အခန်း (၂၈၄၁-၂၈၄၅)
Vol. 122 Ch. 2841-2845
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၁)
ဘာသာပြန်သူ_တိမ်တိုက်
(ဘာလို့ သူလဲ… ငါတို့လည်း မှော်ဝိဇ္ဇာတွေပဲကို… ဘာလို့ မှော်ဆရာညိုတစ်ယောက်တည်းကိုပဲ လက်နက်တွေ သွားပေးနေရတာလဲ…) မှော်ဝိဇ္ဇာတော်တော်များများမှာ ထိုကိစ္စနှင့်ပတ်သက်၍ မကျေမနပ် ဖြစ်နေကြလေသည်။
“ဟေ့လူ… ခင်ဗျား ဒါ ဘာသဘောလဲ… ဘာဖြစ်လို့ လက်နက်တွေအကုန်လုံးကို သူ့တစ်ယောက်တည်းချည်းပဲ သွားပေးနေရတာလဲ… ကျုပ်တို့ကိုရော ဘာဖြစ်လို့ မပေးရတာလဲ…” မှော်ဝိဇ္ဇာတစ်ပါးက လေထဲတွင် ဝဲနေရင်းမှ လှမ်းအော်ပြောလိုက်လေသည်။
“ဟုတ်တယ်… စစ်ပွဲက နီးနေပြီ… ပေးမယ်ဆို အကုန်လုံးကို မျှမျှတတပေးပေါ့… ဒီစစ်ပွဲတစ်ခုလုံးကို သူတစ်ယောက်တည်း ထမ်းတင်နိုင်တာမှမဟုတ်တာ…” အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်ပြန်သည်။
အခြားသောမှော်ဝိဇ္ဇာများမှာလည်း ခေါင်းတညိတ်ညိတ် ဖြစ်နေကြသည်။ မကြာမီ တစ်ယောက်တစ်ပေါက် ထပြောလာကြရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူညံသွားရတော့သည်။
“ခင်ဗျားတို့ ဘာတွေထိုင်အော်နေကြတာလဲ…” ရှေ့မှဦးဆောင်လာသည့် လူရိုင်းစစ်သည်တော်က ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။ “ဒီလက်နက်တွေကို ကျုပ်တို့အားလုံး မှော်ဆရာညိုကို အလကားပေးတယ်လို့ ခင်ဗျားတို့ကို ဘယ်သူပြောတာလဲ… သူ ဒါတွေအကုန်လုံးကို အလဲအလှယ်လုပ်ပြီးမှ ရလာတာ…”
“အလဲအလှယ်…”
“မဖြစ်နိုင်ဘူး…”
“ဒီလောက်များတဲ့လက်နက်တွေကို လဲနိုင်ရအောင် သူက ဘာပစ္စည်းနဲ့ လဲတာမို့လို့လဲ…”
မည်သူမျှ ထောင်နှင့်ချီသော လက်နက်များကို ဝယ်ယူနိုင်လောက်သည်အထိ ငွေကြေးအင်အား တောင့်တင်းခြင်းမရှိပေ။ မှော်ဘုရင်တစ်ဦးသည်ပင်လျှင် ထိုမျှများပြားလှသော လက်နက်များကို ဝယ်နိုင်လိမ့်မည်မဟုတ်။
လက်နက်များကို ပထမဦးဆုံးယူလာသည့်လူက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “မှော်ဆရာညို အခြားလူတွေနဲ့ ဘာပစ္စည်းသုံးပြီး သွားလဲလည်းတော့မသိဘူး… ဒါပေမယ့် ကျုပ်ကိုတော့ ဒါပေးသွားတယ်…”
ထိုသို့ပြောပြီးသည့်နောက် ပစ္စည်းဝိုင်းဝိုင်းလေးတစ်ခုကို ထုတ်ပြလိုက်သည်။ လူရိုင်းစစ်သည်တော်အများစုမှာ ထိုပစ္စည်း ဘာပစ္စည်းလဲဆိုသည်ကို မသိကြပါသော်ငြား မှော်ဝိဇ္ဇာများမှာတော့ ထိုပစ္စည်းကို မြင်ပြီးသည်နှင့် တစ်ပြိုင်နက် အလန့်တကြား အော်ပြောလိုက်ကြလေသည်။ “မွန်းစတားအမြုတေ…”
ထို့အပြင် ထိုမွန်းစတားအမြုတေသည် သာမန်မွန်းစတားအမြုတေပင်မဟုတ်ဘဲ အတော်လေးကိုမှ အရည်အသွေးမြင့်သည့် မွန်းစတားအမြုတေတစ်ခု ဖြစ်လေသည်။ ထိုကဲ့သို့သော မွန်းစတားအမြုတေတစ်ခုသည် မှော်ဝိဇ္ဇာများမဆိုထားနှင့် မှော်ဘုရင်များအတွက်ပင် အလွန်ကိုမှ အကျိုုးရှိလှသည်။ ထိုကဲ့သို့သော မွန်းစတားအမြုတေတစ်ခုသည် ရှင်းရှင်းပြောရလျှင် အမှန်တကယ်ကို လက်နက်ပေါင်းများစွာနှင့် တန်ပေသည်။
သို့သော်ငြား မည်သည့်မှော်ဝိဇ္ဇာမှ သူတို့အတွက် အသုံးမဝင်သော လက်နက်များအတွက် ထိုကဲ့သို့သော မွန်းစတားအမြုတေတစ်ခုကို ပေးပစ်လိမ့်မည်မဟုတ်ချေ။ ထိုသို့သာဆိုပါက မှော်ဆရာညိုသည် ဤမျှများပြားလှသော လက်နက်များကို ရရန်အတွက် သားရဲရိုင်းအမြုတေ မည်မျှကိုပင် အသုံးပြုခဲ့လေသနည်း။
တွေးကြည့်မိလိုက်ရုံဖြင့်ပင်လျှင် ရင်ထိတ်ရပေသည်။
“ဟုတ်တယ်… မှော်ဆရာညိုလည်း ကျုပ်ကို အဲ့ဒါလာပေးသွားတာ…” ထိုသို့ပြောပြီးသည့်နောက်တွင် အခြားသောဆိုင်ရှင်တစ်ဦးသည် ပထမဦးဆုံးလူ ထုတ်ပြခဲ့သည့် မွန်းစတားအမြုတေနှင့် ဆင်တူသည့် မွန်းစတားအမြုတေတစ်ခုကို ထုတ်ပြလိုက်လေသည်။
အမျိုးမျိုးသောလက်နက်များသည် သာမန်လူရိုင်းစစ်သည်တော်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်ဆိုပါက ဤမွန်းစတားအမြုတေများသည် မှော်ဝိဇ္ဇာများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ပြော၍ရပေသည်။
ရုတ်ချည်းဆိုသလို လူတိုင်း ရန်ကိုင်အား ကြည့်နေသည့်အကြည့် ပြောင်းလဲသွားကုန်ကြလေသည်။ ယခုအချိန်၌ သူတို့စိတ်ထဲ မေးခွန်းတစ်ခုသာ ရှိတော့သည်။ ရန်ကိုင်သည် ဤမျှများပြားလှသော မွန်းစတားအမြုတေများကို မည်သည့်နေရာမှ ရလာသလဲဆိုသည်ပင်။
မှော်ဝိဇ္ဇာတစ်ဦးသည် မြောက်မြားလှစွာသော သားရဲရိုင်းများကို မသတ်ပစ်နိုင်ပေ။ မှော်ဘုရင်များသည်လည်း အတူတူပင်။ သတ်ပစ်နိုင်သည်ဆိုလျှင်ပင် ထိုမျှများပြားလှသော သားရဲရိုင်းများကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့သည်။ လက်နက်များနောက်ကွယ်မှ အကြောင်းအရင်းကို သိသွားပြီးသည့်နောက်တွင် တစ်ယောက်တစ်ပေါက် အော်ပြောနေကြသည့် မှော်ဝိဇ္ဇာများအားလုံး တိတ်သွားကုန်ကြလေသည်။ သူတို့အနေဖြင့် အော်ပြောဖို့ရာ အတော်လေးကိုမှ ရှက်သွားကုန်ကြလေပြီ။
ထို့အတွက်ကြောင့် ဆိုင်ပိုင်ရှင်များယူလာကြသည့် လက်နက်များကိုသာ မနာလိုအားကျစွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။ အချို့သောလူများဆိုလျှင် ရန်ကိုင်နှင့် ရင်းနှီးအောင်လုပ်ထားလျှင် ကောင်းမလားဟုပင် စတင်တွေးတောနေကြလေပြီ။ အခြားမည်သည့်အရာကိုမှ ထည့်မတွက်လျှင်ပင် ရန်ကိုင်ဆီမှ ရနိုင်မည့် သားရဲရိုင်းအမြုတေသက်သက်နှင့်ပင်လျှင် ရန်ကိုင်နှင့် ရင်းနှီးအောင် လုပ်ထားရသည်မှာ တန်သွားလေပြီ။
ညနေ နေဝင်ခါနီး ရောက်လာသည့်အခါမှသာလျှင် ဆိုင်ပိုင်ရှင်များလည်း ရန်ကိုင်မှာထားသည့် လက်နက်အားလုံးကို ပို့လွှတ်ပြီးသွားနိုင်ခဲ့လေသည်။ ယခုဆိုလျှင် ရန်ကိုင်ရှိနေသည့် နေရာအနီးတစ်ဝိုက်၌ ထောင်နှင့်ချီသော လက်နက်များ တောင်နှယ် ပုံထပ်နေ၏။ ထိုလက်နက်များကိုကြည့်ရင်း ဘေးပတ်ဝန်းကျင်တွင်ရှိနေသော လူရိုင်းစစ်သည်တော်များဆီမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကုန်ကြလေသည်။
တောင်ပြာရွာမှရွာသားများမှာလည်း လက်နက်ပုံကြီးကိုကြည့်ရင်း တံတွေးတစ်လုပ်ပြီးတစ်လုပ် မျိုချနေကြလေသည်။ ဤလက်နက်များကို ရန်ကိုင် ဘာကြောင့် ဝယ်ယူခဲ့သလဲဆိုသည်ကို သူတို့သိပြီးသားပင်။
ရှေးခေတ်လူရိုင်းများသည် ရိုးသားဖြောင့်မတ်ကြသည့် လူများ ဖြစ်ကြပါသော်ငြား အရူးများမဟုတ်ကြသလို တုံးအလွန်းသည့်လူများလည်း မဟုတ်ကြပေ။ ယနေ့တွင် နတ်ဆိုးမျိုးနွယ်စု ကျူးကျော်လာပြီဟု ကြေညာခဲ့လေသည်။ ထိုသို့ကြေညာပြီး မကြာခင်မှာပင် ရန်ကိုင်သည် မြောက်မြားလှစွာသော လက်နက်များကို ဝယ်ယူခဲ့သည်။ ထို့အပြင် မှော်ဝိဇ္ဇာတစ်ဦးချင်းစီသည် ထောင်နှင့်ချီသော စစ်သည်များကို အုပ်ချုပ်ရမည်ဟုလည်း အမိန့်ရရှိထားကြသည်။ ထိုကဲ့သို့သော အကြောင်းအရာများကို သိပြီးသည့်နောက်တွင် ရန်ကိုင် ဘာကြောင့် ဤမျှများပြားလှသော လက်နက်များ ဝယ်ယူခဲ့သလဲဆိုသည်ကို သူတို့ မသိဘဲနေပါဦးမည်လား။
အားဟူသည် ရန်ကိုင်နားသို့ ကပ်လာပြီး တိုးတိုးလေးမေးလိုက်လေသည်။ “အားညို… ဒီလက်နက်တွေက ငါတို့အတွက်လား…”
ရန်ကိုင်သည် ပြုံး၍ အားဟူပုခုံးကို ပုတ်ကာ ပြောလိုက်လေသည်။ “ဒါပေါ့… မင်းတို့အတွက်မဟုတ်ရင် ဘယ်သူ့အတွက် ဖြစ်ရမှာလဲ…” ထို့နောက်တွင် ရန်ကိုင်သည် လူအုပ်ကြီးဘက်သို့လှည့်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ “ခင်ဗျားတို့ကြိုက်တာတစ်ခု သွားရွေးလိုက်…”
ထိုစကားကိုကြားသော် ထောင်နှင့်ချီသောလူများ၏ အမူအယာ လေးနက်သွားကုန်ကြလေသည်။
အစောပိုင်းက ရန်ကိုင်ငြိမ်ကုပ်နေခဲ့သည့်အပေါ် အထွန့်တက်နေကြသော မှော်အတတ်သင်များသည်ပင်လျှင် ဘာမှမပြောကြတော့ချေ။ ယခုမူ သူတို့စိတ်ထဲ ရန်ကိုင်အပေါ် လေးစားစိတ်တို့သာ ရှိကြသည်။
ဘုရင့်မြို့တော်အပြင်ဘက်တွင် ရာနှင့်ချီသော မှော်ဝိဇ္ဇာများ ရှိကြသည်။ သို့သော်ငြား မည်သည့်မှော်ဝိဇ္ဇာကများ ရန်ကိုင်လုပ်သကဲ့သို့ ထောင်နှင့်ချီသော လက်နက်များကို ဝယ်နိုင်ခဲ့ပါသနည်း။
တိုက်ပွဲမစခင် မိမိ၏လက်နက်များကို ဦးစွာ သွေးထားရပေမည်။ ဤမျှထက်ရှလှသော လက်နက်များ ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အဖွဲ့ထဲ၌ လူတစ်ထောင်သာ ရှိမည်ဆိုလျှင်ပင် သူတို့အဖွဲ့၏ခွန်အားသည် အခြားသောအဖွဲ့များထက် ပိုမိုသာလွန်နေပေလိမ့်မည်။ ထို့အပြင် ကြည့်ရသလောက် ဤနေရာတွင်ပုံထပ်နေသည့် လက်နက်အရေအတွက်မှာ အနည်းဆုံး တစ်ထောင်တော့ မကလောက်ပေ။
အစောပိုင်းက အထွန့်တက်နေကြသည့် မှော်အတတ်သင်များသည် ရန်ကိုင်အပေါ် ဘာမှအထွန့်တက်လိုစိတ် မရှိတော့။ မှော်ဝိဇ္ဇာညိုမှာ အတော်လေးကိုမှ ငယ်ရွယ်သည့်တိုင် အလွန်ကိုမှ အရည်အချင်းရှိသည်ဟု ပြော၍ရသည်။ မှော်ဆရာညိုသည် ဘာမှမလုပ်ပဲ အေးအေးဆေးဆေး ငြိမ်နေလိမ့်မည် ဖြစ်ပါသော်ငြား သူတစ်ခါလှုပ်ရှားလိုက်ပြီဆိုသည်နှင့် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားရပေလိမ့်မည်။
အခြားသောရွာများမှ မှော်အတတ်သင်များသည်ပင်လျှင် အချင်းချင်း အကြည့်ချင်းဖလှယ်ရင်း ပြုံးဖြီးနေကြလေသည်။
တံတွေးမျိုချသံများမှာလည်း တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏လက်အောက်တွင် ရှိနေသော ထောင်နှင့်ချီသောလူများသည် လက်နက်ပုံကြီးအနီးတစ်ဝိုက်တွင် စုဝေးနေကြပါသော်ငြား မည်သူမျှ ထိုလက်နက်များကို သွားယူခြင်း မရှိကြချေ။ ထို့အစား လက်နက်ပုံကြီးကိုသာ ကြောင်တောင်တောင်အမူအယာများဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့အမြင်တွင် ထိုလက်နက်များသည် လက်နက်များမဟုတ်ကြတော့ဘဲ ဝတ်လစ်စားလစ်ဖြစ်နေသော အလှလေးများ ဖြစ်ကြသည့်အလား။
“ခင်ဗျားတို့ အရင်သွားယူလိုက်…” အားဟူသည် ရုတ်တရက်ဆိုသလို အခြားသောရွာများမှ ရွာသားများဘက်သို့လှည့်၍ ပြောလိုက်လေသည်။ ရန်ကိုင်နှင့် တစ်ရွာတည်းဖြစ်သည့်အတွက်ကြောင့် ယခုအချိန်သည် အားညို၏ဂုဏ်သတင်းကို မြှင့်တင်ပေးရမည့်အချိန်မှန်း အားဟူသိနေခဲ့သည်။ ထို့အတွက်ကြောင့် သူ့ဘာသာသူ အရင်သွားမယူဘဲ အခြားသောရွာများမှ ရွာသားများအား ဦးစွာယူခွင့်ပေးလိုက်လေသည်။
အခြားသောရွာများမှ ရွာသားများသည် အားဟူ၏စကားကိုကြားသော် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက်တွင် ထိုရွာသားများထဲမှ တစ်ဦးက ပြုံး၍ ခေါင်းခါကာ ပြန်ပြောလိုက်လေသည်။ “ဒီလက်နက်ကို မှော်ဝိဇ္ဇာညို ဝယ်လာတာလေ… ဒီတော့ တောင်ပြာရွာကပဲ အရင်ရွေးရမှာပေါ့…”
“ဟုတ်တယ် အားဟူ… မင်းတို့ပဲ အရင်ရွေးလိုက်…”
“ဟုတ်တယ် အားဟူ… ငြင်းမနေနဲ့…”
သို့သော်ငြား အားဟူကမူ ခေါင်းခါလျက် “အားညိုဝယ်လာလို့ပဲ ခင်ဗျားတို့ကို အရင်ရွေးခိုင်းလိုက်တာ… ဒီပစ္စည်းတွေက တောင်ပြာရွာတစ်ခုတည်းအတွက် ဝယ်လာတာမဟုတ်ဘူး… အကုန်လုံးအတွက် ဝယ်လာခဲ့တာ…”
အခြားသောရွာများမှ ရွာသားများမှာ အားဟူပြောသည့်အတိုင်း မလုပ်ကြဘဲ အားဟူကိုသာ ပ စားပေးနေသဖြင့် မည်သူမှ မည်သည့်လက်နက်ကိုမှ သွားမယူကြဘဲ အကုန်လုံးမှာ စကားစစ်ထိုးသလို ဖြစ်နေကုန်ကြတော့လေသည်။ လက်နက်များကို မယူသေးဘဲ အိုက်တင်ခံနေကြသည့် ထိုလူအုပ်ကြီးကိုကြည့်ရင်း အနီးအနားတွင်ရှိနေသည့် လူရိုင်းစစ်သည်တော်များမှာတော့ စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲနေကြတော့သည်။ တစ်ချိန်တည်းတွင်လည်း သူတို့စိတ်ထဲ အလွန်ကိုမှ မနာလိုအားကျနေမိလေသည်။
ရုတ်တရက်ဆိုသလို အသက်အကြီးဆုံး မှော်အတတ်သင်က ပြုံး၍ ပြောလိုက်လေ၏။ “ကဲ ကဲ ကဲ… စကားတွေ များမနေကြတော့နဲ့… အခု ငါတို့အားလုံးက တစ်ဖွဲ့တည်းသားတွေ ဖြစ်နေကြပြီ… ဟိုရွာဒီရွာတွေ ရှိမနေတော့ဘူး… ငါတို့အကုန်လုံးက မှော်ဆရာညိုလက်အောက်မှာ ရှိနေတဲ့ အဖွဲ့သားတွေပဲ… ဒီတော့ ဘယ်သူအရင်လာယူယူ ကိစ္စမရှိဘူး… ပြီးတော့ ဒီမှာ လက်နက်တွေကအများကြီး… တစ်ယောက်ယောက်က အရင်ယူသွားမယ်ဆိုရင်တောင် အခြားလူအတွက် ရွေးစရာ အများကြီးကျန်ဦးမှာ… ကဲ ဒီတော့ ရှက်မနေကြနဲ့…”
