မင်္ဂလာဆောင်ဝတ်စုံ (၁)
Vol. 4 Ch. 183
“ကြက်သွန်နီစွပ်ပြုတ်နဲ့ ကဏန်းပေါင်မုန့် ဆန်းဝှစ်ရပါပြီရှင့်။”
စားပွဲထိုးကောင်မလေးက ကျွန်မနဲ့ပါစီဗယ်ကို စိုးထိတ် နေသလိုမျိုးကြည့်ရင်း ဟင်းပွဲတွေကိုချပေးပါတယ်။ ကျွန်မကြည့်လိုက်တော့ ကြက်သွန်နီစွပ်ပြုတ်က မော်လီချက်တာနဲ့နည်းနည်းကွဲပြီး ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး။ ပြင်သစ်ပေါင်မုန့်ရှည်ကို လှီးပြီးတော့နှစ်ပိုင်း ထည့်ထားပေးသေးတယ်။ ကဏန်းပေါင်မုန့်ကတော့ အင်း.... ကဏန်းသားဆန်းဝှစ်ပဲလေ။ ပေါင်မုန့်ပုံစံက ကဏန်းခွံနဲ့တူနေတာက လွဲရင်ပေါ့။
“အိုဟိုဟိုး... စားလို့ကောင်းမယ့်ပုံလေးတွေ။” ကျွန်မ ခက်ရင်းကိုကောက်ကိုင်ပြီး ကဏန်းပေါင်မုန့်ရဲ့အလယ် တည့်တည့်မှာထိုးစိုက်ချလိုက်တယ်။ ပြီးတဲ့နောက်တော့ ဘေးတစ်ဖက်ကနေ တစ်ဝကြီးကိုက်လိုက်ပြီး အရသာခံကြည့်တာပေါ့။
“ကဏန်းသားမွမွလေးက အသက်ပဲ။”
ပါစီဗယ်ကတော့ ကျွန်မကို ပျင်းရိစွာနဲ့ကြည့်နေရင်း အခုလိုမျိုး စကားစလာတယ်။ “မဒမ်မူဆဲဆယ်ဗီ၊ ပြောချင်လို့ပြောတာမဟုတ်ပေမဲ့ အခုက ကျွန်တော်တို့ နေ့လယ်စာစားတဲ့ ခြောက်ဆိုင်မြောက်ဆိုင်နော်။ မနက်စာကိုလည်း ဆိုင်ရှစ်ဆိုင်ပတ်စားထားသေးတယ်။ နောက်နေ့ စားစရာမရှိတော့ရင် ဘယ်လိုလုပ်မလဲ။”
ကျွန်မကတော့ သူ့စကားတွေကို နားမထောင်ဘဲ ဘယ်ဘက်နားကဝင်ရင် ညာဖက်နားကနေ ထုတ်ပစ်လိုက်တယ်။
နောက်တော့ ဖုန်းကနေ မက်ဆေ့ဝင်လတာနဲ့ ဖွင့်ကြည့်တော့ ဆေးရုံကနေဆက်တာ။ ဒါပေါ့၊ လူနာတွေအတွက် ဒီကိစ္စကို စုံစမ်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကတည်းက အလုပ်သွားဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဖုန်းက မက်ဆေ့ဂျာကိုပိတ်ပြီး ဖေ့ဘုတ်စ်ထဲဝင်မိတော့ စစချင်းပေါ်လာတဲ့ ပို့စ်ကြောင့် ကျွန်မအံ့ဩသွားတယ်။ တစ်ခါမှ Follow မလုပ်ဖူးတဲ့ ပါရီခရီးသွားဆောင်းပါးတွေတင်တဲ့ Pageတစ်ခုကနေ တင်ထားတာပါ။
[ပါရီမြို့အနှံမှာ မြင်နေရတဲ့စုံတွဲ။ တစ်ရက်တည်းနဲ့ ပါရီမြို့က စားသောက်ဆိုင်တွေအကုန်လုံးကို ရီဗျူး ပေးမလို့လား။]
