ကြရလေသည်။

ထိုအဖြစ်အပျက်ကြောင့် လူတိုင်း အပေါ်သို့ မော့ကြည့်လာခဲ့လေ၏။ အရိုးဝါးမျိုခြင်းကလန်သားများ၏ မျက်လုံးထဲတွင်တော့ ကြောက်ရွံ့ရိပ်တို့ကို အထင်းသား မြင်တွေ့နေရလေသည်။ မီးတောက်ကလန်နှင့် လေပြင်းကလန်တို့မှ လူများမှာလည်း ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်နေကြသည်။ ဤအားနည်းပုံပေါက်သော လူငယ်လေးသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားကြချေ။

“ရွှစ်…”

အောက်ဘက်ဆီမှ သွေးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းသည် သွေးမြွေတစ်ကောင်အဖြစ်သို့ ပြောင်းကာ ရန်ကိုင်အား ကိုက်ချလာခဲ့လေသည်။

ဤသည်မှာ အရိုးဝါးမျိုခြင်းကလန်မှ မှော်ဆရာ ထုတ်သုံးလိုက်သော မှော်ပညာရပ်သာ ဖြစ်လေသည်။ သွေးမြွေကို ကြည့်လိုက်ရုံဖြင့် သွေးမြွေသည် အလွန်ကိုမှ အဆိပ်ပြင်းမှန်း သိနိုင်ပေသည်။ ကိုက်ခံလိုက်ရမည်ဆိုပါက သက်သာလိမ့်မည်မဟုတ်။ သို့သော်ငြား ရန်ကိုင်ကမူ သွေးမြွေအား တစ်ချက်ပင်မကြည့်ဘဲ မီးတောက်ကလန်နှင့် လေပြင်းကလန်သားများ၏ ထိတ်လန့်ကြောက်ရွံ့နေသည့် အကြည့်အောက်တွင် သူ့ဆီသို့ တိုးဝင်လာနေသည့် သွေးမြွေအား လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်လေသည်။ ထို့နောက် သူ့လက်အား တင်းတင်းဆုပ်ချလိုက်ရာ သွေးမြွေမှာ သွေးအိုင်အဖြစ်သို့ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေ၏။

တစ်ချိန်တည်း၌ အရိုးဝါးမျိုခြင်းကလန်သားများထဲတွင် ရှိနေသော မှော်ဆရာတစ်ဦးမှာ ရုတ်တရက် ညီးတွား၍ သွေးတစ်ပွက် ထိုးအန်ချလေသည်။

ထိုသွေးမြွေကို ဤမှော်ဆရာမှ သူ၏သွေးအဆီအနှစ်ကိုသုံးကာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ သွေးမြွေအား ဖျက်ဆီးလိုက်သည့်အခါ ဘေးထွက်ဆိုးကျိုးကို တန်ပြန်ခံစားလိုက်ရခြင်း ဖြစ်လေသည်။

ဤမှော်ဆရာမှာ အတော်လေးကိုမှ ပါးသည်ဟု ပြော၍ရသည်။ သူ့သွေးမြွေကို ရန်ကိုင်မှ အလွယ်တကူ ဖျက်ဆီးလိုက်သည်ကိုမြင်သော် ရန်ကိုင်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း သိလိုက်ကာ ချက်ချင်းပဲ လူအုပ်ထဲ၌ ပြေးပုန်းရန် ကြိုးစားခဲ့လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်ကတော့ ထိုမှော်ဆရာကို မြင်ပြီးသွားခဲ့လေပြီ။ ထို့ကြောင့် အနန္တဓါးကို လှံတစ်ချောင်းနှယ် သုံးကာ ထိုမှော်ဆရာဆီသို့ ပစ်ချလိုက်လေသည်။ အနန္တဓါးသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ လူအုပ်ကြီးထဲသို့ တိုးဝင်သွားပြီး အရိုးဝါးမျိုခြင်းကလန်မှ မှော်ဆရာ၏ ရင်ဘတ်တည့်တည့်သို့ ဖောက်ဝင်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့ဓါးကို ပြန်ဆွဲယူလိုက်လေသည်။

ကံမကောင်းအကြောင်းမလှသည့် လမ်းတွင်ပိတ်ရပ်နေသော အရိုးဝါးမျိုခြင်းကလန်သားများမှာမူ ထိုမှော်ဆရာလမ်းစဉ်နောက်သို့ လိုက်သွားခဲ့ရလေသည်။

ရန်ကိုင်ပစ်မှတ်ထားသည့် မှော်သခင်မှာလည်း မလွတ်မြောက်နိုင်ခဲ့ချေ။ မှော်ဒိုင်းကာကို ထုတ်သုံးထားခဲ့သည့်တိုင် အနန္တဓါးသည် မှော်ဒိုင်းကာအား လွယ်လင့်တကူ ထိုးဖောက်သွားနိုင်ခဲ့လေသည်။

ရန်ကိုင်ထုတ်ပြသွားသည့် စွမ်းအားကို မြင်ပြီးသည့်နောက် အရိုးဝါးမျိုခြင်းကလန်သားများ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်ရွံ့တကြီး စိုက်ကြည့်ရင်း နောက်သို့ ဆုတ်လိုက်ကြလေသည်။

သူတို့၏မှော်သခင်များကိုပင်လျှင် အလွယ်တကူသတ်ပစ်နိုင်သော ဤလူကို မည်သူကများ တားဆီးနိုင်ပါဦးမည်နည်း။ မှော်ဆရာရီအောင်းတစ်ယောက်သည်သာ သူ့အား တားနိုင်ပေလိမ့်မည်။ သို့သော်ငြား မှော်ဆရာရီအောင်းမှာ ကျင့်ကြံသူနှစ်ဦးနှင့် အလုပ်ရှုပ်နေသဖြင့် သူတို့အား လာမကူညီပေးနိုင်ပေ။

“တိုက်ကြ…”

ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဆုတ်နေကြသော အရိုးဝါးမျိုခြင်းကလန်သားများကိုကြည့်ရင်း မီးတောက်ကလန်သားများနှင့် လေပြင်းကလန်သားများသည် ဒေါမာန်တကြီးအော်ဟစ်၍ ပြေးတက်သွားကြလေသည်။

ရန်ကိုင်ကိုကြောက်နေကြသည့်အတွက်ကြောင့် အရိုးဝါးမျိုခြင်းကလန်သားများမှာ တိုက်ပွဲအပေါ် အပြည့်အဝ အာရုံမစိုက်နိုင်ကြတော့လေရာ အရေအတွက်သာနေသည့်တိုင် အသာစီးမရဘဲ နောက်သို့သာ တရစပ် ဆုတ်သွားခဲ့ရလေသည်။

ရန်ကိုင်သည် လူအုပ်ကြီးထဲတွင် ရှိနေသော ရအား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အခြားတစ်နေရာဆီသို့ ပြေးထွက်သွားလေသည်။

