ဘယ်သူ လုပ်ရဲလဲ ကြည့်တာပေါ့
Vol. 4 Ch. 38
ပြောလိုက်သူမှာ တာအိုပညာရှင် ချင်းရွှမ်း ဖြစ်သည်။
လီချင်းရန်က တာအိုပညာရှင် ချင်းရွှမ်း၏အကြည့်ကို အေးစက်စွာ ဆုံလိုက်ပြီး ပြောသည်။ “ကျွန်မ လီချင်းရန်က အပြစ်မရှိပါဘူး...”
ခဏတာအတွင်း ခန်းမဆောင်ကြီး အရှေ့ရှိ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း လီချင်းရန်ကို အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေကြ၏။
အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူကို ဆန့်ကျင်ဖို့ သူ ဘယ်ကနေ သတ္တိတွေ ရလာတာလဲ...
အတွင်းစည်းတပည့် အများစုအတွက် တာအိုပညာရှင် ချင်းရွှမ်း ကဲ့သို့သော အကြီးအကဲ တစ်ဦးသည် သဘာဝတရား၏ အမိန့်နှင့်တူသော ရိုသေလေးစားခံရသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အရေးမကြီး။ သူ၏ စကားက ဥပဒေ ဖြစ်ပြီး မေးခွန်းမထုတ်ဘဲ နာခံရမည်ဖြ စ်သည်။
တစ်ခုခု မတရားဘူးဟု ထင်လျှင် နောက်မှ ရှင်းပြရန် နည်းလမ်းများ ရှိပေသည်။ သို့သော် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူကို ထိုကဲ့သို့ တိုက်ရိုက် ရင်ဆိုင်ခြင်းက သေခြင်းကို ဖိတ်ခေါ်နေခြင်းနှင့် မခြားနားပေ။
အာဏာကို မေ့ထား။ အကြွင်းမဲ့စွမ်းအားက ဒီနေရာတွင် တကယ့် ဥပဒေ ဖြစ်သည်။
အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးက ကျင့်ကြံခြင်းအဆင့်ဖြင့် ဖိနှိပ်လိုလျှင် ဘာများ လုပ်နိုင်မည်နည်း။
ဂိုဏ်းချုပ် ဝူတွမ်ထျန်း ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။ “လီချင်းရန် မှာ ချီးကျူးစရာ စိတ်ဓာတ်ရှိတယ်။ အကြီးအကဲ ချင်းရွှမ်းရဲ့ ဖိအားအောက်မှာတောင် သူက တည်ငြိမ်နေတုန်းပဲ။ ဒါပေမဲ့ သူက အရမ်း တင်းမာလွန်းတယ်။ မနူးညံ့တဲ့အရာတွေက ကျိုးပဲ့သွားတတ်တယ်။ သူက ကျင့်ကြံခြင်း လောကမှာ ရှင်သန်ဖို့ မသင့်တော်ဘူး...”
“အပြစ်ကင်းတယ် ဟုတ်လား။” တာအိုပညာရှင် ချင်းရွှမ်း ဒေါသတကြီး ရယ်လိုက်သည်။ “မင်းရဲ့ အကြီးအကဲတွေကို ဆန့်ကျင်ရဲတယ်လား။ အဲဒါ တစ်ခုတည်းကိုက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ ငါ့ရှေ့မှာ ဒူးထောက်စမ်း...”
ဘုန်း...
ကြောက်မက်ဖွယ် ဖိအားတစ်ခုက လီချင်းရန် အပေါ်သို့ ဆောင့်ကျလာခဲ့သည်။
သူက ကျစ်ကျစ်ပါအောင် အံကြိတ်ပြီး ခုခံနေသော်လည်း တစ်လက်မချင်းစီ ဖိအားပေးခံနေရပြီး ဒူးထောက်တော့မလို ဖြစ်နေသည်။ သို့သော် ထိုအချိန်တွင် နူးညံ့သော အင်အားတစ်ခုက သူ၏ ဒူးများကို ပံ့ပိုးပေးရန် ထွက်ပေါ်လာသည်။ ၎င်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး တာအိုပညာရှင် ချင်းရွှမ်း၏ ဖိနှိပ်သော အစွမ်းကို ခံနိုင်ရည် ရှိစေခဲ့သည်။
သူပဲ...
