အခန်း (၄၇၀-၄၇၁)
Vol. 30 Ch. 470-471
Chapter 470
အန္တရာယ်၊ အားနည်းချက် ၅
ကီကီသည် စိတ်စွမ်းအားကို အသုံးပြုပြီး ၎င်းတို့သုံးဦးလုံးကို လေထဲသို့ မြှောက်လိုက်သည်။ လုရှင်းချန်သည် စွမ်းအားအပြည့်စုစည်းထားသော ဧရာမ မီးတောက်ကြီးကို ကိုင်ထားသည်။
“နတ်ဘုရားမီးလျှံဓား”
ဝှစ်
ဝမ်ကျိုးသည် ကောင်းကင်မှ ဥက္ကာခဲတစ်ခုအလား ထိုးဆင်းလာသည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဆူးချွန်လက်တံကြီးတစ်ခုသည် အပေါ်မှ ဝုန်းခနဲ ကျလာပြီး ၎င်းတို့ဆီသို့ တည့်တည့် ရိုက်ခတ်လာသည်။
“အခုပဲ”
“စောင့်နေတာ ကြာပြီ”
လုရှင်းချန်သည် သူ၏ မီးလျှံဓားကို အောက်သို့ မပစ်ပဲ—အပေါ်သို့ ပစ်မှတ်ထားသည်။ ကီကီသည် စိတ်စွမ်းအားဖြင့် မီးလျှံကို ဖိသိပ်လိုက်ပြီး မီးတောက်နေသော အလုံးကြီးကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
အနီရောင်ပူပြင်းသောအလင်းလုံးကြီးသည် တိမ်တိုက်များထဲသို့ ဒေါင်လိုက် ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်စေသည်။
တစ်ပြိုင်နက်ပင် မြောက်ဘက်မြို့ရိုးမှ LF21 ဒုံးကျည်နှစ်စင်းသည် ကောင်းကင်သို့ ပျံတက်သွားသည်။ လေကြောင်းတိုက်ခိုက်ရေး ယူနစ်များမှ ဒုံးကျည်များနှင့် အပူရှိန်မြင့်ပလာစမာအမြောက်များသည် ကောင်းကင်သို့ ချိန်ရွယ်ကာ အဆက်မပြတ် ပစ်ခတ်လိုက်ကြသည်၊၊
တိုက်ခိုက်မှုအားလုံးသည် စုစည်းသွားသည်။ လုရှင်းချန်၏ မီးလျှံဓားသည် ကောင်းကင်သို့ တောက်လောင်ကာ ပျံတတ်သွားချိန်တွင် ဝမ်ကျိုးသည် လူတိုင်းကို အလျင်အမြန် ခေါ်ဆောင်သွားသည်။
“အမဲလိုက်တပ်ဖွဲ့… ဆုတ်ခွာကြ”
ဝှစ်—
လှုပ်ယမ်းနေသော အနက်ရောင်ဆူးချွန်လက်တံကြီးသည် လမ်းမကို ရိုက်ခတ်သွားပြီး ဖုန်မှုန့်များကို မြင့်တက်စေသည်။ သို့သော် ဤတစ်ကြိမ်တွင် အမဲလိုက်အဖွဲ့သည် အသင့်ရှိနေသည်။ လူတိုင်းသည် အချက်ပြကို လက်ခံရရှိပြီး အရပ်မျက်နှာအသီးသီးသို့ ခွဲထွက်သွားကြသည်—နောက်တစ်ကြိမ် အလစ်တိုက်ခိုက်ခံရခြင်း မရှိတော့ပေ၊၊
ထို့နောက် ရလာဒ်က ထွက်ပေါ်လာသည်၊၊
ဝုန်း ဝုန်း ဝုန်း အုန်း အုန်း အုန်း
ဆက်တိုက်ဖြစ်ပေါ်လာသော ကြီးမားသည့် ပေါက်ကွဲမှုများက ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး စီလန်မြို့ပေါ်ရှိ ကောင်းကင်တစ်ဝက်အား မီးမုန်တိုင်းများကို ဖြစ်ပေါ်စေသည်။ နီရဲသော ငရဲမီးတောက်များကြားတွင် မြောက်ပိုင်း ခရီးသည်ဂိတ်နှင့် လေဆိပ်မှ အသက်ရှင်ကျန်ရစ်သူများသည် အပေါ်သို့ ကြည့်လိုက်သည်…
