တောင်၏လမ်းခုလတ်
Vol. 29 Ch. 349
"ဘာရတနာပစ္စည်းတွေလဲ....ဘယ်လို ရတနာပစ္စည်းမျိုးတွေလဲ"
"ယဇ်ပလ္လင်ဆိုမှတော့ သားရဲတွေနဲ့ သစ်သီးတွေ ဖြစ်သင့်တာ မဟုတ်လား"
လူများအားလုံးသည်လည်း အခြေအနေကို သတိထားမိကြပြီး တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလိုပင် အော်ဟစ်ပြောဆိုလိုက်သည်။
"ငါတို့က သားရဲတွေ သစ်သီးတွေနဲ့ စမ်းကြည့်ပြီးပြီ...ဒါက အသုံးမဝင်ဘူး"
အစောပိုင်းက စကားပြောဆိုလိုက်သူက ဆက်လက်၍ ပြောဆိုသည်။
သူသည် အသက်လေးဆယ်ဝန်းကျင်ရှိကာ ခန့်ညားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ သူသည် သူ၏ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြသထားခြင်း မရှိသော်လည်း ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားဆဲပင်။
"အဲ့ဒါက ရှန်ဝူကျွင်း မဟုတ်လား...."
မကြာမီမှာပင် ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏နံဘေးတွင် ရပ်နေသော ရင်းနှီးသည့် လူတစ်ယောက်ကို ကျန်းရွှမ်က မြင်တွေ့လိုက်ရသည်။ ထိုလူသည် ယခင်က ဖုမိသားစုထံ လာရောက်လည်ပတ်ခဲ့ဖူးသော သတ္တမမင်းသားရှန်ဝူကျွင်းပင်။
"သူက ကျိုးယီတော်ဝင်မိသားစုရဲ့ တတိယမင်းသားရှန်လင်းပဲ...သူက ဝူကျွင်းရဲ့ တတိယဦးရီးတော်ဖြစ်ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်က ခန်းမသခင်ရှစ်ယွမ်ကျင်းထက် မနိမ့်ကျဘူး...ကျိုးယီမြို့တစ်မြို့လုံးမှာ သူ့ရဲ့စွမ်းအားက ထိပ်တန်းအဆင့်မှာရှိတယ်"
သူ စဉ်းစားနေစဉ်မှာပင် ဖုချင်းယောင်၏အသံက သူ၏နားထဲသို့ ဝင်ရောက်လာသည်။
"အော်..."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤသတ္တမမင်းသားသည် ဖုမိသားစုဝင်များနှင့် အတူရှိမနေဘဲ တခြားအဖွဲ့နှင့်ရှိနေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ကျိုးယီတော်ဝင်မိသားစုသည်လည်း သူတို့၏ကိုယ်စားလှယ်များကို စေလွှတ်လိုက်ပုံရပေ၏။
ရှန်လင်း၏နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော လူဆယ့်ခုနစ်ယောက် ဆယ့်ရှစ်ယောက်ခန့် ရှိနေပြီး သူတို့အားလုံးသည် ဖုချင်းယောင်ထက် အားမနည်းကြချေ။ ထို့ပြင် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးမပြုပါက ကျန်းရွှမ် ကောင်းစွာထွင်းဖောက်မမြင်နိုင်သော အကြီးအကဲနှစ်ဦးလည်း ရှိနေပေ၏။
ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။ ကျိုးယီတော်ဝင်မိသားစုထံတွင် အမှန်တကယ်ကို နက်နဲသိမ်မွေ့သော အင်အားရှိသည်။ ကောင်းကင်ကံကြမ္မာခန်းမ သို့မဟုတ် အလုံးစုံသိမြင်ဂိုဏ်း ကဲ့သို့သော အစွမ်းထက်သည့် အင်အားစုများကသာ သူတို့နှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
"အသုံးမဝင်ဘူး ဟုတ်လား...ဒါဆိုရင် ရတနာပစ္စည်းတွေ လိုအပ်တာများလား"
တခြားလူတစ်ယောက်က ဝင်ရောက်ပြောဆိုသည်။
"တကယ်လို့ ရတနာပစ္စည်းတွေ ဆိုရင်တောင် တော်ဝင်မိသားစုမှာ မရှိဘူးဆိုတာတော့ မဟုတ်နိုင်ဘူးမလား..."
