← Chapters

ဒုတိယ ကြေးနီမီးပြင်းဖို

Vol. 29 Ch. 354

ဒုတိယ ကြေးနီမီးပြင်းဖို

Vol. 29 Ch. 354

နတ်ဘုရားနယ်မြေ၏ စီးဆင်းနေသော အလင်းတန်းများအရဆိုလျှင် ဤနေရာသည် ကျီးလန်တောင်ကြား၏ ဗဟိုချက်ပင်။ ကြေးနီမီးပြင်းဖိုလေးခုကို စုဆောင်းနိုင်လျှင် ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံနိုင်ပေလိမ့်မည်။ ဤနေရာသို့ နှစ်လစော၍ ကြိုတင်ရောက်ရှိနေခဲ့သည့် ခုန်းရှီသည် တခြားလူများမှ ကြေးနီမီးပြင်းဖိုများအား ရသွားသည်ကို ဤအတိုင်း ရပ်ကြည့်နေမည် မဟုတ်လောက်ချေ သူ မလုပ်လောက်ဘူး မဟုတ်လော....။

တစ်စုံတစ်ခု လွဲချော်နေလေပြီ။

ကျန်းရွှမ်သည် မျက်မှောင်ကြုတ်ထားကာ ဤကိစ္စကို နားမလည်နိုင် ဖြစ်နေပေ၏။

ဤနေရာတွင် လူများ အလွန်အမင်းများပြားနေသောကြောင့် သူသည် ကောင်းကင်ဘုံသောကဓားနည်းစနစ်ကို အသုံးပြုပြီး ရှာဖွေရန် အဆင်မပြေချေ။ သူ့အနေဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာပြီး ခုန်းရှီမှ ရုပ်ဖျက်ထားသူ ရှိမရှိ သတိထားကြည့်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။

ကမ္ဘာတစ်ခုကို ထိန်းချုပ်ထားသူများအနေဖြင့် ကျန်းရွှမ် လုပ်ဆောင်နိုင်လျှင် ခုန်းရှီသည်လည်း သေချာပေါက် လုပ်ဆောင်နိုင်ပေမည်။

သူ စဉ်းစားတွေးတောနေစဉ်မှာပင် ဖျော့တော့တော့အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျန်းရွှမ်... မင်းက ကြေးနီမီးပြင်းဖိုကို ရယူပြီးတော့ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ကို နားလည်သဘောပေါက်ချင်စိတ် မရှိဘူးလား"

သူ လှည့်ကြည့်လိုက်ရာ မိုပိုင်ယဲ့၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

"စိတ်မဝင်စားဘူး"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေထဲသို့ သူ မဝင်မီကတည်းက ဤနေရာကို ခုန်းရှီက နောက်ဆုံးတွင် သန့်စင်ပြီးရယူသွားမည်ကို သူ သိပြီးသားဖြစ်သောကြောင့် များစွာဂရုမစိုက်ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာတစ်ခု၏ အရှင်သခင်ဖြစ်သော သူ့အနေဖြင့် ကံကြမ္မာအသေးစားလေးတစ်ခုကို သန့်စင်ပြီး အခြားလူထိန်းချုပ်ထားသည့်ကံကြမ္မာ၏ အတက်အလက်တစ်ခု ဖြစ်လာရန် ဆန္ဒမရှိချေ။

ထို့ကြောင့် သုံးရောင်ခြယ် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေစဉ်က ကံကြမ္မာခွဲတစ်ခု၏ကျင့်ကြံနည်းစနစ်ကို တွေ့ရှိခဲ့သည့်တိုင် သူသည် လေ့လာရန် စိတ်မဝင်စားဘဲ ဖျက်ဆီးပစ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

"စိတ်မဝင်စားဘူးလား...."

မိုပိုင်ယဲ့ အံ့အားသင့်သွားသည်။ တစ်ဖက်လူ ဟန်ဆောင်နေခြင်းရှိမရှိကို သူ သိရှိရန် ကြိုးစားကြည့်သော်လည်း ကျန်းရွှမ်၏အကြည့်သည် ရိုးသားပြီး သူ၏မျက်လုံးများ ကြည်လင်နေသည်ကို မြင်တွေ့မိသည်။ ကျန်းရွှမ်ထံတွင် လိမ်လည်လှည့်စားသည့် အရိပ်အယောင်ဟူ၍ အနည်းငယ်မျှ မတွေ့ရချေ။

ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို အမှန်တကယ် စိတ်မဝင်စားသူ ရှိနေသလော...

ဤသည်မှာ ဖြစ်နိုင်သလော....