လီချင်းရန်၏ နှလုံးသား နွေးထွေးသွား၏။ မျှော်လင့်ထားသည့်အတိုင်း သူ ရောက်လာခဲ့လေပြီ။
သို့သော် ချင်းယွန်ဂိုဏ်းတွင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ၇ဦးနှင့် အနှစ်သာရ ဖွဲ့စည်းခြင်းကျင့်ကြံသူ တစ်ဒါဇင်ကျော် ရှိသည်။ စီနီယာသာ သူ့အတွက် ဝင်ရောက်ပါက အန္တရာယ် မဖြစ်နိုင်ဘူးလား...
သူက စီနီယာအပေါ် မှီခိုနေသော်လည်း စီနီယာ၏ လုံခြုံရေးအတွက် အမြဲပင် စိုးရိမ်နေမိသည်။
စီနီယာကို ကျွန်မ ထပ်ပြီးတော့ ဒုက္ခပေးမိပြန်ပြီ...
[ ကိစ္စမရှိပါဘူး... ]
အေးစက်သော အသံတစ်ခုက သူ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
[ ငါ ဒီနေရာမှာ ရှိနေသရွေ့ ဘယ်သူ မင်းကို စော်ကားရဲလဲ ]
ဂိမ်းထဲမှာ ချန်ဟွိုက်အန်က အထက်စီးမှ ဖြစ်နေသည်။
ဂိမ်းအပြင်ဘက်မှ ချန်ဟွိုက်အန်မှာမူ လုံးဝကို အံ့အားသင့်နေ၏။
လွန်ခဲ့သော ၁၀မိနစ်က...
လီချင်းရန် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူ မျှော်လင့်ထားသည့်အတိုင်း သတိပေးချက် ဝင်းဒိုးများစွာက ဖုန်းမျက်နှာပြင်ပေါ်သို့ လွှမ်းမိုးလာခဲ့သည်။
[ အဓိကတာဝန် (၁.၀) စတင်ပါပြီ။ လီချင်းရန်ကို ချီရှောင်းတောင်ထိပ်နှင့် ဆက်ဆံရေး ဖြတ်တောက်ပြီး ထိုအန္တရာယ်ကို ကျော်လွှားနိုင်ရန် ကူညီပါ။ (ယခုတာဝန်က အလွန် ခက်ခဲသည်။ မအောင်မြင်ပါက သင်၏ ပုံရိပ်ယောင် ကောင်မလေး လီချင်းရန်သည် ချီရှောင်းတောင်ထိပ်တွင် ဆက်လက် ရှိနေပြီး နောက်ဆုံးတွင် ဂိုဏ်း၏ အကျဉ်းထောင်ထဲ၌ သေဆုံးရပါလိမ့်မည်) ]
[ ကျေးဇူးပြု၍ သင်၏ ဂိမ်းဇာတ်ကောင်ကို ဖန်တီးပါ ]
ချန်ဟွိုက်အန်၏ ပါးစပ် တွန့်သွားခဲ့သည်။
မယုံနိုင်စရာပဲ...
ဒီဂိမ်းအတွက် ယွမ် တစ်သိန်းကျော် သုံးပြီးမှ ဇာတ်ကောင် ဖန်တီးခွင့် ပေးတာလား...
ထိုဂိမ်းစုတ်က ထိုဝင်းဒိုးသာ မပေါ်လာခဲ့လျှင် ဇာတ်ကောင် ဖန်တီးနိုင်မှန်းပင် သိလိမ့်မည် မဟုတ်ပေ။ သူ၏ ဇာတ်ကောင်က ပုံသဏ္ဌာန်မရှိသော ဝိညာဉ်စွမ်းအင် တစ်ခုမျှသာ သို့မဟုတ် ပိုဆိုးသည်မှာ ပျံဝဲနေသော လက်တစ်စုံမျှသာဟု သူ ထင်နေခဲ့သည်။
“ဘာတွေ ဖြစ်မလဲ ကြည့်ရသေးတာပေါ့...”
ချန်ဟွိုက်အန်က ဇာတ်ကောင်ဖန်တီးရေး အကွက်ကို ဖွင့်လိုက်ရာ စိတ်ကြိုက် ပြုပြင်မှု ရွေးချယ်စရာများ အတော်လေး နည်းပါးကြောင်း တွေ့လိုက်ရသည်။ သူ၏ လက်ရှိ ပုံပန်းသဏ္ဌာန်ကိုသာ အသေးစား ပြင်ဆင်မှုများ ပြုလုပ်နိုင်သည်။ ကံကောင်းစွာဖြင့် သူက အတော်အတန် ကြည့်ကောင်းသည်။ အနည်းငယ် ပြင်ဆင်ပြီးနောက် သူက အင်မော်တယ် အရှိန်အဝါ အနည်းငယ် ရရှိခဲ့သည်။
သူက ဆံပင်ပုံစံ အပိုင်းသို့ ပွတ်ဆွဲလိုက်၏။
သူ၏လက် ရပ်တန့်သွားခဲ့သည်။
[ အချိန်အကန့်အသတ် ကမ်းလှမ်းချက် – နတ်ဘုရားလွင့်မျောဆံပင်ဖြူ - ဝူရွှမ်။ တစ်ကြိမ် ဝယ်ယူပြီး အမြဲတမ်း အသုံးပြုပါ။ ၉၉၈ယွမ်သာ။ အဆင့်မြင့် ဆံပင်ဖြူပုံစံကို ယနေ့ပဲ ယူသွားလိုက်ပါ ]
“...ဘာလားဟ။”
ချန်ဟွိုက်အန်၏ မျက်နှာအမူအရာ မယုံနိုင်လောက်အောင် ရှုပ်ထွေးသွား၏။
သူက ထိုနေရာတွင် ဂိမ်းက ပိုက်ဆံတောင်းခြင်းများကို တွန်းအားပေးမည် မဟုတ်ဟု ယူဆခဲ့သော်လည်း ၎င်းက ဟန်ပင်မဆောင်ခဲ့ပေ။
ဆံပင်ဖြူ ပုံစံပေါင်း တစ်ရာကျော် ရရှိနိုင်၏။
ဆံပင်ဖြူမျှသာ မဟုတ်ပေ။ ရွှေရောင်၊ အနီရောင်၊ ငွေရောင်နှင့် မတူညီသော ဆံပင်ပုံစံ ထောင်ပေါင်းများစွာပင် ရှိနေသေးသည်။
အချိန်အကန့်အသတ်ရှိ ဆံပင်ဖြူဟု ခေါ်သော ပုံစံက အမှန်တကယ်တော့ ဈေးအသက်သာဆုံး ရွေးချယ်မှု ဖြစ်သည်။ ၎င်းက ဝေဝူရွှမ်၏ ဆံပင်ပုံစံနှင့် အလွန်တူပြီး အဖြူရောင် ဆိုးထားခြင်းသာ ဖြစ်သည်။
သူ စမ်းကြည့်လိုက်၏။
လုံးဝကို ရင်သပ်ရှုမောဖွယ် ကောင်းနေလေသည်။
“၉၉၈ယွမ်... မဆိုးပါဘူး။ ၉၉၉၈တန်တဲ့ ဟာတွေထက် အများကြီး သက်သာတယ်။ ဝယ်မယ်...”
ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။ ဆံပင်ဖြူ ဇာတ်ကောင်များကို အလေးထားသော ပရိသတ် တစ်ဦးအနေဖြင့် အချို့သော စွန့်လွှတ်မှုများ ပြုလုပ်ရပေမည်။ ကံကောင်းစွာဖြင့် သူက ယခု ချမ်းသာနေပြီ ဖြစ်ရာ ထိုပမာဏက မပြောပလောက်ပေ။
နောက်တစ်ခုမှာ ဝတ်စုံများပင်။
ဝတ်စုံ မဝယ်ပါက သူသည် ပုံမှန်သစ်စေးဝတ်ရုံဖြင့်သာ ရှိနေမည် ဖြစ်သည်။ ကြီးမြတ်သော ဆရာကြီးတစ်ဦး၏ ပုံပန်းသဏ္ဌာန်နှင့် လုံးဝ မတူပေ။ လမ်းပေါ်က သူတောင်းစား တစ်ယောက်ထက်ပင် အနည်းငယ်သာ ပိုကောင်းနေလိမ့်မည်။
သူက သင့်လျော်သော ဝတ်ရုံကို ဝယ်ရန် လိုအပ်၏။
သေချာ ရွေးချယ်ပြီးနောက်တွင် သူက လက်ကောက်ဝတ်တွင် ရွှေရောင် နဂါးပန်းထိုးများ ပါသော အနက်ရောင် တာအိုဝတ်ရုံ တိကျွင်းကို ရွေးချယ်လိုက်သည်။ ဈေးနှုန်းမှာ ၃၉၈၈ယွမ် ဖြစ်ပြီး နောက်ထပ် အချိန်အကန့်အသတ် ကမ်းလှမ်းချက်ပင်။
အခြားသော တာအိုဝတ်ရုံများက ယွမ်တစ်သောင်းကျော် ကုန်ကျပြီး အထူးစွမ်းရည်များပါသော အချို့မှာ သိန်းနှင့်ချီ၊သန်းနှင့်ချီ ရှိသည်။ အချို့မှာ ဝယ်ယူရန် ဝိညာဉ်ကျောက်တုံးများပင် လိုအပ်သည်။ ၎င်းက မည်သို့ အလုပ်လုပ်ကြောင်း သူ မသိပေ။ မည်သို့ပင်ဆိုစေကာမူ သူက ၎င်းတို့ကို မတတ်နိုင်ပေ။
ယခု သူက စတိုင်ကျသော ဝတ်စုံနှင့် လွင့်မျောနေသော ဆံပင်ဖြူများ ရရှိပြီဖြစ်ရာ သူ၏ ဇာတ်ကောင်မှာ နောက်ဆုံးတွင် အထင်ကြီးစရာ ကောင်းလာခဲ့သည်။ သို့သော် တလက်လက် ရတနာများ ဖုံးလွှမ်းနေသည့် ဂိုဏ်းခန်းမရှိ အခြေတည်ဝိညာဉ်အဆင့် ဆရာကြီးများနှင့် နှိုင်းယှဉ်ပါက လိုအပ်နေဆဲ ဖြစ်သည်။
ထိုနေရာတွင် နောက်ထပ် ငွေတောင်းခံခြင်းတစ်ခု ပေါ်လာသည်။
[ အရှိန်အဝါ သက်ရောက်မှုများ ] ပင်။
ဘိုးဘေးနဂါး ကာကွယ်မှု – မြင့်မြတ်သော နဂါး၏ ကောင်းချီးကို ရယူပါ။ မြင်ကွင်းတစ်ခုသို့ ဝင်ရောက်လျှင် နဂါးတစ်ကောင်က ဦးဆောင်ပြီး လေးစားဖွယ်ရာ အရှိန်အဝါဖြင့် သင့်ကို ဝန်းရံမည်။ (တစ်ရက်တာ ဝယ်ယူခွင့် - ၉၉၈၈ ယွမ် / လစဉ် - ၂၈၈၈၈၈ ယွမ် / နှစ်စဉ် - ယွမ် ၃သန်း / အမြဲတမ်း - ယွမ် ၃ဘီလီယံ)
နေနောက်လိုက်သော ရွှေကျီး - ဝင်ရောက်လာသည်နှင့် တပြိုင်နက် တောက်ပသော နေရောင်ခြည်များ ပေါက်ကွဲသွားစေမည်။ (တစ်ရက်တာ ဝယ်ယူခွင့် - ၈၈၈၈ ယွမ် / လစဉ် - ယွမ် ၂သိန်းခွဲ / နှစ်စဉ်: - ယွမ် ၂.၀၈ သန်း / အမြဲတမ်း - ယွမ် ၂.၅ ဘီလီယံ)
...
