← Chapters

ချင်းယွန်ဂိုဏ်းသို့ ပြန်လာခြင်း

Vol. 4 Ch. 37

ချင်းယွန်ဂိုဏ်းသို့ ပြန်လာခြင်း

Vol. 4 Ch. 37

ဆရာဝန်၏ စကားများက ရှင်းလင်းလှသည်။

လွယ်လွယ်ပြောရလျှင် - ကောင်လေး။ မင်းမှာ အချိန် သိပ်မကျန်တော့ဘူး။ မသေခင် ပိုက်ဆံတွေ အကုန် သုံးပစ်လိုက်။ မဟုတ်ရင် တခြားသူတွေ ရသွားလိမ့်မယ်။

ချန်ဟွိုက်အန် ဟိုတယ်သို့ ပြန်လာချိန် ည၉နာရီ ကျော်နေပြီ ဖြစ်သည်။

“စိတ်မကောင်းစရာပဲ။ ဒီရောဂါကို မကုနိုင်ဘူးဆိုရင် ပိုက်ဆံရှာတာ အလကားပဲ။” သူ ရေရွတ်ရင်း ဂိမ်းကို ဖွင့်လိုက်သည်။

လီချင်းရန်က တရားထိုင်ခြင်းကို အဆုံးသတ်ပြီး ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လရောင် အောက်ရှိ ညကို ငေးကြည့်နေသည်ကို သူ တွေ့လိုက်ရ၏။

ဒီကောင်မလေးက မနက်ဖြန်အတွက် စိတ်ပူနေတဲ့ပုံပဲ။

ဒါပေမဲ့ ဘာမှ စိတ်ပူစရာ မလိုဘူး။

ဘာလို့လဲဆိုတော့ ယခု ငါ့ဘဏ်အကောင့်ထဲမှာ ယွမ်၅သိန်း ရှိနေလို့ပဲ။

ထိုဂိမ်းအတွက် ယွမ်၅သိန်းသည် ကြီးမားသော ကြွယ်ဝမှုတစ်ခု ဖြစ်နေလေပြီ။ ထိုအရာက အရာရာတိုင်းကို လုပ်ဆောင်နိုင်လောက်သည်။ အင်မော်တယ်အဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ‌ဆေးလုံး တစ်လုံးတည်းကိုပင် ယွမ်တစ်သိန်းသာ ကုန်ကျသည်။ ယွမ် ၅သိန်းက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အသက်ကိုပင် ဝယ်နိုင်လောက်၏။

“ငါ့အတွက်လည်း ပိုက်ဆံပေးပြီး အသက် အသစ် ဝယ်လို့ရရင် ကောင်းမယ်။” ချန်ဟွိုက်အန်က သက်ပြင်းချလိုက်သည်။

ကံဆိုးစွာပင် သူ၏ ဘဝက ဂိမ်းမဟုတ်ပေ။ သူ၏ ကံကြမ္မာကို ပြောင်းလဲပေးမည့် ကောင်းကင်ကို ဆန့်ကျင်သော ပစ္စည်းများကို ပေးမည့်သူလည်း ထိုဂိမ်းအပြင်ဘက်တွင် မရှိပေ။

မနက်ဖြန်တွင် လီချင်းရန်က ချင်းယွန်ဂိုဏ်းသို့ ပြန်သွားလိမ့်မည်။

သူက ထျန်းမင်တောင်သို့ ရသစုံရှုံးပွဲ ရိုက်ကူးရန် သွားရပေမည်။

“နောက်ဆုံးတော့လည်း ကံကြမ္မာကို ပြောင်းလဲဖို့က ငါ့အပေါ်မှာပဲ မူတည်တာပဲ။ အနည်းဆုံး အခု ငါ့မှာ ယွမ်၅သိန်း ရှိနေတယ်။ အရင်က အိပ်မက်တောင် မမက်ရဲခဲ့တဲ့ အရာတွေကို လုပ်နိုင်စေတဲ့ ပိုက်ဆံပဲ။ ပြောရရင်... ဒါကလည်း ကံကြမ္မာကို ပြန်ရေးသားတာမျိုး မဟုတ်ဘူးလား...”

