မဆင်မခြင် ပြုမူခြင်း
Vol. 216 Ch. 3262
ရှုလွေနဲ့ အခြားနှစ်ယောက်သည် ပူပန်ကြောင့်ကြမှုဖြင့် ရင်ထဲမှာ လောင်မြိုက်နေပြီဖြစ်၏။ သို့သော်လည်း ဤကဲ့သို့သော မြင်ကွင်းမှာ သူတို့တတ်နိုင်တာ ဘာမှမရှိပေ။
သူတို့က အရမ်းကို အားနည်းလွန်းနေ၏။ ဆူဇီမိုနှင့် တိုက်ခိုက်ရင်း မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး ထုတ်ဖော်လိုက်သည့် အော်ရာကပင် သူတို့သုံးယောက်ကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေနိုင်၏။
သူတို့သည် ကူညီပေးချင်သည်ဆိုလျှင်တောင် အနားကို ချဉ်းကပ်နိုင်မည် မဟုတ်ပေ။
မုံ့ရှစ်က သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ ရင်ထဲမှာ အမျက်ဒေါသက တလိပ်လိပ်ထိုးတက်လာ၏။ ရုတ်တရက် သူက အော်ပြောလိုက်၏။
“မဟာကောင်းကင်ဘုံသာလွန်သူတွေဆိုတာ ဒီလိုမျိုး အရှက်မဲ့တဲ့ ကောင်တွေလား… သူတို့တွေက တစ်ယောက်ချင်း မနိုင်တာနဲ့ပဲ တာအိုရောင်းရင်းဆူကို ဝိုင်းကိုက်ကြတော့မှာပဲ”
ရှုလွေနှင့် ချန်ချင်းဟယ်က မုံ့ရှစ်၏စကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။
အစက သူတို့ကို မည်သူကမှ အာရုံစိုက်မထားကြပေ။
သို့သော်လည်း မုံ့ရှစ်၏ စကားသည် အခြားသူများ၏ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်မိသွားပေလိမ့်မည်။
မုံ့ရှစ်ကလည်း ဤအချက်ကို သိရှိလိမ့်မည်ဟု သူတို့နှစ်ယောက်က ယုံကြည်သည်။
မုံ့ရှစ်က ကျိန်ဆဲလိုက်သည့် ခဏမှာပင် သူက သေမင်းနှုတ်ခမ်းဝကို ရောက်ရှိသွားပြီဖြစ်၏။
သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ကြ၏။
ရှုလွေနှင့် ချန်ချင်းဟယ်သည် မုံ့ရှစ်၏ စိတ်နေစရိုက်ကို သိရှိထားလေသည်။
သူက တဲ့တိုးဆန်ပြီး တစ်ခါတစ်ရံမှာ သူ၏ စကားများသည် နားကြားပြင်းကတ်စရာကောင်းလေသည်။ သို့သော်လည်း သူက တကယ့်ကို သစ္စာရှိလေသည်။
ထို့သို့ကြောင့် မဟုတ်လျှင် သူသည် ယခုအချိန်ထိ ကစဉ့်ကလျားနန်းတော်ကို ဖက်တွယ်ထားလိမ့်မည် မဟုတ်ပေ။
ကစဉ့်ကလျားနန်းတော်အပေါ် မျှော်လင့်ချက်ပါးပါးကလေးအပြင် အဓိကအကြောင်းရင်းမှာ သူသည် ရှုလွေနှင့် ချန်ချင်းဟယ်ကို မခွဲခွာနိုင်ဘဲ သူတို့နှင့်အတူ ဤလမ်းကြောင်းကို ဆက်လက်၍ လျှောက်လှမ်းလိုသောကြောင့်ဖြစ်သည်။
ထိုအခိုက်အတန့်မှာ မုံ့ရှစ်သည် ရှေ့သို့ထွက်ပြီး သူ့အသက်ကို ပဓာနမထားဘဲ မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးကို လှောင်ပြောင်စော်ကားပြောဆိုလိုက်ခြင်းသည် သူက ဆူဇီမိုကို အသိအမှတ်ပြုထားပြီဟု ဆိုလိုသည်။
မုံ့ရှစ်သည် ဆူဇီမိုကို ကူညီပေးနိုင်မည့် မည်သည့်နည်းလမ်းကိုမှ စဉ်းစားမရနိုင်ပေ။
သို့သော်လည်း ဆူဇီမိုသည် သူတို့နှင့် ကစဉ့်ကလျားနန်းတော်အတွက် တစ်ယောက်တည်း တိုက်ခိုက်ပေးနေသည်ကို သူက ဒီတိုင်းစောင့်ကြည့်မနေနိုင်ပေ။
