ကြေးနီမီးပြင်းဖို
Vol. 29 Ch. 351
"ကြည့်ရတာ... ကြေးနီမီးပြင်းဖိုနဲ့ တူတယ်..."
မင်းသားရှန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။
ရှစ်ယွမ်ကျင်းက ခေါင်းညိတ်လိုက်၏။
ထိုကြေးနီမီးပြင်းဖိုလေးခု၏ တည်နေရာသည် မြေပြင်မှနေ၍ မီတာရာပေါင်းများစွာ အမြင့်တွင်တည်ရှိပြီး အလွန်မတ်စောက်သည်။ အဝေးမှကြည့်လျှင် ထိုအရာများသည် ကျောက်နံရံတွင် မြှုပ်နှံထားသော ပြတင်းပေါက်များအလားပင်။
"ကျောက်စိမ်းပီနဲ့ကျောက်စိမ်းချုံးတို့က ထုံးတမ်းစဉ်လာ ရတနာတွေ ဖြစ်သလို ကြေးနီမီးပြင်းဖို ကလည်း အတူတူပဲ...ဒီ မီးပြင်းဖိုလေးခုက ကျီးလန်တောင်ကြားရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အဓိကသော့ချက်များ ဖြစ်နေမလား..."
"ဒါက ဖြစ်နိုင်ခြေများတယ်...မင်းသား ရှန်လင်း နဲ့ခန်းမသခင်ရှစ်တို့ကို ကြည့်လိုက်အုံး...သူတို့က ထုံးတမ်းစဉ်လာရတနာတွေကို ရထားတာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်လာနိုင်ခဲ့တာပဲ"
"ငါ စမ်းကြည့်ချင်တယ်..တကယ်လို့ ငါသာ အဲ့ဒီအရာကို ယူဆောင်နိုင်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ"
တောင်ကြားအတွင်းရှိ လူများအားလုံးသည် ကျောက်နံရံပေါ်ရှိ ကြေးနီမီးပြင်းဖိုများကို မြင်တွေ့လိုက်ရပြီးနောက် ကျင့်ကြံသူနှစ်ဦးသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်လာကြ၏။
"အားလုံးပဲ...ဒီမီးပြင်းဖိုလေးခုမှာ လျှို့ဝှက်ချက်တွေ ပါဝင်နေမှာ သေချာတယ်...တကယ်လို့ ခင်ဗျားတို့ မလုပ်ချင်ဘူးဆိုရင် ကျွန်တော် စမ်းကြည့်ပါရစေ..."
ထိုစကားကို ပြောဆိုလိုက်သူမှာ အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး မီးခိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများသည် ဖီးနစ်ငှက်မျက်လုံးများကဲ့သို့ စူးရှတောက်ပပြီး အသားညိုသည်။
"သူက လေလွင့်ကျင့်ကြံသူ လုမုန်ကျန်းပဲ.... သူ့ရဲ့အဖေက ဆန်စပါးနဲ့ ဆီကုန်သည်တစ်ယောက် ဖြစ်ပြီးတော့ စီးပွားရေးလုပ်နေတုန်းမှာ ဓားပြတွေ သတ်တာကို ခံလိုက်ရတယ်... သူ့အဖေ အသတ်ခံရပြီးတဲ့နောက်မှာ သူရဲ့အမေ မုဒိမ်းကျင့်ခံရတာကို သူ မြင်တွေ့ခဲ့ရတယ်...သူက ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက်မှာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီးတော့ နှစ်နှစ်ဆယ်ကြာသွားတဲ့အချိန်မှာ အဲ့ဒီဓားပြတွေကို တစ်ယောက်မကျန် သတ်ပစ်လိုက်တယ်...ခွေးတစ်ကောင်ကိုတောင် မချန်ခဲ့ဘူး"
ဖုချင်းယောင်က ကျန်းရွှမ်၏နားအနီးသို့ကပ်၍ လေသံတိုးတိုးဖြင့် ရှင်းပြသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
