← Chapters

ကျောက်စိမ်းဆွဲသီး

Vol. 29 Ch. 347

ကျောက်စိမ်းဆွဲသီး

Vol. 29 Ch. 347

ဖုချင်းချင်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး မော့ကြည့်လိုက်သည်။

အစောပိုင်းက ပျက်စီးသွားသော ဝင်္ကပါသည် ပြန်လည်၍ အသက်ဝင်လာပြီး လှိုဏ်အထဲသို့ ဝင်ရောက်လာသော သိုင်းပညာရှင်များသည် မည်သည့်အချိန်ကတည်းက လှောင်ပိတ်မိနေမှန်း မသိရတော့ချေ။ ထို့နောက်တွင်မူ သူတို့၏နောက်သို့ လိုက်ပါလာသော မိုပိုင်ယဲ့သည် ရေကို ပိုင်းဖြတ်သည့်အလား ထိုလူများကို လွယ်လင့်တကူ သတ်ဖြတ်နေပေ၏။ ထိုလူများသည် ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးပင် မရရှိကြချေ။

ဖုချင်းချင်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။

အသတ်ခံလိုက်ရသူများအနက် တချို့သည် ယခင်က သူမတို့နှင့် တိုက်ခိုက်ခဲ့ဖူးသူများပင်။ ဤလူများကို သူမ၏မိသားစုမှ ဖုချင်းဟုန် နှင့် ဖုချင်းယောင်ကဲ့သို့ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အကြီးအကဲများပင် ယှဉ်နိုင်ခဲ့ခြင်း မရှိပေ။ ဆိုလိုသည်မှာ ဤလူများအားလုံးသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိနေကြရာ ယခုကဲ့သို့ လွယ်လင့်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရသလော။

မိုပိုင်ယဲ့သည် ဤမျှထိ အစွမ်းထက်သော ရန်သူများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်အထိ မည်သို့ အစွမ်းထက်လာသနည်း။ အဓိကအချက်မှာ သူသည် မည်သည်ကြောင့် ဖုမိသားစုကို ကူညီနေသနည်း။

သူမသည် သူ၏နာမည်ဂုဏ်သတင်းကျော်စောမှုကို ကြားဖူးခဲ့သည် မဟုတ်လော...

သူမ စဉ်းစားနေစဉ်မှာပင် လူသတ်နေဆဲဖြစ်သော မိုပိုင်ယဲ့က ပန်းများပွင့်လန်းလာသကဲ့သို့ သူမအား နူးညံ့ညင်သာစွာ ပြုံးပြလိုက်သည်ကို သူမ မြင်လိုက်ရသည်။

"ဒါက ဆရာပဲ..."

သူမ မည်သည့်အရာကိုမျှ မတုံ့ပြန်နိုင်သေးမီမှာပင် မလှမ်းမကမ်းရှိ ယုရှောင်ယွီက အော်ဟစ်လိုက်၏။

သူမ၏ဆရာသည် မိုတောက်ကိုအသုံးပြုရာတွင် ကျွမ်းကျင်ကြောင်း သူမ သိရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ထွက်ပေါ်လာပြီး သူမတို့ကို ကယ်တင်ရန် ဤမျှထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေးနိုင်သူမှာ သူတစ်ယောက်တည်းသာရှိကြောင်း သူမ နားလည်သဘောပေါက်သွားသည်။

"ဒါက..."

ဤစကားကိုကြားသည်နှင့် တပြိုင်နက်တည်း ဖုချင်းချင်းသည်လည်း ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

အမှန်တကယ်ကိုပင် သူမ လေးစားအားကျရသော နတ်ဘုရားကဲ့သို့ လူသားကသာ တစ်စုံတစ်ယောက်ကို ကယ်တင်ရန် ကိုယ်ကျိုးမငဲ့ဘဲ တိုက်ခိုက်ပေးပေလိမ့်မည်...