"ဆေးပင်တွေ လက်နက်တွေ ရတနာတွေ ရှားပါးကျောက်မျက်ရတနာတွေနဲ့ ငါ ခုဏက စမ်းကြည့်ပြီးပြီ...ဘယ်အရာမှ အလုပ်မဖြစ်ဘူး"
ရှန်လင်းက ခေါင်းခါယမ်းလိုက်၏။
"ဆက်ပြီးစမ်းကြည့်နေဖို့ မလိုတော့ဘူး..ငါတို့ ခန့်မှန်းတာ မှန်မယ်ဆိုရင် အဲ့ဒီနောက်က လမ်းကြောင်းကို ဖွင့်နိုင်တဲ့ နည်းလမ်းက သာမန် ရတနာပစ္စည်းတွေ မဟုတ်ဘဲနဲ့ ထုံးတမ်းစဉ်လာ ရတနာတွေပဲ"
ထိုအချိန်မှာပင် လူအုပ်ကြီး၏နောက်ဘက်မှနေ၍ တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်သည်။
ကျန်းရွှမ်က လှည့်ကြည့်လိုက်ရာ ကောင်းကင်ကံကြမ္မာခန်းမမှ ခန်းမသခင်ရှစ်ယွမ်ကျင်း သည် ကံကြမ္မာဆရာသခင် ဆယ်ယောက်ကျော်နှင့်အတူနောက်မှ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
နာရီအနည်းငယ်အတွင်းမှာပင် ဤခန်းမသခင်ရှစ်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ၏အကန့်အသတ်များကို ချိုးဖျက်ပြီး သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
ကောင်းကင်ကံကြမ္မာခန်းမသည် ဤနယ်မြေ၏အတွင်းရေးကိစ္စအမြောက်အများကို သိရှိထားပြီး အကျိုးကျေးဇူးများစွာ ရရှိထားပုံရသည်။
"ထုံးတမ်းစဉ်လာ ရတနာတွေလား"
ရှန်လင်း အံ့အားသင့်သွားသည်။
"အမှန်ပဲ"
ရှစ်ယွမ်ကျင်းက ရှေ့သို့လျှောက်လှမ်းလာရာ သူ၏ရှေ့မှလူအုပ်ကြီးသည် တွေဝေတုံ့ဆိုင်းနေသော်လည်း လမ်းဖယ်ပေးလိုက်ကြသည်။
"ကောင်းကင်ကံကြမ္မာအခမ်းအနား ဆိုတာက စည်းမျဉ်းစည်းကမ်းတွေ အများကြီး လိုအပ်ရုံတင်မကဘူး သက်ဆိုင်ရာ ထုံးတမ်းစဉ်လာ ရတနာတွေလည်း လိုအပ်တယ်... အခမ်းအနားကျင်းပတာနဲ့ ဒီပစ္စည်းတွေကို ပေါင်းစပ်မှသာ စစ်မှန်တဲ့ အခမ်းအနားကို အောင်မြင်ပြီးမြောက်စေနိုင်လိမ့်မယ်"
ရှစ်ယွမ်ကျင်းက ရှေ့သို့လျှောက်လှမ်းလာရင်း ဆက်လက်၍ ပြောဆိုသည်။
"ဒီနေရာမှာ ယဇ်ပလ္လင်ခြောက်ခု ရှိတယ်...ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် တစ်ခုစီက ကျောက်စိမ်းရတနာခြောက်မျိုးထဲက တစ်ခုစီနဲ့ သက်ဆိုင်နေတယ်...ငါတို့က အဲဒါတွေကို ရှာပြီးတော့ ယဇ်ပလ္လင်ပေါ်မှာ ထားလိုက်တာနဲ့ နောက်ဆက်တွဲ တောင်ပေါ်လမ်းကြောင်းက မလွဲမသွေ ပေါ်လာလိမ့်မယ်"
"အဲ့ဒီ ရတနာခြောက်မျိုးက ဘာတွေလဲ"
ရှန်လင်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