ရန်ကိုင်သည် အရိုးဝါးမျိုခြင်းကလန်သားများကို စိတ်ဓာတ်ကျအောင်လုပ်၍ မီးတောက်ကလန်နှင့် လေပြင်းကလန်တို့အတွက် အသာရအောင် လုပ်ပေးခဲ့ပါသော်ငြား အရိုးဝါးမျိုခြင်းကလန်သားများ၏ အရေအတွက်မှာ အလွန်ကိုမှ များပြားနေပေသေးသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူတို့အဖွဲ့ အသာရလိမ့်မည်ဟု ရန်ကိုင်မထင်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ပို၍အရေးကြီးသည့် ကိစ္စတစ်ခုကို လုပ်ရပေတော့မည်။

မကြာမီ ရန်ကိုင်သည် ယခင်က ရောက်လာခဲ့ဖူးသော ကျောက်ခံတပ်၏ တစ်နေရာဆီသို့ ရောက်လာခဲ့သည်။ အရိုးဝါးမျိုခြင်းကလန်သားများမှာ တိုက်ပွဲအပေါ် အာရုံစိုက်နေသည့်အတွက်ကြောင့် ဤနေရာကို မည်သူမျှ စောင့်ကြပ်နေခြင်းမရှိကြ။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် ကျောက်ခံတပ်၏ တစ်ခုသော နေရာ၌ မြေအောက်ထဲသို့ ဦးတည်နေသည့် ဝင်ပေါက်ကို ရှာတွေ့သွားခဲ့လေသည်။ ရန်ကိုင်သည် ထိုဝင်ပေါက်ကို ဖျက်ဆီး၍ လှေကားထစ်များအတိုင်း အောက်သို့ အမြန် ဆင်းလာခဲ့လိုက်သည်။

မြေအောက်လိုဏ်ခေါင်းထဲသို့ လှေကားထစ်များအတိုင်း ဆင်းလာလိုက်သည်နှင့်တစ်ပြိုင်နက် အောက်သိုးသိုးအနံ့တစ်ခုကို ရန်ကိုင် ရလိုက်သည်။ ထို့အပြင် သူ့ရှေ့တည့်တည့်ဆီမှ မှိန်ဖျဖျမီးရောင်တို့ တောက်နေသည်ကိုလည်း လှမ်းမြင်လိုက်ရသေးသည်။ မကြာမီတွင် ရန်ကိုင်သည် မြေအောက်အကျဉ်းစခန်းနှင့် ဆင်တူသည့် နေရာတစ်ခုဆီသို့ ရောက်လာခဲ့၏။ ရန်ကိုင်၏ခြေသံကြောင့် အကျဉ်းခန်းကို စောင့်ကြပ်နေကြသည့် အရိုးဝါးမျိုခြင်းကလန်သားများ ထိတ်လန့်သွားခဲ့ကြလေသည်။

“ဘယ်သူလဲကွ…” အစောင့်များအနက်မှ တစ်ဦးက မေးလိုက်လေသည်။

ရန်ကိုင်သည် ပြန်မဖြေခဲ့ဘဲ ရှေ့သို့သာ သွားနေခဲ့လေသည်။

“ဘယ်သူလဲလို့ မေးနေတယ်လေ…” အစောင့်မှာ အတော်လေးကိုမှ ဒေါသကြီးသည့်အလား စိတ်မရှည်ဟန်ဖြင့် ထအော်လေသည်။

သူပြန်ရရှိလိုက်သည်မှာတော့ အမှောင်ရိပ်ထဲ တိုးကာ ထွက်ပေါ်လာသည့် အေးစက်စက်အလင်းတစ်ချက်ပင်။

ရန်ကိုင်သည် အကျဉ်းခန်းအား စောင့်ကြပ်နေသည့် အစောင့်အား ဖြတ်လျှောက်သွားခဲ့သည်။ ရန်ကိုင် သူ့နားမှဖြတ်သွားသည်နှင့် တစ်ပြိုင်နက် ထိုအစောင့်၏ခေါင်းမှာလည်း ကိုယ်နှင့် အိုးစားကွဲရတော့လေသည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ယာယီမျှ တုန်ရီနေပြီးသည့်နောက် မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားခဲ့လေသည်။ ထို့နောက် သွေးများ ရေပန်းသဖွယ် ပန်းထွက်လာခဲ့လေ၏။

ထိုရုတ်တရက်အဖြစ်အပျက်သည် အကျဉ်းခန်းအား စောင့်နေကြပ်သည့် အခြားသော အရိုးဝါးမျိုခြင်းကလန်သားများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် အနန္တဓါးသည် သေမင်းတံစဉ်နှယ် သူတို့၏အသက်ကို ခြွေယူသွားခဲ့လေသည်။

အနန္တဓါးကို သူ့ဆီသို့ ပြန်ဆွဲယူလိုက်ပြီးသည့်နောက် မြေအောက်အကျဉ်းစခန်းအား ဝေ့ကြည့်လိုက်ရာ အကျဉ်းခန်းများစွာကို တွေ့လိုက်ရလေသည်။ အကျဉ်းခန်းတစ်ခုချင်းစီတိုင်းတွင် လူပေါင်းများစွာဖြင့် ပြည့်နေလေသည်။

ထိုစဉ် ရင်းနှီးသည့်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “အားညိုလား…”

အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အားဟူကို ရန်ကိုင် တွေ့လိုက်ရသည်။

“အစ်ကိုအားညိုလား…”

“အစ်ကိုအားညို ဒီကိုရောက်နေတာလား…”

“အားညို ငါတို့ကို လာကယ်ပြီကွ…”

တောင်ပြာရွာမှာ ရွာသားများမှာ ဝမ်းသာအားရဖြင့် တစ်ယောက်ပြီးတစ်ယောက် ထအော်ကြတော့လေသည်။

ရန်ကိုင်လည်း သူ၏မှော်စွမ်းအားကို လှည့်ပတ်၍ သံတိုင်များကို ဖျက်ဆီးပစ်လိုက်လေသည်။ အကျဉ်းသားများကို လွှတ်ပေးပြီးသည့်နောက် လူအုပ်ကြီးထဲ လှည့်ပတ်ကြည့်လိုက်ရာ ရွာသူကြီးကိုမတွေ့ရသဖြင့် မျက်မှောင်ကျုံ့၍ မေးလိုက်သည်။ “ရွာသူကြီးရော…”

ရန်ကိုင်မှ ထိုကဲ့သို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် တောင်ပြာရွာသားများ၏အမူအယာ သုန်မှုန်သွားခဲ့ကြလေသည်။

ရန်ကိုင် အားဟူဆီသို့ လှမ်းကြည့်လိုက်သည်။

အားဟူက ခေါင်းငုံ့လျက် ပြန်ပြောလိုက်သည်။ “ရွာသူကြီးက အဲ့ကောင်တွေနှိပ်စက်တာကို မခံနိုင်လို့ လမ်းတစ်ဝက်မှာတင် သေသွားတယ်…”

ရန်ကိုင်မှာ ဘာမှပြန်မပြောခဲ့ပါသော်ငြား သူ့အရှိန်အဝါမှာတော့ အရိုးခိုက်မတတ် အေးစက်နေခဲ့လေသည်။

အားဟူသည် ရန်ကိုင်အား မျက်ထောင့်နီကြီးများဖြင့် ကြည့်၍ ပြန်ပြောလိုက်သည်။ “အားညို… ငါ လက်စားပြန်ချေချင်တယ်…”

