ရသစုံရှိုးပွဲ
Vol. 4 Ch. 36
“စီနီယာ။ ကျွန်မ ဆုံးဖြတ်ချက် ချပြီးပါပြီ။ မနက်ဖြန် ချင်းယွန်ဂိုဏ်းကို ပြန်သွားချင်ပါတယ်။”
လုချန်ထျန်း ထွက်ခွာသွားပြီးနောက်တွင် လီချင်းရန်က အိမ်ထဲသို့ ပြန်ဝင်လာပြီး မျက်နှာကြက် အရှေ့တွင် ဒူးထောက်ကာ မထဘဲ ရှိနေ၏။
“ကျွန်မက မိုက်မဲပြီးတော့ ခေါင်းမာတဲ့ ကလေးတစ်ယောက် မဟုတ်သလို ချင်းယွန်ဂိုဏ်းနဲ့ ချီရှောင်း တောင်ထိပ်အပေါ်မှာ ကျေးဇူးတင်စိတ်လည်း မရှိပါဘူး။ ဒါပေမဲ့ ဒါတွေက ကျွန်မရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်မှာ အတားအဆီးတွေ ဖြစ်နေကြပါပြီ။ ရှေ့ဆက်ဖို့နဲ့ စီနီယာရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျွန်မကိုယ်တိုင် အပြီးအပိုင် အဆုံးသတ် ရပါမယ်။”
သူက ခေါင်းကို ငုံ့ထားပြီး လေသံမှာ ရိုးသားလှသည်။
သူက ချင်းယွန်ဂိုဏ်းသည် နဂါးများနှင့် ကျားများ၏ စားကျက် ဖြစ်ကြောင်း သိသော်လည်း ဝင်ရောက်ရမည် ဖြစ်သည်။
သူ၏ စီနီယာ အမြင်အရဆိုလျှင် ပြန်သွားရန် မလိုလားနိုင်ကြောင်းကိုလည်း နားလည်၏။ သူ၏ ရည်ရွယ်ချက်များကိုပင် သံသယ ဝင်သွားနိုင်သည်။ သူက လုံလောက်သော ကြင်နာမှုများကို ရရှိခဲ့ပြီး ဖြစ်သည်။ ယခု ချင်းယွန်ဂိုဏ်းသို့ ပြန်သွားလျှင် ကျေးဇူး မသိတတ်သော လူဆိုး ဖြစ်သွားမည် မဟုတ်ပါလား။
ထို့ကြောင့်ပင် သူ စောင့်နေခဲ့သည်။ စီနီယာ၏ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့၏။
သူ့ကို ပြန်သွားခွင့်ပြုပါက သွားမည်။ မဟုတ်လျှင် နေခဲ့မည် ဖြစ်သည်။
ချန်ဟွိုက်အန် ခဏမျှ စဉ်းစားပြီး ဆက်သွယ်ရေးအဆောင်ကို နှိပ်ကာ ပြောလိုက်သည်။ “ကောင်းပြီလေ။ အထုံးကို ချည်တဲ့သူပဲ ဖြည်နိုင်မယ်။ ဒီကိစ္စတွေ ချီရှောင်းတောင်ထိပ်မှာ စခဲ့တာဆိုတော့ အဲဒီမှာပဲ အဆုံးသတ်သင့်တယ်။ မင်း ကိုယ်တိုင် ကိုင်တွယ်ပါ။ ငါ မင်းကို ယုံကြည်တယ်။”
အိမ်အတွင်း၌ လီချင်းရန် ခဏစောင့်နေပြီးနောက် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ သိမ်မွေ့သော အသံတစ်ခုက သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
[ ပျော်ရွှင်မှု အထွတ်အထိပ်ကို ရောက်တဲ့အခါ ဝမ်းနည်းမှုတွေ လိုက်လာတတ်တယ်။ ကံကြမ္မာရဲ့ အတက်အကျကို နားလည်ရမယ်။ အကြောင်းတိုင်းမှာ အကျိုးရှိတယ်။ အရာရာတိုင်းက ကြိုတင် ပြဋ္ဌာန်းထားပြီးသား။ ဒါက မင်း ထမ်းရမယ့် ဝန်ထုပ်ဝန်ပိုးပဲ။ သွားတော့ ]
လီချင်းရန်က ချန်ဟွိုက်အန်၏ စကားများကို သေချာစွာ စဉ်းစားလိုက်ရာ သူ၏ နှလုံးသား တုန်ယင်သွား၏။
ထို့နောက် သူက တစ်ဖန် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြန်သည်။ သူ၏ မျက်လုံးများတွင် တွန့်ဆုတ်မှုများ ပျောက်ကွယ်သွားပြီး မယိမ်းမယိုင်သော သန္နိဋ္ဌာန်ဖြင့် အစားထိုးလိုက်၏။
“ဂျူနီယာ လီချင်းရန်က စီနီယာရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်...”