"ဒါဆိုရင် မင်း ပြောချင်တာက နောက်ကျရင် မင်း ဝင်လုမှာ မဟုတ်ဘူးပေါ့..."

မိုပိုင်ယဲ့ထံ၌ သံသယများဖြင့် ပြည့်နှက်နေပြီး သူ မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"အဲဒါက အခြေအနေပေါ် မူတည်တယ်..လုလို့ရမယ့် အခွင့်အရေး ရှိရင်တော့ ငါက သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး..."

ကျန်းရွှမ်က ရယ်မောပြီး ပြောဆိုလိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှ ကြေးနီမီးပြင်းဖိုသုံးခုကို စုဆောင်းနိုင်လျှင်ပင် နောက်ဆုံးတစ်ခု၌ သူ မည်သည့်ကိစ္စမျိုးရှိနေပါစေ ဝင်ရောက်စွက်ဖက်ရလိမ့်မည်။ ထိုသို့မဟုတ်ပါက ထိုလူသည် အမွေအနှစ်ကို ရရှိသွားသည်နှင့် ခုန်းရှီအတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ခုန်းရှီ၏လက်ရှိ တည်နေရာကို မသိရသော်လည်း ကျီးလန်တောင်ကြားသို့ လူအမြောက်အများ ဤမျှထိ လွယ်လင့်တကူ ဝင်ရောက်၍ရသွားခြင်းသည် သူ၏ကြိုးပမ်းမှုများကြောင့်ပင်။ ခုန်းရှီ ကြိုးစားအားထုတ်ခဲ့သည့်အရာများကို တခြားလူအတွက် အဆင်သင့်ပြင်ဆင်ပေးသကဲ့သို့ ဖြစ်သွားမည့် ကိစ္စမျိုးအား သူ လက်သင့်ခံမည် မဟုတ်ချေ။

ထို့ပြင် အရေးအကြီးဆုံးအချက်မှာ ထုံးတမ်း စဥ်လာကောင်းကင်ကံကြမ္မာသည် ခုန်းရှီ၏ အမွေအနှစ်သင်ကြားမှုများနှင့် နက်ရှိုင်းသော ဆက်နွယ်မှု ရှိနေသဖြင့် သူ ဆက်ခံသည်က အကောင်းဆုံးပင်။

"မင်း..."

မိုပိုင်ယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကျန်းရွှမ် ဤကဲ့သို့ တုံ့ပြန်မည်ဟု သူ မမျှော်လင့်ထားချေ။

"ဂိုဏ်းချုပ်မိုအနေနဲ့ ငါ့ကို စိတ်ပူနေမယ့်အစား ကျီးလန်တောင်ကြားထဲက ထွက်သွားရင် အကြွေးတွေကို ဘယ်လိုဆပ်မလဲဆိုတာ စဉ်းစားတာ ပိုကောင်းမယ်..."

ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုနှင့်အတူ သူ၏စကားကို ကြားဖြတ်ပြောဆိုလိုက်၏။

"တကယ်လို့ ငါ ခန့်မှန်းတာ မှန်တယ်ဆိုရင် မင်း ဒီနေရာက အခြေအနေကို ရောက်မလာခင်ကတည်းက ကြိုသိပြီးသား ဖြစ်နိုင်တယ်...ဒါကြောင့် ကြေးနီမီးပြင်းဖိုကိုရဖို့အတွက် အရင်းအမြစ်တွေ ပိုပြီးထည့်ဝင်နိုင်အောင် တမင်သက်သက် ငွေတွေချေးယူခဲ့တာ မဟုတ်လား"

"ဟုတ်တယ်.. မိုပိုင်ယဲ့ မင်းက တော်တော်လေး ယုတ်မာတာပဲ"

"ဒါကြောင့်ကိုး... မိုပိုင်ယဲ့ မင်း ငါ့ရဲ့ငွေတွေကို အခုချက်ချင်း ပြန်ပေးစမ်း....မဟုတ်လို့ကတော့ မင်း သတိထားနေစမ်း...ငါက ယဉ်ကျေးနေမှာ မဟုတ်ဘူး"

"အခြေအနေတွေက ခုလိုဖြစ်လာမှတော့ သူ့ကို ငွေချေးထားတဲ့ လူတွေအားလုံး ပူးပေါင်းကြရအောင်...ငါတို့က ငွေတွေပြန်မရရင်တောင် လျော်ကြေးအနေနဲ့ အရင်းအမြစ်တချို့ကို ရလိုက်ရင် ကြေးနီမီးပြင်းဖိုကို သန့်စင်ဖို့အတွက် အခွင့်အရေး ပိုရနိုင်တယ် မဟုတ်လား"