ခုတင်ပေါ်တွင် လှဲနေရင်းနှင့် မျက်နှာကြက်ကို စိုက်ကြည့်ကာ ချန်ဟွိုက်အန်က သူ့ကိုယ်သူ ပြောလိုက်သည်။

သူ၏ စိုးရိမ်ပူပန်မှုများက လျင်မြန်စွာ ပျောက်ကွယ်သွား၏။

သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့ပေ။

ယခုမှစ၍ ရှေ့ဆက်လှမ်းတိုင်းက ကောင်းချီးမင်္ဂလာ တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။

“ဟူး... အခုတော့ ဘာမှ လုပ်စရာ မရှိသေးဘူး... အဲဒီကြောင်နက်ကို အပ်စိုက်ကုသမှု လုပ်ပေးလိုက်ဦးမယ်။”

သူက အခန်းထဲတွင် သက်ရှိသတ္တဝါ တစ်ကောင် ရှိနေသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။ သူက ဖိနပ်ဘူးထဲသို့ လက်လှမ်းလိုက်ပြီး ကြောင်နက်ကို ဆွဲထုတ်လိုက်သည်။

ကြောင်က အိပ်ပျော်နေ၏။ ချန်ဟွိုက်အန်က ဆိုဖာပေါ် တင်လိုက်သောအခါ မျက်လုံးများ ရီဝေနေဆဲ ဖြစ်သည်။ သို့သော် မကြာမီ တုံ့ပြန်လိုက်ပြီး သနားစရာကောင်းသော “မြှောင်”အသံ ပြုလုပ်ကာ နှစ်လှမ်း လှမ်းလိုက်ပြီး သူ့ဘက်သို့ လှည့်ကာ ထပ်မံ အသံပေးလိုက်သည်။

ချန်ဟွိုက်အန် ထိုအရာကို ခုခံနိုင်မည်လား...

ကြောင်၏ နာနေသော ခြေထောက်ကို စိုက်ကြည့်ရင်း သူက မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။

“ဘယ်အပ်စိုက်နည်းကို သုံးရမလဲ။ သွေးကြောဖွင့်အပ်ပညာရပ်က အရင်တစ်ခါ အလုပ် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အန္တရာယ် ရှိနိုင်တယ်။ ဒါပေမဲ့ နေဦး.. ဒီကြောင်က ခြေနာနေပြီးသားပဲ။ အဆိုးဆုံး ဘာဖြစ်နိုင်မှာလဲ။ ပြီးတော့ ငါ့ကံက အဲဒီလောက်လည်း မဆိုးနိုင်ပါဘူး...”

ကြောင်နက်လည်း အတွေးနက်နက်နှင့် ချန်ဟွိုက်အန်ကို စိုက်ကြည့်နေ၏။

[ ဟီးဟီး... ဒီဘုရင်က ချစ်စရာကောင်းတယ် မဟုတ်လား။ ဒီဘုရင်ရဲ့ ဒဏ်ရာတွေကို မြန်မြန် ကုသပေးလိုက်။ ငါ ပြန်ကောင်းတာနဲ့ မင်းရဲ့ ဘဏ္ဍာတွေကို ခိုးဖို့ အခွင့်အရေး ပိုများလာမယ်... ဟီးဟီးဟီး... ]

“ကောင်းပြီလေ။ သွေးကြောဖွင့်အပ်ပညာရပ်ကိုပဲ သုံးလိုက်မယ်။ ဒီလောင်းကြေးက အကျိုးအမြတ် ရှိမရှိ ကြည့်ရတာပေါ့။”

ချန်ဟွိုက်အန်က ငွေအပ်များကို ထုတ်ယူကာ ကြောင်နက်ကို အပ်စိုက်ကုသမှု စတင်လိုက်၏။

နာရီဝက်ကြာပြီးနောက်...

