ကျီးလန်တောင်ကြား
Vol. 29 Ch. 350
"ငါက အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ မင်း ထင်နေတာလား"
မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသည်။
"ခန်းမသခင်ရှစ်... ခင်ဗျား ဒါကို သေချာပေါက် သတိပြုမိသင့်တယ်..."
"တိတ်စမ်း...မင်းက ဆရာသခင် ရှစ် ကို စော်ကားရဲတာလား...မိုပိုင်ယဲ့ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီရှိနေတာနဲ့...မင်းရဲ့အမှားတွေကို မင်း မေ့သွားပြီးတော့ မဆင်မခြင်ပြုမူလို့ရမယ်များ ထင်နေတာလား"
ကျန်းရွှမ်သည် မိုပိုင်ယဲ့အား ပြစ်တင်ဝေဖန်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် အရှိန်အဟုန်ကံကြမ္မာကို ထုတ်ဖော်အသုံးပြုလိုက်ပြီး တရားမျှတမှုနှင့် အနိုင်မခံအရှုံးမပေးသော စိတ်ဆန္ဒတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။
"အဲ့ဒီလိုမဟုတ်ရင် မင်းက ဘာလို့ ငွေချေးပြီးတော့ ပြန်မဆပ်ဘဲ ဒီလောက်ထိ အရှက်မဲ့နေမှာလဲ...ခန်းမသခင်ရှစ်ကိုတောင် ပြန်ပြောရဲသေးတယ်... တကယ်တော့ မင်းမှာ ဒီလိုမျိုး ကျောထောက်နောက်ခံ ရှိနေလို့ကိုး..."
အမှန်တကယ်ကိုပင် ထိုအရှိန်အဝါ၏လွှမ်းမိုးမှုကြောင့် ရှစ်ယွမ်ကျင်း၏နောက်ရှိ ဒုခန်းမသခင်တစ်ဦးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အစ်ကိုတုအပေါ်သို့ သူ၏မျက်လုံးအကြည့် ရောက်ရှိသွားကာ ပြောဆိုလိုက်သည်။
"ငါ့ ခန့်မှန်းတာ အမှန်ဆိုရင် မင်းက ဓားတစ်သောင်းမဟာမိတ်အဖွဲ့က တုရှင်းယွီပဲ ဖြစ်မယ်... ဟုတ်တယ်မလား"
"ခင်ဗျားက ကျုပ်ကို သိလို့လား"
အစ်ကိုတုဟုခေါ်သော တုရှင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် မျက်နှာပြလေ့ မရှိသဖြင့် တစ်စုံတစ်ယောက်က သူ၏နာမည်ကို အတိအကျ ထုတ်ဖော်ပြောဆိုနိုင်ခြင်းသည် အံ့အားသင့်ဖွယ်ရာပင်။
"ငါ မင်းကို တစ်ခါတုန်းက အဝေးကနေ မြင်ဖူးတယ်... တုရှင်းယွီ မင်းက ရိုးရှင်းသောဓားဆိုတဲ့ ကောင်းကင်ကံကြမ္မာကို လေ့ကျင့်ထားတယ်... အဲ့ဒါက ဓားကံကြမ္မာရဲ့ အစွမ်းထက်တဲ့ ကံကြမ္မာခွဲတစ်ခုပဲ.. မင်းက ဓားကိုကိုင်လိုက်တာနဲ့ မင်းရဲ့စွမ်းအားက ပြင်းထန်ပြီးတော့ အဆုံးမရှိဘူး... ဒါကြောင့်လည်း မင်းကို 'အာဏာရှင် ဓားသမား'လို့ နာမည်ပြောင် ပေးထားကြတာပဲ"
ထိုဒုခန်းမသခင်က အကျဉ်းချုပ် မိတ်ဆက်ပေးပြီးနောက် ထပ်မံ၍ပြောဆိုသည်။
