← Chapters

အခန်း (၂၈၃၁-၂၈၃၅)

Vol. 121 Ch. 2831-2835

အခန်း (၂၈၃၁-၂၈၃၅)

Vol. 121 Ch. 2831-2835

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၃၁)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်တို့သုံးဦး သွေးပင်လယ်ထဲ၌ ရှိနေကြသည်။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားရင်းမှ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုနေလေသည်။ မှော်ဆရာချီနှင့် မှော်ဆရာကျုတို့မှာလည်း အနည်းငယ်မျှပင် သတိလက်လွတ်မနေရဲခဲ့ဘဲ ကျောချင်းယှဉ်ရပ်ကာ ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေကြသည်။

သွေးပင်လယ်သည် ယခင်ကကဲ့သို့ တုန်ခါမနေတော့ဘဲ တည်ငြိမ်သွားခဲ့ပြီ ဖြစ်ပါသော်ငြား ရီအောင်းမှာတော့ သွေးပင်လယ်ထဲတွင်သာ ရှိနေသေးမှန်း လူတိုင်းသိနေကြလေသည်။

ရီအောင်း ဤနေရာမှ ထွက်မပြေးချင်သည်မဟုတ်။ ထွက်မပြေးနိုင်ခြင်းသာ ဖြစ်လေသည်။ သူသာ သွေးပင်လယ်ထဲမှ ထွက်လာမည်ဆိုပါက မှော်ဆရာညိုဆိုသည့်လူမှာ သူ့အား တောက်လျှောက် အမဲလိုက်ပေလိမ့်မည်။

မှော်ဆရာညို၏ စွမ်းရည်ကို မြင်တွေ့ပြီးသည့်နောက်တွင် မှော်ဆရာချီနှင့် မှော်ဆရာကျုတို့မှာ မှော်ဆရာညိုအား သာမန်မှော်သခင်တစ်ဦးအဖြစ် သဘောမထားရဲတော့ချေ။ တကယ်တော့ ရီအောင်း၏ ခြေလက်များကို ဖြတ်ပစ်ကာ ရီအောင်းအား သွေးပင်လယ်ထဲတွင် တောက်လျှောက်ပုန်းနေရအောင် ဖိအားပေးနိုင်သည့်လူမှာ မည်ကဲ့သို့များ မှော်သခင်တစ်ပါး ဖြစ်နိုင်ပါမည်နည်း။

“ခင်ဗျား သွေးပင်လယ်ထဲမှာပုန်းနေလို့ ကျုပ် ခင်ဗျားကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။ “ကဲ… ဒီနေ့ ခင်ဗျားအသက်ကို ဒီမှော်ဆရာ ဘယ်လိုနှုတ်ယူမလဲဆိုတာ ကြည့်ထားပေတော့…”

ထိုသို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် တောကြက်မောက်အရွယ်အစားခန့်ရှိသော ဓာတ်လုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဓာတ်လုံးမှာ သာမန်ပုံသာ ပေါက်ပါသော်ငြား ရန်ကိုင်မှ ဓာတ်လုံးအား အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဓာတ်လုံးဆီမှ အလွန်တရာကိုမှ ပြင်းထန်လှသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။

ကောင်းကင်တစ်ခွင်လုံးကို ဖုံးနေသော သွေးပင်လယ်ကြီးမှာ ရုတ်တရက်ဆိုသလို ဓာတ်လုံးလေးထဲသို့ ဆွဲယူခြင်း ခံရတော့လေသည်။

ထိုအချင်းအရာကိုမြင်သော် မှော်ဆရာချီနှင့် မှော်ဆရာကျုတို့၏ မျက်လုံးများ တောက်ပသွားခဲ့ကြသည်။

လက်ရှိအခြေအနေအရ ရီအောင်းသည် အပြင်သို့ လုံးဝထွက်မလာရဲခဲ့ဘဲ သွေးပင်လယ်ကို အားကိုး၍သာ ထိုထဲတွင် ပုန်းအောင်းနေခဲ့ရသည်။ ထို့အတွက်ကြောင့် မှော်ဆရာချီနှင့် မှော်ဆရာကျုတို့မှာလည်း ရီအောင်းအား ဘာမှမလုပ်နိုင်ကြချေ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ရီအောင်းလွတ်သွားမည်ကို နှစ်ဦးစလုံး စိုးရိမ်နေကြပေသည်။ တကယ်တော့ သူတို့အနေဖြင့် သွေးပင်လယ်ထဲ၌ တစ်ချိန်လုံး နေနေနိုင်သည်မှ မဟုတ်လေဘဲ။

သို့သော်ငြား မှော်ဆရာညိုထုတ်သုံးလာသည့် လက်နက်၏စွမ်းအားကိုမြင်သော် အခြေအနေမှာ သူတို့ဘက် အလေးသာလာပြီမှန်း နှစ်ဦးစလုံး သိလိုက်ကြလေသည်။

သွေးပင်လယ်သာ မရှိတော့သည်နှင့်တစ်ပြိုင်နက် ရီအောင်းအနေဖြင့် ဆက်၍ ပုန်းအောင်းနိုင်တော့လိမ့်မည်မဟုတ်ချေ။ မေးစရာရှိသည့်အရာဆို၍ ထိုဓာတ်လုံးလေးသည် ဤသွေးပင်လယ်တစ်ခုလုံးအား စုပ်ယူနိုင်မလားဟူသည့် အချက်သာ ရှိပေသည်။

သို့ရာတွင် လောကဓာတ်လုံးသည် သွေးပင်လယ်အား မစုပ်ယူနိုင်စရာအကြောင်း ရှိမည်လား။

လောကဓာတ်လုံးသည် ကိုယ်ပိုင်ကမ္ဘာတစ်ခုအား ပိုင်ဆိုင်ထားသည့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ရီအောင်း၏သွေးပင်လယ်သည် အတော်လေးကိုမှ ကြီးမားလှပါသော်ငြား လောကဓာတ်လုံးနှင့် ယှဉ်လိုက်သော် ဘာဆိုဘာမှ မပြောပလောက်တော့ချေ။ သွေးပင်လယ်တစ်ခုလုံးကို လောကဓာတ်လုံးထဲသို့ ဆွဲယူနိုင်ရန်အတွက် အချိန်သာ လိုအပ်ပေသည်။

မှော်ဆရာချီနှင့် မှော်ဆရာကျုတို့ စိုးရိမ်တကြီး စောင့်ကြည့်နေကြစဉ် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားသော သွေးပင်လယ်၏ အရွယ်အစားမှာ သိသိသာသာကို လျော့ကျလာခဲ့ရလေသည်။ သို့ရာတွင် လောကဓာတ်လုံးဆီမှ ထွက်ပေါ်နေသည့် စွမ်းအားမှာတော့ အနည်းငယ်မျှပင် လျော့ကျသွားခြင်းမရှိ။

အမွေးတိုင်တစ်ချောင်းစာအတွင်း၌ သွေးပင်လယ်သည် မူလအရွယ်အစား၏ တစ်ဝက်ခန့်သို့ ရောက်ရှိသွားခဲ့သည်။

ထိုသို့ဖြစ်လာသည့်နောက်တွင် သွေးပင်လယ်ထဲ ပုန်းအောင်း၍ ဒဏ်ရာများကို ပြန်လည်ကုသနေသော ရီအောင်းမှာ ဖင်ဂနာငြိမ်အောင် မထိုင်နိုင်တော့ချေ။ သူ့ခွန်အား၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက်သည် ဤသွေးပင်လယ်ပေါ်တွင် မူတည်နေခြင်း ဖြစ်လေသည်။ သွေးပင်လယ်သာ မရှိတော့ပါက ထိုလူများကို သူ့အနေဖြင့် မည်သို့မျှ ပြန်လည်ယှဉ်ပြိုင်တိုက်ခိုက်နိုင်တော့လိမ့်မည် မဟုတ်ချေ။

တည်ငြိမ်နေသော သွေးပင်လယ်သည် ရုတ်တရက်ဆိုသလို တုန်ခါလာခဲ့ပြီး တလိမ့်လိမ့်ရိုက်ခတ်နေသော လှိုင်းလုံးများအောက်ဝယ် ရီအောင်းသည် မှော်ဆရာချီနှင့် မှော်ဆရာကျုတို့ဆီသို့ မသိမသာလေး ချဉ်းကပ်လာခဲ့လေသည်။

ထို့နောက် တစ်ခုခု ထိခတ်သွားသံနှင့်အတူ ရီအောင်းသည် မှော်ဆရာကျုရှေ့၌ ရုတ်တရက်ဆိုသလို ပေါ်လာခဲ့လေသည်။ ရန်ကိုင်ကြောင့် ပြတ်ထွက်သွားခဲ့ရသော သူ့လက်နှင့် ခြေထောက်များမှာတော့ အကောင်းအတိုင်း ပြန်ပေါက်နေခဲ့လေပြီ။ သို့သော်ငြား အသစ်ထွက်လာသည့်လက်များမှာ ယခင်လက်ကဲ့သို့ ကြံ့ခိုင်ခြင်းတော့ ရှိမနေခဲ့ပေ။

မှော်ဆရာကျုမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ဒိုင်းကာတစ်ခုကို ကောက်ခါငင်ခါ ဖန်တီးလိုက်သည်။ တစ်ချိန်တည်းတွင် လေဓါးသွားတစ်ခု ထွက်ပေါ်လာပြီး ရီအောင်းဆီသို့ တိုးဝင်သွားခဲ့လေသည်။

သွေးလှိုင်းလုံးများ ရိုတ်ခတ်လာခဲ့ပြီး ရီအောင်းရှေ့၌ သွေးတံတိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လေဓါးသွားမှာ သွေးတံတိုင်းနှင့် ထိမှန်ပြီး ပျောက်ကွယ်သွားခဲ့ရသလို သွေးတံတိုင်းမှာလည်း ပျက်စီးသွားခဲ့ရသည်။ သို့ရာတွင် ရီအောင်းမှာမူ ထိုနေရာ၌ ရှိမနေတော့ချေ။

သူမဖန်တီးထားသည့် မှော်ဒိုင်းကာမှာ ပျက်စီးသွားပြီမှန်း သဘောပေါက်လိုက်သော် မှော်ဆရာကျု အတော်လေးကိုမှ ထိတ်လန့်သွားခဲ့သည်။

ထိုအခိုက်အတန့်မှာပင် သူမရှေ့၌ သေးသွယ်သွယ်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

(မှော်ဆရာညိုလား…)

ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်အား ဆွဲညှစ်လိုက်သည်။ ထို့နောက်တွင် ညီးသံသဲ့သဲ့နှင့်အတူ ရီအောင်း ပေါ်လာခဲ့လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ရီအောင်း၏လည်ပင်းမှာ ကြက်ကလေးငှက်ကလေးသဖွယ် ရန်ကိုင်၏ ဆွဲညှစ်ထားခြင်း ခံနေရလေသည်။

မှော်ဆရာကျုမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းရှိုက်ကာ အတော်လေးကိုမှ ထိတ်လန့်နေခဲ့လေသည်။

ဖြစ်ပျက်သွားသည်မှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည်။ သူမအနေဖြင့် အမီပင် မလိုက်နိုင်။ မှော်ဆရာညိုသည်သာ သူမရှေ့၌ အချိန်မီရောက်မလာခဲ့ဘဲ ရီအောင်းကိုသာ မဖမ်းနိုင်ခဲ့ပါက ရီအောင်းလက်ချက်ကြောင့် သူမ အသက်ထွက်နေလောက်ပေပြီ။

(သူ ဘယ်လိုလုပ်လိုက်တာလဲ…) မှော်ဆရာကျု လုံးဝကို ဉာဏ်မမီနိုင် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ဤကဲ့သို့သော အချိန်မျိုးတွင် ဤကဲ့သို့သော အကြောင်းအရာများကို စဉ်းစားစရာလားဟုလည်း တွေးလိုက်သည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရီအောင်းမှာ အဖမ်းခံလိုက်ရလေပြီ။ မှော်ဆရာညိုထုတ်ပြသွားသည့်စွမ်းရည်အရ ရီအောင်းမှာ အဖမ်းခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ဤတိုက်ပွဲကို သူမတို့ဘက်မှ နိုင်သွားပြီဟုပင် ပြော၍ရသည်။ ရီအောင်းအနေဖြင့် မည်သည့်နည်းနှင့်မှ လွတ်မြောက်နိုင်တော့လိမ့်မည်မဟုတ်။

သူမစိတ်ထဲ အားလုံးပြီးသွားပြီဟု ထင်နေစဉ်မှာပင် ရန်ကိုင်၏ လည်ပင်းဆွဲညှစ်ခြင်းခံထားရသော ရီအောင်းမှ ညစ်ညစ်ကျယ်ကျယ်ပြုံးရင်းမှပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ “ငါ့ကိုဖမ်းနိုင်သွားပြီလို့ မင်းထင်နေတာလား…”

မှော်ဆရာကျု နားမလည်နိုင် ဖြစ်သွားခဲ့ပြီ။ သူမစိတ်ထဲ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရပါသော်ငြား ဘာမှားလို့မှားနေမှန်း နားမလည်ခဲ့။

“ခင်ဗျားရော တကယ်လွတ်ပြီလို့ ထင်နေတာလား…” ရန်ကိုင်က လှောင်ပြုံးပြုံး၍ ပြန်မေးလိုက်သည်။

ရန်ကိုင်အား ညစ်ကျယ်ကျယ်ပြုံးပြနေသော ရီအောင်း၏အမူအယာ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ ဘာမှမပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့လက်အား ဖျစ်ညှစ်ကာ ရီအောင်း၏လည်ပင်းအား ချိုးချလိုက်သည်။

လည်ပင်းချိုးခံလိုက်ရသော ရီအောင်းမှာ သွေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သွေးပင်လယ်ထဲသို့ ပြန်ရောက်သွားခဲ့လေသည်။

“သွေးကိုယ်ပွားလား…” မှော်ဆရာချီနှင့် မှော်ဆရာကျုတို့ ထိတ်လန့်သွားခဲ့ကြသည်။

(မှော်ဆရာညိုဖမ်းလိုက်တာက ရီအောင်းရဲ့ သွေးကိုယ်ပွားဆိုရင် ရီအောင်းအစစ်က ဘယ်မှာလဲ…) ချက်ချင်းပဲ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာ ရီအောင်းသည် သွေးပင်လယ်အား စုပ်ယူနေသော ဓာတ်လုံးလေးရှေ့တွင် ရုတ်တရက်ပြန်ပေါ်လာကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ရီအောင်းသည် ဓာတ်လုံးကို လှမ်းဖမ်းယူလိုက်လေသည်။

ရီအောင်းရွေးချယ်သည်မှာ မှန်ကန်ပေသည်။

ရီအောင်း၏ လက်ရှိခွန်အားမှာ သွေးပင်လယ်ပေါ်တွင် မူတည်နေခြင်း ဖြစ်လေသည်။ ယခု မှော်ဆရာညိုမှ ဤမှော်လက်နက်ကိုသုံး၍ သူ့သွေးပင်လယ်အား ပစ်မှတ်ထားလာနေခဲ့သည်။ မှော်ဆရာညို၏ခွန်အားအရ ရီအောင်းအနေဖြင့် မှော်ဆရာညိုနှင့် မည်သို့မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် မှော်ဆရာချီနှင့် မှော်ဆရာကျုတို့သာ ရီအောင်းနေရာတွင်ဆိုပါကလည်း လက်ရှိ ရီအောင်းလုပ်သကဲ့သို့သာ လုပ်မိပေလိမ့်မည်။

ထိုမှော်လက်နက်သာ မရှိတော့ပါက ရီအောင်းအနေဖြင့် သွေးပင်လယ်ထဲ စိတ်ကြိုက်ပုန်းနေနိုင်ပေလိမ့်မည်။

မှော်ဆရာကျုအား ခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့သည့် သွေးကိုယ်ပွားမှာ မှော်ဆရာညိုအား အာရုံလွှဲရန်သက်သက်သာ ဖြစ်လေသည်။ ရီအောင်း၏ပစ်မှတ်မှာ မှော်ဆရာညိုထုတ်ယူလိုက်သည့် မှော်လက်နက်သာ ဖြစ်လေ၏။

သူထင်ထားခဲ့သည့်အတိုင်းပင် ရီအောင်း၏ကိုယ်ပွား‌ကြောင့် မှော်ဆရာညို၏အာရုံသည် ရီအောင်းကိုယ်ပွားဆီသို့ ရောက်သွားခဲ့လေရာ ရီအောင်းမှာ မှော်ဆရာညို၏ မှော်လက်နက်ကို အလွယ်တကူ လုယူနိုင်ခဲ့လေသည်။

မှော်ဆရာညို၏ မှော်လက်နက်ကို ယူနိုင်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ရီအောင်းမှာ ဝမ်းသာနေသင့်ပါသော်ငြား ဝမ်းသာမနေခဲ့ဘဲ ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်၊ ကြောက်ရွံ့နေသည့် အရိပ်အယောင်တို့ကိုသာ သူ့မျက်နှာထက် မြင်တွေ့နေခဲ့ရသည်။

မှော်ဆရာညို၏ မှော်လက်နက်ကို ကိုင်ထားသော သူ့လက်မှာ အဆက်မပြတ်ကို တုန်ခါနေခဲ့လေသည်။

“အရူးကောင်…” ရန်ကိုင်က လှောင်ပြုံးပြုံးရင်းမှ သွေးပင်လယ်ပေါ်တွင်ရှိနေသော ရီအောင်းဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။

ရန်ကိုင် သူ့ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လာနေသည်ကိုမြင်သော် ရီအောင်း စတင်၍ ထိတ်လန့်လာခဲ့သည်။ သူ့ကိုယ်ထဲရှိ မှော်စွမ်းအားကို အသည်းအသန်လှည့်ပတ်၍ ရုန်းထွက်ရန် ကြိုးစားလိုက်ပါသော်ငြား လောကဓာတ်လုံး၏ ဆွဲအားအောက်မှ မည်သို့မှ မလွတ်မြောက်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤလောကဓာတ်လုံးကိုသာ လုယူနိုင်မည်ဆိုပါက အကုန်လုံး အဆင်ပြေသွားပြီဟု ထင်နေခဲ့ခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်၏ဝိဉာဉ်သည် ဤလောကဓာတ်လုံးနှင့် ဆက်သွယ်နေသည်ဟူသော အချက်ကိုတော့ ရီအောင်း လုံးဝမသိခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် လောကဓာတ်လုံးအား အတွေးတစ်ချက်နှင့် ထိန်းချုပ်နိုင်ပေသည်။