သူတို့ မြင်လိုက်ရသည်။
မီးလျှံများက နောက်ခံပေးထားသော ဧရာမ ပင်လယ်ဖြူကောင်ကဲ့သို့ အရိပ်ကြီးတစ်ခု…။ မရေမတွက်နိုင်သော အနက်ရောင် ဆူးချွန်လက်တံများသည် တိမ်တိုက်များထဲတွင် တွဲလောင်းကျနေသော ပင့်ကူတစ်ကောင်ကဲ့သို့ ရုန်းကန်နေသည်။ ထိုမြင်ကွင်းက လူတိုင်း၏ ဦးရေပြားများကို ကျိန်းစပ်သွားစေသည်။
“ငါတို့ ပစ်တာ ထိသွားတာလား”
“သေစမ်း… အဲဒီအကောင်ကြီးက အရမ်းကြီးတယ်”
“မိုးပျံသတ္တဝါကြီးလား”
“ဖာ့ခ်… အဲဒီအကောင်ကို အခုပဲ သတ်ပစ်”
“အဲဒါကို ငရဲရောက်အောင် ပို့လိုက်”
မြို့တစ်ခုလုံးသည် တုန်လှုပ်မှုနှင့်အတူ ဒေါသများပေါက်ကွဲသွားသည်။
ထို့နောက်—နျူကလီးယား ပေါက်ကွဲမှုကဲ့သို့ တုန်ခါလှိုင်းတစ်ခု ထိုးထွက်လာပြီး ကီလိုမီတာပေါင်းများစွာ အကွာအဝေးရှိ တိမ်တိုက်များနှင့် နှင်းမုန်တိုင်းကို ရှင်းလင်းပစ်လိုက်သည်။ မုန်တိုင်း၏ မျက်လုံးအတွင်း၌ S-Class အဆင့် ထူးဆန်းသည့် သတ္တဝါကို ယခုချိန်တွင် လူတိုင်း အပြည့်အဝ မြင်လိုက်ကြရသည်။
မီတာရာနှင့်ချီသော အနက်ရောင်ဆူးချွန်များသည် လှံများကဲ့သို့ ယိမ်းနွဲ့နေသည်။ အလယ်ဗဟို၌မူ… ဒေါသထွက်နေဟန် တောက်ပနေသော အနီရောင်မျက်လုံးများဖြင် သိပ်သည်းနေသော အစုအဝေး။
ခရက်ခ်—
ကောင်းကင်ပေါ်၌ လည်ချောင်းအတွင်းမှ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်လာသည်။ ထိုမီးတောက်နေသော သတ္တဝါသည် ရုတ်တရက် ပြုတ်ကျလာသည်—တိမ်တိုက်များမှ ထိုးကျလာသည်။
“ကျလာနေပြီ”
“ရွှေ့ဟ… ရှောင်ကြ”
ဝီးးး အုန်း
အနက်ရောင်ဆူးချွန်များသည် မြို့လမ်းများပေါ်သို့ ကျဆင်းလာပြီး မြေပြင်ကို တုန်ခါစေကာ ဖုန်မှုန့်များကို မုန်တိုင်းတစ်ခုအလား ဖြစ်ပေါ်စေသည်။
“ပြုတ်ကျနေတုန်း တိုက်ခိုက်ကြ”
ကျိုးယု၏ အရေးတကြီးအသံသည် ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသည်။
“အမြောက်တွေအားလုံး… ပစ်ကြ”
ဟီကျန်းက အော်ဟစ်လိုက်သည်။
“ဗုံးကြဲတပ်ဖွဲ့… သွား” ကျန်းချန်ဇီက ချက်ချင်း အမိန့်ပေးလိုက်သည်၊၊
မြို့ရိုးများမှ အမြောက်ဆန်များက မိုးသီးမိုးပေါက်များအလား ထွက်ပေါ်လာသည်။ ကောင်းကင်၌ ဗုံးကြဲလေယာဉ်များသည် ကြီးမားသော ပေါက်ကွဲပစ္စည်းများကို ကြဲချနေသည်။ သံလိုက်အမြောက်များနှင့် ပလာစမာအမြောက်များသည် ပြုတ်ကျနေသော အနက်ရောင်ဆူးချွန်များကို အပြည့်အဝ ပစ်ခတ်လိုက်ကြသည်။
