← Chapters

နုပျိုဆေး (၃)

Vol. 4 Ch. 182

နုပျိုဆေး (၃)

Vol. 4 Ch. 182

“လိပ်စာထဲက အတိုင်းဆိုရင် ဒီလမ်းမဟုတ်လား။”

ကျွန်မ လက်ထဲက အနက်ရောင်လိပ်စာကတ်ကို ပြန်ပြီး ကြည့်လိုက်တယ်။ ညကိုးနာရီလောက် ဖြစ်နေပြီဖြစ်ပြီး ကျွန်မတို့ရောက်နေတဲ့နေရာက ပါရီမြို့ရဲ့ချောင်ကျတဲ့ နေရာတစ်နေရာမှာပါ။

လမ်းထဲက အဆောက်အဦးတော်တော်များများက မီးပိတ်ထားပြီး အတွင်းမှာလူရှိလား မရှိလားတောင် မသေချာဘူး။ လမ်းမီးတိုင်တချို့ရှိပေမဲ့ မီးတွေမှိန်လို့ နေတဲ့အတွက်ကြောင့် စာဖတ်ဖို့အတွက် မနည်းအားစိုက် ယူရတယ်။

ဘရွန်း... ဘရွန်း...

ရုတ်တရက် ကျွန်မနောက်ကနေ ဆိုင်ကယ်သံ ကြားလိုက်ရတယ်။ ပါစီဗယ်လည်း ကျွန်မအရိပ်ထဲက ထွက်လာပြီးတော့ ကျွန်မကိုဘေးတွန်း ဖယ်လိုက်တယ်။

“ဆယ်ဗီ၊ သတိထား။”

သူကျွန်မကို တွန်းဖယ်လိုက်တော့ ကျွန်မလည်း ချက်ချင်းဘေးကို ကြည့်လိုက်မိပါတယ်။ အနီရောင်နဲ့ အနက်ရောင်စပ် ပြိုင်ဘီးဆိုင်ကယ်တစ်စီးက ပါစီဗယ်ရဲ့ ခန္ဓာကိုယ်ကို ဝင်တိုက်လိုက်တယ်။ သူရပ်နေတဲ့နေရာက သူကျွန်မကိုတွန်းမဖယ်ခင် ကျွန်မရှိနေခဲ့တဲ့နေရာပါ။

ဖောင်း...

ပါစီဗယ်ရဲ့ခန္ဓာကိုယ်က မြူတိမ်တိုက်တစ်ခုလိုမျိုး ပေါက်ကွဲထွက်သွားတယ်။ ကျွန်မကိုယ်တိုင်က လမ်းဘေးပလက်ဖောင်းပေါ်ကို ပြုတ်ကျသွားပြီး တင်ပါးတစ်ခုလုံး ကျင်တက်သွားတယ်။

“ပါစီဗယ်....” ကျွန်မ စိုးရိမ်စွာနဲ့အော်ဟစ်လိုက်ပေမဲ့ ခဏနေတော့ ပါစီဗယ်က ကျွန်မနားမှာပြန်ပြီး ပေါ်လာပါတယ်။

“မစိုးရိမ်ပါနဲ့၊ ကိုယ်က ဒီလောက်လွယ်လွယ်လေးနဲ့ မသေပါဘူး။”

သူက ဒီလိုပြောလိုက်ပြီး ဆိုင်ကယ်လာရာဘက်ကို ကြည့်လိုက်တယ်။ ကျွန်မကိုယ်တိုင်ကတော့ အရမ်းမဲ့ မောင်းလာတဲ့ဆိုင်ကယ်ကို အမျက်နဲ့ ​မျက်မှောင်ကုတ် ကြည့်လိုက်မိလေရဲ့။

ကျွီ.... ဘုန်း....