“ဟုတ်တယ်… ရွာသူကြီးအတွက် လက်စားပြန်ချေရမယ်…”

တောင်ပြာရွာမှ ရွာသားများသည် အံကိုတင်းတင်းကြိတ်ရင်း အော်ပြောလိုက်လေသည်။

ရန်ကိုင်သည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ခေါင်းညိတ်ပြလိုက်လေ၏။

အကျဉ်းသားများ လွတ်လာပြီးသည့်နောက်တွင် အခြားသော အဖွဲ့နှစ်ဖွဲ့မှ လူနှစ်ဦး ထွက်လာခဲ့လေသည်။ ထိုနှစ်ဦးမှာ မီးတောက်ကလန်နှင့် လေပြင်းကလန်တို့၏ ခေါင်းဆောင်များ ဖြစ်ကြသည့်ပုံပင်။ သူတို့မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဖြတ်၍ ပြောလိုက်လေသည်။ “မှော်ဆရာချီနဲ့ မှော်ဆရာကျုတို့လည်း ရောက်နေကြတယ်… ခင်ဗျားတို့ကလန်သားတွေအကုန်လုံး အခုလောလောဆယ် အရိုးဝါးမျိုခြင်းကလန်သားတွေနဲ့ တိုက်ခိုက်နေကြတာ… ခင်ဗျားတို့ သွားကူညီပေးမှဖြစ်မယ်…”

“မှော်ဆရာချီ ရောက်နေတာလား…”

“မှော်ဆရာကျုလည်း ရောက်နေတာလား…”

ထိုသတင်းကို ကြားလိုက်သည့်အခါ ကလန်နှစ်ခုစလုံးမှ ကလန်သားများ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြလေသည်။ သူတို့ကလန်များမှ မှော်ဝိဇ္ဇာများ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် ကလန်သားများအားလုံး ပို၍ ယုံကြည်ချက်ရှိလာကြတော့သည်။

“အားဟူ… အကုန်လုံးကို တိုက်ခိုက်ဖို့ခေါ်သွားလိုက်… အရိုးဝါးမျိုခြင်းကလန်သားတွေကို လုံးဝလွှတ်ပေးလို့မရဘူး…”

“ဟုတ်တယ်… ဒီနေ့ ငါတို့ အရိုးဝါးမျိုခြင်းကလန်ကဘယ်ကောင်ကိုမှ အရှင်မထားဘူး…”

“ဘယ်ကောင့်ကိုမှ ညှာတာနေလို့မရဘူးကွ…” လူတိုင်း အော်ဟစ်လိုက်ကြလေသည်။

ရန်ကိုင်သည် မှော်မန္တန်တစ်ခုကို ရွတ်ဆို၍ မှော်ပညာရပ်များကို ရာနှင့်ချီသော ကလန်သားများအပေါ် ထုတ်သုံးပေးလိုက်လေသည်။ ထိုအဖြစ်အပျက်ကြောင့် ကလန်သားအားလုံး အံ့အားသင့်သွားကုန်ကြရလေသည်။

အထူးသဖြင့် အားဟူနှင့် တောင်ပြာရွာမှ ရွာသားများပင်။ အားညို မှော်ဆရာတစ်ဦးမှန်း သူတို့သိပါသော်ငြား မှော်ဆရာတစ်ဦးမှ ရာနှင့်ချီသော ရွာသားများအား အမျိုးမျိုးသော မှော်ပညာရပ်များဖြင့် အားဖြည့်ပေးသည်ကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထို့အပြင် ယခု အားညိုထုတ်သုံးလိုက်သော မှော်ပညာရပ်များသည် သူတို့၏ရွာသူကြီး အသုံးပြုခဲ့သည့် မှော်ပညာရပ်များထက်ပင် ပို၍ အားကောင်းနေကြောင်း တွေ့ရှိလိုက်ရသည်။

အရှင်းဆုံးပြောရသော် အားညိုထုတ်သုံးလိုက်သည့် သွေးလောင်ကျွမ်းခြင်းပညာရပ်သည် သူတို့အား ယခင်နှင့်မတူသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။ လက်ရှိ သူတို့၏ အားနည်းလှသော ခန္ဓာကိုယ်ထဲ အဆုံးမဲ့စွမ်းအားတို့ ပြည့်နှက်နေသည့်အလား။ လက်ရှိအချိန်၌ သူတို့ရှေ့တွင် ကျားတစ်ကောင်ရောက်လာမည်ဆိုလျှင်ပင် ထိုကျားကို လက်ဗလာဖြင့် တစ်စစီ ဆွဲဖြဲနိုင်လိမ့်မည်ဟု ခံစားနေကြရလေသည်။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံးမှာ အားညို မည်မျှပင် သန်မာလာပြီလဲဟု တွေးမိသွားကြလေသည်။

သို့ရာတွင် တိုက်ပွဲမှာ စနေပြီဖြစ်သည့်အတွက်ကြောင့် ထိုကိစ္စများကို ထိုင်စဉ်းစားနေရန် အချိန်မရှိပေ။

ရန်ကိုင်သည် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေ၏။ “ကဲ… အကုန်လုံး သွားပေတော့…”

အားဟူသည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ပြီး ရာနှင့်ချီသော ကလန်သားများနှင့်အတူ အပေါ်သို့ ပြေးတက်သွားကြလေသည်။

ရန်ကိုင်သည် အကျဉ်းစခန်းထဲတွင်သာ ရပ်၍ မျက်လုံးကိုပိတ်ကာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံစက်ကွင်းထဲ မီးတောက်ကလန်နှင့် လေပြင်းကလန်တို့မှ မှော်ဆရာနှစ်ဦးနှင့် တိုက်ခိုက်နေသည့် မှော်ဆရာရီအောင်း ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် အပေါ်တည့်တည့်ကို ဓါးဖြင့်ချိန်ရွယ် အပေါ်သို့ ပျံသန်းသွားခဲ့သည်။ ရန်ကိုင်၏ဓါးသွား ဖြတ်သန်းသွားရာတစ်လျှောက်တွင်ရှိနေသော မြေပြင်တစ်ခုလုံး ပြိုကျသွားခဲ့ရလေသည်။ ထိုသို့ဖြင့် မြေပြင်ထက်ဆီမှ မြေအောက်အကျဉ်းစခန်းရှိနေသည့် နေရာဆီသို့ ဦးတည်နေသည့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်ကမူ ထိုအပေါက်ထဲမှ သူ့ကိုယ်သူ ဓါးအလင်းတန်းဖြင့် လွှမ်းခြုံ၍ ပျံထွက်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် မှော်ဝိဇ္ဇာနှစ်ပါးနှင့် တိုက်ခိုက်နေသော မှော်ဆရာရီအောင်းမှာ ရုတ်တရက်ဆိုသလို သေခြင်းတရားအငွေ့အသက်တို့ကို ခံစားမိလိုက်သည့်အတွက်ကြောင့် နိုးနိုးကြားကြား ဖြစ်သွားခဲ့ရလေသည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ မသက်မသာ ခံစားနေခဲ့ရသည်။

