အခန်း (၄၆၂-၄၆၃)
Vol. 30 Ch. 462-463
Chapter 462
ယူနစ်-၀၁ - ဖန်ကူ ပြန်လည် နိုးထခြင်း ၂
အနန္တရထားပေါ်၌ 1130 CIWS စနစ်နှစ်ခုသည် ကောင်းကင်ကို အစအနမကျန်အောင် ထိုးဖောက်ပစ်ခတ်နေပြီး တန်စတင်-အူတိုင် ကျည်ဆန်များဖြင့် အတောင်ပံပါသော သတ္တဝါဆိုးများကို ဖျက်ဆီးပစ်ကာ ကာဗွန်အခြေခံရှိသော သတ္တဝါတိုင်းကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်၊၊
ဘစ်ဇ် ဘစ်ဇ် ဘွန်း
ကျယ်လောင်သောအသံဖြင့် G3 လျှပ်စစ်သံလိုက်အမြောက်သည် အမှောင်ထုထဲတွင် အပြာရောင်အလင်းတန်းများဖြင့် မုန်တိုင်းထန်သော ကောင်းကင်ရှိ လွှမ်းမိုးနေသည့် လေပွေများကို ပုံရိပ်ထင်လာစေသည်။
ရှေ့ဘက်တွင် မီကာဆယ်ခုကျော်သည် ကွန်တိန်နာအခြေပြု ခံတပ်များပေါ်၌ ရပ်နေပြီး အောက်ဘက်ရှိ လမ်းများပေါ်သို့ အဆက်မပြတ် ပစ်အားပေးနေသည်။
ဆယ်လီ၏ လျှပ်စစ် Arc+စထရင်ဂျာများသည် စည်းချက်ညီစွာ ပေါက်ကွဲနေကာ ပလာစမာမီးပွားများဖြင့် မွန်းစတားအုပ်ကို လောင်ကျွမ်းစေလေသည်။
ရှားရှား၏ မျက်လုံးများတွင် ထိန်းချုပ်ရေးစနစ်မှ ရေတံခွန်ကဲ့သို့ စီးကျနေသော အချက်အလက်များဖြင့် ရောင်ပြန်ဟပ်နေသည်။ မီးနတ်ဘုရား မီကာ၏ အမြွှာလည်ပတ် အမြောက်များသည် အနီရောင်တောက်ပနေသည်။ သူမသည် သွားများကို ကြိတ်ကာ မီကာ၏ စွမ်းအင်ထုတ်လုပ်မှုကို ၎င်း၏ ကန့်သတ်ချက်အထိ တွန်းပို့လိုက်သည်။
ဘန်း ဘန်း ဘန်း ဝုန်း ဝုန်း
ရေတွက်မရသော ပေါက်ကွဲမှုများသည် မွန်းစတားအစုအဝေးကို ဖြိုခွဲပစ်လိုက်သည်။ မီးတောက်များသည် ရှေ့သို့ အရူးအမူးတိုးလာနေသော နှင်းမွန်းစတားများကို လောင်ကျွမ်းစေသည်။
ဤထူးဆန်းသည့် သတ္တဝါများတွင် အသက်ရှင်သန်လိုစိတ် ရှိပုံမရပေ— ဆူးကြိုးများ၊ အတားအဆီးများနှင့် ဆူးထောင်ချောက်များကို ဆုတ်ဖြဲကာ၊ ၎င်းတို့၏ မျိုးနွယ်တူအလောင်းများပေါ်သို့ စုပြုံတက်နေကြပြီး သွေးကို တောင့်တနေကြဟန်ရှိသည်၊၊
အုန်း အုန်း အုန်း အုန်း
အနီးရှိ အဆောက်အအုံပေါ်သို့ တက်ရန် ကြိုးစားနေသော ကြီးမားသော နှင်းမွန်းစတားနှစ်ကောင်၏ ဦးခေါင်းများသည် ၁၂.၇ မီလီမီတာ အဆောက်အအုံဖျက် ကျည်ဆန်များဖြင့် ပေါက်ကွဲသွားသည်။
