← Chapters

လျှို့ဝှက်နည်းစနစ် အဆင့်မြှင့်တင်ခြင်း၊ ဓားလမ်းစဉ်၏ အမြင့်ဆုံး နယ်ပယ်

Vol. 17 Ch. 242

လျှို့ဝှက်နည်းစနစ် အဆင့်မြှင့်တင်ခြင်း၊ ဓားလမ်းစဉ်၏ အမြင့်ဆုံး နယ်ပယ်

Vol. 17 Ch. 242

~ထိုညတွင်၊

နင်ချီသည် ကောင်းကင်ဘုံသို့ ခုန်တက်မသွားခဲ့ပေ။ ယင်းအစား အစစ်အမှန်သိုင်းတောင်မှ အနည်းငယ် ခွာ၍ လူသူ ကင်းရှင်းသော တောင်တန်းတစ်ခုဆီသို့ ဦးတည် ထွက်ခွာခဲ့လေ၏။

ထိုနောက်တွင် သူသည် ကောင်းကင်မိုးကြိုး နည်းစနစ်ကို အသုံးပြုကာ ကောင်းကင်မိုးကြိုးများကို ဆွဲထုတ်ရန် စတင် ကြိုးစားခဲ့၏။

တစ်ခဏအတွင်းမှာပင်၊

ခရမ်းရောင် လျှပ်စီးကြောင်းများ လေဟာနယ်မှ စီးဆင်း ကျလာတော့သည်။ ၎င်း၏ စွမ်းအားသည် အံ့မခန်း စုစည်း ပြင်းထန်လှ၏။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား ထက်ပင် ပိုမို အစွမ်းထက်နေခြင်း ဖြစ်လေသည်။ အစောပိုင်းက စီစဉ်ထားသည့်အတိုင်း နင်ချီသည် ဆွဲထုတ်ရရှိသော မိုးကြိုးစွမ်းအားကို သုံးပိုင်း ပိုင်းခြားလိုက်သည်။

တစ်ပိုင်းက ခန္ဓာကိုယ် သန့်စင်ရန်၊ တစ်ပိုင်းက ချီစွမ်းအင် စုစည်းရန်၊ နောက်တစ်ပိုင်းက စိတ်ဝိညာဉ် သန့်စင်ရန် သုံးလိုက်တော့၏။

သုံးခုစလုံးသည် တပြိုင်တည်း တိုးတက်လာရင်း အနှစ်သာရ၊ ချီစွမ်းအင် နှင့် စိတ်ဝိညာဉ် ပန်းသုံးပွင့် ကို ပေါင်းစည်းရန် စတင် လုပ်ဆောင်သွားလေသည်။

ဤသည်မှာ ကောင်းကင်မိုးကြိုး နည်းစနစ်၏ အံ့ဖွယ် အသုံးချမှုတစ်ခုပင် ဖြစ်ပေတော့၏။

နင်ချီက တင်ပျဉ်ခွေထိုင်နေရင်း၊

နှစ်နာရီမျှ ကြာပြီးသည့်နောက်မှ ဖြည်းညှင်းစွာ ရပ်တန့်လိုက်တော့၏။ ဤအခိုက်တွင် သူ၏ အနှစ်သာရ၊ ချီ၊ ဝိညာဉ် သုံးမျိုးစလုံးသည် အကန့်အသတ်သို့ ရောက်နေပြီဟု ခံစားရလေသည်။ ဆက်လက် သန့်စင်နေပါက အားမမျှဘဲ အကျိုးသက်ရောက်မှု လွဲသွားနိုင်သည်ကိုး။

သူ မျက်လုံးဖွင့်လိုက်သည့်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရ၏။

“ဟော... ပန်းသုံးပွင့်ကို သန့်စင်တဲ့ ထိရောက်မှုက ကောင်းကင်နဲ့မြေကြီး စွမ်းအားကို သုံးတာထက် နှစ်ဆတောင် ပိုနေပါလား...”

