အခန်း (၂၈၅၆-၂၈၆၀)
Vol. 122 Ch. 2856-2860
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၅၆)
ဘာသာပြန်သူ_တိမ်တိုက်
စစ်မြေပြင်တစ်ခုလုံးသည် အသက်ခြွေစက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သက်ရှိများ၏အသက်ကို တောက်လျှောက် ခြွေယူပစ်နေခဲ့သည်။ နတ်ဆိုးအသွင်ပြောင်းလဲသွားသည့် လူရိုင်းများမှာလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြရလေ၏။
ထိုလူများသည် လူရိုင်းစစ်သည်တော်များအဖြစ် မွေးဖွားလာခဲ့ကြပါသော်ငြား မည်သည့်မှော်ပညာရပ်၏ အကူအညီကိုမှ ရရှိထားခြင်းမရှိ။ ထို့အပြင် နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက်တွင် လူစိတ်မရှိတော့ဘဲ မြင်မြင်သမျှကို သတ်ဖြတ်ချင်စိတ်သာ ရှိကြတော့သည်။
ထိုသို့ဖြစ်လေရာ လက်နက်အပြည့်အစုံနှင့် မှော်ပညာရပ်များ၏ အကူအညီကို ရရှိထားသော ဒေါသထွက်နေသည့် လူရိုင်းစစ်သည်တော်များကို မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်တော့ပါမည်နည်း။
ထိုအကြောင်းကြောင့်ပင်လျှင် စစ်တပ်နှစ်ခု တွေ့သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးစစ်တပ်မှာ အကျအဆုံးပေါင်းများစွာနှင့် ရင်ဆိုင်ရတော့လေသည်။ ရန်ကိုင်ဘက်မှ စစ်သည်တော်များသည် ဒေါသထွက်နေသည့် နွားသိုးကြီးများအလား ရန်သူစစ်တပ်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ထိုလူများပြေးထွက်သွားရာ လမ်းကြောင်းတစ်လျှောက်တွင် မည်သည့်အသက်ရှင်ကျန်ရစ်သူမှ မရှိခဲ့ပေ။
လူအယောက်နှစ်ရာ့ငါးဆယ်ခန့်ရှိသော အဖွဲ့ဆယ်ဖွဲ့သည် အလွန်တရာကိုမှ ထက်ရှသည့် ဓါးသွားများနှယ် နတ်ဆိုးအဖွဲ့သားများ၏အသက်ကို တောက်လျှောက် ခြွေယူပစ်နေခဲ့လေသည်။
လက်နက်ချင်း ထိခတ်သံများနှင့်အတူ ခေါင်းများ တစ်လုံးပြီးတစ်လုံး လွင့်ပျံထွက်လာခဲ့သည်။ အားကောင်းလှသော ခန္ဓာကိုယ်ကြီးများမှာလည်း မြေပြင်ပေါ်သို့ တဖုန်းဖုန်း လဲပြိုကျနေခဲ့သည်။
နတ်ဆိုးအသွင်ပြောင်းသွားသည့် လူများမှာ သေသည်ထိတိုင် သူတို့ဘာလုပ်လို့လုပ်နေမှန်း မသိခဲ့ကြပေ။ ဘာကြောင့် သူတို့ရောင်းရင်းညီအစ်ကိုများကို ပြန်လည်တားဆီးနေရသလဲ ဆိုသည်ကိုလည်း မသိကြသလို သူတို့ချစ်မြတ်နိုးခင်မင်ရသည့်သူများအပေါ် ဘာကြောင့် ဓါးဖြင့် ချိန်ရွယ်ရသလဲဆိုသည်ကိုလည်း မသိခဲ့ကြချေ။
သို့တိုင် ထိုလူအားလုံးမှာ ရွက်ကြွေရွက်ဝါများနှယ် သိမ်းကျုံးလှည်းကျင်းပစ်ခြင်း ခံခဲ့ရသည်။ အမွှေးတိုင်တစ်ချောင်းစာအတွင်းမှာပင် နတ်ဆိုးစစ်တပ်ဘက်မှ စေလွှတ်လိုက်သည့် အသေခံတပ်ဖွဲ့တစ်ခုလုံးမှာ အပြီးတိုင် ဖျက်ဆီးခြင်း ခံလိုက်ရလေ၏။
“အမှိုက်ကောင်တွေ…” စစ်တပ်၏နောက်ဘက်ခြမ်းတွင် ထိုင်နေသော ရှယသည် ထိုမြင်ကွင်းကိုကြည့်ရင်း အော်ဆဲလိုက်လေသည်။ သို့သော်ငြား ထိတ်လန့်သွားခြင်းတော့မရှိ။ တည်တည်ငြိမ်ငြိမ်ဖြင့်သာ သူမရှေ့တွင်ရှိနေသော နတ်ဆိုးများကို စိတ်ခံစားချက်ကင်းမဲ့စွာ ကြည့်နေခဲ့လေသည်။
လူရိုင်းများနှင့် မတူသည်မှာ ဤတိုက်ပွဲသည် နတ်ဆိုးမျိုးနွယ်များအတွက် ပထမဦးဆုံးသောတိုက်ပွဲ မဟုတ်တော့ချေ။
မကြာသေးခင်က နတ်ဆိုးများသည် နတ်ဆိုးသူတော်စင်များ၏ ဦးဆောင်မှုဖြင့် လူရိုင်းကလန်လေးခုကို အပြီးတိုင် ရှင်းလင်းပစ်ခဲ့ဖူးသည်။ ယခု သူမကိုယ်တိုင် စစ်တပ်အား ဦးဆောင်လာရသည့်အခါမှသာလျှင် ပြင်ပမျိုးနွယ်များသည် မည်မျှ ရင်ဆိုင်ရခက်ကြောင်းကို ရှယ နားလည်သွားတော့သည်။
ပြင်ပမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်များသည် ခွန်အားအတူတူလောက်သာ ရှိကြပါသော်ငြား ပြင်ပမျိုးနွယ်မှ မှော်ဆရာများ၏ မှော်ပညာရပ်များကြောင့် ပြင်ပမျိုးနွယ်များ၏ ခွန်အားသည် နတ်ဆိုးမျိုးနွယ်များထက် သာလွန်သွားရတော့လေသည်။
မှော်ပညာရပ်များမှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းလှသည်။
သို့သော်ငြား ရှယကမူ ထိုကိစ္စများကို ဂရုစိုက်မနေခဲ့ပေ။ သေသွားသည့်လူများမှာ နတ်ဆိုးအသွင်ပြောင်းထားသည့် ကျွန်များသာ ဖြစ်ကြသည့်အတွက်ကြောင့် ထိုလူများ သေသေရှင်ရှင် ကိစ္စမရှိ။ ဤစစ်ပွဲတစ်ခုလုံး၏ သော့ချက်မှာ နတ်ဆိုးများ မဟုတ်ကြသလို ပြင်ပမျိုးနွယ်စစ်တပ်တစ်ခုလုံးလည်း မဟုတ်ကြချေ။ ထို့အစား အစိမ်းရောင်နတ်ဆိုးအဆိပ်မိထားသော မှော်ဆရာသာ ဖြစ်လေသည်။
စစ်တပ်တစ်ခုလုံးကို ကျော်၍ လှမ်းမျှော်ကြည့်လိုက်သည့်အခိုက်တွင် အစိမ်းရောင်သန်းနေသော လူတစ်ဦးကို ရှယ မြင်လိုက်ရလေသည်။ ထိုလူကိုမြင်လိုက်သည့်အခိုက် ရှယ၏နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။ တစ်ကိုယ်လုံး အစိမ်းရောင်သန်းနေသဖြင့် ထိုလူမှာ သူ့အကန့်အသတ်သို့ ရောက်နေသည့်ပုံပင်။
“လူတွေခွဲမယ်…”
အားဟူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်အမိန့်ပေးလိုက်လေသည်။
လူရိုင်းစစ်သည်တော်များသည် ရှေ့သို့ တဟုန်ထိုး ပြေးတက်သွားနေခြင်းမဟုတ်တော့ဘဲ အဖွဲ့ခွဲ၍ လမ်းကြောင်းအသီးသီးဆီသို့ အစီအစဉ်တကျ ချီတက်သွားလေ၏။
ထိုစဉ် ပုပုကွကွ အနီရောင်အသားကို ပိုင်ဆိုင်ထားကြသော နတ်ဆိုးများသည် အသေခံနတ်ဆိုးများနောက်မှ ခုန်ထွက်လာကြလေသည်။ နတ်ဆိုးတစ်ကောင်ချင်းစီတိုင်းသည် ခက်ထန်ကြမ်းကြုတ်လှပြီး အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေသည်။ ထိုနတ်ဆိုးတစ်ကောင်ချင်းစီတိုင်းသည် တစ်ချက်တစ်ချက် ခုန်လိုက်တိုင်း မီတာပေါင်းများစွာအကွာသို့ ရောက်ရှိသွားကြပြီး လူရိုင်းစစ်သည်တော်များဆီသို့ ထိုခုန်နှုန်းအတိုင်းဖြင့် အကြောက်အရွံ့ကင်းမဲ့စွာ ခုန်ဝင်သွားနေကြသည်။
ထိုနတ်ဆိုးများမှာ အနီရောင်နတ်ဆိုးများ ဖြစ်ကြပေသည်။
ယွဲ့နှင့်လုတို့၏ ကျေးဇူးကြောင့် ရန်ကိုင်၏စစ်တပ်သည် အနီရောင်နတ်ဆိုးများအကြောင်းကို သိထားကြလေသည်။ ထို့အတွက်ကြောင့် အနီရောင်နတ်ဆိုးများ ပေါ်လာသည်ကို မြင်သည့်အခါ အလျဉ်းသင့်သလို လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြသည်။ ထိုသို့သာမဟုတ်ပါက ထိုအနီရောင်နတ်ဆိုးများကြောင့် ရန်ကိုင်အဖွဲ့သားများ ကြီးကြီးမားမား ဒုက္ခရောက်ကြရပေလိမ့်မည်။
လူချင်းခွဲလိုက်ကြသော လူရိုင်းစစ်သည်တော်များသည် အနီရောင်နတ်ဆိုးများကို ကျော်ဖြတ်၍ နတ်ဆိုးစစ်တပ်ကြီးဆီသို့ ဆက်လက်ပြေးဝင်သွားကြသည်။
အနီရောင်နတ်ဆိုးများသည်လည်း ရပ်တန့်ခြင်းမရှိဘဲ လူရိုင်းစစ်သည်တော်များ အုံခဲနေသည့် နေရာဆီသို့သာ ခုန်သွားနေကြလေသည်။
ရွှစ်… ရွှစ်… ရွှစ်…
မရေမတွက်နိုင်သော မြားများသည် ကောင်းကင်ထက်မှနေ၍ မိုးသီးမိုးပေါက်များသဖွယ် ကြွေဆင်းကျလာခဲ့သည်။
မြားတစ်ချောင်းချင်းစီတိုင်းသည် အနီရောင်နတ်ဆိုးတစ်ကောင်ချင်းစီကို တိတိကျကျ သွားရောက်ထိမှန်လေသည်။ မြားချက်ထိမှန်ခံလိုက်ရပြီးသည့်နောက်တွင် အနီရောင်နတ်ဆိုးများ၏ အသားအရေမှာ ပို၍နီရဲလာကာ သွေးရောင်တောက်လာခဲ့လေသည်။ ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အရှိန်အဝါတို့ ဖြာထွက်လာခဲ့လေ၏။ မူလက လုံးလုံးဝိုင်းဝိုင်းလေးဖြစ်ကြသော ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက်ဆိုသလို အဆပေါင်းများစွာ ကြီးမားလာကြပြီး အဆုံးတွင် ပူပေါင်းတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့လေသည်။ အနီရောင်နတ်ဆိုးများ ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ပြင်းအားသည် အနီးအနားတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကိုပင်လျှင် တစ်စစီဖြစ်သွားအောင် လုပ်နိုင်သည်အထိ အားကောင်းလှပေသည်။
“အို…” ရန်ကိုင်သည် ရုတ်တရက်ပေါက်ကွဲထွက်လာသည့် မီးရှူးမီးပန်းများကိုကြည့်ရင်း နဖူးထက် ဝေ့သီလာသော ချွေးအေးများကို သုတ်လိုက်လေသည်။ အနီရောင်နတ်ဆိုးများ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ပြင်းအားသည် အလွန်တရာကိုမှ အားကောင်းလှလေသည်။ အနီရောင်နတ်ဆိုးတစ်ကောင်ချင်း၏ ပေါက်ကွဲအားသည် အလွန်တရာအားကောင်းခြင်း မရှိသည့်တိုင် ရာနှင့်ချီသော အနီရောင်နတ်ဆိုးများ ပေါက်ကွဲလာမည်ဆိုပါက မှော်ဘုရင်တစ်ပါးကိုပင်လျှင် အပါဆွဲခေါ်သွားနိုင်ပေသည်။
ဤကဲ့သို့သော ထူးဆန်းလှသည့် အနီရောင်နတ်ဆိုးများနှင့် အစိမ်းရောင်နတ်ဆိုးများအား မွေးထုတ်ပေးနိုင်သည့် နတ်ဆိုးမျိုးနွယ်စုအပေါ် ရန်ကိုင် အတော်လေး အထင်ကြီးမိသွားခဲ့လေသည်။
အခြားတစ်ဖက်တွင်တော့ နတ်ဆိုးစစ်တပ်၏ နောက်ဘက်ခြမ်းတွင် ရှိနေသည့် ရှယသည် ကောင်းကင်ထက်တွင်ရှိနေသော ဝေဟင်စစ်တပ်များကိုကြည့်ရင်း မျက်နှာကြီးမဲ့လျက် ရေရွတ်လိုက်လေ၏။ “အဲ့မြားသမားတွေကတော့…တောက်”
သူမ သိသလောက်ဆိုလျှင် ပြင်ပမျိုးနွယ်စုသည် သူမတို့နတ်ဆိုးများအကြောင်း သိပ်မသိကြချေ။ သို့သော်ငြား အနီရောင်နတ်ဆိုးများ ပေါ်လာရုံပင်ရှိသေး ပြင်ပမျိုးနွယ်စုသည် ချက်ချင်း လူခွဲလိုက်ကြပြီး ဝေဟင်စစ်တပ်သည် အနီရောင်နတ်ဆိုးများကို ဦးတည်ထားကာ တိုက်ခိုက်ကြလေသည်။
“ရွှစ်… ရွှစ်… ရွှစ်…”
မြားသံများမှာ ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ မြားတစ်ချောင်းချင်းစီတိုင်းသည် ခုန်ဆွခုန်ဆွလုပ်နေကြသည့် အနီရောင်နတ်ဆိုးများ၏ အသက်ကို တရစပ် ခြွေယူပစ်နေခဲ့လေသည်။ မြားသမားများ၏ ကျေးဇူးကြောင့်ပင် လူရိုင်းစစ်သည်တော်များစွာ အသက်ချမ်းသာရာ ရခဲ့ကြသည်။
“သူတို့တွေကိုသတ်…” ရှယက သူမလက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေ၏။
သူမနောက်ဘက်ဆီမှ မရေမတွက်နိုင်သော အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
တစ်ခဏအကြာတွင် ပုပုကွကွ ပုံရိပ်လေးတစ်ခု မိုးပျံစစ်တပ်၏ လူတစ်ဦးဘေးနားတွင် ဗြုန်းစားကြီးပေါ်လာပြီး ထိုလူ၏လည်ပင်းဆီသို့ ဓါးမြှောင်ဖြင့် ခုတ်ချလိုက်လေသည်။
ထိုဓါးမြှောင်သည် အလွန်ကိုမှ ထက်ရှလွန်းလှသည်။ ရန်ကိုင်သည်ပင်လျှင် ထိုဓါးမြှောင်ကြောင့် ဒဏ်ရာအသေးစားလေး ရခဲ့ဖူးပေသည်။ ထိုသို့ဖြစ်လေရာ မြားသမားသာ ထိုဓါးမြှောင်ဖြင့် ခုတ်ခံလိုက်ရမည်ဆိုပါက ကျိန်းသေ ခေါင်းပြတ်သွားရပေလိမ့်မည်။
သိမ်းငှက်ပေါ်ရှိ မြားသမားများမှာတော့ သူ့လည်ပင်းဆီသို့ တိုးဝင်လာနေသည့် ဓါးမြှောင်ကို သတိမမူဘဲ ခုန်ဆွခုန်ဆွလုပ်နေသည့် အနီရောင်နတ်ဆိုးများကိုသာ မမှိတ်မသုန် စိုက်ကြည့်ရင်း ပစ်မှတ်ထား တိုက်ခိုက်နေခဲ့လေ၏။
နတ်ဆိုးပုလေး၏ဓါးမြှောင် မြားသမား၏လည်ပင်းကို ထိမှန်ခါနီးတွင် အခြားသောဓါးမြှောင်တစ်ချောင်း ရုတ်တရက်ပေါ်လာပြီး နတ်ဆိုးပုပုလေး၏ဓါးမြှောင်ကို အောင်မြင်စွာ တားဆီးသွားခဲ့လေသည်။
ဓါးမြှောင်နှစ်ချောင်း ထိပ်တိုက်တွေ့သွားပြီးသည့်နောက် အလစ်ချောင်းတိုက်ခိုက်သည့် နတ်ဆိုးပုလေး မျက်မှောင်ကြုတ်သွားခဲ့ပြီး သတိကြီးကြီးထားကာ ပြန်ဆုတ်သွားခဲ့လေသည်။
သူသည် မွေးရာပါ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့် တစ်ဖက်လူ သတိမမူမိသည်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်သည့်တိုင် မအောင်မြင်ခဲ့သဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။