[ အင်း။ မသွားခင် မင်းကို လက်ဆောင်တစ်ခု ပေးမယ် ]
ဟူး...
ဓားပျံ တစ်လက်က စားပွဲပေါ်သို့ ပေါ်လာသည်။ ၎င်း၏ ကိုယ်ထည်က လရောင်ကဲ့သို့ ဖြူစင်ပြီး ဓားမြိတ်က စီးဆင်းနေသော သွေးကဲ့သို့ နီရဲနေ၏။
[ ဒီဓားကို စုရွှမ်လို့ ခေါ်တယ်။ ဒါက ထိပ်တန်းအဆင့် မှော်ဓားပျံပဲ။ မင်းရဲ့ အရင်ဓား ကျိုးနေတာ သတိထားမိလို့ ကာကွယ်ဖို့အတွက် ယူသွားပါ ]
လီချင်းရန်က စုရွှမ်ဓားကို သူ၏ လက်ထဲတွင် ကိုင်ထားရင်း နက်ရှိုင်းသော နွေးထွေးမှုတစ်ခုက နှလုံးသားထဲတွင် စီးဆင်းလာပြီး စကားလုံးများဖြင့် ဖော်ပြမရနိုင်အောင် ထိမိသွားခဲ့သည်။
သူက မျက်ရည်များ သုတ်လိုက်ပြီး ဓားကို ဖက်ထားကာ ရိုသေစွာ ဦးညွှတ်လိုက်၏။
“ကျွန်မ စီနီယာကို စိတ်မပျက်စေရပါဘူး...”
[ မင်္ဂလာပါ။ ဒါ မစ္စတာချန်ရဲ့ ဖုန်းလား မသိဘူး... ]
“ဟုတ်ပါတယ်...”
[ ကျွန်တော်တို့မှာ ရသစုံရှိုးပွဲ တစ်ခု ရှိပါတယ်။ မစ္စတာချန်ကို ပါဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ... စိတ်ဝင်စားမလားခင်ဗျ... ]
“လူလိမ်ဖုန်းပဲ...” ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း ဖုန်းချလိုက်၏။
မနက်ဖြန်တွင် လီချင်းရန် အခက်အခဲကို ကျော်လွှားနိုင်ရန် မည်သို့ ကူညီရမည်ကို သူ စိတ်ပူနေသည်။ သူ ပိုက်ဆံလည်း ကုန်လုနီးပါး ဖြစ်နေပြီး ထိုဂိမ်းစုတ်က သူ့ကို ငွေပိုသုံးရန် နည်းလမ်းရှာမည်မှာ သေချာသည်။ အလိမ်အညာ ဖုန်းခေါ်ဆိုမှုများအတွက် အချိန်ဖြုန်းစရာ မရှိနေပေ။
ယခင်ကဆိုလျှင် သူက ထိုလူလိမ်များကို ဘဝနှင့် ဒဿနအကြောင်း တစ်နာရီလောက် ဟောပြောပစ်ရန် စဉ်းစားခဲ့ဖူးသည်။
ဖုန်းက ထပ်မြည်လာ၏။
ချန်ဟွိုက်အန်က ခေါ်ဆိုသူ၏အမည်ကို ကြည့်လိုက်ပြီး ပြုံးကာ ဖုန်းကို ကိုင်လိုက်သည်။
ကောင်းပြီလေ။ မင်းတို့က ထပ်ဆက်တယ်ပေါ့။ ဒီနေ့ အင်မော်တယ်ချန်က ဓားကို ချထားပြီး အသက်တွေကို ချမ်းသာပေးဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ မင်းတို့တွေက အေးအေးဆေးဆေး မနေချင်မှတော့ တွေ့ကြသေးတာပေါ့။
[ မစ္စတာချန်။ ဖုန်းမချပါနဲ့။ ကျွန်တော်တို့ လိမ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က နာမည်ကြီးများနှင့်စွန့်စားခန်းလို့ခေါ်တဲ့ အပြင်ဘက် ရသစုံရှုံးပွဲကပါ။ ကျွန်တော်တို့ ဒါရိုက်တာက မစ္စတာချန်ရဲ့ ထိုက်ရှန်းတောင် စိန်ခေါ်မှု ဗီဒီယိုဗလော့ခ်ကို အရမ်း စိတ်ဝင်စားနေပါတယ်။ ကျွန်တော်တို့ရဲ့ ရသစုံရှုံးပွဲကို တရားဝင် ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့မှာ နာမည်ကြီး လူငယ် သရုပ်ဆောင်တွေနဲ့ အိုင်ဒေါတွေ အတော်များများ ပါဝင်ပြီးတော့ မန်းဂိုးတီဗီမှာလည်း အဆင့်က အတော်လေး ကောင်းပါတယ်။ မစ္စတာချန် ပါဝင်ရင် တိုက်ရိုက်ထုတ်လွှင့် အကောင့်အတွက် ကြော်ငြာသလို ဖြစ်စေမှာပါ။ ပရိသတ်တွေ အများကြီး ရမယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စပါ ]
