ကျေးဇူးတင်ပါတယ်... စစ်မှန်သူ (၂)
Vol. 17 Ch. 248
~"ကျေးဇူးတင်ပါတယ်... စစ်မှန်သူ... ကျွန်တော့်ကို ဉာဏ်အလင်း ရစေခဲ့တဲ့အတွက်.."
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်သည် ရှောင်တိမ်းခြင်း အလျဉ်းမရှိ၊ ဤဂါရဝပြုမှုကို အေးဆေးတည်ငြိမ်စွာပင် လက်ခံယူလိုက်လေသည်။
ဝတ်ရုံနက်နှင့် တာအိုပညာရှင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
"ဒါ ခင်ဗျားရဲ့ ကိုယ်ပိုင် အောင်မြင်မှုပါ"
လူတိုင်း ပို၍ပင် အံ့အားသင့်သွားကြတော့သည်။
ဓားမမိစ္ဆာ ဉာဏ်အလင်း ပွင့်သွားခြင်းသည် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ဂုဏ်သတင်းကို မှေးမှိန်သွားစေခြင်း မရှိသည့်အပြင် ပိုမို မြင့်မားသွားစေခဲ့သည် မဟုတ်ပါလား။
ယနေ့မှစ၍ ကမ္ဘာလောကရှိ လူတိုင်းသည် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ပြိုင်ဘက်ကင်း စွမ်းရည်ကိုသာမက သူ၏ တုနှိုင်းမဲ့ ကျယ်ပြန့်သော စိတ်ထားကိုပါ အံ့သြချီးကျူးကြတော့မည်။
သူတို့ သိလိုက်ကြ၏။ ယခုအချိန်၌ ဤတိုက်ပွဲသည် အမှန်တကယ် နိဂုံးချုပ်သွားခဲ့ချေပြီ။
ဓားမမိစ္ဆာ၏ ဦးညွှတ်လိုက်ခြင်းသည် အရှုံးပေးခြင်းကို သက်သေပြနေသည်ကိုး။
အမှန်တကယ်တော့ ဓားမမိစ္ဆာသည် နယ်ပယ်ကို အဆင့် ချိုးဖြတ်နိုင်ခဲ့လျှင်ပင် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်ဟု သူတို့ မထင်ကြပေ။ လက်ရှိ အခြေအနေအရ ကြည့်လျှင် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်သည် ဓားလမ်းစဉ် အမြင့်ဆုံး နယ်ပယ်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပုံရပြီး ဓားမမိစ္ဆာထက် ပိုမို နက်ရှိုင်းသော အခြေခံရှိကြောင်း ပြသနေလေသည်။
ထိုအခိုက်တွင် ဓားမမိစ္ဆာက ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။
"စစ်မှန်သူကို နောက်ထပ် ကူညီတောင်းခံစရာ ကိစ္စတစ်ခု ရှိပါသေးတယ်"
နင်ချီ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး ဝတ်ရုံနက်နှင့် တာအိုပညာရှင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"ပြောပါ"
"စစ်မှန်သူရဲ့ အကူအညီနဲ့ ကျွန်တော် ဓားမလမ်းစဉ် အမြင့်ဆုံး နယ်ပယ်ကို ရောက်ရှိခဲ့ပြီးပါပြီ။ အခု သိုင်းသူတော်စင် နယ်ပယ်ကို အဆင့် ချိုးဖြတ် ဝင်ရောက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ စစ်မှန်သူကို မေတ္တာရပ်ခံပါတယ်.."
