လှိုဏ်ဂူထဲသို့ အတင်းအကြပ်ဝင်ရောက်ခြင်း
Vol. 29 Ch. 346
ဤအချိန်တွင် မိုပိုင်ယဲ့သည် မိုတောက်ဓားကို ကိုင်ဆောင်ထားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
"မင်းက ပေါ်လာရဲသေးတယ်ပေါ့... ငါ့ရဲ့ငွေတွေ ပြန်ပေးစမ်း"
မိုပိုင်ယဲ့ ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ ဒုခန်းမသခင်တစ်ယောက်၏မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် နီမြန်းသွားပေ၏။
"ဒုတိယခန်းမသခင်လော့... ငါက ငွေချေးထားမှတော့ ပြန်ဆပ်မှာပါ...ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"
မိုပိုင်ယဲ့က လက်ကာပြလိုက်ပြီး ရှစ်ကျုံးရှန်ထံသို့ ခြေလှမ်းနှစ်လှမ်း လျှောက်လှမ်းသွားကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။
"ငါက ကျိုးယီမြို့ ကောင်းကင်ကံကြမ္မာခန်းမရဲ့ ဒုခန်းမသခင် မိုပိုင်ယဲ့ပါ... တာအိုမိတ်ဆွေကို နှုတ်ခွန်းဆက်သပါတယ်"
"မင်းအကြောင်းကို ငါ ကြားဖူးတယ်..."
ရှစ်ကျုံးရှန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ပြတ်သွားတဲ့လက်ကိုတောင် ပြန်ဆက်နိုင်တယ်ဆိုတော့ ဒီနေရာမှာ မင်း ရှာတွေ့ခဲ့တဲ့ အခွင့်အရေးတွေက မသေးငယ်ဘူးပဲ"
"ဒါက နည်းနည်းပါးပါးပါ... ထည့်ပြောလောက်စရာ မရှိပါဘူး"
မိုပိုင်ယဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
"ငါ မမှားဘူးဆိုရင် လှိုဏ်ဂူထဲကလူတွေက ဖုမိသားစုက ဖြစ်လိမ့်မယ်... သူတို့နဲ့ငါကြားမှာ အငြိုးအတေး ရှိတယ်...မင်းတို့အားလုံးက လှုပ်ရှားမှုလုပ်ချင်နေမှတော့ ငါ့ကိုပါ ထည့်တွက်လိုက်ပါ...ငါက သူတို့ကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမယ်"
ရှစ်ကျုံးရှန်က ခေါင်းညိတ်လိုက်သည်။
"မင်းမှာ ဒီလိုဆန္ဒမျိုးရှိမှတော့ ငါတို့က မင်းကို ကြိုဆိုပါတယ်... ဒါပေမဲ့ မင်းကို မယုံလို့တော့ မဟုတ်ဘူး... မင်း အရင်ဝင်သွားလိုက်.... ဘာပြဿနာမရှိဘူးဆိုရင် ငါတို့တွေက နောက်ကနေလိုက်ခဲ့မယ်"
"ကောင်းပြီလေ..."
မိုပိုင်ယဲ့က ခေါင်းညိတ်လိုက်ပြီးနောက် စကားများများစားစား မပြောတော့ဘဲ မိုတောက်ဓားကို ကိုင်ဆောင်ကာ လှိုဏ်ဂူဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
သူသည် အလွန်နာခံရို့ကျိုးနေပြီး အမှန်တကယ်ကို အရင်ဆုံး ဝင်သွားသည်အား မြင်လိုက်ရချိန်၌ ရှစ်ကျုံးရှန်သည် စိတ်ရှုပ်ထွေးသွားသော်လည်း မည်သည့်စကားကိုမျှ ထပ်မပြောတော့ချေ။ သူသည် လူများအားလုံးကို နောက်မှလိုက်သွားရန် လက်ဟန်ပြလိုက်၏။
"လှိုဏ်ဂူထဲကလူတွေ နားထောင်ကြ... ငါက မိုပိုင်ယဲ့ပဲ...မင်းတို့ တားဆီးထားတဲ့ ဝင်္ကပါတွေကို လိမ်လိမ်မာမာနဲ့ ဖယ်ရှားပြီးတော့ ငါတို့ကို ဝင်ခွင့်ပေးစမ်း... ဒါမှမဟုတ်ရင် ဒီနေ့က မင်းတို့ရဲ့ သေနေ့ပဲ"
မိုပိုင်ယဲ့က မိုတောက်ဓားကို မြေပြင်ပေါ်သို့ ထိုးစိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဝင်လာချင်တာလား... အိပ်မက်သာ မက်နေလိုက်"
အေးစက်စက် အော်ဟစ်သံတစ်သံက လှိုဏ်ဂူ၏အတွင်းဘက်မှ ထွက်ပေါ်လာသည်။ ထိုအသံသည် ကြည်လင်ပြတ်သားပြီး အေးစက်နေကာ ဖုမိသားစုမှအကြီးအကဲတစ်ဦး၏ အသံပင်။
"မင်းတို့က အကောင်းအဆိုးကို နားမလည်မှတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့..."