ကျန်းရွှမ်၏စကားကို ကြားပြီးနောက် မိုပိုင်ယဲ့ မငြင်းဆန်နိုင်သေးမီမှာပင် သူ၏နံဘေးပတ်ဝန်းကျင်တွင် ဒေါသတကြီး ပြောဆိုဆွေးနွေးသံများ ထွက်ပေါ်လာသည်။ သူတို့၏ယခင်က စိတ်ရှုပ်ထွေးနေမှုများနှင့် သံသယများသည် ချက်ချင်းဆိုသလိုပင် ရှင်းလင်းသွားပေ၏။

"ကျန်းရွှမ်... ငါ့ကို မစွပ်စွဲနဲ့.. ငါ့အယောင်ဆောင်ပြီးတော့ ငွေတွေလိုက်ချေးတာက မင်းဆိုတာ အသိသာကြီးပဲ မဟုတ်လား..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် ဒေါသကြောင့် တုန်ရီနေသည်။

သူသည် ကျန်းရွှမ်ကို ရန်မစမိလျှင် အဆင်ပြေသည်။ သူ စော်ကားမိတိုင်း ကံဆိုးမှုများသာ သူ့ထံသို့ ဦးတည်လာပေ၏။

"ငါက မင်း အယောင်ဆောင်တာလား....ငါက မင်းရဲ့ပုံပန်းသွင်ပြင်ကို ယူဖို့ နည်းလမ်းတချို့ကို သုံးနိုင်ပေမယ့် ငါက မိုတောက်ကံကြမ္မာကိုပါ ဘယ်သူမှ မခွဲခြားနိုင်တဲ့အထိ ပြီးပြည့်စုံအောင် တုပနိုင်တယ်လို့ မင်း ပြောချင်တာတော့ မဟုတ်ဘူးမလား..."

ကျန်းရွှမ်က သရော်တော်တော် ပြောဆိုလိုက်သည်။

"ခန်းမသခင်ရှစ်နဲ့ ဒီထိပ်သီးကျင့်ကြံသူတွေကို အလွယ်တကူ လှည့်စားလို့ရတဲ့ အရူးတွေလို့ မင်း တကယ်ကြီး ထင်နေတာလား.. "

ကျန်းရွှမ်၏စကားသည် ထောင်ချောက်တစ်ခုပင်။ ဂိုဏ်းချုပ်ရှစ်က မိုပိုင်ယဲ့ ပိုက်ဆံမချေးခဲ့ဘဲ ဤသည်မှာ လိမ်ညာမှုတစ်ခုဟု ဝန်ခံလိုက်လျှင် သူသည် သူ့ကိုယ်သူ အရူးဟု သတ်မှတ်လိုက်သည့်အလား ဖြစ်သွားပေမည်။

ထိုကြောင့် တစ်ဖက်လူသည် ငွေချေးယူသော မိုပိုင်ယဲ့က ကျန်းရွှမ် အယောင်ဆောင်ထားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းမိလျှင်ပင် သူတို့ ဖွင့်ဟပြောဆို၍ မရနိုင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ငွေများပြန်ရရန် လိုအပ်သေးပေ၏။ မိုပိုင်ယဲ့သည် ကျန်းရွှမ် အပေါ်သို့ အပြစ်ပုံချလိုက်ပြီး သူက ငြင်းဆန်လိုက်ပါက သူတို့သည် မည်သူ့ထံမှ ပြန်တောင်းရမည်နည်း။

"တကယ့်ကို သူက ငါတို့ကို အရူးတွေလို့ ထင်နေကြတာပဲ...မိုပိုင်ယဲ့က ငွေတွေပြန်မပေးရင် ငါတို့ အတူပူးပေါင်းပြီးတော့တုရှင်းယွီကို သတ်ကြမယ်"

"ကောင်းပြီလေ...ငါတို့အားလုံး အတူတူ လုပ်ကြစို့..."

"...."

တုရှင်းယွီ ကြက်သေသေသွားသည်။

'ငါယိုးမသားတွေ... ငါက ဘယ်သူ့ကို သွားပြီးစော်ကားမိလို့လဲ'

'အကြွေးဆပ်ရမှာက တစ်ယောက်လေ...မင်းတို့က ဘာလို့ ငါ့ကို သတ်မယ်လို့ အော်နေကြတာလဲ'

"မင်းတို့..."