မှော်ဆရာရီအောင်း အလစ်အငိုက်မိသွားသည်ကို အခွင့်ကောင်းယူလျက် အောက်စည်းသို့ ရောက်နေသော မှော်ဆရာချီသည် ချက်ချင်း နောက်သို့ ခုန်ဆုတ်ကာ သူ့ကိုယ်ပတ်လည်၌ ရောင်စုံမှော်ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်လေသည်။ သူ့နဖူးထက်တွင်တော့ ချွေးအေးများ မိုးသီးမိုးပေါက်နှယ် ကျနေခဲ့လေသည်။

ယခုအခိုက်အတန့်လေးသည် သူ့အတွက် အလွန်ကိုမှ အန္တရာယ်များခဲ့ရသည်။ အစကတော့ မှော်ဆရာကျုနှင့်သာ အတူပူးပေါင်းလိုက်မည်ဆိုလျှင် မှော်ဆရာရီအောင်းကို မသတ်နိုင်လျှင်ပင် ထိန်းထားနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့လေသည်။ မှော်ဆရာညိုသည်သာ ဖမ်းဆီးထားခံရသည့် သူတို့၏ကလန်သားများကို သွားလွှတ်ပေးနိုင်မည်ဆိုပါက သူတို့ဘက်မှ လူအင်အားမသာသည့်တိုင် ဓါးစာခံများကို ကယ်ဆယ်ပြီး လုံလုံခြုံခြုံဖြင့် ပြန်ဆုတ်လာနိုင်ပေလိမ့်မည်။

ယခုတစ်ကြိမ် သူတို့ ကျောက်တုံးခံတပ်အား ကျူးကျော်ရခြင်းမှာ လူကယ်ရန်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် မလိုအပ်ပါက အရိုးဝါးမျိုခြင်းကလန်နှင့် တိုက်ခိုက်ပြီး အချိန်ကုန်မခံချင်ပေ။ သို့သော်ငြား တိုက်ပွဲစလိုက်သည့်အခါမှသာလျှင် တစ်ဖက်လူအား အထင်သေးမိသွားကြောင်း မှော်ဆရာချီ နားလည်သွားခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၃၀)

ဘာသာပြန်သူ_တိမ်တိုက်

ရီအောင်းသည် သူတို့ထက် အဆင့်တစ်ဆင့် ပိုမြင့်သည့် အလယ်အလတ်အဆင့် မှော်ဝိဇ္ဇာတစ်ဦးသာ ဖြစ်ပါသော်ငြား ရီအောင်း၏ခွန်အားမှာ မှော်ဆရာချီထင်ထားသည်ထက် ပိုမိုမြင့်မားနေခဲ့လေသည်။ သူနှင့် မှော်ဆရာကျုတို့ အတူပူးပေါင်း တိုက်ခိုက်သည့်တိုင် ရီအောင်းအပေါ် အသာစီးမရခဲ့ချေ။

ထိုသို့ဖြစ်ရခြင်းမှာ ရီအောင်း၏ မှော်လက်နက်ကြောင့်လည်း ပါပေသည်။ ရီအောင်း၏မှော်လက်နက်ဖြစ်သော ဘူးသီးခြောက်သည် သွေးပင်လယ်တစ်ခုကို ထုတ်လွှတ်နိုင်သည်။ ထိုသွေးပင်လယ်သည် အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှပြီး မှော်ဆရာကျုနှင့် မှော်ဆရာချီတို့မှာ သွေးပင်လယ်ထဲ ပိတ်မိသွားသည့်အတွက်ကြောင့် သူတို့ခွန်အား၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်သုံးနိုင်တော့သည်။ ထိုသို့သာမဟုတ်ပါက ဤမျှ အကြပ်ရိုက်နေကြလိမ့်မည် မဟုတ်ချေ။

ရီအောင်းကိုယ်တိုင်ကလည်း သူတို့နှစ်ဦးကို တစ်ပြိုင်တည်းရင်ဆိုင်ရန် စဉ်းစားမထားသည်မှာ အသိသာကြီးပင်။ မှော်ဆရာကျုအား သွေးပင်လယ်နှင့် အလုပ်ရှုပ်နေစေချိန်တွင် ရီအောင်းသည် မှော်ဆရာချီအား တရစပ်ဖိအားပေးကာ တိုက်ခိုက်ခဲ့သည်။ ထို့အတွက်ကြောင့် တိုက်ပွဲစပြီး မကြာခင်မှာပင် မှော်ဆရာချီမှာ ကျဉ်းထဲကျပ်ထဲ ရောက်သွားရတော့လေသည်။ ရီအောင်းသည် တိုက်ခိုက်နေရင်းမှ ရုတ်တရက်ကြီးဆိုသလို သူ့တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည့်အတွက်ကြောင့်သာ မဟုတ်ပါက မှော်ဆရာချီအနေဖြင့် မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရနေလောက်ပေပြီ။

(သူဘာဖြစ်လို့ ရုတ်တရက်ကြီး ရပ်လိုက်တာလဲ…) ရီအောင်း ဘာကြောင့် ထိုကဲ့သို့လုပ်လိုက်မှန်း မှော်ဆရာချီနားမလည်။ သို့သော်ငြား ရီအောင်း ဘာကြံနေမှန်းကိုလည်း မသိသည့်အတွက်ကြောင့်‌ မှော်ဆရာကျုအနားသို့သာ ပြန်ဆုတ်သွားပြီး အဝေးမှသာ စောင့်ကြည့်နေလေသည်။

သို့သော်ငြား မကြာမီ ရီအောင်း ဘာကြောင့် တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်သလဲ ဆိုသည်ကို နားလည်သွားခဲ့ရသည်။

အကြောင်းမှာ အလွန်ကိုမှ ထက်ရှလှသည့် အရှိန်အဝါတစ်ရပ်သည် သွေးပင်လယ်ထဲသို့ ဖောက်ဝင်လာသည့် အတွက်ကြောင့်ပင်။ ထိုအရှိန်အဝါမှာ သူတို့အား ပစ်မှတ်ထားနေခြင်း မဟုတ်ပါသော်ငြား မှော်ဆရာချီ၏ ဝိဉာဉ်မှာတော့ တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။ ရီအောင်းကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော အရှိန်အဝါမျိုးနှင့် ရင်ဆိုင်ရသည့်အခါ လွယ်ကူနေလိမ့်မည်မဟုတ်လောက်ဟု မှော်ဆရာချီ ခန့်မှန်းမိပေသည်။

သူထင်ထားသည့်အတိုင်းပင် သူတို့နှင့် ရင်ဆိုင်ရစဉ်က အေးအေးဆေးဆေးသာ ရှိနေခဲ့သော ရီအောင်းသည် ရုတ်တရက်ဆိုသလို သူ၏ သဘာဝရန်သူအား ရင်ဆိုင်လိုက်ရသလို ဖြစ်သွားခဲ့လေသည်။ သူ့ကြည့်ရသည်မှာ အတော်လေးကိုမှ စိုးရိမ်နေခဲ့ပြီး မန္တန်များကိုလည်း အဆက်မပြတ် ရွတ်ဆိုနေခဲ့သည်။