သို့သော် ဆူးချွန်များသည် ရုတ်တရက် တစ်ဖန် လှုပ်ရှားလာပြီး တိုက်ခိုက်မှုအားလုံးကို ထိုမမြင်နိုင်သော အကာအကွယ်ဖြင့် ပိတ်ဆို့ထားလိုက်သည်၊၊
တစ်ချိန်တည်းမှာပင် အလယ်ဗဟိုမှ အနီရောင်မျက်လုံးများသည် တောက်ပလာပြီး ပတ်ဝန်းကျင်ဧရိယာများတစ်လျှောက်တွင် ပြင်းထန်သော လေပြင်းနှင့် လျှပ်စီးများကို ဖြစ်ပေါ်စေသည်။
ဝမ်ကျိုးနှင့် ကီကီသည် ထိုအရာကို မြင်လိုက်သည်နှင့် အော်ဟစ်လိုက်သည်–
“ဖာ့ခ်… နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို စတင်တော့မယ်”
“လေပေါ်ကို တက်”
“ဒရက်နော့-စစ်သင်္ဘော… ရှောင်တော့”
“သေစမ်း”
သယ်ယူပို့ဆောင်ရေးယာဉ်၏ ကုန်းပတ်ပေါ်ရှိ ကျန်းချန်ဇီ၏ မျက်နှာသည် မှောင်မိုက်သွားသည်။ သူ တုံ့ပြန်နိုင်မီ—
ထို သတ္တဝါ၏ ဗဟိုချက်မှ မီတာပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ လေဆာရောင်ခြည်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် ဒရက်နော့အဆင့် စစ်သင်္ဘောကို ထိုးဖောက်သွားသည်။
နီညိုရောင် ရောင်ခြည်သည် တိမ်တိုက်များမှ ဖြတ်သွားသည်။ တန် ၃၀,၀၀၀ အလေးချိန်ရှိသော သတ္တုသားရဲကြီးသည် အသံမြည်ဟည်းလာသည်၊၊
ရောင်ခြည်သည် ၎င်း၏ ကိုယ်ထည်ကို ဓားပူပူဖြင့် လှီးဖြတ်သကဲ့သို့ ထိုးဖောက်သွားပြီး သံချပ်ကာ ၁၂ လွှာကို အရည်ပျော်နေသော နီရဲသည့် ရေတံခွန်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။
အင်ဂျင်ခန်းအတွင်း၌ ပိုင်းလော့သည် ဒူးထောက်လဲကျသွားသည်။ အပေါ်သို့ ကြည့်လိုက်ရာ သင်္ဘောသည် နှစ်ပိုင်း ကွဲသွားသည်ကို သူ မြင်လိုက်ရသည်။ ဟက်တက်ကွဲနေသော အပေါက်မှတစ်ဆင့် သူ၏ ရဲဘော်များသည် ကောင်းကင်မှ ပြုတ်ကျနေသည်—ပြတ်နေသော ပိုက်များကို ဆွဲဆုပ်ရင်း၊ မီးသတ်ဆေးဘူးများကို ကိုင်ရင်း မီးလောင်နေသော ဥက္ကာခဲများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အချို့မှာမူ ဆောင်းဦးရွက်ကြွေများကဲ့သို့ တွင်းနက်ထဲသို့ ပြုတ်ကျသွားကြသည်။
အော်ဟစ်သံများ…
ကြောက်မက်ဖွယ် ပျက်ကျလာသောအသံကြီးက မြို့တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ရှေ့တန်းမှ လူတိုင်းသည် မီးလောင်နေသော ကြီးမားသည့်စစ်သင်္ဘော ထိုးကျလာသည်ကို စောင့်ကြည့်နေကြသည်။
“ဒရက်နော့စစ်သင်္ဘော… ပျက်ကျနေပြီ”
ဝမ်ကျိုးသည် ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေသည်။
“ဘာ…”
“အကုန်ဆုတ်ခွာကြ”
ဟီကျန်းသည် မယုံနိုင်စွာ အော်ဟစ်လိုက်ပြီး ကွပ်ကဲရေးလိုင်းအားလုံးကို အော်ပြောလိုက်သည်–