ခေါင်းစဥ်ကတော့ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ တွဲတင်ထားတဲ့ပုံက ကျွန်မနဲ့ပါစီဗယ်ရဲ့ပုံကြီး။ အဲ၊ ပါစီဗယ်ရဲ့မျက်နှာက သဘာဝအတိုင်းမဟုတ်သလို ဝါးနေပြီး အဖြူအမည်းပုံလိုဖြစ်နေပေမဲ့ပေါ့။
“ဒါကြောင့် ခုနက စားပွဲထိုးမလေး ငါတို့ကို ကြောက်နေတာကိုး။ စားသောက်ဆိုင်တွေကို ရီဗျူးပေးတဲ့ လျှာကဝေတွေလို့ ထင်သွားတာနေမှာ။”
စားလို့ပြီးသွားတော့ ဆိုင်ထဲကနေ ပိုက်ဆံရှင်းပြီး ထွက်လာခဲ့တယ်။ ပိုက်ဆံအိတ်ကတော့ ခပ်ပါးပါးပဲ ရှိတော့တာ။ ဆိုင်ပေါင်းများစွာ ပတ်စားထားပြီး ဖြစ်ပေမဲ့ အခုထိ မျက်လှည့်ပြတတ်တဲ့ ယုန်မလေးကို ကျွန်မတို့မတွေ့ရသေးဘူး။
“ဒီတော့ နောက်သွားရမယ့်ဆိုင်က....” ကျွန်မ ဖုန်းထဲကနေတစ်ဆင့် မသွားရသေးတဲ့ဆိုင်ရှိမရှိ စစ်ကြည့်လိုက်တယ်။
ပါစီဗယ်ကတော့ ကျွန်မကို ကြောက်လန့်တကြားနဲ့ တားဆီးဖို့ လုပ်တော့တာပဲ။ “ဆယ်ဗီ၊ ဒီလောက် အများကြီးစားနေရင် ဗိုက်ပေါက်ထွက်လိမ့်မယ်နော်။ အအေးတစ်ခွက်လောက်ပဲမှာပြီး ထိုင်စောင့်တာမျိုး လုပ်ရအောင်။ ဒါမှမဟုတ်လည်း အပြင်ကနေပဲ ချောင်းကြည့်ကြမယ်လေ။”
သူက ကျွန်မကို ကောင်းစေချင်လို့ အကြံပေးနေတာ ဖြစ်ပေမဲ့ ဒါကိုကြားတော့ မျက်နှာကိုအလိုလို မဲ့လိုက်မိရော။
“ဒါပေမဲ့ ဆိုင်တွေက မီနူးကိုမြင်ရင် အလိုလို ဗိုက်ဆာလာရော။”
“......”
“နောက်ထပ် ပါရီမြို့မှာ လိုက်စစ်ကြည့်ဖို့အတွက် ဆိုင်ပေါင်းလေးသောင်းကျော်ကျန်သေးတယ်။ ချီတက်ကြစို့....”
ကျွန်မ ပါစီဗယ်ကို စကားစဖြတ်လိုက်ပြီးတော့ အနီးအနားမှာရှိနေတဲ့ နောက်ဆိုင်တစ်ဆိုင်ဆီ ဆက်သွားပါတယ်။
ဒါပေမဲ့ လမ်းတစ်ဝက်မှာပဲ ကျွန်မခြေလှမ်းတွေကို ရပ်လိုက်ပြီး လမ်းမဘေးကို ကြည့်လိုက်မိပါတယ်။ ပန်းခြံငယ်တစ်ခုနားက ခုံတန်းရှည်မှာ ရွှေရောင်ဆံပင် အနီရောင်အနားသတ်နဲ့ မိန်းကလေးတစ်ယောက် ထိုင်နေပြီးတော့ လက်ထဲမှာ ဖုန်းကိုကိုင်ထားတယ်။ သူ့ပုံစံက တော်တော်စိတ်ဓာတ်ကျနေတဲ့ပုံပဲ။
“ရို့စယ်လီယာ.... နင်အဲဒီဆိုင်ကို ရှာမတွေ့သေးဘူးလား။”
ကျွန်မက အနားကပ်ပြီး မေးလိုက်တော့ သူက မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေမှာ မျက်ရည်တွေဝိုင်းနေပြီး တကယ်ငိုနေခဲ့ပုံပါပဲ။