သူမ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။

သူမအနေဖြင့် မှားယွင်းသောလူကို ချစ်မိလေသလောဟု ယခင်က သံသယဝင်ခဲ့ဖူးသော်လည်း ဤအချိန်တွင် သူမ၏ရွေးချယ်မှုသည် မှန်ကန်ရုံသာမက အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ချက်ချင်း နားလည်သဘောပေါက်သွားသည်။

ဤကဲ့သို့သော လူစားမျိုးကသာ သူမတို့ညီအစ်မများအားလုံး ဓားတောင်ကိုကျော်ဖြတ်၍ မီးပင်လယ်ကိုနင်းကာ စွန့်စားပေးရကျိုး နပ်ပေမည်။

ဝှစ်...ဝှစ်...

သူမတို့၏ထိတ်လန့်နေမှုများကြားတွင် နောက်ထပ်လူသုံးဦးသည် သူ၏ဓားချက်အောက်၌ လဲကျသေဆုံးသွားသည်။ ဝင်္ကပါ ပျက်စီးသွားချိန်မှစ၍ မိုပိုင်ယဲ့ ဝင်ရောက်တိုက်ခိုက်ချိန်အထိ အသက်ရှူချိန်ဆယ်ချိန်ကျော်သာ ကြာမြင့်သော်လည်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူရှစ်ဦးသည် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့လေပြီ။

အသက်ရှင်ရက်ကျန်ရစ်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်လက်မမျှပင် ရှေ့မတိုးရဲကြတော့ချေ။

သူတို့သာမက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေသော ရှစ်ကျုံးရှန်ပင်လျှင် နေရာ၌ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းစွာ မတ်တတ်ရပ်နေသည်။ သူ၏မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်နေကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မိုပိုင်ယဲ့... မင်းက ငါနဲ့ ယှဉ်ချင်နေတာလား"

မိုပိုင်ယဲ့က သူ၏ဓားကို ပြန်သိမ်းပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူသည် ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ အစောပိုင်းကမှ အသက်ဝင်လာသောဝင်္ကပါ ပြန်လည်၍ရပ်တန့်သွားသည်။ ထို့နောက် သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်း စမ်းကြည့်လို့ ရတယ်"

သူ တွေးထင်ထားသကဲ့သို့ ဖြစ်နေသည်အား မြင်လိုက်ရချိန်၌ ရှစ်ကျုံးရှန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် သက်ပြင်းတစ်ချက်ချပြီးနောက် အေးစက်စက် နှာတစ်ချက်မှုတ်ပြီး မေးမြန်းလိုက်သည်။

"မင်းက ဒီလောက်တောင် ယုံကြည်ချက်ရှိနေမှတော့ ငါနဲ့ တိုက်ရဲလား"

"ငါ မိုပိုင်ယဲ့က ဘယ်သူ့ကိုမှ မကြောက်ဘူး"

မိုပိုင်ယဲ့သည် လှိုဏ်ဂူထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ပြေးထွက်လာကာ မြေပြင်ကို ခြေဖြင့်ဆောင့်၍ ရှစ်ကျုံးရှန်ထံသို့ ပြေးဝင်သွားသည်။ သူ၏ မိုတောက်ဓား က လေထုကို ပိုင်းဖြတ်လိုက်သည်။

အမှန်အားဖြင့် သူသည် ရုပ်ဖျက်ထားသော ကျန်းရွှမ်ဖြစ်ပြီး အစောပိုင်းကမှ သူ၏ကျင့်ကြံဆင့် တက်လှမ်းထားသဖြင့် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်းရှိမရှိ စမ်းသပ်လိုခြင်းဖြစ်သည်။

ဓားချက်တစ်ချက် ကျရောက်လာကာ လေထုကိုပိုင်းဖြတ်ပစ်လိုက်သည့်အလား လေဟာနယ်ကို အက်ကွဲသွားစေသည်။ ထိုဓားချက် မကျရောက်မီမှာပင် အစွမ်းထက်သော စွမ်းအားတစ်ရပ်သည် ရှစ်ကျုံးရှန်အပေါ်သို့ လွှမ်းမိုးသွားပြီး သူ၏စိတ်ဝိညာဉ်ကို တုန်ရီသွားစေသည်။