ယနေ့ခေတ်မှော်လက်နက်များသည် ရန်ကိုင်တို့ခေတ်၏ မှော်ရတနာများနှင့် လုံးဝကို ကွာခြားကြပေသည်။ လောကဓာတ်လုံးသည်သာ မှော်လက်နက်တစ်ခုဖြစ်ပါက ရီအောင်းအနေဖြင့် အောင်မြင်ကောင်း အောင်မြင်နိုင်လိမ့်မည် ဖြစ်ပါသော်ငြား အောင်မြင်နိုင်ချေလည်း သိပ်မရှိပေ။ လောကဓာတ်လုံးထဲတွင် လောကကြီးတစ်ခု ရှိနေလေရာ ရီအောင်းအနေဖြင့် သူ့ခွန်အားလေးဖြင့် လောကဓာတ်လုံးအား မသန့်စင်ဘဲ လောကဓာတ်လုံးကို မည်ကဲ့သို့များ ယူနိုင်ပါမည်နည်း။

မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ပါး ရောက်လာမည်ဆိုလျှင်ပင် ဤလောကဓာတ်လုံးကို ရန်ကိုင်ဆီမှ လုယူနိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်တွင် ရီအောင်းမှာ ကမ္ဘာတစ်လုံးဆီမှ ထွက်ပေါ်နေသော ဆွဲအားကြောင့် လောကဓာတ်လုံးဆီမှ တစ်လှမ်းပင် မခွာတော့နိုင်အောင် ဖြစ်သွားရလေသည်။

ရန်ကိုင် တဖြည်းဖြည်းနှင့် နီးကပ်လာနေသည်ကိုမြင်သော် ရီအောင်း စတင်၍ ပျာယာခတ်လာရတော့သည်။ ခြေလက်များ ဖြတ်တောက်ခံလိုက်ရသည့် အချိန်တွင်ပင် ရီအောင်းမှာ ထိတ်လန့်တုန်လှုပ်နေခြင်း မရှိပါသော်ငြား ယခုအချိန်တွင်တော့ သူ အမှန်တကယ်ကို ထိတ်လန့်နေမိလေသည်။

သူသေရတော့မှန်း သိနေခဲ့ပါသော်ငြား ရီအောင်းမှာ အသနားခံတောင်းပန်မည့် အရိပ်အယောင် အနည်းငယ်မျှမပြ။ ထို့အစား ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့်သာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “အရိုးဝါးမျိုခြင်းကလန်က မင်းကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…”

ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် သံဓိဌာန်ချလိုက်သည့်အလား သူ့ကိုယ်ထဲရှိ မှော်စွမ်းအားမှာ စတင်၍ ဝရုန်းသုန်းကား ဖြစ်လာတော့သည်။

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

ထို့နောက်တွင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရီအောင်း၏ခန္ဓာကိုယ်ကြီး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့သည်။ သေရတော့မည်မှန်း သိလိုက်သော် ရီအောင်းသည် အနည်းငယ်မျှပင် အသနားခံရန် မကြိုးစားခဲ့။ ထို့အစား သူ့ကိုယ်သူ ဖောက်ခွဲသွားရန်သာ ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်အများစုမှာ သူ့ကဲ့သို့သာ ဖြစ်ကြလေသည်။ သေရတော့မည်မှန်း သိလိုက်သည့်အခါ အများစုမှာ အသနားခံ တောင်းပန်လေ့မရှိချေ။

သွေးပင်လယ်‌ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်မှာ တစ်ဖန်ပြန်လည်ကြည်လင်လာခဲ့သည်။ ထွက်ပေါ်လာသည့် နေအလင်းရောင်ကြောင့် အကုန်လုံးခံစားနေရသည့် အအေးဓာတ်တို့မှာ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်ကုန်ကြလေသည်။

အောက်ဘက်ရှိတိုက်ပွဲမှာတော့ ဆက်ဖြစ်နေပေသေးသည်။ အရိုးဝါးမျိုခြင်းကလန်ဘက်တွင် လူခုနှစ်ရာ ရှစ်ရာခန့်ရှိပြီး လေပြင်းကလန်နှင့် မီးတောက်ကလန် နှစ်ခုပေါင်းလူအင်အားမှာ သုံးရာလောက်သာ ရှိပါသော်ငြား ရန်ကိုင်မှ ဖမ်းခံထားရသည့်လူများကို ပြန်လွှတ်ပေးလိုက်ပြီးသည့်နောက် လေပြင်းကလန်နှင့် မီးတောက်ကလန်တို့ဘက်မှ အရေအတွက် ပို၍ အသာရလာခဲ့သည်။ တစ်ခုတည်းသော အားနည်းချက်ဆို၍ သူတို့ဘက်တွင် မှော်ဆရာအရေအတွက် ပိုမိုနည်းပါးနေခြင်းသာ ရှိလေသည်။ မီးတောက်ကလန်နှင့် လေပြင်းကလန်တို့နှစ်ခုပေါင်းမှ မှော်ဆရာ ခုနှစ်ယောက် ရှစ်ယောက်ခန့်လောက်သာ ရှိပါသော်ငြား အရိုးဝါးမျိုခြင်းကလန်တွင်တော့ အယောက်နှစ်ဆယ်ခန့် ရှိနေခဲ့လေသည်။

ထိုအတွက်ကြောင့် အောက်ဘက်ရှိတိုက်ပွဲမှာ မပြီးဆုံးသေးဘဲ ဆက်လက်ဖြစ်ပွားနေရခြင်းပင်။ နှစ်ဖက်စလုံးမှာ လက်ရည်တူနေခဲ့ပြီး တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ ဆုံးရှုံးသည့်လူအရေအတွက် ပိုပို၍ များပြားလာခဲ့ရလေသည်။

သို့သော်ငြား တိုက်ပွဲရေချိန်မှာ ရီအောင်းသေသွားသည်နှင့်တစ်ပြိုင်နက် စတင်၍ ပြောင်းလဲလာရတော့သည်။

ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော သွေးပင်လယ်ကြီး ပျောက်ကွယ်သွားပြီးသည့်နောက် အကုန်လုံး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်တွင်ရပ်နေသည့် လူသုံးယောက်ကို မြင်ပြီးသည့်နောက် လေပြင်းကလန်နှင့် မီးတောက်ကလန်မှ အဖွဲ့သားများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြပါသော်ငြား အရိုးဝါးမျိုခြင်းကလန်သားများ၏ မျက်နှာမှာတော့ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

“သတ်ကြ…” မာန်သွင်းအော်ဟစ်၍ ကလန်သုံးခုမှ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များမှာ အရိုးဝါးမျိုခြင်းကလန်သားများထံသို့ ဒုန်းစိုင်းကာ ပြေးဝင်သွားကြလေသည်။ ရီအောင်းမရှိတော့သည့်နောက် အရိုးဝါးမျိုခြင်းကလန်သားများမှာ တိုက်ခိုက်လိုစိတ် မရှိကြတော့သည့်အတွက်ကြောင့် အကုန်လုံးမှာ ထင်းစည်းပြေသလို လူအုပ်ကွဲကုန်ကြလေသည်။

မှော်ဆရာကျုနှင့် မှော်ဆရာချီတို့မှာလည်း မည်သည့်အပိုစကားမှ ပြောမနေခဲ့ဘဲ အောက်သို့ ပြေးဆင်းသွားကာ သူတို့၏ မှော်ပညာရပ်အသီးသီးကို ထုတ်သုံးလိုက်ကြလေသည်။ မှော်ဆရာနှစ်ဦး ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ရန်သူအားလုံး ပြိုလဲကုန်ကြရလေသည်။ အရိုးဝါးမျိုခြင်းကလန်မှ အယောက်နှစ်ဆယ်နီးပါးခန့်ရှိသော မှော်ဆရာများမှာလည်း အသက်ဆယ်ရှိုက်စာအတွင်း အသတ်ခံလိုက်ကြရသည်။

မှော်ဆရာများ၏ အကူအညီ မရှိတော့သည့်နောက် အရိုးဝါးမျိုခြင်းကလန်သားများ၏ တိုက်ပွဲစွမ်းရည်မှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။

မကြာမီ တိုက်ပွဲမှာ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားရတော့လေသည်။ မီးတောက်ကလန်သားများနှင့် လေပြင်းကလန်သားတို့မှာလည်း အနည်းငယ်မျှပင် ညှာတာနေခြင်းမရှိ။ သူတို့ရင်ဆိုင်နေရသည့်လူများမှာ အရိုးဝါးမျိုခြင်းကလန်သားများမှန်း ကောင်းကောင်းသိထားကြသည်။ ထို့အတွက်ကြောင့် ဘာမှ ညှာတာနေစရာမရှိချေ။

နေ့ဝက်ခန့်ကြာပြီးသည့်နောက် တိုက်ပွဲမှာ ပြီးသွားခဲ့လေသည်။ ကျောက်တုံးခံတပ်တစ်ခုလုံး အလောင်းများဖြင့် ပြည့်နေခဲ့ပြီး သွေးများမှာ နေရာအနှံ့ စွန်းထင်းနေခဲ့သည်။ အရိုးဝါးမျိုခြင်းကလန်သားအားလုံးမှာတော့ တစ်ယောက်မကျန် အသတ်ခံလိုက်ကြရလေသည်။

အကုန်လုံးမှာ သေသေချာချာ လိုက်ပတ်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကလန်သုံးခုမှ လူများသည် သေဆုံးသွားသည့် သူတို့ကလန်သားများ၏ အလောင်းများကို အပြင်ဘက်သို့ သယ်ထုတ်သွားကြလေသည်။ ညအချိန်သို့ရောက်လာသော် ကလန်သုံးခုမှလူများသည် ကျောက်တုံးခံတပ်အပြင်ဘက်တွင် သေဆုံးသွားသည့်လူများအား မီးသင်္ဂြိုလ်ပေးလိုက်ကြလေသည်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ ယုံကြည်ထားသည်မှာ သူတို့ကလန်သားတစ်ဦး သေဆုံးသွားပြီးသည့်နောက် ထိုကလန်သားအား မီးသင်္ဂြိုလ်ပေးခြင်းဖြင့် ထိုကလန်သားသည် လူရိုင်းနတ်ဘုရား၏ ရင်ခွင်ဆီသို့ ပြန်သွားနိုင်လိမ့်မည် ဟူ၍ပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၃၂)

ဘာသာပြန်သူ_တိမ်တိုက်

ကျောက်တုံးခံတပ်တစ်ခုလုံးကို တစ်ညကြာအောင် ရှင်းလင်းရေး လုပ်ပြီးသည့်နောက်တွင် ကလန်သုံးခုမှာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြလေပြီ။ လူတိုင်းလိုလိုမှာ ဒဏ်ရာအသီးသီး ရထားကြပြီး အချို့ဆိုလျှင် ခြေလက်များပင် ပြတ်နေကြသော်ငြား ဝမ်းမသာသည့်လူတော့ မရှိကြချေ။ အဖမ်းခံထားရသည့် သူတို့၏ကလန်သားများကို အောင်မြင်စွာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့လေရာ မည်သူကများ ဝမ်းမသာဘဲ နေပါမည်နည်း။

မှော်ဆရာချီ၊ မှော်ဆရာကျုနှင့် ရန်ကိုင်တို့သည် လမ်းလျှောက်ရင်း စကားတပြောပြော လုပ်နေကြသည်။

“မှော်ဆရာညို… အရိုးဝါးမျိုခြင်းကလန်ကို သတိထားနော်… ဒီကောင်တွေက အရမ်းအငြိုးကြီးတာ… ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတောင် လိုက်ပြီး လက်စားချေတာ… အခုလိုမျိုး သူတို့ကလန်ခွဲတစ်ခု ဖျက်ဆီးခံလိုက်ရတဲ့ ကိစ္စကိုတော့ ဘယ်လိုမှ ငြိမ်နေမှာမဟုတ်ဘူး…” မှော်ဆရာကျုက အလေးအနက်အမူအယာဖြင့် သတိပေးလိုက်သည်။

မှော်ဆရာချီကလည်း ခေါင်းညိတ်၍ “ဖြစ်နိုင်ရင် မင်းကလန်က မှော်ဘုရင်ကို သွားတွေ့တာ ကောင်းလိမ့်မယ်… အခုကိစ္စက အရိုးဝါးမျိုခြင်းကလန်ဘက်က အရင်ကျူးကျော်လာတာဆိုတော့ သူတို့လည်း ဝင်ပါရင် ပါပေးလောက်မှာ… သူတို့ဝင်ပါရင် ဒီကိစ္စက အတော်လေး အဆင်ပြေသွားလောက်တယ်…”

ရန်ကိုင်က ခေါင်းခါလျက် “အဲ့လောက်တော့ လွယ်မှာမဟုတ်ဘူး…‌ မှော်ဆရာရီအောင်းရဲ့ မှော်လက်နက်က မှော်ဝိဇ္ဇာတစ်ယောက် အလွယ်တကူရနိုင်တဲ့ မှော်လက်နက်တစ်ခု မဟုတ်ဘူးဆိုတာကို ခင်ဗျားတို့ သတိမထားမိဘူးလား…”

ထိုစကားကိုကြားသော် မှော်ဆရာကျုနှင့် မှော်ဆရာချီတို့၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်က ဆက်၍ ပြောလိုက်လေသည်။ “အဲ့လိုအားကောင်းတဲ့ မှော်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားဖို့ဆိုတာ ရီအောင်းရဲ့နောက်ခံက ရိုးရှင်းနေမှာမဟုတ်ဘူး… သူက မှော်ဘုရင် ဒါမှမဟုတ် မှော်သူတော်စင်တစ်ပါးရဲ့ မျိုးဆက်ဖြစ်ရင်ဖြစ် မဖြစ်ရင် အဲ့လူတွေတန်ဖိုးထားတဲ့ လူတစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်… အခု သူ့ကိုသတ်လိုက်တာဆိုတော့ မှော်ဘုရင်တစ်ပါး ဝင်ပါလာမယ်ဆိုရင်တောင် ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး…”

မှော်ဆရာကျုက ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ဘယ်လိုပဲဖြစ်နေဖြစ်နေ မှော်ဘုရင်တစ်ယောက်ပါလာရင်တော့ ပိုပြီးတော့ အဆင်ပြေသွားမှာပဲလေ… မှော်ဘုရင်တစ်ယောက်ကို ငါတို့လက်ရှိခွန်အားနဲ့ သွားယှဉ်တိုက်လို့ ရတာမှမဟုတ်တာ…”

ရန်ကိုင်သည် ပြုံးသာ ပြုံးနေခဲ့ပြီး ဘာမှပြန်မပြောခဲ့ပေ။

ရန်ကိုင်သည် မှော်သခင်တစ်ပါးသာ ဖြစ်သည့်အတွက်ကြောင့် မှော်ဘုရင်တစ်ပါး၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါသော်ငြား ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်နေပြီ ဖြစ်သည့်အတွက်ကြောင့် လေဟာနယ်နိယာမစွမ်းအားတို့ကို ထုတ်သုံးနေနိုင်ပြီဖြစ်လေရာ မှော်ဘုရင်တစ်ပါးကိုတော့ ကြောက်မနေတော့ချေ။

ထို့အပြင် အချိန်သာရမည်ဆိုပါက သူ့ခွန်အားသည် ကျိန်းသေ မြင့်တက်လာပေလိမ့်မည်။

မှော်ဆရာကျုနှင့် မှော်ဆရာချီတို့မှာတော့ ရန်ကိုင်ကဲ့သို့မဟုတ်ဘဲ အချိန်ရမည်ဆိုလျှင်ပင် မှော်ဘုရင်တစ်ပါးအား ပြန်လည်ယှဉ်တိုက်နိုင်လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် သူတို့ကလန်မှ မှော်ဘုရင်တစ်ပါး၏ အကူအညီကို သွားရောက်တောင်းခံလိုသည်မှာ သဘာဝသာ ဖြစ်လေသည်။

ရန်ကိုင်တို့သုံးဦးသည် လမ်းလျှောက်ရင်းမှ စကားပြောသွားခဲ့ကြသည်။ မှော်ဆရာချီနှင့် မှော်ဆရာကျုတို့၏ ကျင့်ကြံခြင်းမှာ ရန်ကိုင်ထက် ပိုမြင့်ပါသော်ငြား မှော်ဆရာရီအောင်းနှင့်တိုက်ပွဲ ပြီးသွားသည့်နောက် နှစ်ဦးစလုံး ရန်ကိုင်အား အထင်မသေးရဲကြတော့ချေ။ သူတို့နှစ်ဦးစလုံးသည် အလယ်အလတ်အဆင့် မှော်ဝိဇ္ဇာတစ်ပါးအား ကိုယ့်ကိုယ်ကိုဖောက်ခွဲအောင် တွန်းအားပေးနိုင်သူများ မဟုတ်ကြပါသော်ငြား မှော်ဆရာညိုကမူ ထိုကဲ့သို့ လုပ်နိုင်သည့် လူတစ်ဦး ဖြစ်လေသည်။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ကလန်သုံးခု ကျောက်တုံးခံတပ်ဆီမှ ထွက်ခွာလာခဲ့ကြလေသည်။ ရန်ကိုင်သည် အသက်ရှင်ကျန်ရစ်သော တောင်ပြာရွာသား အယောက်နှစ်ရာခန့်ကို ဦးဆောင်ကာ တောင်ပြာရွာဆီသို့ ပြန်လာခဲ့လေသည်။

တောင်ပြာရွာတွင် မူလက ရွာသား အယောက်သုံးရာခန့် ရှိခဲ့လေသည်။ သို့သော်ငြား ယခုအဖြစ်အပျက်ပြီးသည့်နောက်တွင် ရွာသား သုံးပုံတစ်ပုံလောက်မှာ သေဆုံးသွားခဲ့ကြသလို ရွာခေါင်းဆောင်မှာလည်း သေသွားခဲ့ရသည့် အတွက်ကြောင့် တစ်ရွာလုံး၏ တစ်ဦးတည်းသောမှော်ဆရာဖြစ်သည့် ရန်ကိုင်မှာ ရွာသူကြီး ဖြစ်လာခဲ့ရလေသည်။

သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် တောင်ပြာရွာသားအယောက်နှစ်ရာတို့ တောင်ပြာရွာသို့ ပြန်ရောက်လာခဲ့ကြသည်။ ပျက်စီးနေသောရွာကိုမြင်သော် ရွာသားပေါင်းများစွာ ဝမ်းနည်းသွားကုန်ကြလေသည်။

ရွာဝင်ပေါက်တွင် တီယာ ရုတ်တရက်ပေါ်လာခဲ့လေသည်။ တီယာနှင့်အတူ ကလေးရှစ်ဦးလည်း ထွက်ပေါ်လာကြပြီး သူတို့၏မိဘများကိုမြင်သော် ဝမ်းနည်းတကြီးအော်ငိုရင်း မိဘများအား ပြေးဖက်ကြလေ၏။

သူစိမ်းတစ်ဦးကို သူတို့ရွာထဲ၌ မြင်လိုက်ရသည့်အတွက်ကြောင့် ရွာသားများ အံ့အားသင့်သွားခဲ့ကြလေသည်။ သို့သော်ငြား တောင်ပြာရွာသားများမှာ ပြင်ပလောကကြီးနှင့် အဆက်အဆံ သိပ်မရှိကြသည့်အတွက်ကြောင့် နိုမက်ကလန်သားများအကြောင်းကို မသိကြ။ ထို့အတွက်ကြောင့် တီယာနှင့်ပတ်သက်၍ ရွာသားများမှာ အနည်းငယ်လောက်သာ စိတ်ဝင်စားမိသွားကြသည်။ တီယာ၏ ကိုယ်လုံးကိုယ်ပေါက်သည် အားညိုနှင့် အတူတူလောက်သာ ရှိပေသည်။ သာမန်ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကဲ့သို့ ထွားကျိုင်းခြင်းမရှိဘဲ သေးသွယ်သွယ်လေးဖြစ်သည်။

ရန်ကိုင်သည် တီယာအား သူ့မိတ်ဆွေဖြစ်သည်ဟု ရွာသားများအား မိတ်ဆက်ပေးလိုက်ရာ ရွာသားများမှာ တီယာအား နွေးထွေးစွာ ကြိုဆိုကြလေသည်။

တစ်ရွာလုံးမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ရွာကို အသစ်ပြန်ဆောက်ရပေမည်။ ကံကောင်းစွာဖြင့် ရွာတစ်ရွာကို ပြန်ဆောက်ဖို့ရာမှာ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက်တော့ ဘာမှ မပြောပလောက်ချေ။ ငါးရက်ကြာပြီးသည့်နောက်တွင် တောင်ပြာရွာတစ်ခုလုံး အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။

ရွာအား ပြန်လည်ဆောက်လုပ်ပြီးသည့်နောက် ရန်ကိုင်သည် အသစ်ဆောက်လုပ်ထားသော သစ်သားအိမ်လေးထဲတွင် တင်ပလင်ခွေထိုင်၍ သိုလှောင်လက်စွပ်ထဲမှ အဆင့်ကိုး မွန်းစတားအမြုတေတစ်ခုကို ထုတ်ယူလိုက်သည်။

ယခင်ကသာဆိုလျှင်တော့ ရန်ကိုင်သည် အဆင့်ကိုးမွန်းစတားအမြုတေလောက်ကိုတော့ ဂရုစိုက်နေလိမ့်မည်မဟုတ်ချေ။ ဒီအဆင့်ကိုးမွန်းစတားအမြုတေများ သူ့တွင် ရှိနေရခြင်းမှာ ဤမွန်းစတားအမြုတေများကို ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲတွင် တွေ့သဖြင့် တစ်ခါတည်း လိုရမယ်ရ ကောက်ယူလာခဲ့ခြင်းသာ ဖြစ်လေသည်။ အဆင့်ကိုးအောက်နိမ့်သည့် မည်သည့်မွန်းစတားအမြုတေကိုမှ ရန်ကိုင်သိမ်းဆည်းမထားခဲ့ချေ။ ထိုသို့သာမဟုတ်ပါက သူ့တွင် မွန်းစတားအမြုတေတစ်သန်းလောက်သာ ရှိနေလိမ့်မည်မဟုတ်ဘဲ သန်းနှင့်ချီကာ ရှိနေပေလိမ့်မည်။

မည်သို့ပင်ဖြစ်နေစေကာမူ အဆင့်ကိုးမွန်းစတားအမြုတေတစ်ခုသည် လက်ရှိရန်ကိုင်အတွက်တော့ အတော်လေးကိုမှ အဆင့်မြင့်သည့် မွန်းစတားအမြုတေတစ်ခု ဖြစ်နေပေသေးသည်။

ဤကမ္ဘာထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်အသုံးပြုဖူးသည့် အဆင့်အမြင့်ဆုံးမွန်းစတားအမြုတေသည် အဆင့်ခြောက်မွန်းစတားအမြုတေသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် အဆင့်ကိုးမွန်းစတားအမြုတေသည် လက်ရှိရန်ကိုင်အတွက်တော့ အတော်လေးကိုမှ အဆင့်မြင့်နေပေသေးသည်။

သို့သော်ငြား ရန်ကိုင်ကမူ အရမ်းကြီးတုံ့ဆိုင်းမနေခဲ့ချေ။ လက်ရှိ ရန်ကိုင်၏ခန္ဓာကိုယ်မှာ အဆင်ပြေပြေနှင့်သာ ရှိနေပေသည်။ ထို့အတွက်ကြောင့် အဆင့်ကိုးမွန်းစတားအမြုတေထဲတွင် စွမ်းအားအလွန်များပြားလှမည်ဆိုလျှင်ပင် သူ့ခန္ဓာကိုယ်အား ဆိုးဆိုးရွားရွား ထိခိုက်စေလောက်လိမ့်မည်တော့မဟုတ်။

ထို့အတွက်ကြောင့် ရန်ကိုင်သည် မွန်းစတားအမြုတေကို ဝါးစားလိုက်ပြီး မှော်ကျင့်စဉ်ကို ချက်ချင်း လှည့်ပတ်လိုက်လေသည်။

လက်ရှိ ရန်ကိုင်အသုံးပြုနေသည့် မှော်ကျင့်စဉ်မှာ ရွာသူကြီးသင်ပေးခဲ့သည့် မှော်ကျင့်စဉ်မဟုတ်တော့ဘဲ စီနီယာချင်သင်ပေးခဲ့သည့် မှော်ကျင့်စဉ်တစ်မျိုးသာ ဖြစ်လေသည်။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် မှော်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် မှော်ကျင့်စဉ်နှစ်ခုကြားရှိ ကွာဟချက်ကို ချက်ချင်းသတိပြုမိသွားခဲ့သည်။ လက်ရှိ သူအသုံးပြုနေသော မှော်ကျင့်စဉ်သည် ရွာသူကြီးသင်ပေးခဲ့သည့် မှော်ကျင့်စဉ်ထက် ဆယ်ဆမက ပိုမိုကောင်းမွန်ပေသည်။ သူ့ဝမ်းဗိုက်တစ်ခုလုံး စတင်၍ ပူလောင်လာခဲ့လေသည်။ ထို့နောက်တွင် မြောက်မြားလှစွာသော စွမ်းအင်များသည် သူ့ဝမ်းဗိုက်မှနေ၍ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့လေရာ ရန်ကိုင်၏ဝမ်းဗိုက်မှာ ရုတ်တရက်ဆိုသလို ဖောင်းကားထွက်လာခဲ့ရသည်။ သူ့ခန္ဓာကိုယ် အတော်လေးအားကောင်းသည်မှာ ကံကောင်းသွားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက အဆင့်ကိုးမွန်းစတားအမြုတေထဲတွင် ရှိနေသော စွမ်းအားများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ပေါက်ကွဲထွက်သွားအောင်လုပ်ရန် လုံလောက်ပေသည်။

ရန်ကိုင်၏မျက်နှာတစ်ပြင်လုံး နီရဲလာခဲ့ပြီး နဖူးကြောများ ထောင်တက်လာခဲ့သည်။ နှာခေါင်းနှင့်နားမှလည်း သွေးများ စီးကျလာခဲ့လေသည်။ သို့တိုင် ရန်ကိုင်သည် မလှုပ်မယှက် ထိုင်လျက် မှော်ကျင့်စဉ်ကိုသာ ဆက်လက်လှည့်ပတ်ထားခဲ့သည်။

ရန်ကိုင်၏ သစ်သားအိမ်လေးတစ်ခုလုံး တုန်ခါလာခဲ့ပြီး အနီးအနားရှိ မိုးမြေစွမ်းအင်များလည်း ကသောင်းကနင်း ဖြစ်ကုန်ကြသဖြင့် ရွာသားများမှာ အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြလေသည်။

ဘာတွေဖြစ်နေသလဲဆိုသည်ကို သတိထားမိသော တီယာမှာတော့ အားဟူနှင့် အခြားသောရွာသားများအား ရန်ကိုင်ကျင့်ကြံနေသည့် အိမ်လေးထဲသို့ ပြေးမဝင်သွားရန် တားထားခဲ့လေသည်။

ရွာသူရွာသားများနှင့် လျင်မြန်စွာ ရင်းနှီးသွားခဲ့ပြီး ရွာအား ပြန်လည်တည်ဆောက်ရာတွင်လည်း ကူညီပေးခဲ့သည့်အတွက်ကြောင့် ရွာသားများသည် တီယာအား ရွာသားတစ်ဦးအဖြစ် သဘောထားခဲ့ကြသည်။ ထို့အပြင် တီယာသည် အားညိုကဲ့သို့ အားကောင်းလှသည့် မှော်ဆရာတစ်ဦးမှန်း ရွာသားများ သိထားကြလေသည်။ ထိုအကြောင်းကြောင့် သူမပြောသည်ကို ရွာသားများက နားထောင်ကြလေ၏။

ထိုထူးဆန်းသည့်အဖြစ်အပျက်သည် တစ်ရက်ခန့် ကြာသွားသည့်နောက်မှသာ ရန်ကိုင်၏အိမ်လေးမှ တစ်ဖန်ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။

သစ်သားအိမ်လေးထဲ၌ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ တစ်ခဏအတွင်း အကြီးအကျယ် တိုးတက်လာခဲ့ရသည်။

ပထမမွန်းစတားအမြုတေတစ်ခုကို စားလို့ကုန်သွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် နောက်ထပ်အဆင့်ကိုးမွန်းစတားအမြုတေတစ်ခုကို ထုတ်ယူ၍ မျိုချလိုက်ပြန်လေသည်။

ထို့နောက်တွင် ရန်ကိုင်ကျင့်ကြံနေသည့် သစ်သားအိမ်လေးထဲမှ အားကောင်းသည့် စွမ်းအင်လှိုင်းများ ထပ်မံထွက်ပေါ်လာခဲ့ပြန်လေရာ ရွာသားများမှာ အလားတူ ထိတ်လန့်သွားခဲ့ကြရပြန်လေသည်။

တစ်လခန့် ကြာသွားသည့်နောက် ရွာသားများမှာ အားညို၏သစ်သားအိမ်မှ ထွက်ပေါ်လာသည့် ပုံမှန်မဟုတ်သည့် အဖြစ်အပျက်များနှင့် အသားကျနေခဲ့လေပြီ။ အစပိုင်းတွင် ထိုထူးဆန်းသည့် အဖြစ်အပျက်သည် တစ်ရက်တွင် တစ်ခါလောက်သာ ဖြစ်လေ့ရှိပါသော်ငြား အချိန်ကြာလာသည့်နောက် ပိုပို၍ အကြိမ်ရေစိပ်လာခဲ့လေသည်။ ထို့အပြင် ထိုအဖြစ်အပျက်ကြာချိန်မှာလည်း ပိုပို၍ လျော့ပါးလာခဲ့ရသည်။

တီယာကမူ အားညိုကျင့်ကြံနေသည့်အတွက်ကြောင့် ထိုကဲ့သို့ဖြစ်ရသည်ဟု ရွာသားများအား ရှင်းပြထားခဲ့သည်။

ရွာသားများမှာ မှော်ပညာရပ်များအကြောင်း ဘာမှမသိကြသော်ငြား အားညိုကျင့်ကြံသည့်ပုံစံသည် ရွာသူကြီးကျင့်ကြံသည့်ပုံစံနှင့် မတူမှန်းတော့ ပြောနိုင်ပေသည်။ ရွာသူကြီးသည် မှော်ပညာရပ်များကို ကျင့်ကြံလေ့ရှိပါသော်ငြား ရွာသူကြီးကျင့်ကြံလိုက်သည့်အခါတိုင်း ရွာသူကြီးနေသည့်အိမ်မှာ ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာလေ့မရှိပေ။ သို့သော်ငြား တီယာမှ ထိုကဲ့သို့ပြောလာသည့်အတွက်ကြောင့် အားညိုကျင့်ကြံနေသည်ဟုသာ ယုံလိုက်ကြလေသည်။

အားညိုမှာ တစ်လလုံးလုံး အပြင်ထွက်မလာခဲ့။ ထို့အတွက်ကြောင့် ရွာသားများမှာ အားညို ဆာလောင်နေမည်ကို စိုးရိမ်၍ အားညိုဆီသို့ ထမင်းဟင်းသွားပို့ရန် ကြိုးစားခဲ့ကြပါသော်ငြား တီယာကမူ တားထားခဲ့လေသည်။ ထို့အတွက်ကြောင့် အားဟူတို့မှာ တီယာအပေါ် အနည်းငယ် မကျေမနပ် ဖြစ်လာခဲ့လေသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အပြစ်တင်ချင်သည်ဆိုပါကလည်း အားညိုကိုသာ အပြစ်တင်ရပေလိမ့်မည်။ ယခင် ရွာသူကြီးရှိစဉ်က ရွာသူကြီးသည် ရွာတွင် ကိစ္စတစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် ရှေ့မှ ဦးစီးဦးဆောင် ဆောင်ရွက်ပေးခဲ့သည်။ သို့သော်ငြား အားညိုကမူ ဤနေရာသို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ရွာအား ဆောက်လုပ်သည့်အရေးတွင် တစ်ကြိမ်လေးသာ ကူညီပေးခဲ့သည့်နောက် အားလုံးရှေ့မှ လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။

ထို့အတွက်ကြောင့် အားဟူနှင့် အခြားသူများမှာလည်း အခြေအနေအချိန်အခါကို လိုက်၍ ပြုမူရုံသာ တတ်နိုင်ခဲ့လေသည်။ ကိစ္စတစ်ခုခုနှင့် ကြုံလာရသော် တီယာကိုသာ အားကိုးနိုင်ပေသည်။ တီယာမှာ အတွေ့အကြုံသိပ်မရှိပါသော်ငြား ရွာသားများကြုံနေရသည့် ကိစ္စများကိုမူ အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်ခဲ့လေသည်။ ထို့အတွက်ကြောင့် လက်ရှိတီယာ၏အဆင့်အတန်းမှာ ရန်ကိုင်လောက် မြင့်မားခြင်းမရှိပါသော်ငြား အနည်းငယ်သာ နိမ့်ကျသည်ဟု ပြော၍ရသည်။

ယနေ့တွင် ငြိမ်းချမ်းနေသော ရွာလေးဆီသို့ တရွှီရွှီမြည်သံများ ရောက်ရှိလာခဲ့သည်။

ရွာသားအားလုံးသည် နေထိုင်ရာ သစ်သားအိမ်အသီးသီးဆီမှ ထွက်လာခဲ့ကြလေသည်။ အားဟူနှင့် အခြားသူများမှာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ထားကြလေ၏။

ထိုတရွှီရွှီမြည်သံများသည် ရွာအပြင်ဘက်ဆီမှ ထွက်လာကြခြင်း ဖြစ်လေသည်။

“ဘာဖြစ်တာလဲ…” အားဟူသည် မြို့နံရံပေါ်သို့ အပြေးသွားတက်ကြည့်လေ၏။

“မှော်ဝိဇ္ဇာတစ်ပါး ရောက်လာတယ်…” မြားသမားက တစ်နေရာဆီသို့ ညွှန်ပြလိုက်သည်။

အားညိုလည်း မြားသမားညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်ရာ သူတို့ဆီသို့ လူတစ်ဦး ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။

မှော်ဝိဇ္ဇာတစ်ဦးပင်။ အတော်လေးကိုမှ အားကောင်းလှသည့် မှော်ဝိဇ္ဇာတစ်ဦးပင်။

အားကောင်းလှသည့် မှော်သခင်များနှင့် မှော်ဝိဇ္ဇာများသည်သာ ကောင်းကင်ထက်တွင် ပျံသန်းနိုင်ကြလေသည်။

မှော်ဝိဇ္ဇာတစ်ဦး ရောက်ရှိလာသည်ကိုမြင်သော် အားဟူမျက်နှာ သုန်မှုန်သွားခဲ့လေသည်။

“သူ ဒဏ်ရာရထားတယ်…” တီယာ၏အသံ ဘေးဘက်ဆီမှ ထွက်လာခဲ့သည်။ တီယာ သူ့အနားသို့ မည်သို့ ရောက်လာလို့ ရောက်လာမှန်းမသိ။ သို့သော်ငြား တီယာနှင့်အတူ တစ်လခန့် အတူနေပြီးသည့်နောက်တွင် တီယာသည် အားကောင်းသည့် မှော်ဝိဇ္ဇာတစ်ပါးဖြစ်ကြောင်းကို အားဟူနှင့် အခြားသူများ သိသွားခဲ့ကြလေပြီ။

တီယာက ထိုကဲ့သို့ပြောသည့်အတွက်ကြောင့် ထိုကဲ့သို့သာ ဖြစ်ရပေလိမ့်မည်။

“ဒဏ်ရာရထားတယ်…” အားဟူ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သေသေချာချာ ကြည့်လိုက်ရာ ထိုမှော်ဝိဇ္ဇာသည် သူတို့ဆီသို့ ပျံသန်းလာနေစဉ်အတောအတွင်း ဒယီးဒယိုင် ဖြစ်နေကြောင်းကို တွေ့လိုက်ရလေသည်။ ထိုကဲ့သို့ပျံသန်းနိုင်ရန်အတွက် သူ့ကိုယ်သူ အနိုင်နိုင် ထိန်းထားရသည့်ပုံပင်။ ထို့အပြင် ထိုမှော်ဝိဇ္ဇာ၏ ကိုယ်ပေါ်၌ သွေးကွက်များလည်း ရှိနေခဲ့လေသည်။ ထိုမှော်ဝိဇ္ဇာသည် တကယ်ကြီးကို ဒဏ်ရာရထားခဲ့သည်။