“မဒမ်မူဆဲဆယ်ဗီ၊ ဒီကလေးမလိုမျိုး ခေါင်းမာပြီး တခြားသူတွေရဲ့စေတနာကို နားမလည်တဲ့သူမျိုးကို လစ်လျူရှုထားရင် ပိုမကောင်းဘူးလား။”
ပါစီဗယ်က ကျွန်မနားကိုကပ်လာပြီး အကြံပေးပေမဲ့ သူ့အကြံကို မြန်မြန်ဆန်ဆန်ပဲ ခေါင်းထဲကနေ ထုတ်ပြီး ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်လိုက်မိပါတယ်။ ဒီနေရာက မြို့ထဲက ပန်းခြံလေးတစ်ခုဆိုပေမဲ့ အအေးစက်တစ်လုံး အနားမှာရှိနေပါတယ်။
ဒါကြောင့် ပိုက်ဆံအိတ်ထဲကနေ အကြွေစေ့တချို့နှိုက် စက်ထဲထည့်လိုက်ပြီးတော့ အိုင်းယွန်းဓာတ်ဖြည့် အချိုရည်နှစ်ပုလင်း ဝယ်လိုက်ပါတယ်။
“ရော့... ငိုထားရင် ရေဓာတ်ခမ်းခြောက်တတ်တယ်တဲ့။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်အောင် ရေဓာတ် အားဖြည့်ပေးရတယ်။”
ကျွန်မ ရိုစယ်လီယာကို အအေးဘူးကမ်းပေးလိုက်ရင်း သူ့ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ သူကိုင်ထားတဲ့ ဖုန်းကို အမှတ်မထင်ကြည့်လိုက်မိတော့ စုံတွဲတစ်တွဲနဲ့ ရိုစယ်လီယာ အတူတွဲရိုက်ထားတဲ့ ပုံတစ်ပုံဖြစ်နေတာ သတိထားမိလိုက်ပါတယ်။
“ရင်းနှီးတဲ့သူတွေလား...”
“အင်း....”
“ သူတို့အတွက် စိတ်ပူနေတာလား...”
“အင်း...”
ကြည့်ရတာ တိုးတက်မှုတချို့ရှိပုံပဲ။ မနေ့ညတုန်းက သူက ကျွန်မတို့ကို ခါးခါးသီးသီး ငြင်းဆန်နေခဲ့တာ။ ကျွန်မအအေးပုလင်းအဖုံးကို ဖွင့်လိုက်ပြီးတော့ တစ်ငုံသောက်လိုက်တယ်။ အရင်ကဖြစ်ခဲ့တာတွေကို ပြန်စဥ်းစားမိပြီးတဲ့နောက် ကျွန်မသက်ပြင်းချမိတယ်။
“ကျွန်မ ရှင့်အဖွားအတွက် စိတ်မကောင်းပါဘူး။ အဲဒီတုန်းက မရည်ရွယ်ဘဲ ဖြစ်သွားခဲ့တာလေ။ နက်ဆန်က ကျွန်မကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတဲ့သူမလို့။ ကျွန်မကို တိုက်ခိုက်လာတဲ့ ဘယ်သူ့ကိုမဆို ပြန်ပြီးတိုက်ခိုက်ဖို့အတွက် အသင့်ဖြစ်နေခဲ့တာမလို့။”
ကျွန်မ သူ့အဖွားအကြောင်း စကားစလိုက်တော့ ဒီငယ်ရွယ်သေးတဲ့မိန်းကလေးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ပြန်စငိုတော့တာပါပဲ။
“ကျွန်မသိတယ်... သိတယ်ဆိုပေမဲ့လို့... ကျွန်မထက် အသက်ပိုရှည်သင့်တဲ့အဖွားက ကျွန်မထက်အရင် ပျောက်ကွယ်သွားတာကို လက်မခံနိုင်ခဲ့ဘူး....”
