အခန်း (၂၈၄၆-၂၈၅၀)
Vol. 122 Ch. 2846-2850
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၆)
ဘာသာပြန်သူ_တိမ်တိုက်
ဘုရင့်မြို့တော်ထက်တွင် ခုနှစ်ဆယ့်ငါးကောင်သော သိမ်းငှက်များနှင့် သိမ်းငှက်ဘုရင်တစ်ကောင်တို့သည် တောင်ပံများကိုဖြန့်ကျက်၍ လေထဲဝဲကာ ရှိနေကြလေသည်။ သိမ်းငှက်များ၏ ကျောပြင်ထက်တွင်တော့ မြားသမားတစ်ဦးချင်းစီ ရှိနေကြလေ၏။ မြားသမားတိုင်း၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေကြပြီး အချို့ဆိုလျှင် အော့ပင် အန်နေကြသည်။ သို့သော်ငြား မည်သူမျှ အလျှော့ပေးခြင်းမရှိဘဲ သိမ်းငှက်အတောင်များကို ကျစ်ကျစ်ပါအောင်ဆွဲ၍ ဆက်လက်ထိုင်နေကြလေသည်။
သူတို့သည် မှော်ဆရာများ မဟုတ်ကြ။ ထို့အတွက်ကြောင့် လေထဲ အမြင့်ကြီးပျံသန်းရသည့် ခံစားချက်ကို မခံစားဖူးကြပေ။ ထိုအကြောင်းကြောင့်ပင်လျှင် သိမ်းငှက်များပေါ်ထိုင်၍ လေပေါ်ပျံဝဲရသည်ကို အသားမကျသေးခြင်းဖြစ်သည်။ သို့သော်ငြား သူတို့ကိုသာ ရက်အနည်းငယ်ပေးလိုက်မည်ဆိုပါက ဤခံစားချက်နှင့်ပတ်သက်၍ အသားကျသွားကြပေလိမ့်မည်။
ဤသည်မှာ ရန်ကိုင်၏ မိုးပျံတပ်ဖြစ်လေသည်။ မိုးပျံတပ်ကို ဦးဆောင်နေသူမှာတော့ တောင်ပြာရွာ၏ အားဟွာဖြစ်လေသည်။
အားဟွာသည် သူနှင့် တစ်ရွာတည်းသား ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် အားဟွာအား မိုးပျံစစ်တပ်ခေါင်းဆောင်ရာထူးကို ပေးလိုက်ခြင်းမဟုတ်။ ထို့အစား ဤရာထူးကို အားဟွာသည် သူမဘာသာသူမ ကြိုးစား၍ ရယူလာခြင်း ဖြစ်ပေသည်။
မိုးပျံစစ်တပ်ကို စတင်ဖွဲ့စည်းစဉ်က မြားသမားတိုင်းသည် မိုးပျံစစ်တပ်၏ခေါင်းဆောင် ဖြစ်ချင်ကြလေသည်။ ရန်ကိုင်လည်း ဘာမှပြောမနေခဲ့ပဲ မြားသမားများကို သူတို့ဘာသာသူတို့ ယှဉ်ပြိုင်စေခဲ့သည်။ အတော်ဆုံးသည် မိုးပျံစစ်တပ်၏ ခေါင်းဆောင် ဖြစ်လာပေမည်။
ရန်ကိုင်သည် မြားသမားများကို သေသေချာချာရွေးထုတ်၍ သူတို့ဘာသာသူတို့ သွားရောက်ပြိုင်ဆိုင်စေခဲ့သည်။ အကုန်လုံး ပြန်ရောက်လာသည့်အခါတွင် အားဟွာသည် ဂုဏ်ယူဝံ့ကြွားသည့် အမူအယာဖြင့် ရှိနေခဲ့လေသည်။
သို့သော်ငြား လက်ရှိအချိန်တွင် မိုးပျံစစ်တပ်၏ ခေါင်းဆောင်ဖြစ်သော အားဟွာသည်လည်း လေပေါ် အမြင့်ကြီး ပျံဝဲရသည့် ခံစားချက်နှင့်ပတ်သက်၍ အသားမကျသည့်ပုံပင်။
ကောင်းကင်ပေါ်မှ တစ်ကြိမ် ပြန်ပြန်ဆင်းလာတိုင်း သူမခန္ဓာကိုယ်တစ်ခုလုံး လုံးခွေကျသွားခဲ့ပြီး အတော်လေးအနားယူရသည်။ ပြီးမှသာလျှင် ယခင်အတိုင်း ပြန်လည်လှုပ်ရှားနိုင်လေ၏။
ရန်ကိုင် စခန်းချနေသည့် နေရာ၌ အသစ်ဆောက်လုပ်ထားသည့် သစ်သားအိမ်လေးတစ်လုံး ရှိနေခဲ့လေသည်။ ထိုသစ်သားအိမ်မှာ အလွန်ကိုမှ အကြမ်းထည်ဆန်ပါသော်ငြား လေဒဏ်မိုးဒဏ်ကိုတော့ ခံနိုင်ပေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်နှင့် တီယာတို့မှာ ထိုအိမ်လေးထဲ ရှိနေကြလေ၏။
ကောင်းကင်စိတ်အာရုံကို ပြန်၍ ရုတ်သိမ်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်က ခေါင်းမော့၍ ပြောလိုက်လေသည်။ “အားဟွာနှင့် အခြားသူတွေက တော်တော်လေးကို တိုးတက်တာမြန်တာပဲ… ဒီတိုင်းဆိုရင် နောက်ထပ်နှစ်ရက်လောက်ကြာတာနဲ့ သူတို့ တိုက်ခိုက်လို့ရပြီ…”
တီယာသည် ရန်ကိုင်ကိုကြည့်၍ “နတ်ဆိုးမျိုးနွယ်စု ဘယ်လိုပုံစံလဲတော့ ငါမသိဘူး… ဒါပေမယ့် လေတပ်က မြန်မြန်လှုပ်ရှားနိုင်တယ်ဆိုပေမယ့် သူတို့ကို မြင်သွားဖို့ကလည်း လွယ်တယ်… နတ်ဆိုးမျိုးနွယ်စုမှာသာ မြားတပ်တွေလို အဝေးပစ်တပ်တွေရှိနေမယ်ဆိုရင် လေတပ်က ဘာမှ ဒီလောက်အသုံးဝင်မှာမဟုတ်ဘူးနော်…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ရန်သူကို ကြိုပြီး ထောက်လှမ်းနိုင်တာနဲ့တင် လုံလောက်နေပြီလေ…”
ထိုစဉ် အသက်ကြီးကြီး မှော်အတတ်သင်၏အသံ အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ “မှော်ဝိဇ္ဇာညို…”
ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “သူတို့ကို ထွက်သွားဖို့ပြောလိုက်… ကျုပ် ဘယ်သူနဲ့မှ တွေ့မှာမဟုတ်ဘူး…”
ရန်ကိုင်မှ သိမ်းငှက်အုပ်ကြီးအား ပြန်ခေါ်လာပြီးသည့် အချိန်မှစ၍ အခြားသောမှော်ဆရာများသည် တစ်ခဏပြီးတစ်ခဏ ရန်ကိုင်အား လာတွေ့ကြလေသည်။ မသိလျှင် သူတို့သည် နှစ်ပေါင်းများစွာကြာအောင် မိတ်ဆွေများ ဖြစ်လာကြသည့်အလား ရန်ကိုင်နှင့်လာတွေ့ရာ၌ လက်ဆောင်လေးများကိုပင် ပြင်ဆင်လာခဲ့သေးသည်။
ပုံမှန်အခြေအနေမျိုးတွင်တော့ မှော်ဝိဇ္ဇာများ ပြင်ဆင်ပေးလာသည့် လက်ဆောင်များသည် မည်သည့်နည်းနှင့်မျှ သာမန်လက်ဆောင်များ ဖြစ်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်သည် အလွန်ကိုမှ ကြွယ်ဝချမ်းသာနေပြီဖြစ်လေရာ ထိုမှော်ဝိဇ္ဇာများ၏ လက်ဆောင်များကို ဂရုစိုက်မနေတော့ပေ။ နောက်ဆုံး ရန်ကိုင်မှ တောက်လျှောက် ထိုင်ငြင်းနေသည့်နောက်တွင် မှော်ဝိဇ္ဇာများလည်း ထိုနည်းလမ်းကို မသုံးကြတော့ဘဲ သူတို့လာရင်း ရည်ရွယ်ချက်ကို ထုတ်ပြောကြတော့သည်။
သူတို့လိုချင်နေသည်မှာတော့ အခြားမဟုတ်။ သိမ်းငှက်အနည်းငယ်ဖြစ်ပေသည်။ သိမ်းငှက်များသည် ရန်သူများကို ထောက်လှမ်းရာတွင် အလွန်အသုံးဝင်သည့်အတွက်ကြောင့် လူတိုင်းသည် သူတို့အတွက် သိမ်းငှက်အချို့ကို ပိုင်ဆိုင်ထားချင်ကြသည်။
ရန်ကိုင်ကမူ အနည်းငယ်မျှပင် ယဉ်ကျေးမနေခဲ့ဘဲ မှော်ဝိဇ္ဇာများ၏ တောင်းဆိုချက်အားလုံးကို ငြင်းဆိုပစ်ခဲ့လေသည်။
ဤခုနှစ်ဆယ့်ခြောက်ကောင်သော သိမ်းငှက်များသည် မိုးပျံစစ်တပ်အဖွဲ့တစ်ဖွဲ့စာသာ လုံလောက်လေရာ သူ့အနေဖြင့် ထိုလူများအား မည်ကဲ့သို့များ သွားပေးနိုင်ပါမည်နည်း။ သူ့အတွက်ပင် မလုံလောက် ဖြစ်နေသည်ကို ဘာကြောင့်များ အခြားသူများအား အလကားသက်သက် သွား၍ပေးနေရမည်နည်း။ ထို့အပြင် သူ့အနေဖြင့် ဤသိမ်းငှက်များကို လွယ်လင့်တကူ ဖမ်းလာနိုင်ခဲ့ခြင်းလည်းမဟုတ်။ သိမ်းငှက်ဘုရင်အား ခက်ခက်ခဲခဲဖြင့် အညံ့ခံလာအောင် လုပ်ပြီးသည့်နောက်မှသာလျှင် ဤသိမ်းငှက်အုပ်ကြီးကို ဖမ်းခေါ်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင်မှ ထပ်တလဲလဲ ငြင်းခဲ့သည့်တိုင် ထိုမှော်ဝိဇ္ဇာများမှာတော့ လက်မလျှော့ခဲ့ချေ။ အချို့သည် ရန်ကိုင်နှင့် အကျိုးသင့်အကြောင်းသင့် ငြင်းခုန်ကြကာ အချို့မှာတော့ သူ့အား ကိုယ်ချင်းစာတတ်ရန် ပြောကြပြီး အချို့ဆိုလျှင် အကြမ်းနည်းသုံးရန်ပင် ကြိုးစားကြလေသည်။
သို့သော်ငြား အကုန်လုံး ရန်ကိုင်၏ သစ်သားအိမ်လေးထဲမှ မောင်းထုတ်ခြင်းခံရပြီး ရန်ကိုင်နှင့်တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် မှော်ဝိဇ္ဇာများမှာတော့ ကောင်းကောင်းသမခံလိုက်ရလေသည်။
ထို့အတွက်ကြောင့် တောင်ပိုင်းလူရိုင်းကလန်တစ်ခုလုံးတွင် ရန်ကိုင်၏ဂုဏ်သတင်းမှာ အတော်လေးကိုမှ ဆိုးရွားလာရတော့သည်။ လူတိုင်းသည် ရန်ကိုင်အား သဘောထားသေးသိမ်ပြီး အတ္တကြီးကာ စိတ်ကြီးသည့် မှော်ဝိဇ္ဇာအဖြစ် မှတ်ယူကြလေသည်။
သို့တိုင် ထိုမှော်ဝိဇ္ဇာများမှာ လက်မလျှော့သေးဘဲ ရန်ကိုင်ဆီသို့ ထပ်တလဲလဲကို လာရောက်နေကြသည်။
ထို့အတွက်ကြောင့် မှော်အတတ်သင်အိုကြီး၏ အော်ခေါ်သံကိုကြားသည်နှင့် ထိုလူများရောက်လာသည်ဟုထင်ကာ ရန်ကိုင်သည် ချက်ချင်းပဲ ငြင်းဆိုလိုက်ခြင်း ဖြစ်ပေသည်။
ထိုလူများနှင့် အလ္လာပသလ္လာပ ထိုင်ပြောရင်း ငြင်းခုံနေရသည်ထက် သူ့ဘာသာ အေးအေးဆေးဆေး ကျင့်ကြံနေသည်ကပင် ပိုကောင်းပေသေးသည်။
ရုတ်တရက် ရင်းနှီးနေသည့် အသံတစ်သံ အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ “မှော်ဝိဇ္ဇာညို… ဟိုလူတွေရောက်လာတာမဟုတ်ဘူး… မှော်ဘုရင် ခင်ဗျားကို ခေါ်နေတာ…”
“ဟမ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး သစ်သားအိမ်လေးထဲမှ ချက်ချင်းထွက်လိုက်သည်။ ရင်းနှီးနေသည့်မျက်နှာကိုမြင်သော် ရန်ကိုင်က ပြုံးဖြီးလိုက်လေ၏။ “ခင်ဗျားပဲ…”
ဤလူသည် တောင်ပြာရွာသို့လာပြီး မှော်ဘုရင်ဆင့်ခေါ်နေကြောင်း လာရောက်သတင်းပို့ခဲ့သည့် မှော်သခင်သာ ဖြစ်လေသည်။ ဤလူ၏နာမည်ကို ရန်ကိုင်မသိပါသော်ငြား မျက်နှာကိုတော့ မှတ်မိပေသည်။
မှော်သခင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်… ကျုပ်ပါပဲ…”
ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့လေသည်။ “မှော်ဘုရင် ကျုပ်ကို ခေါ်နေတာလား…”
ထိုလူက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်…”
ရန်ကိုင်က ပြန်ပြောလိုက်၏။ “ဒါဆို သွားကြတာပေါ့…”
သွားနေရင်းဖြင့် ရန်ကိုင်သည် မှော်ဘုရင် ဘာကြောင့် သူ့အား ဆင့်ခေါ်ရသလဲ ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းကြည့်လေသည်။ သို့သော်ငြား တစ်ဖက်လူသည် ရေရေရာရာ ပြန်မပြောခဲ့။ မှော်သခင်သည် မှော်ဘုရင်ဆင့်ခေါ်ရသည့် အကြောင်းကိုပဲ မသိလေသလား ထိုသို့မဟုတ်ဘဲ သိလျက်သားနှင့် ဖုံးကွယ်ထားလေသလား ဆိုသည်ကိုတော့ ရန်ကိုင်မသိရပေ။ သို့သော်ငြား တစ်ဖက်လူအား အကြပ်ရိုက်အောင် မလုပ်ချင်သည့်အတွက်ကြောင့် ထိုအကြောင်းကို ဆက်မေးမနေခဲ့ချေ။
လွန်ခဲ့သောရက်များအတွင်း မှော်ဆရာညို၏ ဂုဏ်သတင်းမှာတော့ ဘုရင့်မြို့တော်တစ်ဝိုက် ပျံ့နှံ့နေရတော့လေသည်။ ဤ အကောင်သေးသေး အားနည်းပုံထင်ရသည့် မှော်ဝိဇ္ဇာသည် သွားရောက်ရန်စသင့်သည့် မှော်ဝိဇ္ဇာတစ်ဦးမဟုတ်မှန်း လူတိုင်း သိနေကြလေပြီ။ ဘုရင့်မြို့တော်သို့ရောက်ပြီး မကြာခင်မှာပင် ဤမှော်ဝိဇ္ဇာလေးသည် သူ့ထက် အဆင့်သေးနှစ်ဆင့် ပိုမြင့်သည့် အဆင့်မြင့်မှော်ဝိဇ္ဇာနှစ်ဦးကို အမှောက်သိပ်ပြခဲ့သည်။ ထို့နောက်တွင် သိမ်းငှက်ခုနှစ်ဆယ့်ငါးကောင်နှင့် သိမ်းငှက်ဘုရင်တစ်ကောင်ကိုဖမ်းပြီး မိုးပျံစစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုသိမ်းငှက်များသည် ဘုရင့်မြို့တော်အနီးတစ်ဝိုက်မှ ပျံသန်းသွားစဉ်အတောအတွင်း အနီးအနားတွင်ရှိနေသော လူရိုင်းစစ်သည်တော်များအပေါ်သို့ ချီးပါချလေသည်။ ထို့အတွက်ကြောင့် လူတိုင်းမှာ ရန်ကိုင်အား အတော်လေးကိုမှ မုန်းတီးနေကြလေသည်။ သူတို့ခွန်အားသာ လုံလောက်မည်ဆိုပါက ရန်ကိုင်အား သူ့အမေပင် မမှတ်မိတော့လောက်အောင်ထိ ရိုက်နှက်ချင်စိတ်များလည်း သူတို့စိတ်ထဲ တဖွားဖွား ထွက်ပေါ်နေရသည်။ သို့သော်ငြား ခွန်အားချင်းမယှဉ်သာသည့်အတွက်ကြောင့် မည်မျှပင် ဒေါသထွက်နေစေကာမူ ရှိသမျှမကျေနပ်ချက်အားလုံးကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။
ဤသတင်းလာပို့သည့် မှော်သခင်မှာလည်း ရန်ကိုင်ဆီသို့ လာရမည်ကို စိုးရိမ်ခဲ့ဖူးလေသည်။ သို့သော်ငြား ရန်ကိုင်နှင့် တွေ့ပြီးသည့်နောက် ရန်ကိုင်သည် ကောလဟာလများထဲကတိုင်း ရက်စက်ကြမ်းကြုတ်သည့်လူမဟုတ်မှန်း သိသွားခဲ့ရသည်။ ထို့အစား ရန်ကိုင်သည် အတော်လေးကိုမှ စကားပြောရဆိုရ အဆင်ပြေလေသည်။
စကားတပြောပြောနှင့် လျှောက်လာလိုက်ရာ မကြာမီ ဘုရင့်မြို့တော်ထဲသို့ ရောက်လာခဲ့ပြီး ခြောက်ယောက်မြောက်မှော်ဘုရင်တန်နှင့် နန်းတော်ထဲတွင် သွားတွေ့ကြလေသည်။
“မင်္ဂလာပါမှော်ဘုရင်…” ရန်ကိုင်က ရင်ဘတ်ပေါ်လက်တင်၍ ဦးညွှတ်လိုက်လေသည်။ “မှော်ဘုရင် ဘာလို့ ကျုပ်ကိုခေါ်လိုက်လဲ သိလို့ရမလား…”
