← Chapters

စိတ်အပြောင်းအလဲ

Vol. 4 Ch. 33

စိတ်အပြောင်းအလဲ

Vol. 4 Ch. 33

“ဪ... မနေ့က ငါ ကြောင်နက်တစ်ကောင် ကယ်ခဲ့တာပဲ။ အခု ဘယ်လိုနေမလဲ မသိဘူး။” ချန်ဟွိုက်အန် ထရပ်လိုက်ပြီး ဖိနပ်ဘူးဆီသို့ ဦးတည်သွား၏။

ဘူးအတွင်း၌ အစောပိုင်း ရိုက်ချက်ကြောင့် မူးဝေနေသေးသော ကြောင်နက်က လှုပ်ရှားသံ ကြားလိုက်ရာ သတိဝင်လာသည်။ သူက ချန်ဟွိုက်အန်ကို ဖမ်းစားပြီး အနား ကပ်နိုင်ရန်အတွက် အသင့်ပြင်လိုက်သည်။

သို့သော် ချန်ဟွိုက်အန် ထိုဘူးကို ဖွင့်မည် ပြင်လိုက်စဉ်...

ဇွီ...

ကော်ဖီစားပွဲပေါ်ရှိ သူ၏ ဖုန်းမှ အကြောင်းကြားချက်တစ်ခု ဝင်လာကာ တုန်ခါသွား၏။

ချန်ဟွိုက်အန် ရပ်လိုက်ပြီး ဆိုဖာပေါ်သို့ ပြန်ထိုင်ချလိုက်ရာ ကြောင်နက်၏ မျှော်လင့်ချက်များ ပျောက်ကွယ်သွားရပြန်သည်။ သူ၏ ခဏတာ မျှော်လင့်ချက်များ ပျက်စီးသွားပြီး ဖိနပ်ဘူးထဲသို့ ပြန်လှဲချလိုက်တော့သည်။

[ သင်၏ ပုံရိပ်ယောင် ကောင်မလေးသည် အတွင်းမိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို ခံနေရသည် ]

ထိုမက်ဆေ့ချ်ကြောင့် ချန်ဟွိုက်အန် လှုပ်ရှားသွား၏။ သူက အက်ပ်ကို အမြန် ဖွင့်လိုက်ရာ လီချင်းရန်က ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ တရားမှတ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး နဖူးမှ ချွေးများက စီးကျနေကာ နှုတ်ခမ်းများမှာ ထူးဆန်းစွာ ပြာနှမ်းနေ၏။ နဖူး၌ မကောင်းသော စွမ်းအင်များစွာ စုဝေးနေပြီး နာကျင်ခံစားနေရသော အမူအရာမျိုး ဖြစ်နေသည်။

“အတွင်းမိစ္ဆာလား။ ချီစုစည်းအဆင့်မှာလား...” ချန်ဟွိုက်အန် ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။ အတွင်းမိစ္ဆာများက များသောအားဖြင့် အဆင့်မြင့်ကျင့်ကြံမှုအဆင့်များတွင်သာ ပေါ်ပေါက် တတ်ကြောင်း ကျင့်ကြံခြင်းဝတ္ထုများကို သူ အလုံအလောက် ဖတ်ထားသည်။

လီချင်းရန်၏ အခြေအနေအတန်းကို ဖွင့်ကြည့်လိုက်ရာ ထိုအခြေအနေအတွက် ရှင်းပြချက်ကို သူ တွေ့လိုက်ရ၏။

[ အတွင်းမိစ္ဆာ ပေါ်ထွက်လာခြင်း - အတွင်းမိစ္ဆာများသည် ကျင့်ကြံမှုအဆင့်များနှင့် မသက်ဆိုင်ဘဲ ကျင့်ကြံသူ၏ အတွင်းစိတ် အတွေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ စွဲလမ်းမှု၊ မနာလိုမှု၊ လောဘနှင့် အခြားအရာများက ၎င်းတို့ကို ဖြစ်စေနိုင်သည်။ အတွေ့အကြုံများမှတစ်ဆင့် အလိုလို ဖြစ်ပေါ်လာနိုင်သလို အချို့သော မိစ္ဆာပညာရပ်များဖြင့်လည်း နှိုးဆွပေးနိုင်သည်။ အတွင်းမိစ္ဆာကို အနိုင်ယူရန်အတွက် ၎င်းတို့ကို ချည်နှောင်ထားသော အတွင်းစိတ် အတွေးများမှ လွတ်မြောက် ရမည် ဖြစ်သည် ]