အနက်ရောင် သံချပ်ကာဝတ်ထားသော ပုံရိပ်တစ်ခုသည် နောက်ကျော၌ ထရပ်စတာ သုံးခု တပ်ဆင်ထားကာ အဆောက်အအုံ မျက်နှာစာအတိုင်း တည့်တည့်တက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း၌ သူမသည် မီတာ ၁၀၀ ကျော်အထိ ရောက်သွားသည်။
ဒိုင်း-ဒိုင်း-ဒိုင်း
သူမ၏ ပခုံးတွင် တပ်ဆင်ထားသော စမတ်လောင်ချာမှ ပေါက်ကွဲကျည်ဆန် ခြောက်တောင့် ပစ်ခတ်လိုက်သည် — နှင်းမွန်းစတား ခြောက်ကောင်၏ ဦးခေါင်းခွံများ တစ်ပြိုင်နက်တည်း ပေါက်ထွက်သွားသည်။
ချန်ဆီရွှမ်သည် ခေါင်မိုးပေါ်ရှိ ခြိမ်းခြောက်မှုများကို ချက်ချင်း ဖယ်ရှားပစ်သည်။ သူမ၏ Black Hawk ဝတ်စုံ၏ HUD မျက်နှာကာအတွင်းမှ မြင်ကွင်းသည် စစ်မြေပြင်၏ ဟိုလိုဂရမ် ရေဒါမြေပုံကို သူမရှေ့၌ ပြသပေးနေသည်၊၊
“အားလုံး သတိထား… ဧရာမပိုးကောင်ကြီးက ဒီဘက်ကို ဦးတည်လာနေတယ်”
“အဲ့ဒါက ရထားဘူတာရုံနဲ့ လေဆိပ်ကြားမှာ ရှိတယ်။ တွေ့တာနဲ့ မြောက်ဘက်မြို့ရိုးက အမြောက်တွေနဲ့ ဗုံးကြဲလေယာဉ်တွေအားလုံး ပစ်ခတ်လိမ့်မယ်—ထိခိုက်မှုအတွက် ပြင်ဆင်ထားကြ”
သူမသည် အမိန့်ပေးလိုင်းမှ သတိပေးလိုက်သည်။
“နားလည်ပါပြီ”
“ကပ္ပတိန် ရှီ၊ ရှင့်ရဲ့ လေးနာရီမှာ ထိတ်လန့်ဖွယ်သတ္တဝါကြီးတစ်ကောင်ရှိတယ်။ အကာအကွယ်ကို ချိုးဖျက်ဖို့ လုပ်နေတယ်”
“ရပြီ” ရှီတိယွမ်က ပြန်ဖြေသည်။
သူ၏ ခန္ဓာကိုယ်သည် သုံးမီတာမြင့်သော လူသားပုံစံ ကျားရဲတစ်ကောင်အလား ပြောင်းလဲသွားပြီး ရှေ့သို့ လှုပ်ရှားသွားကာ ကာကွယ်ရေးလိုင်းမှ အထူးတပ်ဖွဲ့ဝင် အများအပြားလည်း အနီးကပ် လိုက်ပါလာသည်။
“မိုနီကာ၊ ၉ နာရီက ကောင်းကင်မှာ—မမြင်ရတဲ့ ထောင့်ကနေ တစ်ခုခု အမြန်ထိုးဆင်းလာနေတယ်။ သတိထား”
“ရပြီ”
ဘုရင်မ မိုနီကာပေါ်၌ ရပ်နေသော မိုနီကာကို စွမ်းအားချပ်ကာဝတ် အစောင့်များက ဝန်းရံထားသည်။ သူမ၏ အနီရောင် မျက်လုံးများသည် ၉ နာရီဘက်ရှိ ကောင်းကင်ကို စိုက်ကြည့်နေသည်။
အသံလှိုင်းတစ်ခုသည် လေထုကို ဖြတ်၍ ထွက်ပေါ်လာသည်၊၊
သူမသည် လက်များကို မြှောက်ကာ လက်ချောင်းများဖြင့် တြိဂံပုံ ဖန်တီးပြီး ပါးစပ်နား ကပ်ခါ အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝူးးး
ဖျက်ဆီးနိုင်သော အသံလှိုင်းသည် မမြင်ရသော ဓားသွားကဲ့သို့ အထက်သို့ တက်သွားပြီး လေထဲ၌ရှိသော အတောင်ပံပါသောသတ္တဝါဆိုးအုပ်စုကို ဖြတ်ကျော်သွားပြီး— တစ်စစီဖြစ်သွားကာ လေထဲ၌ ပျံ့ကျဲသွားစေသည်။
သူမသည် ပေါက်ကွဲအားကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း ပလက်ဖောင်းပေါ်ရှိ လူတိုင်း ခံစားလိုက်ရသည်။ အထပ်မြင့်တိုက်များစွာမှ မှန်ပြတင်းများသည် အားလှိုင်းကြောင့် ကွဲကြေကုန်သည်။ လူတိုင်းသည် ဖိအားကြောင့် တုန်လှုပ်သွားကြသည်။
စီလန်လေဆိပ်၏ ကာကွယ်ရေးလိုင်း၌ အခြေအနေသည် ကမ္ဘာပျက်ကပ်နှင့် သိပ်မကွာလှပေ၊၊ ကျယ်ပြန့်သော လေယာဉ်ပြေးလမ်းများသည် ပုရွက်ဆိတ်များကဲ့သို့ ခရီးသည်ဂိတ်ဆီသို့ စီးဆင်းနေသော ထူးဆန်းသည့် သတ္တဝါများ၏ ပင်လယ်ပြင်ဖြစ်နေသည်။
မီးတောက်တူးမြောင်းများသည် တစ်ချိန်က မွန်းစတားများကို အရှိန်လျှော့ချရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ နှင်းတစ္ဆေများ၏ အလောင်းများဖြင့် ပြည့်နှက်နေလေပြီ။ ပြုပြင်မွမ်းမံထားသော လေယာဉ်များသည် စက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်၊၊
ခရီးသည်ဂိတ်သည် ဤကစဥ့်ကလျားပင်လယ်ပြင်ထဲတွင် အထီးကျန်ကျွန်းတစ်ခုကဲ့သို့ ရပ်တည်နေသည်။ ကျည်ဆန်ပေါင်း သောင်းနှင့်ချီ၍ မိုးသီးမိုးပေါက်များကဲ့သို့ ကျရောက်နေသည်။
သံမဏိနံရံများ၊ နှင်းတောသုံးထရပ်ကားများ၊ ကုန်တင်ကွန်တိန်နာများနှင့် ဆူးကြိုးများသည် အပြင်ဘက်နယ်နိမိတ်ကို ဖွဲ့စည်းထားသော်လည်း မွန်းစတားလှိုင်းသည် မီတာ ၁၀၀ အတွင်းသို့ ဖိအားပေးကာ ဝင်ရောက်လာသည်။
တစ်နာရီမပြည့်မီအတွင်း အလောင်းများသည် တောင်ပူစာများအဖြစ် ပုံသွားပြီး မွန်းစတားများသည် ဆူနာမီလှိုင်းကဲ့သို့ ရှေ့သို့ တိုးလာသည်။
“အားလုံး အိုင်းယွန်းရှော့တိုက်ဖို့ ပြင်ဆင်ထားကြ”
လုယောင်သည် ဆက်သွယ်ရေးစနစ်ထဲမှ အော်သတိပေးကာ ခလုတ်တစ်ခုကို ဖိချလိုက်သည်။
ဇစ်ဇစ် ကလန်
ပြင်းထန်သော လျှပ်စစ်စီးကြောင်းသည် လေဆိပ်ပြေးလမ်းတစ်လျှောက် စီးဆင်းသွားသည်။
လူတိုင်းသည် ၎င်းတို့၏ အရေပြားပေါ်၌ တွားသွားနေသော စူးရှသည့် လျှပ်စစ်အားကို ခံစားလိုက်ရပြီး ဗို့အားမြင့် အိုင်းယွန်းနံရံ ရာပေါင်းများစွာ တစ်ပြိုင်နက်တည်း လောင်ကျွမ်းသွားသည်။