"ကောင်းပြီ"
စကားလုံး အနည်းငယ်သာ ဖလှယ်လိုက်ကြ၏။
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီးနောက် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်လာကြတော့သည်။
တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဆက်လက် ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ဓားမမိစ္ဆာသည် အောင်ပွဲကို အမိအရ ဆုပ်ကိုင်ပြီး သိုင်းသူတော်စင် နယ်ပယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည်တဲ့လား။
မည်သူကမျှ သူတို့ ကြားလိုက်ရသည်ကို မယုံနိုင် ဖြစ်နေကြသည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်အတွင်း မဟာယန် သိုင်းသူတော်စင်မှလွဲ၍ အခြား မည်သည့် သိုင်းသူတော်စင်မှ ပေါ်ထွန်းမလာခဲ့။ ယခု သူတို့သည် သိုင်းသူတော်စင် တစ်ပါး မွေးဖွားလာမည့် မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်လော။
နေကို လိုက်သော ဓားဘုရင် နှင့် အခြားသူများပင်လျှင် ရင်ခုန်သံများ မြန်လာပြီး ကြောင်ငေးကာ စိုက်ကြည့်နေမိကြသည်။
သိုင်းသူတော်စင် ဆိုသည်မှာ သိုင်းပညာရှင်တိုင်း ရောက်ရှိရန် တောင့်တကြသော ပန်းတိုင် မဟုတ်ပါလား။
ဓားမမိစ္ဆာသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။
ယခုအချိန်တွင် အဆင့် ချိုးဖြတ် ဝင်ရောက်ရန် ရွေးချယ်လိုက်ခြင်းမှာ ပထမအချက်အနေဖြင့် ဤတိုက်ပွဲက သူ၏ အလားအလာကို အပြည့်အဝ နှိုးဆွပေးလိုက်သောကြောင့် ဖြစ်သည်။ သူ၏ အနှစ်သာရ၊ ချီ နှင့် ဝိညာဉ်တို့ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း သူ၏ စိတ်ဓာတ်ပြင်းပြမှုနှင့် ကြံ့ခိုင်မှုအတွက် ဤထက် ပိုကောင်းသော အခွင့်အရေး မရှိနိုင်တော့ချေ။ ဒုတိယအချက်မှာ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က သူ့ကို ဉာဏ်အလင်းရစေရန် ကူညီပေးခဲ့ခြင်း၏ အဓိပ္ပာယ်ကို သူ နားလည်သဘောပေါက်ပြီး ကျေးဇူးပြန်ဆပ်လိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်သည် အမြင့်ဆုံး နယ်ပယ်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သိုင်းသူတော်စင် နယ်ပယ်သို့ ဝင်ရောက်ခြင်း မရှိသေးပေ။ တစ်စုံတစ်ခုကို စိုးရိမ်နေခြင်း ဖြစ်နိုင်ရာ ဓားမမိစ္ဆာက သူ၏ ကိုယ်ပိုင် အဆင့် ချိုးဖြတ်မှု အတွေ့အကြုံဖြင့် ပြန်လည် ပေးဆပ်ရန် ရည်ရွယ်ခြင်း ဖြစ်တန်ရာ၏။
ဓားမမိစ္ဆာသည် တစ်သက်လုံး မည်သူ့ကိုမျှ အကြွေးတင်မခံခဲ့ဖူးပေ။
သူ စိတ်အာရုံ စူးစိုက်လိုက်သည်နှင့် ဓားမ စိတ်ဆန္ဒကို ထုတ်သုံးကာ နှလုံးသားထဲမှ အာရုံပျံ့လွင့်စရာ အတွေးစများကို ဖြတ်တောက် ပစ်လိုက်တော့သည်။
နင်ချီသည် တစ်ခါမှ မရှိဖူးသော အာရုံစိုက်မှုဖြင့် စောင့်ကြည့်နေ၏။
ပြောရမည်ဆိုလျှင်...
ဤသည်မှာ သိုင်းသူတော်စင် နယ်ပယ်နှင့် သူ၏ အနီးစပ်ဆုံး တွေ့ဆုံမှုပင် ဖြစ်လေသည်။
ဓားမမိစ္ဆာက အဆင့် ချိုးဖြတ်ရန် ရွေးချယ်လိုက်ပြီ ဆိုကတည်းက သေချာပေါက် ပြင်ဆင်မှု ရှိပြီးသား ဖြစ်ပေလိမ့်မည်။
