← Chapters

အတွင်းမိစ္ဆာ ပေါ်လာခြင်း

Vol. 4 Ch. 32

အတွင်းမိစ္ဆာ ပေါ်လာခြင်း

Vol. 4 Ch. 32

တကယ်ကြီးလား....

ဟန်တောင် မဆောင်တော့ဘူးလား....

“မင်းတို့ ငါပြောတာ ကြားနေတယ်ဆိုတာ သိတယ်။ အခုကစပြီး ငါ့ဖုန်းကို ထိန်းချုပ်တာတွေ ရပ်တော့။ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကနေ ထွက်သွား... မဟုတ်ရင် တရားစွဲပစ်မယ်...”

ချန်ဟွိုက်အန်၏ အသံမှာ တည်ကြည်မာကျောပြီး ဒေါသကို သိသိသာသာ ခံစားနိုင်၏။

[ သွေးကြောဖွင့် အပ်ပညာရပ်က အလွန်အန္တရာယ်များ၏။ သင့်လျော်သော ပစ်မှတ်တွင် အသုံးပြုခြင်းဖြင့် ကျွမ်းကျင်မှု သိသိသာသာ တိုးတက်လာစေမည် ]

[ ယခုအစီအစဉ်သည် ကျွမ်းကျင်မှု ၂၀%ကို ပေးအပ်ပြီး မသန်စွမ်းမှု ဖြစ်နိုင်ခြေကို ၂၀% လျှော့ချပေးမည် ]

[ ယခုပညာရပ်၏ အစွမ်းထက်သော အကျိုးသက်ရောက်မှုများက သင်၏ ပုံရိပ်ယောင် ကောင်မလေးကို ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်စေပြီး ကျင့်ကြံသူ၏ အခြေခံကို တည်ငြိမ်စေရန် ကူညီပေးနိုင်သည် ]

ဂိမ်း၏ အကြောင်းကြားချက်များကို ဖတ်ရင်း ချန်ဟွိုက်အန် မျက်ခုံးများ တွန့်သွား၏။

သူက စိတ်ကို အေးအေးထားပြီး ညာခြေထောက်ဆီသို့ အလိုအလျောက် အကြည့် ရောက်သွားသည်။

ဟုတ်ပါပြီ... လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး မဟုတ်လား။

မည်သို့ပင် ဆိုစေကာမူ သူ၏ ညာခြေထောက်က ထိုခိုက်ပြီးသားပင်...

နည်းနည်း ပိုထိခိုက်သွားလျှင် ဘာဖြစ်နိုင်မည်နည်း။ ထို့ပြင် ထိုအရာက ဂိမ်းပစ္စည်း တစ်ခုသာ ဖြစ်သည်။ အဆိုးဆုံး အခြေအနေက မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ ဖြစ်နိုင်ခြေ အန္တရာယ်များကို ချဲ့ကားပြောဆိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဆိုဖာပေါ်တွင် နားနေသော ကြောင်နက်က ဖုန်းကို တစ်စက်စက် တို့နေသော ချန်ဟွိုက်အန်ကို သံသယဖြင့် စောင့်ကြည့်နေ၏။

ချန်ဟွိုက်အန်၏ ဝိညာဉ်ကျောက်တုံးများမှ ထွက်လာသော ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန်အတွက် အနားတွင် နေရန် လိုအပ်သော်လည်း သူ့ကို ကာကွယ်ပေးနေသော ဘိုးဘေးနဂါး၏ အရှိန်အဝါကို ကြောက်ရသဖြင့် အနားမကပ်ရဲပေ။

[ ဒီကောင် အခု ဘာတွေ လုပ်နေပြန်တာလဲ ]

ကြောင်နက်သည် သိချင်စိတ် ပြင်းပြနေသဖြင့် ပို၍ နီးအောင် တိုးလာသည်။

[ နေပါဦး... ဧကန္တ... ဒီလူသား ရထားတဲ့ ရတနာတွေ အားလုံးက အဲဒီ အမည်းရောင် သေတ္တာကနေ လာတာလား။ ငါ အဲဒါကို ခိုးနိုင်ရင် သူ့ ကံကြမ္မာတွေ ငါ့ဆီ ရောက်လာလိမ့်မယ် ]