“ကျန်းချန်ဇီ”
“ကျန်းချန်ဇီ”
အရှေ့ဘက်တံတိုင်းပေါ်တွင် ကျိုးယု၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
“ဝေဟင်ယူနစ်တွေ အားလုံး… အရေးပေါ် ရှောင်တိမ်းကြ”
ချက်ချင်းပင် ပိုင်းလော့တိုင်း၏ စိတ်ထဲတွင် လစ်ဟာသွားသည်—ထို့နောက် အရေးပေါ် လှုပ်ရှားမှုသို့ ပြောင်းလဲသွားသည်။
သို့သော် ကီကီသည် ဆက်လက် ထိတ်လန့်နေဆဲဖြစ်ပြီး အနက်ရောင်ဆူးချွန်များသည် စီလန်မြို့၏ မိုးမျှော်တိုက်များကို ဆုတ်ဖြဲနေသည်ကို စောင့်ကြည့်နေသည်။ ၎င်းတို့၏ လမ်းကြောင်းရှိ အရာအားလုံးကို ကြေမွသွားစေသည်။
၎င်းတို့သည် စီလန် ခရီးသည်ရထားဘူတာရုံဆီသို့ ဦးတည်နေသည်။
“မလုပ်နဲ့”
ကီကီ၏ မျက်နှာတွင် သွေးမရှိတော့ပေ။ သူမသည် အားကုန်ထုတ်ကာ ပျံသန်းသွားလိုက်သည်၊၊
“အစ်မချန်… ရှားရှား”
သူမသည် ထိန်းမနိုင်အောင် ထိတ်လန့်စွာဖြင့် အနန္တရထား၏ ဆက်သွယ်ရေးလိုင်းထဲသို့ အော်ဟစ်လိုက်သည်။
“ဂျစ် ဂျစ်…”
သို့သော် သူမကြားရသည်မှာ ဆူညံသောအသံသာဖြစ်သည်။
“အစ်မချန်… ရှားရှား၊ တာလို့၊ မြောင်လု၊ ရှောင်ယွမ်… တစ်ယောက်ယောက် ပြန်ဖြေကြပါဦး”
ဇစ်ဇက်…
နောက်ဆုံးတွင် ဆက်သွယ်ရေး ကိရိယာ တည်ငြိမ်သွားသည်—သို့သော် ပထမဆုံးကြားလိုက်ရသော ပြန်ဖြေသံသည် သူမ မျှော်လင့်ထားသူ မဟုတ်ပေ။
သူမ အလွန်ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
“တောင့်ထား… ကလေးမ—ငါ ရောက်တော့မယ်”
“လင်းရှန်”
ကီကီ အသက်ရှူမှားသွားပြီး လေထဲတွင် တောင့်တင်းသွားသည်။ သူမ ကြားလိုက်ရသည့်အရာကို အံ့အားသင့်သွားသည်။
“ပစ်မှတ်ကို မှတ်သားပြီး—S-Class ထူးဆန်းသတ္တဝါ။ အကွာအဝေး: ၁၆ ကီလိုမီတာ”
“နောက်ဘက် ဒုံးကျည်တွေ အသက်သွင်း”
“ပစ်လွှတ်ရန် အသင့်အနေထား”
လင်းရှန်။ ချန်ဝေ။
စီလန်မြို့၏ အပြင်ဘက်၊ နှင်းမုန်တိုင်းကို ကျော်လွန်၍ မိုးခြိမ်းသံကဲ့သို့ တုန်ခါမှုများ ပဲ့တင်ထပ်နေသည်—
ဗုံး။
ဗုံး။
တစ်ခုချင်းစီသည် လျှပ်စီးကဲ့သို့ ဖြစ်သည်။
စခရီးစ်—
နှင်းတစ္ဆေအလုံးအရင်းသည် အရှေ့ဘက် တံတိုင်းပေါ်သို့ စုဝေးလာကြသည်။ ရုတ်တရက်—၎င်းတို့ ရပ်တန့်သွားသည်။
တစ်ကောင်က လှည့်ကြည့်လိုက်သည်…
ထို့နောက် တောင်ကြီးကဲ့သို့ အနက်ရောင်အရိပ်ကြီးတစ်ခု ထိုးဆင်းလာပြီး နှင်းတစ္ဆေရာပေါင်းများစွာကို ခြေတစ်ချက်ဖြင့် ကြေမွသွားစေသည်။
၎င်းသည် ဧရာမ လူပုံသဏ္ဍန် မီကာကြီးဖြစ်ပြီး ဘီလူးကြီးတစ်ကောင်ကဲ့သို့ မွန်းစတားလှိုင်းထဲမှ ဖြတ်သန်းလာကာ စီလန်မြို့သို့ ဦးတည်ပြီး လမ်းဖောက်ထွက်လာသည်။