အဲဒီတုန်းက ကိစ္စတွေကို ကျွန်မသေချာ မှတ်မိနေဆဲပဲ။ ဘာကြောင့် ရိုစယ်လီယာရဲ့အဖွားက ကျွန်မတို့ကို တိုက်ခိုက်ခဲ့တာလဲဆိုတာနဲ့ ရည်ရွယ်ချက်ကိုရောပဲ။
“ရိုစယ်လီယာ... လေဒီမာဂါရီတာက ရှင့်အတွက် တစ်ကိုယ်ကောင်းဆန်ခဲ့မိတာပါ။”
ဒီစကားကိုကြားတော့ ရိုစယ်လီယာက ကျွန်မကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။ သူ့ပုံစံက ပါးစပ်အဟောင်းသား။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ရှိနေခဲ့တဲ့ တွန်းအားတစ်ခုက ရင်ထဲကစကားတွေကို ထုတ်ပြောဖို့ အားအင်တွေပေးနေတယ်။
“လေဒီမာဂါရီတာက တခြားသူတွေလိုပဲ ရှင်သူ့ထက်အရင် သေဆုံးသွားမှာကို မမြင်ချင်ခဲ့တာ။ အတိတ်မှာပဲ အမြဲရှိနေမယ့်သူ့ကို ရှင်ဒီထက်ပိုပြီး မတွယ်တာအောင် လုပ်ချင်ခဲ့တာ။”
ထာဝရရှင်သန်ရခြင်းရဲ့ကျိန်စာကို အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ကျွန်မက နားမလည်သင့်ပေမဲ့ ကိုယ်တိုင် ခံစားခဲ့ရဖူးသူလိုမျိုး ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားလာရပါတယ်။
“လူသားတွေက သေမျိုးတွေပဲ။ ဒါကြောင့် အတိတ်ကို အတိတ်မှာချန်ထားခဲ့ပြီး ပိုကောင်းတဲ့အနာဂတ်ဆီကို ချီတက်သင့်တယ်။ ရိုစယ်လီယာ... ငါအရင်က နင့်ကို မကောင်းတာတစ်ခုခုလုပ်ခဲ့ကောင်းလုပ်ခဲ့နိုင်တယ်။ ဒါပေမဲ့အခုတော့ နင်ချစ်တဲ့သူတွေကို ကာကွယ်ဖို့ ပူးပေါင်းသင့်တယ်လို့ မထင်ဘူးလား။”
ရိုစယ်လီယာက ခေါင်းငိုက်စိုက်ကျသွားတယ်။ ကျွန်မ ထင်တာတော့ သူ့ပုံစံက ခံစားချက်တွေနဲ့ရောထွေးနေတဲ့ အတွေးတွေကြောင့် စိတ်ရှုပ်နေခဲ့ပုံပဲ။ တဒင်္ဂကြာပြီးတဲ့ နောက်မှာတော့ သူပြုံးလိုက်တယ်။
“အဲဒီလိုလား... အဲဒီလိုဖြစ်ခဲ့တာပေါ့....” သူက ကျွန်မကို ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးတွေက သက်တံရောင် တောက်ပလို့နေတယ်။ နောက်တော့ သူက....
“ဆယ်ဗီ... ရှင့်ကိုယ်ထဲက နတ်ဘုရားကို ကျွန်မတို့က လှုပ်နှိုးသလို ဖြစ်ခဲ့တာလား....”
“အင်း....” ဆီနိတ်တာအကြောင်း သူပြောနေတယ်လို့ ကျွန်မတွေးလိုက်မိပြီး ခေါင်းညိတ်ပြတော့...
“နားလည်ပြီ... နောက်ဆုံးတော့ ပြဿနာတွေအားလုံး ကျွန်မကြောင့်ဖြစ်ခဲ့တာတွေချည်းပဲပေါ့။ အဖွားသေခဲ့တာရော... မီးလျှံကျောင်းတော် အားနည်းသွားတာတွေရောက....”
ကျွန်မသူနဲ့ စကားနည်းနည်းပြောမိရုံနဲ့ ခေါင်းမာတဲ့ ဒီမိန်းကလေးက ဒီလောက်ထိ စိတ်ပြောင်းသွားမယ်။ မထင်ခဲ့မိဘူး။
“ဒါပေမဲ့... အဲဒီအတွက် ကျွန်မရှင်တို့ကို ခွင့်လွှတ်လိုက်ပြီလို့မထင်နဲ့....”
မိန်းကလေးက သူ့မျက်ရည်တွေကို ဖယ်ရှားလိုက်တယ်။ သူ့ပုံစံက အများကြီးပေါ့ပါး သွားသလိုပါပဲ။
“ငါတို့က နင့်ရန်သူတွေမဟုတ်ဘူးဆိုတာကို အလုပ်နဲ့ သက်သေပြရတာပေါ့။” ကျွန်မလည်း သူ့ကိုပြန်ပြီးတော့ ပြုံးပြလိုက်ပါတယ်။
....