သူ့မျက်လုံးများတွင် အန္တရာယ်ရှိသော အရောင် တောက်ခနဲ ဖြစ်သွား၏။ ကြောင်နက်က ကိုယ်ကို နှိမ့်ချလိုက်ပြီး မျက်လုံးတစ်လုံးက ချန်ဟွိုက်အန်၏ ဖုန်းကို စူးစိုက်ကြည့်နေကာ ကျန်တစ်လုံးက သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

ရုတ်တရက် ချန်ဟွိုက်အန်က ငွေအပ်များကို ကောက်ကိုင်လိုက်ရာ ကြောင်နက်၏ နားရွက်များ ထောင်သွား၏။ နောက်ဆုံး သူ့အလှည့် ရောက်လာပြီဟု တွေးလိုက်မိသည်။

သို့သော် သူ့အား အံ့အားသင့်စေသည်မှာ ချန်ဟွိုက်အန်က အပ်ကို သူ့ညာခြေထောက်ထဲသို့ တည့်တည့် ထိုးထည့်လိုက်ခြင်းပင်။

“ညှောင်...”

ပြတင်းပေါက်များ တုန်ခါသွားလောက်အောင် ကျယ်လောင်သော အသံတစ်ခု ဟိုတယ်အခန်းထဲ ဟိန်းထွက်သွား၏။ ကံကောင်းစွာပင် နေ့ခင်းဘက်ဖြစ်၍ အိမ်နီးချင်းများ တံခါးလာခေါက်ကြခြင်း မရှိသေးပေ။

“လခွမ်းတဲ့မှ... နာလိုက်တာ။” ချန်ဟွိုက်အန်က အပ်စိုက်သွားသော နေရာကို ကြည့်လိုက်ရာ ယခုအခါ ခရမ်းရောင် အညိုအမည်း စွဲနေပြီ ဖြစ်သည်။

ထို့နောက် သူက ထူးခြားသော အရာကို သတိပြုမိလိုက်သည်။

သူ ခုနက အပ်စိုက်လိုက်သည့် နေရာမှာ အရင်က လုံးဝ ထုံနေခဲ့သော်လည်း အခု နာကျင်မှုကို ခံစားနိုင်ပြီဖြစ်သည်။ ၎င်းက အပ်မှာ အလုပ်လုပ်နေကြောင်း ပြသနေခြင်းပင်။

“အင်း... နည်းနည်း နာတာပဲ။ ငါ ကြောက်နေတာ မဟုတ်ဘူး...”

သူက အံကိုကြိတ်ကာ ဆက်လုပ်သည်။ နောက်ထပ် အပ်ဆယ်ချောင်းကို ဆက်တိုက် စိုက်လိုက်၏။

ကြောင်နက်က ထိုလူသားသည် “ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်နေ”ပြီး အာရုံစိုက်နေသည်ကို မြင်ရာ ဖုန်းပေါ်သို့ ခုန်အုပ်ရန် ပြင်လိုက်သည်။

နောက်ဆုံးအပ် စိုက်ဝင်သွားသည်နှင့် တပြိုင်နက် ကြောင်နက်က “ညှောင်” ဟူသော အသံဖြင့် ရှေ့သို့ ခုန်တက်လိုက်၏။

သို့သော် ချန်ဟွိုက်အန်၏ ပေါင်ရင်းသို့ ရောက်ခါနီးတွင် သူ့ဒဏ်ရာရနေသော ခြေထောက်က ရုတ်တရက် အပေါ်သို့ ကန်တက်သွားသည်။ ထိုအားမှာ လျှပ်စီးကဲ့သို့ပင် မြန်ဆန်လှ၏။

ဘုန်း...

ကြောင်နက်က မျဉ်းကွေးအတိုင်း ပျံသန်းသွားပြီး ဖိနပ်ဘူးထဲသို့ သပ်ရပ်စွာ ဆင်းသက်သွားကာ ဘူးဖုံးက တင်းတင်းကျပ်ကျပ် ပိတ်သွားတော့သည်။

“အား... တကယ် နာတာဟ။ ဒါပေမဲ့ ပြန်ခံစားလို့တော့ ရနေပြီ။” ချန်ဟွိုက်အန်က ပျော်ရွှင်စွာ ခြေထောက်ကို ပွတ်သပ်ရင်း အော်လိုက်သည်။

