လျှို့ဝှက်နည်းစနစ် အဆင့်မြှင့်တင်ခြင်း၊ ဓားလမ်းစဉ်၏ အမြင့်ဆုံး နယ်ပယ် (၂)
Vol. 17 Ch. 243
~နင်ချီ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုံ့ခနဲ တုန်ရီသွား၏။ သူ အကန့်အသတ်သို့ ရောက်ပြီဟု မရေမရာ ခံစားလိုက်ရသည်။ ယခုထက် ပိုမိုပြင်းထန်သော မိုးကြိုးကို ဆွဲဆောင်ပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
နင်ချီသည် မျက်လုံးများ မှိတ်လိုက်ပြီး လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေတော့၏။
ရံဖန်ရံခါ မိုးကြိုးများကို ဆွဲဆောင်လိုက်သော်လည်း တခါတရံတွင် မတော်တဆ ပြင်းလွန်းသော မိုးကြိုးများကို ဆွဲမိသွားတတ်၏။ ထိုအခါမျိုးတွင် နင်ချီသည် ၎င်းတို့ကို အပိုင်းပိုင်း ဖြိုခွင်းဖျက်ဆီးပစ်ရုံသာ တတ်နိုင်တော့သည်။
အတားအဆီး အချို့ ရှိခဲ့သော်လည်း အားလုံးသည် အကြမ်းဖျင်းအားဖြင့် ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပါသည်။
နောက်ထပ် နှစ်နာရီမျှ ကုန်လွန်သွား လေ၏။
နင်ချီ မျက်လုံးဖွင့်လိုက်ပြီး ကျင့်ကြံမှုကို ရပ်လိုက်တော့၏။
'သာမန် ကောင်းကင်မိုးကြိုးကို ဆွဲဆောင်တာထက် အစွမ်းထက်မှုက နှစ်ဆကျော် ပိုလာတာတော့ သေချာတယ်လေ။ ဒီနည်းနဲ့ဆိုရင် ငါ ပန်းသုံးပွင့် ပေါင်းစည်းရမယ့် အချိန်ကို အများကြီး လျှော့ချနိုင်ပြီပေါ့။ ဒါတင်မကသေးဘူး။ ပန်းသုံးပွင့် စုံလင်မှု ရလေလေ၊ ငါ့ရဲ့ စွမ်းအားက တိုးလာလေလေဖြစ်ပြီး ပိုပြင်းတဲ့ မိုးကြိုးကိုပါ ခံနိုင်ရည်ရှိလာမယ်။ ဒီတော့ စုံလင်မှု ရဖို့ အချိန်ကို ပိုတိုစေဦးမယ်။ ဒါက ကောင်းတဲ့ သံသရာ စက်ဝိုင်းပဲ'
နင်ချီ ခပ်ပြုံးပြုံး ဖြစ်သွား၏။
ထိန်းမနိုင်သိမ်းမရ အချက်အချို့ ရှိသော်လည်း အလုံးစုံအားဖြင့်တော့ ပြဿနာ မရှိပါချေ။
ဆိုလိုသည်မှာ... နောင်တွင် ဤနေရာသည် သူ၏ 'တာအို ကျင့်ကြံကွင်း' ဖြစ်လာမည်။ သူ နေ့စဉ် နှစ်နာရီအချိန်ပေး၍ လာရောက် ကျင့်ကြံတော့မည်။
ယခုအချိန်တွင်၊
ကောင်းကင်ဘုံလူသား နယ်ပယ်၏ ကျင့်ကြံမှုက လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီဖြစ်သည်။ ဤအချိန်မှစ၍ တည်ငြိမ်စွာ ကြိုးပမ်းသွားရန်သာ လိုတော့၏။ ကျန်သည့် အချိန်များကို သိုင်းသူတော်စင် နယ်ပယ်သို့ ရောက်ရှိရန် လမ်းကြောင်းကို ရှာဖွေရာတွင် အသုံးပြုနိုင်ပေမည်။ သူသည် ယခု သိုင်းသူတော်စင် နယ်ပယ်သို့ ပိုမို နီးကပ်လာနေပြီ ဖြစ်ရာ၊ ကြိုတင် ပြင်ဆင်ရန် အချိန်တန်ပြီပင်။
'ထျန်းရှန်းနဲ့ ကျွမ်းချန်ဆီကနေ စပြီး ကြည့်ရအောင်'