ပါစီဗယ်ကို တိုက်မိတဲ့အရှိန်ကြောင့် ဆိုင်ကယ်က ဟန်ချက်ထိန်းမရတော့ဘဲ မှောက်သွားပြီးတော့ ဆိုင်ကယ်ပေါ်မှာ ရှိနေတဲ့သူလည်း ပြုတ်ကျလာတော့တာပေါ့။

“အာ့....” ပြုတ်ကျလာတဲ့ ဆိုင်ကယ်စီးဦးထုပ်နဲ့ အနက်ရောင်ဂျာကင်ဝတ်လူဆီကနေ အော်သံထွက်လာပေမဲ့ သူက လေ့ကျင့်ထားသလိုပဲ ချက်ချင်းထရပ်လိုက်ပါတယ်။ ပြီးတော့ လက်ထဲမှာ သစ်ကိုင်းအကြီးကြီးနဲ့တူတဲ့ မှော်နှင်တံကို ကိုင်ထားသေးတယ်။

“ဆယ်ဗီ၊ ကျွန်တော်တို့တွေ တိုက်ပွဲတစ်ခုထဲ ဝင်ပါမိတဲ့ပုံပဲ။”

ပါစီဗယ်က ကျွန်မကို ဖေးမလိုက်ပြီး ပြန်ထူပေးတယ်။ ကျွန်မ သူကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ ကားတစ်စီးစာလောက် အရွယ်ရှိတဲ့ ပင့်ကူကြီးက အဆောက်အဦးနံရံကို ဘေးတစ်စောင်းတွယ်တက်ပြီး ကျွန်မတို့ဆီကိုလာနေတယ်။ သေချာကြည့်ရင် ပင့်ကူရဲ့ ခေါင်းပေါ်မှာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်း ရှိနေတာမြင်နိုင်ပြီး လူတစ်ပိုင်းသားရဲတစ်ပိုင်းလို့ ဆိုရမလား။

“ချောင်ပိတ်မိနေပြီမဟုတ်လား၊ ကြောင်မလေး။ မပူပါနဲ့၊ ငါက နင့်အလောင်းကို ချည်မျှင်ကောင်းကောင်းနဲ့ ပတ်ပြီးအမှတ်တရ သိမ်းထားမှာပါ။”

ဝုန်း...

ပင့်ကူက ကျွန်မတို့ကို လစ်လျူရှုပြီးတော့ ဆိုင်ကယ်နဲ့ လူဆီကို ခုန်တက်လိုက်တယ်။ အောက်ကပင့်ကူ ခေါင်းကနေပြီး ချည်မျှင်တွေကိုအထွေးလိုက် အန်ထုတ်လိုက်ပေမဲ့ တစ်ဖက်က မှော်တောင်ဝှေးက သက်တံမီးတောက်တွေနဲ့တောက်ပလာပြီး ချည်မျှင်တွေကို လောင်ကျွမ်းသွားစေတယ်။

ဘုန်း...

နောက်ဆုံးတော့ ပင့်ကူရဲ့ဧရာမခန္ဓာကိုယ်ကြီးကို ဆိုင်ကယ်သမားက တောင်ဝှေးနဲ့ခံဆောင်ထားပြီး သူ့ကိုမီးလျှံတွေက ဒိုင်းတစ်ခုလိုမျိုး ကာကွယ်ထားပေးလိုက်ပါတယ်။

“ဟမ်....”

မီးတောက်မီးလျှံတွေကြောင့် ကျွန်မလည်း ဆိုင်ကယ်ဦးထုပ်ရဲ့မှန်နောက်က မျက်နှာကို သေချာမြင်လာရတယ်။ ရင်းနှီးနေတဲ့မျက်နှာနဲ့ ရွှေရောင်ဆံပင်မှာ အနီရောင်ထိပ်ဖျားတွေ ရှိတဲ့တစ်ယောက်။ ခန္ဓာကိုယ်က ကျစ်လစ်ပြီး ကြည့်လို့ကောင်းတယ်။

“ရိုစယ်လီယာပဲ။” ကျွန်မ ချက်ချင်းမှတ်မိသွားတယ်။ ကျွန်မတို့ရှေ့မှာတင်ပဲ ပင့်ကူက မီးလျှံဒိုင်းကို တဖြည်းဖြည်းချင်း အားနဲ့ဖိနှိပ်လာနေပါတယ်။ ဒီအတိုင်း ဆက်လွှတ်ထားမယ်ဆိုရင် ရိုစယ်လီယာ သေပါလိမ့်မယ်။ ဒါကြောင့် ကျွန်မဓားကိုထုတ်လိုက်ပေမဲ့

“ဆယ်ဗီ... ကိုယ်လုပ်လိုက်မယ်....”