ဤသည်မှာ သူ၏ ချဉ်းကပ်မှု မှန်ကန်ကြောင်းနှင့် ဤနည်းလမ်းသည် ဖြစ်နိုင်ခြေရှိကြောင်းကို ညွှန်ပြနေသည် မဟုတ်ပါလား။

'ငါ ဆွဲထုတ်တဲ့ မိုးကြိုးစွမ်းအားက ပိုပြီး အစွမ်းထက်တယ်ဆိုရင်တော့ ဒီ ပန်းသုံးပွင့်ကို သန့်စင်တဲ့ ထိရောက်မှုက ဒီထက်တောင် ပိုမြန်လာနိုင်သေးတာပေါ့လေ' ဟု နင်ချီက အတွေးနက်နေတော့သည်။

သူသည် မော့ကြည့်ရင်း ကောင်းကင်ဘုံဆီသို့ မျက်လုံးများ ရောက်သွားတော့၏။ ထို မိုးကြိုး တားမြစ်နယ်မြေထဲမှာတော့ အလွန် ပြင်းထန်ပြီး ကြမ်းတမ်းသော မိုးကြိုးများက မရေမတွက်နိုင်အောင် များပြားလှ၏။ ထို မိုးကြိုးများကိုသာ သန့်စင်ရန် အသုံးပြုနိုင်ပါက ထိရောက်မှုသည် နှစ်ဆ သို့မဟုတ် သုံးဆအထိပင် အလွယ်တကူ တိုးလာနိုင်ပါသည်။

နင်ချီ တစ်ယောက် စဉ်းစားခန်း ဝင်ရင်း အစီအစဉ် တစ်ခုကို ရေးဆွဲပြီး ဖြစ်လေသည်။

'လာမယ့် ရက်အနည်းငယ်အတွင်း ငါ့ကိုယ်ငါ အာရုံစိုက်ပြီး ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်ကို အပြည့်အဝ အဆင့်မြှင့်တင်ရမယ်။ ပြီးမှ နေ့တိုင်း ကောင်းကင်ဘုံကို တက်ပြီး နှစ်နာရီကြာ ကျင့်ကြံတော့မယ်'

နင်ချီသည် အခုပင် သွားချင်စိတ် ပြင်းပြနေသော်လည်း နောက်ဆုံးတွင် ပို၍ သတိထားခြင်းက အကောင်းဆုံးဟု တွေးလိုက်လေသည်။

ထို မိုးကြိုး တားမြစ်နယ်မြေက အတော်လေး ကြောက်စရာ ကောင်းသည်ကိုး။ အစွန်းဖျားက မိုးကြိုးအချို့ကို ဆွဲယူပြီး ပန်းသုံးပွင့် ကို သန့်စင်ဖို့ပင် ဂရုတစိုက်နှင့် သတိဝီရိယရှိဖို့ လိုသည်။ ဘာပဲဖြစ်ဖြစ် ရက်များစွာတော့ မကြာနိုင်တော့သည့်အတွက် အပြည့်အဝ ပြင်ဆင်ပြီးမှ သွားခြင်းက အသင့်တော်ဆုံး ဖြစ်ပေမည်။

—-----

ဆယ်ရက်ကြာပြီးနောက်၊

နင်ချီသည် တာအိုရှာဖွေခြင်း ကျောင်းတော်တွင် အေးအေးလူလူ ထိုင်နေ၏။ ဆောင်းရာသီ ဖြစ်၍ နှင်းများ ကျနေသော်လည်း ဉာဏ်အလင်း လက်ဖက်ပင်ကတော့ လတ်လတ်ဆတ်ဆတ်နှင့် စိမ်းလန်းနေဆဲဖြစ်ကာ ရာသီဥတု၏ သက်ရောက်မှုကို ခံရခြင်း မရှိပေ။

၎င်း၏ အဖျားတွင် အဖူးနုများ ထွက်နေပြီး ယခင်နှစ်ထက်ပင် အနှစ်သာရများ ပိုမို စုစည်းနေတော့၏။ ဤအချိန်တွင် ဉာဏ်အလင်း လက်ဖက်ပင်သည် နင်ချီထက်ပင် ပိုမို မြင့်နေပြီဖြစ်လေသည်။ ဓားသိုင်းရှာဖွေ စံအိမ်မှ ကောင်းကင်ဘုံလူသား နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး၏ ခန္ဓာကိုယ်မှ အာဟာရဓာတ်များကြောင့် ၎င်းသည် ပိုမို ကြီးထွားလာခဲ့၏။ သစ်ပင်ရိပ်အောက်၌ အေးအေးလူလူ အနားယူလိုသည့် နင်ချီ၏ ရည်မှန်းချက်နှင့် ပိုမို နီးစပ်လာနေပြီ မဟုတ်ပါလား။