Chapter 471
ဂြိုဟ်ဖျက်ဆီးအဆင့်အမြောက် ၁
ညကောင်းကင်အောက်တွင် ဒရက်နော့အမျိုးအစား လေကြောင်းပို့ဆောင်ရေးယာဉ်ကြီး ပြုတ်ကျလာခြင်းသည် ရှေတန်းမှ ခုခံကာကွယ်ရေးတပ်များနှင့် စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ အသက်ရှင်ကျန်ရစ်သူ စစ်သားများအားလုံးအပေါ် ဝမ်းနည်းပူဆွေးသော အော်ရာကို ကျရောက်စေခဲ့သည်။
ကောင်းကင်ပေါ်သို့ မီးခိုးငွေ့များနှင့် မီးလျှံများ တအိအိတက်နေပြီး အကြီးအကျယ် ပေါက်ကွဲမှုများကြောင့် မြေပြင်တစ်ခုလုံး တုန်ခါနေသည်။ သို့သော် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ စီလန်မြို့ရှိ အထပ်မြင့်အဆောက်အဦများပေါ်တွင် မြင်တွေ့ရသည့် ဧရာမ ပင်လယ်ဖြူကောင်ကဲ့သို့သော သတ္တဝါကြီး၏ မြင်ကွင်းဖြစ်ပြီး၊ ၎င်းသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဆိုးတစ်ပါးနှယ် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူတိုင်း၏ စိတ်နှလုံးများကို ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားစေသည်။
၎င်းသည် ပင်လယ်နက်သတ္တဝါတစ်ကောင်၏ နှေးကွေးလေးလံသော လှုပ်ရှားဟန်ဖြင့် ရွေ့လျားနေသည်။ မီတာရာနှင့်ချီ ရှည်လျားသော ၎င်း၏ အနက်ရောင်ဆူးချွန်လက်တံများကို တစ်ခုပြီးတစ်ခု မြေကြီးထဲသို့ ထိုးသွင်းနေပြီး ထိုးသွင်းမှုတိုင်းသည် မြို့တွင်း၌ မြေငလျင်ငယ်များကို ဖြစ်ပေါ်စေသည်။ ဤလက်တံများသည် ငြိမ်သက်မနေဘဲ ၎င်း၏ ကင်းခြေများ များ ဘီလီယံနှင့်ချီ၍ လှုပ်ရှားနေသကဲ့သို့ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
ကာ...ကျီ—
ကြောက်မက်ဖွယ်ကောင်းသော ကြိမ်နှုန်းနိမ့်အသံလှိုင်းတစ်ခုသည် ထိုသတ္တဝါကြီးထံမှ ပဲ့တင်ထပ်လာရာ လူတို့၏ အရေပြားအပေါ်ယံလွှာကို တုန်ခါစေပြီး ဦးရေပြားကိုပါ ယားယံတက်လာစေသည်။
“မလန့်ကြနဲ့ နေရာယူထား… အခိုင်မာနေကြ”
“ခံစစ်က ပြိုတော့မယ်”
ခံစစ်လိုင်းအားလုံးတွင် တိုက်ခိုက်ရေးသမားအများအပြားသည် မြို့ထဲရှိ ဧရာမသတ္တဝါကြီးကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား တင်းမာသွားကြသည်။
အချို့ဆိုလျှင် တိုက်ခိုက်ရန်ပင် မေ့လျော့သွားကြသည်—သူတို့၏ ရဲဘော်များ၏ အော်ဟစ်သံများနှင့် ချဉ်းကပ်လာသော မွန်းစတားအုပ်ကြီး၏ အော်ဟစ်သံများကြောင့်သာ လက်တွေ့လောကသို့ ပြန်ရောက်လာကြသည်။