နင်ချီ၏ စောင့်ကြည့်မှုအောက်တွင် ဓားမမိစ္ဆာသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ အံ့မခန်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး တစ်ခဏချင်းမှာပင် သိပ်သည်းသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ စုဝေးလာသည်ကို ကောင်းကင်ဘုံလူသား နယ်ပယ် ကျွမ်းကျင်သူများ ရှင်းလင်းစွာ အာရုံခံလိုက်ကြရသည်။
ထို့နောက်။
ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်မှ သက်ဝင်လှုပ်ရှားသော စွမ်းအားများ ပွင့်အာလာပြီး ထူးခြားသော ရနံ့သင်းပျံ့ပျံ့ တစ်ခု ပျံ့နှံ့သွား၏။ အချို့သော သူများမှာ မသိလိုက်ဘာသာ တံတွေးမြိုချမိပြီးနောက် ထိတ်လန့်စွာဖြင့် ပါးစပ်ကို ပြန်ပိတ်ထားလိုက်ကြရသည်။
"ဒါက လူသား အနှစ်သာရရဲ့ အထွတ်အထိပ်ပဲ။ တာအို အသီးအပွင့်ကို ကျင့်ကြံပြီး အနှစ်သာရ ပန်းပွင့် စုံလင်ခြင်းကို ရောက်ရှိသွားတာ"
အတွေးစများ နင်ချီ၏ စိတ်ထဲတွင် နေရာယူသွားကြ၏။
ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးခြားဆန်းပြားသော အင်မော်တယ် ပန်းပွင့်တစ်ပွင့်သည် တစ်လွှာပြီး တစ်လွှာ ပွင့်အာလာသည်။ မမြင်နိုင်၊ အကောင်အထည် မရှိသော်လည်း ထိုနေရာရှိ လူတိုင်း ထူးဆန်းစွာ အာရုံခံစားမိနေကြသည်။ အနှစ်သာရ ပန်းပွင့် စုစည်းလာသည်နှင့်အမျှ ယခင်က လှိုင်းထနေသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည်လည်း အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပုံရသည်။
ဓားမမိစ္ဆာသည် ပြတ်သားစွာဖြင့် ရှေ့ဆက်တိုးလိုက်၏။
အတွင်းမှ ချီစွမ်းအင် အနှစ်သာရများသည် အားကုန် ရုန်းကန် လှုပ်ရှားလာပြီး သူ၏ စိတ်စွမ်းအင်သည်လည်း ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။
တစ်ခဏအတွင်းမှာပင်။
နောက်ထပ် အင်မော်တယ် ပန်းပွင့် နှစ်ပွင့် ထပ်မံ စုစည်းလာ၏။
ချီ ပန်းပွင့်..
ဝိညာဉ် ပန်းပွင့်..
ပန်းသုံးပွင့် စုံလင်ခြင်း ဆိုသည်မှာ ဒါပါပေတကား။
မည်သူမျှ မအံ့သြကြပေ။ ဓားမမိစ္ဆာ တစ်ဦးတည်းသာ မဟုတ်၊ ကောင်းကင်ဘုံလူသား အဆင့်စာရင်း ထိပ်ဆုံး ဆယ်ယောက်ဝင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ အားလုံးနီးပါးသည် ပန်းသုံးပွင့် စုံလင်ခြင်း အဆင့်ကို ရောက်ရှိနေကြသူများ ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် သူတို့သည် အသေးစိတ် အချက်အလက် တစ်ခုကိုမျှ လွတ်မသွားစေရန် အထူး ဂရုစိုက် ကြည့်ရှုနေကြသည်။
မိမိတို့လည်း တစ်နေ့တွင် ဤလမ်းကို လျှောက်လှမ်းရမည် မဟုတ်ပါလား။
ဤအချိန်တွင်၊
ပန်းသုံးပွင့် စုစည်းသွားပြီး ကမ္ဘာမြေကြီးသည် တုန်ခါသွားတော့သည်။ အဆင့်နိမ့် ကျင့်ကြံသူအချို့သည် ဘာဖြစ်နေမှန်း မသိကြသော်လည်း ပင်ကိုယ်အသိစိတ်ဖြင့် ကြောက်ရွံ့ကာ ခန္ဓာကိုယ်များ တုန်ရီနေကြရပြီ ဖြစ်၏။
ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ၏ အကြည့်များမှာမူ ပိုမို တောက်လောင်လာကြသည်။
သူတို့ မြင်တွေ့လိုက်ရသည်မှာ...
