← Chapters

ကောင်းကင်ဘုံ နတ်ဘုရားများ

Vol. 216 Ch. 3266

ကောင်းကင်ဘုံ နတ်ဘုရားများ

Vol. 216 Ch. 3266

ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် ဖန်းမူ သတ်သေသွားသည်ကို တွေ့မြင်သောအခါ သက်ပြင်းချလိုက်ကြ၏။

ရှုလွေနှင့် အခြားသူများသည် ဖန်းမူကို အသင်္ချေတောကောင်တောင်ကြောရိုး၏ အောက်ဘက်မှာ မြှုပ်နှံပေးလိုက်ကြသည်။ လူတိုင်းသည် တိုက်ပွဲနယ်မြေကို ရှင်းလင်းပြီး အသင်္ချေတောကောင်တောင်ကြောရိုးမှာ အကျဉ်းချခံထားရသည့် သက်ရှိများအားလုံးကို လွှတ်ပေးလိုက်၏။

သူတို့အများစုသည် အပင်သက်ရှိများ ဖြစ်ကြပြီး မျိုးနွယ်စုတစ်သောင်း၏ ပိုမိုအားနည်းသော မျိုးနွယ်များပင် ပါဝင်နေ၏။

အကျဉ်းချခံထားရသည့် သက်ရှိစုစုပေါင်း သောင်းချီရှိနေ၏။

ကယ်တင်ခံရ၍ သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိပြီးနောက် အကျဉ်းသားအများစုသည် ကစဉ့်ကလျားနန်းတော်မှာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြ၏။

သူတို့ထဲမှာ အရေအတွက်အနည်းငယ်ကတော့ ထွက်ခွာဖို့ ရွေးချယ်ပြီး ကစဉ့်ကလျားနန်းတော်မှ မည်သူကမှ သူတို့ကို မတားဆီးခဲ့ပေ။

သို့သော်လည်း အကျဉ်းသားများ၏ ခွန်အားက အားနည်းပြီး သူတို့သည် ကစဉ့်ကလျားနန်းတော်၏ ခွန်အားကို များစွာမြင့်တက်လာစေခြင်း မရှိပေ။

အသင်္ချေတောကောင်ခန်းမက ပြိုကျသွားပြီး အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားသော်လည်း ဤနေရာမှာ နန်းတော်အဆောက်အအုံနှင့် လိုဏ်ဂူခန်းဝါများစွာ ရှိနေဆဲဖြစ်ပြီး အရင်ကစဉ့်ကလျားနန်းတော်က သာမန်ကာလျှံကာ ဆောက်လုပ်ခဲ့သည့် ကောက်ရိုးတဲများထက် များစွာသာလွန်လေသည်။

နန်းတော်များ၏ အရေအတွက်က ကစဉ့်ကလျားနန်းတော်မှ လူအရေအတွက်ထက်ပင် ပိုမိုများပြားလေသည်။

ရှုလွေက ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“နန်းတော်အရှင်... အသင်္ချေတောကောင်တောင်ကြောရိုးရဲ့ ပိုင်နက်နယ်မြေက အရမ်းကို ကြီးမားတယ်… ရင်းမြစ်သတ္တုတွင်းကိုးတွင်းက နေရာအနှံ့ ပြန့်ကျဲနေတယ်… ကျုပ်တို့တွေက အခုအချိန်မှာ လုံလောက်တဲ့ လူအင်အားမရှိဘူး… ကျုပ်တို့တွေ အဲ့လောက်များတဲ့ ရင်းမြစ်သတ္တုတွင်းတွေကို ထိန်းမထားနိုင်လောက်ဘူး”

ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက သန်မာသော်လည်း မည်သို့ပင်ဆိုစေ သူက လူတစ်ယောက်တည်းသာဖြစ်ပြီး ရင်းမြစ်သတ္တုတွင်း ကိုးတွင်းကို နေ့စဉ်နှင့်အမျှ ကင်းလှည့်မနေနိုင်ပေ။ ထို့သို့ဖြင့် သူ့မှာ ကျင့်ကြံဖို့ အချိန်ရတော့မည် မဟုတ်ပေ။

