← Chapters

ဆယ်နှစ်တာ ကတိကဝတ်နှင့် ကမ္ဘာလောကကို တုန်လှုပ်စေခြင်း (၂)

Vol. 17 Ch. 251

ဆယ်နှစ်တာ ကတိကဝတ်နှင့် ကမ္ဘာလောကကို တုန်လှုပ်စေခြင်း (၂)

Vol. 17 Ch. 251

~သို့သော် အဘယ်ကြောင့် ရုတ်တရက်ကြီး သူ၏ ကျရှုံးမှုကြောင့် သိုင်းလမ်းစဉ်ကို စွန့်လွှတ်ရန်၊ အသက်ကိုပါ စွန့်လွှတ်ရန်အထိ တွေးတောမိရပါသနည်း။

တစ်ခဏချင်းမှာပင် ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးစို့ သွားပြီး ရုတ်တရက် နိုးထလာသကဲ့သို့ ဖြစ်သွားသည်။

အဆင့် ချိုးဖြတ်မှု ပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသော ကြီးမားသည့် ကြောက်ရွံ့မှုသည် 'နှလုံးသားစ္ဆာ' ကို မွေးဖွားပေးလိုက်ခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်ပြီ ဖြစ်သည်။

အကယ်၍သာ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ရုတ်တရက် ပေါ်လာပြီး သူ့ကို မနှိုးဆော်ခဲ့လျှင် သူသည် စိတ်ရှုပ်ထွေးမှုနှင့် အကျပ်အတည်းထဲသို့ ကျရောက်သွားပြီး သူ မလိုလားသော လမ်းကြောင်းသို့ ရောက်ရှိသွားနိုင်ပေသည်။

ဓားမမိစ္ဆာသည် လေးလေးနက်နက် ဦးညွှတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်... စစ်မှန်သူ... ကျွန်တော့်ကို နှိုးဆော်ပေးခဲ့တဲ့အတွက်။ နောက်ထပ် ကျေးဇူးကြွေး တစ်ခု တင်သွားပြန်ပါပြီ"

ပထမ အသက်ကို ကယ်တင်ခဲ့ခြင်း၊ ယခု စိတ်မိစ္ဆာကို ကျော်လွှားနိုင်ရန် ကူညီပေးခြင်း... ဤ ကျေးဇူးတရားများသည် မသေးငယ်လှပေ။

နောင်တစ်ချိန်တွင် အသက်ပေး၍ ကျေးဇူးဆပ်ပါမည် ဟူသော စကားမျိုး သူ မပြောခဲ့။ သို့သော် ဤကျေးဇူးကြွေးကို သူ၏ နှလုံးသားထဲတွင် သေချာစွာ မှတ်သားထားလိုက်သည်။

နင်ချီသည် ဓားမမိစ္ဆာကို ကျောခိုင်းထားလျက် ပြောလိုက်၏။

"သဘောတူညီမှု တစ်ခု လုပ်ကြမလား"

ဓားမမိစ္ဆာ အံ့အားသင့်သွားပြီးနောက် လေးနက်စွာ မေးလိုက်သည်။

"ပြောပါ... စစ်မှန်သူ"

နင်ချီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ခင်ဗျားက အစစ်အမှန်သိုင်းတောင်ကို ဆယ်နှစ်တာ ကာကွယ် စောင့်ရှောက်ပေးပါ။ အဲ့ဒီ ဆယ်နှစ်အတွင်းမှာ ကျွန်တော် ခင်ဗျားကို သိုင်းသူတော်စင်ကျင့်စဉ် တစ်ခု ပေးပါ့မယ်"

ဤသည်မှာ နင်ချီ ဓားမမိစ္ဆာကို လာရောက် ရှာဖွေရခြင်း၏ အဓိက အစီအစဉ်ပင် ဖြစ်သည်။ အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေအနေသည် လုံခြုံမှု မရှိသေးပေ။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့၏ ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ ရှိနေသဖြင့် သူ အဝေးသို့ သွားရန်ပင် မဝံ့မရဲ ဖြစ်နေရသည်။ အကယ်၍ ဓားမမိစ္ဆာကဲ့သို့သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးက ဂိုဏ်းကို စောင့်ရှောက်ပေးမည် ဆိုပါက သူသည် ရံဖန်ရံခါ တောင်အောက်သို့ စိတ်အေးလက်အေး ဆင်းနိုင်မည် ဖြစ်သည်။

ထို့အပြင်...

