← Chapters

အပြန်အလှန် သတ်ဖြတ်ခြင်း

Vol. 29 Ch. 355

အပြန်အလှန် သတ်ဖြတ်ခြင်း

Vol. 29 Ch. 355

မင်းသားရှန်လင်း ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲအတွင်း၌ နောက်ထပ် ကြေးနီမီးပြင်းဖိုတစ်ခုကို အမှန်တကယ် လှုပ်ခတ်စေနိုင်ခဲ့သည်။

စုစုပေါင်း ကြေးနီမီးပြင်းဖိုလေးခုရှိပြီး သူသည် နှစ်ခုရရှိအောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် ကျိုးယီတော်ဝင်မိသားစုသည် အမှန်တကယ်ကို ချမ်းသာကြွယ်ဝပေ၏။

"ငါတို့ ဘာလုပ်ကြမလဲ... သူ့ရဲ့အရင်းအမြစ်တွေ က မကုန်သေးဘူး...ထုံးထမ်းစဥ်လာယဇ်ပူဇော်ပွဲကို သူ့ကို ဆက်လုပ်ခွင့် ပေးလိုက်ရင် ငါတို့အတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..."

တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။

လူများအားလုံး၏မျက်နှာအမူအယာများ တပြိုင်နက်တည်း သုန်မှုန်သွားကြသည်။

သူတို့သည် ဤနေရာသို့ ရောက်လာနိုင်ရန် အသက်စွန့်၍ တိုက်ခိုက်ခဲ့ရသဖြင့် အမွေအနှစ်ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။ အကယ်၍ သူတို့သည် အစစ်အမှန်အမွေအနှစ်ကို မရနိုင်ဘဲ အစွန်အဖျားတစ်ခုလောက်သာ ရလျှင်ပင် ဒုတိယတန်းစားကောင်းကင်ကံကြမ္မာပိုင်ရှင်များအဖြစ် စာရင်းဝင်သွားပြီး နောင်အနာဂတ်တွင် သူတို့၏စွမ်းအားများ အကန့်အသတ်မရှိ တိုးတက်လာပေလိမ့်မည်။

ထို့ကြောင့် သူတို့သည် ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ကြချေ။

ဘုန်း...

ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲအတွက် ရတနာပစ္စည်းများကို ထပ်မံ၍ ထည့်လိုက်သည်နှင့် ဒုတိယမြောက် ကြေးနီမီးပြင်းဖိုသည် လေဟာနယ်ကို ထွင်းဖောက်ပြီး ပြုတ်ကျလာကာ မင်းသားရှန်လင်းက ဖမ်းယူလိုက်၏။ သူသည် သူ၏လက်ကို လှုပ်ခတ်ပြီး ထိုအရာကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။

ကြေးနီမီးပြင်းဖိုနှစ်ခုကို ရယူပြီးနောက် မင်းသားရှန်လင်းသည် လက်ကြီးဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီး ကြွင်းကျန်သော ရတနာများနှင့်အရင်းအမြစ်များအားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်၍ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို တဖန်ပြန်၍ ကြည့်လိုက်၏။

"မင်းတို့အားလုံးမြင်တဲ့အတိုင်းပဲ....ငါက အရင်းအမြစ်တွေကို အားကိုးပြီးတော့ နောက်ထပ် ကြေးနီမီးပြင်းဖိုတစ်ခုကို ရယူဖို့က ဘာပြဿနာမှ မရှိဘူး.... ဒါပေမဲ့ ငါက ဒီအခွင့်အရေးကို မင်းတို့အားလုံးကို ပေးချင်တယ်...ဒီအရာကို လိုချင်တဲ့လူတွေက ကိုယ့်ရဲ့အစွမ်းအစကို အားကိုးပြီးတော့ လုပ်နိုင်တယ်... သုံးရက်ကြာရင် ပြန်တွေ့ကြတာပေါ့"

ထိုသို့ပြောဆိုပြီးနောက် မင်းသားရှန်လင်းသည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ရှန်ဝူကျွင်းနှင့် အသေခံစစ်သည်တော်များကို ခေါ်ဆောင်ကာ ကျီးလန်တောင်ကြား၏အပြင်ဘက်သို့ ထွက်ခွာသွားသည်။

"ဒါက..."