“အဲ့တာ မီးတောက်ကလန်ကပဲ…” တီယာက ပြောလိုက်သည်။

“မှော်ဆရာချီ…” ထိုသူ၏မျက်နှာကိုမြင်လိုက်သော် အားဟူက အလန့်တကြား ဆိုလိုက်လေသည်။

လက်ရှိ သူတို့ဆီသို့ ပျံသန်းလာနေသည့်လူမှာ မီးတောက်ကလန်မှ မှော်ဆရာချီမှလွဲ၍ အခြားမဟုတ်ချေ။ လွန်ခဲ့သောတစ်လခန့်က အားဟူတို့မှာ မှော်ဆရာချီနှင့် အရိုးဝါးမျိုခြင်းကလန်၏ ကျောက်တုံးခံတပ်တွင် တွေ့ခဲ့ဖူးသည့်အတွက်ကြောင့် လက်ရှိ သူတို့ဆီသို့ ပျံသန်းလာနေသည့်လူမှာ မှော်ဆရာချီမှန်း အားဟူပြောနိုင်ခဲ့လေသည်။ အားဟူသိသလောက် မှော်ဆရာချီသည် မှော်ဝိဇ္ဇာတစ်ပါး ဖြစ်လေရာ သူ့အား မည်သူကများ ဒဏ်ရာရအောင် လုပ်နိုင်ရလေသနည်း။ လက်ရှိအချိန်တွင် မှော်ဆရာချီသည် လက်တစ်ဖက်ပြတ်နေပြီး အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့လေသည်။ ပြတ်နေသည့်လက်မှ သွေးများမှာ တရစပ်စီးကျနေလေရာ မှော်ဆရာချီ၏မျက်နှာမှာ သွေးအလွန်အကျွံ ဆုံးရှုံးထားရသည့်အတွက်ကြောင့် အတော်လေးကိုမှ ဖြူလျော်နေခဲ့လေသည်။

ထို့အပြင် မှော်ဆရာချီ၏ ပြတ်နေသည့်လက်မှာ ထက်ရှသည့် လက်နက်တစ်ခုခုကြောင့် ဖြတ်တောက်ထားခံရခြင်းမဟုတ်ဘဲ အစိမ်းလိုက်သက်သက်ကြီး ဆွဲဆုတ်ခံထားရသည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။ မှော်ဆရာချီ၏လက်ပြတ်နေသည့် နေရာကိုကြည့်ရင်း အားဟူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၃၃)

ဘာသာပြန်သူ_တိမ်တိုက်

မည်သူကများ မှော်ဆရာချီကဲ့သို့ အားကောင်းလှသည့် မှော်ဝိဇ္ဇာတစ်ဦး၏လက်ကို ယခုကဲ့သို့မျိုး ဆွဲဖြတ်ပစ်နိုင်ရလေသနည်း။

မှော်ဆရာချီ၏အခြေအနေကို မြင်ပြီးသည့်နောက်တွင် အားဟူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ လှမ်းအော်ပြောလိုက်လေသည်။ “အားညိုကို ဒီကိုခေါ်လိုက်ပေတော့…”

သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်း အားဟူကြောင်သွားခဲ့ရလေသည်။ အကြောင်းမှာ အားညိုသည် မည်သည့်အချိန်ကတည်းကမှန်းမသိ သူ့နောက်တွင် ရပ်နေပြီး သူ့ရှေ့တည့်တည့်သို့ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေသည့် အတွက်ကြောင့်ပင်။

အဝေးမှ ပြေးလာနေသော မှော်ဆရာချီသည် ရန်ကိုင်အား အာရုံခံမိလိုက်သည့်အလား သူ့မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက်တွင် ဆက်၍ မပျံသန်းတော့ဘဲ ရုတ်တရက်ကြီး ရပ်လိုက်သည်။ ထိုသို့လုပ်ပြီးသည့်နောက် မှော်ဆရာချီ၏မျက်လုံးများ ပြူးကျယ်လာခဲ့ပြီး သူ့မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ အထင်းသား ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီး နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ “မြန်မြန်ပြေးပေတော့…”

ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် မှော်ဆရာချီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို ဖောင်းကားတက်လာခဲ့သည်။ သူဝတ်ဆင်ထားသည့် တိရစ္ဆာန်အရေပြားများမှာလည်း ရုတ်တရက်ကြီး ဖောင်းကားတက်လာသည့် မှော်ဆရာချီ၏ ခန္ဓာကိုယ်ဒဏ်ကို မခံနိုင်တော့ဘဲ စုတ်ပြဲထွက်ကုန်လေသည်။ မကြာမီ မှော်ဆရာချီ၏ခန္ဓာကိုယ်တစ်ခုလုံး ပူဖောင်းတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့သည်။

“ဟူး…” ထိုမြင်ကွင်းကိုကြည့်ရင်း တောင်ပြာရွာမှ ရွာသားများ သက်ပြင်းရှိုက်လိုက်ကြလေသည်။ မှော်ဆရာချီသည် ဘာကြောင့်များ ရုတ်တရက်ကြီး ထိုကဲ့သို့ ပေါက်ကွဲထွက်သွားမှန်းကို မည်သူမျှ နားမလည်နိုင် ဖြစ်နေကြသည်။

မှော်ဆရာချီသေဆုံးသွားသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ဘယ်အချိန်တည်းကမှန်းမသိ ထိုနေရာ၌ လူထွားကြီးတစ်ဦး ရှိနေကြောင်းကို ရွာသားများ တွေ့လိုက်ရလေသည်။ ထိုလူသည် လက်တစ်ဖက်ထဲတွင် ပစ္စည်းတစ်ခုကို ကိုင်စွဲထားခဲ့ပြီး ခါးတွင်လည်း အရွယ်အစားမတူညီသော အရိုးခေါင်းအသီးသီးကို ချိတ်ဆွဲထားခဲ့သည်။ ကျန်လက်တစ်ဖက်ထဲတွင်တော့ စားလက်စအစားကို ကိုင်ထားခဲ့ပြီး ရန်ကိုင်အား သွားပေါ်အောင် ပြုံးဖြီးပြရင်း စိုက်ကြည့်နေခဲ့သည်။

“အရိုးဝါးမျိုခြင်းကလန်…” ထိုလူ့မျက်နှာထက်ရှိ အမှတ်အသားများကို မြင်ပြီးသည့်နောက် အားဟူက အလန့်တကြား ဆိုလိုက်လေသည်။

အရိုးဝါးမျိုခြင်းကလန်သည် အလွန်ကိုမှ အငြိုးကြီးလှကာ အနည်းငယ်လေး ပြဿနာတက်လျှင်ပင် လိုက်လံလက်စားချေတတ်သည့် မျိုးနွယ်စုတစ်ခုအဖြစ် နာမည်ကျော်ကြားပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အားဟူမှာ အရိုးဝါးမျိုခြင်းကလန် သူတို့အား လက်စားလာပြန်ချေမည်ကို တွေးကာ စိုးရိမ်နေခဲ့ရသည်။ အားညိုကိုပင်လျှင် သူတို့ရွာအား အခြားတစ်နေရာသို့ ပြောင်းလျှင် ကောင်းမလားဟုပင် သွားမေးကြည့်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်ငြား အားညိုမှာ တစ်ချိန်လုံး တံခါးပိတ်ကျင့်စဉ် ဝင်နေသည့်အတွက်ကြောင့် အားဟူမှာ သွားမေးရန် အခွင့်အရေးမရခဲ့ချေ။ ယခုမူ သူစိုးရိမ်နေသည့်အရာသည် အမှန်တကယ်ကို ဖြစ်လာခဲ့လေပြီ။

အရိုးဝါးမျိုခြင်းကလန်မှာ သူတို့အား လက်စားလာချေခဲ့ပြီ။ လက်ရှိ သူတို့အား လက်စားလာချေသည့်လူ၏ ခွန်အားမှာလည်း အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ တကယ်တော့ မှော်ဝိဇ္ဇာချီကဲ့သို့သော လူတစ်ဦးသည်ပင်လျှင် ထိုလူ၏သတ်ဖြတ်ခြင်း ခံလိုက်ရသည် မဟုတ်ပေလော။ အားညိုသည် ထိုကဲ့သို့သော လူတစ်ဦးအား အနိုင်ယူနိုင်ပါ့မည်လား။

အားဟူနားတွင် ရှိနေသော ရွာသားများမှာမူ အားဟူပြောသည်ကို ကြားပြီးသည့်နောက် ထိတ်လန့်သွားကုန်ကြလေသည်။ ထို့နောက်တွင် ထိုလူ၏ လက်ထဲတွင် ကိုင်ထားသည့် ပစ္စည်းကို လှမ်းကြည့်လိုက်ပြီးသည့်နောက် အကုန်လုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားကုန်ကြလေသည်။

ထိုလူထွားကြီးကိုင်ထားသည်မှာ အခြားမဟုတ် ငါးနှစ်သားအရွယ်လောက်သာ ရှိမည်ထင်ရသည့် ကလေးတစ်ဦး၏ ခြေထောက်တစ်ချောင်း ဖြစ်လေသည်။ လက်ရှိအချိန်တွင် ထိုလူထွားကြီးသည် ထိုကလေးခြေထောက်ကို ကိုင်ရင်း အားရပါးရ ဝါးစားပစ်နေခဲ့လေသည်။ ကလေးခြေထောက်အသားကို အားပါးတရစားနေသည့် ထိုလူ၏ပုံစံမှာ အချိန်နှင့်အမျှ ပိုပို၍ ကြောက်မက်ဖွယ်ရာကောင်းလာခဲ့လေသည်။ ထိုလူလုပ်နေသည့်ပုံစံကိုကြည့်ရင်း အချို့သောရွာသားများဆိုလျှင် ထိန်းပင်မထိန်းနိုင်တော့ဘဲ အော့အန်ကုန်ကြလေ၏။

ရန်ကိုင်သည်လည်း မှော်ဆရာချီသေသွားရာမှ သွေးစွန်းသွားသည့်မြေပြင်ကိုကြည့်ရင်း သက်ပြင်းချလိုက်လေသည်။ မှော်ဆရာချီ ဘာဖြစ်သွားသလဲဆိုသည်ကို သေချာမသိပါသော်ငြား အကြမ်းဖျင်းတော့ ခန့်မှန်းမိပေသည်။

အရိုးဝါးမျိုခြင်းကလန်၏ မှော်ဆရာသည် မှော်ဆရာချီအား ချက်ချင်းမသတ်ခဲ့။ ထို့အစား မှော်ဆရာချီအား ထွက်ပြေးစေကာ အကူအညီသွားတောင်းအောင် လုပ်ခဲ့လေသည်။ သို့သော်ငြား မှော်ဆရာချီအား မီးတောက်ကလန်ဆီမှ အကူအညီသွားတောင်း၍ မရအောင် လုပ်ခဲ့သည်။ ထို့အတွက်ကြောင့် မှော်ဆရာချီမှာလည်း အခြားသောဖြစ်နိုင်ချေများကိုသာ စဉ်းစားရကာ တောင်ပြာရွာဆီသို့ လာခဲ့ရတော့လေသည်။

သို့သော် မည်သို့ပင်ဖြစ်နေစေကာမူ မှော်ဆရာချီအား ထိုကဲ့သို့ လုပ်နိုင်သော အချက်ကို ကြည့်လျှင် ဤအရိုးဝါးမျိုခြင်းကလန်မှ မှော်ဆရာမှာ အနည်းဆုံး မှော်ဘုရင်တစ်ဦး ဖြစ်ရပေလိမ့်မည်။

“ငါ မင်းအရှိန်အဝါကို ဖတ်မိတယ်…”

နောက်ဆုံးတွင် အရိုးဝါးမျိုခြင်းကလန်မှ မှော်ဆရာက ရန်ကိုင်အား ကြည့်ရင်းမှ ပြောလာခဲ့လေသည်။ “မင်းလည်း ကျောက်တုံးခံတပ်ထဲမှာ ရှိခဲ့တယ်…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဟုတ်တယ်… ရီအောင်းကိုသတ်လိုက်တာ ကျုပ်ပဲ…”

ထိုမှော်ဆရာက လှောင်ပြုံးပြုံးကာ “မင်းက…”

ရန်ကိုင် ရီအောင်းကို သတ်နိုင်လိမ့်မည်ဟု သူမထင်။ ထိုနေ့က ကျောက်တုံးခံတပ်ထဲတွင် ဘာတွေဖြစ်သွားသလဲဆိုသည်ကို သိနိုင်ရန်အတွက် အရိုးဝါးမျိုခြင်းကလန်မှ မှော်ဆရာသည် နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့လေသည်။ အဆုံး၌ သဲလွန်စအချို့ကို ရှာတွေ့ခဲ့ပြီး ကျောက်တုံးခံတပ်မှ အရိုးဝါးမျိုခြင်းကလန်သားများအား သတ်ပစ်သွားခဲ့သည့် လူများကို လိုက်လံရှာဖွေနိုင်ခဲ့သည်။ မီးတောက်ကလန်နှင့် လေညင်းကလန်တို့ကို သွားရောက်ခဲ့ပြီးသည့်နောက် ရွာနှစ်ရွာစလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်ငြား နောက်ဆုံးပစ်မှတ်ကိုမူ ရှာဖွေရခက်သွားခဲ့သည်။ သူ့အား မမြင်နိုင်အောင် တစ်ယောက်ယောက်မှ ဖုံးကွယ်နေသည့်အလား နောက်ဆုံးပစ်မှတ်ကို မည်သို့ပင် ကြိုးစားရှာဖွေကာမူ မရှာဖွေနိုင်ခဲ့‌ချေ။ ထို့အတွက်ကြောင့် မှော်ဆရာချီကို အားကိုး၍သာ နောက်ဆုံးပစ်မှတ်ကို လိုက်လံရှာဖွေရတော့သည်။

သူ့အစီအစဉ်မှာလည်း အမှန်တကယ်ကို အလုပ်ဖြစ်သွားသည်ဟု ပြော၍ရပေမည်။ နည်းလမ်းရှာမရတော့သည့် မှော်ဆရာချီမှာ သွေးရူးသွေးတမ်းဖြင့် ဤနေရာသို့ ထွက်ပြေးလာခဲ့လေသည်။ ယခု နောက်ဆုံးပစ်မှတ်ကို ရှာတွေ့သွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤတစ်ရွာလုံးကို ဖျက်ဆီးဖို့သာ ကျန်တော့သည်။ မည်သူမျှ အရိုးဝါးမျိုခြင်းကလန်အား လာရောက်စော်ကား၍မရချေ။ သူတို့ကလန်သားကို သတ်ဖြတ်သည့်လူတိုင်း သွေးမြေခရပေလိမ့်မည်။

“ခင်ဗျားက ကျုပ်ကို လာအထင်သေးနေတာလား…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်မေးလိုက်သည်။ တစ်ချိန်တည်းတွင် တီယာအား ရွာသားများကို ခေါ်သွား၍ အခြားတစ်နေရာတွင် သွားပုန်းအောင်းနေရန် ပြောလိုက်လေသည်။ လွန်ခဲ့သောတစ်လအတွင်း ရန်ကိုင်၏ခွန်အားမှာ သိသိသာသာကို တိုးတက်လာခဲ့ရပါသော်ငြား သူရင်ဆိုင်နေရသည့်လူမှာ မှော်ဘုရင်တစ်ပါး ဖြစ်လေသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူကို လုံးဝ အထင်သေး၍မဖြစ်။ တစ်ဖက်လူနှင့် ရင်ဆိုင်တိုက်ခိုက်နေချိန်တွင် တောင်ပြာရွာသားများမှ သူ့အား အနှောင့်အယှက် လာပေးမည်ကိုလည်း မလိုလား။ ရွာသားများသည်သာ ဤနေရာမှ ပြန်မဆုတ်သွားပါက သူ့အနေဖြင့် အရိုးဝါးမျိုခြင်းကလန်မှ မှော်ဘုရင်သည် ရွာသားများကို အသုံးချ၍ သူ့အား ဖိအားပေးရန် ကြိုးစားမည်ကို စိုးရိမ်ရပေလိမ့်မည်။

အရိုးဝါးမျိုခြင်းကလန်မှ မှော်ဆရာကမူ နှာခေါင်းသာရှုံ့လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

“ရီအောင်းလည်း သူမသေခင်တုန်းက ခင်ဗျားအတိုင်းပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

မှော်ဘုရင်က အေးစက်စက်အမူအယာဖြင့် “ဒီတော့ မင်းပြောချင်တာက ငါမှော်ဆရာချိုက်က ရီအောင်းလိုပဲ အဆုံးသတ်မယ်ပေါ့ ဟုတ်လား…”

ရန်ကိုင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ ပုခုံးသာ တွန့်ပြလိုက်လေသည်။

မှော်ဆရာချိုက်သည် ရန်ကိုင်အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ရုတ်တရက် အေးစက်စက်အမူအယာဖြင့် ထရယ်မောလိုက်၏။ သူ့ရယ်သံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှကာ ထိုရယ်သံထဲ ထူးခြားသည့်စွမ်းအားတစ်မျိုး ပါဝင်နေသည့်အလား ထိုရယ်သံကို ကြားလိုက်သည့်အခိုက် ရွာသားများ၏ ပါးစပ်နှင့် နှာခေါင်းများဆီမှ သွေးများ စတင်စီးကျလာရတော့လေသည်။

သူ့ရှေ့တွင် ရှိနေသည့် ရန်ကိုင်တစ်ဦးတည်းသည်သာ အကောင်းအတိုင်း ရှိနေခြင်း ဖြစ်လေသည်။

ထိုကဲ့သို့ ရယ်မောနေပြီးသည့်နောက်တွင် မှော်ဆရာချိုက်သည် ရန်ကိုင်အား ပြန်၍ စိုက်ကြည့်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်သည် ဘာဆိုဘာမျှမဖြစ်ဘဲ အကောင်းအတိုင်းသာ ရှိနေသေးမှန်း တွေ့လိုက်ရသည့်အတွက်ကြောင့် ထူးထူးဆန်းဆန်းအမူအယာဖြင့် “အင်း… ကြည့်ရတာ မင်းက မှော်ဝိဇ္ဇာတစ်ပါးပဲဆိုပေမယ့် အရည်အချင်းလေး နည်းနည်းပါးပါး ရှိတဲ့ပုံပါလား…”