ကြောင်နက်က ယခုတွင် လုံးဝကို လေဖြတ်သွားပြီ ဖြစ်သော ညာခြေထောက်ကို စိုက်ကြည့်ရင်း အတွေးနက်နက် ရှိနေ၏။

[ ရှီး... မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဒါက မဟုတ်ဘူး... ]

[ ဧကန္တ... ဒီကောင်လေးက အပ်စိုက်နည်းကို တကယ် မသိတာများလား။ ဒါပေမဲ့ ငါ့ရဲ့ ခြေထောက်က ဒီမတိုင်ခင်အထိ ကောင်းနေခဲ့တာပဲ ]

သူက ဒဏ်ရာရဟန် ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ယခုမူ သူက အမှန်တကယ်ကို လေဖြတ်သွားလေပြီ။

အရိပ်တစ်ခုက သူ၏ အမြင်အာရုံကို လွှမ်းမိုးသွား၏။ ချန်ဟွိုက်အန်၏ ခံစားချက်မရှိသော မျက်နှာပင်။

“မင်းနဲ့ ငါ ဆုံတွေ့ဖို့ ရေစက်ပါလာခဲ့တာ။” ချန်ဟွိုက်အန်က အပြစ်ရှိသော စိတ်ကို ဖုံးကွယ်ရင်း လေးနက်စွာ ပြောလိုက်သည်။

ကြောင်နက်၏ ညာခြေထောက်က ယခုတွင် လုံးဝ ထုံကျင်နေ၏။ သစ်သားတုတ်ကဲ့သို့ လုံးဝ တောင့်တင်းနေကြောင်း သူ ပြောနိုင်သည်။

“ကံကြမ္မာက ငါတို့ကို ဆုံတွေ့စေခဲ့တာဆိုတော့ မင်းအတွက် ငါ တာဝန်ယူရမယ်။ ဒီနေ့ကစပြီး မင်းရဲ့နာမည်က ပါ့ကျီ ဖြစ်သွားပြီ။ လူ့လောကမှာ အိမ်မွေးတိရစ္ဆာန်ကို နာမည်ပေးတယ်ဆိုတာ ကိုယ့်အပိုင်အဖြစ် လက်ခံလိုက်တာကို ဆိုလိုတာပဲ။ ဒီနေ့ကစပြီးတော့ မင်းက ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းရမယ်။ ငါ စားတာကို မင်း စားရမယ်။ အစားရွေးတာမျိုး ခွင့်မပြုဘူး...”

ရေရွတ်နေရင်း ချန်ဟွိုက်အန်က လုံးဝ ဝေခွဲမရဖြစ်နေသော ပါ့ကျီကို ဖိနပ်ဘူးထဲသို့ ထည့်ကာ အဖုံးပိတ်လိုက်၏။

ကြောင်လေးတစ်ကောင်က ဘာကို နားလည်မှာလဲ...

သူ သွေးကြောဖွင့်အပ်ပညာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်သွားသည်နှင့် ခြေထောက်ကို ပြန်ပြင်ပေးမည် ဖြစ်သည်။

ထို့နောက်တွင် သူ၏ တုတ်ချောင်းကို ဆွဲယူကာ ပေါက်စီဝယ်ရန် တွဲလဲတွဲလဲဖြင့် အောက်ထပ်သို့ ဆင်းသွားခဲ့၏။

ယခုတွင် ပိုက်ဆံ ရှိနေပြီဖြစ်ရာ ပေါက်စီသက်သက်သာ ဝယ်တော့မည် မဟုတ်ပေ။ ကြက်ပေါင် တစ်ချောင်းလည်း ပါ၏။

ဒုန်း...

သူ့နောက်မှ တံခါးက ပိတ်သွား၏။

စားပွဲပေါ်တွင် ဖိနပ်ဘူး ရုတ်တရက် အပြင်းအထန် လှုပ်ခါသွားခဲ့သည်။

[ အား.... ငါ့ခြေထောက် ]

[ လူသားစုတ်။ မင်း စောင့်နေ။ ဒီဘုရင် အခွင့်အရေး ရတာနဲ့ မင်း ပြန်ပေးဆပ်စေရမယ် ]

သန်းခေါင်ယံ အချိန်တွင် ချန်ဟွိုက်အန် အိပ်ပျော်နေပြီး သူ၏ ဖုန်းမှာ ပုံရိပ်ယောင် ကောင်မလေး ဂိမ်းကို ဖွင့်ထားဆဲ ဖြစ်သည်။

ည၁၂နာရီ ထိုးသည်နှင့် စနစ် သတိပေးချက် တစ်ခု ပေါ်လာ၏။

[ ကျန်ရှိသော သက်တမ်း = ၇၂ ရက် ]

“ကြားမိကြလား။ လီချင်းရန်က ဂိုဏ်းကို ပြန်လာတော့မယ်တဲ့...”