ဤသည်မှာ လူများအားလုံး မေးလိုသော မေးခွန်းလည်း ဖြစ်ပေ၏။ ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်အသံမျှ ထွက်မလာတော့ချေ။
"ကောင်းကင်ကံကြမ္မာခန်းမရဲ့ ကောင်းကင်ကံကြမ္မာအခမ်းအနားဆိုင်ရာ မှတ်တမ်းတွေအရဆိုရင်... ဒီကျောက်စိမ်းရတနာခြောက်မျိုးက ပီ ချုံး ကွေ့ ကျန်း ဟု နဲ့ ဟွမ်တို့ပဲ"
ရှစ်ယွမ်ကျင်းသည် ယခုအချိန်၌ လူအုပ်ကြီး၏ ရှေ့ဆုံးသို့ ရောက်ရှိလာပြီး သူ၏ခြေလှမ်းများကို ရပ်တန့်ကာ လူအများကို ဝေ့ဝိုက်၍ ကြည့်လိုက်၏။
"အားလုံးပဲ... ဒီ ထုံးတမ်းစဉ်လာ ရတနာခြောက်မျိုးထဲက တစ်ခုခုကို ရထားတဲ့သူ ရှိရင် ကျေးဇူးပြုပြီးတော့ ရှေ့ကိုထွက်ခဲ့ကြပါ.. လမ်းကြောင်း ပွင့်သွားအောင် ငါနဲ့အတူ ပူးပေါင်းကြရအောင်.. ပြီးရင် ငါတို့အားလုံး တောင်ထိပ်ကို အတူတူ တက်ကြတာပေါ့...အဲ့ဒီလိုမှ မဟုတ်ရင် ဒီနေရာမှာပဲ သောင်တင်နေတာက ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး..."
ရှစ်ယွမ်ကျင်းက စကားပြောဆိုပြီးသည်နှင့် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကျောက်စိမ်းကွေ့တစ်ခုက သူ၏လက်ဝါးထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ခြေလှမ်းနှစ်လှမ်းလှမ်းကာ တတိယမြောက် ယဇ်ပလ္လင်ပေါ်သို့ ထိုအရာကို အသာအယာ တင်လိုက်သည်။
သူ တွေးထင်ထားသည့်အတိုင်းပင် ကျောက်စိမ်းကွေ့ကို တင်လိုက်သည်နှင့် ကြီးမားသော ကျောက်နံရံကြီးသည် အချိန်မရွေး ကွဲအက်သွားတော့မည့်အလား ချက်ချင်းဆိုသလိုပင် အက်ကြောင်းပေါင်းများစွာ ဖြစ်ပေါ်လာသည်။
"ဒါဆိုရင် ငါတို့ ရခဲ့တဲ့ ပစ္စည်းက အဲ့ဒီရတနာ ဖြစ်နေတာပဲ..."
ရှန်လင်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး မလှမ်းမကမ်းရှိ သူ၏ တူဖြစ်သူ ရှန်ဝူကျွင်းဘက်သို့ လှမ်းကြည့်ကာ လက်ဖြန့်လိုက်သည်။
ရှန်ဝူကျွင်းက သူ၏ဆိုလိုရင်းကို နားလည်သဖြင့် သူ၏အင်္ကျီလက်ကြားမှ လက်ကိုင်ပဝါဖြင့် ထုပ်ထားသော ပစ္စည်းတစ်ခုကို အလျင်အမြန် ထုတ်ယူကာ လက်ကမ်းပေးလိုက်သည်။ ရှန်လင်းက ထိုလက်ကိုင်ပဝါကို ညင်သာစွာဖြေလိုက်ရာ အလယ်တွင် အပေါက်ပါရှိသော စက်ဝိုင်းပုံ ကျောက်စိမ်းပြား(ပီ)တစ်ခု ထွက်ပေါ်လာသည်။
"အဲ့ဒါကို အရင် တင်လိုက်ပါ... ဒါက ကောင်းကင်ယဇ်ပူဇော်ပွဲတွေမှာ လိုအပ်တဲ့ ကျောက်စိမ်းပီပဲ...ငါ့ဆီမှာ ရှိတဲ့ ကျောက်စိမ်းကွေ့ကတော့ ဂါရဝပြုတဲ့ အခမ်းအနားတွေမှာ အဓိကသုံးလေ့ရှိတယ်..."