မော့ကြည့်လိုက်ရာ သေးသွယ်သွယ်ကောင်မလေးတစ်ဦးသည် လေထဲတွင်ဝဲနေကြောင်း တွေ့လိုက်ရလေသည်။ ထိုကောင်မလေးသည် နတ်ဆိုးပုလေးကဲ့သို့ပင် ဓါးမြှောင်ကို အသုံးပြုနေခဲ့ပြီး သူမ၏ လက်တစ်ဖက်တစ်ချက်စီတွင် ဓါးမြှောင်တစ်ချောင်းစီကို ကိုင်စွဲထားခဲ့လေသည်။ ထိုကောင်မလေး၏ခန္ဓာကိုယ်မှာ အလွန်တရာကိုမှ အားနည်းပုံပေါက်ကာ လေအလွင့်နှင့် တစ်ခါတည်း လွင့်ပါသွားမလားပင် ထင်မှတ်ရပေသည်။
(ဓါးမြှောင်နှစ်ချောင်းသုံးတာလား…) နတ်ဆိုးပုလေး မျက်မှောင်ကြုတ်သွားခဲ့သည်။
လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဓါးမြှောင်နှစ်ချောင်းသုံးရသည်မှာ မည်မျှခက်ခဲကြောင်းကို သိထားပေသည်။ ကြည့်ရသလောက် ထိုကောင်မလေးသည်လည်း လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သည့်ပုံပင်။ သာမန်လုပ်ကြံသတ်ဖြတ်ရေးသမားပင်လျှင်မဟုတ် အလွန်တရာကိုမှ အရည်အချင်းရှိ ကျွမ်းကျင်လှသည့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော အဆင့်မြင့်လုပ်ကြံရေးသတ်ဖြတ်ရေးသမားတစ်ဦးနှင့် တွေ့လိုက်ရသည့်အခါ နတ်ဆိုးပုလေးမှာ စိတ်လှုပ်ရှားလာခဲ့ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။
“သတ်ဖြတ်ခြင်း…” ထိုကောင်မလေးသည် ရုတ်တရက်ဆိုသလို လေသံတိုးတိုးဖြင့် ခေါင်းမော့၍ ရေရွတ်လိုက်၏။ သူမပုံစံမှာ နတ်ဘုရားတစ်ပါးပါးအား ဝတ်ပြုဆုတောင်းနေသည့် ပုံစံမျိုးနှင့်ပင် တူနေပေသည်။
နတ်ဆိုးပုလေး ကြောင်သွားခဲ့လေသည်။
“ပွဲတော်…”
ထိုစကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်မလေးသည် လိပ်ပြာတစ်ကောင်သဖွယ် စတင်လှုပ်ရှားတော့လေသည်။ သူမ၏ လှုပ်ရှားမှုတစ်ကွက်ချင်းစီတိုင်းသည် အလွန်တရာကိုမှ ကျော့ရှင်းလှပြီး သူမ၏ကကွက်ကို မြင်လိုက်သည့် မည်သူမဆို သူမ၏ ကကွက်ထဲ ယစ်မူးသွားရနိုင်ပေသည်။
အနက်ရောင်ဆံကေသာများသည် လေအလွင့်နှင့်အတူ တလူလူ လွင့်ပျံနေခဲ့ပြီး အေးစက်စက်အရောင်အဝါတို့မှာ ဘေးပတ်ပတ်လည်အနှံ့ ဖြာထွက်လို့ နေခဲ့သည်။
နတ်ဆိုးပုလေးမှာတော့ အလှတရားကို ခံစားသက်ဝင်နေခြင်းမရှိ။ ထို့အစား ကြောက်ကြောက်ရွံ့ရွံ့ဖြင့်သာ တုန်ရီနေခဲ့လေသည်။ လုပ်ကြံသတ်ဖြတ်ရေးသမားများသည် အလွန်ကိုမှ အာရုံခံစားနိုင်စွမ်း ကောင်းလှသည်။ ထို့အပြင် အလွန်ကိုမှလည်း စိတ်ဓာတ်ကြံ့ခိုင်လှသည်ဟု ပြော၍ရသည်။ မွေးရာပါ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဤနတ်ဆိုးပုလေး၏ စိတ်ဓာတ်စွမ်းရည်မှာ ပိုလို့ပင် ထူးခြားလှပေသေးသည်။ ထို့အတွက်ကြောင့် သာမန်အခြေအနေမျိုး၌ သူ့စိတ်ခံစားချက်များသည် လုံးဝကို တည်ငြိမ်နေလေ့ရှိပြီး မည်ကဲ့သို့သော အဖြစ်အပျက်ကမှ သူ့စိတ်အား ကယောက်ကယက်ဖြစ်သွားအောင် မလုပ်နိုင်ပေ။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ နတ်ဆိုးပုလေးမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည့်ပုံပင်။ တစ်ကိုယ်လုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေပါသော်ငြား သူ့မျက်နှာမှာတော့ ကျေနပ်ပီတီ ဖြစ်နေသည့်ပုံစံမျိုး ပေါက်နေပေသည်။ ယခုနေ သေသွားရမည်ဆိုလျှင်ပင် နောင်တမရသည့် ပုံစံမျိုးပင်။
ကြည့်ရသလောက် နတ်ဆိုးပုလေးမှာ အလွန်တရာကိုမှ ထူးခြားလှသော လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်းတစ်ခုကို ကြုံတွေ့သွားရသည့်ပုံပင်။
မိုင်သုံးရာပတ်ပတ်လည်အနှံ့ အေးစက်စက်အလင်းတစ်ချက် လက်သွားခဲ့လေ၏။
“ရွှစ်… ရွှစ်… ရွှစ်… ရွှစ်…”
ထို့နောက်တွင် တစ်ခုခု ပိုင်းဖြတ်သွားသည့် အသံများနှင့်အတူ သွေးများ ပန်းထွက်လာကုန်ကြလေသည်။
ကောင်မလေးမှ သူမ၏ကကွက်ကို ရပ်တန့်လိုက်ချိန် သူမလက်ထဲရှိ ဓါးမြှောင်ဆီမှ သွေးများ တောက်လျှောက် စီးကျလာလေတော့၏။
“ဖူး… ဖူး… ဖူး…”
ပုန်းကွယ်နေသော နတ်ဆိုးပုအားလုံး အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ သူတို့ပုန်းကွယ်နေသည်ကို တစ်စုံတစ်ဦးမှ ရှာတွေ့သွားလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။
မြားသမားများကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားလာသည့် နတ်ဆိုးပုအားလုံး ဒဏ်ရာတစ်ချက်စီ ရသွားခဲ့ရသည်။ ထိုဒဏ်ရာတစ်ချက်ချင်းစီမှာလည်း အလွန်တရာကိုမှ ပြင်းထန်လှသည့် သေကွင်းသေကွက် ဒဏ်ရာများပင်။
အကုန်လုံးမှာ မယုံကြည်နိုင်သည့် အမူအယာမျိုးဖြင့် ကောင်းကင်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကုန်ကြလေသည်။
“နင့်နာမည် ဘယ်လိုခေါ်လဲ…” ကောင်မလေးနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော နတ်ဆိုးပုလေးက ငေးကြောင်ကြောင်ဖြင့် မေးလိုက်လေသည်။
ကောင်မလေးသည် ထိုနတ်ဆိုးအား ကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “တီယာ…”
နတ်ဆိုးပုလေးသည် ထိုနာမည်ကို ထပ်တလဲလဲ ရေရွတ်နေပြီးသည့်နောက် သူ့ရင်ဘတ်ဆီမှ သွေးများ ပန်းထွက်လာခဲ့ပြီး သူသည်လည်း ကောင်းကင်ပေါ်မှ ပြုတ်ကျသွားခဲ့ရလေသည်။
တီယာသည် နတ်ဆိုးပုပေါင်းများစွာကို သတ်ဖြတ်၍ မြားသမားပေါင်းများစွာ၏ အသက်ကို ကယ်ဆယ်ခဲ့ပါသော်ငြား ပုန်းအောင်းနေသေးသည့် နတ်ဆိုးပုပေါင်းများစွာ ထပ်ရှိနေပေသေးသည်။
ထိုအခိုက်အတန့်တွင် အောက်ဘက်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အလင်းစက်ကွင်းတစ်ခုအသွင်သို့ ပြောင်းကာ လေပေါ်တွင်ရှိနေသော မြားသမားအားလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
ထို့နောက်တွင် မြားသမားများအားလုံး၏ မျက်လုံးများသည် မီးတောက်လောင်နေသည့်အလား ရုတ်တရက် တောက်ပလာကုန်ကြလေသည်။ ထိုသို့ဖြစ်လာပြီးသည့်နောက်တွင် မြားသမားများသည် ပတ်ဝန်းကျင်အနှံ့တွင် မည်သူမှမသိအောင် ပုန်းကွယ်နေသည့် အချို့သော အရာများကိုပင်လျှင် မြင်လာရတော့လေသည်။
ဤသည်မှာ အခြားမဟုတ်၊ သိမ်းငှက်မျက်လုံးပညာရပ်သာ ဖြစ်လေသည်။
သိမ်းငှက်မျက်လုံးပညာရပ်၏ အကူအညီကို ရရှိလိုက်ပြီးသည့်နောက် မြားသမားများသည် သူတို့အနီးတစ်ဝိုက်၌ ပုန်းအောင်းနေသော နတ်ဆိုးပုများကို စတင်၍ ပစ်မှတ်ထား တိုက်ခိုက်ကြတော့လေသည်။ မြားများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးပုများမှာလည်း တစ်ကောင်ပြီးတစ်ကောင် သေဆုံးခဲ့ကြရလေသည်။
ထိုလုပ်ကြံရေးသတ်ဖြတ်ရေးသမားများမှာလည်း ဤအတိုင်း ငြိမ်ခံမနေခဲ့ကြပေ။ တစ်ဖက်လူမှ သူတို့အား မြင်သွားပြီမှန်း သိလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း တိုက်ခိုက်ကြတော့လေသည်။
သိမ်းငှက်များပေါ်တွင် ရှိနေသော မြားသမားများသည် နတ်ဆိုးပုများ၏ တိုက်ခိုက်မှုများကို သိမ်မွေ့စွာ ရှောင်တိမ်း၍ တန်ပြန်တိုက်ခိုက်ကြလေသည်။
ယွဲ့နှင့်လုတို့သည်လည်း မန္တန်တစ်ခုကို တစ်ပြိုင်တည်း ရွတ်ဆိုလိုက်ကြလေသည်။ အသက်သုံးရှိုက်စာ ကြာပြီးသည့်နောက်တွင် အမွှာနှစ်ဦးဆီမှ လျှပ်စီးမြွေနှစ်ကောင် ထွက်ပေါ်လာခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၅၇)
ဘာသာပြန်သူ_တိမ်တိုက်
ထိုလျှပ်စီးမြွေကို မရှောင်တိမ်းနိုင်သည့် နတ်ဆိုးပုတစ်ကောင်မှာတော့ တစ်ကိုယ်လုံး မည်းခြစ်သွားခဲ့ပြီး အသက်ပျောက်သွားခဲ့ရလေသည်။ ထို့နောက်တွင် လျှပ်စီးမြွေသည် ထိုနတ်ဆိုးပု၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီးသည့်နောက် လျှပ်စီးပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလိုက်လေသည်။
ထို့နောက်တွင် နတ်ဆိုးပုတစ်ကောင်ချင်းစီသည် ဓာတ်လိုက်ခံလိုက်ရသည့်အလား အကြောသေသလိုဖြစ်ကာ တုန်တုန်ရီရီ ဖြစ်လာကုန်ကြလေသည်။ နတ်ဆိုးပုများအား လိုက်ဖမ်းနေကြသော မြားသမားများမှာတော့ အနည်းငယ်မျှပင် တုံ့နှေးနေခြင်းမရှိဘဲ နတ်ဆိုးပုများဆီသို့ မြားများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်လေ၏။
လျှပ်စီးပိုက်ကွန်သည် ပုန်းကွယ်နေသည့် နတ်ဆိုးပုအားလုံးကို လူလုံးပေါ်လာစေခဲ့လေသည်။ မြားသမားများမှာတော့ လျှပ်စီးပိုက်ကွန်၏ သက်ရောက်ခြင်း မခံရချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် မှော်ပညာရပ်များအပေါ် ယွဲ့နှင့်လုတို့၏ ထိန်းချုပ်မှု မည်မျှ မြင့်မားကြောင်းကို မြင်တွေ့နိုင်ပေသည်။
ဝေဟင်စစ်တပ်သည် တိတ်တဆိတ်ပုန်းကွယ်နေသော လုပ်ကြံသတ်ဖြတ်ရေးသမားများကို စိတ်ပူစရာမလိုတော့ဘဲ မြေပြင်စစ်တပ်အား စတင်၍ ပြန်လည်ကူညီပေးတော့လေ၏။
ရှယသည် နတ်ဆိုးပုအဖွဲ့သုံးဖွဲ့ကို စေလွှတ်ခဲ့လေသည်။ သို့သော်ငြား မည်သည့်အဖွဲ့မှ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ခြင်း မရှိသည့်အပြင် မြားသမားတစ်ဦးကိုမှလည်း မသတ်ပစ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် သူမ၏မျက်နှာကြီးမှာ မှုန်ကုပ်နေတော့လေသည်။
စစ်မြေပြင်ထဲတွင် နတ်ဆိုးများနှင့် လူရိုင်းများမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြလေ၏။ နတ်ဆိုးများသည် နတ်ဆိုးအသွင်ပြောင်းသွားသည့်လူများကို အသေခံစစ်သားများအဖြစ် အသုံးပြု၍ အနီရောင်နတ်ဆိုးများကို ချိန်ကိုက်ဗုံးများအဖြစ် အသုံးပြုကြလေသည်။ သို့သော်ငြား အနီရောင်နတ်ဆိုးများအကြောင်းကို သိထားပြီး ဖြစ်သည့်အတွက်ကြောင့် အနီရောင်နတ်ဆိုးများမှာ ရန်ကိုင်အဖွဲ့သားများအား ထိထိရောက်ရောက် ဒုက္ခပေးနိုင်ခြင်း မရှိတော့ချေ။ ထို့အစား လူရိုင်းများကသာ အနီရောင်နတ်ဆိုးများကို ဖြတ်ကျော်၍ နတ်ဆိုးစစ်တပ်ထဲ ဝင်ရောက်သောင်းကျန်းကြတော့လေသည်။
သဲနတ်ဆိုးများသည် မြေလျှိုးရင်းမှ လူရိုင်းများကြား ပြဿနာတက်အောင် လိုက်လုပ်နေခဲ့သည်။ ၎င်းတို့၏လှုပ်ရှားမှုများမှာ အမှန်တကယ်ကို ထိရောက်ခဲ့ကာ ရန်ကိုင်အဖွဲ့သားများ အနည်းနှင့်အများဆိုသလို ခံစားခဲ့ကြရသည်။
သို့သော်ငြား အသက်ချိန်းကြိုးမှော်ပညာရပ်ကြောင့် လူရိုင်းများ၏ အသက်စွမ်းအင်များမှာ ချိတ်ဆက်နေကြပြီဖြစ်လေရာ တစ်စုံတစ်ဦးမှ သေကွင်းသေကွက်ဒဏ်ရာများကို ခံစားလိုက်ရမည်ဆိုလျှင်ပင် ချက်ချင်း သေသွားလိမ့်မည်မဟုတ်ပေ။ ထိုဒဏ်ရာသည် ချိန်းကြိုးဖြင့် ချိတ်ဆက်ထားခံရသူများကြား ပျံ့နှံ့သွားမည်ဖြစ်ကာ ဒဏ်ရာရသင့်သော လူများသည်ပင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းမရှိတော့ဘဲ ဒဏ်ရာအသေးစားလေးများကိုသာ ရကြတော့လေသည်။
ယခုအချိန်တွင် နတ်ဆိုးပေါင်း ရာနှင့်ချီကာ သေဆုံးခဲ့ရပါသော်ငြား လူရိုင်းမျိုးနွယ်မှာတော့ တစ်ယောက်ပင် သေဆုံးခြင်း မရှိသေးချေ။
ဤကဲ့သို့သော စစ်ပွဲမျိုးတွင် အသက်ချိန်းကြိုး၏ အခန်းကဏ္ဍမှာ အလွန်တရာကိုမှ အရေးပါလာတော့သည်။ အသက်ချိန်းကြိုးသာ မရှိပါက ရန်ကိုင်၏အဖွဲ့ ဤမျှ အခြေအနေကောင်းနေလိမ့်မည်မဟုတ်ချေ။
ထိုမြင်ကွင်းကိုကြည့်ရင်း ရှယမှာ စတင်၍ စိတ်ပူလာတော့လေသည်။
အခုတစ်ကြိမ် လောလောဖြင့် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကြောင့် ရှယအနေဖြင့် တန်ဖိုးကြီးကြီးမားမားကို ပေးချေခဲ့ရလေသည်။
တိုက်ပွဲမစခင်က အနီရောင်နတ်ဆိုးများကိုသာ ချိန်ကိုက်ဗုံးအဖြစ် အသုံးပြုခဲ့မည်ဆိုပါက အောင်ပွဲကို အလွယ်တကူ ရယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား အခြေအနေမှာ သူမထင်ထားသလို ဖြစ်မလာခဲ့ချေ။
တစ်ဖက်ရန်သူများကို သတ်ဖြတ်ရန် သူမစေလွှတ်လိုက်သော အရိပ်နတ်ဆိုးကလန်သည်လည်း တစ်ဖက်အဖွဲ့ရှိ မှော်ဆရာများ၊ မြားသမားများ၏ ပြန်လည်သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရလေသည်။