“ဒါဆို သူ့ကို စိတ်ဒုက္ခပေးနေတဲ့ တစ်ခုခု ရှိနေတာပေါ့။ ဒါပေမဲ့ လီချင်းရန်ရဲ့ စိတ်ကို ဖိစီးစေတဲ့ အရာက ဘာများလဲ။”

ချန်ဟွိုက်အန်က လီချင်းရန်၏ နောက်ကြောင်းကို ပြန်လည်အမှတ်ရကာ ဦးနှောက် ခြောက်အောင် စဉ်းစားလိုက်သည်။ သူ၏ မိဘများ ကြေကွဲဖွယ် ကွယ်လွန်ခဲ့ရခြင်း အပြင် ဘဝ၏ အကြီးမားဆုံး နာကျင်မှု ရင်းမြစ်မှာ ချင်းယွန်ဂိုဏ်း၏ ချီရှောင်းတောင်ထိပ်မှ လူများနှင့်ပင် ဖြစ်လိမ့်မည်။

အရင်းအမြစ်ကို သိသော်လည်း ဖြေရှင်းရန်မှာ မလွယ်ကူပေ။

အခြေအနေကို ဂိမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်သတ်မှတ်ကာ ချန်ဟွိုက်အန်သည် ငွေဖြည့်သွင်းသည့် ရွေးချယ်စရာကို ရှာဖွေရန် အက်ပ်ထဲတွင် ပတ်ပတ်လည် နှိပ်ကြည့်နေ၏။ သို့သော် ဂိမ်းက အမြဲတမ်းလိုလိုပင် ကိစ္စများကို ရိုးရှင်းစွာ မလုပ်ပေးချင်ပေ။ ထိုကဲ့သို့သော လျှို့ဝှက် P2W အကွက်များက ဇာတ်လမ်း၏ သတ်မှတ်ထားသော အချိန်များတွင်သာ ပေါ်လာတတ်သည်။

“လခွမ်းပဲ။ ဒီဂိမ်းက အရမ်းကို စနောက်လွန်းတယ်...” ဂိမ်းရေးဆွဲသများ၏ ပရိယာယ်ကြောင့် စိတ်ပျက်စွာဖြင့် ချန်ဟွိုက်အန် ညည်းတွားလိုက်၏။

“ထားပါ။ သံသယရှိရင် ကောင်းကင်နက္ခတ်ကို တွက်ချက်တာပေါ့...”

[ ယခုတွက်ချက်လျှင် ယွမ်၁၀၀ ကုန်ကျမည်ဖြစ်ပြီး ၂၄နာရီကြာ ကံဇာတာ နိမ့်ကျမှု အခြေအနေကို ဖြစ်ပေါ်စေမည်။ ဆက်လက်လုပ်ဆောင်မည်လား ]

“ဆက်လုပ်မယ်...”

ချင်းယွန်ဘုံ၌ ရုတ်တရက် တွက်ချက်လိုက်ခြင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွား၏။

“ထပ်ပြီးတော့လား။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မဟာပညာရှင်က တစ်နေ့တည်း နှစ်ကြိမ်တောင် တွက်ချက်နေတာလား...”

“ချင်းယွန်ဘုံမှာ ဘာတွေ ဖြစ်နေလို့ ဒီလို တွက်ချက်နေရတာလဲ...”

“ပထမ ဝမ်ချင်းတောင်မှာ နတ်ဆေးလုံး ပေါ်လာတယ်။ အဲဒီနောက် ဝိညာဉ်အလင်းရောင် ကောင်းကင်ကို တက်သွားတယ်။ ဒါတွေက တွက်ချက်တာတွေနဲ့ ဆက်စပ်နေမလား...”

“ကျုံးကျိုးရဲ့ လျှို့ဝှက်နယ်မြေ ဖွင့်တော့မယ် ထင်တယ်။ တကယ့်ကို မငြိမ်မသက်တဲ့ အချိန်တွေပဲ...”

