ထွက်ခွာလိုကြခြင်း
Vol. 216 Ch. 3275
“သခင်… မဟာကမ္ဘာတစ်ထောင်လောကမှာ ခင်ဗျားရင်ဆိုင်နေရတဲ့ရန်သူက ဘယ်လောက်စွမ်းအားကြီးမားလဲ ကျုပ်သေချာမသိဘူး… အန္တရာယ်များလွန်းမယ်ဆိုရင် အရင်ဆုံး ဒီမှာ ပုန်းကွယ်နေပြီး ကျင့်ကြံပါလား”
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“သူတော်စင်အရှင်ရဲ့ မိုးမြေဖန်တီးခြင်းကားချပ်ကို တိကျတဲ့နည်းလမ်းမရှိဘဲ အတင်းအကျပ်ဖွင့်ဖို့ဆိုတာ သူတော်စင်ပညာရှင်တွေတောင်မှ အခက်တွေ့ရလိမ့်မယ်”
“ခင်ဗျားရဲ့ အမြုတေစိတ်ဝိညာည်က တာအိုကြီးစိုးမှုနယ်ပယ်ကိုရောက်တာနဲ့ ခင်ဗျားက ကျုပ်တို့ပေါ်မှာရှိတဲ့ချိပ်စည်းကို ဖယ်ရှားပေးနိုင်ပြီ… အဲဒီအခါကျရင် ကျုပ်တို့က ခင်ဗျားကို ကာကွယ်ပေးပြီး ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကို ပြန်လည်တည်ဆောက်နိုင်တယ်”
“အဲလောက်ထိ မလိုသေးပါဘူး”
ဆူဇီမိုက သူခေါင်းကို ညင်သာစွာခါပြလိုက်၏။
မြွေနဂါးကျွန်းကို ကိုင်တွယ်ဖို့အတွက် အန္တိမကောင်းကင်ဘုံသာလွန်သူတချို့ကို ခေါ်ထုတ်သွားလျှင် လုံလောက်လေသည်။
မြွေနဂါးကျွန်းအရှင်သည် မြွေနဂါးကျွန်းမှာ တစ်ဦးတည်းသော အန္တိမကောင်းကင်ဘုံသာလွန်သူဖြစ်သည်ဟုဆိုသည်။
ယခုအချိန်မှာ သူသည် တာအိုသုံးသပ်မှုနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အန္တိမကောင်းကင်ဘုံသာလွန်သူနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။
တကယ်ဆို သူတစ်ယောက်တည်းထွက်သွားမည်ဆိုလျှင်တောင် ထိုကိစ္စကို ကိုင်တွယ်ဖို့ လုံလောက်ပေလိမ့်မည်။
သို့သော်လည်း လူတချို့ကို ခေါ်ထုတ်သွားပြီး မြွေနဂါးကျွန်းကို တတ်နိုင်သမျှမြန်မြန်ကိုင်တွယ်ကာ ကစဉ့်ကလျားနန်းတော်ကို အမြန်ဆုံးပြန်သွားခြင်းက ပို၍သင့်လျော်ပေလိမ့်မည်။
အဓိပတိသာလွန်သူလင်းမင်၏ မျက်နှာပေါ်တွင် မချိတင်ကဲအမူအရာတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“ကျုပ်တို့တွေက မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ ပိတ်မိနေခဲ့တာ အရမ်းကိုကြာခဲ့ပြီ… နှစ်ပေါင်းခြောက်ဘီလီယံကျော်က ကုန်ဆုံးသွားခဲ့ပြီ… တာအိုသာလွန်သူပညာရှင်တချို့တောင်မှ သူတို့ရဲ့ဘဝသက်တမ်းစေ့သွားခဲ့ကြပြီ”
“အရင်ဆုံး ဒီထဲကိုဝင်လာတုန်းက ကျုပ်ရဲ့အထွတ်အထိပ်အရွယ်မှာပဲ… အခုတော့ ဘဝရဲ့နှောင်းပိုင်းအရွယ်ကို ဝင်ရောက်လာပြီ”
အခြားသော တာအိုသာလွန်သူပညာရှင်များကလည်း သက်ပြင်းချလိုက်ကြ၏။
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“အရင်တုန်းက မိုးမြေဖန်တီးခြင်းကားချပ်ထဲကို ဝင်ရောက်ခဲ့တဲ့ တာအိုသာလွန်သူသောင်းချီရှိခဲ့တယ်… သူတို့ထဲက အနည်းငယ်ကပဲ အဆင့်ချိုးဖျက်ပြီး တာအိုကြီးစိုးမှုနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့ကြတယ်… ကျန်တဲ့သူတွေကတော့ ဘဝသက်တမ်းစေ့ပြီး သေဆုံးသွားကြပြီ”