ကျွန်မနဲ့ရိုစယ်လီယာတို့ ပူးပေါင်းပြီးတော့ AC&Bကို ရှာဖို့အတွက် ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ရိုစယ်လီယာက ကျွန်မတို့ကို ပြစရာရှိတယ်လို့ပြောပြီး ဆိုင်ကယ်နဲ့လိုက်ခဲ့ဖို့ခေါ်ပါတယ်။
ဒီတော့ ကျွန်မက ပါစီဗယ်ကို အရိပ်ထဲဝင်ခိုင်းလိုက်ပြီး ကျွန်မကိုယ်တိုင်ကတော့ ဆိုင်ကယ်နောက်ကနေ ရိုစယ်လီယာခါးကိုဖက်ပြီး လိုက်ရပါတယ်။
ရိုစယ်လီယာကတော့ သူ့ဘက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
...
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက...
ရိုစယ်လီယာဟာ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက် အစောပိုင်း ကလေးမလေး ဖြစ်ခဲ့တာပေါ့။
ဆာဗွေနယ်စားမိသားစုက ရှေးရိုးဆန်ပြီးတော့ ရှေးသူကောင်းမျိုးမိန်းကလေးတွေရဲ့ထုံးတမ်းနဲ့ ရိုစယ်လီယာကို ပျိုးထောင်ချင်ခဲ့ပေမဲ့...
“အဟက်... ထုံးတမ်းစဥ်လာတွေက ဘာလုပ်ရမှာလဲ။”
ပိုပြီးငယ်ရွယ်သေးတဲ့ ရိုစယ်လီယာက စေးကရက်ကို လက်ကြားညှပ်ပြီး မီးခိုးတွေဖွာထုတ်လိုက်ရင်းနဲ့ ပြောလိုက်တယ်။ သူနဲ့အတူတူ အီမိုလိုလိုပန့်လိုလို ကောင်လေးတချို့လည်းရှိနေပြီး အားလုံးက လူပြတ်တဲ့ ကုန်းကျော်တံတားအောက်မှာ စတည်းချနေကြတာပါ။
လူငယ်တွေအရက်နည်းနည်းဝင်လာတော့ ခေါင်းဆောင်ဖြစ်တဲ့ကောင်လေးက သူ့ရှေ့မှာ ပိတ်ရပ်လိုက်တယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ရိုစယ်လီယာကို ပြေးပေါက်မရှိအောင် ဝိုင်းထား လိုက်ကြတာပေါ့။
“နင်တို့တွေ ဘာဖြစ်ချင်ကြပြန်ပြီလဲ ဟမ်... ဒီနေ့နင်တို့ပါတီအတွက် ငါဒကာခံထားတာနော်။”
ဒါပေမဲ့ အားလုံးက သူ့ကိုပြန်မဖြေကြဘဲ ရယ်မောနေကြပြီး ခေါင်းဆောင်ကောင်လေးက ရိုစယ်လီယာရဲ့သားရေဂျာကင်ကိုဆွဲဖယ်လိုက်တယ်။ အခုရိုစယ်လီယာ့မှာ ချိုင်းပြတ်တီရှပ်တစ်ထည်ပဲ အပေါ်မှာဝတ်လျက်သားရှိတော့တာ။
“ရိုစယ်လီယာ... ငါတို့ရည်းစားဖြစ်တာ ခြောက်လတောင်ရှိပြီလေ။ ငါတို့ဘာမှမဘာရသေးတာ။ မကောင်းဘူးမဟုတ်လား။”
ရိုစယ်လီယာက စေးကရက်ကို မြေပြင်ပေါ်ချလိုက်ရင်း ခြေနဲ့နင်းသတ်လိုက်ကာ ကောင်လေးကို ပြန်တွန်းထုတ်လိုက်ပါတယ်။
“ဟေး၊ ရီကို... နင်ကငါ့ကို အဲဒီအပေါစားမတွေလို ထင်နေတာလား။ ငါနင့်ကိုတွဲနေတာဆိုပေမဲ့ အခြေအနေကြည့်ဦးမှာနော်။ ဒီလိုအချိုးမပြေ...”
“အချိုးမပြေတော့ ဘာဖြစ်လဲ...”
ရိုစယ်လီယာ စကားမဆုံးသေးခင်မှာပဲ ကောင်လေးက ရိုစယ်လီယာ့လက်ကို လိမ်ထားလိုက်ပြီး နံရံနဲ့ကပ်တဲ့ အထိတွန်းထုတ်လိုက်တယ်။
“ငါမစောင့်နိုင်တော့ဘူး သောက်ကောင်မရ... နင့်ကိုငြီးငွေ့လာပြီ...”
“ဝေး... အဲဒီကောင်မလေးပေါ်ကနေ နင့်လက်ညစ်ပတ်ကြီးကို ဖယ်လိုက်...”