ရှစ်ကျုံးရှန်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ သူသည် ဤဓားချက်ကို တိုက်ရိုက်ရင်ဆိုင်ရန်ဝံ့ခြင်း မရှိသဖြင့် သူ၏ခန္ဓာကိုယ်ကိုတိမ်းစောင်းကာ နောက်သို့ရှောင်တိမ်းလိုက်သည်။

သူ၏လက်နက်သည် လှံတစ်လက်ဖြစ်ပြီး လှံသွားသည် အေးစက်စက် တောက်ပနေပေ၏။ သူ၏တိုက်ခိုက်မှုများသည် အလွန်ပြင်းထန်သဖြင့် တခြားသူများ ခုခံရန် ခက်ခဲသည်။ ပုံမှန်အားဖြင့် သူသည် တိုက်စစ်ဆင်ရာတွင် အကောင်းဆုံးဖြစ်သော်လည်း ပထမဆုံးတိုက်ကွက်မှာပင် ဆုတ်ခွာရလိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။ အထူးသဖြင့် သူ့ထက် ကျင့်ကြံဆင့်နိမ့်ပါးသူတစ်ဦးကို ရင်ဆိုင်ရချိန်တွင်ဖြစ်ရာ သူ ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားသည်။

သူထံ၌ ဒေါသများ ပြည့်နှက်နေကာ သူ၏လှံသွား တုန်ခါသွားပေ၏။ ပြိုင်ဘက်၏တိုက်ခိုက်မှု အရှိန်ကုန်သွားချိန်တွင် သူ ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ပြိုင်ဘက်၏ဓားရှည်မှာ ညင်သာစွာ လူးလွန့်လာပြီး ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။

ပြိုင်ဘက်၏ဓားနည်းစနစ်နှင့်ခွန်အားသည် အစောပိုင်းကထက် ပို၍သာလွန်နေသည်။

ဆိုလိုသည်မှာ ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသော ဓားချက်ကို ထုတ်ဖော်ပြီးနောက် ပြိုင်ဘက်သည် အားအင်ကုန်ခမ်းသွားခြင်း မရှိဘဲ ပို၍သန်မာလာခြင်းပင်။

"သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ သန်မာအားကောင်းနေတာလဲ"

တခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှစ်ကျုံးရှန်က နောက်ဆုတ်လိုက်သည်။

ထို့နောက် မည်သူမျှ ယုံကြည်နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို လူများအားလုံး မြင်တွေ့လိုက်ရသည်။

ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်တွင်သာ ရှိသေးသော မိုပိုင်ယဲ့သည် ရေလှိုင်းများသဖွယ် ပြင်းထန်သော တိုက်ကွက်များဖြင့် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ရှိသော ရှစ်ကျုံးရှန်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရအောင် ဖိအားပေးနေခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစ်ကျုံးရှန်သည် မီတာဆယ်နှင့်ချီ၍ နောက်ဆုတ်ခဲ့ရပြီး ဤအချိန်တလျှောက်လုံး ဖိနှိပ်ခြင်းခံနေရသည်။

ယုရှောင်ယွီနှင့်တခြားလူများသည် အလွန်အံ့အားသင့်သွားပြီး စကားပင် မပြောနိုင်ကြတော့ချေ။

သူတို့သည် သူတို့ဆရာ၏စွမ်းအားကို ကောင်းစွာသိရှိထားကြသည်။ ကျီးလန်တောင်ကြား သို့ မဝင်မီက သူသည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်တွင်သာ ရှိသေးသော်လည်း နာရီအနည်းငယ်အတွင်းမှာပင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီး သတ္တမအဆင့် ကျင့်ကြံသူများကိုပင် လွယ်လင့်တကူ အနိုင်ယူနိုင်နေလေပြီ။

"ဒါက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် လား... ကြည့်ရတာတော့ ငါ့ရဲ့စွမ်းအားနဲ့ဆို အလွယ်တကူ အနိုင်ယူနိုင်တဲ့ပုံပဲ..."