ရှုလွေက ဆက်ပြောလိုက်သည်။

“ကျုပ်တို့တွေက ထိန်းသိမ်းထားဖို့အတွက် အလွန်ဆုံး ရင်းမြစ်သတ္တုတွင်း တစ်တွင်း နှစ်တွင်းကိုပဲ ရွေးချယ်ဖို့ အကြံပြုချင်တယ်… တစ်ခုခုဖြစ်လာမယ်ဆိုရင်တောင် ခင်ဗျားက အချိန်မီ ကိုင်တွယ်ပေးနိုင်တယ်”

ချန်ချင်းဟယ်က ထပ်ပြောလိုက်၏။

“နောက်ပြီး အခုချိန်ထိ ကျွန်မတို့ ကစဉ့်ကလျားနန်းတော်မှာ ကျင့်ကြံဖို့ ရင်းမြစ်ကျောက်တုံးတွေကို လိုအပ်တဲ့ပညာရှင် အများကြီးမရှိဘူး… ရင်းမြစ်သတ္တုတွင်းနှစ်တွင်းလောက်ကို သိမ်းပိုက်ထားမယ်ဆိုရင် ကျွန်မတို့အတွက် လုံလောက်နေပါပြီ”

လောကနယ်ပယ်နှင့် တာအိုပြယုဂ်နယ်ပယ်သို့ ဝင်ရောက်ပြီးမှသာ ကျင့်ကြံဖို့အတွက် ရင်းမြစ်ကျောက်တုံးများကို စတင်အသုံးချနိုင်မည်ဖြစ်သည်။

ထိုကျင့်ကြံမှုနယ်ပယ်နှစ်ခုမှာရှိသော ကစဉ့်ကလျားနန်းတော်ကျင့်ကြံသူများက ၁၀၀ ထက် ပိုမရှိပေ။

“ဒါပေမဲ့ ရင်းမြစ်သတ္တုတွင်း ခုနစ်တွင်းကို စွန့်လွှတ်လိုက်ရမှာက နှမြောစရာပဲ”

မုံ့ရှစ်က နှမြောနေဟန်ဖြင့် ပြောလိုက်၏။

“နောက်ပြီး ငါတို့ရဲ့ နန်းတော်အရှင်က ဒီတိုက်ပွဲအပြီးမှာ သူ့ရဲ့ဩဇာအာဏာကို တည်ဆောက်ပြီးသွားပြီ… ဘေးပတ်ဝန်းကျင်မှာ ခိုလှုံဖို့ ရောက်လာမယ့် တခြားအပင်မျိုးနွယ်သက်ရှိတွေ ရှိလာနိုင်တယ်… လူအရေအတွက်တိုးလာတာနဲ့ ရင်းမြစ်သတ္တုတွင်းနှစ်တွင်းရဲ့ ကျင့်ကြံရေးရင်းမြစ်တွေက လုံလောက်မှာ မဟုတ်တော့ဘူး”

ရှုလွေက ပြောလိုက်၏။

“ကစဉ့်ကလျားနန်းတော်က ပိုသန်မာလာပြီး ငါတို့မှာ ဧကရာဇ်နဲ့ သာလွန်သူ အရေအတွက် ပိုများလာမယ်ဆိုရင် နန်းတော်အရှင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ငါတို့တွေက ရင်းမြစ်သတ္တုတွင်းတချို့ကို ပြန်ပြီးတော့ သိမ်းယူနိုင်တယ်”

“မလိုတော့ဘူး”

ဆူဇီမိုက လက်ကာပြလိုက်၏။

“နောက်တစ်နာရီနေပြီးရင် ငါ့ရဲ့လိုဏ်ဂူခန်းဝါထဲကို လိုက်လာခဲ့ကြ… အဲ့ဒါနဲ့ပတ်သက်ပြီး ငါ့မှာ အစီအစဉ်ရှိတယ်”

ဆူဇီမိုက အသင်္ချေတောကောင်တောင်ကြောရိုးမှာ ကြုံရာကျပန်း လိုဏ်ဂူခန်းဝါတစ်ခုကို ရွေးချယ်လိုက်၏။

သူသည် အခြားသူများ၏ ထောက်လှမ်းမှုကို ပိုင်းခြားနိုင်သည့် အကာအရံအလွှာတစ်ခုကို ခင်းကျင်းပြီးနောက် ဆူဇီမိုသည် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်ကို ထုတ်ယူပြီး မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကို တစ်ချိန်တည်းမှာ အသက်သွင်းလိုက်၏။