သူက တစ်ခုခုကို လုပ်ရပေမည်။
သို့သော်လည်း သူ၏ အားနည်းသော ခွန်အားနှင့် သူက ဘာများလုပ်နိုင်မှာလဲ။
သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့အသက်နှင့်ရင်းပြီး လှောင်ပြောင်ထေ့ငေါ့ဖို့ပင် ဖြစ်လေသည်။
“ဟားဟားဟားဟား”
မုံ့ရှစ်က လှောင်ပြောင်သရော်နေသော အမူအရာဖြင့် သူ၏ ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။ သူက မဟာကောင်းကင်ဘုံသာလွန်သူနှစ်ဦးဖြစ်သည့် မဟူရာဆိတ်နှင့် ရွှေချပ်ဝတ်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။
“မဟာကောင်းကင်ဘုံသာလွန်သူတွေက တကယ့်ကို အရှက်မဲ့တဲ့ကောင်တွေပဲ… မင်းတို့မိဘတွေကိုယ်စား ငါဖြင့် ရှက်လိုက်ပါဘိ”
“မင်းတို့တွေက တာအိုရောင်းရင်းဆူကို မနိုင်ဘူးဆိုတာ သိနေရင်လည်း အသာတကြည်ဒူးထောက်ပြီး ကျုပ်တို့အသက်ကို ချမ်းသာပေးပါ ချမ်းသာပေးပါဆိုပြီး ဦးသုံးကြိမ်ချ တောင်းပန်လိုက်လေ”
မုံ့ရှစ်သည် မည်သည့်အရာကိုမှ ထောက်ထားခြင်းမရှိဘဲ အားရပါးရ လှောင်ပြောင်စော်ကားနေ၏။
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်သည် အမူအရာများ သုန်မှုန်လာပြီး သူတို့က မည်သည့်စကားကိုမှ မကြားရသကဲ့သို့ ပြုမူနေ၏။ တကယ်ဆို သူတို့သည် မုံ့ရှစ်ကို လုံးလုံးလျားလျား လျစ်လျူရှုထားလေသည်။
သူတို့နှစ်ယောက်သည် မတိုက်ခိုက်လိုသောကြောင့် မဟုတ်ပေ။
ထိုအစား စောစောက မြင်ကွင်းသည် သူတို့နှစ်ယောက်ကို တစ်ချိန်တည်းမှာ စိုးရိမ်ပူပန်မှု ခံစားရစေသောကြောင့်ဖြစ်၏။
သူတို့နှစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားများသည် ဆူဇီမိုကို သိသိသာသာ ထိခတ်သွားသော်လည်း ထိုသူက လုံးဝ ထိခိုက်ဒဏ်ရာမရရှိသည့်အလား အဲ့ဒါကို သတိထားမိသည့်ပုံပင်မပေါ်ပေ။
အမြုတေစိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ ဆူဇီမို၏ ခန္ဓာကိုယ်ထံမှာ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်က ကြောင်တိကြောင်တောင် ဖြစ်နေကြ၏။
သူတို့သည် မုံ့ရှစ်၏ စကားမှာ စိတ်တိုဒေါသထွက်နေသော်လည်း သူတို့က ဂရုစိုက်ဖို့ အာရုံမရပေ။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်အနေဖြင့် တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ပြီး သူတို့နှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့က တကယ်ပင် မလွယ်ကူတော့သည်ကို သူတို့နှစ်ယောက်က မသိရှိပေ။
သို့သော်လည်း သူ့အမြုတေစိတ်ဝိညာဉ်သည် အဆုံးမဲ့ အစိမ်းရောင်အလင်းများ လျှံထွက်နေသည့် ဖန်တီးခြင်းကြာခုံပေါ်မှာ ထိုင်နေပြီး သူ၏ ဘေးပတ်လည်မှာ မဖျက်ဆီးနိုင်သော အကာအရံအလွှာတစ်ခု ဖြစ်ပေါ်နေ၏။
ဖန်တီးခြင်းကြာခုံသည် အစကတည်းက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်လေသည်။