ရှစ်ယွမ်ကျင်းက ထိုအရာအကြောင်းကို ချက်ချင်းသိရှိသွားပေ၏။
"ကောင်းပြီလေ..."
ရှန်လင်းက ခေါင်းညိတ်လိုက်ပြီး ပထမဆုံး ယဇ်ပလ္လင်ပေါ်သို့ ကျောက်စိမ်းပီကို ညင်သာစွာ တင်လိုက်သည်။ ထိုပစ္စည်းကို နေရာချလိုက်သည်နှင့် ကျောက်နံရံကြီးသည် တစ်စုံတစ်ခုနှင့် ရိုက်ခတ်ခံလိုက်ရသည့်အလား အက်ကွဲကြောင်းများ ပို၍ကျယ်လာကာ ဖုန်မှုန့်များ ပျံ့လွင့်လာသည်။
"တကယ့်ကို အလုပ်ဖြစ်တာပဲ. အားလုံးပဲ... မင်းတို့ဆီမှာ ထုံးတမ်းစဉ်လာ ရတနာတွေ ထပ်ရှိသေးလား"
"ငါတို့ဆီမှာ ရှိပါတယ်..."
ထိုအချိန်မှာပင် တောင်ခြေဘက်မှ အခြားလူတစ်စု တက်လာကြပြီး သူတို့ကို ဦးဆောင်လာသူမှာ ကျန်းရွှမ်၏မိတ်ဆွေဟောင်းကြီး မိုပိုင်ယဲ့မှလွဲ၍ တခြားသူ မဟုတ်ချေ။
ဤအချိန်တွင် သူ၏လက်ထဲ၌ အတွင်းဘက်တွင် ထုလုံးရှည်ပုံစံရှိပြီး အပြင်ဘက်တွင် စတုရန်းပုံစံရှိသော ကျောက်စိမ်းချုံးတစ်ခုကို ကိုင်ထားသည်။
ယခုချိန်တွင် မိုပိုင်ယဲ့သည် သူ၏ဒဏ်ရာများကို ကုသရန် ဆေးဝါးများကို ရှာတွေ့ခဲ့ပုံရပေ၏။ သူ၏ပြတ်သွားသော လက်မောင်း ပြန်လည်ပေါက်ဖွားလာရုံသာမက သူ၏ကျင့်ကြံဆင့်သည်လည်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ပြန်လည်၍ရောက်ရှိနေသည်။ သူ၏မျက်လုံးများသည် တောက်ပနေပြီး အဆင့်ချိုးဖျက်ရန် နီးစပ်နေပုံရသည်။
"မင်း ပါလား..."