တာအိုကြီးစိုးမှုနယ်ပယ်မှာ တာအိုသာလွန်သူများတွင် ဘဝသက်တမ်း နှစ်ဆယ်ဘီလီယံရှိလေသည်။
တာအိုသုံးသပ်မှုနယ်ပယ်မှာရှိသော ကောင်းကင်ဘုံသာလွန်သူများကတော့ သူတို့၏ ဘဝသက်တမ်းက နှစ်တစ်ဘီလီယံသာဖြစ်လေသည်။ သို့သော်လည်း ဤလူများသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်ခြောက်ဘီလီယံကျော်ကြာသွားခဲ့ပြီဖြစ်၏။
တစ်နည်းအားဖြင့်ဆိုသော် သူ့ရှေ့မှာ တာအိုသာလွန်သူပညာရှင်များကလွဲလျှင် အရင်တုန်းက သူတို့၏ မိတ်ဆွေဟောင်းများက သေဆုံးခဲ့ကြပြီဖြစ်၏။
ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံသာလွန်သူပညာရှင်ထောင်ချီကြားမှာ အားလုံးနီးပါးသည် ဤကျင့်ကြံမှုနယ်ပယ်ထိ ကျင့်ကြံခဲ့ကြသော အဆင့်နိမ့်သုံးဘုံလောကမှ သက်ရှိများဖြစ်ကြလေသည်။ သူတို့သည် အတိတ်ကာလတုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ မဟုတ်ကြပေ။
အဓိပတိသာလွန်သူလင်းမင်က ဆက်ပြောလိုက်၏။
“ဒီအဆင့်သုံးဘုံလောကမှာ ကျင့်ကြံရေးအရင်းအမြစ်တချို့ရှိပေမယ့် ရင်းမြစ်သတ္တုတွင်းတွေက အရမ်းကိုရှားပါးတယ်”
ရင်းမြစ်သတ္တုတွင်းများသည် ရုတ်တရက် ပေါ်ထွက်မလာတတ်ပေ။
အမြုတေချီ၏ နှစ်ပေါင်းများစွာ စိမ့်ဝင်ထိုးဖောက်မှုအပြင် စွမ်းအားကြီးမားသော သက်ရှိများစွာက သေကြေပြီး ရုပ်အလောင်းများနှင့် အကြွင်းအကျန်များက မြေအောက်အနက်ပိုင်းထဲသို့ နစ်မြုပ်သွားပြီးမှ ရင်းမြစ်သတ္တုတွင်းများ ပေါ်ထွက်လာနိုင်လေသည်။
မဟာကမ္ဘာတစ်ထောင်လောကမှာ နှစ်စဉ်နှစ်တိုင်းပညာရှင်များစွာ၏ အလောင်းများက မြှုပ်နှံခံနေရပေလိမ့်မည်။
သို့သော်လည်း မိုးမြေဖန်တီးခြင်းကားချပ်၏ အဆင့်နိမ့်သုံးဘုံလောကမှာ တိုက်ခိုက်မှုများက မရှိသလောက်နီးပါးပင်။ ထိုသို့ဖြင့် ဘဝသက်တမ်းစေ့ကာ သေဆုံးသွားသော ပညာရှင်များ၏ အလောင်းများကနေ ဖြစ်ပေါ်လာသည့် ရင်းမြစ်သတ္တုတွင်းများ၏ အရေအတွက်က အကန့်အသတ်ရှိနေ၏။
ဥပမာအားဖြင့် ဤနေရာမှာ သာလွန်သူများ တစ်သိန်းခန့်သာရှိနေ၏။
တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းလာပြီးနောက် သူတို့သည် ကျင့်ကြံဖို့အတွက် ရင်းမြစ်ကျောက်တုံးများကို ဆက်လက်၍ မလိုအပ်တော့ပေ။
သို့သော်လည်း လုံလောက်သည့် သာလွန်သူများမရှိဘဲ တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းပြီး နောက်ဆုံးမှာ ကောင်းကင်ဘုံသာလွန်သူများဖြစ်လာနိုင်မည့်လူများက များစွာရှိလိမ့်မည်မဟုတ်ပေ။
ဤနေရာမှာ သူတို့၏ အရေအတွက်က သုံးထောင်ထောင်ကျော်ကျော်သာလျှင်ရှိနေ၏။
စောစောက ဆူဇီမိုသည် ဒွိဟဖြစ်နေခဲ့၏။
ဤနေရာမှာ တာအိုသာလွန်သူပညာရှင်ရာနှင့်ချီရှိနေသော်လည်း ကောင်းကင်ဘုံသာလွန်သူပညာရှင်များက သုံးထောင်ကျော်ကျော်သာရှိလေသည်။ ထိုအရေအတွက်သည် အနည်းငယ်မသင့်လျော်ဟုထင်ရ၏။ ယခုမှသာ အကြောင်းအရင်းကို သူက နားလည်သဘောပေါက်သွားသည်။