ချန်ဟွိုက်အန်က မျက်လုံးများကို မှေးစင်းလိုက်ပြီး ထိုကိစ္စမှာ မရိုးရှင်းကြောင်း ခံစားမိလိုက်သည်။
သူက ချက်ချင်းပင် ဟိုတယ်ကွန်ပျူတာကို ဖွင့်ကာ အွန်လိုင်းတွင် ရှာဖွေလိုက်ရာ ထိုရှိုးပွဲက တကယ်ရှိနေပြီး အတော်လေး နာမည်ကြီးကြောင်း တွေ့ရှိလိုက်သည်။
ရှိုးပွဲ၏ ပုံစံမှာ နာမည်ကြီး လူငယ် အုပ်စုတစ်စုကို ခေါ်ဆောင်ကာ အပြင်ဘက် စိန်ခေါ်မှုများ ဖြစ်သည့် တောင်တက်ခြင်း၊ ရေငုပ်ခြင်း၊ ဘန်ဂျီကြိုးခုန်ခြင်း၊ တောရိုင်းထဲတွင် ရှင်သန်ခြင်းနှင့် အခြားအရာများကို လုပ်ဆောင်စေခြင်းပင်။ ၎င်းသည် ကြယ်ပွင့်များအတွက် ရဲစွမ်းသတ္တိရှိသော ပုံရိပ်ကို ဖန်တီးရန်အတွက် အကောင်းဆုံး ဖြစ်သည်။
မှန်ပေသည်။ ၎င်းက အလိုလိုက်ခံရပြီး ပျက်စီးနေသောသူများကိုလည်း ဖော်ထုတ်ပြသ၏။
ဒါပေမဲ့ ဘာလို့ ငါ့ကို ဖိတ်တာလဲ။ ငါက နာမည်ကြီး မဟုတ်ပါဘူး။
သူ ဆက်လက် ဝေခွဲမရဖြစ်နေချိန်မှာပင် သူ၏ တိုက်ရိုက်လွှင့် အကောင့်ကို ဖွင့်ကြည့်လိုက်ရာ လုံးဝ အံ့အားသင့်သွား၏။
သူ ပေါ့ပေါ့ပါးပါး တည်းဖြတ်ခဲ့သော ဗီဒီယိုဗလော့ခ်က ကြည့်ရှုသူ သန်း၁၀၀ကျော်၊ ကြိုက်နှစ်သက်သူ ၇သန်းကျော် ရရှိထားပြီး မှတ်ချက်များနှင့် သီးသန့် မက်ဆေ့ခ်ျများ အလွန် များပြားနေသည်။ ပမာဏများလွန်း၍ သူ၏ လည်ပတ်မှုပင် နှေးနေ၏။
“လခွမ်းတဲ့မှ... ငါ နာမည်ကြီးသွားတာလား။”
ချန်ဟွိုက်အန်ကသူ၏ ဖော်လိုဝါ အရေအတွက်ကို ကြည့်လိုက်ရာ ၂သိန်း ၇သောင်းအထိ မြင့်တက်လာသည်ကို မြင်လိုက်ရပြီး အံ့အားသင့်နေခဲ့သည်။
၎င်းမှာ အင်တာနက်၏ အစွမ်းပင်။
သူ သက်ပြင်းချလိုက်မိသည်။
ကံကြမ္မာက မတည်မြဲပေ။ ယခုခေတ် ကောလိပ်ကျောင်းဆင်းများက အင်ဖလူအင်ဇာများ ဖြစ်ချင်ရခြင်းမှာ အံ့သြစရာ မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ ပုံမှန် အလုပ်လုပ်နေခြင်းက လမ်းပိတ်နေသည်။ အွန်လိုင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်းကတော့ မျှော်လင့်ချက် အနည်းငယ် ရှိနေသေး၏။ အဓိကအချက်မှာ ၎င်းက စိတ်ဝင်စားမှု နယ်ပယ် ကျယ်ပြန့်ခြင်းပင်။ ကြိုက်သောအရာကို လုပ်ဆောင်နိုင်၏။ ငွေရလျှင် ကောင်းပေသည်။ မရလျှင်ပင် ဘဝက အဓိပ္ပာယ် မဲ့သွားမည် မဟုတ်ပေ။
သူ၏ ဗီဒီယိုဗလော့ခ်က အခြား နာမည်ကြီး အကြောင်းအရာဖြစ်သော ထိုက်ဆန်းတောင်တွင် တက်လှမ်းခြင်း တံလျှပ်နှင့်အတူ ရေပန်းစားနေသည်။