"မင်းရဲ့စွမ်းအားက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်မှာရှိတာ အမှန်ပဲ... ဒါပေမဲ့ ငါတို့ဘက်မှာ လူတွေအများကြီး ရှိတယ်.. ငါတို့ အတူပူးပေါင်းပြီးတော့ တိုက်ခိုက်ရင် မင်းကို သတ်ဖို့ အရမ်းခက်ခဲမှာ မဟုတ်ဘူး...ဟုတ်တယ်မလား"
တုရှင်းယွီ တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူ၏ ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်စွမ်းအားဖြင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် တစ်ယောက်ကို လွယ်လင့်တကူ အနိုင်ယူနိုင်သော်လည်း လူအများကြီးမှ ဝိုင်းဝန်း၍ တိုက်ခိုက်လျှင်မူ မလွယ်ကူချေ။ သူပင်လျှင် လွယ်လင့်တကူ အသတ်ခံရနိုင်သည်။
ဤသည်မှာ သူ၏ ကျင့်ကြံဆင့်မြင့်မားသော်လည်း တစ်ဖက်လူများကို လက်လွတ်စပယ် သတ်ဖြတ်ခြင်း မပြုရဲရသည့် အဓိကအကြောင်းရင်းလည်း ဖြစ်သည်။
"မိုပိုင်ယဲ့...သူက မင်းရဲ့အားကိုးရာဆိုရင်တော့ ငါ မင်းကို ပြောလိုက်မယ်.. မင်း တွက်ကိန်းလွဲသွားပြီ... အားလုံးပဲ..ငါတို့ အတူပူးပေါင်းပြီးတော့ ဒီတုရှင်းယွီကို အရင် သတ်လိုက်ရင် ပိုမကောင်းဘူးလား"
ကျန်းရွှမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဦးစွာ ပြောလိုက်သည်။ သူ၏ အသံတွင် မြေခွေးညှို့ငင်ကံကြမ္မာ၏အငွေ့အသက် အနည်းငယ်ရောယှက်နေပေ၏။
"ကောင်းတယ်..."
"ဒီကောင်က ငါ့ရဲ့ငွေတွေကို ချေးပြီး ပြန်မဆပ်ဘူး...ငါ့ကိုတောင် လှောင်ပြောင်သေးတယ် ငါ သူ့ကို သည်းမခံနိုင်တာ ကြာပြီ"
"သူ့ရဲ့ အားအကိုးရဆုံး ထောက်တိုင်ကြီးကို အရင် ရှင်းပစ်ရအောင်... ပြီးမှ သူ ဒူးထောက်ပြီး အမှားဝန်ခံတာကို ကြည့်ကြတာပေါ့"
"ငါတို့အတူပူးပေါင်းပြီးတော့ လုပ်ကြစို့..."
ယခင်ကတည်းက စိတ်လှုပ်ရှားနေသော ကံကြမ္မာဆရာသခင်ဆယ်ယောက်ကျော်သည် ကျန်းရွှမ်၏ညှို့ငင်ဖမ်းစားနိုင်သော အသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက်တည်း ချက်ချင်း သဘောတူလိုက်ကြသည်။ သူတို့အားလုံး၏မျက်နှာများပေါ်တွင် စိတ်အားထက်သန်မှုများ ပေါ်လွင်နေပေ၏။
"မင်း..."
တုရှင်းယွီ၏မျက်ခွံများ လှုပ်ခတ်သွားပြီး သူသည် ခြေလှမ်းအနည်းငယ်ခန့် အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ဤလူများသာ အမှန်တကယ် ဝင်ရောက်တိုက်ခိုက်ပါက သူသည် တိုက်ကွက်သုံးကွက်ပင် တောင့်မခံနိုင်ဘဲ နေရာမှာပင် အသတ်ခံရနိုင်သည်။
"အားလုံးပဲ... စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့...ငါတို့ရဲ့ အဓိကရည်မှန်းချက်က တောင်ပေါ်ကိုတက်ဖို့ မဟုတ်လား.."