အဓိပတိသာလွန်သူလင်းမင်သည် ဆူဇီမိုရင်ဆိုင်နေရသည့်ပြိုင်ဘက်ကို မသိရှိဘဲ သူက အနည်းငယ်စိုးရိမ်ပူပန်နေ၏။
“သခင်… ဒီကောင်းကင်ဘုံသာလွန်သူသုံးထောင်ကျော်ကျော်က ခင်ဗျားအတွက် အဲဒီကပ်ဘေးကို ဖြေရှင်းပေးဖို့လုံလောက်မှာလား”
ဆူဇီမိုက ပြုံးပြလိုက်၏။
“လုံလောက်ပါတယ်”
ဤလူသုံးထောင်ကျော်ကျော်နှင့်အတူ မြွေနဂါးကျွန်း ဆယ်ကျွန်း သို့မဟုတ် ကျွန်းတစ်ရာကပင် သူတို့၏ အင်အားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ဤကောင်းကင်ဘုံသာလွန်သူသုံးထောင်ကျော်ကျော်နှင့်အတူ ဆူဇီမိုသည် ပေါင်းမိုးပြည်နယ်မှ အဆိပ်ငါးမျိုးနန်းတော်ကဲ့သို့ ပထမတန်းစားအဖွဲ့အစည်းတစ်ခုကို ရင်မဆိုင်ရသရွေ့ သူက အခြားသောနေရာတိုင်းကို စိုးမိုးခြယ်လှယ်နိုင်လေသည်။
“ကျုပ် အခုလောလောဆယ် အန္တိမကောင်းကင်ဘုံသာလွန်သူတချို့ကိုပဲ လိုအပ်တယ်”
ဆူဇီမိုက ပြောလိုက်၏။
“သခင်… ကျုပ်ကိုခေါ်သွားပါ”
အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးက ရှေ့သို့ထွက်ပြီး သူ့ကိုယ်သူထောက်ခံပြောဆိုလိုက်၏။
“သခင်… အဲဒီရန်သူတွေကို သတ်ဖြတ်ဖို့ ကျုပ်လည်း ခင်ဗျားကို ကူညီပေးချင်တယ်”
“ကျုပ်လည်းပါချင်တယ်”
“သခင်… ကျုပ်လည်း ခင်ဗျားနောက်ကို လိုက်ချင်တယ်”
ကောင်းကင်ဘုံသာလွန်သူများ၊ မဟာကောင်းကင်ဘုံသာလွန်သူများနှင့် အန္တိမကောင်းကင်ဘုံသာလွန်သူများစွာက စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုပြီး ဆူဇီမိုကို မျှော်လင့်စောင့်စားစွာဖြင့် ကြည့်နေကြ၏။
တချို့က အသနားခံတောင်းပန်သည့် အငွေ့အသက်များပင် ထုတ်ဖော်ပြသနေ၏။
စောစောက ဆူဇီမိုကို အထင်သေးခဲ့သော အန္တိမကောင်းကင်ဘုံသာလွန်သူကပင် ရှေ့သို့ထွက်လာပြီး လက်နှစ်ဖက်ကိုယှက်ကာပြောလိုက်၏။
“ကျုပ်… ယန်မို ဒီနေရာရဲ့ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူ… ခင်ဗျားအမိန့်ကို နာခံလိုပါတယ်သခင်”
သူက ထိုသို့ပြောလိုက်သော်လည်း ယန်မို၏ လေသံမှာ မောက်မာဝင့်ကြွားမှုတစ်စွန်းတစ်စ ပါဝင်နေဆဲဖြစ်ပြီး သူက အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဟူသော နေရာတွင် စကားကိုဖိပြောလိုက်၏။
တာအိုသုံးသပ်မှုနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေသောသူများကိုသာ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူများဟု ခေါ်ဆိုနိုင်သည်။
ယန်မိုသည် တကယ်ပင် မောက်မာဝင့်ကြွားခွင့်ရှိလေသည်။
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“ဒီလူတွေက မွေးဖွားလာကတည်းက မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ ပိတ်မိနေခဲ့တာ… သူတို့က အစစ်အမှန်မဟာကမ္ဘာတစ်ထောင်လောကကို ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ရဘူး… အဲဒါကြောင့်ပဲ သူတို့က အခုလို စိတ်လှုပ်ရှားတက်ကြွနေတာ… သူတို့ကိုခွင့်လွှတ်လိုက်ပါသခင်”