နင်ချီ၏ မျက်လုံးများက အရောင်လက်သွား၏။
ဤသည်မှာ သူ လွန်ခဲ့သည့် အချိန်များစွာကတည်းက စဉ်းစားထားသည့် အကြံတစ်ခုပင်။
ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများသည် သိုင်းသူတော်စင် အဆင့်နှင့် ဆင်တူသည်ဟု သံသယရှိရသည်။ မျောက်ဖြူ၏ သွေးမျိုးဆက်က ထူးခြား၏။ ၎င်းကို သေချာစွာ လေ့လာနိုင်မည်ဆိုပါက အခြားသော အလားတူ အရာများအကြောင်းကိုပါ ထိုးထွင်း သိမြင်လာနိုင်ပေမည်။
ထို့အပြင် ကျွမ်းချန်၏ မူလ ဓားအရိုး သည် လူသားများအကြားမှ 'နတ်ဆိုးသားရဲ သွေးမျိုးဆက်' နှင့် ဆင်တူသည်ဟု နင်ချီ ယုံကြည်၏။
ထို့ကြောင့် ယင်းတို့ နှစ်ခုကို တစ်ပြိုင်နက်တည်း နှိုင်းယှဉ် လေ့လာရန် ဖြစ်နိုင်ပေမည်။
—-----
နင်ချီသည် တာအိုကို ထိုးထွင်း သိမြင်ခြင်း ကျင့်ကြံမှုထဲသို့ နစ်မြုပ်နေခဲ့သည်။
ထိုအတောအတွင်း လောကကြီးသည် ဆက်တိုက် ဂယက်ထနေဆဲ ဖြစ်လေသည်။
ဓားမမိစ္ဆာမှ မွှေနှောက်ချောက်ခြား လိုက်သည့် လှုပ်ရှားမှုက အဆုံးသတ်သို့ ရောက်တော့မလိုပင်။ ဤ ခြောက်လကြာ ဂယက်က ဘယ်လို နိဂုံးချုပ်သွားမည်ကို မည်သူမျှ အတိအကျ မသိခဲ့ကြပေ။ သို့သော် ဤအခိုက်တွင် မရေမတွက်နိုင်သော မျက်လုံးများက အစစ်အမှန်သိုင်းတောင်ဆီသို့သာ စူးစိုက် ရောက်ရှိနေ၏။
ဓားမမိစ္ဆာနဲ့ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ဘယ်သူက ပိုသန်မာသလဲ။
ဒီမေးခွန်းက လူတိုင်းရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေသည် မဟုတ်ပါလား။
အထူးသဖြင့် ဓားမသမားများနှင့် ဓားသိုင်းသမားများက ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် နှင့် မိုးကြိုး တုန်ဟီး ဓားမအရှင်တို့၏ ယခင် စီးချင်းထိုးပွဲသည် ဓားနှင့် ဓားမ တိုက်ပွဲ၏ မှတ်တိုင်တစ်ခုမျှသာ ဖြစ်ခဲ့သည်ဆိုပါက၊ ယခု လာမည့် ဓားမမိစ္ဆာနှင့် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်တို့၏ တိုက်ပွဲသည် စစ်မှန်သော အမြင့်ဆုံး တိုက်ပွဲ ဖြစ်ပေတော့မည်။
ဤတိုက်ပွဲသည် ဓားသိုင်းသမားများနှင့် ဓားမသမားများအကြားမှ အပြင်းထန်ဆုံး ပုဂ္ဂိုလ်များကို ကိုယ်စားပြုနေတော့၏။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် သည် ဓားမမိစ္ဆာထက် အောင်မြင်မှုများနှင့် အဆင့်အတန်းများတွင် အစစအရာရာ နိမ့်ကျနေသော်လည်း၊ ဓားမမိစ္ဆာက ယခင်က အစစ်အမှန်သိုင်းတောင်မှ ဆုတ်ခွာခဲ့ရသည်ကို ဝန်ခံခဲ့ခြင်းသည် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ တန်ဖိုးကို သက်သေပြရန် လုံလောက်ခဲ့ပေ၏။