ဤမှော်အတတ်သင်ပြောသွားသည်မှာ မှန်ပေသည်။ ယခုအချိန်တွင် သူတို့အားလုံးမှာ တစ်ဖွဲ့တည်းသားများ ဖြစ်နေကြပြီ။ မည်သူသည် မည်သည့်ရွာမှဆို၍ ခွဲခြားနေလို့ မကောင်းတော့ပေ။ အကုန်လုံး တစ်စုတစ်စည်းတည်း ဖြစ်သွားမှသာလျှင် နောက်လာမည့်တိုက်ပွဲတွင် အကုန်လုံး စည်းလုံးညီညွှတ်ကြပေလိမ့်မည်။ သူတို့သည်သာ သူ့လူကိုယ့်လူ ခွဲခြားနေဦးမည်ဆိုပါက သူတို့အဖွဲ့သည် ဤမျှစည်းလုံးလိမ့်မည်မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်စုများနှင့် ရင်ဆိုင်ရာတွင် ဒုက္ခရောက်သွားရနိုင်ပေသည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အားဟူက ခေါင်းညိတ်၍ ပြောလိုက်သည်။ “အကြီးအကဲပြောတာနဲ့ပတ်သက်ပြီး ကျုပ်သဘောတူတယ်… အဲ့လိုဆိုမှတော့ အတူတူယူကြတာပေါ့…”
အခြားသူများလည်း ကန့်ကွက်မနေကြဘဲ ချက်ချင်းပဲ လက်နက်များကို အပြေးသွားယူကြတော့လေသည်။ လူတိုင်းသည် မိမိနှင့်သင့်တော်မည့်လက်နက်ကို ရွေးပြီးသည့်နောက် နောက်သို့ ပြန်ဆုတ်သွားကုန်ကြလေသည်။
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျော်ရွှင်မြူးထူးသံများဖြင့် ပြည့်နှက်သွားတော့လေသည်။ အော်ရယ်သံမောများကို နေရာတိုင်းလိုလိုတွင် ကြားနေရသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အခြားသောမှော်ဝိဇ္ဇာများမှာတော့ မည်သို့ခံစားလို့ ခံစားရမှန်းပင် မသိတော့ချေ။ သို့သော်ငြား မှော်ဆရာညိုအပေါ်တော့ မနာလိုအားကျမိသလို လေးလည်းလေးစားမိပေသည်။ မှော်ဆရာညိုသည် လက်နက်များဝယ်ပေးလိုက်ခြင်းဖြင့် ထောင်နှင့်ချီသော လူအုပ်ကြီးကို စည်းလုံးညီညွှတ်သွားအောင် လုပ်နိုင်ခဲ့လေသည်။ ထို့နောက် မှော်ဝိဇ္ဇာများသည် သူတို့အဖွဲ့ထဲတွင် ရှိနေသော လူရိုင်းစစ်သည်တော်များကို လှမ်းကြည့်လိုက်ရာ ထိုလူများသည် မှော်ဆရာညိုတို့အဖွဲ့အား မနာလိုအားကျစွာဖြင့် ကြည့်နေကြကြောင်း တွေ့လိုက်ရသည့်နောက် သက်ပြင်းသာ ချလိုက်ရတော့သည်။
သူတို့အနေဖြင့် မှော်ဆရာညိုလုပ်သလိုမျိုး လိုက်မလုပ်နိုင်ပေ။ မှော်ဆရာညိုလုပ်သွားသည့်နည်းလမ်းမှာ ရှင်းလင်းပါသော်ငြား သူတို့တွင် မှော်ဆရာညိုကဲ့သို့ လုံလောက်သည့် ငွေကြေးအင်အားမရှိ။ သူတို့စိတ်ထဲ မှော်ဆရာညိုအပေါ် လေးစားနေမိပါသော်ငြား တစ်ချိန်တည်းတွင်လည်း ထိတ်လန့်နေမိလေသည်။
မှော်ဘုရင်သည် မှော်ဝိဇ္ဇာတစ်ဦးလျှင် လူနှစ်ထောင်မှ သုံးထောင်ခန့် စုဆောင်းရမည်ဟု ပြောခဲ့သည်။ မှော်ဝိဇ္ဇာအတော်များများမှာ မှော်ဘုရင်ပေးသည့်တာဝန်ကို ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသော်ငြား အချို့သောမှော်ဝိဇ္ဇာများမှာတော့ မပြီးနိုင်ကြသေးချေ။
မြို့အပြင်ဘက်၌ မည်သည့်မှော်ဝိဇ္ဇာလက်အောက်သို့ ခိုဝင်လျှင်ကောင်းမလဲဟု သေသေချာချာ မဆုံးဖြတ်ရသေးသည့် လူရိုင်းစစ်သည်တော်များစွာလည်း ရှိနေကြပေသေးသည်။ မူလကမူ မှော်ဝိဇ္ဇာတိုင်းသည် မိမိ၏စွမ်းရည်ကိုသုံး၍ လူများကို စုဆောင်းခဲ့ကြပါသော်ငြား ယခုမူ မှော်ဝိဇ္ဇာညိုလုပ်ပြသွားသည့်အရာကြောင့် သူသည် အခြားသောမှော်ဝိဇ္ဇာများထက် ခြေတစ်လှမ်း သာသွားခဲ့လေသည်။
သူ့လက်အောက်တွင် ရှိနေသော ထောင်နှင့်ချီသော လူများအားလုံးကို လက်နက်အသီးသီးကို ရွေးချယ်ပြီးသွားကြသည့်နောက်တွင် အခြားသော လူရိုင်းစစ်သည်တော်များမှာ မှော်ဆရာညို၏လက်အောက်သို့ တဖြည်းဖြည်း ခိုဝင်လာကြပေတော့မည်။ အားကောင်းလှသည့် လူရိုင်းစစ်သည်တော်အားလုံးကိုသာ မှော်ဆရာညိုမှ ဆွဲခေါ်သွားမည်ဆိုပါက သူတို့ ဘာလုပ်ရတော့လိမ့်မည်နည်း။
ထိုသို့စဉ်းစားမိလိုက်သည့်နောက်တွင် အချင်းချင်း ရင်းနှီးကြသော မှော်ဝိဇ္ဇာအချို့မှာ ယခုကိစ္စနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည်ကို စတင်ဆွေးနွေးတိုင်ပင်ကြတော့လေသည်။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်လက်အောက်၌ ရှိနေသော အဖွဲ့သားအားလုံး မိမိနှင့် သင့်တော်ရာလက်နက်အသီးသီးကို ရွေးချယ်လို့ ပြီးသွားခဲ့လေပြီ။ အကုန်လုံးမှာ အသစ်ရရှိလာသည့် လက်နက်များအား ဂုဏ်ယူဝံ့ကြွားစွာ ကိုင်စွဲရင်း ပြုံးဖြီးနေခဲ့ကြလေသည်။ ရန်ကိုင်အဖွဲ့သားအားလုံးသည် လက်နက်အသစ်များနှင့် တောက်တောက်ပြောင်ပြောင် ရှိနေကြတော့လေသည်။
တောင်နှယ်ပုံထပ်နေသော လက်နက်ပုံကြီးမှာလည်း မူလညအရွယ်အစား၏ သုံးပုံတစ်ပုံခန့်သို့ လျော့ကျသွားခဲ့လေသည်။ သို့သော်ငြား အခြားသူများအတွက် ရွေးစရာ လက်နက်အများကြီး ကျန်နေပေသေးသည်။
ထိုစဉ် လူရိုင်းစစ်သည်တော်အဖွဲ့တစ်ဖွဲ့သည် တောင်နှယ်ပုံထပ်နေသော လက်နက်ပုံကြီးဆီသို့ ချဉ်းကပ်လာခဲ့လေသည်။ အကုန်လုံးသည် ထိုလက်နက်များအား လောဘတကြီးဖြင့် စိုက်ကြည့်ရင်းမှ ရန်ကိုင်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “မှော်ဆရာညိုကလန်က လူတွေခေါ်နေတယ်နော်…”
“မှော်ဆရာညို… ကျုပ်ဝင်ချင်တယ်…”
“ကျုပ်လည်း ဝင်ချင်တယ်…”
“ကျုပ်လည်း မှော်ဆရာညိုရဲ့ကလန်ထဲကို ဝင်ချင်တယ်… ကျေးဇူးပြုပြီး လက်ခံပေးပါနော်… ကျုပ်က ကျုပ်ရွာမှာ အားအကောင်းဆုံးလူပဲ…”
ရန်ကိုင်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော အသံပေါင်းများစွာ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကြလေသည်။ အခြေအနေမှာ ထိန်းချုပ်လို့မရအောင်ကို ဖြစ်ခါနီးနေခဲ့လေပြီ။ ကံကောင်းစွာဖြင့် အားဟူနှင့် အခြားသူများမှာ သူတို့၏လက်နက်အသီးသီးကို ထုတ်၍ အခြားသော လူရိုင်းမျိုးနွယ်စုဝင်များအား အချိန်မီ တားဆီးနိုင်ခဲ့လေသည်။
ထိုစဉ် ရန်ကိုင်က လက်မြှောက်၍ ပြောလိုက်လေသည်။ “မလောကြနဲ့… မလောကြနဲ့… မှော်ဘုရင်က လူ နှစ်ထောင်ကနေ သုံးထောင် ခေါ်ဖို့ ပြောထားတာ… ကျုပ်ရဲ့ရည်ရွယ်ချက်က လူသုံးထောင်ခေါ်ဖို့ပဲ… ဒီတော့ ခင်ဗျားတို့မှာ အခွင့်အရေး အများကြီး ရှိသေးတယ်… ကျုပ် မှော်ဆရာညိုရဲ့ ကလန်ထဲကို ဝင်ဖို့ စိတ်ဝင်စားကြတယ်ဆိုရင် ဒီမှာလာပြီး တန်းစီကြ… ပြီးရင် ကိုယ့်လက်နက်ကိုယ်ယူကြ… အဲ့ဒါဆိုရင် ခင်ဗျားတို့ မှော်ဆရာညိုရဲ့ ကလန်သားတစ်ယောက် ဖြစ်သွားပြီ…”
ရန်ကိုင်၏စကား ဆုံးသွားသည်နှင့် လူအုပ်ကြီးတစ်ခုလုံး တိတ်ကျသွားခဲ့ပြီး ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များမှာ ချက်ချင်း စီစီရီရီ တန်းစီကြတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၂)
ဘာသာပြန်သူ_တိမ်တိုက်
“လူသုံးထောင်… မှော်ဆရာညို… မင်းက အဆင့်နိမ့်မှော်ဝိဇ္ဇာပဲ ရှိသေးတာလေ… ဒီလောက်လူအများကြီးကို ဘယ်လိုလုပ်ပြီး ထိန်းနိုင်မှာလဲ…”
ထိုစကားသံနှင့်အတူ လူထွားကြီးတစ်ဦးသည် ကောင်းကင်ထက်မှ လက်နက်ပုံအနီးသို့ ခုန်ဆင်းလာခဲ့လေသည်။ ထိုလူထွားကြီးခုန်ဆင်းလာသည့်အရှိန်ကြောင့် ဘုန်းခနဲမြည်သံနှင့်အတူ မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။
ရန်ကိုင်သည် သူ့လက်နက်ပုံအနီးသို့ ရောက်လာသည့် မှော်ဝိဇ္ဇာကိုကြည့်ရင်းမှ မျက်ခုံးပင့်၍ ပြန်ပြောလိုက်လေသည်။ “မှော်ဝိဇ္ဇာတု… ခင်ဗျား ဘာလုပ်ချင်နေတာလဲ…”
မှော်ဆရာတုက ရယ်မောလျက် “မင်းက ငယ်ပြီး အားနည်းသေးလို့ ငါမင်းအတွက် စိတ်ပူနေတာ…”
“စိတ်ပူပေးလို့ ကျေးဇူးပါပဲ… ဒါပေမယ့် ကျုပ်ကို ခင်ဗျား စိတ်ပူပေးစရာမလိုဘူး…”
မှော်ဆရာတုက ခေါင်းခါလျက် “မင်း ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ… ငါတို့အားလုံးက တောင်ပိုင်းလူရိုင်းကလန်ရဲ့ မှော်ဝိဇ္ဇာတွေလေ… ဒီလိုစစ်ပွဲအချိန်မျိုးမှာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးရမှာပေါ့… ဒီလိုလုပ်ပါလား… ဒီမှော်ဆရာက မင်းထက် နည်းနည်းပိုအားကောင်းတယ်… ဒီတော့ မင်းရဲ့ တာဝန်တစ်စိတ်တစ်ပိုင်းကို ငါလွှဲပြောင်းပြီး ယူပေးမယ်… နောက်ထပ် လူနှစ်ထောင်မခေါ်နဲ့တော့… တစ်ထောင်ပဲခေါ်လိုက်တော့… ကျန်တဲ့တစ်ထောင်ကို ငါဆက်ခေါ်ပေးလိုက်မယ်… အဖိုးအခအနေနဲ့ မင်း ငါ့ကို လက်နက်နည်းနည်းလေးပဲ ပြန်ပေးလိုက်ပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ သူ့လက်အား လက်နက်ပုံကြီးဆီသို့ ချိန်ရွယ်လိုက်လေသည်။
“ရပ်လိုက်…” အားဟူ ဒေါသူပုန်ထသွားခဲ့လေသည်။ ထိုလက်နက်များကို အားညိုမှ တန်ရာတန်ကြေးပေး၍ ဝယ်ထားခြင်း ဖြစ်လေသည်။ ထိုလက်နက်များကို ဝယ်နိုင်လောက်သည်အထိ များပြားလှသော မွန်းစတားအမြုတေများကို အားညို မည်သည့်နေရာမှ ရလာသလဲဆိုသည်ကို သူမသိပါသော်ငြား တစ်ဖက်လူမှ အားညို၏ပိုင်ဆိုင်မှုအား လာလုယူနေသည်ကို အားဟူ မည်သည့်နည်းနှင့်မျှ ရပ်ကြည့်မနေနိုင်ချေ။
(တကယ်ကို သောက်ရှက်မရှိတဲ့ မှော်ဝိဇ္ဇာပဲ… လူပုံအလယ်မှာတောင် ငါတို့ပစ္စည်းတွေကို လာလုယူရဲတယ်…)
ဒေါမာန်တကြီးဖြင့် အော်ဟစ်ရင်း အားဟူသည် သူ့ပုဆိန်အား မှော်ဆရာတုဆီသို့ ခုတ်ချလိုက်လေ၏။
“ထွက်သွားစမ်း…” မှော်ဆရာတုသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အော်ပြောလိုက်လေသည်။ မှော်ဆရာတု၏အော်သံနှင့်အတူ အားကောင်းသည့်စွမ်းအင်လှိုင်းတစ်လှိုင်း ဖြာထွက်လာခဲ့လေသည်။ ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အားဟူသည့် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်ထွက်သွားခဲ့ပြီး ဘုန်းခနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
တစ်ချိန်တည်းတွင် မှော်ဆရာတုသည် သံမဏိလှံတစ်ချောင်းကို သူ့အတွက်ယူလိုက်သည်။ ထို့နောက်တွင် သူ့လက်အား အနည်းငယ်ပင့်မြှောက်လိုက်ရာ လက်နက်ပုံထဲမှ လက်နက်တစ်ဝက်လောက်သည် သူ့ဘာသာ အလိုလို လေပေါ်သို့ ပျံတက်လာခဲ့လေသည်။ မှော်ဆရာတုသည် ထိုလက်နက်များကို သူ့အဖွဲ့သားများအတွက် ယူသွားလိုခြင်း ဖြစ်ပေသည်။
ထိုအချင်းအရာကိုမြင်သော် မှော်ဆရာတုအဖွဲ့ထဲတွင် ရှိနေသော အဖွဲ့သားများ ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။
သို့သော်ငြား ထိုစဉ် လက်နက်ပုံအထက်၌ လူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူဘာလုပ်လိုက်သလဲ မသိရ လေပေါ်သို့ ပျံတက်နေသော ထောင်နှင့်ချီသော လက်နက်များမှာ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျကုန်လေသည်။
ရန်ကိုင်သည် မှော်ဆရာတုအား လှောင်ပြုံးပြုံးကာ စိုက်ကြည့်ရင်းမှ “ခင်ဗျား ကျုပ်ဆီမှ ဓါးပြတိုက်ချင်နေတာလား…”
မှော်ဆရာတု၏မျက်နှာ နီမြန်းသွားခဲ့လေသည်။ “ဘယ်က ဓါးပြတိုက်ရမှာလဲကွ… မင်း ငါပြောတာကို မကြားလိုက်ဘူးလား… ငါတို့အားလုံးက တောင်ပိုင်းလူရိုင်းကလန်ကပဲလို့ ငါပြောပြီးသွားပြီလေ… ဒီမှော်ဆရာက မင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူပြီးထမ်းပိုးပေးနေတာ… မင်းငါ့ကို ကျေးဇူးမတင်ရင်နေ… ဒါပေမယ့် မင်း ငါ့ဂုဏ်သတင်းကိုတော့ လာမဖျက်ဆီးနဲ့ကွ…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်ရဲ့ဝန်ထုပ်ဝန်ပိုးကို ခင်ဗျား လာပြီး ထမ်းပိုးပေးစရာမလိုဘူး…”
မှော်ဆရာတုက ခေါင်းခါလျက် “မင်းဘာသာ လိုလိုမလိုလို ငါကတော့ ဝင်ပြီးကူညီပေးရမှာပဲ… ဒီတော့ ဘေးဖယ်နေ… စေတနာကို မသိတတ်တဲ့လူ မလုပ်ချင်နဲ့…”
ရန်ကိုင် အံ့ဩတကြီး ဖြစ်သွားခဲ့လေသည်။ “မှော်ဆရာတု… ခင်ဗျားက တကယ်ကို အံ့ဩဖို့ကောင်းတာပဲနော်… လူပုံအလယ်မှာတောင် မျက်နှာပြောင်ပြောင်နဲ့ သူများပစ္စည်းကို လုရဲလောက်တဲ့အထိ ခင်ဗျား ဒီလောက် အရှက်မရှိနေလိမ့်မယ်လို့ ကျုပ် တကယ်မထင်ထားဘူး…”
ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် မှော်ဆရာတု၏မျက်နှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့သည်။ သို့သော်ငြား မျက်နှာပြောင်ပြောင်နှင့်ပင် ဆက်၍ပြောလိုက်လေသည်။ “မင်းက တယ်မောက်မာနေပါလားကွ… ကြည့်ရတာ အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ယောက်ဖြစ်တဲ့ ငါက မင်းကို အကြီးတွေနဲ့တွေ့ရင် ဘယ်လိုဆက်ဆံရမလဲ သင်ပေးရတော့မယ်နဲ့တူတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကိုမြှောက်၍ မှော်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။ တစ်ချိန်တည်းတွင် မှော်ဆရာတုဆီမှ မှော်စွမ်းအားတို့ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် မှော်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ချိန်းကြိုးနှစ်ကြိုး ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် မှော်ဆရာတုက အော်ရယ်မော၍ ပြောလိုက်လေ၏။ “အခု သေသေချာချာမှတ်ထား… မင်း အခု ကိုယ့်အကြောင်းကိုယ်မသိလို့ နည်းနည်းပါးပါးပဲ အရှက်ကွဲရတာ… ဒါမျိုး စစ်ပွဲမှာ သွားလုပ်မယ်ဆိုလို့ရှိရင် အရှက်ကွဲရုံတင်မဟုတ်ဘူး… မင်းအသက်ပါ ဆုံးရှုံးရမှာ… ဒီသင်ခန်းစာအတွက် ငါ့ကို လာကျေးဇူးတင်နေစရာမလိုဘူး… အငယ်တွေကို သင်ပေးရမှာ အကြီးတွေရဲ့တာဝန်ပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် မှော်ဆရာတုသည် ရန်ကိုင်အား အပေါ်မှ အောက်သို့ ဆွဲချချင်နေသည့်အလား သူ့လက်အား တင်းတင်းဆုပ်လိုက်လေသည်။
သို့သော်ငြား ထိုသို့လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် မှော်ဆရာတု၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ရသည်။ သူမည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင်သည် လေထဲတွင်သာ မလှုပ်မယှက် ဝဲနေခဲ့လေသည်။ မမြင်နိုင်သော စွမ်းအားတစ်ခုသည် ရန်ကိုင်အား အပေါ်သို့ မရရအောင် ပင့်တင်ထားသည့်အလား။ ရန်ကိုင်က ကိုယ်တိုင်ကလည်း မှော်ဆရာတုအား ပြုံးဖြီးဖြီးဖြင့် ကြည့်နေခဲ့လေသည်။
ရန်ကိုင်၏အပြုံးကိုမြင်သော် မှော်ဆရာတု ရင်တဒိန်းဒိန်း ခုန်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ တွေးလိုက်လေ၏။ (မဖြစ်နိုင်ဘူး…) သူ့ပြိုင်ဘက်သည် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ဦးသာ ဖြစ်သည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်၏အဆင့်မှာ မှော်ဆရာတုထက် အဆင့်သေးနှစ်ဆင့်မျှ နိမ့်နေခဲ့သည်။ ထို့အပြင် သူအသုံးပြုလိုက်သည့် မှော်ပညာရပ်မှာလည်း ရန်ကိုင်အား တည့်တည့်ကို ထိမှန်သွားခဲ့လေရာ ရန်ကိုင်အား ဘာကြောင့်များ အောက်သို့ ဆွဲမချနိုင်ရလေသနည်း။
မှော်ဆရာတုမှာ လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ မယုံကြည်နိုင်သေးဘဲ ချက်ချင်းပဲ နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်လေသည်။ သို့သော်ငြား သူ မည်သို့ပင်ကြိုးစားနေစေကာမူ ရန်ကိုင်အား မည်သည့်နည်းနှင့်မှ အောက်သို့ဆွဲမချနိုင်ကြောင်း တွေ့လိုက်ရသည်။
လက်ရှိ ချိန်းကြိုးများနှင့် ရစ်ပတ်ခြင်း ခံထားရသည့် ရန်ကိုင်သည် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ဦးမဟုတ်ဘဲ ဧရာမတောင်ကြီးတစ်လုံး ဖြစ်နေသည့်အလား။ သူမည်သို့ပင်ကြိုးစားနေစေကာမူ ထိုတောင်ကြီးအား တစ်ချက်မျှပင် ရွေ့အောင် မလုပ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် မှော်ဆရာတုမှာ ရှက်လည်းရှက် ဒေါသလည်းထွက်ကာ သူ့မျက်နှာမှာ နီမြန်းလာရတော့သည်။ ဘေးမှရပ်ကြည့်နေကြသည့် မှော်ဝိဇ္ဇာများမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေကြလေသည်။ မှော်ဆရာတု ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတို့နားမလည်ကြ။ အချို့ဆိုလျှင် မှော်ဆရာတုအား ဤပြဿနာကို မြန်မြန်အဆုံးသတ်ရန် မသိမသာလေးပင် အချက်ပြနေကြပေသေးသည်။
ရန်ကိုင်မှ လက်နက်များဖြင့် လူခေါ်သည့်နည်းလမ်းကို တွေ့ပြီးသည့်နောက်တွင် မှော်ဝိဇ္ဇာအချို့သည် ရန်ကိုင်အား တန်ပြန်နိုင်မည့် နည်းလမ်းများကို အတူတကွ ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံး သူတို့အဖြေရလာသည်မှာ ရန်ကိုင်အား လူပုံအလယ်၌ အရှက်ခွဲဖို့ရာပင်။ ရန်ကိုင်သည် ထောင်နှင့်ချီသော လက်နက်များကိုသုံး၍ အားကောင်းလှသည့် လူရိုင်းစစ်သည်တော်ပေါင်းများစွာကို သူ့ဆီသို့ ပါလာအောင် လုပ်နိုင်ခဲ့လေသည်။ သို့သော်ငြား ထိုလူရိုင်းစစ်သည်တော်များမှာ မှော်ဆရာညို၏ လက်နက်များကိုသာ စိတ်ဝင်စားခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့ဆီသို့ သွားချင်နေသည့် လူရိုင်းစစ်သည်တော်များသည်သာ ရန်ကိုင် မည်မျှ အားနည်းကြောင်းကို မြင်တွေ့လိုက်ရမည်ဆိုပါက သူ့ဆီသို့ သွားချင်တော့လိမ့်မည် မဟုတ်ချေ။
လက်နက်များမှာ စွဲမက်ဖွယ်ကောင်းလှသော်ငြား အားနည်းလှသည့် မှော်ဝိဇ္ဇာတစ်ဦးသည် သူတို့အားကိုးနိုင်သည့် လူတစ်ဦးမဟုတ်ချေ။
လူတိုင်းမှာ မကြာခင်တွင် နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရတော့မည်မှန်း သိထားကြသည်။ ထို့အတွက်ကြောင့် အားကောင်းသော မှော်ဝိဇ္ဇာတစ်ဦးကိုသာ ခေါင်းဆောင်အဖြစ် ထားနိုင်မည်ဆိုပါက သူတို့အတွက် အသက်အန္တရာယ် ပိုမိုလုံခြုံနိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် မှော်ဆရာတုမှာ လူပုံအလယ်သို့ ထွက်လာပြီး ရန်ကိုင်အား အရှက်ခွဲရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ သူတို့ဆွေးနွေးတိုင်ပင်ထားရသလောက် ရန်ကိုင်ကိုသာ လူပုံအလယ်၌ အရှက်ခွဲနိုင်ခဲ့မည်ဆိုပါက သူတို့ဘက်မှ ပြန်လည်၍ အသာစီးရနိုင်ပေလိမ့်မည်။
သို့သော်ငြား လက်ရှိအခြေအနေမှာ သူတို့ပြောထားသည်နှင့် အနည်းငယ်ကွာခြားနေခဲ့လေသည်။
(မှော်ဝိဇ္ဇာတုကတော့ကွာ… ဒီကောင် ဘာလုပ်ချင်နေတာလဲ… မှော်ဆရာညိုကို သံကြိုးနဲ့တုပ်ပြီးသွားပြီလေ… မြန်မြန်ဆွဲချလိုက်ပါတော့လား…)
ရုတ်ချည်းဆိုသလို အခြားသောအဆင့်မြင့်မှော်ဝိဇ္ဇာတစ်ပါး လူအုပ်ကြီးထဲမှ ပျံထွက်လာပြီး သူ့လက်ကိုမြှောက်၍ ရန်ကိုင်ဆီသို့ ချိန်းကြိုးတစ်ကြိုး ပစ်လွှတ်လိုက်လေသည်။ ထို့နောက် မာမာထန်ထန်လေသံဖြင့် အော်ပြောလိုက်လေ၏။ “မှော်ဆရာညို… မှော်ဆရာတုက ကြင်နာတတ်တော့ မင်းကို လူပုံအလယ်မှာ ဦးညွှတ်အောင် လုပ်ရမှာကို တွန့်ဆုတ်နေတာ… ဒါပေမယ့် ဒီမှော်ဆရာကတော့ သူ့လိုမျိုး မကြင်နာတတ်ဘူးကွ… အခုချက်ချင်း ဆင်းလာခဲ့စမ်း…”
ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်၍ အောက်သို့ ဆွဲချလိုက်လေသည်။ သို့သော်ငြား သူဆွဲချရန် ကြိုးစားသည့် ရန်ကိုင်မှာ တုပ်တုပ်မျှပင်မလှုပ်ဘဲ သူကိုယ်တိုင်သည်သာ ဟန်ချက်ပျက်ကာ ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျခါနီး ဖြစ်သွားခဲ့ရသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်အား မြေပြင်ပေါ်သို့ ဆွဲချရန် ကြိုးစားနေသည့် အဆင့်မြင့်မှော်ဝိဇ္ဇာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရလေသည်။ ယခုမှသာလျှင် မှော်ဆရာတု ကြောင်တိကြောင်တောင် လုပ်နေခြင်းမဟုတ်ဘဲ ရန်ကိုင်အား အမှန်တကယ်ကို ဘာမှမလုပ်နိုင်သောကြောင့်သာဖြစ်မှန်း နားလည်သွားရတော့လေသည်။
(ဘာတွေဖြစ်နေတာလဲ…) အဆင့်မြင့်မှော်ဝိဇ္ဇာ အတော်လေးကိုမှ အံ့အားသင့်နေခဲ့လေသည်။ ထို့နောက် အပေါ်သို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှ သူနှင့် မှော်ဆရာတုတို့၏ ချိန်းကြိုးများကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် ညစ်ကျယ်ကျယ်ပြုံးရင်းမှ ပြောလိုက်လေ၏။ “ဒီနေရာကရှုခင်းက သိပ်မဆိုးဘူး… ဒီတော့ ကျုပ် အောက်ကို ဆင်းမလာချင်သေးဘူး… ခင်ဗျားတို့ အပေါ်ကို တက်လာခဲ့လိုက်ပါလား…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်အား ဆတ်ခနဲ အပေါ်သို့ ဆွဲမြှောက်ချလိုက်ရာ မှော်ဆရာတုနှင့် အခြားသောမှော်ဝိဇ္ဇာမှာ ဟန်ချက်ပျက်ကာ လေပေါ်သို့ ဝုန်းခနဲ မြောက်တက်လာခဲ့ရလေသည်။ အတော်ကြာသွားသည့်အခါမှသာ သူတို့ကိုယ်သူတို့ ဟန်ချက်ညီအောင် ပြန်ထိန်းနိုင်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရင်တဒုန်းဒုန်း ခုန်သွားရလေသည်။ လက်ရှိအချိန်တွင် မှော်ဆရာညိုသည် ညစ်ကျယ်ကျယ်ပြုံးရင်း သူတို့ဆီသို့ လက်သီးဖြင့် ထိုးချလာနေခဲ့လေသည်။
နှစ်ဦးစလုံးမှာ အသက်ကို ပြင်းပြင်းရှူသွင်းရင်း မှော်စွမ်းအားကို ကမန်းကတန်း လှည့်ပတ်၍ သူတို့ရှေ့၌ မှော်ဒိုင်းကာများ အလျင်စလို ဖန်တီးလိုက်ကြလေသည်။
လက်သီးချက်နှစ်ချက်မှာတော့ သူတို့ဆီသို့ လေအလျင်အလား တိုးဝင်လာလေ၏။
“ခရက်…”
အက်ကွဲသံများနှင့်အတူ အဆင့်မြင့်မှော်ဝိဇ္ဇာနှစ်ဦး ဖန်တီးထားသည့် မှော်ဒိုင်းကာများမှာ တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။ ရန်ကိုင်၏လက်သီးချက်သည် ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်းမရှိဘဲ မှော်ဆရာနှစ်ဦးစလုံးမှာ သွားရောက်ထိမှန်လေ၏။
မှော်ဝိဇ္ဇာနှစ်ဦးစလုံးမှာ ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ဘဲ ကြိုးပြတ်သွားသည့် စွန်များပမာ ဝုန်းခနဲ လွင့်စင်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့လေသည်။ ရန်ကိုင်၏လက်သီးချက်ကြောင့် နှစ်ဦးစလုံး၏မျက်နှာများမှာတော့ သွေးချင်းနီနေခဲ့ရလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကုန်ကြလေသည်။ အကုန်လုံးမှာ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။ အထူးသဖြင့် မှော်ဝိဇ္ဇာများပင် ဖြစ်ကြသည်။
လူရိုင်းစစ်သည်တော်များအနေဖြင့် မှော်စွမ်းအင်ကို တစ်ခါမှ မလေ့ကျင့်ဖူးသည့်အတွက်ကြောင့် အဆင့်နိမ့်မှော်ဝိဇ္ဇာနှင့် အဆင့်မြင့်မှော်ဝိဇ္ဇာကြားရှိ ခွန်အားကွာခြားချက်ကို မသိသည်မှာ အထူးအဆန်းမဟုတ်ပါသော်ငြား ဤနေရာတွင်ရှိနေသည့် မှော်ဝိဇ္ဇာများမှာတော့ ထိုအချက်ကို ကောင်းကောင်းသိနေကြလေသည်။ ပုံမှန်အားဖြင့် အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ဦးသည် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ဦးအား အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သူတို့ကြားတွင် အဆင့်သေးနှစ်ဆင့် ကွာခြားနေသည်မဟုတ်ပေလော။ သို့သော်ငြား လက်ရှိ သူတို့ရှေ့ရှိမြင်ကွင်းမှာ သူတို့နားလည်ထားသည့် အကြောင်းအရာများကို အထက်အောက်ပြောင်းပြန် လှန်ပစ်နေခဲ့လေသည်။ သူတို့စိတ်ထဲ လက်ရှိအဖြစ်အပျက်နှင့်ပတ်သက်၍ လုံးဝကို ဉာဏ်မမီနိုင်အောင် ဖြစ်နေကြတော့လေသည်။
အဆင့်မြင့်မှော်ဝိဇ္ဇာနှစ်ပါးမှ ဖန်တီးလိုက်သည့် မှော်ဒိုင်းကာများသည် မှော်ဆရာညို၏ သာမန်လက်သီးချက်ကိုပင် မခုခံနိုင်ခဲ့ပေ။ သူတို့ဖန်တီးခဲ့သည့် မှော်ဒိုင်းကာများသာ ဤမျှ အားနည်းနေသည်ဆိုပါက ဘာကြောင့်များ မှော်စွမ်းအားကို ဆက်၍ လေ့ကျင့်နေပါဦးမည်နည်း။
တကယ့်တကယ်မှာတော့ မှော်ဒိုင်းကာများ အားနည်းလှခြင်းမဟုတ်ဘဲ မှော်ဆရာညိုကကို ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အားကောင်းနေခြင်းသာ ဖြစ်လေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် မှော်ဝိဇ္ဇာအားလုံး ကြက်သီးမွေးညင်း ထသွားကုန်ကြသည်။ မူလကတော့ ရန်ကိုင်မှ လက်နက်များသုံး၍ လူခေါ်နေသည်ကိုကြည့်ရင်း သူတို့စိတ်ထဲ ကြိတ်၍ မကျေမနပ် ဖြစ်ခဲ့ရသည်။ အချို့သောလူများဆိုလျှင် ဥပမာပြရသော် မှော်ဆရာတုကဲ့သို့လူများဆိုလျှင် ရန်ကိုင်အား လူပုံအလယ်တွင် အရှက်ခွဲ၍ သူ့လက်နက်များကို လုယူရန်ပင် ကြိုးစားခဲ့ကြသည်။ သို့သော်ငြား ယခု ရန်ကိုင်၏ခွန်အားကို မြင်တွေ့ပြီးသည့်နောက် မည်သူကများ သူ့အပေါ် ပြဿနာရှာရန် ကြိုးစားရဲပါဦးမည်နည်း။
အဆင့်မြင့်မှော်ဝိဇ္ဇာနှစ်ဦးသည်ပင်လျှင် အတူပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့လေရာ မည်သူကများ သူ့ပြိုင်ဘက် ဖြစ်နိုင်ပါဦးမည်နည်း။
မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့ရသည့် မှော်ဝိဇ္ဇာနှစ်ဦးမှာလည်း အလားတူ ဇဝေဇဝါ ဖြစ်နေကြလေသည်။
မှော်ဆရာတုမှာ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ မတ်တပ်ပြန်ရပ်နိုင်ခဲ့သည်။ ထို့နောက်တွင် ခေါင်းကိုခါရမ်းရင်း ခေါင်းမူးဝေနေသည်ကို ပျောက်အောင် လုပ်လိုက်သည်။ ထိုသို့လုပ်ပြီးသည့်နောက် သူ့ဘေးပတ်ပတ်လည်တွင် ရှိနေသော ကလန်သားများအား ကြောင်တောင်တောင်ဖြင့် လှည့်ပတ်ကြည့်လိုက်လေသည်။ ထို့နောက်တွင် သူ့မျက်နှာသည် ဖြူဖတ်ဖြူလျော် ဖြစ်နေရာမှ နီရဲတက်လာပြီး ဒေါမာန်တကြီးဖြင့် ထအော်တော့လေ၏။ “မင်း ဘယ်လိုတောင် ငါ့ကို အလစ်ချောင်းတိုက်ခိုက်ရဲတာလဲကွ…”