သူသည် မှော်ဘုရင်တစ်ပါး ဖြစ်နေဆဲ။ မှော်ဘုရင်တစ်ပါးမှ မှော်စွမ်းအားကို ပေါင်းစပ်၍ အော်လိုက်သည့်အသံသည် မှော်ဝိဇ္ဇာတစ်ပါး ခုခံနိုင်သည့် အသံမျိုးမဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်ကမူ ဘာဆိုဘာမှ ဖြစ်မသွားခဲ့ဘဲ အကောင်းအတိုင်းသာ ရပ်နေခဲ့လေသည်။

ထိုသို့ရေရွတ်လိုက်ပြီးသည့်နောက် မှော်ဆရာချိုက်သည် စားလက်စကလေးခြေထောက်ကို အောက်သို့ ပစ်ချလိုက်လေသည်။ ထို့နောက် မှော်စွမ်းအားကို စတင်၍ လှည့်ပတ်လိုက်ရာ သူ့ခါးထက်တွင် ချိတ်ဆွဲထားသော အရိုးခေါင်းများဆီမှ အေးစက်စက်အရှိန်အဝါတို့ ဖြာထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ဟောင်းလောင်းပေါက်ဖြစ်နေသော အရိုးခေါင်း၏ မျက်လုံးများထဲ အစိမ်းရောင်အလင်းတို့ တဖျတ်ဖျတ် လက်လာခဲ့လေသည်။

“ငါ့ရဲ့ အရိုးဝါးမျိုခြင်းကလန်သားတွေကို သတ်ရဲတယ်… မင်းတို့တစ်ရွာလုံး သေဖို့သာ ပြင်ထားပေတော့…”

မှော်ဆရာချိုက်မှ ထိုကဲ့သို့ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခါးထက်တွင် ချိတ်ဆွဲထားသော အရိုးခေါင်းများ ပတ်ပတ်လည်သို့ ပျံထွက်သွားကုန်ကြပြီး အိမ်တစ်လုံးအရွယ်အစားသို့ ပြောင်းလဲသွားကုန်ကြလေသည်။ ထို့နောက်တွင် အရိုးခေါင်းများမှာ ရန်ကိုင်ဆီသို့ ပြေးဝင်လာခဲ့ပြီး တောင်ပြာရွာတစ်ရွာလုံးကို ဘက်ပေါင်းစုံမှ ဝိုင်းထားလိုက်ကြလေသည်။ ထို့နောက်တွင် အရိုးခေါင်းများ၏ ပါးစပ်များဆီမှ ခြောက်ခြားဖွယ်ရာကောင်းလှသော အေးစက်စက်စွမ်းအားတို့ ထွက်ပေါ်လာခဲ့ပြီး တစ်ရွာလုံးကို လွှမ်းခြုံသွားခဲ့သည်။ ရုတ်ချည်းဆိုသလို တောင်ပြာရွာတစ်ရွာလုံးမှာ သေခြင်းချီတို့ဖြင့် ပြည့်နှက်သွားတော့လေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ရွာသားများအတွက် အစောကြီးတည်းက ကြိုတင်ပြင်ဆင်ပေးထားခဲ့လေသည်။ လက်ရှိအချိန်တွင် တီယာနှင့် ရွာသားများမှာ ရွာအလယ်တွင် စုဝေးနေကြပြီး ကြိုတင်ဖန်တီးထားသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုထဲသို့ အသီးသီး ပြေးဝင်နေကြလေသည်။

ထိုမြေအောက်လိုဏ်ခေါင်းကို တီယာ၏ဦးဆောင်မှုဖြင့် ဖန်တီးထားခဲ့ခြင်း ဖြစ်လေသည်။ ယခင်တစ်ကြိမ်အဖြစ်အပျက်ကြောင့် ဤမြေအောက်လိုဏ်ခေါင်းသည် သူတို့ရွာအတွက် ခိုကိုးရာတစ်ခု ဖြစ်လာရတော့လေသည်။ ယခင်တစ်ကြိမ် အဖြစ်အပျက်မျိုး ထပ်ဖြစ်မည်စိုးသည့်အတွက်ကြောင့် တီယာမှာ ဤမြေအောက်လိုဏ်ခေါင်းကို လိုရမယ်ရ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပါသော်ငြား ယခုအချိန်တွင်တော့ အမှန်တကယ်ကို အသုံးဝင်လာပေသည်။

သို့ရာတွင် သေခြင်းချီပျံ့နှံ့နေသည့်နှုန်းသည် အလွန်တရာကိုမှ မြန်ဆန်နေသလို မြေအောက်လိုဏ်ခေါင်းထဲသို့ ဝင်ရမည့် ရွာသားအရေအတွက်မှာ အယောက်နှစ်ရာခန့် ရှိသည့်အတွက်ကြောင့် မည်သူမှသာ ထိုသေခြင်းချီများကို မတားဆီးပါက ရွာသားများမှာ သေခြင်းချီ၏ကူးစက်ခြင်း ခံရပေတော့မည်။

ကံကောင်းစွာဖြင့် အရိုးခေါင်းများ စတင်လှုပ်ရှားလာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည်လည်း သူ့တိုက်ကွက်ကို ထုတ်ဖော်လိုက်လေသည်။

ရန်ကိုင်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး အရိုးခေါင်းတစ်ခေါင်းရှေ့တွင် ချက်ချင်း ပြန်ပေါ်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် မှော်ဆရာချိုက်က လှောင်ပြုံးပြုံးလျက် အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။ “မင်းသေချင်နေတာပဲ…”

ထိုအရိုးခေါင်းများသည် မှော်ဆရာချိုက်မှ နှစ်ပေါင်းများစွာကြာအောင် သန့်စင်ထားခဲ့သည့် မှော်လက်နက်များ ဖြစ်ကြလေသည်။ ရှင်းရှင်းပြောရလျှင် ထိုအရိုးခေါင်းများမှာ မှော်ဆရာချိုက်ထက်ပင် ကိုင်တွယ်ရ ပို၍ ခက်ခဲလှသည်။ ရန်ကိုင်သည်သာ အရိုးခေါင်းများကို မတိုက်ခိုက်ခဲ့ဘဲ မှော်ဆရာချိုက်ကို တိုက်ခိုက်ခဲ့မည်ဆိုပါက မှော်ဆရာချိုက်အနေဖြင့် ရန်ကိုင်နှင့်ရင်ဆိုင်ရန် အတော်လေးကြိုးစားရမည် ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ မှော်ဆရာချိုက်၏ မှော်လက်နက်များကို တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့လေသည်။

ရုတ်တရက်ဆိုသလို အရိုးခေါင်းများ၏ အစိမ်းရောင်မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ရန်ကိုင်ဆီသို့ မြောက်မြားလှစွာသော အေးစက်စက်အရှိန်အဝါများကို မှုတ်ထုတ်လိုက်လေသည်။

ထိုအေးစက်စက်သေခြင်းချီများကို မှော်ဆရာချိုက်မှ သတ်ပစ်ခဲ့သော လူများနှင့် သူစားသောက်ခဲ့သော လူများ၏ မကျေနပ်ချက်များကို စုဆောင်း၍ ဖန်တီးထားခြင်း ဖြစ်လေသည်။ ထိုအေးစက်စက်အရှိန်အဝါများမှာ အလွန်ကိုမှ ဆန်းကြယ်လှပြီး အားလည်းကောင်းလှသည်။ မှော်ဝိဇ္ဇာအဆင့်သာ ရှိသေးသော ရန်ကိုင်မဆိုထားနှင့် မှော်ဘုရင်တစ်ပါးသည်ပင်လျှင် ထိုသေခြင်းချီ၏ လွှမ်းခြုံခြင်း ခံလိုက်ရမည်ဆိုပါက ထိုမှော်ဘုရင်၏စိတ် ကယောင်ကတမ်းဖြစ်သွားကာ တိုက်ပွဲအပေါ် အာရုံစိုက်နိုင်တော့လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ရုတ်တရက်ဆိုသလို ထိုအေးစက်စက် သေခြင်းချီများကြားဝယ် ငါးရောင်ခြယ်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုငါးရောင်ခြယ်အလန်းသည် တစ်ခုပေါ်တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေခဲ့ပြီး အားဖြည့်ပေးနေခဲ့ကြသည်။ အေးစက်စက်သေခြင်းချီများမှာ ငါးရောင်ခြယ်အလင်းအား မည်သို့မှ ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ငါးရောင်ခြယ်အလင်းကသည်ပင်လျှင် တဖြည်းဖြည်းနှင့် စတင်၍ မောင်းထုတ်နေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဆရာချိုက် မျက်မှောင်ကျုံ့သွားခဲ့သည်။

သူ့ပြိုင်ဘက်သည် မှော်ဝိဇ္ဇာတစ်ဦးသာဖြစ်သည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ဦးသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုမှော်ဝိဇ္ဇာအဆင့် ကျင့်ကြံခြင်းလေးဖြင့် သူ့မှော်လက်နက်၏စွမ်းအားကို ခုခံနိုင်ဖို့ရာမှာ လုံးဝကို မဖြစ်သင့်ပေ။ သို့သော်ငြား လက်ရှိမြင်ကွင်းမှာတော့ မှော်ဆရာချိုက်၏ နားလည်မှုများကို အထက်အောက်ပြောင်းပြန် လှန်ပစ်နေခဲ့လေသည်။

ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီသည် အပြန်အလှန် အမှီသဟဲပြုရင်း သေခြင်းချီများကို တဖြည်းဖြည်းနှင့် စတင်ဖျက်ဆီးနေခဲ့သည်။

ရန်ကိုင်သည် အနန္တဓါးကို လှေပေါ်သို့ မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ့ကိုယ်ထဲမှ အားကောင်းလှသည့် စွမ်းအားများ စီးထွက်လာခဲ့လေရာ မကြာမီတွင် အလွန်ကိုမှ သိပ်သည်းလှသည့် အလင်းတန်းတစ်ခု ရန်ကိုင်ဆီမှ ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့ပြီး တိမ်စိုင်တိမ်ယံများကြား အပေါက်တစ်ပေါက် ဖြစ်သွားစေခဲ့လေသည်။ ထို့နောက်တွင် ကမ္ဘာကြီးတစ်ခုလုံးကိုပင်လျှင် နှစ်ပိုင်းဖြတ်တောက်ပစ်နိုင်သော အလွန်တရာကိုမှ အားကောင်းလှသည့် ဓါးအလင်းတန်းသည် ရန်ကိုင်အား လွှမ်းခြုံထားသည့် သေခြင်းချီများကို နှစ်ပိုင်းဖြတ်တောက်သွားခဲ့ပြီး ဧရာမအရိုးခေါင်းကြီးဆီသို့ ဆက်လက်တိုးဝင်သွားခဲ့လေသည်။

ဓါးအလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရသည့်အခိုက် အရိုးခေါင်း၏မျက်လုံးထဲရှိ အစိမ်းရောင်အလင်းများ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့လေသည်။ တစ်ချိန်တည်းတွင် အရိုးခေါင်းမှာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ အဝေးတစ်နေရာသို့ အရှိန်အဟုန်ပြင်းစွာ လွင့်စင်ထွက်သွားခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၃၄)

ဘာသာပြန်သူ_တိမ်တိုက်

မှော်ဆရာချိုက် ထိတ်လန့်သွားခဲ့သည်။ မှော်ဝိဇ္ဇာတစ်ဦး ဤမျှ အားကောင်းနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့‌။ ချက်ချင်းပဲ လွင့်စင်ထွက်သွားသည့် သူ၏အရိုးခေါင်းကို အလျင်စလို သူ့ဆီသို့ ဆွဲယူလိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှော်ဆရာချိုက်၏မျက်နှာကြီး သုန်မှုန်သွားခဲ့လေသည်။

သူအမြတ်တနိုးတန်ဖိုးထားရသည့် မှော်လက်နက်ပေါ်တွင် အက်ရာတစ်ခု ရှိနေခဲ့သည်။

ဤအရိုးခေါင်း၏ မှော်ဘုရင်တစ်ပါး၏ မှော်လက်နက်ဖြစ်သည်။ ထို့အတွက်ကြောင့် ပုံမှန်အားဖြင့် တစ်ဖက်ရန်သူ မည်သို့ပင် တိုက်ခိုက်စေကာမူ အရိုးခေါင်းပေါ် အက်ရာထင်အောင် လုပ်ရန်မဆိုထားနှင့် ခြစ်ရာလေးပင်ထင်အောင် လုပ်နိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား တစ်ဖက်မှော်ဝိဇ္ဇာ၏ ဓါးချက်ကြောင့် သူ့အရိုးခေါင်းပေါ်၌ အက်ရာတစ်ခု ထင်သွားခဲ့ရလေသည်။

သူ့ဘာသာ အရိုးခေါင်းအား စစ်ဆေးနေစဉ်မှာပင် တစ်ဖက်ရန်သူမှော်ဝိဇ္ဇာမှာ ဓါးကိုကိုင်စွဲ၍ နောက်ထပ်အရိုးခေါင်းတစ်ခုဆီသို့ ပြေးဝင်သွားနေသည်ကိုမြင်သော် မှော်ဘုရင်ချိုက် ဒေါသတကြီး ထအော်တော့လေသည်။ “မင်း တော်သင့်ပြီကွ…”

တစ်ကြိမ်ခံထားရပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် မှော်ဘုရင်ချိုက်မှာ တစ်ဖက်လူအား အနည်းငယ်မျှပင် အထင်မသေးရဲတော့ပေ။ သူ၏အရိုးခေါင်းအားလုံးကို သူ့ဆီသို့ ချက်ချင်း ပြန်ဆွဲယူလိုက်လေသည်။

အရိုးခေါင်းခြောက်ခုသည် မှော်ဘုရင်ချိုက်ဆီသို့ ပျံသန်းလာကြပြီး မူလအရွယ်အစားသို့ တစ်ဖန်ပြန်လည် ကျုံ့ဝင်သွားခဲ့ကြသည်။

အရိုးခေါင်းများ မရှိတော့သည့်နောက်တွင် တစ်ရွာလုံးကို လွှမ်းခြုံထားသော သေခြင်းချီများမှာလည်း နေလာနှင်းပျောက်သည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွားကုန်ကြလေသည်။

ရန်ကိုင်သည် အနန္တဓါးကို ပုခုံးထက်တင်ရင်းမှ မှော်ဘုရင်ချိုက်အား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိသည့်အမူအယာဖြင့် စိုက်ကြည့်လျက် အော်ရယ်မောကာ ပြောလိုက်သည်။ “ကြွားတာတော့မဟုတ်ဘူး… ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင် အစွမ်းကုန်ထုတ်သုံးမှဖြစ်မှာနော်…”

ထိုစကားကိုကြားသော် မှော်ဘုရင်ချိုက်၏မျက်နှာကြီး မဲ့သွားခဲ့သည်။ အခြားမှော်ဝိဇ္ဇာတစ်ပါးပါးကသာ သူ့အား ယခုကဲ့သို့ လာပြောမည်ဆိုပါက မှော်ဘုရင်ချိုက်အနေဖြင့် အနည်းငယ်မျှပင် ဂရုစိုက်လိမ့််မည်မဟုတ်ပါသော်ငြား လက်ရှိ သူ့ရှေ့တွင်ရှိနေသော မှော်ဝိဇ္ဇာကိုမူ သူ့အနေဖြင့် အနည်းငယ်မျှပင် အထင်သေး၍မရတော့မှန်း မှော်ဘုရင်ချိုက် သိနေခဲ့လေသည်။

“မင်း ရီအောင်းကို တကယ်ကြီး သတ်ခဲ့တာလား…” မှော်ဘုရင်ချိုက်က မေးလိုက်သည်။

“ဟုတ်လည်း ဟုတ်တယ်… မဟုတ်လည်း မဟုတ်ဘူး… ရှင်းရှင်းပြောရရင် နောက်ဆုံးကျ သူ့ဘာသာသူ ဖောက်ခွဲသွားတာ…”

“ဒီတော့ မင်းပေါ့…” မှော်ဘုရင်ချိုက် အရူးတစ်ပိုင်း ဖြစ်သွားခဲ့သည်။ အစကတော့ ထိုကိစ္စနှင့်ပတ်သက်၍ သံသယရှိခဲ့ပေသေးသည်။ တကယ်တော့ ရီအောင်း၏စွမ်းရည်အရ သူ့အနေဖြင့် မည်ကဲ့သို့များ အလွယ်တကူ အသတ်ခံရပါမည်နည်း။ မှော်ဝိဇ္ဇာချီနှင့် မှော်ဝိဇ္ဇာကျုတို့မှာ ရီအောင်းအား မသတ်နိုင်ကြချေ။ ထို့အတွက်ကြောင့် လေပြင်းကလန် သို့မဟုတ် မီးတောက်ကလန်မှ မှော်ဘုရင်တစ်ပါးပါး ဝင်ရောက်စွက်ဖက်၍ မှော်ဝိဇ္ဇာရီအောင်းအား သတ်သွားခဲ့သည်ဟု မှော်ဘုရင်ချိုက် ထင်ခဲ့လေသည်။ သို့သော်ငြား ယခု ရန်ကိုင်ထုတ်ပြသွားသည့် စွမ်းရည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်ပြောသည်မှာ အမှန်မှန်း မှော်ဘုရင်ချိုက် ယုံကြည်သွားတော့သည်။

ရီအောင်းသည် လက်ရှိသူရှေ့တွင် ရှိနေသည့် မှော်ဝိဇ္ဇာ၏လက်ထဲတွင် သေသွားရခြင်း ဖြစ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ဤမှော်ဝိဇ္ဇာသည် ရီအောင်း မည်သို့မည်ပုံ သေသွားခဲ့သလဲဆိုသည်ကို မည်ကဲ့သို့များ အသေးစိတ် သိနေပါမည်နည်း။

ရီအောင်း၏ခွန်အားအများစုသည် သူ၏သွေးပင်လယ်ပေါ်တွင် မူတည်နေပေသည်။ တစ်နည်းဆိုရသော် ရီအောင်းသည် သူ၏မှော်လက်နက်ပေါ်တွင် အားကိုးနေခြင်းဖြစ်သည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ဤမှော်ဝိဇ္ဇာတွင်လည်း အလွန်ကိုမှ အားကောင်းလှသည့် မှော်လက်နက်တစ်မျိုး ရှိနေသည့်ပုံပင်။ သာမန်မှော်လက်နက်သာဆိုပါက သူ၏အရိုးခေါင်းအား မည်ကဲ့သို့များ အက်ရာထင်သွားအောင် လုပ်နိုင်ပါမည်နည်း။