အာဒိကပ္ပက စုတ်တံဖြစ်ပြီး ယင်နှင့်ယန်က မင်ဖြစ်လာသည်။

“တင်းခြောက်ပါးနဲ့ ကျားခြောက်ပါးကို ဖွဲ့စည်းခြင်း... စိတ်ဝိညာဉ်များနဲ့ တစ္ဆေများအားလုံး လွင့်ပြယ်သွားရမည်…”

ဆူဇီမိုက အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်ကို ကိုင်စွဲပြီး လေထဲမှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံး ၁၂ လုံးကို ရေးဆွဲကာ ကောင်းကင်ဘုံနတ်ဘုရား ၁၂ ပါးကို ဆင့်ခေါ်လိုက်၏။

တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားများ၏ စွမ်းအားသည် မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကနေ ဆင်းသက်လာခဲ့လေသည်။

ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် သူတို့ဘာသာသူတို့ ကြီးပြင်းပြီး အသွင်ပြောင်းလဲလာ၏။

ထို့ကြောင့်ပင် တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားများ၏ ခွန်အားကလည်း မြင့်တက်လာပြီး တာအိုနှင့် ထိတွေ့မိကာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်နှင့် ယှဉ်နိုင်နေပြီဖြစ်၏။

လက်ရှိ တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားများသည် ခွန်အားအရာမှာ မဟာကောင်းကင်ဘုံသာလွန်သူများနှင့် ယှဉ်နိုင်သည်ဟု ဆိုလိုလေသည်။

တကယ်တော့ တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားများမှာ အမြုတေစိတ်ဝိညာဉ်၊ အသွေးအသား သို့မဟုတ် လောကများ မရှိပေ။ အစစ်အမှန်တိုက်ခိုက်ရည်ခွန်အားမှာ သူတို့သည် အစစ်အမှန် မဟာကောင်းကင်ဘုံသာလွန်သူများကို ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့သည် သာမန်ကောင်းကင်ဘုံသာလွန်သူများကို အနိုင်ရဖို့ အခွင့်အရေးမြင့်မားလေသည်။

ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်ဖို့အတွက် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်ကို လိုအပ်သည်။

အပြင်ဘက်မှာ လူများစွာ ရှိနေ၏။ ယခု သူသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ရောက်ရှိနေပြီဖြစ်သည်။ ဆူဇီမိုသည် သူ၏ အစစ်အမှန်သရုပ်သကန်ကို မှတ်မိသိရှိသွားမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် သူက လိုဏ်ဂူခန်းဝါထဲသို့ ရောက်လာအပြီးမှာ တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများကို ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

တစ်နာရီ ကြာပြီးနောက်...

ရှုလွေနှင့် အခြားနှစ်ယောက်သည် ဆူဇီမို၏ လိုဏ်ဂူခန်းဝါသို့ သံသယတစ်စွန်းတစ်စနှင့်အတူ ရောက်ရှိလာကြသည်။

လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်လာပြီးနောက် ဆူဇီမိုက ခြေချိတ်ထိုင်နေသည်ကို သူတို့သုံးယောက် တွေ့မြင်လိုက်ရ၏။ သူ့ဘေးမှာ အေးစက်နေသော အမူအရာများနှင့် ကြောက်စရာကောင်းသော ပညာရှင် ၁၂ ဦး မတ်တတ်ရပ်နေ၏။

အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦးကနေ ဖြာထုတ်ထားသည့် အော်ရာများသည် မဟာကောင်းကင်ဘုံသာလွန်သူများ၏ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပုံရ၏။

“ဘာလဲဟ...”

ရှုလွေနှင့် အခြားနှစ်ယောက်က မှင်တက်သွားကြ၏။

မဟာကောင်းကင်ဘုံသာလွန်သူ ၁၂ဦးက ဘယ်နေရာကနေ ရောက်လာတာလဲ…

အသင်္ချေတောကောင်တောင်ကြောရိုးနှင့် မဟူရာဆိတ်တောင်ကြောရိုးကို ပေါင်းစည်းထားမည်ဆိုလျှင်ပင် ဤမျှများပြားသော မဟာကောင်းကင်ဘုံသာလွန်သူများ ရှိလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် မဟာကောင်းကင်ဘုံသာလွန်သူ ၁၂ဦးက အမူအရာကင်းမဲ့နေပြီး သူတို့၏ အကြည့်များက အေးစက်နေ၏။ သူတို့သုံးယောက်သည် ခေါင်းနားပန်းကြီး၍ ရင်တထိတ်ထိတ် ခံစားနေရ၏။

မဟာကောင်းကင်ဘုံသာလွန်သူ ၁၂ဦးသည် ဆူဇီမို၏ နောက်ဘက်မှာ အတော်လေး စည်းစနစ်ကျနသော ပုံစံဖြင့် ရပ်နေကြ၏။ သူတို့မှာ ဆူဇီမိုကို အချိန်မရွေးကာကွယ်နိုင်သည့် အစီအရင်ဝင်္ကပါတချို့ ပါဝင်နေပုံရ၏။

“နန်းတော်အရှင်... ဒါက...”

