← Chapters

တာအိုသုံးသပ်မှုနယ်ပယ်

Vol. 216 Ch. 3274

တာအိုသုံးသပ်မှုနယ်ပယ်

Vol. 216 Ch. 3274

တကယ်တမ်းမှာ ဆူဇီမိုသည် မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်ပြီးသွားပြီဖြစ်၏။

မိုးမြေဖန်တီးခြင်းကားချပ်၏ အကူအညီနှင့်အတူ သူသည် ဤကားချပ်ထဲမှာရှိသည့် အရာရာတိုင်းကို အာရုံခံမိနိုင်၏။

ထိုအခိုက်အတန့်မှာ အန္တိမကောင်းကင်ဘုံသာလွန်သူသည် ဤနေရာကို အဆင့်နိမ့်သုံးဘုံလောကဟု ဘာကြောင့်ခေါ်ဆိုခဲ့သလဲ သူက နားလည်သဘောပေါက်သွားပြီဖြစ်သည်။

မိုးမြေဖန်တီးခြင်းကားချပ်မှာ စကြာဝဠာနှင့်ဖန်တီးခြင်း ပါဝင်နေ၏။ ၎င်းကို သုံးဘုံလောကအဖြစ် ပိုင်းခြားထားလေသည်။

ဤနေရာမှာရှိသော သုံးဘုံလောကကို မော်တယ်လောက၊ အင်မော်တယ်လောကနှင့် တာအိုလောကများဟူ၍ အကြမ်းဖျင်းခွဲခြားထား၏။ ထို့ကြောင့် သူတို့ကို အဆင့်နိမ့်သုံးဘုံလောကဟု ခေါ်ဆိုခြင်းဖြစ်သည်။

မော်တယ်လောကသည် အောက်ဘုံလောကနှင့် ဆင်တူလေသည်။

အင်မော်တယ်လောကသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ဆင်တူလေသည်။

တာအိုလောကသည် မဟာကမ္ဘာတစ်ထောင်လောကနှင့် ဆင်တူလေသည်။

သို့သော်လည်း မိုးမြေဖန်တီးခြင်းကားချပ်၏ သုံးဘုံလောကသည် အစစ်အမှန်ကမ္ဘာတစ်ထောင်သုံးဆင့်လောကထက် များစွာနိမ့်ကျနေ၏။

ကွာခြားချက်က သမုဒ္ဒရာနှင့် ရေစက်များကဲ့သို့ ဖြစ်၏။

ဒါ့အပြင် အဆင့်နိမ့်သုံးဘုံလောကထဲမှာ သက်ရှိပုံစံများစွာမရှိပေ။ သူတို့အားလုံးနီးပါးသည် အပင်မျိုးနွယ်မှာ ပါဝင်ပြီး အခြားမျိုးနွယ်များမှ သက်ရှိများကို တွေ့မြင်ရခဲသည်။

တကယ်တော့ အဆင့်နိမ့်သုံးဘုံလောကမှာရှိသော သက်ရှိများကလည်း ပုံမှန်အတိုင်းကျင့်ကြံပြီး တက်လှမ်းနိုင်ကြသည်။

မိုးမြေဖန်တီးခြင်းကားချပ်ကနေတစ်ဆင့် ဤနေရာမှာ တာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်များချည်းသက်သက် ရာနှင့်ချီရှိသည်ကို ဆူဇီမိုက အကြမ်းဖျင်းခန့်မှန်းမိနိုင်သည်။

ထိုအရေအတွက်က တုန်လှုပ်စရာကောင်းလွန်းလေသည်။

ဤတာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်များသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ဆင်းသက်လာသည်နှင့် ကြီးမားသော ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ် သေချာပေါက်ဖြစ်လာပြီး အရှေ့တောင်ဒေသတစ်ခုလုံးကို စိုးမိုးနိုင်ဖို့ လုံလောက်ပေလိမ့်မည်။

တကယ်တော့ ဤမျှများပြားသော ပညာရှင်များက သူ့ကို ဝိုင်းပတ်စောင့်ကြည့်နေသည့်အခါ ဆူဇီမိုသည် သူ၏ဣန္ဒြေကို ထိန်းထားဖို့ ခက်ခဲလေသည်။

မဟာသာလွန်သူများနှင့် အဓိပတိသာလွန်သူများ မရှိလျှင်ပင် မည်သည့် တာအိုသာလွန်သူမဆို သူ့ကို သတ်ဖြတ်နိုင်သည်။

“မိတ်ဆွေလေး... ဘာမှမစိုးရိမ်နဲ့… မင်းကျင့်ကြံစရာရှိတာကို ဆက်ပြီး ကျင့်ကြံနိုင်တယ်”