သို့သော်ငြား မှော်ဝိဇ္ဇာသည် မှော်ဝိဇ္ဇာသာ ဖြစ်နေဆဲ။ သာမန်မှော်ဝိဇ္ဇာများထက် ပို၍အားကောင်းမည်ဆိုလျှင်ပင် သူ့ကဲ့သို့ မှော်ဘုရင်တစ်ပါးကို ယှဉ်နိုင်မည်လား။

“မင်းလုပ်ရပ်အတွက် အကျိုးဆက်ကို ပြန်ပေးဆပ်ရမယ်…” မှော်ဘုရင်ချိုက်သည် ဒေါသတကြီး အော်ပြောလိုက်ပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့ဘေးပတ်ပတ်လည်တွင် ပျံဝဲနေကြသော အရိုးခေါင်းအားလုံး ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကုန်ကြလေသည်။ ယခုတစ်ကြိမ်တွင်တော့ အရိုးခေါင်းများမှာ အရွယ်အစားကြီးမားလာခြင်းမရှိကြ။ မူရင်းပုံစံကိုသာ ထိန်းထားခဲ့ပြီး ရန်ကိုင်အား ဘက်ပေါင်းစုံမှ ပတ်လည်ဝိုင်းရင်း အေးစက်စက် သေခြင်းချီတို့ကို မှုတ်ထုတ်လိုက်လေသည်။

အေးစက်စက်အရှိန်အဝါသည် အရာအားလုံးကို အေးခဲပစ်နိုင်သည့်အလား။ မှော်ဘုရင်များသည်ပင်လျှင် ထိုအေးစက်စက်အရှိန်အဝါများဆီမှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ ရန်ကိုင်သည် အနန္တဓါးကို တင်းတင်းဆုပ်ကိုင်ရင်း ဓါးလှိုင်းများကို ထုတ်လွှတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

အရိုးခေါင်းခြောက်ခုစလုံး၏ တိုက်ခိုက်မှုများမှာ ရန်ကိုင်ဆီသို့ မရောက်ရှိခဲ့ဘဲ ရန်ကိုင်၏ဓါးချီများ၏ တားဆီးခြင်းကိုသာ ခံခဲ့ရလေသည်။ ရန်ကိုင်အား မည်သည့်ဒဏ်ရာမှ ရသွားအောင် မလုပ်နိုင်ခဲ့ရုံမက ရန်ကိုင်၏ဓါးချီကြောင့်ပင်လျှင် အရိုးခေါင်းများမှာ မတည်မငြိမ် ဖြစ်သွားခဲ့ကြရသည်။

သို့သော်ငြား မှော်ဘုရင်ချိုက်မှာမူ အနည်းငယ်မျှပင် ထိတ်လန့်နေခြင်းမရှိ။ ယခုကဲ့သို့ဖြစ်လာမည်မှန်း သူ ကြိုတင်ခန့်မှန်းထားပြီးသားပင်။ အရိုးခေါင်းများ၏ တိုက်ခိုက်မှုကို ဓါးလှိုင်းများထုတ်လွှတ်၍ တားဆီးနေသည့် ရန်ကိုင်ကိုကြည့်ရင်း မှော်ဘုရင်ချိုက်၏နှုတ်ခမ်း ယဲ့ယဲ့လေး ကွေးတက်သွားခဲ့သည်။ ထို့နောက် မှော်မန္တန်တစ်ခုကို မသိမသာလေး ရွတ်ဆိုလိုက်လေသည်။

အရိုးခေါင်းများကို ရင်ဆိုင်နေသည့် ရန်ကိုင်မှာမူ မှော်ဘုရင်ချိုက် မှော်မန္တန်တစ်ခု ရွတ်ဆိုလိုက်သည်ကို သတိမူမိဟန် မရဘဲ ဓါးလှိုင်းများကိုသာ ဆက်လက်ထုတ်လွှတ်နေခဲ့လေသည်။

သို့သော်ငြား တစ်ခဏအကြာတွင် ရန်ကိုင်ပတ်လည်၌ ထွင်းဖောက်မြင်နိုင်သည့် မှော်ဒိုင်းကာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ဖောက်မြင်နိုင်သည့် အကြည်ရောင်မိစ္ဆာဝိဉာဉ်တစ်ခုသည်လည်း ထိုမှော်ဒိုင်းကာနှင့် သွားတိုက်မိကာ စူးစူးဝါးဝါး ထအော်လေသည်။

ရန်ကိုင်မှာမူ မိစ္ဆာဝိဉာဉ်အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ဘဲ ယဲ့ယဲ့လေးသာ ပြုံးနေခဲ့လေသည်။ အနန္တဓါးကိုကိုင်စွဲ၍ အရိုးခေါင်းခြောက်ခုကို တိုက်ခိုက်နေရင်းမှ လက်စားဇလုံအရွယ်အစားခန့် ကြီးမားလှသော မီးဘောလုံးတစ်ခုကို ဖန်တီးကာ သူ့ဘယ်ဘက်တွင်ရှိနေသော မိစ္ဆာဝိဉာဉ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

မီးဘောလုံး၏ ထိမှန်ခြင်း ခံလိုက်ရသည့်အခိုက် စူးရှလှသည့် အော်ဟစ်သံတစ်သံနှင့်အတူ အသွင်မဲ့မိစ္ဆာဝိဉာဉ်မှာ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဘုရင်ချိုက်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေရလေသည်။ ထိုသကောင့်သားသည် အရိုးခေါင်းခြောက်ခုနှင့် ရင်ဆိုင်နေရသည့်တိုင် သူ့အပေါ်တွင် အာရုံစိုက်နိုင်သေးသည်လား။ ထိုကောင်၏ ကောင်းကင်စိတ်အာရုံသည် သူ၏ အလစ်ချောင်းတိုက်ခိုက်မှုကိုပင် သတိထားရလောက်အောင် မည်မျှပင် အားကောင်းနေလေသနည်း။

မှော်ဘုရင်ချိုက်၏မျက်နှာကြီး သုန်မှုန်သွားတော့လေသည်။

သူသည် မှော်ဘုရင်တစ်ပါးပင် ဖြစ်လင့်ကစား မှော်ဝိဇ္ဇာလေးတစ်ဦးသည် သူ၏အလစ်ချောင်းတိုက်ခိုက်မှုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။

ရှက်ရှက်နှင့် ဒေါသထွက်လာခဲ့ရာ မှော်ဘုရင်ချိုက်သည် အရိုးခေါင်းခြောက်ခုကို ထိန်းချုပ်ရင်း ရန်ကိုင်အား ဖိအားပေးကာ တိုက်ခိုက်နေရင်းမှ မှော်ပညာရပ်များကို တရစပ်ထုတ်လွှတ်၍ ရန်ကိုင်အား ထပ်မံကာ တိုက်ခိုက်လိုက်လေသည်။

ရန်ကိုင်သည် သူ၏မှော်ပညာရပ်အား တစ်ကြိမ်ကာကွယ်နိုင်ခဲ့ပါသော်ငြား အကြိမ်တိုင်းကိုတော့ ကာကွယ်နိုင်လိမ့်မည်မဟုတ်။ သူသည်သာ အရိုးခေါင်းခြောက်ခုဖြင့် ဖိအားပေး၍ မှော်ပညာရပ်များကို တရစပ်ထုတ်သုံးကာ တိုက်ခိုက်နေမည်ဆိုပါက သကောင့်သားအနေဖြင့် အနှေးနှင့်အမြန်ဆိုသလို သူ့တိုက်ကွက်များကို ခုခံနိုင်တော့လိမ့်မည်မဟုတ်ချေ။

သို့သော်ငြား ဖြစ်ပျက်လာသည့်အရာများကြောင် မှော်ဘုရင်ချိုက်မှာ လုံးဝကို မင်သက်သွားခဲ့ရလေသည်။

မှော်ဘုရင်ချိုက်၏ တိုက်ခိုက်မှုအားလုံးကို ရန်ကိုင်မှ လွယ်လင့်တကူသာ ကာကွယ်ပြသွားခဲ့လေသည်။ လက်တစ်ဖက်တွင် အနန္တဓါးကို ကိုင်စွဲရင်းမှ အရိုးခေါင်းများ၏ တိုက်ခိုက်မှုများကို ခုခံနေစဉ် ကျန်လက်တစ်ဖြင့် မှော်ပညာရပ်များကို ဖန်တီးကာ မှော်ဘုရင်ချိုက်၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံပြသွားခဲ့သည်။

ဤသို့ဖြင့် မှော်ဆရာနှစ်ပါးမှာ လေထဲဝဲလျက် စွမ်းအားချင်း ပြိုင်ဆိုင်ကြတော့လေသည်။

သူတို့ကြားတွင် အဆင့်ကြီးတစ်ဆင့် ခြားနေပါသော်ငြား နှစ်ဦးစလုံး ထုတ်သုံးသွားသည့် မှော်ပညာရပ်များမှာ အဆင့်အတူတူလောက်သာ ရှိကြပေသည်။ မှော်ပညာရပ်များသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ရင်း အပြန်အလှန်‌ ချေဖျက်သွားခဲ့ကြလေသည်။ ထို့အတွက်ကြောင့် တိုက်ပွဲဖြစ်နေသည့် ကောင်းကင်တစ်ခုလုံး တိုက်ပွဲသံများဖြင့် ပြည့်နှက်နေတော့လေသည်။

အစပိုင်းတွင်တော့ သူ့ကိုယ်သူ အသားစီးနေရသည်ဟု မှော်ဘုရင်ချိုက် ခံစားခဲ့ရလေသည်။ သူ့တိုက်ကွက်များနှင့် ရင်ဆိုင်ရာတွင် တစ်ဖက်လူသည် တစ်ခါတစ်ရံ ပျာယာခတ်သွားလေ့ရှိသည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်လူမှာ တိုက်ခိုက်နေရသည်နှင့်ပတ်သက်၍ အတော်လေးကိုမှ အသားကျလာသည့်အလား ရန်ကိုင်၏ မှော်ပညာရပ်များမှာ ပိုပို၍ အားကောင်းလာခဲ့သလို ပိုပို၍လည်း ချိန်ကိုက်သားမိလာခဲ့လေသည်။

(ငါ့လခွမ်းကွာ…)

ဤနေရာသည် ရွာငယ်လေးတစ်ရွာသာ ဖြစ်လေရာ ကလန်ကြီးတစ်ခု၏ အခွဲတစ်ခုဟုပင် ပြော၍မရ။ မှော်ဘုရင်ချိုက်၏ဘဝတွင် ဤကဲ့သို့သော ရွာငယ်ပေါင်း အနည်းဆုံး အခုရှစ်ဆယ်လောက်ကို ဖျက်ဆီးခဲ့ဖူးပေသည်။ ဤကဲ့သို့သောရွာငယ်မျိုးတွင် မှော်ဝိဇ္ဇာတစ်ပါး ရှိရန်မဆိုထားနှင့် မှော်အတတ်သင်တစ်ပါး ရှိနေလျှင်ပင် ကံကောင်းနေပြီဟု ပြော၍ရပေသည်။

မှော်ဘုရင်ချိုက်ပို၍စိတ်ညစ်နေရသည်မှာတော့ ဤရွာငယ်လေးကို ကာကွယ်ပေးနေသည့် မှော်ဝိဇ္ဇာတစ်ပါး ရှိနေရုံသာလျှင်မဟုတ်ဘဲ ထိုမှော်ဝိဇ္ဇာသည် သူ့ကဲ့သို့ပင် အားကောင်းလှသည့် မှော်ပညာရပ်များကို ထုတ်လွှတ်နိုင်နေခြင်းပင်။

မှော်ဝိဇ္ဇာတစ်ပါးလေးသာ ဖြစ်ပြီး မည်ကဲ့သို့များ ဤမျှများပြားလှသည့် မှော်ပညာရပ်များကို တတ်ကျွမ်းထားရလေသနည်း။ ကလန်တစ်ခု၏ မှော်ပညာရပ်များဆိုသည်မှာ အလွယ်တကူ သင်ကြားတတ်မြောက်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ထို့အပြင် မှော်ဆရာတိုင်းသည် သူတို့၏မှော်ပညာရပ်များကို အလေးထား တန်ဖိုးထားကြကာ အခြားသူများအား လိုက်လံသင်ကြားပေးလေ့မရှိဘဲ မျိုးရိုးအစဉ်အဆက်သာ လက်ဆင့်ကမ်းပေးလေ့ရှိပေသည်။

မှော်ဘုရင်ချိုက် သိထားရသလောက် တောင်ပိုင်းလူရိုင်းကလန်၏ မှော်ပညာရပ်များမှာ သာမန်အဆင့်မှော်ပညာရပ်များသာ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် တောင်ပိုင်းလူရိုင်းကလန်၏ မှော်ဝိဇ္ဇာတစ်ပါးအနေဖြင့် မှော်ပညာရပ် ဆယ်ခု အခုနှစ်ဆယ်လောက်ကို တတ်ကျွမ်းထားလျှင်ပင် အတော်လေးကိုမှ အထင်ကြီးဖွယ်ရာ ကောင်းနေလေပြီ။ ပိုမို၍များပြားသော မှော်ပညာရပ်များ ရှိနေဦးမည်ဆိုလျှင်ပင် မှော်ဝိဇ္ဇာတစ်ပါးအနေဖြင့် ထိုမျှများပြားလှသော မှော်ပညာရပ်များကို မလေ့လာနိုင်ချေ။ ထို့အပြင် တောင်ပိုင်းလူရိုင်းကလန်၏ မှော်ပညာရပ်များအနက် အနည်းငယ်သော လက်တစ်ဆုပ်လောက်သည်သာ တိုက်ခိုက်ရေးအတွက် အသုံးပြု၍ရသည့် မှော်ပညာရပ်များဖြစ်ကြပြီး ကျန်မှော်ပညာရပ်များမှာ ခုခံရေးနှင့် အထောက်အကူ မှော်ပညာရပ်များသာ ဖြစ်ကြလေသည်။

အဆင့်နိမ့်မှော်ဘုရင်တစ်ပါးသာ ဖြစ်ပါသော်ငြား မှော်ဘုရင်ချိုက်သည် မှော်ပညာရပ် အခုငါးဆယ်လောက်ကို တတ်ကျွမ်းထားခဲ့ပြီး ထိုမှော်ပညာရပ်များအနက် နှစ်ဆယ့်ခုနှစ်ခုမှာ တိုက်ခိုက်ရာတွင် အသုံးပြုသည့် မှော်ပညာရပ်များ ဖြစ်ကြပေသည်။ အချို့သော အလယ်အလတ်အဆင့် မှော်ဘုရင်များသည်ပင်လျှင် မှော်ဆရာချိုက်‌လောက် မှော်ပညာရပ်များစွာ တတ်ကျွမ်းထားခြင်းမရှိချေ။ သို့သော်ငြား ဤထူးဆန်းသည့်ရန်သူနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ မှော်ဘုရင်ချိုက် တတ်ကျွမ်းထားရသည့် မှော်ပညာရပ်အားလုံးမှာ အလကားသက်သက် ဖြစ်ကုန်ကြရလေသည်။

တစ်နာရီခန့် အချိန်အတောအတွင်း ရန်ကိုင်သည် ရာနှင့်ချီသော မှော်ပညာရပ်များကို တစ်ခုနှင့်တစ်ခု ပြန်ထပ်သွားခြင်းမရှိဘဲ ထုတ်သုံးသွားခဲ့ကြောင်းကို မှော်ဘုရင်ချိုက် အထင်းသားမြင်တွေ့ခဲ့ရသည်။

ရန်ကိုင်ထုတ်သုံးသွားသည့် အချို့သော မှော်ပညာရပ်များဆိုလျှင် မှော်ဘုရင်ချိုက်ကိုပင်လျှင် မနာလိုအားကျသွားစေနိုင်ခဲ့လေသည်။ အကြောင်းမှာ ထိုမှော်ပညာရပ်များမှာ အခြားသောကလန်များ၏ လျှို့ဝှက်မှော်ပညာရပ်များ ဖြစ်နေကြသည့် အတွက်ကြောင့်ပင်။

(ဒီကောင် မှော်ဝိဇ္ဇာရော ဟုတ်ရဲ့လား… သူ့ပုံစံကြည့်ရတာ တော်တော်လေးတော့ ငယ်သေးတယ်… ဒါဆိုရင် ဒီလောက်များတဲ့မှော်ပညာရပ်တွေကို သူ ဘယ်ကနေ သွားသင်ထားတာလဲ… အချိန်တိုတိုလေးနဲ့ အဲ့လောက်များတဲ့မှော်ပညာရပ်တွေကို ဘယ်လိုတတ်ထားနိုင်ရတာလဲ…)

သူ၏ပြိုင်ဘက်သည်သာ လူအိုကြီးတစ်ဦး ဖြစ်နေမည်ဆိုလျှင်တော့ မှော်ဘုရင်ချိုက်အနေဖြင့် ဤမျှ အံ့အားသင့်နေလိမ့်မည် မဟုတ်ပါသော်ငြား သူ့ပြိုင်ဘက်သည် အသက်နှစ်ဆယ်သုံးဆယ်လောက်သာ ရှိသေးမည့် လူငယ်လေးတစ်ဦးသာ ဖြစ်ပေသည်။

ရန်ကိုင်နှင့်တိုက်ခိုက်နေရင်း မှော်ဘုရင်ချိုက်မှာ ပိုပို၍ ထိတ်လန့်လာရတော့သည်။ သူရင်ဆိုင်နေရသည့်လူမှာ မှော်ဝိဇ္ဇာတစ်ဦးသာလျှင်မဟုတ်ဘဲ သူ့ထက်ပိုအားကောင်းသည့် မှော်ဘုရင်တစ်ပါး ဖြစ်နေသည့်အလား။

“ဘုန်း…”

မှော်ပညာရပ်နှစ်ခု ထိပ်တိုက်တွေ့သွားခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်၏ လျှပ်စီးမြွေကြီးသည် ယခင်မှော်ပညာရပ်များကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်းမရှိဘဲ မှော်ဘုရင်ချိုက်၏ မှော်ပညာရပ်ကို ဖျက်ဆီးပြီးသည်နှင့်တစ်ပြိုင်နက် မာန်ဖီလျက် မှော်ဘုရင်ချိုက်ဆီသို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။