မိုပိုင်ယဲ့က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီးနောက် သူ၏လက်ထဲမှ မိုတောက်ဓားကို မြှောက်လိုက်ရာ တောက်ပသော ဓားချီစွမ်းအင်တစ်ခုသည် လှိုဏ်ဂူအဝဆီသို့ ချက်ချင်းကျဆင်းသွားပေ၏။
ဝီ...
ဓားချီလေပြင်း ဖြတ်သန်းသွားသည့်နေရာတွင် မျက်စိကျိန်းမတတ်စူးရှသော အလင်းလွှာတစ်ခု ချက်ချင်းထွက်ပေါ်လာပြီး ဤသည်မှာ အထူးဝင်္ကပါတစ်မျိုး ဖြစ်ပုံရသည်။
ဘုန်း...
မိုပိုင်ယဲ့သည် ဤဝင်္ကပါ၏ရိုက်ခတ်မှုကို ခံလိုက်ရပုံရှိပြီး ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရကာ သူ၏မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။
"ငါတို့အားလုံး အတူတူ တိုက်ခိုက်ကြမယ်"
မိုပိုင်ယဲ့သည် မိုတောက်ဓားကို အမှန်တကယ် အသုံးပြုလိုက်သည်အား မြင်လိုက်ရချိန်၌ ရှစ်ကျုံးရှန်က သက်ပြင်းချလိုက်ပြီး သူ၏မျက်လုံးများ တောက်ပသွားသည်။
သူ၏အမိန့်ကို ရရှိသည်နှင့် လူများအားလုံးသည် အပိုစကားများ မပြောကြတော့ဘဲ ရှေ့သို့ ပြေးထွက်သွားကြသည်။ သူတို့သည် သူတို့၏လက်နက်များကို အသီးသီးကိုင်မြှောက်ကာ လှိုဏ်ဂူအဝဆီသို့ တပြိုင်နက်တည်း ခုတ်ပိုင်းလိုက်ကြ၏။
ဝုန်း...
ထိပ်သီးကျင့်ကြံသူအမြောက်အများ အတူတကွ ပူးပေါင်း၍တိုက်ခိုက်လိုက်သဖြင့် လှိုဏ်ဂူနှင့်ဝင်္ကပါတို့ တပြိုင်နက်တည်း တုန်ခါသွားသည်။ ထို့နောက် ကျောက်စကျောက်နများ လွင့်စင်လာပြီး လှိုဏ်ဂူအတွင်းမှနေ၍ သွေးအန်သံများ ထွက်ပေါ်လာသည်။
"မင်းတို့အားလုံး ပိုပြီးအားစိုက်ကြအုံး... ဒီဝင်္ကပါ မကြာခင် ကျိုးပျက်တော့မှာ..."