လေယာဉ်ပြေးလမ်းတစ်ခုလုံးသည် ပလာစမာကွန်ယက်အဖြစ် လင်းလက်သွားပြီး တစ်ချက်ချင်းဆိုသလိုပင် မွန်းစတားပင်လယ်၏ ရှေ့ဆုံးလှိုင်းသည် မီးလောင်ကျွမ်းသွားသည်။
မီးတောက်များသည် အဆီပါသော နှင်းမွန်းစတားများ၏ ခန္ဓာကိုယ်ကို လောင်စာအဖြစ် အသုံးပြု၍ ပေါက်ကွဲကာ အေးခဲနေသောစစ်မြေပြင်ကို မီးလျှံငရဲဘုံအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ဝူး ဝုန်း ဖျစ် ဖျစ် အုန်း
ရွှေရောင်အလင်းတန်းတစ်ခုသည် နှင်းတစ္ဆေများအပေါ်မှ ဖြတ်ကာ ကာကွယ်ရေးလိုင်းရှိ ကွန်တိန်နာတစ်ခု၏ အပေါ်သို့ ဆင်းသက်လိုက်သည်။ ဆက်သွယ်ရေးကိရိယာမှ ချီလီက အော်ဟစ်လိုက်သည်၊၊
“၄၀ စက္ကန့်လောက်ပဲ အချိန်ရတယ်… အင်းဆက်ပိုးကောင်တွေ ဒီဘက်ကို ဦးတည်လာနေပြီ”
ဝူးးးး...
ကောင်းကင်ယံတွင် လေကြောင်းစစ်လေယာဉ်စုမှ ဗုံးကြဲလေယာဉ်တပ်ခွဲများသည် ကောင်းကင်ယံကို ဖြတ်၍ လှုပ်ရှားနေကြပြီး၊ မရေမတွက်နိုင်သော မောင်းသူမဲ့လေယာဉ်များက အထက်ကောင်းကင်ရှိ အတောင်ပံပါသော သတ္တဝါဆိုးများကြားတွင် ရှုပ်ထွေးစွာ တိုက်ခိုက်နေကြသည်။
“ဒီနေရာမှာ ငါတို့က အရမ်းထင်ရှားနေတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုကို ငါတို့ဘက်ကို အဓိကထားနိုင်တယ်” Northwind မဟာမိတ်အဖွဲ့မှ ရှန်ယောင်က အော်ပြောလိုက်သည်။
“သူတို့ မြို့ထဲကိုဗုံးတွေ ချလို့မရဘူး” ဦးလေးဝူက ပြန်ဖြေသည်။
“ငါတို့ ဒီနေရာကို ထိန်းထားဖို့ပဲ လိုတယ်။ လိုအပ်ရင် ပစ်အားနဲ့ အထောက်အပံ့ပေးရမယ်”
“အဲ့ဒီ ပိုးကောင်ကို ဖယ်ရှားပစ်ဖို့ မလုပ်ရင် သူ တူးတဲ့တွင်းကနေ မွန်းစတားတွေ ပိုပြီး ရောက်လာလိမ့်မယ်” လျောင်မင်၏ အသံသည် ဆက်သွယ်ရေးမှတဆင့် ရောက်လာသည်။
“လေဇီ၊ ညီအစ်ကိုလျောင်၊ လိုလိုနဲ့ အာမင်တို့ကို သွားကူညီပေးလိုက်ဦး”
“ရပြီ”
“လီကွမ်းဝမ်၊ သူတို့နဲ့အတူ အဲ့ဒီခရီးသည်တင် လေယာဉ်ကို စောင့်ကြည့်ထား။ တစ်ခုခုဖြတ်ကျော်မသွားအောင် သတိထား… မဟုတ်ရင် ငါတို့ ဘေးဘက်မှာ ဖိအား ပိုများလာလိမ့်မယ်”
Chapter 463
ယူနစ်-၀၁ - ဖန်ကူ ပြန်လည် နိုးထခြင်း ၃
ဝုန်းးး
မြေငလျင်လှိုင်းများ ဟိန်းထွက်လာပြီး မြို့၏ မြောက်ဘက်ခြမ်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။