မိုပိုင်ယဲ့သည် ကျန်းရွှမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
"အမှန်ပဲ... တောင်ပေါ်တက်ဖို့က ပိုအရေးကြီးတယ်...တောင်ထိပ်မှာ ဘာတွေရှိနေမှန်း ဘယ်သူမှ မသိဘူး.... ပြီးတော့ အရေးကြီးဆုံးက ကောင်းကင်ကံကြမ္မာအခမ်းအနားကို လုပ်ဆောင်ဖို့အတွက် ထုံးတမ်းစဉ်လာတွေကို လိုက်နာဖို့ လိုအပ်တယ်..ဒီနေရာမှာ တိုက်ခိုက်ရင် စည်းမျဉ်းတွေကို ချိုးဖောက်မိမလားဆိုတာ ဘယ်သူက သိမှာလဲ... သတိထားတာ ပိုကောင်းလိမ့်မယ်"
မင်းသားရှန်လင်းက ရှေ့သို့ထွက်လာပြီး ရင်ကြားစေ့ပေးသူအဖြစ် ဝင်ရောက်၍ စေ့စပ်ညှိနှိုင်းပေးလေသည်။
"မင်းသား ရှန်လင်း ပြောတာ မှန်တယ်... အခုလောလောဆယ်မှာ အရေးကြီးတာက ငါတို့အချင်းချင်း တိုက်ခိုက်ဖို့ မဟုတ်ဘူး... လမ်းကြောင်းပွင့်သွားပြီးတော့ တောင်ထိပ်ကို ရောက်ဖို့ပဲ"
ရှစ်ယွမ်ကျင်းက မျက်မှောင်ကြုတ်ပြီး သူ၏နောက်ရှိ ဒုခန်းမသခင်ကို ကြည့်လိုက်သည်။
"မိုပိုင်ယဲ့ရဲ့ကိစ္စကို ဒီနေရာကနေ ထွက်သွားပြီးမှ ရှင်းကြတာပေါ့"
ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးသည် တစ်ဖက်လူများကြားတွင် ရှိနေပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများလည်း ရှိနေပေ၏။ ယခုချိန်၌ သူတို့သည် မိုပိုင်ယဲ့တို့အား တိုက်ခိုက်လျှင် အနိုင်ရနိုင်သော်လည်း သူတို့အတွက်လည်း ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ ဤမျှထိ ခရီးရောက်လာပြီးမှ သေးငယ်သော အငြင်းပွားမှုတစ်ခုကြောင့် ကောင်းကင်ကံကြမ္မာအမွေအနှစ် ရရှိမည့် အခွင့်အရေးကို မည်သူမျှ လက်လွှတ်မခံနိုင်ချေ။
"ဒါက..."
အရေးပါသော ပုဂ္ဂိုလ်နှစ်ဦးမှရဝင်ရောက်ပြောဆိုလာသည်ကို မြင်လိုက်ရသဖြင့် သူ ဆက်လက်ပြောဆိုလျှင်ပင် အကျိုးမရှိကြောင်း သိရှိသွားသဖြင့် ကျန်းရွှမ်က နှုတ်ဆိတ်နေလိုက်သည်။
အမှန်အားဖြင့် ဤသည်မှာ လုံးလုံးလျားလျား အကျိုးမရှိခဲ့ခြင်း မဟုတ်ချေ။ အနည်းဆုံးအနေဖြင့် လူအများစုသည် မိုပိုင်ယဲ့မှ သူ့ကို "ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူ"ဟု ထပ်မံ၍ပြောဆိုလျှင် ယုံကြည်ကြတော့မည် မဟုတ်ချေ။
"ထုံးတမ်းစဉ်လာ ရတနာတွေကို ရှာတွေ့တဲ့သူ ဘယ်သူရှိသေးလဲ.... ကျေးဇူးပြုပြီး ယူလာခဲ့ပေးကြပါ...မင်းတို့ စိတ်ချပါ...လမ်းကြောင်းပွင့်သွားတာနဲ့ မင်းတို့ရဲ့ ရတနာပစ္စည်းတွေကို ပြန်ယူသွားလို့ရတယ်လို့ ငါ ရှစ်ယွမ်ကျင်းက အာမခံတယ်... ဘယ်သူကမှ မင်းတို့ဆီကနေ လုယူမှာ မဟုတ်ဘူး'
လူအုပ်အကြားရှိ ရုန်းရင်းဆန်ခတ်မှု ငြိမ်သက်သွားသည်ကို ကြည့်ပြီးနောက် ရှစ်ယွမ်ကျင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော် တစ်ခု တွေ့တယ်..."