သူသည် ရန်ကိုင်၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို ဝန်မခံခဲ့။ ထို့အစား အလစ်ချောင်းတိုက်ခိုက်ခံခဲ့ရသည်ဟုသာ ပြောခဲ့လေသည်။ သူ့စိတ်ထဲတွင်လည်း ထိုကဲ့သို့သာ ထင်နေမိသည်။ သူသာ သေသေချာချာ ပြင်ဆင်ထားခဲ့မည်ဆိုပါက ယခုကဲ့သို့ လူပုံအလယ်၌ အရှက်ကွဲခဲ့ရလိမ့်မည်မဟုတ်။
တွေးလေတွေးလေ သူ့စိတ်ထဲ ပို၍ ဒေါသထွက်လာရလေပင်။ ရန်ကိုင်အား လူပုံအလယ်တွင် အရှက်ခွဲ၍ ရန်ကိုင်၏လက်နက်များကို လုယူရန် ကြိုးစားခဲ့ပါသော်ငြား ဖွတ်မရ ဓါးမ ဆုံး ဖြစ်သွားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အတွက်ကြောင့် ဤကိစ္စအား ဤအတိုင်း လွှတ်ထား၍မဖြစ်။ ဤအတိုင်းသာ ထားလိုက်မည်ဆိုပါက ဤလူအုပ်ကြီးအား မည်သည့်မျက်နှာနှင့် ရင်ဆိုင်ရပါတော့မည်နည်း။ မည်သူကများ သူ့အဖွဲ့ထဲသို့ ဝင်လာချင်ပါဦးမည်နည်း။
“အဲ့ကောင်ကိုဝိုင်းထားကြစမ်း…” မှော်ဆရာတုက ထအော်လေသည်။
သူ့စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် နှစ်ထောင်နီးပါးခန့်ရှိသော လူရိုင်းစစ်သည်တော်များသည် ဝုန်းခနဲ ပြေးထွက်လာကြပြီး ရန်ကိုင်အား ဘက်ပေါင်းစုံမှ ဝိုင်းလိုက်ကြလေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်ကြောင့် မြေပြင်နှင့် မိတ်ဆက်သွားခဲ့ရသော မှော်ဝိဇ္ဇာမှာလည်း သူ့အဖွဲ့သားများကို တိတ်တဆိတ်အချက်ပြလိုက်ရာ တစ်ထောင်ကျော်ခန့်ရှိသော လူရိုင်းစစ်သည်တော်များမှာ ရန်ကိုင်အနီး၌ သွားရောက်စုဝေးကုန်ကြလေသည်။
ရုတ်ချည်းဆိုသလို လေးထောင်နီးပါးခန့်ရှိသော လူရိုင်းစစ်သည်တော်များသည် မှော်ဆရာတု၏အမိန့်အတိုင်း ရန်ကိုင်အား ဝိုင်းထားလိုက်ကြလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အားဟူနှင့် အခြားသူများမှာတော့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကုန်ကြလေသည်။
ထိုအချင်းအရာကိုမြင်သော် ပွဲကြီးပွဲကောင်း ရပ်ကြည့်နေကြသည့် မှော်ဝိဇ္ဇာများမှာ ယခုအဖြစ်အပျက်သည် အေးအေးဆေးဆေး ပြီးသွားနိုင်တော့လိမ့်မည်မဟုတ်မှန်း သိလိုက်ကာ ချက်ချင်းပဲ နောက်သို့ဆုတ်၍ ဘေးထွက်နေလိုက်ကြတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၃)
ဘာသာပြန်သူ_တိမ်တိုက်
“ခင်ဗျားတို့က တိုက်ခိုက်ချင်တာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ညစ်ကျယ်ကျယ်ပြုံး၍ “ရတယ်လေ…”
ထိုသို့ပြောပြီးသည့်နောက် မန္တန်တစ်ခုကို ရွတ်ဆို၍ သူ့လက်အား ဝှေ့ယမ်းချလိုက်လေသည်။
ရန်ကိုင်မှ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဘက်တွင်ရှိနေသော ထောင်နှင့်ချီသည် လူရိုင်းမျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနီရောင်အလင်းတို့က လွှမ်းခြုံသွားခဲ့လေသည်။ မသိလျှင် ထိုလူရိုင်းစစ်သည်တော်များအား သွေးမြူခိုးများမှာ ဖုံးလွှမ်းသွားသည့်အလား။ ထို့အပြင် အားဟူနှင့် အခြားသူများ၏ ခန္ဓာကိုယ်များဆီမှ အက်ကွဲသံများ၊ ‘ဂျွတ် ဂျွတ် ဂျွတ်’ ဟူသော မြည်သံများ ထွက်ပေါ်လာကုန်ကြလေသည်။ မကြာမီ အားဟူတို့၏ ခန္ဓာကိုယ်များသည် မူလအရွယ်အစားထက် ဆတက်ထမ်းပိုး ကြီးမားလာခဲ့ရာ သူတို့ဝတ်ဆင်ထားသည့် တိရစ္ဆာန်အရေပြားများသည်ပင်လျှင် ခန္ဓာကိုယ်နှင့် ကော်ကပ်ထားသလို ကပ်သွားကုန်ကြလေသည်။ တစ်ချိန်တည်းတွင် သူတို့၏မျက်လုံးများမှာလည်း နီရဲတောက်လာခဲ့ကာ အကုန်လုံးမှာ အလွန်တရာကိုမှ ထိတ်လန့်ဖွယ်ရာကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေကြတော့လေသည်။
သူတို့ကိုယ်ထဲ စီးဆင်းလာသည့် အဆုံးမဲ့စွမ်းအားများကို ခံစားရင်း သူတို့ကိုယ်သူတို့ ဘဝအသစ်တစ်ခု ရလိုက်သလိုပင် ခံစားနေကြရသည်။ အကုန်လုံးမှာ အသစ်ရရှိလာသည့်စွမ်းအားကို ခံစားမိရင်း အလွန်ကိုမှ စိတ်လှုပ်ရှားသွားကုန်ကြလေသည်။ ဤမျှကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားကို ပိုင်ဆိုင်ထားနိုင်လိမ့်မည်ဟု သူတို့ကိုယ်သူတို့ မယုံကြည်နိုင်ကြသည့်ပုံပင်။
ဤသည်မှာ သွေးလောင်ကျွမ်းခြင်းပညာရပ်သာ ဖြစ်လေသည်။
အဆင့်နိမ့်သွေးလောင်ကျွမ်းခြင်းပညာရပ်တော့မဟုတ်။ အဆင့်မြင့်သွေးလောင်ကျွမ်းခြင်းပညာရပ်တစ်ခု ဖြစ်သည်။ ထောင်နှင့်ချီသော လူရိုင်းများ၏ မျက်လုံးများမှာ နီရဲနေခဲ့ပြီး သူတို့ပုံစံမှာ လုံးဝကို အကြောက်အရွံ့မရှိသည့် ပုံစံမျိုး ပေါက်နေပါသော်ငြား အသိစိတ်လွတ်သွားသလိုမျိုးတော့ ဖြစ်မနေခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ အဆင့်မြင့်သွေးလောင်ကျွမ်းခြင်းပညာရပ်ကြောင့်သာ ဖြစ်ပေသည်။ ပုံမှန်သွေးလောင်ကျွမ်းခြင်းပညာရပ်များသည် လူရိုင်းစစ်သည်တော်တစ်ဦးအား ပိုမိုသန်မာလာအောင် လုပ်ပေးနိုင်ပါသော်ငြား သူတို့၏အာရုံငါးပါးခံစားနိုင်စွမ်းကို လျော့ကျသွားစေခဲ့လေသည်။ ထို့အတွက်ကြောင့် နာကျင်မှု၊ မူးဝေမှုတို့ကို မသိတော့ဘဲ အလွန်ကိုမှ အကြောက်အလန့်မရှိ တိုက်ခိုက်နိုင်ကုန်ကြသည်။ တချို့ဆိုလျှင် အရူးတစ်ပိုင်းလိုပင် ဖြစ်သွားခဲ့ရကာ သားရဲများနှင့် ဘာဆိုဘာမှ မခြားတော့ချေ။
သို့သော်ငြား မှော်ဆရာညိုအသုံးပြုလိုက်သည့် သွေးလောင်ကျွမ်းခြင်းပညာရပ်မှာတော့ ထိုကဲ့သို့မဟုတ်။ ထိုကဲ့သို့သော သွေးလောင်ကျွမ်းခြင်းပညာရပ်မျိုးသည် မှော်ဘုရင်တစ်ပါးမှသာ အသုံးပြုနိုင်သည့် သွေးလောင်ကျွမ်းခြင်းပညာရပ်မျိုး ဖြစ်ပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း မှော်ဝိဇ္ဇာပေါင်းများစွာ ထိတ်လန့်သွားကုန်ကြလေသည်။ ဤသွေးလောင်ကျွမ်းခြင်းပညာရပ်တစ်ခုတည်းနှင့်ပင် မှော်ဆရာညိုအပေါ် သူတို့၏အထင်အမြင်များကို ပြောင်းလဲဖို့ရာ လုံလောက်သွားလေပြီ။ အကြောင်းမှာ သူတို့သည် မှော်ဆရာညိုလုပ်သကဲ့သို့ မလုပ်နိုင်သည့် အတွက်ကြောင့်သာ ဖြစ်လေ၏။
မှော်ဆရာညိုမှ သွေးလောင်ကျွမ်းခြင်းပညာရပ်အား လူရိုင်းစစ်သည်တော်တစ်ထောင်အပေါ် အသုံးပြုလိုက်စဉ် သူ့ပုံစံမှာ လုံးဝကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ လူရိုင်းစစ်သည်တော်များမှာလည်း ပိုမိုအားကောင်းလာရုံမှအပ အရူးတစ်ပိုင်းဖြစ်သွားသလို မဖြစ်ခဲ့။ ထိုသို့ဖြစ်အောင် လုပ်နိုင်ဖို့ရာ မှော်ဆရာညိုသည် သူ့စွမ်းအားကို မည်မျှပင် ကောင်းကောင်းထိန်းချုပ်နိုင်နေလေသနည်း။ ထို့အပြင် လက်ရှိပုံစံကို ကြည့်ရသလောက် ဤသည်မှာ သူ့အကန့်အသတ်ဖြစ်သည့်ပုံမပေါ်။ ဤနေရာတွင် တကယ်ကြီး တိုက်ပွဲဖြစ်တော့မည်လား။
တိုက်ပွဲမဖြစ်ဖို့ရာလည်း မဖြစ်နိုင်တော့။ သွေးလောင်ကျွမ်းခြင်းပညာရပ်ကိုပင် အသုံးပြုပြီးသွားပြီ ဖြစ်လေရာ တိုက်ပွဲသည် ဖြစ်ကိုဖြစ်ရပေတော့မည်။
ရန်ကိုင်ကမူ ထိုမျှနှင့် အဆုံးမသတ်သေးခဲ့။ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို ထုတ်သုံးပြီးသည်နှင့် တစ်ပြိုင်နက် အခြားသောမန္တန်များကို ဆက်လက်ရွတ်ဆိုလိုက်ရာ သူ့လူများဆီမှ အလင်းရောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြတော့လေ၏။
အလင်းခန္ဓာကိုယ်ပညာရပ်၊ ကျောက်တုံးချပ်ကာပညာရပ်၊ မဟာခွန်အားပညာရပ်။
ရန်ကိုင်အဖွဲ့သားများ၏ ခန္ဓာကိုယ်များအား အလင်းလွှာများ တစ်လွှာပြီးတစ်လွှာ လွှမ်းခြုံသွားခဲ့သည်။ ယခုဆိုလျှင် အနီရောင်အလင်းလွှာပေါ်၌ ဝါကျင့်ကျင့်အလင်းလွှာတစ်ခု ထပ်မံဖုံးအုပ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူတို့ခြေထောက်များအောက်ဝယ် လေပွေလေးများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ အကုန်လုံး၏ခန္ဓာကိုယ်ဆီမှ ရွှေရောင်အလင်းအချို့လည်း ထွက်ပေါ်နေသေး၏။ ထိုရွှေရောင်အလင်းများသည် မဟာခွန်အားပညာရပ်ကို ကိုယ်စားပြုနေခြင်းသာ ဖြစ်လေသည်။
ထိုအဖြစ်အပျက်ကိုကြည့်ရင်း လေးထောင်နီးပါးခန့်ရှိသော လူရိုင်းစစ်သည်တော်များမှာ ထိတ်လန့်တုန်လှုပ်သွားကုန်ကြကာ နောက်သို့ အလိုလို ဆုတ်သွားမိကုန်ကြလေသည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ တိုက်ပင်တိုက်နေစရာမလိုတော့။ မှော်ဆရာညို၏ အဖွဲ့သားတစ်ဦးသည် လူနှစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှန်းကို လူတိုင်းသိနေကြလေပြီ။
ထိုအချင်းအရာကိုမြင်သော် မှော်ဆရာတုနှင့် အခြားသောမှော်ဝိဇ္ဇာ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ သူတို့သည်သာ သူတို့လူများကိုခေါ်၍ မှော်ဆရာညိုအား ဖိအားပေးမည်ဆိုပါက တစ်ဖက်လူကို ထိတ်လန့်သွားအောင် လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား မှန်းချက်မှာ နှမ်းထွက်မကိုက်ခဲ့ပေ။ တစ်ဖက်လူသည် ကြောက်ရွံ့သွားခြင်းမရှိရုံမက တိုက်ခိုက်ဖို့ရာ အနည်းငယ်မျှပင် ဝန်လေးနေခြင်းမရှိဘဲ သူ့အဖွဲ့သားများကိုပင်လျှင် အမျိုးမျိုးသော မှော်ပညာရပ်များ အသုံးပြုပေးခဲ့လေသည်။
လက်ရှိအချိန်၌ အခြားသောမှော်ဝိဇ္ဇာများနည်းတူ ရန်ကိုင်နှင့်ရင်ဆိုင်နေရသည့် မှော်ဝိဇ္ဇာနှစ်ပါးမှာလည်း အလွန်ကိုမှ ထိတ်လန့်နေကြရတော့သည်။
မှော်ဘုရင်တစ်ပါးသည်ပင်လျှင် ဤမျှများပြားလှသော မှော်ပညာရပ်များကို လူပေါင်းများစွာအပေါ် ထုတ်မသုံးနိုင်ကြပေ။ ထိုသို့ဖြစ်လေရာ အဆင့်နိမ့်မှော်ဝိဇ္ဇာအဆင့်လေးသာရှိသော မှော်ဆရာညိုသည် ဤမျှများပြားလှသည့် မှော်ပညာရပ်များကို မည်ကဲ့သို့များ ထုတ်သုံးနိုင်ခဲ့လေသနည်း။
ယခုမှသာလျှင် မှော်ဆရာညိုကို သူတို့ အကြီးအကျယ် အထင်သေးမိသွားပြီမှန်း နားလည်လိုက်ကြတော့လေသည်။ မှော်ဆရာညို၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မှော်စွမ်းအားသက်သက်သည်ကပင်လျှင် မည်သည့်မှော်ဝိဇ္ဇာမှ သူ့အား မယှဉ်နိုင်တော့ပေ။ ထို့အပြင် မှော်ဆရာညိုသည် အဆင့်နိမ့်မှော်ဝိဇ္ဇာတစ်ဦးသာ ဖြစ်ပေသေးသည်။ သူသာ အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ဦး ဖြစ်လာမည်ဆိုပါက မည်ကဲ့သို့များ ဖြစ်သွားမည်နည်း။
မှော်ဝိဇ္ဇာနှစ်ဦး မက်သက်နေစဉ်မှာပင် ရန်ကိုင်သည် နောက်ထပ်မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ အလင်းစက်အလင်းတန်းတစ်ခု ထပ်မံကျဆင်းလာခဲ့သည်။
ထိုအလင်းတန်း ကျဆင်းလာပြီးသည့်နောက်တွင် ရန်ကိုင်ဘက်တွင်ရှိနေသော လူရိုင်းစစ်သည်တော်များအားလုံး မင်သက်သွားကုန်ကြလေသည်။ ထိုအလင်းတန်းကျဆင်းလာပြီးသည့်နောက် ရန်ကိုင်၏အဖွဲ့သားများ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းများမှာ သူ့ဘာသာသူ အလိုလို စုစည်းသွားကုန်ကြလေသည်။ ထိုအနီရောင်အလင်းတို့ စုဝေးသွားသည့်နောက် ထောင်နှင့်ချီသောလူအုပ်ကြီးမှာ တစ်သားတည်းဖြစ်သွားကြသည့် ပေါင်းစုံသွားသည့် သူတို့၏အရှိန်အဝါသည် မြေပြင်တစ်ခုလုံးကိုပင် တသိမ့်သိမ့် တုန်ခါသွားစေခဲ့လေသည်။
“အသက်ချိန်းကြိုး…” မှော်ဆရာတု၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်ကိုကြည့်နေရင်းမှ သူ့အနေဖြင့် မွန်းစတားတစ်ကောင်ကောင်နှင့်များ ရင်ဆိုင်နေရသလားဟု တွေးရင်း မှော်ဆရာတုမှာ တံတွေးကို တစ်လုပ်ပြီးတစ်လုပ် မျိုချမိနေတော့သည်။
အသက်ချိန်းကြိုးသည် မှော်ဝိဇ္ဇာနှင့် မှော်ဝိဇ္ဇာအထက်ရှိ မှော်ဆရာများသာ အသုံးပြုနိုင်သည့် မှော်ပညာရပ်တစ်မျိုး ဖြစ်ပေသည်။ ထိုမှော်ပညာရပ်သည် မြောက်မြားလှစွာသော လူရိုင်းစစ်သည်တော်များ၏ အသက်စွမ်းအင်ကို အတူတကွ ချိတ်ဆက်ပေးနိုင်သည်။ အသက်ချိန်းကြိုးများ၏ ချိတ်ဆက်မှုအောက်တွင် လူရိုင်းစစ်သည်တော်များ ခံစားရမည့် ထိခိုက်မှုမှာလည်း အကုန်လုံးဆီသို့ ပြန့်ကျဲသွားခဲ့လေရာ လူရိုင်းစစ်သည်တော်များအနေဖြင့် သာမန်ထက် ပိုမိုသည့် ထိခိုက်မှုများကို ခံနိုင်လာတော့လေသည်။
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များသည် အစုလိုက်အပြုံလိုက်တိုက်ခိုက်ကြရာတွင် ဤကဲ့သို့သော မှော်ပညာရပ်မျိုးကို အသုံးပြုလေ့ ရှိကြပေသည်။