ကျွမ်းကျင်သူများက ဖြေရှင်းချက်ပေးခဲ့ပြီးဖြစ်သည်။ ရှန်ဟိုင်းရှိ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့က သမိုင်းဝင် ဒရာမာတစ်ခုကို ရိုက်ကူးနေပြီး လေထုဆိုင်ရာ အလင်းယိုင်မှု ဖြစ်စဉ်များက ၎င်းတို့၏ မြင်ကွင်းကို ထိုက်ရှန်းတောင်ထိပ်ပေါ်သို့ ပုံရိပ်ထင်စေခဲ့သည်။ ၎င်းကို သက်သေပြရန်အတွက် ၎င်းတို့က ထိုက်ရှန်းတောင်တွင် တက်လှမ်းခြင်းကို ရိုက်ကူးနေသည်ဟု ဆိုသော ဒရာမာ အဖွဲ့သားများကိုပင် ပြသခဲ့ကြသည်။
ချန်ဟွိုက်အန် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအဖွဲ့မှာ နောက်ဆုံးမှ အလျင်စလို စုစည်းခဲ့ကြောင်း ချက်ချင်း သိလိုက်သည်။
သူတို့ ရွေးချယ်ထားသော ဧကရာဇ်သည် အမှန်တကယ်ပင် အနက်ရောင် ဘုရင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ချောမောသူ ဖြစ်သော်လည်း ထိုသူ၏ အရှိန်အဝါ လုံးဝ ကင်းမဲ့နေ၏။
အတိုချုပ်ပြောရရင် ရွှံ့ငါးနှင့် နဂါးစစ်စစ်ကဲ့သို့ ကွဲခြားနေသည်။ နှိုင်းယှဉ်စရာ မရှိပေ။
သူ၏ ဗီဒီယိုဗလော့ခ်နှင့် ဆက်စပ်သော အခြားရေပန်းစားသော အကြောင်းအရာများမှာ ကင်ဆာ အသိပညာပေးခြင်း၊ လူနာများ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရန် အားပေးခြင်း စသည်တို့ ဖြစ်သည်။ ၎င်းတို့အားလုံးက တုံ့ပြန်မှု များပြားပေသည်။
ယခုမှ အားလုံးကို နားလည်သွား၏။
သူ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် ထုတ်ကုန်များ ရောင်းချခြင်း သို့မဟုတ် အလှူငွေ တောင်းခံခြင်း မဟုတ်သလို သူ၏ ဗီဒီယိုဗလော့ခ်သည်လည်း ညည်းတွားသော ဇာတ်လမ်း မဟုတ်ခဲ့ပေ။ အစမှ အဆုံးအထိ သူ၏ အကြောင်းအရာက မယိမ်းမယိုင်သော ရုန်းကန် စိတ်ဓာတ်ကို ပုံဖော်ခဲ့လေသည်။
ရန်ပုံငွေရှာခြင်း သို့မဟုတ် ထုတ်ကုန်များ ရောင်းချခြင်းက မှားသည်ဟု မဆိုလိုပေ။ အပြင်းအထန် နာမကျန်းသူ အများအပြားက ဆေးကုသစရိတ်အတွက် ထိုနည်းလမ်းများကို အားထား နေရသည်။ သို့သော် ပရိသတ်များက ရင်းနှီးကျွမ်းဝင်လာပြီး ထုံထိုင်းသွားသည်။ လိမ်လည်မှုများ နေရာတိုင်းတွင် ရှိနေပြီး လူတို့၏ စာနာမှုကို လျော့နည်းစေခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ဗီဒီယိုဗလော့ခ်တို့သည် အသစ် ဖြစ်နေခဲ့သည်။ ၎င်းတို့က တူညီသော အမျိုးအစားရှိ အခြားအရာအားလုံးကို ချေမှုန်းပစ်ခဲ့သည်။ ပလက်ဖောင်း၏ တွန်းအားအနည်းငယ်ဖြင့် သူ၏ နာမည်ကျော်ကြားမှု ပေါက်ကွဲသွား၏။
သူ၏ အကြောင်းအရာက သုံးရက်သာ ရှိသေးသည်။ ထပ်မံ၍ ကြီးထွားရန် အလားအလာ ကြီးမားနေသေးသည်။
ထိုရသစုံရှုံးပွဲက ထိုလှိုင်းကို စီးနင်းရန် ကြိုးစားနေသည်မှာ ထင်ရှား၏။
ဟား။ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်တဲ့လား။ သူတို့ ငါ့ကို အခမဲ့ ကြော်ငြာအတွက် နို့ညှစ်ဖို့ ကြိုးစားနေတာနဲ့ ပိုတူနေတယ်။
သောက်ရမ်း ခေါင်းပုံဖြတ်တဲ့ကောင်တွေ။ လုံးဝကို ပုပ်သိုးနေတာပဲ...