"ကျွန်တော်လည်း တစ်ခု တွေ့တယ်..."
သတိကြီးစွာထား၍ ပြောဆိုလိုက်သော အသံနှစ်သံ ထွက်ပေါ်လာပြီးနောက် ကျောက်စိမ်းကျန်းနှင့် ကျောက်စိမ်းဟုတို့ကို ယူဆောင်လာပြီး ကြွင်းကျန်သော ယဇ်ပလ္လင်နှစ်ခုပေါ်သို့ တင်လိုက်၏။
ပြားချပ်ပြီး ထောင့်မှန်စတုဂံပုံစံရှိသော ကျောက်စိမ်းကျန်း သည် တောင်ဘက်အရပ်မှ စိတ်ဝိညာဉ်ပူဇော်ပွဲများတွင် အသုံးပြုလေ့ရှိပြီး ကျားပုံသဏ္ဍာန်ရှိသော ကျောက်စိမ်းဟုသည် အနောက်ဘက်အရပ်မှ ထုံးတမ်းစဉ်လာများအတွက်ဖြစ်သည်။
ယခင်က ရတနာပစ္စည်းများကဲ့သို့ပင် ထိုအရာနှစ်ခုကို ယဇ်ပလ္လင်များပေါ်သို့ တင်လိုက်သောအချိန်၌ ရှေ့ရှိကျောက်နံရံကြီး ပို၍ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် "ဝုန်း"ခနဲ အသံနှင့်အတူ ကျောက်နံရံကြီး ပေါက်ကွဲသွားပြီး မတ်စောက်သော တောင်ပေါ်လမ်းကျဉ်းလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုလမ်းသည် ကျောက်စိမ်းဖဲကြိုးတစ်ချောင်းကဲ့သို့ ရှည်လျားပြီး မြူခိုးများထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
"သွားကြစို့..."
မင်းသားရှန်လင်း၏မျက်လုံးများ တောက်ပသွားပြီး သူသည် ကျောက်စိမ်းပီကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ သူ၏ရင်ဘတ်ကြားသို့ ထည့်လိုက်ပြီး လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားသည်။
ရှစ်ယွမ်ကျင်းနှင့်တခြားလူများလည်း သက်ဆိုင်ရာ ရတနာပစ္စည်းများကို ပြန်ယူကာ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
ကျန်းရွှမ်က ဖုချင်းယောင်ကို ကျောက်စိမ်းဟွမ် အား ပြန်ယူရန် လက်ဟန်ပြလိုက်ပြီး တခြားသူများကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်လိုက်၏။
ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အသုံးပြုနိုင်သော်လည်း ဤနေရာရှိ လူအားလုံးနီးပါးသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လေ့ကျင့်ထားသော ကြယ်စင်မြစ်နယ်ပယ် အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ခံနိုင်ရည်စွမ်းအားသည် သာမန်မဟုတ်သဖြင့် တစ်နာရီခန့်အကြာမှာပင် တောင်ထိပ်ကို မြင်တွေ့လိုက်ရသည်။
ဤတောင်ထိပ်သည် မြင့်မားသော်လည်း ထိပ်ပိုင်းသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ညီညာပြန့်ပြူးနေပြီး ဧကရာနှင့်ချီ၍ ကျယ်ဝန်းသည်။ ဤနေရာကို ကြီးမားသော ကျောက်တုံးကြီးများက ဝန်းရံထားသဖြင့် အဝေးမှကြည့်လျှင် တောင်ကြားတစ်ခုကဲ့သို့ ဖြစ်နေသည်။
ဤတောင်ကြားတွင် စိမ်းလန်းစိုပြေသော သစ်ခွမြက်ပင်များ ပေါက်ရောက်နေပြီး တောင်ကြားအတွင်းသို့ မရောက်မီကတည်းက စိတ်ဝိညာဉ်ကို သန့်စင်စေပြီး စိတ်ကိုအပန်းဖြေစေသော မွှေးပျံ့သည့်ရနံ့ကို ရှူရှိုက်မိနိုင်သည်။
"ဒါက ကျီးလန်တောင်ကြားလား"
"ဟုတ်လိမ့်မယ်...ဒီနေရာက အရမ်းသက်တောင့်သက်သာ ရှိတယ်...ငါက ဒီနေရာမှာပဲ တသက်လုံးနေပြီးတော့ ကျင့်ကြံချင်တယ်...ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး"
"ဒီနေရာမှာ ကြာကြာနေရင် ပိုပြီးမြင့်မားတဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေကို ချိုးဖျက်ဝင်ရောက်ဖို့ သေချာပေါက် အထောက်အကူ ဖြစ်လိမ့်မယ်..."