မှော်ဘုရင်အနားတွင်ရပ်နေသော မြို့စောင့်တပ်ခေါင်းဆောင်သည် ရန်ကိုင်အား အကြည့်စူးစူးဖြင့် စိုက်ကြည့်လာခဲ့လေသည်။ ထိုလူ၏အကြည့်သည် သူ့စိတ်အား ထိုးဖောက်၍ သူ၏လျှို့ဝှက်ချက်များကို စူးစမ်းကြည့်လိုသည့် အလွန်တရာကိုမှထက်ရှသည့် ဓါးသွားနှစ်ချောင်းပမာ ရန်ကိုင်ခံစားနေခဲ့ရသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ထိုလူအား ပြန်စိုက်ကြည့်လိုက်လေသည်။ ထိုလူ ခေါင်းများ ကောင်းမှကောင်းလေရဲ့လားဟုပင် သူ့စိတ်ထဲ တွေးနေမိသည်အထိပင်။ သူရောက်လာသည့်အခါတိုင်း ဤစစ်သည်တော်သည် သူ့အား ယခုကဲ့သို့ စိုက်ကြည့်လေသည်။ မသိလျှင် ရန်ကိုင်သည် မှော်ဘုရင်တန်ကို လုပ်ကြံတော့မည့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်အလား။
မှော်ဘုရင်တန်သည် ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “ထိုင်ပြီးပြောကြတာပေါ့…”
“ကျေးဇူးအများကြီးတင်ပါတယ်မှော်ဘုရင်…” ရန်ကိုင်လည်း သူ့အကြည့်ကိုပြန်ရုတ်သိမ်း၍ မှော်ဘုရင်ပြောသည့်အတိုင်း နေရာတစ်ခုရှာကာ ထိုင်လိုက်သည်။
ထိုင်ခုံအသီးသီး ယူထိုင်လိုက်ပြီးကြသည့်နောက်တွင် မှော်ဘုရင်တန်က ဆက်ပြောလိုက်လေသည်။ “တကယ်တော့ ဘာမှအရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး… ဒါပေမယ့် လတ်တလော ငါ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းလေးတွေ ကြားနေရလို့…”
“အို…” ရန်ကိုင် မှော်ဘုရင်တန်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
မှော်ဘုရင်တန်က ရန်ကိုင်အား ပြုံး၍ ပြန်လည်စိုက်ကြည့်လိုက်သည်။ ရန်ကိုင် မည်ကဲ့သို့သော စိတ်ဝင်စားစရာသတင်းမျိုးလဲဟု မေးလာမည်အား စောင့်ဆိုင်းနေခဲ့ပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့်အမေးမှ ထွက်မလာခဲ့ဘဲ “အို…”ဟူသည့် စကားတစ်ခွန်းကိုသာ ကြားလိုက်ရလေသည်။ ထို့အတွက်ကြောင့် မှော်ဘုရင်တန်လည်း ရှက်ရှက်ဖြင့် အသာအယာ ချောင်းဟန့်၍ ဆက်ပြောလိုက်လေ၏။ “မှော်ဝိဇ္ဇာညို မြို့ထဲကနေ လက်နက်အများကြီးဝယ်ပြီးတော့ မင်းအဖွဲ့သားတွေကို လက်နက်တွေ ဝေပေးလိုက်တယ်ဆို…”
ရန်ကိုင်က အလွန်ကိုမှနာကျင်နေသည့်အမူအယာဖြင့် ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “မှော်ဘုရင်ရယ်… ကျုပ်ခမျာတော့ ဒီစစ်ပွဲအတွက် ကိုယ်ကျိုးမငဲ့ဘဲ ကြိုးစားလိုက်ရတာ… အခုဆို အဲ့လက်နက်တွေကို ဝယ်ပေးဖို့အတွက် ဒီမှော်ဝိဇ္ဇာ တစ်ဘဝလုံး စုထားတဲ့ဟာတွေ အကုန်ပြောင်သွားပြီ… ရှင်းရှင်းပြောရလို့ရှိရင် ဒီမှော်ဝိဇ္ဇာက လူရိုင်းမျိုးနွယ်စုကို အရမ်းသစ္စာရှိတာ… ကောင်းကင်နဲ့မြေပြင်ကို သက်သေထားပြီးတော့ ပြောလို့ရတယ်… ဒါပေမယ့် ကျုပ်ဘက်က စေတနာထားသလောက် အဲ့ကုန်သည်တွေက အရမ်းကို အမြတ်ကြီးစား လုပ်လွန်းအားကြီးတယ်… ဘာမှမဟုတ်တဲ့ ဟာလေးတွေကို ဈေးစွတ်ပြီးတော့တင်တယ်… ပုံမှန်ထက်ကို နှစ်ဆယ်ရာခိုင်နှုန်း သုံးဆယ်ရာခိုင်နှုန်း ဈေးပိုမြင့်နေတယ်… ဘယ်လိုလုပ်ပြီးတော့ လက်နက်တွေဝယ်ဖို့က အဆင်ပြေပါတော့မလဲ… လူရိုင်းမျိုးနွယ်စုတစ်ခုလုံး စစ်ပွဲနဲ့ ရင်ဆိုင်ရတော့မှာကို ဒီကောင်တွေက အမြတ်ကြီးစား လုပ်ချင်နေသေးတယ်… ရှက်ဖို့ကောင်းလိုက်တာ…”
မှော်ဘုရင်မှ ရန်ကိုင်မှ လက်နက်များဝယ်ခဲ့သည့်အကြောင်း စလာလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဆိုင်ပိုင်ရှင်များအား သူ၏ရန်သူများအလား မိုးမွှန်အောင်ကို ပြစ်တင်ပြောဆိုတော့လေသည်။
ရန်ကိုင်ပုံစံကိုကြည့်ရင်း မှော်ဘုရင်တန်၏ နှုတ်ခမ်း မဲ့ရွဲ့သွားခဲ့လေသည်။ စကားဝိုင်းကို မည်ကဲ့သို့ ဆက်လို့ဆက်ရတော့မှန်း မသိသဖြင့် ရန်ကိုင်ကိုသာ ဆက်၍ ကြောင်ကြည့်နေမိတော့လေသည်။
မှော်ဘုရင်တစ်ပါးဖြစ်သည်နှင့်အညီ မှော်ဘုရင်တန်သည် လူမျိုးစုံကို မြင်ခဲ့ဖူးပါသော်ငြား ရန်ကိုင်ကဲ့သို့ပုံစံမျိုးကို ယခုမှသာ ပထမဦးဆုံးအကြိမ် မြင်ခဲ့ဖူးခြင်း ဖြစ်သည်။
သူ့ဘက်မှ စကားလေးတစ်ခွန်းသာ စရသေးပါသော်ငြား တစ်ဖက်လူမှာတော့ လုံးဝကို မိုးမွှန်အောင် အပြစ်တင်တော့လေသည်။
ရန်ကိုင်က ရုတ်တရက် အလေးအနက်အမူအယာဖြင့် တိုးတိုးလေးပြောလိုက်လေ၏။ “မှော်ဘုရင်တန် ကျုပ်ကိုဆင့်ခေါ်လိုက်တာ အဲ့ကုန်သည်တွေကို အပြစ်ပေးဖို့လား… အဲ့ဒါဆိုရင်တော့ စိတ်သာချထားလိုက် မှော်ဘုရင်တန်… ဒီလိုကောင်တွေက လုံးဝ အပြစ်ပေးမှ တန်မှာ… စစ်ပွဲက နီးနေပြီကို အချင်းချင်းကူညီဖို့ မလုပ်ပဲနဲ့ တစ်ခါတည်း ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ဖို့ ကြိုးစားနေကြတာ… ဒီလိုကောင်မျိုးတွေ ရှိလို့ရှိရင် ကျုပ်တို့လူတွေပဲ ဒုက္ခရောက်ကြမှာ… မှော်ဘုရင်တန် အမိန့်သာပေးလိုက်… အဲ့ကောင်တွေကို တစ်ကောင်မှကို အလွတ်မပေးဘဲ မိအောင်ဖမ်းပြမယ်… အခြားကုန်သည်တွေလည်း သူတို့ကို နမူနာယူသွားလို့ရအောင် သေသေချာချာ အပြစ်ပေးရမယ်… ဒါမှပဲ လူတိုင်း ပိုပြီးတော့ စည်းလုံးလာကြမှာ…”
ရန်ကိုင်မှ ယခုကဲ့သို့ ပြောလာသည့် အခိုက်တွင်တော့ မှော်ဘုရင်တန်ဘေးနားတွင် ရပ်နေသော မြို့စောင့်တပ်ခေါင်းဆောင်သည်ပင် ရန်ကိုင်အစား ရှက်ချင်မိလာတော့လေသည်။
မှော်ဘုရင်တန်ကမူ လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်လေ၏။ “ဒီမှော်ဘုရင် မင်းကို အဲ့ကိစ္စကြောင့် ဆင့်ခေါ်လိုက်တာမဟုတ်ဘူး… အရောင်းအဝယ်က အရောင်းအဝယ်ပဲလေ… ပြီးတော့ မင်း သူတို့တောင်းတာကိုလည်း ငြင်းခဲ့တာမှမဟုတ်တာ… ဒီတော့ သူတို့ကို သွားအပြစ်ရှာလို့မရဘူး…”
“အို…” ရန်ကိုင် စိတ်ပျက်သွားသည့်ပုံစံမျိုး လုပ်ပြလိုက်လေသည်။ သို့သော်ငြား မကြာမီတွင် သူ့မျက်လုံးများ တောက်ပလာခဲ့ပြီး ဆက်ပြောလိုက်လေ၏။ “မှော်ဘုရင်က ကျုပ်အကုန်အကျခံထားတာတွေကို ပြန်ပြီးတော့ စိုက်ပေးမလို့လား…”
“ဘယ်လို…” မှော်ဘုရင်တန် ကြောင်သွားခဲ့လေသည်။
“ကျသင့်ငွေပြန်ပေးတာလေ…” ရန်ကိုင်သည် မှော်ဘုရင်တန်ကို အလေးအနက်စိုက်ကြည့်၍ “ကျုပ်က ကျုပ်အဖွဲ့သားတွေအတွက် လက်နက်တွေဝယ်ပေးဖို့ ကျုပ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို ထုတ်သုံးလိုက်တာ အခု ကျုပ်မှာ ဘာမှသိပ်မကျန်တော့ဘူး… အခု ကျုပ် တစ်ခုခုလိုချင်တယ်ဆိုရင်တောင် ဘုရင့်မြို့တော်ထဲမှာ ဘာမှသွားဝယ်လို့မရဘူး… ဒါကြောင့် မှော်ဘုရင်တန်ကများ…”
“မင်း တော်လိုက်ပေတော့…” နောက်ဆုံးတွင် မြို့စောင့်တပ်ခေါင်းဆောင်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ဒေါမာန်တကြီးဖြင့် ထအော်ပြောလေသည်။ “မင်း ဘယ်လိုလုပ်ပြီး မှော်ဘုရင်တစ်ပါးရှေ့မှာ မဟုတ်တရုတ်တွေ လျှောက်ပြောရတာလဲ…”
ရန်ကိုင်မှာ မြို့စောင့်တပ်ခေါင်းဆောင်မှာ ငူငူကြီး စောင်းကြည့်လာသဖြင့် မြို့စောင့်တပ်ခေါင်းဆောင်မှာ ဒေါသ ငယ်ထိပ်ဆောင့်တက်သွားခဲ့ရလေသည်။
မှော်ဘုရင်တန်ကလည်း ကူကယ်ရာမဲ့စွာ ပြုံးနေခဲ့လေသည်။ မှော်ဝိဇ္ဇာညိုနှင့် အလ္လာပသလ္လာပပြောနေ၍ ရတော့လိမ့်မည်မှန်း မဟုတ်မှန်း သိလိုက်သည့်အတွက်ကြောင့် မှော်ဘုရင်တန်သည်လည်း လိုရင်းကို တန်းပြောလိုက်လေ၏။ “မှော်ဝိဇ္ဇာညို… တကယ်တော့ ငါ့မှာ မင်းကို ပြောစရာတစ်ခုရှိတယ်…”
ရန်ကိုင်သည် ခါးကိုမတ်မတ်ထိုင်၍ “ကောင်းကင်ပေါ်ကကောင်တွေကိစ္စ မဟုတ်သရွေ့ကတော့ မှော်ဘုရင်တန် ကြိုက်တာ ပြောလို့ရပါတယ်…”
မှော်ဘုရင်တန်က ပြန်ပြောလိုက်သည်။ “အေး… အဲ့ကောင်ကင်းပေါ်ကကောင်တွေကိစ္စပဲ…”
ရန်ကိုင်က ချက်ချင်းပဲ မကျေမနပ်ဖြင့် “ဘာလဲ… ဘုရင့်မြို့တော်ကပါ ကျုပ်ရဲ့ မိုးပျံစစ်တပ်ကို ပစ်မှတ်ထားနေတာလား… မှော်ဘုရင်တန်… ခင်ဗျားတို့အားလုံး ဘာဖြစ်နေကြတာလဲ…”
ဤနေရာသို့ ရောက်လာစဉ်ကတည်းက ရန်ကိုင်မှာ သင်္ကာမကင်း ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် မှော်ဘုရင်တန်ကို တွေ့ပြီးသည်မှ မကြာသေးလေပဲ။ သို့သော်ငြား မှော်ဘုရင်တန်သည် သူ့အား ချက်ချင်း နောက်တစ်ကြိမ် ထပ်ဆင့်ခေါ်နေလေသည်။ နတ်ဆိုးမျိုးနွယ်စုများ ကျူးကျော်လာသည်ဆိုလျှင်လည်း ရန်ကိုင်တစ်ယောက်တည်းကို ဆင့်ခေါ်လိမ့်မည်မဟုတ်။ မှော်ဝိဇ္ဇာအားလုံးကို ဆင့်ခေါ်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်တစ်ဦးတည်းကို ဆင့်ခေါ်သည်ကို ကြည့်ပါက မှော်ဘုရင်တန်သည် ရန်ကိုင်၏ သိမ်းငှက်များကို ပစ်မှတ်ထားနေသည်မှာ အတော်လေးကိုမှ ဖြစ်နိုင်ချေများလှပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၇)
ဘာသာပြန်သူ_တိမ်တိုက်
သူထင်ထားသည့်အတိုင်းပင် မှော်ဘုရင်တန်သည် သိမ်းငှက်များကြောင့် သူ့အား ဆင့်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။ ကြည့်ရသလောက် ဘုရင့်မြို့တော်သည်လည်း သူ၏သိမ်းငှက်များကို လိုချင်နေသည့်ပုံပင်။
ရန်ကိုင်သည် အခြားသောမှော်ဝိဇ္ဇာများနှင့် အဆင့်တူဖြစ်သည့်အတွက်ကြောင့် ထိုမှော်ဝိဇ္ဇာများ၏ တောင်းဆိုမှုကို ငြင်းဆိုခွင့်ရှိသည်။ တစ်ဖက်လူမှ လွန်လွန်ကျူးကျူးလုပ်လာခဲ့လျှင် အကြမ်းနည်းသုံး၍ပင် ငြင်းဆိုနိုင်ပေသည်။ သို့သော်ငြား ဘုရင့်မြို့တော်မှ တောင်းဆိုလာလျှင်တော့ တစ်ဖက်လူသည် သူ၏အထက်လူဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ငြင်းဆိုဖို့ရာ အကြပ်တွေ့ရပေလိမ့်မည်။
(တကယ်ကို အရှက်မရှိတာပဲ…)
“မှော်ဘုရင်တန်… ကျုပ်ရဲ့သိမ်းငှက်တွေက ဟိုးတောင်ထဲကနေ သွားဖမ်းလာတဲ့ သားရဲရိုင်းတွေ… ဒီတိုင်းပဲ တသီးတသန့် မွေးမြူထားတဲ့ကောင်တွေမဟုတ်ဘူး… ဘုရင့်မြို့တော်ထဲမှာလည်း မိုးပျံတပ်တွေရှိတာကို ကျုပ် သတိထားမိတယ်… ဒါပေမယ့် ကျုပ်ရဲ့သားရဲရိုင်းတွေက ဘုရင့်မြို့တော်အတွက် ဒီလောက်အသုံးဝင်မှာမဟုတ်ဘူးနော်…”
မှော်ဘုရင်တန်က ပြုံး၍ “ဘုရင့်မြို့တော်ထဲမှာ မိုးပျံတပ်အချို့ရှိတယ်… ဒါပေမယ့် ဒီလောက်များများစားစားမဟုတ်ဘူး… မိုးပျံသားရဲရိုင်းတွေကို အညံ့ခံအောင်လုပ်ဖို့က ဒီလောက်လွယ်တာမဟုတ်ဘူးလေ… ဒီတော့ မင်း သိမ်းငှက်တွေအများကြီးကို တစ်ထိုင်တည်း အညံ့ခံအောင် လုပ်နိုင်တာကို ကြည့်ပြီးတော့ ငါတောင် တော်တော်လေး အံ့ဩသွားတယ်…”
ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်၏။ “အာ… မှော်ဘုရင်တန်… ဒီသိမ်းငှက်တွေကို အညံ့ခံအောင်လုပ်ဖို့က အဲ့လောက်လွယ်တာမဟုတ်ဘူး… ဒီလောက်အများကြီးကို အညံ့ခံအောင်လုပ်ဖို့ ကျုပ် သွေးတွေအများကြီး သုံးလိုက်ရတာ… အဲ့သိမ်းငှက်တွေကို သွားဖမ်းတုန်းက အဲ့တောင်မှာဆိုရင် သေခါနီးပဲ…”
မှော်ဘုရင်တန်က ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကြောင့်ပဲ ငါမင်းရဲ့သိမ်းငှက်တွေကို အလကားယူမှာမဟုတ်ဘူး…”
ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားလာခဲ့လေသည်။ သူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍မေးလိုက်သည်။ “ဒါဆိုရင် ဘုရင့်မြို့တော်က သိမ်းငှက်ဘယ်နှစ်ကောင်လိုချင်တာလဲ ကျုပ်သိလို့ရမလား… ပြီးတော့ မှော်ဘုရင်တန်ကရော အဲ့သိမ်းငှက်တွေကို ဘာနဲ့လဲချင်တာလဲ…”