သို့ရာတွင် မှော်ဝိဇ္ဇာများသည် အသက်ချိန်းကြိုးပညာရပ်ကို သင်ကြားလေ့ကျင့်အသုံးပြုနိုင်ကြပါသော်ငြား အသက်ချိန်းကြိုးပညာရပ်ကို အသုံးပြုဖို့ရာ အခြားသောမှော်ဆရာများ၏ အကူအညီကိုလည်း လိုအပ်ပေသည်။
လူနည်းနည်းသာဆိုလျှင်တော့ ကိစ္စမရှိပေ။ အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ဦးသည် လူနှစ်ရာလောက်၏ အသက်စွမ်းအင်ကို သူ့ဘာသာတစ်ဦးတည်း ချိတ်ဆက်ပေးနိုင်ပေသည်။ သို့သော်ငြား ထောင်နှင့်ချီသော လူအုပ်ကြီး၏ အသက်စွမ်းအင်ကို ချိတ်ဆက်ပေးဖို့ရာဆိုလျှင်တော့ အဆင့်မြင့်မှော်ဝိဇ္ဇာတစ်ဦးတည်းဖြင့်ပင် မလုံလောက်တော့ဘဲ အခြားသောမှော်ဝိဇ္ဇာများ၊ မှော်သခင်များ၏ အကူအညီကိုပါ လိုအပ်လာခဲ့လေပြီ။
သို့ရာတွင် မှော်ဆရာညိုကမူ ထောင်နှင့်ချီသော လူအုပ်ကြီး၏ အသက်စွမ်းအင်ကို သူတစ်ဦးတည်း ချိတ်ဆက်ပေးသွားခဲ့သည်။
သူတို့သည်သာ ယခုအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရခြင်းမဟုတ်ပါက လုံးဝကို ယုံနိုင်လိမ့်မည်မဟုတ်ချေ။
အဆင့်မြင့်မှော်ဘုရင်တစ်ပါးမှ အသုံးပြုလိုက်သည့် အသက်ချိန်းကြိုးပညာရပ်သည်သာ ထောင်နှင့်ချီသောလူအုပ်ကြီး၏ အသက်စွမ်းအင်ကို တစ်သားတည်းဖြစ်အောင် ချိတ်ဆက်ပေးနိုင်ပေသည်။
မှော်ဆရာတုနှင့် အခြားသောမှော်ဝိဇ္ဇာများသည်လည်း အသက်ချိန်းကြိုးပညာရပ်ကိုထုတ်သုံး၍ သူတို့အဖွဲ့သားများ၏ အသက်စွမ်းအင်ကို ချိတ်ဆက်ပေးနိုင်ပါသော်ငြား ထိုကဲ့သို့လုပ်ဖို့ရာ သူတို့အနေဖြင့် သူတို့၏လက်အောက်တွင်ရှိနေသော မှော်သခင်များ၊ မှော်စစ်သည်တော်များနှင့် သေသေချာချာ ဆွေးနွေးညှိနှိုင်းထားကြရန် လိုအပ်ပေသည်။ သို့သော်ငြား ရန်ကိုင်လုပ်သွားသကဲ့သို့ သူတို့ဘာသာ တစ်ကိုယ်တည်း ထောင်နှင့်ချီသော လူအုပ်ကြီး၏ အသက်စွမ်းအင်ကိုတော့ မချိတ်ဆက်ပေးနိုင်ပေ။
“ကဲ… ဒီမှော်ဆရာက အဆင်သင့်ဖြစ်နေပြီနော်… ဘယ်ချိန်တိုက်ကြမှာလဲ…” ရန်ကိုင်သည် မှော်ဆရာတုအား အထက်စီးမှ ငုံ့ကြည့်ရင်းမှ ထူးမခြားနားလေသံဖြင့်မေးလိုက်လေသည်။ ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် အခြားသောမှော်ဝိဇ္ဇာများ မျက်နှာကြီးမဲ့ကုန်ကြလေသည်။
ဤမျှများပြားလှသော မှော်ပညာရပ်များကို အသုံးပြုပြီးသည့်တိုင် ရန်ကိုင်မှာ အနည်းငယ်မျှပင် ပင်ပန်းနွမ်းနွယ်ပုံမပေါ်။ ထိုအကောင် လူမှဟုတ်သေးရဲ့လော။
ပုံမှန်အားဖြင့် မှော်ဝိဇ္ဇာတစ်ဦးသည်သာ မြောက်မြားလှစွာသော လူများအပေါ် မှော်ပညာရပ် နှစ်ခုသုံးခုလောက် ထုတ်သုံးပြီးသွားပြီဆိုပါက အတော်လေးကိုမှ ပင်ပန်းနွမ်းနွယ်သွားပေလိမ့်မည်။
ထို့အပြင် ယခုတိုက်ပွဲသည် တိုက်လို့ရော ထိုက်တန်ပါရဲ့လော။ မှော်ဆရာညိုထုတ်သုံးသွားသည့် အခြားသောမှော်ပညာရပ်များမှာ ဘာမှကိစ္စမရှိ။ ထိုမှော်ပညာရပ်များသည် သူ့အဖွဲ့သားများအပေါ် မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ မဖြစ်စေ။ သို့သော်ငြား ပြဿနာအကြီးကြီးရှိသည့် မှော်ပညာရပ်တစ်ခုတော့ ရှိပေသေးသည်။ ထိုမှော်ပညာရပ်မှာ သွေးလောင်ကျွမ်းခြင်းပညာရပ်သာ ဖြစ်ပေသည်။ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို အသုံးပြုပြီးသွားသည်နှင့်တစ်ပြိုင်နက် လူရိုင်းစစ်သည်တော်များမှာ ရက်အတန်ကြာအောင် အားနည်းသွားပေလိမ့်မည်။
ထို့အတွက်ကြောင့် သွေးလောင်ကျွမ်းခြင်းပညာရပ်ကို သူ့အဖွဲ့သားအပေါ် တုံ့ဆိုင်းခြင်းမရှိ ထုတ်သုံးလိုက်သည်မှာ မှော်ဆရာညို ရူးနေခြင်းပေလော။ ထိုသို့လုပ်ခြင်း၏ အကျိုးဆက်ကို သူမသိလေလော။
အလွန်ကိုမှ မောက်မာဝံ့ကြွားနိုင်လွန်းသည့် ရန်ကိုင်၏ပုံစံကိုကြည့်ရင်း မှော်ဆရာတု၏မျက်နှာ နီရဲလာခဲ့ပြီး စကားတစ်ခွန်းပင် ပြန်မပြောနိုင်တော့ချေ။
သူ တကယ်ကြီး မှော်ဆရာညိုနှင့် တိုက်ခိုက်ရမည်လား။
တကယ့်တကယ်တော့ သူသည် ရန်ကိုင်နှင့် မတိုက်ခိုက်ချင်ပေ။ သူ၏ရည်ရွယ်ချက်မှာ ရန်ကိုင်အား ခြိမ်းခြောက်ရန်သာ ဖြစ်ပေသည်။ သို့သော်ငြား တစ်ဖက်လူသည် မကြောက်သည့်အပြင်ကိုမှ သူပြောလိုက်သည်ကို အတည်မှတ်ယူကာ သူနှင့် တကယ်ကြီးတိုက်ခိုက်ရန်ပင် ကြိုးစားလာခဲ့လေသည်။
မှော်ဆရာတုမှာ ရန်ကိုင်အား ယခုကဲ့သို့ လာပြဿနာရှာမိသည်ကိုပင်လျှင် နောင်တရနေခဲ့လေပြီ။
“အို…” ရန်ကိုင်က မှော်ဆရာတုအား လှောင်ပြုံးပြုံးကာ စိုက်ကြည့်ရင်းမှ မှော်ဆရာတုမျက်နှာကိုကြည့်ရတာ တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ပုံပဲ… မှော်ဆရာတုကို ပြင်ဆင်ချိန်နည်းနည်းလောက် ပေးဖို့ လိုနေသေးတာ…”
ရန်ကိုင်၏စကားကြောင့် မှော်ဆရာတု၏မျက်နှာ နီတက်သွားခဲ့ရလေသည်။ ချက်ချင်းပဲ ပြန်၍ အော်ပြောလိုက်လေ၏။ “မှော်ဆရာညို… မောက်မာလွန်းမနေနဲ့… ဒါ ဘုရင့်မြို့တော်မလို့ ငြိမ်နေတာ… မင်းကိုကြောက်နေလို့ ငြိမ်နေတာမဟုတ်ဘူး… တော်ကြာ မှော်ဘုရင်ကို သွားနှောင့်ယှက်မိသွားရင် ပြဿနာတက်မှာစိုးလို့ ငါ့ဘာသာငါ ပြဿနာအကြီးကြီး မဖြစ်ချင်တာ… သိပ်ပြီး ရောင့်တက်လွန်းမလာနဲ့…”
မှော်ဆရာတုပါးစပ်မှ ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် မှော်ဝိဇ္ဇာများ၏မျက်နှာထက် အမျိုးမျိုးသော အမူအယာများ ထွက်ပေါ်လာကုန်ကြလေသည်။ အကုန်လုံးမှာ လက်ရှိအခြေအနေကို နားလည်နေကြလေပြီ။ မှော်ဆရာတုမှာ တကယ်သာ တိုက်ခိုက်မည်ဆိုလျှင် သူ့အတွက် နိုင်နိုင်ခြေမရှိမှန်း သိသည့်အတွက်ကြောင့် ပါးစပ်အားကိုးဖြင့် သူ့ဂုဏ်သိက္ခာမကျအောင် လုပ်လိုက်ခြင်းဖြစ်လေသည်။
သို့သော်ငြား ယခုအဖြစ်အပျက်ပြီးသည့်နောက်တွင် မှော်ဆရာတု၏ ဂုဏ်သတင်းမှာ လုံးဝကို အောက်သို့ ဆုံးဆုံးကျသွားပြီဟု ပြော၍ရသည်။ သူ့အနေဖြင့် မည်သည့်စစ်သည်တော်ကိုမှ ထပ်မံခေါ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား မှော်ဆရာညိုကမူ ထိုသို့မဟုတ်။ အဆင့်မြင့်မှော်ဝိဇ္ဇာနှစ်ဦးအား လက်သီးတစ်ချက်စီဖြင့် လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့ရုံသာလျှင်မဟုတ်ဘဲ အမျိုးမျိုးသောမှော်ပညာရပ်များကို ထုတ်သုံးပြသွားခဲ့သည့် အတွက်ကြောင့် အခြားသောလူရိုင်းစစ်သည်တော်များမှာ ရန်ကိုင်အဖွဲ့ထဲသို့ ပိုဝင်လာချင်ပေတော့မည်။ ကံကောင်းစွာဖြင့် မှော်ဘုရင်သည် မှော်ဝိဇ္ဇာတစ်ဦးလျှင် အဖွဲ့သား နှစ်ထောင်မှ သုံးထောင်ခန့် စုဆောင်းရန်သာ အမိန့်ပေးထားခဲ့သည်။ ထိုသို့သာမဟုတ်ပါဘဲ မှော်ဝိဇ္ဇာတစ်ဦးသည် မိမိကြိုက်သလောက် အဖွဲ့သားများကို ခေါ်ယူ၍ရသည်ဆိုပါက အခြားမှော်ဝိဇ္ဇာများအနေဖြင့် မည်သည့်လူကိုမှ ခေါ်နိုင်တော့လိမ့်မည်မဟုတ်ဘဲ ဤနေရာတွင်ရှိနေသော လူရိုင်းစစ်သည်တော်အားလုံးသည် ရန်ကိုင်ဆီသို့ ပြေးသွားကုန်ကြပေလိမ့်မည်။
“ဒီတော့ မှော်ဆရာတုပြောချင်တာက အခုချိန်က တိုက်ခိုက်ရမယ့်အချိန် မဟုတ်သေးဘူးပေါ့ ဟုတ်လား…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် စိတ်ပျက်သွားဟန်ဖြင့် “ဟား… အဲ့ဒါနဲ့များ အချိန်တွေလာဖြုန်းနေတယ်… စိတ်ပျက်စရာပဲ…”
မှော်ဆရာတုက အေးစက်စက်အမူအယာဖြင့် “ငါတို့အားလုံးက တောင်ပိုင်းလူရိုင်းကလန်သားတွေပဲ… အချင်းချင်းတိုက်ခိုက်နေကြတာ ဘာအကျိုးရှိမှာမို့လို့လဲ… မင်းတိုက်ခိုက်ချင်ရင် နတ်ဆိုးမျိုးနွယ်စုကို သွားတိုက်ခိုက်ပြီးတော့ နတ်ဆိုးမျိုးနွယ်စုတွေကို ဘယ်သူက ပိုသတ်နိုင်မလဲ ပြိုင်လေ…”
ရန်ကိုင်က သူ့မေးစေ့ကိုပွတ်ရင်းမှ ခေါင်းညိတ်လိုက်လေသည်။ “မှော်ဆရာတုပြောတာလည်း ဟုတ်တာပဲနော်…”
မှော်ဆရာတု၏အမူအယာ ပြေလျော့သွားခဲ့လေသည်။ “ဟုတ်တယ်မလား…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း စစ်မြေပြင်မှာ ပြိုင်ကြတာပေါ့…”
“ကြည့်ကြည့်လိုက်… ဒီမှော်ဆရာ မင်းကို မရှုံးစေရဘူး…” မှော်ဆရာတုသည် သူ့လက်ကိုဝှေ့ယမ်း၍ စိန်ခေါ်မှုကို လက်ခံလိုက်လေသည်။ ထိုအခါမှသာလျှင် သူ့အဖွဲ့သားနှစ်ထောင်ကျော်မှာလည်း သက်ပြင်းချနိုင်သွားကြတော့သည်။
ထိုသို့ပြောပြီးသည့်နောက် မှော်ဆရာတု လှည့်ထွက်သွားလေ၏။ ထိုအခိုက်အတန့်တွင် လေပြင်းလေညှင်းတို့ သူ့ခန္ဓာကိုယ်အား ပွတ်သပ်တိုက်ခတ်သွားခဲ့လေသည်။ ထိုအခါမှသာလျှင် သူ့ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေကြောင်း မှော်ဆရာတု သတိထားမိသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး တုန်ရီမိသွားခဲ့ပြီး ယခုကဲ့သို့ မိုက်မိုက်ကန်းကန်း လုပ်ရကောင်းလေလားဟု သူ့ကိုယ်သူလည်း ပြန်၍ အပြစ်တင်မိလိုက်လေသည်။
ရန်ကိုင်သည်လည်း အမျိုးမျိုးလက်ကွက်များကို ထုတ်ဖော်၍ သူအသုံးပြုထားသည့် မှော်ပညာရပ်များကို ပြန်ရုတ်သိမ်းလိုက်လေသည်။
ရန်ကိုင်မှ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို ပြန်ရုတ်သိမ်းလိုက်ပြီးသည့်နောက်တွင် သူတို့စိတ်ထဲ လုံးဝ အားမရှိတော့သလို မခံစားရသည့်အတွက်ကြောင့် အားဟူနှင့်အခြားသူများ အံ့အားသင့်သွားကုန်ကြရလေသည်။ အနည်းငယ်မောပန်းသလို ခံစားရပါသော်ငြား ထိုမျှလောက်သည် သူတို့တတ်နိုင်သည့်ဘောင်အတွင်းတွင် ရှိနေပေသေးသည်။ ထိုမျှလောက်သော ဘေးထွက်ဆိုးကျိုးမှာ သူတို့ကဲ့သို့ အားကောင်းလှသည့် လူရိုင်းစစ်သည်တော်များအတွက်တော့ ဘာမျှ မပြောပလောက်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၄)
ဘာသာပြန်သူ_တိမ်တိုက်
မှော်ဆရာတု၏လုပ်ရပ်သည် ရန်ကိုင်အား အရှက်မခွဲနိုင်ခဲ့ရုံမက ရန်ကိုင်၏အဆင့်အတန်းကို မြှင့်တင်ပေးလိုက်သလိုပင် ဖြစ်သွားခဲ့လေသည်။
ယခုဆိုလျှင် လူတိုင်းမှာ မှော်ဆရာညိုသည် အကောင်သာသေးပါသော်ငြား အလွန်ကိုမှ အားကောင်းသည့် မှော်ဝိဇ္ဇာတစ်ဦးဖြစ်ကြောင်း သိသွားကုန်ကြလေပြီ။ ထိုကဲ့သို့သော လူမျိုးကိုသာ ခေါင်းဆောင်တစ်ဦးအဖြစ် ရရှိထားမည်ဆိုပါက နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် တိုက်ခိုက်ရာတွင် သူတို့၏လုံခြုံရေးမှာ ပို၍ စိတ်ချရနိုင်ပေသည်။ ထို့အပြင် မှော်ဆရာညို၏ အဖွဲ့ထဲသို့ ဝင်မည်ဆိုပါက လက်နက်တစ်ခုလည်း ရနိုင်ပေသေးလေရာ မည်သူကများ သူ့အဖွဲ့ထဲသို့ မဝင်ချင်ဘဲ နေပါဦးမည်နည်း။
ထိုအကြောင်းကြောင့် မှော်ဆရာတု ထွက်သွားပြီးသည့်နောက်တွင် လူပေါင်းများစွာ ရန်ကိုင်အဖွဲ့သို့ ဝင်ရန် ရောက်ရှိလာကြတော့သည်။ အမွှေးတိုင်တစ်ချောင်းစာအတွင်း ရန်ကိုင်စီစဉ်ထားသည့် လူနှစ်ထောင်ကို ခေါ်လို့ပြီးသွားခဲ့လေသည်။
ရန်ကိုင်သည် လူတစ်ယောက်ချင်းကို လိုက်ခေါ်မနေခဲ့ပဲ တစ်ရွာလုံးကို သူ့အဖွဲ့ထဲသို့ ခေါ်သွင်းခဲ့သည်။ လူနှစ်ထောင်နီးပါးခန့် ခေါ်သွင်းခဲ့သည့်အတွက်ကြောင့် စုစုပေါင်း ရွာ ရှစ်ဆယ်၊ ကိုးဆယ်ခန့်ကို သူ့အဖွဲ့ထဲသို့ ခေါ်သွင်းခဲ့သည်ဟု ပြော၍ရပေသည်။
သူခေါ်ထားသည့်လူများအနက် ၉၉ရာခိုင်နှုန်းသည် သာမန်လူရိုင်းစစ်သည်တော်များနှင့် မြားသမားများဖြစ်ကြပြီး ကျန်လူများမှာတော့ မှော်ဆရာများ ဖြစ်ကြပေသည်။
တီယာသည် ခေါ်ယူထားသည့် လူနှစ်ထောင်၏ ခွန်အား၊ နာမည်နှင့် မည်သည့်နေရာမှ လာသလဲဆိုသည်ကို ရေးသားမှတ်တမ်းတင်၍ ရန်ကိုင်ဆီသို့ ပြန်လည်အစီရင်ခံ တင်ပြလေသည်။
ရန်ကိုင်နှင့်အတူ ဘုရင့်မြို့တော်သို့ ရောက်လာခဲ့ကြသော ရွာသားများအပြင် ယခုထပ်ခေါ်လိုက်သည့် ရွာသားများအားလုံး ပေါင်းလိုက်သော် ယခုဆိုလျှင် ရန်ကိုင်၏လက်အောက်၌ မှော်ဆရာ ၁၃ပါးရှိနေပြီဟု ပြော၍ရလေသည်။ ထို၁၃ပါးအနက် ၄ပါးမှာ မှော်စစ်သည်တော်များဖြစ်ကြပြီး ကျန်၉ဦးမှာတော့ မှော်အတတ်သင်များ ဖြစ်ကြလေသည်။
သူ့အဖွဲ့ထဲ၌ မည်သည့်မှော်သခင်မှ ရှိမနေခဲ့ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်လည်း ဘာမှမတတ်နိုင်ခဲ့။ မှော်သခင်များကိုတွေ့ဖို့ရာမှာ လွယ်ကူသည်မှ မဟုတ်လေဘဲ။ အချို့သောရွာများတွင် မှော်စစ်သည်တော်များကိုပင် တွေ့ရဖို့ ခဲယဉ်းနေလေရာ မှော်သခင်များဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ ပုံမှန်အားဖြင့် မှော်သခင်များကို လူပေါင်း ထောင်နှင့်ချီရှိသော ကလန်ငယ်လေးများနှင့် အဓိကမြို့ကြီးများတွင်သာ မြင်တွေ့နိုင်ကြပေသည်။