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ် မြင့်တက်လာသည်နှင့် ဖန်တီးခြင်းကြာခုံ၏ ခံစစ်ကလည်း တိုးမြင့်လာပေလိမ့်မည်။
သူတို့၏ အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားများသည် ဖန်တီးခြင်းကြာခုံကနေ စုဖွဲ့ထားသော ခံစစ်ကိုပင် မချိုးဖျက်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို လုံးဝထိခိုက်စေနိုင်မည် မဟုတ်ပေ။
ထိုအချိန်အတောအတွင်း ဆူဇီမို၏ တိုက်ခိုက်မှုများက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ လောကအတွင်း အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ၎င်းက အချိန်မရွေး လဲပြိုကျသွားနိုင်သည်။
မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်သည် မုံ့ရှစ်၏ လှောင်ပြောင်ရန်စမှုကို ဂရုစိုက်နေဖို့ အချိန်မရပေ။
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးသည် ဆူဇီမို၏ ရိုက်နှက်ခြင်း ခံနေရပြီးနောက် သူက အလွန်တရာ မချင့်မရဲဖြစ်လာကာ သူ၏ အမျက်ဒေါသများကို ဖွင့်ထုတ်စရာနေရာမရှိ ဖြစ်နေ၏။
မုံ့ရှစ်၏ စိတ်ရှုပ်စရာကောင်းသောစကား ထွက်ပေါ်လာသောအခါ သူက နောက်ဆုံးမှာ သူ၏အမျက်ဒေါသကို ဖွင့်ထုတ်နိုင်မည့် ထွက်လမ်းတစ်ခုကို ရှာတွေ့သွား၏။
“အသင်္ချေတောကောင်တောင်ကြောရိုးက သားရဲတို့… နားထောင်ကြ”
ရုတ်တရက် မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးက ခပ်စူးစူးအော်ပြောလိုက်၏။
“ကစဉ့်ကလျား နန်းတော်က လူတိုင်းကို သတ်ကြ”
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးသည် သူ၏အကန့်အသတ်အထိ တကယ်ပင် ဖိအားပေးခံထားရပြီဖြစ်၏။
ပထမတစ်ချက်၊ ထိုအမိန့်သည် မုံ့ရှစ်၏ ပါးစပ်ကို ပိတ်နိုင်မည်ဖြစ်သည်။
ဒုတိယအချက်၊ မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးသည် ဤအခြေအနေကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကိုလည်း တွေးမိသွားသောကြောင့်ဖြစ်၏။
ဆူဇီမိုသည် ကစဉ့်ကလျားနန်းတော်မှ လူသုံးထောင်ကျော်ကျော်ကို ဂရုစိုက်ပေးမည်ဆိုလျှင် သူ့မှာ မှီခိုအားထားစရာ တခြားမည်သူမှမရှိသောကြောင့် သူသည် တစ်ဖက်သို့လှည့်ပြီး သူတို့ကို ကယ်တင်ပေးရမည်။
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးကတော့ သူသည် အသက်ရှူခွင့်ရပြီး ထွက်ပြေးတိမ်းရှောင်နိုင်မည်ဖြစ်၏။
သူက ခဏမျှအနားယူပြီးနောက် မဟာကောင်းကင်ဘုံသာလွန်သူ မဟူရာဆိတ်နှင့် မဟာကောင်းကင်ဘုံသာလွန်သူ ရွှေချပ်ဝတ်တို့နှင့် အတူပူးပေါင်းကာ ဆူဇီမိုကို ပြန်လည်သတ်ဖြတ်နိုင်မည်ဖြစ်၏။
မုံ့ရှစ်၏ အော်ဟစ်သံများက ရပ်တန့်မသွားပေ။
သူ၏ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှာပင် သူက ဤရလဒ်ကို တွေးမိထားပြီးသားဖြစ်၏။