သို့သော် ထိုခဏတာ တွေဝေမှုတစ်ခုသည် အရာအားလုံးကို လုံလောက်သွားနိုင်သည်။ ထိုကောင်းကင်မှ သတ္တဝါကြီးပေါ်လာခြင်းကြောင့်ဖြစ်စေ၊ ကြောက်ရွံ့မှုလှိုင်းကြောင့်ဖြစ်စေ ခုခံကာကွယ်ရေးတပ်ဖွဲ့များ၏ စိတ်ဓာတ်များ ပျက်ပြားသွားသည်။ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် ကာကွယ်ရေးတပ်ဦးများစွာ ပြိုလဲစပြုလာသည်။ ကွာဟချက်များ ပိုမိုကြီးမားလာပြီး ဆုတ်ခွာရန် အတင်းအကျပ် တွန်းအားပေးခံနေရသည်။
ယာဉ်တန်းများနှင့် လက်နက်စခန်းများ အားလုံးကို စွန့်ပစ်ခဲ့ရပြီး အကျအဆုံးများစွာ ကျန်ရစ်ခဲ့သည်။
“တပ်ဖွဲ့အားလုံး အာရုံစိုက်ကြစမ်း- ဒီကောင်ကြီးက ပြိုလဲသွားပြီ—သူ့ရဲ့ အားနည်းချက်က ပေါ်နေပြီ… ဒါက တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ…. ရှေ့တန်းက တပ်တွေအကုန်လုံး မင်းတို့မှာရှိတဲ့ အရာအားလုံးနဲ့ ခုခံကာကွယ်ကြ… နောက်ဆုံးထွက်သက်အထိ တောင့်ခံထားကြ”
ကျိုးယု၏ တည်ငြိမ်သော ကျောက်တောင်တစ်ခုကဲ့သို့ အသံသည် အမိန့်ပေးလိုင်းအားလုံးတွင် ပဲ့တင်ထပ်လာသည်။ ၎င်းသည် လူအများအပြားကို စိတ်ပျက်အားငယ်မှုမှ နိုးထလာစေခဲ့သည်။
“မကြောက်နဲ့—ဒါကြီးက ကျသွားပြီ”
“မင်းတို့ရဲ့ နေရာတွေကို ထိန်းထား”
“အရှုံးမပေးနဲ့”
“ငါတို့မှာ မတိုက်ရင် ပြေးစရာနေရာ မရှိတော့ဘူး”
မြို့၏မြောက်ဘက်တွင် ရွေ့လျားအမဲလိုက်အဖွဲ့ ၂၃ ဖွဲ့သည် ကောင်းကင်နှင့် လမ်းများပေါ်တွင် အရှိန်အဟုန်ဖြင့် လှုပ်ရှားနေကာ S-Class ပင်လယ်ဖြူကောင်၏ နောက်ဘက်သို့ ချဉ်းကပ်လာကြသည်။ အပေါ်ဘက် ကောင်းကင်ယံတွင် ကျန်ရှိသော လေကြောင်းတိုက်ခိုက်ရေးသမား အနည်းငယ်သည် တောင်ပံပါ သတ္တဝါဆိုးအုပ်စုနှင့် ရှုပ်ယှက်ခတ်နေသည်၊၊
ပင်လယ်ဖြူကောင်ကြီးသည် မြောက်ဘက် ခရီးသည်တင်ရထားဘူတာရုံဘက်သို့ ဦးတည်သွားသောအခါ ဟန်ကျွမ့်က ဝမ်ကျိုးကို လှည့်ကြည့်၍-
“အဲဒါကြီးက သွေးကပ်ဘေးပန်းနဲ့ ဘာလို့ ဆွဲဆောင်မခံရတာလဲ… သူက တခြားနေရာကို ဦးတည်နေတယ်”
“ဆွဲဆောင်ခံရတယ်”
ဝမ်ကျိုးက မှောင်မိုက်သောမျက်နှာဖြင့် ပြောသည်။
“ဒါပေမဲ့ မြို့ထဲက သားကောင်က ပိုပြီး တန်ဖိုးရှိတယ်”
သူသည် ဘူတာရုံဘက်သို့ လက်ညှိုးထိုးလိုက်သည်။
“ဒါကြီးက ခြိမ်းခြောက်မှုတွေကို အာရုံခံမိတယ်။ အဲဒီထဲမှာ အဆင့် ၅ အမှတ်အသားနဲ့ လူတစ်သောင်းကျော် ရှိတယ်”
ဝမ်ကျိုးသည် အမဲလိုက်အဖွဲ့အားလုံးသို့ အမိန့်ပေးလိုက်သည်-
“အဲဒါကြီးကို ဘူတာရုံကျော်ပြီး သွားခွင့်မပြုနဲ့။ အဖွဲ့ ၁ က ဒါကြီးကို လှည့်စားပြီး ဆွဲထုတ်… အဖွဲ့ ၂ ကနေ ၁၀ အထိက လှည့်စားတိုက်ခိုက်မှုတွေ လုပ်…. ကျန်တဲ့လူအားလုံးက ဘူတာရုံရဲ့ ကာကွယ်ရေးကို ကူညီပေး”