ပါစီဗယ်က ကျွန်မလက်ကို တားလိုက်ပြီး သူ့ဘေးကို ကြည့်လိုက်ပါတယ်။ ကျွန်မတို့နားကို မြူတွေဝိုင်းလာပြီး ချစ်စရာကောင်းတဲ့ ဘီးတက်အမြောက်လေးတစ်ခု ပေါ်လာတယ်။ တပ်သားသုံးယောက်လည်း အတူတူပါပြီး သူတို့တွေက ပါစီဗယ်ကိုအလေးပြုကာ အမြောက်နဲ့ပင့်ကူကို ချိန်လိုက်ကြပါပြီ။

ဘုန်း...

အမြောက်ကျည်က ပင့်ကူရဲ့ခါးပိုင်းကိုထိပြီး ပေါက်ကွဲသွားတယ်။ ပင့်ကူရဲ့ခါးနဲ့လူရဲ့အပေါ်ပိုင်း ခန္ဓာကိုယ်က အဆက်ပြတ်သွားပြီး နှစ်ခုလုံး မြေပေါ်ကိုပြုတ်ကျလာပါတယ်။

“ငါ့ကို အလစ်တိုက်ရဲတယ်ပေါ့....”

မြေပေါ်ကိုပြုတ်ကျသွားတဲ့ သာမန်လူဘက်ခြမ်းက လှုပ်ရှားလာပြီး ပြန်ထရပ်လိုက်တယ်။ ဟုတ်တယ်၊ သူ့မှာခြေထောက်တွေ ပြန်ပေါက်နေပြီ။

ပင့်ကူအမျိုးသမီးရဲ့အသားအရောင်က ခရမ်းရောင် သန်းနေပြီးတော့ ဇာပုဝါကို မျက်နှာမှာဖုံးထားလို့ ပါးစပ်ကိုမမြင်ရဘူး။ ပါရှားအကမယ်တွေဝတ်သလို ချက်ပေါ်အင်္ကျီမရမ်းရောင်ကိုဝတ်ထားပြီး လက်ထဲမှာ ကပ်ကြေးတစ်လက်ကို ကိုင်ထားပါတယ်။

“ကြည့်ရတာ သာမန်လူတွေမဟုတ်ဘူးပဲ။” ပင့်ကူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ပါစီဗယ်က အသင့်ပြင်ထားပြီးသားဖြစ်နေပြီးတော့ သူ့နောက်မှာ တော်မီမောင်းပြန်သေနတ်တွေ ကိုင်ထားတဲ့တပ်ဖွဲ့တစ်ဖွဲ့ပေါ်လာပြီး နှစ်တန်းစီရပ် လိုက်တယ်။

“လုံလောက်ပြီ... ပစ်ကြ။”

ဒိုင်း.... ဒိုင်း... ဒိုင်း...

ခေတ်ဟောင်းမောင်းပြန်သေနတ်တွေရဲ့ပြောင်းဝက မီးခိုးတွေအူထွက်လာပြီး ကျည်ဆန်ပေါင်းများစွာက ပင့်ကူအမျိုးသမီးဆီ ဦးတည်သွားတယ်။ ပင့်ကူအမျိုးသမီးလက်ထဲက ကပ်ကြေးက လူတစ်ရပ်စာလောက်အထိကျယ်ပြန့်လာပြီး ဒိုင်းလိုကာထားလိုက်ပါတယ်။

“နင့်တို့ကို မှတ်ထားမယ်။” အဲဒီနောက်တော့ ပင့်ကူက ဆက်မတိုက်တော့ဘဲ အမြင့်ကြီး ခုန်တက်လိုက်ပြီး ပျောက်ကွယ်သွားလေရဲ့။

...

ကျွန်မကတော့ ရိုစယ်လီယာကို ပြန်ပြီးတော့ ကြည့်လိုက်တယ်။ ရိုစယ်လီယာက ထော့နဲ့နဲ့ဖြစ်နေပေမဲ့ ဆိုင်ကယ်ဆီကို ပြန်လျှောက်လာပြီး ပြန်ထူလိုက်တယ်။ ကျွန်မ သူ့အနားကိုကပ်သွားတော့ သူကကျွန်မကို ပြန်မကြည့်ဘဲ ပြောလိုက်လေရဲ့။

“နင်တို့အကူအညီကို ငါမလိုချင်ဘူး....”