ဆူဇီမိုက သူတို့၏ စိတ်ခံစားချက်များကို အကြမ်းဖျင်းနားလည်ပေးနိုင်သည်။
သူတို့သည် မွေးဖွားလာကတည်းက ကျင့်ကြံခဲ့ကြ၏။
နောက်ဆုံးမှာတော့ သူတို့သည် မော်တယ်လောကကနေ အင်မော်တယ်လောကနှင့် နောက်ဆုံး တာအိုလောကထိ ကျင့်ကြံပြီးမှ ဤအဆင့်ထိ ရောက်ရှိလာကြ၏။
နောက်ဆုံးမှာတော့ သူတို့ရောက်ရှိနေသောလောကသည် မဟာကမ္ဘာတစ်ထောင်လောကမှ ပညာရှင်တစ်ဦး၏ ရတနာတစ်ခုဟုသာဆိုရမည်ဖြစ်သည်။
ထိုအချက်သည် သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုသေချာပေါက် ဖြစ်ပေလိမ့်မည်။
အားနည်းသော တာအိုနှလုံးသားများနှင့်လူတချို့က ပို၍ပင် စိတ်အားညှိုးငယ်သွားနိုင်သည်။
မည်သို့ပင်ဆိုစေ သူတို့က ဘယ်လိုပင် ကြိုးစားကျင့်ကြံကြသည်ဖြစ်စေ သူတို့သည် ဤနေရာကနေ မထွက်ခွာနိုင်ကြပေ။
အနည်းဆုံးတော့ အဓိပတိသာလွန်သူလင်းမင်နှင့်အခြားသူများက မဟာကမ္ဘာတစ်ထောင်လောကကို တွေ့မြင်ခဲ့ဖူးကြသည်။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ အခြားသောသက်ရှိများကတော့ သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကက မည်ကဲ့သို့သောပုံစံရှိသည်ကိုပင် မသိကြပေ။
“ကောင်းပြီလေ… ငါ မင်းတို့တွေကို ခေါ်ထုတ်သွားမယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ကောင်းကင်ဘုံသာလွန်သူပညာရှင်များက ထိုစကားကိုကြားသောအခါ ဝမ်းသာအားရဖြစ်သွားကြ၏။
“ကျေးဇူးတင်ပါတယ်သခင်”
လူတိုင်းက ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး မရင်းနှီးသေးသော သူတို့၏ ဤသခင်ပေါ် ကျေးဇူးတင်ရှိမှု စိတ်ခံစားချက်တစ်ခုကို ရရှိလာကြ၏။
အခြားသော သာလွန်သူပညာရှင်များစွာက ထိုစကားကိုကြားသောအခါ သူတို့ကလည်း လိုချင်တောင့်တသည့်အကြည့်များကို ထုတ်ဖော်လာကြ၏။
ဆူဇီမိုက ပြောလိုက်၏။
“အားလုံးပဲ… အလောတကြီးမရှိကြနဲ့ ကိစ္စတွေကို ဖြေရှင်းပြီးသွားတာနဲ့ ကျုပ်ခင်ဗျားတို့တွေကို ဒီနေရာကနေ မဟာကမ္ဘာတစ်ထောင်လောကဆီ ခေါ်ထုတ်သွားပေးမယ်”
အဓိပတိသာလွန်သူလင်းမင်က ယန်မိုနှင့် အခြားသော ကောင်းကင်ဘုံသာလွန်သူသုံးထောင်ကျော်ကျော်ကို တည်တံ့သောအမူအရာဖြင့်ကြည့်ပြီး လေးနက်စွာပြောလိုက်၏။
“မင်းတို့တွေအားလုံး နားထောင်ကြ… မင်းတို့တွေက မိုးမြေဖန်တီးခြင်းကားချပ်ထဲကနေ ထွက်ခွာပြီး ချိပ်စည်းကနေလွတ်မြောက်သွားတာနဲ့ လုပ်ချင်တာလုပ်လို့ရပြီလို့ မထင်နဲ့”
“သခင်ရဲ့အမိန့်ကို တစ်ချိန်လုံးနာခံရမယ်”
“တစ်နေ့ ငါတို့တွေ ဒီနေရာကနေ ထွက်လာလို့ မင်းတို့ထဲကတစ်ယောက်ယောက် သခင်ရဲ့အမိန့်ကို မနာခံဘူးဆိုတာ တွေ့ရမယ်ဆိုရင် မင်းတို့တွေသေချာပေါက် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရလိမ့်မယ်”