သူ့အနေဖြင့် တစ်ဖက်လူ၏တောင်းဆိုမှုကို မငြင်းဆိုနိုင်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တတ်နိုင်သမျှ သူ့အတွက် အရှုံးနည်းအောင် လုပ်ရန်သာ ရှိတော့လေသည်။ ဘုရင့်မြို့တော်သည်သာ သိမ်းငှက်အချို့ လိုချင်သည်ဆိုပါက သူ့အနေဖြင့် ထိုသိမ်းငှက်များအား တန်ရာတန်ကြေးပေး၍ လဲယူရပေလိမ့်မည်။ တကယ်တော့ ရန်ကိုင်၏သိမ်းငှက်များသည် လေထဲမှ ဗြုန်းစားကြီး ပေါ်လာသည့် အရာများမှ မဟုတ်ကြလေပဲ။
မှော်ဘုရင်တန်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “တစ်ဝက်လောက်လိုချင်တယ်… မင်း ဘာပြန်လိုချင်လဲ ပြော…”
ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ထိုင်ရာမှ ရုတ်တရက်ကြီး ထခုန်၍ ဒေါမာန်တကြီးဖြင့် ထအော်ပြောလေသည်။ “တစ်ဝက်… ဘာဖြစ်လို့ ကျုပ်ကို ဓါးပြမတိုက်သွားတော့တာလဲ… ယူမယ့်ယူ တစ်ဝက်မယူတော့နဲ့… အကုန်လုံးပဲ ယူသွားလိုက်တော့ပေါ့…”
ရန်ကိုင်၏ ရုတ်တရက်လုပ်ပုံသည် မှော်ဘုရင်တန်ဘေးနားတွင် ရှိနေသော မြို့စောင့်တပ်ခေါင်းဆောင်အား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့ကာ မြို့စောင့်တပ်ခေါင်းဆောင်မှာ ချက်ချင်းပဲ ဓါးကိုထုတ်၍ ရန်ကိုင်အား သတိကြီးကြီးထားကာ စိုက်ကြည့်လိုက်လေသည်။
မှော်ဘုရင်တန်က ရန်ကိုင်၏ပုခုံးကို ပြုံးကာ ပုတ်လျက် “မင်းဘက်က ဒီလောက် သဘောထားကြီးနေမှတော့လည်း ငါကလည်း လက်ခံပေးရတာပေါ့…”
ရန်ကိုင်သည် မှော်ဘုရင်တန်အား မင်သက်နေသည့် အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “မှော်ဘုရင်တန်… ကျုပ် မေးစရာတစ်ခုရှိတယ်…”
“မေးလေ…” မှော်ဘုရင်တန် မျက်ခုံးပင့်သွားခဲ့သည်။
“မှော်ဘုရင်တန် အရှက်မရှိဘူးလား…”
မှော်ဘုရင်တန်က ဝမ်းသာအားရဖြင့် “အဲ့ဒါကြောင့်ပဲ မင်း ဘာပြန်လိုချင်လဲလို့ ငါပြောတာလေ…”
သူ့ဘက်မှရိုင်းပျနေပါသော်ငြား မှော်ဘုရင်တန်က အနည်းငယ်မျှပင် စိတ်ထဲမထားသည့်အတွက်ကြောင့် ရန်ကိုင် တကယ်ကို အံ့အားသင့်သွားခဲ့ရလေသည်။ ဤမှော်ဘုရင်တန်သည် ပုံမန်မှော်ဘုရင်များနှင့် လုံးဝမတူချေ။
ရန်ကိုင်သည် ယာယီမျှ တိတ်ဆိတ်သွားခဲ့ပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “နှစ်ဆယ့်ငါးကောင်ယူလိုက်… ကျန်တဲ့ အကောင်ငါးဆယ်ကို ကျုပ်ယူထားမယ်… ကျန်တဲ့အကောင်ငါးဆယ်က အသေးစားတိုက်ပွဲလေးတွေမှာဆိုရင် တိုက်ပွဲရေချိန်ကို ပြောင်းပစ်လို့ရတယ်… ပြီးတော့ မှော်ဘုရင်တန် ဒီသိမ်းငှက်တွေကို လိုချင်နေတာက ကင်းထောက်လုပ်ဖို့ပဲမလား… တိုက်ခိုက်ဖို့အတွက်မှမဟုတ်တာ…”
မှော်ဘုရင်တန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ကင်းထောက်လုပ်ဖို့ပဲ….”
“အဲ့ဒါဆိုရင် အဆင်ပြေတယ်… နှစ်ဆယ့်ငါးကောင်က ကင်းထောက်လုပ်ဖို့အတွက် လိုတာထက်တောင် ပိုသေးတယ်…”
မှော်ဘုရင်တန်မှာ ဆက်၍ ဆွေးနွေးချင်ပါသော်ငြား ရန်ကိုင်က ဖြတ်တားလိုက်လေသည်။ “နှစ်ဆယ့်ငါးကောင်ပဲ… အဲ့ထက်တောင်ပိုမရတော့ဘူး…”
“ဒါဆိုလည်း ကောင်းပြီလေ… နှစ်ဆယ့်ငါးကောင်ပေါ့…” မှော်ဘုရင်တန် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ရန်ကိုင်အားကြည့်၍ ထပ်ပြောလိုက်သည်။ “ကဲ… ဒီတော့ မင်း အဲ့နှစ်ဆယ့်ငါးကောင်အတွက် ဘာပြန်လိုချင်လဲ…”
ရန်ကိုင်က ချက်ချင်းက ပြန်ပြောလိုက်သည်။ “ကျုပ် လက်အောက်ငယ်သားတစ်ယောက်ချင်းစီတိုင်းအတွက် သံချပ်ကာတစ်စုံစီ လိုချင်တယ်…”
မှော်ဘုရင်တန်သည် ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လာခဲ့လေသည်။
ရန်ကိုင်သည် သူ့မျက်နှာကိုကုပ်ရင်းမှ ဆက်ပြောလိုက်သည်။ “ကောင်းပြီလေ ကောင်းပြီလေ… အဲ့လိုဆိုလည်း အကုန်လုံးအတွက်မဟုတ်ဘူး… တစ်ထောင်ပဲ… သံချပ်ကာအစုံတစ်ထောင်ပဲ… အဲ့လောက်ကတော့ မများဘူးမလား…”
မှော်ဘုရင်တန်က ခေါင်းခါ၍ “အခုလောလောဆယ် ဘုရင့်မြို့တော်က သံချပ်ကာအစုံတစ်ထောင်မပြောနဲ့… အစုံတစ်ရာတောင် မထုတ်နိုင်သေးဘူး…”
“ဘုရင့်မြို့တော်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဆင်းရဲရတာလဲ…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
“ဘုရင့်မြို့တော်က ဆင်းရဲတာမဟုတ်ဘူးဟ…” မှော်ဘုရင်တန်က ကူကယ်ရာမဲ့စွာပြုံးလျက် “ဘုရင့်မြို့တော်ထဲမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို ဟိုမှော်ဝိဇ္ဇာတွေ ဝယ်သွားကုန်တာ… အဲ့ကိစ္စကိုလည်း မင်းပဲ စလိုက်တာလေ… မင်းလူတွေအကုန်လုံးကို တစ်ယောက်ကို လက်နက်တစ်ခုစီ ပေးထားတော့ ကျန်တဲ့မှော်ဝိဇ္ဇာတွေကလည်း ဘယ်လိုလုပ်ပြီး ဒီအတိုင်း ရပ်ကြည့်နေလို့ ရတော့မှာလဲ… မဟုတ်ရင် သူတို့လူတွေ အထွန့်တက်ကြတော့မှာပေါ့… သူတို့မှာ မင်းလို ငွေရေးကြေးရေးအင်အား မတောင့်တင်းဘူးဆိုရင်တောင် သူတို့တစ်ယောက်ချင်းစီက နည်းနည်းချင်းစီ လိုက်ဝယ်သွားရင်တောင် မြို့ထဲမှာရှိတဲ့ဟာတွေ အကုန်ပြောင်မှာပဲ…”
“အဲ့ဒါလည်း ဟုတ်တာပဲနော်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ မှော်ဘုရင်တန်ပြောသည်ကို သူသံသယမဝင်ပေ။ အခြားသောမှော်ဝိဇ္ဇာများ၏ လက်အောက်တွင် ရှိနေကြသော အဖွဲ့သားများ၌ ကိုယ်ပိုင်လက်နက်များ၊ ကိုယ်ပိုင်သံချပ်ကာများ ရှိနေကြသည်ကိုလည်း သူကိုယ်တိုင် မြင်ခဲ့ရပေသည်။ ကြည့်ရသလောက် ထိုသံချပ်ကာ၊ လက်နက်များကို သူတို့၏မှော်ဝိဇ္ဇာများမှ ဝယ်ပေးခဲ့ကြသည့်ပုံပင်။
သို့သော်ငြား ထိုမှော်ဝိဇ္ဇာများမှာ လူတိုင်းအား သံချပ်ကာများ၊ လက်နက်များ မတပ်ဆင်ပေးနိုင်ကြ။ ထို့အတွက်ကြောင့် လက်ရွေးစင်စစ်သည်တော်များကိုသာ အထူးအလေးပေး တပ်ဆင်ပေးရလေသည်။
“အဲ့သံချပ်ကာတွေဘာတွေအကြောင်းလည်း လာမပြောတော့နဲ့… အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ မင်းကို ဘာမှ ကူညီပေးနိုင်မှာမဟုတ်ဘူး…”
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အဲ့ဒါတွေမရလို့ရှိရင် ကျုပ်ကို လူထပ်တိုးပေး…”
မှော်ဘုရင်တန်က မျက်လုံးမှေးစင်းလျက် “မင်း ဘယ်လိုလူတွေ လိုချင်နေသေးတာလဲ…”
ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်အဖွဲ့ထဲမှာ မှော်သခင်တွေမရှိဘူး… မှော်ဘုရင် ကျုပ်ကို မှော်သခင်နည်းနည်းလောက် ပေးလို့ရမလား…”
“ဘယ်နှစ်ယောက်လဲ…”
“ငါးယောက်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “သိမ်းငှက်ငါးကောင်ကို မှော်သခင်တစ်ယောက်နှုန်းနဲ့လေ… မဆိုးဘူးမလား…”
“ငါးယောက်က အရမ်းများလွန်းတယ်… ငါ မင်းကို မှော်သခင်တစ်ယောက်ပဲ ပေးလို့ရမယ်…”
“မှော်သခင်တစ်ယောက်က အဲ့လောက်တောင် တန်ကြေးရှိတာလား… မှော်ဘုရင်တန် နည်းနည်းပါးပါးတောင် ပိုပေးလို့မရဘူးလား…” ရန်ကိုင် အံ့ဩတကြီး ဖြစ်သွားခဲ့လေသည်။
မှော်ဘုရင်တန်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ကဲ… ဒါဆိုရင်လည်း မင်းဘက်က ငါ့ကို မှော်သခင် ငါးယောက်တောင်တောင်းတာ လွန်တယ်လို့ရော မထင်ဘူးလား…”
ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်လေသည်။ “ဒီလိုမျိုး အလဲအလှယ်လုပ်ရင် လူတိုင်းက အများဆုံးကို လိုချင်ကြတာပဲလေ… စီးပွားရေးလုပ်တယ်ဆိုတာ ဒီတိုင်းပဲဟာကို…”
“အများဆုံးနှစ်ယောက်ပဲ… အဲ့ထက်ပိုပေးလို့မရတော့ဘူး… အဲ့ထက်ပိုလိုချင်နေသေးတယ်ဆိုရင်တော့ မင်း သွားလိုက်ပေတော့…”
“ကောင်းပြီလေ… ဒါဆိုလည်း နှစ်ယောက်ပဲပေါ့… မှော်ဘုရင်ကို ကျုပ်ဘယ်လိုလုပ်ပြီး ငြင်းလို့ဖြစ်ပါ့မလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
မှော်ဘုရင်တန်သည် တစ်ခုခုပြောချင်နေသည့်အလား ရန်ကိုင်အား လက်ညှိုးတထိုးထိုး လုပ်နေခဲ့လေသည်။ သို့သော်ငြား နောက်ဆုံးတွင်တော့ သက်ပြင်းသာချ၍ သူ့ဘေးနားတွင်ရပ်နေသော မြို့စောင့်တပ်ခေါင်းဆောင်ဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ “ယွဲ့နဲ့လုကို ခေါ်လာခဲ့…”
ထိုစကားကြောင့် မြို့စောင့်တပ်ခေါင်းဆောင် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ဘာမှ ပြန်ပြောမနေခဲ့ဘဲ ချက်ချင်း အပြင်သို့ ထွက်သွားလေ၏။
တစ်ခဏကြာပြီးသည့်နောက်တွင် ခန်းမဆီသို့ ခြေသံများ ပျံ့လွင့်လာခဲ့လေသည်။
မကြာမီ မြို့စောင့်တပ်ခေါင်းဆောင်သည် မိန်းမငယ်လေးနှစ်ဦးကို ခေါ်လာခဲ့လေသည်။ ရန်ကိုင်လည်း မြို့စောင့်တပ်ခေါင်းဆောင်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့ရသည်။
ယုနှင့်လုမှာ မိန်းကလေးများဖြစ်မည်မှန်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပါသော်ငြား ထိုမိန်းကလေးနှစ်ဦးမှာ အတော်လေးလှပသည့် မိန်းကလေးများ ဖြစ်ကြလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုမိန်းကလေးနှစ်ဦးသည် သာမန် ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်များကဲ့သို့မဟုတ်ဘဲ အတော်လေးကိုမှ အချိုးအစားလှပကာ မိန်းမဆန်သည်ဟု ပြော၍ရပေသည်။
အရေးအကြီးဆုံးအချက်မှာ ထိုကောင်မလေးနှစ်ဦးသည် တစ်ထေရာတည်း တူနေခြင်းပင်။ ကြည့်ရသလောက် ထိုကောင်မလေးနှစ်ဦးမှာ အမွှာများ ဖြစ်ကြသည့်ပုံပင်။
ရန်ကိုင် မင်သက်သွားခဲ့လေသည်။
ရှေးခေတ်လူရိုင်းမျိုးနွယ်စုဝင်ထဲတွင် မှော်သခင်များမှာ အလွန်ကိုမှ ရှားပါးလှသည်။ လူရိုင်းနတ်ဘုရား၏ ကောင်းချီးပေးခြင်း ခံရသည့်လူများသာ မှော်စွမ်းအားကို ကျင့်ကြံနိုင်သည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် ရွာငယ်လေးတစ်ရွာ၌ မှော်အတတ်သင်တစ်ယောက် ရှိနေမည်ဆိုလျှင် အတော်လေးကိုမှ အထင်ကြီးဖွယ်ကောင်းနေလေပြီ။ သို့သော်ငြား မွေးလာသည့် အမွှာနှစ်ယောက်စလုံး မှော်ဆရာများ ဖြစ်နေဖို့ရာဆိုလျှင်တော့ ပို၍ပင် ရှားပါးပေသေးသည်။ ထို့အပြင် ဤအမွှာနှစ်ယောက်စလုံးမှာ သာမန်မှော်ဆရာများပင် မဟုတ်ဘဲ မှော်သခင်များ ဖြစ်ကြပေသည်။
ထို့အပြင် သူတို့၏ရုပ်ရည်ကို ကြည့်ရသလောက် နှစ်ဦးစလုံးမှာ တီယာထက် အသက်ကြီးသည့်ပုံမပေါ်။ ထို့အတွက်ကြောင့် သူတို့၏အနာဂတ်မှာ ကျိန်းသေကို တောက်ပနေပေလိမ့်မည်။
ရန်ကိုင်မှ သူမတို့အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့ပါသော်ငြား ကောင်မလေးနှစ်ဦးမှာ အေးစက်စက်အမူအယာဖြင့်သာ ရှိနေခဲ့ပြီး ရန်ကိုင်အား တစ်ချက်မှ ပြန်၍ စိုက်မကြည့်ခဲ့ပေ။ ရှေ့သို့တိုးလာရင်းသာ မှော်ဘုရင်တန်ကို နှုတ်ဆက်လိုက်လေ၏။ “မှော်ဘုရင်… ကျွန်မတို့ကို ဘာလို့ခေါ်လဲ သိလို့ရမလား…”
ထိုကောင်မလေးနှစ်ဦးစလုံးသည် ရုပ်တူရုံသာမဟုတ် အသံမှာလည်း အတော်လေးကိုမှ ဆင်တူလှသည်။ သူတို့အသံသည်သာ တစ်ထပ်တည်း ကျသွားမည်ဆိုပါက လူနှစ်ဦးရှိသည်ဟု မထင်ရတော့ဘဲ တစ်ယောက်တည်းမှ စကားပြောနေခြင်း ဖြစ်သည်ဟုသာ ထင်သွားရနိုင်ပေသည်။
“စိတ်ချင်းဆက်ကြတာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
ထိုအမွှာနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အတိုင်အဖောက်ညီစွာ ပူးပေါင်းလုပ်ဆောင်နိုင်ကြပါသော်ငြား စိတ်ချင်းဆက်နေသည့် ကိစ္စမှာတော့ လုံးဝကို မတူကွဲပြားသည့် ကိစ္စတစ်ရပ်ဖြစ်ပေသည်။ စိတ်ချင်းဆက်နေသည့် အနေအထားသို့ ရောက်သွားမည်ဆိုပါက အမွှာနှစ်ဦးစလုံးသည် သူတို့၏မှော်စွမ်းရည်ကို နှစ်ဆမျှ မြှင့်တင်နိုင်ပေသည်။ သူတို့သည်သာ မှော်ပညာရပ်များကို အတူထုတ်သုံးမည်ဆိုပါက သူတို့အတူသုံးလိုက်သည့် မှော်ပညာရပ်၏စွမ်းအားမှာ သူတို့လက်ရှိ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အသုံးပြုသည့် မှော်ပညာရပ်ထက် အများကြီး ပိုမိုအားကောင်းနေပေလိမ့်မည်။
တစ်နည်းဆိုရသော် ယွဲ့နှင့်လုတို့သည် မှော်သခင်များသာ ဖြစ်ကြပါသော်ငြား သူတို့နှစ်ဦးသည်သာ အတူပူးပေါင်းတိုက်ခိုက်မည်ဆိုပါက သာမန်မှော်ဝိဇ္ဇာတစ်ဦးကိုပင်လျှင် ယှဉ်ပြိုင်နိုင်ပေသည်။
(ကောင်းချက်ပဲ…) ဤကဲ့သို့သော အဖွဲ့သားများကို ရလိုက်သည့်အပေါ် ရန်ကိုင် အတော်လေးကိုမှ ဝမ်းသာသွားခဲ့သည်။ အစကတော့ သူ့အဖွဲ့ထဲရှိ လိုအပ်ချက်များကို ဖြည့်တင်းရန်အတွက် မှော်သခင်နှစ်ဦးကို လိုချင်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော်ငြား မှော်ဘုရင်တန်သည် ဤကဲ့သို့သော အမွှာမှော်သခင်နှစ်ဦးကို သူ့ဆီသို့ ပို့ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုကောင်မလေးနှစ်ဦးကို ကြည့်နေသည့် မှော်ဘုရင်တန်၏ အကြည့်ထဲ မြတ်နိုးရိပ်၊ သိမ်မွေ့ရိပ်၊ ချစ်မြတ်နိုးရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။ ထိုကောင်မလေးနှစ်ဦးမှာ မှော်ဘုရင်တန်၏ သမီးများ ဖြစ်နေလေမလား။ ထိုသို့မဟုတ်ပဲ မှော်ဘုရင်တန် တန်ဖိုးထားရသော လက်အောက်ငယ်သားများ ဖြစ်နေလေမလား။ ထိုသို့ဆိုလျှင် ထိုကောင်မလေးနှစ်ဦးကိုသာ သူ့လက်အောက်ထဲသို့ ခေါ်သွင်းလိုက်မည်ဆိုပါက မှော်ဘုရင်တန်ကို ဒုက္ခပေးးသလို ဖြစ်သွားပေလိမ့်မည်။
သူ့စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေစဉ်မှာပင် မှော်ဘုရင်တန်က ပြောလိုက်လေ၏။ “အခုကနေစပြီးတော့ နင်တို့နှစ်ယောက် မှော်ဆရာညိုရဲ့ အဖွဲ့သားတွေဖြစ်သွားပြီ… သူပြောတာတွေကို နားထောင်ရမယ်… နားလည်ကြလား…”
ထိုစကားကြားသည့်အခါ ယွဲ့နှင့်လုသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ ထို့နောက် ရင်ဘတ်ပေါ်လက်တင်၍ သံပြိုင်ပြောလိုက်ကြလေ၏။ “မင်္ဂလာပါ မှော်ဆရာညို…”
သူတို့၏အသံမှာ ခပ်ပြတ်ပြတ် ဖြစ်နေခဲ့လေသည်။ ကြည့်ရသလောက် မှော်ဝိဇ္ဇာတစ်ဦး ဖြစ်နေပါသော်ငြား ရန်ကိုင်အပေါ် သိပ်၍ မလေးစားသလိုပင်။
ရန်ကိုင်သည် စီနီယာတစ်ဦး၏ဟန်ပန်ဖြင့် ခေါင်းညိတ်၍ “ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး…”
မှော်ဘုရင်တန်က ယဲ့ယဲ့လေးပြုံးလျက် “ယုနဲ့လုတို့က အရင်တုန်းက မှော်ကျောင်းတော်မှာပဲ တောက်လျှောက် လေ့ကျင့်နေခဲ့ကြတာ… မှော်ဘုရင့်မြို့တော်ထဲကို ရောက်တာ သိပ်မကြာသေးဘူး… ဒီတော့ ဒီလောကကြီးနဲ့ပတ်သက်ပြီး သိပ်အတွေ့အကြုံမရှိသေးဘူးလို့ ပြောလို့ရတယ်… သူတို့နှစ်ယောက်က မင်းရဲ့လက်အောက်ငယ်သားတွေ ဖြစ်သွားပြီဆိုတော့ မင်း သူတို့ကို သေသေချာချာ သင်ပြပေးလို့ရပြီ… မင်းအမိန့်ကို မနာခံရင် အပြစ်သာပေးလိုက်… ကိစ္စမရှိဘူး…”
“မှော်ကျောင်းတော်…” ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့လေသည်။
မှော်ကျောင်းတော်သည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားပြုနေသည့် အမှတ်သညာဖြစ်သည်။ မှော်ကျောင်းတော်တွင် မှော်နတ်ဘုရား၏ ရုပ်ထုပင် ရှိနေခဲ့သည်။ အမျိုးမျိုးသောကလန်များ၏ အတော်ဆုံးသော ပါရမီရှင်များသည်သာ မှော်ကျောင်းတော်တွင် ကျင့်ကြံခွင့် ရကြလေသည်။
တစ်နည်းဆိုရသော် မှော်ကျောင်းတော်မှ ထွက်လာကြသည့် မှော်ဆရာများမှာ သာမန်အဆင့်တူ မှော်ဆရာများထက် အများကြီး ပိုအားကောင်းသည်ဟု ပြောနိုင်ပေသည်။
စီနီယာချင်ပေးခဲ့သည့် အသိပညာများမှတစ်ဆင့် မှော်ကျောင်းတော်သည် ရှေးခေတ်လူရိုင်းမျိုးနွယ်စုအတွက် မည်မျှအဖိုးတန်ကြောင်းကို ရန်ကိုင်သိခဲ့ရသည်။
အခွင့်အရေးသာရမည်ဆိုပါက သူကိုယ်တိုင်သည်လည်း မှော်ကျောင်းတော်သို့ သွားလည်ဦးမည်ဟု ရန်ကိုင် ဆုံးဖြတ်ခဲ့ဖူးသည်။
သို့သော်ငြား နတ်ဆိုးမျိုးနွယ်စုဝင်များ ကျူးကျော်လာသည့်ကိစ္စကြောင့် သူ့အစီအစဉ်ကို ရုတ်သိမ်းလိုက်ရလေသည်။
သို့သော်ငြား ဤနေရာတွင် မှော်ကျောင်းတော်မှ တပည့်နှစ်ဦးနှင့် လာတိုးရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယွဲ့နှင့်လုတို့နှစ်ဦးစလုံး အသက်ငယ်ငယ်လေးဖြင့် မှော်သခင်အဆင့်သို့ ရောက်နေသည်မှာ အထူးအဆန်းမဟုတ်တော့။ နှစ်ဦးစလုံးသည် မှော်ကျောင်းတော်မှလာခြင်း ဖြစ်သည့်အတွက်ကြောင့် သူတို့၏အရည်အချင်းမှာ လုံးဝမေးခွန်းထုတ်စရာ မလိုတော့ချေ။
မှော်ဘုရင်တန်က ပြုံးလျက် “မင်းအရည်အချင်းနဲ့ဆိုလို့ရှိရင် မှော်ကျောင်းတော်ကို အသာလေးဝင်လို့ရတယ် မှော်ဆရာညို… ဒီတော့ အသက်ရှင်အောင်လုပ်… တကယ်မှော်ပညာရပ်တွေကို မှော်ကျောင်းတော်မှာပဲ သင်နိုင်တာ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “မှော်ဘုရင်တန်ရဲ့ ညွှန်ကြားချက်ကို ဒီလက်အောက်ငယ်သား မှတ်ထားပါ့မယ်…”
“ကဲ… မင်းတို့သွားလို့ရပြီ…” မှော်ဘုရင်တန်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်လေသည်။
ရန်ကိုင်သည် ရင်ဘတ်ပေါ်လက်တင်၍ မှော်ဘုရင်တန်ကို ဦးညွှတ်ပြီးသည့်နောက် ပြန်ဆုတ်လာခဲ့လိုက်သည်။
ယွဲ့နှင့်လုတို့ ထွက်မသွားခင် နှစ်ဦးစလုံးသည် မှော်ဘုရင်တန်အား ကြည့်လိုက်ကြလေသည်။ ထို့နောက် သံပြိုင်ပြောလိုက်ကြလေ၏။ “ဂရုစိုက်ပါ မှော်ဘုရင်တန်…”
မှော်ဘုရင်တန်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ယွဲ့နှင့်လုတို့ အသီးသီး ထွက်သွားကြလေ၏။
ယခု မှော်ဘုရင်တန်နှင့် မြို့စောင့်တပ်ခေါင်းဆောင်တို့သည်သာ ခန်းမထဲ ကျန်ရစ်ခဲ့တော့လေသည်။
“မှော်ဘုရင်… သူက မှော်ဝိဇ္ဇာတစ်ယောက်ပဲလေ… ဘာဖြစ်လို့ ယွဲ့နဲ့လုကို သူ့ကိုပေးလိုက်တာလဲ…” မြို့စောင့်တပ်ခေါင်းဆောင်သည် မှော်ဘုရင်တန်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။ သူကိုယ်တိုင်သည်လည်း မှော်ဘုရင်တန် ဘာကြောင့် ဤကဲ့သို့ ဆုံးဖြတ်လိုက်မှန်း နားမလည်။ သူတို့မြို့ထဲတွင် မှော်သခင်များများစားစား မရှိပါသော်ငြား အတော်များများတော့ ရှိပေသည်။ မှော်ဝိဇ္ဇာညိုမှ မှော်သခင်များ လိုချင်နေသည့်အတွက်ကြောင့် သူတို့အနေဖြင့် ကြုံရာမှော်သခင်နှစ်ဦးကို ရွေးပေးလိုက်လို့ ရပေသည်။ ထိုသို့ဖြစ်လေရာ မှော်ဘုရင်တန်သည် ဘာကြောင့်များ ယွဲ့နှင့်လုကို ရန်ကိုင်ဆီသို့ ပေးလိုက်ရလေသနည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၈)
ဘာသာပြန်သူ_တိမ်တိုက်
မှော်ဆရာညိုသည် ထိုကောင်မလေးနှစ်ဦး မှော်ဘုရင်တန်နှင့် မည်ကဲ့သို့ပတ်သက်သလဲဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား မြို့စောင့်တပ်ခေါင်းဆောင်ကတော့ သိပေသည်။
စစ်ပွဲမှာ နီးလာနေလေပြီ။ ထိုသို့ဖြစ်လေရာ မှော်ဘုရင်တန်သည် ယွဲ့နှင့်လုအား မှော်ဝိဇ္ဇာအဆင့်သာ ရှိသေးသော မှော်ဆရာညိုလက်ထဲသို့ မည်ကဲ့သို့များ ထည့်ပေးလိုက်နိုင်ရလေသနည်း။
မှော်ဘုရင်တန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “သူ့နောက်ကိုလိုက်မှပဲ သူတို့နှစ်ယောက် အသက်ရှင်နိုင်ချေရှိမှာ…”
မြို့စောင့်တပ်ခေါင်းဆောင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ မှော်ဘုရင်တန်ပြောလိုက်သည့်စကားနှင့် ပတ်သက်၍ သူလက်ခံမလိုပေ။ သို့သော်ငြား သူ့အနေဖြင့် မှော်ဘုရင်တန်၏စကားကို မည်ကဲ့သို့များ ငြင်းဆိုနိုင်ပါမည်နည်း။ ထို့ကြောင့် တိတ်တိတ်နေရုံသာ တတ်နိုင်ခဲ့လေသည်။
ဘုရင့်မြို့တော်အပြင်ဘက်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှေ့မှသွားနေရင်းမှ ကောင်မလေးနှစ်ဦးဘက်သို့လှည့်ကြည့်၍ မေးလိုက်လေသည်။ “နင်တို့ထဲက ဘယ်တစ်ယောက်က ယွဲ့လဲ… ဘယ်တစ်ယောက်ကလုလဲ…”
ကောင်မလေးနှစ်ဦးစလုံး ရပ်လိုက်ကြပြီး ဘယ်ဘက်တွင်ရှိနေသည့်တစ်ယောက်က ပြောလိုက်သည်။ “ကျွန်မက ယွဲ့ပါ…”
ညာဘက်တွင်ရှိနေသည့်တစ်ယောက်ကလည်း ဆက်ပြောလိုက်သည်။ “ကျွန်မက လုပါ…”
ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။ “ငါသိပြီ… မှော်ဘုရင်တန်ပြောသွားတာရှိသေးတယ်… နင်တို့နှစ်ယောက်က မှော်ကျောင်းတော်က လာကြတာဆို… အဲ့မှော်ကျောင်းတော်က ပျော်ဖို့ကောင်းလား…”
အမွှာနှစ်ယောက် မျက်မှောင်ကျုံ့သွားခဲ့သည်။ ယွဲ့က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “မှော်ကျောင်းတော်ဆိုတာ လူရိုင်းမျိုးနွယ်စုဝင်တွေအတွက် အရေးအကြီးဆုံးနေရာပဲ… အတော်ဆုံးမှော်ဆရာတွေပဲ မှော်ကျောင်းတော်မှာ သင်ကြားခွင့်ရကြတာ… မှော်ကျောင်းတော်ဆိုတာ အပျော်ရှာရမယ့်နေရာမဟုတ်ဘူး…”
လုကလည်း ဝင်ပြောလိုက်သည်။ “ကိုယ့်စကားကိုယ် သတိထားပါ မှော်ဆရာညို…”
ရန်ကိုင် ပုခုံးတွန့်လိုက်လေသည်။ ထိုကောင်မလေးနှစ်ဦး၏ ပုံစံကို အနည်းနဲ့အများတော့ သူသိသွားလေပြီ။ ထိုသို့ဖြင့် ရန်ကိုင်သည် ဘာမှမပြောတော့ဘဲ ရှေ့သို့သာ ဆက်သွားလေ၏။
တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့စခန်းချထားသည့် နေရာဆီသို့ ရန်ကိုင်တို့သုံးယောက် ရောက်လာကြသည်။ ထိုနေရာတွင် လေ့ကျင့်နေကြသော လူရိုင်းစစ်သည်တော်များမှာ ရန်ကိုင်မှ ကောင်မလေးနှစ်ဦးအား ခေါ်လာသည်ကို တွေ့လိုက်သည့်နောက် အံ့အားသင့်သွားကုန်ကြလေသည်။
ရန်ကိုင်သည် အကုန်လုံး သူ့အား စိုက်ကြည့်လာစေရန်အတွက် လက်ခုပ်တီးပြလိုက်လေသည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “ဒီနှစ်ယောက်က မှော်ဘုရင်တန် ငါတို့အဖွဲ့ထဲကို ထည့်ပေးလိုက်တဲ့ မှော်သခင်ယွဲ့နဲ့လုပဲ… အခု မင်းတို့ သူတို့နှစ်ယောက်ကို သိသွားပြီဆိုလို့ရှိရင် သူတို့နှစ်ယောက်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေပြီးတော့ အခုကျူးကျော်လာမယ့် နတ်ဆိုးမျိုးနွယ်စုတွေကို အတူပူးပေါင်းတိုက်ထုတ်နိုင်မယ်လို့ ငါမျှော်လင့်တယ်…”
အကုန်လုံး ခေါင်းညိတ်လိုက်ကြလေသည်။
မှော်အတတ်သင်များနှင့် မှော်စစ်သည်တော်များသည် ရှေ့သို့ထွက်လာကြပြီး မှော်သခင်နှစ်ဦးအား တလေးတစားဖြင့် လာရောက်နှုတ်ဆက်ကြသည်။
ယွဲ့နှင့်လုသည် ခေါင်းညိတ်လိုက်ကြပြီး ထိုလူများကို ဝေ့ကြည့်ကာ စစ်ဆေးကြည့်လိုက်ကြသည်။
“ကဲ… ကိုယ့်ဘာသာကိုယ် ဆက်လေ့ကျင့်နေကြပေတော့…” ရန်ကိုင်က လူအုပ်ကြီးဘက်သို့လှည့်၍ ပြောလိုက်လေသည်။ ထို့နောက်တွင် အမွှာနှစ်ဦးဘက်သို့ ပြန်လှည့်ကာ “နင်တို့နှစ်ယောက်လည်း သူတို့နဲ့အတူ သွားလေ့ကျင့်လိုက်… မှော်ကျောင်းတော်က နင်တို့ကို မှော်ပညာရပ်တွေပဲ သင်ပေးမှာ… တိုက်ခိုက်ဖို့ သင်ပေးမှာမဟုတ်ဘူး… ဒီတော့ တကယ့်စစ်ပွဲမှာ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို နင်တို့ အတွေ့အကြုံရဦးမှာမဟုတ်သေးဘူး… တကယ်နတ်ဆိုးမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်ရရင် ပျာယာခတ်မသွားရအောင်လို့ သူတို့နဲ့အတူ အရင်သွားလေ့ကျင့်နေလိုက်…”