အကယ်၍ မင်းသားရှန်လင်းသည် ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲကို ဆက်လုပ်ပါက ထိုနေရာသို့ အပြေးသွားပြီး တားဆီးမည်ဟု လူများအားလုံး တွေးတောထားကြသည်။ သို့ရာတွင် သူ့ထံ၌ လုံလောက်သော အရင်းအမြစ်များရှိသည်မှာ သိသာထင်ရှားသော်လည်း သူသည် တက်တက်ကြွကြွဖြင့် တခြားလူများကို အခွင့်အရေးပေးပြီး ချက်ချင်းရပ်တန့်လိုက်မည်ဟု သူတို့ တွေးထင်ထားခဲ့ကြပေ။ အချိန်တခဏအတွင်းမှာပင် သူတို့အားလုံး ကြက်သေသေသွားကြသည်။

"မင်းသားရှန်လင်းက အရမ်းမြင့်မြတ်တာပဲ"

"နောက်ဆုံးမှာ ငါတို့ထဲက ဘယ်သူမှ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို မရနိုင်ရင် ....တခြားလူကို ပေးမယ့်အစား သူ ရသွားတာက ပိုကောင်းလိမ့်မယ်"

"အမှန်ပဲ... သူက ယဉ်ကျေးသိမ်မွေ့ပြီးတော့ အနေအထိုင် ဆင်ခြင်တတ်တယ်...သူက တကယ့်ကို အမွေအနှစ်နဲ့ အသင့်တော်ဆုံးလူပဲ..."

လူအုပ်ကြီးထဲတွင် ပုန်းအောင်းနေသော ရှန်လင်း၏လက်အောက်ငယ်သားများသည် သူတို့၏အခန်းကဏ္ဍကို ဆက်လက်၍ လုပ်ဆောင်နေကြ၏။

အမှန်တကယ်ကိုပင် ဤစကားများ ပျံ့နှံ့သွားသည်နှင့် လူအများ၏စိတ်နှလုံးသားများယိမ်းယိုင်စပြုလာကြသည်။

"သူက တော်တော်လေး ထူးချွန်တဲ့လူပဲ"

မင်းသားရှန်လင်း၏ လုပ်ရပ်များအားလုံးကို မြင်တွေ့လိုက်ချိန်၌ ကျန်းရွှမ်သည် မချီးကျူးဘဲ မနေနိုင်တော့ချေ။

ပြောရမည်ဆိုလျှင် သူသည် တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ရန် ထိုက်တန်ပြီး သူ၏အတွေးများသည် အလွန်စေ့စပ်သေချာပေ၏။

သူ ယူလာသော ရတနာပစ္စည်းများသည် ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲမှတဆင့် တတိယမြောက် ကြေးနီမီးပြင်းဖိုကို ဆင်းသက်လာအောင် လုပ်ကောင်းလုပ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဤသည်က လူများအားလုံး၏လိုချင်တပ်မက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထိုအချိန်ကျပါက လူများအားလုံးကို သူ ထိန်းထားနိုင်ခြင်းရှိမရှိ မသေချာတော့ချေ။

ထိုကဲ့သို့ သူ စွန့်စားမည့်အစား အကျိုးအမြတ်ကို လူများအားလုံးကို လိုလိုလားလား မျှဝေလိုက်သည်က ပို၍ကောင်းမွန်ပေမည်။ တခြားလူများထံမှ မျက်နှာသာရမည်ကို ဘေးဖယ်ထားလျှင်ပင် နောက်ပိုင်း၌ သူသည် ထိုရတနာပစ္စည်းများကို ကြေးနီမီးပြင်းဖိုနှင့် လဲချင်သည်ဆိုလျှင်ပင် လူအများသည် သဘောတူကောင်းတူနိုင်ပေ၏။

မိုပိုင်ယဲ့သည် လိမ္မာပါးနပ်သော်လည်း မင်းသားရှန်လင်းနှင့် နှိုင်းယှဉ်ရင် အရူးတစ်ယောက်နှင့် မည်သည့်ကွဲပြားခြားနားချက်မျှ မရှိချေ။

"ငါ စမ်းကြည့်ချင်တယ်..."

"ငါလည်း စမ်းကြည့်ချင်တယ်"

"ငါတို့အားလုံး အတူတူ သွားကြမယ်..."