ရှစ်ကျုံးရှန်၏မျက်လုံးများ တောက်ပလာသည်။
လူများအားလုံး ထပ်မံ၍ တိုက်ခိုက်လိုက်ကြပြီးနောက် မိုပိုင်ယဲ့သည်လည်း လူအုပ်ကြီး၏ကြားတွင် မတ်တတ်ရပ်ကာ သူ၏ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်၏။
လှိုဏ်ဂူအတွင်း၌ ဖုချင်းချင်းနှင့်တခြားသူများ၏ မျက်နှာအမူအယာများ ပျက်ယွင်းနေကြသည်။
"မဟာအကြီးအကဲ... ကျွန်မတို့ ဘာလုပ်ကြမလဲ...သူတို့ တကယ် ဝင်လာရင် ကျွန်မတို့ တားနိုင်မှာ မဟုတ်ဘူး"
ဖုကျင်းကျင်းက မဟာအကြီးအကဲကို ကြည့်လိုက်သည်။
ဤအချိန်တွင် မဟာအကြီးအကဲ ဖုချင်းယောက်သည် နံဘေးတစ်ဖက်၌ ထိုင်နေပြီး သူမ၏ခန္ဓာကိုယ်နှင့် ပါးစပ်ထောင့်များတွင် သွေးများပေကျံနေသည်။ ယခင်တိုက်ပွဲတွင် သူမသည် အလွန်ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြောင်း သိသာထင်ရှားသည်။
"မတားနိုင်ရင်တောင် ငါတို့ တားရမယ်... သေရမယ်ဆိုရင်တောင် ယင်ယင်က အမွေအနှစ်ကို အပြည့်အဝသန့်စင်ပြီးတဲ့အထိ ငါတို့ တောင့်ခံထားရမယ်...သူသာ အောင်မြင်သွားရင် ငါတို့အတွက် လက်စားချေပေးဖို့ အခွင့်အရေး ရလိမ့်မယ်"
ဖုချင်းယောက်က နေရာတစ်နေရာသို့ ကြည့်လိုက်သည်။ လှိုဏ်ဂူ၏အနက်ရှိုင်းဆုံးအပိုင်းတွင် ဖုယင်ယင်သည် မလှုပ်မယှက် ပလ္လင်ခွေထိုင်နေလေ၏။
ဤအချိန်တွင် သူမ၏အစစ်အမှန်စွမ်းအားများသည် ပြင်းထန်စွာ လှုပ်ရှားနေပြီး အားကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
သူမသည် ယခင်က ဖုမိသားစု၏ အမွေအနှစ်ကို ရရှိခဲ့သော်လည်း အပြည့်အဝ သန့်စင်နိုင်ခြင်း မရှိသေးချေ။ ဤနေရာသို့ သူမ ရောက်လာချိန်၌ အခွင့်အရေးကို ရရှိခဲ့ပုံရသည်။ ဤအရာနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် သူမအနေနှင့် လျင်မြန်သော အဆင့်ချိုးဖျက်နိုင်ရန်အတွက် အခွင့်အလမ်းတစ်ခုကို ရရှိလာခဲ့သည်။
"ကျွန်မ သိပါတယ်... ကံမကောင်းစွာနဲ့ ကျွန်မက ကျန်းရွှမ်နဲ့ မတွေ့ရတော့ဘူး"
ဖုချင်းချင်း၏မျက်လုံးများ မှိန်ဖျော့သွားသည်။
အကယ်၍ ထိုလူငယ်သာ ဤနေရာ၌ ရှိနေပါက အန္တရာယ်ကို မဆိုထားလိုက်နှင့် သေရမည်ဆိုလျှင်ပင် သူမ မျက်မှောင်ကြုတ်မိမည် မဟုတ်ချေ။
ကံမကောင်းစွာဖြင့် သူမသည် ဤနေရာ၌ ပိတ်မိနေသဖြင့် သူမထံ၌ ထိုအခွင့်အရေး မရှိတော့မည်ကို သူမ စိုးရိမ်မိသည်။
"ဖုမိသားစုဝင်တွေက သူရဲဘောကြောင်ပြီး နေရတာထက် သေရတာကို ပိုပြီးလိုလားတယ်"
"ကျွန်မတို့လည်း အတူတူပါပဲ"
ဖုကျင်းကျင်း ဖုဝေဝေနှင့် တခြားသူများသည်လည်း ခေါင်းညိတ်လိုက်ကြ၏။
"ယန်ဆန်းရှစ်ဆန်း... ရှင်ကရော ဘယ်လိုသဘောရလဲ... ရှင်က ဖုမိသားစုဝင် မဟုတ်ဘူး...ရှင် အခု ထွက်သွားမယ်ဆိုရင် ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူး"
ဖုဝေဝေက မလှမ်းမကမ်းရှိ လူငယ်တစ်ဦးကို လှည့်ကြည့်လိုက်သည်။
ဤအချိန်တွင် ထိုလူငယ်သည်လည်း ကြီးမားသော တိုးတက်မှုကို ရရှိထားပြီး ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေလေပြီ။ ဤအသက်အရွယ်၌ သူထံ၌ ထိုကဲ့သို့စွမ်းအားမျိုးရှိခြင်းသည် အားမနည်းသော်လည်း လက်ရှိအခြေအနေတွင်မူ သတိပြုမိလောက်စရာ မဟုတ်ပေ။
"ငါ.."
