ခုန်းရှီ ဘယ်ရောက်သွားလဲ
Vol. 29 Ch. 353
ကျန်းရွှမ်သည် အသံလာရာဘက်သို့ ကြည့်လိုက်သော်လည်း စကားပြောသူကို ရှာမတွေ့ချေ။ သို့ရာတွင် မင်းသားရှန်လင်း၏နောက်မှ လက်အောက်ငယ်သားတချို့ တိတ်တဆိတ် ပျောက်ကွယ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ သူ၏လက်ချက် ဖြစ်ပုံရသည်။
သူသည် ဤဇာတ်လမ်းကို ဦးဆောင်၍ ခင်းကျင်းနေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် တခြားကမ္ဘာများတွင်လည်း လူထု၏အမြင်ကို ကြိုးကိုင်ခြယ်လှယ်သူများ ရှိနေပေ၏။
ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီး ဖြစ်သလော...
လူများအားလုံးသည် ရတနာပစ္စည်းများကို ယဇ်ပူဇော်ကြမည်ဆိုပါက ကြေးနီမီးပြင်းဖိုများကို မည်သို့ ခွဲဝေကြမည်နည်း...
ကျန်းရွှမ် စဉ်းစားနေစဉ်မှာပင် လူအုပ်အကြားမှနေ၍ တခြားအသံတစ်သံ ထွက်ပေါ်လာသည်။
"အမှန်ပဲ...ငါက မင်းသားရှန်လင်းရဲ စကားကို သဘောတူတယ်...ဒါပေမဲ့ ကြေးနီမီးပြင်းဖိုတွေကျရောက်လာတဲ့အချိန်ကျရင် လူတိုင်းက ကိုယ့်ရဲ့အစွမ်းအစကို ကိုယ်အားကိုးပြီးတော့ ရယူကြဖို့ မျှော်လင့်မိတယ်...ဒါတွေကို သန့်စင်နိုင်တဲ့သူက ပိုင်ဆိုင်နိုင်လိမ့်မယ်"
ဤတစ်ကြိမ်တွင် စကားပြောဆိုလိုက်သည်နှင့် ကျန်းရွှမ်က ပစ်မှတ်ကို ချက်ချင်းခွဲခြားသိမြင်လိုက်သည်။ ဤသည်မှာ ယခင်က ရှန်လင်း၏နောက်တွင် ရှိနေခဲ့သည့် နောက်ထပ်လက်အောက်ငယ်သားတစ်ယောက်ပင်။ သို့ရာတွင် ယခုချိန်၌ သူသည် အဝတ်အစားများကို တိတ်တဆိတ် လဲလှယ်ဝတ်ဆင်ပြီး လူအုပ်အကြားတွင် ရောနှောနေခဲ့ခြင်းဖြစ်သည်။
ထိုစကားများနှင့်အတူ နောက်ထပ်လူတစ်ယောက်က ဝင်ရောက်ပြောဆိုသည်။
"ဒါက အကြံကောင်းပဲ...ဒါပေမဲ့ စွမ်းအားနဲ့ လုယူတာမျိုး မဟုတ်ဘဲနဲ့ တရားမျှမျှတတနဲ့ သန့်စင်တာမျိုး ဖြစ်သင့်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့က ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲအတွက် ရတနာ ပစ္စည်းတွေ ထည့်ဝင်ထားတာပဲ"
"ဟုတ်တယ်.... ငါတို့လည်း ရတနာပစ္စည်းတွေ ယဇ်ပူဇော်ထားတာပဲ...ငါတို့မှာလည်း အဲ့ဒါတွေကို သန့်စင်ခွင့် ရှိသင့်တယ်"
နောက်ထပ် လက်အောက်ငယ်သားနှစ်ယောက်က ဝင်ရောက်၍ ထောက်ခံပြောဆိုလိုက်၏။
ဤစကားများကို ကြားချိန်၌ လူအများသည် သဘောတူကြောင်း တီးတိုးပြောဆိုကြပြီး လူများအားလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
"သူတို့ပြောတာ အမှန်ပဲ...ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲအတွက် ငါတို့ရဲ့ရတနာပစ္စည်းတွေကို ယဇ်ပူဇော်စေချင်ရင် ငါတို့ကို သန့်စင်ခွင့် ပေးရမယ်"
"ငါတို့က ကြေးနီမီးပြင်းဖိုတွေကို မသန့်စင်နိုင်ရင် အဲ့ဒါက ငါတို့မှာ အရည်အချင်း မရှိလို့ပဲ... တခြားသူတွေကို အပြစ်တင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့က ရတနာပစ္စည်းတွေကို ထည့်ဝင်ပြီးမှ အခွင့်အရေး မရရင်တော့ ငါတို့ကို ရိုင်းပျတယ်လို့ အပြစ်မတင်နဲ့...မင်းက ကျိုးယီအင်ပါယာရဲ့တော်ဝင်မင်းသား ဖြစ်နေရင်တောင် ငါတို့က လေးစားမှုကို ပြသမှာ မဟုတ်ဘူး..."