ဟီကျန်းသည် မြောက်ဘက်မြို့ရိုးရှိ ကွပ်ကဲရေးတာဝါ၌ ထိုင်နေပြီး ဟိုလိုဂရမ်မြေပုံကို စိုက်ကြည့်ရင်း မျက်နှာပျက်နေသည်။
“ဝမ်ကျိုး”
“အဲ့ဒါက လေဆိပ်ကို ချဉ်းကပ်လာနေပြီ။ ငါတို့က အဲ့ဒီနေရာအနီးမှာ ပတ်နေတာပဲ… ဒါပေမဲ့ ကာကွယ်ရေးဇုန်ထဲ ဝင်လာတဲ့ လက္ခဏာတော့ မတွေ့ရသေးဘူး”
ဝမ်ကျိုး၏ အသံသည် လေတိုးသံနှင့်အတူ ဆက်သွယ်ရေးကိရိယာမှ ထွက်လာသည်။
“ကောင်းတယ်။ ပစ်မှတ်ကို အတည်ပြုပြီးတာနဲ့ ငါတို့ စက္ကန့် ၃၀ အတွင်း ပစ်အားအကုန်ထုတ်သုံးမယ်… လိုအပ်ရင် အဲ့ဒီပိုးကောင်ကို နေရာမှာပဲ ထိန်းထားဖို့ ကြိုးစား — ဒါပေမဲ့ ဘေးကင်းအောင်နေကြ”
“အမိန့်ကို လက်ခံရရှိပါသည်”
ဟူးးး~
အမဲလိုက်တပ်ဖွဲ့သည် ဧရိယာတစ်ခုလုံးကို နေရာချထားပြီး ဖြစ်သည်။ မြို့တွင်းရှိ မွန်းစတားလှိုင်းသည် ပြင်းထန်သော မြေငလျင်နှင့်အတူ မြောက်ဘက်သို့ စီးဆင်းလာနေသည်။
ကောင်းကင်ပေါ်တွင် ဝမ်ကျိုးသည် ဟိုလိုဂရမ်ပေါ်ရှိ မြေငလျင်ဗဟိုချက်ကို စောင့်ကြည့်နေသည်။
“ဒီနေရာပဲ။ သွေးကပ်ဘေးကလွဲလို့ ဒီသတ္တဝါတွေက လူစုလူဝေးရှိတဲ့နေရာကို ဆွဲဆောင်ခံရပုံရတယ်။ ဒါကြောင့် အဲ့ဒါကို နောက်ထပ် မရွေ့စေရဘူး”
ကီကီသည် ဟိုလိုဂရမ်မြေပုံကြမ်းကို တင်းမာစွာ စိုက်ကြည့်နေပြီး သူမ၏ လက်ထဲရှိ သွေးကပ်ဘေးပန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။
“ဒီတစ်ကြိမ်တော့ ငါတို့ အဲ့ဒါကို ရှင်းပစ်ရမယ်”
ဟန်ကျွမ့်က တင်းမာသောလေသံဖြင့် ပြောလိုက်သည်။
“ကီကီ… ငါက မြေအောက်ကို စောင့်ကြည့်မယ်… မင်းက ကောင်းကင်ကို ကြည့်ထား… တကယ်လို့ လက်တံတွေ ထပ်ပေါ်လာရင် ချင်ရွှမ်မင်ကို ရှေ့မှာ ထိန်းထားခိုင်း…။ သူက ရုပ်ပိုင်းဆိုင်ရာစွမ်းအင်အမျိုးအစားပဲ — နင့်ရဲ့ စိတ်စွမ်းအင် အကာအကွယ်ထက် ထိခိုက်မှုတွေကို ပိုပြီး ခံနိုင်ရည်ရှိတယ်”
ဝမ်ကျိုးက အမိန့်ပေးလိုက်သည်၊၊
ကီကီသည် မျက်မှောင်ကြုတ်ကာ ချင်ရွှမ်မင်ကို ကြည့်လိုက်သည်။
“အဲ့ဒါ ဘာကို ဆိုလိုတာလဲ”
“မင်းက ငါ့ကို လူသားဒိုင်းကာအဖြစ် သုံးလို့ရတယ်လို့ ပြောနေတာ” ချင်ရွှမ်မင်သည် ပခုံးတွန့်ပြပြီး လုံးဝ စိုးရိမ်ပူပန်မှုမရှိပေ။
“စိတ်မပူပါနဲ့။ ငါ...”