အမွှာနှစ်ဦး ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ရန်ကိုင်သည် အသံအကျယ်ကြီး လေချွန်လိုက်လေသည်။ ရန်ကိုင်၏လေချွန်သံကို ကြားသည့်အခါ မြေပြင်ပေါ်တွင်ရှိနေသော သိမ်းငှက်ဘုရင်သည် အမိန့်ရလိုက်သည့်အလား ကောင်းကင်ပေါ်သို့ မော့၍ စူးရှရှ အော်ဟစ်လိုက်လေသည်။
ကောင်းကင်ထက်တွင် ပျံဝဲနေကြသော သိမ်းငှက်များသည် သိမ်းငှက်ဘုရင်၏အမိန့်ကို ရပြီးသည့်နောက်တွင် မြားသမားများကို ကျောပြင်ထက်သယ်လျက် မြေပြင်ပေါ်သို့ ဆင်းလာခဲ့ကြလေ၏။
မြားသမားများ၏မျက်နှာများမှာ အတော်လေးကိုမှ ဖြူလျော်နေကြလေသည်။ သိမ်းငှက်များ၏ကျောပေါ်မှ ဆင်းလာပြီးသည့်နောက် အချို့ဆိုလျှင် ထကိုအန်ကြတော့သည်။ အချို့မှာတော့ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျကုန်လေ၏။
“မှော်ဝိဇ္ဇာ… ကျွန်မတို့ကို ဘာကိစ္စရှိလို့ ခေါ်လိုက်တာလဲ…” အားဟွာသည် လေးကိုင်းကို ကျောပြင်ထက် သယ်ထားရင်းမှ ရန်ကိုင်ဆီသို့လာ၍ မေးလိုက်လေ၏။ သူမမျက်နှာမှာ အနည်းငယ် ဖြူလျော်နေပါသော်ငြား အခြားသူများနှင့် ယှဉ်လိုက်ရင်တော့ အများကြီး ပိုအဆင်ပြေနေပေသေးသည်။ ရှင်းရှင်းပြောရလျှင် သူမ၏ခြေလှမ်းများသည် အခြားသူများ၏ခြေလှမ်းများထက် ပို၍တည်ငြိမ်နေသေးသည်။ ထိုအကြောင်းကြောင့်ပင် အားဟွာမှာ မိုးပျံတပ်၏ ခေါင်းဆောင်ရာထူးကို ရရှိခဲ့ခြင်းလည်း ဖြစ်ပေသည်။
ရန်ကိုင်က အကုန်လုံးသိအောင် အော်ပြောလိုက်လေ၏။ “အခုလေးတင် မှော်ဘုရင်တန်ဆီကနေ အမိန့်ရလာတယ်… ကျုပ်မှာရှိနေတဲ့ သိမ်းငှက်တွေထဲက နှစ်ဆယ့်ငါးကောင်ကို ဘုရင့်မြို့တော်ဆီ ပေးရမယ်…”
အားဟွာ အံ့အားသင့်သွားခဲ့လေသည်။ “နှစ်ဆယ့်ငါးကောင်… ဒီတော့…”
မူလကတော့ မြားသမားတစ်ဦးလျှင် သိမ်းငှက်တစ်ကောင်စီ ရကြသည်။ ထို့အတွက်ကြောင့် သိမ်းငှက်နှစ်ဆယ့်ငါးကောင်ကိုသာ ပေးပစ်လိုက်မည်ဆိုပါက သူတို့၏မိုးပျံစစ်တပ်ထဲမှ မြားသမားများနှစ်ဆယ့်ငါးယောက်ကို ဖယ်ထုတ်ရပေတော့မည်။ ထိုသို့လုပ်ခြင်းသည် ဖယ်ထုတ်ခံလိုက်ရသည့် မြားသမားများအတွက် မတရားရာ ကျသွားပေလိမ့်မည်။
ထိုမြားသမားများမှာ မိုးပျံတပ်အဖွဲ့သားများ ဖြစ်လာရန်အတွက် စမ်းသပ်မှုများကို ဖြတ်ကျော်လာခဲ့ရခြင်း ဖြစ်လေသည်။
“အဲ့ဒါကြောင့်ပဲ နင့်ကို တစ်ရက်အချိန်ပေးမှာ… အဲ့တစ်ရက်အတွင်း စွမ်းဆောင်ရည်အညံ့ဆုံး မြားသမားနှစ်ဆယ့်ငါးယောက်က မြေပြင်တပ်ဖွဲ့ထဲကို ပြန်ဝင်ရမယ်… နားလည်လား…”
အားဟွာသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ…”
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “ကဲ… အဲ့ဒါဆို သွားလို့ရပြီ…”
အားဟွာသည် ဒေါသဖြစ်နေသည့်အမူအယာဖြင့် ပြန်လှည့်လာခဲ့လေသည်။ သူမ၏အဖွဲ့သားများဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် မြားသမားပေါင်းများစွာမှာ သူမအား တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ကြည့်လာကြလေသည်။ ပြောစရာမလိုအောင်ပင် အကုန်လုံးမှာ ရန်ကိုင်ပြောလိုက်သည်ကို ကြားကြပေသည်။ သူတို့သည်သာ မိုးပျံတပ်သားများ ဆက်ဖြစ်လိုပါက အတတ်နိုင်ဆုံး ကြိုးစားရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက အညံ့ဆုံးနှစ်ဆယ့်ငါးယောက်မှာ မြေပြင်တပ်ဖွဲ့ထဲသို့ ပြန်သွားရပေလိမ့်မည်။
မကြာမီ သိမ်းငှက်ခုနှစ်ဆယ့်ငါးကောင်သည် ကောင်းကင်ထက်သို့ ပျံတက်သွားကုန်ကြလေသည်။
ရန်ကိုင်သည် သူနေနေသည့် အိမ်ဆီသို့ ပြန်လာပြီး မွန်းစတားအမြုတေများကို သန့်စင်ရင်း စတင်ကျင့်ကြံတော့လေသည်။
တစ်ရက်ကြာပြီးသည့်နောက် အားဟွာသည် မိုးပျံတပ်အခြေအနေအကြောင်းကို လာရောက်တင်ပြလေ၏။ ရန်ကိုင်၏ခွင့်ပြုချက် ရပြီးသည့်နောက်တွင် အားနည်းသည့် မြားသမားနှစ်ဆယ့်ငါးယောက်ကို မြေပြင်တပ်ဖွဲ့ထဲသို့ ပြန်ပို့လိုက်လေသည်။ ထို့နောက်တွင် သိမ်းငှက်နှစ်ဆယ့်ငါးကောင်ကို မြို့တော်ဆီသို့ ပို့ပေးလိုက်လေ၏။
နောက်ရက်များအတွင်း ရန်ကိုင်၏လက်အောက်တွင် ရှိနေကြသော အဖွဲ့ဆယ့်နှစ်ဖွဲ့မှာ အစီအစဉ်တကျနှင့် လေ့ကျင့်နေကြလေသည်။ တဖြည်းဖြည်း လေ့ကျင့်နေရင်းမှ တစ်ဦးနှင့်တစ်ဦး အတူပူးပေါင်းလုပ်ဆောင်ရသည့်အပေါ် ပိုပို၍ အသားကျလာကြလေ၏။
ယွဲ့နှင့်လုတို့ပါ ပါလာသည့်အတွက်ကြောင့် ရန်ကိုင်၏အဖွဲ့မှ မှော်ဆရာများ ထုတ်သုံးနိုင်သည့် မှော်ပညာရပ်များသည် သုံးထောင်သောလူများအတွက် လုံလောက်သွားတော့လေသည်။
ယခင်ကတော့ ထိုကဲ့သို့ သုံးထောင်သောလူများအပေါ် မှော်ပညာရပ်များ ထုတ်သုံးနိုင်ရန်အတွက် ရန်ကိုင်နှင့်တီယာတို့ ကူညီပေးမှသာ ရနိုင်ပေသည်။ သို့သော်ငြား ယွဲ့နှင့်လုတို့ ရောက်လာပြီးသည့်နောက် တီယာနှင့်ရန်ကိုင်တို့ ဝင်ပါစရာပင်မလိုတော့ဘဲ သူ့လက်အောက်တွင်ရှိနေသော မှော်ဆရာများသက်သက်နှင့်ပင်လျှင် လူသုံးထောင်အပေါ် မှော်ပညာရပ်များ ထုတ်သုံးနိုင်လေပြီ။
မှော်ဆရာများမှာ ယွဲ့နှင့်လုတို့၏ မှော်စွမ်းရည်များကို မြင်တွေ့ပြီးသည့်နောက် အတော်လေး အထင်ကြီးသွားကြလေသည်။ ထိုနှစ်ဦးမှာ မှော်ကျောင်းတော်မှလာမှန်း သိသွားကြသည့်နောက် ပို၍ပင် အထင်ကြီးသွားကြလေ၏။ ထိုမှော်သခင်နှစ်ဦး ကျွမ်းကျင်ထားသည့် မှော်ပညာရပ်များ၊ မှော်ပညာရပ်များအပေါ် သူတို့၏ နားလည်မှုနှင့် မှော်ပညာရပ်များကို ထုတ်သုံးသည့် သူတို့၏အမြန်နှုန်းမှာ သာမန်မှော်သခင်များထက် အများကြီးပိုမြန်ပေသည်။
ထိုမှော်သခင်နှစ်ဦး၏ လမ်းညွှန်သင်ပြပေးမှုအောက်တွင် မှော်စစ်သည်တော်များနှင့် မှော်အတတ်သင်များမှာ လျင်မြန်စွာ တိုးတက်လာခဲ့ကြလေ၏။
ထိုအမွှာနှစ်ဦးမှာ မည်သည့်အရာ၊ မည်သည့်ကိစ္စကိုမှ ဂရုမစိုက်သည့် ပုံစံမျိုး ပေါက်ပါသော်ငြား တကယ့်တကယ်တွင်တော့ သူတို့နှစ်ဦးမှာ အေးစက်စက်လူစားမျိုးမဟုတ်ကြချေ။ တကယ့်တကယ်တော့ အခြားသောမှော်ဆရာများသည်သာ သူတို့ဘက်မှ လာရောက်နှုတ်ဆက်၍ ပညာရပ်များအကြောင်း မေးမြန်းဆွေးနွေးမည်ဆိုပါက သူမတို့နှစ်ဦးမှာ အတော်လေးကိုမှ ပြောရဆိုရ လွယ်ကူသည့်လူများ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် မှော်စစ်သည်တော်များ၊ မှော်အတတ်သင်များသည် ထိုအမွှာနှစ်ယောက်နှင့် ရင်းနှီးသွားကုန်ကြလေသည်။ သူတို့မေးစရာရှိလျှင် အမွှာနှစ်ယောက်ကိုသွားမေးသည်။ အမွှာနှစ်ယောက်ကလည်း စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည်ရှင်းပြပေးလေသည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက် ရန်ကိုင်အဖွဲ့ထဲရှိ မှော်ဆရာများသည် ထိုမှော်သခင်နှစ်ဦးအား အတော်လေးကိုမှ လေးစားသွားကုန်ကြလေသည်။ မှော်သခင်နှစ်ဦး၏ အဖွဲ့ထဲရှိ အဆင့်အတန်းမှာလည်း အတော်လေးကိုမှ မြင့်မားလာရသည်။
ရန်ကိုင်ကမူ သူ၏အိမ်လေးထဲတွင်သာ တစ်ချိန်လုံး ပုန်းအောင်းနေ၍ ကျင့်ကြံနေခဲ့လေသည်။
အဆင့်ကိုးမွန်းစတားသားရဲများ၏ အမြုတေများသည် ရန်ကိုင်အား ကြီးကြီးမားမား မတိုးတက်စေတော့သည့်အတွက်ကြောင့် ရန်ကိုင်သည် အဆင့်တစ်ဆယ် မွန်းစတားအမြုတေများကို စတင်ထုတ်သုံးရတော့လေသည်။
သုံးရက်အတွင်း အဆင့်နိမ့်မှော်ဝိဇ္ဇာအဆင့်မှာ အလယ်အလတ်အဆင့်မှော်ဝိဇ္ဇာအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
ယနေ့တွင်တော့ ရန်ကိုင်တို့ရရှိထားသည့် ငြိမ်းချမ်းမှုမှာ စတင်၍ ပြိုကွဲရတော့လေသည်။
ဘုရင့်မြို့တော်ထဲ ကျယ်လောင်သည့် ခရာသံကြီးတစ်သံ ပျံ့လွင့်လာခဲ့သည်။ အလုပ်ရှုပ်နေကြသော လူရိုင်းမျိုးနွယ်စုဝင်အားလုံးမှာလည်း ငြိမ်ကျသွားကုန်ကြလေသည်။ ထောင်နှင့်ချီသော မျက်လုံးများသည် ဘုရင့်မြိုတော်ဆီသို့ စုပြုံ၍ ရောက်ရှိလာကုန်ကြလေသည်။ မုန်တိုင်းတစ်ခု အစပျိုးလာပြီမှန်း လူတိုင်း သဘောပေါက်နေခဲ့ကြသည်။
လူပေါင်းများစွာ ကောင်းကင်သို့ ပျံတက်သွားကြပြီး ဘုရင့်မြို့တော်ဆီသို့ ပျံသန်းသွားကုန်ကြလေသည်။
မကြာမီ မှော်ဝိဇ္ဇာများသည် သူတို့ ယခင်စုဝေးခဲ့ဖူးသည့် နေရာဆီသို့ ရောက်ရှိလာကုန်ကြလေ၏။
ယခုတစ်ကြိမ် ရောက်ရှိလာသည့် မှော်ဝိဇ္ဇာအရေအတွက်မှာတော့ ယခင်ရောက်ရှိလာခဲ့ဖူးသည့် မှော်ဝိဇ္ဇာအရေအတွက်ထက် ငါးဆယ်ရာခိုင်နှုန်းခန့် ပိုမိုများပြားနေခဲ့လေသည်။ တကယ်တော့ ယခင်တစ်ကြိမ် ဤနေရာ၌ မှော်ဝိဇ္ဇာများစုဝေးနေစဉ်က မှော်ဘုရင်၏အမိန့်အတိုင်း ဘုရင့်မြို့တော်ဆီသို့ အချိန်မီ ရောက်မလာနိုင်ခဲ့သည့် မှော်ဝိဇ္ဇာများ ရှိခဲ့သည်မဟုတ်ပေလော။ ယခုအချိန်တွင်တော့ မည်သည့် အချိန်မီရောက်မလာနိုင်ခဲ့သည့် မှော်ဝိဇ္ဇာမှ မရှိတော့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုတစ်ကြိမ် မှော်ဝိဇ္ဇာအရေအတွက်မှာ ပိုမိုများပြားနေရခြင်းပင်။
ထိုနေရာသို့ ရောက်လာပြီးသည့်တိုင် မှော်ဘုရင်တန်ကို မတွေ့ရသေးသဖြင့် ရင်းနှီးသည့်လူများမှာ သူတို့ဘာသာသူတို့ အချင်းချင်း ဆွေးနွေးနေကြတော့လေသည်။ သို့သော်ငြား လူတိုင်းမှာ သူတို့၏အဖွဲ့သားများကို လေ့ကျင့်ပေးရင်း အလုပ်ရှုပ်နေကြသဖြင့် ဘုရင့်မြို့တော်အပြင်ဘက်၌ ဘာတွေဖြစ်နေသလဲဆိုသည်ကို မသိကြချေ။ ထို့ကြောင့် သူတို့ဘာသာသူတို့ မည်သို့ပင် ဆွေးနွေးနေစေကာမူ အရေးကြီးသည့် မည်သည့်အကြောင်းအရာမှ ထွက်ပေါ်မလာခဲ့ချေ။
တစ်ခဏကြာပြီးသည့်နောက်တွင် မှော်ဘုရင်တန် သုန်သုန်မှုန်မှုန်ဖြင့် ရောက်လာခဲ့လေသည်။
ဆူညံနေသော လူအုပ်ကြီးမှာ ရုတ်ချည်း တိတ်ကျသွားခဲ့ပြီး အကုန်လုံး၏အကြည့်သည် မှော်ဘုရင်တန်ဆီသို့ ရောက်လာခဲ့သည်။ မှော်ဘုရင်တန်၏ သုန်မှုန်နေသည့် အမူအယာကိုမြင်သော် လူတိုင်း၏စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်ကြလေ၏။
သူတို့စိတ်ထင်နေသည့်အတိုင်းပင် မှော်ဘုရင်တန်သည် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားစေလောက်မည့်သတင်းကို စပြောလေ၏။ “လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မှော်သူတော်စင်တွေအကုန်လုံး နတ်ဆိုးမျိုးနွယ်စုထဲကို ထိုးဖောက်ဝင်သွားပြီးတော့ သူတို့ခေါင်းဆောင်တွေကို သွားတိုက်ခိုက်ခဲ့တယ်… အကုန်လုံး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်… ဒါပေမယ့် သူတော်စင်လေးယောက်ထဲမှာ သုံးယောက်က ဆိုးဆိုးရွားရွားဒဏ်ရာရပြီး အိပ်မောကျသွားတယ်… အခု နိုးနေသေးတဲ့သူတော်စင်ဆိုလို့ မှော်သူတော်စင်ရှုန်းတစ်ယောက်ပဲ ကျန်တော့တယ်… ဒါပေမယ့် မှော်သူတော်စင်ရှုန်းလည်း လတ်တလောအတွင်းတော့ ပြန်ပြီး တိုက်ခိုက်နိုင်ဦးမှာမဟုတ်သေးဘူး…”
ထိုသတင်းကို ကြားပြီးသည့်နောက် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြလေသည်။ သူတို့အနေဖြင့် ဤကဲ့သို့ အလွန်အကျွံ တုံ့ပြန်နေသည်မှာလည်း အထူးအဆန်းမဟုတ်။ မှော်နတ်ဘုရားများ မရှိသည့်ခေတ်တွင် မှော်သူတော်စင်များသာ လူရိုင်းမျိုးနွယ်စုတစ်ခုလုံး၏ အားအကောင်းဆုံးသောပညာရှင်များ ဖြစ်ကြသည်မဟုတ်ပေလော။
ရှေးခေတ်လူရိုင်းမျိုးနွယ်စုတစ်ခုလုံးတွင် မှော်သူတော်စင်လေးပါးသာ ရှိလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မှော်သူတော်စင်များ စတင်လှုပ်ရှားပြီဖြစ်ကြောင်း မှော်ဘုရင်တန်က ပြောခဲ့သည်။ ထို့အတွက်ကြောင့် ဤနေရာတွင်ရှိနေသော မှော်ဆရာများ၏ရင်ထဲ မျှော်လင့်ချက်မီးပွားတို့ တောက်ပလာခဲ့ရလေသည်။
သို့သော်ငြား ဤသတင်းကို ကြားပြီးသည့်နောက် နတ်ဆိုးမျိုးနွယ်စုမှာ အလွန်တရာကိုမှ အားကောင်းသည့် မျိုးနွယ်စုတစ်ခုဖြစ်မှန်း လူတိုင်း နားလည်သွားကုန်ကြလေသည်။
မှော်သူတော်စင်လေးပါးမှ အတူပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် သုံးယောက်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပြီး အိပ်မောကျသွားခဲ့ရသည်။ နောက်ဆုံးတစ်ယောက်မှာ နိုးနေသေးပါသော်ငြား လတ်တလောအတွင်းတော့ ပြန်၍ မတိုက်ခိုက်နိုင်သေးချေ။ မှော်သူတော်စင်လေးပါးအား ထိုကဲ့သို့ဖြစ်သွားအောင် လုပ်နိုင်သည်ကိုကြည့်ပါက နတ်ဆိုးမျိုးနွယ်စုတွင် မှော်သူတော်စင်များနှင့် ယှဉ်ပြိုင်နိုင်သည့် ပညာရှင်များ ရှိနေကြောင်းကို မှော်ဆရာအားလုံး နားလည်သွားခဲ့ကြသည်။
မှော်သူတော်စင်များသည်ပင်လျှင် ထိုလူများ၏ပြိုင်ဘက် မဖြစ်နိုင်လေရာ သူတို့ဘက်တွင် လူအရေအတွက် ပိုများနေလျှင်ပင် နတ်ဆိုးမျိုးနွယ်စုအား ဘာလုပ်နိုင်ပါမည်နည်း။ ချက်ချင်းဆိုသလို လူတိုင်း၏မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။
မှော်ဘုရင်တန်သည် လူအုပ်ကြီးကိုဝေ့ကြည့်ရင်းမှ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ဒါပေမယ့် မှော်သူတော်စင်တွေရဲ့ ကြိုးစားမှုက အလဟဿ ဖြစ်မသွားဘူးလို့ ပြောလို့ရတယ်… မှော်သူတော်စင်ရှုန်းပြောတဲ့ပုံအရဆိုရင်တော့ နတ်ဆိုးမျိုးနွယ်စုရဲ့ အားအကောင်းဆုံးပညာရှင်တွေလည်း သေရင်သေ မသေရင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်တဲ့… ဒီတော့ ဒီတစ်ကြိမ်မှာ ငါတို့ချည်းပဲ ခံလိုက်ရတာမဟုတ်ဘူး…”
ထိုစကားကိုကြားလိုက်ရသည့်အခါမှသာလျှင် လူတိုင်း သက်ပြင်းချနိုင်ကြတော့လေသည်။ ဤသည်မှာ သူတို့မျှော်လင့်နေသည့်အရာ ဖြစ်သည်။ မှော်သူတော်စင်လေးပါးက လှုပ်ရှား၍ သူတို့ဘက်မှ မှော်သူတော်စင်များချည်းသာ ထိခိုက်သွားရမည်ဆိုပါက သူတို့ဘက်မှ အခြေအနေမဟန်တော့ချေ။ သို့သော်ငြား တစ်ဖက်လူကပါ ထိခိုက်သွားရမည်ဆိုလျှင်တော့ သူတို့အားလုံးအတွက် အဆင်ပြေသည်ဟု ပြော၍ရပေသည်။
“မှော်သူတော်စင်တွေက ပြန်ပြီး အနားယူဖို့ လိုသေးတယ်… ဒီတော့ တိုက်ခိုက်နိုင်ကြဦးမှာမဟုတ်သေးဘူး… ငါတို့ဘက်ကမှော်သူတော်စင်တွေ အဲ့လိုဖြစ်သွားတယ်ဆိုပေမယ့် နတ်ဆိုးမျိုးနွယ်စုဘက်ကပညာရှင်တွေလည်း အဲ့အတိုင်းပဲ… သူတို့ဘက်က ထိပ်တန်းပညာရှင်တွေလည်း တိုက်ခိုက်နိုင်မှာမဟုတ်ဘူး… ဒီတော့ ဒီစစ်ပွဲကို အဆုံးအဖြတ်ပေးမယ့်လူတွေက ငါတို့တွေပဲ… ငါတို့တွေသာ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီးတော့ နတ်ဆိုးတွေအကုန်လုံးကို ရှင်းပစ်နိုင်မယ်ဆိုရင် လူရိုင်းမျိုးနွယ်စုကို ကျိန်းသေကာကွယ်ပေးနိုင်လိမ့်မယ်… ဒါပေမယ့် အဲ့လိုမလုပ်နိုင်ဘူးဆိုရင် ငါတို့မျိုးနွယ်စုတစ်ခုလုံး လုံးဝပျက်သုန်းသွားရပြီပဲ… ဒီတော့ ငါတို့မှာ ရွေးစရာတစ်ခုပဲ ရှိတော့တယ်… သေတဲ့အထိ တိုက်ခိုက်ဖို့ပဲ…”
“သေတဲ့အထိ တိုက်ခိုက်မယ်…”
“သေတဲ့အထိ တိုက်ခိုက်မယ်…”
ခန်းမထဲတွင်ရှိနေသော မှော်ဝိဇ္ဇာများမှာ သံပြိုင်အော်ဟစ်လိုက်ကြလေသည်။
မှော်ဝိဇ္ဇာများ၏ တုံ့ပြန်ပုံကိုကြည့်ရင်း မှော်ဘုရင်တန်က ကျေနပ်သွားသည့်အမူအယာဖြင့် လက်ကိုမြှောက်၍ အကုန်လုံးအား ငြိမ်သက်နေရန် အချက်ပြလိုက်ပြီးသည့်နောက် ဆက်ပြောလိုက်သည်။ “မှော်သူတော်စင်တွေရဲ့ လှုပ်ရှားမှုကြောင့် နတ်ဆိုးမျိုးနွယ်စုကျူးကျော်နေတာ နှေးသွားပြီလို့ ပြောလို့ရတယ်… အခုဆိုရင် နတ်ဆိုးမျိုးနွယ်စုတွေက သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေလေးခုကို ခြေကုပ်ယူပြီးတော့ အဲ့မှာ ခံတပ်တွေပြင်နေကြပြီ… အခု ငါတို့တာဝန်က နယ်မြေလေးခုကို ပြန်သိမ်းဖို့ပဲ…”
“မှော်ဘုရင်တန်… အခု ဘယ်လိုအစီအစဉ်ဆွဲထားလဲ…” တစ်ယောက်ယောက်က မေးလိုက်လေသည်။
မှော်ဘုရင်တန်က ပြန်ပြောလိုက်သည်။ “ဒါကို ကြည့်ကြည့်လိုက်…”
ထိုသို့ပြောပြီးသည့်နောက် မှော်ဘုရင်တန်သည် သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ ဧရာမမြေပုံကြီးတစ်ခု ခန်းမထက်တွင် ဖြစ်ပေါ်လာခဲ့လေသည်။ မြေပုံတွင် သွေးနီရောင်ခြယ်ထားသည့် နေရာအကျယ်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုသွေးနီရောင်ခြယ်ထားသည့် နေရာမှာ အခြားမဟုတ် နတ်ဆိုးများမှ အပိုင်သိမ်းထားသည့် နယ်မြေလေးခုသာ ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၄၉)
ဘာသာပြန်သူ_တိမ်တိုက်
ဘုရင့်မြို့တော် အပြင်ဘက်၌... စစ်ပွဲအချက်ပေး ခရာသံတို့နှင့်အတူ အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြောက်ဘက်သို့ ချီတက်နေကြသည်။
ရန်ကိုင်၏ အဖွဲ့၌ အဖွဲ့ဆယ်ဖွဲ့အဖြစ် ခွဲထားသော အဖွဲ့သားများနှင့်အတူ၊ ဝေဟင်စစ်တပ်နှင့် လက်ရွေးစင်စစ်တပ်တို့ အပါအဝင် စုစုပေါင်း အဖွဲ့ (၁၂)ဖွဲ့ ရှိနေကြသည်။
ထိုအဖွဲ့များ၏ ရှေ့ဘက်တွင်၊ မှော်ကျောင်းတော်မှလာသော မှော်သခင်နှစ်ဦး၊ မှော်စစ်သည်တော် လေးဦးနှင့် မှော်အတတ်သင် ကိုးဦးတို့ ရှိနေကြသည်။
ရန်ကိုင်သည် သိမ်းငှက်ဘုရင်၏ ကျောပေါ် ထိုင်ရင်းမှ သူ့အဖွဲ့၏ အခင်းအကျင်းကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် လက်ဝှေ့ရမ်း၍ အမိန့်ပေးလိုက်လေ၏ “ထွက်ခွာမယ်”
ထို့နောက်တွင် သိမ်းငှက်အော်သံများနှင့် ဝေဟင်စစ်တပ်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ယွဲ့၊လုနှင့် အခြားသော မှော်ဆရာများသည်လည်း အဖွဲ့သား သုံးထောင်ကျော်အပေါ် အလင်းခန္ဓာကိုယ် ပညာရပ်ကို ထုတ်သုံးလိုက်ကြလေသည်။
သိမ်းငှက်ပေါ်တွင် ထိုင်ရင်းမှ ရန်ကိုင်သည် အနည်းငယ်မျှပင် အချိန်မဖြုန်းဘဲ တောက်လျှောက်ကို ကျင့်ကြံနေခဲ့သည်။
ဘုရင့်မြို့တော်မှလာသည့် အမိန့်မှာ ရိုးရှင်းလှသည်။ ခေါင်းဆောင်များ ဒဏ်ရာရနေသည့် အတွက်ကြောင့် နတ်ဆိုးစစ်သည်တော်များသည် သိမ်းပိုက်ထားသော နယ်မြေများတွင် ခံတပ်အခိုင်အမာ ဆောက်လုပ်၍ သူတို့ခေါင်းဆောင်များ ပြန်ကောင်းလာမည့် အချိန်ထိ အချိန်ဆွဲချင်နေသည်။
လူရိုင်းမျိုးနွယ်စုကမူ ထိုလူများ ပြန်ကောင်းလာမည်ကို လုံးဝ ထိုင်ကြည့်နေလိမ့်မည် မဟုတ်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်များ မလှုပ်ရှားနိုင် ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ သူတို့ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်သိမ်းယူရန် ကြိုးစားတော့လေသည်။
တောင်ပိုင်းလူရိုင်းကလန်မှ မှော်ဝိဇ္ဇာ အယောက်(၁၅၀) ဦးဆောင်သည့် အဖွဲ့ (၁၅၀)သည် နတ်ဆိုးစစ်စခန်းများကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် မြောက်ဘက်နယ်မြေဆီသို့ ချီတက်လာကြသည်။ စစ်စခန်းများကို ဖျက်စီးပြီးနောက်တွင် ကလန်အသီးသီး၏ မှော်ဘုရင်များသည် နတ်ဆိုးမျိုးနွယ်များကို လိုက်လံ ချေမှုန်းပေမည်။ စစ်စခန်းများကို ချေမှုန်းရမည့် လူရိုင်းမျိုးနွယ်များ ရရှိထားသည့် တာဝန်မှာတော့ မြင်သမျှ နတ်ဆိုးမျိုးနွယ်များကို သတ်ဖြတ်ပစ်ရန် ဖြစ်လေသည်။
ဤကဲ့သို့သော တာဝန်မျိုးနှင့် ပက်သက်၍ ရန်ကိုင်လည်း အတော်လေး ကျေနပ်နေမိသည်။ သူ့ခွန်အားကို တိုးတက်အောင် လုပ်လိုသေးသည့်အတွက်ကြောင့် အချိန်ကုန်ခံရမည့် တာဝန်မျိုး မလိုချင်ချေ။ သူ့ဘာသာ အထူးတလည် လုပ်ဆောင်ရမည့် တာဝန်တစ်ခုကိုသာ ရလိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် ကျင့်ကြံရာ၌ အာရုံစိုက်နိုင်လိမ့်မည် မဟုတ်ဘဲ ထိုတာဝန်ကို ပြီးမြောက်ရန်အတွက် အချိန်ကုန် အလုပ်ရှုပ်နေရပေလိမ့်မည်။ ထို့ကြောင့် လက်ရှိ အခြေအနေသည် သူ့အတွက် အတော်လေး အဆင်ပြေနေပေသည်။
ဤကမ္ဘာထဲတွင် အချိန်အတန်ကြာအောင် နေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်သူ လူရိုင်းမျိုးနွယ်တစ်ဦးဟုပင် ခံစားလာခဲ့ရသည်။
စစ်တပ်များသည် တရွေ့ရွေ့နှင့် ချီတက်နေကြသည်။ အစပိုင်းတွင် ရန်ကိုင်တို့သည် အခြားသော အဖွဲ့များနှင့် အတူတူ စစ်ချီတက်နေခြင်း ဖြစ်ကြပါသော်ငြား အချိန်ကြာလာသည့်နောက်တွင် အဖွဲ့များမှာ ဦးတည်ရာ စစ်စခန်း မတူညီသည့်အတွက်ကြောင့် တကွဲတပြား ဖြစ်ကုန်ကြသည်။ နောက်ဆုံးတွင် ရန်ကိုင်၏ ဝေဟင်တပ် ထောက်လှမ်းရေးစက်ကွင်းအတွင်း သူ့အဖွဲ့မှလွဲ၍ အခြား မည်သည့်အဖွဲ့ကိုမှ မတွေ့ရတော့ချေ။
ဆယ်ရက်ကြာပြီးသည့်နောက်၊ ရန်ကိုင်သည် သိမ်းငှက်ဘုရင်ပေါ်ထိုင်၍ ကျင့်ကြံနေစဉ်၊ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ အားဟွာသည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး သူ့အနီးသို့ အရောက်တွင် အစီခံလိုက်လေ၏ “ဆရာ၊ ရှေ့မှာ ရွာတစ်ရွာ ရှိနေပါတယ်”
“အဲ့မှာဘာတွေ့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
အားဟွာက ခေါင်းခါပြလိုက်၏ “ဘာမှမတွေ့ဘူး”
ရန်ကိုင်က ခေါင်းညိတ်လျက် ညွှန်ကြားလိုက်လေသည် “အဲ့မှာ ခရီးတစ်ထောက် နားကြတာပေါ့။ နောက်ခရီးတွေက ဒီလောက် ငြိမ်းချမ်းနေတော့မှာမဟုတ်ဘူး။ နားလို့ရတုန်းလေး နောက်လာမယ့် တိုက်ပွဲအတွက် သေချာအားဖြည့်ထားကြ”
“ဟုတ်ကဲ့” အမိန့်ရပြီးသည့်နောက်တွင် အားဟူ ပြန်ထွက်သွားလေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ဝေဟင်တပ်ဖွဲ့ ရွာငယ်လေးတစ်ရွာဆီသို့ ရောက်လာခဲ့သည်။ ဤရွာလေးသည် တောင်ပြာရွာထက် ပိုကျယ်ပါသော်ငြား အဆောက်အဦ ပုံစံများမှာတော့ အတူတူသာ၊ အကုန်လုံးသည် ကျောက်တုံး၊ သစ်သားများဖြင့် ဆောက်လုပ်ထားသည့် အိမ်များသည်သာ။
ရွာထဲသို့ ဝင်လာပြီးနောက်တွင် လူရိုင်းများသည် နေရာအသီးသီးရှာကာ အနားယူ အားဖြည့်ကြလေသည်။ လုံခြုံရေးကို တာဝန်ယူထားသည့်လူများသည် ကင်းစောင့် တာဝန်ကို ယူကြပြီး ချက်ပြုတ်ရမည့် တာဝန်ကို ယူထားသည့် လူများမှာတော့ မီးစဖိုကြလေသည်။
ရန်ကိုင်သည်လည်း ရွာထဲသို့ဝင်၍ နားရန် ကြံထားခဲ့ပါသော်ငြား ရွာထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မမြင်နိုင်သည့် အကြည့်တစ်စုံမှ သူ့အား စောင့်ကြည့်နေသလို ခံစားလိုက်ရသည့်အတွက်ကြောင့် သတိလက်လွတ် မနေရဲတော့ဘဲ ကောင်းကင်စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်စစ်ဆေးကြည့်လိုက်လေသည်။
သို့သော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့။ တစ်ချိန်တည်းတွင် သူ့အား တစ်ယောက်ယောက်မှ ကြည့်နေသည့် ခံစားချက်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်သည် တီယာကိုခေါ်၍ သတိပေးလိုက်လေ၏ “အကုန်လုံးကို သတိထားနေဖို့ ပြောထားလိုက်။ ဒီမှာ ပြဿနာ တစ်ခုခု တက်လာနိုင်တယ်”
တီယာသည် ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်လျက် “နင်ဘာတွေ့လို့လဲ”
“ဘာမှမတွေ့ဘူး။ ဒါပေမယ့် သတိထားတာ မမှားဘူး။ ဒီနေရာက အစကတည်းက ငြိမ်းချမ်းတဲ့ နေရာမဟုတ်ဘူး”
“ကောင်းပြီ” တီယာ ခေါင်းညိတ်လိုက်၏။
ရန်ကိုင်၏ အမိန့်ရပြီးသည့်နောက်တွင် အဖွဲ့သားများမှာ ပို၍ သတိချပ်လာကြတော့သည်။