သို့သော်ငြား မှော်သခင်မရှိခြင်းသည် ရန်ကိုင်အတွက်တော့ ပြဿနာမဟုတ်ချေ။ သူ့တွင် မှော်ဝိဇ္ဇာဖြစ်သော တီယာ ရှိနေသည် မဟုတ်ပေလော။
အခြားသောမှော်ဝိဇ္ဇာများ၏ လက်အောက်တွင် မှော်သခင်များ ရှိကြပါသော်ငြား ရန်ကိုင်တွင်မူ မှော်ဝိဇ္ဇာဖြစ်သည့် တီယာ ရှိနေလေသည်။ ထို့အပြင် တီယာသည် သာမန်မှော်ဝိဇ္ဇာတစ်ဦးမဟုတ်။ တီယာကို စီနီယာချင်ကိုယ်တိုင်မှ ပျိုးထောင်ပေးထားခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် အားကောင်းလှသည့် မှော်ပညာရပ်များကို စီနီယာချင်မှ တီယာအား သင်ပေးထားခဲ့ရပေလိမ့်မည်။ တိုက်ပွဲစလာမည်ဆိုပါက သူတို့နှစ်ယောက်သာ အတူပူးပေါင်းမည်ဆိုလျှင် သုံးထောင်သောစစ်သည်တော်များအပေါ် မှော်ပညာရပ်များ ကောင်းကောင်း အသုံးပြုပေးနိုင်ပေလိမ့်မည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ ခေါ်ယူစုဆောင်းရရှိထားသည့် လူသုံးထောင်ကို အဖွဲ့ငယ်လေး ဆယ်ဖွဲ့အဖြစ်သို့ ခွဲလိုက်လေသည်။ အဖွဲ့တစ်ဖွဲ့တွင် လူနှစ်ရာ့ငါးဆယ်မှ သုံးရာအထိ ခန့်ထားစေ၏။ ထို့နောက်တွင် အဖွဲ့ငယ်များအနက် အားအကောင်းဆုံးသော လူရိုင်းစစ်သည်တော်များနှင့် မြားသမားများကို အဖွဲ့ခေါင်းဆောင်၊ ဒုအဖွဲ့ခေါင်းဆောင်များအဖြစ် သတ်မှတ်လိုက်လေသည်။
ရန်ကိုင်သည် လူသုံးထောင်အနက်မှ အယောက်တစ်ရာကိုရွေး၍ လက်ရွေးစင်စစ်သည်တော်များအဖြစ်လည်း ခန့်အပ်ခဲ့ပေသည်။
ထိုလက်ရွေးစင်စစ်သည်တော်များ၏ တာဝန်မှာ အခြားမဟုတ်။ စစ်ပွဲစလာသည့်နောက်တွင် ရန်ကိုင်နှင့် တီယာမဟုတ်သော အဖွဲ့ထဲရှိ အခြားသောမှော်ဆရာများကို ကာကွယ်ပေးရန်သာ ဖြစ်လေသည်။
ရန်ကိုင်အဖွဲ့ထဲတွင် ရှိနေသော မှော်ဆရာများမှာ မှော်စစ်သည်တော်များ၊ မှော်အတတ်သင်များသာ ဖြစ်ကြသည့်အတွက်ကြောင့် တကယ့်စစ်ပွဲကြီးတွင် အရေးပါသည့်ကဏ္ဍမှ မပါဝင်နိုင်ကြပါသော်ငြား အသေးစားတိုက်ပွဲများတွင် မှော်ဆရာများကိုသာ အားကိုးရပေမည်။ ရန်ကိုင်သည် ဖြစ်သမျှတိုက်ပွဲတိုင်းတွင် သူကိုယ်တိုင်ဝင်ပါနေရန် အချိန်မရှိပေ။ ထို့အတွက်ကြောင့် ထိုမှော်ဆရာများသာ တစ်ခုခုဖြစ်သွားမည်ဆိုပါက ရန်ကိုင်အတွက် အလွန်ကိုမှ အလုပ်ရှုပ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင် ယခုကဲ့သို့ စီစဉ်ထားရခြင်း ဖြစ်လေသည်။
အချို့သောမှော်ဝိဇ္ဇာများသည် ရန်ကိုင်၏ စီမံခန့်ခွဲပုံကို သေသေချာချာ ကြည့်နေကြလေသည်။ လူသုံးထောင်ကို အဖွဲ့ခွဲ၍ ခေါင်းဆောင်အသီးသီး ခန့်အပ်ခြင်းသည် သူတို့အတွက် အတော်လေးကိုမှ ဝန်ပေါ့သွားစေမှန်း သိလိုက်ရသော် အခြားသောမှော်ဝိဇ္ဇာများသည်လည်း ရန်ကိုင်နည်းတူ သူတို့လူများကို အဖွဲ့ခွဲ၍ စတင် စီမံတော့လေသည်။
ရန်ကိုင်၏စွမ်းရည်ကို မြင်တွေ့ထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့လက်အောက်ရှိလူသုံးထောင်မှာ အလွန်ကိုမှ နာခံကြလေသည်။ သူတို့ရွေးချယ်ထားသည့် ခေါင်းဆောင်မှာလည်း အမှန်တကယ်ကိုမှ မှန်ကန်သည်ဟု ယုံကြည်နေကြသည်။ ထိုအကြောင်းကြောင့်ပင် လာမည့်တိုက်ပွဲတွင် အခြားသောကလန်သားများထက် ပို၍ အသာစီးရတော့မည်ဟုလည်း သူတို့စိတ်ထဲ ခံစားနေကြရလေသည်။
အချင်းချင်း ရင်းနှီးအောင် လုပ်ထားပြီး အဖွဲ့လိုက် သေချာလှုပ်ရှားနိုင်ရန်အတွက် လေ့ကျင့်ထားရန် ပြောပြီးသည့်နောက်တွင် ရန်ကိုင်နှင့် တီယာသည် ဘုရင့်မြို့တော်ဆီမှ ထွက်လာခဲ့လေသည်။
“ငါတို့ အခု ဘယ်သွားမှာလဲ…” ရန်ကိုင် ဘာလို့ သူမအား ဆွဲခေါ်လာမှန်း မသိသည့်အတွက်ကြောင့် တီယာက မေးလိုက်လေ၏။
ရန်ကိုင်သည် နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ ဆက်သွားနေရင်းမှ ပြောလိုက်လေ၏။ “ဘုရင့်မြို့တော်ထဲမှာရှိတုန်းက သားရဲရိုင်းအချို့ကို တွေ့ခဲ့လို့ ငါ အခု နည်းနည်းပါးပါး သွားဖမ်းမလားလို့…”
“အဲ့သားရဲတွေကို ဖမ်းပြီးတော့ ဘာလုပ်မလို့လဲ…” တီယာက အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်လေသည်။
“သားရဲတွေကို ဖမ်းပြီးတော့ ငါတို့အတွက် အသုံးတည့်အောင် လေ့ကျင့်ပေးရမယ်လေ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဆရာချင် နင့်ကို သားရဲတွေကိုထိန်းကျောင်းတဲ့ ပညာရပ် သင်ပေးထားတယ်မလား…”
တီယာက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် သင်ပေးထားတယ်… ဒါပေမယ့် ငါ တစ်ခါမှ မသုံးဖူးဘူး… တကယ် အသုံးတည့်လား မတည့်လားလည်း မသိဘူး…”
“ကိစ္စမရှိဘူး… သိထားတယ်ဆိုရင်ရပြီ… တကယ်အသုံးတည့်မတည့်ကတော့ စမ်းကြည့်မှသိမှာပေါ့…” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်လေသည်။
“ဒါပေမယ့် သားရဲရိုင်းတွေကို ဘယ်မှာရှာရမလဲ နင်သိလို့လား…”
“ငါ့နောက်လိုက်ခဲ့… ဘုရင့်မြို့တော်ထဲက သားရဲရိုင်းတွေက လေထဲကနေ ဗြုန်းစားကြီး ပေါ်လာတာမဟုတ်ဘူး… သူတို့တောင် သားရဲရိုင်းတွေကို ဖမ်းနိုင်တာ… ငါတို့ကရော ဘာလို့ မဖမ်းနိုင်ရမှာလဲ…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် ပျံသန်းသွားလေသည်။
ရန်ကိုင်သည် ဘုရင့်မြို့တော်အနီးတစ်ဝိုက်တွင် ရှိနေသော နေရာတစ်ခုအကြောင်းကို စုံစမ်းထားပြီးသားပင်။ ဘုရင့်မြို့တော်မှ နေ့ဝက်ခန့်ကြာအောင် သွားရသော နေရာတစ်ခုတွင် တောင်တန်းကြီးတစ်ခု ရှိပေသည်။ ရန်ကိုင်ဖမ်းဆီးချင်နေသည့် သားရဲရိုင်းများသည် ထိုတောင်တန်းထဲတွင် နေနေကြခြင်း ဖြစ်လေသည်။
ညတွင်းချင်းတောက်လျှောက် ထွက်လာခဲ့ရာ မနက်နေထွက်ချိန်သို့ရောက်သော် ရန်ကိုင်တို့ရှေ့၌ တောင်တန်းကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုတောင်တန်းကြီးမှာ နဂါးကြီးတစ်ကောင် မြေပြင်ထက် အိပ်စက်လှဲလျောင်းနေသည့် ပုံစံမျိုး ပေါက်နေခဲ့လေ၏။ တောင်တန်းထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ချက်မျှပင်မနားဘဲ တောက်လျှောက်ကို ဆက်သွားလေသည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် သူတို့ခေါင်းပေါ်ဆီမှ စူးရှသည့်အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင်လည်း ရပ်၍ ခေါင်းမော့ကြည့်လိုက်ရာ ကျိုးတိုးကျိုးတဲဖြစ်နေသော သစ်ရွက်များကြားမှ သိမ်းငှက်ကဲ့သို့သော သားရဲရိုင်းတစ်ကောင် တောင်ကြားတစ်ခုထဲသို့ ထိုးဆင်းသွားသည်ကို တွေ့လိုက်ရလေသည်။ ထိုသိမ်းငှက်ကြီး လေပေါ်ပြန်တက်လာသည့်အခါ ၎င်း၏ခြေသည်းများကြား၌ အဆက်မပြတ် ရုန်းကန်နေသော ဧရာမစပါးကြီးမြွေတစ်ကောင် ရှိနေကြောင်း တွေ့လိုက်ရလေသည်။
စပါးကြီးမြွေကြီးသည် အဆက်မပြတ်ရုန်းကန်ရင်းမှ သိမ်းငှက်ကြီး၏ ခြေထောက်များကိုပါ တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလေသည်။
သေသေချာချာထိန်းမရတော့သည့်နောက်တွင် သိမ်းငှက်မှာ ၎င်း၏နှုတ်သီးဖြင့် စပါးကြီးမြွေ၏ ခန္ဓာကိုယ်ကို ထိုးဆိတ်လေရာ သွေးများ ကောင်းကင်ပေါ်မှ မီုးသီးမိုးပေါက်များနှယ် ကျဆင်းလာကုန်ကြလေသည်။ စပါးကြီးမြွေမှာ ထိုသို့ဖြစ်ပြီးသည့်နောက်တွင် ပို၍ပင် ရုန်းကန်လာခဲ့ရာ သိမ်းငှက်ကြီးမှာ လေပေါ်မှ ပြုတ်ကျခါနီးပင် ဖြစ်သွားခဲ့ရလေသည်။
နောက်ဆုံးတွင် သိမ်းငှက်ကြီးသည် ၎င်း၏ပါးစပ်ကိုဟလျက် လေဓါးသွားများကို ပစ်လွှတ်လိုက်ရာ စပါးကြီးမြွေ၏ ခန္ဓာကိုယ်ကြီးမှာ အပိုင်းပိုင်းအထစ်ထစ် ဖြစ်သွားရလေသည်။ ထို့နောက်တွင် သိမ်းငှက်သည် စူးရှစွာ အော်မြည်လျက် ၎င်း၏သားကောင်ကို ခြေသည်းဖြင့်ကုပ်ယူရင်း တောင်တန်းထဲရှိ တစ်နေရာဆီသို့ ပျံသန်းသွားလေ၏။
“နင် အဲ့လိုသားရဲရိုင်းတွေကို လိုချင်နေတာလား…” ရန်ကိုင်မှ သိမ်းငှက်ကြီးအား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေသည်ကိုမြင်သော် တီယာက မေးလိုက်လေသည်။
“ဟုတ်တယ်လေ… အဲ့လိုသားရဲရိုင်းတွေကိုပဲ ငါလိုချင်နေတာ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သိမ်းငှက်ကြီးနောက်သို့ ပြေးလိုက်သွားလေ၏။
တီယာ ဆွံ့အ သွားတော့လေသည်။ ရန်ကိုင်သည် သားရဲရိုင်းများကို ဖမ်းရန် ဤနေရာသို့ လာခဲ့ခြင်းမှန်း သိပါသော်ငြား ရန်ကိုင်ဖမ်းချင်နေသည့် သားရဲရိုင်းများမှာ မိုးပျံသားရဲရိုင်းများ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မိုးပျံသားရဲရိုင်းများမှာ သာမန်သားရဲရိုင်းများထက် ဖမ်းရ ပို၍ခက်လှသည်။ ထို့အပြင် ဤသိမ်းငှက်ကြီး၏ အရွယ်အစားနှင့် ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို ကြည့်ရသလောက် သိမ်းငှက်ကြီး၏ ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ မြင့်လောက်ပေသည်။ သူမ၏သားရဲထိန်းကျောင်းခြင်းပညာရပ် ဤကဲ့သို့သောသားရဲမျိုးအပေါ် သက်ရောက်မှုရှိမလားဆိုသည်ကို တီယာမပြောတတ်ချေ။
သူမစိတ်ထဲ အဆင်မပြေဘူးဟု ခံစားနေရသည့်တိုင် ရန်ကိုင်ကိုယ်တိုင်က ထိုကဲ့သို့ လုပ်ချင်နေသည့်အတွက်ကြောင့် တီယာလည်း ဘာမှပြောမနေတော့ဘဲ ရန်ကိုင်နောက်မှသာ လိုက်သွားခဲ့လေသည်။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် မြင့်မားလှသည့် ကျောက်ဆောင်များ ဝန်းရံနေသော တောင်ကြီးတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ကျောက်ဆောင်များထက်တွင်တော့ မရေမတွက်နိုင်သော ဧရာမအသိုက်ကြီးများ ရှိနေခဲ့ပြီး သိမ်းငှက်တစ်ကောင်ချင်းစီတိုင်းသည် ထိုအသိုက်များပေါ်တွင် ရှိနေကြလေသည်။
ထို့အပြင် အစာရှာထွက်ရန်အတွက် တောင်ကြားထဲမှ ထွက်သွားသည့် သိမ်းငှက်များ၊ အစာရှာပြီး ပြန်လာသည့် သိမ်းငှက်များကိုလည်း တီယာတို့ မြင်တွေ့ရလေသည်။
“အများကြီးပဲ…” ထိုသိမ်းငှက်ကြီးများကိုကြည့်ရင်း တီယာက ပြောလိုက်သည်။
“များလေပိုကောင်းလေပဲ…” ရန်ကိုင် ပြုံးဖြီးလိုက်လေသည်။ သူ့အတွက်မူ သိမ်းငှက်များများရှိလေ ပိုကောင်းလေပင်။ သို့သော်ငြား သားရဲထိန်းကျောင်းခြင်းပညာရပ် ထိုသိမ်းငှက်များအပေါ် အကျိုးသက်ရောက်မှု ရှိသလား မရှိဘူးလား ဆိုသည်မှာလည်း အရေးကြီးပေသေးသည်။ အကျိုးသက်ရောက်မှုသာ မရှိပါက သူ၏အစီအစဉ်မှာ အချည်းနှီး ဖြစ်သွားရပေလိမ့်မည်။
“ဒီမှာ ခဏစောင့်နေ… ငါ တစ်ချက် သွားကြိုးစားကြည့်လိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
တီယာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပြီး ရန်ကိုင်အား လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ချင်းမလှပျောက်သွားကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ရာ မကြာမီတွင် တစ်ခုခုအား ခံစားမိသွားခဲ့ပြီး ကျောက်နံရံတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက် ရန်ကိုင်အား တွေ့လိုက်ရလေသည်။
ရန်ကိုင် ထိုနေရာသို့ မည်ကဲ့သို့ ရောက်လို့ရောက်သွားမှန်းကို တီယာမသိပါသော်ငြား ယခုအချိန်တွင်တော့ ရန်ကိုင်သည် သိမ်းငှက်ကြီးတစ်ကောင်၏ လည်ပင်းကို လက်ဖြင့်ဆွဲကိုင်၍ အောက်သို့ ဆွဲချထားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် အသိုက်ထဲဝင်နေ၍ သိမ်းငှက်ကြီး၏ ခန္ဓာကိုယ်ကို သူ့အပေါ်သို့ အုပ်မိုး၍ အခြားသောသိမ်းငှက်များ သူ့အား မမြင်အောင် ပုန်းကွယ်နေခဲ့လေသည်။
တစ်ခဏအကြာတွင် အလင်းတစ်ချက်လက်သွားခဲ့ပြီး သိမ်းငှက်ကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
သိမ်းငှက်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ဆိုသလို တောင့်တောင့်ကြီးဖြစ်သွားကြောင်းကို တီယာ တွေ့လိုက်ရသည်။ ခဏအကြာ၌ သိမ်းငှက်ကြီးသည် ပုံမှန်အတိုင်း ပြန်ထရပ်လာပြီး မူလအတိုင်း ဆက်၍ ရပ်နေလေသည်။
(သူ အောင်မြင်သွားတာလား…)
တီယာ၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ သားရဲထိန်းကျောင်းခြင်းပညာရပ်သည် အလွန်ကိုမှ အသုံးပြုရခက်လှသည့် ပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်ကို အသုံးပြုရန်အတွက် မြောက်မြားလှစွာသော မှော်စွမ်းအားကို လိုအပ်ရုံမက မှော်ဝိဇ္ဇာတစ်ဦး ဖြစ်နေရန်လည်း လိုအပ်ပေသေးသည်။ တစ်နည်းဆိုရသော် သားရဲထိန်းကျောင်းခြင်းပညာရပ်သည် မှော်ဝိဇ္ဇာနှင့် ထိုထက်မြင့်သည့်ပညာရှင်များသာ အသုံးပြုနိုင်သည့် ပညာရပ်တစ်ခု ဖြစ်လေသည်။