ဆူဇီမို၏ စိတ်ခံစားချက်အတက်အကျကို အာရုံခံမိနိုင်သည့်အလား လူအိုကြီး အဓိပတိသာလွန်သူက ပြုံး၍ ပြောလိုက်၏။

“မင်းက မိုးမြေဖန်တီးခြင်းကားချပ်ကို ထိန်းချုပ်ထားပြီဆိုမှတော့ မင်းက ဒီလောကရဲ့ တစ်ဦးတည်းသော အုပ်ချုပ်သူပဲ… ဘယ်သူကမှ မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး”

“ထိခိုက်အောင်လုပ်ဖို့ ကြိုးပမ်းတဲ့သူတွေကလည်း ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို သေချာပေါက် ထိခိုက်ခံစားရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ ဆူဇီမိုက စိတ်သက်သာရာရသွား၏။

မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်ပြီးနောက် သူက ချက်ချင်း ထရပ်မလာခဲ့ပေ။

မိုးမြေဖန်တီးခြင်းကားချပ်မှာ ရှေးအကျဆုံး ကစဉ့်ကလျားချီ တစ်စွန်းတစ်စ ပါဝင်နေသောကြောင့်ဖြစ်၏။

မိုးမြေဖန်တီးခြင်းကားချပ်သည် သူ၏ ကစဉ့်ကလျားလောကနှင့် ပေါင်းစည်းသွားပြီးနောက် ကစဉ့်ကလျားချီတစ်စက သူ၏ ကစဉ့်ကလျားလောကထဲသို့ ပျော်ဝင်ပေါင်းစည်းလာ၏။

သည့်ယခင်က ဆူဇီမိုသည် တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုကို ရှာမတွေ့ခဲ့ပေ။

ထိုကစဉ့်ကလျားချီတစ်စက ပြီးပြည့်စုံသော အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

ကစဉ့်ကလျားချီတစ်စက သူ၏ လောကထဲသို့ ပျော်ဝင်ပေါင်းစည်းလာ၏။ တကယ်ဆို သူ့အနေဖြင့် ၎င်းကို လပေါင်းများစွာ နားလည်ဆင်ခြင်နေစရာပင် မလိုအပ်ပေ။ ထိုအစား ၎င်းသည် သူ့ကို တာအိုသုံးသပ်မှုနယ်ပယ်သို့ တက်လှမ်းပြီး တစ်ခါတည်း အဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးနေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်ကလည်း မြင့်တက်ပြီး အန္တိမကောင်းကင်ဘုံသာလွန်သူအဆင့်ကို ရောက်ရှိလာခဲ့၏။

ခဏနေပြီးနောက် ဆူဇီမိုက ဟိန်းဟောက်ကာ ထခုန်လိုက်၏။

သူသည် တာအိုသုံးသပ်မှုနယ်ပယ်မှာ စဦးကျွမ်းကျင်မှုကို ရရှိသွားပြီး ကောင်းကင်ဘုံသာလွန်သူတစ်ဦး ဖြစ်လာခဲ့လေပြီ။

မိုးမြေဖန်တီးခြင်းကားချပ်ထဲရှိ ကျန်ရှိနေသော ရင်းမြစ်ချီတစ်စကြောင့် မဟုတ်လျှင် သူသည် တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းဖို့ အချိန်ဘယ်လောက်ကြာကြာ စောင့်ရမည်ကို မသိရပေ။

ဘေးပတ်ဝန်းကျင်မှာရှိသော ပညာရှင်များက တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် သူ့ကို ကြည့်နေကြ၏။

လူအိုကြီး အဓိပတိသာလွန်သူက အရင်ဆုံး ရှေ့ကိုထွက်ပြီး ရိုသေလေးစားသော အမူအရာဖြင့် ဆူဇီမိုကို ဦးညွတ်လိုက်၏။

“မင်္ဂလာပါ သခင်...”

“ဘယ်လို...”