တိုက်ကွက်ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးနောက် ပြိုင်ဘက်ကို ပြန်လည်တိုက်ခိုက်၍ မရနိုင်သည်အထိ ဖိအားပေးနိုင်ခဲ့သဖြင့် ကျန်းရွှမ် သည် သူ၏စွမ်းရည်ကို နားလည်သဘောပေါက်သွားပြီး ဆက်လက်၍တိုက်ခိုက်ပါက အဓိပ္ပာယ် မရှိတော့ကြောင်း သိရှိသွားသည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် စာအုပ်တစ်အုပ်က သူ၏စိတ်ထဲတွင် ထွက်ပေါ်လာပေ၏။

ထိုစာအုပ်ထဲတွင် သူ့ပြိုင်ဘက်၏ အားနည်းချက်များအားလုံးကို အသေးစိတ်ကျကျ မှတ်တမ်းတင်ထားသည်။

"တော်သင့်ပြီ... တိုက်ပွဲက ဒီမှာတင် ပြီးပြီ"

စာအုပ်အတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ကျန်းရွှမ်သည် ဆက်လက်တိုက်ခိုက်ရန် စိတ်မပါတော့သဖြင့် သူ၏မိုတောက်ဓားကို ရုတ်တရက် ပြန်ရုတ်သိမ်းလိုက်သည်။

အသက်ပင် ကောင်းကောင်းမရှူနိုင်အောင် ဖိနှိပ်ခံထားရသော ရှစ်ကျုံးရှင်းသည် သူ၏ပြိုင်ဘက်မှ ဓားကိုပြန်ရုတ်သိမ်းသွားသည်အား မြင်လိုက်ရချိန်၌ ချက်ချင်းဆိုသလိုပင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် သူ၏လှံကို ညင်သာစွာလှုပ်ခတ်လိုက်ပြီး ရှေ့သို့ တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။

နောက်ဆုံးတော့ သူ ပြန်လည်တိုက်ခိုက်နိုင်လေပြီ။

သို့ရာတွင် ထိုကဲ့သို့ လျင်မြန်သော ထိုးနှက်ချက်သည် ပြိုင်ဘက်က အသင့်ပြင်မထားလျှင် အဆင်ပြေနိုင်သော်လည်း အကာအကွယ် ယူထားပြီးပါက သူ၏ဟာကွက်များအားလုံးကို ဖော်ပြသကဲ့သို့ ဖြစ်သွားစေသည်။

အစွမ်းအထက်ဆုံး လက်သီးချက်ဆိုသည်မှာ မထိုးရသေးသော လက်သီးချက်ဖြစ်ပြီး ထိုးနှက်လိုက်ပြီဆိုသည်နှင့် အသုံးမဝင်တော့ချေ။

ရှစ်ကျုံးရှန်၏အခြေအနေသည် ယခုချိန်၌ ထိုအတိုင်း ဖြစ်နေသည်။ လှံကို ရှေ့သို့ထိုးစိုက်လိုက်သည်နှင့် သူ၏ဟာကွက်များအားလုံး ပေါ်လွင်လာသည်။ ကျန်းရွှမ်သည် လှံသွားကို ရှောင်တိမ်းလိုက်ပြီး သူ၏မိုတောက်ဓားကို အသာအယာ ထိုးစိုက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစ်ကျုံးရှန်၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။

"မင်း..."

ရှစ်ကျုံးရှန်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားပေ၏။

ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး သေဆုံးသွားခဲ့လေပြီ။

"မြန်မြန် ပြေးကြတော့..."