သွေးပင်လယ်မှာ စတင်၍ လှိုင်းထန်လာခဲ့ပြီး လှိုင်းလုံးများမှာ အတူတကွ စုဝေးသွားခဲ့ရာ မကြာမီတွင် ဝဲကတော့ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ တောင်နဲ့မြစ်များကိုပင်လျှင် တစ်စစီဖြစ်အောင် လုပ်နိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်မှာ ထိုသွေးဝဲကတော့ကြီးဆီမှ ဖြာထွက်နေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချီမှာ ကြောက်လန့်တကြားဖြင့် သက်ပြင်းတစ်ရှိုက် ရှူသွင်းမိလိုက်သည်။

ရီအောင်းသည် ခွန်အားကြောင့်တော့မဟုတ်။ တကယ်တော့ ရီအောင်းသည် အလယ်အလတ်အဆင့် မှော်ဝိဇ္ဇာတစ်ဦးသာလျှင် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ရီအောင်းအားကောင်းသည်ဆိုလျှင်ပင် သူတို့ထက် မည်မျှများ ပို၍အားကောင်းနိုင်ပါမည်နည်း။ အဓိကပြဿနာမှာ ရီအောင်း၏ မှော်လက်နက်ပင် ဖြစ်လေသည်။ ရီအောင်း၏ သွေးဘူးသီးခြောက်မှာ မှော်ဝိဇ္ဇာများတွင်သာလျှင် ရှိနိုင်သည့် မှော်လက်နက်တစ်ခု ဖြစ်ပေသည်။ ထိုမှော်လက်နက်ကို ရီအောင်းအနေဖြင့် မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ပါးဆီမှ ရထားခြင်း ဖြစ်လောက်ပေသည်။ ထိုအချက်ကို စဉ်းစားလိုက်မိသော် မှော်ဆရာချီ ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။

သူ့အနေဖြင့် ဘာကိုမှ မစဉ်းစားနိုင်သေးခင်မှာပင် ထက်ရှသည့် အရှိန်အဝါတစ်ရပ်သည် သွေးပင်လယ်အား လာရောက်တိုက်ခိုက်လေသည်။ သွေးပင်လယ်နှင့် ထိုအရှိန်အဝါတို့ ထိပ်တိုက်တွေ့ဆုံရာမှ ပြင်းထန်သည့် စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့သည်။ မရေမတွက်နိုင်သော ဓါးချီများ လေထဲမှ ဗြုန်းစားကြီး ထွက်ပေါ်လာခဲ့ပြီး သွေးပင်လယ်ထဲသို့ တိုးဝင်လာခဲ့လေရာ သွေးရည်ပေါင်းများစွာမှာ အငွေ့ပျံသွားခဲ့ရလေသည်။

ထိုအချင်းအရာကိုမြင်သော် မှော်ဆရာချီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ သူတို့အား မည်သူလာကူညီမှန်း မသိသလို လာရောက်ကူညီသည့်လူ၏ စွမ်းအားကြောင့် အံ့ဩသွားခဲ့ရပါသော်ငြား ယခုအချိန်သည် မှော်ဆရာရီအောင်းအား တိုက်ခိုက်ရမည့် အကောင်းဆုံးအချိန်မှန်း သိလိုက်လေသည်။ ချက်ချင်းပဲ မှော်ဆရာကျုနှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။ ထို့နောက်တွင် နှစ်ဦးစလုံးမှာ မှော်မန္တန်များကို ရွတ်ဆို၍ သူတို့၏ မှော်လက်နက်များကိုသုံးကာ ရီအောင်းဆီသို့ ပြေးဝင်သွားကြလေသည်။

သွေးပင်လယ်မှာ နောက်တစ်ကြိမ် လှိုင်းထန်လာခဲ့ပြီး ရီအောင်း၏ရှေ့တည့်တည့်၌ သွေးနံရံတစ်ခု ဖြစ်သွားခဲ့လေသည်။ မှော်ဆရာချီနှင့် မှော်ဆရာကျုတို့၏ မှော်လက်နက်များမှာ ထိုသွေးနံရံနှင့် သွားရောက် ထိမှန်ခဲ့လေ၏။ သို့သော်ငြား ရီအောင်းမှဖန်တီးလိုက်သည့် သွေးနံရံမှာ ဘာဆိုဘာမှ ဖြစ်သွားခဲ့ခြင်းမရှိဘဲ မှော်ဆရာချီနှင့် မှော်ဆရာကျုတို့၏ မှော်လက်နက်များသည်သာ ထိခိုက်သွားရလေသည်။

သို့သော်ငြား သူတို့၏တိုက်ခိုက်မှုကြောင့် မှော်ဆရာရီအောင်းမှာ သူတို့အပေါ် အာရုံစိုက်ရလေရာ အလွန်ကိုမှ အားကောင်းလှသည့် ဓါးအရှိန်အဝါကို ကောင်းကောင်း ခုခံနိုင်ခြင်း မရှိတော့ချေ။

သွေးပင်လယ်မှာ ရုတ်တရက် ပရမ်းပတာ ဖြစ်လာခဲ့ပြီး တစ်စစီ ပြန့်ထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သွေးပင်လယ်အတွင်းမှ ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူတစ်ဦးလည်း ပေါ်လာခဲ့လေသည်။ ပေါ်လာပြီးသည်နှင့် ထိုလူမှာ ဓါးကိုကိုင်စွဲ၍ ရီအောင်းအား ခုတ်ချလာခဲ့သည်။

ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ရီအောင်းမှာ အံ့အားသင့်သွားခဲ့ရသည်။ သို့သော်ငြား အနည်းငယ်မျှပင် တုံ့နှေးနေခြင်းမရှိဘဲ သူ့လက်ကိုဝှေ့ယမ်း၍ သွေးမြားများကို ဖန်တီးကာ သူ့ဆီသို့ တိုးဝင်လာနေသည့် ဓါးဆီသို့ ပစ်လွှတ်လိုက်လေသည်။

သွေးမြားများမှာ ဓါးအလင်းတန်းအား အမှန်တကယ်ကို တားဆီးနိုင်ခဲ့လေသည်။ သွေးမြားများ၏ တရစပ် တိုက်ခိုက်မှုအောက်တွင် ဓါးအလင်းတန်းမှာ တဖြည်းဖြည်း မှိန်ကျလာခဲ့ပြီးသည့်နောက် အဆုံးတွင် ဓါးအလင်းတန်းပျောက်ကွယ်သွားခဲ့ပြီး လူတစ်ဦး ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် သွေးပင်လယ်ထဲသို့ ဆင်း၍ ဘေးပတ်ဝန်းကျင်ကို အံ့အားသင့်တကြီးအမူအယာဖြင့် စစ်ဆေးကြည့်လိုက်သည်။

“မင်းပါလား…” မှော်ဆရာချီသည် ရန်ကိုင်အား ထိတ်လန့်တကြီးဖြင့် ကြည့်လိုက်လေသည်။ သူတို့အား လာရောက်ကူညီပေးသည့်လူမှာ တောင်ပိုင်းလူရိုင်းကလန်၏ မှော်သခင်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား သူသည် တကယ်ကြီး မှော်သခင်ရော ဖြစ်လေရဲ့လော။ ဘာကြောင့်များ ဤမျှ အားကောင်းနေရလေသနည်း။