ဆူဇီမိုက မှင်တက်သွား၏။

သူ့ရှေ့မှလူသည် အဓိပတိသာလွန်သူပညာရှင်တစ်ဦး ဖြစ်လေသည်။ ယခု ထိုသူက သူ့ကို ဦးညွှတ်ပြီး သူ့သခင်အဖြစ် အသိအမှတ်ပြုလာ၏။

ဘေးပတ်ဝန်းကျင်မှာရှိသော ရာနှင့်ချီသည့် တာအိုသာလွန်သူများ၊ မဟာသာလွန်သူများနှင့် အဓိပတိသာလွန်သူ ပညာရှင်များကလည်း ဦးညွှတ်လာကြ၏။

အစကတော့ လူအုပ်ကြားထဲမှာ စိတ်လိုလက်ရမရှိသော အမူအရာဖြင့် ခေါင်းမော့ကာ မျက်မှောင်အနည်းငယ်ကြုတ်ထားသော အဓိပတိသာလွန်သူတချို့ ရှိခဲ့လေသည်။

သို့သော်လည်း သူတို့သည် ဘေးပတ်ဝန်းကျင် အခြေအနေကို တွေ့မြင်သောအခါ ထိုအဓိပတိသာလွန်သူများကလည်း သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြ၏။

လက်ရှိ တာအိုကြီးစိုးမှုနယ်ပယ်ပညာရှင်များအတွက်လည်း အတူတူပင်ဖြစ်၏။ ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်ဘုံသာလွန်သူများနှင့် သာလွန်သူများကလည်း အလောတကြီး ဦးညွှတ်ပြီး သူ့ကို သူတို့၏ သခင်အဖြစ် နှုတ်ဆက်လိုက်ကြ၏။

“အားလုံးပဲ... ဒါက ဘာအဓိပ္ပာယ်လဲ”

ဆူဇီမိုက လေးနက်သော အသံဖြင့် မေးလိုက်၏။

သူသည် မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်သောအခါ ထိုအချက်သည် ဤလောက၏ အဆင့်နိမ့်သုံးဘုံလောကမှာရှိသော သက်ရှိများအားလုံး၏ သေခြင်းရှင်ခြင်းကို သူက ထိန်းချုပ်လာနိုင်သည်နှင့် တူညီလေသည်။

ဤလူများအနေဖြင့် ဤအချက်ကြောင့် သူ့ထံ အညံ့ခံလာသည်ကို နားလည်လက်ခံ၍ ရနိုင်သည်။

သို့သော်လည်း ပညာရှင်အများစု၏ အမူအရာများအရ သူတို့သည် အကျပ်ကိုင်ခံရသည့် အခြေအနေအောက်မှာ ရှိနေသည့်ပုံမပေါ်ပေ။ ထိုအစား သူတို့သည် ရင်ထဲအသည်းထဲကနေ စိတ်ရင်းမှန်ကန်မှုဖြင့် အဲ့ဒါကို ပြုလုပ်နေခြင်း ဖြစ်ပုံရ၏။

လူအိုကြီး အဓိပတိသာလွန်သူက ပြောလိုက်၏။

“ကျုပ်က လင်းမင်ပါ… ကျုပ်တို့အားလုံးက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကပဲ”

“လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဘီလီယံကျော်က မဟာကမ္ဘာတစ်ထောင်လောကမှာ ကပ်ဘေးတစ်ခု ကျရောက်လာလို့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဖျက်ဆီးခံခဲ့ရတယ်… ကျုပ်တို့ရဲ့ သူတော်စင်အရှင်က တိုက်ပွဲထဲမှာ သေဆုံးခဲ့ရတယ်… မရေမတွက်နိုင်တဲ့ သူတော်စင်တွေကလည်း ကျဆုံးခဲ့ကြတယ်”

“သူတော်စင်အရှင်က အဲ့ဒီအချိန်တုန်းက မသေဆုံးခင် သူက အထွတ်အမြတ်ခိုလှုံရာ ဖျက်ဆီးခံရပြီး ကျုပ်တို့တွေက ဒီကပ်ဘေးကနေ မလွတ်မြောက်နိုင်မှာကို စိုးရိမ်ခဲ့တယ်… အဲ့ဒါကြောင့် သူက အထွတ်အမြတ်ခိုလှုံရာရဲ့ တစ်စိတ်တစ်ဒေသကို သူ့ရဲ့သူတော်စင်လက်နက် မိုးမြေဖန်တီးခြင်းကားချပ်ထဲကို ပို့လွှတ်ပြီး အဲ့ဒါကို ချိပ်ပိတ်ထားခဲ့တာပဲ”

ထိုစကားကို ကြားသောအခါ ဆူဇီမိုက ရုတ်တရက် မေးလိုက်၏။

“အဲ့ဒီတုန်းက သူတော်စင်အရှင်ကစဉ့်ကလျားက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းလား”

“ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းလား… အဲဒါ ဘာလဲ”

အဓိပတိသာလွန်သူ လင်းမင်က ခဏမျှ မှင်တက်သွားပြီး ငေးငိုင်နေ၏။ သူက သူ၏ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“သူတော်စင်အရှင်မှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းခန္ဓာ ရှိတယ်… သူက ဖန်တီးခြင်းမဟာတာအိုကို အောင်မြင်ရရှိထားတယ်”