ဓားမမိစ္ဆာ ရှိနေလျှင် သိုင်းသူတော်စင် လမ်းစဉ်နှင့် ပတ်သက်သော ဉာဏ်အလင်းရရှိမှုများကို အပြန်အလှန် ဆွေးနွေး ဖလှယ်နိုင်ပြီး၊ ၎င်းက သူ့ကို လှုံ့ဆော်မှု အချို့ ပေးစွမ်းနိုင်ပေလိမ့်မည်။

ဓားမမိစ္ဆာ၏ မျက်ဝန်းများ ကျဉ်းမြောင်း သွားပြီး ဝတ်ရုံနက်နှင့် တာအိုပညာရှင်၏ ကျောပြင်ကို မယုံနိုင်သလို ကြည့်လိုက်မိသည်။

"စစ်မှန်သူက... အဲ့လောက်တောင် ယုံကြည်မှု ရှိနေတာလား"

သဘောတူညီမှု အကြောင်းအရာနှင့် ပတ်သက်၍ သူ သံသယ ရှိနေခြင်း မဟုတ်ပေ။ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ထံမှ ကြီးမားသော ကျေးဇူးနှစ်ခုကို ရရှိထားပြီးဖြစ်ရာ မည်သည့် အကျိုးအမြတ်မှ မရလျှင်ပင် အစစ်အမှန်သိုင်းတောင်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ် စောင့်ရှောက်ပေးခြင်းက ကြီးမားသော ပြဿနာ မဟုတ်ပေ။

၎င်းသည် သူ၏ ဓားမလမ်းစဉ် လေ့လာလိုက်စားမှုကို အနှောင့်အယှက် ဖြစ်စေမည် မဟုတ်ချေ။ သူ့ကို တုန်လှုပ်သွားစေသည်မှာ ဆယ်နှစ်အတွင်း သိုင်းသူတော်စင် နည်းစနစ်ကို ပေးမည်ဟူသော နင်ချီ၏ ကတိစကားပင် ဖြစ်သည်။

အဆင့် ချိုးဖြတ်မှု ကျရှုံးခြင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးနောက် ဤအရာသည် မည်မျှ ခက်ခဲကြောင်း သူ နက်နက်ရှိုင်းရှိုင်း သိနားလည်ထားသည် မဟုတ်ပါလား။

နင်ချီ ခပ်ရေးရေး ပြုံးလိုက်၏။

သူ ဘာမျှ မပြောဘဲ လက်ချောင်း တစ်ချောင်းကို ထောင်ပြလိုက်သည်။ ချက်ချင်းပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသော မိစ္ဆာ ဓားမ စိတ်ဆန္ဒ တစ်ခု သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာ၏။

ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအရှိန်အဝါသည် လေဟာနယ်ကိုပင် တွန့်လိမ်သွားစေလောက်သည်။ ဓားမ စိတ်ဆန္ဒသည် ဓားမမိစ္ဆာကို ရိုက်ခတ်တော့မည့် ဆဲဆဲတွင် ချက်ချင်း ပျောက်ကွယ်သွားသော်လည်း ဓားမမိစ္ဆာမှာမူ ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်တင်း နေတော့သည်။

ဒီ ဓားမ စိတ်ဆန္ဒကို သူ ဘယ်လိုလုပ် မမှတ်မိဘဲ နေပါ့မလဲ။

"ခင်... ခင်ဗျား... ဘယ်လိုလုပ်ပြီး..."

သူ စကားများ ပျောက်ဆုံးသွားပြီး ယခင်က နင်ချီအား ရှုံးနိမ့်ခဲ့စဉ်ကထက်ပင် ပိုမို တုန်လှုပ်သွားရသည်။

ဤအရာသည် တွေးကြည့်၍ပင် မရနိုင်သော ကိစ္စပင်။ သူ၏ ဓားမ စိတ်ဆန္ဒကို အခြားသူတစ်ဦးက သင်ယူထားပြီး၊ ထိုအဆင့်သည်လည်း သူ့ထက် မနိမ့်ကျပေ။

သူ့ရှေ့မှောက်ရှိ မြင်ကွင်းသည် သူ၏ ကမ္ဘာကြီးအပေါ် အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ပင်။

နင်ချီသည် လှည့်ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ ပြုံးနေလိုက်၏။

ဓားမမိစ္ဆာ တဖြည်းဖြည်း သတိပြန်ဝင်လာသော်လည်း သူ၏ မျက်ဝန်းများထဲမှ တုန်လှုပ်အံ့သြမှုများမှာ ပိုမို ပြင်းထန်လာသည်။ သူ အကြမ်းဖျင်း နားလည်လိုက်ပြီ ဖြစ်သည်။

စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်သည် သူတို့၏ တိုက်ပွဲအတွင်း သူ၏ ဓားမ စိတ်ဆန္ဒကို သင်ယူခဲ့ခြင်း ဖြစ်ပေမည်။

သို့သော်... ဒါက သဘာဝတရားကို ဆန့်ကျင်နေခြင်းပင်..။

လောကကြီးထဲတွင် ဤကဲ့သို့သော မူမမှန်သည့် လူသားမျိုး မည်သို့ ရှိနိုင်ပါမည်နည်း။

ဤအခိုက်အတန့်တွင် သူ့ရှေ့မှောက်ရှိ ဝတ်ရုံနက်နှင့် တာအိုပညာရှင်သည် တစ်ခါမှ မကြုံဖူးသော လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေတော့သည်။

နင်ချီ၏ ကတိစကားကို ပြန်လည် သတိရလိုက်သောအခါ သူ၏ နှလုံးခုန်သံများ မလွဲမသွေ မြန်ဆန်လာပြီး မျှော်လင့်ချက် ရောင်ခြည်များ ရင်ထဲတွင် လှိုက်တက် လာတော့သည်။

ဖြစ်နိုင်တာက... သိုင်းသူတော်စင် ကျင့်စဉ်ကို ရရှိဖို့ အမှန်တကယ် မျှော်လင့်ချက် ရှိနေတာလား။

ဆယ်နှစ်အတွင်း မဟုတ်လျှင်ပင် အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ သို့မဟုတ် နှစ်တစ်ရာ ကြာလျှင်ပင် မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလား။

ဓားမမိစ္ဆာသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့စိတ်ထဲမှ သံသယကို မေးလိုက်၏။

"စစ်မှန်သူနဲ့ ယှဉ်ရင် ကျွန်တော်က အများကြီး နောက်ကျ ကျန်နေခဲ့ပါပြီ။ ဘာကြောင့်များ ကျွန်တော့်ကို အစစ်အမှန်သိုင်းတောင်ကို စောင့်ရှောက်စေချင်ရတာလဲ"

နင်ချီ ပြောလိုက်၏။

"ကျွန်တော် ခင်ဗျားကို ဖုံးကွယ်မထားပါဘူး။ အစစ်အမှန်သိုင်းဂိုဏ်းက မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်ကို စော်ကားမိထားတယ်။ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင် သိုင်းသူတော်စင် တစ်ပါး မွေးဖွားလာနိုင်တယ်။ ပြင်ပအကူအညီနဲ့ ရယူထားတာ ဖြစ်ပေမယ့် သူတို့က အစစ်အမှန်သိုင်းဂိုဏ်းကို ယဇ်ကောင်အဖြစ် အသုံးပြုလာနိုင်တယ်။ ခင်ဗျား... ဆန္ဒရှိပါ့မလား"

မျှော်လင့်မထားဘဲ...

ဤစကားကို ကြားလိုက်ရသောအခါ ဓားမမိစ္ဆာ၌ တွေဝေခြင်း အလျဉ်းမရှိတော့ပေ။

သူ၏ နက်မှောင်သော မျက်ဝန်းများ တောက်ပလာပြီး အားရပါးရ ရယ်မောလိုက်၏။

"သိုင်းသူတော်စင် တစ်ယောက်နဲ့ တိုက်ခိုက်ခွင့် ရမယ့် အခွင့်အရေးကို ကျွန်တော် ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ။ စစ်မှန်သူက ကျွန်တော့်ကို ယုံကြည်မှတော့ ကျွန်တော် သစ္စာဖောက်မှာ မဟုတ်ပါဘူး။ နောင်တစ်ချိန် စစ်မှန်သူ သိုင်းသူတော်စင် နယ်ပယ်ကို ရောက်တဲ့အခါ... ကျွန်တော့်ကို သင်ကြားပေးဖို့ မဝန်လေးပါနဲ့"

နင်ချီ ရယ်မောလိုက်သည်။

"ဟားဟား၊ သေချာတာပေါ့"

သူ စိတ်သက်သာရာ ရသွားပြီး ဓားမမိစ္ဆာကို လူကဲခတ် မမှားကြောင်း သိလိုက်ရသည်။

"သာမန်အချိန်တွေမှာ ခင်ဗျား အစစ်အမှန်သိုင်းတောင်ရဲ့ နောက်ဘက် တားမြစ်နယ်မြေမှာ နေထိုင်နိုင်ပါတယ်။ အချိန်အများစုမှာ ခင်ဗျား ဝင်ရောက် စွက်ဖက်ဖို့ မလိုပါဘူး။ ကျွန်တော် မရှိတဲ့အချိန်၊ အစစ်အမှန်သိုင်းဂိုဏ်းက မဖြေရှင်းနိုင်တဲ့ အကျပ်အတည်းနဲ့ ကြုံတွေ့ရတဲ့ အချိန်ကျမှသာ ခင်ဗျားရဲ့ အကူအညီကို တောင်းခံပါ့မယ်"

"ကောင်းပါပြီ"

ထိုသို့ ပြောပြီးနောက်၊

နင်ချီသည် အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားတော့သည်။

သူတို့ကြားတွင် စာချုပ်စာတမ်းဖြင့် ချုပ်ဆိုထားသော သဘောတူညီချက် မရှိသော်လည်း လက်ရည်ချင်း ယှဉ်ပြိုင်ပြီးနောက် သူတို့နှစ်ဦးစလုံး နားလည်သဘောပေါက်ခဲ့ကြသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့သည် တူညီသော လူစားမျိုးများ ဖြစ်ကြပြီး သိုင်းလမ်းစဉ်ကို ခိုင်မာစွာ လိုက်စားကြသူများ ဖြစ်သည်။

ကတိသစ္စာ ဖျက်ပြီး သိုင်းစိတ်ဓာတ်တွင် အပြစ်အနာအဆာ ဖြစ်ပေါ်စေမည့် အပြုအမူမျိုးကို လုပ်ဆောင်ကြမည် မဟုတ်ပေ။

ဓားမမိစ္ဆာသည် ဝတ်ရုံနက်နှင့် တာအိုပညာရှင်၏ ကျောပြင်ကို ကြည့်ရင်း ယခုထိ တုန်လှုပ်အံ့သြနေဆဲပင်။ ထို မိစ္ဆာ ဓားမ စိတ်ဆန္ဒသည် သူ၏ မျက်စိရှေ့တွင် ဝဲပျံနေဆဲ ဖြစ်သည်။

"ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ လူသားမျိုး... ခေတ်အဆက်ဆက်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာ အမှန်ပဲ"

ရုတ်တရက် သူ ဆတ်ခနဲ ဖြစ်သွားသည်။ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် တည်ထောင်ခဲ့သော အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်နှင့် တာအို တစ်သောင်း မျှော်စင်တို့ကို ပြန်လည် သတိရလိုက်မိပြီး သူ၏ မျက်ဝန်းများတွင် ပိုမို ကြီးမားသော အံ့သြမှုများ ပြည့်နှက်လာတော့သည်။

"ဖြစ်နိုင်တာက... စစ်မှန်သူက တကယ်ပဲ သိုင်းသူတော်စင် လမ်းကြောင်းကို ဖောက်လုပ်နိုင်မှာလား..."

ဓားမမိစ္ဆာ ထိုနေရာမှ ရုတ်ချည်း..ပျောက်ကွယ်သွား၏။

သူ့စိတ်ထဲရှိ ဇဝေဇဝါ ဖြစ်မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။

သူ့အတွက် ပစ်မှတ် တစ်ခုကို ပြန်လည် ရှာဖွေတွေ့ရှိလိုက်ပြီ မဟုတ်ပါလား။

...

နင်ချီနှင့် ဓားမမိစ္ဆာတို့၏ ဆယ်နှစ်တာ သဘောတူညီမှုကို မည်သူမျှ မသိရှိကြပေ။

သို့သော် ဤအခိုက်အတန့်တွင် ကမ္ဘာလောကကြီးသည် ပွက်လောရိုက် နေတော့သည်။ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်နှင့် ဓားမမိစ္ဆာတို့၏ တိုက်ပွဲ အသေးစိတ် အချက်အလက်များသည် ပြည်နယ် (၁၃) ခုလုံးသို့ အံ့မခန်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့ သွားပြီး မဟာယန် ပြင်ပရှိ နယ်မြေများသို့ပင် ရောက်ရှိသွားခဲ့လေသည်။

ထိပ်တန်း သိုင်းဂိုဏ်းတိုင်း တုန်လှုပ်သွားကြ၏။

ပုန်းကွယ်နေသော မိသားစုများ သို့မဟုတ် ဂိုဏ်းအချို့ပင်လျှင် ဤကိစ္စကို ကြားသိလိုက်ကြရသည်။

အမှန်တကယ်ပင်... ဓားမမိစ္ဆာကြောင့် ဖြစ်ပေါ်လာသော ဂယက်သည် ကြီးမားလွန်းလှသည်ကိုး။

ခြောက်လကျော် ကြာမြင့်ခဲ့သော မုန်တိုင်းကြီးသည် ဤနည်းဖြင့် နိဂုံးချုပ်သွားခဲ့ပြီး ဓားမမိစ္ဆာ စုဆောင်းထားခဲ့သော ဂုဏ်သတင်းသည် နောက်ဆုံးတွင် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ကျော်ကြားမှုကို မြှင့်တင်ပေးရန်သာ အသုံးတော်ခံ ဖြစ်သွားခဲ့ရသည်။

ဤတိုက်ပွဲ ပြီးဆုံးပြီးနောက် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ကျော်ကြားမှုသည် မဟာယန်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

All Chapters