← Chapters

ကျိုးကျီ

Vol. 29 Ch. 352

ကျိုးကျီ

Vol. 29 Ch. 352

"ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာအတိုင်း လိုက်နာမယ်ဆိုရင် ကြေးနီမီးပြင်းဖိုကို ရယူနိုင်ဖို့အတွက် ကျောက်စိမ်းရတနာကို သယ်ဆောင်သွားရုံနဲ့ လုံလောက်မယ်လို့ ထင်ခဲ့တာ... အခု ကြည့်ရတာတော့ အဲ့ဒီလို မဟုတ်တဲ့ပုံပဲ...အဲ့ဒီအပေါ်မှာ သေမင်းတမန်တစ်ယောက် ပုန်းအောင်းနေပြီး တစ်ယောက်ယောက် တက်လာတာနဲ့ ချက်ချင်း တိုက်ခိုက်ဖို့ အသင့်စောင့်နေသလိုပဲ"

သေဆုံးသွားသော အသေခံစစ်သည်တော်အနားသို့ ရောက်ရှိချိန်တွင် မင်းသားရှန်လင်းသည် သူ၏ပါးစပ်ထဲမှ ကျောက်စိမ်းပြားကို ဖယ်ရှားလိုက်ပြီး တခြားလက်အောက်ငယ်သားတစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်း ကျောက်နံရံပေါ်တက်ပြီး စမ်းကြည့်စမ်း....မင်းရဲ့ အစစ်အမှန်စွမ်းအားကို မသုံးဘဲနဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်နဲ့ တက်ကြည့်လိုက်..."

"ဟုတ်ကဲ့..."

ထိုလက်အောက်ငယ်သားသည် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပြားကို ကိုင်ဆောင်ကာ ကျောက်နံရံပေါ်သို့ တက်သွားလေ၏။ မကြာမီမှာပင် သူ၏ခန္ဓာကိုယ်သည်လည်း အောက်သို့ ပြုတ်ကျလာခဲ့သည်။

ယခုအချိန်အထိ ကျောက်နံရံပေါ်သို့တက်ရန် ကြိုးပမ်းရင်း အစွမ်းထက်ကျင့်ကြံသူလေးဦး သေဆုံးသွားခဲ့ရလေပြီ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူမျှ စကားမပြောရဲကြတော့ချေ။

ကြောက်မက်ဖွယ်ကောင်းသည်မှာ လူအမြောက်အများ သေဆုံးသွားခြင်းမဟုတ်ဘဲ မည်သည့်အကြောင်းပြချက်မျှမရှိဘဲ နားမလည်နိုင်အောင် သေဆုံးသွားကြခြင်းပင်။

ကျန်းရွှမ်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။

ဤနေရာတွင် ကျောက်နံရံကြီးမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိချေ။ တောင်ထိပ်မှ ရှုခင်းများကိုလည်း ရှင်းလင်းစွာ မြင်နေရပြီး တခြားသွားစရာနေရာ မရှိတော့ပေ။ ပုံမှန်အခြေအနေအရဆိုလျှင် ကြေးနီမီးပြင်းဖိုလေးခုကို ဖြုတ်ချပြီးနောက် ကောင်းကင်ကံကြမ္မာအမွေအနှစ်ကို ရယူလိုက်ရုံပင်။

သို့ရာတွင် ယခုချိန်တွင်မူ သူတို့သည် ကျောက်နံရံပေါ်သို့ပင် မတက်နိုင် ဖြစ်နေလေ၏။

"ဖြစ်နိုင်တာတော့... အရင်က တွေ့ခဲ့တဲ့ယဇ်ပလ္လင်ကို ရွှေ့ပြောင်းလာပြီးတော့ ကျောက်စိမ်းရတနာ ခြောက်မျိုးဖြစ်တဲ့ ပီ ချုံး ကွေ့ ကျန်း ဟုနဲ့ဟွမ်တို့ကို ပူဇော်ပြီးမှ ကြေးနီမီးပြင်းဖိုတွေကို ယူဆောင်ရမှာများလား"

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က ပြောဆိုလိုက်သည်။

"ဒါက ဖြစ်နိုင်ခြေ ရှိတယ်..."