သူ့ဆီသို့ တိုးဝင်လာနေသည့် လျှပ်စီးမြွေကြီးကိုကြည့်ရင်း မှော်ဘုရင်ချိုက် ပျာယာခတ်သွားခဲ့ပြီး ချက်ချင်းပဲ သူ့ရှေ့၌ မှော်ဒိုင်းကာတစ်ခု ကမန်းကတမ်း ကောက်ခါငင်ခါ ဖန်တီးလိုက်လေသည်။

တစ်ဖက်လူ၏ လျှပ်စီးမြွေကြီးကို အောင်မြင်စွာ တားဆီးလိုက်ပြီးသည့်နောက် မှော်ဘုရင်ချိုက်၏အမူအယာသည် ဒေါသထွက်နေရာမှ ကြောက်ရွံ့မှုသို့ ပြောင်းလဲသွားတော့လေသည်။ “မင်း ဒီမှော်ဘုရင်ကို လေ့ကျင့်ဖို့ သုံးနေတာလား…”

အစောပိုင်းကတိုက်ပွဲကို ပြန်စဉ်းစားကြည့်မိလိုက်သော် မှော်ဘုရင်ချိုက်စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့လေသည်။ သူထင်တာသာ မှန်နေမည်ဆိုပါက သူတော့ ပြဿနာအကြီးကြီးတက်လေပြီ။

ရန်ကိုင်သည် ဝါးလုံးကွဲအော်ရယ်မော၍ သူ့အားဝိုင်းထားသည့် အရိုးခေါင်းခြောက်ခုကို ဓါးလှိုင်းဖြင့် နောက်သို့ တွန်းထုတ်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “အခုလိုမျိုး ကူညီပေးတဲ့အတွက် မှော်ဘုရင်ကို ကျေးဇူးအများကြီးတင်ပါတယ်…”

ရန်ကိုင်သည် စီနီယာချင်ဆီမှ ရရှိထားသော မှော်ပညာရပ်များအားလုံးကို အပြည့်အဝ နားလည်အောင်လုပ်ရန် အချိန်မရခဲ့ပေ။ သို့သော်ငြား လွန်ခဲ့သည့်တစ်လအတွင်း၌ တံခါးပိတ်ကျင့်စဉ်ဝင်နေစဉ်အတောအတွင်း အတော်များများကိုတော့ ကျေညက်သွားအောင် လုပ်နိုင်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေကာမူ တံခါးပိတ်ကျင့်ကြံခြင်းသည် လက်တွေ့အတွေ့အကြုံလောက် သက်ရောက်မှုမရှိပေ။ ယခု မှော်ဘုရင်တစ်ပါး သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည့်အတွက်ကြောင့် ရန်ကိုင်သည် ဤမှော်ဘုရင်ကို အသုံးချ၍ သူတတ်ကျွမ်းထားသည့် မှော်ပညာရပ်များကို ကျေညက်နောကြေသွားအောင် အသုံးချချင်ပေသည်။

ရလဒ်နှင့်ပတ်သက်၍လည်း အမှန်တကယ်ကို ကျေနပ်မိသွားခဲ့သည်။ သူတတ်ကျွမ်းထားသည့် မှော်ပညာရပ်အားလုံးကို ယနေ့တွင် အသားကျသွားအောင် သေသေချာချာ အသုံးချနိုင်ခဲ့သည်။ တချို့သော သူခန့်မှန်းထားသည့် အကြောင်းအရာအချို့ကိုပင်လျှင် စမ်းသပ်ကြည့်နိုင်ခဲ့လေသည်။

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် မှော်ဘုရင်ချိုက်၏အမူအယာ ပို၍ အရုပ်ဆိုးသွားတော့လေသည်။ ရှက်လည်းရှက် ဒေါသကလည်း ထွက်လာခဲ့လေရာ မှော်ဘုရင်ချိုက်မှာ ဒေါမာန်တကြီးဖြင့် ထအော်တော့လေသည်။ “မင်း သေချင်နေတာပဲ…”

ဤကောင်လေးနှင့် မှော်ပညာရပ်ချင်း ယှဉ်ပြိုင်ခဲ့သည်မှာ အမှားကြီး မှားသွားခဲ့ရလေသည်။ တစ်ဖက်လူသည် သူနှင့် ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ သူ့အား အသုံးချကာ မှော်ပညာရပ်များကို လေ့ကျင့်နေခြင်းသာ ဖြစ်သည်။ မှော်ဝိဇ္ဇာတစ်ပါး၏ မှော်ပညာရပ်လေ့ကျင့်ရန်အတွက် အသုံးတော်ခံဖြစ်ခဲ့ရသည့် အကြောင်းကို တွေးရင်း မှော်ဘုရင်ချိုက်မှာ အလွန်ကိုမှ ရှက်ရွံ့ကာ ဒေါသထွက်လာရတော့သည်။

တစ်ချိန်တည်းတွင်လည်း ဤမှော်ဝိဇ္ဇာ၏ စွမ်းအားအပေါ် အတော်လေးကိုမှ ကြောက်ရွံ့သွားခဲ့ရသည်။ ဤမှော်ဝိဇ္ဇာတိုးတက်သည့်နှုန်းသည် အလွန်ကိုမှ မြန်ဆန်လွန်းလှသည်။ မည်မျှမြန်ဆန်သလဲဆိုလျှင် တစ်ဖက်မှော်ဝိဇ္ဇာ တိုးတက်လာသည့် နှုန်းကိုကြည့်ရင်း မှော်ဘုရင်ချိုက်သည်ပင်လျှင် မတည်မငြိမ် ဖြစ်လာရတော့လေသည်။

ထို့အတွက်ကြောင့် ဤတိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ မှော်ဘုရင်ချိုက်၏အမိန့် ရလိုက်သည့်အခိုက် ရန်ကိုင်အား ဝိုင်းထားသော အရိုးခေါင်းခြောက်ခုမှာ ချက်ချင်းပဲ မှော်ဘုရင်ချိုက်ဆီသို့ ပျံသန်းသွားခဲ့လေသည်။

ထို့နောက်တွင် မှော်ဘုရင်ချိုက်မှ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေရာ သူ့ပတ်ပတ်လည်တွင် ဝိုင်းနေသော အရိုးခေါင်းများမှာ ပို၍လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး မကြာမီတွင် အရိုးခေါင်းခြောက်ခု လည်ပတ်နေသည့်နှုန်းမှာ အလွန်တရာကိုမှ လျင်မြန်လွန်းသည့်အတွက်ကြောင့် မှော်ဘုရင်ချိုက်ပတ်လည်၌ အစိမ်းရောင်အလင်းတစ်ခု လှည့်ပတ်နေသည်ဟုသာ ထင်မှတ်ရတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၈၃၅)

ဘာသာပြန်သူ_တိမ်တိုက်

အစိမ်းရောင်အလင်း ပျောက်ကွယ်သွားသည့်နောက်တွင် မှော်ဆရာချိုက်နှင့် အရိုးခေါင်းခြောက်ခုတို့လည်း ပျောက်ကွယ်သွားခဲ့ကြပြီး ၎င်းတို့နေရာတွင် မွန်းစတားကြီးတစ်ကောင်က အစားထိုးရောက်ရှိနေခဲ့လေသည်။ မွန်းစတားကြီးသည် အမြင့်ငါးမီတာရှိပြီး မျက်နှာတစ်ပြင်လုံး အစိမ်းရောင်သမ်းနေသည်။ အစွယ်များ ငေါထွက်နေခဲ့ပြီး ဆံပင်များမှာလည်း ဖွာကြဲလန်နေခဲ့ကာ ဝိဉာဉ်ချွေယူမည့် မိစ္ဆာဝိဉာဉ်တစ်ကောင်နှင့်ပင် တူနေပေသေးသည်။

မွန်းစတားကြီး၏ ကိုယ်ထက်တွင်တော့ ရုန်းကန်ငြီးတွားနေကြသော ထွင်းဖောက်မြင်နိုင်သည့် မျက်နှာပေါင်းများစွာ ရှိနေကြလေသည်။

ရန်ကိုင်သည် အနန္တဓါးကိုကိုင်စွဲရင်း မတ်တပ်ရပ်လျက် အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်လေသည်။ “ခင်ဗျားက တကယ်ကို ငရဲသွားသင့်တဲ့လူပဲ…”

မွန်းစတားကြီး၏ကိုယ်ထက်တွင် ရုန်းကန်နေကြသော မျက်နှာများမှာ သေဆုံးသွားသူများ၏ ဝိဉာဉ်များ ဖြစ်ကြလေသည်။ ထိုဝိဉာဉ်များ မည်သည့်နေရာမှ လာကြလေသနည်း။ ထိုဝိဉာဉ်များမှာ မှော်ဆရာချိုက်မှ သတ်ပစ်ခဲ့၊ စားပစ်ခဲ့သော လူများ၏ ဝိဉာဉ်များသာ ဖြစ်ကြလေသည်။ အသွေးအသားတို့ စားသောက်ခံရပြီး သေဆုံးသွားခဲ့ရသည့်တိုင် သူတို့၏ဝိဉာဉ်များမှာတော့ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိဘဲ မှော်ဆရာချိုက်၏ ဝါးမျိုခြင်း ခံရကာ သူ့ကိုယ်ထဲတွင် ထာဝရ ပိတ်မိနေတော့လေသည်။ သူတို့အနေဖြင့် ပြန်လည်ဝင်စား၍လည်း မရနိုင်တော့ဘဲ အဆုံးမဲ့ငရဲခန်းထဲတွင်သာ တဝဲလည်လည် ကျန်ရစ်နေခဲ့ရသည်။

ရန်ကိုင်တို့ခေတ်တွင်သာ ဆိုပါက ဤကဲ့သို့သော မှော်ဘုရင်တစ်ပါးသည် မိစ္ဆာကျင့်ကြံသူတစ်ဦးအဖြစ် နာမည်ဆိုးထွက်မည်ဖြစ်ကာ ကျင့်ကြံသူအားလုံး၏ အမဲလိုက်သတ်ဖြတ်ခြင်း ခံရမည်မှာ မလွဲမသေပင်။

သို့သော်ငြား ဤခေတ်တွင်တော့ မှော်ဘုရင်ချိုက်မှာ မှော်သူတော်စင်၏ ကာကွယ်မှု ရရှိထားသည့်အတွက်ကြောင့် သူ့စိတ်ကြိုက်ရာကို လုပ်နေနိုင်ခဲ့သည်။

မွန်းစတားကြီးအဖြစ်သို့ ပြောင်းလဲသွားသည့်နောက်တွင် မှော်ဘုရင်ချိုက်၏ အရှိန်အဝါမှာ အဆင့်မြင့်မှော်ဘုရင်တစ်ဦး၏ အရှိန်အဝါအဖြစ်သို့ တိုးတက်သွားခဲ့ရလေသည်။

မှော်ဘုရင်ချိုက်သည် သွားပေါ်အောင်ပြုံးဖြီးရင်းမှ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ရာ သေခြင်းချီတို့ ပျံ့ထွက်လာခဲ့ပြီး အနီးအနားရှိ သစ်ပင်မြက်ပင်များ လျင်မြန်စွာ ညှိုးကျကုန်ကြလေသည်။ ထို့နောက်တွင် မှော်ဆရာချိုက်သည် ၎င်း၏ ဧရာမလက်ကြီးကို မြှောက်လျက် ရန်ကိုင်တည့်တည့်သို့ ချိန်ရွယ်လိုက်ရာ အလင်းစက်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးမှာ ပိတ်လှောင်ခံလိုက်ရလေရာ ရန်ကိုင်မှ တည်နေရာခုန်ကူးရန် ကြိုးစားလိုက်ချိန် ထိုသို့မလုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်ကမူ နောက်ဆုတ်သွားခြင်းမရှိဘဲ ခက်ထန်သည့်အမူအယာဖြင့် ရှေ့သို့ဆက်သွားရန်သာ ရွေးချယ်လိုက်လေသည်။ သူ့လက်ထဲ ကိုင်စွဲထားသည့် အနန္တဓါးဆီမှ အလင်းရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး သူ့ကိုယ်သူ ဓါးအလင်းဖြင့် လွှမ်းခြုံကာ မှော်စွမ်းအင်များ စုဝေးနေသည့် မွန်းစတားကြီး၏လက်ဆီသို့ ပြေးဝင်သွားခဲ့လေသည်။

မှော်ဘုရင်ချိုက်သည် သူ၏လက်ကြီးဖြင့် ရန်ကိုင်အား ဆုပ်ကိုင်လိုက်လေသည်။ ရန်ကိုင်သည် လက်ကြီးထဲ ပိတ်မိသွားခဲ့ပါသော်ငြား ခဏအကြာတွင် လက်ခုံပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ထိုအပေါက်ထဲမှ ပျံထွက်လာပြီးသည့်နောက် အနန္တဓါးကိုကိုင်စွဲ၍ မှော်ဘုရင်ချိုက်ဆီသို့ ဆက်လက်တိုးဝင်သွားခဲ့သည်။

မှော်ဘုရင်ချိုက်မှာမူ အနည်းငယ်မျှပင် ထိတ်လန့်ပျာယာခတ်သွားခြင်း မရှိဘဲ ကျန်လက်တစ်ဖြင့်သာ ရန်ကိုင်အား ရိုက်ချလိုက်လေသည်။

ထိုရိုက်ချက်မှာ အတော်လေးကိုမှ အားကောင်းလှလေရာ ရိုက်ချက်မှာ သူ့ဆီသို့ မရောက်သေးသည့်တိုင် ရန်ကိုင်ဖန်တီးထားသော ဒိုင်းကာအကာအကွယ်မှာ ပျက်စီးသွားခဲ့ရလေသည်။

“ဘုန်း…”

ရိုက်ချက်၏ထိမှန်ခြင်း ခံလိုက်ရသည့်နောက်တွင်တော့ ရန်ကိုင်မှာ ဘော်လီဘောတစ်လုံးနှယ် တစ်နေရာရှိတောင်အား သွားရောက်ထိမှန်လေသည်။ ရန်ကိုင် ပြန်ထရပ်လာသည့်အချိန်တွင် သူ့မျက်နှာတစ်ပြင်လုံး သွေးများဖြင့် နီရဲနေခဲ့လေ၏။

“မင်းတော့ သေပြီပဲ…” မှော်ဆရာချိုက်၏ အေးစက်စက်အသံ ရန်ကိုင်နားထဲ ပျံ့လွင့်လာခဲ့သည်။ ထို့နောက်တွင် မှော်ဆရာချိုက်သည် ရန်ကိုင်ရှေ့၌ ပေါ်လာပြီး ရန်ကိုင်အား ဖမ်းဆုပ်လိုက်လေသည်။

“ဒီလောက် ဟောင်ပွာဟောင်ပွာလုပ်နေတာ ခင်ဗျားသွားတွေ အအေးပတ်သွားမှာမကြောက်ဘူးလား…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေရာ ဆန်းကြယ်သည့်စွမ်းအားတစ်ရပ် သူ့ဆီမှ ဖြာထွက်လာခဲ့လေ၏။

ရန်ကိုင်မှ လက်ကွက်ကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းနှုန်းမှာ ရုတ်ချည်းဆိုသလို နှေးကျသွားကြောင်း မှော်ဆရာချိုက် တွေ့ရှိလိုက်ရသည်။ တစ်ချိန်တည်းတွင် သူ့ရင်ထဲ အန္တရာယ်အငွေ့အသက်တို့ ပိုမိုခံစားလာခဲ့ရလေသည်။ လက်ရှိအချိန်တွင် မှော်ဘုရင်ချိုက်သည် သူ၏ အားအကောင်းဆုံးသော မှော်ပညာရပ်တစ်ခုကို ထုတ်သုံးထားသည့်အတွက်ကြောင့် သူ၏ လက်ရှိခွန်အားမှာ အဆင့်မြင့်မှော်ဘုရင်များနှင့်ပင် ယှဉ်ပြိုင်နိုင်နေပေသည်။ သို့သော်ငြား သူရင်ဆိုင်နေရသည့်လူမှာတော့ မှော်ဝိဇ္ဇာလေးတစ်ပါးသာ ဖြစ်လေရာ မှော်ဝိဇ္ဇာလေးတစ်ပါးသည် မသေခင် အသည်းအသန် ရုန်းကန်မည်ဆိုလျှင်ပင် သူ့အား မည်ကဲ့သို့များ ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။

သို့သော်ငြား သူ့ရင်ထဲ ခံစားနေရသည့် အန္တရာယ်အငွေ့အသက်မှာ လုံးဝကို ပျောက်ကွယ်သွားခြင်းမရှိသဖြင့် မှော်ဘုရင်ချိုက်မှာ အတော်လေးကိုမှ အကြပ်ရိုက်သွားရတော့သည်။

ထို့အတွက်ကြောင့် ချက်ချင်းပဲ ပြန်ဆုတ်ရန် ရွေးချယ်လိုက်ပြီး သူ့ခွန်အား၏ ရှစ်ဆယ်ရာခိုင်နှုန်းကို သူ့ကိုယ်သူ ကာကွယ်ရန် အသုံးချလျက် ကျန်နှစ်ဆယ်ရာခိုင်နှုန်းဖြင့်သာ ရန်ကိုင်အား တိုက်ခိုက်ရန် ရွေးချယ်လိုက်လေသည်။

ခဏအကြာ၌ နှေးကျသွားသည့်အချိန်မှာ တစ်ဖန် ပြန်လည် လည်ပတ်လာခဲ့လေသည်။ ထို့နောက်တွင် သူ့ရှေ့၌ ရပ်နေသော မှော်ဝိဇ္ဇာလေးသည် သူ့လက်နှစ်ဖက်အား အသာအယာ ရှေ့သို့ တွန်းပို့လိုက်လေသည်။ ထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ် သူ့ဆီသို့ တိုးဝင်လာနေသည်ကို မှော်ဘုရင်ချိုက် ခံစားမိလိုက်သည်။

“အချိန်ကုန်လွန်ခြင်း…”

မှော်ဘုရင်ချိုက်၏မျက်လုံးများ ရုတ်ချည်း မှေးစင်းသွားခဲ့သည်။ မှော်ဝိဇ္ဇာလေး၏လက်ဝါးချက်ထဲ မည်ကဲ့သို့သော စွမ်းအင်များ ကိန်းအောင်းနေသလဲဆိုသည်ကို သူမသိပါသော်ငြား မသိစိတ်ကမူ ထိုလက်ဝါးချက် ထိမှန်ခြင်းခံလိုက်ရ၍မဖြစ်ကြောင်း အတန်တန်ကို သတိပေးနေခဲ့လေသည်။