မှော်ဆရာကျုသည်ပင်လျှင် သူမမျက်လုံးသူမ မယုံကြည်နိုင်သည့်အလား မျက်လုံးပြူးနေခဲ့လေသည်။

“မှော်သခင်လား…” ရီအောင်း မျက်မှောင်ကျုံ့သွားခဲ့သည်။ သူ့အား အလစ်အငိုက် လာရောက်ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်လူမှာ အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ပါး ဖြစ်လိမ့်မည်ဟု ထင်နေခဲ့ပါသော်ငြား ရန်ကိုင်အား သေချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် တစ်ဖက်လူသည် မှော်သခင်တစ်ဦးသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား မကြာမီတွင် ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ရန်ကိုင်၏ အနန္တဓါးအား လှမ်းကြည့်လိုက်လေသည်။

ဤမှော်သခင် အစောပိုင်းကကဲ့သို့ အားကောင်းလှသည့် ဓါးအရှိန်အဝါကို ထုတ်လွှတ်နိုင်ရခြင်းမှာ ဤဓါးကြောင့်မှန်း သူပြောနိုင်ပေသည်။ ဤဓါးသည် မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ဦးသည်ပင်လျှင် လျစ်လျူရှု၍မရသည့် အလွန်ကိုမှ အားကောင်းလှသော မှော်လက်နက်တစ်ခု ဖြစ်ရပေလိမ့်မည်။

ထိုအချက်ကိုနားလည်လိုက်သော် ရီအောင်း ရယ်သွမ်းသာ သွေးလိုက်တော့လေသည်။ သူ၏ သွေးပင်လယ်၏ အားအကောင်းဆုံးသောအချက်မှာ မှော်လက်နက်များကို တိုက်စားပစ်နိုင်ခြင်းပင်။ မှော်လက်နက်တစ်ခု မည်မျှပင်အားကောင်းနေစေကာမူ သူ့သွေးပင်လယ်နှင့် ထိတွေ့နေရပါက တဖြည်းဖြည်းနှင့် ထိခိုက်ပျက်စီးလာရပေလိမ့်မည်။

ထို့အတွက်ကြောင့် သူနှင့်တိုက်ခိုက်ရာတွင် မှော်လက်နက်ကိုအားကိုးမည်ဆိုပါက အလုပ်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။

သူသည်သာ ထိုဓါးအား တတိတိနှင့် တိုက်စားပစ်နိုင်မည်ဆိုလျှင် တစ်ဖက်လူအား ကြောက်နေစရာ လိုဦးမည်လား။ လူသုံးဦးကို ရင်ဆိုင်နေရမည်ဆိုလျှင်ပင် ထိုလူများ၌ အားကောင်းသည့်မှော်လက်နက်များ ရှိမနေပါက သူ့အနေဖြင့် တစ်ဖက်လူသုံးဦးစလုံးကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

သို့သော်ငြား မကြာခင်တွင် ရီအောင်း၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး သူ့ရှေ့တည့်တည့်အား အလွန်ကိုမှ ကြောက်ရွံ့နေသည့် အမူအယာဖြင့် ကြည့်လိုက်သည်။

အကြောင်းမှာ ရန်ကိုင်မှ သူ၏ အနန္တဓါးအား ရုတ်တရက် ဝှေ့ယမ်းချလိုက်ရာ ဓါးပေါ်တွင် စွန်းထင်းနေသည့် သွေးများ ပျောက်ကွယ်သွားသည့်အတွက်ကြောင့်ပင်။ ထက်ရှတောက်ပြောင်လှသည့် ဓါးတစ်စင်းလုံးမှာ အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့လေသည်။ ထိုလူငယ်လေး၏လက်ထဲတွင် ရှိနေသော ဓါးသည် သူ၏သွေးပင်လယ်နှင့် ထိသွားခဲ့ပါသော်ငြား ပျက်စီးသွားသည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ချေ။

(ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…) သူ့စိတ်ထဲ မင်သက်နေစဉ်မှာပင် ရန်ကိုင်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ရီအောင်းဆီသို့ ထပ်မံ၍ ပြေးဝင်လာခဲ့လေသည်။

“သတိထား…” မှော်ဆရာချီက လှမ်းအော်ပြောလိုက်သည်။ အစောပိုင်းက ရန်ကိုင်ထုတ်ပြသွားသည့် စွမ်းအားကြောင့် သူ့အနေဖြင့် လုံးဝကို မင်သက်သွားခဲ့ရပါသော်ငြား ရန်ကိုင်သည် မှော်သခင်တစ်ဦးသာ ဖြစ်သေးလေရာ ရီအောင်းဆီသို့ ယခုကဲ့သို့ ပြေးဝင်သွားပါက သူ့အနေဖြင့် မည်ကဲ့သို့များ အဆုံးသတ်ကောင်းနိုင်ပါမည်နည်း။

ရန်ကိုင်သည် သူ့ဆီသို့ တဇွတ်ထိုး ပြေးဝင်လာနေသည်ကိုမြင်သော် ရီအောင်းမှာ ဝါးလုံးကွဲအော်ရယ်မောလိုက်လေသည်။ ထို့နောက် သူ့လက်ကိုမြှောက်လိုက်ရာ သွေးပင်လယ်သည် နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး ဆူနာမီလှိုင်းလုံးနှယ် ရန်ကိုင်အား ဖုံးအုပ်သွားခဲ့လေသည်။

မှော်ဆရာချီမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ကြိတ်မနိုင်ခဲမရ ဖြစ်လာတော့လေသည်။ တောင်ပိုင်းလူရိုင်းကလန်မှ မှော်သခင်မှာ သူတို့အား လာကူညီပေးခဲ့ပါသော်ငြား ပထမပိုင်းတစ်ချက်တွင်သာ ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပြီးနောက် ဘာမှ ထိထိရောက်ရောက် လုပ်မပြနိုင်တော့‌ချေ။ ရီအောင်း၏သွေးပင်လယ်မှာ အစကတည်းက အားကောင်းနေခြင်း ဖြစ်လေသည်။ ယခု တောင်ပိုင်းလူရိုင်းကလန်၏ မှော်သခင်ကိုပါ ဝါးမျိုပစ်လိုက်သော် သွေးပင်လယ်၏စွမ်းအားမှာ ပိုပို၍ မြင့်မားလာရပေတော့မည်။ ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် ဤသွေးပင်လယ်ကြီးကို မည်ကဲ့သို့များ ရင်ဆိုင်ရပါတော့မည်နည်း။

(အခု ပြန်ဆုတ်မှပဲရတော့မယ်…) နှစ်ဦးစလုံး၏စိတ်ထဲ ထိုကဲ့သို့သောအတွေးမျိုး ထွက်ပေါ်လာကြတော့လေသည်။ ယခုနေသာထွက်မပြေးလျှင် သူတို့အနေဖြင့် ထွက်ပြေးရန် အချိန်ရတော့လိမ့်မည်မဟုတ်ချေ။ အောက်ဘက်ရှိ သူတို့လူများကိုမူ သူတို့နှစ်ဦးစလုံး ဂရုမစိုက်နိုင်တော့ချေ။ လက်ရှိအချိန်တွင် အသက်ရှင်ဖို့ရာသည် အရာအားလုံးထက် ပို၍အရေးကြီးပေသည်။