စစ်တပ်နှစ်ခု၏ အဖွဲ့သားအရေအတွက်မှာ အတူတူလောက်သာ ရှိပါသော်ငြား တိုက်ပွဲစွမ်းရည်မှာတော့ အကြီးအကျယ်ကို ကွာခြားလှသည်။
ထို့အတွက်ကြောင့် ရှယမှာလည်း ရွေးချယ်စရာမရှိတော့ဘဲ သူမလက်အောက်တွင် ရှိနေသော အားအကောင်းဆုံးသော စစ်သည်တော်များကို စေလွှတ်ရတော့လေသည်။
ထောင်နဲ့ချီသောမြင်းများ စစ်မြေပြင်ထဲ ဒုန်းစိုင်းပြေးလာသည့်နှယ် မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာခဲ့ပြီး သားရဲဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။ နတ်ဆိုးသားရဲများကို စီးနင်းထားသည့် နတ်ဆိုးသားရဲတပ်မှာ နတ်ဆိုးစစ်တပ်များ၏ နောက်ကွယ်မှာ ဒုန်စိုင်းထွက်ပေါ်လာတော့လေသည်။ ထိုဒုန်းစိုင်းပြေးဝင်လာသည့် နတ်ဆိုးသားရဲစစ်တပ်များကို မည်သည့်လူရိုင်းများမှ တားဆီးနိုင်ခဲ့ခြင်း မရှိကြချေ။ ထိုနတ်ဆိုးသားရဲစစ်တပ် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော လူရိုင်းများအားလုံး သေဆုံးကုန်ကြရလေသည်။ ဤသို့ဖြင့် တိုက်ပွဲရေချိန်မှာ နတ်ဆိုးများဘက် စတင်၍ အလေးသာလာတော့လေသည်။
အခြားသောနတ်ဆိုးများသည်လည်း ထိုနတ်ဆိုးသားရဲစစ်တပ်များနောက် လိုက်ရင်းမှ လူရိုင်းများအား တန်ပြန်တိုက်ခိုက်ကြလေသည်။ ဝေဟင်စစ်တပ်မှ တရစပ်ပစ်ချပေးနေသည့် မြားများမှာလည်း ထင်သလောက် အလုပ်မဖြစ်တော့ချေ။ နတ်ဆိုးသားရဲများ၏ အရေခွံမှာ အလွန်ကိုမှ ထူထဲလှသဖြင့် မြားများမှာ ထင်သလောက် အလုပ်မဖြစ်တော့။
“အခု ငါတို့လှုပ်ရှားရမယ့် အချိန်ရောက်ပြီ…” ယွဲ့နှင့်လုတို့က သံပြိုင် ရေရွတ်လိုက်ကြလေသည်။
ရန်ကိုင်စစ်တပ်၏ မှော်ဆရာများသည် တိုက်ပွဲဖြစ်သည့်အချိန်မှစ၍ ယခုအချိန်အထိ နောက်ဖက်မှနေ၍သာ အကူအညီပေးနေခြင်းဖြစ်သည်။ အချို့သော အသက်ကြီးကြီးမှော်ဆရာများမှာ တည်ငြိမ်နေသေးပါသော်ငြား မှော်ဆရာငယ်လေးများမှာတော့ စတင်၍ စိုးရိမ်လာနေကြလေသည်။ ပထမဦးဆုံးတိုက်ပွဲ၌ ယခုကဲ့သို့ အကျအဆုံးများခဲ့ရသည်မှာ သူတို့၏စိတ်ကို အနည်းနှင့်အများတော့ သက်ရောက်ခဲ့ကြပေသည်။
သို့သော်ငြား ထိုလူများ စတင်စိုးရိမ်လာရခြင်း၏ အဓိကသော့ချက်မှာ နတ်ဆိုးသားရဲစစ်တပ်ကြောင့်သာ ဖြစ်လေသည်။
မှော်ဆရာများကို ဝိုင်းရံထားသည့် လက်ရွေးစင်စစ်တပ်များသည် စစ်မြေပြင်ကို စတင် ချီတက်လာကြလေသည်။ ထိုစစ်တပ်ကိုမြင်သော် ရှယ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုလူရိုင်းများ ဘာလုပ်ချင်နေသလဲဆိုသည်ကို သူမ မသိပါသော်ငြား သူမစိတ်ထဲ ဘာကြောင့်မှန်းမသိ မသက်မသာ ဖြစ်နေရသည်။
“ခင်ဗျားတော့ သွားပြီ…” ရုတ်တရက် အသံတစ်သံ အနီးအနားတစ်နေရာဆီမှ ထွက်လာခဲ့သည်။
ရှယ ပျာယာခတ်သွားခဲ့ပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ အစိမ်းရောင်သန်းနေသည့်လူတစ်ဦးကို သူမဘေးနား၌ တွေ့လိုက်ရလေသည်။
ထိုလူကိုမြင်လိုက်သည့်အခိုက် ရှယ ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။ သူမ၏လက်ရှိခွန်အားဖြင့် တစ်ဖက်ရန်သူ သူမနားသို့ ချည်းကပ်လာသည်ကို မည်ကဲ့သို့များ သတိမထားမိဘဲနေလိုက်ရလေသနည်း။ ဤလူသာ သူမအား အလစ်ချောင်းတိုက်ခိုက်မည်ဆိုပါက ရှယ အချိန်မီတုံ့ပြန်နိုင်မည်လား။
(ငါ အသက်ရှင်လောက်မှာမဟုတ်ဘူး…)
(ဒါပေမယ့် ဒီလူက သူ့လူတွေတိုက်ခိုက်နေတာကို ဘာဖြစ်လို့ ကြည့်မနေတာလဲ… ဘာဖြစ်လို့ ငါ့နားမှာ ရုတ်တရက်ပေါ်လာရတာလဲ…)
တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ရှယက ပြုံးလျက် “ဘာလဲ… နင့်ကိုယ်နင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်ထဲ ခိုဝင်ဖို့ ပြင်နေတာလား…”
ရန်ကိုင်သည် ရှယကို ကြည့်လျက် ပြုံး၍ “စဉ်းစားနေတုန်းပဲ… ဒါပေါ့… ခင်ဗျားဘက်က ကျုပ်ရဲ့ အစိမ်းရောင်အဆိပ်ကို ဖြေပေးမယ်ဆိုရင်တော့ သေသေချာချာလေး ပိုစဉ်းစားပေးမှာပေါ့…”
ရှယက လှောင်ပြုံးပြုံးလျက် “အိပ်မက်သာ မက်နေလိုက်… အစိမ်းရောင်နတ်ဆိုးအဆိပ်ကို ဘယ်လိုမှ ဖြေလို့မရဘူး… ဖြေချင်တယ်ဆိုရင် နည်းလမ်းတစ်ခုပဲရှိတယ်… နင် ငါ့ကျွန်ဖြစ်လာမှပဲ ရလိမ့်မယ်…”
ရန်ကိုင် မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေသည်။ “အဲ့ဒါ တစ်ခုတည်းသော နည်းလမ်းလား…”
ရှယက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်… တစ်ခုတည်းသောနည်းလမ်းပဲ…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ရှယက နှစ်လိုဖွယ်ကောင်းစရာပြုံးလျက် စနောက်လိုက်လေသည်။ “အရင်နှစ်ရက်တုန်းက နေရတာ ဘယ်လိုနေလဲ… နေလို့ထိုင်လို့ မကောင်းဘူးမလား… ရှင်းရှင်းပြောရရင် နင် ဒီလောက်ထိ တောင့်ခံထားနိုင်တာကိုတောင် ငါ တော်တော်လေး အံ့အားသင့်မိတယ် သိလား… ဒါပေမယ့် နင် ပိုပြီး ခုခံလေ ခုခံလေ ပိုပြီး နာကျင်ရလေပဲ…”
ရန်ကိုင်က သက်ပြင်းချလျက် “အင်း… ဟုတ်တယ်… အခုတော့ နည်းနည်းတော့ နာလာပြီ…”
ရှယက ခေါင်းလေးစောင်းလျက် “ငါက နင်လုံးဝ အဆင်ပြေနေတယ်လို့ ထင်နေတာ…”
ရန်ကိုင်က ပြုံးဖြီးလျက် “ယောက်ျားတွေဆိုတာ အားကောင်းပြီး မာန်ရှိဖို့လိုတယ်လေ… ဒီလောက်ကလေးနာတာကို ငိုယိုပြနေရင် ဘယ်လိုလုပ်ပြီး ယောက်ျားဖြစ်တော့မှာလဲ…”
ရှယက ကျော့ရှင်းစွာ ပြုံးလျက် “တကယ် ငါ့ကျွန်ဖြစ်ဖို့ ထိုက်တန်တယ်… စိတ်မပူနဲ့… နင် ငါ့ကျွန်ဖြစ်လာမယ်ဆိုလို့ရှိရင် နင့်အသိဉာဏ်ကို ဒီအတိုင်း ထိန်းထားပေးမယ်လို့ အာမခံတယ်… နည်းနည်းလေးမှတောင် လူစိတ်လွတ်သွားတဲ့လူ မဖြစ်စေရဘူး…”
ရန်ကိုင်က မျက်ခုံးပင့်လျက် “ကျုပ်ရဲ့ အသိဉာဏ်ကို ဒီတိုင်းပဲ ထိန်းထားပေးမယ်… ဒါပေမယ့် အဲ့ဒါဆိုလို့ရှိရင် နတ်အဆိုးသွင်ပြောင်းသွားတဲ့ အဲ့ကလန်သားတွေ ဘာဖြစ်လို့…”
ရှယက နှုတ်ခမ်းလေးကွေးလျက် အထင်အမြင်တသေးဖြင့် “သူတို့တွေက ဘာမို့လို့လဲ… ဘာမှအသုံးမဝင်တဲ့ ပွန်းရုပ်တွေပဲကို… သူတို့အသိဉာဏ်တွေကို ဒီအတိုင်း ထိန်းထားပေးလို့ ငါ့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ… အဲ့လိုလုပ်ပေးဖို့ မတန်ဘူး… ဒါပေမယ့် နင်ကတော့ မတူဘူး… နင့်လိုပညာရှင်တစ်ယောက်ကို ဒီတိုင်း အသိဉာဏ်ရှိအောင် လုပ်ထားပေးဖို့ ငါ့ဘက်က တစ်ခုခု စတေးလိုက်ရမယ်ဆိုရင်တောင် တန်တယ်…”
“ခင်ဗျား ကျုပ်ကို အရမ်းချီးကျူးလွန်းနေပြီ… ခင်ဗျားသာ အဲ့လိုလုပ်ပေးမယ်ဆိုရင် ကျုပ် ခင်ဗျားကို ဘယ်လို ပြန်ကျေးဇူးဆပ်လို့ ဆပ်ရမယ်မှန်းတောင် သိတော့မှာမဟုတ်ဘူ…”
ရှယက ရယ်သွမ်းသွေးလျက် “ငါ့အမိန့်ကို နာခံရင် အဆင်ပြေပြီလေ…”
“ဒါဆိုရင် အခု စကြမလား…” ရန်ကိုင်က ရှယဘက်သို့လှည့်၍ မေးလိုက်လေ၏။
ရှယမျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွားခဲ့ပြီး တိုက်ပွဲစစ်မြေပြင်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ စစ်မြေပြင်ထဲ သူမ၏နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးနေသည်ကိုသာ တွေ့နေရလေ၏။ လူရိုင်းစစ်သည်တော်များဘက်မှ လက်ရွေးစင်စစ်သည်တော်များ ရှေ့သို့ ချီတက်လာနေပြီးသည့်နောက်တွင် မှော်ဆရာများဆီမှ အားကောင်းလှသည့် မှော်ပညာရပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့အတွက်ကြောင့် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်သွားခဲ့သော နတ်ဆိုးစစ်တပ်မှာလည်း ပြန်ဆုတ်သွားခဲ့ရတော့သည်။ သူတို့ အသာစီးရရှိထားသည့် အားသာချက်များမှာ တစ်ချိန်တည်းတွင်လည်း ပြန်လည်ပျောက်ကွယ်သွားရတော့လေသည်။ သဲနတ်ဆိုးများ၏ အဆက်မပြတ်နှောင့်ယှက်မှုကြောင့်သာ မဟုတ်ပါက နတ်ဆိုးသားရဲစစ်တပ်မှာ လုံးဝ အပြတ်ရှင်းပစ်ခံရလောက်ပေပြီ။
သို့တိုင် နတ်ဆိုးမျိုးနွယ်အတွက် အခြေအနေမှာ အလေးမသာတော့ချေ။
တိုက်ပွဲစသည့် အချိန်မှစ၍ ယခုအချိန်ထိ နတ်ဆိုးစစ်တပ်၏ တစ်ဝက်လောက်မှာ အပြောင်ရှင်းခံလိုက်ရလေပြီ။ ထို့အပြင် ဆက်လက်၍လည်း တောက်လျှောက်ကို ကျဆုံးနေခဲ့လေရာ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက နတ်ဆိုးစစ်တပ်တစ်ခုလုံး ရှင်းပစ်ခံလိုက်ရပေလိမ့်မည်။
“နင့်ကို ငါ့ကျွန်ဖြစ်အောင်လုပ်ဖို့ ငါ့ဘက်က တန်ရာတန်ကြေးတစ်ခု ပြန်ပေးဆပ်ရမှာ… ဒီတော့ နင့်ဘက်ကရော ငါ့ကို ဘာပြန်ပေးမှာလဲ…” ရှယက ရုတ်တရက် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။
“ခင်ဗျား ဘာလိုချင်လဲ…” ရန်ကိုင်က မေးလိုက်သည်။
ရှယသည် ရှေ့တည့်တည့်သို့ ညွှန်ပြလျက် “နင့်ဘက်က ဘယ်လောက် ရိုးသားမှုရှိလဲဆိုတာ ငါသိချင်တယ်… နင့်ဘက်မှ ဘာမှပြန်မပေးပဲနဲ့တော့ ငါ နင့်ကို ယုံကြည်လို့ရမှာမဟုတ်ဘူးလေ… ဟုတ်တယ်မလား… ကဲ… အခု နင့်ဘက်ကနေ ဆုံးဖြတ်ပေတော့… အချိန်က သိပ်ရှိတော့တာမဟုတ်ဘူး…”
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “ကောင်းပြီလေ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နတ်ဆိုးစစ်တပ်ထဲသို့ ပြေးဝင်သွားလေ၏။ သူ့လမ်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးအားလုံး တိုက်ကွက်တစ်ကွက်တည်းဖြင့် အပြတ်ရှင်းပစ်ခံလိုက်ရလေသည်။
ရန်ကိုင်၏ သွေးသံတရဲရဲပုံစံသည် ရှယအား အနည်းငယ်မျှပင် မကျေမနပ် ဖြစ်မသွားစေခဲ့ဘဲ ထို့အစား ရှယသည် ဝမ်းသာရိပ်တို့ဖြင့် ရန်ကိုင်သာ စိုက်ကြည့်နေခဲ့လေသည်။ သူမ၏မျက်လုံးနက်များထဲ ထူးဆန်းသည့် အရိပ်အယောင်အချို့လည်း ဖြတ်ပြေးသွားခဲ့လေသည်။
ရန်ကိုင်၏စွမ်းအားကို မြင်တွေ့ပြီးသည့်နောက် နတ်ဆိုးများမှာ ရန်ကိုင်လမ်းကို မတားရဲတော့ဘဲ ရန်ကိုင်လာနေသည်ကိုမြင်သည်နှင့် ချက်ချင်းပဲ ရှောင်ဖယ်သွားကုန်ကြလေသည်။
တစ်ခဏအကြာတွင် ရန်ကိုင်သည် စစ်ပွဲနှစ်ခုကြားရှိ ထိပ်တိုက်တွေ့ဆုံရာနေရာဆီသို့ ရောက်လာခဲ့သည်။
“ဆရာ… ရှင်ဘာလို့…” ရန်ကိုင် ရုတ်တရက်ရောက်လာသည်ကိုမြင်သော် ယွဲ့က ငေးကြောင်ကြောင်အမူအယာဖြင့် “ဆရာ… အဲ့ဘက်ကနေ လာခဲ့တာလား…”
ရန်ကိုင်၏စစ်တပ်သည် လက်ရှိ ရန်ကိုင်ရှိနေသည့်နေရာနှင့် ဆန့်ကျင်ဘက်တွင် ရှိနေခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် နတ်ဆိုးဘက်ခြမ်းဆီမှ ရုတ်တရက်ကြီး ပေါ်လာခဲ့သည်။ ထို့အပြင် စစ်တပ်တစ်ခုလုံးကို ဦးဆောင်နေသည့် လူတစ်ဦးဖြစ်သည့်အလျောက် စစ်မြေပြင်ထဲ သွားချင်သလို လျှောက်သွားနေသည်မှာ မသင့်တော်လှချေ။ ရန်ကိုင်သည် ရန်ကိုင့်စစ်သည်တော်များ၏ အနောက်ဘက်တွင် နေ၍ အမိန့်ပေးနေသင့်သူတစ်ဦး ဖြစ်သည်။
သူမစိတ်ထဲ ရန်ကိုင်အား ထွက်သွားရန် ပြောတော့မည့်အပြု မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု သူမစိတ်ထဲ အလိုလို ခံစားလိုက်ရလေသည်။
လုသည်လည်း ထိုကဲ့သို့ ခံစားလိုက်ရပြီး ရန်ကိုင်အား အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်လေ၏။ “ဆရာ… ဘာလုပ်ချင်နေတာလဲ…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အမွှာနှစ်ယောက်ကိုကြည့်ကာ ပြောလိုက်လေ၏။ “ငါ့နောက်လိုက်ခဲ့…”
အမွှာနှစ်ယောက် တိတ်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။
အခြားသောမှော်ဆရာများမှာလည်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေကြလေသည်။
“ခေါင်းဆောင်ရဲ့အမိန့်ကို မနာခံတာ မကောင်းဘူးနော်… မှော်ဘုရင်တန် နင်တို့ကို ငါ့လက်ထဲ ထည့်ပေးလိုက်တုန်းက သူ ဘာပြောခဲ့လဲဆိုတာကို နင်တို့ မမှတ်မိတာလား…” ရန်ကိုင်သည် အမွှာနှစ်ဦးအား ခက်ထန်သည့်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