ဉာဏ်အလင်း လက်ဖက်ပင်အောက်တွင် အတွေးနက်နေရခြင်းကို သူ နှစ်သက်၏။

၎င်းက သူ၏ အတွေးများကို ပိုမို ငြိမ်းချမ်း တည်ငြိမ်စေပါသည်။

ထိုအခိုက်အတန့်တွင်၊

ဉာဏ်အလင်းများစွာသည် နင်ချီ၏ စိတ်ထဲတွင် ပေါင်းစည်းသွားပြီးနောက် နင်ချီ၏ ခန္ဓာကိုယ်အတွင်း၌ပါ ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာတော့၏။

ရွှေရောင် အလင်းတန်းများ တောက်ပနေသည့် မူလအမြုတေက အရှိန်ပြင်းစွာ လည်ပတ်နေပြီး၊ မမြင်နိုင်သော ကောင်းကင်ဘုံလူသား တံတား သည် တုန်ခါနေလေသည်။ ယင်း၏ သက်ရောက်မှုကြောင့် နင်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံးပါ တုန်ခါနေ၏။ မမြင်နိုင်သော 'ပါရမီ ကျင့်ကြံခြင်း အရိုး' တစ်ခုကို အသက်သွင်းလိုက်သကဲ့သို့ပင်။ ဤသည်ကား လူ့ခန္ဓာကိုယ်အတွင်းမှ မွေးရာပါ စွမ်းရည်နှင့် ရတနာပင် ဖြစ်တော့၏။

သူ၏ စိတ်စွမ်းအင် လှုပ်ရှားသွားသည်နှင့် သူ၏ ကိုယ်ခန္ဓာနှင့် ကမ္ဘာမြေတို့သည်လည်း ဆက်သွယ်မှု တစ်ခုကို ထူထောင်လိုက်ပြီး ဒုတိယမြောက် မမြင်နိုင်သော ကောင်းကင်ဘုံလူသား တံတား ကိုပါ အောင်မြင်စွာ တည်ဆောက်လိုက်လေသည်။

ကောင်းကင်ဘုံလူသား တံတား နှစ်ခုသည် တုန်ခါမှုဖြင့် ပဲ့တင်ရိုက်ခတ်သွားပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုများက ထပ်ဆင့်သွားသဖြင့် ပေါင်းလဒ်ထက်ပင် ပိုသော ရလဒ်ကို ရရှိသွားတော့၏။

တစ်ခဏအတွင်းမှာပင် ရာသီဥတုကပင် ပြောင်းလဲသွားလေ၏။

နင်ချီ မျက်လုံးဖွင့်လိုက်သည့်အခါ ဝမ်းမြောက်မှုသည် သူ၏ မျက်နှာပေါ်သို့ ရိပ်ခနဲ ထင်သွား၏။

သူ တစ်ချက် စဉ်းစားလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား များက ချက်ချင်း စုဝေးလာသည်။ သူ မူလက ပဲ့တင်ရိုက်ခတ်နိုင်ခဲ့သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား ပမာဏသည် ကောင်းကင်ဘုံလူသား စုံလင်ခြင်း အဆင့်ထက် များစွာ သာလွန်ခဲ့ပြီး ဖြစ်ရာ၊ ယခုအခါ သုံးဆမက ပိုမို ထူးခြားစွာ စုစည်းလာတော့သည်လေ။

နင်ချီသာ အပြည့်အဝ အားထုတ်မည်ဆိုပါက တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားသည့် မြင်ကွင်းမျိုး ပေါ်ထွက်လာနိုင်တော့မည်။

သံသယဖြစ်ဖွယ်မရှိ။ သူ၏ ခွန်အားသည် သိသိသာသာ ထပ်မံ တိုးလာခဲ့လေပြီ။

ဤ လျှို့ဝှက်နည်းစနစ်ကို အခြေခံထားသည့်အတွက် သူ၏ အခြားသော လျှို့ဝှက်နည်းစနစ်များ၏ စွမ်းအားသည်လည်း သိသိသာသာ မြင့်တက်လာတော့သည်။

'အဆင့်မြှင့်လိုက်တဲ့ ဒီ လျှို့ဝှက်နည်းစနစ်ကို ကောင်းကင်နှင့် လူသား တစ်သားတည်း ကျခြင်း လို့ ခေါ်နေတာက မသင့်တော်တော့ပါဘူး။ ကောင်းကင်ဘုံလူသား တံတား လို့ ခေါ်လိုက်တာက ပိုပြီး လိုက်ဖက်ပါလိမ့်မယ်'

'ဒီ ကောင်းကင်ဘုံလူသား တံတား လျှို့ဝှက်နည်းစနစ်ကို ဆရာ့ကို သင်ပေးနိုင်ရင် ဆရာရဲ့ တိုက်ခိုက်ရေးစွမ်းအားက တော်တော်လေး တိုးတက်လာမှာ သေချာတယ်။ ကောင်းကင်ဘုံလူသား အဆင့်စာရင်း နယ်ပယ်ကိုပါ ချဉ်းကပ်လာနိုင်မှာ..'

နင်ချီ၏ နှုတ်ခမ်းထက်တွင် သဲ့သဲ့လေး ပြုံးယောင် သန်းနေတော့၏။

ဒီနှစ်တွေအတွင်းမှာ တာအိုဆရာလုံရှန်းကလည်း ငြိမ်သက်မနေခဲ့ပေ။ သူ သင်ယူနိုင်မည့် လျှို့ဝှက်နည်းစနစ်တိုင်းကို နင်ချီက တစ်ခု မကျန် ပေးခဲ့သည်။

သတိမမူမိမီမှာပင် တာအိုဆရာလုံရှန်း၏ ခွန်အားက တဖြည်းဖြည်း တိုးတက်လာခဲ့၏။ အခု ဒီ ကောင်းကင်ဘုံလူသား တံတား နည်းစနစ်နှင့်ဆိုလျှင် သူ၏ စွမ်းအားက ပေါက်ကွဲထွက်သလို တိုးလာနိုင်တော့ပေမည်။

' ကောင်းကင်ဘုံလူသား တံတား လျှို့ဝှက်နည်းစနစ် ပြီးမြောက်သွားပြီဆိုတော့ ကောင်းကင်ဘုံ ကို နောက်တစ်ခါ သွားဖို့ အချိန်တန်ပြီပေါ့'

နင်ချီ၏ မျက်လုံးများက အရောင်လက်သွား၏။

*

ထိုညတွင်၊

နင်ချီသည် တိတ်ဆိတ်စွာ လေဟာနယ်ထဲသို့ ပျံတက်သွားတော့၏။

သူ၏ လက်ရှိ စွမ်းအားသည် ယခင် ကျောက်စိမ်းအရည် နယ်ပယ် တုန်းကထက် အလွန်တရာ ကြီးမားနေပြီ ဖြစ်သည့် အလျောက် အမြန်နှုန်းသည်လည်း အလွန် လျင်မြန်၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက သူ၏ ကိုယ်ခန္ဓာမှာ ပြည့်လျှံနေသည်။ အသုံးပြုမှုက အလွန် လျင်မြန်စွာ ကုန်ဆုံးနေသော်လည်း နင်ချီ၌ ခိုင်မာသော အခြေခံ ရှိနေပြီး၊ မစိုးရိမ်မိပေ။

သူ၏ မူလအမြုတေ အတွင်း၌ ချီစွမ်းအင် များ ပေါများစွာ ရှိနေဆဲ ဖြစ်၍ အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပါ။