ရှုလွေက မနေနိုင်ဘဲ မေးလိုက်၏။

“သူတို့ ၁၂ယောက်က အစစ်အမှန် မဟာကောင်းကင်ဘုံသာလွန်သူတွေ မဟုတ်ဘူး… ဒါပေမဲ့ သူတို့က ကောင်းကင်ဘုံသာလွန်သူပညာရှင်တွေကိုတော့ ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ်”

ဆူဇီမိုက ပြောလိုက်၏။

“သူတို့ထဲက ကိုးယောက်က အသင်္ချေတောကောင်တောင်ကြောရိုးမှာရှိတဲ့ ရင်းမြစ်သတ္တုတွင်း ကိုးတွင်းကို စောင့်ကြပ်ပေးလိမ့်မယ်… ကျန်တဲ့သုံးယောက်ကတော့ မင်းတို့တွေနဲ့လိုက်ပြီး မဟူရာဆိတ်တောင်ကြောရိုးက ရင်းမြစ်သတ္တုတွင်း သုံးတွင်းကို သိမ်းပိုက်ပေးလိမ့်မယ်”

တကယ်တော့ မဟူရာဆိတ်တောင်ကြောရိုးမှာ ရင်းမြစ်သတ္တုတွင်း သုံးတွင်းမက ရှိလေသည်။

သို့သော်လည်း ယခုအချိန်ထိ သူတို့သည် တင်းခြောက်ပါး ကျားခြောက်ပါး နတ်ဘုရားများ၏ အကူအညီနှင့်အတူ ရင်းမြစ်သတ္တုတွင်း ၁၂တွင်းကိုသာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ဒါ့အပြင် ကစဉ့်ကလျားနန်းတော်မှာ ကြီးမားဆုံး ရင်းမြစ်သတ္တုတွင်းက တကယ်တမ်းမှာ ဆူဇီမိုကိုယ်တိုင်ပင်ဖြစ်သည်။

ရင်းမြစ်သတ္တုတွင်း ၁၂ တွင်းကို ပေါင်းစည်းထားမည်ဆိုလျှင်ပင် သူတို့သည် ဆူဇီမိုထက် များစွာနိမ့်ကျနေပေလိမ့်မည်။

ထိုအချက်သည် ရှုလွေနှင့် တခြားသူများ ယခုအချိန်ထိ နားမလည်သေးသော တစ်စုံတစ်ရာဖြစ်၏။

တာအိုသုံးသပ်မှုနယ်ပယ် ပညာရှင် ၁၂ဦးကို မပြောနှင့်၊ သူတို့က ကောင်းကင်ဘုံသာလွန်သူများသာ ဖြစ်လျှင်ပင် သူတို့သည် ကစဉ့်ကလျားနန်းတော်အတွက် အလွန်တရာ အရေးပါလေသည်။

ရှုလွေနှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ကျေနပ်သဘောကျသွားကြ၏။

တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများသည် သာမန်ဆင့်ခေါ်ထားသော သက်ရှိများနှင့် ကွဲပြားခြားနားလေသည်။

ကောင်းကင်ဘုံနတ်ဘုရား ၁၂ ပါးမှာ အစကတည်းက သူတို့၏ အတိတ်ကာလမှတ်ဉာဏ်များ၏ တစ်စွန်းတစ်စ ရှိနေကြ၏။

တိုက်ပွဲမှာ ဆူဇီမို၏ အသိစိတ်က ၎င်းကို ထိန်းချုပ်နေခြင်း မရှိလျှင်ပင် တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများသည် သူတို့၏ မှတ်ဉာဏ်များအပေါ် မှီခိုကာ သူတို့ဘာသာသူတို့ တိုက်ခိုက်နိုင်ကြသည်။