မင်းသားရှန်လင်း ထွက်ခွာသွားသည်နှင့် လက်ရှိနေရာတွင် ရှိနေသူများ ချက်ချင်းစိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးလိုက်ကြပြီး ပြေးသွားရန် အသင့်ဖြစ်နေကြသည်။ သို့ရာတွင် သူတို့ အနီးသို့မရောက်သေးမီမှာပင် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူဆယ်ယောက်ကျော်က ယဇ်ပလ္လင်ကို တဖန်ပြန်၍ ဝိုင်းရံလိုက်သည်အား မြင်တွေ့လိုက်ရသည်။

"ရှစ်ယွင်ကျင်း...မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ယဇ်ပလ္လင်ကို ဝိုင်းရံထားသူများမှာ ကောင်းကင်ကံကြမ္မာ ခန်းမသခင် ရှစ်ယွင်ကျင်းနှင့် အလုံးစုံသိမြင်ဂိုဏ်း၏ဂိုဏ်းခွဲသခင် ချန်ယွီဟွမ်တို့မှလွဲ၍ တခြားလူများ မဟုတ်ပေ။

အင်အားကြီးမားသော အင်အားစုနှစ်ခု ပေါင်းစည်းထားပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှစ်ဆယ်ကျော် ပါဝင်သဖြင့် လက်ရှိ လူအုပ်ကြီးအကြားတွင် ထည့်သွင်းစဉ်းစားရမည့် အကြွင်းမဲ့ အင်အားစုတစ်စုပင်။

"ဘာမှ မဟုတ်ပါဘူး...ငါတို့ အရင်ယူကြည့်မလို့ပါ....ငါတို့မှာ အရင်းအမြစ်တွေ မလုံလောက်ရင် ကျန်တဲ့သူတွေကို ဒုက္ခပေးရမှာပေါ့..."

ရှစ်ယွင်ကျင်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး အပိုစကားများ ပြောမနေတော့ချေ။ သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ရတနာပစ္စည်းအမြောက်အများ ထွက်ပေါ်လာသည်။ တခြားလူများလည်း အလားတူ ပြုလုပ်ကြပြီး သူတို့၏ရတနာပစ္စည်းများကို ပစ်ထည့်လိုက်ရာ အသက်ရှူချိန် ဆယ်ချိန်ကျော် အတွင်းမှာပင် မြေပြင်ပေါ်တွင် အရင်းအမြစ်များဖြင့် ပြည့်နှက်သွားပေ၏။

ထုံးတမ်းစဥ်လာယဇ်ပူဇော်ပွဲ စတင်သည်နှင့် မြေပြင်ပေါ်ရှိ ရတနာပစ္စည်းများသည် သန့်စင်သောစွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။ အချိန်မည်မျှကြာသွားမှန်း မသိချိန်မှာပင် အရင်းအမြစ်များ ကုန်လုဆဲဆဲအချိန်တွင် ကျောက်နံရံများ တုန်ခါသွားပြီး ကြေးနီမီးပြင်းဖိုကြီးတစ်ခု ပျံ့လွင့်လာသည်။

ရှစ်ယွင်ကျင်းသည် လက်လှမ်းပြီး ဧရာမမီးပြင်းဖိုကြီးကို ဖမ်းယူလိုက်ကာ သူ၏သိုလှောင်လက်စွပ်ထဲသို့ထည့်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်ကံကြမ္မာခန်းမနှင့် အလုံးစုံသိမြင်ခန်းမမှ လူများကို ဦးဆောင်ကာ ကျီးလန်တောင်ကြား၏အပြင်ဘက်သို့ ထွက်ခွာသွားသည်။

ကြွင်းကျန်နေသော လူအုပ်ကြီးသည် အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း မည်သူမျှ စကားမပြောရဲကြချေ။

မည်သို့ပင်ဆိုစေကာမူ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဆယ်ကျော်နှင့် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသဖြင့် တုရှင်းယွီပင်လျှင် ပြဿနာရှာဝံ့မည် မဟုတ်ရာ တခြားလူများသည် ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ကျန်းရွှမ်... မီးပြင်းဖိုတစ်ခုပဲ ကျန်တော့တယ်.. ငါတို့ ယဇ်ပူဇော်ကြမလား... ငါတို့ဖုမိသားစု က တော်ဝင်မိသားစုနဲ့ ကောင်းကင်ကံကြမ္မာခန်းမ လောက် မချမ်းသာပေမယ့် အရင်းအမြစ် တချို့တော့ ထုတ်ပေးနိုင်တယ်....နောက်ဆုံး မီးပြင်းဖိုတစ်ခု ကျလာအောင် လုပ်နိုင်လောက်တယ်..."