ထိုမျှသာမက နေကို လိုက်သော ဓားဘုရင် ပင် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ကို အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည် မဟုတ်ပါလား။
ဤအချက်များက လာမည့် တိုက်ပွဲအတွက် လူတိုင်းကို ပို၍ပင် မျှော်လင့်စေခဲ့တော့၏။
လေပြင်းနှင့် တိမ်တိုက်များ စုဝေးလာသည်။
အရပ်ရပ်မှ သိုင်းပညာရှင်များ အစစ်အမှန်သိုင်းမြို့တော်တွင် စုဝေးနေကြ၏။
ထိုအထဲတွင် ဓားမမိစ္ဆာ၏ အနိုင်ယူခြင်း ခံခဲ့ရသော ကောင်းကင်ဘုံလူသား အဆင့်စာရင်း ကျွမ်းကျင်သူ များစွာလည်း ပါဝင်၏။ အချို့က ဤနောက်ဆုံးတိုက်ပွဲကို ကိုယ်တိုင် လာရောက် ကြည့်ရှုလိုကြသည်။
ဓားမမိစ္ဆာ၏ အကန့်အသတ်သည် မည်သည့်နေရာတွင် ရှိသည်ကို မြင်လိုကြသည်ကိုး။
ဥပမာ- နတ်ဘုရားလေ ဓားမအရှင်က ဓားမမိစ္ဆာ အနိုင်ရမည်ဟု ယုံကြည်စိတ်ချစွာဖြင့် စောစီးစွာ ရောက်ရှိလာ၏။
အဘယ်ကြောင့်ဆိုသော် ဓားမမိစ္ဆာသည် နှစ်ရာစုအတွင်း တစ်ကြိမ် ပေါ်ထွန်းခဲ့သော ဓားမ ပါရမီရှင်တစ်ဦး ဖြစ်ပြီး မကြာမီ ဓားမလမ်းစဉ်၏ အမြင့်ဆုံး နယ်ပယ်သို့ ရောက်တော့မည် ဖြစ်၍ပင်။
ထို့အပြင် ကျယ်ပြော ပင်လယ် ဓားအရှင် နှင့် နေကို လိုက်သော ဓားဘုရင်တို့ကဲ့သို့ ပြိုင်ဘက်ကင်းသော အင်အားကြီး ပုဂ္ဂိုလ်များစွာလည်း ဤနေရာတွင် စုဝေးနေကြလေသည်။
ဤသူတို့ ရောက်ရှိလာခြင်း၌ကား အားသာချက်နှင့် အားနည်းချက်ဟူ၍ ရှိ၏။
အားသာချက်များက ရှင်းလင်း၏။
ဤမျှ များပြားသော အင်အားကြီး ပုဂ္ဂိုလ်များ ရှိနေသဖြင့် အချို့က အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် နှင့် တာအို တစ်သောင်း မျှော်စင်ကို စိတ်ဝင်စားကြတော့မည်။ သူတို့၏ ဓားစိတ်ဆန္ဒများ အပြန်အလှန် သက်ရောက်မှုက နင်ချီအား အလွန် အကျိုးပြုခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူ၏ ဓားလမ်းစဉ်သည် သိသိသာသာ တိုးတက်လာခဲ့သည်။ ဒါက အလွန် ရှားပါးလှ၏။
အားနည်းချက်များကတော့... ဤ ပြိုင်ဘက်ကင်းသော အင်အားကြီးပုဂ္ဂိုလ်များသည် ကိုယ်ပိုင် စရိုက်လက္ခဏာများ ရှိကြသဖြင့် အငြင်းပွားမှုများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါသည်။
လော့ဝမ်ထျန်းနှင့် အခြားသူများသည် ထိုပုဂ္ဂိုလ်ကြီးများကို တားဆီးရန် အရည်အချင်း မပြည့်မီကြပေ။ ၎င်းတို့က ချော့မော့ပြောဆိုကာ စည်းရုံးနိုင်ရန်သာ တတ်နိုင်ကြတော့၏။
ကံကောင်းစွာပင်၊
အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် ကို မြင်တွေ့လိုက်သောအခါ ဤ ပြိုင်ဘက်ကင်းသော အင်အားကြီး ပုဂ္ဂိုလ်များသည် တိတ်ဆိတ်သွားပြီး အံ့အားသင့်ကာ ရိုကျိုးသွားကြသည်။