ထို့အတွက်ကြောင့် မှော်ဘုရင်ချိုက်သည် ပါးစပ်ကို အကျယ်ကြီးဟလျက် ရုတ်တရက် ထအော်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ပါးစပ်ထဲမှ မရေမတွက်နိုင်သော တစ္ဆေပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး လက်ဝါးချက်ဆီသို့ တိုးဝင်သွားလေ၏။

“ဝုန်း… ဝုန်း… ဝုန်း…”

တဝုန်းဝုန်းပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး မှော်ဘုရင်ချိုက်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် မီတာတစ်ထောင်အကွာသို့ ပြန်ဆုတ်သွားလိုက်လေသည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် လက်ဝါးချက်၏ ထိမှန်ခြင်း ခံလိုက်ရသည့် တစ္ဆေအားလုံး ပျောက်ကွယ်သွားကုန်ကြရလေသည်။

သို့သော်ငြား တစ္ဆေများမှာ လက်ဝါးချက်ကြောင့် ပျောက်ကွယ်သွားရလင့်ကစား အနည်းငယ်မျှပင် နာကျင်နေသည့် အရိပ်အယောင်မပြပဲ ပြင်းပြသည့် ဝေဒနာဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြလေသည်။ တချို့ဆိုလျှင် ပျောက်ကွယ်မသွားခင် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့်ပင် ကြည့်လိုက်ကြသည်။

(ဘယ်လိုမှော်ပညာရပ်ကြီးလဲ…) လက်ရှိ သူ့ရှေ့တွင်ရှိနေသော မှော်ဝိဇ္ဇာလေးထုတ်သွားသည့် ပညာရပ်ကိုကြည့်ရင်း မှော်ဘုရင်ချိုက်မှာ လုံးဝကို ပျာယာခတ်နေခဲ့ရလေသည်။

ထိုလက်ဝါးချက်ကို ထုတ်ဖော်ပြီးသည့်နောက် ရန်ကိုင်မှာ အမောတကော ဖြစ်သွားခဲ့လေသည်။ ထိုလက်ဝါးချက်ကြောင့် သူ့ခွန်အားတော်တော်များများ ရုတ်လျော့သွားသလို ခံစားလိုက်ရသည်။ စိတ်ထဲလည်း ကြိတ်၍ ဆဲရေးတိုင်းထွာမိနေလေ၏။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် မဟာဧကရာဇ်တစ်ပါး၏ ပညာရပ်ဖြစ်ပေသည်။ ရန်ကိုင်သည် ထိုပညာရပ်အား ယခင်ကတည်းက ကျင့်ကြံထားခဲ့ပြီးဖြစ်သလို အကြိမ်ကြိမ် အခါခါ ထုတ်သုံးခဲ့ဖူးပါသော်ငြား ထိုပညာရပ်မှာ သူ့လက်ရှိအနေအထားဖြင့် စိတ်ရှိတိုင်း ထုတ်သုံးနိုင်သည့် ပညာရပ်မျိုး မဟုတ်ချေ။ အဆင့်နိမ့်မှော်ဝိဇ္ဇာအဆင့်လေးဖြင့် ထိုကဲ့သို့သော ပညာရပ်တစ်ခုကို ထုတ်သုံးခြင်းသည် သူ့ခန္ဓာကိုယ်အပေါ် အတော်လေးကိုမှ ဝန်ပိလှပေသည်။

ထို့အတွက်ကြောင့် ထိုလက်ဝါးချက်ကို ထုတ်ဖော်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် မောကြီးပန်းကြီး ဖြစ်သွားခဲ့ရခြင်း ဖြစ်လေသည်။

သို့သော်ငြား မှော်ဘုရင်ချိုက်သည် သူ၏ဝှက်ဖဲကိုပင်လျှင် ထုတ်သုံးလာခဲ့ပြီဖြစ်သဖြင့် ရန်ကိုင်သည်သာ ခွန်အားအကုန်အစင်ကို ထုတ်မသုံးပါက တစ်ဖက်လူနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် အားနည်းဟန်မပြဘဲ တင်းခံရင်း နှာခေါင်းနှင့်ပါးစပ်မှ သွေးများကို သုတ်၍ ဧကရာဇ်ဆေးလုံးများကို ထုတ်သောက်လိုက်လေသည်။ ထို့နောက် မှော်ဘုရင်ချိုက်အား လှမ်း၍ လှောင်ပြောင်လိုက်လေသည်။ “ဘာလဲ… ကြောက်နေပြီလား…”

မှော်ဘုရင်ချိုက်က အေးစက်စက်အမူအယာဖြင့် ပြန်၍ပြောလိုက်သည်။ “ဒီလောက်လေးနဲ့ ငါက ကြောက်စရာလား…” ထိုသို့ပြောပြီးသည့်နောက်တွင် မှော်ဘုရင်ချိုက်သည် ဟင်းလင်းပြင်ထဲသို့ သူ့လက်ကိုဆန့်ထုတ်လိုက်ရာ သူ့လက်ထဲ ပိန်းပိန်းပိတ်အောင် နက်မှောင်သော သေမင်းတံစဉ်တစ်ချောင်း ပေါ်လာခဲ့လေသည်။ ထို့နောက် ထိုတံစဉ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် ရန်ကိုင်တည့်တည့်သို့ လွှဲယမ်းချလာခဲ့လေ၏။

ထိုတံစဉ် သူ့ဆီသို့ တိုးဝင်လာချိန် သူ့ဝိဉာဉ်တစ်ခုလုံး ခန္ဓာကိုယ်ထဲမှ လွတ်ထွက်သွားတော့မည့်အလား ထိန်းချုပ်မရအောင် တုန်ရီလာသည်ကို ခံစားမိလိုက်သော် ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မှော်ဘုရင်ချိုက်လက်ထဲတွင် ရှိနေသော တံစဉ်သည် မှော်လက်နက်တစ်ခုမဟုတ်ဘဲ ဝိဉာဉ်များကို ချွေယူပစ်နိုင်သည့် ထူးဆန်းသော မှော်ပညာရပ်တစ်ခုဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ရန်ကိုင်၏ဝိဉာဉ်သည် မှော်ဝိဇ္ဇာတစ်ဦးရှိသင့်သည့် ဝိဉာဉ်ထက် အများကြီး ပိုအားကောင်းနေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင် ပြဿနာအကြီးကြီး တက်ရပေလိမ့်မည်။

ရန်ကိုင်သည် ချက်ချင်းပဲ စိတ်စွမ်းအင်ကို အလုံးစုံသုံး၍ သူ့အသိစိတ်ပင်လယ်အား တင်းတင်းကြပ်ကြပ် ကာကွယ်ထားလိုက်လေသည်။ သူ့ဝိဉာဉ်နှင့် အနက်ရောင်တံစဉ်ကြား မမြင်နိုင်သည့် ဆက်သွယ်ချက်တစ်မျိုးမျိုး ရှိနေသည့်အလား မှော်ဘုရင်ချိုက်မှ တံစဉ်အား အဆက်မပြတ် ဝှေ့ယမ်းနေသည်နှင့်အမျှ တံစဉ်ဆီမှ ထွက်ပေါ်နေသည့် ဆွဲအားမှာ ပိုပို၍ အားကောင်းနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှာ မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။

“ဘယ်လိုနေလဲ… လန့်နေပြီလား… မခုခံနိုင်တော့ဘူးဆိုရင် အေးအေးဆေးဆေး လက်လွှတ်လိုက်နော်… ဒီမှော်ဆရာ မင်းကို ကောင်းကောင်းဂရုစိုက်ပေးမယ်…” မှော်ဘုရင်ချိုက်သည် အရိုးထဲသို့ ကိန်းအောင်းနေသည့် ခြောက်ခြားဖွယ်ရာလေသံကြီးဖြင့် ရန်ကိုင်အား စိတ်အနှောင့်အယှက်ပေးရန် ကြိုးစားလိုက်လေသည်။

“ကျုပ်ဝိဉာဉ်ကို လိုချင်နေတယ် ဟုတ်လား…” ရန်ကိုင်က အံတင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်သည်။

“မင်းမှမခုခံနိုင်တာကို ဘာတွေ ဒီလောက် ခေါင်းမာချင်နေတာလဲ…” မှော်ဘုရင်ချိုက်က ပြန်ပြောလိုက်လေသည်။

“ကောင်းပြီလေ…” ရန်ကိုင်က အော်ပြောလိုက်သည်။ “ခင်ဗျားက အဲ့လောက်လိုချင်နေတယ်ဆိုမှတော့လည်း ကျုပ်ကလည်း ပေးရသေးတာပေါ့…”

ရန်ကိုင်၏စကားကိုကြားပြီးသည့်နောက် မှော်ဘုရင်ချိုက် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်းသာ ဖြစ်လိမ့်မည်။ ရန်ကိုင်သည်သာ သူ့ဝိဉာဉ်အား တကယ်ကြီး ပေးလိုက်မည်ဆိုပါက ကျိန်းသေ သေသွားရပေလိမ့်မည်။ မည်သူကများ အလကားသက်သက် အသေခံချင်ပါမည်နည်း။

သို့သော်ငြား မကြာမီတွင် မှော်ဘုရင်ချိုက် လုံးဝကို မင်သက်သွားခဲ့ရလေသည်။

အကြောင်းမှာ ရန်ကိုင်နောက်နေခြင်း မဟုတ်သည့် အတွက်ကြောင့်ပင်။ ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်အကာအကွယ်အားလုံးကို ဖြေလျှော့ပေးလိုက်ပြီး မှော်ဘုရင်ချိုက်အား သူ့ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ယူခွင့် ပေးလိုက်လေသည်။

“အရသာက…” မှော်ဘုရင်ချိုက် အံ့ဩတကြီး ဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ဝမ်းသာသွားလေ၏။ “ရှယ်ပဲ… ကောင်းလိုက်တာ… မင်းဝိဉာဉ်ကို မြည်းစမ်းဖို့ မစောင့်နိုင်တော့ဘူး…”

ဤမှော်ဝိဇ္ဇာလေး၏ ဝိဉာဉ်သည် အလွန်ကိုမှ အားကောင်းလှပြီး သန့်စင်လှလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပုံမှန်အားဖြင့် ဤကဲ့သို့သော ဝိဉာဉ်မျိုးကို အဆင့်မြင့်မှော်ဘုရင်များတွင်သာ တွေ့ရလေ့ရှိပေသည်။

(မဟုတ်သေးဘူး မဟုတ်သေးဘူး… အဆင့်မြင့်မှော်ဘုရင်တစ်ယောက်ကို ငါသတ်ဖူးတယ်… အဲ့အဆင့်မြင့်မှော်ဘုရင်ရဲ့ ဝိဉာဉ်တောင် ဒီဝိဉာဉ်လောက်မကောင်းဘူး…)

အလွန်ကိုမှ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်ခုကို မြင်လိုက်ရသည့် ဝံပုလွေတစ်ကောင်ပမာ မှော်ဘုရင်ချိုက်သည် ရန်ကိုင်အား တောက်ပသည့်မျက်လုံးများဖြင့် မမှိတ်မသုန် စိုက်ကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်နေခဲ့လေသည်။

“မင်းဘက်က ဒီလောက် လိုလိုလားလားနဲ့ လိုက်လျောပေးနေတယ်ဆိုမှတော့လည်း ဒီမှော်ဘုရင်ကလည်း မင်းကို အကြာကြီးခံစားရအောင်လုပ်လို့ ဘယ်ဖြစ်ပါတော့မလဲ…” မှော်ဘုရင်ချိုက်သည် အော်ရယ်ရင်းမှ အနက်ရောင်တံစဉ်အား အဆက်မပြတ် ဝှေ့ယမ်းချလိုက်လေသည်။ ထိုသို့ဖြင့် ရန်ကိုင်၏နဖူးထက်ဆီမှ လင်းလက်တောက်ပသည့် အလင်းရောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏နဖူးထက်ဆီမှ ထွက်လာသည့် အလင်းရောင်သည် သန့်စင်ပြီး အလွန်ကိုမှ တောက်ပလှသည်။ သန့်စင်ပြီး တောက်ပနေရုံသာလျှင်မဟုတ် အလွန်ကိုမှလည်း အားကောင်းပေသေးသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် မှော်ဘုရင်ချိုက်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်ဝိဉာဉ်၏ အရှိန်အဝါကို အာရုံခံမိရုံသာ ရှိခဲ့လေသည်။ သို့သော်ငြား ကိုယ်တိုင်မြင်ရပြီးသည့်နောက် သူထင်သည်မှာ မှန်ကန်ကြောင်း ချက်ချင်း သိလိုက်လေသည်။ ရန်ကိုင်၏ဝိဉာဉ်သည် သူ့အတွက်တော့ အလွန်တရာကိုမှ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်ခုပင်။

ဝိဉာဉ် ခန္ဓာကိုယ်ထဲမှထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်သည် သစ်တုံးတစ်တုံးအလား ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့လေ၏။ ဝိဉာဉ်မရှိဘဲနှင့် ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။

မှော်ဘုရင်ချိုက်၏ဆွဲယူမှုကြောင့် ရန်ကိုင်၏ဝိဉာဉ်သည် မှော်ဘုရင်ချိုက်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။ သို့သော်ငြား နောက်ဆုံးအခိုက်အတန့်သို့ အရောက်တွင် မှော်ဘုရင်ချိုက်၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေသည်။ “မင်း ဘယ်လိုတောင် ငါ့ကို လိမ်ရဲတာလဲကွ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ခင်ဗျားက တကယ်ကို ရူးတဲ့ကောင်ပဲ… ဒီသခင်လေး ခင်ဗျားကို ဘယ်တုန်းက လိမ်လို့လဲ… အခု ကျုပ်ကိုယ်ကျုပ် ခင်ဗျားရှေ့ကို ရောက်လာပေးတာမဟုတ်ဘူးလား… ဒါပေမယ့် ကျုပ်ဝိဉာဉ်ကို ယူနိုင်မယူနိုင်ကတော့ ခင်ဗျားအပိုင်းလေ…” ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏နာမ်ဝိဉာဉ်သည် အရောင်တလက်လက် တောက်ပလာခဲ့ပြီးသည့်နောက် ဆေဘာဓါးတစ်ချောင်းအသွင်သို့ ပြောင်းကာ မှော်ဘုရင်ချိုက်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

မှော်ဘုရင်ချိုက်လည်း ချက်ချင်း နောက်ပြန်ဆုတ်လေ၏။ ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို သူမသိပါသော်ငြား ထိုမှော်ဝိဇ္ဇာသည် သာမန်မှော်ဝိဇ္ဇာတစ်ပါး မဟုတ်သည့်အတွက်ကြောင့် သတိဆိုသည်မှာ ပိုသည်မရှိချေ။

မှော်ဘုရင်ချိုက်၏လက်ထဲတွင် ရှိနေသော အနက်ရောင်တံစဉ်သည်လည်း ဝိဉာဉ်တိုက်ခိုက်မှုအသွင်သို့ ပြောင်းကာ ရန်ကိုင်တည့်တည့်သို့ တိုးဝင်သွားလေသည်။

သို့သော်ငြား မကြာမီ မှော်ဘုရင်ချိုက်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ အကြောင်းမှာ သူ၏တိုက်ခိုက်မှုသည် တစ်ဖက်လူအပေါ် လုံးဝ အကျိုးသက်ရောက်မှုမရှိသည့် အတွက်ကြောင့်ပင်။ ဆေဘာဓါးအသွင်သို့ ပြောင်းသွားသော တစ်ဖက်လူ၏ဝိဉာဉ်သည် သူ့တိုက်ခိုက်မှုကို အလွယ်တကူ ချိုးဖောက်သွားပြီး သူ့တည့်တည့်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း‌ ရောက်ရှိလာခဲ့လေသည်။

မှော်ဘုရင်ချိုက်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူ၏ကောင်းကင်စိတ်အာရုံကို အရူးအမူးလှည့်ပတ်၍ တစ်ဖက်လူ သူ့နားသို့မရောက်အောင် အသည်းအသန် ကြိုးစားလေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ၏ကြိုးစားမှုမှာ အချည်းနှီးသည်သာ။

မှော်ဘုရင်ချိုက်၏ ကောင်းကင်စိတ်အာရုံသည် ဆေဘာဓါးအသွင်သို့ ပြောင်းထားသည့် ရန်ကိုင်အား လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ ဆေဘာဓါးသည် သူ၏အသိစိတ်ပင်လယ် အတားအဆီးအားလုံးကို ချိုးဖောက်၍ မှော်ဘုရင်ချိုက်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာခဲ့လေသည်။ မှော်ဘုရင်ချိုက်မှာတော့ သူ့ခေါင်းတစ်ခုလုံး တဆစ်ဆစ်ကိုက်လာသလို ခံစားလိုက်ရလေသည်။

အလွန်ကိုမှ နာကျင်နေလှပါသော်ငြား အတွေ့အကြုံရင့်ကျက်သူတစ်ဦးပီပီ ထိတ်လန့်တုန်လှုပ်နေခြင်း မရှိဘဲ ချက်ချင်း မြေပေါ်သို့ဆင်း၍ မျက်လုံးပိတ်ကာ သူ့နာမ်ဝိဉာဉ်အား အသိစိတ်ပင်လယ်ထဲရှိ တစ်နေရာရာတွင် သွားပုန်းအောင်းနေစေလိုက်လေသည်။

မှော်ဘုရင်ချိုက်၏ အသိစိတ်ပင်လယ်မှာတော့ ငရဲခန်းတစ်ခုအလားပင် ထင်မှတ်ရသည်။ မိစ္ဆာဝိဉာဉ်များ၊ တစ္ဆေများ နေရာအနှံ့တွင် ရှိနေကြပြီး ခြောက်ခြားဖွယ်ရာ အော်မြည်သံများမှာလည်း ဘက်ပေါင်းစုံအနှံ့ ပဲ့တင်ထပ်နေခဲ့လေသည်။ ကိုယ်တိုင်မြင်တွေ့ရသည့် အတွက်ကြောင့်သာမဟုတ်ပါက လောကကြီးထဲတွင် ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာအသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည့်လူတစ်ဦး ရှိလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။

All Chapters