လူများအားလုံး၏မျက်လုံးများ တောက်ပလာသည်။
သူတို့သည် ယခင်က လျှို့ဝှက်နယ်မြေများနှင့် ကောင်းချီးနယ်မြေများကို မြင်ဖူးသော်လည်း ဤမျှထိ အေးချမ်းသော နေရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးချေ။ ဤနေရာသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့၏စိတ်များအတွင်းရှိ ဝမ်းနည်းပူဆွေးမှုများအားလုံးကို မေ့ပျောက်သွားစေနိုင်သကဲ့သို့ ခံစားရသည်။
ရှေ့တွင် မည်သည့်အန္တရာယ်မျိုး ရှိနေပါစေ ဤမျှထိ ခရီးရောက်လာပြီးမှ နောက်မဆုတ်နိုင်ကြောင်း သိထားသဖြင့် မင်းသားရှန်လင်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ တောင်ကြားထဲသို့ ဝင်သွားလေ၏။
ရှစ်ယွမ်ကျင်းနှင့်တခြားသူများသည်လည်း အလျင်အမြန် လိုက်ပါသွားကြသည်။
တောင်ကြားအတွင်းတွင် ငှက်သံ သို့မဟုတ် လေတိုးသံမရှိဘဲ လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်နေသော နေရာတစ်ခုသို့ ရောက်နေသည့်အလား တရှပ်ရှပ်ခြေလှမ်းသံများကိုသာ ကြားနေရသည်။
ဤနေရာသို့ ဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် ကျန်းရွှမ်သည် သူ၏ထိုးထွင်းသိမြင်မှုမျက်လုံးကို အသက်သွင်းကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်သည်။
ခုန်းရှီသည် ဤနေရာသို့ ကြိုတင်၍ ရောက်နှင့်ပြီးဖြစ်ကာ ဗဟိုချက်အထိ ရောက်နေပြီ မဟုတ်လော။ မည်သည်ကြောင့် လူရိပ်လူယောင်ကိုပင် မတွေ့ရသနည်း။ ဤသည်မှာ ကျီးလန်တောင်ကြား၏ အစစ်အမှန်ဗဟိုချက် မဟုတ်သလော။
ဤကဲ့သို့ကိစ္စမျိုး မဖြစ်သင့်ချေ။ လမ်းတစ်လျှောက်လုံးတွင် ဤနေရာသည် ရင်းမြစ်စွမ်းအင် အကြွယ်ဝဆုံးနှင့် ကောင်းကင်ကံကြမ္မာစွမ်းအင် အများဆုံးနေရာပင်။ မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤသည်မှာ ဗဟိုချက်နေရာသာ ဖြစ်နိုင်ခြေများပေ၏။
"အဲ့ဒါက ဘာလဲ..."
သူ စူးစမ်းရှာဖွေနေစဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
အသံလာရာ လမ်းကြောင်းအတိုင်း လူများအားလုံး တပြိုင်နက်တည်း မော့ကြည့်လိုက်ကြရာ တောင်ကြား၏ထောင့်လေးထောင့်တွင် မည်းနက်သော အရာဝတ္ထုလေးခု ရှိနေသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သဖြင့် ထိုအရာများသည် ကျောက်သားနှင့်တစ်သားတည်း ဖြစ်နေပြီး သေချာကြည့်ရှုခြင်းမပြုလျှင် ခွဲခြားသိမြင်နိုင်ရန် ခက်ခဲသည်။