ယွဲ့က အလျင်အမြန် ပြန်ပြောလိုက်သည်။ “ဆရာသာ လူရိုင်းမျိုးနွယ်ရဲ့ ကောင်းကျိုးအတွက် လုပ်ပေးမယ်ဆိုရင်တော့ ကျွန်မတို့ ကျိန်းသေ နာခံမှာပါ… ဒါပေမယ့် အခု ဆရာက နတ်ဆိုးတွေလက်အောက်ထဲ ခိုဝင်ဖို့ ကြံနေတာ…”
“ဘယ်လို…” ထိုစကားကိုကြားသည့်အခါ မှော်ဆရာအားလုံး ထိတ်လန့်သွားကြပြီး သူတို့ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင် ဖြစ်သွားကြလေသည်။
ရုတ်ချည်းဆိုသလို မှော်ဆရာအားလုံးမှာ ရန်ကိုင်အား ဝိုင်းအုံကြည့်လာကြလေသည်။ ရန်ကိုင်ငြင်းစေပါဟု မျှော်လင့်နေပါသော်ငြား ရန်ကိုင်ကမူ မငြင်းပဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “နင်တို့က တကယ်ကို အမြင်စူးရှတာပဲ…”
ယွဲ့က ထပ်ပြောလိုက်သည်။ “အစိမ်းရောင်နတ်ဆိုးအဆိပ်ကို ဖြေဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ့်ကိုယ်ကို နတ်ဆိုးအသွင်ပြောင်းလိုက်ဖို့ပဲ… ဆရာ… ရှင် ကျွန်မတို့ကို တကယ်စိတ်ပျက်အောင် လုပ်လိုက်တာပဲ…”
ယွဲ့ပြောသည့်စကားကို ကြားပြီသည့်နောက် အခြားသောမှော်ဆရာများမှာလည်း အခြေအနေကို နားလည်သွားကြတော့လေသည်။
မှော်ဆရာညိုသည် အစိမ်းရောင်နတ်ဆိုးအဆိပ် မိထားခဲ့သည်။ သို့သော်ငြား အဆိပ်မိကာ မသေချင်ချေ။ ထိုအကြောင်းကြောင့် နတ်ဆိုးလက်အောက်ထဲ ခိုဝင်ရန် ကြိုးစားခဲ့သည်။ အမွှာနှစ်ဦးဖြစ်ကြသော ယွဲ့နှင့်လုတို့မှာလည်း ရန်ကိုင်ဘာလုပ်ချင်နေသလဲ ဆိုသည်ကို အစောကြီးတည်းက နားလည်ထားပုံပေါက်ကာ ယခုကဲ့သို့ ဖြစ်လာမည်မှန်း ကြိုတင် မျှော်လင့်ထားသည့်ပုံပင်။
(ငါတို့ အခု ဘာလုပ်ကြရမှာလဲ…)
တိုက်ပွဲသည် မှော်ဆရာညို၏ ပထမဦးဆုံးသော တိုက်ပွဲဖြစ်သည်။ သူ့လက်အောက်တွင်ရှိနေသော အဖွဲ့ဆယ့်နှစ်ဖွဲ့သည် အတူတကွ ပူးပေါင်း၍ နတ်ဆိုးစစ်တပ်များကို တိုက်ထုတ်ခဲ့ကြရာ ပထမဦးဆုံးအောင်ပွဲကို ဆင်နွှဲခါနီး ဖြစ်နေခဲ့လေပြီ။ သို့သော်ငြား နောက်ဆုံးအခိုက်အတန့်တွင်မှ သူတို့၏ခေါင်းဆောင်သည် သူတို့အား သစ္စာဖောက်ခဲ့လေသည်။
ထိုရုတ်တရက်ပြောင်းလဲမှုသည် လူတိုင်းအား ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားစေခဲ့လေသည်။
“နင်က အရမ်းတော်တယ်… ဒါကြောင့်ပဲ မှော်ကျောင်းတော်ကို ဝင်နိုင်ခဲ့တာ… ဒါပေမယ့် နင်သိနေမယ်ဆိုရင်တောင် နင်ဘာလုပ်နိုင်မှာလဲ…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် အမွှာနှစ်ဦးဆီသို့ လက်လှမ်းလိုက်လေသည်။ ချက်ချင်းဆိုသလို မျက်စိကျိန်းမတတ် အလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာခဲ့လေ၏။
အမွှာနှစ်ဦး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မှော်ဆရာညိုအားကောင်းမှန်း သိခဲ့ပါသော်ငြား ဤမျှအားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
နှစ်ဦးစလုံး ဘာမှမလုပ်နိုင်သေးခင်မှာပင် နှစ်ဦးစလုံး၏ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့လေသည်။ ရန်ကိုင် မည်ကဲ့သို့သော ပညာရပ်အား သုံးလိုက်မှန်း နှစ်ဦးစလုံးမသိကြ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၅၈)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် အမွှာနှစ်ဦးအား ကြက်ကလေးငှက်ကလေးများကို ဖမ်းသည့်ပမာ အလွယ်တကူ ဖမ်းဆီးလိုက်လေသည်။
အမွှာနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်နေကြပါသော်ငြား မည်သို့ပင်ရုန်းနေစေကာမူ ရန်ကိုင်လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။ အမွှာနှစ်ဦးကို ဖမ်းပြီးသည့်နောက်တွင် ရန်ကိုင်သည် ဖမ်းပြီးသည့်နောက်တွင် ရန်ကိုင်သည် နတ်ဆိုးမျိုးနွယ်ဘက်ခြမ်းဆီသို့ ပျံသန်းသွားလေ၏။
အခြားသောမှော်ဆရာများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြလေသည်။
ရှယ၏ ဂုဏ်ယူဝံ့ကြွားသည့် အော်ရယ်မောသံသည် စစ်မြေပြင်အနှံ့ ပျံ့နှံ့လာခဲ့သည်။ သို့သော်ငြား ဆည်းလည်းသံတမျှ ချိုသာလှသည့် သူမ၏ အော်ရယ်မောသံလေးသည် နတ်ဆိုးမျိုးနွယ်စုများအတွက်တော့ အလွန်တရာကိုမှ ခါးသီးဖွယ်ကောင်းလှသည့် ရယ်မောသံကြီးတစ်ခု ဖြစ်နေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်ရှေ့၌ တီယာ ပေါ်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် ယွဲ့နှင့်လုတို့မှာ အံ့အားသင့်သွားခဲ့ပြီး ပြိုင်တူ တောင်းဆိုလိုက်ကြလေသည်။ “မှော်ဝိဇ္ဇာ… မှော်ဆရာညိုက နတ်ဆိုးမျိုးနွယ်စုဘက်ကို ပြောင်းဖို့ ကြံနေပြီ… သူ့ကို မြန်မြန်တားပေးပါဦး…”
အတူတကွ အတန်ကြာအောင် အချိန်ကုန်ဆုံးပြီးသည့်နောက်တွင် တီယာသည်လည်း မှော်ဝိဇ္ဇာတစ်ဦး ဖြစ်ကြောင်းကို ယွဲ့နှင့်လုတို့ သိသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် တီယာသည် ရန်ကိုင်အား အောင်မြင်စွာ တားကောင်း တားနိုင်လောက်ပေသည်။
တီယာကမူ ယွဲ့နှင့်လုတို့ ပြောနေသည်ကို မကြားချင်ယောင်ဆောင်လျက် ရန်ကိုင်ကိုသာ စိုက်ကြည့်နေလေသည်။
ရန်ကိုင်သည်လည်း ရပ်လိုက်ပြီး တီယာကိုကြည့်၍ မေးလိုက်လေ၏။ “နင် ငါ့ကို တားချင်နေတာလား…”
တီယာ ယာယီမျှ တိတ်သွားခဲ့ပြီး ခဏအကြာ၌ လမ်းဖယ်ပေးလိုက်လေသည်။ ထို့အတွက်ကြောင့် ယွဲ့နှင့်လုတို့၏ မျှော်လင့်ချက်များမှာလည်း တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေတော့သည်။
ရန်ကိုင်က ခေါင်းညိတ်၍ ယွဲ့နှင်လုတို့ကို ခေါ်ရင်း တီယာနားမှ ဖြတ်သွားလေ၏။
“သတိထား…” တီယာက တိုးတိုးလေး ပြောလိုက်လေသည်။ သေချာအာရုံစိုက်၍သာ နားမထောင်ပါက သူမပြောလိုက်သည်ကို မည်သို့မှ ကြားနိုင်လိမ့်မည်မဟုတ်ချေ။
မကြာမီ ရန်ကိုင်သည် နတ်ဆိုးစစ်တပ်ဘက်ခြမ်းသို့ ရောက်သွားခဲ့လေသည်။
“တိုက်ပွဲက ပြီးသေးတာမဟုတ်ဘူး… နင်တို့ ဘာတွေရပ်ကြည့်နေကြတာလဲ…” တီယာက အောက်ဘက်တွင်ရှိနေသော မှော်ဆရာများကိုကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ ထို့နောက်တွင် သူမကိုယ်တိုင် ဦးဆောင်၍ စစ်ပွဲထဲသို့ ပြေးဝင်သွားလေသည်။ တီယာသည် ဓါးမြှောင်နှစ်ချောင်းကိုကိုင်ရင်း နတ်ဆိုးများကို ကိုယ်တိုင်သတ်ဖြတ်နေသလို မှော်ပညာရပ်များကို အသုံးပြု၍ လူရိုင်းစစ်သည်တော်များကိုလည်း ကူညီပေးနေပေသေးသည်။
တီယာကိုယ်တိုင် ဦးစီးဦးဆောင် တိုက်ခိုက်နေသည်ကိုမြင်သော် လက်ကျန်မှော်ဆရာဆယ့်သုံးယောက်တို့မှာလည်း ပြန်လည်စိတ်ဓာတ်တက်ကြွလာကြပြီး အခြား မည်သည့်ကိစ္စကိုမှ အာရုံစိုက်မနေတော့ဘဲ မှော်ပညာရပ်များကို ထုတ်သုံးရာတွင်သာ အာရုံအပြည့် စိုက်ထားလိုက်ကြတော့လေသည်။
မကြာမီ ရန်ကိုင်သည် မြေပြင်ပေါ်သို့ ရောက်လာပြီး ယွဲ့နှင့်လုတို့အား လွှတ်ပေးလိုက်လေသည်။ နှစ်ဦးစလုံးမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျပြီးသည့်နောက် အမွှာနှစ်ဦးစလုံးသည် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ ရန်ကိုင်အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အံကိုတင်းတင်းကြိတ်၍ မပေါ့်တပေါ် ဝတ်စားထားသည့် ရှယဘက်သို့ လှမ်းကြည့်လိုက်သည်။ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူတို့စိတ်ထဲ အလွန်တရာကိုမှ အရှက်ရသလို ခံစားရသလို ရန်ကိုင်၏ သူရဲဘောကြောင်မှုအပေါ်လည်း ဒေါသထွက်မိလေသည်။ မှော်ဆရာညိုသည် ဤကဲ့သို့သော လူစားမှန်းသာ အစောကြီးတည်းက ကြိုသိခဲ့မည်ဆိုပါက သူ့နောက်သို့လိုက်ရန် လုံးဝ သဘောတူခဲ့လိမ့်မည်မဟုတ်ချေ။
“ဒီလောက်ဆို လုံလောက်ပြီလား…” ရန်ကိုင်က ရှယအား ပြုံးကာ စိုက်ကြည့်ရင်းမှ မေးလိုက်သည်။
ရှယသည် အဓိပ္ပာယ်ပါပါပြုံးလျက် ယွဲ့နှင့်လုကို တစ်ချက် ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ကိုကြည့်၍ ခေါင်းခါပြလိုက်လေ၏။
ရန်ကိုင်က မျက်မှောင်ကြုတ်၍ “သူတို့နှစ်ယောက်က ကျုပ်အဖွဲ့သားတွေထဲမှာ အားအကောင်းဆုံးပဲ… သူတို့ကို ဖမ်းလာသေးတာတောင် မလုံလောက်သေးဘူးဆိုရင် ခင်ဗျားက ဘာလိုချင်နေသေးတာလဲ…”
ရှယက လုကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။ “သူ့ကိုသတ်ပစ်…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ယွဲ့နှင့်လုတို့၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
“သူ့ကိုသတ်ပေးရင် ငါယုံပေးမယ်…” ရှယက ရန်ကိုင်ကိုကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။
သူမသည် အရူးမဟုတ်။ လူရိုင်းမှော်ဝိဇ္ဇာသည် အစိမ်းရောင်နတ်ဆိုးအဆိပ် မိထားပြီး နတ်ဆိုးဘက်ခြမ်းသို့ ခိုဝင်လိုသည့် အရိပ်အယောင် ထုတ်ပြလာပါသော်ငြား ထိုမျှလောက်နှင့်ပင် သူမ၏ယုံကြည်မှုကို ရရန် မလုံလောက်သေးချေ။
ဤသည်မှာ သူမ၏ နောက်ဆုံးစမ်းသပ်ချက် ဖြစ်လေသည်။ ဤလူရိုင်းမှော်ဝိဇ္ဇာသည်သာ လုအား တုံ့ဆိုင်းခြင်းမရှိ သတ်ပစ်လိုက်မည်ဆိုပါက သူမအနေဖြင့် သူ့အား ကျိန်းသေ ယုံကြည်ပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက မှော်ဝိဇ္ဇာသည် သူ့အသက်ကို ကယ်တင်နိုင်ရန်အတွက် သူမအား မလှိမ့်တပတ်လုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ရှယ ယုံကြည်သွားပေလိမ့်မည်။
ရှယစိတ်ထဲလည်း လက်ရှိအခြေအနေနှင့်ပတ်သက်၍ အနည်းငယ် ဒွိဟဖြစ်သလို ခံစားနေရလေသည်။ တစ်ဖက်တွင် သူမစိတ်ထဲ ဤလူရိုင်းမှော်ဝိဇ္ဇာ အသည်းအသန်ရုန်းကန်ပြီး သေသွားပါစေဟု မျှော်လင့်နေမိသည်။ အသည်းအသန်ရုန်းကန်နေသည့် သားကောင်သည် သူမအတွက်တော့ အကောင်းဆုံးသောသားကောင်တစ်မျိုး ဖြစ်ပေသည်။ သို့သော်ငြား သူမစိတ်၏ အခြားတစ်ဖက်ခြမ်းတွင်မူ ဤလူရိုင်းမှော်ဝိဇ္ဇာအား ဤအတိုင်း သေမသွားစေချင်ဘဲ သူမ၏ ကျွန်တစ်ယောက် ဖြစ်လာစေချင်မိသည်။
ထို့အတွက်ကြောင့် သူမစိတ်ထဲ ဤလူရိုင်းမှော်ဝိဇ္ဇာနှင့်ပတ်သက်၍ အထူးတလည်ဖြစ်စေချင်သည့် ခံစားချက်များကို မရှိပေ။
ရှယသည် ရန်ကိုင်၏မျက်နှာကို သေသေချာချာ စောင့်ကြည့်နေလေသည်။ ရန်ကိုင် တုံ့ဆိုင်းကာ ရုန်းကန်နေသည်ကို မြင်ချင်မိသည်။ အနည်းဆုံးတော့ တစ်ဖက်လူ ဤကဲ့သို့ ဒုက္ခရောက်နေသည့်အပေါ် သူမအနေဖြင့် ဝမ်းသာနိုင်လိမ့်မည် မဟုတ်လေလော။
သို့သော်ငြား ရန်ကိုင်ကမူ သူမစကားကို ကြားပြီးသည့်နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ဘဲ လုဆီသို့ လျှောက်သွားလေသည်။
ထိုအချင်းအရာကိုမြင်သော် အမွှာနှစ်ဦး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ယွဲ့သည် အားတင်း၍ လုရှေ့တွင် ပိတ်ရပ်ကာ ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “သူ့ကိုမသတ်နဲ့… ငါ့ကိုပဲသတ်…”
ရန်ကိုင်သည် ယွဲ့ရှေ့တွင်ရပ်လျက် သူမအား ငုံ့ကြည့်ရင်းမှ ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ “အင်း… တကယ်ကို ချစ်တတ်ကြတဲ့ ညီအစ်မတွေပါလား… ဒါပေမယ့် ဆိုးတာပဲ…”
“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ရန်ကိုင်သည် ယွဲ့အား မီတာပေါင်းများစွာအကွာသို့ ကန်ထုတ်ပစ်လိုက်လေသည်။ ယွဲ့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက် သွေးအပွက်ပွက် အန်ထွက်တော့လေ၏။
“ဒါက သခင်မရှရဲ့ ပထမဦးဆုံးအမိန့်မို့လို့ ငါ့အနေနဲ့ ကျိန်းသေကို နာခံမှပဲ ရလိမ့်မယ်…” ရန်ကိုင်သည် လု၏လည်ပင်းကို ဆွဲကိုင်၍ သူမအား လေပေါ်သို့ တဖြည်းဖြည်း မြှောက်တင်ရင်းမှ ပြောလိုက်သည်။