သွေးကြောဖွင့်အပ်ပညာရပ်က သွေးကြောများကို ရှင်းလင်းပြီး သွေးနှင့် ချီစွမ်းအင်ကို လည်ပတ်စေရန် ရည်ရွယ်ထားသည်။ သူ၏ ခြေထောက် ထုံကျဉ်ခြင်းက အရိုးကျိုးခြင်းနှင့် အကျိတ်ဖိအားတို့ ပေါင်းစပ်မှုကြောင့် ဖြစ်သည်။ တိုက်ဆိုင်၍ ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ အပ်ကုသမှုက အလုပ်ဖြစ်နေပုံရသည်။

“နေပါဦး... ငါ ဒူးနဲ့ ဘာကို ကန်လိုက်မိတာလဲ။” သူ အခန်းထဲကို ဝေ့ဝဲကြည့်လိုက်သော်လည်း ထူးခြားသောအရာကို မတွေ့ရပေ။ ပခုံးတွန့်လိုက်ပြီးနောက် သူက ခြေထောက်ကို ဆက်လက် လေ့လာနေလိုက်သည်။

ထိုအတောအတွင်း ချင်းယွန်ဘုံ၌ လီချင်းရန်၏ ကျင့်ကြံမှုနှုန်းက အံ့မခန်း မြန်ဆန်နေ၏။

မနေ့ညက သူသည် ချီစုစည်း အဆင့်၏ အဋ္ဌမအလွှာသို့ ချိုးဖောက်နိုင်ခဲ့သည်။ ယနေ့ မွန်းလွဲပိုင်းတွင် သူ၏ အန္တိမအဆင့် ဒန်တျန်၏ မနှိုင်းယှဉ်နိုင်သော အရည်အသွေးကြောင့် ထိုအဆင့်၏ ပြီးပြည့်စုံမှုသို့ နီးစပ်လာနေပြီ ဖြစ်သည်။

သူက စိတ်ဝိညာဉ်အမြစ် မရှိသော်လည်း သူ၏ ကျယ်ပြန့်လှသော ဒန်တျန်မှာ စိတ်ဝိညာဉ်စွမ်းအင် အများအပြားကို စုဆောင်းထားနိုင်သဖြင့် ကျင့်ကြံမှုအခြေခံ သိသိသာသာ မြင့်လာခြင်းပင်။

ကျင့်ကြံခြင်းလောကတွင် စိတ်ဝိညာဉ်အမြစ် တစ်မျိုးမျိုး ပိုင်ဆိုင်သူများကို ပါရမီအရှိဆုံးဟု သတ်မှတ်ကြပြီး အမျိုးအစား ကွဲပြားသော အမြစ်များက ပို၍ပင် သာလွန်ပေသည်။ ထိုအတောအတွင်း ငါးမျိုးဒြပ်စင်နှင့် စိတ်ဝိညာဉ်အမြစ် မရှိသော ကျင့်ကြံသူများကို အဆိုးဆုံး အဖြစ် ရှုမြင်ကြသည်။

စိတ်ဝိညာဉ်အမြစ် မရှိသော ကျင့်ကြံသူ အများစုအတွက်မူ ၎င်းတို့၏ ကျင့်ကြံမှု မြန်နှုန်းက အရည်အသွေးနိမ့်သော ချီစွမ်းအင်နှင့် တစ်ဆို့မှုများကို ချိုးဖောက်ရန် ခက်ခဲခြင်းတို့ကြောင့် အကျိုးသက်ရောက်မှု နည်းပါးလှပေသည်။ လီချင်းရန်က ထိုကန့်သတ်ချက်များကို လက်ခံထားခဲ့ရသည်။ ထိုအရာများမှာ ယခုအချိန်အထိပင်။

“ငါ့ရဲ့ ကျေးဇူးရှင် ပေးထားတဲ့ အန္တိမအဆင့်ဒန်တျန်က တကယ့်ကို မယုံနိုင်စရာပဲ...” မိမိ၏ ဒန်တျန်ကို ကြည့်ရင်း လီချင်းရန် တွေးလိုက်၏။ သူ့တွင် အရင်ကထက် ပိုမိုစင်ကြယ်ပြီး ပိုမိုများပြားသော ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေသည်။

သူက အခြေခံအုတ်မြစ်အဆင့်သို့ ချိုးဖောက်ရန် အင်အားများကို စုစည်းနေစဉ် စိတ်လှုပ်ရှားမှုများ တိုးပွားလာသည်။