ဒါ့အပြင် သူတို့၏ အချိတ်အဆက်က ပြိုင်ဘက်ကင်းလေသည်။

ယခုလည်း အတူတူပင် ဖြစ်၏။

ဆူဇီမိုသည် ရင်းမြစ်သတ္တုတွင်းများကို စောင့်ကြပ်ပေးဖို့ သူတို့ကို ညွှန်ကြားထားသည်နှင့်အမျှ ကောင်းကင်ဘုံနတ်ဘုရား ၁၂ ပါးသည် အဲ့ဒါကို သူတို့ဘာသာသူတို့ ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး ဆူဇီမိုက ဂရုစိုက်ပေးစရာ မလိုတော့ပေ။

ထို့သို့ဖြင့် ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံခြင်းမှာ အာရုံစိုက်နိုင်ပြီး တာအိုသုံးသပ်မှုနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည်ဖြစ်သည်။

တက်လှမ်းလာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူစုဆောင်းထားသည့် စွမ်းအားများအားလုံးကို ထုတ်ဖော်ပြီးနောက် သူ၏ ကျင့်ကြံမှုနယ်ပယ်သည် တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူသည် တာအိုသုံးသပ်မှုနယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးတစ်ခုကိုသာ လိုအပ်နေ၏။

တကယ်တော့ ဤအခွင့်အရေးက ဘယ်အချိန်မှာ ကျရောက်လာမည်ကို သူ မသိရှိပေ။

တကယ်ဆို တာအိုပြယုဂ်နယ်ပယ်သာလွန်သူတချို့သည် သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး သူတို့၏ မဟာတာအိုကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိဘဲ ထိုအဆင့်ကို မတက်လှမ်းနိုင်ခဲ့ကြပေ။

ကစဉ့်ကလျားနန်းတော်ကို အသင်္ချေတောကောင်တောင်ကြောရိုးမှာ အခြေချပေးပြီးနောက် ဆူဇီမိုသည် သူ၏စိတ်ကို ရှင်းလင်းကာ မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် သူ၏ပထမဆုံး တံခါးပိတ်ကျင့်ကြံမှုကို စတင်လိုက်၏။

သူ့အတွက်တော့ အရေးကြီးဆုံးအရာက သူ၏ကျင့်ကြံမှုကို မြှင့်တင်ဖို့ပင်။

ကစဉ့်ကလျားနန်းတော်ကို ဦးဆောင်ဖို့အတွက်ဖြစ်စေ၊ နောက်ပိုင်းမှာ တျဲယွဲ့ကို လိုက်လံရှာဖွေဖို့အတွက် ဖြစ်စေ သူသည် လုံလောက်အောင် သန်မာနေဖို့ လိုအပ်လေသည်။

သူက လုံလောက်အောင် မသန်မာလျှင် သူသည် တျဲယွဲ့ကို လိုက်ရှာဖို့နေနေသာ၊ သူသည် ပေါင်းမိုးပြည်နယ်ထဲကနေပင် ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

အစကတော့ အသင်္ချေတောကောင်တောင်ကြောရိုးသည် အလောင်းများ၊ အသွေးအသားများဖြင့် ပြည့်နှက်နေခဲ့၏။ မြက်ပင်တစ်ပင်တောင်မှ မပေါက်နိုင်ဘဲ အနီးနားဝန်းကျင်မှာ မည်သည့်အသက်ဓာတ်မှ မရှိကြပေ။

တကယ်တမ်းမှာ ဤကဲ့သို့သော ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုသည် အပင်သက်ရှိများအတွက် မသင့်လျော်ပေ။

သို့သော်လည်း ဆူဇီမို ရောက်ရှိလာပြီးနောက် အဆုံးမဲ့ရင်းမြစ်ချီက အသင်္ချေတောကောင်တောင်ကြောရိုး ရှိရာသို့ စုဝေးလာ၏။

အသင်္ချေတောကောင်တောင်ကြောရိုးသည် ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခုနှင့်အတူ လောကရှိ ရင်းမြစ်ချီများကို အငမ်းမရဝါးမျိုနေသည့် ဧရာမဝဲကတော့တစ်ခုကဲ့သို့ ဖြစ်လာသည်။

ဆူဇီမို၏ လိုဏ်ဂူခန်းဝါသည် ဧရာမဝဲကတော့၏ အလယ်ဗဟိုဖြစ်သည်ကို ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက သတိထားမိနေကြပြီဖြစ်သည်။

All Chapters