လူအများ၏မှတ်ချက်များကို နားထောင်ပြီးနောက် ရှန်လင်းက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ငါ နားလည်တယ်...မင်းတို့ ဆိုလိုတာက ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲအတွက် ရတနာ ပစ္စည်းတွေကို ပူဇော်တဲ့ ဘယ်သူမဆို ကြေးနီမီးပြင်းဖိုတွေကို သန့်စင်ခွင့် ရှိသင့်တယ်ဆိုတာ မဟုတ်လား"
"အမှန်ပဲ..."
"ငါတို့အားလုံး စဥ်းစားထားတယ်... အဲ့ဒီလို မဟုတ်ရင် ဘယ်သူက ရတနာပစ္စည်းတွေကို ထည့်ဝင်ချင်မှာလဲ"
လူအများက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
"ဒါဆိုရင် ရတနာပစ္စည်းတွေကို မပူဇော်တဲ့ သူတွေကျတော့ ဘယ်လိုလုပ်မလဲ"
ရှန်လင်းက ဆက်လက်၍ မေးမြန်းလိုက်၏။
"သေချာတာပေါ့....သူတို့မှာ အခွင့်အရေး မရှိဘူး"
"သူတို့က ရတနာ ပစ္စည်းတောင် မပူဇော်ချင်ရင် ကြေးနီမီးပြင်းဖိုတွေကို သန့်စင်ဖို့ ဘယ်လို မျက်နှာနဲ့ လာမှာလဲ"
တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလိုပင် လှောင်ပြောင်သရော်လိုက်သည်။
ရှန်လင်းသည် တခြားသူများကို ဆက်လက်၍ မမေးမြန်းတော့ဘဲ ရှစ်ယွမ်ကျင်း မိုပိုင်ယဲ့နှင့် တခြားထိပ်သီးကျင့်ကြံသူများဘက်သို့ လှည့်ကြည့်လေသည်။
"မင်းတို့ကရော ဘယ်လိုသလောလဲ"
"သူတို့ပြောတာက တော်တော်လေး အဓိပ္ပာယ်ရှိတယ်လို့ ငါ ထင်တယ်"
ရှစ်ယွမ်ကျင်းက ခေါင်းညိတ်လိုက်၏။
"ကြေးနီမီးပြင်းဖို ကျဆင်းလာအောင် လုပ်တဲ့ ပူဇော်မှုမှာ ဘယ်သူ့ရဲ့ပစ္စည်းတွေ ပါဝင်လဲ...အဲ့ဒီလူက အခွင့်အရေး ရသင့်တယ်... ဒါမှ တရားမျှတပြီးတော့ ပရမ်းပတာဖြစ်တာကို ရှောင်ရှားနိုင်လိမ့်မယ်"
"ငါ့မှာလည်း ကန့်ကွက်စရာ မရှိဘူး...အဲ့ဒါက အကောင်းဆုံး နည်းလမ်းလို့ ငါ ထင်တယ်"
မိုပိုင်ယဲ့က ပြောဆိုသည်။
"မင်းတို့အားလုံး သဘောတူရင် ငါက ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ"
မင်းသားရှန်လင်းက ခပ်ဖျော့ဖျော့ ပြုံးလိုကက်သည်။
ကျန်းရွှမ်၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။
သူ မြင်ရသလောက်ဆိုလျှင် လက်ရှိနေရာတွင်ရှိနေသော အင်အားစုများအနက် တော်ဝင်မိသားစု၏အင်အားသည် အကြီးမားဆုံးပင်။ ကြေးနီမီးပြင်းဖို ကျဆင်းလာလျှင် တော်ဝင်မိသားစုမှ အတင်းအကြပ် အရင်ဆုံးသန့်စင်မည်ဆိုပါက မည်သူမျှ ယှဉ်ပြိုင်ရဲမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် မည်သည်ကြောင့် ရှန်လင်းသည် လူများအားလုံးကို ဝေစုပေးမည့် ဤကဲ့သို့ အကြံပြုချက်မျိုးကို လုပ်ဆောင်ခဲ့သနည်း...