“လီချင်းရန်က ဘယ်သူလဲ...”

“ချီရှောင်းတောင်ထိပ်က ညီမလေးကို ထိခိုက်အောင် လုပ်ခဲ့တဲ့သူလေ။ တမင် လုပ်ခဲ့တာလို့ ပြောကြတာပဲ။ အတော်လေး ပြင်းထန်တဲ့ ပြစ်မှုပေါ့။ သူ ဘယ်လိုများ ပြန်လာရဲတာလဲ...”

“တမင် လုပ်ခဲ့တာလားဆိုတာ အရေးကြီးလို့လား။ ဂိုဏ်းပြိုင်ပွဲတွေမှာ ဒဏ်ရာက အမြဲတမ်း ဖြစ်တတ်တာပဲ။ ချီရှောင်းတောင်ထိပ်က တကယ် အဲဒီလောက် ပိုလွန်းတာလား...”

“ရှူး... မပြောနဲ့တော့။ သူ ရောက်လာပြီ။”

မျက်လုံးအားလုံးက ချင်းယွန်ဂိုဏ်း၏ ဝင်ပေါက်ဆီသို့ လှည့်သွားကြသည်။

ခဏကြာသော် သွယ်လျသော ပုံရိပ်တစ်ခု ထိုနေရာတွင် ပေါ်လာခဲ့သည်။

သူက အပြာနှင့် အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည် အနက်ကို နောက်ဘက်တွင် အဖြူရောင် ဖဲကြိုးဖြင့် စည်းနှောင်ထား၏။ ညာလက်တွင် ဖျော့တော့သော လရောင်ရှိနေသည့် ဓားပျံတစ်လက်ကို ကိုင်ဆောင်ထားသည်။ မနက်ခင်း လေပြေ တိုက်ခတ် လာသောအခါ ဆံပင်နှစ်စက သူ၏ နဖူးပေါ်တွင် အနည်းငယ် လွင့်တက်သွားပြီး သူ၏ ဝတ်ရုံနှင့် ဓားမြိတ်မှာ ညင်သာစွာ လှုပ်ခါနေတော့သည်။

သူ၏ ခြေလှမ်းက အထူးတလည် မမြန်သော်လည်း ခဏလေးအတွင်း သူက ဂိုဏ်း၏ ပင်မရင်ပြင်သို့ ရောက်ရှိလာခဲ့သည်။

“ဒါက လီချင်းရန်လား...”

“မုပိုင်ရွှမ်က ဂိုဏ်းမှာ အလှဆုံးလို့ လူတွေ အမြဲပြောနေကြတယ်... လီချင်းရန်က သူ ချီရှောင်း တောင်ထိပ်မှာ နေရာယူသွားတာကို မနာလိုလို့လို့ ပြောကြတယ်... ဒါပေမဲ့ အခု ကြည့်လိုက်ရင် လီချင်းရန်က မုပိုင်ရွှမ်ထက် အများကြီး ပိုလှနေတယ်...”

“ဟဲဟဲ... လီချင်းရန်က မုပိုင်ရွှမ်ထက် အမြဲ ပိုလှပါတယ်။ သူ ဂိုဏ်းကနေ နှင်ထုတ်ခံရတုန်းက ငါတောင် နှမြောမိသေးတယ်...”

လီချင်းရန်က ရင်ပြင်အလယ်တွင် ရပ်နေပြီး ပတ်လည်မှ အကြည့်များကို ရင်ဆိုင်လိုက်သည်။

ချင်းယွန်ဂိုဏ်းတွင် တပည့်ပေါင်း ၁၂၀၀ခန့် ရှိပြီး သူက သူတို့၏ တီးတိုးပြောဆိုမှုများကို ရှင်းရှင်းလင်းလင်း ကြားနိုင်၏။