လူများအားလုံး အထင်အမြင်မှားသွားသည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့သည် ငြင်းဆန်လိုသော်လည်း သူ၏စကားမဆုံးမီမှာပင် မြေပြင်ပေါ်သို့ ကန်ချခံလိုက်ရသည်။

သူ လှည့်ကြည့်လိုက်ရာ တုရှင်းယွီ၏မျက်နှာ ဒေါသကြောင့် နီမြန်းနေသည်ကို မြင်တွေ့လိုက်ရသည်။

"မင်း အခုချက်ချင်း ပေးလိုက်စမ်း... မဟုတ်ရင် ငါ မင်းကို သင်းကွပ်ပစ်မယ်"

"ငါ..."

မိုပိုင်ယဲ့သည် စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။

တခြားသူများကို ရင်ဆိုင်ရလျှင် သူသည် ဆဲဆိုပြီး တုံ့ပြန်တိုက်ခိုက်နိုင်သော်လည်း ဤလူ၏ရှေ့တွင်မူ သူ အသက်ပင် ပြင်းပြင်းမရှူရဲချေ။

ဤသည်မှာ သူသည် အားနည်းနေသောကြောင့် တစ်ဖက်လူကို မဆန့်ကျင်နိုင်ခြင်း မဟုတ်ဘဲ ထို့ထက်ပို၍ အရေးကြီးတာမှာ တုရှင်းယွီသည် ဓားတစ်သောင်းမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုနေသူ ဖြစ်သောကြောင့်ပင်။ တုရှင်းယွီကို သူ ဆန့်ကျင်လိုက်ပါက မဟာမိတ်အဖွဲ့နှင့် အဆက်အသွယ် ဖြတ်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ ထိုသို့ဖြစ်လာပါက သူ၏အကြီးမားဆုံး ကျောထောက်နောက်ခံကို သူကိုယ်တိုင် ဖျက်ဆီးသကဲ့သို့ ဖြစ်သွားနိုင်ပေ၏။

တုရှင်းယွီ၏ ဆူပူကြိမ်းမောင်းမှုကို ခံရပြီးနောက် မိုပိုင်ယဲ့သည် မလိုလားသော်လည်း ဝန်လေးစွာဖြင့် သူ စုဆောင်းထားသမျှ အရာအားလုံးကို ထုတ်ပေးလိုက်သည်။

ထိုအရာများအနက် ဆေးပင်များ သတ္တုရိုင်းများ လက်နက်များ ဆေးလုံးများစသဖြင့် အမျိုးအစားမျိုးစုံပါဝင်သော်လည်း အရေအတွက် အကန့်အသတ် ရှိသည်။ ထိုအရာများအားလုံးပေါင်းလိုက်လျှင်ပင် ကံကြမ္မာချပ်ပြားသုံးထောင်ခန့်သာ တန်ကြေးရှိသဖြင့် အကြွေးရှစ်ထောင်ကိုကျေရန် များစွာအလှမ်းကွာဟနေဆဲပင်။

အမှန်အားဖြင့် သူသည် ဆင်းရဲနွမ်းပါးသူတစ်ယောက် မဟုတ်ချေ။ မကြာသေးမီက ကျန်းရွှမ်သည် သူ၏အရင်းအမြစ်များကို ကုန်သလောက်နီးပါး ယူဆောင်သွားခဲ့သည်။ သူ ဤမျှထိ ထုတ်ပေးနိုင်သည်ကပင် အလွန်ကောင်းမွန်သော စွမ်းဆောင်မှုတစ်ခု ဖြစ်နေလေပြီ။

"ကျန်းရွှမ်..."

သူ့ထံ၌ ခြူးတစ်ပြားမျှပင် မကျန်တော့ဘဲ အကုန်အစင် ယူသွားခံရသည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့သည် ဒေါသနှင့်နှမြောတသမှုတို့ကို ရောယှက်၍ ခံစားနေရသော်လည်း သူ တတ်နိုင်သည့်အရာဟူ၍ မရှိတော့ချေ။

သူ၏ရှေ့မှ ကျန်းရွှမ်သည် သူ့အတွက် ကံကြမ္မာဆိုးကြီးပင်။ ကျန်းရွှမ်ကို ဒုက္ခပေးချိန်တိုင်း သူသည် တွင်းနက်ကြီးထဲသို့ ပို၍ပို၍နစ်ဝင်သွားသကဲ့သို့ ဖြစ်နေပြီး အကြိမ်တိုင်းသည် ယခင်နှင့် မတူတော့ချေ။

"ငါ မင်းကို သတ်မယ်..."