“တာအိုရောင်းရင်းဆူ… ကျုပ်တို့ကို စိုးရိမ်မနေနဲ့… ခင်ဗျား အဲ့ဒီတောခွေးကို သတ်နိုင်ရင် ကျုပ်တို့ နောင်တမရှိဘဲ သေနိုင်ပြီ”
မုံ့ရှစ်က အော်ပြောလိုက်၏။
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ အမိန့်အောက်မှာ အသင်္ချေတောကောင်တောင်ကြောရိုးမှ သားရဲများက စိတ်လှုပ်ရှားလာပြီး ကြမ်းကြုတ်ခက်ထန်သော အကြည့်များနှင့်အတူ အသင်္ချေတောကောင်ခန်းမ၏ အပျက်အစီးပုံများဘေးရှိ ကစဉ့်ကလျားနန်းတော်မှ လူတိုင်းကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေကြ၏။
ထိုစဉ်မှာပင် ဆူဇီမိုက မိုးကြိုးထစ်ချုန်းအသံဖြင့် ရုတ်တရက် ဟိန်းဟောက်လိုက်၏။
“ဒါက မဆင်မခြင်ပြုမူတဲ့ ဘယ်သူမဆိုရဲ့ ရလဒ်ပဲ”
သူ့စကားမဆုံးသေးခင် ဆူဇီမို၏ မျက်လုံးများသည် ရုတ်တရက်ပြောင်းလဲသွား၏။ သူ၏ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင် နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးလာ၏။ ဂမ္ဘီရအလင်းနှစ်ခု ဖြာထွက်လာပြီး လေထဲမှာ ယှက်ဖြာကာ ယင်နှင့်ယန်နောက်ကို ပြေးလိုက်နေသော တိုင်ချီဂမ္ဘီရကားချပ်တစ်ခုအဖြစ် စုဖွဲ့ကာ အောက်ကို ဖိခြေကျဆင်းလာ၏။
ဘုန်း...
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ လောကတစ်စိတ်တစ်ပိုင်းက ချက်ချင်းပင် ပြိုကျသွား၏။
တိုင်ချီဂမ္ဘီရကားချပ်သည် ယင်ယန်ဓမ္မတာအိုကနေ ဆင်းသက်လာခဲ့လေသည်။ ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုသည် ၎င်းကို တာအို၏ အဆင့်အထိ နားလည်ဆင်ခြင်နိုင်မည် မဟုတ်ဘဲ မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ လောကကို ကိုင်လှုပ်နိုင်မည် မဟုတ်ပေ။
ဤကဲ့သို့သောစွမ်းအား ထွက်ပေါ်လာသည့် အကြောင်းရင်းမှာ ဆူဇီမို၏ မျက်လုံးထဲရှိ မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကြောင့် ဖြစ်လေသည်။
မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးက တဖြည်းဖြည်းအသွင်ပြောင်းလဲလာသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်ခဲ့၏။
ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် သူ၏ ကျင့်ကြံမှုနယ်ပယ်နှင့်အတူ ကြီးပြင်းလာခဲ့လေသည်။
တကယ်ဆို သူ၏ အသိစိတ်ဖြင့် အသက်သွင်းစရာပင်မလိုဘဲ ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် သူ့တို့ဘာသာသူတို့ ကျင့်ကြံပြီး မဟာကမ္ဘာတစ်ထောင်လောက၏ ရင်းမြစ်ချီကို စုပ်ယူနိုင်ကြလေသည်။
အတိအကျဆိုရလျှင် ဂမ္ဘီရကျောက်တုံးနှစ်တုံး၏ နယ်ပယ်က သူ့ထက် မနိမ့်ကျပေ။
ဤအချက်ကြောင့်ပင် တိုင်ချီဂမ္ဘီရကားချပ်သည် မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ အစက အက်ကွဲနေသော လောကကို တိုက်ခိုက်မှုတစ်ရပ်တည်းဖြင့်ပင် ဖိနှိမ်နိုင်ခြင်း ဖြစ်လေသည်။