ဒါပေမဲ့ ကျွန်မကတော့ ခေါင်းခါလိုက်ပြီးတော့ သူဆိုင်ကယ်ပေါ်ကို ပြန်မတက်နိုင်အောင်လို့ ဆိုင်ကယ်ကို ဖမ်းဆွဲထားလိုက်ရင်း ပြောလိုက်တယ်။

“ ရှင်ဒဏ်ရာရထားတယ်။ အမြန်ဆုံး ကုသမှဖြစ်မှာ။”

ကျွန်မက ရိုစယ်လီယာရဲ့တစ်ကိုယ်လုံးကို ကျင့်သားရနေတဲ့မျက်လုံးတွေနဲ့ အလုံးစုံအကဲဖြတ်ပြီး ပြောလိုက်တာ။ ရိုစယ်လီယာရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြတ်ရှရာတချို့ရှိနေပြီး စီးကျတဲ့သွေးတွေက မည်းနက်နေတယ်။ အဆိပ်တောင်ဖြစ်နိုင်သေးတယ်။

“​ ပြီးတော့ ဒီဆိုင်ကယ်နဲ့ ခင်ဗျားဘယ်ကိုမှ ရောက်မှာမဟုတ်ဘူး။ မဒမ်မူဆဲရိုစယ်လီယာ။ နောက်ဘီးအုံက ကျွတ်ထွက်နေပြီ။”

ပါစီဗယ်က ဆိုင်ကယ်ကို ငုံကြည့်စစ်ဆေးရင်းနဲ့ ပြောလိုက်တယ်။ ဒီတော့မှ ရိုစယ်လီယာက သက်ပြင်းချလိုက်တယ်။

...

“ဒီတော့... နင်ကလည်း AC&Bကို လိုက်နေတာပေါ့။”

မော်လီရဲ့စာအုပ်ဆိုင်ကို ပြန်ရောက်လာတော့ ည ၁၂ နာရီထိုးလုနီးနေပြီ။ ကျွန်မက ရိုစယ်လီယာရဲ့ဒဏ်ရာတွေထဲ ဆေးထည့်ပေးပြီး ချုပ်လို့ရတဲ့ဒဏ်ရာတွေကိုချုပ်ပေး၊ ပက်တီးစည်းပေးနေတာ။ ဒီမိန်းကလေးက ဆေးရုံကို သွားဖို့အတွက်တောင် စိတ်ကူးထဲရှိပုံမရဘူးလေ။

“ငါဒီမှာ အကြာကြီးဆက်နေလို့မဖြစ်ဘူး။ အဲဒီအပ်ချုပ်ဆိုင်ကို ရှာမှဖြစ်မယ်။”

ဒေါင်... ဒေါင်... ဒေါင်....

ရုတ်တရက် စာအုပ်ဆိုင်နံရံမှာကပ်ထားတဲ့ ချိန်သီးနာရီ မြည်လာတယ်။

ရိုစယ်လီယာက ထွက်သွားဖို့ ကြိုးစားလိုက်တော့ ထိုင်ခုံမှာ ထိုင်နေပြီး အနက်ရောင်လိပ်စာကတ်ကို လေ့လာနေတဲ့ မော်လီက တစ်ချက်ရယ်မောရင်း

“အဲဒီလိုသာဆိုရင်တော့ နောက်ကျသွားပြီလို့ နင့်ကိုပြောပါရစေ။”

မော်လီက ကျွန်မ၊ ပါစီဗယ်နဲ့ ရိုစယ်လီယာတို့ သုံးယောက်လုံးမြင်စေဖို့ ကတ်ပြားကို ထောင်ပြလိုက်တယ်။ လိပ်စာကတ်ပေါ်မှာ ရှိနေတဲ့စာသားတွေအားလုံး ပျောက်ကွယ်သွားပြီ။ ဘယ်တုန်းကမှ မရှိတော့တဲ့အတိုင်းပဲ။

မော်လီကိုင်ထားတဲ့ကတ်က ရိုစယ်လီယာရဲ့ကတ်ပါ။ ဒါကြောင့်ကျွန်မလည်း ကျွန်မရထားတဲ့လိပ်စာကတ်ကို ထုတ်ကြည့်လိုက်ပါတယ်။

“မဟုတ်တာ....” ကျွန်မရဲ့လိပ်စာကတ်မှာလည်း ဘာစာမှ ရှိမနေတော့ဘူး။

“ကြည့်ရတာ AC&Bဆိုတဲ့ အဖွဲ့အစည်းက တော်တော်လေး ဉာဏ်ပြေးတဲ့ပုံပဲ။ သူတို့က လိပ်စာကတ်တွေပေးပေမဲ့ အချိန်ကာလတစ်ခုထိပဲ အသုံးဝင်တာ။”