"သူ... သူ သေသွားပြီလား"

"အရမ်းအစွမ်းထက်တဲ့ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူက မိုပိုင်ယဲ့ရဲ့လက်ချက်နဲ့ သေသွားတာလား"

သူတို့အကြား၌ အသန်မာဆုံးလူကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရချိန်၌ မည်သူသည် ဆက်နေဝံ့မည်နည်း။ သူတို့သည် ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြူခိုးများအကြား၌ ပျောက်ကွယ်သွားကြသည်။

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

ဤမြူခိုးများသာ မရှိပါက သူသည် ထိုတစ်ယောက်ချင်းစီကို လိုက်လံဖမ်းဆီးနိုင်ပြီး မည်သူ့ကိုမျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်တွင် သူတို့ကို လွှတ်ပေးလိုက်သည်က ပို၍ကောင်းမွန်ပေသည်။

အကယ်၍ သူ မဖမ်းဆီးမိသောလူတစ်ယောက်ယောက်မှ ပြန်လည်၍ ချောင်းမြောင်းတိုက်ခိုက်ပါက ဖုယင်ယင်နှင့် တခြားသူများ အန္တရာယ်ရှိနိုင်ပေ၏။

သူသည် ရှစ်ကျုံးရှန်၏အနီးသို့ လျှောက်လှမ်းသွားပြီး သိုလှောင်လက်စွပ်ကို ချွတ်ယူကာ ကမ္ဘာသစ်ထဲသို့ ပစ်ထည့်လိုက်သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ရှစ်ကျုံးရှန်ထံတွင် ရတနာအမြောက်အများ ရှိနေသည်။ ကံကြမ္မာချပ်ပြားများကမူ အလွန်များပြားခြင်းမရှိဘဲ ဆယ်ဂဏန်းအနည်းငယ်သာ ရှိသည်။ သို့ရာတွင် ထိုအရာများကို သူ ဖြေသိမ့်စရာတစ်ခုဟု ယူဆနိုင်ပေ၏။

သူသည် လှိုဏ်ဂူထဲသို့ ပြန်ဝင်လာပြီး မူလပုံပန်းသွင်ပြင်သို့ ပြန်လည်၍ပြောင်းလဲလိုက်သည်။

အမှန်တကယ်ကို ကျန်းရွှမ် ဖြစ်နေကြောင်း မြင်လိုက်ရချိန်၌ ဖုချင်းချင်းနှင့်တခြားသူများထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကြသည်။

"ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တာလဲ.... ဘာလို့ သူတို့က မင်းတို့ကို လိုက်ဖမ်းနေတာလဲ...ပြီးတော့ သူတို့ပြောနေတဲ့ 'ကျောက်စိမ်းဆွဲသီး' ဆိုတာက ဘာလဲ"

သူ၏ရှေ့မှလူများကို ကြည့်ရင်း ကျန်းရွှမ်က သိချင်စိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။

ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် တစ်ယောက်ကို ဤမျှထိ စိတ်လှုပ်ရှားစေပြီး "ထုံးတမ်းစဉ်လာ" နှင့် သက်ဆိုင်သော ကောင်းကင်ကံကြမ္မာကိုပင် ထည့်ပြောလာသဖြင့် သူ ပြောဆိုသော ကျောက်စိမ်းဆွဲသီးသည် သာမန်ပစ္စည်းတစ်ခု မဖြစ်နိုင်ချေ။

"ဒါက..."

ဖုချင်းယောင်က မတ်တတ်ရပ်လိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ လခြမ်းပုံစံ ကျောက်စိမ်းဆွဲသီးတစ်ခုက သူမ၏ လက်ဝါးထဲတွင် ထွက်ပေါ်လာသည်။ ဤသည်မှာ လခြမ်းပုံစံ ဖြစ်သော်လည်း အစွန်းများသည် ချွန်ထက်မနေဘဲ ပြားချပ်နေပေ၏။

ထိုအရာ၏မျက်နှာပြင်ပေါ်တွင် အဓိပ္ပါယ်မသိရသော ရှေးဟောင်းအက္ခရာများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားသည်။ ထိုကျောက်စိမ်းဆွဲသီးကို သူ၏လက်ဝါးဖြင့် ထိတွေ့လိုက်ချိန်၌ နွေးထွေးသော အငွေ့အသက်များ ထွက်ပေါ်လာပေ၏။

"ဒါက ထုံးတမ်းစဉ်လာ ရတနာတစ်မျိုး ဖြစ်ပုံရတယ်"

ဖုချင်းယောင်က တည်ကြည်လေးနက်သော အမူအယာဖြင့် ရှင်းပြသည်။

All Chapters