၁၉၉၉ ယွမ်။ ဘိုးဘေးနဂါး တံဆိပ် – နဂါးနက်၏ ပုံရိပ်ကို ဆင့်ခေါ်ပါ။ ယနေ့ အထူးဈေး - ၉၉.၈ ယွမ် (မူရင်းဈေး - တစ်ရက်လျှင် ၉၉၈ ယွမ်)
ချန်ဟွိုက်အန် - “...”
အချိန်ကြာမြင့်စွာ တုံ့ဆိုင်းပြီးနောက် သူက ဘိုးဘေးနဂါး တံဆိပ်ကို ရွေးလိုက်သည်။ သူ၏ ပိုက်ဆံအတွက် အကောင်းဆုံး အကျိုးအမြတ်ပင်။
၎င်းကို တပ်ဆင်လိုက်သည်နှင့် တပြိုင်နက် လက်သည်း၅ချောင်း နဂါးနက်၏ အရိပ်က သူ၏ ဇာတ်ကောင် ပတ်လည်တွင် ရစ်ခွေသွား၏။
ဘိုးဘေးနဂါး ကာကွယ်မှု အပြည့်အဝ မဟုတ်သော်လည်း ၉၉.၈ယွမ်မှာ အတော်လေး သက်သာလှသည်။
ထို့အပြင် သူက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ကြီးမြတ်သော အင်မော်တယ် အုပ်စုကို မဟုတ်ပေ။
လွန်လွန်ကျူးကျူး လုပ်စရာ မလိုလှပေ။
ပို၍ ဈေးကြီးသော အရာများက အရှေ့တွင် ရှိနေသေးသည်။
နောက်ဆုံးမှာ အဓိက အကျိုးကျေးဇူး ဖြစ်သော ကျင့်ကြံမှု မြှင့်တင်ခြင်းပင်။
အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိခြင်း – ယွမ် သန်း၆၆၀ / တစ်ရက်တာ အစမ်းသုံး ၈၈၀၀၀ ယွမ်...
ပေါင်းစည်းခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိခြင်း – ယွမ် ၁.၈၈ ဘီလီယံ / တစ်ရက်တာ အစမ်းသုံး ၁၈၈၀၀၀ ယွမ်....
ထိုအရာမှာ ယခင်က အထူးသဖြင့် ဆေးရုံသို့ နောက်ဆုံး မသွားရောက်ခင်ကဆိုလျှင် သူက ထိုမဖြစ်နိုင်သောဈေးနှုန်းများကို လှောင်ပြောင်ပြီး ဂိမ်းရေးဆွဲသူများကို ကျိန်ဆဲမိပေလိမ့်မည်။
သို့သော် ယခုတွင်မူ...
သူ ရယ်ရုံသာ ရယ်လိုက်ပြီး အခြေတည်ဝိညာဉ်အဆင့် အထွတ်အထိပ် – တစ်ရက်တာ အစမ်းသုံးကို နှိပ်လိုက်၏။
ယွမ် ၁၈၈၀၀၀က သူ၏ ဘဏ်အကောင့်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ ဇာတ်ကောင်က မြင့်မြတ်သော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီး ဂိမ်းတစ်လျှောက်လုံး လွှမ်းမိုးထားသော တည်ရှိမှုတစ်ခု ပျံ့နှံ့သွားလေသည်။
ထိုအချိန်မှာပင် တာအိုပညာရှင် ချင်းရွှမ်း၏ ဒေါသတကြီး အသံ ပဲ့တင်ထပ်လာ၏။
“ငါ့ရှေ့မှာ ဒူးထောက်စမ်း...”
ဒူးထောက်ရမယ် ဟုတ်လား။
လီချင်းရန်ကို ဒူးထောက်ခိုင်းတယ် ဟုတ်လား။
အဟက်...
ချန်ဟွိုက်အန်က သူ၏ ဆက်သွယ်ရေးအဆောင်ကို နှိပ်လိုက်ပြီး အေးစက်သော ရယ်မောသံ ထုတ်လွှတ်လိုက်သည်။
“ငါ ဒီနေရာမှာ ရှိနေသရွေ့ ဘယ်သူ လုပ်ရဲလဲ ကြည့်တာပေါ့...”