သူတို့စိတ်ထဲ ထိုကဲ့သို့ စဉ်းစားမိလိုက်ပြီး ထွက်ပြေးတော့မည်အပြု ရီအောင်း၏အမူအယာ တစ်မျိုးတစ်မည် ဖြစ်သွားခဲ့သောကြောင့် မှော်ဆရာချီမှာ ချက်ချင်း ထွက်မပြေးသွားတော့ချေ‌။

ပုံမှန်အားဖြင့် ရီအောင်းသည်သာ ထိုကဲ့သို့အားကောင်းသည့် ရန်သူတစ်ဦးကို ရှင်းထုတ်နိုင်လိုက်မည်ဆိုပါက ဝမ်းသာနေသင့်ပေသည်။ သို့သော်ငြား လက်ရှိ ရီအောင်း၏မျက်နှာထက် မည်သည့် ဝမ်းသာသည့် အရိပ်အယောင်ကိုမှ မမြင်တွေ့ရ။ ထို့အစား ထိတ်လန့်နေသည့် အရိပ်အယောင်ကိုပင်လျှင် တွေ့နေရသည်။

(ဘာတွေဖြစ်နေတာလဲ…)

ဘာကြောင့် ထိုကဲ့သို့ဖြစ်ရသလဲ သေချာ မစဉ်းစားရသေးခင်မှာပင် သွေးပင်လယ်ထဲမှ လူတစ်ဦး ခုန်ထွက်လာခဲ့လေသည်။ ထိုလူကိုယ်ပေါ်ရှိ တိရစ္ဆာန်အရေပြားအားလုံးမှာတော့ တိုက်စားခံရလို့ ပြောင်သွားခဲ့လေပြီ။ သို့သော်ငြား ထိုသေးသွယ်သွယ်လူငယ်လေး၏ ခန္ဓာကိုယ်ထက်၌ မည်သည့်ဒဏ်ရာကိုမှ မတွေ့ရ။ ထိုကောင်လေးသည် ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ရီအောင်းဆီသို့ လေအလျင်ပမာ ပြေးဝင်သွားခဲ့ပြီး ဓါးကိုကိုင်စွဲ၍ ခုတ်ချလိုက်လေသည်။

ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ရီအောင်းမှာလည်း သွေးပျက်မတတ် ကြောက်လန့်သွားခဲ့ရလေသည်။ တစ်ဖက်လူ၏ခုတ်ချက်သည် အလွန်ကိုမှ ရိုးရှင်းသည့် သာမန်ကာလျှံကာ ခုတ်ချက်တစ်ချက်မှန်း သိပါသော်ငြား သူ့အနေဖြင့် မည်သို့ပင် ကြိုးစားနေစေကာမူ ထိုခုတ်ချက်အား ရှောင်တိမ်း၍မရကြောင်း တွေ့ရှိလိုက်ရလေသည်။

ထို့အတွက်ကြောင့် သွေးအဆီအနှစ်တစ်စက်ကို လောင်ကျွမ်းပစ်၍ အတင်းအကြပ် နောက်ပြန်ဆုတ်လိုက်ရတော့သည်။

“ရွှစ်…”

သို့တိုင် ရီအောင်းမှာတော့ ဓါးချက်ကို အပြည့်အဝ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိဘဲ သူ့ဘယ်ဘက်လက်မောင်းမှာ ပြတ်ထွက်သွားခဲ့ပြီး သွေးပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့လေ၏။ သွေးပင်လယ်ကိုယ်တိုင်မှာလည်း ရီအောင်း၏ စိတ်ခံစားချက်အလိုက် ပို၍ ပြင်းထန်စွာ တုန်ခါလာခဲ့လေသည်။

“မင်း…” ရီအောင်းသည် ပြတ်ထွက်သွားသည့်သူ့လက်ကို ကျန်လက်တစ်ဖက်ဖြင့် ကိုင်ရင်းမှ ရန်ကိုင်အား ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း နောက်သို့ အလိုလို ဆုတ်သွားခဲ့ရသည်။

သွေးပင်လယ်ထဲသို့ ရောက်သွားပြီးသည့်တိုင် သူ့ပြိုင်ဘက် မည်သို့များ အသက်ရှင်နိုင်ရသေးသလဲ ဆိုသည်ကို ရီအောင်း မည်သို့မှ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ရီအောင်းမှ ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် အေးစက်စက်မျက်နှာတစ်ခု သူ့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုမျက်နှာသည် သူ့မျက်နှာနှင့် အလွန်ကိုမှ နီးကပ်လေရာ နှာခေါင်းချင်းထိခါနီးပင် ဖြစ်နေခဲ့သည်။

ရီအောင်းမှာ သွေးပျက်မတတ် ကြောက်ရွံ့သွားခဲ့ပြီး အလျင်စလို နောက်သို့ ဆုတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့ခြေထောက်အောက်၌ သွေးဝဲကတော့တစ်ခု ပေါ်လာပြီး ထိုသွေးဝဲကတော့ထဲသို့ ခုန်ဆင်းကာ သွေးပင်လယ်ထဲ၌ ပုန်းအောင်းရန် ကြိုးစားလိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် တစ်ဖက်လူ၏ ညာဘက်မျက်လုံးများ ရုတ်တရက်ဆိုသလို ရွှေရောင်တောက်လာခဲ့သည်။ ထို့နောက်တွင် အဝိုင်းပုံစံမျက်ဆံကြီးမှာ ဒေါင်လိုက်မျက်ဆံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် ထိုမျက်လုံးဆီမှ ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့လေရာ ထိုစွမ်းအားအောက်ဝယ် ရီအောင်း၏စိတ်ခံစားချက်အစုံမှာ လေးတိလေးကန် ဖြစ်သွားခဲ့ရလေသည်။

ထိုတစ်ခဏကြာမျှ သတိလက်လွတ် ဖြစ်သွားမှုသည် ရီအောင်း၏ပြေးလမ်းကို နှောင့်နှေးသွားစေခဲ့လေသည်။

ရန်ကိုင်သည် အနန္တဓါးကိုမြှောက်၍ ခုတ်ချလိုက်ရာ ရီအောင်း၏ ညာဘက်လက်မောင်း ပြတ်ထွက်သွားခဲ့ရသည်။

သူ့လက်ပြတ်ထွက်သွားသည့် အခါမှသာလျှင် နာကျင်မှုကြောင့် ရီအောင်း ရုတ်တရက် အသိပြန်ဝင်လာတော့လေသည်။ အနည်းငယ်မျှပင် ဆက်၍ တုံ့ဆိုင်းမနေရဲတော့ဘဲ ချက်ချင်း သွေးပင်လယ်ထဲသို့ ပြေးပုန်းတော့လေ၏။