ယန်ဆန်းရှစ်ဆန်းသည် ဇဝေဇဝါ ဖြစ်နေပေ၏။
ဖုမိသားစု၏ကျောထောက်နောက်ခံ ရှိနေခြင်းကြောင့် ဤနေရာတွင် သူ ဘေးကင်းလုံခြုံလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် ဤနယ်မြေအတွင်းသို့ ဝင်လာပြီး မကြာမီမှာပင် တစ်စုံတစ်ဦးကို ပြစ်မှားမိခြင်းကြောင့် လူအများ၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် အပြင်ဘက်ရှိ ရှစ်ကျုံးရှန်သည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေနိုင်သည်။ ဖုမိသားစုမှ လူများအားလုံး ပူးပေါင်းလိုက်လျှင်တောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ချေ။
အကယ်၍ အချိန်အခါသင့် တွေ့ရှိခဲ့သော လှိုဏ်ဂူနှင့် ကြိုတင်ပြင်ဆင်ထားသည့် ဝင်္ကပါသာ မရှိခဲ့လျှင် သူတို့သည် ယခင်ကတည်းက အသတ်ခံလိုက်ရပြီး ဖြစ်ပေမည်။
"ငါက ဖုမိသားစုနဲ့အတူ အေးအတူပူအမျှ နေသွားချင်ပါတယ်"
သူ တွေဝေနေဆဲအချိန်တွင် မလှမ်းမကမ်းရှိ စုယွင်ကျဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် မနီးမဝေးရှိ မိန်းကလေးကို ကြည်ညိုလေးစားစွာ ကြည့်လိုက်သည်။
"ငါလည်း ဖုမိသားစုနဲ့အတူ အေးအတူပူအမျှ နေပါ့မယ်"
သူ၏ရပ်တည်မှုကို မြင်လိုက်ရချိန်၌ ယန်ဆန်းရှစ်ဆန်းသည် ဤဆုံးဖြတ်ချက်က မမှန်ကန်ကြောင်း သိသော်လည်း အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်၏။
"နင်တို့နှစ်ယောက်ကရော..."
ဖုချင်းချင်း၏မျက်လုံးအကြည့်သည် မလှမ်းမကမ်းရှိ လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးထံသို့ ကျရောက်သွားသည်။
ဤသည်မှာ ဟုန်ရီနှင့်ယုရှောင်ယွီတို့ပင်။
ကျီးလန်တောင်ကြားသို့ ဝင်ရောက်ပြီးနောက် သူတို့သည် အမှတ်အသားများမှတစ်ဆင့် ဖုမိသားစုဝင်များကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့၏ဆရာရောက်လာမည်ကို စောင့်ဆိုင်းရန် စီစဉ်ခဲ့ကြသည်။ သို့ရာတွင် သူတို့သည် ဆရာကို မစောင့်ဆိုင်းရဘဲ လှိုဏ်ဂူအပြင်ဘက်မှ လူများကိုသာ စောင့်ဆိုင်းခဲ့ရလေ၏။
"ဆရာက ကျွန်မတို့ကို ရှင်တို့နဲ့အတူနေဖို့ စီစဉ်ပေးခဲ့မှတော့ ကျွန်မတို့က ရှင်တို့နဲ့အတူ သေအတူရှင်မကွာ နေပါ့မယ်"
ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။
"စီနီယာအစ်မ ပြောတာ အမှန်ပဲ"
ဟုန်ရီကလည်း ပြောဆိုသည်။
"နင်တို့အားလုံး ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ အပိုစကားတွေ မပြောတော့ဘဲ သူတို့ကို တိုက်ခိုက်ကြတာပေါ့"
မဟာအကြီးအကဲက ပြောဆိုသည်။
ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ အပြင်ဘက်မှ တိုက်ခိုက်မှုများ တဖန်ပြန်၍ ကျရောက်လာရာ လှိုဏ်ဂူတစ်ခုလုံး တုန်ခါသွားပြီးနောက် သွေးအန်သံများ ထွက်ပေါ်လာသည်။