သူသည် ရှုပ်ထွေးသော အမူအရာဖြင့် ကောင်းကင်သို့ ကြည့်လိုက်သည်၊၊
“...ခံနိုင်ရည်ရှိမှာပါ”
“သေစမ်း… အစ်ကိုချင်ရဲ့ တည်ဆောက်ပုံက တခြားသူတွေနဲ့မတူဘူး”
လုရှင်းချန်က တီးတိုးရေရွတ်လိုက်သည်။
“စကားမများနဲ့တော့… အဲ့ဒီအကောင် ရောက်လာတော့မယ်”
ဝုန်း
မလှမ်းမကမ်း၌ လမ်းမများ ကွဲအက်ကာ အဆောက်အအုံများ စတင်ယိမ်းယိုင်ကာ ပြိုကျလာသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်း၏ နှလုံးသားများ တင်းကျပ်သွားသည်။
တစ်ချိန်တည်းမှာပင် မြောက်ဘက်မြို့ရိုး၏ အမြောက်ကြီးများ၊ လေကြောင်းစစ်လေယာဉ်စုမှ ဒုံးကျည်များ၊ ဗုံးကြဲလေယာဉ်များနှင့် ခရီးသည်ဂိတ်နှင့် လေဆိပ်မှ အထောက်အပံံ့အားလုံးသည် ပစ်မှတ်တစ်ခုတည်းကို သော့ခတ်ထားသည်။
ဝမ်ကျိုး၏ မျက်လုံးများ ထက်ရှလာသည်။
“ရောက်လာပြီ”
အခြားတစ်နေရာ…. ဒရာကာမာရေခဲချောက် — စခန်းအပြင်ဘက်၌ သေနတ်သံများ ပဲ့တင်ထပ်နေသည်။
“ကပ္ပတိန် လင်း၊ အထိမ်းအမှတ် အူတိုင်ကို ချိန်ညှိပြီးပြီ။ အူတိုင်ရဲ့ အပူချိန်က တည်ငြိမ်တယ်။ ပြုပြင်ပြီးတာနဲ့ ခင်ဗျား အာရုံကြောထပ်တူပြုခြင်းကို ဆက်လုပ်ဖို့လိုလိမ့်မယ်...”