သူတို့ ဘာပြောမှန်းသာ အတိအကျ မသိပေ။

ကောင်းသောအရာတော့ မဖြစ်နိုင်ပေ။

လီချင်းရန်။ ဘာမှ ကြောက်စရာ မရှိဘူး။

သူက စုရွှမ်ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ရာ ၎င်း၏ ရေခဲကဲ့သို့သော ကိုယ်ထည်က သူ၏ လက်ဖဝါးကို ကိုက်နေသလို ဖြစ်နေ၏။

နှစ်ထောင်ချီကြာ သံနက်ဖြင့် ထုလုပ်ထားသော ဓားသွားက ဓားအိမ်မှတဆင့်ပင် မှေးမှိန်သော နှင်းခဲကဲ့သို့ အေးစက်မှုကို ထုတ်လွှတ်ပြီး မနက်ခင်း မြူခိုးများနှင့် ပေါင်းစပ်နေသည်။

ဒါပေမဲ့ သူက အအေးဓာတ် မခံစားရပေ။

ဆန့်ကျင်ဘက် အနေဖြင့် သူ၏ နှလုံးသား ပိုမို၍ တည်ငြိမ်လာခဲ့သည်။

သူက ထိုနေရာတွင် တစ်ယောက်တည်း ရပ်နေခြင်း မဟုတ်ပေ။

သူက အထောက်အပံ့မဲ့သူ မဟုတ်ပေ။

သူ၏ စီနီယာပုံရိပ်ကို မမြင်နိုင်သော်လည်း နူးညံ့သော အကြည့်က သူကို စောင့်ကြည့်နေသည်ကို ခံစားမိနိုင်သည်။

နေ့တိုင်း ညတိုင်း သူ လေ့ကျင့်နေစဉ်၊ စားသောက်နေစဉ်၊ အိပ်နေစဉ်၊ ရေချိုးနေစဉ်ပင် ထိုအကြည့်က အမြဲပင် ရှိနေခဲ့သည်။

ပထမတော့ သူက ရှက်နေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုသို့ မရှိနေပါက သူ စိတ်မသက်မသာ ဖြစ်ရကြောင်း တွေ့ခဲ့သည်။

တဖြည်းဖြည်းနှင့် သူက စီနီယာအပေါ် လုံးလုံးလျားလျား မှီခိုနေခဲ့လေပြီ။

ထိုအရာက မကောင်းမှန်း သူ သိသော်လည်း ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ပေ။

သူ စောင့်နေခဲ့သည်။

အချိန် ကုန်လွန်သွားပြီး နေမင်းက အနည်းငယ် ရွေ့လျားသွားနေသည်။

ဂိုဏ်းအကြီးအကဲများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ အဓိက ခန်းမ၏ တံခါးများ ပွင့်လာပြီး ဂိုဏ်းချုပ် ဝူတွမ်ထျန်းက တိုက်ရိုက်တပည့် သုံးဦး ဝန်းရံလျက် ထွက်ပေါ်လာသည်။

ချီရှောင်း တောင်ထိပ်မှ အလင်းတန်းငါးခု ထွက်ပေါ်လာသည်။

အပြာရောင် ဓားပျံ တစ်လက်က တာအိုပညာရှင် ချင်းရွှမ်းကို သယ်ဆောင်လာကာ ပထမဆုံး ဆင်းသက်လာသည်။ သူ့နောက်တွင် ရှောင်ယိဖုန်း၊ ယွင်ကျိမိုနှင့် ကျန်းဟန်ရှောင်တို့သည် ဓားပျံများမှ ရင်ပြင်ပေါ်တွင် ဆင်းသက်လာကြသည်။

လုချန်ထျန်းက နောက်ဆုံးမှ ရောက်ရှိလာသူဖြစ်ပြီး သူ၏နောက်တွင် မုပိုင်ရွှမ် ထိုင်နေသည်။

လီချင်းရန်က မုပိုင်ရွှမ်နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

မုပိုင်ရွှမ်က လန့်သွားပြီး ချက်ချင်းပင် လုချန်ထျန်း၏ နောက်တွင် ပုန်းလိုက်၏။

ရုတ်တရက်...

မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံက ရင်ပြင်ကို တုန်ခါသွားစေပြီး လီချင်းရန်၏ နားများကို အူသွားစေသည်။

“လီချင်းရန်။ မင်းရဲ့ အပြစ်တွေကို သိရဲ့လား...”

All Chapters