ဝင်္ကပါကို ထိန်းသိမ်းထားသော အကြီးအကဲများသည် ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ တပြိုင်နက်တည်း နောက်သို့ လွင့်ထွက်သွားကြသည်။ ထို့နောက် လှိုဏ်ဂူအဝကို ကာကွယ်ထားသောအလင်းလွှာ ပျောက်ကွယ်သွားသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်။
"မိုက်မဲတဲ့မိန်းမတွေ... မင်းတို့က ငါတို့ကို ဒီလောက်ကြာအောင် ဟန့်တားထားနိုင်တယ်ပေါ့.... စောင့်နေလိုက်စမ်း... ခဏနေကျရင် မင်းတို့ကို ငါ သတ်မယ်"
မောက်မာထောင်လွှားသော အော်ဟစ်သံတစ်သံနှင့်အတူ သန်မာထွားကျိုင်းသော လူတစ်ယောက်သည် ရှေ့ဆုံးမှပြေးဝင်လာပြီး ဖုချင်းချင်းထံသို့ တိုးဝင်တိုက်ခိုက်လိုက်၏။
"ရှင်..."
ဖုချင်းချင်း၏မျက်နှာ ဖြူဖျော့သွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သို့ရာတွင် သူမ၏အမြန်နှုန်းသည် မြန်ဆန်သော်လည်း တစ်ဖက်လူ၏အမြန်နှုန်းက ပို၍မြန်ဆန်နေသည်။ သူမ၏စွမ်စအားဖြင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူကို မည်သို့ ယှဉ်နိုင်မည်နည်း။ သူမသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ထောင့်တစ်နေရာတွင် ချောင်ပိတ်မိသွားလေ၏။
"နောက်မှအရှက်ခွဲခံရတာထက် အခု သေလိုက်တာက ပိုကောင်းတယ်..."
တစ်ဖက်လူ၏ ကြမ်းတမ်းသောအရှိန်အဟုန်နှင့် သူ၏မျက်လုံးထဲရှိ ယုတ်မာသောအကြည့်တို့ကို မြင်လိုက်ရချိန်၌ ဤတစ်ကြိမ်တွင် သူမ သေချာပေါက် ကျဆုံးတော့မည်ကို ဖုချင်းချင်း သိရှိသွားသည်။ သူမ၏မျက်လုံးများသည် တည်ငြိမ်နေပြီး ခိုင်မာပြတ်သားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ သေရတော့မည်ဖြစ်ရာ စော်ကားခံရမည့်အစား ကြိုတင်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ခြင်းက အနည်းဆုံးအနေဖြင့် သူမ၏သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းနိုင်ပေမည်။
ဤသည်ကို တွေးတောမိပြီးနောက် သူမ တွန့်ဆုတ်မနေတော့ပေ။ သူမသည် အံ့တင်းတင်းကြိတ်ပြီး သူမ၏ နဖူးကို ရိုက်ခွဲရန် ဟန်ပြင်လိုက်စဉ်မှာပင် တောက်ပသော ဓားချီအလင်းတန်းတစ်တန်း ဖြတ်ပြေးလာသည်ကို မြင်လိုက်ရသည်။
ဘုန်း...
ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင်ရှိသောလူထွားကြီးသည် မျက်စိတစ်မှိတ်အတွင်း နှစ်ခြမ်းကွဲသွားပြီး သူ၏အလောင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။
"မိုပိုင်ယဲ့... မင်း ဘာလုပ်တာလဲ"
ထိုအချိန်မှာပင် လှိုဏ်ဂူအပြင်ဘက်မှနေ၍ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။