“ကျွန်တော် ဘယ်ရသစုံရှုံးပွဲကိုမှ ပါဝင်ဖို့ စိတ်မဝင်စားပါဘူး။” ချန်ဟွိုက်အန် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ “ကျွန်တော်က ကျန်ရှိတဲ့ဘဝကို အေးအေးချမ်းချမ်း နေထိုင်သွားချင်ရုံပါ။”
ဖုန်း၏ တစ်ဖက်မှ ပုဂ္ဂိုလ်က ရယ်လိုက်ပြီး ထိုတုံ့ပြန်မှုကို မျှော်လင့်ထားပုံရသည်။
[ မစ္စတာချန်။ ကုသမှု ခံယူဖို့ အခွင့်အရေးကို ဘယ်သူက မလိုချင်ပါ့မလဲ။ မစ္စတာချန် ပါဝင်ဖို့ သဘောတူမယ်ဆိုရင် ကျွန်တော်တို့က ယွမ်၅သိန်းကို ပါဝင်ခအဖြစ် ပေးပါ့မယ် ]
“ဘယ်လောက်...”
ချန်ဟွိုက်အန်၏ မျက်လုံးများ ချက်ချင်းပင် ရွှေဒင်္ဂါးနှစ်ပြား ဖြစ်သွား၏။
[ ယွမ်၅သိန်းပါ။ ဒါက ဒီရာသီအတွက် အပြီးအပိုင် ဝယ်ယူတဲ့ ပါဝင်ခပါ။ ကျွန်တော်တို့ တစ်ရာသီမှာ သုံးပိုင်း ရိုက်ကူးပါတယ်။ မစ္စတာချန် နောက်ထပ် အပိုင်းတွေမှာ ပါပါ မပါပါ၊ စာချုပ် ချုပ်လိုက်တာနဲ့ ပိုက်ဆံကို ချက်ချင်း လွှဲပေးမှာပါ ]
ချန်ဟွိုက်အန်က သူ့စိတ်သူ အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်သည်။
ယွမ်၅သိန်း။ ထိုအရာက ဒုတိယ သို့မဟုတ် တတိယအဆင့် နာမည်ကြီးများရဲ့ ပါဝင်ခပင်။
ထုတ်လုပ်သူများက သူ၏ နာမည်ကျော်ကြားမှုကို အရင်းပြုရန် အမှန်ပင် စိတ်အားထက်သန် နေကြောင်း ထင်ရှားသည်။
မည်သို့ပင် ဆိုစေကာမူ ရသစုံရှုံးပွဲများတွင် ပါဝင်နိုင်ရန်အတွက် လူသစ် သရုပ်ဆောင် အများအပြားက ငွေပေးရသည်။ အမှန်တကယ် ပါဝင်ခ ရရှိခြင်းက ရှားပါး၏။
[ ဒါဆို မစ္စတာချန်က ဘယ်လို သဘောရလဲ မသိဘူး... ]
ချန်ဟွိုက်အန်က အမြဲပင် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေများကို ယုံကြည်သည်။
အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပျံ့နှံ့သွား၏။ “အဆင်ပြေပါတယ် ဒါဆို ဒီအပိုင်းရဲ့ အဓိက အကြောင်းအရာက ဘာများလဲ...”