ရှစ်ယွမ်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ခန်းမသခင် ရှစ်...ကျွန်တော်တို့ကြားမှာ ဘယ်လို အငြိုးအတေးတွေပဲ ရှိရှိ...ဒီနေရာက ထွက်သွားတာနဲ့ ကျွန်တော် ရှင်းပြပါ့မယ်... ဒါပေမဲ့ အခုကတော့ တောင်ပေါ်ကို မြန်မြန်တက်မှ ဖြစ်မယ်"
သူ့ကို မနှစ်သက်ကြောင်း ခံစားမိသဖြင့် မိုပိုင်ယဲ့ က အလျင်အမြန် ပြောဆိုလိုက်၏။
ရှစ်ယွမ်ကျင်းက ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ချေ။
မည်သည့်အရာက အရေးအကြီးဆုံးဖြစ်သည်ကို သူ ကောင်းစွာသိရှိထားသည်။
သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ခုန်းမျိုးရိုးရှိသော ဖရိုဖရဲကံကြမ္မာကျင့်ကြံသူသည် တောင်ထိပ်သို့ ရောက်ရှိနေလောက်လေပြီ။ အကယ်၍ သူတို့သည် မြန်မြန်ဆန်ဆန် မလှုပ်ရှားလျှင် အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။
ကျောက်စိမ်းချုံးကို ယဇ်ပလ္လင်ပေါ်သို့ တင်လိုက်သည်နှင့် ကျောက်နံရံကြီးသည် အချိန်မရွေး ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ လောကကြီးအနှံ့သို့ လွင့်စင်သွားတော့မည့်အလား ပို၍ပြင်းထန်စွာ တုန်ခါစပြုလာသည်။
"နောက်ထပ် ရှိသေးလား"
လမ်းကြောင်း အပြည့်အဝပွင့်သွားရန် နောက်ထပ် သုံးခု လိုအပ်သေးကြောင်း သိသဖြင့် ရှန်လင်းက နံဘေးပတ်ဝန်းကျင်ကို ထပ်မံ၍ ကြည့်ရှုလိုက်၏။
"အဲ့ဒါကို ယူလာခဲ့လိုက်ပါ"
ကျန်းရွှမ်က ဖုချင်းယောင်ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
ပြင်းထန်စွာ လုယူတိုက်ခိုက်ခဲ့ရသော ပစ္စည်း၏ တန်ဖိုးအစစ်အမှန်ကို ယခုမှ နားလည်သွားသော ဖုချင်းယောင်သည် စကားအပိုမပြောတော့ဘဲ ရှေ့ထွက်လာကာ သူမ၏ကျောက်စိမ်းဟွမ်ကို နောက်ဆုံးယဇ်ပလ္လင်ပေါ်သို့ တင်လိုက်၏။
မိုပိုင်ယဲ့သည် သူမကို မြင်လိုက်ပြီးနောက် လူအုပ်ကြားထဲမှ ကျန်းရွှမ်ကို တစ်ဆက်တည်း မြင်တွေ့သွားရာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ရပ်က သူ၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။
ဤအချိန်ကာလအတွင်းတွင် သူ ကြုံတွေ့ခဲ့ရသမျှ အရှက်ရမှုများနှင့်စွပ်စွဲခံရမှုများအားလုံးသည် ဤလူကြောင့်ပင်။ ရန်သူချင်း တွေ့ဆုံကြချိန်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြစ်လာစမြဲပင်။
"ခန်းမသခင်ရှစ်... ကျွန်တော် ခင်ဗျားကို ပြောပြစရာ ကိစ္စတစ်ခု ရှိတယ်..."
မိုပိုင်ယဲ့သည် ဆက်လက်၍ သည်းမခံနိုင်တော့သဖြင့် သူသည် ရှစ်ယွမ်ကျင်းဘက်သို့ လှည့်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ဘာကိစ္စလဲ"
ရှစ်ယွမ်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ နားထောင်သင့်မသင့် စဉ်းစားနေစဉ်မှာပင် ကျယ်လောင်သော အသံတစ်သံက တောင်ထိပ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
"ဆရာသခင်မို... ကျွန်တော်က 'ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူ' ဖြစ်တာကြောင့် တွေ့တာနဲ့ သတ်ပစ်ရမယ်လို့ ခင်ဗျား ပြောမလို့လား"
ကျန်းရွှမ်က မိုပိုင်ယဲ့ကို ရွံရှာစက်ဆုပ်သောအကြည့်ဖြင့် လှမ်းကြည့်ပြီး ပြောဆိုသည်။
"ခင်ဗျားက ကျွန်တော့်ကို အငြိုးထားနေရင်တောင်မှ ဒီလောက်ထိကြီးမားတဲ့ မုသားစကားတွေကို သတင်းဖြန့်ဖို့ မလိုပါဘူး"
မထင်မှတ်ထားဘဲ သူပြောမည့် စကားများကို တစ်ဖက်လူက ဖြတ်ပြောလိုက်ပြီး လူသိရှင်ကြား ကြေညာလိုက်သဖြင့် မိုပိုင်ယဲ့သည် အချိန်တခဏကြာမျှ ကြက်သေသေသွားလေ၏။ ထို့နောက် သူ၏မျက်လုံးများ အေးစက်တင်းမာသွားပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"ဒါဆို... မင်းက အခု ဝန်ခံလိုက်တာလား..."