ဤလုမုန်ကျန်းသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူနှင့် ကျင့်ကြံဆင့်နယ်ပယ် တူညီသည်။ အရေးအကြီးဆုံးအချက်မှာ လုမုန်ကျန်း၏ခန္ဓာကိုယ်သည် အလွန်ကြံ့ခိုင်ခြင်းပင်။ သာသည် အသက်လေးဆယ်ကျော်ပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးကဲ့သို့ ဖြစ်ပြီး ပုံစံပျက်ယွင်းခြင်း အနည်းငယ်မျှ မရှိပေ။
"ကျွန်တော်လည်း အစ်ကိုလုနဲ့ အတွေးတူတယ်"
မလှမ်းမကမ်းအကွာရှိ တခြားလူတစ်ယောက်ကလည်း ခေါင်းညိတ်လိုက်သည်။
ထိုသို့ပြောဆိုပြီးသည်နှင့် သူတို့နှစ်ဦးသည် တခြားလူများ၏သဘောတူညီချက်ကို မစောင့်တော့ဘဲ ကျောက်နံရံထံသို့ အပြေးသွားလိုက်ကြသည်။ သူတို့သည် ခုန်ပေါက်ပြီး ကျောက်နံရံပေါ်သို့ စတင်၍တက်လိုက်ကြသည်။
လုမုန်ကျန်းသည် သူ၏ခန္ဓာကိုယ်ကို အစစ်အမှန်စွမ်းအားများဖြင့် လွှမ်းခြုံထားကာ လျင်မြန်စွာတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်မီတာကျော်အမြင့်သို့ ရောက်ရှိသွားသည်။ တခြားလူတစ်ယောက်ကလည်း အနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေ၏။
ရုတ်ချည်းဆိုသလိုပင် လေပြေတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားပြီး ထိုလူနှစ်ဦး၏အရှိန်နှုန်း ဆတ်ခနဲ ရပ်တန့်သွားသည်။ နောက်ထပ်အချိန်တခဏတွင် လုမုန်ကျန်းနှင့် တခြားလူတစ်ယောက်သည် အထိန်းအကွပ်မဲ့စွာဖြင့် ပြုတ်ကျလာတော့သည်။ သူတို့သည် လေထုထဲတွင် ရှိနေစဉ်ကပင် အသက်ရှူရပ်တန့်သွားခဲ့လေပြီ။
ဘုန်း....
အလောင်းများ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ဖုန်မှုန့်များ တထောင်းထောင်းထသွားသည်။
"ဒါက..."
ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။
သူသည် ထိုးထွင်းသိမြင်မှုမျက်လုံး ကို ဆက်တိုက်အသုံးပြုနေခဲ့သဖြင့် ထိုလူနှစ်ဦး၏ သေဆုံးမှုသည် စည်းမျဉ်းများနှင့်ထိတွေ့မိခြင်းကြောင့် မဟုတ်သည်ကို သိရှိလိုက်ရသည်။ ဤလူနှစ်ဦးသည် အထက်မှ ဆင်းသက်လာသော အထူးစွမ်းအားတစ်ရပ်မှ သူတို့၏အသက်စွမ်းအားများကို ချက်ချင်းဆွဲထုတ်သွားခြင်းကြောင့် သေဆုံးသွားခြင်းပင်။
သူသည် ရှေ့သို့လျှောက်လှမ်းသွားပြီး သူ၏လက်ချောင်းဖြင့် အလောင်းကို အသာအယာ ထိတွေ့လိုက်သည်။
ကောင်းကင်ဘုံစာကြည့်တိုက် တုန်ခါသွားပြီး စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။
'လုမုန်ကျန်း... ကျိုးယီတော်ဝင်မြို့တော်မှလာရောက်ပြီးတော့ စိတ်ဝိညာဉ်အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရတယ်...'
သူသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီး သူ၏လက်သီးများကို အလိုအလျောက် တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။
စိတ်ဝိညာဉ်အမြစ်ပြတ်သုတ်သင်ခံရခြင်း ဆိုသည်မှာ ထိုသာမန်လေပြေညှင်းတစ်ချက်သည် ဤကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်တွင်ရှိသည့် ကျင့်ကြံသူကို မည်သည့် သတိပေးချက်နှင့် ခုခံရန် အခွင့်အရေးမျှ မပေးဘဲ တိုက်ရိုက်သုတ်သင်လိုက်ခြင်းပင်။
ဤအချိန်တွင် မင်းသား ရှန်လင်း ရှစ်ယွမ်ကျင်း နှင့်တခြားသူများလည်း ရောက်ရှိလာပြီး သူတို့၏ရှေ့မှ အလောင်းများကို စစ်ဆေးလိုက်ကြသည်။ သူတို့သည် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားကြ၏။
"အဲ့ဒီ ကြေးနီမီးပြင်းဖိုလေးခုကို ယူလို့မရတာများလား"
မိုပိုင်ယဲ့က သုံးသပ်လိုက်သည်။
"အဲ့ဒီလို ဖြစ်ပုံရတယ်...ငါတို့ မဆင်မခြင် လုပ်မိရင် နေရာတင် အသတ်ခံရလိမ့်မယ်"
ရှန်လင်း၏မျက်နှာ ဖြူဖျော့သွားသည်။
"ဒီကြေးနီမီးပြင်းဖိုလေးခုက တကယ့်ကို ထုံးတမ်းစဉ်လာရတနာတွေ ဆိုရင် ကျီးလန်တောင်ကြားရဲ့ အမွေအနှစ်ကို ရဖို့အတွက် အဓိကသော့ချက်ပဲ ဖြစ်ရမယ်...ဒါတွေကို လုံးဝထိလို့မရတာမျိုး မဟုတ်လောက်ဘူး..အဲ့ဒီအစား ငါတို့တွေက နည်းလမ်းကို ရှာမတွေ့သေးတာပဲ ဖြစ်မယ်"
ရှစ်ယွမ်ကျင်းက ခန့်မှန်းလိုက်သည်။
"ခန်းမသခင်ရှစ်ပြောတာ အမှန်ပဲ.. ကောင်းကင်ကံကြမ္မာ အမွေအနှစ်တွေဆိုတာက စမ်းသပ်မှုတွေအမြဲတမ်းပါဝင်တယ်..ဒါက အရင်က ငါတို့ ကြုံခဲ့ရတဲ့ စည်းမျဉ်းတွေလိုပဲ... ခန့်မှန်းကြည့်ရရင် ငါတို့က နည်းလမ်းတွေ ဒါမှမဟုတ် စည်းမျဉ်းတွေကို နားမလည်သေးတာ ဖြစ်မယ်...ငါတို့ နားလည်သွားတာနဲ့ အဲ့ဒါတွေကို ယူပြီး သန့်စင်နိုင်မှာပါ"
ဒုခန်းမသခင်တစ်ဦးက ပြောဆိုသည်။
"မင်းပြောတာက ဖြစ်နိုင်ချေ ရှိတယ်.. ဒါပေမဲ့ အဲ့ဒီစည်းမျဉ်းက ဘာလဲ"
မင်းသားရှန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။
လူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
"ဒါက အရင်က ထုံးတမ်းစဉ်လာရတနာတွေနဲ့ ဆက်စပ်နေတာများလား"
လူအုပ်အကြားမှ လူငယ်တစ်ဦးက အော်ဟစ်ပြောဆိုသည်။
"ကျောက်စိမ်းရတနာတွေကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ ကြေးနီမီးပြင်းဖိုရဲ့အနားကို ကပ်ခွင့်ရှိတာ ဖြစ်မယ်...လုမုန်ကျန်းမှာ အဲ့ဒီရတနာ မရှိဘူး...ဒါကြောင့် သူ မဆင်မခြင် ပြေးဝင်သွားတဲ့အချိန်မှာ အသတ်ခံလိုက်ရတာပဲ"
"ဖြစ်နိုင်တယ်...."