ဤလူသည် ဤမျှထိ သဘောထားကြီးသည်ဟု ကျန်းရွှမ် မယုံကြည်ချေ။
သူ စဉ်းစားနေစဉ်မှာပင် သူ၏နတ်ဘုရားစိတ်အာရုံ တစ်ချက်လှုပ်ခတ်သွားပြီး ရုတ်တရက်ဉာဏ်အလင်းပွင့်သွားသည်။ ကျန်းရွှမ်သည် သူ၏ရှေ့မှ မင်းသားရှန်လင်းကို တဖန်ပြန်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ထင်ဟပ်လာပေ၏။
"စိတ်ဝင်စားစရာပဲ..."
တခြားလူများ မသိသော အရာတစ်ခုကို သူ နားလည်သဘောပေါက်သွားခဲ့လေပြီ။
လူများအားလုံးသည် သူ၏စကားကို သဘောတူကြောင်း မြင်တွေ့ချိန်၌ ရှန်လင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏တူဖြစ်သူ သတ္တမမင်းသားရှန်ဝူကျွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"ပြင်ဆင်ထားတဲ့ ရတနာပစ္စည်းတွေကို ထုတ်လိုက်တော့... ထုံးတမ်းစဥ်လာ ယဇ်ပူဇော်ပွဲကို အခု စလိုက်ကြရအောင်...."
"ဟုတ်ကဲ့..."
ရှန်ဝူကျွင်းက ခေါင်းညိတ်လိုက်ပြီး ယဇ်ပလ္လင်ဆီသို့ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းသွားသည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ရတနာပစ္စည်းအမျိုးမျိုး ကျရောက်လာပြီး တောင်ငယ်လေးတစ်ခုအလား စုပုံသွားသည်။
ဤရတနာပစ္စည်းများကို မြင်လိုက်ရချိန်၌ လူများအားလုံး အနည်းငယ် ကြက်သေသေသွားကြသည်။
သူတို့၏မျက်စိရှေ့မှ ရတနာများထဲတွင် အဖိုးတန်ဆေးပင်များ ရှားပါးသတ္တုရိုင်းများ တန်ဖိုးမဖြတ်နိုင်သော ဆေးလုံးများနှင့် ရင်းမြစ်လက်နက်အမျိုးမျိုးတို့ ပါဝင်သည်။
သူတို့ စဉ်းစား၍ရသော ပစ္စည်းများအပြင် သူတို့ စဉ်းစား၍မရသော ပစ္စည်းများလည်း ပါဝင်နေပေ၏၏
အမှန်တကယ်ကိုပင် တော်ဝင်မိသားစုဖြစ်ရန် ထိုက်တန်ပြီး သူတို့သည် အမှန်တကယ်ကို အလွန်အမင်းချမ်းသာကြွယ်ဝသည်။
"နေပါအုံး... ရတနာပစ္စည်းတွေ အများကြီးကို တစ်ခါတည်း ထုတ်လိုက်တာလား....ဖြစ်နိုင်တာတော့ မင်းသားရှန်လင်းက ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲကို သူတစ်ယောက်တည်း လုပ်ဖို့ ရည်ရွယ်ထားတာလား.... ငါတို့ မပါဘဲနဲ့လား.."
တစ်စုံတစ်ယောက်သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"ပူဇော်သက္ကာရပစ္စည်းအားလုံးကို သူတစ်ယောက်တည်း ထည့်ဝင်မှာလား...အဲ့ဒီလိုဆိုရင် ငါတို့မှာ သန့်စင်ဖို့ အခွင့်အရေး မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်လား"
"အဲ့ဒီလိုဆိုရင် ငါတို့ ခုဏက တောင်းဆိုလိုက်တာက ငါတို့ကို ပြန်ပြီးချည်နှောင်လိုက်သလို ဖြစ်သွားတယ် မဟုတ်လား...."