လုမှာ ရုန်းကန်နေပါသော်ငြား ရန်ကိုင်၏ လက်မှ မည်သို့မှ ရုန်းမထွက်နိုင်ခဲ့ချေ။
“သူ့…” ယွဲ့မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း နာကျည်းစွာဖြင့် အော်ပြောလိုက်လေသည်။ “သူ့ကို လွှတ်လိုက်…”
ထို့နောက် ခက်ခက်ခဲခဲဖြင့် ခုန်ထပြီးသည့်နောက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ထိုအခိုက်အတန့်တွင် အနက်ရောင်အရိပ်တစ်ခုမှာ သူမအား မသွားနိုင်အောင် ဆွဲထားခဲ့လေသည်။
ရန်ကိုင်သည် သူ့လက်ထဲသို့ တဖြည်းဖြည်း အားထည့်လိုက်ရာ လုမှာ အသက်ရှူမဝ ဖြစ်လာပြီး မျက်နှာတစ်ပြင်လုံး နီရဲတက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် လုလည်ပင်းကိုညှစ်ထားသည့် ရန်ကိုင်လက်ဆီမှ မှော်စွမ်းအားတို့ ဖြာထွက်လာခဲ့လေ၏။
စိတ်ချင်းဆက်နေသည့် အတွက်ကြောင့်လားမသိ လုမှာ လည်ပင်းညှစ်ခံထားရစဉ်အတောအတွင်း သူမ၏အစ်မဆီသို့ လှမ်းကြည့်လိုက်လေသည်။
ယွဲ့သည်လည်း လုအား ဝမ်းနည်းတကြီးဖြင့် ပြန်စိုက်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် လုသည် တစ်ခုခုပြောချင်နေသည့်အလား သူမပါးစပ်ကို ဟလိုက်ပါသော်ငြား မည်သည့်အသံမှ ထွက်မလာခဲ့ချေ။
လု သူမအား နှုတ်ဆက်စကားပြောနေမှန်း ယွဲ့ သိနေခဲ့သည်။
“မလုပ်နဲ့…” ယွဲ့ ကူကယ်ရာမဲ့စွာ ထအော်လေသည်။
“ဘုန်း…” ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရန်ကိုင်၏လက်ထဲတွင် ရှိနေသော လု တစ်စစီ ပေါက်ကွဲထွက်သွားခဲ့သည်။ အသွေးအသားများ အဖက်ဖက်သို့ ပေါက်ကွဲလွင့်စင်ထွက်သွားခဲ့လေရာ အရိုးများပင် ကျန်ရစ်ခဲ့ခြင်းမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တစ်စစီ စိစိညက်ညက်ဖြစ်နေသော အသားစများဖြင့် ပြည့်နှက်သွားရတော့သည်။
ယွဲ့မှာ လိပ်ပြာလွင့်သွားသည့်အလား သူမ၏အော်သံသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူမခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ အနည်းငယ်မျှပင် အော်ဟစ်ရုန်းကန်နေခြင်း မရှိတော့ဘဲ ဖြာကျလာနေသည့် သွေးမြူများကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိတော့လေသည်။ သူမ အလွန်တရာကိုမှ ချစ်မြတ်နိုးရသည့် သူမ၏ညီမလေး ယခုကဲ့သို့ သေသွားရလိမ့်မည်ဟု ယွဲ့ လုံးဝ မထင်ထားမိခဲ့ချေ။
မျက်ရည်စီးကြောင်းနှစ်ခုသည် သူမ၏ မျက်လုံးထောင့်ဆီမှ ပါးပြင်ပေါ်သို့ မသိမသာလေး စီးကျလာခဲ့သည်။ ယွဲ့မှာ အော်ငိုနေခြင်းမရှိတော့။ သို့သော်ငြား သူမ၏အကြည့်မှာတော့ အလွန်တရာကိုမှ အေးစက်နေခဲ့လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် ဤ မှော်ဝိဇ္ဇာညိုဆိုသည့်လူအား မသေမချင်း ကိုက်သတ်ပစ်ချင်စိတ်များပင် သူမစိတ်ထဲ ထွက်ပေါ်လာရတော့သည်။ ထိုလူ၏အသားကို အစိမ်းလိုက်ဝါးစား၍ သွေးကို အစိမ်းလိုက် သောက်ပစ်ချင်မိသည်။ သူ့အရိုးများကိုပင်လျှင် တစ်စမကျန် ဝါးစားပစ်ချင်စိတ်များ သူမစိတ်ထဲ တဖွားဖွား ထွက်ပေါ်လာနေရတော့သည်။
“ဟား ဟား ဟား…” ထိုမြင်ကွင်းကိုကြည့်ရင်း ရှယသည် ဝါးလုံးကွဲအော်ရယ်မောလိုက်လေသည်။ လက်ရှိအဖြစ်အပျက်သည် သူမအား အလွန်တရာကိုမှ ကျေနပ်သွားစေသည့်အလား စိတ်လှုပ်ရှားမှုကြောင့် ရှယ၏တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ရီနေခဲ့လေသည်။
ရန်ကိုင်ကမူ ယွဲ့၏ မုန်းမုန်းတီးတီးအကြည့်ကို ဂရုမစိုက်ဘဲ ရှယဘက်သို့လှည့်၍ မေးလိုက်လေ၏။ “သခင်မ… ဒီလောက်ဆို လုံလောက်ပြီလား…”
“လုံလောက်ပြီ…” ရှယက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ယခုမူ ရန်ကိုင် သူမဘက်သို့ တကယ်ကြီး ခိုဝင်ချင်နေသည်ဟု ယုံကြည်သွားလေပြီ။
“လာခဲ့…” ရှယက တိရစ္ဆာန်တစ်ကောင်ကို ခေါ်နေသည့်အလား ရန်ကိုင်အား လှမ်းခေါ်လိုက်သည်။
ရန်ကိုင်လည်း ရှယဆီသို့ လျှောက်သွားပြီး သူမရှေ့တွင် မတ်တပ်ရပ်လိုက်လေသည်။
“ဒူးထောက်…” ရှယက အမိန့်ပေးလိုက်သည်။
ရန်ကိုင်က မျက်မှောင်ကျုံ့၍ ခေါင်းခါလိုက်သည်။ “အဲ့ဒါတော့ အဆင်မပြေဘူး… ကျုပ် ခြေထောက်တွေ နာနေတယ်… ဒူးထောက်လို့မရဘူး…”
ရှယမျက်နှာထက်ရှိ ရုတ်ချည်း ပျောက်သွားခဲ့ပြီး ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်၍ “နင် ဘယ်လိုလုပ်ပြီး ငါ့အမိန့်ကို လွန်ဆန်ရဲတာလဲ… နင် သေချင်နေတာလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီလောကကြီးမှာ ဘယ်လိုအခြေအနေကိုပဲ ရောက်နေရောက်နေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေရှိတယ်… အဲ့လိုအရာတွေကို အတင်းတွန်းအားပေးပြီး လုပ်လို့လည်းမရဘူး… သခင်မ… ခင်ဗျားက မိန်းမတစ်ယောက်ဆိုတော့ ယောက်ျားတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်မှာမဟုတ်ဘူး…”
ရှယက ယဲ့ယဲ့လေးပြုံးလျက် “အပိုတွေ… နင့်လက်အောက်ငယ်သားကိုတောင် သတ်ပစ်နိုင်တာ… ဘာဖြစ်လို့ ဒူးမထောက်နိုင်ရတာလဲ…”
ရန်ကိုင်က ပုခုံးတွန့်လျက် “ဒူးထောက်ရမယ်ဆိုရင်တော့ အသေပဲခံလိုက်တော့မယ်…”
ရှယသည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
ရန်ကိုင်သည်လည်း ရှယအား ပြန်၍ စိုက်ကြည့်နေလေ၏။
အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ရှယသည် သူမ၏နှုတ်ခမ်းအား ကွေးလိုက်လေ၏။ ဤမှော်ဝိဇ္ဇာသည် အလွန်တရာကိုမှ ခေါင်းမာလှသည့် ယောက်ျားတစ်ဦးမှန်း ရှယ သိသွားတော့သည်။ ရန်ကိုင်၏ခေါင်းမာမှုသည် သူမအား စိတ်မပျက်သွားစေရုံမက ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့လေ၏။
ဤကဲ့သို့သော အလွန်တရာကိုမှ ခေါင်းမာလှသည့် အစေခံတစ်ဦးကို နာခံလာအောင် ထိန်းကျောင်းရဖို့ရာမှာ သူမအတွက်တော့ အလွန်ကိုမှ စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
“ကောင်းပြီလေ… ဒီလိုဆိုမှတော့ အခု ငါ့အလှည့်ပေါ့…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်နားသို့ တိုးကပ်သွားပြီး ရန်ကိုင့်နဖူးအား သူမလက်ချောင်းဖြင့် အသာအယာ ထိလိုက်လေသည်။
ရှယ၏ လက်ညှိုးဆီမှ အနက်ရောင်နတ်ဆိုးချီတို့ ရုတ်တရက် စီးထွက်လာခဲ့လေ၏။
ဤနတ်ဆိုးချီသည် စွန့်ပစ်ထားခံရသည့် ရွာတွင် ရန်ကိုင်တို့အဖွဲ့ ကြုံခဲ့ရသည့် နတ်ဆိုးချီနှင့် ဆင်တူပါသော်ငြား အနည်းငယ်တော့ ကွာခြားနေခဲ့လေသည်။ သေချာယှဉ်ကြည့်မည်ဆိုပါက ရှယ၏နတ်ဆိုးချီသည် ထိုနေရာတွင် ကြုံတွေ့ခဲ့ရသည့် နတ်ဆိုးချီထက် ပို၍အားကောင်းသန့်စင်ပြီး တိုက်စားနိုင်စွမ်းပြင်းထန်လှကြောင်း မြင်တွေ့နိုင်ပေသည်။
ထိုနတ်ဆိုးချီကို အပြင်သို့ ထုတ်ယူလိုက်ပြီးသည့်နောက်တွင် ရှယ၏မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့လေသည်။ ကြည့်ရသလောက် ဤနတ်ဆိုးချီကို သူမကိုယ်ထဲမှ ထုတ်လွှတ်ဖို့ရာ အတော်လေးကိုမှ ဝန်များသည့်ပုံပင်။
ရှေးဟောင်းနတ်ဆိုးချီသည် အသက်ရှိနေသည့်အလား ရှယ၏လက်ချောင်းထိပ်တွင် အကြိမ်ပေါင်းများစွာ လည်ပတ်နေပြီးသည့်နောက် ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေ၏။
ရန်ကိုင် တစ်ချက်ငြီးလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်လေသည်။
မှိန်ဖျဖျအနက်ရောင်အလင်းတို့ ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။ ထိုအနက်ရောင်အလင်းသည် အနက်ရောင်မီးတောက်ပမာ ရန်ကိုင်ကိုယ်ပေါ်တွင် ရှိနေသော အစိမ်းရောင်နတ်ဆိုးအဆိပ်အားလုံးကို လောင်ကျွမ်းပစ်သွားခဲ့လေသည်။
မကြာမီ ရန်ကိုင်၏ကိုယ်ဆီမှ ဖြာထွက်နေသော အစိမ်းရောင်အလင်းအားလုံး ပျောက်ကွယ်သွားခဲ့ပြီး အနက်ရောင်အလင်းတို့က အစားထိုးဝင်ရောက်လာခဲ့လေ၏။
“ပြီးသွားပြီလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှယက ယဲ့ယဲ့လေးပြုံးလျက် “အခုကနေစပြီး နင်က နတ်ဆိုးကလန်ရဲ့ အဖွဲ့သားတစ်ယောက်ဖြစ်သွားပြီ… ငါ့ရဲ့ နတ်ဆိုးချီကို မသေပဲ တောင့်ခံနိုင်ခဲ့တယ်ဆိုပေမယ့် ငါ့အစေခံဖြစ်လာဖို့တော့ တစ်ခုခုလိုသေးတယ်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် သခင်မလက်အောက်မှာ ခစားဖို့ လိုလားပါတယ်…”
“ကောင်းတယ်…” ရှယက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင် ရှယသည် သူမပါးစပ်ကိုဟ၍ လက်သီးဆုပ်အရွယ် ပစ္စည်းတစ်ခုအား ထွေးထုတ်လိုက်လေသည်။
ယွဲ့ကမူ ဖြစ်ကြောင်းကုန်စင်ကို အေးစက်စက်အမူအယာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။ သို့သော်ငြား ရှယမှ ထွေးထုတ်လိုက်သည့် ပစ္စည်းကို မြင်ပြီးသည့်နောက် သူမ၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ထိုအရာသည် အခြားမဟုတ် တဒုတ်ဒုတ်ခုန်နေသည့် အနက်ရောင်နှလုံးတစ်ခု ဖြစ်ပေသည်။
ရှယသည် ထိုနှလုံးကို သူမလက်ထဲတွင် ကိုင်ထားခဲ့လေသည်။ နှလုံးတစ်ချက်ခုန်သွားတိုင်း ခုန်သွားတိုင်း ထူးဆန်းသောစွမ်းအင်လှိုင်းတစ်ခုမှာ ထိုနှလုံးဆီမှ ဖြာထွက်လာခဲ့လေသည်။
ရန်ကိုင်သည် ထိုနှလုံးအား မမှိတ်မသုန် စိုက်ကြည့်နေလေ၏။
ရှယက ယဲ့ယဲ့လေးပြုံးလျက် ရှင်းပြလိုက်သည်။ “ဒါ ငါ့ရဲ့ နတ်ဆိုးနှလုံးသားပဲ…”
“အဲ့နတ်ဆိုးနှလုံးသားကို သခင်မ ဒီတိုင်း ထုတ်လိုက်လို့ အဆင်ပြေလို့လား…” ရန်ကိုင်ကမေးလိုက်လေသည်။ “ဒီနတ်ဆိုးနှလုံးသားကို ထုတ်လိုက်တာ သခင်မကို တစ်ခုခုဖြစ်သွားစေနိုင်လား…”
ရှယက ရယ်သွမ်းသွေးလျက် “ငါတို့နတ်ဆိုးအတွက်တော့ ကျင့်ကြံခြင်းမှာ အဆင့်တစ်ခုရောက်ပြီးတဲ့လူတိုင်းမှာ ကိုယ်ပိုင်နတ်ဆိုးနှလုံးသားရှိတယ်… ဒီနတ်ဆိုးနှလုံးသားသာ ရှိနေသေးသရွေ့ နတ်ဆိုးမျိုးနွယ်စုက သေသွားမှာမဟုတ်ဘူး… နင့်ဘိုးဘေးတွေ ဒီအကြောင်းကို ပြောမပြဘူးလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “မပြောပြဘူး… အခုမှပဲ ကျုပ် ပထမဦးဆုံးအကြိမ် ကြားဖူးတာ…”
နတ်ဆိုးနှလုံးသားကိုကြည့်ရင်း ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ဒီတော့ ဒီနတ်ဆိုးနှလုံးသားက သခင်မရဲ့ အုတ်မြစ်ပေါ့…”
“ဟုတ်တယ်…” ရှယက ခေါင်းညိတ်လိုက်လေသည်။
“ကျုပ် တစ်ချက်ကြည့်လို့ရလား…” ရန်ကိုင်သည် နတ်ဆိုးနှလုံးသားအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။
ရှယသည် ရန်ကိုင်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေသည်။ ရန်ကိုင်သည် ထိုမေးခွန်းကို ဤတိုင်းပဲ မေးလိုက်ခြင်းလား ထိုသို့မဟုတ်ဘဲ တစ်ခုခုကြံစည်ရန် လုပ်နေခြင်းပေလား။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၅၉)
ဘာသာပြန်သူ_တိမ်တိုက်
ရှယမြင်ရသလောက်ဆိုလျှင်တော့ ရန်ကိုင်၏ပုံစံသည် မသင်္ကာစရာမကောင်းပဲ သူမ၏နတ်ဆိုးနှလုံးသားကို အမှန်တကယ် စိတ်ဝင်စားနေသည့် ပုံစံမျိုးသာ ပေါက်နေခဲ့လေသည်။
ရှယသည် ယဲ့ယဲ့လေးပြုံးလျက် သူမလက်ထဲရှိ နတ်ဆိုးနှလုံးသားကို ရန်ကိုင်ဆီသို့ ပစ်ပေး၍ ပြောလိုက်လေသည်။ “သတိထား… မပျက်စီးစေနဲ့…”
ရန်ကိုင်သည် နတ်ဆိုးနှလုံးသားကို သေသေချာချာ စစ်ဆေးကြည့်လေသည်။
ယွဲ့မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ရင်တဒုန်းဒုန်း ခုန်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း မျှော်လင့်တကြီးဖြင့် ရန်ကိုင်အား စိုက်ကြည့်နေမိလေ၏။ သူမညီမ အသတ်ခံလိုက်ရသည့် ကိစ္စကိုပင် ယာယီမေ့လျော့သွားခဲ့သည်။ ရန်ကိုင်အား လှမ်းကြည့်နေရင်းမှ သူမစိတ်ထဲ စကားတစ်ခွန်းကို ထပ်တလဲလဲ အော်ဟစ်နေခဲ့လေ၏။ (အဲ့နတ်ဆိုးနှလုံးသားကို ဖျက်ဆီးပစ်လိုက်…)