ဝမ်ကျန့် ကျောင်းတော်၌ ဖြစ်သည်။

ဂိုဏ်းချုပ် စုချီနျန်က တောင်ထိပ်ပေါ် ရပ်နေသည်။ သူ၏ ဝတ်ရုံဖြူများက လေထဲတွင် လှုပ်ခါနေပြီး ရှည်လျားသော နှင်းကဲ့သို့ ဆံပင်ဖြူများက ပတ်လည်တွင် လှုပ်ရမ်းနေသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးများက ဝမ်ချင်းတောင်ဘက်သို့ စူးစိုက်ကြည့်နေပြီး အိပ်မက်ဆန်ဆန် ပုံရိပ်ကို ဖန်တီးထားသည်။

အနည်းဆုံးတော့ ခဏတာအတွက် ဖြစ်၏။

နောက်တစ်စက္ကန့်တွင် သူ၏ တည်ငြိမ်မှု ပျက်စီးသွားခဲ့သည်။

“သောက်ကျိုးနည်း... ချင်းယွန်ဂိုဏ်း ဝမ်ချင်းတောင်က ဘာလို့ အကျိုးအမြတ်တွေ အားလုံး ရနေရတာလဲ။ စောင့်ကြည့်နေလိုက်။ ကျုံးကျိုးရဲ့ လျှို့ဝှက်နယ်မြေ ဖွင့်တဲ့အခါ သူတို့ကို ငါ ပြန်ပေးဆပ်ရအောင် လုပ်မယ်...”

“ဂိုဏ်းချုပ်..” ဓားပျံကို စီးနင်းလာသော ကျောင်းတော်အကြီးအကဲ တစ်ဦးက ရိုသေစွာ ဦးညွှတ်လိုက်သည်။ “ဖိအားပေးနေတဲ့ ကိစ္စနှစ်ခုကို ဂိုဏ်းချုပ် သတိပြုဖို့ လိုအပ်ပါတယ်....”

“ဘာကိစ္စတွေလဲ” စုချီနျန်က သူ့ဝတ်ရုံများကို ပြန်ပြင်ကာ တည်ငြိမ်သော အမူအရာကို ပြန်ဆောင်လိုက်သည်။

“ပထမတစ်ခုက... ကျွန်တော်တို့တွေ ငွေပြတ်နေပါပြီ...”

“...ဘာကွ။”

“တောင်နောက်ဘက်က စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေ လုံးဝကို ခန်းခြောက်သွားပါပြီ။” အကြီးအကဲက စိုးရိမ်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

“သေစမ်း။ တစ်နေ့တော့ ဒီလို ဖြစ်လာမှန်း သိပေမယ့် ဒီလောက် မြန်မြန်ကြီးလား။” စုချီနျန် လက်သီးဆုပ်လိုက်သည်။ ဝမ်ကျန့် ကျောင်းတော်မှာ ချင်းယွန်ဘုံတွင် အဆင်းရဲဆုံး ဂိုဏ်းအဖြစ် နာမည်ကျော်နေပြီးသား ဖြစ်သည်။

“ဒုတိယကိစ္စကရော...”

“ကျွန်တော်တို့ ဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲက မိတ်လိုက်ချင်တဲ့ အချိန်ရောက်နေပါပြီ။ သူ မိတ်လိုက်ဖို့ တောင်းဆိုနေတယ်။ ငြင်းဆန်ရင် တောင်နောက်ဘက်က ဝိညာဉ်ဆေးမြစ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်...”

စုချီနျန် မျက်လုံးများ လှုပ်ခါသွား၏။

သားရဲကို သားရဲသောင်းချီဂိုဏ်းသို့ ခေါ်သွားပြီး မိတ်လိုက်ရန်အတွက် ငွေကုန်ကျမည် ဖြစ်ပြီး သာမန်သားရဲများက ၎င်းကို ကျေနပ်စေမည် မဟုတ်ပေ။ ဆေးမြစ်များကို ဖျက်ဆီးခွင့် ပေးရန်လည်း မဖြစ်နိုင်။

အကြာကြီး တိတ်ဆိတ်ပြီးနောက် စုချီနျန်က နောက်ဆုံးတွင် ဆုံးဖြတ်လိုက်၏။ “သည်းခံထားဖို့ ပြောလိုက်။ မလုပ်နိုင်ရင်... ငါတို့ သင်းကွပ်လိုက်မယ်...”