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူများအားလုံးသည် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေကြ၏။
ကျန်းရွှမ်က ပြုံးလိုက်သည်။
ယခုချိန်တွင် သူတို့ အသိဝင်လာခဲ့သော်လည်း သိသိသာသာ နောက်ကျသွားခဲ့လေပြီ။
"မင်းတို့က တော်တော်လေး လိမ္မာပါးနပ်ကြတာပဲ...ခုဏက မင်းတို့ ပြောခဲ့တယ် မဟုတ်လား.... ကြေးနီမီးပြင်းဖိုတွေ ပြုတ်ကျလာအောင် ပူဇော်ဖို့အတွက် ရတနာပစ္စည်းတွေကို ထောက်ပံ့တဲ့သူက သန့်စင်ခွင့် ရှိတယ် ရတနာပစ္စည်းတွေကို မထည့်ဝင်တဲ့သူက ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ သဘောတူထားတာ မဟုတ်လား....ငါ ယူလာတဲ့ ရတနာပစ္စည်းတွေက ကြေးနီမီးပြင်းဖိုလေးခုလုံးကို ပြုတ်ကျလာအောင် လုပ်နိုင်ရင် ဒီထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာက ငါ့ရဲ့အပိုင်ပဲ"
မင်းသားရှန်လင်းက ဆက်လက်၍ ပြောဆိုသည်။
"ခုဏက မင်းတို့ကိုယ်တိုင် သဘောတူခဲ့ကြတာပဲ....ဒီအချိန်ကျမှ ရုတ်တရက်ကြီး ကတိဖျက်မှာတော့ မဟုတ်ဘူးမလား...အဲ့ဒီလိုဆိုရင် ကျီးလန်တောင်ကြားရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ရာ ရောက်မှာ စိုးရိမ်ရတယ်....ပြစ်ဒဏ်ကျရောက်လာရင် ငါ ကူညီပေးနိုင်မှာ မဟုတ်ဘူး"
"မင်း... မင်း ခုဏက ငါတို့ကို လမ်းမှားရောက်အောင် တမင်သက်သက် လုပ်ခဲ့တာမဟုတ်လား"
"ငါတို့ ထောင်ချောက်မိသွားပြီ...သောက်ချေးပဲ..."
ယခုချိန်မှသာ လူများအားလုံးသည် အခြေအနေကို အပြည့်အဝ နားလည်သွားကြပြီး သူတို့တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် ရှုံမဲ့နေသောအမူအယာများ ထင်ဟပ်လာကြသည်။
မူလက ရတနာပစ္စည်းများကို ထည့်ဝင်ခြင်းအားဖြင့် ကြေးနီမီးပြင်းဖိုကို သန့်စင်ခွင့်ရပြီး ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ရယူနိုင်မည့် အခွင့်အရေး ရှိမည်ဟု လူများအားလုံး တွေးထင်ခဲ့ကြသည်။ သို့ရာတွင် ယခုကြည့်ရသည်မှာ တစ်ဖက်လူသည် သူတို့ကို ဤအခွင့်အရေးမျိုး မပေးမည့်ပုံပင်။
ဤသည်မှာ သူတို့သည် တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံသူများသာဖြစ်ပြီး တစ်ဖက်လူကမူ ဝါရင့်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေသည့်အလားပင်။
ရတနာပစ္စည်းများကို ပေါ့ပေါ့ပါးပါး ထည့်ဝင်လိုက်ရုံဖြင့် မင်းသားရှန်လင်းသည် ကိစ္စတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပြီး တခြားလူများ၏ဆင်ခြေများသည် အနည်းငယ်မျှ အရာမရောက်ချေ။
"မင်းတို့က ယဇ်ပလ္လင်ကို ကောင်းကောင်း စောင့်ကြပ်ထား....ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့"
စိတ်ပျက်နေသော လူအုပ်ကြီးကို လျစ်လျူရှုပြီး မင်းသားရှန်လင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။ ထို့နောက် သူသည် ယဇ်ပလ္လင်ဆီသို့ ခြေလှမ်းနှစ်လှမ်းရှေ့တိုးသွားပြီး သူ၏ရှေ့ရှိ ရတနာပစ္စည်းပုံကြီးအတွင်းမှ ရတနာများကိုယူဆောင်ကာ ပစ်ထည့်လိုက်သည်။
ဘုန်း....