မိုပိုင်ယဲ့သည် သူ၏သွားများမှ သွေးထွက်လာလုမတတ် အံ့တင်းတင်းကြိတ်လိုက်စဉ်မှာပင် သူ့နားထဲ၌ တုရှင်းယွီ၏စိတ်ချင်းဆက်သွယ်ပြီး ပြောဆိုလိုက်သောအသံ ထွက်ပေါ်လာပေ၏။

'ဒီနေရာမှာ သူ့ကိုသတ်ဖို့ ငါ စဉ်းစားထားပေမယ့် ဒါက သိပ်မလွယ်လောက်ဘူး..ဒီနေရာက ထွက်သွားပြီးမှ လှုပ်ရှားကြစို့...သူ့ရဲ့အခြေအနေကို ဓားတစ်သောင်းမဟာမိတ်အဖွဲ့ဆီ အမှန်အတိုင်း သတင်းပို့လိုက်တော့....မဟာမိတ်ခေါင်းဆောင် ကိုယ်တိုင်လှုပ်ရှားရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး"

"အမှန်ပဲ..."

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားသည်။

တစ်ဖက်လူသည် အစွမ်းထက်မိသားစုတစ်စုမှလူ ဖြစ်နိုင်သည်ဟု သူ အမြဲတစေ တွေးထင်ခဲ့ပြီး ပြောင်ပြောင်တင်းတင်း မစော်ကားရဲခဲ့ချေ။ နတ်ဘုရားနယ်မြေအတွင်း၌ ကျန်းရွှမ်ကို သတ်ဖြတ်လိုက်သည်က အကောင်းဆုံးဟု သူ တွေးထင်ခဲ့သော်လည်း ယခုချိန်၌ ဤသည်က ရွေးချယ်စရာတစ်ခု မဟုတ်ကြောင်း သိသာထင်ရှားနေပေ၏။

ထိုကိစ္စမျိုးရှိနေသဖြင့် သူသည် ဓားတစ်သောင်းမဟာမိတ်အဖွဲ့သို့ သတင်းပို့ပြီး မဟာမိတ်ခေါင်းဆောင်ကို လှုပ်ရှားခိုင်းလိုက်လျှင် မည်သို့ဖြစ်လာမည်နည်း....

ဓားတစ်သောင်းမဟာမိတ်အဖွဲ့သည် တတိယတန်းစား ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်ထားသော အင်အားစုများအနက် ထိပ်သီးအဆင့်တွင်ရှိနေသည်။ မဟာမိတ်ခေါင်းဆောင်၏စွမ်းအားသည် ခန့်မှန်း၍ မရနိုင်အောင် နက်နဲသိမ်မွေ့သဖြင့် ဤကောင်စုတ်ကို ရှင်းပစ်ရန်သည် ဆန်မုန့်တစ်ခုကို စားသကဲ့သို့ အလွန်အမင်း လွယ်ကူနေပေမည်။

တစ်ဖက်လူ၏လျှို့ဝှက်ချက်များအားလုံးကို မဟာမိတ်ခေါင်းဆောင်က ယူသွားကာ သူ မည်သည့်အရာကိုမျှ မရရင်ပင် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်ပေမည်။ တစ်ဖက်လူသည် သူ မိုတောက်ကံကြမ္မာ၏ စတုတ္ထအဆင့်သို့ လွယ်လင့်တကူ ချိုးဖျက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ပေ၏။

သူ၏ ဘေးကင်းလုံခြုံရေးနှင့်ရေရှည်တည်ငြိမ်မှုအတွက် အကြီးမားဆုံးအကျိုးအမြတ်ကို စွန့်လွှတ်လိုက်သည်က ပဋိပက္ခကို လွှဲပြောင်းပေးလိုက်ခြင်းပင်။

"မြန်မြန်ကြည့်လိုက်အုံး...ဒုတိယကြေးနီမီးပြင်းဖိုကြီး ကျလာတော့မယ်..."

သူ၏စိတ်ထဲတွင် အကျိုးအမြတ်နှင့်ဆုံးရှုံးမှုများကို တွက်ချက်နေစဉ်တွင် အသံတစ်သံက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ မိုပိုင်ယဲ့က အလျင်အမြန် မော့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် မင်းသားရှန်လင်းသည် မီးပြင်းဖိုများအတွက် ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲကို ဆက်လက်၍ ပြုလုပ်နေသည်အား မြင်တွေ့လိုက်ရသည်။

အရင်းအမြစ်ရတနာပစ္စည်းများ ဆက်လက်၍ ကုန်ဆုံးသွားသည်နှင့်အမျှ နောက်ထပ်ကြေးနီမီးပြင်းဖိုကြီးတစ်ခု စတင်၍ တုန်ခါလာသည်။ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ ထိုကြေးနီမီးပြင်းဖိုသည် ကျောက်နံရံကြီးနှင့် ကင်းကွာစပြုလာသည်။

All Chapters