ကောင်းကင်ဘုံသာလွန်သူများက စိတ်အားထက်သန်စွာဖြင့် သဘောတူခေါင်းညိတ်လိုက်ကြ၏။
အဓိပတိသာလွန်သူလင်းမင်၏ လေသံက တင်းမာနေ၏။ သူသည် လက်ရှိကောင်းကင်ဘုံသာလွန်သူများကို သတိပေးချက်ထုတ်ပြန်နေသည့်အလားပင်။
သို့သော်လည်း အဓိပတိသာလွန်သူလင်းမင်က သူ့ထံသို့ မသိမသာပို့ပေးနေသည့် သတင်းစကားတစ်ခုကို ဆူဇီမိုက ကြားရနိုင်လေသည်။
သူတို့သည် ဤနေရာက ထွက်ခွာသွားသည်နှင့် ဤလူများသည် ချိပ်စည်းကနေ လွတ်မြောက်ပြီး မိုးမြေဖန်တီးခြင်းကားချပ်၏ ထိန်းချုပ်ခြင်းခံရတော့မည်မဟုတ်ဟု ဆိုလိုသည်။
ဤလူများကို ခေါ်ထုတ်သွားဖို့က လွယ်ကူသော်လည်း သူတို့ကို ပြန်ခေါ်လာဖို့က ခက်ခဲပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ဤလူများ၏ အသက်များကို ထိန်းချုပ်ဖို့အတွက် မိုးမြေဖန်တီးခြင်းကားချပ်ကို အသုံးချနိုင်တော့မည်မဟုတ်ပေ။
ဤကောင်းကင်ဘုံသာလွန်သူများကတော့ သူတို့သည် နှစ်ပေါင်းခြောက်ဘီလီယံကျော်ကြာအောင် အဆင့်နိမ့်သုံးဘုံလောကထဲမှာ တစ်လှမ်းပြီးတစ်လှမ်းကျင့်ကြံခဲ့ရ၏။ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာအပေါ် သူတို့၏ ထင်မြင်ချက်သည် အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများထံကနေသာလာပြီး အလွန်တရာမရေမရာဖြစ်၏။ သူတို့သည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာအပေါ် နက်ရှိုင်းသောခံစားချက်များ ရှိချင်မှလည်းရှိပေလိမ့်မည်။
ကောင်းကင်ဘုံသာလွန်သူတချို့သည် ရုတ်တရက်ပေါ်ထွက်လာသည့် ဤသခင်ကို အသိအမှတ်ပြုချင်မှ ပြုကြပေလိမ့်မည်။
ကောင်းကင်ဘုံသာလွန်သူသုံးထောင်ကျော်ကျော်ကြားမှာ မဟာကောင်းကင်ဘုံသာလွန်သူရာချီနှင့် အန္တိမကောင်းကင်ဘုံသာလွန်သူသုံးဆယ်ကျော်ရှိနေ၏။
အဓိပတိသာလွန်သူ လင်းမင်သည် ဆူဇီမိုက တာအိုသုံးသပ်မှုနယ်ပယ်သို့ ယခုတင် တက်လှမ်းလာပြီး ဤလူအုပ်စုကို မဖိနှိမ်နိုင်မှာကို သူက စိုးရိမ်နေ၏။ ထိုကြောင့်ပင် သူက ဤသတိပေးချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။
တစ်ဘက်မှာတော့ လက်ရှိကောင်းကင်ဘုံသာလွန်သူသုံးထောင်ကျော်ကျော်ကို သတိပေးလိုက်ခြင်းဖြစ်၏။
တစ်ဘက်မှာတော့ ဆူဇီမိုကို သတိထားဖို့ပြောနေခြင်းလည်း ဖြစ်၏။
ဆူဇီမိုသည် အဓိပတိသာလွန်သူလင်းမင်ကိုကြည့်ပြီး ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
သူက နားလည်သဘောပေါက်ကြောင်း အမူအရာပြလိုက်ခြင်းဖြစ်သည်။
သူ၏ လက်ရှိနည်းလမ်းများအရ သူသည် ဤကောင်းကင်ဘုံသာလွန်သူပညာရှင်များပေါ်မှာ ချိပ်စည်းများကို ဖယ်ရှားပေးလိုက်ပြီး တစ်ယောက်ယောက်က အမှန်တကယ်သစ္စာမစောင့်သိဘူးဆိုလျှင်တောင် သူတို့က ပြဿနာများစွာရှာနိုင်လိမ့်မည် မဟုတ်ပေ။