“နားလည်ပါပြီ”
ဝှီးးး—
ပုံရိပ်များသည် ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။ ဝမ်ကျိုးက ကီကီကို နောက်မှလိုက်ကာ အော်ပြောလိုက်သည်-
“အင်ပါယာအဖွဲ့ ပြန်လာပြီ။ ငါတို့ အဲဒါကြီးကို မလှည့်စားနိုင်ရင် တွင်းနက်ပိုးကောင်လို သတ္တဝါကြီးတွေ လိုက်လာလိမ့်မယ်။ တိုက်ပွဲကို မြေပြန့်နေရာကို ဆွဲဆောင်ရမယ်”
“ရပြီ” ကီကီက အလျင်စလို ပြန်ပြောသည်။
ဒုံးကျည်များသည် အပေါ်မှ ကျယ်လောင်စွာ ပျံသန်းသွားသည်။ လျှပ်စစ်သံလိုက်အမြောက် ပေါက်ကွဲသံများ မြေပြင်ကို လင်းထိန်စေသည်။ သို့သော် မည်သည့်အရာမှ ပင်လယ်ဖြူကောင်ကို ဝန်းရံထားသော ကြည်လင်သော အတားအဆီး ကို ထိုးဖောက်နိုင်ခြင်းမရှိပေ—၎င်းသည် မမြင်နိုင်သော ဒိုင်းကာကို ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်သည်။
“ငါတို့ ဒါကြီးကို ထိခိုက်အောင်လုပ်ဖို့ လိုတယ်” ဟန်ကျွမ့်၏ မျက်လုံးများ တောက်ပလာသည်။
“သူရဲ့ လက်တံတွေဟာ အဝေးကြီး လွှဲနိုင်ပေမဲ့ သူတို့ရဲ့ တကယ့်အကွာအဝေး က ကန့်သတ်ထားတယ်”
“ကောင်းကင်ပေါ်မှာ ငါ သတိထားမိတယ်”
ဝမ်ကျိုးက တိုက်ခိုက်ထောက်လှမ်းရေးစင်တာသို့ အချက်အလက်များကို ပေးပို့ရင်း ထပ်ပေါင်းပြောသည်။
“လက်တံတွေ မပျက်စီးသရွေ့ အတားအဆီးက အလုပ်လုပ်တယ်။ တစ်ခုပျက်စီးသွားရင် အားနည်းချက်တစ်ခု ရှိနိုင်တယ်”
“လက်တံတွေကို ကြည့်ထား—တစ်ခု လှုပ်ရှားတဲ့နေရာက အတားအဆီး ပါးလွှာတဲ့နေရာပဲ။ အဲဒါကြီးက သူ့ရဲ့ လေဆာကို ပစ်လွှတ်ရင် အားနည်းချက်ကို ထုတ်ဖော်လိုက်တာပဲ”
“နားလည်ပြီ”
ချင်ရွှမ်မင်က ပြောပြီး လုရှင်းချန်က ခေါင်းညိတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း—
မြောက်ဘက် ခရီးသည်တင်ဘူတာရုံတွင် ချန်ဆီရွှမ်၊ ရှီတိယွမ်၊ မိုနီကာနှင့် အခြားသူများသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော မွန်းစတားကြီးကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြသည်။
ကရစ်...
ဆက်သွယ်ရေးလိုင်းများသည် ဆူညံသံများဖြင့် ရှုပ်ထွေးနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုက လူတိုင်းကို လွှမ်းမိုးထားသည်။
“ဟဲလို.. ဘယ်သူကြားရလဲ—“
“ဆက်သွယ်ရေးက အနှောင့်အယှက်တွေ အရမ်းများနေတယ်—ဘာတွေဖြစ်နေတာလဲ”
“အဲဒီကောင်ကြီးကြောင့် ဖြစ်မယ်”
“ဒီမအေဘေး...”