"ဝန်ခံတယ် ဟုတ်လား...ဘာမှ ဝန်မခံဘူး... ခင်ဗျား ကျွန်တော့်ကို အကွက်ဆင်ချင်ရင်တောင် သင့်တော်တဲ့ အကြောင်းပြချက်လေး ရှာပါအုံးလား... ကျွန်တော်က ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ.. ဟုတ်လား...ကျွန်တော်သာ အဲ့ဒီလိုလူမျိုး ဖြစ်နေရင် ထုံးတမ်းစဉ်လာ ရတနာတွေကို လိုက်ရှာပြီး တစ်ဆင့်ချင်း ကြိုးစားနေပါ့မလား... ဒီနေရာမှာ စကားတွေ ပြောနေပြီးတော့ အချိန်ဖြုန်းနေပါ့မလား"
ကျန်းရွှမ်က နှုတ်ခမ်းမဲ့လိုက်သည်။
"တခြားလူရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီးတော့ နေရာတကာမှာ ငွေလိုက်ချေးနေတဲ့ ခင်ဗျားလိုလူက ဒီနေရာမှာ ကျွန်တော်ကို မဟုတ်မမှန် စွပ်စွဲပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောဖို့ ဘာအခွင့်အရေး ရှိလို့လဲ"
ထိုစကားကို ကြားချိန်၌ ရှစ်ယွမ်ကျင်း၏မျက်နှာ သုန်မှုန်သွားသည်။
"မိုပိုင်ယဲ့... ငါက မင်း လှည့်စားတာကို ခံရတော့မလို့ပဲ"
Note...
Bi (璧) အပြားလိုက်၊ အဝိုင်းပုံစံ၊ အလယ်မှာ အပေါက်ပါ ကောင်းကင် (Heaven) ကို ကိုယ်စားပြုသည်။
Cong (琮) အပြင်ဘက်က လေးထောင့်၊ အတွင်းဘက်က အဝိုင်းပုံ ပြွန်ပုံစံရှိပြီး မြေကြီး (Earth) ကို ကိုယ်စားပြုသည်။
Gui (圭) ချွန်ထက်သော အဖျားပိုင်းပါသည့် ရှည်လျားသောအပြားဖြစ်ကာ မြောက်အရပ်ကို ကိုယ်စားပြုကာ ဘုရင်မင်းမြတ် အသုံးပြုသည်။
Zhang (璋) အဖျားတစ်ဖက် ကောက်ကွေးကာ ဓားနဲ့ဆင်တူပြီး တောင်အရပ်ကို ကိုယ်စားပြုကာ စစ်သူကြီးများ အသုံးပြုသည်။
Hu (琥) ကျား သို့မဟုတ် တိရစ္ဆာန်ပုံစံ အနောက်အရပ်ကို ကိုယ်စားပြုကာ စစ်ရေး သို့မဟုတ် အမဲလိုက်ခြင်းတွင် အသုံးပြုသည်။
Huang (璜) လခြမ်း (သို့) လဝက်ပုံစံ အရှေ့အရပ်နှင့် ရေ သို့မဟုတ် နတ်ဘုရားမ ကိုယ်စားပြုသည်။
အနှစ်ချုပ်:
Bi နှင့် Cong တို့သည် ကောင်းကင်နှင့်မြေကြီးကို အဓိက ကိုယ်စားပြုသည့် ကျောက်စိမ်းများ ဖြစ်သည်။
ကျန်လေးမျိုး (Gui, Zhang, Hu, Huang) တို့သည် အရပ်လေးမျက်နှာ သို့မဟုတ် ဂဏန်းသင်္ကေတများကို ကိုယ်စားပြုပြီး ရှေးခေတ်က လူမှုအဆင့်အတန်းအလိုက် ထုံးတမ်းစဉ်လာများတွင် အသုံးပြုခဲ့ကြသည်။