ထို့ကြောင့် တဖြည်းဖြည်း မာန်ကျသွားကြတော့၏။
မူလက အချို့သော လူများသည် ဓားမမိစ္ဆာက သူ၏ နောက်ဆုံး ပြိုင်ဘက်အဖြစ် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ကို ရွေးချယ်ခြင်းကို သိပ်ပြီး အလေးမထားခဲ့ကြပေ။ သို့သော် ယခုအခါတွင် သူတို့သည် ခံစားချက်ဖြင့် ရိုကျိုးသွားခဲ့ရချေပြီ။
အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် က မည်သည့် တုန်လှုပ်မှုမှ မပြသသော်လည်း၊ အတွင်းမှ ကျယ်ပြန့်၍ ခမ်းနားသော ဓားစိတ်ဆန္ဒက သူတို့အား နိမ့်ကျသည်ဟု ခံစားစေခဲ့၏။ အချိန်တိုအတွင်း နားလည် သဘောပေါက်ခြင်း အချို့ ရရှိခဲ့ကြပြီး စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ကြိီးမြတ်သော စိတ်ထားကိုလည်း အလွန် အထင်ကြီးသွားကြတော့၏။ သူတို့သာဆိုလျှင် သူတို့၏ ဓားစိတ်ဆန္ဒကို အခြားသူများ နားလည် သဘောပေါက်နိုင်ရန် ဖွင့်ထားပေးမည် မဟုတ်သည်ကိုး။
နေကို လိုက်သော ဓားဘုရင်က ဓားကျောက်စာတိုင်ကို အံ့အားသင့်သော မျက်လုံးဖြင့် ကြည့်လိုက်၏။
'ငါ အစွမ်းမမီပါဘူး' ဟု သူ ရေရွတ်လိုက်လေသည်။
အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်သည် ထူးခြားကြောင်းကို သူ၏ တပည့်များ၏ ဖော်ပြချက်များမှတစ်ဆင့် သိခဲ့ပြီး ဖြစ်သော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ ၎င်း၏ ကြီးမြတ်မှုသည် သူ၏ စိတ်ကူးထက် ကျော်လွန်နေကြောင်းကို သဘောပေါက်သွားတော့၏။
'ဒါများဆိုရင်... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ဟာ ဓားလမ်းစဉ်ရဲ့ အမြင့်ဆုံး နယ်ပယ်ကို ရောက်နေပြီလား'
နေကို လိုက်သော ဓားဘုရင်၏ မျက်လုံးများသည် ပြင်းထန်သော မျှော်လင့်ချက်ဖြင့် တုန်ခါသွားသည်။
ထိုသို့သော ဓားလမ်းစဉ်ကို မြင်တွေ့နိုင်မည်ဆိုပါက အသက်ဆုံးရှုံးရသည်ပင် တန်ဖိုးရှိတော့မည် မဟုတ်ပါလား။
နေကို လိုက်သော ဓားဘုရင်သည် ဖြည်းညှင်းစွာ တောင်ပေါ်မှ ဆင်းလာပြီး တိုက်ပွဲမှ အမြင့်ဆုံးသော အမှန်တရားအချို့ကို သင်ယူရန် မျှော်လင့်လျက် ဓားမမိစ္ဆာ ရောက်ရှိလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။
ပတ်ဝန်းကျင်မှ လူများသည် နေကို လိုက်သော ဓားဘုရင် က သူ အစွမ်းမမီကြောင်း ဝန်ခံသည်ကို ကြားလိုက်ရသောအခါ ပို၍ပင် မှင်သက်သွားရ၏။
“အလိုလေး... ဒါက ပထမဆုံး ဓားသိုင်းသမားနဲ့ ပထမဆုံး ဓားမသမားတို့ရဲ့ တိုက်ပွဲပဲ...”