သို့သော် သူက စွမ်းအားများ စုစည်းနေစဉ်မှာပင် ပြင်းထန်သော နာကျင်မှုတစ်ခု စိတ်ထဲတွင် ပေါက်ကွဲထွက်လာပြီး မွန်းကြပ်စေသော မှောင်မိုက်မှုက သူကို ဝါးမျိုပစ်လိုက်၏။

ထိုအမှောင်ထုထဲတွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် သက်ကြီးပုဂ္ဂိုလ်တစ်ဦး ပေါ်လာသည်။ သူ၏ ဆရာဟောင်း တာအိုပညာရှင် ချင်းရွှမ်းပင်။

“လီချင်းရန်။ မင်းက ဂျူနီယာညီမကို ထိခိုက်အောင် လုပ်ခဲ့တယ်။ မင်းက အတော်လေး ကောက်ကျစ်တာပဲ...”

“မင်းက ငါ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လျစ်လျူရှုပြီး ဂိုဏ်းရဲ့ဂုဏ်ကို ဖျက်ဆီးခဲ့တယ်။ ကျေးဇူးကန်းလိုက်လိုက်တာ...”

“အဆင့် ချခံရပြီးနောက် ဂိုဏ်းပြင်ပ တပည့်တွေကိုပါ အနိုင်ကျင့်ခဲ့တယ် ဟုတ်လား။ ယုတ်မာလိုက်တာ...”

“ပြီးတော့ တခြားဆရာ တစ်ယောက်အတွက် ဂိုဏ်းကို သစ္စာဖောက်ဖို့ ကြံရဲတယ် ဟုတ်လား။ သစ္စာမရှိလိုက်တာ..”

သူ၏ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံက လီချင်းရန်၏ စိတ်ထဲတွင် ဟိန်းထွက်နေပြီး အာရုံကို ပျက်စီးစေကာ ချီစွမ်းအင်များကိုပါ ပြန့်ကျဲသွားစေ၏။

သူ၏ စီနီယာအစ်ကို လုချန်ထျန်း၏ အရိပ်က ချင်းရွှမ်း၏ဘေးတွင် ထင်ဟပ်နေသည်။ သူက အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။

“လီချင်းရန်... မင်းလို သစ္စာဖောက်တစ်ယောက်က အဆင့်တက်ဖို့ အိပ်မက်မက်ရဲသေးတာလား။ ရယ်စရာကောင်းလိုက်တာ...”

အခြားသူများလည်း နောက်မှ လိုက်ပါလာပြီး တစ်ယောက်စီတိုင်းက စွပ်စွဲချက်များနှင့် စော်ကားမှုများကို ပစ်ပေါက်နေကြ၏။

“မဟုတ်ဘူး... ကျွန်မ မလုပ်ခဲ့ဘူး...” လီချင်းရန်က ခေါင်းကို ဆုပ်ကိုင်ထားပြီး အေးစက်သော အမှောင်ထုထဲတွင် ကွေးနေခဲ့သည်။ သူက ပြန်လည်၍ ချေပလိုသော်လည်း အရိပ်လက်ပေါင်း တစ်ထောင်က သူ့ကို တိတ်ဆိတ်သွားစေပြီး တစ်ယောက်တည်း ခံစားနေရကာ မည်သူမျှ မကြားနိုင်တော့ပေ။

သူ၏ ဂိုဏ်းဝင်များ၏ ပုံရိပ်များက ဆက်လက် စွပ်စွဲနေကြပြီး ကန့်ကွက်မှုများကို သူတို့၏ အသံများဖြင့် ဖုံးလွှမ်းပစ်လိုက်သည်။

ထိုသူများ အကြားတွင် သူ၏ ဆဋ္ဌမ ဂျူနီယာညီမ မုပိုင်ရွှမ်သည် လုချန်ထျန်းဘေးတွင် ရပ်နေပြီး လူအုပ်ကြီး၏ အတည်ပြုမှုကို ခံယူထား၏။

သူက ညင်သာစွာ ပြုံးလိုက်ပြီး လီချင်းရန်သာ ကြားနိုင်အောင် နှုတ်ခမ်းများ တိုးတိုးလေး လှုပ်ရှားလိုက်သည်။

“စီနီယာအစ်မ လီချင်းရန်... ပျောက်ကွယ်သွားလိုက်တော့...”

“နင့်လိုလူက အသက်ရှင်ဖို့ မထိုက်တန်ဘူး။”

All Chapters