ဆူဇီမိုက ဒွိဟဖြစ်သွား၏။

အဓိပတိသာလွန်သူ လင်းမင်၏ အမူအရာအရ သူသည် ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် ပတ်သက်၍ များစွာသိရှိထားသည့်ပုံမပေါ်ပေ။

အရင်တုန်းက သူတော်စင်အရှင်ကစဉ့်ကလျားသည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းသာ ဖြစ်ခဲ့၏။

ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် ပတ်သက်၍ သူသိရှိထားသည့် အရာရာတိုင်းသည် သူ၏မျိုးဆက်မှတ်ဉာဏ်များနှင့် အနက်ရောင်ဝတ်အမျိုးသား၏ စကားကနေသာ လာခြင်းဖြစ်သည်ကို ရုတ်တရက် ဆူဇီမိုက နားလည်သိရှိသွား၏။

မည်သည့်ရှေးဟောင်းစာအုပ်များမှာမှ ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် ပတ်သက်သည့် မည်သည့်မှတ်တမ်းမှ မရှိပေ။

အဓိပတိသာလွန်သူများကဲ့သို့ ပညာရှင်များပင် ကစဉ့်ကလျား အစိမ်းရောင်ကြာပန်း၏ တည်ရှိမှုကို မသိရှိကြတာ ဖြစ်နိုင်မလား…

လွန်ခဲ့သည့်နှစ်ပေါင်း ခြောက်ဘီလီယံကျော်က မဟာဝရုန်းသုန်းကား အခြေအနေမှာ ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းက ကြေမွပျက်စီးသွားသည်ကိုတော့ ဆူဇီမိုက သေချာပြောနိုင်လေသည်။ ထို့ကြောင့်ပင် ၎င်းက လေးပိုင်းကွဲသွားခဲ့ခြင်းဖြစ်၏။

သူတော်စင်အရှင် ကစဉ့်ကလျားက ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း ဖြစ်ခဲ့သည်။

ထိုသို့ဆိုလျှင် ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းသည် ထိုစဉ်တုန်းက ကပ်ဘေးမှာ မည်သည့်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့တာလဲ…

“သခင်... ကျုပ် ဆက်ပြောရမလား”

အဓိပတိသာလွန်သူ လင်းမင်က ဆူဇီမို နှုတ်ဆိတ်နေသည်ကို တွေ့မြင်သောအခါ အကဲစမ်းမေးမြန်းလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

အဓိပတိသာလွန်သူ လင်းမင်က ပြောလိုက်၏။

“သူတော်စင်အရှင်က ကျုပ်တို့ကို မိုးမြေဖန်တီးခြင်းကားချပ်ထဲ ပို့ပေးပြီး သတင်းစကားတစ်ခု ချန်ထားခဲ့တယ်… တစ်ယောက်ယောက်က အနာဂတ်မှာ ဒီကားချပ်ကို သန့်စင်နိုင်မယ်ဆိုရင် သူတို့က ကျုပ်တို့ရဲ့သခင်အသစ်နဲ့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ သူတော်စင်အရှင်အသစ် ဖြစ်လာမယ်”

“သခင်က မိုးမြေဖန်တီးခြင်းကားချပ်ရဲ့ ချိပ်စည်းကို ဖွင့်လှစ်ပြီး ကျုပ်တို့ကို ဒီနေရာကနေ ခေါ်ထုတ်ပေးနိုင်မယ့် တစ်ဦးတည်းသောသူ ဖြစ်လာလိမ့်မယ်”

“သခင်... ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားက ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားရမယ်”

ဆူဇီမိုက အသိအမှတ်ပြုဝန်ခံပြီး တခြားတစ်စုံတစ်ရာကို ပြောဆိုခြင်းမရှိပေ။

သူ့မှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းသာမက ကြမ္မာမီးအနီရောင်ကြာပန်း၏ မျိုးဆက်သွေးပါ ရှိနေ၏။

ဆူဇီမို၏ ရင်ထဲမှာ မေးခွန်းများစွာ ရှိနေဆဲဖြစ်၏။ သို့သော်လည်း ယခုက သူတို့ကို အသေးစိတ် ဆွေးနွေးရမည့်အချိန် မဟုတ်ပေ။

“အခုချိန်မှာ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက မရှိတော့ဘူး… ကစဉ့်ကလျားနန်းတော်ပဲ ကျန်တော့တယ်… နောက်ပြီး သူတို့မှာ လူအရေအတွက် သိပ်မကျန်တော့ဘူး… သူတို့က အခု ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရတော့မယ်”

ဆူဇီမိုက ပြောလိုက်၏။

“အားလုံးပဲ... သူတို့ကို ကယ်တင်ဖို့အတွက် မဟာကမ္ဘာတစ်ထောင်လောကဆီကို ကျုပ်နဲ့လိုက်ခဲ့ကြ”

“သခင်...”