“တိုက်ပွဲ မြင်ကွင်းကတော့ ကမ္ဘာကြီး တုန်ခါသွားအောင်ကို ဖြစ်မှာ သေချာတယ်။ ငါကတော့ ဒီတိုက်ပွဲရဲ့ အသေးစိတ်တိုင်းကို မှတ်တမ်းတင်ပြီး ငါ့ ရဲ့ လီမိသားစုရဲ့ အမွေအဖြစ် ထားဖို့ ပြင်ဆင်ထားတယ်”
“ဟုတ်ပါရဲ့၊ ရောင်းရင်းရေ၊ ဒီတိုက်ပွဲကို လွဲချော်တာက ဘယ်တော့မှ မသိနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်တာပဲ ဖြစ်တော့မှာပေါ့”
အချိန်က ဖြည်းညှင်းစွာ ကုန်လွန်သွား၏။
ဓားမမိစ္ဆာ ဘယ်တော့ ရောက်လာမည်ကို မည်သူမျှ မသိကြပေ။
သို့သော် နေကို လိုက်သော ဓားဘုရင်နှင့် တွေ့ဆုံစဉ်က ဓားမမိစ္ဆာက စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်နှင့် တိုက်မည်ဟု ကိုယ်တိုင် ကြေညာခဲ့သည် ဖြစ်ရာ၊ သူ စကားကို ပြန်ရုပ်သိမ်းမည် မဟုတ်သည်မှာ သေချာလေသည်။
အစစ်အမှန်သိုင်းမြို့တော်သည် အလွန်တရာ စည်ကားနေ၏။
နေ့တိုင်းပင်၊ တိုက်ပွဲနှင့် ပတ်သက်သော ဆွေးနွေးမှု အမျိုးမျိုး ရှိနေတော့သည်။
အစစ်အမှန်သိုင်းဂိုဏ်းမှ တပည့်များသည်လည်း စိတ်လှုပ်ရှားပြီး မျှော်လင့်နေကြသော်လည်း စိုးရိမ်မှု အနည်းငယ်လည်း ရှိနေ၏။
အစစ်အမှန်သိုင်းမြို့တော်သည် ပတ်ဝန်းကျင် ဧရိယာသို့ ထပ်မံ ချဲ့ထွင်နေသော်လည်း ဤမျှ များပြားသော သိုင်းပညာရှင်များကို လက်ခံနိုင်ခြင်း မရှိသေးချေ။
အချို့သော လူများသည် အနီးအနားရှိ တောင်များတွင် သစ်သားအိမ်များ ဆောက်လုပ်နေကြပြီး တောင်ကုန်းများနှင့် လယ်ကွင်းများအပြည့် လူများဖြင့် ပြည့်နှက်နေသည်ကို မြင်ရ၏။ ဒေသခံ ဆန်းပြား သားရဲများအတွက်တော့ အလွန် ဆိုးရွားသော အခြေအနေ ဖြစ်နေတော့သည်လေ။
ဤသည်မှာ နှစ်ပေါင်း တစ်ရာအတွင်း သြဇာ အကြီးဆုံး တိုက်ပွဲပင် ဖြစ်လေသည်။
နင်ချီကလည်း အနည်းငယ် သက်ရောက်မှု ခံစားမိ၏။ စိတ်မငြိမ်မသက်ဖြစ်ခြင်းမျိုး မဟုတ်ဘဲ၊ အစစ်အမှန်သိုင်းမြို့တော်တွင် ဤမျှ များပြားသော လူများ စုဝေးနေခြင်းက စိတ်မသက်မသာ ဖြစ်စေတော့သည်။
ထို့ကြောင့် သူ ကောင်းကင်ဘုံသို့ ကျင့်ကြံရန် မသွားနိုင်တော့ပေ။
“ဒီလူကြီး.. အချိန်ဆွဲနေတာပဲ။ အမြန်လာရင် ကောင်းသားပဲ” ဟု နင်ချီက မသိမသာ ရေရွတ် လိုက်မိတော့၏။
အနီးနားတွင် ရပ်နေသော ကျွမ်းချန်က ထိုစကားကို ကြားလိုက်ရ၍ စူးစမ်းသော အကြည့်ဖြင့် မေးလိုက်လေသည်။