ပန်းသုံးပွင့်သည် ထိပ်ဆုံး၌ စုဝေးသွားပြီး အံ့သြဖွယ်ရာ ပြောင်းလဲမှု တစ်ခုကို စတင်နေခြင်းပင်။
"ပန်းသုံးပွင့် ထိပ်ဆုံးမှာ စုဝေးပြီးရင်... ဘာဆက်ဖြစ်မလဲ" ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်ပြီး တစ်ယောက် သိချင်စိတ်ကို မထိန်းနိုင် ဖြစ်နေကြသည်။
ဓားမမိစ္ဆာသည် သူတို့၏ အော်ဟစ်သံကို ကြားလိုက်ရသကဲ့သို့ပင်။
တဝီဝီ မြည်သံတစ်ခု ထွက်ပေါ်လာပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော မိစ္ဆာ ဓားမ စိတ်ဆန္ဒသည် သူ၏ ကျောရိုးတစ်လျှောက်မှ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။ ဓားမလမ်းစဉ် အမြင့်ဆုံး နယ်ပယ်သို့ ရောက်ရှိကာစ ဖြစ်သော်လည်း အသုံးပြုနေပြီ ဖြစ်သည်။ ဤနည်းလမ်းသည် ဓားမမိစ္ဆာက တစ်သက်တာလုံး မြှုပ်နှံထားမှုမှတဆင့် ရှာဖွေတွေ့ရှိခဲ့သော နည်းလမ်းပင်။
သူသည် ကောင်းကင်၊ မြေကြီး နှင့် လူသား သုံးပါးပေါင်းစည်း မိစ္ဆာဓားမများကို ဖန်တီးလိုက်သည်။ ၎င်းတို့သည် ကောင်းကင်၊ မြေကြီး နှင့် လူသား ပန်းသုံးပွင့်ကို တစ်နည်းနည်းဖြင့် ထင်ဟပ်နေပေသည်။
ယခုတွင် မိစ္ဆာ ဓားမ စိတ်ဆန္ဒသည် ပန်းသုံးပွင့်အပေါ် ဖြန့်ကျက်ထားပြီး ၎င်းတို့ကို အမိန့်ပေး စေခိုင်းလိုက်တော့သည်။
နင်ချီ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွား၏။
ဓားမမိစ္ဆာ၏ အဆင့် ချိုးဖြတ်မှုကို စောင့်ကြည့်နေရင်း ဝူကျန်းဟဲ ချန်ထားခဲ့သော ငွေရောင်စာရွက်များပေါ်ရှိ မှတ်တမ်းများနှင့် အဆက်မပြတ် တိုက်ဆိုင်စစ်ဆေးကြည့်ရာ ဉာဏ်အလင်းရမှုများ ဆက်တိုက် ပေါ်ပေါက်လာတော့သည်။
သိုင်းသူတော်စင် နယ်ပယ်နှင့် ပတ်သက်၍ လုံးဝ အသစ်သော နားလည်မှု တစ်ခုကို ရရှိလိုက်ခြင်းပင်။
အံ့သြဖွယ်ရာ ပြောင်းလဲမှုတစ်ခု မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်လာ၏။ မူလက ဝိုးတဝါးသာ ဆက်စပ်နေခဲ့သော အနှစ်သာရ၊ ချီ နှင့် ဝိညာဉ် ပန်းသုံးပွင့်သည် ယခုအခါ တစ်ခုတည်းသော အရာအဖြစ် ပေါင်းစည်းသွားပုံရသည်။
ထိပ်ဆုံး၌ စုဝေးနေသော ပန်းသုံးပွင့်သည် ထူးခြားသော 'ဝဲကတော့' သို့မဟုတ် 'လေပွေ' တစ်ခုနှင့် တူညီနေတော့သည်။
ထို့နောက် မူလက လှိုင်းထနေသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် ထွက်ပေါက် တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွား၏။
ထို 'ပန်းသုံးပွင့် ကတော့' မှတဆင့် ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ စုပြုံ တိုးဝင်သွားကြတော့သည်။
လူတိုင်း အံ့အားသင့်ကုန်ကြ၏။
ဤသည်မှာ ကောင်းကင်ဘုံလူသား နယ်ပယ်၏ ကောင်းကင်နှင့် မြေကြီး စွမ်းအားနှင့် ပဲ့တင်ရိုက်ခတ်ခြင်းနှင့် လုံးဝ မတူတော့ချေ။ ကိုယ့်ကိုယ်ကိုယ် မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို သန့်စင်နေသကဲ့သို့ပင်..။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ လောင်းထည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာတော့သည်။ မျက်နှာသည် နီရဲလာပြီး အစိမ်းနှင့် အဖြူရောင်များ တလှည့်စီ ပြောင်းလဲနေ၏။ သူ၏ ခန္ဓာကိုယ်သည် ဖောင်းပွလာလိုက်၊ ပြန်ကျုံ့သွားလိုက်နှင့် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသဖြင့် ကြည့်ရှုနေသူများမှာ ကြောက်လန့်ကာ ချွေးပြန်လာကြရသည်။
သို့သော် အချိန် ကုန်လွန်လာသည်နှင့်အမျှ၊
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ အဆက်မပြတ် ဝင်ရောက်နေဆဲ ဖြစ်သော်လည်း ဓားမမိစ္ဆာ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တည်ငြိမ်မှုသို့ ပြန်လည် ရောက်ရှိလာတော့သည်…