အဓိပတိသာလွန်သူ လင်းမင်က ထိုစကားကို ကြားသောအခါ ညင်သာစွာ ချောင်းဟန့်ပြီး ပြောလိုက်၏။

“သခင်... ခင်ဗျားရဲ့ကျင့်ကြံမှုနယ်ပယ်က နိမ့်လွန်းသေးတယ်… ခင်ဗျားက ကျုပ်တို့အပေါ်က မိုးမြေဖန်တီးခြင်းကားချပ်ရဲ့ ချိပ်စည်းကို ဖွင့်ပေးနိုင်မှာ မဟုတ်လောက်ဘူး”

“ခင်ဗျားရဲ့ အမြုတေစိတ်ဝိညာဉ်က တာအိုကြီးစိုးမှုနယ်ပယ်ကို ရောက်မှပဲ ဒီနေရာမှာရှိတဲ့ တာအိုသာလွန်သူတွေ၊ မဟာသာလွန်သူတွေနဲ့ အဓိပတိသာလွန်သူ ပညာရှင်တွေက မဟာကမ္ဘာတစ်ထောင်လောကကို လိုက်နိုင်မယ်”

“ဪ... အဲ့လိုလား”

ဆူဇီမိုက အနည်းငယ် မှင်တက်သွား၏။

သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် အန္တိမကောင်းကင်ဘုံသာလွန်သူနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။ ထိုသို့ဆိုလျှင် သူသည် တာအိုကြီးစိုးမှုနယ်ပယ်အောက်မှာရှိသော ပညာရှင်များကိုသာ မိုးမြေဖန်တီးခြင်းကားချပ်ထဲကနေ ယခုအချိန်မှာ ခေါ်ထုတ်သွားနိုင်မည်ဖြစ်၏။

ပြန်လည်စဉ်းစားရင်း အရင်တုန်းက သူတော်စင်အရှင်ကစဉ့်ကလျား၏ အပြုအမူနောက်ကွယ်မှ ပိုမိုနက်နဲသောအဓိပ္ပာယ်ကို ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်ပြီးနောက် ထိုသူသည် ဤနေရာ၏ အုပ်ချုပ်သူ အမှန်တကယ်ပင် ဖြစ်လာနိုင်ပြီး သူတို့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း မိုးမြေဖန်တီးခြင်းကားချပ်ထဲကနေ ထွက်ခွာသွားပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိသည့်အခါ သူသည် ဤလူများကို ဆက်လက်၍ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

အရင်တုန်းက ဤလူများသည် သူတော်စင်အရှင်ကစဉ့်ကလျားကို ရိုသေလေးစားခဲ့ကြသည်။

ပထမအချက်.. သူတို့၏ အတိတ်ကာလ ဆက်ဆံရေးကြောင့်ဖြစ်သည်။

ဒုတိယအချက်၊ သူတော်စင်အရှင် ကစဉ့်ကလျားမှာ ပကတိခွန်အား ရှိလေသည်။

သို့သော်လည်း အရိုက်အရာဆက်ခံသူက ဤလူများနှင့် မသိရှိရုံသာမက သူကိုယ်တိုင်ကလည်း သန်မာမှု ရှိချင်မှရှိပေလိမ့်မည်။

ဒါ့အပြင် နှစ်ပေါင်းခြောက်ဘီလီယံကျော်ကြာပြီးနောက် ပြောင်းလဲသွားသော လူတချို့ မလွဲမသွေ ရှိလာပေလိမ့်မည်။

အရိုက်အရာဆက်ခံသူသည် တာအိုသုံးသပ်မှုနယ်ပယ်မှာသာ ရှိနေပြီး တာအိုသာလွန်သူတစ်ဦး သို့မဟုတ် အဓိပတိသာလွန်သူတစ်ဦးကို မဟာကမ္ဘာတစ်ထောင်လောကသို့ ခေါ်ထုတ်သွားမည်ဆိုလျှင် သူက အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်ရနိုင်သည်။

အရင်တုန်းက သူတော်စင်အရှင်ကစဉ့်ကလျားသည် သူ၏ အရိုက်အရာဆက်ခံသူကို ကာကွယ်လိုသောကြောင့် ဤကဲ့သို့သော စီစဉ်သတ်မှတ်ချက်တစ်ခုကို ထားရှိခဲ့ခြင်း ဖြစ်ပေမည်။

All Chapters