“ဘယ်သူက အမြန်လာရမှာလဲ။ ကိုးလေး၊ ခင်ဗျား ဘယ်သူ့ကို စောင့်နေတာလဲ”
ထိုအခါ၊ နင်ချီက ခပ်ဟဟ ရယ်မောလိုက်တော့၏။
“ငါ ဘယ်သူ့ကိုမှ စောင့်နေတာ မဟုတ်ပါဘူး။ ဒါနဲ့၊ မင်းရဲ့ မူလ ဓားခန္ဓာ လျှို့ဝှက်နည်းစနစ်က ဘယ်လို တိုးတက်နေပြီလဲ”
ကျွမ်းချန်က ကပျာကယာ လှမ်း၍ ပြန်ဖြေ၏။
“စုံလင်မှုနဲ့ နီးစပ်နေပါပြီဗျာ။ ဒီ လျှို့ဝှက်နည်းစနစ်က အမှန်တကယ်ပဲ အစွမ်းထက်ပါတယ်။ ကျွန်တော့်ရဲ့ မူလ ဓားအရိုးနဲ့ ပေါင်းစပ်လိုက်တော့ ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုပါပဲ”
သူ၏ မျက်လုံးများတွင် အထင်ကြီး လေးစားမှုများ ပြည့်နှက်နေတော့၏။ နင်ချီကသာ မူလ ဓားခန္ဓာ လျှို့ဝှက်နည်းစနစ်ကို ဖန်တီးခဲ့သည်ကို သူသာ သိသည်ကိုး။ သူ ကျင့်ကြံလေလေ၊ ၎င်း၏ နက်နဲမှုကို ပို၍ သဘောပေါက်လေလေ ဖြစ်ကာ နင်ချီအပေါ် လေးစားမှု ပိုလာခဲ့တော့သည်။
ညီအစ်ကို မောင်နှမများထဲတွင် လော့ဝမ်ထျန်းမှလွဲ၍ နင်ချီ၏ မူမမှန်သော ပါရမီကို အမှန်တကယ် နားလည်သူမှာ ကျွမ်းချန်ပင် ဖြစ်ပေမည်။
နင်ချီက ပြုံးလိုက်ပြီး ဆို၏။
“မင်း ဒီထက် ပိုအစွမ်းထက်တဲ့ ဓားလမ်းစဉ် လျှို့ဝှက်နည်းစနစ်တွေကို သင်ယူချင်သေးလား”
သူ၏ စကားသံက ချော့မော့ပြောဆို နေသကဲ့သို့ ဖမ်းစား နေတော့၏။
ကျွမ်းချန်၏ မျက်လုံးများ လင်းလက်သွားသော်လည်း စိတ်မသက်မသာလည်း ဖြစ်မိ၏။
သူသည် နင်ချီနှင့်အတူ ပင်ကိုယ် ဓားခန္ဓာ လျှို့ဝှက်နည်းစနစ်ကို ဖန်တီးခဲ့စဉ်က စိတ်လှုပ်ရှားစရာ အတွေ့အကြုံကို သတိရနေ၏။ နင်ချီက သူ့ကို မောင်းမထုတ်ခဲ့၊ ပုံပြင်ထဲက အေးဆေးတည်ငြိမ်သော ငါးဖမ်းသမားက ငါးမိမည့် အချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
တကယ်တော့ ကျွမ်းချန်သည် ခဏအကြာတွင် မခုခံနိုင်တော့ပေ။
သူ အံကြိတ်လိုက်ပြီး ပြောလိုက်၏။
“ကိုးလေး... ကျွန်တော့်ကို ပြောပါ။ ကျွန်တော် ဘာလုပ်ပေးရမလဲ”
အနီးနားရှိ မျောက်ဖြူကတော့ သနားသည့် အရိပ်အယောင်ကို ပြသနေတော့သည်။
ထိုအခါ ၊ နင်ချီက ခပ်ပါးပါး ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
မနေ့ကမှ အသစ်ရေးသားထားသည့် လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်သည် ကျွမ်းချန်၏ လက်ထဲသို့ ကျရောက်သွားတော့သည်။
“ဒီ လျှို့ဝှက်နည်းစနစ်ကို မင်း ကျွမ်းကျင်အောင် လုပ်လိုက်ပါ။ ငါ လိုအပ်တဲ့အခါ မင်းကို ခေါ်လိုက်မယ်”