ရန်ကိုင်သည်သာ ထိုနတ်ဆိုးနှလုံးသားကို ဖျက်ဆီးလိုက်မည်ဆိုပါက သူ့ရှေ့တွင်ရှိနေသော နတ်ဆိုးဘုရင်ကို သတ်ပစ်နိုင်ပေလိမ့်မည်။ နတ်ဆိုးဘုရင်တစ်ပါးကို သတ်ပစ်နိုင်မည်ဆိုပါက လုသေသွားရသည်ကပင်လျှင် ထိုက်တန်သည်ဟု ပြော၍ရသွားလေပြီ။ ရန်ကိုင်သာ ထိုကဲ့သို့ တကယ်ကြီးလုပ်လိမ့်မည်ဆိုပါက အစောပိုင်းက ဖြစ်သွားသည့်ကိစ္စအားလုံးမှာ ဟန်ပြသက်သက်သာ ဖြစ်သွားလိမ့်မည်ဖြစ်ကာ သူမတို့ဘက်မှ ရင်းလိုက်ရသည့်တန်ကြေး တကယ်ထိုက်တန်သွားပြီဟုလည်း ပြော၍ရပေသည်။ ရန်ကိုင် နတ်ဆိုးကလန်ထဲသို့ ဝင်လိုခြင်းမှာ နတ်ဆိုးဘုရင်အား သတ်ဖြတ်ဖို့ရာဆိုလျှင်တော့ လု သေသွားရမည်ဆိုလျှင်ပင် ယွဲ့အနေဖြင့် ရန်ကိုင်အား ခွင့်လွှတ်ပေးနိုင်ပေသေးသည်။
သို့သော်ငြား ယွဲ့ စိတ်ပျက်သွားရသည်မှာ ရန်ကိုင်သည် နတ်ဆိုးနှလုံးသား စိတ်ဝင်တစားပုံစံဖြင့် စစ်ဆေးကြည့်ရုံသာ စစ်ဆေးကြည့်ပြီး ဖျက်ဆီးမည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြခြင်းပင်။
“နင် ဘာတွေတုံ့ဆိုင်းနေသေးတာလဲ… ဖျက်ဆီးပစ်လိုက်လေ…” နောက်ဆုံး သည်းမခံနိုင်တော့သည့်အဆုံး ယွဲ့က ထအော်လေသည်။
ရှယသည် လှောင်ပြောင်လိုရိပ်အပြည့်ဖြင့် ယွဲ့အား ပြုံးကာ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်သည် နတ်ဆိုးနှလုံးသားကို ရှယဆီသို့ ပြန်ပစ်ပေးလိုက်ပြီးသည့်နောက် “အခု ဘာလုပ်ချင်နေတာလဲ… ဒီနတ်ဆိုးနှလုံးသားကို ကျုပ်ကို ပြဖို့အတွက်သက်သက်နဲ့ပဲ ဒီတိုင်းထုတ်ပြလာတာလား…”
ထိုအချင်းအရာကိုမြင်သော် ယွဲ့မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း မြေပြင်ပေါ်သို့ အားမရှိတော့သည့် လူမမာတစ်ယောက်ပမာ ပျော့ခွေကျသွားခဲ့လေသည်။
မှော်ဆရာညိုသည် နတ်ဆိုးကလန်ဘက်သို့ တကယ်ကြီးကူးပြောင်းသွားခဲ့သည်။ ထိုသို့ဆိုလျှင် လုသေသွားရသည်မှာ အချည်းအနှီး ဖြစ်သွားခဲ့လေပြီ။ သူမအနေဖြင့် ထိုကဲ့သို့သော ငကြောက်တစ်ယောက်အပေါ် မျှော်လင့်ချက်ထားမိသည်မှာ အမှန်တကယ်ကိုမှ ရယ်စရာကောင်းလှသည်။ ထိုကဲ့သို့အတွေးမျိုး စဉ်းစားမိသည့် သူမကိုယ်သူမပင် ပြန်၍ အပြစ်တင်ချင်မိသွားခဲ့လေသည်။
ရှယသည် သူမ၏နတ်ဆိုးနှလုံးသားကို ပြန်ယူပြီးသည့်နောက် ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ “ဒါပေါ့… ဘယ်ဟုတ်ပါ့မလဲ… နင့်ကိုဒီတိုင်းပြဖို့ သက်သက်အတွက်နဲ့ ထုတ်လိုက်တာမှမဟုတ်တာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူမလက်ထဲရှိ နတ်ဆိုးနှလုံးသားဆီမှ သွေးတစ်စက် စီးထွက်လာခဲ့လေသည်။ ထိုသွေးစက်ထဲ အလွန်တရာကိုမှ အားကောင်းလှသည့်စွမ်းအားတို့ ကိန်းအောင်းနေသည့်ပုံပင်။ ရှယသည် ထိုသွေးစက်ကို ရန်ကိုင်ဆီသို့ ပစ်ပေး၍ ပြုံးကာ အမိန့်ပေးလိုက်လေ၏။ “အဲ့ဒါကိုသောက်လိုက်… အဲ့ဒါဆိုရင် အခုချိန်ကနေစပြီး နင်က ငါ့အပိုင် ဖြစ်သွားပြီ…”
ရန်ကိုင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ဘဲ ထိုနတ်ဆိုးသွေးစက်ကို သောက်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အနက်ရောင်အရှိန်အဝါမှာ ပို၍ သိပ်သည်းလာခဲ့လေ၏။
ရှယက ရယ်သွမ်းသွေးလျက် ချီးကျူးလိုက်လေ၏။ “နင်ရွေးတာ မှန်သွားတယ်… တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်တာပဲ…”
“ဒီလိုအခွင့်အရေးမျိုး ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
“ကဲ… အခု” ရှယသည် ရှေ့သို့တက်၍ စစ်မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ လက်ရှိအချိန်တွင် နတ်ဆိုးစစ်တပ်တစ်ခုလုံးမှာ ပျက်စီးခါနီး ဖြစ်နေခဲ့လေသည်။ သူမဂုဏ်ယူဝံ့ကြွားရသည့် နတ်ဆိုးသားရဲစစ်တပ်သည်ပင်လျှင် တိုက်ပွဲရေချိန်အား ပြောင်းလဲနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်ငြား ထိုကိစ္စနှင့် ပတ်သက်၍ ရှယမှာ အနည်းငယ်မျှပင် ပျာယာခတ်နေခြင်းမရှိ။ အောင်ပွဲသည် သူမလက်ထဲတွင် ရှိနေပြီဟုပင် ယုံကြည်နေခဲ့လေသည်။ ရှယသည် သူမလက်ကိုမြှောက်၍ အမိန့်ပေးလိုက်လေ၏။ “ဒီတိုက်ပွဲကို အဆုံးသတ်ကြတာပေါ့…”
လူရိုင်းစစ်တပ်တစ်ခုလုံး၏ ခေါင်းဆောင်သည်ပင်လျှင် သူမလက်အောက်သို့ ရောက်လာခဲ့ပြီဖြစ်လေရာ ရန်သူများစွာ ကျန်နေသေးသည်ဆိုလျှင်ပင် ဘာအရေးနည်း။ ရှယမှာ အနည်းငယ်မျှပင် စိတ်မပူ။ သူမနှင့် သူမလက်အောက်သို့ ခိုဝင်လာသည့် လူရိုင်းစစ်တပ်၏ ခေါင်းဆောင်သာ အတူပူးပေါင်းမည်ဆိုပါက အောင်ပွဲသည် သူမလက်တွင်းသို့ ကျိန်းသေရောက်ရှိလာပေလိမ့်မည်။
“ဒါနဲ့… နင့်နာမည်ကို ငါ မသိရသေးဘူးနော်…” ရှယသည် နောက်သို့ပင်လှည့်မကြည့်ဘဲ မေးလိုက်လေသည်။
“မှော်ဆရာညို… ကျုပ်နာမည်က မှော်ဆရာညိုပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ အားကောင်းလှသည့် မှော်စွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး ရွှေရောင်အလင်းတစ်ခုသည် သူ့ခြေထောက်မှတစ်ဆင့် မြေပြင်ထဲသို့ စီးဝင်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ တဘုန်းဘုန်းမြည်သံများ မြေအောက်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုပေါက်ကွဲသံများမှာ အခြားမဟုတ် မြေအောက်ထဲတွင် ပုန်းအောင်းနေသော သဲနတ်ဆိုးများ အသတ်ခံရရာမှ ထွက်ပေါ်လာရသည့် ပေါက်ကွဲသံများ ဖြစ်ပေသည်။
ရှယ ကြောင်သွားလေ၏။ နောက်သို့ လှည့်မကြည့်နိုင်သေးခင်မှာပင် သူမ၏ရင်ဘတ်တစ်ခုလုံး စူးအောင့်သွားသလို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်ရာ ဓါးတစ်ချောင်းသည် သူမရင်ဘတ်အား ထုတ်ချင်းဖောက်ထွက်နေကြောင်း တွေ့လိုက်ရလေသည်။
လက်ရှိမြင်နေရသည့် အဖြစ်အပျက်အပေါ် မယုံကြည်နိုင် ဖြစ်နေသည့်အလား ရှယ၏ မျက်လုံးလေးများ ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့လေသည်။
ယွဲ့သည်လည်း ထိုမြင်ကွင်းအား အံ့ဩတကြီးဖြင့် ကြည့်နေခဲ့သည်။ သူမအဖို့ လုံးဝ မျှော်လင့်ချက်မရှိတော့သည့် အခြေအနေသည် ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝမထင်ထားသည့်ပုံပင်။
“သခင်မ… ဘယ်လိုနေလဲ…” ရန်ကိုင်၏အသံ အနောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ရှယ၏ နှုတ်ခမ်းဆီမှ သွေးများ စီးကျလာခဲ့လေသည်။ ထို့နောက်တွင် ရှယသည် ခက်ထန်ကြမ်းကြုတ်သည့် လေသံဖြင့် “ငါ့နတ်ဆိုးသွေးကို သောက်ပြီးတာတောင် နင် ဘယ်လိုလုပ်ပြီး ငါ့အမိန့်ကို လွန်ဆန်နိုင်နေသေးတာလဲ…”
ရန်ကိုင်သည်သာ သူမ၏နတ်ဆိုးသွေးကို သောက်ပြီးသည့်နောက် သူမအမိန့်ကို လွန်ဆန်နိုင်ဦးမည်ဆိုပါက ရှယအနေဖြင့် ယခုကဲ့သို့ သတိလက်လွတ် နေမိလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သူမကိုယ်သူမ အလွန်ကိုမှ ယုံကြည်နေသည့်အတွက်ကြောင့် ရန်ကိုင်အား ကျောပေးခဲ့မိလိုက်သည်။
ရှင်းရှင်းပြောရလျှင် မှော်ဆရာညိုသည် သူမ၏ စမ်းသပ်ချက်အားလုံးကို အောင်မြင်စွာ ကျော်ြဖတ်သွားပြီဟု ပြော၍ရလေသည်။
မှော်ဆရာညိုအား သူ့လက်အောက်ငယ်သားများကို သတ်ပစ်ရန် ပြောသည့်အခါတွင် မှော်ဆရာညိုသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ဘဲ သတ်ပစ်ခဲ့သည်။
ထို့အပြင် သူမအတွက် အလွန်ကိုမှ အရေးကြီးသည့် အရာဖြစ်သည့် နတ်ဆိုးနှလုံးသားကို သူ့ဆီသို့ ပေးလိုက်သည့်တိုင် မှော်ဆရာညိုသည် နတ်ဆိုးနှလုံးသားအား ဖျက်ဆီးပစ်ခြင်း မရှိခဲ့ပေ။ ထိုစဉ်ကသာ မှော်ဆရာညိုသည် နတ်ဆိုးနှလုံးသားအား ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့မည်ဆိုလျှင်တော့ ရှယအနေဖြင့် လက်ရှိအခြေအနေကို အထက်အောက်ပြောင်းပြန် လှန်ပစ်နိုင်ပေသေးသည်။ သူမ၏နတ်ဆိုးနှလုံးသား ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင်ပင် ရှယ သေလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်ကမူ နတ်ဆိုးနှလုံးသားအား ဖျက်ဆီးမည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြ။ နတ်ဆိုးနှလုံးသားအား စိတ်ဝင်စားသည့်ပုံစံမျိုးဖြင့် စစ်ဆေးပြီးသည့်နောက် သူမဆီသို့ ပြန်ပေးလာခဲ့လေသည်။
ရန်ကိုင်သည်သာ သူမအား သစ္စာဖောက်မည်ဆိုလျှင် နတ်ဆိုးနှလုံးသား သူ့လက်ထဲတွင် ရှိနေသည့်အချိန်သည် သစ္စာဖောက်ရန် အကောင်းဆုံးအချိန် ဖြစ်လေသည်။ ထို့အတွက်ကြောင့် နတ်ဆိုးနှလုံးသားကို ရန်ကိုင်မှ ပြန်ပေးလာသော် ရှယမှာ ရန်ကိုင်အား အမှန်တကယ် ယုံကြည်သွားတော့လေ၏။
ရန်ကိုင်ကို သူမ၏နတ်ဆိုးသွေးကို တိုက်လိုက်ခြင်းသည် နောက်ဆုံးအကြိမ် သေချာအောင် လုပ်လိုက်ခြင်း ဖြစ်လေသည်။ နတ်ဆိုးသွေးကို သောက်ပြီးသည့်နောက် ရန်ကိုင်သည် သူမ၏လက်အောက်ငယ်သား လုံးဝဖြစ်သွားပြီဖြစ်လေရာ သူ့အနေဖြင့် သူမအမိန့်ကို လွန်ဆန်ချင်သည်ဆိုလျှင်ပင် လွန်ဆန်နိုင်တော့လိမ့်မည်မဟုတ်။
ထိုအကြောင်းကြောင့်သာလျှင် ရှယမှာ ရန်ကိုင်အား ကျောပေး၍ ရပ်လိုက်ခြင်း ဖြစ်လေသည်။
သို့သော်ငြား သူမပြန်ရလိုက်သည်မှာ သစ္စာဖောက်မှုသာ ဖြစ်လေသည်။ ရန်ကိုင်သည် အစောပိုင်းက သစ္စာဖောက်မည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြ။ ယခုမှသာလျှင် ရုတ်တရက်ကြီး စိတ်ပြောင်းသွားသည့်ပမာ။
သူမ၏နတ်ဆိုးနှလုံးသားမှာ အလွန်ကိုမှ နာကျင်နေလေသည်။ ရန်ကိုင်၏ဓါးသည် သူမ၏နတ်ဆိုးနှလုံးသားကို ဖောက်ထွက်သွားခဲ့မှန်း ရှယ အတိုင်းသား ခံစားမိနေလေသည်။ သူမကဲ့သို့သော နတ်ဆိုးဘုရင်တစ်ပါးအတွက်ပင်လျှင် ထိုကဲ့သို့သော ဒဏ်ရာကို ရပြီးသည့်နောက် မြေပြင်ပေါ်သို့ လဲကျခါနီး ဖြစ်သွားခဲ့ရသည်။
“ဟား ဟား ဟား…” ဒေါသထွက်ရမည့်အစား ရှယ ဝါးလုံးကွဲသာ အော်ရယ်မောလိုက်လေသည်။ ထို့နောက် ခက်ခက်ခဲခဲဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာပြီးသည့်နောက် လှောင်ပြုံးပြုံးကာ “ငါ့ယုံကြည်မှုကိုရဖို့အတွက် နင့်လက်အောက်ငယ်သားတစ်ယောက်ကိုတောင် သတ်ပစ်ရဲတယ်ပေါ့…”
“အရာအားလုံးမှာ တန်ရာတန်ကြေးဆိုတာ ရှိတယ်လေ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရှယသည် မလှမ်းမကမ်းတွင်ရှိနေသော ယွဲ့ကိုကြည့်၍ ပြောလိုက်လေသည်။ “နင်ကြားလား… သူ့မျက်လုံးထဲမှာ နင်က အရုပ်သာသာပဲ… လိုအပ်လာမယ်ဆိုရင် နင်တို့အကုန်လုံးကိုတောင် စတေးပစ်ဖို့တောင် သူဝန်လေးနေမှာမဟုတ်ဘူး…”
ယွဲ့ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်ငြား ယခင်ကကဲ့သို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ခြင်းမရှိတော့။ ရန်ကိုင် ရှယအား ရုတ်တရက်တိုက်ခိုက်သည်ကို မြင်ပြီးသည့်အခါ သူမ၏ခန့်မှန်းချက် မှန်ကန်သွားပြီမှန်း ယွဲ့ သိလိုက်လေသည်။
သူမထင်ထားသည့်အတိုင်းပင် မှော်ဆရာညိုသည် သူမတို့အား သစ္စာဖောက်သွားခြင်းမဟုတ်။ ထို့အစား နတ်ဆိုးဘုရင်အား အလစ်အငိုက်ချောင်းတိုက်ခိုက်နိုင်ရန်အတွက် သူမ၏ညီမကို သတ်ပစ်လိုက်ခြင်း ဖြစ်လေသည်။
(ဒါဆိုရင်တော့ လုသေသွားရတာ အလဟဿ မဖြစ်တော့ဘူး…)
“အပိုစကားတွေ ပြောမနေတော့နဲ့… အခု ခင်ဗျားအသက်က ကျုပ်လက်ထဲ ရောက်နေပြီ…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။
ရှယသည် ရန်ကိုင်အား မကျေမနပ်ဖြင့် စိုက်ကြည့်လျက် “နင် ဘယ်လိုလုပ်လိုက်တာလဲ…”