သားရဲထိန်းကျောင်းခြင်းပညာရပ်ကို အသုံးပြုလိုက်မည်ဆိုပါက အောင်မြင်သွားခဲ့မည်ဆိုလျှင် အသုံးပြုလိုက်သည့်သားရဲရိုင်း၏ ခန္ဓာကိုယ်ထဲ အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့နိုင်မည်ဖြစ်ကာ ထိုသားရဲ၏အသက်ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ သို့သော်ငြား မအောင်မြင်ခဲ့ပါက အသုံးပြုလိုက်သည့်လူသည် ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးကို ခံစားရရုံသာမက အသုံးပြုခံရသည့် သားရဲရိုင်းမှာလည်း သေသွားရပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် သားရဲထိန်းကျောင်းခြင်းပညာရပ်ကို သားရဲတစ်ကောင်ကောင်အပေါ် အသုံးပြုပါက ထိုသားရဲရိုင်းကို ဦးစွာဖမ်းဆီး၍ မိမိနှင့်ရင်းနှီးအောင်လုပ်ခြင်းသည် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပေသည်။ သို့မှသာလျှင် သားရဲထိန်းကျောင်းခြင်းပညာရပ်ကို အသုံးပြုလိုက်သည့်အခါ သားရဲရိုင်းမှာ မိမိနှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည့်အတွက်ကြောင့် အောင်မြင်နိုင်ချေ ပိုများနိုင်ပေသည်။
ယခု ရန်ကိုင် လုပ်သကဲ့သို့ မိမိနှင့် လုံးဝရင်းနှီးခြင်းမရှိသည့် သားရဲတစ်ကောင်အပေါ် သားရဲထိန်းကျောင်းခြင်းပညာရပ် အသုံးပြုလိုက်ခြင်းသည် ကျရှုံးနိုင်ချေ အလွန်ကိုမှ များလှပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ တိုက်တိုက်ဆိုင်ဆိုင်ကို အောင်မြင်သွားခဲ့သည်။
ရန်ကိုင်နှင့် အတူနေပြီးသည့်နောက်တွင် တီယာမှာ ထပ်တလဲလဲကို အံ့အားသင့်နေခဲ့ရလေသည်။ ရန်ကိုင်လုပ်ပြခဲ့သည့် အရာအားလုံးမှာ သူမအတွက်တော့ လုံးဝကို မဖြစ်နိုင်သည့် အရာများချည်းသည်သာ။
(သူ ကံကောင်းသွားတာလား…) တီယာ တွေးနေခဲ့သည်။
ထို့နောက်တွင် ရန်ကိုင်၏ ထိန်းကျောင်းခြင်း ခံလိုက်ရသည့် သိမ်းငှက်ကြီးမှာ ၎င်း၏ တောင်ပံများကို ဖြန့်ကျက်၍ တီယာဘက်ဆီသို့ ပျံသန်းလာခဲ့လေသည်။
တစ်ခဏအကြာတွင် သိမ်းငှက်ကြီးသည် တီယာရှေ့သို့ ရောက်လာခဲ့ပြီး ရန်ကိုင်သည် သိမ်းငှက်ကြီး၏ ငှက်မွေးများကြားမှ ခေါင်းပြူထွက်လာလျက် တီယာကိုကြည့်ကာ ပြောလိုက်လေသည်။ “ငါ အကြံတစ်ခုရထားတယ်… နင် ပူးပေါင်းပေးဖို့တော့ လိုလိမ့်မယ်…”
တီယာက ငေးကြောင်ကြောင့်ဖြင့် ပြန်မေးလိုက်သည်။ “ဘာအကြံလဲ…”
ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ “ငါ သိမ်းငှက်ဘုရင်ကို ဖမ်းမလို့…”
တီယာ၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်မှ သူ့အစီအစဉ်ကို ရှင်းပြပြီးလိုက်သည့်နောက် တီယာ ဆန့်ကျင်ခြင်းမရှိတော့ချေ။
သိမ်းငှက်ကြီးကို သားရဲထိန်းကျောင်းခြင်းပညာရပ်ဖြင့် ထိန်းကျောင်းလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ဤသိမ်းငှက်ကြီး၏ အတွေးများကို ဝိုးတိုးဝါးတား သတိပြုမိသွားနိုင်ခဲ့သည်။ သိမ်းငှက်ကြီး၏ အတွေးများမှတစ်ဆင့် ဤနေရာတွင် သိမ်းငှက်ဘုရင်တစ်ပါး ရှိနေပြီး ဤနေရာရှိ သိမ်းငှက်အားလုံးမှာ ထိုသိမ်းငှက်ဘုရင်၏ အမိန့်ကို နာခံကြောင်း ရန်ကိုင် သိသွားခဲ့ရသည်။
ရန်ကိုင်သည်သာ ထိုသိမ်းငှက်ဘုရင်ကို ထိန်းကျောင်းနိုင်မည်ဆိုပါက ဤသိမ်းငှက်အားလုံးကို သူ့လက်အောက်သို့ အလိုလို ခေါ်သွင်းလိုက်နိုင်သလို ဖြစ်သွားမည်ဖြစ်လေရာ ဤနေရာရှိ သိမ်းငှက်အားလုံးကို တစ်ကောင်ချင်း လိုက်လံဖမ်းဆီးနေခြင်းထက် အများကြီး ပိုအဆင်ပြေသွားပေလိမ့်မည်။
ရန်ကိုင်တို့နှစ်ဦးသည် ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် နောက်ဆုံး အစီအစဉ်ကို ရေးဆွဲလို့ ပြီးသွားခဲ့လေသည်။
ထို့နောက်တွင် သိမ်းငှက်ကြီးသည် လေပေါ်သို့ ထပ်မံ၍ ပျံတက်သွားလေသည်။ ရန်ကိုင်နှင့် တီယာတို့မှာတော့ သိမ်းငှက်ကြီး၏ ကျောဘက်ပေါ်တွင် ပုန်းအောင်းနေလေ၏။ သိမ်းငှက်ကြီး၏ကျောပြင်သည် ရန်ကိုင်နှင့် တီယာတို့နှစ်ဦး ချောင်ချောင်ချိချိ ထိုင်နိုင်လောက်အောင်ကို ကျယ်ပြောလှပေသည်။ ထို့အပြင် ၎င်း၏ အမွေးအတောင်များမှ ဖုံးကွယ်ပေးထားသည့်အတွက်ကြောင့် ရန်ကိုင်နှင့် တီယာတို့နှစ်ဦးမှာ ကိုယ်ရောင်ဖျောက်ထားသလို ဖြစ်နေလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၅)
ဘာသာပြန်သူ_တိမ်တိုက်
ဧရာမသိမ်းငှက်သိုက်ကြီးထဲတွင် ရန်ကိုင်သည် သိမ်းငှက်ဘုရင်အား လှုပ်မရအောင် ချုပ်ထားရင်းမှ သားရဲထိန်းကျောင်းသည့် ပညာရပ်များကို ဆက်တိုက် ထုတ်သုံးနေခဲ့လေသည်။ သို့သော်ငြား ထိုသားရဲထိန်းကျောင်းသည့် ပညာရပ်များသည် သိမ်းငှက်ဘုရင်အပေါ် အလုပ်မဖြစ်ခဲ့ဘဲ သိမ်းငှက်ဘုရင်သည် ၎င်း၏ မျက်လုံးနီကြီးများဖြင့် ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေ၏။
သိမ်းငှက်သိုက်နားတစ်ဝိုက်တွင်တော့ ရာနှင့်ချီသည့် သိမ်းငှက်များ ရှိနေကြလေသည်။ တီယာသည် ဒိုင်းကာပညာရပ်ကိုသုံး၍ သိမ်းငှက်အသိုက်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။ တစ်ချိန်တည်းတွင် ရာနှင့်ချီသော သိမ်းငှက်များသည် သူတို့၏သိမ်းငှက်ဘုရင်ကို ကယ်ဆယ်နိုင်ရန်အတွက် လေဓါးသွားများကို အဆက်မပြတ် ပစ်လွှတ်နေခဲ့လေသည်။ သို့သော်ငြား ထိုလေဓါးသွားအားလုံးမှာ တီယာ၏ မှော်ဒိုင်းကာ၏ တားဆီးထားခြင်း ခံရလေသည်။
ရန်ကိုင်နှင့် တီယာတို့သည် သိမ်းငှက်တစ်ကောင်ကို ထိန်းချုပ်ပြီးသည့်နောက်တွင် သိမ်းငှက်ဘုရင်ရှိနေသည့် အသိုက်ဆီသို့ ပျံသန်းလာခဲ့သည်။ ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် သိမ်းငှက်ဘုရင်အား လှုပ်မရအောင်ချုပ်၍ သားရဲထိန်းကျောင်းခြင်းပညာရပ်ကို ထုတ်သုံးလိုက်သည်။ သို့သော်ငြား ပထမအကြိမ်၌ မအောင်မြင်ခဲ့ချေ။ ရန်ကိုင်မှ ထိုကဲ့သို့ ထုတ်သုံးပြီးပြီးချင်းမှာပင် သိမ်းငှက်ဘုရင်သည် စူးစူးဝါးဝါး ထအော်လေသည်။ ထို့အတွက်ကြောင့် အနီးအနားတွင်ရှိနေသော သိမ်းငှက်များအားလုံး နိုးနိုးကြားကြား ဖြစ်သွားကြပြီး သိမ်းငှက်ဘုရင်အသိုက် ရှိနေသည့် နေရာဆီသို့ ပြေးလာကုန်ကြလေ၏။ တီယာမှ သိမ်းငှက်ဘုရင်အသိုက်အား မှော်ဒိုင်းကာပညာရပ်ဖြင့် အချိန်မီ ဖုံးအုပ်လိုက်သည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် သိမ်းငှက်ဘုရင်အပေါ် သားရဲထိန်းကျောင်းသည့် ပညာရပ်များကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။
ဤသိမ်းငှက်များ၏ အဆင့်မှာ သိပ်မမြင့်လှသလို နိမ့်လည်း မနိမ့်လှချေ။ တီယာသာ အနားရှိပါက ထိုသိမ်းငှက်အားလုံးကို ချက်ချင်း သတ်ပစ်နိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်တို့ ဤနေရာသို့ လာရခြင်းမှာ သိမ်းငှက်များကို သတ်ရန်မဟုတ်ဘဲ ထိန်းချုပ်ရန် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တီယာမှာ သိမ်းငှက်များအား ထိခိုက်အောင် မလုပ်ရဲခဲ့ပဲ သိမ်းငှက်များ၏ တိုက်ခိုက်မှုများကိုသာ တောက်လျှောက် ခုခံနေခဲ့ရသည်။ ထို့အတွက်ကြောင့် သူမ၏ခွန်အားအပြည့်ကိုလည်း ထုတ်မသုံးနိုင် ဖြစ်နေရလေသည်။
“အားညို… မြန်မြန်လုပ်… ငါ အကြာကြီး ထိန်းမထားနိုင်တော့ဘူး…” တီယာ၏နဖူးထက် ချွေးသီးများ ဝေ့သီနေခဲ့လေသည်။ ရာနှင့်ချီသော သိမ်းငှက်များ၏ တိုက်ခိုက်မှုများကို တရစပ် ခုခံနေရသည်မှာ သူမအတွက်လည်း အလွန်ကိုမှ အားကုန်လှပေသည်။
“ငါ ကြိုးစားနေတယ်…” ထိုသို့ပြောရင်းမှ ရန်ကိုင်သည် သားရဲထိန်းကျောင်းခြင်းပညာရပ်တစ်ခုကို သိမ်းငှက်ဘုရင်ခန္ဓာကိုယ်ဆီသို့ ထပ်မံ၍ ပစ်လွှတ်လိုက်သည်။ သို့သော်ငြား မအောင်မြင်သေးချေ။
သို့တိုင် ရန်ကိုင်၏ သားရဲထိန်းကျောင်းသည့် ပညာရပ်ကြောင့် သိမ်းငှက်ဘုရင်မှာ အတော်လေးကိုမှ ဒဏ်ရာရထားခဲ့လေရာ ၎င်း၏ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျနေတော့သည်။ သားရဲထိန်းကျောင်းခြင်းပညာရပ်သည် သိမ်းငှက်ဘုရင်အား အညံ့ခံလာအောင် မလုပ်နိုင်သေးပါသော်ငြား သိမ်းငှက်ဘုရင်အား ဒဏ်ရာရအောင်တော့ လုပ်ထားနိုင်ခဲ့လေသည်။ ဤသိမ်းငှက်ဘုရင်သည် အခြားသောသိမ်းငှက်များထက် အဆပေါင်းများစွာ ပိုအားကောင်းနေသည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက သားရဲထိန်းကျောင်းခြင်းပညာရပ် ထပ်တလဲလဲ အသုံးပြုခံထားရသည့်အတွက်ကြောင့် ဤသိမ်းငှက်ဘုရင် သေနေလောက်ပေပြီ။
သို့သော်ငြား သိမ်းငှက်ဘုရင်မှာ အားကောင်းသည့်တိုင် လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ အကြာကြီး တောင့်ခံနိုင်တော့မည့်ပုံမပေါ်။
သိမ်းငှက်ဘုရင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ ရန်ကိုင်က ခြိမ်းခြောက်လိုက်လေသည်။ “ကျုပ် ဘာပြောနေလဲဆိုတာကို ခင်ဗျား နားလည်လိမ့်မယ်လို့ ထင်တယ်… ခင်ဗျား နားမလည်နိုင်ဘူးဆိုရင်တောင် ကျုပ် ဘာကိုဆိုလိုချင်လဲ ဆိုတာကိုတော့ သဘောပေါက်လောက်မှာပေါ့… ခင်ဗျားမှာ ရွေးစရာနှစ်ခုရှိတယ်… အညံ့ခံမလား သေမလားပဲ… ကျုပ်မှာ ခင်ဗျားနဲ့ ဖြုန်းနေဖို့ အချိန်မရှိဘူး… ခင်ဗျားမှာလည်း ဘာမှ ရွေးစရာမရှိတော့ဘူး… မြန်မြန်ဆုံးဖြတ်…”
သူ့စကားဆုံးသွားပြီးသည့်နောက် ရန်ကိုင်သည် သားရဲထိန်းကျောင်းခြင်းပညာရပ်ကို သိမ်းငှက်ဘုရင်အပေါ် ထပ်မံထုတ်သုံးလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ၏အမှတ်အသားသည် သိမ်းငှက်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ပင် မဝင်နိုင်တော့ဘဲ သိမ်းငှက်ဘုရင်၏ ခန္ဓာကိုယ်မှ ပြန်ကန်ထွက်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏မျက်နှာ ခက်ထန်သွားခဲ့ပြီး ကြိတ်၍ ဆဲရေးတိုင်းထွာလိုက်လေသည်။ ထို့နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား သူ့မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကိုမြှောက်၍ လဓါးသွားတစ်စင်းကို ဖန်တီးကာ အပြင်ဘက်တွင်ရှိနေသော သိမ်းငှက်တစ်ကောင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ လဓါးသွား၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ထိုသိမ်းငှက်မှာ ရှောင်ချိန်ပင်မရလိုက်ဘဲ နှစ်ပိုင်း ပြတ်ထွက်သွားခဲ့လေ၏။ သွေးများမှာ ရေပန်းအလား ကောင်းကင်ပေါ်မှ ဖြာကျလာခဲ့လေသည်။
တီယာသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင် ဘာလုပ်ချင်နေလို့ လုပ်ချင်နေမှန်း သူမ နားမလည်။
ရန်ကိုင်သည် သိမ်းငှက်ဘုရင်ကို စိုက်ကြည့်နေရင်းမှ ထပ်မံ၍ ခြိမ်းခြောက်လိုက်လေသည်။ “ခင်ဗျား ကျုပ်ကို တစ်ကြိမ်ငြင်းတိုင်း ကျုပ် ခင်ဗျားလက်အောက်ငယ်သားတစ်ကောင်ကို သတ်မယ်… ခင်ဗျား ဘယ်နှစ်ကြိမ်ငြင်းနိုင်မလဲ ကြည့်ရသေးတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် သားရဲထိန်းကျောင်းခြင်းပညာရပ်ကို ထပ်မံထုတ်သုံးတော့သည်။
ယခုတစ်ကြိမ်တွင်တော့ သူပစ်လွှတ်လိုက်သည့် အမှတ်အသားမှာ ပြန်ထွက်လာခဲ့ခြင်း မရှိခဲ့။ သို့သော်ငြား သိမ်းငှက်ဘုရင် ခုခံနေသေးသည်မှာတော့ အသိသာကြီးပင်။ ရန်ကိုင်၏ သားရဲထိန်းကျောင်းခြင်းပညာရပ်မှာ အလုပ်မဖြစ်ခဲ့ပေ။
ထိုအခါ ရန်ကိုင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ပဲ လဓါးသွားတစ်စင်းကို ထပ်မံဖန်တီး၍ နောက်ထပ်သိမ်းငှက်တစ်ကောင်အား ထပ်မံသတ်ပစ်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ သိမ်းငှက်ဘုရင် စူးစူးရွားရွား ထအော်တော့လေသည်။ ရန်ကိုင်၏မှော်ပညာရပ်ကြောင့် လှုပ်မရဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်ပါက သိမ်းငှက်ဘုရင်သည် ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန်အတွက် သူ့ဆီသို့ ပြေးဝင်လာနေလောက်ပေပြီ။
သို့သော်ငြား ရန်ကိုင်ကမူ စိတ်ညစ်သွားခြင်းမရှိဘဲ ဝမ်းပင် သာနေခဲ့ကာ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်လေသည်။