အချိန်တခဏကြာပြီးနောက် ယဇ်ပလ္လင်ကို အလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး သက်တံရောင်အလင်းတန်းတစ်ခုက မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။ ထိုအလင်းတန်းသည် ငါးမျှားချိတ်တစ်ခုအလား ထိုရတနာပစ္စည်းများအပေါ်သို့ ကျရောက်လာပြီး ထိုအရာအားလုံးကို ဆွဲတင်လိုက်၏။ ဤရတနာပစ္စည်းများသည် သက်တန့်ရောင်အလင်းစီးကြောင်းအတိုင်း သန့်စင်သောစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင်ဆီသို့ မျောလွင့်သွားသည်။
"ဒါက အောင်မြင်တဲ့ ယဇ်ပူဇော်ပွဲပဲ...."
"တကယ်ပဲ ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲကို လုပ်လို့ ရတာပါလား..."
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လူများအားလုံးသည် ဒေါသထွက်နေသည့်ကြားမှ သက်ပြင်းချလိုက်ကြသည်။
ကျိုးကျီသည် သူတို့ကို လိမ်ညာခဲ့ခြင်းမရှိချေ။ ယဇ်ပူဇော်ခြင်းနည်းလမ်းသည် အမှန်တကယ်ကို အလုပ်ဖြစ်ပေ၏။ အဆုံးသတ်တွင် ရတနာပစ္စည်းများ မည်မျှထိ ကုန်ကျမည်သာ မသေချာခြင်းဖြစ်သည်။
ရတနာပစ္စည်းများ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်နှင့် လက်ဝဲဘက်အစွန်ဆုံးရှိ ကြေးနီမီးပြင်းဖို ရုတ်တရက် တုန်ခါသွားသည်။ ကျောက်နံရံမှနေ၍ ကျယ်လောင်သော အက်ကွဲသံများ ထွက်ပေါ်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် စွမ်းအားတစ်ရပ်၏ ဆွဲငင်မှုကို ခံလိုက်ရသည့်အလား ကြေးနီဒယ်အိုးကြီးသည် ကျောက်နံရံမှကွာကျလာပြီး လူအုပ်ကြီးထံသို့ တန်းတန်းမတ်မတ် ပြုတ်ကျလာသည်။
"အရမ်းကောင်းတယ်..."
မင်းသားရှန်လင်း၏မျက်လုံးများ တောက်ပလာပြီး အလျင်အမြန် ယူဆောင်လိုက်သည်။
တခြားလူများသည် ကြေးနီမီးပြင်းဖို ပြုတ်ကျလာသည်ကို မြင်တွေ့ချိန်၌ သူတို့၏လက်များကို ဆန့်တန်းပြီး လုယူလိုကြသော်လည်း နောက်ဆုံးတွင် ရပ်တန့်လိုက်ကြ၏။
အကြောင်းအရင်းမှာ အစောပိုင်းက သူတို့သည် သဘောတူပြီးသား ဖြစ်နေသောကြောင့်ပင်။ ရတနာပစ္စည်းများကို ထည့်ဝင်မထားသဖြင့် သူတို့သည် စည်းမျဥ်းချိုးဖောက်မှုကြောင့် ဖြစ်လာနိုင်သည့်ပြစ်ဒဏ်ကို ဘေးဖယ်ထားလျှင်ပင် ထိုကဲ့သို့ ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်မလေးစားမှုများကြောင့် မီးပြင်းဖိုလေးခုလုံးကို ရလျှင်ပင် မည်သည့်အမွေအနှစ်ကိုမျှ ရရှိနိုင်မည် မဟုတ်ချေ။
သူတို့သည် လုယူနိုင်ခြင်းမရှိသဖြင့် သူတို့၏ရှေ့မှ မင်းသားရှန်လင်းသည် အမွေအနှစ်အား ရယူသွားသည်ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်ပေမည်။ အချိန်တခဏအတွင်းမှာပင် လူများအားလုံး အကြပ်ရိုက်သွားကြပြီး မိုပိုင်ယဲ့နှင့်ရှစ်ယွမ်ကျင်းတို့သည်လည်း ခြွင်းချက်မဟုတ်ပေ။
သူတို့နှင့်မတူကွဲပြားသူဟူ၍ လူတစ်ယောက်တည်းသာရှိနေသည်။ ထိုလူမှာ ကျန်းရွှမ်ပင်။ ဤအချိန်တွင် သူထံ၌ စိုးရိမ်မှုများကို မရှိလဲ သူ၏စိတ်ထဲတွင် သံသယ တစ်ခုတည်းသာ ရှိနေသည်။
'ခုန်းရှီ ဘယ်ရောက်သွားတာလဲ....'