မကြာမီတွင် ရွာထဲ အသားကင်နံ့များ ပျံ့နှံ့လာတော့သည်။ စစ်ချီနေစဉ်အတောအတွင်း အကုန်လုံးမှာ တစ်နေ့ တစ်နပ်သာ စားကြရသည်။ အချို့မှာ တစ်နေ့တစ်နပ်နှင့် မကျေနပ်နိုင်ကြချေ။ ထို့ကြောင့် လက်ရှိအချိန်တွင် အကုန်လုံးမှာ အလွန်ကိုမှ ဗိုက်ဆာနေကြရာ အသားကင်နံ့ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် တဂွီဂွီ မြည်သံများ နေရာအနှံ့ဆီမှ ထွက်ပေါ်လာတော့သည်။
မတောင့်ခံနိုင်တော့သည့်အဆုံးတွင် လူရိုင်းများသည် အသားကျက်မည်ကိုပင် မစောင့်တော့ဘဲ အားပါးတရ စားကြတော့လေသည်။
ထိုအခိုက်အတန့်တွင် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။ အကြောင်းမှာ ရွာထဲ၌ ပုန်းကွယ်နေသည့် ထူးဆန်းသည့် အရှိန်အဝါများစွာ ဗြုန်းစားကြီး ပေါ်လာသည်ကို အာရုံခံမိလိုက်သည့် အတွက်ကြောင့်ပင်။
သေချာစစ်ဆေးနေရန် အချိန်မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း ချက်ချင်းပဲ အော်ဟစ်သတိပေးလိုက်လေ၏ “ရန်သူတွေ တိုက်ခိုက်နေပြီ”
ထိုအော်သံကို ကြားကြားချင်း အစားစားနေကြသည့် လူရိုင်းများ ကြောင်သွားခဲ့ကြ၏။ သို့သော်ငြား ချက်ချင်းပဲ လျင်လျင်မြန်မြန် တုန့်ပြန်လာခဲ့ကြလေသည်။ အကုန်လုံးသည် စားလက်စ အသားများကိုချ၍ လက်နက်များကို ကပျာကယာ ကိုင်ဆွဲကာ တိုက်ခိုက်ရန် ဟန်နေအသင့်ပြင်ထားလိုက်သည်။ မှော်ဆရာများမှာလည်း မှော်စွမ်းအင်ကို လှည့်ပတ်၍ တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားလိုက်ကြသည်။
မကြာမီ ထူးဆန်းသည့် တရှူးရှူး မြည်သံများနှင့်အတူ အနက်ရောင်အမျှင်များစွာ မြေကြီးထဲမှ ထွက်ပေါ်လာခဲ့ပြီး တစ်ရွာလုံးကို မျက်တောင်တစ်ခတ်အတွင်း လွှမ်းခြုံသွားခဲ့လေ၏။
ကလန်သားများမှာတော့ ထိုအနက်ရောင်အမျှင်တန်းများကိုကြည့်ရင်း ကြောင်တိကြောင်တောင် ဖြစ်နေကြလေသည်။
“နတ်ဆိုးချီတွေ” ရန်ကိုင်၏မျက်လုံး မှေးစဉ်းသွားခဲ့လေ၏။
ထိုအနက်ရောင်အမျှင်တန်းများသည် အလွန်ကိုမှ သန့်စင်လှသည့် ရှေးဟောင်းနတ်ဆိုးချီများသာ ဖြစ်ကြလေသည်။
နတ်ဆိုးမျိုးနွယ် ကျူးကျော်လာသည့်သတင်း ကြားပါသော်ငြား ဤကမ္ဘာကြီးထဲရှိ နတ်ဆိုးများသည် သူသိသည့် နတ်ဆိုးများဟုတ်မဟုတ် ရန်ကိုင် မသေချာခဲ့ချေ။ ယခု ကိုယ်တိုင် မြင်လိုက်သည့် အခါမှသာလျှင် ဤကမ္ဘာထဲရှိ နတ်ဆိုးမျိုးနွယ်သည် သူသိသည့် ရှေးဟောင်းနတ်ဆိုးများ ဖြစ်နေကြောင်း သေချာသွားရတော့သည်။
မေပယ်မြို့တွင်ရှိစဉ်က... ထိုနေရာ၌ ချိတ်ပိတ်ထားခံရသည့် ရှေးဟောင်းနတ်ဆိုး၏ အစိတ်အပိုင်းဆီမှ နတ်ဆိုးချီများ စိမ့်ထွက်လာပြီး မေပယ်မြို့အနီးဝန်းကျင်တစ်ခုလုံး ကပ်ဘေးဆိုက်ခဲ့ရသည်။ ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် နတ်ဆိုးချီ၏ တိုက်စားခြင်း ခံရပြီး နတ်ဆိုးအသွင်ပြောင်းခါနီး ဖြစ်သွားခဲ့ရသည်။ မိုးကောင်းကင်သစ်ပင်၏ ကျေးဇူးကြောင့်သာ နတ်ဆိုးဘဝသို့ လုံးလုံး ရောက်မသွားခဲ့ရခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့် နတ်ဆိုးချီသည် သက်ရှိများကို တိုက်စားပြီး နတ်ဆိုးအသွင်သို့ ပြောင်းလဲနိုင်ကြောင်းကို ရန်ကိုင် သိထားလေသည်။
ဤကဲ့သို့သော ရွာလေးတစ်ရွာတွင် နတ်ဆိုးချီပေါင်းများစွာ ရှိနေသည်ကို ကြည့်လျှင် ဤရွာသည် ထောင်ချောက်တစ်ခုဖြစ်မှန်း မည်သူမဆို သိနိုင်ပေသည်။
ထို့အပြင် ဤမျှများပြားလှသော နတ်ဆိုးချီများကို ထုတ်လွှတ်ဖို့ရာ ဤနေရာတွင် ထောင်ချောက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။
ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သေချာ စစ်ဆေးကြည့်လိုက်ရာ မြေပြင်ပေါ်၌ အဖုအထစ်များစွာ ရှိနေကြောင်း တွေ့လိုက်ရ၏။ ထိုအဖုအထစ်များဆီမှ နတ်ဆိုးချီများ စီးထွက်လာနေခြင်းဖြစ်သည်။ အဖုများသည် ရုတ်တရက်ကြီး ပေါ်လာကာ တဖြည်းဖြည်းနှင့် ဖောင်းကားတက်လာနေခဲ့သည်။ နောက်ဆုံးတွင် ထိုအရာများသည် သဲဖြင့်လုပ်ထားသော နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေသည်။ နတ်ဆိုးချီများသည် ထိုနတ်ဆိုးများ၏ ခန္ဓာကိုယ်မှ တတိတိနှင့် စီးထွက်နေကြသည်။
ထိုရုတ်တရက် ပြောင်းလဲမှုသည် လူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။
မည်သူမှ ဤကဲ့သို့ အဖြစ်အပျက်မျိုးနှင့် မကြုံဖူးကြ။ ကိုယ့်လက်ကိုယ် ပြန်မမြင်နိုင်တော့လောက်အောင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေသည်။ ထို့အပြင် ဘာမှန်းမသိရသော အကောင်များဟာလည်း သူတို့ဘေးပတ်ပတ်လည်၌ ထွက်ပေါ်လာနေကြသလို သူတို့စိတ်ထဲ သူတို့အား မြင်မြင်ရာမှန်သမျှ သတ်ဖြတ်၊ ဖျက်စီးပစ်ရန် တွန်းအားပေးနေသည့် မကောင်းသည့် အတွေးများဟာလည်း အလိုလို ထွက်ပေါ်လာနေကြ၏။
ရုတ်တရက်ဆိုသလို မှောင်မိုက်နေသော ကမ္ဘာကြီးထဲ မှော်ပညာရပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်သွားခဲ့လေသည်။ ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှလည်း အလင်းရောင်တို့ ဖြာထွက်နေခဲ့ပြီး နတ်ဆိုးချီများ တိုးကပ်မလာနိုင်အောင် တားဆီးနေခဲ့သည်။
“အေးခဲစမ်း၊ သန့်စင်လိုက်စမ်း” ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်းရင်းမှ အော်ပြောလိုက်ရာ နို့နှစ်ရောင်အလင်းစက်ကွင်းတို့ အစီအရီ ထွက်ပေါ်လာခဲ့ကြလေ၏။ ပတ်ဝန်ကျင်တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားသည့် အတွက်ကြောင့် အထိတ်တလန့် ဖြစ်သွားကြသော မှော်ဆရာများမှာလည်း ထိုအခါမှ အသိပြန်ဝင်လာကြပြီး မှော်ပညာရပ် နှစ်ခုကို အလျင်အမြန် ထုတ်သုံးလိုက်ကြလေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မှော်ဆရာများကြားရှိ ခွန်အားကွာခြားချက်ကို အထင်းသား မြင်တွေ့လာရတော့သည်။
ရန်ကိုင် အသုံးပြုလိုက်သည့် အလင်းမှော်ပညာရပ်သည် တစ်ရွာလုံးကို လင်းထိန်သွားစေချိန် တီယာ အသုံးပြုလိုက်သည့် မှော်ပညာရပ်မှာတော့ ရွာတစ်ဝက်လောက်ကိုသာ အလင်းရောင် ရသွားစေခဲ့လေသည်။ ယွဲ့နှင့်လုတို့၏ ပူးပေါင်းမှော်အစွမ်းသည် တီယာနီးပါးသို့ ရောက်ပေသည်။ ကျန်သည့် မှော်ဆရာများမှာတော့ ထိုမျှ မဟုတ်ကြတော့ချေ။
တရှဲရှဲမြည်သံများ ထွက်ပေါ်လာခဲ့ကြတော့လေသည်။
မှော်ပညာရပ်များဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်တို့နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ထုမှာ ၎င်း၏ အိမ်မက်ဆိုးနှင့် တွေ့လိုက်ရသည့်အလား စတင်၍ အငွေ့ပျံပျောက်ကွယ်ကုန်ကြလေသည်။ ထိုအကြောင်းကြောင့် နတ်ဆိုးချီများသည် အသက်ရှိသည့်အလား အလျင်အမြန် ပြန်ဆုတ်ပြေးရန် ကြိုးစားလိုက်ကြပါသော်ငြား အလင်းရောင်အောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။
အခြေအနေမှာ ရန်ကိုင်တို့အတွက် အလေးသာလာပါသော်ငြား ရန်ကိုင်မှာတော့ စိတ်မအေးနိုင် ဖြစ်နေခဲ့သည်။
လူရိုင်းမျိုးနွယ်များမှာ နတ်ဆိုးချီအကြောင်း သိလိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်ကမူ နတ်ဆိုးချီအကြောင်းကို ကောင်းကောင်း သိလေသည်။ မှော်ပညာရပ်များကို အချိန်မှီ ထုတ်သုံးလိုက်နိုင်သည့် မှော်ဆရာများမှလွဲ၍ အခြားသော လူရိုင်းစစ်သည်တော်များမှာ နတ်ဆိုးချီများ၏ ကူးစက်ခြင်း ခံလိုက်ရသည်။
နတ်ဆိုးချီ၏ ကူးစက်ခြင်းခံလိုက်ရမည်ဆိုပါက ကျိန်းသေ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဘာကိုမှ သိတော့လိမ့်မည်မဟုတ်ဘဲ မိတ်ဆွေအချင်းချင်းကိုပင် ပြန်လည် သတ်ဖြတ်ပစ်ကြပေလိမ့်မည်။
သူ့စိတ်ထဲ တွေးပူနေရုံတင်ရှိသေး၊ စူးရှသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသဖြင့် အသံကြားရာဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင် မျက်နှာပျက်သွားရလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၅၀)
ဘာသာပြန်သူ_တိမ်တိုက်
ထိုအရပ်တွင် ရှိနေသည့် လူရိုင်းစစ်သည်တော်မှာ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့လက်ထဲတွင် ရှိနေသော ပုဆိန်ဖြင့် သူ့ဘေးနားတွင် ရှိနေသည့် ကလန်သား၏ ခေါင်းကို ခုတ်ချလိုက်လေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ကျန်လူများမှာ အထိတ်တလန့် ထအော်ကုန်ကြလေသည်။
နတ်ဆိုးအသွင်ပြောင်းသွားသည့်လူသည် ထိုမျှနှင့်ပင် မရပ်တန့်သေးဘဲ အခြားလူတစ်ဦးကို သူ့ပုဆိန်ဖြင့် ထပ်ခုတ်ပြန်လေသည်။
ရန်ကိုင်လည်း မှော်ချိန်းကြိုး ပညာရပ်ကို ထုတ်သုံး၍ ထိုလူအား ချုပ်လိုက်ရသည်။ ထို့နောက်တွင် အော်ဟစ်သံများ ထပ်မံ၍ ထပ်ပေါ်လာကုန်ကြပြန်လေသည်။ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို တစ်ရွာလုံးအနှံ့ ဖြန့်ကျက်၍ မှော်ချိန်းကြိုး ပညာရပ်ကို ထုတ်သုံးကာ နတ်ဆိုးအသွင်ပြောင်းလဲသွားသော ကလန်သားအားလုံးကို ချုပ်နှောင်ပစ်လေ၏။
သေချာ စစ်ဆေးကြည့်ပြီးနောက် အခြေအနေမှာ သိပ်မဆိုးလှကြောင်း တွေ့လိုက်ရသည်။ လူသုံးထောင်အနက် တစ်ရာလောက်သာ နတ်ဆိုးပြောင်းသွားပြီး ကျန်လူများမှာတော့ အရမ်းကြီး အခြေအနေမဆိုးလှချေ။
သို့သော်ငြား နတ်ဆိုးချီမှာ အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ကလန်သားများ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးစားနေပေသေးသည်။ ဤအတိုင်းသာ ဆက်သွားနေဦးမည်ဆိုလျှင်တော့ ကျန်ကလန်သားများလည်း အနှေးနှင့်အမြန်ဆိုသလို နတ်ဆိုးအဖြစ်သို့ ပြောင်းသွားရပေလိမ့်မည်။
ထိုသို့ ဖြစ်လာသည့်အတွက်ကြောင့် ရန်ကိုင်သည်လည်း နှောင့်နှေးမနေရဲတော့ဘဲ ဧရိယာတစ်ခုလုံးကို သက်ရောက်သည့် သန့်စင်ခြင်းပညာရပ်ကို ထပ်တလဲလဲ ထုတ်သုံးရတော့လေ၏။ တစ်ကြိမ်သုံးလိုက်တိုင်း သုံးလိုက်တိုင်းတွင် နတ်ဆိုးချီ၏ တိုက်စားခြင်းခံရသည့် လူအရေအတွက်လည်း လျော့သည်ထက် လျော့လာခဲ့ရသည်။
အခြားသော မှော်ဆရာများသည်လည်း မှော်စွမ်းအင်ကို လှည့်ပတ်ရင်း မှော်ပညာရပ်များကို အသီးသီး ထုတ်သုံးနေကြသည်။
ထိုလူများ ထုတ်သုံးနေသည့် မှော်ပညာရပ်များမှာ နတ်ဆိုးချီကို တန်ပြန်နိုင်သည့် မှော်ပညာရပ်များ ဖြစ်ကြသည့်အတွက်ကြောင့် အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် အမှောင်ထုကြီးတစ်ခုလုံး ပြန်လည် ပျောက်ကွယ်သွားခဲ့ရလေသည်။ ထိုအခါမှသာလျှင် ကလန်သားများလည်း သူတို့၏ ပတ်ဝန်းကျင်ကို သေချာပြန်မြင်ရတော့လေသည်။
မြေပြင်ထက် သေဆုံးနေသော အလောင်းများစွာ ရှိနေခဲ့ကြသည်။ သွေးများမှာလည်း မြေပြင်တစ်လျှောက် စီးကျနေလေ၏။ များစွာသော ကလန်သားများဟာလည်း မှော်ချိန်းကြိုးများ၏ ချုပ်နှောင်ထားခြင်းခံရပြီး အသိစိတ်မရှိတော့သည့်ပမာ အဆက်မပြတ် ရုန်းကန်အော်ဟစ်နေကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း ထိတ်လန့်သွားကုန်ကြလေ၏။
အခြားတစ်ဖက်တွင် သဲများမှ ဖြစ်ပေါ်လာနေဆဲ ဖြစ်ကြသော နတ်ဆိုးများသည် ပုံစံအပြည့်အဝသို့ ရောက်ရှိသွားကုန်ကြလေ၏။ လူရိုင်းစစ်သည်တော်များသည် မာန်သွင်းအော်ဟစ်ရင်း လက်နက်များကို ကိုင်ဆွဲ၍ နတ်ဆိုးများဆီသို့ ပြေးဝင်သွားကုန်ကြလေ၏။