"မင်း ပြောတဲ့အတိုင်း ဖြစ်နိုင်ခြေ အရမ်းများတယ်....မဟုတ်ရင် သူတို့က တောင်တက်လမ်းတစ်ဝက်မှာ ထုံးတမ်းစဥ်လာအခမ်းအနားကို လုပ်ခိုင်းမှာ မဟုတ်ဘူး"

"ငါ ဘာလို့ ဒါကို မစဉ်းစားမိပါလိမ့်..... တောင်တက်လမ်းတစ်ဝက်က ထုံးတမ်းစဥ်လာအခမ်းအနားက နိဒါန်းပျိုးတာ ဖြစ်လောက်တယ်....အဲ့ဒီလိုလုပ်ခိုင်းတာရဲ့ရည်ရွယ်ချက်က ငါတို့ကို အဖြေတစ်ခုပေးဖို့ပဲ..."

ကျန်းရွှမ်၏စကားကို ကြားချိန်တွင် လူများအားလုံး၏မျက်လုံးများ တောက်ပသွားကြသည်။

ဤဖြေရှင်းချက်သည် အမှန်ကန်ဆုံး ဖြစ်ပုံရသည်။

"စမ်းကြည့်ကြရအောင်.."

မင်းသားရှန်လင်းနှင့် ရှစ်ယွမ်ကျင်းတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤသည်မှာ ဖြစ်နိုင်ခြေအရှိဆုံး ရွေးချယ်မှုဟု ခံစားလိုက်ရသည်။ သူတို့သည် ချက်ချင်းဆိုသလိုပင် သဘောတူလိုက်ကြပြီး တောင်တက်လမ်းတစ်ဝက်မှ ယဇ်ပလ္လင်များကို ရွှေ့ယူလာရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားလိုက်သည်။

မကြာမီမှာပင် ကျောက်စိမ်းရတနာများ ဖြစ်သော ပီ ချုံး ကွေ့ ကျန်း ဟု ဟွမ်နှင့် တခြားအရာများကို တဖန်ပြန်၍ ပြင်ဆင်လိုက်ကြ၏။

"အကြီးအကဲ... ကျွန်တော်တို့ မျိုးဆက်သစ်တွေက အကြီးအကဲရဲ့စိတ်ဆန္ဒကို ဆက်ခံပြီးတော့ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ချင်ပါတယ်....အကြီးအကဲရဲ့ ကောင်းချီးပေးမှုကို ကျွန်တော်တို့က တောင်းခံပါတယ်..."

ယဇ်ပလ္လင်၏ရှေ့တွင် မင်းသားရှန်လင်းက ဦးညွှတ်အရိုအသေပြုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ဝီ.....

သူ၏စကားသံဆုံးသည်နှင့် ယဇ်ပလ္လင်ခြောက်ခုမှ ရုတ်တရက် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး မရပ်မနား တုန်ခါလာသည်။ နောက်ထပ်အချိန်တခဏတွင် မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားတစ်ရပ်က အထက်မှ ဖြာကျလာပေ၏။ မိုးကောင်းကင်ယံ၌ အရောင်ခုနစ်မျိုး ပါဝင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အာရုဏ်ဦးအလင်းတန်းနှင့် တူညီသည်။

"ဒါက နတ်ဘုရားနယ်မြေရဲ့ စီးဆင်းသောအလင်းတန်းတွေပဲ... နတ်ဘုရားနယ်မြေရဲ့ အလင်းတန်းတွေ ထပ်ပြီးထွက်ပေါ်လာပြီ....ဆိုလိုတာကတော့ အစစ်အမှန်ဗဟိုချက်ကို ငါတို့ အသက်သွင်းလိုက်နိုင်ပြီ..."

ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လူများအားလုံး စိတ်လှုပ်ရှားသွားကြပြီး ကျန်းရွှမ်ကို ရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။

အခမ်းအနားပြုလုပ်ရန်ကို သူ သတိမထားမိခဲ့လျှင် ဤနည်းလမ်းကို မည်သည့်အချိန်မှ ရှာတွေ့မည်အား သူတို့ မသိနိုင်ချေ။

လူများအားလုံး၏မျက်နှာအမူအယာများကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့၏မျက်နှာ ပို၍မည်းမှောင်သွားလေသည်။

ဝီ.....