“ဘာလုပ်မယ်...” အကြီးအကဲက ထိတ်လန့်တကြား ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

“သင်းကွပ်မယ်လို့ ငါပြောတာ...” စုချီနျန် ဒေါသတကြီး အော်လိုက်ပြီး သူ့မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ လင်းလက်သွား၏။ “အဲဒီသားရဲကို ပြောလိုက်။ ဒီဂိုဏ်းမှာ ပိုက်ဆံ မရှိဘူးလို့။ သူ မလိမ္မာဘူးဆိုရင် ငါ ကိုယ်တိုင် လုပ်ပေးမယ်...”

အကြီးအကဲက နာကျင်သော အမူအရာဖြင့် ထွက်ခွာသွားပြီး စုချီနျန်သည် ကောင်းကင်ယံကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက ခါးမှ ဓားကို ပြင်လိုက်ပြီး အတွေးများထဲ နစ်မြောနေပုံရသည်။ သူ၏ လက်က သိုလှောင်အိတ်ထဲသို့ ရောက်သွားရာ အနက်ရောင် ညဘက်စီးနင်းရေး ဝတ်စုံ၏ ရင်းနှီးသော အထိအတွေ့ကို ခံစားလိုက်ရသည်။

“...ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုခု ရှာရဦးမှာပဲ။”

[ ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ပြီးဆုံးပါပြီ ]

[ လီချင်းရန်က အတွင်းမိစ္ဆာကို ကျော်လွှားရန်အတွက် ချင်းယွန်ဂိုဏ်းသို့ ပြန်လာပြီး ချီရှောင်း တောင်ထိပ်နှင့် အဆက်အသွယ်များကို လုံးဝ ဖြတ်တောက်ရမည် ]

[ သတိပေးချက် - လီချင်းရန်က အတွင်းမိစ္ဆာ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားနေရပြီး သူ၏ ကျင့်ကြံမှုအခြေခံ ပြန်လည်ကျဆင်းတော့မည် ဖြစ်သည်။ သူ၏ အခြေခံကို တည်ငြိမ်စေရန် အခမဲ့ အန္တိမအဆင့် စိတ်ကာကွယ်ဆေးလုံးနှင့်တွဲဖက်၍ သွေးကြောဖွင့်အပ်ကို အသုံးပြုပါ။ (ယခုအပ် အသုံးပြုမှုက အန္တရာယ် မရှိပါ) ]

[ သင့်တွင် ၂၄နာရီကြာ ကံဇာတာ နိမ့်ကျမှု ဖြစ်သွားပါပြီ ]

“အခမဲ့ အန္တိမအဆင့်ဆေးလုံး ဟုတ်လား။” ချန်ဟွိုက်အန်က အံ့အားသင့်သွားသည်။ “ဂိမ်းရေးဆွဲသူတွေက ငါ့ကို တစ်ခုခု အလကား ပေးလိုက်တာလား။ သူတို့ နောက်ဆုံးတော့ အသိတရား ဝင်လာပြီပေါ့...”

အစိမ်းရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဆေးလုံးက စားပွဲပေါ်တွင် ပေါ်လာ၏။

တချိန်တည်းမှာပင် ချင်းယွန်ဂိုဏ်း၏ ချီရှောင်းတောင်ထိပ်တွင် ရှောင်ယိဖုန်းက သူ၏ လှိုဏ်ဂူသို့ ပြန်ရောက်လာပြီး ဆေးဖိုကို စိတ်အားထက်သန်စွာ ထုတ်ယူလိုက်သည်။

“နောက်ဆုံးတော့ အန္တိမအဆင့် စိတ်ကာကွယ်ဆေးလုံး ရပြီ။ ဒါကို ဘယ်လို ဖန်တီးထားလဲဆိုတာ သိတာနဲ့ ငါ ကိုယ်တိုင် ပြန်သန့်စင်ပြီး လူတိုင်းကို အံ့အားအောင် လုပ်ပစ်မယ်။ ညီမလေးမု အပါအဝင်ပေါ့...”

သူက သိုလှောင်အိတ်ထဲသို့ လက်လှမ်းလိုက်ရာ မျက်နှာ ဖြူဖျော့သွား၏။

“...မရှိတော့ဘူး။ ငါဝယ်ခဲ့သမျှ အကုန်လုံး ပျောက်သွားတာလား။”

“ငါ့... ငါ့ရဲ့ အန္တိမအဆင့် စိတ်ကာကွယ်ဆေးလုံး...”

All Chapters