ယုဟန်၏ အသံသည် ဆက်သွယ်ရေးကိရိယာမှ အလျင်စလို ထွက်လာသည်။
စခန်းတဲအတွင်း၌ ယုဟန်သည် ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို အလျင်အမြန် ချိန်ညှိနေသည်။ သူ၏ နှုတ်ခမ်းများ ခြောက်သွေ့နေပြီး၊ မျက်လုံးများသည် ကုတ်ဒ်များပေါ်မှ မခွာနိုင်ပေ။ သုတေသနအဖွဲ့မှ လူတိုင်းသည်လည်း တင်းမာနေကြပြီး ဖိအားအောက်၌ တိတ်ဆိတ်စွာ အလုပ်လုပ်နေကြသည်။
“စမ်းသပ်မောင်းနှင်စရာ မလိုဘူး။ ကျုပ်က တိုက်ရိုက် ချန်ဝေနဲ့ ချိတ်ဆက်မယ်။ ကျုပ်စွမ်းရည်က မီကာတစ်ခုလုံးကို လွှမ်းခြုံထားပြီးသား — အာရုံကြော မောင်းနှင်မှု ဟန်ချက်ရဲ့ ၇၀% ကို ကျုပ်ဆီကို ရွှေ့လိုက်ပါ… ကျုပ်က ပိုပြီး ကိုင်တွယ်နိုင်ပါတယ်”
“မရဘူး”
ယူနစ် ၀၁၏ မောင်းသူခန်းအတွင်း၌ ချန်ဝေသည် မတ်တပ်ရပ်ကာ လင်းရှန်၏ ချိန်ညှိမှုကို ပြတ်သားစွာ ငြင်းလိုက်သည်။
“ငါတို့ရဲ့ အာရုံကြောထပ်တူပြုခြင်းက ချိန်ညှိထားဖို့ လိုတယ်။ မဟုတ်ရင် ငါက မောင်းနှင်မှုမှာ နောက်ကျတာကို ခံစားရလိမ့်မယ်။ ဒါက သူရဲကောင်း လုပ်ရမယ့်အချိန်မဟုတ်ဘူး — ငါက ခံနိုင်ရည်ရှိပါတယ်”
ပြုပြင်မှုများ လုပ်နေရင်း လင်းရှန်က ပြန်ဖြေသည်၊၊
“ခဗျားရဲ့ အသက်ရှူနှုန်း မမှန်တော့ဘူး။ အဲ့ဒါက ခဗျားရဲ့ အသက်ရှူလမ်းကြောင်းစနစ်က ပြန်ပြင်လို့မရတဲ့ ပျက်စီးမှုကို ခံစားနေရတာကို ဆိုလိုတယ်။ ကျုပ် ဒီ မီကာကို ပြင်နိုင်ရင်တောင် ခဗျားက နှစ်နာရီကြာအောင် ခံနိုင်မလားဆိုတာ မသေချာဘူး။ ခဗျားကို ပိုပြီး ခံနိုင်ရည်ရှိအောင် ကျုပ်က ၇၀% ယူမယ်ပြောတာ”
“အိုး… ရပါတယ်”
ချန်ဝေသည် လင်းရှန်ဘေးရှိ အေးခဲ-အမှောင် ဆေးရည်ပုလင်း အလွတ်သုံးခုကို ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်၊၊
“ငါ့မှာ စွမ်းရည်မရှိပေမဲ့ မင်းက ကန့်သတ်ချက်ကို ကျော်လွန်နေတယ်ဆိုတာ သိတယ်။ မင်းရဲ့ အဆင့် ၅ ပေါင်းစည်းထိန်းချုပ်မှု အညွှန်းကိန်းက ဘာကိုဆိုလိုတယ်ဆိုတာ ငါမသိပေမဲ့ မီကာရဲ့ စွမ်းအားကို ထုတ်ဖို့ဆိုရင် ငါတို့က ထပ်တူကျဖို့ လိုတယ်။ တကယ်လို့ ငါတို့ သေရမယ်ဆိုရင် အတူတူသေရမယ်။ ငါက ကျေးဇူးကြွေးမတင်ချင်ဘူး”
လင်းရှန် အသက်ရှူသွင်းလိုက်သည်။
“ကောင်းပြီလေ”