ရောင်စုံအလင်းတန်းများ ပို၍များပြားလာသည်နှင့်အမျှ လူများအားလုံး၏ စိတ်ထဲတွင် စိတ်ဆန္ဒတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာသည်။

ကျန်းရွှမ်သည် အံ့အားသင့်သွားပြီး ဖုချင်းယောင်နှင့်တခြားလူများကို လှည့်ကြည့်လိုက်ရာ သူတို့သည်လည်း မျက်လုံးများ ပြူးကျယ်နေပြီး မယုံကြည်နိုင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ထိုစိတ်ဆန္ဒနောက်သို့ မျောပါသွားပြီးနောက် မိုးကောင်းကင်ရှိ အရောင်ခုနစ်မျိုး ပါဝင်သော စီးဆင်းနေသည့် အလင်းတန်းသည် လူတစ်ယောက်၏ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။

ဤပုံရိပ်ယောင်သည် အနည်းငယ်ဝေဝါးနေပြီး သေးသွယ်သော ခန္ဓာကိုယ်ရှိကာ ဦးထုပ်မြင့်တစ်ခုကို ဆောင်းထားပြီး ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ့ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထားသည်ကိုလည်း မြင်တွေ့ရပေ၏။

"ဒါက..."

လူအများသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့အားလုံး နေမထိထိုင်မသာဖြစ်သွားကြသည်။

ကောင်းကင်ကံကြမ္မာနယ်မြေထဲတွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်ခြင်းမှာ အမွေအနှစ် ဆင်းသက်လာတော့မည်ဟု ဆိုလိုခြင်းပင်။

"ဒီနေရာထိ ရောက်လာတဲ့ မင်းတို့တွေက ဒီ ကောင်းကင်ကံကြမ္မာနယ်မြေက ငါ့ရဲ့ ဖြစ်တည်မှုတစ်ခုဆိုတာကို ခန့်မှန်းမိကြမှာပါ"

နူးညံ့ညင်သာသော အသံတစ်သံသည် တောင်ကြားတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားပြီး လူများအားလုံး၏နားအနီးတွင် ပေါက်ကွဲထွက်လာသကဲ့သို့ ရှင်းလင်းပြတ်သားနေသည်။

"ငါက ကျိုးကျီပဲ.... ထုံးတမ်းစဥ်လာဆိုတာ ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ ဖြစ်ပြီးတော့.... မင်းတို့ ဒါကို နားလည်သဘောပေါက်နိုင်ရင် လောကကြီးရဲ့ထုံးတမ်းစဥ်လာတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မယ်"

"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာလား...."

"ပထမတန်းစား ကံကြမ္မာတွေက ထွက်ပေါ်လာခဲတယ်.... ဒုတိယတန်းစားဆိုတာ လောကကြီးရဲ့ အထွတ်အထိပ်ပဲ..."

"အမှန်ပဲ....တကယ်လို့ ဒီလိုအမွေအနှစ်မျိုးကိုသာရရင် အဲ့ဒီလူက တကယ့်ကို ခြေတစ်လှမ်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းသလိုမျိုး ဖြစ်သွားလိမ့်မယ်"

လူများအားလုံး၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားပေ၏။

ဤနေရာထိ စွန့်စားလာပြီးမှ ကောင်းကင်ဘုံကို ဖီဆန်ပြီး ကံကြမ္မာကိုပြောင်းလဲနိုင်မည့် ကိစ္စအား မည်သူက မလိုချင်ဘဲ နေမည်နည်း။

သူတို့ ယခင်က ကျင့်ကြံခဲ့သည့် ကောင်းကင်ကံကြမ္မာများအနက် အများစုသည် သတ္တမတန်းစားခန့်သာရှိပြီး ဆဋ္ဌမတန်းစားသို့ ရောက်ရှိသူပင် များစွာမရှိချေ။ ယခုချိန်၌ သူတို့သည် ဒုတိယတန်းစား ကံကြမ္မာတစ်ခုနှင့် ရုတ်တရက် ကြီး တွေ့ကြုံလိုက်ရသဖြင့် မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

"ငါ့ရဲ့အမွေအနှစ်ကို ရယူဖို့ နည်းလမ်း နှစ်ခု ရှိတယ်"

လူများအားလုံး စိတ်လှုပ်ရှားနေစဉ်မှာပင် ကျိုးကျီ၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။

"ပထမတစ်ချက်က ကျောက်နံရံပေါ်က ကြေးနီမီးပြင်းဖိုလေးခုကို ယူဆောင်ပြီးတော့ အဲ့ဒီအရာတွေပေါ်က ပုံစံတွေကို နားလည်သဘောပေါက်အောင် လေ့လာဆင်ခြင်ရမယ်.... ဒုတိယတစ်ချက်ကတော့ ငါ့ရဲ့အသိအမှတ်ပြုမှုကို ရယူရမယ်"

"ဒါက..."