လွန်ခဲ့သည့် ရက်အနည်းငယ်က နင်ချီသည် မျောက်ဖြူ၏ သွေးမျိုးဆက်နှင့် မူလ ဓားအရိုးကို ပိုမို နက်နက်နဲနဲ လေ့လာနည်းကို စဉ်းစားနေခဲ့ခြင်း ဖြစ်၏။
နင်ချီ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တက်လှမ်းပြီးနောက် ကျယ်ပြန့်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပဲ့တင်ရိုက်ခတ်နိုင်ခဲ့သော်လည်း ထိုစွမ်းအားကို သူ၏ ခန္ဓာကိုယ်အတွင်း၌ စုစည်းနိုင်ခြင်း မရှိသေးချေ။
မျောက်ဖြူနှင့် ကျွမ်းချန်၏ ခန္ဓာကိုယ်အတွင်း၌မူ ပြောဖို့ပင် မလိုတော့ချေ။
ကောင်းကင်ဘုံလူသား နယ်ပယ်၏ အကြီးမားဆုံး အားသာချက်မှာ ယခင်ကထက် များစွာ သာလွန်သော ခိုင်မာသည့် စိတ်စွမ်းအင်ပင် ဖြစ်၏။
ထို့ကြောင့် နင်ချီသည် အခြားသော ချဉ်းကပ်နည်းကို သုံးခဲ့တော့သည်။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားနှင့် ပဲ့တင်ရိုက်ခတ်ခြင်းမှ လှုံ့ဆော်မှု ရယူကာ သူသည် ပဲ့တင်ရိုက်ခတ်မှု နည်းလမ်းကို အသုံးပြု၍ သွေးမျိုးဆက်များကို လေ့လာရန် ရည်ရွယ်၏။ ထိုနည်းလမ်းမှာ သူတို့၏ ပူးပေါင်းပါဝင်မှုကို လိုအပ်လေသည်။
ဤ လျှို့ဝှက်နည်းစနစ်က ကျွမ်းချန်၏ မူလ ဓားအရိုးကို စိတ်လှုပ်ရှားဖွယ် အခြေအနေသို့ ရောက်ရှိစေရန်နှင့် အပြင်ပန်းမှ ပဲ့တင်ရိုက်ခတ်စေရန် ဖြစ်၏။ ထိုသို့ဆိုလျှင် နင်ချီ လေ့လာရန် ပိုမို လွယ်ကူစေမည်ကိုး။
လွန်ခဲ့သည့် နှစ်ရက်ခန့်က၊
အလားတူ လျှို့ဝှက်နည်းစနစ်ကို မျောက်ဖြူအား ပေးခဲ့ပြီး ဖြစ်လေသည်။
ကျွမ်းချန်သည် လျှို့ဝှက်ကျမ်းစာအုပ်ကို ယူလိုက်သည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး ခေါင်းကို အားရပါးရ ငြိမ့်လိုက်၏။
“ဟုတ်ကဲ့ပါ၊ ကိုးလေး... ကျွန်တော် သေချာပေါက် အမြန်ဆုံး ကျွမ်းကျင်အောင် ကြိုးစားပါ့မယ်”
နင်ချီက ပြုံးရယ်လျက် ခေါင်းညိတ်လိုက်၏။
ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကောင်းကင်ဘုံဆီသို့ မော့ကြည့်လိုက်တော့သည်။
တဆက်တည်း၌၊ သူ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခု ကွေးညွတ်လာ၏။
ယခင်က သူ ရေရွတ်ခဲ့သော စကားများ အလုပ်ဖြစ်သွားပုံရသည်။
လာသင့်သူသည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီလေ။