အခန်း (၂၈၃၆-၂၈၄၀)
Vol. 121 Ch. 2836-2840
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၃၆)
ဘာသာပြန်သူ_တိမ်တိုက်
(ဒါက အသိစိတ်ပင်လယ်မဟုတ်တော့ဘူ… ငရဲခန်းဖြစ်နေပြီ…)
မှော်ဘုရင်ချိုက်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် နာမ်ဝိဉာဉ်ပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်လေသည်။ သူ့လက်ထဲတွင် ဆေဘာဓါးတစ်ချောင်း ရှိနေခဲ့လေသည်။ ရူးကြောင်ကြောင်တစ္ဆေများမှာ အသိစိတ်ပင်လယ်ထဲသို့ ထူးဆန်းသည့်အရှိန်အဝါတစ်ရပ် ရောက်ရှိလာသည်ကို သတိပြုမိသွားပြီး ရန်ကိုင်ဆီသို့ ခုန်ဝင်လာကြလေသည်။ သို့သော်ငြား ထိုတစ္ဆေအားလုံးမှာ ရန်ကိုင်၏ ဆေဘာဓါးတစ်ချက်အဝှေ့နှင့်အတူ ပျောက်ကွယ်သွားကုန်ကြလေသည်။ တိုးတိုးတိတ်တိတ်ပုန်းအောင်းရင်း အခြေအနေကိုစောင့်ကြည့်နေသော မှော်ဘုရင်ချိုက်မှာတော့ ရန်ကိုင်လက်ထဲရှိ ဆေဘာဓါးကိုကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။
(အဲ့ဒါ ဘာမှော်ရတနာကြီးလဲ… ဘာလို့ ဒီလောက်တောင် အားကောင်းရတာလဲ…)
ထို့အပြင် ရန်ကိုင်သည် ထိုမှော်လက်နက်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ပင် ယူလာနိုင်ခဲ့သည်။ မည်ကဲ့သို့များ ဖြစ်နိုင်ရလေသနည်း။ အသိစိတ်ပင်လယ်ထဲသို့ ယူလာ၍ရသည့် မှော်လက်နက် ဤလောကကြီးထဲ တကယ်ကြီးရှိသည်လား။
မှော်ဘုရင်ချိုက်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသည့် တစ္ဆေများမှာ သက်ရှိများမှဖြစ်ပေါ်လာသည့် တစ္ဆေများ ဖြစ်ကြပါသော်ငြား ထိုတစ္ဆေများကို မှော်ဘုရင်ချိုက်ကိုယ်တိုင် ပြုစုပျိုးထောင်ပေးထားခဲ့ခြင်း ဖြစ်လေသည်။ သာမန်တစ္ဆေများသည် ဤတစ္ဆေများနှင့် လုံးဝမယှဉ်နိုင်ကြ။ ဤတစ္ဆေများ၏ ဝိုင်းဝန်းကိုက်ခဲခြင်း ခံရမည်ဆိုပါက မှော်ဘုရင်တစ်ပါး၏ နာမ်ဝိဉာဉ်သည်ပင်လျှင် ဒုက္ခရောက်သွားရနိုင်ပေသည်။
သို့သော်ငြား ထိုလူငယ်လေးကမူ သူ၏ဝိဉာဉ်အားလုံးကို ဆေဘာဓါးတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးပြသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်ထဲရှိတစ္ဆေများ ရန်ကိုင်အား အတော်လေးကိုမှ ကြောက်ရွံ့သွားကြောင်းကိုလည်း မှော်ဘုရင်ချိုက် ခံစားမိလိုက်လေသည်။
ရန်ကိုင်သည် ဆေဘာဓါးကို လက်ထဲတွင်ကိုင်စွဲရင်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လျက် တစ်ဖက်လူအား လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “တူတူပုန်းတမ်း ကစားချင်နေတာလား မှော်ဘုရင်ချိုက်… ခင်ဗျားက မှော်ဘုရင်တစ်ပါးမဟုတ်ဘူးလား… ကျုပ်ကို ဒီလောက် စိတ်ပျက်အောင်မလုပ်စမ်းပါနဲ့လား…”
မှော်ဘုရင်ချိုက်မှာမူ ရန်ကိုင်အား လုံးဝကို လျစ်လျူရှုထားခဲ့သည်။ မှော်ဘုရင်တစ်ပါး ဖြစ်လာနိုင်သည့်လူမှာ အရူးမဟုတ်။ ရန်ကိုင်၏လက်ထဲတွင် ကိုင်စွဲထားသော ဆေဘာဓါးသည် မည်ကဲ့သို့သောမှော်လက်နက်တစ်ခုဖြစ်ကြောင်းကို သေချာမသိရသေးဘဲနှင့် မှော်ဘုရင်ချိုက်သည် လူလုံးထွက်ပြလိမ့်မည်မဟုတ်ပေ။
မှော်ဘုရင်ချိုက် ဘာကိုတွေးကြောက်နေသလဲဆိုသည်ကို သိနေသည့်အလား ရန်ကိုင်သည် ဆေဘာဓါးကိုမြှောက်ရင်းမှ ပြောလိုက်လေသည်။ “ဒါက ဝိဉာဉ်ခွဲဆေဘာဓါးပဲ… ဒီဆေဘာဓါးက ရုပ်ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး… ဒီဆေဘာဓါးကို ဖန်တီးထားရတဲ့ အကြောင်းအရင်းက ဝိဉာဉ်တွေကို တိုက်ခိုက်ဖို့ပဲ… မှော်ဘုရင်ချိုက် မှော်ဘုရင်ချိုက်… ဒီသခင်လေးကို ခင်ဗျားရဲ့အသိစိတ်ပင်လယ်ထဲကို ဝင်လာခိုင်းလိုက်တာ ခင်ဗျားရဲ့ အကြီးဆုံးအမှားပဲ… ကဲ… အခု ဒီဆေဘာဓါး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်သွားပြီမလား… အဲ့ဒါဆို မြန်မြန်လေးရှေ့ထွက်ပြီးတော့ လာအသေခံလိုက်ပေတော့… ဒီသခင်လေး ခင်ဗျားကို မနာကျင်စေဘဲ မြန်မြန်လေးအဆုံးသတ်ပေးမယ်…”
(ရုပ်ခန္ဓာကိုယ် မထိခိုက်ဘူး… ဝိဉာဉ်ကိုပဲ ထိခိုက်တာ…) မှော်ဘုရင်ချိုက်အနေဖြင့် ထိုမဟုတ်တရုတ်စကားများကို မယုံကြည်ချင်ပါသော်ငြား ရန်ကိုင်လုပ်ပြသွားသည်များကို မြင်ပြီးသည့်နောက် တစ်ဖက်လူပြောသည်ကိုမှာ မှန်ကန်ကြောင်းကိုတော့ ဝန်ခံရပေလိမ့်မည်။ ထိုမှော်လက်နက်သည် သူမြင်ခဲ့ဖူးသည့် မှော်လက်နက်များအနက် ယုတ္တိမတန်ဆုံး မှော်လက်နက်တစ်ခု ဖြစ်ပေသည်။
“ဘာလဲ… ခင်ဗျားက ထွက်မလာဘူးပေါ့ ဟုတ်လား… ကဲ… အဲ့ဒါဆိုလည်း ဆက်ပြီးတော့ပဲ ပုန်းနေတော့ပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေဘာဓါးကို မြင့်မြင့်မြှောက်၍ ဆေဘာဓါးထဲသို့ သူ့စိတ်စွမ်းအင်များကို ထည့်သွင်းလိုက်ပြီး ခုတ်ချလိုက်လေသည်။
တလက်လက်တောက်ပနေသော အလင်းရောင်တို့ဖြင့် ဖွဲ့စည်းထားသည့် ဧရာမဆေဘာဓါးကြီးတစ်ချောင်း ပေါ်လာခဲ့ပြီး အောက်သို့ လွှဲယမ်းချလာခဲ့သည်။ ဆေဘာဓါး၏ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော မရေမတွက်နိုင်သော တစ္ဆေများအားလုံး ပွဲချင်းပြီး အသက်ပျောက်ကုန်ကြရလေသည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော မှော်ဘုရင်ချိုက်သည်ပင်လျှင် သူ့ခေါင်းတစ်ခုလုံး နှစ်ပိုင်းကွဲထွက်တော့မည့်အလား တဆစ်ဆစ် ကိုက်ခဲလာခဲ့ရလေသည်။
ဤနေရာသည် သူ့အသိစိတ်ပင်လယ်ဖြစ်သည်။ သူ့အသိစိတ်ပင်လယ် တစ်ခုခုထိခိုက်သွားမည်ဆိုပါက နာကျင်ရမည့်လူသည် သူသာဖြစ်လေသည်။ ဤဒဏ်ရာလောက်သည် ဘာမှမပြောပလောက်ပါသော်ငြား ဤကဲ့သို့သော ဒဏ်ရာများကို ထပ်တလဲလဲ ရလာမည်ဆိုလျှင်တော့ အခြေအနေ ဟန်တော့လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်မှ ဝိဉာဉ်ခွဲဆေဘာဓါးကိုကိုင်၍ မြင်မြင်ရာအား လျှောက်ပတ်ခုတ်နေသည်ကိုမြင်သော် မှော်ဘုရင်ချိုက်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
“ခင်ဗျားက ပုန်းနေချင်တယ်ပေါ့ ဟုတ်လား… ပုန်းစမ်း… ပုန်းစမ်း…”
ရန်ကိုင်မှ သူ့ဆေဘာဓါးအား တစ်ချက်လွှဲယမ်းလိုက်တိုင်း လွှဲယမ်းလိုက်တိုင်း မှော်ဘုရင်ချိုက်မှာ သူ့ခေါင်းတစ်ခုလုံး တဆစ်ဆစ် ထိုးကိုက်ရလေသည်။ ထိုအကောင်ကိုသာ ဤအတိုင်း ဆက်လုပ်ခွင့်ပေးထားလိုက်မည်ဆိုပါက သူ့အခြေအနေမဟန်တော့မှန်း သိလိုက်သည့်အတွက်ကြောင့် မှော်ဘုရင်ချိုက်လည်း ပုန်းမနေနိုင်တော့ဘဲ လူလုံးထွက်ပြလာရတော့လေ၏။ “တော်လောက်ပြီ…”
ထိုသို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် မှော်ဘုရင်ချိုက်သည် ရန်ကိုင်ရှေ့တွင် ပေါ်လာပြီး သူ့လက်ကိုမြှောက်၍ ရန်ကိုင်၏တိုက်ခိုက်မှုကို တားဆီးလိုက်လေသည်။
ဝိဉာဉ်ခွဲဆေဘာဓါးမှာ အလွန်ကိုမှ ထူးဆန်းသလို သူ့အသိစိတ်ပင်လယ်အား ထိခိုက်အောင်လုပ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပါသော်ငြား ဤနေရာသည် သူ့ကမ္ဘာဖြစ်သည်။ ဤနေရာတွင် သူသည် အရှင်သခင်ဖြစ်လေသည်။ သူတို့သည်သာ ဤနေရာတွင် တကယ်ကြီးတိုက်ခိုက်ကြမည်ဆိုပါက ရန်ကိုင်ရောသူပါ ထိခိုက်ရမည်စိုးသည့်အတွက်ကြောင့် မှော်ဘုရင်ချိုက်မှာ ပုန်းအောင်းနေရခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ရန်ကိုင်အား လုံးဝပြန်မတိုက်နိုင်သည်တော့ မဟုတ်ပေ။
“ခင်ဗျား ပုန်းရတာကို ကြိုက်တာမဟုတ်ဘူးလား.. ဆက်ပုန်းနေလေ… ဘာလို့ထွက်လာတာလဲ…” ရန်ကိုင်သည် မှော်ဘုရင်ချိုက်အား ဆေဘာဓါးဖြင့် ချိန်ရွယ်ရင်းမှ လှောင်ပြောင်ထေ့ငေါ့လိုက်လေသည်။
“ထွက်သွားစမ်း…” မှော်ဘုရင်ချိုက်သည် အေးစက်စက်အမူအယာဖြင့် ရန်ကိုင်အား သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်သွားရန် အမိန့်ပေးလိုက်လေသည်။ ရန်ကိုင်အား သူ့အသိစိတ်ပင်လယ်ထဲ၌ အနည်းငယ်မျှပင် ဆက်၍ မရှိနေစေချင်တော့ပေ။ ဤနေရာသည် သူ့ဝိဉာဉ်ရှိနေသည့် နေရာဖြစ်သလို သူ့လျှို့ဝှက်ချက်များ ရှိနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။ မည်သူမျှ မိမိ၏လျှို့ဝှက်ချက်အား အခြားတစ်ယောက်မှ သိသွားမည်ကို မလိုလားပေ။
“တောင်းပန်လေ… ကျုပ် ထွက်သွားမသွား ဒူးထောက်ပြီး တောင်းပန်ကြည့်လိုက်ပေါ့…” ရန်ကိုင်က ပြုံးဖြီး၍ ပြောလိုက်လေသည်။ ရန်ကိုင်၏ပြုံးဖြီးဖြီးမျက်နှာကိုကြည့်ရင်း မှော်ဘုရင်ချိုက်မှာ ပိုပို၍ ဒေါသထွက်လာရတော့လေသည်။
“ထွက်သွားလို့ ငါပြောနေတယ်နော်…” မှော်ဘုရင်ချိုက်သည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ခင်ဗျားပဲ ကျုပ်ဝိဉာဉ်ကို လိုချင်နေတာမဟုတ်ဘူးလား… ဘာလို့ အခုမှ ကျုပ်ကို ထွက်သွားခိုင်းနေရတာလဲ… ဒီလောက် စိတ်အပြောင်းအလဲမမြန်နဲ့လေ မှော်ဘုရင်ချိုက်ရဲ့…”
မှော်ဘုရင်ချိုက်သည် ရန်ကိုင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ ထပ်ပြောလိုက်လေသည်။ “ကြည့်ရတာ ဒီမှော်ဆရာကိုယ်တိုင် မင်းကိုကန်ထုတ်မှ ရတော့မယ်နဲ့တူတယ်…”
ယခုအခြေအနေတွင်တော့ သူသည်သာ ရန်ကိုင်အား သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်သွားစေလိုပါက သူကိုယ်တိုင်မောင်းထုတ်မှ ရတော့မည်မှန်း မှော်ဘုရင်ချိုက် နားလည်သွားခဲ့လေသည်။ တကယ်တော့ ရန်ကိုင်အဖို့ မှော်ဘုရင်ချိုက်အား အထက်စည်းမှ တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရဖို့ရာ လွယ်ကူသည်မှ မဟုတ်လေပဲ။ ထိုသို့ဖြစ်လေရာ ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူ့အနေဖြင့် မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။ နောက်ဆုံး မရသည့်အဆုံးတွင် မှော်ဘုရင်ချိုက်သည် သူ့ကိုယ်သူ အထိခိုက်ခံရမည်ဆိုလျှင်ပင် ရန်ကိုင်အား သူ့အသိစိတ်ပင်လယ်ထဲမှ ထွက်သွားအောင် လုပ်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ရန်ကိုင် ဤနေရာတွင်ရှိနေခြင်းသည် သူ့အတွက် အသက်အန္တရာယ်ရှိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား သူ့အသိစိတ်ပင်လယ်ထဲမှ မောင်းထုတ်လိုပါက အချို့သောအရာများကို စတေးရမည်ဆိုလျှင်ပင် စတေးရပေလိမ့်မည်။
ထိုသို့ပြောပြီးသည့်နောက်တွင် မှော်ဘုရင်ချိုက်၏နာမ်ဝိဉာဉ် အလင်းစက်ကလေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
မှော်ဘုရင်ချိုက် သူနှင့် ရေကုန်ရေခမ်း တိုက်ခိုက်တော့မည်မှန်း နားလည်လိုက်သည့်နောက်တွင် ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
ရုတ်ချည်းဆိုသလို ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားခဲ့ပြီး ရန်ကိုင်အား အသိစိတ်ပင်လယ်ထဲမှ အပြင်ဘက်သို့ တွန်းထုတ်ရန် ကြိုးစားနေသည့် အလွန်ကိုမှ ပြင်းထန်လှသည့် အားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။
တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့သာ ဝင်ရောက်နိုင်မည်ဆိုပါက မိမိ၏ရန်သူကို ထိခိုက်အောင် လုပ်နိုင်ပေသည်။ သို့သော်ငြား တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ထားခြင်းသည် တစ်ဖက်လူမှ ပိုင်ဆိုင်သည့် စစ်ကွင်းပြင်ထဲ သွားရောက်တိုက်ခိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ပုံမှန်အားဖြင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြရာတွင် မည်သူမျှ တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားလေ့မရှိချေ။ ခွန်အားအရာတွင် အပြတ်အသတ်သာလွန်နေသည့် လူများသည်သာ ပြိုင်ဘက်ရန်သူ၏ အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်ရဲကြပေလိမ့်မည်။
သို့သော်ငြား ခွန်အားကွာခြားချက် ထိုမျှကြီးမားနေမည်ဆိုပါက တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်နေစရာပင်မလို။ ဤအတိုင်း တိုက်ခိုက်ရုံဖြင့်ပင်လျှင် တစ်ဖက်လူအား အနိုင်ယူနိုင်လေပြီ။
လောကကြီးတစ်ခုလုံးမှာ သူ့အား စိစိညက်ညက်ဖြစ်သွားအောင် ဖိချေချင်နေသည့်အလား ဘက်ပေါင်းစုံမှ အလွန်တရာကိုမှ ပြင်းထန်လှသည့် ဖိအားများ သူ့အပေါ်သို့ ပြိုဆင်းကျလာနေသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။
သို့တိုင် ရန်ကိုင်ကမူ မလှုပ်မယှက် ဆက်လက် ရပ်နေခဲ့လေသည်။ သို့တိုင် ဤကဲ့သို့ မတ်မတ်ရပ်နေနိုင်အောင် ထိန်းနိုင်ရုံလေးသာ ရှိတော့သည်။
မှော်ဘုရင်ချိုက်၏ မောင်းထုတ်ခြင်း ခံရတော့မည်မှန်း သိလိုက်သော် ရန်ကိုင်လည်း ချက်ချင်း လှုပ်ရှားတော့လေ၏။ ရန်ကိုင်၏မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးသည့်နောက် သူ့လက်ထဲတွင် ကိုင်စွဲထားသည့် ဝိဉာဉ်ခွဲဆေဘာဓါးမှာ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ “မှော်ဘုရင်ချိုက်… အခု ကျုပ်ပေးမယ့်လက်ဆောင်လေးကို ခင်ဗျားကြိုက်မယ်လို့ မျှော်လင့်တယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေဘာဓါးအား ခုတ်ချလိုက်လေ၏။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…” မှော်ဘုရင်ချိုက်၏ ဒေါသ၊ အံ့အားသင့်မှုတို့ စွက်ဖက်နေသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။ ယခု ရန်ကိုင်၏ဆေဘာဓါးခုတ်ချက်မှာ သူယခင်ထုတ်သုံးခဲ့သည့် ဆေဘာဓါးခုတ်ချက်ထက် နှစ်ဆမျှပင် ပိုမိုအားကောင်းနေခဲ့လေသည်။
အလစ်အငိုက်မိသွားသည့်အတွက်ကြောင့် မှော်ဘုရင်ချိုက်မှာ သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့ဘဲ ရန်ကိုင်၏ဆေဘာဓါးစာ မိသွားခဲ့ရလေသည်။ ဆေဘာဓါးချက်ကြောင့် အလွန်တရာကိုမှ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည့် နာကျင်မှုကို မှော်ဘုရင်ချိုက် ခံစားလိုက်ရလေသည်။
ထို့နောက်တွင် သူရှိနေသည့် လောကကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူကိုယ်တိုင်သည်လည်း မှော်ဘုရင်ချိုက်၏ အသိစိတ်ပင်လယ်ထဲမှ မောင်းထုတ်ခြင်း ခံလိုက်ရကြောင်း ရန်ကိုင်တွေ့ရှိလိုက်ရသည်။ ထို့နောက်တွင် ပိန်းပိန်းပိတ်မည်းမှောင်သည့် အမှောင်ထုတို့ သူ့အား လွှမ်းခြုံလာခဲ့သည်။ ထိုအမှောင်ထုကြီးထဲမှ ထွက်လာပြီးသည့်နောက် မှော်ဘုရင်ချိုက်၏အရိပ်အယောင်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့လိုက်ရလေသည်။
မှော်ဘုရင်ချိုက် ထွက်ပြေးသွားခဲ့လေပြီ။
“အပြေးကောင်းသားပဲ…” ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော်ငြား မှော်ဘုရင်ချိုက်နောက်တော့ ပြေးမလိုက်သွားခဲ့ပေ။ ကောင်းကင်ခွဲဓါးချက်၏ ကျေးဇူးကြောင့် ရန်ကိုင်သည် အဆုံးတွင် မှော်ဘုရင်ချိုက်အား ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့လေသည်။
သူ့အတွက် အခြေအနေမဟန်တော့မှန်း သိလိုက်သည့်အတွက်ကြောင့် မှော်ဘုရင်ချိုက်သည်လည်း ရန်ကိုင်အား အာရုံလွှဲကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်လေသည်။ သူသည်သာ ဤနေရာတွင် ဆက်နေနေမည်ဆိုပါက အဆုံးသတ်ကောင်းတော့လိမ့်မည်မဟုတ်။
ရန်ကိုင်လည်း သက်ပြင်းချ၍ သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားခဲ့လေသည်။ သူ့နမ်ဝိဉာဉ်အား အပြင်ဘက်တွင် အကြာကြီး မထားရဲခဲ့ပေ။
ရန်ကိုင်မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည့်နောက် သူ့ခန္ဓာကိုယ်သည် တီယာလက်ထဲတွင် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်၏ဝိဉာဉ် ခန္ဓာကိုယ်ထဲမှ ထွက်သွားကြောင်းကို သတိထားမိလိုက်သည့်အတွက်ကြောင့် တီယာသည် ရန်ကိုင်၏ခန္ဓာကိုယ်အား စောင့်ကြပ်ပေးနေခြင်း ဖြစ်လေသည်။
“ရှင် အဆင်ပြေရဲ့လား…” တီယာက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ရန်ကိုင်သည် ခေါင်းတခါခါဖြင့် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား တစ်ခေါင်းလုံး မူးဝေလာပြီး တီယာ၏လက်မောင်းထဲသို့ ပြန်ပြုတ်ကျသွားခဲ့လေသည်။ မဲ့ပြုံးပြုံးရင်းမှ ရန်ကိုင်က ရေရွတ်လိုက်လေ၏။ “အနည်းဆုံးတော့ ငါမသေသေးဘူး…”
တီယာသည် ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်နေခဲ့လေသည်။ မှော်ဝိဇ္ဇာကျင့်ကြံခြင်းအဆင့်လေးဖြင့် မှော်ဘုရင်တစ်ပါးအား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် လုပ်နိုင်သည်မှာ အမှန်တကယ်ကို ထူးဆန်းလွန်းလှသည်။ ထိုကဲ့သို့လုပ်နိုင်ရန်အတွက် ရန်ကိုင်အနေဖြင့် တန်ရာတန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရပါသော်ငြား တစ်ဖက်မှော်ဘုရင်မှာလည်း အဆုံးသတ်မကောင်းခဲ့ပေ။
ရန်ကိုင်အား တစ်လလောက်မမြင်လိုက်ရုံဖြင့် ရန်ကိုင်သည် မှော်ဝိဇ္ဇာတစ်ပါး ဖြစ်လာခဲ့ရလေသည်။
(သူ ဘယ်လိုတောင် ကျင့်ကြံနေတာလဲ…)
တီယာ၏စိတ်ထဲ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နေခဲ့လေသည်။
“ရွာသားတွေရော…” အနည်းငယ် အားပြန်ပြည့်လာသည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။
“သူတို့အဆင်ပြေတယ်…” တီယာက ပြန်ပြောလိုက်သည်။ ရွာသားများအား မြေအောက်လိုဏ်ခေါင်းမှတစ်ဆင့် အခြားတစ်နေရာသို့ ပို့ပေးပြီးသည့်နောက်တွင် တီယာသည် ရန်ကိုင်အခြေအနေကို လာပြန်စစ်ဆေးကြည့်လေသည်။ တိုက်ဆိုင်စွာပင် သူမရောက်လာလာချင်း ရန်ကိုင်၏ဝိဉာဉ် ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်၏ခန္ဓာကိုယ်အား လာကာကွယ်ပေးထားခြင်း ဖြစ်လေ၏။
“သူတို့တွေကို ပြန်ခေါ်လိုက်တော့… အခု အဆင်ပြေသွားပြီ…” ရန်ကိုင် သက်ပြင်းတစ်ရှိုက် ရှုထုတ်လိုက်သည်။
အရိုးဝါးမျိုခြင်းကလန်မှ မှော်ဘုရင်တစ်ပါး ရောက်လာခဲ့ပါသော်ငြား မရှုမလှရှုံးနိမ့်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ ထို့အတွက်ကြောင့် လတ်တလောတွင် အရိုးဝါးမျိုခြင်းကလန်သည် မဆင်မခြင် ထပ်မံလှုပ်ရှားလိမ့်မည်မဟုတ်ချေ။ ထပ်မံလှုပ်ရှားလာမည်ဆိုပါက ပို၍အားကောင်းသည့် မှော်ဘုရင် သို့မဟုတ် မှော်သူတော်စင်တစ်ပါး ရောက်လာမှသာ ရပေလိမ့်မည်။
သို့သော်ငြား မှော်သူတော်စင်တစ်ပါးသည် ဤကဲ့သို့သော ကိစ္စမျိုးလောက်ကိုတော့ ဂရုစိုက်နေလိမ့်မည်မဟုတ်ချေ။ အရိုးဝါးမျိုခြင်းကလန်မှ အခြားသောမှော်ဘုရင်များ ရောက်လာမည်ဆိုလျှင်လည်း ထူးခြားလိမ့်မည်မဟုတ်။ ဝှက်ဖဲကို ထုတ်သုံးပြီးသည့်နောက် မှော်ဆရာချိုက်သည် အဆင့်မြင့်မှော်ဘုရင်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့သည် မဟုတ်ပေလော။ သို့တိုင် ရန်ကိုင်အား အနိုင်မယူနိုင်ခဲ့ဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်၍ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ ထို့အတွက်ကြောင့် အခြားသောမှော်ဘုရင်များ ရောက်လာမည်ဆိုလျှင်ပင် ဘာမှထူးလိမ့်မည်မဟုတ်။
သို့သော်ငြား ရန်ကိုင်ကမူ အချိန်သာရနေသရွေ့ ပိုပို၍ အားကောင်းလာနိုင်ပေသည်။ ထို့အတွက်ကြောင့် နောက်တစ်ကြိမ် ထိုမှော်ဘုရင်များနှင့် ထပ်တွေ့မည်ဆိုပါက ယခုတစ်ကြိမ်လောက် ရုန်းကန်ရလိမ့်မည်မဟုတ်ဘဲ ထိုမှော်ဘုရင်များကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။
တီယာနှင့်စကားပြောနေစဉ် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး တစ်ခုသောဘက်သို့ လှမ်းကြည့်လိုက်လေသည်။
တီယာသည်လည်း တစ်ခုခုအား သတိပြုမိသွားခဲ့ပြီး ရန်ကိုင်ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ မကြာမီ စိုးရိမ်နေသည့် အမူအယာဖြင့် ပြောလိုက်လေ၏။ “တစ်ယောက်ယောက်လာနေတယ်….”
ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
တောင်ပြာရွာသည် ရွာငယ်လေးတစ်ရွာသာဖြစ်ကာ ချောင်ကျသည့်နေရာတွင် ရှိနေသည့် ရွာတစ်ရွာလည်း ဖြစ်လေသည်။ ပုံမှန်အားဖြင့် မည်သည့်အပြင်လူမှ တောင်ပြာရွာသို့ ရောက်လာလေ့မရှိ။ မှော်ဘုရင်ချိုက်အနေဖြင့် တောင်ပြာရွာကို ရှာတွေ့နိုင်ရခြင်းမှာလည်း မှော်ဝိဇ္ဇာချီကြောင့်သာ ဖြစ်လေသည်။
ရန်ကိုင်မှ မှော်ဘုရင်ချိုက်အား မောင်းထုတ်ပြီး မကြာမီမှာပင် လူတစ်ဦး ရောက်လာခဲ့လေသည်။ ရောက်လာသည့်လူမှာ သူ၏မဟာမိတ်လား ရန်သူလား ဆိုသည်ကိုတော့ ပြောရခက်လှသည်။ ရောက်လာသည့်လူသာ မှော်ဘုရင်တစ်ပါး ဖြစ်နေမည်ဆိုပါက ရန်ကိုင်တို့ ပြဿနာအကြီးကြီးတက်ပေလိမ့်မည်။
တီယာသည်လည်း ထိုကဲ့သို့စဉ်းစားမိကာ သူမ၏မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေလေသည်။
သို့သော်ငြား မကြာမီ ရန်ကိုင်ဆီမှ စိတ်သက်သာရာ ရသွားသည့် သက်ပြင်းချသံတစ်သံကို ကြားလိုက်ရလေ၏။
“ဘာဖြစ်လို့လဲ…” တီယာက လှည့်မေးလိုက်သည်။
“မှော်သခင်တစ်ပါးပဲ… ဘာမှစိတ်ပူမနေနဲ့… ကြည့်ရတာ သူ ဒီနားက ဖြတ်သွားတာနဲ့တူတယ်…”
ရန်ကိုင်ပြောသည်ကို ကြားသည့်အခါမှသာ တီယာလည်း သက်ပြင်းချနိုင်တော့သည်။
မှော်သခင်တစ်ပါးဆိုလျှင်တော့ ဘာမှစိတ်ပူနေစရာမလိုတော့။ သို့သော်ငြား ထိုမှော်သခင်သည် သူတို့ရွာအနားမှ ဖြတ်သွားသည့်လူတစ်ဦးတော့ မဟုတ်လောက်ပေ။ အကြောင်းမှာ ထိုမှော်သခင်သည် ရန်ကိုင်တို့တည့်တည့်ဆီသို့ ပျံသန်းလာနေသည့် အတွက်ကြောင့်ပင်။
တစ်ခဏအကြာတွင် ရန်ကိုင်တို့ရှေ့၌ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်တစ်ဦး ပေါ်လာခဲ့လေသည်။
“ဒီမှာ အခုလေးတင် တိုက်ပွဲဖြစ်သွားတာလား…” ထိုလူသည် လေပေါ်တွင်ဝဲလျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ မေးလိုက်သည်။
ဤနေရာတစ်ခုလုံး တိုက်ပွဲဖြစ်သွားသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့လေသည်။ တိုက်ခိုက်သွားကြသည့်လူများ မည်မျှအားကောင်းသလဲဆိုသည်ကို သူမသိပါသော်ငြား ကျန်ရစ်ခဲ့သည့် စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည့်နောက် ရောက်လာသည့်မှော်သခင် အနည်းငယ် ထိတ်လန့်သွားခဲ့လေသည်။
အစောပိုင်းကဖြစ်သွားသည့်တိုက်ပွဲသည် အဆင့်မြင့်ပညာရှင်နှစ်ဦးကြားမှတိုက်ပွဲ ကျိန်းသေ ဖြစ်ရပေလိမ့်မည်။ သူဝင်ပါနိုင်သည့်တိုက်ပွဲမျိုးမဟုတ်။ ထိုသို့စဉ်းစားမိလိုက်သည့်နောက် မှော်သခင်သည် ရန်ကိုင်နှင့် တီယာတို့ဆီသို့ အလျင်စလို လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်သည် သူ၏မှော်စွမ်းအားကို မသိမသာလေး လှည့်ပတ်ပြလိုက်သဖြင့် မှော်သခင်မှာ ရန်ကိုင်၏ကျင့်ကြံခြင်းအား သတိပြုမိသွားရလေသည်။
“မှော်ဝိဇ္ဇာလား…” ထိုလူ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း လေပေါ်မှ အောက်သို့ ဆင်းလာလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၃၇)
ဘာသာပြန်သူ_တိမ်တိုက်
အစကမူ ဤကဲ့သို့သော ချောင်ကျသည့်နေရာမျိုးတွင် မည်သည့်ပညာရှင်မှ ရှိလိမ့်မည်မဟုတ်ဟု ထင်ထားသည့်အတွက်ကြောင့် မှော်သခင်မှာ တစ်ဖက်လူအား အနည်းငယ်မျှပင် ဂရုမထားခဲ့ဘဲ လေပေါ်တွင်ဝဲ၍သာ စကားပြောခဲ့လေသည်။ သို့သော်ငြား တစ်ဖက်လူသည် မှော်ဝိဇ္ဇာတစ်ဦးမှန်း သိသွားပြီးသည့်နောက် ထိုကဲ့သို့ မောက်မာဝံ့ကြွားသည့်ပုံစံမျိုး လုပ်မပြရဲတော့ချေ။
“ဆရာနှင့် သခင်မတို့ကို နှုတ်ဆက်ပါတယ်…”
တီယာသည် ရန်ကိုင်အား ထူမပေးထားရင်း ရောက်လာသည့် မှော်သခင်ကို မျက်မှောင်ကျုံ့ကာကြည့်နေလေသည်။ တစ်ခဏအကြာမှ ခေါင်းညိတ်၍ ပြန်မေးလိုက်လေ၏။ “ရှင် ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး…”
ထိုစကားကိုကြားသော် မှော်သခင်က ပြန်မေးလိုက်လေသည်။ “ဆရာနဲ့သခင်မတို့ ဘယ်ရွာကလဲဆိုတာ ကျုပ်သိလို့ရမလား…”
ရန်ကိုင်နှင့် တီယာတို့ မည်သူမှန်း သူမသိ။ သို့သော်ငြား ထိုနှစ်ဦးမှာ မှော်ဝိဇ္ဇာများ ဖြစ်ကြသည့်အတွက်ကြောင့် အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြရပေလိမ့်မည်။ သူ့အနေဖြင့် တစ်ဖက်လူ မည်သူဖြစ်သလဲဆိုသည်ကို သိဖို့ရာ အရေးကြီးပေသည်။ သူ့အနေဖြင့် ဤနေရာသို့ သူတို့ကလန်အနီးတစ်ဝိုက်တွင် ရှိနေသော ရွာများနှင့် ဆက်သွယ်ရန် တာဝန်နှင့် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ သူတို့ကလန်အနီးအနားတွင် ရှိနေသော ပညာရှင်အားလုံးကို သူသိလိမ့်မည်မဟုတ်ပါသော်ငြား အချို့ကိုတော့ သူသိပေသည်။
“တောင်ပြာရွာကပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“အမ်…” မှော်သခင်ကြောင်သွားခဲ့လေသည်။ ရန်ကိုင်အား မယုံသင်္ကာဖြင့် စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်လေသည်။ “တောင်… တောင်ပြာရွာ…”
တောင်ပြာရွာတွင် မည်သည့်အချိန်ကများ မှော်ဝိဇ္ဇာနှစ်ဦး ရှိလာခဲ့ရသနည်း။ သူမှတ်မိသလောက်ဆိုရင် တောင်ပြာရွာ၏ ရွာသူကြီးသည် အဆင့်နိမ့်မှော်အတတ်သင်တစ်ဦးသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်စကားကို မှော်သခင် မယုံကြည်နိုင် ဖြစ်သွားရခြင်း ဖြစ်လေသည်။ သို့သော်ငြား မှော်ဝိဇ္ဇာတစ်ပါးအနေဖြင့် သူ့အား လာလိမ်နေစရာအကြောင်းလည်း မရှိပေ။
မှော်သခင်က ထပ်၍မေးလိုက်သည်။ “ဆရာက တကယ်ကြီး တောင်ပြာရွာကလား…”
“ဟုတ်တယ်…” ရန်ကိုင်က ထိုမှော်သခင်ကိုကြည့်၍ “ဘာကိစ္စလဲ…”
“ဒါဆို မှော်ဆရာလီရော…”
ထိုလူပြောသည့်မှော်ဆရာလီမှာ ရွာသူကြီးကိုပြောနေခြင်း ဖြစ်လေသည်။ ထိုလူမှ မှော်ဆရာလီအကြောင်း မေးနေသည်ကို ကြားပြီးလိုက်သည့်နောက် ဤမှော်သခင်သည် တောင်ပြာရွာ၏ရွာသူကြီးကို လာရှာခြင်းမှန်း ရန်ကိုင် ချက်ချင်းနားလည်သွားတော့သည်။
ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ရွာသူကြီး ဒီမှာမရှိတော့ဘူး… အခုချိန်ကနေစပြီး ဒီမှော်ဆရာက တောင်ပြာရွာရဲ့ရွာသူကြီးပဲ…”
မှော်ဆရာလီ အနည်းငယ်ကြောင်သွားခဲ့သည်။ သို့သော်ငြား ထိုအကြောင်းကို အများကြီး ဆက်ပြောမနေခဲ့။ တကယ်တော့ မှော်ဆရာလီသည် အတော်လေးကိုမှ အသက်ကြီးနေပြီမဟုတ်လေလော။ သူ့အဆင့်မှာ ထိုမျှမြင့်မားခြင်းမရှိ။ ထို့အတွက်ကြောင့် အခြားသောအဆင့်မြင့်ပညာရှင်များကဲ့သို့ အကြာကြီး အသက်ရှင်နိုင်လိမ့်မည်မဟုတ်။ ထိုသို့တွေးပြီးသည့်နောက်တွင် ထိုလူသည် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဆရာ့ကို ဘယ်လိုခေါ်ရမလဲ…”
“မှော်ဆရာညို…”
ထိုလူက ခေါင်းညိတ်၍ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “မှော်ဆရာညို… ကျုပ် အခု ဒီကိုရောက်လာတာက ကျုပ်တို့ကလန်ကမှော်ဘုရင်က တောင်ပြာရွာက ရွာသားတွေအားလုံးကို ဘုရင့်မြို့တော်မှာ ငါးရက်အတွင်း စုဝေးဖို့ အမိန့်ပေးလိုက်လို့ပါ…”
“မှော်ဘုရင်ရဲ့အမိန့်…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
တောင်ပိုင်းလူရိုင်းကလန်သည် အလွန်တရာကိုမှ အားကောင်းလှသည့် ကလန်တစ်ခု မဟုတ်ပါသော်ငြား တောင်ပိုင်းလူရိုင်းကလန်၌ တောင်ပိုင်းလူရိုင်းကလန်ကို ကြီးကြပ်ကွပ်ကဲနေသည့် မှော်ဘုရင်တစ်ပါး ရှိနေပေသေးသည်။ ရန်ကိုင်သိသလောက် ထိုမှော်ဘုရင်သည် အဆင့်မြင့်မှော်ဘုရင်တစ်ပါးဖြစ်ကာ မှော်သခင်ပြောသည့် ဘုရင့်မြို့တော်ဆိုသည်မှာလည်း နှင်းရေခဲကလန်၏ နှင်းရေခဲမြို့တော်နှင့် အလားတူမြို့တစ်မြို့ ဖြစ်ပေသည်။ တောင်ပိုင်းလူရိုင်းကလန်၏ လက်အောက်ခံရွာငယ်များနှင့် ရွာသူကြီးအားလုံးသည် ဘုရင့်မြို့တော်၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိနေကာ မှော်ဘုရင်သည် ထိုရွာငယ်လေးများအပေါ် အပြည့်အဝ ဩဇာအာဏာ လွှမ်းမိုးပေသည်။
မှော်ဘုရင်သည် သူ့ရွာသားအားလုံးကို ဘုရင့်မြို့တော်တွင် စုဝေးရန် ပြောလာသည့်အတွက်ကြောင့် ပြဿနာကြီးတစ်ခုခု ဖြစ်ပေါ်လာပြီမှန်း ရန်ကိုင် ချက်ချင်း သဘောပေါက်လိုက်သည်။
“ဟုတ်ပါတယ်… ဆရာမှော်ဘုရင်ကိုယ်တိုင် တိုက်ရိုက်အမိန့်ပေးထားတာပါ…” ထိုလူက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အစကတော့ မှော်ဆရာလီကို ဒီအကြောင်း လာပြောမလို့ပါ… ဒါပေမယ့် မှော်ဆရာညိုက တောင်ပြာရွာရဲ့ ရွာသူကြီးဖြစ်နေပြီဆိုတော့ မှော်ဆရာညိုကိုပဲ ပြောလိုက်တော့တာပေါ့…”
ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြန်မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ… တောင်ပိုင်းလူရိုင်းကလန်နဲ့ အခြားကလန် စစ်ဖြစ်နေကြလို့ မှော်ဘုရင်က အခုလိုမျိုး အမိန့်ပေးတာလား…”
ဤခေတ်ကြီးထဲတွင် ကလန်အချို့ စီးပွားအတွက်သော်လည်းကောင်း နယ်မြေအတွက်သော်လည်းကောင်း ကလန်အချင်းချင်း ပြိုင်ဆိုင်ကြသည်မှာ သဘာဝသာဖြစ်လေသည်။ ကလန်အချင်းချင်း စစ်ပွဲဖြစ်လာပြီဆိုသည်နှင့် ထိုကလန်လက်အောက်တွင် ရှိနေသော ရွာငယ်များအားလုံးလည်း ပါဝင်လာရတော့သည်။ မည်သူမျှ တိုက်ပွဲမှ ရှောင်လွှဲ၍ မရချေ။
ထို့အတွက်ကြောင့် မှော်ဘုရင်ကိုယ်တိုင် အမိန့်ပေးလာသည့်အကြောင်း ကြားလိုက်သော် တောင်ပိုင်းလူရိုင်းကလန်သည် အခြားသောကလန်တစ်ခုနှင့် စစ်ဖြစ်နေသည်ဟု ရန်ကိုင် ထင်မိသွားခဲ့လေသည်။ သူ့စိတ်ထဲ ပထမဦးဆုံးပေါ်လာသည့် ကလန်မှာမူကား လူမဆန်ပဲ ရက်စက်လှသော အရိုးဝါးမျိုခြင်းကလန်သာ ဖြစ်လေသည်။ ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ ရန်ကိုင်ကိုယ်တိုင်လည်း တိုက်ပွဲထဲသို့ ဝင်ပါရန် ဝန်လေးနေလိမ့်မည်မဟုတ်ချေ။
ယနေ့ မှော်ဘုရင်ချိုက်အား မသတ်နိုင်ခဲ့သည်ကိုပင်လျှင် သူ့စိတ်ထဲ နောင်တရမိသွားခဲ့သည်။
မှော်သခင်က မဲ့ပြုံးပြုံးလျက် ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်လေသည်။ “ကလန်အချင်းချင်း စစ်ဖြစ်တာဆိုရင်တော့ ဘာမှဒီလောက်မဟုတ်ပါဘူး…”
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “ဘယ်လိုကိစ္စကများ ဒီထက်ပိုပြီး ပြဿနာကြီးနေရလို့လဲ…”
ယာယီမျှ တုံ့ဆိုင်းနေပြီးသည့်နောက် မှော်သခင်က ပြန်ပြောလိုက်လေသည်။ “ပုံမှန်ဆိုရင်တော့ ဒီကိစ္စကို လျှို့ဝှက်ထားရမှာ… အပြင်ကိုလျှောက်ပြောလို့မရဘူး… ဒါပေမယ့် ဆရာနဲ့သခင်မတို့က မှော်ဝိဇ္ဇာတွေဆိုတော့ ဆရာတို့ ဘုရင့်မြို့တော်ကိုရောက်တာနဲ့ မှော်ဘုရင်က ကျိန်းသေခေါ်ပြီးတော့ ဒီအကြောင်းကို အသေးစိတ်ပြောပြမှာဆိုတော့ ကြိုပြောထားလိုက်တာလည်း ဘာမှမထူးပါဘူးလေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လေသံကိုနှိမ့်၍ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “နတ်ဆိုးမျိုးနွယ်စုတွေ ကျူးကျော်လာပြီ…”
“ဘယ်… ဘယ်လို… မင်းဘာပြောလိုက်တာ…” ရန်ကိုင် သူများ နားကြားမှားသွားသလားဟုပင် ထင်မိသွားခဲ့ရလေသည်။
“နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာပြီ…” မှော်သခင်က အလွန်ကိုမှ လေးနက်တည်ကြည်သည့်အမူအယာဖြင့် ထပ်ပြောလိုက်လေသည်။
အချိန်အတော်ကြာအောင် မင်သက်နေပြီးသည့်နောက်တွင် ရန်ကိုင်က ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “မင်းတကယ်ပြောနေတာလား…”
မှော်သခင်က ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်… အခုဆို အဓိကကလန်ကြီးသုံးခုတောင် ဖျက်ဆီးခံလိုက်ရပြီ…”
ရန်ကိုင်၏အမူအယာ ရုတ်ချည်း လေးနက်သွားတော့လေသည်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် နေရာခွဲခြား နေထိုင်ကြပါသော်ကြား အဓိကကလန်ကြီးတစ်ခုတွင် အဖွဲ့သားပေါင်း သိန်းနှင့်ချီကာ ရှိပေသည်။ ကလန်သုံးခု ဖျက်ဆီးခံလိုက်ရပြီဟု ပြောလိုက်ခြင်းမှာ လူပေါင်းတစ်သန်းမက သေသွားပြီဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။
ဤသည်မှာ အလွန်ကိုမှ အရေးကြီးသည့် သတင်းတစ်ရပ် ဖြစ်လေသည်။ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာခြင်း။ ထိုစကားကိုတော့ ရန်ကိုင် ကြားဖူးနားဝ ရှိဖူးပေသည်။ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာသည့်အကြောင်းကိုတော့ စီနီယာချင်ပြောပြခဲ့သည့် အကြောင်းအရာများထဲမှ သိခဲ့ရသည်။ ဤကမ္ဘာကြီးအား နတ်ဆိုးမျိုးနွယ်စု တစ်ကြိမ်မက ကျူးကျော်ခဲ့ဖူးပေသည်။ နောက်ဆုံး နတ်ဆိုးမျိုးနွယ်စု ကျူးကျော်သွားခဲ့သည်မှာ လွန်ခဲ့သော နှစ်သုံးသောင်းခန့်က ဖြစ်သည်။ ထိုစဉ်က စီနီယာချင်သည် အသိဉာဏ်စရပြီး ဤလောကကြီး၏ စွမ်းအင်အဆီအနှစ်များကို စုပ်ယူ၍ စတင်ကျင့်ကြံဆဲသာ ရှိသေးသည့် အမြဲစိမ်းနတ်သစ်ပင်လေးတစ်ပင်သာ ဖြစ်ပေသေးသည်။
နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာပုံကို စီနီယာချင် အလုံးစုံမြင်တွေ့ခဲ့ရသည်။ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာမှုကြောင့် မရေမတွက်နိုင်သော လူပေါင်းများစွာ သူ့ရှေ့တည့်တည့်၌ သေဆုံးခဲ့ရသည်။ အားကောင်းလှသည့် လူပေါင်းများစွာမှာလည်း နတ်ဆိုးမျိုးနွယ်စု ကျူးကျော်မှုကို တားဆီးရန်အတွက် သူတို့၏အသက်အား စတေးခဲ့ရလေသည်။ နောက်ဆုံး နှစ်ပေါင်းတစ်ရာနီးပါးခန့် အဆက်မပြတ် ကျားကုပ်ကျားခဲ ကြိုးစားတိုက်ခိုက်ပြီးသည့်နောက်မှသာ နတ်ဆိုးမျိုးနွယ်စုအား ပြန်လည်မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
နှစ်ပေါင်းတစ်ရာတိုင်တိုင် တိုက်ခိုက်နေပြီး အောင်ပွဲအား ဆင်နွှဲနိုင်ခဲ့သည့်နောက် ကမ္ဘာကြီးတစ်ခုလုံး ဝမ်းသာအားရ ဟစ်ကြွေးသံများ၊ ဂုဏ်ယူသံများဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ယခုကဲ့သို့ နှစ်ပေါင်းသောင်းနှင့်ချီပြီး ကြာသွားသည့်အခါမှသာလျှင် ကမ္ဘာကြီးတစ်ခုလုံး ပြန်လည် စည်ပင်သာယာ လာခဲ့ရခြင်း ဖြစ်လေသည်။ သို့သော်ငြား လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းခန့်က အဖြစ်အပျက် နောက်တစ်ကြိမ် ထပ်ဖြစ်လာခဲ့ပြန်လေသည်။ ယခုတစ်ကြိမ် မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။
နတ်ဆိုးမျိုးနွယ်စုသည် အခေါ်အဝေါ်တစ်မျိုးသာဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စုဝင်များ မည်သို့မည်ပုံရှိလဲဆိုသည်ကို ရန်ကိုင်မသိပေ။ သူသိထားသည်မှာတော့ နတ်ဆိုးမျိုးနွယ်စုဝင်များသည် လူသားများ၊ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များနှင့် မတူဘဲ အလွန်ကိုမှ ခက်ထန်ကြမ်းကြုတ်လှသည့် မျိုးနွယ်စုတစ်ခု ဟူ၍သာ။ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့်ယှဉ်လိုက်သော် အရိုးဝါးမျိုခြင်းကလန်သည် ကလေးသာသာ ခွေးသာသာလောက်သာ ရှိတော့သည်။
သို့သော်ငြား အရိုးဝါးမျိုခြင်းကလန် အခြားသော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များနှင့် အလွန်ကိုမှ ခြားနားနေရခြင်းမှာ အရိုးဝါးမျိုခြင်းကလန်၏ ဘိုးဘေးများသည် နတ်ဆိုးများမှ ဆင်းသက်လာသည့် အတွက်ကြောင့် ဖြစ်သည်ဟု ကောလဟာလများ ရှိကြပေသည်။ လွန်ခဲ့သောနှစ်သုံးသောင်းခန့်က တိုက်ပွဲအတွင်း အချို့သောနတ်ဆိုးများသည် အမျိုးသမီးများအား ဗလက္ကာရပြုကျင့်ခဲ့ကာ နတ်ဆိုးမျိုးဆက်များ မွေးဖွားလာခဲ့ရသည်။ ထိုနတ်ဆိုးမျိုးဆက်မှ မွေးဖွားလာသည့် ကလေးများသည် လက်ရှိ အရိုးဝါးမျိုခြင်းကလန်၏ ဘိုးဘေးများ ဖြစ်လာကြလေ၏။ သို့သော်ငြား ကောလဟာလများသည် ကောလဟာလများသာ ဖြစ်ကြကာ တကယ်ဟုတ်မဟုတ် မည်သူမှ မသိကြပေ။ အထူးသဖြင့် ယခုခေတ်တွင် ထိုကောလဟာလများမှာ သမိုင်းရေစီးကြောင်းထဲ ပျောက်ကွယ်သွားကုန်ကြလေပြီ။ ထိုအကြောင်းကို လူတော်တော်များများ မသိကြတော့ဘဲ အရိုးဝါးမျိုခြင်းကလန်၏ လက်ရှိမျိုးဆက်များသည်ပင်လျှင် ထိုအကြောင်းကို မသိကြတော့ချေ။ နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာခဲ့သည့် မွန်းစတားသစ်ပင်ဖြစ်သော စီနီယာချင်သည်သာ ဤအကြောင်းကို သိထားခြင်း ဖြစ်လေသည်။
မည်သို့ပင်ဖြစ်နေစေကာမူ ကောလဟာလများသည် အကြောင်းအရင်းမရှိဘဲ ထွက်ပေါ်လာလေ့မရှိပေ။ မရေမတွက်နိုင်သော ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များ အရိုးဝါးမျိုခြင်းကလန်အား ဖျက်ဆီးရန် တိုက်တွန်းခဲ့ရခြင်းမှာ ထိုအကြောင်းကြောင့်လည်း ဖြစ်နေနိုင်ပေသည်။ သို့သော်ငြား ယခုမျိုးဆက်များမှာတော့ သူတို့၏ဘိုးဘေးများ ဘာကြောင့် အရိုးဝါးမျိုခြင်းကလန်အား ဖျက်ဆီးချင်သလဲဆိုသည်ကို မသိကြချေ။ အရိုးဝါးမျိုခြင်းကလန်သားများသည် ဇာတ်တူသားကို ပြန်စားသည့် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် အသားစားမျိုးနွယ်စုဝင်များ ဖြစ်သည့်အတွက်ကြောင့်ဟုသာ ထင်ကောင်းထင်နေပေကြမည်။
နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာခြင်းသည် ဤလောကကြီးတွင် ရှိနေသည့် လူများအတွက်တော့ သတင်းဆိုးတစ်ခုသာ ဖြစ်လေသည်။
နတ်ဆိုးမျိုးနွယ်စု မည်သည့်နေရာမှလာသလဲ မည်သူမျှမသိကြ။ အလွန်ကိုမှ ဗဟုသုတကြွယ်ဝသော စီနီယာချင်သည်ပင်လျှင် ထိုအကြောင်းကိုမသိပေ။ လွန်ခဲ့သောနှစ်သုံးသောင်းခန့်က နတ်ဆိုးမျိုးနွယ်စုသည် နေ့ချင်းညချင်း ရုတ်တရက်ကြီး ဘွားခနဲ ပေါ်လာခဲ့လေသည်။ ထိုအကောင်များသည် အကြောက်အရွံ့ကင်းကြပြီး စည်းမရှိကမ်းမရှိ ရမ်းကားလွန်းကြသည်။ သူတို့စိတ်ကြိုက်လုပ်ကာ သတ်ဖြတ်ခြင်းသည် သူတို့၏ ဦးစားပေးပစ်မှတ်ဖြစ်လေ၏။
နတ်ဆိုးမျိုးနွယ်စုနှင့် နှစ်တစ်ရာတိုင်တိုင် တိုက်ပွဲဆင်နွှဲပြီးသည့်နောက် လှပလှသည့် ကမ္ဘာကြီးတစ်ခုလုံံးလည်း ရစရာမရှိအောင် ပျက်စီးခဲ့ရပြီး ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်ပေါင်းများစွာဟာလည်း သေကြေခဲ့ရလေသည်။
ယခု ဤကမ္ဘာလေး ပြန်လည်စည်ပင် သာယာဝပြောလာပြီး တစ်ဖန်ပြန်လည်လှပလာချိန် နတ်ဆိုးမျိုးနွယ်စုသည် နောက်တစ်ကြိမ် ထပ်မံကျူးကျော်လာခဲ့လေသည်။ ဤနတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုကြောင့် ဤလောကကြီးထဲ အလောင်းများ တောင်နှယ်ပုံထပ်ကာ နေရာအနှံ့ သွေးချောင်းစီးတော့မည်မှန်း ရန်ကိုင်သိနေခဲ့လေသည်။
ရန်ကိုင်နှင့် အရိုးဝါးမျိုခြင်းကလန်ကြားရှိ ရန်ငြိုးရန်စမှာ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကြားရှိ ရန်ငြိုးရန်စများနှင့် ယှဉ်လိုက်သော် ဘာဆိုဘာမှ မပြောပလောက်တော့ချေ။
“ဆရာ… ဆရာ…” ရန်ကိုင် အတွေးထဲ နစ်မြောသွားသည်ကိုမြင်သော် သူတို့အား သတင်းလာပို့သည့် မှော်သခင်သည် ကူကယ်ရာမဲ့စွာပြုံးရင်း ရန်ကိုင်အား ထပ်တလဲလဲ အော်ခေါ်လိုက်လေသည်။
ရန်ကိုင်သည် အသက်ပြင်းပြင်းရှူသွင်းလျက် ပြန်ပြောလိုက်လေ၏။ “နောက်ငါးရက်အတွင်း တောင်ပြာရွာက ရွာသားတွေကိုခေါ်ပြီး ငါ ဘုရင့်မြို့တော်ဆီ လာခဲ့မယ်…”
ထိုစကားကိုကြားသော် သတင်းလာပို့သည့် မှော်သခင်သည် ရင်ဘတ်ပေါ်လက်တင်၍ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ… ကျုပ် အခြားရွာတွေကိုလည်း လိုက်ပြီးတော့ အကြောင်းကြားရဦးမှာမို့လို့ သွားလိုက်ပါဦးမယ်…”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။ တစ်ဖက်လူထွက်သွားပြီးသည့်နောက် တီယာဘက်သို့လှည့်၍ မေးလိုက်လေ၏။ “နင် နတ်ဆိုးမျိုးနွယ်စုအကြောင်း ဘယ်လောက်သိလဲ…”
“ဘာမှမသိဘူး… နင်ရော ဘာသိလဲ…”
သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် တီယာသည် အပျိုပေါက်အရွယ်လေးသာရှိကြောင်း ရန်ကိုင် နားလည်သွားခဲ့ရသည်။ ထို့အတွက်ကြောင့် စီနီယာချင်ကိုယ်တိုင်က သူမအား ပျိုးထောင်ပေးခဲ့သည့်တိုင် တီယာသည် ဤလောကကြီးအကြောင်းကို များများစားစားမသိပေ။ ထို့အပြင် စီနီယာချင်သည် အကြောင်းအရင်းမရှိ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို တီယာအား ဘာကြောင့်ရှင်းပြရမည်နည်း။
“ဒီနေ့တော့ ရွာထဲမှာနေဦး… မနက်ဖြန်ကြရင် စီနီယာချင်ဆီ ပြန်သွားရမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် ရွာဆီသို့ လှည့်ထွက်သွားလေ၏။
နတ်ဆိုးမျိုးနွယ်စုကျူးကျော်မှုသည် ဤလောကကြီးတစ်ခုလုံးကို ဂယက်ရိုက်သွားစေပေတော့မည်။ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာပြီးသည့်နောက် ဤလောကကြီးထဲ ငြိမ်းချမ်းသည့်နေရာ ရှိနေသေးမည်ဆိုလျှင် စီနီယာချင်ကာကွယ်ပေးနေသည့် နှင်းရေခဲမြို့သာ ရှိပေလိမ့်မည်။ ထိုနေရာသည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များအတွက်တော့ ယခုအချိန်မှစ၍ သုခဘုံကြီးတစ်ခု ဖြစ်လာပေတော့မည်။
“နင် ကျွန်မကို မောင်းထုတ်ဖို့ ကြိုးစားနေတာလား…” တီယာက ဒေါမာန်တကြီးဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်း “နင် ကျွန်မကို တကယ်ကြီး မောင်းထုတ်ချင်နေတာလား…”
“နင့်ဘာသာနင် စိတ်ကြိုက်သာတွေးပေတော့…” ရန်ကိုင်သည် တီယာအား အာရုံစိုက်မနေခဲ့ပေ။ “ဒါနဲ့ အားဟူနဲ့ အခြားသူတွေကို သွားခေါ်လိုက်ဦး… ငါ သူတို့ကို ပြောစရာရှိသေးတယ်…”
တီယာသည် ဒေါသတကြီးခြေဆောင့်ရင်း အံကြိတ်ကာ ထွက်သွားလေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် ရွာသားများ ပြန်ရောက်လာကြလေသည်။ ရန်ကိုင် အကောင်းအတိုင်း ရှိနေသေးသည်ကိုမြင်သော် အကုန်လုံး ဝမ်းသာအားရ ဖြစ်သွားကုန်ကြလေသည်။
သို့သော်ငြား သူတို့စိတ်သက်သာရာရသွားပြီး မကြာမီမှာပင် ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “အားလုံး သေချာနားထောင်… ခင်ဗျားတို့ကို ပြောစရာရှိတယ်… အခုလေးတင် ဘုရင့်မြို့တော်က ဆတ်သားတစ်ယောက်ရောက်လာပြီး နတ်ဆိုးမျိုးနွယ်စုတွေ ကျူးကျော်လာပြီလို့ ကျုပ်ကို လာပြောသွားတယ်… နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာလို့ လူရိုင်းကလန်သုံးခုတောင် ဖျက်ဆီးခံလိုက်ရပြီးသွားပြီ… ဒါကြောင့် မှော်ဘုရင်က တောင်ပြာရွာက ရွာသားတွေအားလုံးကို ဘုရင့်မြို့တော်မှာ ငါးရက်အတွင်း စုဝေးဖို့ အမိန့်ပေးထားတယ်…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရွာသားအားလုံး တိတ်သွားကုန်ကြလေသည်။
“နတ်ဆိုးမျိုးနွယ်စုဆိုတာ ဘာကြီးလဲ…” အားဟူက မေးခွန်းထုတ်လိုက်လေသည်။
အကုန်လုံးမှာ နတ်ဆိုးမျိုးနွယ်စုအကြောင်း မကြားဖူးသဖြင့် အတော်လေးကိုမှ သိချင်နေကြသည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်ကိုယ်တိုင်လည်း နတ်ဆိုးမျိုးနွယ်စုအကြောင်း သိပ်မသိဘူး… နတ်ဆိုးမျိုးနွယ်စုတွေက အရိုးဝါးမျိုခြင်းကလန်ထက် အဆတစ်ရာ မဟုတ်ဘူး အဆတစ်ထောင်လောက်ပိုပြီးတော့ ရက်စက်တဲ့ ကျုပ်တို့လူရိုင်းမျိုးနွယ်စုဝင်တွေအားလုံးရဲ့ ရန်သူပဲဆိုတာကိုပဲ သိတယ်… အဲ့ကောင်တွေက ပြဿနာကောင်တွေပဲ… လူရိုင်းမျိုးနွယ်စုဝင်တွေရဲ့ အကြီးမားဆုံးရန်သူတွေဆိုလည်း ဟုတ်တယ်… တစ်မိုးအောက်ထဲမှာ လူရိုင်းမျိုးနွယ်စုဝင်တွေနဲ့ နတ်ဆိုးမျိုးနွယ်စုဝင်တွေဆိုတာ ဘယ်တော့မှ အတူရှိလို့မရဘူး…”
(အရိုးဝါးမျိုခြင်းကလန်ထက် အဆတစ်ထောင်လောက်တောင် ပိုပြီးရက်စက်တယ်…)
ရန်ကိုင်၏စကားကိုကြားသော် ရွာသားများ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အရိုးဝါးမျိုခြင်းကလန်သားများ မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း သူတို့သိကြသည်။ သူတို့ကိုယ်တိုင်သည်လည်း အရိုးဝါးမျိုခြင်းကလန်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်မဟုတ်ပေလော။ သို့သော်ငြား အရိုးဝါးမျိုခြင်းကလန်ထက် အဆတစ်ထောင်မက ပို၍ရက်စက်ကြမ်းကြုတ်သည့် မျိုးနွယ်စုဝင်များမှာ မည်ကဲ့သို့များ ဖြစ်နေမည်နည်း။
“ဘုရင့်မြို့တော်က လာတဲ့အမိန့်ဆိုပေမယ့် ကျုပ် ခင်ဗျားတို့ကို တွန်းအားပေးနေမှာမဟုတ်ဘူး… လိုက်ချင်တဲ့လူတွေ မနက်ဖြန်ကြရင် ကျုပ်နောက်လိုက်ခဲ့… မလိုက်ချင်တဲ့လူတွေကတော့ ဒီမှာပဲနေခဲ့ပေါ့…” ရန်ကိုင်က ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားတို့ကို လိမ်တော့မလိမ်ချင်ဘူး… အခုတစ်ကြိမ်ခရီးက အရမ်းကို အန္တရာယ်များမှာ… ကျုပ်နောက်လိုက်လာပြီးသွားရင် ဒီကို ဘယ်တော့မှ ပြန်မလာနိုင်တော့တာလည်း ဖြစ်သွားနိုင်တယ်… ဒီတော့ မသွားခင်သေချာစဉ်းစား…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွာသားများ ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ သူနေသည့်အိမ်ထဲသို့ ဝင်သွားပြီး ကုသရေးဆေးလုံးများကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
မှော်ဘုရင်ချိုက်နှင့်တိုက်ပွဲမှာ အလွန်ကိုမှ အန္တရာယ်များလှပါသော်ငြား သူ့ဒဏ်ရာများမှာတော့ အရမ်းကြီး ဆိုးရွားလှခြင်းမရှိ။ တစ်ညလောက်အနားယူလိုက်ရုံဖြင့် ပြန်ကောင်းသွားပေလိမ့်မည်။ ထို့အပြင် မှော်ဘုရင်နှင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ခြင်းသည် သူကိုယ်တိုင်အတွက်လည်း အကျိုးများခဲ့ရသည်။ ဤကဲ့သို့သောတိုက်ပွဲမျိုးကိုသာ ထပ်တလဲလဲ တိုက်ခိုက်နိုင်မည်ဆိုပါက သူ့ဘာသာသူ အိမ်တွင်းအောင်းကာ ကျင့်ကြံနေခြင်းထက် အများကြီး ပိုအကျိုးရှိပေလိမ့်မည်။
ရန်ကိုင်မှ ဘုရင့်မြို့တော်မှလာသည့်အမိန့်ကို ချက်ချင်းသဘောတူလိုက်ရသည့် အကြောင်းအရင်းမှာလည်း ထိုနတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်ကာ သူ့ကိုယ်သူ ပိုမိုအားကောင်းလာအောင် လုပ်လို့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၃၈)
ဘာသာပြန်သူ_တိမ်တိုက်
နောက်တစ်နေ့ ရန်ကိုင် အိမ်ထဲမှ ထွက်လာသည့်နောက်တွင် သူ့ဆီသို့ အကြည့်ပေါင်းများစွာ စုပြုံရောက်ရှိလာကြသည်။ ရွာထဲရှိလူအားလုံး ကြီးကြီးငယ်ငယ် ကျားမ မကျန် ဤနေရာ၌ စုဝေးနေကြသည်။ လူပေါင်းများစွာ စုဝေးနေကြပါသော်ငြား အကုန်လုံးမှာ ငြိမ်သက်တိတ်ဆိတ်နေကြလေသည်။
တီယာမှာလည်း လူအုပ်ကြီး၏ရှေ့တွင် ရပ်နေခဲ့လေသည်။
ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူနှင့် အကြည့်ချင်းဆုံသွားသည့် မည်သူမဆို သူ့အား ပြန်ပြုံးပြလေ၏။
နတ်ဆိုးမျိုးနွယ်စုဆိုသည်မှာ မည်ကဲ့သို့သောမျိုးနွယ်စု ဖြစ်သနည်း။ နတ်ဆိုးမျိုးနွယ်စုကျူးကျော်လာသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း ဆိုသည်ကို သူတို့သိလိမ့်မည် မဟုတ်ပါသော်ငြား သူတို့သည်သာ ဤရွာထဲမှ ထွက်သွားခဲ့မည်ဆိုပါက အသက်ရှင်လျက် ပြန်လာနိုင်လောက်လိမ့်မည်မဟုတ်မှန်းတော့ သိနေကြသည်။
အားညိုသည် ထိုအချက်ကို မနေ့တည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပင်။
သို့သော်ငြား မည်သူမျှ ကျန်နေရစ်ရန် မရွေးချယ်ခဲ့။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် ရဲဝံ့စွာနှင့် ရှေ့သို့ ဆက်သွားကြရမည့်လူများ ဖြစ်သည်။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်တွင် ကျန်ခဲ့ရမည့်လူများ မဟုတ်ကြ။
ထိုလူများကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိသလို ဖြစ်သွားခဲ့သည်။ သို့သော်ငြား ဘာမှပြောမနေခဲ့ဘဲ လက်ဝှေ့ယမ်း၍သာ ပြောလိုက်လေ၏။ “သွားကြမယ်…”
ထိုသို့ဖြင့် ရန်ကိုင်သည် ရွာသားနှစ်ရာကို ဦးဆောင်၍ ဘုရင့်မြို့တော်ဆီသို့ ချီတက်လာခဲ့လေသည်။
လက်ရှိရွာသားများ၏ ခွန်အားအရ ဘုရင့်မြို့တော်သို့ ရောက်ရန် အနည်းဆုံး သုံးရက်ခန့် အချိန်ယူရနိုင်ပေသည်။ ဤရွာသားများကို ဦးဆောင်လာသည့်လူသာ သာမန်မှော်ဆရာတစ်ဦးသာ ဖြစ်မည်ဆိုပါက သူတို့အနေဖြင့် ဘုရင့်မြို့တော်သို့ သတ်မှတ်ချိန်အတွင်းရောက်ရန် အရှိန်ကုန်တင်ရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်သည် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်နေပြီဖြစ်သလို အမျိုးမျိုးသော မှော်ပညာရပ်များကိုလည်း ကျွမ်းကျင်ထားခဲ့သည်။ အလင်းခန္ဓာကိုယ်မှော်ပညာရပ်အား ထုတ်သုံးထားသည့်အတွက်ကြောင့် ရွာသားများ၏အမြန်နှုန်းမှာ သုံးဆယ်ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ရလေသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့လူအုပ်ကြီးသည် လူနှစ်ရာခန့်မှ တစ်ထောင်ခန့်အထိသို့ ရောက်ရှိလာခဲ့လေသည်။
အကြောင်းမှာ သွားနေရင်း လမ်းတစ်လျှောက်၌ အခြားသောရွာများမှ ရွာသားများနှင့်လည်း တွေ့ခဲ့ရသည့် အတွက်ကြောင့်ပင်။ ထိုရွာများတွင်လည်း မှော်ဆရာများ ရှိကြပေသည်။ သို့သော်ငြား ထိုမှော်ဆရာများမှာ မှော်ဝိဇ္ဇာတစ်ဦးဖြစ်သော ရန်ကိုင်နှင့် မယှဉ်နိုင်ကြ။ ထိုမှော်ဆရာများအနက် အားအကောင်းဆုံးမှာ အဆင့်မြင့်မှော်အတတ်သင်သာဖြစ်ပြီး အများစုမှာတော့ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် မှော်အတတ်သင်များသာ ဖြစ်ကြလေသည်။
ထိုရွာများမှာ ရွာသားများ၏ ခွန်အားများမှာလည်း လက်ရှိ ရန်ကိုင်၏တောင်ပြာရွာရှိ ရွာသားများ၏ ခွန်အားနှင့် အတူတူလောက်သာ ရှိကြပေသည်။
လူရိုင်းမျိုးနွယ်စုဝင်များသည် အားကောင်းသည့်လူကို လေးစားကြလေသည်။ ထို့အပြင် သူတို့အားလုံးမှာ တစ်ကလန်တည်းသားများ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်နေသည့်အခါ ထိုရွာသားများသည် ရန်ကိုင်အား သူတို့ခေါင်းဆောင်အဖြစ် မှတ်ယူလိုက်ကြလေသည်။
ရန်ကိုင်သည် ထောင်နှင့်ချီသော လူအုပ်ကြီးအပေါ် မှော်ပညာရပ်များ အသုံးပြုပေးနိုင်ကြောင်း တွေ့ရှိလိုက်ရပြီးနောက် ထိုရွာသားများမှာ ရန်ကိုင်အား ပို၍ပင် လေးစားလာကြလေသည်။ ထိုရွာသားများသည် ယခင်က တစ်ဦးနှင့်တစ်ဦးလည်း တွေ့ခဲ့ကြဖူးသည်။ ထို့အတွက်ကြောင့် အချင်းချင်း ပြန်ဆုံကြသည့်အခါ မကြာခင် အကုန်လုံးမှာ အချင်းချင်း ညီညွှတ်သွားကြတော့လေသည်။
စစ်ပွဲပြီးသည့်နောက် ဤထောင်နှင့်ချီသော လူများသည်သာ အသတ်မခံရပါက ရန်ကိုင်၏ခွန်အားအရ ကိုယ်ပိုင်ကလန်တစ်ခုကိုပင် တည်ထောင်နိုင်ပေလိမ့်မည်။
ထောင်နှင့်ချီသော လူအုပ်ကြီးသည် ဘုရင့်မြို့တော်ရှေ့ဘက်တွင် ရပ်နေခဲ့လေသည်။ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက ဘုရင့်မြို့တော်ကို မြင်တွေ့နိုင်ပေသည်။ ဘုရင့်မြို့တော်သည် နှင်းရေခဲမြို့တော်နှင့် အတူတူလောက်သာ ရှိပေသည်။ ကွာသွားသည့်အချက်ဆို၍ ဘုရင့်မြို့တော်၌ နှင်းရေခဲမြို့ကဲ့သို့ သူတို့အား ကာကွယ်ပေးနေသည့် အမြဲစိမ်းနတ်သစ်ပင် မရှိခြင်းသာ ရှိလေသည်။
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များစွာသည် ဘုရင့်မြို့တော်အပြင်ဘက်၌ အဖွဲ့လိုက် အဖွဲ့လိုက် စုဝေးနေခဲ့ကြလေသည်။ အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့သား ရာဂဏန်းမှ ထောင်ဂဏန်းထိရှိပြီး ထိုအဖွဲ့အား ဦးဆောင်နေသည့် မှော်ဆရာတစ်ပါး အနည်းဆုံး ရှိတတ်သည်။ မှော်ဆရာများ၏ ခွန်အားများမှာတော့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တူညီခြင်းမရှိကြချေ။ ဤလူအုပ်ကြီးမှာ ဘုရင့်မြို့တော်မှ အမိန့်ရရခြင်း ထွက်လာခြင်း ဖြစ်သည့်အတွက်ကြောင့် အဖွဲ့ပေါင်းများစွာသည် ဘုရင့်မြို့တော်သို့ တစ်ပြိုင်တည်း ရောက်ရှိလာကြလေသည်။ သို့သော်ငြား ဘုရင့်မြို့တော်သည် ထိုမြောက်မြားလှစွာသော လူအားလုံးကို မြို့ထဲ၌ နေစရာစီစဉ်ပေးနိုင်သည်အထိ ကျယ်ဝန်းခြင်းမရှိသည့်အတွက်ကြောင့် ထိုလူများမှာ မြို့ထဲသို့ မဝင်နိုင်သေးဘဲ မြို့ပြင်ဘက်တွင်သာ စခန်းချ၍ နေနေကြရလေသည်။ သို့သော်ငြား လူရိုင်းမျိုးနွယ်စုဝင်များအတွက် ဤကဲ့သို့နေရခြင်းမှာ သာမန်သာ ဖြစ်လေသည်။
ရန်ကိုင်တို့အဖွဲ့သည် အရမ်းကြီးလည်းမစောသလို အရမ်းကြီးလည်း နောက်မကျခဲ့ချေ။ သို့သော်ငြား သူတို့ရောက်လာသည့်အချိန်တွင် ဘုရင့်မြို့တော်အနီးတစ်ဝိုက်ရှိ နေရာအများစုကို အခြားသောရွာသားများမှ နေရာယူထားပြီးကုန်ကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း နေရာတစ်ခု လိုက်ပတ်ရှာရင်းမှ အတန်သင့်နေရာတစ်ခုကို ရှာတွေ့သွားပြီး ထိုနေရာတွင် သွားရောက်စခန်းချလိုက်လေ၏။
ထိုနေရာသို့ရောက်သော် ရန်ကိုင်မှ ဘာမှပြောစရာပင်မလိုခဲ့။ ရွာသားများမှာ သူတို့ဘာသာသူတို့ စတင်လှုပ်ရှားကြတော့သည်။ အချို့သည် သူတို့သယ်လာသည့် ရိက္ခာများကိုထုတ်ပြီး အချို့မှာတော့ မီးဖိုကာ ချက်ပြုတ်ရန် ပြင်ဆင်ကြလေသည်။
ထိုစဉ် ဘုရင့်မြို့တော်ထဲမှ မှော်သခင်တစ်ပါး ထွက်လာပြီး လေပေါ်တွင်ပျံဝဲရင်းမှ အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ “မှော်ဝိဇ္ဇာတွေအကုန်လုံးကို ဘုရင့်မြို့တော်မှာစုဝေးဖို့ မှော်ဘုရင်က အမိန့်ပေးလိုက်ပါတယ်…”
ထိုမှော်သခင်သည် တစ်ကြိမ်မက အော်ပြောခဲ့လေသည်။
ထိုမှော်သခင်ပြောသည့်စကားကို ကြားပြီးသည့်နောက် လူအုပ်ကြီးထဲမှ မှော်ဝိဇ္ဇာတစ်ဦး ပျံထွက်လာပြီး ဘုရင့်မြို့တော်ထဲဆီသို့ ပျံသန်းသွားလေ၏။ ထို့နောက်တွင် မှော်ဝိဇ္ဇာများ တစ်ဦးပြီးတစ်ဦး ထွက်လာကုန်ကြလေသည်။
ရန်ကိုင်သည် တီယာကိုကြည့်၍ ပြောလိုက်လေ၏။ “ငါသွားလိုက်ဦးမယ်… နင် သူတို့ကို ဒီမှာ စောင့်ကြည့်ထားလိုက်…”
တီယာ ခေါင်းညိတ်ပြလိုက်လေသည်။
တီယာသည် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်ပါသော်ငြား သူမသည် နိုမက်ကလန်သားဖြစ်သည်။ ထို့အတွက်ကြောင့် သူမအနေဖြင့် ဘုရင့်မြို့တော်ထဲသို့ ဝင်သွားရန် အဆင်မပြေလှ။
ဘုရင့်မြို့တော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားသော ဝိဇ္ဇာများ စုဝေးနေကြသည့် ဘုရင့်မြို့တော်ထဲရှိ နန်းတော်တစ်ခုရှေ့တွင် သွားရပ်စောင့်နေလိုက်လေသည်။
ဤနေရာတွင် မှော်ဝိဇ္ဇာပေါင်းများစွာ ရှိနေကြလေသည်။ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာမှုကြောင့် မှော်ဘုရင်သည် တောင်ပိုင်းလူရိုင်းကလန်သားအားလုံးကို ဤနေရာ၌ စုဝေးခဲ့လေသည်။ ထို့အတွက်ကြောင့်ပင် ဤနေရာ၌ မှော်ဝိဇ္ဇာများကို ဈေးထဲရှိ ဂေါ်ဖီထုပ်များနှယ် ပေါပေါသောသော မြင်တွေ့နေရလေသည်။
ရန်ကိုင်သည် လူအုပ်ကြီးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မှော်ဝိဇ္ဇာအရေအတွက်မှာ အနည်းဆုံး တစ်ရာခန့်ရှိကြောင်း တွေ့လိုက်ရလေသည်။ ဤသည်မှာ တောင်ပိုင်းလူရိုင်းကလန်၏ မှော်ဝိဇ္ဇာအရေအတွက် အကုန်မဟုတ်သေးချေ။ အချိန်မီရောက်မလာသေးဘဲ လမ်းတစ်ဝက်တွင်သာ ရှိသေးသည့် မှော်ဝိဇ္ဇာများလည်း ရှိနေကြပေသေးသည်။
မှော်ဝိဇ္ဇာများမှာ မှော်ဘုရင်၏ နန်းတော်ထဲသို့ မဆင်မခြင် မဝင်သွားရဲကြပေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ အပြင်ဘက်တွင်သာ ရပ်စောင့်နေကြလေ၏။ ရပ်စောင့်နေရင်းမှ အချင်းချင်းသိကြသည့်လူများသည် အဖွဲ့လိုက်အဖွဲ့လိုက်စုကာ စတင်၍ တီးတိုးဆွေးနွေးကုန်ကြလေသည်။ အကုန်လုံးဆွေးနွေးနေသည့် အဓိကအကြောင်းအရာမှာတော့ နတ်ဆိုးမျိုးနွယ်စုအကြောင်းသာ ဖြစ်လေသည်။
သူတို့အား သတင်းလာပို့သည့်သူသည် နတ်ဆိုးမျိုးနွယ်စုကျူးကျော်လာပြီဟု ပြောခဲ့လေသည်။ သို့သော်ငြား နတ်ဆိုးမျိုးနွယ်စု မည်သို့သောမျိုးနွယ်စုဖြစ်သလဲဆိုသည်ကို သူတို့မသိကြ။ သို့သော်ငြား မည်သူမျှ မသိကြလေရာ မည်သို့ပင်ဆွေးနွေးနေစေကာမူ အဖြေမထွက် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ဘုရင့်မြို့တော်မှ အကြီးအကဲသည် ကလန်သားအားလုံးကို စုဝေးလိုက်သည့်အတွက်ကြောင့် အကုန်လုံးမှာ အတော်လေးကိုမှ စိုးရိမ်ပူပန်နေကြလေသည်။
ယခုတစ်ကြိမ်တိုက်ပွဲသည် အလွန်တရာကိုမှ ပြင်းထန်လိမ့်မည်မှန်းလည်း လူတိုင်းသိနေကြသည်။
ရန်ကိုင်စိတ်ထဲ ပျင်းရိပျင်းတွဲ ဖြစ်နေစဉ်မှာပင် လူထွားကြီးတစ်ဦးသည် ရန်ကိုင်ရှေ့၌ တောင်တစ်လုံးနှယ် ပေါ်လာခဲ့လေသည်။
ရန်ကိုင် ခေါင်းမော့ကြည့်လိုက်ရာ အနက်ရောင်အမွေးများဖြင့် လွှမ်းခြုံနေသည့် ရင်ဘတ်ကျယ်ကြီးကို တွေ့လိုက်ရလေသည်။
“မင်းကလည်း တောင်ပိုင်းလူရိုင်းကလန်ကလား…” ရန်ကိုင်ရှေ့တွင်ရပ်နေသော လူကောင်ထွားထွားမှော်ဝိဇ္ဇာက ရန်ကိုင်အားကြည့်ရင်းမှ မေးလိုက်လေသည်။
ထိုလူ၏စကားကို ကြားပြီးသည့်နောက် အနီးအနားရှိလူတို့၏ ဆွေးနွေးသံများ တိုးကျသွားခဲ့ပြီး မှော်ဝိဇ္ဇာပေါင်းများစွာသည် ရန်ကိုင်တို့ဘက်ဆီသို့ စိတ်ဝင်တစားဖြင့် လှည့်ကြည့်လာကြလေသည်။
လူတိုင်း၏အကြည့်သည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့ကြလေသည်။ အမှန်တကယ်တော့ အခြားသူများသည်လည်း ရန်ကိုင်အား စိတ်ဝင်စားမိကြသည်။ တကယ်တော့ ရန်ကိုင်၏ခန္ဓာကိုယ်သည် အခြားသူများနှင့်မတူ အလွန်တရာကိုမှ သေးလှသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ဤကဲ့သို့သော လူထွားကြီးများ စုပြုံနေသည့်နေရာတွင် ရန်ကိုင်သည် တစ်ကောင်တည်း ထိုးထွက်နေခဲ့လေ၏။
သို့သော်ငြား ရန်ကိုင်သည် မှော်ဝိဇ္ဇာတစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည့်အတွက်ကြောင့် အခြားသူများမှာ ရန်ကိုင်နှင့်ပတ်သက်၍ စပ်စုလိုစိတ်ဖြစ်မိသည့်တိုင် အရမ်းကြီး ဂရုစိုက်မနေခဲ့ချေ။ ယခု သူတို့ထဲမှလူတစ်ဦး ရန်ကိုင်အား မေးခွန်းသွားထုတ်လိုက်သည်ကို မြင်သည့်အခါ လူတိုင်းမှာ ရန်ကိုင်ဆီသို့ အာရုံရောက်လာကြတော့လေသည်။
ဤကမ္ဘာကြီးထဲသို့ ရောက်လာသည့်အချိန်မှစ၍ ရန်ကိုင်သည် အခြားလူများနှင့် စကားပြောရာတွင် ခေါင်းမော့၍သာ စကားပြောခဲ့ရသည်။ ထိုသို့လုပ်ရသည်နှင့်ပတ်သက်၍ သူ့စိတ်ထဲလည်း အတော်လေးကိုမှ အဆင်မပြေ ဖြစ်မိလှသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် ခေါင်းကိုမော့မနေတော့ဘဲ တစ်ဖက်လူ၏ရင်ဘတ်ကို ကြည့်၍သာ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်…”
“ဟမ်…” ထိုလူက အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့် “ကောင်လေး… ငါမင်းကို စကားပြောနေတာ… စကားပြောရင် မျက်နှာချင်းဆိုင်ပြီးစကားပြောရတယ်ဆိုတာကို မင်းမသိဘူးလား…”
“အခုလောလောဆယ် ကျုပ်လည်ပင်းကနာနေလို့ ခေါင်းမမော့နိုင်သေးဘူး… ခင်ဗျားပဲ ထိုင်ပြီးတော့ ကျုပ်နဲ့ပြောလိုက်ပါလား…” ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။
လူထွားကြီး၏အရှိန်အဝါ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ ထိုစဉ် ဘေးနားမှတစ်ယောက်ယောက်က ဝင်ပြောလိုက်လေ၏။ “မှော်ဝိဇ္ဇာတု… ဒီကောင် ခင်ဗျားကို အထင်သေးနေတာနော်… သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်စမ်းဗျာ…”
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် စိတ်ဆတ်သည့်လူများချည်းသာ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့သောနေရာမျိုးတွင် ဘာမှမလုပ်ရပဲ ရပ်နေရသည်မှာ အလွန်ကိုမှ ပျင်းရိဖွယ်ကောင်းလှပေသည်။ ထို့အတွက်ကြောင့် တစ်ယောက်ယောက်သာ တိုက်ပွဲစလိုက်မည်ဆိုပါက သူတို့အနေဖြင့် ပျင်းရိနေရတော့မည်မဟုတ်ဘဲ ထိုတိုက်ပွဲကို စိတ်ဝင်တစားဖြင့် ကြည့်နိုင်ကြပေလိမ့်မည်။
ရုတ်တရက်ဆိုသလို လူတိုင်း၏အာရုံသည် ရန်ကိုင်နှင့် သူ့ရှေ့တွင်ရပ်နေသော လူထွားကြီးဆီသို့ ရောက်လာကြလေသည်။
“မင်း ငါ့ကို လာပြောနေစရာမလိုဘူး…” မှော်ဆရာတုသည် အစောပိုင်းက သူ့အား စကားလှမ်းပြောလိုက်သည့် လူဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင်ဘက်သို့ပြန်လှည့်၍ အေးစက်စက်လေသံဖြင့် “ဘာလဲ… မင်းငါ့ကိုကြည့်ရမှာ ကြောက်နေတာလား…”
ရန်ကိုင်သည် လူထွားကြီး၏ရင်ဘတ်ကို ကြည့်ရင်းဖြင့်သာ ပြန်ပြောလိုက်လေ၏။ “အခြားသူတွေ ကျုပ်နဲ့ လာစကားပြောပြီဆိုရင် ကျုပ် သူတို့ကို ခေါင်းငုံ့ပြီးတော့ပဲ စကားပြောစေချင်တယ်…”
ရန်ကိုင်၏စကားကို ကြားကြားချင်း မှော်ဝိဇ္ဇာတု ကြောင်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီ ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “ကောင်လေး… မင်း ပြဿနာဖြစ်ချင်နေတာလားကွ…”
ထိုသို့ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်တည့်တည့်သို့ သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။
ပွဲကြည့်နေသည့်လူများမှာတော့ ထိတ်လန့်သွားရမည့်အစား ဝမ်းပင် သာနေကြပေသေးသည်။ အကုန်လုံးမှာ ရန်ကိုင်နှင့်လူထွားကြီးကို အမှန်တကယ် တိုက်ခိုက်စေလိုခြင်း ဖြစ်လေသည်။ သို့မှသာ သူတို့အနေဖြင့် အပျင်းပြေ ပွဲထိုင်ကြည့်နိုင်မည်မဟုတ်လေလော။ ထို့အပြင် ဤနေရာရှိလူအားလုံးသည် မှော်ဝိဇ္ဇာများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် လူထွားကြီးမှ လက်သီးဖြင့် ထိုးလိုက်သည့်တိုင် တစ်ဖက်လူသည် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဒဏ်ရာရသွားမည်ဆိုလျှင်ပင် အနည်းဆုံး သွေးထွက်သံယို ဖြစ်ရုံလောက်သာ ရှိပေလိမ့်မည်။ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတော့မည်မဟုတ်။
ရန်ကိုင်ကမူ မလှုပ်မယှက်သာ ရပ်နေခဲ့လေသည်။ လူထွားကြီး၏လက်သီးချက်ကြောင့် လေတိုးသံများ ထွက်ပေါ်လာခဲ့ပြီး လက်သီးချက်မှထွက်ပေါ်လာသည့် အရှိန်အဟုန်သည် ရန်ကိုင်၏ဆံပင်များကို နောက်သို့ တလူလူ လွင့်ပျံသွားစေခဲ့လေသည်။
လူထွားကြီး၏လက်သီး ရန်ကိုင်အား ထိခါနီးတွင် နန်းတော်တံခါး ရုတ်တရက် ပွင့်လာခဲ့ပြီး စတီးဓါးသွားကို ခါးထက်တွင် ချိတ်ဆွဲထားသည့် လူရိုင်းစစ်သည်တော်တစ်ဦး ထွက်လာခဲ့လေသည်။ ထို့နောက်တွင် လူအုပ်ကြီးကိုကြည့်၍ အော်ပြောလိုက်လေ၏။ “မှော်ဘုရင်က အားလုံးကို အထဲဝင်လာဖို့ ပြောလိုက်ပါတယ်…”
လူထွားကြီး၏လက်သီးသည် ရန်ကိုင်၏နဖူးနှင့် လက်ညှိုးတစ်ချောင်းစာခန့်အကွာတင် ရပ်သွားခဲ့လေသည်။ မှော်ဝိဇ္ဇာတုမှာ အလွန်ကိုမှ ဒေါသထွက်နေပါသော်ငြား ယခုအချိန်သည် ပြဿနာတက်လို့ကောင်းသည့်အချိန် မဟုတ်တော့သည့်အတွက်ကြောင့် သူ့ဒေါသကို အတတ်နိုင်ဆုံး ကြိတ်မှိတ်ချုပ်တည်း၍ သူ့လက်သီးကို ပြန်ရုတ်သိမ်းလိုက်ရလေသည်။
“မင်း ဒီတစ်ကြိမ် ကံကောင်းသွားတယ်မှတ်… နောက်တစ်ကြိမ်ကြရင်တော့ ဒီလောက်လွယ်တော့မှာမဟုတ်ဘူး…” ထိုသို့ပြောပြီးသည့်နောက် လူထွားကြီး လှည့်ထွက်သွားလေ၏။
လူထွားကြီးမှာ မှော်ဘုရင်၏အမိန့်ကို မလွန်ဆန်ရဲခဲ့ပေ။ သူသာ ရန်ကိုင်အား လက်သီးဖြင့် ဆက်ထိုးမည်ဆိုပါက သူကိုယ်တိုင်သည်သာ ပြဿနာတက်သွားရပေလိမ့်မည်။ သူ့လုပ်ရပ်သည် မှော်ဘုရင်ကို ရန်စမိသလို ဖြစ်သွားနိုင်ပေသည်။ လူရိုင်းမျိုးနွယ်စုဝင်များမှာ စိတ်ထားရိုးရှင်းပြီး ရိုးသားဖြောင့်မတ်သည့်လူများ ဖြစ်ကြပါသော်ငြား တုံးအသည့်လူများတော့ မဟုတ်ကြ။
ရာနှင့်ချီသော မှော်ဝိဇ္ဇာများသည် အချင်းချင်း တီးတိုးဆွေးနွေးကြရင်း နန်းတော်ထဲသို့ အစီအစဉ်တကျ ဝင်သွားကြလေသည်။
ရန်ကိုင်သည် လူအုပ်ကြီး၏ နောက်ဆုံးနေရာမှနေ၍ လိုက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် နန်းတော်ထဲမှထွက်လာသည့် လူရိုင်းစစ်သည်တော်ကိုလည်း သေသေချာချာ ကြည့်သွားသေးသည်။
ထိုလူရိုင်းစစ်သည်တော်၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာကိုမှ အားကောင်းလှသည့် အသက်စွမ်းအင်ကို ရန်ကိုင်ခံစားမိနေသည်။ ထိုလူနှင့်ယှဉ်လိုက်သော် အားဟူနှင့် အခြားသူများမှာ ဘာမှမဟုတ်တော့ချေ။ ထိုလူရိုင်းစစ်သည်တော်သည် အလွယ်တကူ သွားပြဿနာဖြစ်သင့်သည့်သူ မဟုတ်မှန်းလည်း ရန်ကိုင်ခံစားနေရသည်။
သူ့ကိုသာ သွားရန်စမိမည်ဆိုပါက သာမန်မှော်ဝိဇ္ဇာတစ်ဦးသည်ပင်လျှင် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ချေ။
သို့သော်ငြား ထိုစစ်သည်တော်ဆီမှ မည်သည့်မှော်စွမ်းအင်အရှိန်အဝါကိုမှ ရန်ကိုင်မခံစားမိ။ ကြည့်ရသလောက် ဤလူရိုင်းစစ်သည်တော်သည် ခန္ဓာကိုယ်သက်သက်ကို ကျင့်ကြံထားသည့်ပုံပင်။ ကောလဟာလများအရ ရှေးခေတ်အချိန်က လူရိုင်းစစ်သည်တော်တစ်ဦးသည် ခန္ဓာကိုယ်အား သီးသန့် သန့်စင်ခြင်းဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ပြောကြလေသည်။ အစကတော့ ရန်ကိုင် ထိုကောလဟာလများအကြောင်းကို သိပ်၍ ဂရုမစိုက်ခဲ့။ သို့သော်ငြား ဤလူရိုင်းစစ်သည်တော်ကို မြင်ပြီးသည့်နောက် ခန္ဓာကိုယ်သန့်စင်ခြင်းသီးသန့်ဖြင့် သူတော်စင်အဆင့်သို့ ရောက်နိုင်သည်မှာ ကောလဟာလသက်သက်သာမဟုတ်တော့မှန်း နားလည်သွားရတော့လေသည်။
ပြောကြသည်မှာတော့ သူတော်စင်လေးပါးအနက် တစ်ပါးသည် သူတော်စင်အဆင့်သို့ ခန္ဓာကိုယ်သန့်စင်ခြင်းဖြင့် ရောက်ရှိထားသည်ဟူ၍ပင်။
ထိုလူရိုင်းစစ်သည်တော်မှာလည်း ရန်ကိုင်၏အကြည့်ကို သတိပြုမိသွားခဲ့ပြီး မျက်လုံးကိုကျယ်ကျယ်ပြူး၍ ရန်ကိုင်အား မမှိတ်မသုန် ပြန်စိုက်ကြည့်လိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၃၉)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် လူရိုင်းစစ်သည်တော်နားမှ ဖြတ်သွားစဉ် ထိုလူရိုင်းစစ်သည်တော်အား ခေါင်းညိတ်ပြသွားခဲ့သည်။
လူရိုင်းစစ်သည်တော်မှာတော့ ရန်ကိုင်၏ကျောပြင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ ယဲ့ယဲ့လေး ရယ်မောလိုက်လေသည်။ “စိတ်ဝင်စားစရာပဲ…”
သူသည် မှော်ဆရာတစ်ပါး မဟုတ်ပါသော်ငြား ခန္ဓာကိုယ်ကို အဆုံးစွန်ထိ သန့်စင်ထားသူတစ်ဦး ဖြစ်သည်။ ဘုရင့်မြို့တော် မြို့စောင့်တပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ သူ့ခွန်အားမှာ အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ပါးအောက် နိမ့်ကျခြင်းမရှိချေ။ မှော်ဝိဇ္ဇာတစ်ပါးနှင့်ယှဉ်လိုက်သော် သူလိုအပ်နေသည်မှာ သူ့ကလန်သားများ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်မည့် မှော်ပညာရပ်များကို အသုံးမပြုနိုင်ခြင်းသာ ရှိလေသည်။ တကယ့်တကယ်တွင် မှော်ဝိဇ္ဇာတစ်ဦးနှင့် တစ်ယောက်ချင်းယှဉ်တိုက်မည်ဆိုလျှင် မည်သည့်မှော်ဝိဇ္ဇာမှ သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။ သို့သော်ငြား ဤ အလွန်တရာကိုမှ သေးငယ်လှသော မှော်ဝိဇ္ဇာလေးသည် သူ၏တိုက်ခိုက်လိုစိတ်ကို နှိုးဆွသွားခဲ့သည်။
သူ၏တိုက်ခိုက်လိုစိတ်ကို ယခုကဲ့သို့ နှိုးဆွသွားအောင် လုပ်နိုင်သည့်လူများမှာ သူ အလွယ်တကူ အနိုင်မယူနိုင်သည့် လူများသာ ဖြစ်ကြသည်။
ရန်ကိုင်မှ သူ့အား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေသည်ကို ကြည့်ပါကလည်း ထိုအချက်ကို သိမြင်နိုင်ပေသည်။
လူရိုင်းစစ်သည်တော်သည် မည်သည့်မှော်ပညာရပ်ကိုမှ အသုံးပြုခြင်းမရှိဘဲ ရန်ကိုင်ကိုသာ စိုက်ကြည့်ခဲ့ပါသော်ငြား ရန်ကိုင်ကိုစိုက်ကြည့်လိုက်သည့်အချိန်တွင် သူ၏တိုက်ခိုက်လိုစိတ်မှာ ဝုန်းခနဲ ပေါက်ကွဲထွက်လာရလေသည်။ သာမန်မှော်ဝိဇ္ဇာတစ်ဦးသာဆိုပါက သူ့အကြည့်ကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား ထိုကောင်လေးကမူ သူ့အား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်လည် စိုက်ကြည့်သွားခဲ့လေသည်။
(စိတ်ဝင်စားစရာမှော်ဝိဇ္ဇာလေးပဲ… လူကောင်ကသာသေးတာ ခွန်အားကတော့ မသေးဘူးပဲ… ဟိုမှော်ဆရာ သူ ငါ့ကို ကျေးဇူးတင်သင့်တယ်… ငါ အချိန်ကိုက်ပေါ်လာလို့ပေါ့… မဟုတ်ရင်တော့ ဒီကောင် လူရှေ့သူရှေ့မှာ အရှက်ကွဲတော့မှာ…)
ခန်းမထဲတွင် ပင်လယ်တမျှ နက်ရှိုင်းလှသော အရှိန်အဝါကို ပိုင်ဆိုင်ထားသော လူကြီးတစ်ဦးသည် လက်နောက်ပစ်၍ လူစုံမည့်အချိန်ကို ရပ်စောင့်နေခဲ့လေသည်။
ရာနှင့်ချီသောမှော်ဝိဇ္ဇာအားလုံး ခန်းမထဲသို့ ရောက်လာသည့်အခါမှသာ ထိုလူ လူအုပ်ကြီးဘက်သို့ လှည့်လာခဲ့လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုလူမှာ ကိစ္စတစ်ခုခုနှင့်ပတ်သက်၍ စိတ်ပူနေသည့်အလား မျက်မှောင်ကြီးကျုံ့နေခဲ့လေသည်။
လူအုပ်ကြီးကိုဝေ့ကြည့်လိုက်ပြီးသည့်နောက် ထိုလူက သူ့ကိုယ်သူ မိတ်ဆက်လိုက်လေ၏။ “ဒီဘုရင်က မှော်ဘုရင်တန်ပဲ… တောင်ပိုင်းလူရိုင်းကလန်ရဲ့ ခြောက်ယောက်မြောက်မှော်ဘုရင်… မင်းတို့ထဲကလူအချို့ကတော့ ငါ့ကိုသိကြမှာပေါ့… အချို့ကတော့ ငါ့နာမည်ကိုပဲ ကြားဖူးကြလိမ့်မယ်… ငါ့ကို လုံးဝမသိတဲ့လူတွေလည်း ရှိချင်ရှိနေမယ်… ဒါပေမယ့် ကိစ္စမရှိဘူး… အခုအချိန်ကနေစပြီး ငါတို့အားလုံး မကြာခဏ တွေ့ရတော့မှာ…”
“မှော်ဘုရင်ကို နှုတ်ဆက်ပါတယ်…” လူတိုင်းသည် မိမိ၏ရင်ဘတ်ပေါ်သို့ လက်သီးတင်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
ရန်ကိုင်သည်လည်း ထိုနည်းအတိုင်းသာ လိုက်လုပ်လေသည်။ ခြောက်ယောက်မြောက်မှော်ဘုရင် တစ်နည်းဆိုရသော် တောင်ပိုင်းလူရိုင်းကလန်ထဲတွင် ဤလူသည် ခွန်အားအရ ခြောက်ယောက်မြောက်ဖြစ်သည်ဟု ဆိုလိုက်ခြင်းပေလား။ ထို့အပြင် သူသည် ခြောက်ယောက်မြောက်မှော်ဘုရင် ဖြစ်သည့်အတွက်ကြောင့် သူ့လက်အောက်တွင် နောက်ထပ်မှော်ဘုရင် မည်မျှ များများ ရှိနေသေးသလဲ ဆိုသည်ကို မသိရပေ။
တောင်ပိုင်းလူရိုင်းကလန်နှင့်ပတ်သက်၍ ရန်ကိုင်သိထားသည့်အချက်မှာတော့ တောင်ပိုင်းလူရိုင်းကလန်တွင် မှော်သူတော်စင်တစ်ပါး မရှိဟူ၍ပင်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုတစ်ခုလုံးတွင် သူတော်စင်ဘုရင်ဆို၍ လေးပါးသာ ရှိသည်။ ထိုသူတော်စင်ဘုရင်လေးပါးသည် အကြီးမားဆုံးသော ကလန်ကြီးလေးခုကို အသီးသီး အုပ်ချုပ်နေကြလေသည်။ တောင်ပိုင်းလူရိုင်းကလန်တွင်တော့ အားအကောင်းဆုံးသောမှော်ဆရာမှာ အဆင့်မြင့်မှော်ဘုရင်သာ ဖြစ်လေသည်။ ထိုမှော်ဘုရင်၏နာမည်ကိုတော့ ရန်ကိုင်မသိပေ။
တောင်ပိုင်းလူရိုင်းကလန်နှင့်ပတ်သက်၍ ရန်ကိုင်သိထားသည့် အကြောင်းအရာများကို ရွာသူကြီးမှ ပြောပြခဲ့ခြင်း ဖြစ်လေသည်။ အဆင့်နိမ့်မှော်အတတ်သင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရွာသူကြီးလည်း များများစားစား သိထားလိမ့်မည်မဟုတ်။
“ငါ ဘာဖြစ်လို့ မင်းတို့ကို ဆင့်ခေါ်လိုက်ရလဲဆိုတာ မင်းတို့အားလုံးလည်း သိပြီးသားဖြစ်မှာပေါ့… အခု နတ်ဆိုးမျိုးနွယ်စုတွေ ကျူးကျော်လာလို့ ကလန်သုံးခု ပျက်စီးသွားရပြီ…” မှော်ဘုရင်တန်၏အသံ အားလုံး၏နားထဲ ပျံ့လွင့်လာခဲ့လေသည်။
ကလန်သုံးခု ဖျက်ဆီးခံလိုက်ရပြီဟူသည့်စကား ထွက်လာသည့်အခါ ရာနှင့်ချီသော မှော်ဝိဇ္ဇာများ၏ အမူအယာ လေးနက်တည်ကြည်သွားကုန်ကြလေသည်။
ထိုဖျက်ဆီးခံလိုက်ရသည့် ကလန်သုံးခုစလုံးသည် တောင်ပိုင်းလူရိုင်းကလန်အောက် နိမ့်ကျခြင်းမရှိဘဲ ထိုကလန်အသီးသီးကို အနည်းဆုံး အဆင့်မြင့်မှော်ဘုရင်တစ်ဦးမှ အုပ်ချုပ်နေကြခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုကလန်များ၌ ရာနှင့်ချီသော မှော်ဝိဇ္ဇာများ ရှိကြသလို သောင်းနှင့်ချီသော မှော်ဆရာများလည်း ရှိကြပေသည်။ သို့တိုင် ဖျက်ဆီးခံလိုက်ရသည်ကို ကြည့်လျှင် သူတို့တောင်ပိုင်းကလန်သည်လည်း ထိုနတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရမည်ဆိုပါက ကျိန်းသေ ဖျက်ဆီးခံရပေလိမ့်မည်။
ထို့အတွက်ကြောင့် ယခုကိစ္စသည် ဖျက်ဆီးခံလိုက်ရသည့် ကလန်သုံးခုနှင့်သာ မပတ်သက်နေတော့ဘဲ လူရိုင်းမျိုးနွယ်စုတစ်ခုလုံးနှင့် ပတ်သက်လာပြီဟု ပြော၍ရပေသည်။
“ဒါပေမယ့် အဲ့သတင်းက မမှန်တော့ဘူး…” မှော်ဘုရင်တန်၏အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကပဲ ပနီကလန်လည်း ဖျက်ဆီးခံလိုက်ရပြီလို့ ပြောတယ်…”
“ဘယ်လို…”
“တကယ်ကြီးလား…”
“ပနီကလန်တောင် ဖျက်ဆီးခံလိုက်ရတာလား…”
“ပြောကြတာတော့ ပနီကလန်ရဲ့ ပထမဦးဆုံး မှော်ဘုရင်က လာမယ့်နှစ်တစ်ရာအတွင်း သူတော်စင်အဆင့်ကို ချိုးဖြတ်နိုင်တော့မှာတဲ့… သူရော ဘာဖြစ်သွားသေးလဲ…”
မှော်ဝိဇ္ဇာများဆီမှ အလန့်တကြားအော်သံများ တစ်ယောက်တစ်ယောက် ထွက်ပေါ်လာကုန်ကြလေသည်။ သို့သော်ငြား သူတို့ကိုလည်း သွားအပြစ်တင်၍မရ။ တကယ်တော့ ပနီကလန်၏ခွန်အားမှာ ရှေးခေတ်လူရိုင်းစုထဲရှိ ကလန်အများစုထက် ပို၍အားကောင်းသည် မဟုတ်ပေလော။ ထိပ်ဆုံးကလန်ကြီးလေးခုအောက်သာ နိမ့်ကျနေခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ပနီကလန် ဖျက်ဆီးခံလိုက်ရသည့်အကြောင်း ကြားလိုက်သည့်အခါ ထိုလူများ အလွန်တရာကိုမှ ထိတ်လန့်သွားကြသည်မှာ သဘာဝသာ ဖြစ်လေသည်။
မှော်ဘုရင်တန်က ဆက်ပြောလိုက်သည်။ “ပနီကလန်က ဘယ်သူမှ အသက်မရှင်ဘူး… အကုန် အသတ်ခံလိုက်ရတယ်…”
ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ မရှိသည့်အတွက်ကြောင့် တစ်နည်းဆိုရသော် အလွန်ကိုမှ အားကောင်းလှသည့် မှော်ဘုရင်သည်လည်း အသတ်ခံလိုက်ရသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
စစ်ပွဲမှာ ဖင်နားသို့ ရောက်နေခဲ့လေပြီ။ သို့သော်ငြား ဤသတင်းကြောင့် လူတိုင်း၏ယုံကြည်မှာ စတင်၍ ယိုင်နဲ့လာခဲ့ရသည်။ ပနီကလန်ကိုပင်လျှင် ဖျက်ဆီးနိုင်ရလောက်အောင် နတ်ဆိုးမျိုးနွယ်စုမှာ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေလေသနည်း။ မည်သူကများ ထိုနတ်ဆိုးမျိုးနွယ်စုဝင်များကို တားဆီးနိုင်တော့ပါမည်နည်း။
မှော်ဘုရင်တန်မှာတော့ လူအုပ်ကြီးဘာတွေးနေသလဲဆိုသည်ကို သတိပြုမိသည့်အလား ဆက်၍ ပြောလိုက်သည်။ “မှော်သူတော်စင်လေးပါးက စပြီးတော့ လှုပ်ရှားနေကြပြီ… သူတို့ခွန်အားနဲ့ဆိုရင်တော့ နတ်ဆိုးမျိုးနွယ်စုကို အနည်းနဲ့အများတော့ ထိခိုက်အောင် လုပ်နိုင်မှာပဲ… ဒါပေမယ့် ဒီစစ်ပွဲက ငါတို့လူရိုင်းမျိုးနွယ်စုတစ်ခုလုံးနဲ့ ပတ်သက်နေတာ… မှော်သူတော်စင်လေးပါးကိုပဲ အားကိုးနေလို့မရဘူး… ငါတို့လူရိုင်းမျိုးနွယ်စုဝင်တွေအကုန်လုံး တတ်စွမ်းသမျှဘက်ကနေပြီးတော့ ပါဝင်ကူညီပေးရမယ်… ဒါကြောင့်ပဲ ဘုရင့်မြို့တော်ကနေ မင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တာ…”
မှော်သူတော်စင်လေးပါး စတင်လှုပ်ရှားနေပြီဆိုသည့် အကြောင်းကို ကြားလိုက်သည့်အခိုက် လူတိုင်း စိတ်သက်သာရာ ရသွားကုန်ကြလေသည်။ မှော်သူတော်စင်များသည် ဤလောကကြီးထဲရှိ အားအကောင်းဆုံးသောလူများ ဖြစ်ကြသည်။ သူတို့သာ ကူညီမည်ဆိုပါက နတ်ဆိုးမျိုးနွယ်စုဝင်များကို အနည်းနှင့်အများတော့ ထိန်းနိုင်ပေလိမ့်မည်။ သို့သော်ငြား မှော်ဘုရင်ပြောသည်မှာလည်း မှန်ပေသည်။ ဤစစ်ပွဲသည် လူရိုင်းမျိုးနွယ်စုဝင်တစ်ခုလုံးနှင့် ပတ်သက်နေသည့် စစ်ပွဲတစ်ခု ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ရှောင်ဖယ်နေ၍မရပေ။ မှော်သူတော်စင်များမှာ အားကောင်းကြပါသော်ငြား မှော်သူတော်စင်အရေအတွက်မှာ စုစုပေါင်း လေးဦးသာ ရှိပေသည်။
“နတ်ဆိုးမျိုးနွယ်စုဆိုတာ ဘာလဲ… သူတို့ဘယ်ကနေလာတယ်… သူတို့ ဘာဖြစ်လို့ လူရိုင်းကလန်တွေကို ဖျက်ဆီးရလဲဆိုတာကို မင်းတို့မေးချင်နေမှန်း ငါသိတယ်…” မှော်ဘုရင်တန်သည် လူအုပ်ကြီးကို ဝေ့ကြည့်ရင်းမှ ဆက်ပြောလိုက်သည်။ “ငါလည်း မင်းတို့ကို ပြောပြချင်တယ်… ဒါပေမယ့် ငါကိုယ်တိုင်လည်း အဲ့နတ်ဆိုးမျိုးနွယ်စုအကြောင်းကို သိပ်မသိတာ ခက်နေတာ… ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးမျိုးနွယ်စုဆိုတာ ငါတို့လူရိုင်းမျိုးနွယ်စုတွေနဲ့ ကမ္ဘာမကြေရန်သူဆိုတာပဲ မှတ်ထားလိုက်… ဒီလောကကြီးမှာ နတ်ဆိုးမျိုးနွယ်စုတွေရှိနေသရွေ့ ငါတို့လူရိုင်းမျိုးနွယ်စုဝင်တွေ မရှိနိုင်ဘူး… ငါတို့လူရိုင်းမျိုးနွယ်စုဝင်တွေ ရှိနေသရွေ့လည်း နတ်ဆိုးမျိုးနွယ်စုဝင်တွေမရှိနိုင်ဘူး… ဒီတော့ ငါတို့လူရိုင်းမျိုးနွယ်စုဝင်တွေပဲ အသက်ဆက်ရှင်မလား နတ်ဆိုးမျိုးနွယ်စုဝင်တွေပဲ အသက်ဆက်ရှင်မလား ဆိုတာပဲရှိတယ်… မျိုးနွယ်စုနှစ်ခုလုံးကတော့ ဘယ်တော့မှ အတူမရှိနိုင်ဘူး…”
မှော်ဘုရင်၏စကားကို ကြားပြီးသည့်နောက် မှော်ဝိဇ္ဇာများ စိတ်ဓာတ်တက်ကြွလာကုန်ကြလေသည်။ အကုန်လုံးမှာ ချက်ချင်းပဲ စစ်မြေပြင်ဆီသို့ ပြေးသွားပြီး နတ်ဆိုးမျိုးနွယ်စုဝင်များကို အမြစ်ဖြတ်ရှင်းပစ်ချင်နေသည့် ပုံစံမျိုးပင်။
ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ကြည့်နေလေသည်။ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် အမှန်တကယ်ကို စိတ်ထားရိုးဖြောင့်လွန်းလှသည်။ မှော်ဘုရင်တန်သည် မည်သည့်အပိုစကားကိုမှ မပြောဘဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ခြင်းဖြစ်ပါသော်ငြား သူပြောလိုက်သည့်စကားသည် ဤလူအုပ်ကြီး၏ တိုက်ခိုက်လိုစိတ်ကို နိုးကြွသွားစေခဲ့လေသည်။
“ဆရာ… ကျုပ်တို့ အခု ဘာလုပ်ကြရမှာလဲ…”
“ဟုတ်တယ်ဆရာ… ကျုပ်တို့ တိုက်ပွဲစစ်မြေပြင်ဆီ သွားရတော့မလား…”
“နတ်ဆိုးမျိုးနွယ်စုဝင်တွေ ဘယ်လောက်အားကောင်းလဲ ငါအရမ်းကို သိချင်နေပြီ…”
“ဟား ဟား ဟား… နတ်ဆိုးမျိုးနွယ်စုတွေ… မင်းတို့ ဒီမှော်ဆရာနဲ့ တွေ့ကြသေးတာပေါ့ကွာ…”
မှော်ဝိဇ္ဇာများသည် နတ်ဆိုးမျိုးနွယ်စုမှ လူရိုင်းမျိုးနွယ်စု၏ ကလန်လေးခုအား ဖျက်ဆီးသွားသည်ကိုပင် ဂရုမစိုက်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ကြိမ်းဝါးအော်ဟစ်ကြတော့လေသည်။ မှော်ဘုရင်တန်က ထိုအချင်းအရာကိုကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။ “မင်းတို့ စစ်မြေပြင်ဆီ သွားရမှာပါ… ငါပြောထားတဲ့စကားကိုလည်း မင်းတို့ သေချာ မှတ်ထားမယ်လို့ မျှော်လင့်တယ်… ဒါပေမယ့်…” ထို့နောက်တွင် မှော်ဘုရင်တန်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ထပ်ပြောလိုက်လေသည်။ “အခု အချိန်မကျသေးဘူး… မှော်သူတော်စင်တွေဆီကနေ သတင်းစောင့်ရဦးမယ်… ပြီးတော့ ငါတို့ တောင်ပိုင်းလူရိုင်းကလန်က လူစုံသေးတာမဟုတ်ဘူး… ဒီကို အချိန်မီရောက်မလာသေးတဲ့ ကလန်သားတွေ အများကြီးရှိသေးတယ်… အချိန်သာရမယ်ဆိုရင်တော့ ငါတို့တောင်ပိုင်းလူရိုင်းကလန်သားတွေအတွက် ပိုအဆင်ပြေမှာ… ဒါပေမယ့် အချိန်က ငါတို့ကို မစောင့်တာ ခက်နေတာပဲ… မင်းတို့အလုပ်က ရှင်းရှင်းလေးပဲ… တောင်ပိုင်းကလန်သားတွေကို သေသေချာချာ လေ့ကျင့်ပေးဖို့ပဲ… မင်းတို့ တစ်ယောက်ကို ကလန်သား နှစ်ထောင်ကနေ သုံးထောင်စီ ခေါ်ခွင့်ရမယ်… အဲ့လူတွေကို သေချာခေါ်ပြီးတော့ လေ့ကျင့်ပေးထားလိုက်… မင်းတို့အမိန့်ကိုလည်း နာခံအောင်လုပ်ထား…”
တောင်ပိုင်းလူရိုင်းကလန်တွင် အဖွဲ့သားပေါင်း သိန်းနှင့်ချီကာ ရှိပေသည်။
မှော်ဝိဇ္ဇာတစ်ဦးလျှင် ကလန်သား နှစ်ထောင်မှ သုံးထောင်အထိ ခေါ်ရမည်ဆိုပါက ကလန်သားအားလုံးကို မှော်ဝိဇ္ဇာတစ်ဦးချင်းစီ၏ လက်ထဲတွင် ထားပြီးသား ဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား ထိုကလန်သားများမှာ မတူကွဲပြားသည့် ရွာပေါင်းများစွာမှ လာကြခြင်း ဖြစ်သည့်အတွက်ကြောင့် သူတို့ကိုသာ တစ်ဖွဲ့တည်း အတူထားရမည်ဆိုလျှင် ပဋိပက္ခများ ဖြစ်လာနိုင်ပေသည်။ ထိုလူအားလုံး အတူတကွ စည်းလုံးညီညွှတ်သွားရန်အတွက် သူတို့အားလုံးကို ခေါင်းဆောင်တစ်ဦးမှ စီမံကြီးကြပ်ပေးရန် လိုအပ်ပေသည်။ ထိုခေါင်းဆောင်သည် မှော်ဝိဇ္ဇာတစ်ဦးသာ ဖြစ်သင့်ပေသည်။
ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ အဖွဲ့အစည်းတစ်ခုသည် ဦးစီးဦးဆောင်မပါဘဲ မလှုပ်ရှားသင့်ပေ။ လူနှစ်ထောင်မှ သုံးထောင်ဟူသော ပမာဏမှာ သိပ်၍မများလှ။ ထိုပမာဏသည် မှော်ဝိဇ္ဇာတစ်ဦး ကိုင်တွယ်နိုင်သည့် ဘောင်အတွင်းတွင်သာ ရှိနေပေသေးသည်။
လက်ရှိအချိန်တွင် ရန်ကိုင်လက်အောက်၌ လူတစ်ထောင် ရှိနေသေးပါသော်ငြား မှော်ဘုရင်တန်၏အဆိုအရ သူ့အနေဖြင့် နောက်ထပ်လူတစ်ထောင်ခန့် ထပ်ခေါ်ရပေလိမ့်မည်။ သို့သော်ငြား ဤသည်မှာ ရိုးရှင်းသည့် တာဝန်တစ်ခုသာ ဖြစ်လေသည်။ မှော်ဘုရင်ကိုယ်တိုင်က အမိန့်ပေးလာသည့်အတွက်ကြောင့် မည်သည့်ကလန်သားမှ အမိန့်မနာခံဘဲ နေရဲလိမ့်မည်မဟုတ်။ အားကောင်းသည့် မှော်ဆရာအား ပိုင်ဆိုင်ထားခြင်းမရှိသည့် ရွာသားများသည် မှော်ဝိဇ္ဇာများ ဦးဆောင်နေသည့် အဖွဲ့များထဲသို့ ခုန်ဝင်လာကြပေလိမ့်မည်။ သို့သော်ငြား ယခုကိစ္စတွင် နှစ်ဖက်လုံးမှ သဘောတူနေရန်လည်း လိုအပ်ပေသေးသည်။ ဘုရင့်မြို့တော်ထဲတွင် မှော်ဝိဇ္ဇာများစွာ ရှိနေလေရာ ရန်ကိုင်သည်သာ အခြားသောကလန်သားများကို သူ့လက်အောက်ထဲသို့ ခေါ်သွားချင်သည်ဆိုပါက သူ့စွမ်းရည်ကို ဦးစွာ ပြသရန် လိုအပ်ပေသည်။
မည်သူမျှ အရည်အချင်းမရှိသည့် မှော်ဝိဇ္ဇာတစ်ဦးနောက်သို့ လိုက်ချင်လိမ့်မည်မဟုတ်ချေ။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ချက်ချင်းပဲ အစီအစဉ်ချတော့လေသည်။
မှော်ဘုရင်တန်မှာ ဘာမှ များများစားစား ပြောမနေခဲ့ပေ။ ယခုတစ်ကြိမ် မှော်ဝိဇ္ဇာများကို ဤနေရာသို့ ခေါ်လိုက်ရခြင်းမှာ သူတို့လုပ်ရမည့်တာဝန်အသီးသီးကို ကြေညာပေးချင်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့ကြောင့် လူတိုင်းလုပ်ရမည့်တာဝန်ကို ပြောပြီးသွားသည့်နှင့်တစ်ပြိုင်နက် အကုန်လုံးအား ပြန်လွှတ်လိုက်လေ၏။
ထို့နောက်တွင် ရာနှင့်ချီသော မှော်ဝိဇ္ဇာများသည် ဦးညွှတ်၍ နန်းတော်ထဲမှ အသီးသီး ထွက်လာကြလေသည်။ တိုက်ပွဲမှာ နီးလာပြီဖစ်သည့်အတွက်ကြောင့် မှော်ဝိဇ္ဇာအားလုံးမှာ လူခေါ်ရန် အလျင်လိုနေကြလေသည်။ သူတို့လက်အောက်တွင် လူများများပိုရှိလေ သူတို့အဖွဲ့ ပို၍ အန္တရာယ်ကင်းလေပင်။ ထို့အပြင် သူတို့သည်သာ ပထမဦးဆုံး လူခေါ်နိုင်မည်ဆိုပါက အားအကောင်းဆုံး လူများကို ရွေးခေါ်နိုင်ပေသည်။ အချိန်သာဆွဲနေလျှင် အားအနည်းဆုံးသော အခြားသူများ မလိုချင်သည့် လူများကိုသာ သူတို့လက်အောက်သို့ ခေါ်သွင်းရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်ကမူ အလျင်လိုမနေခဲ့ဘဲ အေးအေးဆေးဆေးသာ နန်းတော်ထဲမှ ထွက်လာခဲ့လေသည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ…” မှော်ဘုရင်တန်၏အသံ ရန်ကိုင်၏နောက်ဘက်ဆီမှ ထွက်လာခဲ့သည်။
ရန်ကိုင်က ပြန်လှည့်၍ “မှော်ဆရာညိုပါ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်က မွေးလာတည်းက ဒီလိုပါပဲ… ဒါပေမယ့် ကျုပ် တောင်ပိုင်းလူရိုင်းကလန်ရဲ့ တောင်ပြာရွာကလာတယ်ဆိုတာတော့ ဘာမှသံသယရှိစရာမလိုပါဘူး…”
မှော်ဘုရင်တန်က ပြန်ပြောလိုက်သည်။ “မင်းခန္ဓာကိုယ် သေးသေးကြီးကြီး ကိစ္စမရှိဘူး… ဘာပဲဖြစ်ဖြစ် မင်းက မှော်ဝိဇ္ဇာတစ်ပါးပဲဟာကို… တစ်ယောက်ယောက် မင်းကို မယုံသင်္ကာဖြစ်နေရင် ငါ့နာမည်ကိုသာ ပြောလိုက်…”
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ မှော်ဘုရင်တန် ဘာကြောင့် ယခုကဲ့သို့ ဆက်ဆံနေမှန်း နားမလည်။ သို့သော်ငြား ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် မှော်ဘုရင်…”
“သွားပေတော့…” မှော်ဘုရင်တန် သူ့လက်အား ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက်တွင် ရန်ကိုင်လည်း နန်းတော်ထဲမှ ထွက်လာခဲ့လေ၏။
ရန်ကိုင် နန်းတော်ထဲမှ ထွက်လာပြီး မကြာခင်မှာပင် အစောပိုင်းက ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်ခဲ့သော မြို့စောင့်တပ်ခေါင်းဆောင်သည် နန်းတော်ထဲသို့ ဝင်လာပြီး မှော်ဘုရင်တန်အား ကြည့်လိုက်လေသည်။
မှော်ဘုရင်တန်က ပြန်မေးလိုက်သည်။ “မင်း ဘာမေးချင်နေတာလဲ…”
မြို့စောင့်တပ်ခေါင်းဆောင်က ပြန်မေးလိုက်၏။ “မှော်ဘုရင်… အဲ့တစ်ယောက်နဲ့ပတ်သက်ပြီး ဘာတွေထူးခြားနေလို့လဲ…”
မှော်ဘုရင်တန်ပြောလိုက်သည့်စကားကို သူလည်းကြားပေသည်။ ထို့ကြောင့် မှော်ဘုရင်တန် ဘာကြောင့် ထိုကောင်လေးအား အာရုံစိုက်နေသလဲဆိုသည်ကို သူသိချင်မိသွားခဲ့ခြင်း ဖြစ်လေ၏။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် မှော်ဘုရင်တန်က ပြန်ပြောလိုက်သည်။ “ထူးခြားတာလား… ထူးခြားတာပေါ့… သူက လူရိုင်းနတ်ဘုရားကောင်းချီးပေးခံထားရတဲ့ မှော်ဝိဇ္ဇာတစ်ဦးပဲဟာကို…”
မြို့စောင့်တပ်ခေါင်းဆောင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “မှော်ဆရာဖြစ်လာနိုင်တဲ့လူတိုင်းက လူရိုင်းနတ်ဘုရားကောင်းချီးပေးခံရတဲ့ လူတွေချည်းပဲ မဟုတ်ဘူးလား…”
မှော်ဘုရင်တန်က ယဲ့ယဲ့လေးပြုံးလျက် “သူက မတူဘူးကွ… အရင်ဆောင်းရာသီတုန်းက သူက သာမန်လူတစ်ယောက်ပဲ ဖြစ်သေးတာ… ရှင်းရှင်းပြောရရင် သာမန်လူတစ်ယောက်ထက်တောင် ပိုပြီး အခြေအနေဆိုးသေးတယ်ကွာ…”
“ဘယ်လို…” မြို့စောင့်တပ်ခေါင်းဆောင် မင်သက်သွားခဲ့လေသည်။ “မှော်ဘုရင်… ခင်ဗျား တကယ်ကြီး အတည်ပြောနေတာလား…”
လွန်ခဲ့သောဆောင်းရာသီက သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့သော လူတစ်ဦးသည် ယခုအချိန်၌ မှော်ဝိဇ္ဇာတစ်ပါး ဖြစ်နေခဲ့လေသည်။ မည်ကဲ့သို့များ ထိုကဲ့သို့ ဖြစ်နိုင်ရလေသနည်း။
မှော်ဘုရင်တန်က ပြန်ပြောလိုက်သည်။ “ငါ မှော်ဝိဇ္ဇာအဆင့်တုန်းက မှော်ဆရာလီဆိုတဲ့ လူတစ်ယောက်ကို ကျင့်ကြံရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပါးပါး ကူညီပေးခဲ့ဖူးတယ်… အဲ့မှော်ဆရာလီဆိုတဲ့လူက တောင်ပြာရွာရဲ့ အရင်ရွာသူကြီးပဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၀)
ဘာသာပြန်သူ_တိမ်တိုက်
တောင်ပြာရွာ၏ အရင်ရွာသူကြီးသည် ရန်ကိုင်အား အတော်လေး ဂရုစိုက်ပေသည်။ ရန်ကိုင် မည်မျှ အရှိန်နှုန်းမြန်မြန်နှင့် တိုးတက်လာသလဲဆိုသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ သူနေနေသည့် တောင်ပြာရွာကဲ့သို့သော ရွာငယ်လေးတစ်ရွာသည် ရန်ကိုင်အတွက် သင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခုမဟုတ်မှန်း နားလည်ထားသည့်အတွက်ကြောင့် ဘုရင့်မြို့တော်ဆီသို့ စာရေးကာ သိမ်းငှက်ဖြင့် ပို့ပေးခဲ့လေသည်။ သူရေးလိုက်သည်မှာတော့ ရန်ကိုင်အား ဘုရင့်မြို့တော်တွင် ဆက်လက်ကျင့်ကြံခွင့်ပေးရန်သာ ဖြစ်လေသည်။
မှော်ဆရာလီဖြစ်သော တောင်ပြာရွာ၏ ယခင်ရွာသူကြီးသည် ထိုစာကို မှော်ဘုရင်တန်ဆီသို့ ရေးခဲ့ခြင်း ဖြစ်လေသည်။ တကယ်တော့ မှော်ဘုရင်တန်သည် သူ၏ဆရာဟုလည်း ပြော၍ရသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ၏တောင်းဆိုချက်ကို မှော်ဘုရင်တန်ငြင်းလိမ့်မည်မဟုတ်ဟု ရွာသူကြီး ယုံကြည်နေပေသည်။ ထို့အပြင် အားညိုသည်လည်း အမှန်တကယ်ကို အရည်အချင်းရှိလှသည့် လူငယ်လေးတစ်ဦး မဟုတ်ပေလော။
အရိုးဝါးမျိုခြင်းကလန်သည်သာ တောင်ပြာရွာအား မကျူးကျော်ခဲ့ပါက ရန်ကိုင်သည် ရွာသူကြီး၏ စီစဉ်ပေးမှုဖြင့် ဆောင်းရာသီအကုန်၌ ဘုရင့်မြို့တော်ဆီသို့ သွားရပေလိမ့်မည်။ ကံမကောင်းစွာဖြင့် အရိုးဝါးမျိုခြင်းကလန်၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရွာသူကြီးသေသွားခဲ့ရပြီး သူ၏နောက်ဆုံးဆန္ဒကို ရန်ကိုင်အား မပြောခဲ့လိုက်ရပေ။
တကယ့်တကယ်ဆိုလျှင်လည်း မှော်ဘုရင်တန်သည်လည်း ရွာသူကြီးပြောလာသည့်လူအကြောင်းကို အတော်လေးစိတ်ဝင်စားနေမိလေသည်။ သို့သော်ငြား နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာသည့်ကိစ္စကြောင့် သူ့ခမျာ အခြားကိစ္စများစွာနှင့် စိတ်ပူနေခဲ့ရကာ ထိုအကြောင်းကို တွေးနေရန် အချိန်မရှိခဲ့ချေ။ ယခုမှသာလျှင် ရန်ကိုင်အား သတိပြုမိသွားခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် မှော်ဆရာလီမှ ပြောပြခဲ့သည့်လူနှင့် အတော်လေးကိုမှ ဆင်တူသည်ဟု ထင်သည့်အတွက်ကြောင့် တမင်သက်သက် မေးခဲ့ခြင်း ဖြစ်လေသည်။ သူထင်ထားသည့်အတိုင်းပင် ဤမှော်ဆရာလေးသည် တောင်ပြာရွာမှ မှော်ဆရာညို ဖြစ်နေခဲ့သည်။
ပို၍အံ့အားသင့်ဖွယ်ကောင်းသည့်အချက်မှာ ထိုမှော်ဆရာညိုသည် မှော်ဝိဇ္ဇာတစ်ပါး ဖြစ်နေခြင်းပင်။
မှော်ဆရာလီပြောခဲ့စဉ်က မှော်ဆရာညိုသည် အဆင့်နိမ့်မှော်စစ်သည်တော်တစ်ဦးသာ ဖြစ်ပေသေးသည်။ ထိုစဉ်က ဆောင်းရာသီမကုန်သေးပေ။ သို့သော်ငြား ယခု ဆောင်းရာသီကို ကျော်လွန်လာပြီးသည့်နောက် မှော်ဆရာလီမှ ပြောခဲ့သည့် အဆင့်နိမ့်မှော်စစ်သည်တော်မှာ မှော်ဝိဇ္ဇာတစ်ပါး ဖြစ်လို့နေခဲ့လေပြီ။
အချိန်တစ်ခဏလေးအတွင်း အဆင့်နိမ့်မှော်စစ်သည်တော်တစ်ဦးမှ မှော်ဝိဇ္ဇာတစ်ပါး ဖြစ်လာနိုင်ခြင်းသည် လူရိုင်းနတ်ဘုရား၏ ကောင်းချီးပေးခံရခြင်းကြောင့်သာ မဟုတ်ပါက ဘာကြောင့်များ ဖြစ်ရပါမည်နည်း။ ယခုကဲ့သို့ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာသည့်အချိန်တွင် လူရိုင်းနတ်ဘုရားသည် သူတို့အား ကောင်းချီးပေးလိုက်ခြင်းပေလော။
ရုတ်တရက်ဆိုသလို ဝူတန်းသည် သူကြားဖူးနားဝရှိခဲ့သော ဆိုရိုးစကားတစ်ခုကို ပြန်သတိရသွားခဲ့သည်။
(ကပ်ဘေးဆိုက်ရောက်လာချိန် သူရဲကောင်းတစ်ဦး ပေါ်ထွန်းလာပေလိမ့်မည်)
လက်ရှိအချိန်တွင် ဘုရင့်မြို့တော်သည် လူပေါင်းများစွာဖြင့် ပြည့်နှက်နေခဲ့လေသည်။ လက်ရှိဘုရင့်မြို့တော်သည် ရန်ကိုင်ခေတ်က မြို့များနှင့် ဘာမှကွာခြားခြင်း မရှိတော့ချေ။
ရန်ကိုင်သည် အခြားသောမှော်ဝိဇ္ဇာများကဲ့သို့ သူ့လူများဆီသို့ ချက်ချင်း အလျင်စလို ပြန်သွားခြင်းမရှိဘဲ ဘုရင့်မြိုတော်ထဲ တစ်ယောက်တည်း လိုက်ပတ်ကြည့်နေလေသည်။
မကြာမီတွင် ရန်ကိုင်သည် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားခဲ့လေသည်။ ဆိုင်ပိုင်ရှင်နှင့် အတန်ကြာအောင် ဆွေးနွေးငြင်းခုံနေပြီးသည့်နောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ထွက်လာခဲ့လေ၏။ ဆိုင်ပိုင်ရှင်ကမူ ရန်ကိုင်နောက်မှ ဝမ်းသာအားရအမူအယာဖြင့် လိုက်လာခဲ့လေသည်။ ရန်ကိုင်အပေါ်ကိုလည်း အလွန်ကိုမှ တယဉ်တကျေးဖြင့် ဆက်ဆံနေခဲ့သည်။ ကြည့်ရသလောက် ရန်ကိုင်ဆီမှ အကျိုးအမြတ်များစွာ ရခဲ့သည့်ပုံပင်။
ထို့နောက်တွင် ရန်ကိုင်သည် အခြားသောဆိုင်တစ်ဆိုင်ဆီသို့ ထပ်သွားလေသည်။ ထိုဆိုင်ပိုင်ရှင်သည်လည်း ရန်ကိုင်အား ဆိုင်ပေါက်ဝသို့ တလေးတစားဖြင့် ထပ်မံ၍ လိုက်ပို့ပေးပြန်လေသည်။
ရန်ကိုင်သည် နေ့ဝက်တိုင်တိုင် ဆိုင်ပေါင်းများစွာသို့ လျှောက်ပတ်သွားနေခဲ့လေသည်။ ရန်ကိုင်ရောက်သွားသည့်ဆိုင်တိုင်း၏ ဆိုင်ပိုင်ရှင်အားလုံးသည် ရန်ကိုင်အား တလေးတစားဖြင့်ကို ဆက်ဆံကြလေသည်။
နေ့ဝက်ကြာပြီးသည့်နောက်မှသာ ရန်ကိုင်သည် သူ့ဘာသာ တွက်ချက်ရင်း ခေါင်းတညိတ်ညိတ်လုပ်လျက် မြို့ထဲမှ ပြန်ထွက်လာခဲ့လေ၏။
မြို့ထဲမှ ထွက်လာပြီးသည့်နောက်တွင် သူတို့စခန်းချထားသည့်နေရာဆီသို့ ပြန်လာခဲ့လေ၏။ ထိုနေရာတွင် တီယာမှ ငြိမ်သက်စွာ ရပ်နေကြောင်းကို တွေ့လိုက်ရလေသည်။ ရန်ကိုင်ပြန်ရောက်လာသည်ကို သတိပြုမိလိုက်သော် တီယာ ခေါင်းမော့ကြည့်လာခဲ့ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။