ရှစ်ယွမ်ကျင်းက အံ့အားသင့်သွားပြီး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းကင်ကံကြမ္မာအခမ်းအနား ရဲ့ ဥပဒေသတွေအရ ဘာပဲလုပ်လုပ် ထုံးတမ်းစဉ်လာတွေကို မချိုးဖောက်ရဘူး... ကျောက်စိမ်းပီနဲ့ ကျောက်စိမ်းကွေ့ကို ရထားတဲ့သူတွေက အဆင့်အတန်းရှိတဲ့ အပေါင်းအဖော်တွေ ရထားသလို ဖြစ်နေပြီးတော့ သာမန်လူတွေနဲ့ ကွဲပြားနေပြီ... ဒါကြောင့် သူတို့ပဲ ကြေးနီမီးပြင်းဖိုနားကို ကပ်ခွင့်ရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်..."
"ဒါက အဓိပ္ပာယ် ရှိတယ်... ခန်းမသခင်ရှစ်က စမ်းကြည့်ပါလား"
မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ငါလား...."
ရှစ်ယွမ်ကျင်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"ဆရာသခင်မိုက ဒီလောက်ထိ စိတ်ဝင်စားနေမှတော့ ဘာလို့ ကိုယ်တိုင် တက်မကြည့်တာလဲ....ဒါမှမဟုတ် မင်းရဲ့အဖွဲ့ထဲက အစ်ကိုတုကို ကျောက်စိမ်းချုံးပေးပြီး စမ်းခိုင်းလိုက်ပါလား... သူ့ရဲ့စွမ်းအားက ကြီးမားတယ်...အန္တရာယ် ရှိရင်တောင် သူ ရှောင်တိမ်းနိုင်မှာပါ..."
ဤခန့်မှန်းချက်သည် ယုတ္တိရှိသော်လည်း လုမုန်ကျန်း သေဆုံးသွားပုံမှာ မြန်ဆန်ပြီး ကြောက်မက်ဖွယ် ကောင်းသဖြင့် မည်သူမျှ သူတို့ကိုယ်တိုင် စမ်းသပ်ရန် ဆန္ဒမရှိကြချေ။
"ဒါက .."
မိုပိုင်ယဲ့က မျက်မှောင်ကြုတ်ပြီး စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်နှာပေါ်တွင် စပ်ဖျဥ်းဖျဥ်းနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ အစ်ကိုတုက သူ့ကို ပါးဖြတ်ရိုက်လိုက်ခြင်းပင်။
ဖြန်း...
ထိုပါးရိုက်သံသည် ကြည်လင်ပြတ်သားပြီး ကျယ်လောင်စွာ မြည်ဟီးသွားပေ၏။
"ပါးစပ် ပိတ်ထားစမ်း...."
တုရှင်းယွီ၏မျက်နှာ ဒေါသကြောင့် နီမြန်းနေသည်။
"မင်း စကားကောင်းကောင်း မပြောတတ်ရင် လုံးဝမပြောနဲ့"
သူ အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။
ကျီးလန်တောင်ကြားသို့ ဝင်ရောက်လာကတည်းက သူသည် ဤကောင်စုတ်၏ပြဿနာများကို ဖြေရှင်းပေးခဲ့ရသည်။ ဤနေရာသို့ ရောက်လာချိန်၌ မိုပိုင်ယဲ့သည် ဆင်ခြင်တုံတရားနှင့် ပြုမူလိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။
'ဒါပေမဲ့ မင်းက ပါးစပ်သရမ်းပြီးတော့ ငါ့အသက်ကို ပေါက်လွတ်ပဲစားလို့ သဘောထားနေတာလား'
"ငါ..."