ဒီတော့ ကျွန်မက ခေါင်းခါလိုက်ပြီး လိပ်စာကတ်ထဲမှာ ရှိခဲ့ဖူးတဲ့လိပ်စာကို ပြန်စဥ်းစားပေမဲ့ တစ်ခုမှ မမှတ်မိတော့ဘူး။ ရောက်သွားတဲ့လမ်းကိုတော့ မှတ်မိသေးပေမဲ့ ခြံအမှတ်ကိုစဥ်းစားမရတော့တာ။

“အထွတ်အမြတ်အဆင့် စိတ်လှည့်စားမှော်ပညာ တစ်ခုကို အသုံးပြုထားတဲ့ပုံပဲ။ လိပ်စာကတ်တွေက လိပ်စာနံပါတ်ပျောက်သွားရင် လူတွေလည်း လိပ်စာကို မှတ်မိတော့မှာမဟုတ်ဘူး။ တကယ်လို့ မှတ်မိရင်လည်း အလကားပဲ။ သူတို့က နေရာပြောင်းပြီးလောက်ပြီ။”

ကျွန်မ စိတ်ဓာတ်ကျသွားတယ်။ ရိုစယ်လီယာကို ကြည့်လိုက်တော့ သူလည်းသက်ပြင်းချလိုက်တယ်။ နောက်တော့ ကျွန်မသူပြောတဲ့စကားတစ်ခွန်းကို ပြန်အမှတ်ရလာပြီးတော့ မေးလိုက်မိတော့တာ။

“ဒါနဲ့၊ ရိုစယ်လီယာ။ နင်က ဘန်နီမျက်လှည့်ပစ္စည်းဆိုင်ကို ရှာနေတာမဟုတ်ဘူးလား။”

ကျွန်မမေးလိုက်တော့ သူကခေါင်းခါပြတယ်။ “ငါရှာနေတာက အလင့်အပ်ချုပ်ဆိုင်ပဲ။ ငါသိတဲ့ လူတစ်ယောက်အသက်အတွက် အဲဒါက သိပ်ကိုအရေးကြီးနေတယ်။”

ရိုစယ်လီယာက ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်စီး ဦးထုပ်ကို ကောက်ကိုင်လိုက်ပါတယ်။ သူ့ကြည့်ရတာ အလျင်လိုနေသလိုပဲ။

“ငါတို့က မျက်လှည့်ပစ္စည်းဆိုင်ကို ရှာနေတာလေ။ ဒါပေမဲ့ AC&Bချင်း တူတယ်ဆိုတော့ အတူရှာရင် မကောင်းဘူးလား။”

ကျွန်မက ကမ်းလှမ်းလိုက်တော့ ရိုစယ်လီယာက ကျွန်မကို ဒေါသနဲ့ကြည့်လိုက်တယ်။ အဲဒီနောက် နှုတ်ခမ်းကို ကိုက်လိုက်ပြီး

“ နင်က ငါ့ဆီနိတ်တာတစ်ယောက်ကို သတ်ခဲ့တယ်။ အမှောင်ကျောင်းတော်ကြောင့် မြေကျခဲ့တဲ့ ငါ့အဖွားသွေးတွေ မခြောက်သေးဘူး။ ပြီးတော့ ငါကိုယ်တိုင်လည်း နင်တို့ကို ဒုက္ခပေးခဲ့သေးတယ်မဟုတ်လား။”

နောက်တော့ ရိုစယ်လီယာက ကျွန်မတို့ကို မစောင့်ဘဲ အခန်းထဲကနေ တကယ်ထွက်ခွာသွားခဲ့တယ်။ ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ရိုစယ်လီယာက သူ့ဆိုင်ကယ်ကို ပြင်ပေးနေတဲ့ ပါစီဗယ်ရဲ့ အင်ဂျင်နီယာ တပ်သားနှစ်​ယောက်ကို နှင်ထုတ်ပြီး ဆိုင်ကယ်ပေါ် တက်သွားပြီ။

“ဘာလို့ သူကအမြဲတမ်း အခုလိုခေါင်းမာနေရတာလဲ။”