သူမ နားလည်သလောက်ဆိုလျှင် ရန်ကိုင်သည် သူမ၏အမိန့်ကို လုံးဝ လွန်ဆန်နိုင်လိမ့်မည်မဟုတ်။ ရှင်းရှင်းပြောရလျှင် သူမ၏နတ်ဆိုးသွေးကို သောက်ပြီးသည့်နောက် ရန်ကိုင်၏အတွေးအားလုံးကို သူမစိတ်ထဲမှ သိနိုင်လေပြီ။ ရန်ကိုင်သာ သူမအား အလစ်ချောင်း တိုက်ခိုက်ချင်နေသည်ဆိုပါက ရန်ကိုင်တိုက်ခိုက်ချင်နေသည်ကို ရှယ ခံစားမိပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်မှ သူမနတ်ဆိုးနှလုံးသားကို ဓါးဖြင့် ထိုးပြီးသွားသည့်အချိန်ထိ ရှယမှာ ရန်ကိုင် သူမအပေါ် မကောင်းကြံချင်နေသည်ကို လုံးဝ မခံစားမိခဲ့ပေ။
သူမ၏နတ်ဆိုးနှလုံးသားသွေးသည် ရန်ကိုင်အပေါ် မည်သို့များ အလုပ်မဖြစ်ရလေသနည်း။
“မပြောဘူး…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်၍ ရှယတစ်ကိုယ်လုံးကို လွှမ်းခြုံပစ်လိုက်သည်။
ရှယမှာ ရန်ကိုင်၏ စိတ်စွမ်းအားကို ခုခံရန် ကြိုးစားလိုက်ပါသော်ငြား ရန်ကိုင်မှ အနန္တဓါးအား ရုတ်တရက် ရှေ့တည့်တည့်သို့ ထိုးချလိုက်သည့်အတွက်ကြောင့် သူမရင်ဘတ်တစ်ခုလုံး စူးခနဲ ဖြစ်သွားရလေရာ ရန်ကိုင်၏စွမ်းအားကို လုံးဝ ခုခံနိုင်ခြင်း မရှိတော့ပေ။
ထို့နောက်တွင် မမြင်နိုင်သည့် ဝဲကတော့တစ်ခု ပေါ်လာပြီး ရှယသည် ဝဲကတော့ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်သည် အနန္တဓါးတွင် ကပ်ပေနေသော သွေးများကို ခါချလျက် သက်ပြင်းချလိုက်လေ၏။
ရှယအနီးအနားတွင် အစောင့်သဖွယ် ရပ်နေကြသော အရိပ်နတ်ဆိုးများသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်နေကြပြီး ယခုအချိန်ထိတိုင် အသိပြန်မဝင်လာနိုင်ကြသေးချေ။
ရန်ကိုင်သည် အနန္တဓါးတွင် ကပ်ပေနေသော သွေးများကို လက်နှစ်ချောင်းဖြင့် သုတ်လိုက်ပြီးသည့်နောက် ဓါးလှိုင်းတစ်လှိုင်းကို ရုတ်တရက် ပစ်လွှတ်လိုက်ရာ အနီးအနားတွင်ရှိနေသော အရိပ်နတ်ဆိုးအားလုံး တမုဟုတ်ချည်း အသတ်ခံလိုက်ကြရလေသည်။
ထိုအခါမှသာလျှင် ယွဲ့သည်လည်း လွတ်လွတ်လပ်လပ် ပြန်လည်လှုပ်ရှားလာနိုင်ပြီး ရန်ကိုင်အား ဒွိဟဖြစ်နေသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေ၏။ သူမစိတ်ထဲတွင်လည်း သူမရှေ့၌ ရှိနေသည့်လူအား မမုန်းမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေရလေသည်။ သို့သော်ငြား သူမညီမ ပေါက်ကွဲထွက်ကာ သေသွားခဲ့ရသည့် မြင်ကွင်းသည် သူမစိတ်ထဲ မှတ်ကျောက်တင်ထားသည့်ပမာ စွဲထင် ကျန်ရစ်နေသည့်အတွက်ကြောင့် တစ်ဖက်လူအား မမုန်းမိဖို့ရာလည်း အတော်လေးကိုမှ ခက်နေလှပေ၏။
“လု မသေသေးဘူး…” ရန်ကိုင်သည် ပြုံးရင်းမှ ယွဲ့ကိုကြည့်ကာ ပြောလိုက်လေ၏။
“ဘယ်လို…” ယွဲ့ ကြောင်သွားခဲ့လေ၏။ “ရှင် ဘာပြောလိုက်တာလဲ…”
(ငါ နားကြားမှားသွားတာလား… ဒါမှမဟုတ် သူပဲ မဟုတ်တရုတ် လျှောက်ပြောနေသေးတာလား… လု ငါ့ရှေ့တည့်တည့်မှာ ပေါက်ကွဲသွားတာလေ… ဘယ်လိုလုပ်ပြီး မသေသေးရတာလဲ…)
ရန်ကိုင်က အတွေးနက်သွားဟန်ဖြင့် ပြောလိုက်လေသည်။ “နင်တို့နှစ်ယောက်က စိတ်ချင်းဆက်နေကြတဲ့ အမွှာညီအစ်မတွေဆိုတော့ တစ်ယောက်ကိုတစ်ယောက် ခံစားနိုင်မယ်လို့ ထင်ထားခဲ့တာ… နင်လုံးဝမသိဘဲနေမယ်လို့ ငါ တကယ်ကို မထင်ထားဘူး… ဒါပေမယ့် အဲ့လိုဖြစ်တာလည်း ထူးတော့ မထူးဆန်းပါဘူးလေ… နင်တို့နှစ်ယောက်ကြားမှာ ကမ္ဘာကြီးတစ်ခုခြားနေတာဟာကြီးကို…”
ရန်ကိုင် ဘာပြောလို့ပြောနေမှန်း ယွဲ့ နားမလည်။ သို့သော်ငြား နောက်မြင်လိုက်သည့်မြင်ကွင်းသည် ယွဲ့မျက်နှာတစ်ခုလုံးကို မျက်ရည်များဖြင့် ဝေသွားစေခဲ့လေသည်။
ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက် အစောပိုင်းက ပေါက်ကွဲထွက်ကာ သေသွားသင့်ခဲ့သော လု ထူးထူးဆန်းဆန်း ပြန်ပေါ်လာခဲ့လေသည်။
“ငါ ဖျက်ဆီးလိုက်တာ အခြားသေနေတဲ့ ခန္ဓာကိုယ်တစ်ခုပဲ” ရန်ကိုင်က ရှင်းပြလိုက်လေသည်။
ရန်ကိုင်မှ လုအား သတ်ပစ်စဉ်အတောအတွင်း ရန်ကိုင်သည် ရှယအား ကျောပေးထားခဲ့လေသည်။ ထို့ကြောင့် ရှယမှာ အကြောင်းစုံအား အသေးစိတ်မမြင်ခဲ့ရ။ ရန်ကိုင်မှ လုအား ဖျက်ဆီးရန် ကြိုးစားလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် လုအား လောကဓာတ်လုံးထဲသို့ ပို့ပစ်လိုက်သည်။ ထို့နောက် စစ်မြေပြင်ဆီမှ ယူလာခဲ့သည့် သေဆုံးနေပြီးဖြစ်သော ခန္ဓာကိုယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုသို့လုပ်ခြင်းသည် အလွန်ကိုမှ အန္တရာယ်များလှသည်။ အနည်းငယ်မျှလေးသော အမှားတစ်ခုသည်ကပင်လျှင် ရှယအား သူ့အကြံအစည်ကို ဖောက်မြင်သွားစေနိုင်ပေသည်။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် မှော်ဝိဇ္ဇာတစ်ဦးသာ ဖြစ်ပါသော်ငြား ယခင်က ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ အလုပ်မျိုးနှင့်ပတ်သက်၍ အတော်လေးကိုမှ အတွေ့အကြုံကြွယ်ဝလှပေသည်။
“လု…” ယွဲ့ ရုတ်ချည်း မျက်ရည်ဝိုင်းသွားတော့လေသည်။
လုမှာလည်း ဘာဖြစ်လို့ဖြစ်နေမှန်း မသိချေ။ မှော်ဆရာညိုမှ သူမလည်ပင်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီးသည့်နောက် တိတ်ဆိတ်ပြီး ထူးဆန်းသည့် လောကတစ်ခုထဲသို့ ရောက်သွားသည်ကိုသာ သတိရတော့သည်။
ထိုလောကကြီးထဲတွင် မီတာသုံးဆယ်ခန့်အကျယ်ရှိသည့် ဗလာကျင်းနေသော နေရာတစ်ခုထဲ ပိတ်မိနေခဲ့ရသည်။ ထိုနေရာမှထွက်သွားရန် ကြိုးစားလိုက်သည့် အချိန်တိုင်းတွင် သူမ မူလရှိနေခဲ့သည့် နေရာဆီသို့သာ ပြန်ပြန်၍ ရောက်သွားခဲ့ရသည်။
ရုတ်တရက် သူမအစ်မ၏ အသံကို ကြားလိုက်သည့်အခါ လု၏ပထမဦးဆုံးတုံံ့ပြန်မှုမှာ ရန်ကိုင်ဆီမှ ခပ်ဝေးဝေးသို့ ရှောင်သွားရန်သာ ဖြစ်လေသည်။
ယွဲ့က ပြောလိုက်လေ၏။ “မှော်ဆရာညို ငါတို့ကို သစ္စာဖောက်သွားတာမဟုတ်ဘူး… အကုန်လုံးက နတ်ဆိုးဘုရင်ရဲ့ ယုံကြည်မှုကို ရဖို့အတွက် ဟန်ဆောင်ရုံသက်သက်ပဲ…”
လုကြောင်သွားခဲ့လေ၏။ “ဒါဆို ခုနတုန်းက ကိစ္စတွေအကုန်လုံးက ဟန်ဆောင်တာပေါ့…”
ရန်ကိုင်မှ သူမလည်ပင်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနေစဉ်အတောအတွင်း လုမှာ သူမသေရတော့မည်ဟုပင် အတွေးဝင်နေမိလေသည်။ ထိုစဉ်က ရန်ကိုင်၏ ခံစားချက်ကင်းမဲ့သည့် မျက်လုံးများသည် သူမအား အမှန်တကယ်ကို သတ်မည့်ပုံပေါက်သည့် မျက်လုံးမျိုး ဖြစ်လေသည်။
ယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… မှော်ဆရာညိုကြောင့်ပဲ နတ်ဆိုးဘုရင် သေသွားခဲ့ရတာ…”
ရှယသည် အကြောင်းအရင်းမရှိ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ရှယ မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို ယွဲ့ သေသေချာချာမသိချေ။
ရန်ကိုင်က ပြုံး၍ ရှင်းပြလိုက်လေသည်။ “ငါတို့ အရင်တစ်ကြိမ်တွေ့တုန်းက သူ ငါ့ကြောင့် ဒုက္ခရောက်သွားသေးတယ်… ဒီတော့ သူ့ယုံကြည်မှုကို မရသရွေ့ ငါ့ကို လုံးဝ သတိထားနေမှာ… အဲ့ဒါအပြင်ကိုမှ သူ့မှာ သဲနတ်ဆိုးတွေရဲ့ အကူအညီလည်း ရှိသေးတယ်… ဒီတော့ အချိန်မရွေး ထွက်ပြေးသွားလို့ရတယ်… ပြီးတော့ သူ့မှာ အခြား ဘာဝှက်ဖဲတွေ ရှိသေးလဲ ဆိုတာလည်း မသိရဘူး… ဒါကြောင့်ပဲ ဒီလိုနည်းလမ်းသုံးပြီး သူ့ကို သတ်ပစ်လိုက်ရတာ… ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်ကို လန့်သွားအောင် လုပ်မိလိုက်လို့ တကယ်ကို တောင်းပန်ပါတယ်…”
အမွှာနှစ်ယောက် ခေါင်းခါလိုက်ကြပြီး ယွဲ့က ပြန်ပြောလိုက်လေသည်။ “ဘာမှမဖြစ်ပါဘူး… ဆရာ့ကို နည်းနည်းပါးပါး နားလည်မှုလွဲသွားရုံလေးပဲ ရှိတာ…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “အခုလိုမျိုး နားလည်မှုလွဲတာလဲ ဘာမှမထူးဆန်းပါဘူး… ကဲ… စကားတွေပြောမနေကြတော့နဲ့… တိုက်ပွဲကို မြန်မြန်အဆုံးသတ်ကြပေတော့…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၈၆၀)
ဘာသာပြန်သူ_တိမ်တိုက်
ထို့နောက်တွင် တိုက်ပွဲမှာ လျင်မြန်စွာ အဆုံးသတ်သွားခဲ့လေသည်။ မူလကတည်းက အသာစီး မရနေသည့် နတ်ဆိုးစစ်တပ်တို့သည် သူတို့ခေါင်းဆောင်ဖြစ်သည့် ရှယကို ဆုံးရှုံးလိုက်ရပြီးသည့်နောက်တွင် လုံးဝကို နလန်မထူနိုင်တော့ဘဲ အထက်စီးမှချည်း ဖိတိုက်ခံရလေရာ တစ်ခဏအတွင်း တစ်ဖွဲ့လုံး အမြစ်ပြတ် ရှင်းထုတ်ခံရတော့သည်။
ရန်ကိုင်မှ အမွှာညီအစ်မနှစ်ဦးကိုခေါ်၍ တိုက်ပွဲဆီသို့ ပြန်သွားချိန် တိုက်ပွဲမှာ တစ်ဖက်သတ် လူသတ်ပွဲကြီး ဖြစ်လို့နေခဲ့လေပြီ။
မှော်ပညာရပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေပြီး နတ်ဆိုးများ တစ်ကောင်ပြီး တစ်ကောင် ကျဆုံးနေခဲ့ရသည်။ အားအကောင်းဆုံးသော နတ်ဆိုးများသည်ပင်လျှင် လုံလောက်သည့် စွမ်းရည်ကို ထုတ်မပြနိုင်တော့ဘဲ အသတ်ခံနေခဲ့ရသည်။
ထွက်ပြေးရာတွင် ကျွမ်းကျင်သည့် သဲနတ်ဆိုးများမှာလည်း ဘာဆိုဘာမှမလုပ်နိုင်တော့။ မြေလျှိုးပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည့်အခိုက် မြေအောက်တစ်ခုလုံးကို ရွှေရောင် အလင်းအကာအရံတစ်ခု လှောင်အိမ်သဖွယ် ပိတ်လှောင်ထားကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် မည်သို့ပင် ထွက်ပြေးရန် ကြိုးစားစေကာမူ မလွတ်မြောက်နိုင်ခဲ့ဘဲ အကုန် သတ်ဖြတ်ခံလိုက်ရလေ၏။ ထိုနည်းတူစွာပင်၊ သဲလွန်စမကျန် တစ္ဆေတစ်ကောင်နှယ် လှုပ်ရှားနိုင်ကြသော အရိပ်နတ်ဆိုးများဟာလည်း လောက်ငှသည့် စွမ်းရည်ကို ထုတ်မပြနိုင်တော့ချေ။ သိမ်းငှက်မျက်လုံး မှော်ပညာရပ်၏ အစွမ်းကြောင့် မြှားသမားများသည် အရိပ်နတ်ဆိုးအားလုံးကို အာရုံခံနိုင်ခဲ့ကာ အရိပ်နတ်ဆိုးများမှာ မြှားသမားများ၏ မြှားချက်အောက်တွင် ဇိဝိန်ကြွေခဲ့ရသည်။ နတ်ဆိုးစစ်တပ်၏ အားအကောင်းဆုံးဖြစ်သော နတ်ဆိုးသားရဲ စစ်တပ်မှာလည်း သားရဲကို စီးနင်းသူများ ရှင်းပစ်ခံလိုက်ရပြီး ဟိန်းဟောက်မာန်ဖီနေသည့် သားရဲများသာ ကျန်ရစ်တော့သည်။
အော်ဟစ်သံများသည် လွင်ပြင်အနှံ့ ပဲ့တင်ထပ်နေခဲ့သည်။ ဤတိုက်ပွဲသည် ရန်ကိုင်တို့ အဖွဲ့အတွက် အောင်ပွဲကြီးတစ်ခုပင် ဖြစ်လေသည်။ နောက်ဆုံး နတ်ဆိုး သေသွားပြီးနောက် ထိုနတ်ဆိုးကို သတ်လိုက်သည့် လူရိုင်းစစ်သည်တော်သည် ကောင်းကင်ပေါ်သို့ မော့၍ အသံအကျယ်ကြီး ထအော်လေသည်။
အခြားသော ကလန်သားများမှာလည်း ထိုလူနည်းတူ သူတို့ရင်ထဲ ခံစားနေရသည့် ခံစားချက်များကို ကောင်းကင်ပေါ်သို့မော့၍ အော်ဟစ်ကာ ဖွင့်ထုတ်ကြလေ၏။ လူရိုင်းစစ်သည်တော်ပေါင်းများစွာ၏ အော်ဟစ်သံသည် မိုးယံထိတိုင် ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့သည်။
အနက်ရောင်ချီတို့ ရစ်သိုင်းနေသော ရန်ကိုင်သည် လေပေါ်သို့ပျံတက်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်တစ်ခုလုံးကို သေချာလိုက်လံ စစ်ဆေးကြည့်သည်။ လွတ်သွားသည့် မည်သည့်နတ်ဆိုးမှ မရှိမှန်း အတည်ပြုပြီးမှသာ လူအုပ်ကြီးဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏ “ရှင်းစရာတွေရှင်းပြီးတော့ ဒဏ်ရာရတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ ကြည့်ကြည့်လိုက်”
စစ်သည်တော်များအားလုံး ချက်ချင်း အလုပ်စကြတော့သည်။ လူတိုင်းသည့် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် စတင်၍ အလုပ်များကြတော့သည်။
မှော်ဆရာများမှာတော့ နတ်ဆိုးချီတို့ ရစ်သိုင်းနေသည့် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။ ဤစစ်ပွဲကို နိုင်သွားခဲ့သော်ငြား ရန်ကိုင် နတ်ဆိုးအဖြစ် ပြောင်းသွားမလား ဆိုသည်မှာတော့ စိတ်ပူစရာ ဖြစ်နေပေသေးသည်။ ရန်ကိုင်သာ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့မည် ဆိုလျှင် ဤစစ်ပွဲကို နိုင်သွားလည်း ဘာမှ အကျိုးမရှိတော့ချေ။