ရန်ကိုင်အောက်တွင်ရှိနေသော မှော်အတတ်သင်များစွာသည်လည်း ရန်ကိုင်အား နှုတ်ဆက်လိုက်ကြပြီး စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေသည်။
အသက်နည်းနည်းကြီးသည့် မှော်အတတ်သင်တစ်ဦးက မေးလိုက်လေ၏။ “မှော်ဝိဇ္ဇာ ဘယ်ရောက်နေတာလဲ… ဘာလို့ အခုမှပြန်လာတာလဲ…”
“ကျုပ်မှာ လုပ်စရာကိစ္စလေးတစ်ခုလောက် ရှိနေလို့… ဘာဖြစ်လို့လဲ…”
ထိုမှော်အတတ်သင်က ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ အခြားမှော်ဝိဇ္ဇာတွေက လူခေါ်နေကြတဲ့ပုံပဲ… မှော်ဘုရင်က မှော်ဝိဇ္ဇာတွေအကုန်လုံးကို လူနှစ်ထောင်ကနေ သုံးထောင် စုဖို့ ပြောလိုက်တယ်ဆို… မှော်ဝိဇ္ဇာက အခုလိုနောက်ကျပြီးမှ ပြန်လာတော့ အားကောင်းတဲ့လူအများစုကို အခြားသူတွေက ခေါ်သွားကုန်ကြပြီ…”
“ဟုတ်တယ်… မှော်ဘုရင်က အဲ့လိုမျိုး အမိန့်ပေးထားတယ်…” ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။
ထိုစကားကိုကြားသည့်အခါ မှော်အတတ်သင်ပေါင်းများစွာ ရုတ်တရက် ဖင်ဂနာမငြိမ် ဖြစ်လာကုန်ကြလေသည်။ အစောပိုင်းက စကားပြောနေသည့် အသက်နည်းနည်းကြီးသည့် မှော်အတတ်သင်ကပင် ဆက်၍ပြောလိုက်သည်။ “ဒါဆို မှော်ဝိဇ္ဇာ ဘာကို ဆက်စောင့်နေသေးတာလဲ… ပြန်ရောက်နေပြီဆိုရင် လူမြန်မြန်ခေါ်ရတော့မှာမလား… အခု ကျုပ်ကြည့်ရသလောက်တော့ ဘယ်မှော်ဝိဇ္ဇာဆီသွားရမလဲ ဝေခွဲရခက်နေတဲ့ အခြားရွာက တော်တော်လေးအားကောင်းတဲ့ စစ်သည်တော်တွေ ကျန်နေသေးတယ်… မှော်ဝိဇ္ဇာအဆင်ပြေမယ်ဆိုရင် သူတို့ကို သွားခေါ်ကြည့်လို့ရတယ်…”
“ဟုတ်တယ် မှော်ဝိဇ္ဇာ… ကျုပ်တို့ မြန်မြန်လုပ်သင့်တယ်နော်… ဆက်ပြီးတော့ နှောင့်နှေးနေလို့ရှိရင် အဲ့လူတွေအကုန်လုံး ပါသွားလိမ့်မယ်…”
အခြားသော မှော်အတတ်သင်များမှာလည်း ရန်ကိုင်အား စ၍ အလျင်လိုရန် တိုက်တွန်းကြတော့လေသည်။
ယခုတစ်ကြိမ်တွင် သူတို့သည် တောင်ပြာရွာနှင့် အတူပူးပေါင်း၍ ရန်ကိုင်၏ဦးဆောင်မှုအောက်၌ ဘုရင့်မြို့တော်သို့ ရောက်လာကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လက်အောက်မှထွက်၍ အခြားမှော်ဝိဇ္ဇာလက်အောက်သို့ သွားရောက်ပူးပေါင်းရန် မစဉ်းစားထားကြချေ။ သို့သော်ငြား သူတို့၏ခေါင်းဆောင်မှာ အလွန်ကိုမှ တည်ငြိမ်နေ၍ ဘာမှမလုပ်နေသည်ကိုမြင်သော် သူတို့စိတ်ထဲ စတင်၍ စိုးရိမ်ပူပန်လာကြတော့လေသည်။
လူတိုင်းမှာ လက်ရှိအခြေအနေကို နားလည်ထားကြသည်။ အားကောင်းသည့်စစ်သည်တော်များကို ပိုင်ဆိုင်ထားနိုင်မှသာလျှင် နောက်လာတော့မည့်တိုက်ပွဲ၌ အသာရပေလိမ့်မည်။ ဤနေ့ဝက်အတောအတွင်း ရာနှင့်ချီသော မှော်ဝိဇ္ဇာများမှာ လူအုပ်ကြီးထဲ လျှောက်ပတ်သွားလာရင်း အားကောင်းသည့် လူရိုင်းစစ်သည်တော်များကို သူတို့ဘက်သို့လာရန် ခေါ်ဆောင်နေကြပါသော်ငြား သူတို့၏ခေါင်းဆောင်မှာမူ ဘာမှမလုပ်ပဲ အေးအေးဆေးဆေးသာ နေနေခဲ့လေသည်။
ထို့အတွက်ကြောင့် အကုန်လုံးကို ဖင်ဂနာမငြိမ် ဖြစ်နေကြလေ၏။
“စိတ်မပူနဲ့… စိတ်မပူနဲ့…” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် လက်ဝှေ့ယမ်းပြလိုက်လေသည်။ ရန်ကိုင်၏လုပ်ပုံကြောင့် မှော်အတတ်သင်ပေါင်းများစွာ ဆွံ့အသွားကုန်ကြလေသည်။
ထို့နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာ အခြားသောမှော်ဝိဇ္ဇာများမှာ လူတော်များကို ခေါ်နိုင်ဖို့ရာအရေး တတ်စွမ်းသမျှ အားထုတ်နေကြောင်း တွေ့လိုက်ရလေသည်။ အချို့သောမှော်ဝိဇ္ဇာများဆိုလျှင် သူတို့၏အားကောင်းလှသော မှော်ပညာရပ်များကိုပင်လျှင် ထုတ်သုံးပြနေခဲ့လေသည်။ ထိုမှော်ဝိဇ္ဇာများ၏လက်အောက်သို့ လူရိုင်းစစ်သည်တော်များ တစ်ဦးပြီးတစ်ဦး ရောက်သွားသည်ကိုကြည့်ရင်း အကုန်လုံးမှာ ရန်ကိုင်နှင့်ပတ်သက်၍ အလွန်ကိုမှ မင်သက်နေကုန်ကြရတော့လေသည်။
သို့ရာတွင် သူတို့၏ခေါင်းဆောင်ဖြစ်သည့် ရန်ကိုင်မှာ အလျင်လိုနေခြင်းမရှိသဖြင့် သူတို့ဘက်မှ မည်မျှပင်စိတ်ပူနေစေကာမူ ဘာမှအသုံးမဝင်ချေ။ တကယ်တော့ သူတို့သည် ယခုကဲ့သို့သောအချိန်မျိုးတွင် အရေးပါသည့်ကဏ္ဍမှ ဝင်မပါနိုင်သည့် မှော်အတတ်သင်လေးများသာ မဟုတ်ကြလေလော။ ထို့အပြင် သူတို့နှင့် ရန်ကိုင်သည် ရင်းနှီးသည့်လူများလည်း မဟုတ်ကြချေ။
(လူငယ်တွေက တကယ်ကို အားကိုးလို့မရဘူးဆိုတာ အမှန်ပါလား…) မှော်အတတ်သင်ပေါင်းများစွာ၏စိတ်ထဲ ထိုကဲ့သို့အတွေးမျိုး ပေါ်လာကြလေသည်။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့သည်။ ဘုရင့်မြို့တော်အနီးတစ်ဝိုက်တွင် စုဝေးနေကြသော လူရိုင်းစစ်သည်တော်များမှာ တဖြည်းဖြည်းနှင့် မှော်ဝိဇ္ဇာများ၏လက်အောက်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိသွားကုန်ကြလေသည်။ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာသည့်သတင်းလည်း လူအများကြား ပျံ့နှံ့ကုန်ရာ ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များမှာ ပိုပို၍ စည်းလုံးလာကြပြီး အချို့သောလူများဆိုလျှင် မှော်ဝိဇ္ဇာများမှ မခေါ်ရပဲနှင့်ပင် မှော်ဝိဇ္ဇာများ၏လက်အောက်သို့ အသီးသီး ခိုဝင်သွားကုန်ကြလေသည်။
ရန်ကိုင်၏အဖွဲ့ထဲသို့ ပါရန်ကိုတော့ မည်သူမျှ စိတ်မဝင်စားကြချေ။ ရန်ကိုင်ကိုယ်တိုင်က အားနည်းသည့်ပုံပေါက်နေသလို အခြားသောမှော်ဝိဇ္ဇာများကဲ့သို့လည်း လိုက်ခေါ်နေခြင်းမရှိသည့်အတွက်ကြောင့် မည်သူမျှ သူ့ဆီသို့ ရောက်မလာကြသည်မှာ အထူးအဆန်းမဟုတ်ပေ။
ဘုရင့်နန်းတော်ဆီမှ ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ဘာသာသူ အေးအေးဆေးဆေး တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ယောက်ယက်ခတ်နေသည့် လူအုပ်ကြီးတစ်ခုလုံးသည် သူနှင့် ဘာဆိုဘာမှ မပတ်သက်သည့်အလား။
ထို့အတွက်ကြောင့် ရန်ကိုင်လက်အောက်ရှိ မှော်အတတ်သင်များမှာ ပိုပို၍ ကူကယ်ရာမဲ့လာကုန်ကြလေသည်။
ညနေစောင်းသို့ရောက်လာသော် မိုးခြိမ်းသံတမျှ ကျယ်လောက်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “တောင်ပြာရွာရဲ့ မှော်ဆရာညို ဘယ်မှာလဲ…”
ထိုအသံတစ်သံတည်းနှင့် ဆူညံနေသည့် လူအုပ်ကြီးတစ်ခုလုံးမှာ ရုတ်ချည်းတိတ်ကျသွားခဲ့ပြီး အကုန်လုံး၏အကြည့်သည် စကားပြောလိုက်သည့်လူဆီသို့ ရောက်လာခဲ့လေသည်။ မည်သူကများ တောင်ပြာရွာ၏ မှော်ဝိဇ္ဇာညိုအား ရှာချင်နေသလဲဆိုသည်ကို လူတိုင်း သိချင်နေမိကြလေသည်။ ယခုအချိန်မှတော့ လူတိုင်းသည်လည်း တောင်ပြာရွာအကြောင်း သိနေကြလေပြီ။ တောင်ပြာရွာသည် ရွာငယ်လေးတစ်ရွာသာ ဖြစ်လေ၏။ ထိုကဲ့သို့သော ရွာမှ လာသည့်လူတစ်ဦးသည် မည်မျှများ အားကောင်းနိုင်ပါမည်နည်း။ သို့သော်ငြား ထိုကဲ့သို့သောရွာမျိုးတွင် မှော်ဝိဇ္ဇာတစ်ပါး ရှိနေသည့်အချက်မှာတော့ လူတိုင်းအား အတော်လေးကိုမှ အံ့အားသင့်သွားစေခဲ့ရသည်မှာတော့ မလွဲမသေပင်။
အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ အစောပိုင်းက ခေါ်လိုက်သည့်လူ ယူလာသည့်ပစ္စည်းများကို မြင်ပြီးသည့်နောက် လူတိုင်း၏မျက်လုံးများ တောက်ပသွားခဲ့ပြီး သူတို့၏အသက်ရှူနှုန်း မြန်ဆန်လာခဲ့ကြလေသည်။
ထိုလူသည် သံမဏိဖြင့်လုပ်ထားသော မှော်လက်နက်များစွာကို သယ်ဆောင်လာခဲ့သည်။ နေအလင်းရောင်ထဲတွင် ထိုမှော်လက်နက်များမှာ အရောင်တလက်လက် တောက်ပနေခဲ့လေ၏။
ထိုအရာများသည် တကယ့်လက်နက်များ ဖြစ်ကြလေသည်။ ဓါးသွား၏ အဖျားလေးကို ကြည့်လိုက်ရုံဖြင့် ထိုဓါးဖြင့်သာ ခုတ်ခံရမည်ဆိုပါက တစ်ခါတည်း နှစ်ပိုင်းပြတ်ထွက်သွားနိုင်ပေသည်။ မရေမတွက်နိုင်သော လူရိုင်းစစ်သည်တော်များသည် အသံပိုင်ရှင်သယ်လာသည့် လက်နက်များကို ကြည့်ပြီးသည့်နောက် သူတို့လက်ထဲတွင် ကိုင်ထားသည့် ကျောက်ပုဆိန်များ၊ ကျောက်လှံများကို ပြန်ကြည့်လိုက်သည့်အခါ ရှက်ချင်သလိုလို ဖြစ်သွားကုန်ကြလေသည်။
လူရိုင်းမျိုးနွယ်စုဝင်ထဲတွင် အမှန်တကယ်ကို အားကောင်းသည့် လူရိုင်းစစ်သည်တော်များသည်သာ ထိုကဲ့သို့သော လက်နက်များကို ကိုင်စွဲခွင့်ရကြသည်။ အကြောင်းမှာ ထိုကဲ့သို့သောလက်နက်များကို သာမန်လူများ မရရှိနိုင်သည့် အတွက်ကြောင့်ပင်။ ထိုကဲ့သို့သောလက်နက်တစ်ခုသည် အတော်လေးကိုမှ တန်ကြေးကြီးလှသည်။ သို့သော်ငြား ရွာငယ်လေးများမှ လူရိုင်းစစ်သည်တော်များမှာ ထိုလက်နက်များကို ဝယ်နိုင်ရလောက်သည်အထိ ချမ်းသာမည်လား။
ထို့အပြင် တောင်ပိုင်းလူရိုင်းကလန်တစ်ခုလုံး၌ ဘုရင့်မြို့တော်တွင်သာ ဤကဲ့သို့သောလက်နက်များကို သွန်းလုပ်နိုင်ပေသည်။ အခြားသောရွာများမှာတော့ ထိုကဲ့သို့သောလက်နက်များကို သွန်းလုပ်နိုင်ခြင်းမရှိကြ။
ထို့အတွက်ကြောင့် သံလက်နက်များကို သယ်လာသည့်လူ လူအုပ်ကြီးထဲသို့ ရောက်လာသည့်အခါ ရွာအသီးသီးမှလာကြသည့် လူရိုင်းမျိုးနွယ်စုဝင်အားလုံးမှာ တောသားမြို့ရောက်များ ဖြစ်ကုန်ကြလေသည်။ ထိုမျှနှင့်ပင် အဆုံးမသတ်သေး။ လက်နက်များကို သယ်လာသည့်လူ၏ နောက်တွင် သံအပြည့်အစုံတပ်ဆင်ထားသော လူတစ်အုပ်ကြီးလည်း လိုက်လာကြလေသည်။ တစ်ယောက်ချင်းစီသည် သူတို့၏ကျောကုန်းနှင့် လက်ထဲတွင် လက်နက်များကို တစ်ပွေ့တစ်ပိုက် ပိုက်ထားကြလေ၏။
“ကျုပ် ဒီမှာ…” ရန်ကိုင်က လေပေါ်ပျံတက်သွားခဲ့ပြီး သူ့လက်ကိုဝှေ့ယမ်းပြလိုက်လေ၏။ “ဒီဘက်ကိုလာခဲ့…”
ထိုစကားကိုကြားသော် လက်နက်များကို ဦးဆောင်သယ်လာသည့်လူ ပြုံးဖြီးလိုက်ပြီး ရန်ကိုင်ရှိနေသည့်ဘက်ဆီသို့ ပြေးထွက်သွားလေ၏။
“အမ်… ဘာတွေဖြစ်နေတာလဲ…” အဝေးတစ်နေရာတွင်ရှိနေသော မှော်ဝိဇ္ဇာတစ်ဦးသည် ထိုမြင်ကွင်းကိုကြည့်ရင်း ပျာယာခတ်သွားခဲ့လေသည်။
(သူက မှော်ဝိဇ္ဇာညိုလား…)
ထိုပုံမှန်မဟုတ်သည့် အဖြစ်အပျက်သည် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ မှော်ဝိဇ္ဇာများစွာမှာ တောင်ပြာရွာနှင့်ပတ်သက်၍ ဘာတွေဖြစ်နေသလဲ သိချင်မိသည့်အတွက်ကြောင့် လေပေါ်သို့ပျံတက်ကာ သွားကြည့်ကြကုန်လေ၏။
“မှော်ဝိဇ္ဇာညို မှာထားတဲ့ ပစ္စည်းတွေအားလုံး ဒီမှာပါ… ကျေးဇူးပြုပြီး တစ်ချက် စစ်ဆေးကြည့်ပါနော်…” လက်နက်များကို သယ်လာသည့်လူသည် သူသယ်လာသည့်လက်နက်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။
သူသယ်လာသည့်လက်နက်များမှာ ပုံစံအမျိုးမျိုးဖြစ်ကြသည်။ သို့သော်ငြား လက်နက်တစ်ခုချင်းစီတိုင်းသည် မောကျောပြီး လေးလံလှပေသည်။ တစ်ရာကီလိုဂရမ်အောက် အလေးချိန်ရှိသည့် မည်သည့်လက်နက်မှ မပါဝင်။ သို့တိုင် ထိုလူမှာတော့ ထိုကဲ့သို့သော လက်နက်များစွာကို သယ်ရင်း လွယ်လင့်တကူ လမ်းလျှောက်လာနိုင်ပေသည်။
“ရတယ်… ဒီတိုင်းပဲ ဒီမှာပဲ ထားခဲ့လိုက်… ယူလာပေးတဲ့အတွက် ကျေးဇူးပဲနော်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။
“ဘုန်း… ဘုန်း… ဘုန်း…” တစ်ယောက်ပြီးတစ်ယောက် လက်နက်များကို မြေပြင်ပေါ်သို့ ပစ်ချနေသဖြင့် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့လေ၏။ မကြာမီ ရန်ကိုင်၏အနီးတစ်ဝိုက်တွင် အမျိုးမျိုးသောလက်နက်များ တောင်နှယ် ပုံထပ်လာကြတော့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အားဟူနှင့် အခြားသူများမှာတော့ မင်သက်နေခဲ့ကြလေသည်။
ထိုမြင်ကွင်းအား အဝေးမှ ရပ်ကြည့်နေကြသည့် မှော်ဝိဇ္ဇာများမှာလည်း မင်သက်ကုန်ကြလေသည်။
အနီးအနားတွင်ရှိနေသော လူရိုင်းစစ်သည်တော်များမှာတော့ တောင်နှယ်ပုံထပ်နေသော လက်နက်များကိုကြည့်ရင်း တံတွေးတစ်လုပ်ပြီးတစ်လုပ် မျိုချနေကြလေသည်။ ထိုလက်နက်များမှာ အလွန်တရာကိုမှ အဖိုးတန်လှကာ သာမန်လူရိုင်းစစ်သည်တော်တစ်ဦး ရနိုင်သည့် အရာမျိုးမဟုတ်ချေ။ သို့သော်ငြား သူတို့မရနိုင်သည့် အရာများသည် လက်ရှိအချိန်တွင် သူတို့ရှေ့၌ တောင်ပမာ ပုံထပ်နေခဲ့လေသည်။
မသိလျှင် သူတို့ကိုယ်သူတို့ အိပ်မက်မက်နေသလားဟုပင် ထင်နေရသည်။
ထိုလူရိုင်းစစ်သည်တော်များမဆိုထားနှင့် မှော်ဝိဇ္ဇာများသည်ပင်လျှင် ထိုမျှများပြားလှသော လက်နက်များ တစ်နေရာတည်းတွင် စုဝေးနေသည်ကို တစ်ခါမှ မမြင်ဖူးကြချေ။ ထိုလက်နက်တစ်ခုချင်းစီတိုင်းသည် အဖိုးတန်သည့်ရတနာများ ဖြစ်ကြသည်။ သို့သော်ငြား အခြေအနေမှာ ဤမျှနှင့်ပင် အဆုံးမသတ်။ လက်နက်များကို သယ်ဆောင်လာကြသည့် ပိုပို၍ များပြားလှသော လူများမှာ အဆက်မပြတ်ကို ရောက်ရှိလို့ လာနေကြပေသေးသည်။
(ဘာလို့လဲ… ဘာလို့ဘုရင့်မြို့တော်ထဲက ဆိုင်ပိုင်ရှင်တွေက သူတို့လက်နက်ကို မှော်ဆရာညိုဆီ ယူလာပေးနေကြတာလဲ… သူတို့နဲ့ မှော်ဆရာညိုက ဘယ်လိုပတ်သက်နေတာလဲ…)
(လက်နက်တွေက အများကြီးပဲ…)
(သူတို့ အဲ့လက်နက်တွေကို မှော်ဆရာညိုဆီ လက်ဆောင်ပေးတာလား… မဖြစ်နိုင်ဘူး… ဒါပေမယ့် လက်ဆောင်ပေးတာမဟုတ်ရင် ဘာဖြစ်လို့ ယူလာပေးနေကြတာလဲ…) မှော်ဝိဇ္ဇာများမှာ လက်နက်များကို ယူလာပေးနေကြသည့် ဆိုင်ပိုင်ရှင်များကိုကြည့်ရင်း လုံးဝကို နားမလည်နိုင် ဖြစ်နေကြလေသည်။