ကျွန်မ နားမလည်နိုင်တော့ဘူး။ နောက်တော့ လူနာတွေအတွက် တွေးပူမိပြီး ဖြစ်ခဲ့သမျှကို ပြန်စဥ်းစားဖြစ်ပါတယ်။ အချိန်တစ်ခုကြာတိုင်း သွေးတွေလျော့သွားတဲ့လက္ခဏာကို တကယ်တော့ ကျွန်မရင်းနှီးတယ်။ ကျိန်စာတစ်ခုပဲ။ အိုလီရာနာတောင် ကျွန်မကိုယ်ပေါ်မှာ တစ်ခုထားထားသေးတယ်။

“လိပ်စာကတ်ရမှ သူတို့ကိုရှာနိုင်မှာဆိုတော့ လိပ်စာကတ်ထပ်ရအောင် ကြိုးစားရမှာပေါ့။ အကောင်းဆုံးနည်းလမ်းကတော့ အရင်တစ်ခါ ရခဲ့တဲ့နည်းအတိုင်း ကြိုးစားရမှာပဲ။”

ကျွန်မက အခုလိုပြောလိုက်တော့ ပါစီဗယ်က ကျွန်မကို မော့ကြည့်လိုက်ရင်း... “မဟုတ်မှလွဲရော ပါရီမြို့ထဲက စားသောက်ဆိုင်တွေအကုန်လုံးမှာ လိုက်စားမလို့တော့ မဟုတ်ဘူးလား။”

“အွန်း...” ကျွန်မက ခေါင်းညိတ်ပြလိုက်တော့ ပါစီဗယ်က ကျွန်မကိုဒူးဖက် တောင်းပန်တော့တာပဲ။

“မဒမ်မူဆဲဆယ်ဗီ၊ အခုက ကျွန်တော်တို့ကို ပိုက်ဆံရှင်းပေးမယ့် နက်ဆန်ရှိတာမဟုတ်ဘူးလေ။ အခန်းခရှင်းစရာမရှိရင် နှစ်ယောက်လုံး လမ်းပေါ်မှာ အိပ်ရမှာနော်။”

ကျွန်မကတော့ မော်လီကို လက်ညိုးထိုးပြရင်း “ဒီမှာ စာအုပ်ဆိုင်ပိုင်ရှင်ကြီး တစ်ယောက်လုံး ရှိနေတာပဲဥစ္စာ။”

မော်လီက စိတ်ပျက်သွားဟန်နဲ့ မျက်မှန်ကို မျက်နှာနဲ့ ခဏခွာထုတ်လိုက်ရင်း မျက်မှန်မှန်ဘီလူးကို အဝတ်စနဲ့ သုတ်တယ်။ ပြီးတဲ့နောက်...

“AC&Bကို စုံစမ်းဖို့က ဆီနိတ်တာ ဆယ်ဗီရဲ့အကြံပဲ။ ဒါကြောင့် ကိုယ့်ရံပုံငွေနဲ့ကိုယ် ကြိုးစားသင့်တယ်။ တခြားအဖွဲ့ခွဲဆီမှာ အပူကပ်နေတာမျိုး မဖြစ်သင့်ဘူး။ ဒါနဲ့နင်တို့တွေ အိမ်မပြန်ကြသေးဘူးလား။”

ကျွန်မ ဘာပြောရမှန်းမသိတော့ဘူး။ ဒီအဒေါ်ကြီးက နည်းနည်းလေးမှ ကူညီချင်စိတ်ရှိမနေဘူး။

...

ဒီလိုနဲ့ကျွန်မတို့တွေ အဆောင်ပြန်လာဖြစ်ပါတယ်။ ဒါပေမဲ့ အဆောင်ရှေ့ကိုရောက်တော့ တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့တံခါးပေါ်မှာ ကပ်ထားတဲ့ ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်၊ တရုတ်၊ မြန်မာ စုစုပေါင်း ငါးဘာသာနဲ့ ရေးထားတဲ့ ပိုစတာကိုဖတ်မိလိုက်တယ်။

[အဆောင်စည်းကမ်းနံပါတ်တစ်၊ ညဆယ့်နှစ်နာရီကျော်မှ ပြန်လာလျှင် တံခါးဖွင့်မပေးပါ။]

“နင့် ပါးစပ်ပုပ်ကြီးနဲ့....” ဖတ်ပြီးတော့ အလိပ်လိုက် ထွက်လာတဲ့ ဒေါသတွေကို ကျွန်မ ပါစီဗယ်ပေါ် ပုံချမိတော့တာပဲ။

All Chapters