မိုပိုင်ယဲ့သည် သူ၏ပါးကိုအုပ်ထားကာ စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း မည်သည့်စကားမျှ ပြန်မပြောရဲချေ။
"ငြင်းခုန်မနေကြနဲ့တော့...ငါ့လူတွေကိုပဲ တက်ခိုင်းလိုက်မယ်"
သူတို့အားလုံး တွန့်ဆုတ်နေသည်ကို မြင်တွေ့ချိန်၌ မင်းသားရှန်လင်းက လက်ကာပြလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်စုံဝတ်လူတစ်ဦး ချက်ချင်းရှေ့ထွက်လာပြီး သူ၏လက်ထဲမှ ကျောက်စိမ်းပီကို ရိုသေစွာ ယူဆောင်ကာ ကျောက်နံရံဆီသို့ လျှောက်လှမ်းသွားသည်။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။
အစောပိုင်းက ဖြစ်ပျက်ခဲ့သည်ကို မြင်တွေ့ပြီးနောက် နည်းလမ်းအမှန်ကို မသိရှိဘဲ အတင်းအကြပ်တက်လျှင် သေချာပေါက် သေရမည်ကို ငတုံးငအတစ်ယောက်ပင် နားလည်နိုင်သော်လည်း ဤအနက်ရောင်ဝတ်စုံဝတ်လူကမူ တွန့်ဆုတ်ခြင်း မရှိပေ။
"သူက တော်ဝင်မိသားစုရဲ့ အသေခံစစ်သည်တော်ပဲ...သူတို့ရဲ့အသက်ကို တော်ဝင်မိသားစုဆီမှာ အပ်နှံထားတယ်...သူတို့က သေရမယ်ဆိုရင်တောင် ဘာမဆိုလုပ်ဖို့ ဝန်မလေးကြဘူး"
ဖုချင်းယောင်က ရှင်းပြသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
တော်ဝင်မိသားစုများသည် အသေခံစစ်သည်တော်တစ်စုကို သတ်မှတ်ထားသော အရေအတွက်အတိုင်း အမြဲတစေ ထားလေ့ရှိသည်။ ဤလူများသည် ငယ်စဉ်ကတည်းက သူတို့၏စိတ်ခံစားမှုများ သို့မဟုတ် ဘဝမရှိဘဲ ဤ 'အရေးပါသော ပုဂ္ဂိုလ်များ'ကို အမှုထမ်းရန်အတွက်သာ အသက်ရှင်နေထိုင်ကြသူများပင်။
သူတို့၏ကံကြမ္မာသည် "အမိန့်နာခံခြင်း" ဖြစ်သဖြင့် သေချာပေါက် သေရမည်ကို သိရှိသည့်တိုင် ကြောက်ရွံ့ခြင်း သို့မဟုတ် နောက်ဆုတ်မည့်အတွေးမျိုး မရှိကြချေ။
သူတို့သည် သေခြင်းတရားကို မကြောက်သည့်အပြင် နာကျင်မှုကို ဂရုမစိုက်ဘဲ အမိန့်ကိုသာ တသွေမတိမ်း လိုက်နာကြသည်။ တော်ဝင်မိသားစု၏အင်အား အစွမ်းထက်နေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ပေ။ ဤအသေခံစစ်သည်တော်များဖြင့်ပင် ကျိုးယီမြို့၏ အင်အားစုအများစုကို လွယ်လင့်တကူ လွှမ်းမိုးနိုင်သည်။
ဤအတွေးများ ကျန်းရွှမ်၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီးနောက် သူသည် ကျောက်နံရံပေါ်သို့ ရောက်ရှိသွားသော အနက်ရောင်ဝတ်စုံဝတ်လူကို မော့ကြည့်လိုက်၏။ မိုပိုင်ယဲ့ကဲ့သို့ပင် သူသည်လည်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကျင့်ကြံသူဖြစ်ပြီး ကြီးမားသော စွမ်းအားရှိသည်။ ယခုချိန်၌ ထိုလူသည် ကျောက်နံရံပေါ်သို့ ရောက်ရှိနေကာ ကျောက်စိမ်းပြားကို သူ၏ပါးစပ်ဖြင့်ကိုက်ပြီး အထက်သို့ ခုန်တက်လိုက်သည်။
သူသည် လျှင်မြန်စွာ အထက်သို့တက်သွားသော်လည်း မီတာနှစ်ဆယ် သုံးဆယ်ခန့်အမြင့်သို့ ရောက်ရှိပြီးနောက် သူ၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။
နောက်ထပ်အချိန်တခဏတွင် သူသည် လေထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သူသည် သူ၏နောက်ကျောဖြင့် အောက်သို့ကျလာသဖြင့် ကျောက်စိမ်းပြား ထိခိုက်ပျက်စီးသွားခြင်း မရှိချေ။
"ဒါကလည်း အဆင်မပြေဘူးလား"
လူအများသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားပေ၏။