စူးရှသည့် သိမ်းငှက်အော်သံနှင့်အတူ မြှားသမားများသည် သိမ်းငှက်ကိုစီးရင်း မြှားမိုးများကို ရွာချပေးလိုက်လေသည်။ မှော်ဆရာများမှာလည်း မှော်ပညာရပ်များကို ထုတ်ဖော်ရင်း တိုက်ခိုက်လိုက်ကြလေ၏။
တိုက်ပွဲမှား ရုတ်ချည်းစပြီး ရုတ်ချည်း အဆုံးသတ်သွားခဲ့သည်။
နတ်ဆိုးများသည် နတ်ဆိုးချီဖုံးနေသည်ကို အခွင့်ကောင်းယူ၍ ထွက်ပေါ်လာပြီး အလစ်ချောင်း တိုက်ခိုက်နိုင်ခဲ့ပါသော်ငြား ရန်ကိုင်၏ အဖွဲ့သားများ အသိပြန်ဝင်လာပြီးနောက် တစ်ဟုန်ထိုး တိုက်ခိုက်ကြရာ တိုက်ပွဲမှာ တစ်ခဏအတွင်း ပြီးသွားခဲ့ရလေသည်။
နတ်ဆိုးချီကြောင့် သေဆုံးသွားခဲ့ရသည့် အဖွဲ့သားများမှလွဲ၍ သဲနတ်ဆိုးများနှင့် တိုက်ခိုက်ရာတွင် တစ်ယောက်မှ သေဆုံးခြင်း မရှိကြချေ။
တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့လေပြီ။ သို့ရာတွင် နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် အဖွဲ့သားများနှင့် သေဆုံးသွားသည့် အဖွဲ့သားများကိုကြည့်ရင်း အကုန်လုံးမှာ စိတ်မချမ်းမြေ့ ဖြစ်နေကြသည်။
ဤသည်မှာ မြို့ထဲမှ ထွက်လာပြီးနောက် ပထမဆုံးကြုံရသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ရန်သူ အရေအတွက်မှာ အနည်းအကျဉ်းလေးသာ ဖြစ်ပါသော်ငြား သူတို့ဘက်မှ လူအချို့ သေခဲ့ရလေသည်။
“အားဟူ ဒီကိုလာဦး” ရန်ကိုင်က လှမ်းခေါ်လိုက်သည်။
ရန်ကိုင်အနားသို့ ရောက်လာသော် အားဟူက မေးလိုက်လေ၏ “ဆရာ၊ ဘာလုပ်မလို့လဲ”
သူတို့နှစ်ဦးသည် တစ်ရွာတည်းသားများ ဖြစ်ကြပါသော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်သည် စစ်တပ်ကို အမိန့်ပေးနေသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စစ်တပ်ထဲ၌ ရန်ကိုင်အား တရင်းတနှီး သွားခေါ်၍ အဆင်မပြေချေ။
“မင်းဘယ်လိုနေလဲ” ရန်ကိုင်သည် အားဟူ၏ လက်ကောက်ဝတ်ကိုကိုင်ရင်း အားဟူကိုယ်ထဲသို့ မှော်စွမ်းအား ထည့်သွင်း၍ မေးလိုက်လေသည်။
ယာယီမျှ တိတ်ဆိတ်နေပြီးနောက် အားဟူက ပြန်ပြောလိုက်၏ “သိပ်ပြီး နေလို့ မကောင်းဘူး”
ရန်ကိုင် ထိတ်လန့်သွားခဲ့လေ၏ “ဘယ်နေရာ နေလို့မကောင်းတာလဲ”
အားဟူက ခေါင်းခါ၍ “အဲ့ဒါမဟုတ်ဘူး။ ကျုပ်သာ နည်းနည်းလောက် ပိုပြီး သထိထားခဲ့ရင် လူဒီလောက် သေမှာမဟုတ်ဘူးလို့ တွေးနေတာ”
ထိုအခါမှပဲ ရန်ကိုင် သက်ပြင်းချနိုင်သွားပြီး အားဟူ၏ ပခုံးကိုပုတ်၍ “ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ အခုလို ဖြစ်သွားရတာ လူတိုင်းမှာ တာဝန်ရှိတယ်”
ထို့သို့ပြောပြီးနောက် အားဟူအား ပြန်လွှတ်လိုက်လေ၏။ သူ့စိတ်ထဲတွင်တော့ နားမလည်နိုင်သလို ဖြစ်နေခဲ့ရသည်။ အားဟူကို စစ်ဆေးကြည့်လိုက်ရာ အားဟူမှာ လုံးဝကို အကောင်းအတိုင်း ရှိနေကြောင်း တွေ့လိုက်ရလေသည်။
နတ်ဆိုးချီမှာ တစ်ရွာလုံးကို ဖုံးလွှမ်းသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသုံးထောင်စလုံး အနည်းနှင့်အများတော့ နတ်ဆိုးချီ ကူးစက်ခံရပေလိမ့်မည်။
သို့သော်ငြား အားဟူကိုယ်ထဲ နတ်ဆိုးချီ ကူးစက်ထားခံရသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မတွေ့ရချေ။ ထို့ကြောင့် ရန်ကိုင် မယုံသင်္ကာဖြစ်ကာ လူအချို့ကို ထပ်မံ ခေါ်ယူစစ်ဆေးကြည့်လေသည်။ ထိုလူများသည်လည်း အားဟူကဲ့သို့ပင် အကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ ပို၍ ဇဝေဇဝါ ဖြစ်သွားရတော့လေသည်။ လူသုံးထောင်စလုံးသည်လည်း အကောင်းအတိုင်း ရှိနေသေးခဲ့လျှင် ရန်ကိုင် လက်ခံနိုင်ပေသေးသည်။ သို့သော်ငြား လူသုံးထောင်အနက် တစ်ရာသည် နတ်ဆိုးအဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး ကျန်လူများသည် ဘာကြောင့်များ နတ်ဆိုးချီ လုံးဝ မကူးစက်ခံရလေသနည်း။
စဉ်းစားမရသည့်အဆုံးတွင် ရန်ကိုင်သည် နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် ချုပ်နှောင်ထားခြင်းခံရသော ကလန်သားအား သွားစစ်ဆေးကြည့်လေ၏။ ထိုကလန်သားသည် စိတ်လွတ်သွားသည့်အလား အဆက်မပြတ်ကို ရုန်းကန် အော်ဟစ်နေခဲ့သည်။ မျက်လုံးများမှာလည်း နတ်ဆိုးချီကြောင့် အမဲရောင် ဖြစ်နေလေ၏။ ရန်ကိုင်သည် ထိုကလန်သားနားရပ်ရင်း သန့်စင်ခြင်း မှော်ပညာရပ်ကို ထုတ်သုံးလိုက်သေလည်။ သို့သော် ဘာမှ အကျိုးမထူးခဲ့။
အခြားမှော်ဆရာများမှာလည်း အမျိုးမျိုးသော မှော်ပညာရပ်များကို ထုတ်သုံး၍ စမ်းကြည့်ကြပါသော်ငြား ဘာမှမထူးခဲ့ချေ။
“ဆရာ၊ သူတို့ကို ကယ်လို့ မရတော့ဘူး” လုသည် ရန်ကိုင်နားသို့ လျှောက်လာပြီး ဝမ်းနည်းတသဖြစ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ရန်ကိုင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် လူတိုင်းကိုသာ ကောင်းကင်စိတ်အာရုံဖြင့် သေချာလိုက်စစ်ဆေးကြည့်လေ၏။ စစ်ဆေးကြည့်ပြီးနောက် တူသည့်အချက်တစ်ချက်ကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။
နတ်ဆိုးအသွင်ပြောင်းလဲခြင်း ခံလိုက်ရသည့် လူများအားလုံးသည် အခြားသော ကလန်သားများထက် ပိုအားနည်းကြပေသည်။
ရှေးခေတ်လူရိုင်းများသည် ရုပ်ပိုင်းဆိုင်ရာ အားကောင်းကြပါသော်ငြား လူတိုင်း၏ ခွန်အားမှာ တူညီကြသည်တော့မဟုတ်ချေ။ နတ်ဆိုးအသွင်ပြောင်းလဲခံလိုက်ရသည့် လူများ၏ အသက်ဓါတ်စွမ်းအင်မှာ အခြားသူများထက် ပိုအားနည်းနေခဲ့သည်။
လူရိုင်းစစ်သည်တော်များသည် မှော်စွမ်းအားကို မကျင့်ကြံနိုင်ကြ၊ သူတို့၏ ရုပ်ခွန်အားကိုသာ တတ်နိုင်သမျှ မြှင့်တင်ရသည်။ ထို့ကြောင့် သွေးချီပိုအားကောင်းလေ ပိုမို သန်မာလေဖြစ်ပြီး သွေးချီအားနည်းပါက အခြားသူများထက် ပိုအားနည်းပေလိမ့်မည်။
“သွေးချီ... သွေးအဆီအနှစ်...” ထိုစကားလုံးနှစ်လုံးကို ရေရွတ်နေရင်းမှာ ရန်ကိုင်၏ မျက်လုံးများ ရုတ်ချည်း တောက်ပသွားခဲ့လေသည်။ ထို့နောက် နတ်ဆိုးအသွင် ပြောင်းလဲသွားသည့် လူတစ်ယောက်ဆီသို့ လျှောက်သွားပြီး ထိုလူ၏ နဖူးပေါ် သူ့လက်ကို တင်လိုက်လေသည်။
လူတိုင်းသည် ရန်ကိုင် လုပ်နေသည်ကို သေချာကြည့်နေကြလေသည်။
ခဏအကြာတွင် နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် လူ၏ ခန္ဓာကိုယ်ထက် အနီရောင်စွမ်းအင်အလွှာတစ်လွှာ ထွက်ပေါ်လာခဲ့ပြီး ထိုလူ၏ စွမ်းအားမှာလည်း ရုတ်တရက်ဆိုသလို မြင့်တက်လာခဲ့လေသည်။
သွေးလောင်ကျွမ်းကျင်ပညာရပ်ပင်...
ယွဲ့နှင့်လုတို့ မျက်ခမ်းများ တဆတ်ဆတ် တုန်သွားခဲ့ပြီး တစ်ဦးကိုတစ်ဦး အလန့်တကြား စိုက်ကြည့်မိလိုက်ကြသည်။
ရန်ကိုင် မှော်မန္တန်ရွတ်လိုက်သည်ကို သူတို့ မတွေ့ခဲ့ရပေ။ တစ်နည်းဆိုရသော် ရန်ကိုင်သည် မှော်မန္တန်ကို မရွတ်ဆိုဘဲ သွေးလောင်ကျွမ်းခြင်းပညာရပ်ကို ထုတ်သုံးနိုင်သည်ဟု ပြောလိုက်ခြင်းပင် ဖြစ်သေလည်။
ထိုအရာသည် လူတိုင်း လုပ်နိုင်သည့်အရာမဟုတ်ဘဲ မှော်ပညာရပ်များကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားသည့် လူအချို့သာ လုပ်နိုင်သည့်အရာမျိုး ဖြစ်သည်။ မှော်ကျောင်းတော်ထွက် လုနှင့်ယွဲ့တို့လည်း ထိုသို့ မလုပ်နိုင်ကြပေ။
သွေးလောင်ကျွမ်းခြင်းပညာရပ်အား မှော်မန္တန်မရွတ်ဆိုဘဲ ထုတ်သုံးသွားနိုင်သည့် ရန်ကိုင်ကိုကြည့်ရင်း သူမတို့စိတ်ထဲ တုန်လှုပ်သွားမိပါသော်ငြား ရန်ကိုင် ဘာကြောင့် သွေးလောင်ကျွမ်းခြင်းပညာရပ်အား ထိုလူများအပေါ် ထုတ်သုံးလိုက်သလဲ ဆိုသည်ကို နားမလည်နိုင်လည်း ဖြစ်နေရလေသည်။ နတ်ဆိုးအသွင်ပြောင်းလဲသည့် လူများကို အစောကြီးကတည်းက ထိန်းချုပ်ရ ခက်နေခြင်း ဖြစ်လေရာ ပို၍ ထိန်းချုပ်ရ ခက်သွားအောင် ရန်ကိုင်သည် ဘာကြောင့်များ သွေးလောင်ကျွမ်းခြင်း ပညာရပ်ကို သွားသုံးလိုက်ရလေသနည်း။
သူတို့စိတ်ထဲ ထိုအကြောင်း စဉ်းစားနေစဉ်မှာပင် ယွဲ့နှင့်လုတို့ နှစ်ဦးစလုံး အံ့ဩတကြီး ဖြစ်သွားရလေသည်။
သွေးလောင်ကျွမ်းခြင်းပညာရပ် အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးချီကြောင့် အမည်းရောင်ဖြစ်နေသော ကလန်သား၏ မျက်လုံးထဲ နီကြင့်ကြင့်အရောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိုလူသည် ငေးငိုင်ငိုင် ဖြစ်သွားသည့် အလား အစောပိုင်းကကဲ့သို့ ရုန်းကန်အော်ဟစ်နေခြင်း မရှိတော့ဘဲ ရုတ်တရက်ကြီး ငြိမ်ကျသွားလေသည်။
ယာယီမျှ ငြိမ်နေပြီးနောက်တွင် ထိုလူသည် အသိစိတ်ပြန်ဝင်လာသည့်အလား နာကျင်စွာ အော်ငြီးတော့လေ၏။ အော်ဟ်နေရင်းမှ ရန်ကိုင်ကိုကြည့်၍ ခက်ခက်ခဲခဲဖြင့် “မှော်... မှော်ဆရာ... ညို..”
ရန်ကိုင်က ချက်ချင်းပဲ အားပေးစကား ပြောလိုက်လေ၏ “စိတ်မပူကြနဲ့၊ ခင်ဗျားက လူရိုင်းနတ်ဘုရားရဲ့ သားတော်ပဲ၊ လူရိုင်းမျိုးနွယ်ရဲ့ စစ်သည်တော်လည်း ဟုတ်တယ်။ စိတ်ကို ခိုင်ခိုင်ထား။ နတ်ဆိုးချီ ထိန်းချုပ်မှုအောက် ရောက်မသွားစေနဲ့။ ခင်ဗျား ပြန်လာမှာကို စောင့်နေတဲ့ ခင်ဗျားရဲ့ ညီအစ်ကိုတွေ ရှိနေသေးတယ်”
အကြည့်ပေါင်းများစွာသည် ထိုလူဆီသို့ ရောက်လာကြလေသည်။
ရန်ကိုင်၏ စကားကိုကြားပြီးနောက် နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် လူသည် မာန်သွင်း၍ အော်ဟစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ထိုလူကိုယ်ပေါ်ရှိ အနီရောင် စွမ်းအင်အလွှာမှာလည်း ပို၍တောက်ပလာလေ၏။ မျက်လုံးထဲရှိ အနီရောင် အလင်းမှာလည်း ကြက်သွေးရောင်လတစ်စင်းပမာ အမှောင်ထုကို ထိုးဖောက်၍ တောက်ပရန် ကြိုးစားလာလေ၏။
မကြာမီ ထိုလူ၏ ဒွါရခုနှစ်ပေါက်ဆီမှ အနက်ရောင်အငွေ့များ စီးထွက်လာကုန်ကြလေသည်။ ထိုအရာများမှာ ထိုလူများ၏ ကိုယ်ထဲသို့ ဝင်သွားသည့် နတ်ဆိုးချီများ ဖြစ်ကြပေသည်။ နတ်ဆိုးချီများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သန့်စင်ခြင်းပညာရပ်ကိုသုံး၍ ထိုနတ်ဆိုးချီများကို ရှင်းပစ်လိုက်လေ၏။
နတ်ဆိုးချီများကို ကိုယ်ထဲမှ ဖယ်ထုတ်ပြီးသည့်နောက်တွင် ထိုလူသည် အားတင်း၍ တစ်ချက်ပြုံးလိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ရပ်ကြည့်နေကြသည့် လူများမှာ ချက်ချင်းပဲ ထိုလူကို အပြေးအလွှား သွားစစ်ဆေးကြည့်လေသည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “ဆရာ၊ သူ မသေသေးဘူး။ သတိလစ်သွားရုံပဲရှိတာ”
ရန်ကိုင်က ခေါင်းညိတ်၍ “နိုးလာတာနဲ့ သူ အဆင်ပြေသွားလိမ့်မယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုလူ၏ ခန္ဓာကိုယ်အား ကိုယ်တိုင် သွားစစ်ဆေးကြည့်လေသည်။ ထိုလူ၏ ကိုယ်ထဲ မည်သည့် နတ်ဆိုးချီကိုမှ မတွေ့ရတော့သည့် အခါမှသာ စိတ်အေးသွားနိုင်တော့သည်။
“ဆရာ၊ သွေးလောင်ကျွမ်းခြင်းပညာရပ်က နတ်ဆိုးချီကို တန်ပြန်နိုင်တာလား” ယွဲ့သည် ရန်ကိုင်ကိုကြည့်ရင်း မေးလိုက်သည်။
ရန်ကိုင်သည် သတိလစ်နေသည့် ကလန်သားကို အနားယူလို့ရအောင် ပြန်ခေါ်သွားရန် အမိန့်ပေးပြီးနောက် ယွဲ့ဘက်သို့လှည့်၍ ရှင်းပြလိုက်လေ၏ “ငါကိုယ်တိုင်လည်း သေချာမသိဘူး။ သွေးလောင်ကျွမ်းခြင်းပညာရပ်က နတ်ဆိုးချီကို တန်ပြန်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သွေးချီက နတ်ဆိုးချီကို ခုခံနိုင်တယ်။ သွေးလောင်ကျွမ်းခြင်းပညာရပ်က သွေးချီကို လှုံ့ဆော်ပေးရုံပဲ။ အဲ့လိုနဲ့ သွေးချီက ပိုပြီး အားကောင်းလာလို့ နတ်ဆိုးချီကို ခုခံနိုင်သွားတာ”