ရိုစယ်လီယာ ထိတ်လန့်လာတဲ့အချိန်မှာပဲ မိန်းမတစ်ယောက်ရဲ့ခပ်စာစာအသံကို ကြားလိုက်ရတယ်။ ရိုစယ်လီယာအပါအဝင် လူငယ်တွေ အသံလာရာကိုကြည့်လိုက်တော့ ကုန်းတံတားနားက လျှောဇောက်ပေါ်မှာ ပြိုင်ဘီးဆိုင်ကယ်တစ်စီးရပ်ထားပြီး မိန်းမတစ်ယောက် ဆင်းလာနေပါတယ်။
ကျောင်းယူနီဖောင်းစကပ်၊ ဖြစ်သလိုပတ်ထားတဲ့ နက်ကတိုင်နဲ့ ညစ်ပတ်နေတဲ့အဖြူရောင်ရှပ်အင်္ကျီ။ ပြီးတော့ ပခုံးပေါ်မှာလည်း ခရစ်ကတ်တုတ်ကြီးကို ထမ်းထားသေးတယ်။ ပါးစပ်ကနေ ပီကေကို ပူဖောင်းမှုတ်လို့။
“ပြီးတော့ ဟိုကောင်မလေး၊ နင့်ကိုကြည့်ရတာ အလယ်တန်းလောက်ပဲ ရှိဦးမယ့်ပုံပဲ။ တေလေဂျပိုးတွေနဲ့ အလေလိုက်မနေသင့်ဘူး။”
ကိုယ်တိုင်က အထန်းတန်းကျောင်းသူဝတ်စုံ ဝတ်ထားပြီး လူမိုက်ရုပ်ပေါက်နေတဲ့ မိန်းမက အခုလိုပြောလိုက်တဲ့အတွက် ရိုစယ်လီယာ အံ့ဩသွားတယ်။
“ဘယ်ကစော်ကြီးလဲ၊ ဒီနယ်က ငါတို့နယ်နော်။”
လူငယ်လူမိုက်တွေက ရိုစယ်လီယာကိုလွှတ်ပေးပြီး အဲဒီမိန်းကလေးကို လက်နက်မျိုးစုံနဲ့ ဝိုင်းထားပေမဲ့ မကြာခင်မှာပဲ မိန်းကလေးက လျှပ်စီးလက်သလိုမျိုး ပြေးဝင်လာတော့တာပဲ။
အား... အောင်မလေး... သေပါပြီဗျ... နောက်မမိုက်တော့ပါဘူးဗျ....
ကောင်လေးတွေဆီကနေ အော်သံဟစ်သံတွေ ထွက်လာပြီး အကုန်မှောက်ကုန်တယ်။ ခရစ်ကတ်တုတ်တဲ့မိန်းကလေးကတော့ ကြောက်လန့်နေတဲ့ရိုစယ်လီယာကို လက်ကနေဆွဲပြီး အပြင်ခေါ်ထုတ်လာတော့တာပေါ့။
“နောက်ဆိုရင် အဲဒီကောင်တွေနဲ့မပေါင်းနဲ့။ ခပ်မိုက်မိုက်ယောက်ျားလေးဆိုတဲ့ဟာတွေက တဏှာရူး အမှိုက်ကောင်တွေချည်းပဲ။”
အဲဒီနောက်တော့ ရိုစယ်လီယာတစ်ယောက် ဆိုင်ကယ်နဲ့ တစ်ကိုယ်တော်လူမိုက်မမကြီးရဲ့နောက်လိုက် ဖြစ်လာတော့တာပါပဲ။
....
“အယ်... ပြောရရင် သူက နင့်ရဲ့ဆရာလိုဖြစ်ခဲ့တာပေါ့။”
ရိုစယ်လီယာက စကားဆုံးတဲ့နောက် လမ်းကြားလေး တစ်ခုထဲကို လှည့်ဝင်လိုက်ပြီး ဆိုင်ကယ်အရှိန်ကို သတ်လိုက်ပါတယ်။
နောက်ဆုံးတော့ ကျွန်မနားလည်သွားပြီ။ နယ်စားမင်းသမီးတစ်ပါးဖြစ်တဲ့ ရိုစယ်လီယာက ဆိုင်ကယ်လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတာ အဲဒီမိန်းမကြောင့်ကိုး...