“ကောင်းတယ်… ခင်ဗျား ဒေါသထွက်တာ တကယ်ကောင်းတယ်… ခင်ဗျား သူတို့ကို မသေစေချင်ဘူးဆိုရင် အညံ့ခံလိုက်…”
သားရဲထိန်းကျောင်းသည့် ပညာရပ်များသည် ဤခေတ်တွင်သာလျှင်မဟုတ် ရန်ကိုင့်ခေတ်တွင်လည်း အသုံးပြုကြပေသည်။ ကြယ်တာရာအစုအဝေးတွင် သားရဲဂိုဏ်းဟုခေါ်သည့် ဂိုဏ်းပင် ရှိနေသေးသည်။ ထိုဂိုဏ်းသည် မွန်းစတားသားရဲများကို ထိန်းချုပ်ရာတွင် နာမည်ကျော်ကြားပြီး ဂိုဏ်းသားတစ်ဦးချင်းစီသည် သားရဲပေါင်းများစွာကို ထိန်းချုပ်ထားကြပေသည်။ ထိုဂိုဏ်းများသည် သူတို့နှင့်အဆင့်တူ ကျင့်ကြံသူပေါင်းများစွာကို တစ်ပြိုင်တည်း ယှဉ်တိုက်နိုင်ကြလေ၏။
သို့သော်ငြား ထိုသားရဲဂိုဏ်းအသုံးပြုသည့် သားရဲထိန်းကျောင်းသည့်နည်းလမ်းမှာ အလွန်ကိုမှ သိမ်မွေ့လှပြီး ရှုပ်လည်းရှုပ်ထွေးသလို အချိန်လည်းကုန်ပေသည်။
ရန်ကိုင်သည် ယနေ့ခေတ် သားရဲထိန်းကျောင်းခြင်းပညာရပ်များ၏ လျှို့ဝှက်ချက်များကို မသိပါသော်ငြား ထိုပညာရပ်များမှာ ယခု သူရောက်ရှိနေသည့် ရှေးခေတ်မှ ဆင်းသက်သာခြင်း ဖြစ်ရမည်မှန်းတော့ သိနေခဲ့သည်။ သားရဲထိန်းကျောင်းသည့် ပညာရပ်များ မည်ကဲ့သို့ပင် ကွာခြားနေစေကာမူ ထိုပညာရပ်များ၏ ဦးတည်ချက်မှာ တစ်ခုတည်းသာ ဖြစ်ပေသည်။ သားရဲများကို အညံ့ခံအောင် လုပ်လာရန်ပင် ဖြစ်လေ၏။
ထို့အတွက်ကြောင့် မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ သားရဲကို အညံ့ခံအောင် လုပ်နိုင်မည်ဆိုပါက အဆင်ပြေသွားပြီဟု ပြော၍ရပေသည်။
ရန်ကိုင်၏လက်ရှိခွန်အားအရ သူ့တွင် အချိန်သာရှိမည်ဆိုပါက ဤသိမ်းငှက်ဘုရင်ကို အညံ့ခံလာအောင် လုပ်ရန် မခက်လှပေ။ သို့သော်ငြား ပြဿနာမှာမူကား သူ့တွင် အချိန်မရှိ။ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် စစ်ပွဲသည် အချိန်မရွေး ထဖြစ်နိုင်သည့်အတွက်ကြောင့် သိမ်းငှက်များကို မြန်မြန်ဆန်ဆန် အညံ့ခံလာအောင်လုပ်ကာ ဘုရင့်မြို့တော်ဆီသို့ ချက်ချင်း ပြန်သွားရပေမည်။
သို့သော်ငြား သိမ်းငှက်ဘုရင်သည် အလွန်ကိုမှ ခေါင်းမာလွန်းနေသည့်အတွက်ကြောင့် ရန်ကိုင်လည်း အကြမ်းနည်းများကို သုံးရတော့သည်။
သိမ်းငှက်ဘုရင်သည် သူ၏ကိုယ်ပိုင်အသက်ကို ဂရုစိုက်လိမ့်မည် မဟုတ်ပါသော်ငြား သိမ်းငှက်ဘုရင်၏လက်အောက်တွင် အခြားသော သိမ်းငှက်ပေါင်းများစွာ ရှိနေလေသည်။ ထိုသိမ်းငှက်များ တစ်ကောင်ပြီးတစ်ကောင် သေနေသည်ကို သိမ်းငှက်ဘုရင် ဤအတိုင်း ထိုင်ကြည့်နေနိုင်မည်လား။
ရန်ကိုင်မှ သိမ်းငှက်တစ်ကောင်ကို သတ်လိုက်တိုင်း သိမ်းငှက်ဘုရင်မှာ ပိုပို၍ ဒေါသထွက်လာလေရာ သိမ်းငှက်ဘုရင်ကိုချုပ်နှောင်၍ ရန်ကိုင်မှ မှော်စွမ်းအားဖြင့် ဖန်တီးထားသည့် ချိန်းကြိုးများသည်ပင်လျှင် သိမ်းငှက်ဘုရင်၏ အကြမ်းပတမ်းရုန်းကန်မှုကြောင့် တချွင်ချွင် မြည်လာရတော့သည်။
ရန်ကိုင်ကမူ မျက်နှာသေဖြင့် ရှိနေပြီး သိမ်းငှက်ဆယ်ကောင်ကို တရစပ် သတ်ပြလိုက်လေသည်။ ထိုအခါမှသာလျှင် သိမ်းငှက်ဘုရင်လည်း ခေါင်းမာမနေနိုင်တော့ဘဲ ရိုးကျိုးသွားရတော့လေသည်။
သူသာ လက်မလျှော့ပါက ရန်ကိုင်သည် သူ့မိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်မည်မှန်း သိနေခဲ့လေသည်။
ရန်ကိုင်သည် သိမ်းငှက်ဘုရင်၏ အမူအယာကို သေသေချာချာ စောင့်ကြည့်နေလေသည်။ သိမ်းဘုရင်အညံ့ခံသွားပြီမှန်း သိလိုက်သည့်အခါမှသာလျှင် သားရဲထိန်းကျောင်းခြင်းပညာရပ်ကို ထပ်မံ၍ ထုတ်သုံးလိုက်လေသည်။ သူထင်ထားသည့်အတိုင်း ယခုတစ်ကြိမ်၌ သူပစ်လွှတ်လိုက်သည့် အမှတ်အသားမှာ ပြန်ကန်ထွက်လာခြင်းမရှိဘဲ သိမ်းငှက်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ထိုးဖောက်ဝင်သွားခဲ့လေသည်။
ရန်ကိုင်၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားခဲ့ပြီး သူ့စိတ်ထဲ သိမ်းငှက်ဘုရင်နှင့် တစ်မျိုးတစ်ဖုံ ဆက်သွယ်သွားသလို ခံစားလိုက်ရလေသည်။ လက်ရှိ သူသည် သိမ်းငှက်ဘုရင်၏ သေခြင်းရှင်ခြင်းကို အချိန်မရွေး ထိန်းချုပ်နိုင်လေပြီ။
ယခင်က အလွန်ကိုမှ မာနကြီး မောက်မာခဲ့သော သိမ်းငှက်ဘုရင်သည် ယခုအချိန်တွင် အလွန်ကိုမှ နာခံကာ ငြိမ်ကုပ်နေခဲ့လေသည်။
“ပြီးသွားပြီ…” ရန်ကိုင်က ပြုံးဖြီးရင်း သိမ်းငှက်ဘုရင်၏ခေါင်းကို ပုတ်၍ ဆေးလုံးအချို့ကို ထုတ်ပေးလိုက်လေသည်။
သိမ်းငှက်ဘုရင်သည် ရန်ကိုင်ထုတ်ပေးလာသည့် ဆေးလုံးများကို သေသေချာချာ စိုက်ကြည့်နေလေ၏။ ခဏအကြာ၌ ထိုဆေးလုံးများကို ကောက်ကာ မျိုချလိုက်လေသည်။ ဆေးလုံးများ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ကြောင့် သိမ်းငှက်ဘုရင် ရထားသည့် ဒဏ်ရာအားလုံး ချက်ချင်း ပြန်လည်ပျောက်ကင်းသွားတော့လေသည်။
ရန်ကိုင်သည် သိမ်းငှက်ဘုရင်နှင့် ဆက်သွယ်၍ အပြင်ဘက်တွင်ရှိနေသော သိမ်းငှက်များကို ငြိမ်အောင်လုပ်ရန် အမိန့်ပေးလိုက်လေသည်။ သိမ်းငှက်ဘုရင်လည်း ရန်ကိုင်ပြောသည့်အတိုင်း ချက်ချင်းပဲ စူးစူးဝါးဝါး အော်မြည်လိုက်လေသည်။
သိမ်းငှက်ဘုရင်၏အမိန့်ကို ရပြီးသည့်နောက်တွင် အပြင်ဘက်တွင် ပျံဝဲလျက် သူ့အား တိုက်ခိုက်ရန် ကြိုးစားနေကြသော သိမ်းငှက်များအားလုံး ဆက်လက်တိုက်ခိုက်ခြင်း မရှိကြတော့ဘဲ ၎င်းတို့၏တောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း လေထဲတွင်သာ ဝဲနေကြတော့သည်။
ထိုအချင်းအရာကိုမြင်သော် တီယာသည် သက်ပြင်းချလျက် ရန်ကိုင်ကိုပြန်ကြည့်ကာ မေးလိုက်လေ၏။ “အဆင်ပြေသွားပြီလား…”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။
ထိုအခါမှသာလျှင် တီယာလည်း သူမ၏မှော်ဒိုင်းကာကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ ခွန်အား အလွန်အကျွံ သုံးစွဲထားရသည့် အတွက်ကြောင့် သူမ၏မျက်နှာလေးမှာတော့ အနည်းငယ် ဖြူလျော်နေခဲ့လေ၏။
“နားနေလိုက်တော့… အခုကနေစပြီး ငါ တာဝန်ယူလိုက်မယ်…” တီယာအား ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သိမ်းငှက်ဘုရင်နှင့် ဆက်သွယ်ကြည့်လိုက်လေသည်။
သိမ်းငှက်ဘုရင်၏ ကျင့်ကြံခြင်းသည် လူအသွင်ယူလို့ ရလောက်သည်အထိ မြင့်မားခြင်းမရှိပါသော်ငြား သိမ်းငှက်ဘုရင်မှာ အတော်လေးကိုမှ အသိဉာဏ်ရှိသည်ဟု ပြော၍ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သိမ်းငှက်ဘုရင်နှင့် ဆက်သွယ်ရန်အတွက် အချိန် အများကြီး ဖြုန်းနေစရာမလိုခဲ့ဘဲ တစ်ခဏအတွင်း သိမ်းငှက်ဘုရင်အား သူ့အဖွဲ့သားများကို သူတို့နှင့်သက်ဆိုင်ရာ အသိုက်များအသီးသီးဆီသို့ ပြန်သွားရန် အမိန့်ပေးနိုင်ခဲ့လေသည်။
သိမ်းငှက်ဘုရင်၏အမိန့် ရသွားပြီးသည့်နောက် သိမ်းငှက်ဘုရင်၏အသိုက်အပြင်ဘက်တွင် ပျံဝဲနေကြသော သိမ်းငှက်များမှာလည်း ၎င်းတို့၏ အသိုက်အသီးသီးဆီသို့ ပျံသန်းသွားကြလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သိမ်းငှက်ဘုရင်နှင့်အတူ သိမ်းငှက်တစ်ကောင်ချင်းဆီသို့ သွားလေသည်။
ရန်ကိုင်ကိုယ်တိုင်သည်သာ သူ့ဘာသာ ထိုသိမ်းငှက်များဆီသို့ သွားမည်ဆိုပါက ထိုသိမ်းငှက်များ၏ မာန်ဖီရန်လိုခြင်း ခံရလိမ့်မည် ဖြစ်ပါသော်ငြား သိမ်းငှက်ဘုရင်ရှိနေသည့်အတွက်ကြောင့် ထိုသိမ်းငှက်များမှာ ရန်ကိုင်အပေါ် အနည်းငယ်မျှပင် ရန်လိုခြင်းမရှိကြဘဲ လုံးဝကို ငြိမ်နေကြလေသည်။
ထိုသို့ဖြင့် ရန်ကိုင်သည် သားရဲထိန်းကျောင်းသည့် ပညာရပ်များကို ထိုသိမ်းငှက်များအပေါ် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့လေ၏။
တစ်နာရီခန့်ကြာအောင် ထိုနည်းအတိုင်း လုပ်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် သိမ်းငှက်များအားလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းနိုင်ခဲ့လေသည်။ သေသေချာချာ ရေတွက်ကြည့်လိုက်သည့်နောက် သိမ်းငှက်အရေအတွက်မှာ ရာနှင့်မချီပါသော်ငြား ခုနှစ်ဆယ့်ခြောက်ကောင် ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ဤသိမ်းငှက်များနှင့်ဆိုပါက ရန်ကိုင်သည် သူစီစဉ်ထားသည့် အကြံအစည်ကို စတင်အကောင်အထည်ဖော်၍ ရပေပြီ။
တစ်နာရီခန့်ကြာအောင် အနားယူပြီးသည့်နောက် တီယာ အားပြန်ပြည့်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် သိမ်းငှက်ဘုရင်ကို စီးနှင်လျက် လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့သည်။
သိမ်းငှက်ဘုရင်နောက်တွင်တော့ သိမ်းငှက်ခုနှစ်ဆယ့်ခြောက်ကောင် လိုက်ပါလာခဲ့လေသည်။
သိမ်းငှက်များ၏ ပျံသန်းသည့်နှုန်းမှာ အတော်လေးကိုမှ မြန်လှသည်ဟု ပြောရမည်။ မှော်ဝိဇ္ဇာတစ်ဦး အရှိန်ကုန်တင်၍ ပျံသန်းနေသည့်နှုန်းအောက် နိမ့်ကျခြင်းမရှိ။ ထို့အပြင် လေတိုက်သည့်ဒဏ်ကိုလည်း မခံစားရ။
နေ့ဝက်ကြာပြီးသည့်နောက် ရန်ကိုင်တို့ ဘုရင့်မြို့တော်ဆီသို့ ပြန်ရောက်လာခဲ့လေသည်။
သူတို့ဆီသို့ ပျံသန်းလာနေသည့် သိမ်းငှက်အုပ်ကြီးကိုကြည့်ရင်း အောက်ဘက်တွင်ရှိနေသည့် လူရိုင်းစစ်သည်တော်များက အလန့်တကြား ထအော်ကြလေ၏။ “သားရဲရိုင်းတွေ လာတိုက်ခိုက်နေကြတာလား…”
ထို့နောက်တွင် အောက်ဘက်၌ ရှိနေသော လူရိုင်းစစ်သည်တော်များစွာတို့သည် ချက်ချင်းပဲ ၎င်းတို့၏လက်နက်အသီးသီးကို ကိုင်စွဲလိုက်ကြလေ၏။ မြားသမားများမှာလည်း လေးကိုင်းပေါ်မြားတင်၍ အချိန်မရွေးပစ်ရန် ပြင်ဆင်ထားကြလေသည်။ မှော်ဝိဇ္ဇာများသည်လည်း မှော်မန္တန်အသီးသီးကိုရွတ်ဆို၍ ရန်ကိုင်တို့အဖွဲ့ဆီသို့ ပျံသန်းလာကြလေသည်။
ထိုသို့ဖြင့် မှော်ဝိဇ္ဇာများနှင့် ရန်ကိုင်တို့ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း နီးသထက် နီးလာကြတော့လေ၏။
နောက်ဆုံး တိုက်ပွဲဖြစ်တော့မည်မှန်း သိလိုက်သော် ရန်ကိုင်သည် ထိုင်နေရာမှ အမြန်ထရပ်၍ လှမ်းအော်ပြောလိုက်လေ၏။ “နေကြပါဦး…”
သိမ်းငှက်၏ကျောထက်တွင် လူတစ်ဦးရပ်နေမှန်း တွေ့လိုက်ရပြီးသည့်နောက် အောက်ဘက်၌ရှိနေသော လူရိုင်းစစ်သည်တော်ပေါင်းများစွာ အံ့အားသင့်သွားကုန်ကြလေသည်။
ရန်ကိုင်ဆီသို့ ပျံသန်းလာနေကြသော မှော်ဝိဇ္ဇာများသည်လည်း အံ့ဩတကြီး ဖြစ်ကုန်ကြလေသည်။
မှော်ဝိဇ္ဇာများအနက် တစ်ဦးသည် မျက်လုံးကို သေသေချာချာပြန်ပွတ်၍ စိုက်ကြည့်လိုက်ပြီးသည့်နောက် အထိတ်အလန့်ဖြင့် မေးလိုက်လေ၏။ “မှော်ဆရာညိုလား…”
မှော်ဆရာတုသည် လူအုပ်ကြီးထဲမှ ထွက်လာ၍ ငေးကြောင်ကြောင်ဖြင့် မေးလိုက်လေသည်။ “မှော်ဆရာညို… မင်း ဒီလောက်များတဲ့ သားရဲရိုင်းတွေကို ဘယ်ကနေရလာတာလဲ…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဖမ်းလာတာလေ…”
“ဖမ်း… ဖမ်းလာတာ…” မှော်ဆရာများ၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ ထိုမိုးပျံသားရဲရိုင်းများကို ဤမျှ ဖမ်းရလွယ်ကူမည်သာ ဆိုပါက သူတို့အနေဖြင့် အံ့အားသင့်နေလိမ့်မည်မဟုတ်။
ရန်ကိုင်သည်သာ သိမ်းငှက်တစ်ကောင်လောက်ကို ဖမ်းနိုင်ခဲ့သည်ဆိုလျှင် သူတို့အနေဖြင့် နားလည်နိုင်ပေသေးသည်။ သို့သော်ငြား ယခု ရန်ကိုင်ဖမ်းလာသည်မှာ သိမ်းငှက်များ၏ တစ်မိသားစုလုံး ဖြစ်ပေသည်။
(ဒီလောက်များတဲ့သိမ်းငှက်တွေကို သူ ဘယ်လိုဖမ်းလာတာလဲ…)
ရန်ကိုင်သည် သိမ်းငှက်ကျောပေါ်တွင် ရပ်ရင်းမှ ပြန်အော်မေးလိုက်လေ၏။ “ဒါက ဒီမှော်ဆရာရဲ့ မိုးပျံစစ်တပ်ပဲ… မင်းတို့ဘယ်လိုထင်လဲ…”
“မိုးပျံစစ်တပ်…” မှော်ဝိဇ္ဇာများမှာ အရူးမဟုတ်ကြ။ မိုးပျံစစ်တပ်ဟူသည့် အသုံးအနှုန်းကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်၏အစီအစဉ်ကို ချက်ချင်း နားလည်သွားခဲ့လေသည်။ ယခုတွင် လူပေါင်းများစွာ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲတက်လာကြပြီး သိမ်းငှက်များကို အားတက်သရောဖြင့် စိုက်ကြည့်လိုက်ကြလေသည်။
စစ်ပွဲမှာ နီးနေလေပြီ။ လူတိုင်းတွင်သာ ယခုကဲ့သို့ မိုးပျံစစ်တပ်တစ်တပ် ရှိထားမည်ဆိုပါက သူတို့အနေဖြင့် ရန်သူများအကြောင်းကို စူးစမ်းထောက်လှမ်းရာတွင် အသာစီးရနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ တိုက်ခိုက်ရာတွင်လည်း တစ်ဖက်ရန်သူများအပေါ် အသာစီးမှနေ၍ တိုက်ခိုက်နိုင်ကြပေလိမ့်မည်။