"ဒီစီနီယာကျိုးက သေတာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် မသိနိုင်ဘူး... ငါတို့က ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့အသိအမှတ်ပြုမှုကို ရယူနိုင်မှာလဲ"

"အဲ့ဒီလိုဆိုရင် နည်းလမ်း တစ်ခုပဲ ရှိတော့တယ်... အဲ့ဒါက ကြေးနီမီးပြင်းဖိုလေးခုကို ရအောင်ယူရတော့မယ် မဟုတ်လား"

"အမှန်ပဲ"

လူများအားလုံးသည် ကျောက်နံရံကို ထပ်မံ၍မော့ကြည့်လိုက်ကြပြီး သူတို့မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ယခင်က သူတို့သည် ဤမီးပြင်းဖိုကြီးများကို ယူဆောင်ရန် တွန့်ဆုတ်နေခဲ့လျှင်ပင် ယခုချိန်၌မူ သေချာပေါက် လိုအပ်နေလေပြီ။

"အကြီးအကဲ... ကျွန်တော်တို့ ခုဏက နည်းလမ်း မျိုးစုံနဲ့ စမ်းကြည့်ပေမယ့် ကျောက်နံရံပေါ်ကို မတက်နိုင်ခဲ့ဘူး...ဒီကြေးနီမီးပြင်းဖိုတွေကို ဘယ်လိုမျိုး ရယူနိုင်မလဲဆိုတာ လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်"

မင်းသားရှန်လင်းက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ဦးညွှတ်အရိုအသေပြုကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။

သူ၏စကားကို ကြားသွားပုံဖြင့် မိုးကောင်းကင်ယံရှိ ပုံရိပ်ယောင်သည် အနည်းငယ်လှုပ်ခတ်သွားကာ အသံက ဆက်လက်၍ ပျံ့နှံ့လာသည်။

"ထုံးတမ်းစဥ်လာဆိုတာ ကျောက်စိမ်းပြားတွေ ပူဇော်ရုံတင် မကဘူး..စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ ရတနာပစ္စည်းတွေလည်း လိုအပ်တယ်... လုံလောက်တဲ့ ပူဇော်သက္ကာရပစ္စည်းတွေ ရှိရင် ကျောက်နံရံပေါ်တက်ဖို့ မလိုဘူး....ကြေးနီမီးပြင်းဖိုတွေက အလိုလို ပြုတ်ကျလာလိမ့်မယ်... ဒါပေမဲ့ ဒီအရာတွေကို ဘယ်သူက ပိုင်ဆိုင်နိုင်မလဲ ဘယ်သူက လျှို့ဝှက်ချက်တွေကို နားလည်သဘောပေါက်နိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ ဉာဏ်ရည်အပေါ် မူတည်လိမ့်မယ်"

"ထုံးတမ်းစဥ်လာတွေကို လုပ်ရုံနဲ့ အလိုလို ပြုတ်ကျလာမယ်တဲ့လား..."

"ဒါက အရမ်းကောင်းတယ်....ဒါဆိုရင် လူတွေအားလုံးမှာ ဒီအမွေအနှစ်ကို ရနိုင်မယ့် အခွင့်အရေး ရှိနေတယ်မဟုတ်လား"

လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း နားလည်သွားသဖြင့် လူများအားလုံး သက်ပြင်းချလိုက်ကြသည်။