လောကတစ်ခု၏ ကာကွယ်မှုမရှိဘဲ ဆူဇီမိုသည် အနားသို့ချဉ်းကပ်လာပြီး မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ ခံစစ်ကို ထိုးချက်တစ်ချက်ဖြင့် ချိုးဖျက်လိုက်၏။ သူ၏ လက်ဖဝါးက လေထဲကနေ ဆင်းသက်လာပြီး မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ ဦးခေါင်းကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
အနီးကပ်တိုက်ခိုက်ရည်ဖြင့် ဖိအားပေးခံရပြီးနောက် မဟာကောင်းကင်ဘုံသာလွန်သူ တောခွေးသည် ဆူဇီမိုကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ။
သူတို့ တွေ့ဆုံမိသည့် ချက်ချင်းနီးပါးမှာပင် သူ၏ ဦးခေါင်းက ဆူဇီမို၏ လက်ဝါးချက်ဖြင့် ကြေမွပျက်စီးသွား၏။
လတ်ဆတ်သော သွေးများနှင့် ဦးနှောက်ရည်များက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ဖိတ်စင်ပြန့်ကြဲသွား၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး သူ၏ ဦးခေါင်းပြတ်အလောင်းက လေထဲကနေ ခြေလွတ်လက်လွတ် ကျဆင်းလာ၏။
ဖြစ်စဉ်တစ်ခုလုံးက ပြောရသည်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ခဏအတွင်းမှာ ဖြစ်ပွားခဲ့လေသည်။
ဒါက မဆင်မခြင်ပြုမူတဲ့ ဘယ်သူမဆိုရဲ့ ရလဒ်ပဲ…
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ ရုပ်အလောင်းသည် ဆူဇီမို၏ နောက်ဆုံးစကားသံနှင့် တစ်ချိန်တည်းနီးပါးမှာပင် ကျဆင်းလာ၏။
ဘုန်း...
မဟာကောင်းကင်ဘုံသာလွန်သူ တောခွေး၏ ရုပ်အလောင်းက အသင်္ချေတောကောင်ခန်းမ၏ အပျက်အစီးပုံများထဲသို့ ကျဆင်းသွားပြီး ဖုန်များက တထောင်းထောင်းထသွား၏။ ၎င်းသည် အသင်္ချေတောကောင်စစ်တပ်မှ သားရဲများ၏ နှလုံးကို ပြင်းထန်စွာ ရိုက်ချလိုက်သည့်အလားပင်။
သားရဲများက အထိန်းအကွပ်မဲ့စွာဖြင့် တဆတ်ဆတ်တုန်ယင်သွားကြ၏။
သေဆုံးသွားလေပြီ…။
အသင်္ချေတောကောင်တောင်ကြောရိုး၏ ခေါင်းဆောင်လေးဦးဖြစ်သော ကောင်းကင်ဘုံသာလွန်သူသုံးဦးနှင့် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးသည် လေထဲမှာရှိသော အစိမ်းရောင်ဝတ်အမျိုးသား၏ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
ဒါ့အပြင် သူသည် လက်ဗလာဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
အစက တိုက်ခိုက်ဖို့ကို စိတ်အားထက်သန်၍ ရန်လိုနေကြသော သားရဲပေါင်းသိန်းချီသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
တောင်တန်းများနှင့် လွင်ပြင်များတစ်လျှောက် သားရဲများသည် တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့သည် လေထဲရှိ နတ်ဘုရားလိုလူကို ထိတ်လန့်တကြား အမူအရာများဖြင့် မော့ကြည့်ပြီး ကြောက်ရွံ့မှုဖြင့် အသံတိတ်နေကြ၏။
ဘယ်သူက မဆင်မခြင် ပြုမူရဲတော့မှာလဲ…။