ဖုချင်းယောင်က ကျန်းရွှမ်ကို ကြည့်ပြီး စိတ်ဝိညာဉ်အသံပေးပို့ခြင်းနည်းစနစ်ဖြင့် ဆက်သွယ်လိုက်သည်။

သူမသည် မြေခွေးညို့ငင်ကံကြမ္မာကို ကျင့်ကြံခြင်းအား ပြောင်းလဲရန် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံနိုင်မည့် အခွင့်အလမ်းသည် သူမအတွက် မရှိသလောက် နည်းပါးသော်လည်း သူမ၏ရှေ့က ဤ "သားမက်" ကမူ ဖြစ်နိုင်ချေ ရှိသည်။

သူ အောင်မြင်သွားလျှင် ဖုမိသားစုအနေဖြင့် ဒုတိယအဆင့် ကောင်းကင်ကံကြမ္မာကို ထိန်းချုပ်ထားသော ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အားကိုးနိုင်မည်ဖြစ်ပြီး သူ၏အနာဂတ် အလားအလာသည် အကန့်အသတ်ရှိမည် မဟုတ်ချေ။

ထို့ကြောင့် သူမသည် လိုအပ်သောနေရာတွင် ရင်းနှီးမြှုပ်နှံ့ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

"မလိုဘူး....နောက်ဆုံး တစ်ခုက ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို သေချာပေါက် ဖြစ်စေလိမ့်မယ်။ ငါတို့ ဘေးထွက်နေပြီးတော့ ပွဲကြည့်ကြရအောင်"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

အကယ်၍ သူသည် ယဇ်ပူဇော်ခြင်းမှတဆင့် ကြေးနီမီးပြင်းဖိုများကို အမှန်တကယ် လုယူလိုလျှင် ပထမဆုံး ကြေးနီမီးပြင်းဖို ဆင်းသက်လာကတည်းက လှုပ်ရှားခဲ့ပြီး ဖြစ်ပေမည်။ ကျန်းရွှမ် မလှုပ်မယှက် နေနေရသည့် အကြောင်းအရင်းမှာ သူ၏အင်အားစိုက်ထုတ်မှုနှင့် အရင်းအမြစ်များကို မဖြုန်းတီးလို၍ပင်။

"တကယ် မလှုပ်ရှားတော့ဘူးလား.... ဒါက အခွင့်အရေးကြီးတစ်ခုလေ..."

ဖုချင်းယောင်၏မျက်နှာပေါ်တွင် သံသယများ ဖြင့် ပြည့်နှက်နေသည်။

ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာနှင့် ရင်ဆိုင်ရသည့်တိုင် မတုန်မလှုပ် နေနိုင်သူမျိုးကို သူမ ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးချေ။

"အခွင့်အရေးဆိုတာက ဒီလို ရယူတာ မဟုတ်ဘူး...မင်း စောင့်ကြည့်နေလိုက်..."

ကျန်းရွှမ်က သူ၏လက်ကို ထပ်မံ၍ဝှေ့ယမ်းလိုက်ပြီး ဖုမိသားစုမှလူများနှင့် သူ၏တပည့်များကို ကျီးလန်တောင်ကြား၏ထောင့်တစ်နေရာသို့ ဦးဆောင်၍ ခေါ်သွားလိုက်သည်။

"ဒါက နောက်ဆုံး တစ်ခုပဲ...ဒီပစ္စည်းကို လုရဲတဲ့ဘယ်သူ့ကိုမဆို ငါ တိုက်ခိုက်မယ်"

"အမှန်ပဲ.... ငါတို့က ဒီနေရာကိုရောက်လာဖို့ အသက်နဲ့ရင်းပြီး စွန့်စားခဲ့ရတာ...ငါတို့က အခွင့်အရေး တစ်ခုကိုတောင် မဆုပ်ကိုင်နိုင်ရင် သေလိုက်တာကမှ ပိုကောင်းအုံးမယ်"

"ငါ့ရဲ့အရင်းအမြစ်တွေကို ဒီယဇ်ပူဇော်ပွဲအတွက် သုံးရမယ်..."