ထို့နောက် သူသည် ကျင်းထျန်းနှင့် စွန်းကိုင်တို့ထံ ချက်ချင်း ဆက်သွယ်ရေးမှတဆင့် ပြောလိုက်သည်၊၊
“အဆင့် ၁ စတင်ဖို့ တစ်နာရီတောင်မလိုတော့ဘူး… ထိန်းထားဦး”
“ပြဿနာမရှိဘူး” ကျင်းထျန်က ပြန်ဖြေသည်။
“ငါတို့လည်း အဆင်ပြေတယ်။ အဲ့ဒီအရာတွေက ငါတို့ ဖင်နားကပ်နေပေမဲ့ အေးဆေးပဲ… ကပ္ပတိန်လင်း” စွန်းကိုင်က ထပ်ပြောသည်။
အားတက်လာသော လင်းရှန်သည် ယန္တရားနှလုံးသားကို ထိန်းချုပ်လုပ်ဆောင်ခြင်းအပေါ် လုံးဝ အာရုံစိုက်လိုက်သည်။ သူ၏ နှုတ်ခမ်းများ ဖြူဖျော့နေသည် — သူသည် အစောပိုင်းက နှစ်ကြိမ် မေ့လဲခဲ့ပြီး ဖြစ်သည်။
နာရီပေါင်းများစွာကြာပြီးနောက် သူသည် စကင်ဖတ်မှုကို အပြီးသတ်နိုင်ခဲ့သည်။ ယခုအခါ သူသည် ပြုပြင်မှုများ၌ အပြည့်အဝ ပါဝင်နေသည်။ ခေါင်းပိုင်း မော်ဂျူးပေါ်ရှိ ပြင်ပသံချပ်ကာနှင့် နာနို-ကြွေထည် မြင်ကွင်းကျယ်ဖန်သားပြင်တို့သည် ပြန်လည်ပြုပြင်ပြီး ဖြစ်သည်။
ဘယ်ဘက်လက်မောင်းရှိ ကြီးမားသော စုတ်ပြဲမှုအတွင်းမှ ဟိုက်ဒရောလစ်ပိုက်များ၊ သံချပ်ကာပြားများနှင့် မီးခိုးငွေ့တက်နေသော မောင်းနှင်ရိုးတံတို့သည် လျင်မြန်စွာ ပြုပြင်နေသည်။ ကံကောင်းထောက်မစွာ၊ သတ္တုစပ် အရိုးများ မကျိုးပဲ့ခဲ့ပေ — မဟုတ်ပါက လင်းရှန်သည် အလုပ်ပြီးမြောက်ရန် လုံလောက်သော ပစ္စည်းများ ရှိမည်မဟုတ်ပေ။
စခန်းအပြင်ဘက်၌ ကြီးမားသော နှင်းမွန်းစတားအုပ်စုသည် ရုတ်တရက် ပေါ်လာပြီး ကျင်းထျန်တို့ အဖွဲ့ကို တိုက်ခိုက်နေသည်။
အရေအတွက် များပြားခြင်း မရှိသော်လည်း ဤသတ္တဝါများသည် ကြီးမားသည် — ပုံမှန် နှင်းတစ္ဆေများထက် အများကြီး ပိုကြမ်းကြုတ်သည်။ ကျင်းထျန်သည် သူ၏ အဖွဲ့ကို ဦးဆောင်ကာ စခန်းမှ မွန်းစတားအားလုံးကို အဝေးသို့ ဆွဲဆောင်ရန် ကြိုးစားရင်း ဆီးနှင်းပြင်တစ်လျှောက် လျှောစီးကာ မျှားခေါ်နေသည်၊၊
“တစ်ခုခု မှားနေတယ်—ဘာလို့ သူတို့အားလုံး နှင်းမွန်းစတားကြီးတွေ ဖြစ်နေတာလဲ”
“လီဝေ၊ စခန်းနားမှာ ခြိမ်းခြောက်မှု ရှိလား”
“မရှိဘူး”
“ကောင်းပြီ။ အားလုံး စခန်းနဲ့ ဝေးဝေးနေကြ… မွန်းစတားတွေကို အဲ့ဒီကို မခေါ်လာနဲ့”
“စနစ်တကျ လှုပ်ရှားကြ…. ငါတို့ အချိန်ဆွဲနိုင်တဲ့ စက္ကန့်တိုင်းက အထောက်အကူ ဖြစ်တယ်”