ရှီတိယွမ်သည် ခေါင်မိုးပေါ်သို့ ခုန်တက်ပြီး ထိုမွန်းစတားကြီးကို စိုက်ကြည့်နေသည်။
“ငါတို့ အဲဒါကို ဘယ်လိုတိုက်ခိုက်ရမှာလဲ”
ချန်ဆီရွှမ်သည် သူမ၏ Meteor-3 ရိုင်ဖယ်ကို မြှောက်ပြီး ကောင်းကင်ကို ကြည့်လိုက်ရာ အဝေးတွင်ရှိသော ကီကီနှင့် အမဲလိုက်အဖွဲ့ဝင်များကို တွေ့လိုက်ရသည်။
“သူတို့ ရောက်လာပြီ။ သူတို့က သွေးကပ်ဘေးပန်းနဲ့ ဒါကြီးကို ဆွဲဆောင်ပြီး ထွက်သွားအောင် ကြိုးစားလိမ့်မယ်”
“ခေါင်းဆောင်ချန်… အောက်မှာ ကျွန်မတို့ မနည်းထိန်းထားရတယ်”
သွေးများပေကျံနေပြီး မောဟိုက်နေသော မြောင်လုက ပြေးတက်လာသည်။
ဘူတာရုံအောက်တွင် လူတိုင်း တိုက်ခိုက်မှုတွင် ပါဝင်နေသည်။ ရှောင်ယွမ်ပင်လျှင် တိုက်ပွဲထဲ ဝင်ရောက်ခဲ့သည်။ အနန္တရထားပေါ်တွင်မူ G3 သံလိုက်အမြောက်သာ အလိုအလျောက် ပစ်ခတ်နေသည်—လေကြောင်းကာကွယ်ရေးအမြောက်များနှင့် 113 CIWS များသည် ကျည်ဆံအားလုံးကို သုံးစွဲပြီး ဖြစ်သည်၊၊
ဝုန်း—
အမဲလိုက်တပ်ဖွဲ့ ချဉ်းကပ်လာသည်နှင့်အမျှ တွင်းနက်ပိုးကောင်ကြီးသည် လှုပ်ရှားလာကာ မြေငလျင်များကို ပို၍ဖြစ်ပေါ်စေသည်။
“ဖွဲ့စည်းပုံမပျက်စေနဲ့ ထိန်းထားကြ”
ချန်ဆီရွှမ်က အလျင်အမြန် လှည့်လိုက်သည်။
“အစ်ကိုရှီ၊ မိုနီကာ—မြေပြင်ကိုပဲ အာရုံစိုက်ထား”
“ငါတို့ အဲဒီကောင်ကြီးကို မကိုင်တွယ်ရဘူးလား”
မိုနီကာက ကောင်းကင်ကို စိုက်ကြည့်ရင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။
ထိုအချိန်တွင် အမဲလိုက်အဖွဲ့ များ ပိုမိုများပြားလာပြီး အနီးနားရှိ လမ်းများမှနေ၍ ရှေ့တန်းကို အားဖြည့်ရန် ဝင်ရောက်လာသည်။ နန်ကျင်း၊ ရှောင်ချင်း၊ ရှုချင်းနှင့် လုချန်တို့သည် သူတို့၏ အဖွဲ့များနှင့် ပြန်လည်ပူးပေါင်းကြသည်။
“သူတို့က ဒါကြီးကို တခြားနေရာကို လမ်းကြောင်းပြောင်းနေတယ်”
နန်ကျင်းက ဆင်းသက်လာပြီး ဆက်သွယ်ရေးပြတ်တောက်မှု အကြောင်းကို ပြောပြလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်ရမလဲ”
တစ်ညလုံး တိုက်ခိုက်ထားရသဖြင့် သိသိသာသာ ပင်ပန်းနွမ်းနယ်နေသော ရှုချင်းက မေးသည်။
“လုပ်နိုင်သမျှ အကုန်လုပ်”
ချန်ဆီရွှမ်က တင်းမာစွာ ပြောသည်။ လေကြောင်းပစ်လက်နက်များမှာ အသုံးမဝင်တော့ပေ၊၊ မွန်းစတားအုပ်ကြီးကို ရင်ဆိုင်ပြီး အမဲလိုက်အဖွဲ့ကို ယုံကြည်တာက ပိုကောင်းသည်။
“ဘယ်သူမှ နောက်လှည့်မကြည့်နဲ့—မွန်းစတားတွေကိုပဲ အာရုံစိုက်”
“ငါတို့ အတူတိုက်ခိုက်ကြမယ်”
ရှီတိယွမ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည်။
နန်ကျင်းသည် မျက်နှာပျက်စွာဖြင့် အပေါ်သို့ လှမ်းကြည့်သည်။
“ကံကြမ္မာကိုပဲ ယုံကြည်လိုက်တော့မယ်… ရှောင်ချင်း—သွားကြစို့”
ဘစ်ဇ်
အားဖေး၏ လေဆာရောင်ခြည်သည် မွန်းစတားအုပ်ကြီးကို ထိုးဖောက်ကာ နေရာလွတ်တစ်ခုကို ရှင်းပေးလိုက်သည်။
အမဲလိုက်တပ်ဖွဲ့၏ အကူအညီဖြင့် ဘူတာရုံ ကာကွယ်ရေးသည် အနည်းငယ် သက်သာရာရသွားခဲ့သည်။ သို့သော် မည်သူမျှ စိတ်မအေးရဲကြပေ—၎င်းတို့၏ အကြီးမားဆုံး အိပ်မက်ဆိုးကြီးသည် ကောင်းကင်ယံ၌ ဆက်လက်ရှိနေဆဲပင်၊၊