ဗဟိုချက်နေရာမှ မထွက်ခွာမီမှာပင် ကျန်းရွှမ် မျှော်လင့်ထားသည့်အတိုင်း လူများအားလုံး၏မျက်လုံးများ နီမြန်းလာပြီး ယဇ်ပလ္လင်ထံသို့ ပြေးဝင်သွားကြ၏။

"ဖယ်ကြစမ်း..."

ထိုယဇ်ပလ္လင်၏အနားသို့ မရောက်သေးမီမှာပင် စွမ်းအားများ တရစပ်ပျံ့လွင့်လာသည်။

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုလူ၏ခေါင်းပေါက်ကွဲသွားသည်။ သို့ရာတွင် သူ

ရင်ဘတ်ကိုလည်း တခြားသူတစ်ဦးက ထွင်းဖောက်လိုက်၏။

ဤမြင်ကွင်းမျိူးသည် နေရာတိုင်းတွင် ထပ်ခါတလဲလဲ ဖြစ်ပျက်နေပြီး ကျီးလန်တောင်ကြားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့ချေ။ ဤနေရာသည် လူအများ၏ အခွင့်အရေးကို လုယူရန် ရူးသွပ်မှုများဖြင့် ငရဲဘုံတိုက်ပွဲမြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မိုပိုင်ယဲ့သည်လည်း နောက်ဆုံးအခွင့်အရေးအတွက် အသည်းအသန် တိုက်ခိုက်နေပြီး သူ၏မိုတောက်ဓားကို မရပ်မနား ဝှေ့ယမ်းနေသည်။ တုရှင်းယွီသည် အနောက်မှ ကပ်လိုက်ပြီး သူ၏ဓားကို အဆက်မပြတ် ထိုးနှက်နေလေ၏။

အစပိုင်းတွင် လူများအားလုံးသည် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားကြသော်လည်း သေဆုံးမှု အရေအတွက် များပြားလာသည်နှင့်အမျှ လူအများစုသည် ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားကြသည်။ သူတို့၏ ပိုင်ဆိုင်မှုများ အခိုးခံရမည် သို့မဟုတ် အခွင့်အရေး ဆုံးရှုံးမည်ကို ကြောက်ရွံ့သဖြင့် သူတို့ တွေ့မြင်သမျှ လူတိုင်းကို တိုက်ခိုက်ကြတော့သည်။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားတာလဲ"

ဖုချင်းယောင်သည် မယုံကြည်နိုင်ဖြစ်နေကာ သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။

အစောပိုင်းက လူများအားလုံးသည် စိတ်ကြည်လင်နေကြဆဲပင်။ မည်သည်ကြောင့် ရုတ်တရက်ကြီး ဤကဲ့သို့ ဖြစ်သွားရသနည်း။ ဤသည်မှာ ရူးသွပ်နေသော ဝံပုလွေအုပ်ကြီး အလားပင်။

"ဒါက လူတွေရဲ့သဘာဝပဲ..."

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

လူများအားလုံးထံတွင် ရင်းနှီးမြှုပ်နှံထားမှု ကုန်ကျစရိတ်ရှိသည်။ သူတို့သည် အန္တရာယ်များစွာကို ရင်ဆိုင်ကြုံတွေ့ပြီးနောက် ကောင်းကင်ကံကြမ္မာကို ဆုပ်ကိုင်နိုင်မည့် အခွင့်အရေးနှင့် ဤမျှထိ နီးကပ်နေသဖြင့် မည်သူက လွယ်လင့်တကူ လက်လျှော့မည်နည်း။

ထို့ကြောင့် သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည် အနည်းငယ်သာရှိနေလျှင်ပင် သူတို့ လက်လျှော့မည် မဟုတ်ချေ။

ဆယ်မိနစ်ကျော်အတွင်းမှာပင် တောင်ကြားအတွင်းရှိ ရာနှင့်ချီသောလူများသည် အရေအတွက် ထက်ဝက်နီးပါး လျော့ကျသွားပြီး အနည်းဆုံး လူသုံးရာ သေဆုံးခဲ့ရလေပြီ။

"တစ်ခုခုတော့ မှားနေပြီ... ခုန်းရှီက အခုထိ ပေါ်မလာသေးဘူး...သူ ဒါကို ကြိုတွေးထားပြီးသားများ ဖြစ်နေမလား"

ရုတ်တရက် အတွေးတစ်ခုက ကျန်းရွှမ်၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

All Chapters