ပတ်ဝန်းကျင်သည် တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့၏။

ကိုက်ခဲသော လေဒဏ်သာ ကျန်တော့၏။

ဖိအား တစ်မျိုးကလည်း သိမ်မွေ့စွာ ဖုံးလွှမ်းလာလေသည်။

မကြာမီ ၊

တစ်စုံတစ်ခုကို အာရုံခံစားမိလိုက်၍ နင်ချီ တုံ့ခနဲ ရပ်လိုက်တော့၏။

အဝေးဆုံးသို့ ကြည့်လိုက်သောအခါ မိုးကြိုးနဂါးများ တဝူးဝူး လှည့်ပတ်ပြီး ဟိန်းဟောက်နေသည်ကို မြင်ရလေသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်မိုးကြိုး ဓားမ မပါသဖြင့် မိုးကြိုးများကို ဆွဲထုတ်လာခြင်း မရှိသေးသော်လည်း၊ လျှပ်စီးအချို့က ရည်ရွယ်ချက်မရှိဘဲ ပတ်ဝန်းကျင်ကို ရိုက်ခတ်နေသည်ကို နင်ချီ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။ ထိုလျှပ်စီးအချို့ကြောင့် သူ၏ နှလုံးသားပင် တုန်ခါသွားရတော့သည်။

'ဘယ်လိုပဲဖြစ်ဖြစ်... နည်းနည်း သတိထားလိုက်ရင်တော့ ပြဿနာ မရှိပါဘူး'

စွမ်းအား မတူညီလျှင် အတွေးအမြင်လည်း ကွဲပြားသွားသည် မဟုတ်ပါလား။

ကောင်းကင်ဘုံရှိ မိုးကြိုး တားမြစ်နယ်မြေသို့ ထပ်မံ ရောက်ရှိလာသောအခါ နင်ချီသည် ယခင်ကလို အင်အားချည့်နဲ့နေသည်ဟု မခံစားမိတော့ပေ။ ဤနယ်မြေအပေါ် သူ၏ စူးစမ်းလိုစိတ်ကို တစ်ဖန် မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်၏။

'ဒီ မိုးကြိုး တားမြစ်နယ်မြေ ရဲ့ နောက်ဘက်မှာ ဘာတွေ ရှိနေမလဲ။ တခြား ကမ္ဘာများ ဖြစ်နေမလား'

သို့သော် သူ၏ လက်ရှိ စွမ်းအားနှင့် မိုးကြိုး တားမြစ်နယ်မြေ ကို ဖြတ်ကျော်ဖို့ရန်မှာ လက်တွေ့မကျသေး။

သိုင်းသူတော်စင် နယ်ပယ် ကို ရောက်မှသာ မျှော်လင့်ချက် ရှိနိုင်မည်ဟု နင်ချီ ခန့်မှန်းလိုက်တော့သည်။

ဒီလို တွေးမိသောအခါ၊

သာမန် သိုင်းသူတော်စင်များပင် ဤနယ်မြေကို ဖြတ်ကျော်နိုင်ကြမည် မဟုတ်ဟု နင်ချီ ထင်မိ၏။

ခေါင်းခါယမ်းကာ အတွေးများကို ရှင်းထုတ်လိုက်သည်။ ဤခရီး၏ ရည်ရွယ်ချက်ကို သူ မမေ့ပေ။

သူ စိတ်ကို ငြိမ်သက်စေလိုက်၏။

ထို့နောက် ကောင်းကင်မိုးကြိုး နည်းစနစ် ကို စတင် လည်ပတ်လိုက်တော့သည်။

တစ်ခဏအတွင်းမှာပင် မိုးကြိုး တားမြစ်နယ်မြေက ဝေးရာမှ အာရုံခံစားမိလိုက်၏။ ခရမ်းနက်ရောင် လျှပ်စီးကြောင်း တစ်ခုက လျင်မြန်စွာ ပစ်လွှတ်လာလေသည်။

နင်ချီ၏ မျက်လုံးများ အရောင်လက် သွား၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် ကောင်းကင်ကို ဖုံးလွှမ်းသော လက်ကြီး တစ်ဖက်အဖြစ် ဖန်တီးလိုက်ပြီး ၎င်းကို ဖမ်းယူလိုက်၏။

ထို့နောက် သုံးပိုင်း ပိုင်းဖြတ်လိုက်ကာ ပန်းသုံးပွင့်ကို သန့်စင်ရန် စတင်လိုက်တော့လေသည်။

All Chapters