ယခင်က ကျောက်နံရံပေါ်သို့ တက်သွားသူများ၏ အဖြစ်ဆိုးကို မြင်ထားပြီးဖြစ်သောကြောင့် သူတို့သည် ထိတ်လန့်ကြောက်ရွံ့နေကြခြင်းဖြစ်သည်။ ကျောက်နံရံပေါ်သို့တက်ရန်မလိုဘဲ ကြေးနီမီးပြင်းဖိုများ အလိုအလျောက် ကျဆင်းလာမည်ဆိုလျှင် အန္တရာယ်များကို ရှောင်ရှားနိုင်ပြီး ရလဒ်သည်လည်း ခန့်မှန်းရ ခက်သွားပေမည်။

"ကောင်းပြီလေ.... မင်းတို့မှာ သုံးရက် အချိန်ရှိတယ်....သုံးရက်အတွင်းမှာ ဘယ်သူမှ ကြေးနီမီးပြင်းဖိုလေးခုကို မစုဆောင်းနိုင်ရင် ဒါမှမဟုတ် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ပြီးတော့ ငါ့ရဲ့ အသိအမှတ်ပြုမှုကို မရရင် ငါက ကျီးလန်တောင်ကြားကို ပိတ်လိုက်တော့မယ်...မင်းတို့ အားလုံး ဒီမှာပဲ ထာဝရ နေရစ်ခဲ့ကြတော့... ထွက်သွားဖို့ မလိုတော့ဘူး"

ကျိုးကျီ၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ဒီမှာပဲ နေရစ်ခဲ့ရမှာလား"

လူများအားလုံး သူတို့၏ဦးရေပြားများ ပေါက်ကွဲလုမတတ် မွန်းကြပ်မှုကို ခံစားလိုက်ရသည်။

ကြေးနီမီးပြင်ဖိုများကို ယူဆောင်နိုင်ခြင်း မရှိလျှင် သို့မဟုတ် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို နားမလည်နိုင်လျှင် မည်သူမျှ ထွက်သွား၍ မရတော့သဖြင့် သူတို့သည် အသက်ရှင်သန်နိုင်ရန်အတွက် အလျင်အမြန်ကြိုးစားရန် လိုအပ်ပုံရသည်။

ဤသည်မှာ တခြားအရာများအတွက် မဟုတ်ဘဲ သူတို့ အသက်ရှင်သန်နိုင်ရန်အတွက်ပင်။

ဘုန်း...

ထိုစကားကို ပြောဆိုပြီးသည်နှင့် ကောင်းကင်ရှိ ပိန်သွယ်သွယ်ပုံရိပ်သည် အနည်းငယ်လှုပ်ခတ်သွားပြီး ပျောက်ကွယ်သွားပေ၏။ မိုးကောင်းကင်ယံအတွင်း၌ စီးဆင်းနေသည့် ရောင်စုံအလင်းတန်းများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားရာ မူလက မရှိခဲ့ဖူးသည့်အလားပင်။

ကျီးလန်တောင်ကြားသည် ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော အခြေအနေသို့ ပြန်ရောက်သွားပြီး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

"မင်းတို့အားလုံး ခုဏက စီနီယာကျိုးပြောသွားတဲ့ စကားကို ကြားလိုက်မှာပါ...ယဇ်ပူဇော်ပွဲက အခု စတင်တော့မယ်...မင်းတို့မှာ ရတနာ ပစ္စည်းတွေ ရှိရင် ကျေးဇူးပြုပြီး ယဇ်ပူဇော်ဖို့ ထုတ်ပေးကြပါ....ကြေးနီမီးပြင်းဖိုတွေ ကျရောက်လာပြီးမှ ဘယ်သူ ပိုင်ဆိုင်ရမလဲ ဆိုတာ ဆွေးနွေးကြတာပေါ့....ဘယ်လိုသဘောရလဲ"

မင်းသားရှန်လင်းက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အရင်ဆုံး ပြောဆိုလိုက်၏။

"သုံးရက်ကြာပြီးတဲ့နောက်မှာ ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို နားမလည်ရင် ငါတို့အားလုံး ဒီမှာပဲ သေကြရလိမ့်မယ်...အဲ့ဒီလို အဖြစ်ခံမယ့်အစား ငါတို့က အစွမ်းကုန်ကြိုးစားကြည့်တာ ပိုကောင်းလိမ့်မယ်... ငါက မင်းသားရှန်လင်းရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်"

လူအုပ်အကြားမှ လူတစ်ယောက်က အော်ဟစ်ပြောဆိုသည်။

All Chapters