ရန်ကိုင်မှာမူ စိတ်ပျက်ပျက်ဖြင့် ခေါင်းတခါခါသာ လုပ်နေခဲ့လေသည်။ ယနေ့ခေတ်နှင့် သူ့ခေတ်ကာလ၏ လောကနိယာမစွမ်းအားများ ကွာခြားမှုကြောင့် ဤနေရာ၌ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးနိုင်ခဲ့ချေ။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို တစ်ကြိမ်သာ ထုတ်သုံးခဲ့လိုက်ပါသော်ငြား အတော်လေးအားကုန်သွားသလို ခံစားလိုက်ရသည်။ သို့သော်ငြား ရီအောင်းကိုယ်တိုင်မှာလည်း လက်နှစ်ဖက်စလုံး ပြတ်ထွက်သွားသည့်အတွက်ကြောင့် ရန်ကိုင်ရှေ့တွင်တော့ နောက်တစ်ကြိမ် ပေါ်လာရဲလိမ့်မည် မဟုတ်ချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချီနှင့် မှော်ဆရာကျုတို့မှာ လုံးဝကို မင်သက်နေခဲ့လေသည်။

(ငါတို့ ဘာတွေ မြင်နေရတာလဲ…) နှစ်ဦးစလုံးမှာ သူတို့များ အမြင်မှားနေသလားဟု ထင်နေမိကြလေသည်။

မှော်သခင်တစ်ဦးမှ သူ့ဓါးကို နှစ်ကြိမ်သာ လွှဲယမ်းခဲ့သည်။ ထိုသို့နှစ်ကြိမ်လွှဲယမ်းပြီးသည့်နောက် ရီအောင်း၏လက်နှစ်ဖက်စလုံး ပြတ်ထွက်သွားခဲ့ရလေသည်။ ထို့အပြင် ရီအောင်းမှာ ထိုဓါးချက်များကို အနည်းငယ်မျှပင် ရှောင်တိမ်းခြင်းမပြု။ အကုန်လုံးကို အရူးတစ်ယောက်ပမာ ထိပ်တိုက်ရင်ဆိုင်သွားခဲ့သည်။

နှစ်ဦးစလုံးမှာ မှော်ဝိဇ္ဇာများ ဖြစ်ပါသော်ငြား တိုက်ပွဲအတွင်း ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို လုံးဝဉာဏ်မမီနိုင် ဖြစ်နေကြသည်။ သို့သော်ငြား ယခုအချိန်သည် ပျော်ရမည့်အချိန်မဟုတ်သေး။ ရီအောင်းမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပါသော်ငြား သွေးပင်လယ်ထဲ ပုန်းနေနိုင်ခဲ့လေသည်။ ရှင်းရှင်းပြောရလျှင် ရီအောင်းသည် သွေးပင်လယ်ထဲ စိတ်ကြိုက်သွားလာနိုင်ပေသည်။ သူ မည်သည့်အချိန် ထွက်ပေါ်လာပြီး သူတို့အား အလစ်ချောင်းတိုက်ခိုက်မလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြချေ။

သူတို့စိတ်ထဲ ထိုကဲ့သို့ တွေးနေစဉ်မှာပင် ရန်ကိုင်သည် ရုတ်တရက် သူတို့ဘက်သို့ စူးရဲသည့်အကြည့်ဖြင့် စိုက်ကြည့်လာခဲ့သည်။ ရန်ကိုင်၏အကြည့်ကြောင့် နှစ်ဦးစလုံး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ကြလေသည်။

ထို့နောက်တွင် သူ့လက်ကိုမြှောက်၍ ဝှေ့ယမ်းချလိုက်ရာ ပိန်းပိန်းပိတ် မည်းမှောင်သည့် ဓါးသွားနှင့်ဆင်တူသည့် တိုက်ခိုက်မှုတစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးဆီသို့ တိုးဝင်လာလေ၏။

ထိုတိုက်ကွက်သာ သူတို့အား ထိမှန်သွားမည်ဆိုပါက ကျိန်းသေ သေရလိမ့်မည်ဟု နှစ်ဦးစလုံး တစ်ထစ်ချ ယုံကြည်နေကြလေသည်။

“နင်ဘာလုပ်နေတာလဲ…” မှော်ဆရာကျုက ဒေါသတကြီး ထအော်လေသည်။ မှော်ဆရာညိုမှာ သွေးပင်လယ်၏ လွှမ်းမိုးမှုကြောင့် အသိစိတ်လွတ်သွားကာ သူတို့အား တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု မှော်ဆရာကျု ထင်နေခြင်း ဖြစ်လေသည်။

ထိုသို့ပြောနေရင်း မှော်ဆရာကျုနှင့် မှော်ဆရာချီတို့နှစ်ဦးစလုံးသည် သူတို့ပတ်လည်၌ မှော်ဒိုင်းကာတစ်ခုစီကို ဖန်တီးလိုက်ကြလေသည်။ သို့သော်ငြား အနက်ရောင်ဓါးသွားမှာ သူတို့ဖန်တီးထားသည့် မှော်ဒိုင်းကာများကို ဖြတ်ကျော်သွားကြပြီး အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။

နှစ်ဦးစလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။ ထို့နောက်တွင် စူးရှသည့် အော်သံတစ်သံ သူတို့နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်သံမှာ အခြားမဟုတ် ရီအောင်း၏အော်သံသာ ဖြစ်လေသည်။

မှော်ဆရာချီနှင့် မှော်ဆရာကျုတို့နှစ်ဦးစလုံး ကြောင်သွားခဲ့ကြလေသည်။ ဓါးသွားမှာ သူတို့အား ဖြတ်ကျော်သွားသည့်တိုင် ဘာကြောင့် သူတို့နှစ်ဦးစလုံး အသက်ရှင်နေရသလဲ ဆိုသည်ကို သေချာစဉ်းစားချိန်ပင် မရှိသေးဘဲ ရီအောင်းအော်သံကြားသဖြင့် နောက်သို့ အလျင်စလို လှည့်ကြည့်လိုက်ရာ ဘာကြောင့်မှန်းမသိ ရီအောင်း၏ ညာဘက်ခြေထောက်မှာ ပြတ်နေခဲ့ပြီး သွေးပင်လယ်ထဲသို့ အမြန်ပြေးပုန်းနေကြောင်း တွေ့လိုက်ရလေသည်။

“သူ ခင်ဗျားတို့ကို ပစ်မှတ်ထားနေတာ…” ရန်ကိုင်က အော်ပြောလိုက်လေသည်။ “သေချာသတိထားကြ…”

ရန်ကိုင်၏စကားကြောင့် မှော်ဆရာချီနှင့် မှော်ဆရာကျုတို့နှစ်ဦးစလုံး ကိုယ့်ကိုယ်ကို ရှက်သွားခဲ့ကြလေသည်။

ရီအောင်း သူတို့နောက်တွင် ပေါ်လာလို့ ပေါ်လာမှန်းကိုပင် နှစ်ဦးစလုံး မသိခဲ့ကြ။ ရန်ကိုင်မှ ရီအောင်းကို ပစ်မှတ်ထားနေပါသော်ငြား ရန်ကိုင်စိတ်လွတ်သွားပြီး သူတို့အား ပစ်မှတ်ထားလာသည်ဟု နှစ်ဦးစလုံး ထင်ခဲ့ကြလေသည်။ ရန်ကိုင်ကြောင့်သာမဟုတ်ပါက ရီအောင်း၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် အခန့်မသင့်လျှင် သူတို့နှစ်ဦးစလုံး တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။

All Chapters