“လမ်းပေါ်ကလူတွေကတော့ သူ့ကို လိပ်ပြာနတ်ဆိုးမလို့ ခေါ်ကြတယ်လေ။ ဆိုင်ကယ်နောက်မီးကို လိပ်ပြာလိုဖြစ်အောင်ခါယမ်းပြီး မောင်းနိုင်လို့။”
“ဒါပေမဲ့ နင်တို့ရောက်မလာခင်တစ်နှစ်က ပါရီမြို့ကို ပြောင်းသွားပြီးတော့ ဒီကကျောင်းဆရာတစ်ယောက်နဲ့ ကြိုက်သွားတယ်။ အမှန်တော့ဒီနေ့က သူတို့အတွက် မင်္ဂလာဆောင်အခမ်းအနားကျင်းပတဲ့နေ့ ဖြစ်နေရမှာ။”
ရိုစယ်လီယာက သာမန်တိုက်ခန်းတစ်ခုရှေ့မှာ ဆိုင်ကယ်ကိုရပ်လိုက်ပြီး စနစ်တကျ ပါကင်ထိုးလိုက်တယ်။ နောက်တော့ ရှေ့ကနေဦးဆောင်ပြီး တိုက်ခန်းထဲကို ဝင်သွားတဲ့အတွက် နောက်ကနေလိုက်ရပါတယ်။
ဓာတ်လှေကားကနေ ပြန်ထွက်လာပြီးတဲ့နောက်မှာတော့ ရိုစယ်လီယာက အခန်းတစ်ခန်းရဲ့တံခါးကို ခေါက်လိုက်ပါတော့တယ်။ မကြာခင်မှာပဲ အခန်းတံခါး ပွင့်လာပါတယ်။
“ညီမလေးရို့စ်ပါလား... ရီတာက အခုလေးတင် နိုးလာတာ။”
သက်လတ်ပိုင်းလူကြီးတစ်ယောက်က ကျွန်မတို့ဖို့ တံခါးဖွင့်ပေးတယ်။ သူ့ပုံစံက ညပေါင်းများစွာ မအိပ်ထားသလိုပါပဲ။ ကျွန်မတို့ တိုက်ခန်းထဲကို ဝင်လိုက်တော့ တိုက်ခန်းက ဆယ်ပေသာသာလေးပဲ ကျယ်ဝန်းတာတွေ့ရတယ်။ တိုက်ခန်းနောက်မှာတော့ အိပ်ရာထဲ ပြိုလဲနေတဲ့အမျိုးသမီးတစ်ယောက်ရှိနေပြီး ကျွန်မမြင်ဖူးသမျှထဲမှာ အလှပဆုံးဖြစ်နိုင်တဲ့ မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။
ဒါပေမဲ့ အဲဒီမိန်းကလေးရဲ့မျက်နှာမှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်မျိုးလုံးဝရှိမနေဘူး။ အသက်ကို လုရှုနေရပြီး ကျွန်မတို့ကို မျက်တွင်းဟောက်ပက်နဲ့ ကြည့်လို့နေပါတယ်။ ကျွန်မအနီးကပ်ကြည့်တဲ့ အခါမှာတော့ မင်္ဂလာဆောင်ဝတ်စုံရဲ့ချည်ကြိုးတွေက သန်ကောင်တွေလိုမျိုးလှုပ်ရှားနေပြီး အဲဒီမိန်းကလေးရဲ့အရေပြားတွေထဲ စိုက်ဝင်လို့ နေပါတယ်။ အရေပြားအောက်မှာလည်း အဲဒီအပ်ချည်မျှင်တွေက လူးလွန့်သွားလာလို့။
“ဘ... ဘယ်လို.... ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးက ဖြစ်နိုင်ရတာလဲ။”
ကျွန်မ နားမလည်ခဲ့ဘူး။ နက်ဆန်နဲ့လိုက်ရင်းနဲ့ သဘာဝလွန်ဖြစ်ရပ်ပေါင်းများစွာကို ကြုံခဲ့ရပေမဲ့ ဒီလိုကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆန်းမျိုးကိုတော့ ပထမဆုံးမြင်ဖူးတာပါ။
“အဲဒါကြောင့် ဒီဝတ်စုံကို ရောင်းလိုက်တဲ့ဆိုင်ကို လိုက်ရှာဖို့ ငါကြိုးစားနေတာပဲ။” ရိုစယ်လီယာက စိုးရိမ်နေတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။