သူတို့ စဉ်းစားနေသည်ကို ရိပ်မိသည့်အလား ရန်ကိုင်က လူအုပ်ကြီးကိုကြည့်၍ ပြောလိုက်၏ “ယွဲ့နဲ့လု၊ လူအချို့ခေါ်ပြီး နတ်ဆိုးလိုဏ်ဂူကိုသွားသိမ်း။ အခုကစပြီး အဲ့နေရာက ငါတို့ စခန်းချမယ့်နေရာပဲ”
“ဟုတ်ကဲ့” အမိန့်ရလိုက်သည်နှင့် အမွှာနှစ်ဦးသည် လက်ရွေးစင် စစ်သည်တော်များနှင့်အတူ နတ်ဆိုးလိုဏ်ဂူဆီသို့ ပြေးထွက်သွားလေသည်။
မကြာမီ အကျအဆုံးအရေအတွက်စာရင်း ထွက်လာခဲ့သည်။ ရန်ကိုင် အဖွဲ့သား အယောက် သုံးထောင်အနက် အယောက်နှစ်ရာကျော် သေဆုံးသွားခဲ့ရပြီး ကျန်လူများမှာလည်း ဒဏ်ရာအသီးသီး ရခဲ့ကြသည်။ သို့သော်ငြား လူအနည်းငယ်သာ သေသွားခဲ့ရသည်မှာတော့ တကယ်ကို အဆန်းတကြယ် ဖြစ်ပေသည်။ ထိုသို့ ဖြစ်ရသည်မှာ ရှယ သတိလက်လွတ် နေမိသည့် အတွက်ကြောင့်လည်း ပါပေသည်။ သူမကိုယ်သူမ အလွန်အထင်ကြီးနေသည့် အတွက်ကြောင့် လူရိုင်းမျိုးနွယ်တို့ အသာစီးဖြင့် အနိုင်ရသွားခဲ့ရခြင်း ဖြစ်သည်။
ရှယသည် ရန်ကိုင်ကိုသာ တောက်လျှောက်ချည်း အာရုံစိုက်နေခဲ့ပါသော်ငြား အဆုံးတွင်တော့ စိတ်ပျက်ခဲ့ရသည်။
တကယ့်နတ်ဆိုးများမှာ သေကုန်ကြလေပြီ။ အဖမ်းခံထားရသည့် လူများမှာ နတ်ဆိုးအသွင်ပြောင်းသွားကြသည့် လူရိုင်းများ ဖြစ်ကြသည်။ ထိုလူများမှာ အသေခံတပ်အဖြစ် ရှေ့ဆုံးမှ နေခဲ့ရလေသည်။ ရန်ကိုင်သည် သူ့လူများကို ညှာတာမနေရန် ပြောခဲ့ပါသော်ငြား တော်တော်များများမှာတော့ သူတို့လူအချင်းချင်း ပြန်သတ်ဖို့ရာ ဝန်လေးနေခဲ့ကြသည်။
ထို့ကြောင့် နတ်ဆိုးအသွင်ပြောင်းသွားသည့် လူပေါင်းများစွာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင်တော့ ထိုလူများသည် အသိစိတ်မရှိတော့သည့် နတ်ဆိုးများ၏ အစေခံများသာ ဖြစ်နေကြပေသေးသည်။
ထိုနတ်ဆိုအသွင်ပြောင်းသွားသည့် ကလန်သားများအပြင်၊ နတ်ဆိုးသားရဲများစွာကိုလည်း ဖမ်းမိခဲ့သေးသည်။ နတ်ဆိုးသားရဲများအကြောင်းကို ရန်ကိုင်မှ အစောကြီးကတည်းက ပြောပြထားသည့်အတွက်ကြောင့် နတ်ဆိုးသားရဲများနှင့် ပက်သက်၍ အားနည်းချက်ကို ရှာဖွေထားခဲ့ရ နတ်ဆိုးသားရဲများကို ထိန်းဖို့ရာ ပိုလွယ်ကူနေခဲ့သည်။
မှော်ဆရာများသည် နည်းလမ်းအချို့ကို စမ်းကြည့်ခဲ့လေရာ သားရဲထိန်းကျောင်းခြင်း ပညာရပ်သည် ထိုနတ်ဆိုးသားရဲများအပေါ် အလုပ်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
နတ်ဆိုးသားရဲများသည် သာမန်သားရဲရိုင်းများထက် ပို၍ ထိန်းရခက်ပါသော်ငြား သားရဲထိန်းကျောင်းခြင်း ပညာရပ်သည်သာ အလုပ်ဖြစ်သရွေ့ ထိုနတ်ဆိုးသားရဲများသည် ရန်ကိုင် အဖွဲ့သားများ၏ စီးတော်သားရဲ ဖြစ်လာကြပေလိမ့်မည်။ ထိုနတ်ဆိုးသားများကို သုံး၍ နောက်ထပ် စစ်တပ်တစ်တပ်ကိုပင် ဖွဲ့စည်းနိုင်ပေသေးသည်။
ဝေဟင်တပ်သားများကို အခြားသော အဖွဲ့သားများက အားကျကျသည်။ ထိုလူများသည် ဝေဟင်တပ်သားများကဲ့သို့ပင် ကိုယ်ပိုင် စီးတော်သားရဲများ လိုချင်ကြသည်။ နတ်ဆိုးသားရဲစစ်တပ်မှ နတ်ဆိုးသားရဲများကိုစီးနင်း၍ စစ်ပွဲထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ ထိုဆန္ဒမှာ ပိုမို အားကောင်းလာရလေသည်။ ယခု ကိုယ်ပိုင်စီးတော်သားရဲ ရနိုင်မည့် အခွင့်အရေးတစ်ခု သူတို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။
နတ်ဆိုးသားရဲအရေအတွက်မှာ သိပ်မရှိလှ။ သို့သော်ငြား လူအရေအတွက်မှာ သုံးထောင်ခန့် ရှိနေသဖြင့် နတ်ဆိုးသားရဲများကို စီးနင်းနိုင်ဖို့ရာ အချင်းချင်း ပြိုင်ဆိုင်ကြရပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးသားရဲများသည် ထိန်းရလွယ်သည့် သားရဲများ မဟုတ်ကြချေ။ မှော်ဆရာတစ်ဦးမှ သားရဲထိန်းကျောင်းခြင်း ပညာရပ်ဖြင့် နတ်ဆိုးသားရဲကို ယဉ်သွားအောင် လုပ်ထားမည် ဆိုလျှင်ပင် ထိုနတ်ဆိုးသားရဲကို စီးနင်နိုင်ရန်အတွက် ပထမဦးစွာအနေဖြင့် နတ်ဆိုးချီ တိုက်စားမှုကို ခုခံနိုင်ရန် လိုအပ်ပေသည်။
ထို့ကြောင့် အားအကောင်းဆုံးသော လူများသည်သာ နတ်ဆိုးသားရဲများကို စီးနင်းနိုင်ကြပေလိမ့်မည်။
ရန်ကိုင်တို့အဖွဲ့သည် စစ်မြေပြင်ကို ရှင်းလင်းရန်အတွက် တစ်ရက်ခန့် အချိန်ယူလိုက်ရသည်။ ထောင်နှင့်ချီသော လူအုပ်ကြီးသည် မြေတွင်းများတူးကာ အလောင်းများကို တွင်းထဲပစ်ချသည်။ ထို့နောက်တွင် မှော်ဆရာများသည် အတူပူးပေါင်း၍ မီးတောက်များကို ဖန်တီးကာ အလောင်းများကို မီးရှို့ပစ်လေ၏။
စစ်မြေပြင်နှင့်ယှဉ်လိုက်သော် နတ်ဆိုးလိုဏ်ဂူရှိ အခြေအနေမှာ ပိုအဆင်ပြေသည်ဟု ပြော၍ရသည်။ ရှယသည် ဤတိုက်ပွဲကို ရှုံးနိမ့်ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့။ ထို့ကြောင့် ရှိသမျှလူအားလုံးကို ခေါ်လာခဲ့ရာ နတ်ဆိုးလိုဏ်ဂူတွင် လူအနည်းငယ်သာ ကျန်ရစ်ခဲ့လေသည်။ အမွှာညီအစ်မနှစ်ဦး ထိုနေရာသို့ ရောက်သွားသည့်အခါ၌ ထိုနေရာ၌ ရှိနေသည့် မည်သူမှ သူမတို့အား ခုခံနိုင်ခဲ့ခြင်း မရှိချေ။
ထိုသို့ဖြင့် ရှယ ပိုင်ဆိုင်ခဲ့သော နတ်ဆိုးကလန်သည် ရန်ကိုင်တို့ အဖွဲ့သားများ စခန်းချသည့်နေရာ ဖြစ်လာခဲ့လေသည်။ ကလန်သားများသည် နောက်ရက်များကို အားပြန်ဖြည့်၊ ဒဏ်ရာများကို ကုသရင်း ကုန်ဆုံးခဲ့သည်။ စစ်ပွဲတွင် အားအင် အကုန်အစင်ကို ထုတ်သုံးခဲ့ရသလို သွေးလောင်ကျွမ်းကျင်ခြင်း ပညာရပ်၏ ဘေးထွက်ဆိုးကျိုးလည်း ရှိနေသေးသည့် အတွက်ကြောင့် မည်သူမဆို ကျိန်းသေ အနားယူ အားပြန်ဖြည့်ရပေဦးမည်။
မှော်ဆရာများမှာတော့ ပင်ပန်းနွမ်းနယ်နေသည့်တိုင် အနားယူရခြင်းမရှိ။ ကြိုးစား၍ နတ်ဆိုးအသွင်ပြောင်းသွားသော ကလန်သားများကို ကုသပေးရန် ကြိုးစားသည်။ ထို့အပြင် နတ်ဆိုးသားရဲများကို သားရဲထိန်းကျောင်းခြင်း ပညာရပ်ဖြင့် ထိန်းချုပ်ရသလို ဒဏ်ရာရနေသည့် လူများကိုလည်း ပြန်ကုပေးရသည်။ ထို့ကြောင့် ယွဲ့နှင့်လုတို့ဆိုလျှင် မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်နေကြလေသည်။
မှော်ဆရာအားလုံး အလုပ်ရှုပ်နေကြချိန်တွင်တော့ ရန်ကိုင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ နတ်ဆိုးလိုဏ်ဂူသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ယခင်က နတ်ဆိုးဘုရင်ရှယ နေခဲ့သော နေရာကို အပိုင်စားယူ၍ အခန်းတွင်းအောင်းတော့၏။ သူ့ကို လာတွေ့သည့် လူတိုင်းကိုလည်း အတွေ့မခံဘဲ လျစ်လျူရှုထားခဲ့သည်။
ရန်ကိုင် မရှိသည့်အတွက် တစ်ခုခု ဆွေးနွေးတိုင်ပင်စရာရှိလာသော် မှော်စရာများမှာ ကိုယ့်ဘာသာ အချင်းချင်း ဆွေးနွေးကြရတော့သည်။ ထိုသို့ ဆွေးနွေးကြရင်း ရန်ကိုင်အား စိတ်ပူနေသည့် ကိစ္စများလည်း ပါလာကြသည်။ ရန်ကိုင် ရုတ်တရက်ကြီး နတ်ဆိုးအသွင် ပြောင်းသွားပြီး လူသတ်ပွဲ ထဖြစ်မည်ကို အကုန်လုံး စိတ်ပူနေကြလေသည်။ ထို့ကြောင့် ရန်ကိုင် လုံးဝ နတ်ဆိုးပြောင်း၍ မဖြစ်ချေ။
အကုန်လုံးမှ စိတ်ပူနေသော်ငြား ရန်ကိုင်မှာမူ အဆင်ပြေပြေနှင့်သာ ရှိနေခဲ့သည်။
အစိမ်းရောင်နတ်ဆိုးအဆိပ် မိခံလိုက်ရပြီးသည့်နောက်တွင် တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိထားမိသွားခဲ့သည်။ အစိမ်းရောင်နတ်ဆိုးအဆိပ်သည် နတ်ဆိုးမျိုးနွယ်၏ အားအကောင်းဆုံးအဆိပ် မဟုတ်ပါသော်ငြား အလွန်ကိုမှ ဖြေရခက်သည့် အဆိပ်တစ်မျိုး ဖြစ်ပေသည်။ ထိုအဆိပ်မိသွားမည်ဆိုလျှင် ကိုယ့်ကိုယ်ကို နတ်ဆိုးအသွင်ပြောင်းလိုက်ဖို့က လွဲ၍ အခြားနည်းလမ်း မရှိချေ။
အစိမ်းရောင်နတ်ဆိုးအဆိပ်သည် နတ်ဆိုးမဟုတ်သည့် အခြားမျိုးနွယ်စုများအပေါ်သာ အလုပ်ဖြစ်သည့် အတွက်ကြောင့် နတ်ဆိုးကလန်များကြား အစိမ်းရောင်နတ်ဆိုးကလန်၏ အဆင့်မှာ အတော်လေး နိမ့်ကျနေရခြင်းပင်။
ရန်ကိုင်သည် အစိမ်းရောင်နတ်ဆိုးအဆိပ် မိခဲ့သော်ငြား ထိုစဉ်က ဘာကိုမှ မခံစားခဲ့ရချေ။ ထို့ကြောင့် သူ့စိတ်ထဲ တစ်ခုခုအား သတိပြုမိသွားလေ၏။ သူစဉ်းစားနေသည်မှာ မှန်မမှန် အတည်ပြုနိုင်ရန်အတွက် ရှယ၏ နတ်ဆိုးသွေးအဆီအနှစ်ကိုပင် စွန့်စားပြီး သောက်ခဲ့သည်။
သူထင်ထားသည့်အတိုင်းပင် ရှယ၏ နတ်ဆိုးသွေးစက်သည်ပင် သူ့အား ဘာမှမလုပ်နိုင်ခဲ့ချေ။ သူ့ကိုယ်ထဲရှိ အစိမ်းရောင်နတ်ဆိုးအဆိပ်ကို ရှင်းထုတ်၍ သူ့အရှိန်အဝါကို ပြောင်းလဲပေးရုံလေးသာ တတ်နိုင်ခဲ့သည်။
“ရှေးဟောင်းနတ်ဆိုးချီကြောင့်လား” ရန်ကိုင် ရေရွတ်လိုက်သည်။
သူ့ဒန်တန်ထဲတွင် ရှိနေသည်မှာ အလွန်ကိုမှ သန့်စင်လှသည့် ရှေးဟောင်းနတ်ဆိုးချီပင်။ မေပယ်မြို့အပြင်ဘက်နား၌ ရန်ကိုင်သည်လည်း ရှေးဟောင်းနတ်ဆိုးချီ ကူးစက်ခြင်း ခံရပြီး အသိစိတ်မဲ့သည့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲခါနီး ဖြစ်ခဲ့ရသည်။ မိုးကောင်းကင်သစ်ပင်၏ ကျေးဇူးကြောင့်သာ ထိုနတ်ဆိုးချီကို ချိပ်ပိတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်နောက်ပိုင်း ရန်ကိုင်၏ ခန္ဓာကိုယ်သည် နတ်ဆိုးချီအပေါ် ခုခံနိုင်စွမ်း မြင့်မားလာခဲ့သည်။ သူ့အား လာကူးစက်သည့် နတ်ဆိုးချီသည့် သူ့ဒန်တန်ထဲတွင် ချိပ်ပိတ်ထားသည့် နတ်ဆိုးချီထက် ပိုမိုအားကောင်းသန့်စင်ခြင်း မရှိပါက ရန်ကိုင်အပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည် မဟုတ်ချေ။
သို့သော်ငြား အစိမ်းရောင်နတ်ဆိုးအဆိပ်နှင့် ရှယ၏ နတ်ဆိုးနှလုံးသွေးအဆီအနှစ် နှစ်ခုစလုံးသည် သူ့ဒန်တန်ထဲတွင် ရှိနေသည့် နတ်ဆိုးချီအောက် အများကြီး ပိုနိမ့်ကျပေသည်။ ထို့ကြောင့်ပင် အစိမ်းရောင်နတ်ဆိုးအဆိပ်နှင့် ရှယ၏ နှလုံးသွေးသည် ရန်ကိုင်အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခြင်းပင်။
ရှယ၏ နှလုံးသွေးသည် သူ့ဒန်တန်ထဲတွင် နတ်ဆိုးချီထက် အများကြီး ပိုနိမ့်ကျသည် ဆိုပါက မျက်လုံးတစ်လုံးမဟာနတ်ဆိုးသည် မည်သို့သော နတ်ဆိုးမျိုး ဖြစ်သနည်း။ သူတော်စင်အဆင့် နတ်ဆိုးပေလော။ ဖြစ်နိုင်သည်ဟု ခံစားမိသော်ငြား နတ်ဆိုးချီထဲ သူမြင်တွေ့ခဲ့ရသည့် မှတ်ဥာဏ်အရ မျက်လုံးတစ်လုံးမဟာနတ်ဆိုးသည် အခြား နတ်ဆိုးတစ်မျိုး ဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။
အကြောင်းမှာ သူ့ကိုယ်ပွား အသုံးပြုနေသည့် နတ်ဆိုးတိုက်ပွဲတူသည် မျက်လုံးတစ်လုံး၏ လက်နက်ဖြစ်ပြီး နတ်ဆိုးတိုက်ပွဲတူမှာ အလွန်ကိုမှ အဆင့်မြင့်မာ အထွဋ်အထိပ်အဆင့် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုအောက် နိမ့်ကျခြင်း မရှိသည့်အတွက်ကြောင့်ပင်။
သူမှတ်မိသလောက်ဆို မျက်လုံးတစ်လုံးမဟာနတ်ဆိုးကို သတ်ပစ်နိုင်ရန်အတွက် ပညာရှင်ပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ ထိုပညာရှင်ပေါင်းများစွာ အတူပူးပေါင်း၍ မျက်လုံးတစ်လုံး မဟာနတ်ဆိုးကို သတ်ပစ်နိုင်ခဲ့သော်ငြား ၎င်း၏ မျက်လုံးကို မဖျက်စီးနိုင်ခဲ့ဘဲ ချိပ်ပိတ်ပစ်ရုံသာ တတ်နိုင်ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ထိုမျက်လုံးအား ချိပ်ပိတ်ထားသည့် ချိပ်စည်းမှာ စတင် ယိုယွင်းလာပြီး နတ်ဆိုးချီများ စိမ့်ထွက်လာခဲ့ရာ မေပယ်မြို့ အနီးဝန်းကျင် တစ်ခုလုံး ကပ်ဘေးဆိုက်သွားခဲ့ရသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့် မေပယ်မြို့မှ ပညာရှင်များသည် ပျက်စီးသွားသည့် ချိပ်စည်းကို ပြန်ပြင်ရန်ကြိုးစားရမှာ မဟာနတ်ဆိုး၏ မျက်လုံးသည် ရန်ကိုင်နှင့် ပေါင်းစပ်သွားခဲ့လေသည်။
ထိုအရာသည် ရန်ကိုင် အလွယ်တကူ ထုတ်မသုံးရဲသည့် သူ၏ ဝှက်ဖဲများအနက် တစ်ခု ဖြစ်ပေသည်။